← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

🐽 Chapter 33

ယွီရွေ့ကျူးသည် ရရှိလာသောငွေကြေးများကို ခါးစည်းရှေ့ရှိ အိတ်ကပ်အတွင်းသို့ တစ်ခုပြီးတစ်ခု ထိုးထည့်လိုက်ရာ၊ အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ပြီး ငွေပမာဏကြောင့် သူမ၏ စိတ်နှလုံးမှာ ပိုပျော်ရွှင်သွားကာ မျက်နှာပေါ်ရှိ အပြုံးမှာလည်း ပိုမိုတောက်ပလာလေသည်။

ယွီရွေ့ကျူး နှာခေါင်းထိပ်တွင် ချွေးစက်များ ထွက်ပေါ်နေပြီး ပါးပြင်များမှာ နီရဲနေကာ၊ လှပသောကြောင်မျက်လုံးတစ်စုံမှာ ဖောက်သည်များကို တောက်ပစွာ ကြည့်ရှုနေလျက် နှုတ်ခမ်းလွှာများ၌လည်း အပြုံးတစ်ခုမှာအမြဲရှိနေပေတော့သည်။

"စိတ်မပူပါနဲ့၊ ဖြည်းဖြည်း လုပ်ကြရအောင်"

ပတ်ဝန်းကျင်ရှိ လူအများအပြားမှာ ကြောင်အမ်းသွားကြပြီး လူငယ်၏ မျက်နှာပေါ်တွင် ဖြည်းညင်းစွာ အနည်းငယ် နီမြန်းလာလေသည်။

ဤအသားနှပ် ရောင်းချသော မိန်းကလေးမှာ စင်စစ်အလွန်လှပသော သူပင်ဖြစ်တော့သည်ဟု စိတ်အတွင်းမှ ကျိတ်၍ ချီးကျူးနေကြပေသည်။

အသားနှပ် ရှီးရှီ၊ ဤသည်မှာ အသားနှပ် ရှီးရှီပင်ဖြစ်မည်။

*(T/N: ရှီးရှီ၊ တရုတ်ပြည်ရဲ့ နာမည်ကြီး အလှပိုင်ရှင် ၄ ဦးထဲက တစ်ဦးရဲ့ နာမည်ပါ။ တော်တော်လှတဲ့ ကောင်မလေးကို တင်စားခေါ်တဲ့ အခေါ်အဝေါ်ပါ။)*

ယွီရွေ့ကျူးသည် မိမိကိုယ်မိမိ မလောပါဟု ပြောကြားသော် လည်း စင်စစ်အားဖြင့် သူမ၏လှုပ်ရှားမှုများမှာ အလွန်ပင် လျင်မြန်လှပေသည်။ အဘယ်ကြောင့်ဆိုသော် နံနက်ခင်း အလုပ်သွားသည့် အချိန်လှိုင်း ပြီးဆုံးသွားလျှင် လူသွားလူ လာ နည်းပါးသွားနိုင်သည်ကို သူမ သိရှိထားသောကြောင့် ဖြစ်၏။

သူမသည် လက်ရှိ ဖောက်သည်များကို ဆုပ်ကိုင်ထားနိုင်လျှင် အနီးအနားဝန်းကျင်ရှိ လူများမှာလည်း သိချင်စိတ်ဖြင့် ဝိုင်းအုံလာကြပြီး ကောင်းကျိုးစက်ဝန်းတစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။

ယွီရွေ့ကျူးသည် ငွေကြေးပင် မသိမ်းဆည်းနိုင်လုနီးပါး အလုပ်များသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် အလုပ်များသော အချိန်ကာလ တစ်ခု ပြီးဆုံးသွားသည့်အခါ လူများ အလုပ်ခွင်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် သူမ၏ ဆိုင်ရှေ့၌ လူသွားလူလာ နည်းပါးသွားပေတော့သည်။

လမ်းတစ်ဖက်ရှိ ဟင်းသီးဟင်းရွက် ရောင်းချသော ဦးလေးကြီးမှာလည်း သူမ၏ အရောင်းအဝယ် သွက်လက်မှုနောက်သို့ လိုက်ပါ၍ သစ်သီးအလေးချိန် ပေါင်အနည်းငယ် ရောင်းချလိုက်ရပေသည်။

ထိုအခါ ဦးလေးကြီးမှာ အံ့အားသင့်လွန်းသဖြင့် စကားပင် မဆိုနိုင်တော့ဘဲ ရေရွတ်လိုက်လေသည်။

"ကောင်မလေး၊ မင်း ဒီပစ္စည်းကို ရောင်းရတာ တကယ် ကောင်းတာပဲ။ ဒီပစ္စည်းက အရမ်းမွှေးတာပဲ၊ အံ့သြစရာပဲ”

ယွီရွေ့ကျူး သည် ပြုံးရွှင်လျက် ဘာမျှ ပြန်လည်ပြောကြားခြင်း မရှိပေ။

လူအုပ်ကြီး ကျဲပါးသွားသဖြင့် သူမ၏ ပစ္စည်းများကို အချိန်ယူကာ ရှင်းလင်းရန်၊ စားပွဲကို သုတ်သင်ရန်နှင့် ကျန်ရှိသော ပမာဏကို စစ်ဆေးရန် အချိန်ရရှိသွားပေသည်။ ယခင်က လူစည်ကားခဲ့သည့် အချိန်အတွင်း၌ပင် အနည်းဆုံး အိုး၏ သုံးပုံတစ်ပုံခန့် ရောင်းချလိုက်ရသည်ကို တွေ့ရှိလိုက်ရ၏။

နေ့လယ် ထမင်းစားချိန်၌ ပိုမိုရောင်းချရမည်လော မသိနိုင်ပေ။

စင်စစ်အားဖြင့် ဤမြို့နယ်၏ လူအသွားအလာမှာ ကျေးလက်ရွာထက် အဆမတန် ပိုမိုကောင်းမွန်ပြီး၊ ယွီရွေ့ကျူး သည် ယခုအခါ ပထဝီဝင်အနေအထားအရ ပိုမိုကောင်းမွန်သော နေရာ၌ ရှိနေခြင်းကြောင့်လည်း ဖြစ်ပေသည်။ အထွေထွေ ရောင်းဝယ်ရေး သမဝါယမ၏ မျက်နှာချင်းဆိုင်၌ ရှိနေခြင်းဖြစ်၏။

ယွီရွေ့ကျူး သည် ယပ်တောင်လေး တစ်ချောင်းကို ရှာဖွေတွေ့ရှိပြီး ဖြည်းညင်းစွာ ယပ်ခတ်နေပေသည်။ စင်စစ်အားဖြင့် သူမ၏ အသားနှပ်ရနံ့ကို ဝန်းကျင်သို့ ပျံ့နှံ့စေရန် ပြုလုပ်ခြင်းဖြင့် လူများကို ဆွဲဆောင်နေခြင်းဖြစ်ပေသည်။

နံနက်ပိုင်းက ယူဆောင်လာသော အသားနှပ်မှာ အချိန်အတန်ကြာပြီးနောက် အနည်းငယ်အေးစက်သွားပြီ ဖြစ်သော်လည်း၊ ယွီရွေ့ကျူးသည် မီးဖိုငယ်တစ်ခု ယူဆောင်လာသဖြင့် ၎င်းမှာ ပူလောင်နေပြီး အငွေ့တထောင်းထောင်း ထနေလေ၏။

အမှန်စင်စစ် အေးစက်နေသော အသားနှပ်မှာ အရသာပျက်ယွင်းသွားမည် မဟုတ်သော်လည်း၊ အဓိကအချက်မှာ ယွီရွေ့ကျူး အနေဖြင့် အသစ်ချက်ပြုတ်ထားခြင်းဖြစ် ကြောင်း ပြသလိုခြင်းဖြစ်ပေသည်။ ထိုအချက်က ဖောက်သည်များကို ပိုမို၍ဆွဲဆောင်နိုင်မည် ဖြစ်၏။

နေ့လယ်စာစားချိန်သို့ မရောက်ရှိသေးသော်လည်း ယွီရွေ့ကျူးသည် နံနက်ခင်း၌ပင် အမှာစာအမြောက်အမြား ရောင်းချလိုက်ရသဖြင့် ရရှိသောအကျိုးအမြတ်မှာ ရွာ၌ရှိစဉ်ကထက် များစွာပိုမိုကောင်းမွန်နေပေသည်။

အဘယ်ကြောင့်ဆိုသော် လူအများစုမှာ ညဘက်အလုပ် ဆင်းပြီးမှသာ ဟင်းချက်စရာများကို ပြန်လည်ဝယ်ယူကြသောကြောင့် ဖြစ်၏။ ထိုအချိန်မှာ အနားယူချိန် ဖြစ်ပြီး အသားနှပ်မှာ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေသူငယ်ချင်းများအိမ်သို့ လက်ဆောင်အဖြစ် သယ်ဆောင်သွားရန်သော်လည်းကောင်း၊ နေအိမ်၌ မိသားစုဘဝ အဆင့်အတန်း မြှင့်တင်ရန်နှင့် အရက်ကောင်းကောင်း သောက်သုံးရန်အတွက်သော်လည်းကောင်း အသင့်တော်ဆုံး ဖြစ်ပေသည်။

ယွီရွေ့ကျူးသည် စိတ်အတွင်းမှ တွေးတောလိုက်၏။ ညနေပိုင်း နောက်ကျမှ ပြန်လျှင် အဆင်ပြေမည်လော။ ဤအိုးနှစ်အိုး မည်သည့်အချိန်၌ ရောင်းချကုန်မည်နည်းနှင့် မည်သည့်အချိန်၌ ပြန်ရမည်နည်း။ အနည်းဆုံးတော့ ညဘက် လူအသွားအလာ လှိုင်းကို အမီလိုက်ပြီး မည်မျှရောင်းချရမည်ကို စောင့်ကြည့်မည် ဖြစ်၏။ ထို့နောက်မှသာ နောက်တစ်နေ့အတွက် ပမာဏကို သင့်တော်သလိုတိုးမြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းများ ပြုလုပ်မည်ဟု ကြံရွယ်လိုက်ပေသည်။

"အာ ညီမလေး၊ မင်းရဲ့ အသားက အရမ်းရောင်းကောင်းတာပဲ၊ အဝေးကြီးကနေတောင် မင်းရဲ့ အသားနံ့ကို ရနိုင်တယ်၊ ငါ သွားရည်ကျနေပြီ ဟားဟား"

ယွီရွေ့ကျူး တွေးတောနေစဉ် ဘေးဘက်မှ ပြုံးရွှင်သော အမျိုးသမီးတစ်ဦး၏အသံမှာ ရုတ်တရက် ထွက်ပေါ်လာလေတော့၏။

သူမ နောက်သို့ လှည့်ကြည့်လိုက်ရာ မိမိအနောက်၌ အသားဖြူဖွေး၍ ခပ်ဝဝနှင့် အနည်းငယ် လုံးဝန်းသော အမျိုးသမီးတစ်ဦးကို တွေ့ရှိလိုက်ရပေသည်။ ကြည့်ရှုရသည်မှာ အတော်လေး ကံကောင်းမည့်ပုံစံရှိပြီး ကြင်နာတတ်သော မျက်ခုံး၊ မျက်လုံးများနှင့်အတူ အလွန်ထူထဲသော ဆံပင်များရှိကာ ရင်ဘတ်ပေါ်၌ ကျစ်ဆံမြီးကြီး နှစ်ဖက်မှာ တွဲကျနေလေ၏။

ထိုအမျိုးသမီးသည် ယွီရွေ့ကျူးအား ပြုံးရွှင်လျက် ကြည့်ရှုနေပေသည်။

"ဒီမနက် မင်းရဲ့ဆိုင်မှာ လူတွေ အကြိမ်ကြိမ် ဝိုင်းအုံနေတာ ငါ မြင်တယ်၊ လူတွေက ပိုအသက်ကြီးလာပြီ၊ မင်း တစ် ယောက်တည်း ဘယ်လို အလုပ်များနိုင်မှာလဲ၊ မင်း အိမ် ထောင်ကျပြီလား၊ မကျသေးဘူးလား၊ မင်းကို ကူညီဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်ပါလား၊ ပိုက်ဆံကောက်တာ ဒါမှမဟုတ် အိတ်ထဲထည့်တာ စသဖြင့်ပေါ့၊ မဟုတ်ရင် မင်း အလုပ်များနိုင်မှာ မဟုတ်ဘူး”

ယွီရွေ့ကျူး တုံ့ဆိုင်းစွာ မေးလိုက်သည်။

"အစ်မက”

အမျိုးသမီးက ပြုံးကာ သူမအနောက်ဘက် မလှမ်းမကမ်းရှိ ဆိုင်ကို လက်ညှိုးထိုးပြလိုက်သည်။

"ငါ့ဆိုင်က အနီးအနားမှာပဲ၊ စကားမစပ်၊ ငါတို့က လမ်း ကြောင်းတူတွေပဲ၊ ငါ့မိသားစုကလည်း အသားတွေ၊ အသင့်စား အစားအစာတွေ ရောင်းတယ်၊ အသားနှပ်တွေ ဘာတွေလည်း ရောင်းတယ်၊ ဒါပေမဲ့ ငါ့အသားနှပ် အရသာက မင်းလုပ်သလောက် မကောင်းဘူး၊ မင်းရဲ့ အနံ့က အရမ်းမွှေးတာပဲ၊ ငါ့အိမ်ကလူက မင်းသာ တပည့်လက်ခံရင် သူ သေ ချာပေါက် မင်းကို ဆရာတင်လိမ့်မယ်လို့ ပြောတယ် ဟားဟား”

အမျိုးသမီး၏စကားမှာ နှိမ့်ချသော စကားတစ်ခွန်းဖြစ်သဖြင့် ယွီရွေ့ကျူး အနေဖြင့် သဘာဝကျကျ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

ယင်းနောက် သူမက ပြန်လည်၍ ပြောကြားလိုက်ပေ၏။

"ဘယ်လိုလုပ် အဲ့လို ပြောရမှာလဲ၊ ကျွန်မက ကိုယ့်ဘာသာကိုယ် စဉ်းစားနေရုံပါပဲ၊ ဘယ်ဖော်မြူလာမှမရှိပါဘူး၊ ကျွန်မ ဆိုင်ခင်းဖို့လာတာ ပထမဆုံးနေ့ပဲ ရှိပါသေးတယ်၊ အစ်မက ဘယ်လိုလုပ် အရမ်းတော်နေရတာလဲ၊ ဆိုင်တောင် ဖွင့်ထားပြီးပြီပဲ၊ နောင်ကျရင် အစ်မဆီကနေ ကျွန်မ သင်ယူရဦးမယ်”

အမျိုးသမီးက ရယ်မောလိုက်သည်။

"အားမနာပါနဲ့၊ ငါ့နာမည် ကျောက်နာပါ၊ အစ်မကျောက်လို့ပဲ ခေါ်ပါ၊ နောင်ကျရင် မင်း ဒီမှာ မကြာခဏ လာရောင်းမယ်ဆိုရင် နောက်တစ်ခါ ထီးတစ်လက်ယူလာဖို့ မမေ့နဲ့နော်၊ မဟုတ်ရင် အရမ်းနေလောင်လိမ့်မယ်၊ မင်းရဲ့ ဖြူဖွေးနုနယ်တဲ့ အသားအရေ ညိုမည်းမသွားစေနဲ့”

ယွီရွေ့ကျူး ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ အစ်မကျောက်၊ ကျေးဇူးတင်ပါတယ်"

ကျောက်နာ၏ သဘောထားမှာ အလွန်ဖော်ရွေလှပြီး၊ ပြုံးရွှင်လျက် ခေါင်းညိတ်ပြပြီးနောက် သူမ ဆိုင်သို့ ပြန်လည်သွားလေတော့၏။

🐽 Chapter 34

ယွီရွေ့ကျူးသည် သူမ ထွက်ခွာသွားသော လမ်းကြောင်းသို့ ကြည့်ရှုလိုက်ရာ ဆိုင်းဘုတ်ကြီးတစ်ခုကို တွေ့ရှိလိုက်ရပေသည်။

"ကျောက်မိသားစု အသင့်စား အစားအစာဆိုင်"

ယွီရွေ့ကျူး ဤနေရာ၌ ဆိုင်ခင်းထားခြင်းသည် ကျောက်မိသားစု အသင့်စား အစားအစာဆိုင်နှင့် သက်ဆိုင်သော ဖောက်သည်အချို့ကို ဆွဲဆောင်လုယူသွားခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။ သို့သော် ကျောက်နာ၏ အမူအရာကို ကြည့်ရှုရသည်မှာ သူမသည် ဂရုမစိုက်သကဲ့သို့ ရှိနေသည့်အပြင်၊ သူမ၏သဘောထားမှာလည်း အလွန်ဖော်ရွေနေဆဲ ဖြစ်၏။

ယွီရွေ့ကျူးသည် ထိုအသင့်စား အစားအစာဆိုင်ကို အကြိမ်အနည်းငယ် ထပ်မံကြည့်ရှုပြီးနောက် သူမ အကြည့်ကို အမြန်ရုပ်သိမ်းလိုက်လေသည်။

အခြေအနေကို ရှင်းလင်းစွာ မသိရှိရသေးသော အချိန်၌ ယွီရွေ့ကျူးသည် စကားပုံတစ်ခုကို ယုံကြည်ထားပေသည်။ ၎င်းမှာ ရေလာလျှင် တမံဆည်၍ ရန်သူလာလျှင် စစ်တပ်နှင့် တားဆီးမည်ဟူသော အချက်ပင်ဖြစ်တော့၏။

သို့ရာတွင် ကျောက်နာ၏ အခြားသော စကားများကို ယွီရွေ့ကျူးအနေဖြင့် သိပ်၍ ဂရုမစိုက်သော်လည်း၊ ထီးနှင့် ပတ်သက်၍ သူမ ပြောကြားခဲ့သည်မှာကား စင်စစ် မှန်ကန်လှပေသည်။ အရိပ်ရရှိရန် ကာကွယ်ပေးမည့် ထီးမရှိသဖြင့် ယွီရွေ့ကျူး သည် မိမိ၏တစ်ကိုယ်လုံး အလွန်ပူလောင်နေသည်ဟု ခံစားနေရပေသည်။

နေရောင်မှာ ပြင်းထန်လှပေသည်။ အလွန်ပင် ပြင်းထန်လှပေသည်။

အထူးသဖြင့် နေ့လယ်ပိုင်း၌ သူမ ရှေ့မှောက်ရှိ မီးဖိုငယ်လေးကို ယွီရွေ့ကျူး ပိတ်ထားလိုက်ရလေပြီ။ သို့မဟုတ်ပါက နေရာအနှံ့၌ အပူလှိုင်းများ ရှိနေမည်ဖြစ်သဖြင့် ယွီရွေ့ကျူး မှာ အပူလွန်ကဲ၍ ဒုက္ခရောက်ရပေလိမ့်မည်။

ခေါင်းပေါ်ရှိ နေရောင်ခြည်မှာ ကရုဏာကင်းမဲ့စွာ ပူပြင်းလှပေသည်။ ဟော်ချန်ယဲ့၏ ဝက်သားဆိုင်၌ကဲ့သို့ အမိုးအကာများ မရှိသဖြင့် ယွီရွေ့ကျူး သည် ယခုအချိန်၌ ချွေးတလုံး လုံးဖြင့် ပူအိုက်လှသော အခြေအနေကို အမှန်တကယ် ခံစားနေရပေသည်။

သူမသည် အပူဒဏ် သက်သာစေရန် ဆိုင်ကိုနေရိပ်သော နေရာသို့ ရွှေ့ပြောင်းလိုသော်လည်း အနီးအနား၌ ထိုကဲ့သို့သော နေရာမျိုးမရှိသကဲ့သို့၊ ဤနေရာရှိ လက်ရှိ လူအသွားအလာကိုလည်း လက်လွှတ်ရန် နှမြောတသ ဖြစ်နေမိ၏။

နေ့လယ်အချိန်သို့ ရောက်ရှိလာသောအခါ လူသွားလူလာများမှာ ပိုမို၍များပြားလာသဖြင့် သည်းခံ၍သာ ဆက်လက်ရောင်းချရန် ဆုံးဖြတ်လိုက်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ယွီရွေ့ကျူးအား နှစ်သိမ့်မှု ပေးနိုင်သည့် အချက်မှာ နေရောင်ပြင်းထန်သော်လည်း နံနက်ပိုင်းက ဝယ်ယူသွားသူများက သူမအတွက် ကြော်ငြာပေးခဲ့ကြသောကြောင့်လော မသိနိုင်ပေ။

သူမ လက်အတွင်း၌ ရှာဖွေရရှိထားသော ငွေကြေးများမှာ ယွီရွေ့ကျူးအား ခွန်အားများ ပေးစွမ်းနေသကဲ့သို့ ရှိပေသည်။

အသားနှပ် တစ်အိုးမှာ လျင်မြန်စွာပင် ရောင်းချကုန်ဆုံးသွားပြီး၊ ဒုတိယမြောက် အသားနှပ်အိုးကိုလည်း စတင်၍ ရောင်းချနေရပြီဖြစ်ပေသည်။

"ဒီမှာ ဝက်ကလီစာရောင်းတဲ့ ဆိုင်တစ်ဆိုင်က တော်တော်လေး အရသာရှိတယ်လို့ ကြားတယ်၊ အဲ့ဒါက ဒီလောက် ငယ်တဲ့ ကောင်မလေး ဖြစ်နေတာကိုး”

ယွီရွေ့ကျူးသည် စားပွဲကို သုတ်သင်ရန်နှင့် အိုးကို ရှင်းလင်းရန် အလုပ်များနေသော်လည်း၊ ခေါင်းမော့ကြည့်လိုက်သော အခါ သူမ၏ရှေ့မှောက်၌ ဆံပင်ဖြူများဖြင့် အဘိုးအိုတစ်ဦး ရပ်တန့်နေသည်ကို တွေ့ရှိလိုက်ရပေသည်။

ထိုအဘိုးအိုသည် ရိုးရှင်းသော အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး အင်္ကျီစွန်း၌ ဖာထေးရာ အနည်းငယ် ရှိကာ၊ မျက်နှာပေါ်၌ အရေးအကြောင်းများဖြင့် တည်ငြိမ်သော မျက်နှာထားမှာ အနည်းငယ် သံသယဖြစ်နေသည့်ပုံစံ ရှိနေလေတော့၏။

"မင်းလို ငယ်ငယ်ရွယ်ရွယ်နဲ့သူက ဝက်ကလီစာ လုပ်တတ်လို့လား၊ သာမန်လူက ဒါကို ကောင်းကောင်း မလုပ်တတ်ဘူး၊ ညှီနံ့ထွက်တယ်၊ ငါက ဒါကို စားရတာ ကြိုက်တယ်၊ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဒီနားက ဘယ်ဟာမှ ငါ့ကို မကျေ နပ်စေဘူး”

သူ ခေါင်းခါလိုက်သည်။

"ငါ့ကို မြည်းကြည့်ဖို့ ပေး၊ မင်းရဲ့ဆိုင်သစ် စီးပွားရေးကို အားပေးတာပါ၊ ကောင်မလေးတစ်ယောက် ဒီမှာ ဆိုင်ခင်းပြီး နေလှန်းခံရတာ မလွယ်ပါဘူး၊ ဟေး"

"အနံ့ကတော့ တော်တော်မွှေးတာပဲ၊ အထဲမှာ ဘာတွေပါလဲတော့ မသိဘူး၊ ငါ့ပါးစပ်ကို ငါ ထိန်းထားနိုင်တယ်၊ မကောင်းတဲ့အရာတွေကို ငါ အရသာခံနိုင်တယ်”

ယွီရွေ့ကျူး သည် အနည်းငယ် အံ့အားသင့်သွားမိ၏။ သူမ ခံစားချက်အရ ဤသူမှာ အစားအသောက် ဝေဖန်အကဲဖြတ်သူတစ်ဦးကဲ့သို့ပင် ဖြစ်ချေသည်။

မူလက စကားအနည်းငယ် ထပ်မံ၍ ငြင်းဆိုလိုသော်လည်း၊ အဘိုးအိုသည် သူမ၏ စီးပွားရေးကို အားပေးကူညီရန် ကိုယ်တိုင် အစပြုခဲ့သည်ကို မြင်တွေ့ရသောအခါ၊ ယွီရွေ့ကျူးသည် ပြောလက်စ စကားလုံးများကို ပြန်လည်မျိုချလိုက်ပြီး သူ့အား ပြုံးပြလိုက်လေတော့သည်။

"ဦးလေး၊ ကြည့်လိုက်ပါ၊ ဘယ်အပိုင်း လိုချင်လဲ၊ ကျွန်မ ညှပ်ပေးပါ့မယ်၊ အားလုံးက ကိုယ်တိုင် မွေးထားတဲ့လတ် ဆတ်တဲ့ ဝက်သားတွေပါ၊ ပြီးတော့ ပါဝင်ပစ္စည်းတွေကလည်း စိတ်ချလို့ရပါတယ်၊ တခြား မကောင်းတာ ဘာမှ မပါပါဘူး၊ ဦးလေး ယုံယုံကြည်ကြည်နဲ့ စားလို့ ရပါတယ်"

"ဟမ့်၊ အဲ့ဒါက ငါပြောတာလေ၊ ဒါပေမဲ့ စားကြည့်လိုက်တာနဲ့ ငါကိုယ်တိုင် သိမှာပါ"

"တစ်မျိုးကို နည်းနည်းစီပေး၊ အိမ်ပြန်စားဖို့ ယူသွားမယ်၊ စိတ်မပူပါနဲ့၊ အရသာမရှိရင် ငါ မင်းဆီ မလာပါဘူး၊ စီးပွား ရေးလုပ်ရတာ မလွယ်ပါဘူး၊ အထူးသဖြင့် မင်းလို လူငယ်တွေပေါ့၊ ငါ လူတွေကို မရိုက်တတ်ဘူး၊ ဒါပေမဲ့ မင်း ဒီမှာ မကောင်းတဲ့အရာတွေ ထားရင် ငါ မင်းဆီ သေချာပေါက်လာမယ်”

အဘိုးအိုက တတွတ်တွတ် ပြောနေပြီး သူ့မျက်နှာအမူအရာမှာ အတော်လေး လေးနက်နေပုံရလေသည်။

ယွီရွေ့ကျူးမျက်နှာအမူအရာမှာ ဤစကားများကို ကြားသောအခါ မပြောင်းလဲသော်လည်း သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ထိန်းသိမ်းထားဆဲပင်။

"ဟုတ်ကဲ့ပါ၊ အရသာကို ကူညီ မြည်းစမ်းဖို့ ကြိုဆိုပါတယ်”

သူမက အရာအားလုံးကို အနည်းငယ်စီ ဖြတ်ကာ နှပ်ရည် အနည်းငယ် ထည့်ပေးလိုက်ပြီး ပိုက်ဆံရပြီးနောက် အဘိုးအိုက တတွတ်တွတ် ပြောကာ နောက်ထပ် စကားအနည်းငယ် ပြောပြီးနောက် အကြိမ်အနည်းငယ် နှာမှုတ်ကာ လှည့်ထွက်သွားသည်ကို ကြည့်နေလိုက်လေသည်။

ခက်ခဲပါသည်။ စားပြီးလျှင် တစ်ခုခု ထည့်ထားသည်ဟု သူမကို မစွပ်စွဲပါနှင့်၊ သူမ အပြစ်ကင်းကြောင်း သက်သေပြနိုင်ပါသည်။

ယွီရွေ့ကျူးက မူလက ထမင်းဘူး ယူလာခဲ့သော်လည်း စားရန် အချိန်မရခဲ့ဘဲ ဖောက်သည်များ မရှိချိန်မှသာ စားရန် အချိန်ရခဲ့လေသည်။

မပြောပါနှင့်ဦး၊ ထမင်းဘူးထဲက အစားအစာများက အေးနေပြီ ဖြစ်သော်လည်း မနက်ခင်း၌ ပင်ပန်းထားသည်ကြောင့်လော မသိပေ၊ တကယ်ကို ဗိုက်ဆာနေသည်ဖြစ်၍ အရသာက အထူးချိုမြိန်နေပါသည်။

ထို့ပြင်ရှာထားတဲ့ ငွေစက္ကူတွေကို ရေတွက်ကြည့်သည့်အခါ သူမနှလုံးသားက ပိုချိုမြိန်သွားရ၏။

ယွီရွေ့ကျူး ညနေပိုင်း မြို့နယ်ရှိ လူများအလုပ်ဆင်းချိန်အထိ ဆက်လက် တောင့်ခံထားခဲ့ပြီး ဤလမ်းဆုံရှိ လူအသွားအလာ အများဆုံးနေရာ၌နေခဲ့ကာ လူအများအပြား၏ အာရုံစိုက်မှုကိုရရှိခဲ့ပြီး ဖောက်သည် အများအပြားကိုလည်း ကြိုဆိုခဲ့လေသည်။

နောက်ဆုံးတွင် အခြားသူတစ်ဦး အသားနှပ်လာဝယ်လိုသော အခါ ယွီရွေ့ကျူးက ကျယ်လောင်စွာ ပြောလိုက်လေသည်။

"ရောင်းကုန်သွားပြီရှင်၊ လိုချင်ရင် မနက်ဖြန် ပြန်လာခဲ့လို့ ရပါတယ်။ မနက်ဖြန်လည်း ဒီမှာ ဆိုင်လာခင်းပါ့မယ်၊ ဒီနေ့တော့ ရောင်းကုန်သွားပါပြီ"

"ရောင်းကုန်သွားပြီ"

ဟူသော စကားလုံးသည် အခြားအရာအားလုံးထက် ပို၍ ဆွဲဆောင်မှု ရှိပေသည်။ ယခင်က အသားနှပ်ကို စိတ်မဝင်စားကြသော လူများပင်လျှင် ၎င်းကို ကြားရသောအခါ ယွီရွေ့ကျူး၏ ဆိုင်ကို နောက်ထပ် အကြိမ်အနည်းငယ် ကြည့်မိသွားကြပြီး အရောင်းသွက်၍ ရောင်းမလောက်သော ဤအသားနှပ်အကြောင်းကို မှတ်မိသွားကြကုန်၏။

အင်း၊ အရောင်းသွက်သည်ဆိုသော်၊ မနက်ဖြန်တွင် အနည်း ငယ်ဝယ်ယူ၍ မည်သည့်အရသာနည်းဟု မြည်းစမ်းကြည့်ရမည်လော။

ယွီရွေ့ကျူး၏ ခါးစည်း၌ မျိုးစုံသော ငွေစက္ကူများဖြင့် ပြည့်နှက်နေပြီဖြစ်ကာ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် ရောင်းရသော ငွေများကို ရှင်းလင်းရန် အချိန်မရသဖြင့် သူမ၏ အိတ်ကပ်အတွင်း၌ ရှုပ်ပွစွာ ထိုးထည့်ထားလျက် အိုးများ၊ ဒယ်အိုးများ၊ စားပွဲများနှင့် ကုလားထိုင်များကို သိမ်းဆည်းရန် အလုပ်များနေလေသည်။

ကောင်းကင်ကို ကြည့်လိုက်ရာ အနည်းငယ် မှောင်နေပြီဖြစ်၍ အိမ်သို့ရောက်လျှင် ပိုမှောင်သွားမည်ဖြစ်ရာ ဟော်ချန်ယဲ့မှာ အိမ်၌ စိတ်ပူနေမည်လောဟု မသိနိုင်ပေ။

ဖြစ်နိုင်ချေ မရှိပါပေ။ အဘယ်ကြောင့်ဆိုသော် မနေ့က တည်းက ဟော်ချန်ယဲ့ကို ကြိုတင် အသိပေးထားပြီးသား ဖြစ်၏။

မြို့နယ်မှ ဝင်ငွေသည် ဤမျှ ကောင်းလိမ့်မည်ဟု အကယ်၍ တကယ် မထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ခေတ္တမျှ ထပ်နေလိုက်လျှင် နောက်ကျမှ ပြန်ဖြစ်တော့မည်။

ယွီရွေ့ကျူးသည် ယခုအခါ ဗိုက်ဆာနေပြီဖြစ်ကာ သူမ၏ ပစ္စည်းအထုပ်ကြီး အထုပ်ငယ်များဖြင့် အပြင်သို့ ထွက်လာသောအခါ ယခင်က မြင်းလှည်းသည် မထွက်ခွာသေးသည်ကို တွေ့ရှိလိုက်ရလေသည်။

လှည်းပိုင်ရှင်သည် အလွန်ပင် စိတ်သဘောထား ကောင်းမွန်လှပေသည်။ ယွီရွေ့ကျူးကို မြင်သောအခါ ညည်းညူနေသော်လည်း ယွီရွေ့ကျူး ပြန်မလာသေးသည်ကို သိရှိသဖြင့် သူမအနေဖြင့် အိမ်သို့ မပြန်နိုင်မည်ကို စိုးရိမ်သောကြောင့် ဤအတိုင်း ဆက်လက်စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

"တော်တော် နောက်ကျနေပြီ၊ မှောင်နေတော့ သွားရတာ မလွယ်ဘူး၊ နောက်တစ်ခါ ဆိုင်စောစောသိမ်းပါ"

ယွီရွေ့ကျူး၏ စိတ်နှလုံးမှာ အနည်းငယ် နွေးထွေးသွားပြီး သူ့ကို ပိုက်ဆံပိုပေးလိုက်လေသည်။

"ပင်ပန်းသွားပြီ ဦးလေး၊ မနက်ဖြန် စောစောပြန်လာဖို့ ကျွန်မ ကြိုးစားပါ့မယ်၊ ဒီမှာ အချိန်အကြာကြီးစောင့်ရတာ၊ မြန်မြန် ပြန်ကြရအောင် ဦးလေး”

"ကောင်းပြီ၊ သေချာထိုင်နော်"

ယွီရွေ့ကျူးသည် မြင်းလှည်း၏ သစ်သားပြားကို ကိုင်ဆွဲလျက်လမ်းပေါ်ရှိ ချိုင့်ခွက်များနှင့်အတူ သူမ၏ ခန္ဓာကိုယ်မှာ ယိမ်းထိုးနေကာ အမည်းရောင် ဆံပင်များမှာ လေထဲတွင် လွင့်ပျံနေပြီး ည၏အအေးဒဏ်ကြောင့် လက်မောင်းများကို ဖုံးအုပ်ထားလိုက်လေသည်။

အစွန်းနှစ်ဖက်၏အပူချိန်မှာ စင်စစ် ကွာခြားလှပေရာ မနက်ဖြန်တွင် အပေါ်အင်္ကျီတစ်ထည် ယူဆောင်သွားရမည် ဖြစ်သည်။

မြင်းလှည်းသည် တစ်လမ်းလုံး ယိမ်းထိုး၍ ဆောင့်နေတတ်ပေသည်။ အထူးသဖြင့် မှောင်စပြုသောအခါ လမ်းမျက်နှာ ပြင်ကို သေချာစွာမမြင်ရဘဲ ချိုင့်ငယ်များအတွင်းသို့ အလွယ်တကူ ကျရောက်သွားတတ်ပေသည်။

All Chapters