← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

🐽 Chapter 37

ယခင်က အသားနှပ်စဉ် သူမ ကြက်ဥမည်မျှ ထည့်ခဲ့သည်ကို သူ ပြောခဲ့သည်ကို ယွီရွေ့ကျူးမမေ့ပေ။ ယခု သူက ကြက်ဥနှစ်လုံးဖြင့် ချက်နေသဖြင့် သူမက သူ့ကို နောက်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဒီတစ်ခါ ကြက်ဥတွေ အလကား မဖြစ်ဘူးလား"

ဟော်ချန်ယဲ့ မကြားချင်ယောင်ဆောင်ကာ သူမကို တူ ကမ်းပေးလိုက်သည်။

"မြည်းကြည့်”

ယွီရွေ့ကျူးမှာ အမှန်တကယ် ဗိုက်ဆာနေပြီဖြစ်၏။ သူမ တူကိုကောက်ကိုင်ကာ မြည်းကြည့်ပြီး အံ့သြသွားသည်။

"ဟော်ချန်ယဲ့၊ ရှင့်ရဲ့ ခေါက်ဆွဲက အရသာမဆိုးဘူး၊ လက်ရာ ကောင်းသားပဲ၊ ဘယ်မှာ သင်ခဲ့တာလဲ၊ တော်တော်လေး အရသာရှိတယ်”

သူမ အရမ်း ဗိုက်ဆာနေလို့လားတော့ မသိဘူး။

ဟိုချန်ယဲ့က ခေတ္တမျှ တိတ်ဆိတ်သွားပြီး သူ၏ မည်းနက် သော မျက်လုံးများကို အောက်သို့ နှိမ့်လိုက်လေသည်။

"ငါ့အမေ သင်ပေးခဲ့တာပါ၊ ပြီးတော့ ဒီလို ဟင်းမျိုးလည်း ချက်တတ်တယ်၊ ကြိုက်ရင် များများစား"

ဟိုချန်ယဲ့၏မိဘများက စောစော ကွယ်လွန်သွားခဲ့သည်ကို ယွီရွေ့ကျူး မှတ်မိသွားပြီး သူ ဤသို့ပြောသည်ကို ကြားသောအခါ သူမ ချက်ချင်းခေါင်းမော့ကာ သူ့ကို ကြည့်လိုက်လေသည်။

ဟိုချန်ယဲ့က တည်ငြိမ်နေပုံရပြီး သူ့ မိဘများအကြောင်း ပြောရာတွင် ပုံမှန်မဟုတ်သည်မှာ ဘာမျှမရှိပေ။ သူက လှည့်ကာ အိုးအောက်ခြေရှိ တွင်းထဲတွင် မီးမွှေးနေလေသည်။

ခေါက်ဆွဲက ပူလှသဖြင့် ယွီရွေ့ကျူးက စကားပြောရာတွင် မပီမသ ဖြစ်နေသည်။

"ရှင် ဘာလုပ်နေတာလဲ ဟော်ချန်ယဲ့"

"မင်းအတွက် ရေနွေးတည်ပေးမလို့"

ဟော်ချန်ယဲ့ ယွီရွေ့ကျူး၏မျက်နှာပေါ်ရှိ နီရဲနေသော စိုစွတ်သည့် ချွေးများကို မမေ့ခဲ့ပေ။ ယနေ့ သူမ အလွန်ပင်ပန်းနေမည်ကို သူ ခန့်မှန်းမိပြီး ချွေးများကြောင့် ရေချိုးမည်မှာ သေချာသည်။

စောစော ရှင်းလင်းပါက စောစော အိပ်၍ ရနိုင်၏။

ယွီရွေ့ကျူးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြောလိုက်သည်။

"အို"

ဤသည်မှာ တော်တော်လေး သတိထားမိခြင်းဖြစ်သည်ဟု သူမ တွေးမိကာ ပြုံးလိုက်ပြီး ခေါက်ဆွဲကို ပြန်စားနေ၏။

ခေါက်ဆွဲပန်းကန်မှာ အလွန်ပူလွန်းလှသဖြင့် ယွီရွေ့ကျူး အချိန်အတော်ကြာမျှ စားရလေရာ၊ သူမ စားသောက်ပြီးသည့်အချိန်တွင် ဟော်ချန်ယဲ့၏ရေနွေးမှာလည်း ကျက်သွားပြီ ဖြစ်တော့၏။

ပတ်ဝန်းကျင်မှာ တော်တော်လေး မှောင်နေပြီဖြစ်ရာ၊ ယနေ့ သူမ အမှန်ပင် အနည်းငယ် နောက်ကျမှပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယွီရွေ့ကျူး အခန်းအတွင်း ရေချိုးနေစဉ် သူမ၏ ဖြူဖွေး သော အသားအရေမှာ အငွေ့တထောင်းထောင်း ထနေသည့် ရေစက်များဖြင့် စိုစွတ်နေကာ၊ ရေနွေးစိမ်ထားသဖြင့် အနည်းငယ် နီမြန်းနေချေ၏။ သူမ ဆံပင်များကို ပွတ်သပ်ရင်း ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။

ဟော်ချန်ယဲ့ တံခါးဝ၌ ရပ်နေပြီး သံသယကို ရှောင်ရှားရန်အတွက် ခေါင်းငုံ့ကာ သူမ ရေချိုးနေသော နေရာနှင့် အကွာအဝေး တစ်ခုအထိလျှောက်သွားလေသည်။

သို့ရာတွင် ပြတင်းပေါက်၌ သူ့ရှည်လျားသော အရိပ်ကို သူမ မြင်နေရဆဲပင်။

ယခုည နောက်ကျမှ ပြန်လာပြီးနောက် ဟော်ချန်ယဲ့ တံခါးကို သော့ခတ်ထားခဲ့ခြင်းအပေါ် ယွီရွေ့ကျူးလည်း မကျေနပ်နိုင်ဘဲ ရှိနေလေသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့ သူမ ငွေအများအပြား ရှာဖွေနိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။ ယနေ့ သူမ နောက်ကျမှ ပြန်လာခဲ့ရာ ပုံမှန် အခြေအနေအရဆိုလျှင် သူမ၏ ဖူးစာရှင်ဖြစ်သူ ဟော်ချန်ယဲ့မှာ တံခါးဖွင့်၍ သူမ အပြန်ကို စောင့်ရုံသာမက လမ်းဆုံအထိပင် သွားရောက် ကြိုဆိုနေသင့်ပေသည်။

ရလဒ်အနေဖြင့် သူမက အရင်ဦးစွာ ပြန်ရောက်လာခဲ့ပြီးမှသာ၊ ယင်းနောက်၌ သူက လမ်းဆုံသို့ သွားရောက်ကာ ပစ္စည်းများကို သွားယူခဲ့ရခြင်း ဖြစ်သည်။

ယွီရွေ့ကျူး ဗီရိုတံခါးကို ခေါက်၍ ဟော်ချန်ယဲ့ သတိပြုမိစေရန် အသံပြုလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ဟော်ချန်ယဲ့၊ နောက်ဆိုရင် ဒီလောက်စောစော တံခါးကို သော့မခတ်နဲ့ဦးလေ။ ကျွန်မ အပြင်မှာ ရှိနေသေးတာကို။ တကယ်လို့ ဒီနေ့ ရှင် အိပ်ပျော်သွားရင် ကျွန်မ အိမ်ထဲဝင်ဖို့ ဘယ်လောက် အဆင်မပြေဖြစ်မလဲဆိုတာ စဉ်းစားကြည့်ဦး၊ အထုပ်အပိုးတွေနဲ့ဆို ပိုဆိုးမှာပေါ့။ ရှင်က ရှင့်မိန်းမကို အပြင်မှာ အိပ်စေချင်လို့လား၊ လေဟာပြင် ထိုင်ခုံမှာ အိပ်ခိုင်းချင်တာလား”

သူမကို သူ့ဇနီးအဖြစ် သတ်မှတ်မထားသကဲ့သို့ သူမထံ၌ လည်း အနှစ်သာရဟူ၍ မည်သို့မျှ မရှိချေ။ လက်ထပ်စာချုပ် အသေးအမွှားလေး တစ်ခုသာရှိခြင်း ဖြစ်သည်။

ဟော်ချန်ယဲ့ ထိုစကားကိုပြောလိုသော်လည်း အချိန်အတော်ကြာသည့်တိုင်အောင် မပြောဖြစ်ခဲ့ပေ။

ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်ယံ၌ ကြယ် တာရာများ ပြည့်နှက်နေပြီး အခန်းအတွင်း သူမ ရေချိုးနေသည့် ရေပုံးထဲမှ ရေလှိုင်းခတ်သံကို သူ့နားတွင် ရှင်းလင်းစွာ ကြားနေရကာ ပတ်ဝန်းကျင် လေထုမှာ အလွန် တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ခေတ္တကြာသော် သူက ပြောလိုက်၏။

"ကောင်းပြီ”

ဟော်ချန်ယဲ့ ရေပုံးကို သိမ်းဆည်းရန် ကူညီပေးဖို့ အိမ်အတွင်း ဝင်ရောက်သည့်အခါ၊ သူ အလိုအလျောက် နှုတ် ခမ်းကို အနည်းငယ်စေ့လိုက်မိပြီး အပြင်သို့ ပြန်ထွက်လာခဲ့၏။ ထို့နောက် ပြတင်းပေါက်ကို ပိုမိုကျယ်အောင်ဖွင့်ကာ တံခါးအပြင်ဘက်၌ရပ်လျက် အသက်ပြင်းပြင်း အကြိမ်အနည်းငယ်မျှ ရှူသွင်းပြီးမှသာ စိတ်တည်ငြိမ်သွားလေသည်။

ယွီရွေ့ကျူး ခြံထဲရှိ အိုးအတွင်း၌ အသားများကိုထပ်မံ နှပ်ထားရာ အိုးမှာ ဆူပွက်နေချေပြီ။ သူမ ဆံပင်များမှာ တစ်ဝက်ခန့် ခြောက်သွေ့နေပြီး တဘက်တစ်ထည်ကို လိပ်လျက်၊ ယနေ့ သူမ ရောင်းချခဲ့သော အသားဖိုး ငွေကြေးအားလုံးကို ခန်ပေါ်သို့ ထုတ်ယူကာ ဟော်ချန်ယဲ့ကို ဝါကြွားလိုသဖြင့် နှုတ်ခမ်းကို အနည်းငယ် ပင့်လိုက်လေသည်။

အိတ်အတွင်း၌ စက္ကူပိုက်ဆံတစ်လိပ် ထည့်ထားသော်လည်း အပြန်လမ်း မြင်းလှည်းပေါ်တွင် ယွီရွေ့ကျူး သေချာစွာ စစ်ဆေးခြင်း မပြုခဲ့ပေ။ တစ်ချက်မှာ မှောင်လွန်းသဖြင့် သေချာ မမြင်ရခြင်း ဖြစ်ပြီး၊ အခြားတစ်ချက်မှာမူ သူမ အမှောင်ထုကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။

ဖြစ်နိုင်ခြေ နည်းပါးသော်လည်း ယွီရွေ့ကျူးက လူ့သဘာဝကို စမ်းသပ်မည် မဟုတ်ပေ။

ယခုအချိန်တွင် ထိုငွေအကြွေများမှာ ခန်ပေါ်၌ ပြန့်ကျဲနေပြီး လိပ်လျက်၊ အနည်းငယ် ပေါက်ပြဲကာ အနားသားများ စုတ်ပြတ်နေလေသည်။ ယွီရွေ့ကျူး ၎င်းတို့ကို လက်ထဲ၌ ဆုပ်ကိုင်ကာ တစ်ခုချင်းစီကို ဖြန့်၍ ရေတွက်နေလေသည်။

ယွီရွေ့ကျူး၏ မျက်လုံးများမှာ တောက်ပလာလေ၏။

"ဆယ့်ငါးယွမ်နဲ့ ရှစ်မူး နှစ်ပြား!"

ဆယ့်ငါးယွမ်။

ယခင်က တစ်နေ့လုံး ရွာအတွင်း၌ ယွမ်အနည်းငယ်မျှသာ ရောင်းချခဲ့ရသော်လည်း၊ ယခု အပြင်ထွက်၍ ရောင်းချသည့်အခါ ဝင်ငွေမှာ ဤမျှတိုင်အောင် နှစ်ဆတိုးလာခြင်းမှာ အမှန်ပင် အံ့အားသင့်ဖွယ် ဖြစ်ပေသည်။

အကယ်၍ နောင်ကာလများ၌ ဆယ့်ငါးယွမ်ကို ယွီရွေ့ကျူးအား ပေးအပ်မည်ဆိုလျှင် သူမ မျက်တောင်ပင် ခတ်မည်မဟုတ်သော်လည်း၊ ယခုမှာ ၈၀ ပြည့်လွန်နှစ်များဖြစ်သဖြင့် ဤသည်မှာ တစ်နေ့တာ ဝင်ငွေပင် ဖြစ်ချေသည်။ နေ့စဉ် ဤကဲ့သို့ ဝင်ငွေမျိုး ရှိနေပါက တစ်လလျှင် ယွမ် လေး၊ ငါးရာခန့် ရှာဖွေနိုင်မည် ဖြစ်သည်။

အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ တိုးပွားလာရန်သာ ရှိပေလိမ့်မည်။

ဟော်ချန်ယဲ့ ယွီရွေ့ကျူး လက်ထဲရှိ ငွေကြေးများကိုကြည့်ကာ သူ့မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း၊ အခြား မည်သည်ကိုမျှ မတွေးတောဘဲ သူ့အိတ်ကပ်အတွင်းမှ ငွေများကို ထုတ်ယူ၍ ယွီရွေ့ကျူးထံ ကမ်းပေးလိုက်လေ၏။

“ပြီးတော့ ဒါက၊ ဆိုင်မှာ ရောင်းရတဲ့ အသားနှပ်ပိုက်ဆံ"

လေးယွမ် ထပ်မံရရှိလေသည်။

အားလုံး စုစုပေါင်းလိုက်ပါက ယနေ့ တစ်နေ့တာအတွင်း အတိအကျ ယွမ်နှစ်ဆယ်ခန့် ရရှိခဲ့လေသည်။

ယွမ်နှစ်ဆယ် ဆိုသည်မှာ ရွာအတွင်းရှိ လယ်သမား အတော်များများ ရိတ်သိမ်းမှု မကောင်းသည့် လမျိုး၌ ထိုမျှသာရရှိတတ်ခြင်းဖြစ်သည်။

ယနေ့ ယွီရွေ့ကျူး တစ်ဦးတည်းကပင် သူတို့ မိသားစုအတွက် တစ်လစာဝင်ငွေခန့် နီးပါးကို ရှာဖွေပေးနေခြင်း ဖြစ်သည်။

ယွီရွေ့ကျူး စိတ်နှလုံးထဲ၌ အလွန်ပျော်ရွှင်နေသဖြင့် သူမ နှုတ်ခမ်းထောင့်များမှာ ပြုံးယောင်သန်းလျက် မကွေးဘဲ မနေနိုင်တော့ချေ။

"ဒါဆိုရင် ကျွန်မ မနက်ဖြန် မြို့နယ်ကိုသွားမယ်၊ ပမာဏကို တိုးပြီး ပိုရောင်းမယ်၊ ဒီလိုဆိုရင် ဝင်ငွေ ပိုကောင်းလာမှာပဲ၊ ပြီးတော့ နောင်ကျရင် ကျွန်မတို့ ဆိုင်ခန်းငှားတဲ့အခါ ရွာက ဆိုင်ကိုလည်း ဆက်ပြီးထောက်ပံ့နိုင်မှာပဲ၊ ဒါက ပိုကောင်းလာမှာပေါ့”

သူမ နောင်လာမည့် နေ့ရက်များအကြောင်း စဉ်းစားနေပြီး "ကျွန်မတို့" ဟူသော စကားလုံးကိုလည်း သုံးနှုန်းခဲ့ရာ၊ ဟော်ချန်ယဲ့၏မျက်နှာအမူအရာမှာ ခေတ္တမျှ ရပ်တန့်သွားပြီး အနည်းငယ် အံ့အားသင့်သွားလေသည်။

မူလက သူမ ယနေ့ မြို့နယ်သို့ သွားရောက်ပြီးပါက ပြန်မလာတော့ဘဲ စုန့်ချင်းရှန်းနှင့်အတူ နေထိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ သူမ ပြန်လာရုံသာမက သူတို့၏အနာဂတ်အတွက်ပါ ထည့်သွင်းစဉ်းစားနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ယွီရွေ့ကျူး၊ သူမ အမှန်ပင် သူနှင့်အတူ ကောင်းမွန်သော ဘဝတစ်ခုကို တည်ဆောက်လိုနေခြင်းဖြစ်သလော။

မဟုတ်ပေ၊ ထိုသို့ ဖြစ်နိုင်ရန် အဘယ်မှာ လွယ်ကူပါမည်နည်း။

ဟော်ချန်ယဲ့၏မျက်လုံးများမှာ မှိုင်းညို့နေပြီး ယွီရွေ့ကျူးကို စိုက်ကြည့်လျက်၊ သူမ အဘယ်ကြောင့် ဤမျှ ပြောင်းလဲသွားကာ သူမ၏စကားများမှာ ယခင်နှင့် တစ်ခြားစီ ဖြစ်နေရသည့် အကြောင်းရင်းမှန်ကို သူမ၏အန္တရာယ်ကင်းပြီး လှပသော မျက်နှာမှတစ်ဆင့် ရှာဖွေရန် ကြိုးပမ်းနေလေသည်။

သို့ရာတွင် သူ့ကို ပိုအံ့အားသင့်စေသည်မှာ ယွီရွေ့ကျူး သူတို့၏အနာဂတ်ကို စီစဉ်နေရုံသာမက၊ သူမ လက်ထဲရှိ ငွေကြေးတစ်ဝက်ကိုပါ သူရှိရာဘက်သို့ တွန်းပို့လိုက်ခြင်းပင် ဖြစ်ချေသည်။

"ဒီဝက်သားကို အစက ရှင့်ဆီက ယူထားတာဆိုတော့ ပိုက်ဆံကို ကျွန်မတို့ တန်းတူ ခွဲသင့်တယ်"

ငွေစက္ကူအပုံလိုက်မှာ ဟော်ချန်ယဲ့ဘက်သို့ ယိမ်းယိုင်သွားရာ ယွီရွေ့ကျူးက အေးအေးဆေးဆေးကြည့်နေပြီး၊ သူမထံ၌ နှမြောတွန့်တိုမှု အနည်းငယ်မျှကိုပင် မတွေ့ရချေ။ အစောပိုင်းက ယွမ်နှစ်ဆယ်ရရှိသဖြင့် ပျော်ရွှင်နေသည်မှာ သိသာထင်ရှားသော်လည်း၊ ယခုအခါ သူမ မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေဆဲဖြစ်ကာ သူ့ကို ပျော်ရွှင်စွာ ငွေကြေးများပေး အပ်နေလေ၏။

ဟော်ချန်ယဲ့ ငွေစက္ကူများကို အသာအယာ တစ်ချက်ကြည့်လိုက်ပြီး ၎င်းတို့ကို ထိတွေ့ရန် လက်မြှောက်တော့မည် ပြုသော်လည်း၊ သူ မလှုပ်ရှားမီမှာပင် ယွီရွေ့ကျူးက ရုတ်တ ရက်ပုံစံပြောင်းလဲသွားလေသည်။

🐽 Chapter 38

"ဒါပေမဲ့ ကျွန်မတို့က လင်မယားတွေဆိုတော့ ပိုက်ဆံကို သီးခြားစီ တွက်တာက နည်းနည်း စိမ်းသက်လွန်းပါတယ်၊ လင်မယား နှစ်ယောက်က ဘယ်လိုလုပ် ဒီလောက် ရှင်းရှင်း လင်းလင်း ခွဲဝေနိုင်မှာလဲ”

ယွီရွေ့ကျူး ယခင်က သူတို့နှစ်ဦး ကွာရှင်းရန် မိဘအိမ်သို့ ပြန်ရမည့် ကိစ္စကို တမင်သက်သက် လျစ်လျူရှုကာ၊ သူမ၏ ကြောင်မျက်လုံးများကို ကောက်ကျစ်စွာ ဝှေ့ယမ်းလိုက်ပြီး ငွေကြေးများကို အမြန် ပြန်လည်သိမ်းဆည်းလိုက်လေသည်။ ယင်းနောက်၌ ၎င်းတို့ကို စုစည်းကာ သူမ၏ ယခင် ငွေသေတ္တာအတွင်းသို့ ထည့်သွင်းလိုက်ပြီး၊ ထ၍ မှန်တင်ခုံ အံဆွဲထဲသို့ သေသေချာချာ သိမ်းဆည်းထားလိုက်လေ၏။

သူမ မှန်တင်ခုံကို ပုတ်ကာ နှုတ်ခမ်းကို အနည်းငယ် ကွေးညွှတ်လိုက်လျက် ပြောလိုက်လေသည်။

"အခုကစပြီး ဒါက ကျွန်မတို့ လင်မယားရဲ့ဘုံပိုင်ဆိုင်မှုဖြစ် လာပြီ၊ ကျွန်မပိုက်ဆံကို ဒီမှာထားမယ်၊ ရှင် ရှာတဲ့ပိုက်ဆံကိုလည်း ဒီမှာထားလို့ရတယ်၊ အတူတူ ပိုက်ဆံရှာပြီး ဘဝကို ကောင်းကောင်း ဖြတ်သန်းကြရအောင်”

သူမက ဆက်ပြီး ပြောလိုက်ပြန်သည်။

"ပိုက်ဆံစုပြီးရင် ဒီအိမ်ကိုလည်း ရှင်းလင်းလို့ရတယ်၊ ခြံကို ဂရုစိုက်မယ်၊ သယ်ယူပို့ဆောင်ရေး အဆင်ပြေအောင် ကားတစ်စီး ဝယ်မယ်၊ ပြီးတော့ မြို့နယ်မှာ ဆိုင်တစ်ဆိုင် ဖွင့်မယ်ဆိုတာမျိုးလေ”

ယွီရွေ့ကျူး မျှော်လင့်ချက် ကြီးကြီးမားမားဖြင့် အနာဂတ် အစီအစဉ် အများအပြားကို စတင်ရေးဆွဲ ပြောဆိုပြီးနောက်၊ နောက်ဆုံးတွင် မကျေမနပ်ဖြင့် နိဂုံးချုပ်လိုက်လေ၏။

"အတိုချုပ်ပြောရရင် ကျွန်မတို့ နှစ်ယောက်လုံး ပိုက်ဆံရှာဖို့ ကြိုးစားရမယ်၊ ပြီးတော့ ပိုက်ဆံရှိရင် ဒီမှာ အကုန်ထားမယ်"

ဟော်ချန်ယဲ့မှာ ဆွံ့အသွားရလေသည်။

သူ မှန်တင်ခုံ အံဆွဲကို တိတ်ဆိတ်စွာ တစ်ချက်ကြည့်လိုက်ပြီး၊ ထိုငွေပုံကို မယူမီ သူ့လက်မှာ အနည်းငယ် လှုပ်ရှားသွားကာ မျက်ခွံများပင့်၍ ယွီရွေ့ကျူးကို စိုက်ကြည့်လိုက်လေ၏။

အမှတ်မထင် ထိုငွေကြေးများမှာ သူမ၏ကိုယ်ပိုင် ငွေသေတ္တာအတွင်းသို့ ဝင်ရောက်သွားခြင်း မဟုတ်ပါလော။

မိမိပိုက်ဆံနှင့် မရောင့်ရဲနိုင်ဘဲ လောဘကြီးလှသူမှာ သူ့ပိုက်ဆံကိုပင် လိုချင်တပ်မက်နေသေးပေသည်။

ယွီရွေ့ကျူး၊ သူမမှာ အမှန်ပင် ငွေကြေးမက်မောသူ တစ်ဦး ဖြစ်ချေသည်။

ဟော်ချန်ယဲ့ ရည်မှန်းချက် ကြီးမားသော်လည်း မည်သည်ကိုမျှ မပြောပေ။ မျက်လုံးများကို မှိတ်ကာ ခေါင်းကို မော့၍ ခေတ္တမျှ နေပြီးနောက် သူမကို မေးလိုက်လေသည်။

"ငါ မနက်ဖြန် တစ်နေ့လုံးအလုပ်များမှာ၊ ဒီနေ့ထက် ပိုအလုပ် များနိုင်တယ်၊ မင်း ခံနိုင်ရည်ရှိပါ့မလား၊ အနားယူစရာ မလိုဘူးလား၊ တိုက်တိုက်ဆိုင်ဆိုင် ငါ မနက်ဖြန် မြို့နယ်ကို သွားမှာဆိုတော့ ကူညီပေးလို့ရတယ်"

"မလိုပါဘူး၊ အဲ့ဒါက"

ယွီရွေ့ကျူး သူမ ခြေကျင်းဝတ်ကို လှည့်ကြည့်လိုက်လေသည်။

တစ်နေ့လုံး မတ်တတ်ရပ်နေရခြင်းနှင့် မြင်းလှည်း ဆောင့်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်၊ ခြေကျင်းဝတ်မှာ အစဉ်သဖြင့် အနည်းငယ် နေထိုင်မကောင်းသကဲ့သို့ ခံစားနေရ၏။

အဓိက အကြောင်းရင်းမှာမူ သူမရော၊ မူလကိုယ်ပိုင်ရှင်မှာပါ အပြင်၌ အချိန်အကြာကြီး အလုပ်လုပ်ရသည့် အတွေ့အကြုံမျိုး မရှိခြင်းကြောင့်ဖြစ်ပေသည်။ သူမ နေလောင်ပြီးပင်ပန်း နွမ်းနယ်နေသဖြင့် ခြေလက်များမှာ အမှန်ပင် မခံမရပ်နိုင် ဖြစ်နေချေ၏။

ဟော်ချန်ယဲ့ သတိပြုမိသွားကာ သူမကို တစ်ချက်ကြည့်၍ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်လေသည်။

"အိမ်မှာ ပွန်းပဲ့ဒဏ်ရာတွေအတွက် လိမ်းဖို့ ဆေးအရက်ရှိတယ်။ မင်း စိတ်မဆိုးဘူးဆိုရင် လိမ်းကြည့်လို့ ရပါတယ်"

"ရပါတယ်"

အလင်းရောင် မှိန်ပျပျအောက်၌ အိမ်အတွင်းမှာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ဟော်ချန်ယဲ့ ပြောလိုက်လေ၏။

"မလှုပ်နဲ့"

ရေချိုးပြီးနောက် ယွီရွေ့ကျူး ခန္ဓာကိုယ်ပေါ်၌ အငွေ့တထောင်းထောင်း ထနေသော ရေစက်များ ရှိနေဆဲဖြစ်ပြီး၊ သူမ ပါးပြင်များမှာ အငွေ့ကြောင့် နီမြန်းနေကာ သူမ၏ ကြောင်မျက်လုံး မည်းမည်းလေးများတွင် ရေစွန်းအရာများ ပြည့်နှက်နေသဖြင့် အလွန် လှပနေလေသည်။

သူမ ခန်အစွန်း၌ ထိုင်ကာ သွားများကို စိထားပြီး နောက်သို့ အဆက်မပြတ် ပုန်းရှောင်ရင်း ပြောလိုက်လေ၏။

"ဟင့်အင်း၊ နာတယ်"

ဟော်ချန်ယဲ့ သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမရှေ့၌ ဒူးတစ်ဖက် ထောက်ကာ ထိုင်ချလိုက်လေသည်။ သူ့အရိုးပေါ်နေသော လက်ချောင်းများက သူမ ခြေထောက်များကို ဆုပ်ကိုင်ထားပြီး၊ သူ့ကြမ်းတမ်းသော လက်ချောင်းထိပ်များ၌ အသားမာများ ရှိနေကာ အိမ်မှ ဆေးအရက်ကို နှစ်၍ သူမ၏ ဒဏ်ရာရနေသော ခြေကျင်းဝတ်သို့ သုတ်လိမ်းပေးလေ၏။

သူ မျက်လွှာချလိုက်ပြီး ပြောလိုက်လေသည်။

"သည်းခံလိုက်"

လေသံမှာ ပေါ့ပါးသော်လည်း လှုပ်ရှားမှုများမှာမူ အလွန်ပင် သာယာညင်သာလှပေသည်။ ယွီရွေ့ကျူးမှာ ဂျစ်ကန်ကန်နိုင်ပြီး သူမ အသားအရေမှာ နူးညံ့သည်ကို သူ သိရှိနေ၍များ ဖြစ်လေသလော၊ ထိုကြောင့် လှုပ်ရှားမှုများမှာ သိပ်မပြင်း ထန်လှချေ။

သုတ်လိမ်းပြီးနောက် ဟော်ချန်ယဲ့ သူမ ခြေကျင်းဝတ်များကို ဘယ်ညာ လှည့်ပေးလိုက်ရာ၊ ယွီရွေ့ကျူး အစဉ်သဖြင့် ပုန်းရှောင်နေသည်ကို တွေ့ရှိရသောအခါ သူက ပြန်လည်ချထားလိုက်ပြီး ဆက်လက် လှုပ်ရှားခြင်း မပြုတော့ချေ။

သူက ပြောလိုက်၏။

"ခဏလောက် အိပ်လိုက်၊ အဆင်မပြေသေးရင် မနက်ဖြန် တစ်ရက် နားလိုက်"

ယွီရွေ့ကျူး သဘောမတူပေ။

"ကျွန်မ နည်းနည်းပဲ အဆင်မပြေတာပါ၊ ကိစ္စမရှိပါဘူး၊ ကျွန်မဆိုင်က အခုမှ စဖွင့်တာလေ၊ ကျွန်မ ဘယ်လိုလုပ် သုံးရက်လောက် ငါးဖမ်းပြီး နှစ်ရက်လောက် ပိုက်ကွန်ကို အခြောက်ခံလို့ ရမှာလဲ၊ ပြီးတော့ ကျွန်မ ထိုင်နေရုံပါပဲ၊ မနက်ဖြန် သွားမယ်လို့ သူတို့နဲ့ သဘောတူထားပြီးပြီ”

ပိုက်ဆံအပေါ် ပွင့်လင်းသည့် ယွီရွေ့ကျူးကဲ့သို့ လူတစ်ယောက်အတွက်မူ ငွေစက္ကူလောက် အရေးကြီးသောအရာ အမှန်ပင် မရှိချေ။

ဟော်ချန်ယဲ့က ပြောလိုက်လေသည်။

"ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် မင်းခန္ဓာကိုယ် အခြေအနေကို မင်းအသိဆုံးပဲ”

သူ စကားဆက်လက် မပြောတော့ဘဲ အိပ်ရာခင်းများကို သိမ်းဆည်းလိုက်၏။ ယွီရွေ့ကျူး ပစ္စည်းများ သိမ်းဆည်းကာ အိပ်ရာပေါ်၌ လှဲလျောင်းလိုက်သောအခါ၊ သူက မီးကို ပိတ်လိုက်လေသည်။

ထူးဆန်းသည်မှာ ယွီရွေ့ကျူး ယခင်က ပြန်မလာသေးမီ အချိန်များ၌ သူ မည်သို့မျှ အိပ်စက်၍ မရနိုင်ခဲ့ချေ။

သူ့ခေါင်းထဲ၌ အစဉ်သဖြင့် လျှောက်၍ တွေးတောနေမိပြီး၊ တွေးလေလေ စိတ်မှာ ပိုကြည်လင်လာလေလေ ဖြစ်ပေသည်။ မည်မျှပင် အနေအထား ပြောင်းလဲစေကာမူ အိပ်စက်ရန် အနည်းငယ် ခက်ခဲလှပေသည်။

သို့ရာတွင် ယခု၌မူ ဤနေရာတွင် လှဲလျောင်းနေပြီး ညီညာသော အသက်ရှူသံကို ထိန်းထားလိုက်သည်နှင့်၊ ခေတ္တအကြာမှာပင် သူ အိပ်မောကျချင်လာလေ၏။

သူ့နှာခေါင်းထိပ်၌ မွှေးရနံ့မှာ ကြာရှည်စွာ ကပ်ငြိနေဆဲပင် ဖြစ်သည်။ ဤသည်မှာ ယခင်က ယွီရွေ့ကျူး အိမ်အတွင်း ရေချိုးပြီးနောက် ကျန်ရစ်ခဲ့သည့် ရနံ့ဖြစ်ပြီး၊ ပြတင်းပေါက်မှ လေတိုက်ခတ်နေသော်လည်း ထိုရနံ့ကို ပျောက်ကွယ်သွားအောင်မပြုနိုင်ချေ။

ဟော်ချန်ယဲ့၏ လည်စေ့မှာ လှုပ်ရှားသွားပြီး၊ သူ့မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားကာ အသက်ရှူသံများမှာလည်း ပိုမိုတည်ငြိမ်လာလေသည်။

ပန်းရနံ့~

ဤရနံ့မှာ ဤသို့အိပ်စက်ခြင်းကို အထောက်အကူပြုနိုင် သည်ကို သူ ပထမဆုံးသိရှိရခြင်း ဖြစ်ချေသည်။

All Chapters