← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

🐽 Chapter 21

ဟော်ချန်ယဲ့ အမြန်ပင် ပြန်ဖြေလိုက်လေသည်။

သူသည် အစကတည်းကလူများကို အလုပ်ရှုပ်အောင် လုပ်သူ မဟုတ်သလို မုန့်ဖုတ်ရန်မှာ ဂျုံပြန်နယ်ရဦးမည်ဖြစ်သဖြင့် အလွန်အလုပ်ရှုပ်လှပေ၏။

ယွီရွေ့ကျူးလည်း ဤသည်ကို ခန့်မှန်းမိလေသည်။

ဟော်ချန်ယဲ့ ယွီရွေ့ကျူးကိုမျက်လုံးပင့်ကြည့်ပြီး ယွီရွေ့ကျူးထံမှ ကျန်နေသည့် ထမင်းတစ်ဝက်ကို သူ့ဘက်သို့ ဆွဲယူကာ စားလိုက်သည်။

"မင်း တကယ် မစားတော့ဘူးဆိုရင်၊ ငါ ဒါကို စားလိုက်မယ်၊ မဖြုန်းတီးတော့ဘူး"

ယွီရွေ့ကျူး ရယ်မောလိုက်သည်။

"စားလိုက်ပါ"

ပန်းကန်မှာ ဦးထုပ်ပုံစံ ပန်းကန်မျိုးဖြစ်ပြီး ပန်းကန်နှုတ်ခမ်းမှာ အလွန်ကျယ်သဖြင့် ယွီရွေ့ကျူးလက်ထဲတွင် ကိုင်ထားရသည်မှာ အနည်းငယ်ခက်ခဲကာ နောက်ပိုင်းခေတ်များတွင် သုံးသည့် ပေါ့ပါးသော ပန်းကန်မျိုးနှင့် လုံးဝမတူပေ။

သို့သော် ဤပန်းကန်မှာ ဟော်ချန်ယဲ့၏ လက်ထဲ၌မူ အလွန် ပေါ့ပါးနေပုံရပြီး သူ့လက်ဝါးက ကျယ်သဖြင့် ပန်းကန်မှာ သေးငယ်သွားသလိုပင် ရှိ၏။

ထို့နောက် သူ ယွီရွေ့ကျူးထံမှထမင်းကျန်ကို ယူပြီး ခဏအကြာတွင် တူကို ကောက်ကိုင်ကာ ပါးစပ်ထဲ ထည့်စားလိုက်လေသည်။

ဟော်ချန်ယဲ့ ဤလုပ်ရပ်ကို ရင်းနှီးလွန်းသည့် ခံစားချက်များ မပါဝင်စေရန် တတ်နိုင်သမျှကြိုးစားနေသကဲ့သို့ သူ့စိတ်ကိုလည်း ဖြစ်သလိုမတွေးမိစေရန် ထိန်းထားလေ၏။

သို့သော် သူ မျက်လုံး အနည်းငယ်ပင့်ကြည့်လိုက်သည့်အခါ ယွီရွေ့ကျူး ခန်၏မျက်နှာချင်းဆိုင်တွင် ထိုင်ပြီး သူမ၏ မေးစေ့ကို ထောက်ကာ သူ့ကို စိတ်ဝင်တစားနှင့် ကြည့်နေ သည်ကို တွေ့လိုက်ရ၏။ သူမ မကုန်သည့်ထမင်းကို သူ စားနေသည်အား သိမ်မွေ့သော အမူအရာနှင့် ကြည့်နေသဖြင့် ဟော်ချန်ယဲ့ ဤထမင်းတစ်လုတ်ကိုမြိုချရန် အထူးပင် ခက်ခဲနေသကဲ့သို့ ခံစားလိုက်ရလေသည်။

ပုံမှန်အားဖြင့် ဟော်ချန်ယဲ့သည် ဟင်းပန်းကန် အောက်ခြေအထိ ပြောင်အောင် စားတတ်သူဖြစ်ပြီး ယနေ့ညတွင်လည်း သူသည် အကျင့်အတိုင်း ကျန်နေသည့် ဟင်းရည်များကို ထမင်းပန်းကန်ထဲသို့ လောင်းထည့်ပြီး နယ်စားလိုက်လေ၏။

ရလဒ်အနေဖြင့် သူ ထိုသို့ တစ်လုတ်စားပြီးသည်နှင့် မျက်လုံးဖွင့်လိုက်သည့်အခါ ယွီရွေ့ကျူး၏အနည်းငယ် အံ့သြသွားသည့် မျက်ခုံးလေးများကို မြင်လိုက်ရ၏။

"အာ"

ဟော်ချန်ယဲ့က မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ"

ယွီရွေ့ကျူး မျက်တောင်လေး ပုတ်ခတ်ပြီး သူမ၏သွယ်လျသော လက်ချောင်းထိပ်လေးများဖြင့် လေထဲတွင် ဖွဖွလေး ထိပြလိုက်ကာ ပြောလာသည်။

"အဲ့ဒီ ပန်းကန်နှုတ်ခမ်းကလေ၊ ခုနက ကျွန်မ စားတုန်းကလည်း ထိထားတဲ့နေရာပဲ၊ ဒါပေမယ့်လည်း၊ အဲ့ဒီလို နေရာမျိုးက ဘာမှမဖြစ်လောက်ပါဘူး"

မသိချင်ယောင်ဆောင်၍ ပြောလိုက်သော်လည်း သူမ ပြောလိုက်သည့် စကားသည် ဟော်ချန်ယဲ့၏မည်းနက်သော မျက်ဝန်းများကို ရုတ်တရက် တင်းကျပ်သွားစေပြီး သူ့အသက်ရှူသံများလည်း ရှုပ်ထွေးသွားလေ၏။

ဟော်ချန်ယဲ့ ပန်းကန်နှုတ်ခမ်းကို အမြန်ပင် ငုံ့ကြည့်လိုက်ပြီး ယွီရွေ့ကျူး၏ နှုတ်ခမ်းများကို မျက်လုံးပင့်ကြည့်လိုက်ရာတွင် ကြမ်းတမ်းပြီး ကျယ်ဝန်းသော လက်ဝါးများကို တင်းတင်း ဆုပ်မိသွားသည်။

ယွီရွေ့ကျူးနှုတ်ခမ်းများသည် အလွန်လှပပြီး သူမ ခန္ဓာ ကိုယ်၌ မလှသည့် နေရာ မရှိဟုပြောရမည်။ သူမ နှုတ်ခမ်းများသည် နီမြန်းနေပြီး နှုတ်ခမ်းနီမဆိုးထားလျှင်တောင် တောက်ပပြီး စိုစွတ်နေဆဲဖြစ်လေ၏။ ပြည့်စုံနှုတ်ခမ်းသဏ္ဌာန်ရှိကာ အရည်ရွှမ်းသည့် ချယ်ရီသီးလေးကဲ့သို့ပင် ကြည့်ရသည်မှာ အလွန်နူးညံ့ပျော့ပြောင်းပုံရ၏။

ဟော်ချန်ယဲ့ ယခင်က ယွီရွေ့ကျူး၏မျက်နှာသွင်ပြင်များကို သေသေချာချာ မကြည့်ခဲ့ဖူးဘဲ သူ့အကြည့်များကို တတ်နိုင်သမျှ ရှောင်လွှဲခဲ့သော်လည်း ယခု သူမ နှုတ်ခမ်းများကို စိုက်ကြည့်မိသည့်အခါတွင် သူသည် ထိုနေရာ၌ပင် အချိန်အတော်ကြာ မှင်သက်သွားခဲ့လေသည်။

အစားအစာများ မြိုချလိုက်သည့် သူ့ဗိုက်ထဲတွင် ပူလောင်လာသကဲ့သို့ ဟော်ချန်ယဲ့၏အေးစက်နေသော ပါးလွှာသည့် နှုတ်ခမ်းများသည်လည်း မီးလောင်နေသည့်အလား ပူနွေးလာ၏။

သူ ရုတ်တရက် လက်မြှောက်ပြီး ပါးလွှာသော သူ့နှုတ်ခမ်းများကို ကြမ်းတမ်းသည့် လက်ချောင်းများဖြင့် ပွတ်သပ်လိုက်ရာ အနည်းငယ်နီမြန်းသွားပြီး ယင်းနောက်မှ သူ တောင့်တောင့်ကြီးနှင့်ပြောလိုက်သည်။

"အဲ့ဒီလောက်ကြီး တိုက်ဆိုင်မှာ မဟုတ်ပါဘူး"

ယွီရွေ့ကျူး သူ့ကို ထိုအတိုင်းကြည့်နေပြီး ရုတ်တရက် ပြုံးလိုက်၏။

"အင်း၊ ဟုတ်တယ်၊ အဲ့ဒီလောက်အထိ တိုက်ဆိုင်မှာ မဟုတ်ပါဘူး"

ဟော်ချန်ယဲ့ ကျန်နေသည့် ထမင်းများကို စားရန်ရုတ်တရက် အရှိန်ပျက်သွားသကဲ့သို့ ခံစားသွားရသော်လည်း အမြဲတမ်း ခြိုးခြံချွေတာတတ်သော သူ့ကိုယ်ရည်ကိုယ်သွေးကြောင့်ပင် ဖြည်းဖြည်းချင်း ကုန်စင်‌အောင်စားလိုက်လေသည်။

သို့သော် တစ်လုတ်စားတိုင်း၊ သူ့စိတ်များကိုတင်းထားရပြီး နေရခက်နေလေ၏။

ဟော်ချန်ယဲ့၏ စိတ်ထဲတွင် အလွန်သိသာထင်ရှားသော အသိတစ်ခု ဝင်နေလေသည်။

ဤသည်မှာ ယွီရွေ့ကျူး စားလက်စထမင်းကျန်ဖြစ်သည်။ ထို့ပြင် ယွီရွေ့ကျူး အသုံးပြုထားသည့် ပန်းကန်ဖြစ်၏။

လေထုမှာ ထူးဆန်းသွားပြီး ဟော်ချန်ယဲ့တည်ငြိမ်သွားရန် အချိန်အတော်ကြာ ယူခဲ့ရလေသည်။

ကံကောင်းထောက်မစွာဖြင့် ထမင်းမှာ အများကြီးမကျန်တော့သဖြင့် ဟော်ချန်ယဲ့ တည်ငြိမ်သော မျက်နှာထားနှင့် အနည်းငယ် စားလိုက်ပြီးနောက်တွင် ထိုထမင်းတစ်ပန်းကန် လုံး သူ့ဗိုက်ထဲသို့ရောက်သွားလေ၏။

ဟော်ချန်ယဲ့ မသိမသာ သက်ပြင်းချလိုက်မိ၏။

ထမင်းကို ယွီရွေ့ကျူးက ချက်ပေးထားခြင်းဖြစ်သဖြင့် ယွီရွေ့ကျူးက ဘာမျှ မပြောသော်လည်း ဟော်ချန်ယဲ့ တော် တော်လေးသတိရှိကာ အရင်လိုပင် သူကိုယ်တိုင် စားပွဲပေါ်မှ ပစ္စည်းများကို ရှင်းလင်းပြီး ပန်းကန်များကို ဆေးကြောကာ အားလုံး ရှင်းလင်းပြီးမှပြန်လာခဲ့လေသည်။

သူ တစ်ခုခုကို သတိရသွားပြီး ယွီရွေ့ကျူးကို တစ်ချက် ကြည့်လိုက်ကာ မေးလာသည်။

"စကားမစပ်၊ ပြီးခဲ့တဲ့အကြိမ်က မင်း ငါ့ကို တစ်ခုခု ပြောစရာ ရှိတယ်လို့ ပြောခဲ့တယ်နော်၊ အဲ့ဒါ ဘာလဲ"

"အို၊ အဲ့ဒါက”

ယွီရွေ့ကျူး သတိဝင်လာပြီး မျက်ခုံးပင့်လိုက်သည်။ သူမ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးမြေပြင်ပေါ် ဆင်းကာ သူမ၏အဖိုးတန် ငွေသေတ္တာလေးကိုထုတ်ပြီး ခန်ပေါ် တင်လိုက်လေ၏။

မူလကိုယ်ပိုင်ရှင်သည် နှစ်ပေါင်းများစွာ အပြင်၌ အလုပ်မလုပ်ခဲ့ဖူးဘဲ စုန့်ချင်းရှန်းထံ၌ အခမဲ့အိမ်ဖော်လုပ်ပေးခဲ့သဖြင့် ပိုက်ဆံမရဘဲ အထဲရှိနေသည့် ပိုက်ဆံအကြွေလေးများသည် ယွီမိသားစု၏မိဘများက လက်ထပ်စဉ်က ပေးလိုက်သည့် ပိုက်ဆံများသာဖြစ်လေသည်။

ယခုဆိုလျှင် မူလငွေစက္ကူများသည် အများကြီးပိုများလာပြီး တွန့်ကြေကာ မညီမညာ ဖြစ်နေသည့် ငွေစက္ကူများမှာ ယနေ့ အသားနှပ် ရောင်း၍ရသည့် ပိုက်ဆံများဖြစ်လေ၏။

အမှန်တွင် ယနေ့ ပိုက်ဆံ အများကြီးမရသေးဘဲ သေသေ ချာချာဆိုင်ဖွင့်ထားခြင်း မဟုတ်သလို ခုံလေးများပင်မခင်းရသေးပေ။

ယင်းအပြင် ဝက်ကလီစာအများစုကိုလည်း ယွီရွေ့ကျူးက ကြော်ငြာရန်အတွက် လူများကို မြည်းခိုင်းလိုက်ခြင်းဖြစ်သော်လည်း သူမမှာ တော်တော်လေးကျေနပ်နေပြီ ဖြစ်လေသည်။

အကုန်လုံးမှာ ဆယ်ပြားတန် ငွေစက္ကူများဖြစ်သော်လည်း အပုံလိုက် ဖြစ်နေသည်ကိုမြင်ရခြင်းက သူမကို လုံခြုံမှု အပြည့် ပေးစွမ်းနိုင်ပြီး ပိုက်ဆံထက် ပိုပျော်ရွှင်စရာနှင့် လုံခြုံမှုပေးနိုင်သည်မှာ ဘာမျှမရှိပေ။

သူမ ယနေ့ ရောင်းရသည့် ပိုက်ဆံများကို လက်ထဲ၌ ကိုင်ပြီး ခန်ပေါ်တွင်ထိုင်ကာ တစ်ခုချင်းစီရေတွက်နေသည်မှာ ပိုက်ဆံမက်သူလေးနှင့် တူနေလေ၏။

ဟော်ချန်ယဲ့က မေးလိုက်၏။

"ဒါက ဒီနေ့ ရောင်းရတဲ့ ဝက်ကလီစာ ဖိုးတွေလား"

"အင်း"

ယွီရွေ့ကျူး "ကျွန်မ ဒီစီးပွားရေးကို စမ်းပြီးလုပ်ကြည့်ချင်တယ်၊ ကျွန်မတို့ ဝက်သားဆိုင် ဘေးနားမှာပဲ ကပ်လျက်ပေါ့၊ ဘာလုပ်လုပ် အဆင်ပြေအောင်လို့လေ၊ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ကြော်ငြာပေးကြတာပေါ့၊ အသားနှပ် လုပ်ငန်းက တော်တော်လေး အရောင်းသွက်မယ်လို့ ကျွန်မ ခံစားရတယ်၊ ရှင် ဘယ်လို ထင်လဲ၊ ပိုက်ဆံကို တစ်ဝက်စီ ခွဲကြရအောင်"

ဟော်ချန်ယဲ့ ငွေစက္ကူများကို တစ်ချက်ကြည့်ပြီး မည်သည့်စကားမှမပြောပေ။

ယနေ့ ယွီရွေ့ကျူး ရွာသားများကို ခေါ်ယူပြီး တစ်ယောက်ချင်းစီ မြည်းခိုင်းသည်ကို သူ မြင်လိုက်ရကာ နောက်ဆုံးတွင် အရောင်းအဝယ်များ အများအပြားဖြစ်သွားသည်ကိုလည်း တွေ့ခဲ့ရလေ၏။

တရားမျှတစွာ ပြောရလျှင် ဤစီးပွားရေးမှာ ကောင်းမွန်လှပေသည်။

သူကိုယ်တိုင်လည်း ဝက်သား ရောင်းသူဖြစ်သဖြင့် တစ်ခါတ လေ နွေရာသီပူပြင်းသည့်အခါ ဝက်သားများမှာ မရောင်းရဘဲ ပုပ်သွားသည်မျိုးရှိနိုင်ရာ ဤသို့ ပြုလုပ်လိုက်ပါက ရောင်းရက်ကို ပို၍ ဆွဲဆန့်နိုင်သကဲ့သို့ ရွာသားများ ဝယ်ယူနိုင်မည့် နည်းလမ်းကိုလည်း တိုးပွားစေသဖြင့် အပိုဝင်ငွေ တစ်ခုဖြစ်လေသည်။

အရေးအကြီးဆုံးမှာ ယွီရွေ့ကျူး၏ လက်ရာမှာ ကောင်းမွန်ပြီး သူကိုယ်တိုင်လည်း စားကြည့်ပြီးဖြစ်ကာ အပြင်၌ ထုတ်ရောင်းနိုင်ရုံသာမက အနီးအနား၌ မည်သူမျှယှဉ်နိုင်မည့်သူ မရှိနိုင်သည့် အလားအလာ ရှိနေလေ၏။

သို့သော်လည်း ဟော်ချန်ယဲ့ ခေတ္တ ရပ်တန့်ပြီးပြောလိုက်သည်။

"ငါ မနက်ဖြန် အိမ်ပြန်မှာ မင်း သိတယ်မလား"

ယခင်က ယွီရွေ့ကျူး သူမ ခေါင်းကိုက်နေသည်ဟူသော အကြောင်းပြချက်ဖြင့် ဤအိမ်၌ နှစ်ရက်ခန့် ထပ်နေဦးမည်ဟု ဆိုကာ သူနှင့်အတူ တာတုန်းရွာသို့ပြန်၍ ကွာရှင်းရန် ငြင်းဆန်နေခဲ့လေသည်။

သူမ ပိုက်ဆံမည်သို့ ရှာရမည်ကိုသာ အလေးအနက် လေ့လာနေပုံ ပေါ်သော်လည်း ဟော်ချန်ယဲ့သည် သူ ယွီရွေ့ကျူးကို ကွာရှင်းပေးရမည် ဆိုသည်ကို မမေ့သေးပေ။

အိမ်ပြန်သည့်အချိန်မှာမူ သူမနှင့်အတူ ကွာရှင်းသည့် ကိစ္စများကိုလုပ်ဆောင်နိုင်မည့် အချိန်ဖြစ်သင့်လေ၏။

🐽 Chapter 22

အိမ်ပြန်မည်ဟု ဆိုလာ၏။

ယွီရွေ့ကျူးမှာ အိမ်ထောင်ပြုဖူးသည့် အတွေ့အကြုံမရှိသဖြင့် အစပိုင်းတွင် တုံ့ပြန်မှုမရှိခဲ့ဘဲ သေချာစဉ်းစားပြီးမှသာ ရုတ်တရက် သဘောပေါက်သွားလေသည်။

ပုံမှန်အခြေအနေအရ ဤသည်မှာ မိန်းကလေးဘက်မှ မိသားစုက သူ့သမီး ခင်ပွန်းအိမ်၌ မည်သို့ နေထိုင်သည်ကို သိရှိရန် အခွင့်အရေးတစ်ခု ဖြစ်၏။

သို့သော် ယခု သူနှင့် ဟော်ချန်ယဲ့ကြားရှိ ဆက်ဆံရေးအရဆိုလျှင် ဤအိမ်ပြန်သည့်ကိစ္စမှာ သဘာဝကျကျ ပုံမှန်အိမ်ပြန်ခြင်းမျိုး ဖြစ်နိုင်မည် မဟုတ်ပေ။

မူလကိုယ်ပိုင်ရှင် ဆူညံပွက်လောရိုက်ခဲ့သော မင်္ဂလာဦးညကြောင့် ဟော်ချန်ယဲ့က အေးစက်သော မျက်နှာထားဖြင့် သူ့ကို ကွာရှင်းရန် အစဉ်တစိုက် ကြိုးစားနေခဲ့သော်လည်း၊ သူက ခေါင်းကိုက်ပြီး ဒဏ်ရာမကျက်သေးဟု ပြောထားသောကြောင့် ခေတ္တခဏ လက်လျှော့ထားခြင်း ဖြစ်သည်။

အကယ်၍များ ပြန်သွားလျှင်မူ။

ယွီရွေ့ကျူးက ဤသည်မှာ အကဲဆတ်သော အကြောင်း အရာဖြစ်သည်ဟု ခံစားရသဖြင့် တမင်သက်သက် ရှောင်လွှဲကာ မသိချင်ယောင်ဆောင်လိုက်လေ၏။

"အို၊ ပြီးတော့ကော"

သူက ဟော်ချန်ယဲ့ကို မျက်တောင်လေးခတ်ကာ ကြည့်လိုက် ၏။

ဟော်ချန်ယဲ့မှာ ဆွံ့အသွားရလေသည်။

သူ ခေတ္တမျှ ရပ်တန့်သွားပြီး အကြည့်လွှဲသွားကာ ပြောလိုက် ၏။

"ဘာမှ မဖြစ်ပါဘူး"

သူ စကားမပြောသော်လည်း ယွီရွေ့ကျူးက သူရှိရာဘက်သို့ ကိုင်းညွတ်ကာ သူ့အစီအစဉ်ကို စိတ်ဝင်တစား ပြောပြလေသည်။

"ကျွန်မ သတ်မှတ်ထားတဲ့ ဈေးက မြင့်၊ မမြင့်တော့ မသိဘူး၊ အဆင်ပြေမယ်လို့တော့ ထင်တယ်၊ အခု ရှင့်ဝက်သားဈေးက ရှစ်မူး၊ ကျွန်မရဲ့ အသားနှပ်က တစ်ပေါင်ကို တစ်ယွမ်လို့ သတ်မှတ်ထားတယ်၊ အရမ်းမကြီးလောက်ပါဘူး၊ ဝက်ကလီစာတွေဆိုပေမဲ့ ဝက်ခြေထောက်တွေ၊ ဝက်သုံးထပ်သားတွေ အများကြီး ထည့်ထားတယ်၊ အထဲမှာ အမျိုးအစားတွေ အများကြီးပါတယ်၊ ပြီးတော့ ကျွန်မရဲ့ လုပ်အားခ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ထင်းဖိုးတွေကိုလည်း တွက်ရဦးမယ်၊ တစ်ခါဝယ်ရင် တစ်ပေါင်ကို တစ်ယွမ်တည်းနဲ့ ကျွန်မရဲ့ မွှေးကြိုင်တဲ့ အသားနှပ်ကိုဝယ်ပြီး တခြားတစ်ခုခုနဲ့ ရောချက်စားလို့ ရတယ်ဆိုတော့ အရမ်းကို တွက်ခြေကိုက်တာပဲလေ၊ ဟော်ချန်ယဲ့၊ ရှင်ရော အဲ့လို မထင်ဘူးလား"

တစ်ပေါင်လျှင် အသားနှပ် တစ်ယွမ်ဆိုသည်မှာ အမှန်တကယ်ပင် ဈေးကြီးပြီး ၎င်းထဲတွင် ပါဝင်သော ဝက်ကလီစာများမှာ ပုံမှန်ရောင်းလျှင် အလွန်ဈေးပေါလေ၏။

သို့သော် ယွီရွေ့ကျူးက အသည်း၊ အူ၊ နှလုံးနှင့် တခြား ဝက်ကလီစာများတင်မကဘဲ အသားများကိုလည်း ထည့်ထားကာ သူ့လက်ရာနှင့် ပေါင်းစပ်လိုက်သည့်အခါ ဤဈေးနှုန်းမှာ လက်ခံနိုင်စရာ ဖြစ်သွားရ၏။

ဤသည်မှာ ယနေ့ လူတော်တော်များများ သူမ၏ဝက်ကလီစာနှပ်ကို လာဝယ်ကြသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။

ယင်းနောက်၌ ဟော်ချန်ယဲ့က ဝက်ကလီစာ လုပ်ငန်းအကြောင်း တက်ကြွစွာ ဆွေးနွေးနေသော ယွီရွေ့ကျူးကို တစ်ချက်ကြည့်လိုက်၏။ သူ့မျက်လုံးများထဲမှ လေးနက်မှုနှင့် စိတ်လှုပ်ရှားမှုများကို မြင်တွေ့ရသောအခါ စိတ်ခံစားချက်များကို မနှောင့်ယှက်ဘဲ မျက်လွှာချလိုက်လေသည်။

သို့သော် မနက်ဖြန် ပြန်သွားသည့်အခါ ဟော်ချန်ယဲ့၏ အတွေးများအရ ဤအချိန်သည် ဤအိမ်ထောင်ရေးကို အဆုံးသတ်ရန် အသင့်တော်ဆုံး အချိန်ဖြစ်သည်ဟု သူ ခံစားရလေ၏။

ဤအရာအားလုံးကို စောစောစီးစီး အဆုံးသတ်လိုက်ခြင်းက နှစ်ယောက်စလုံးအတွက် ကောင်းပေမည်။

ပြီးခဲ့သည့်နှစ်ရက်အတွင်း ယွီရွေ့ကျူးမည်သို့ပင်ဟန်ဆောင် နေပါစေ၊ မင်္ဂလာဦးညတွင် လဲကျပြီးနောက် သူ့စိတ်နေ သဘောထားက မည်မျှပင် သိသိသာသာ ပြောင်းလဲသွားပါစေ၊ ဟော်ချန်ယဲ့အတွက်မူ ဤအရာအားလုံးမှာ အမှန်ပင် သင့်တော်သော အိမ်ထောင်ရေးတစ်ခုမဟုတ်ပေ။

ယွီရွေ့ကျူးက စုန့်ချင်းရှန်းကို သဘောကျသည်၊ သူက စုန့်ချင်းရှန်းကဲ့သို့သော လူမျိုးကို လိုချင်ခဲ့ခြင်းဖြစ်၏။ သူကမူ ရိုးရှင်းသည့် ဘဝလေးတွင် နေထိုင်ကာ ချစ်စရာကောင်းသည့် ဇနီးတစ်ယောက် ရှိချင်သည်သာ ဖြစ်ပြီး၊ နေ့တိုင်း စူးစမ်းလေ့လာကာ သံသယများဖြင့် အချိန်မကုန်လိုပေ။

သူက လက်ထပ်ခါစ ဇနီးသည်ကို မကောင်းသော ခံစားချက်နှင့် ခုခံကာကွယ်သည့် သဘောထားဖြင့် လက်စားချေမည်ဖြစ်ကြောင်း ဟော်ချန်ယဲ့ မင်္ဂလာမဆောင်မီက မထင်ထားခဲ့ပေ။

သူ လိုချင်သည်မှာ ရိုးရှင်းသည့် အိမ်ထောင်ရေးတစ်ခုသာ ဖြစ်ပြီး ပျော်ရွှင်ရလျှင် လုံလောက်ပေပြီ။ ကလေးများအား လင်မယားနှစ်ယောက် အတူတကွ ပူးပေါင်း၍နွေးထွေးသည့်ဘဝငယ်လေးကို ထောက်ပံ့ရန်မှာ သူ့အကြီးမားဆုံး ဆန္ဒ ဖြစ်သည်။

သို့သော် ယွီရွေ့ကျူးက သူ မျှော်လင့်ထားသည်နှင့် သိသိသာသာကွာခြားနေ၏။

သူ့အကြည့်က ယွီရွေ့ကျူး မျက်နှာပေါ်သို့ ကျရောက်သွားပြီး မော့ထားသော မျက်နှာပေါ်ရှိ ပြုံးရွှင်နေသော ပုံစံနှင့် သူ့အင်္ကျီစွန်းကို လှည့်ပတ်ဆွဲနေသည့် လှုပ်ရှားမှုကို မြင်သော အခါ ဟော်ချန်ယဲ့ နှုတ်ခမ်းကိုစိကာ အင်္ကျီစွန်းကိုပြန်ဆွဲယူလိုက်လေသည်။

သူက အေးစက်စွာ ပြောလိုက်လေ၏။

"ငါ အိပ်တော့မယ်၊ မနက်ဖြန် စောစောထရမယ်၊ မင်းလည်း စောစောအိပ်တော့"

စောစောထပြီး မည်သည်ကို လုပ်မည်နည်းဆိုလျှင် သဘာဝ ကျကျ အိမ်ပြန်ရန်ပင်။

ယွီရွေ့ကျူးက နောက်သို့ မှီချလိုက်ပြီး နူးညံ့စွာ ပြန်ပြောလိုက်၏။

မီးပိတ်ပြီးနောက် သူက ခန်ပေါ်တွင် ဟော်ချန်ယဲ့နှင့် ယှဉ်လျက် လှဲနေလေသည်။

ခန်က မီးမွှေးထားသဖြင့် ပူနေသော်လည်း ယွီရွေ့ကျူး၏ စိတ်ထဲတွင် အတွေးများ ပြည့်နှက်နေပြီး အိပ်မပျော်နိုင်အောင် ဖြစ်နေလေ၏။

မူလက သူက အသားနှပ်ဆိုင် မည်သို့ဖွင့်ရမည်၊ မည်သို့ ကြော်ငြာကာ လျှော့ဈေးများ မည်သို့ပေးရမည်၊ ဆိုင်ကို ထင်ရှားအောင် မည်သို့ခင်းကျင်းရမည်၊ ပြီးနောက် ဝက်ကလီစာအပြင် တခြား ငွေရှာရန် နည်းလမ်းများ မည်သည်တို့ ရှိသေးသည်ကို စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

ရလဒ်အနေနှင့် အိမ်ပြန်ရမည့်ကိစ္စက ပါလာခဲ့သည်။

နောက်ဆုံးတွင် သူမက ဤနေရာ၌ ခေတ္တခဏ ပြည့်စုံသည့် ဘဝလေးတစ်ခု နေထိုင်ခွင့်ရခဲ့ပြီး အကျိုးအမြတ်များ ရရှိကာ ပထမဆုံး ကူးပြောင်းလာစဉ်က ရှုပ်ထွေးနေသည့် အခြေအနေမှ အနည်းငယ် ပိုယုံကြည်မှုရှိလာသော်ငြား ရုတ်တရက် အိမ်ပြန်ရမည့်ကိစ္စက သူမအစီအစဉ်ကို အနှောင့်အယှက် ဖြစ်စေခဲ့၏။

ယခု သူမမှာ ငွေရှာရန် လမ်းကြောင်းတစ်ခု ရှိနေရုံတင်မကဘဲ ထိုငွေစက္ကူများက လုံခြုံမှုပေးသည့် ဒိုင်းလွှားတစ်ခု ဖြစ်လာခဲ့ပြီ။ အရာအားလုံးမှာ ကောင်းမွန်သည့် လမ်း ကြောင်းပေါ်သို့ တိုးတက်နေပြီဖြစ်ရာ တာတုန်းရွာသို့ပြန် သွားပြီး အသစ်မှပြန်စရသည်မှာ ပိုလွယ်ကူသွားမည်လား။

ဟော်ချန်ယဲ့နှင့် ကွာရှင်းခြင်းမှာ စင်စစ်တွင် သူမအတွက် ကိစ္စမရှိ‌ပေ။ တစ်စုံတစ်ယောက် မရှိရုံနှင့် သူမ အသက်မရှင်နိုင်သည်မျိုး မဟုတ်ပေ။ ယွီရွေ့ကျူးမှာလည်း ပထမဆုံး ကူးပြောင်းလာစဉ်က ရှုပ်ထွေးနေသည့် ကနဦးကာလကို ကျော်ဖြတ်ပြီးခဲ့ပြီ ဖြစ်သည်။ သို့သော် အိမ်ပြန်ရောက်ပြီးနောက် မည်သည်တို့ ဖြစ်လာမည်ကို မည်သူ သိနိုင်ပါအံ့နည်း။ မူလကိုယ်ပိုင်ရှင်၏အိမ်မှာလည်း ရှုပ်ထွေးနေပြီး ပတ်ဝန်းကျင်နှင့် အသားကျရန် အသစ်မှ ပြန်စရဦးမည် ဖြစ်၏။

ယွီရွေ့ကျူးက ဟိုဘက်လှည့်လိုက်ပြီး သူ့ကို ရက်အနည်း ငယ်လောက် အချိန်ပိုပေးလျှင် ကောင်းမည်ဟု တွေးလိုက်မိ၏။ အနည်းဆုံးတော့ ဤနေရာတွင် ပိုက်ဆံပိုရှာပြီး လက်ထဲ၌ ကိုင်ထားလျှင် ကွာရှင်းလိုက်ရလျှင်ပင် တာတုန်းရွာသို့ ပြန်ရောက်သည့်အခါ ရုတ်တရက် မျက်ကန်းဖြစ်သွားမည် မဟုတ်ပေ။

ရေချိုးပြီးနောက် ခန္ဓာကိုယ်မှာ အထူးသဖြင့် အိပ်ချင်စိတ် လွယ်ကူနေပြီး ယွီရွေ့ကျူးက မျက်ခွံများကို အောင့်ထားကာ နောက်တစ်နေ့တွင် ၎င်းကို မည်သို့ ဖြေရှင်းရမည်ကို အချိန်အတော်ကြာ စဉ်းစားနေလေ၏။ ယင်းနောက်၌ ရေလာလျှင် တမံဆည်၍ ရန်သူလာလျှင် စစ်တပ်နှင့် တားမည်ဟု တွေးလိုက်ပြီး ကွာရှင်းလိုက်ရလျှင်ပင် ကိစ္စကြီး မဟုတ်ပါဟု ဆုံးဖြတ်လိုက်သည်။

သူမက စိတ်ထဲရှိ ရှုပ်ထွေးသော ခံစားချက်အမျိုးမျိုးကို မြိုသိပ်ကာ နောက်ဆုံးတွင် ညအမှောင်ထဲ၌ အိပ်ပျော်သွားလေတော့သည်။

ဘေးရှိ ဟော်ချန်ယဲ့လည်း မအိပ်သေးပေ။

သူ အချိန်အတော်ကြာ ရပ်တန့်နေပြီးနောက် မျက်လုံးများကို ဖွင့်ကာ ယွီရွေ့ကျူးရှိရာဘက်သို့ ကြည့်လိုက်လေသည်။

သို့သော် ယွီရွေ့ကျူး အိပ်ပျော်နေပြီဖြစ်သည်ကို သူ တွေ့လိုက်ရ၏။ သူ့မျက်လုံးများက ခေါင်းအုံးပေါ်တွင် မှိတ်ထားပြီး အသက်ရှူသံမှာ ညီညာနေသော်လည်း မျက်မှောင်များက ကျုံ့နေကာ ဖြူဖွေးသော မျက်နှာမှာ လရောင်အောက်တွင် အထူး တောက်ပနေပြီး ပြည့်စုံသော နှုတ်ခမ်းများမှာ နီရဲတောက်ပနေလေသည်။

သူမ အသုံးပြုနေသော အနီရောင် မင်္ဂလာခေါင်းအုံးမှာ မလဲရသေးဘဲ ၎င်းပေါ်တွင် ဖုံးအုပ်ထားသော ခေါင်းအုံးစွပ်မှာလည်း ရေထဲ၌ ကစားနေသော မန်ဒရင်းဘဲနှစ်ကောင် ပုံစံဖြစ်သော်လည်း ယခုအချိန်တွင် ကြည့်ရသည်မှာ အကြောင်းပြချက်မရှိဘဲ မျက်စိစူးစရာ ဖြစ်နေလေ၏။

ဟော်ချန်ယဲ့၏ ရှုထောင့်မှကြည့်လျှင် သူမ၏သွယ်လျသော လည်ပင်းနှင့် လည်ပင်းကော်လာအထိ ဖြန့်ကျက်ထားသော နှင်းပွင့်ကဲ့သို့ ဖြူဖွေးသည့် အသားအရေကို မြင်တွေ့နိုင်ပြီး အံ့ဩစရာကောင်းလောက်အောင် ဖြူဖွေးနေလေသည်။

ယွီရွေ့ကျူးက မွေးကတည်းက အလွန် ထင်ရှားလှပသည့်ပုံပါပဲ။ ဤရိုးရှင်းသည့် အခန်းလေးထဲတွင် သူမတစ်ကိုယ်လုံးမှာ တောက်ပနေသကဲ့သို့ ရှိနေ၏။

သူတို့ရွာက လူများနှင့် မတူဘဲ ချမ်းသာသည့် မိသားစုမှ မိန်းကလေးများနှင့် တူနေသည်။

သူမက မြို့ထဲသို့သွားပြီး အလားအလာရှိသည့် တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ဇနီးဖြစ်သင့်သူ ဖြစ်၏။ ဝက်သားသတ်သမားဖြစ်သည့် သူ့ဘေးတွင် နေ့တိုင်းပိုက်ဆံရှာရန် အလုပ်များနေဖို့ မဟုတ်ပေ။

ဟော်ချန်ယဲ့က သူမကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် အကြည့်ကို လွှဲလိုက်လေ၏။

ဤညမှာ အထူးသဖြင့် ညတာရှည်လှ၏။

ယင်းနောက်၌ သန်းခေါင်ယံအချိန်တွင် ကောင်းကင်ယံ၌ ရုတ်တရက် မိုးခြိမ်းသံ ပေါက်ကွဲထွက်လာလေသည်။

လျှပ်စီးလက်သည့် အဖြူရောင် အလင်းတန်းများက အခန်းကို လင်းထိန်သွားစေပြီး တဝုန်းဝုန်း မြည်သံများမှာ အဆုံးမရှိဘဲ နားထဲ၌ တည့်တည့် ကြားနေရသကဲ့သို့ ကျယ်လောင်လှလေ၏။

ယွီရွေ့ကျူးမှာ အအိပ်ဆတ်သူဖြစ်ပြီး မိုးခြိမ်းသံကြောင့် နိုးလာကာ တဝုန်းဝုန်း မြည်သံများကြောင့် သူမဦးရေပြားပင် ထုံကျဉ်သွားလေသည်။

နွေရာသီ ညများတွင် အေးမြစေရန် ပြတင်းပေါက်များကို ပိတ်မထားသဖြင့် တဝုန်းဝုန်း မိုးခြိမ်းသံများနှင့်အတူ မိုးပေါက်များက ပြတင်းပေါက်များထံ ရိုက်ခတ်နေလေ၏။

သူမက ထပြီးပြတင်းပေါက်ကို ပိတ်ချင်သော်လည်း လက်နှင့်ခြေထောက်များမှာ ထုံကျဉ်၍အေးစက်နေကာ လှုပ်ရှား၍ မရနိုင်ပေ။

All Chapters