← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

🐽 Chapter 41

ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားလေ၏။

ယွီရွေ့ကျူး သူတို့ကို ပြောစရာ မရှိတော့ပေ။ သူမ သူတို့ကို ဂရုစိုက်ရန် မနှောင့်ယှက်တော့ဘဲ အဝတ်အစားများ မလျှော်ဖွပ်ရသေးမီမှာပင် ဇလုံနှင့် အဝတ်အစားများကို ယူဆောင်ကာ မတ်တတ်ရပ်၍ အိမ်သို့ ပြန်လာခဲ့လေသည်။

နံနက်ခင်း၏ ကောင်းမွန်သော စိတ်ခံစားချက်များမှာ ယခုမူ လုံးဝ ပျက်စီးသွားခဲ့ရချေပြီ။

မည်သည့်အချိန်၌မဆို လျှာအရိုးမရှိဘဲ ကောလာဟလများကို နေရာအနှံ့ ဖြန့်ဝေတတ်သည့် ဤကဲ့သို့သော လူမျိုးမှာ စိတ်အနှောင့်အယှက် အဖြစ်ရဆုံး ဖြစ်ပေသည်။

ပတ်ဝန်းကျင်ရှိ မည်သူမျှ ယွီရွေ့ကျူးကို မတားဆီးရဲကြဘဲ၊ စောင်းချိတ်၍ အပြောနိုင်ဆုံးသော ချွေးမငယ်လေးပင် ကြောင်အမ်းသွားကာ ယွီရွေ့ကျူး၏ဆိုလိုရင်းကို သဘော ပေါက်သွားသောအခါ "ကံဆိုးစေသည်" ဟူသော စကားလုံးမှာ ဤမျှ ရိုးရှင်းသောအရာဖြစ်ကြောင်း သိရှိလိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။

ခုနကတင် ယွီရွေ့ကျူးနှင့် အငြင်းပွားနေသူမှာ မျက်နှာတစ်ခုလုံး အရောင်ပြောင်းသွားကာ၊ စိတ်အနှောင့်အယှက် ဖြစ်မှုကြောင့် အမျက်ထွက်လာလေသည်။

"ငါ၊ ငါ ဘာမှ မပြောပါဘူး၊ ဟော်ချန်ယဲ့က အားလုံးက အဲ့ဒီလိုပြောကြတာ မဟုတ်ဘူးလား၊ သူ မိန်းမရတဲ့ အလှည့်ရောက်တော့ ဘာလို့ တစ်ယောက်ယောက်က ကူညီပြောပေးနေရတာလဲ၊ သူ ငါ့သားကို ကယ်ခဲ့ပေမယ့် သူကလေ”

ဘေးရှိသူမှာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူမ၏ လက်မောင်းကို အမြန်လှုပ်ယမ်းလိုက်လေသည်။

ထိုအမျိုးသမီးက အကြောင်းပြချက်တစ်ခုခုကြောင့် နောက်လှည့်ကြည့်လိုက်ရာ သူမနောက် မလှမ်းမကမ်းတွင် ရပ်နေသော ဟော်ချန်ယဲ့ကို မြင်လိုက်ရသောအခါ ချက်ချင်း ထိတ်လန့်သွားပြီး နဖူးမှ ချွေးများပင် စီးကျလာလေတော့သည်။

သူမက ကြောက်လန့်တကြား ငြင်းဆိုလိုက်လေသည်။

"မဟုတ်ဘူး၊ ငါ မလုပ်ခဲ့ပါဘူး၊ ငါ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပါ၊ အဲ့ဒီလို မဟုတ်ပါဘူး”

မွန်းတည့်ချိန် နေရောင်ခြည်အောက်၌ ဟော်ချန်ယဲ့ မလှမ်းမကမ်းရှိ လမ်းဆုံတွင် ရပ်တန့်နေသည်မှာ မည်မျှ ကြာမြင့်ခဲ့ပြီနည်း၊ ထို့ပြင် မည်မျှအထိ နားထောင်ခဲ့ပြီးပြီနည်း ဆိုသည်ကိုမူ မည်သူမျှ မသိရှိနိုင်ချေ။ သူ့အရပ်ရှည်သော ခန္ဓာကိုယ်မှာ မတ်မတ်ရပ်နေပြီး၊ သူ့မျက်လုံးများမှာ မှင်ရည်ကဲ့သို့ မည်းနက်နေလျက် လူများကို ပြင်းထန်သော ဖိအားပေးမှုမျိုး ခံစားရစေလေသည်။

ယွီရွေ့ကျူးနှင့် အငြင်းပွားခဲ့သူများမှာ ဟော်ချန်ယဲ့က စိတ်လိုက်မာန်ပါ လုပ်ရပ်တစ်ခုခု ပြုလုပ်မည်ကို စိုးရိမ်ပူပန်သဖြင့် ချွေးများ ထွက်နေကြသော်လည်း၊ အံ့အားသင့်ဖွယ် ကောင်းစွာဖြင့်၊ ဟော်ချန်ယဲ့ သူတို့ကို ပေါ့ပေါ့ပါးပါးသာ တစ်ချက်ကြည့်လိုက်ပြီး၊ လုံးဝ ဂရုမပြုတော့ခြင်းပင် ဖြစ်ပေသည်။

သူသည် ထွက်ခွာသွားသော ယွီရွေ့ကျူး၏ ကျောပြင်ကိုသာ အချိန်အတော်ကြာအောင် စိုက်ကြည့်နေလေ၏။

ယွီရွေ့ကျူး ညစ်ပတ်သော အဝတ်ခြင်းတောင်းကိုကိုင်ဆောင်လျက်၊ ညှိုးငယ်နေသော မျက်နှာထားဖြင့် ပြန်လည်ရောက်ရှိလာခဲ့လေသည်။

ခြင်းတောင်းအတွင်းရှိ အဝတ်အစား အများအပြားမှာ ချောင်းအတွင်း၌ စိမ်ထားပြီး ပွတ်တိုက်ပြီးဖြစ်ရာ၊ အများစုမှာ လျှော်ဖွပ်ပြီးသွားပြီ ဖြစ်ပေသည်။ စိုစွတ်နေသော အဝတ်များနှင့် ခြောက်သွေ့နေသော အဝတ်များ ရောနှောနေသဖြင့် နောက်မှ ထပ်မံ၍ လျှော်ဖွပ်ရဦးမည် ဖြစ်၏။

မူလက ချောင်းရေမှာ နေရောင်ကြောင့် နွေးထွေးနေပြီး၊ ယမန်နေ့ညက ခံစားခဲ့ရသကဲ့သို့ မအေးစက်ဘဲ အတော်ပင် သက်သောင့်သက်သာ ရှိသည်ဟု ဆိုချင်သော်လည်း၊ နောက် ထပ် ဤကဲ့သို့သော ကိစ္စမျိုး ကြုံတွေ့ရလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

ယွီရွေ့ကျူး သူမလက်ဝါးကို ပွတ်သပ်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

"ရှူး"

အနည်းငယ် နာကျင်လှပေသည်။

အဝတ်အစားများကို လက်ဖြင့် ပွတ်တိုက်လျှော်ဖွပ်ရသည်မှာ ပင်ပန်းလှသည်ပင်။ ဟော်ချန်ယဲ့၏ အဝတ်အစားများမှာ အလွန်ထူထဲပြီး အေးစက်နေသဖြင့်၊ သူမ အထည်အနည်း ငယ်ကို ပွတ်တိုက်လျှော်ဖွပ်လိုက်သည်နှင့် သူမ လက်ဝါးများမှာ နီမြန်းနေချေပြီ။

ချောမွေ့လွယ်ကူမှုဟူ၍ အမှန်ပင် မရှိလှချေ။

ယခုခေတ်၌ အဘယ်ကြောင့် အဝတ်လျှော်စက် မရှိရသနည်း။

ယွီရွေ့ကျူး စိတ်အနှောင့်အယှက် ဖြစ်နေစဉ်မှာပင် ခြံတံခါးမှာ တွန်းဖွင့်ခြင်း ခံလိုက်ရပြီး၊ သူမက အသံလာရာသို့ ကြည့်ရှုလိုက်ရာ အနည်းငယ် အံ့အားသင့်သွားလေသည်။

"ဟော်ချန်ယဲ့၊ ဘာလို့ ဒီအချိန်ကြီးပြန်လာတာလဲ၊ မနက်က ထမင်းမယူသွားဘူးလား"

ဟော်ချန်ယဲ့၏အရပ်ရှည်သော ခန္ဓာကိုယ်က ခြံထဲသို့ လျှောက်ဝင်လာလေသည်။

ယွီရွေ့ကျူး ပျင်းရိစွာ မျက်လုံးမှေးကြည့်လိုက်ရင်း ပြောလိုက်၏။

"နေ့လယ်က ထမင်းမစားဘူးလား၊ ကျွန်မ ခုလေးတင် ခေါက်ဆွဲ ပြုတ်ထားတယ်၊ ခေါက်ဆွဲ တစ်ပန်းကန် ကျန်သေးတယ်၊ သိပ်မနည်းဘူးဆိုရင် အိမ်ထဲဝင်ပြီး စားလို့ ရပါတယ်"

ဟော်ချန်ယဲ့က ရှေ့သို့ တက်လာကာ ယွီရွေ့ကျူးရှေ့တွင် ရပ်လိုက်သဖြင့် အရိပ်ကြီးတစ်ခုကို လျင်မြန်စွာ ဖြစ်ပေါ်စေလေသည်။

"မင်း ခြေထောက်တွေကို လာကြည့်တာ၊ အိမ်ထဲဝင်ပြီး ကြည့်ရအောင်"

"ဘာမှမဖြစ်ပါဘူး၊ အများကြီး သက်သာနေပါပြီ”

ယွီရွေ့ကျူး သူမ ခြေမျက်ခြင်း မဟုတ်ဘဲ ပင်ပန်းရုံသက် သက်သာ ဖြစ်သည်ဟု စိတ်ထဲမှ တွေးတောနေမိသည်။ သို့ရာတွင် ဟော်ချန်ယဲ့၏မျက်လုံးများကို ကြည့်လိုက်သောအခါ သူမ ငြင်းဆန်မနေတော့ဘဲ အိမ်ထဲသို့ ဝင်သွားလေသည်။

ယွီရွေ့ကျူး ခန်အစွန်း၌ သူမ ခြေထောက်များကို ဆန့်ထုတ်လိုက်ရာ၊ ဟော်ချန်ယဲ့ ရှည်လျားပြီး ဖြောင့်စင်းသော အဖြူရောင် အသားအရေကို လျစ်လျူရှုရန်ကြိုးစားကာ သူမ ခြေကျင်းဝတ်များကို လေးနက်စွာ ကြည့်ရှုရန် မျက်လွှာချလိုက်လေ၏။

ယမန်နေ့ညကလောက် မဆိုးရွားတော့သည်မှာ အမှန်ပင် ဖြစ်သည်။ နီရဲရောင်ရမ်းမှုများ အများအပြား သက်သာသွားပြီး လှုပ်ရှားမှုများမှာ ပိုမိုသဘာဝကျလာလေသည်။

ဟော်ချန်ယဲ့က ပြောလိုက်၏။

"ဆေးအရက် နည်းနည်းထပ်လိမ်းလိုက်မယ်၊ ကောင်းပြီ မြန်မြန်လုပ်"

သူက အိတ်ကပ်ထဲမှ ဆေးအရက်ကို ထုတ်ယူလိုက်လေသည်။

"ငါ ဆေးခန်းကနေ ခုလေးတင် ယူလာတာ၊ စမ်းကြည့်လိုက်"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ယွီရွေ့ကျူး ယမန်နေ့ညက ဖိချုပ်ခံရစဉ်က ယားယံပြီး နာကျင်ရသည့် အထိအတွေ့ကို သတိရသွားကာ၊ သူ့လက်ထဲမှ ဆေးကို အမြန်ပင် လှမ်းယူလိုက်လေသည်။

"မလိုပါဘူး၊ ကျွန်မဘာသာ လိမ်းလို့ရပါတယ်”

လက်ဝါးအချင်းချင်းထိမိချိန်တွင် ဟော်ချန်ယဲ့၏ ကြမ်းတမ်း သော လက်ဝါးက ယွီရွေ့ကျူး အဝတ်လျှော်သဖြင့် နီရဲရောင် ရမ်းနေသော နေရာကိုထိမိသွားရာ၊ သူမ လက်ဝါးကို အမြန်အုပ်ကာ သွားများကို စိထားလိုက်လေသည်။

ဟော်ချန်ယဲ့ ခေါင်းမော့ကာ မျက်မှောင်ကြုတ်လိုက်လေ၏။

"ငါ ဘာအားမှ မသုံးရသေးပါဘူး။ မင်း လက် ဘာဖြစ်သွားတာလဲ"

သူ ယွီရွေ့ကျူး၏လက်ဝါးကို ကိုင်ကြည့်လိုက်ရာ နူးညံ့ပြီး ဖြူဖွေးသော လက်ဝါးမှာ နီရဲနေပြီး၊ ပါးလွှာသော အရေပြားလွှာမှာ ကုတ်ခြစ်ခံရတော့မည့် ပုံပေါက်ကာ ဖြူဖွေးနုနယ် သော အသားအရေပေါ်၌ အရာများ အလွန်ပင် သိသာထင် ရှားနေသည်ကို တွေ့ရှိလိုက်ရလေသည်။

ဟော်ချန်ယဲ့ ခေတ္တရပ်တန့်သွားကာ မေးလိုက်လေသည်။

"ဘယ်လို ဖြစ်သွားတာလဲ"

"အဝတ်လျှော်တာလေ၊ မပွတ်လည်း ရပါတယ်၊ ဘေးကလူလိုတုတ်နဲ့ ရိုက်သင့်တာ၊ အဲ့ဒါဆို လျှော်ရ ပိုလွယ်မယ်မလား၊ အားစိုက်စရာ မလိုဘူးလေ”

ဟော်ချန်ယဲ့က သူမလက်ဝါးကို ညှစ်ကာ သူမကို မော့ကြည့်လိုက်လေသည်။

"ခြေထောက် အဆင်မပြေတာကို အိမ်မှာ မနားဘဲ အဝတ် သွားလျှော်တာလား"

ယွီရွေ့ကျူးက အမြန် ငြင်းဆိုလိုက်လေသည်။

"ကျွန်မ ခုံယူသွားတာပါ၊ ခြေထောက် အလုပ်လုပ်စရာမလိုပါဘူး၊ အဓိကက ရှင့်ရဲ့အဝတ်အစားတွေက လျှော်ရ သိပ်ခက်လို့ပါ၊ မဟုတ်ရင် နာမှာမဟုတ်ဘူး"

"နောက်ဆို ငါ့အဝတ်အစားတွေကို မင်း လျှော်စရာမလိုပါဘူး၊ အရင်က ငါ့ဘာသာ လျှော်ခဲ့တာပဲ၊ အခုလည်း အတူတူပါပဲ”

လူတိုင်း မိမိအဝတ်ကို မိမိလျှော်ကြခြင်း ဖြစ်သည်ဟု ဟော်ချန်ယဲ့ ပြောဆိုချင်သော်လည်း၊ ယွီရွေ့ကျူးကို ကြည့်ရှုပြီးနောက် စကားလုံးများမှာ နှုတ်ခမ်းဖျား၌ ပြန်လည်ရပ်တန့်သွားလေသည်။

သူ မျက်လွှာချကာ နှုတ်ခမ်းကို စေ့လျက် ပြောလိုက်သည်။

"အရင် ဆေးလိမ်းရအောင်"

မူလက ဆေးအရက်ကို ယွီရွေ့ကျူး၏ခြေကျင်းဝတ်များ၌ လိမ်းရန်သာ ဝယ်ယူခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုအခါ လက်ဝါးတစ်ဖက်ပါ အပိုထပ်ဆောင်း ပါဝင်လာလေသည်။

အခြားသူများနှင့် နှိုင်းယှဉ်လျှင် ဟော်ချန်ယဲ့၏ ဆေးမှာ ဖော်ပြ၍မရသော ထုံကျဉ်မှု ရှိလေသည်။ ထိုကြမ်းတမ်းသော လက်ချောင်းထိပ်များ၊ အသားမာတက်နေသော လက်ချောင်းများ၏ အထိအတွေ့တိုင်းက ယွီရွေ့ကျူးကို ယားယံစေလေ၏။

သူမ ပုန်းရှောင်ချင်သော်လည်း ဟိုချန်ယဲ့က သူမ ခြေကျင်းဝတ် လည်သွားမည်ကို စိုးရိမ်သဖြင့် တင်းကျပ်စွာ ကိုင်ထားလေသည်။

ယွီရွေ့ကျူးမှာ ဘာမျှမပြောနိုင်တော့ပေ။

ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ဆေးလိမ်းပြီးနောက်၊ ယွီရွေ့ကျူး ချောင်းဘေးတွင် ယခင်က ကြားသိခဲ့ရသော စကားများကို သတိရသွားလေသည်။

ဟော်ချန်ယဲ့ ဝက်သားဆိုင်မှ ပြန်လာခါစ ဖြစ်သည်ကို တွေးမိကာ၊ ဖြတ်သန်းသွားသော ထိုလူများဆွေးနွေးခဲ့သည့် စကားများကို သူ ကြားခဲ့ပါသလားဟု တွေးတောမိလေသည်။

ယွီရွေ့ကျူး အမျိုးမျိုးသော အမည်းစက်များဖြင့် အပုပ်ချခြင်းကို မုန်းတီးပြီး ဟော်ချန်ယဲ့အတွက်လည်း ထပ်တူ ခံစားရလေသည်။ သူမ အသွင်အပြင်ကို ကြည့်ရုံဖြင့် ကောလဟာလများ ဖြန့်ဝေတတ်သူများနှင့် သူမ တွေ့ဆုံခဲ့ဖူးလေသည်။

တရားမျှတစွာ ပြောရလျှင် ဟော်ချန်ယဲ့မှာ မကြောက်စရာကောင်းဘဲ ရွာရှိလူများ ကြောက်ရွံ့သည့် အဆင့်အထိ လုံးဝ မရောက်ရှိပေ။

အမာရွတ်လေး တစ်ခုသာ ဖြစ်ပေသည်၊ Zoro ကဲ့သို့ပင် မိုက်သည်ဟုတောင် သူမ ထင်မှတ်နေသေး၏။

သူမ စိတ်ထဲ၌အမျက်ထွက်သွားကာ မျက်နှာထားအေးစက်သွားပြီး ဟော်ချန်ယဲ့ကို ကြည့်လိုက်လေသည်။

"တစ်ယောက်ယောက်က ရှင်ဟာ ကံဆိုးစေတဲ့ ဆွေမျိုးတစ်ယောက်လို့ ပြောရင် အဲ့ဒီစကားတွေကို နားမထောင်ပါနဲ့၊ ဘယ်လိုလုပ် ဒီလိုထူးဆန်းတဲ့ အယူအဆမျိုး ရှိနိုင်မှာလဲ၊ ရွာထဲမှာ တစ်နှစ်ပတ်လုံး သေတဲ့သူတွေ အမြဲရှိနေတာပဲ၊ အိမ်က လူတစ်ယောက်ကို ဖမ်းပြီး သူက ကံဆိုးစေလို့ သေတာလို့ ပြောတာက အဓိပ္ပာယ်မရှိဘူးလား”

"ပြီးတော့ အမာရွတ်တွေက ပိုတောင် အဓိပ္ပာယ်မရှိသေးဘူး၊ ရှင်က အလှမယ်ပြိုင်ပွဲ သွားမယ့် မိန်းကလေးမှ မဟုတ်တာ၊ အမာရွတ်လေးက အမာရွတ်လေးပဲလေ၊ ဘာကြောက်စရာရှိလို့လဲ၊ မျက်နှာမှာ အမာရွတ်ရှိရင် လူဆိုးလူမိုက်ဖြစ်သွားရောလား၊ ရှင်က ဘာမှမလုပ်ဘဲ နေတာကို သူတို့က ဘာကြောက်နေကြတာလဲ၊ ရှင်က လူတွေကိုတောင် ကယ်ခဲ့သေးတာကို ပြောစရာတောင် မလိုဘူးလေ”

သူမ နှုတ်ခမ်းကို ကွေးလိုက်ပြီး ပြုံးပြလိုက်လေသည်။

"သူတို့က ရှင့်ကို နောက်မကျခင် ကျေးဇူးတင်သင့်တာ အသိသာကြီးကို၊ ရှင်သာမရှိရင် သူတို့ကလေးရေနစ်သေမှာပဲ၊ ပြီးတော့ ကလေးက အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ ပြောရလောက်အောင်ကို တကယ် အစွမ်းထက်နေကြတာ၊ ဒါ့အပြင် မျက်နှာပေါ်မှာ အမာရွတ်ရှိတာ အရုပ်ဆိုးတယ်လို့ ဘယ်သူပြောလဲ၊ အမြင်မကျယ်ကြဘူး၊ အဲ့ဒီလူတွေက ကွဲပြားစုံလင်မှုရဲ့ အလှတရားကို နားမလည်ကြဘူး၊ သူတို့မှာ အနုပညာခံစားတတ်တဲ့ စိတ်မရှိလို့ပဲ၊ ဒါက တကယ်ရိုင်းစိုင်းပြီး လှပတယ်လို့ ကျွန်မ ထင်တုန်းပဲ”

ယွီရွေ့ကျူး ပုံမှန်အားဖြင့် စကားများသူ ဖြစ်သော်လည်း၊ ယနေ့ကဲ့သို့ စကားအမြောက်အမြား ပြောဆိုခြင်းမှာ ပထမဆုံးအကြိမ်ပင်။

သူမ အလေးအနက်ထားသည့် ပုံစံပေါက်နေပြီး သူမ မျက်နှာမှာ လေးနက်ကာ အေးစက်နေလေ၏။ သူမ ပြောလိုက်သော စကားများကြောင့် ဟော်ချန်ယဲ့မျက်ဝန်းများ အနည်းငယ် ကြောင်အမ်းသွားကာ အချိန်အတော်ကြာ ရပ်တန့်သွားလေသည်။

အိမ်ပြင်ပ ရာသီဥတုမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုပူပြင်းလာသဖြင့် ပြတင်းပေါက်များကို ဖွင့်လှစ်ထားရပြီး၊ အပူလှိုင်းနှင့်အတူ အိမ်အတွင်းသို့ လေများ တိုက်ခတ်လာကာ ကုတင်ဘေးရှိ လိုက်ကာစများ လွင့်ပျံနေလေသည်။

လေထုမှာ အနည်းငယ် တိတ်ဆိတ်သွားပုံရပြီး ဟော်ချန်ယဲ့ မည်သည့်စကားမျှ မဆိုပေ။

သူ ယွီရွေ့ကျူးကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် မျက်လွှာချကာ ပြောလိုက်လေသည်။

"ယွီရွေ့ကျူး၊ မင်းကရော အဲ့ဒီလူတွေထဲက တစ်ယောက် မဟုတ်ဘူးလား၊ မင်္ဂလာဦးညတုန်းက ငါ့အမာရွတ်တွေ ရုပ်ဆိုးတယ်လို့ မင်းလည်း ပြောခဲ့တယ် မဟုတ်ဘူးလား”

🐽 Chapter 42

ယွီရွေ့ကျူးမှာ ဆို့နင့်သွားရလေ၏။

သူ့စိတ်ထဲတွင် မူလကိုယ်ပိုင်ရှင်၏ သရော်လှောင်ပြောင်ခဲ့သော စကားများကို ချက်ချင်း ပြန်လည်အမှတ်ရသွားမိသည်။

မူလကိုယ်ပိုင်ရှင်မှာ ထိုစကားများကို ပြောခဲ့ရုံသာမက စကားတစ်ခွန်းထက်ပို၍ပင် ဆိုခဲ့သေးရာ ထိုစကားများမှာ ယနေ့ချောင်းဘေးတွင် သူမကြားခဲ့ရသည့် မှတ်ချက်များထက် အဆတစ်ရာခန့် ပို၍ ဆိုးရွားလှပေ၏။

ယွီရွေ့ကျူး အကြည့်ကို ရှောင်လွဲကာ ဆင်ခြေပေးလိုက်လေသည်။

"ကျွန်မ ခေါင်းရှုပ်သွားလို့ပါ၊ ကျွန်မပြောခဲ့တာတွေကို အတည်မယူပါနဲ့၊ အဲ့ဒီညက ဘာမှ ကောင်းကောင်းမပြောသလို ဘာမှလည်းသေချာမလုပ်ခဲ့ပါဘူး၊ အစကတည်းက အကောင်းမပြောခဲ့မိတာမို့ အဲ့ဒါတွေကို မေ့လိုက်ပါတော့၊ အခုပြောတာကမှ အမှန်တရားပါ"

ဟော်ချန်ယဲ့၏မည်းနက်သော မျက်ဝန်းများက သူမကို တိတ်ဆိတ်စွာ အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် အကြည့်လွှဲလိုက်ကာ ပြောလိုက်၏။

"အမှန်တော့ လူတွေက တစ်ခါတလေ သူတို့ပြောခဲ့တဲ့ စကားတွေကို ဝန်မခံတတ်ကြဘူး၊ ဒါပေမဲ့ ငါကတော့ အရမ်းရှင်း ရှင်းလင်းလင်း မှတ်မိနေတယ်၊ အဲ့ဒါက"

ဟော်ချန်ယဲ့မှာ စကားကို ခေတ္တရပ်ပြီးမှ ဆက်ပြောလေသည်။

"ယွီရွေ့ကျူး၊ မင်းက အစပိုင်းနဲ့စာရင် တကယ်ကို အများကြီး ပြောင်းလဲသွားတယ်၊ ဘယ်လောက်တောင် ကြီးမားလဲဆိုရင် ငါသာ မင်းနဲ့ ကိုယ်တိုင်ကိုယ်ကျ မပေါင်းသင်းခဲ့ဘူးဆိုရင် မင်းက တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီလို့တောင် ထင်မိလိမ့်မယ်"

ယွီရွေ့ကျူးမှာမူ ဆွံ့အသွားရ၏။

ဤစကားကို သူမ ပြန်မဖြေနိုင်တော့ပေ။

သူမ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်ပြီးနောက် ခပ်ဖွဖွလေး ရယ်မောလိုက်ကာ အကြောင်းအရာကို ပြောင်းလိုက်လေသည်။

"ဒီလို ထူးဆန်းတဲ့ကိစ္စမျိုးက ဘယ်လိုလုပ် ရှိနိုင်မှာလဲ၊ ဟေး ဟော်ချန်ယဲ့၊ ရှင် ဆိုင်ကို ပြန်မသွားဘူးလား၊ ရှဲ့ချီ တစ် ယောက်တည်း ဝက်သားဆိုင်မှာ အလုပ်လုပ်နိုင်ပါ့မလား"

ဟော်ချန်ယဲ့ ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်၏။

"ရှဲ့ချီရဲ့ညီမကလည်း ကူညီဖို့ ရောက်နေတယ်လေ၊ အဲ့ဒါကြောင့် ငါ လာနိုင်တာပေါ့"

သူ ယွီရွေ့ကျူးကို တစ်ချက်ကြည့်ကာ ဆိုလိုက်လေသည်။

"မင်း ခဏလောက် အနားယူသင့်တယ်၊ ထပ်ပြီး မပင်ပန်းစေနဲ့၊ ညနေပိုင်း ပြန်လာရင် ဆေးထပ်လိမ်းလိုက်၊ ဒါဆို မနက်ဖြန် အဆင်ပြေသွားလိမ့်မယ်"

ရှဲ့ချီမှာ ညှမတစ်ယောက် ရှိနေသေးသည်ကိုးဟု ယွီရွေ့ကျူး အနည်းငယ် အံ့သြသွားရင်း ဟော်ချန်ယဲ့ကို ခေါင်းညိတ်ပြလိုက်လေသည်။

ဟော်ချန်ယဲ့ လှည့်ထွက်သွားစဉ် သူမအဝတ်အစားများမှာ တစ်ဝက်သာ လျှော်ရသေးကြောင်း သတိရသွား၏။

ယင်းနောက်၌ ခြံထဲမှ ရေကျသံများ ရုတ်တရက် ထွက်ပေါ်လာလေသည်။

ယွီရွေ့ကျူး တင်ပါးကို ရွှေ့ကာ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မထင်မှတ်ဘဲ ဟော်ချန်ယဲ့ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

သူက အင်္ကျီလက်များကို ခေါက်တင်ထားရာ ဂျုံရောင်လက်မောင်းတစ်စိတ်တစ်ပိုင်းမှာ ပေါ်လွင်နေပြီး မည်းနက် သော ဆံပင်များမှာ ရေစက်လက် ကျနေလေသည်။ သူသည် ခြံထဲတွင် ထိုင်၍ သူမ အချိန်မရသဖြင့် လျှော်၍မပြီးသေးသော ဇလုံထဲမှ အဝတ်များကို ပွတ်လျှော်နေပေးခြင်းပင် ဖြစ်၏။

ယွီရွေ့ကျူးမှာ မူလက ဇလုံတစ်ဝက်ခန့်သာ လျှော်ရသေးသော်လည်း ထိုအဝတ်များမှာ တစ်ခုနှင့်တစ်ခု အပေါ်တွင် ထပ်နေပြီး ညစ်ပတ်နေဆဲဖြစ်ရာ ယခုအချိန်တွင် ဟော်ချန်ယဲ့က ၎င်းတို့အားလုံးကို ထပ်မံလျှော်ပေးနေပြီ ဖြစ်လေသည်။

ယွီရွေ့ကျူးလက်ထဲတွင် မာကျောပြီး ပွတ်လျှော်ရန် ခက်ခဲသည်ဟု ခံစားရသော အဝတ်အစားများမှာ ဟော်ချန်ယဲ့လက်ထဲတွင်မူ အားစိုက်စရာ မလိုသကဲ့သို့ ရှိနေ၏။

သူ့လှုပ်ရှားမှုများမှာ ကျွမ်းကျင်လှပြီး လက်နှင့်ခြေမှာလည်း အလွန်လျင်မြန်ရာ ပုံမှန်အားဖြင့် အဝတ်လျှော်သည့်အလုပ်ကို များစွာလုပ်လေ့ရှိပုံရပေသည်။

အမှန်ပင် ဟော်ချန်ယဲ့၏ မိဘများသည် အလွန်စောစော ကွယ်လွန်သွားခဲ့ကြပြီး နှစ်ပေါင်းများစွာ မိမိကိုယ်ကို ဂရုစိုက်ခဲ့ရသဖြင့် သဘာဝကျကျပင် အဝတ်အစားများကို ကိုယ် တိုင်လျှော်ဖွပ်ခဲ့ရခြင်း ဖြစ်လေသည်။

ဟော်ချန်ယဲ့၏ သန်မာသော လက်မောင်းများမှာ ထူထဲပြီး ခွန်အားကြီးမားလှ၏။ အဝတ်လျှော်ပျဉ်ပြားပေါ်တွင် အဝတ်များကို တစ်ချက်တည်း ဖိချလိုက်ရာ လှုပ်ရှားမှုများကြားတွင် အပြာရောင်သွေးကြောများမှာ အနည်းငယ် တင်းမာနေပြီး ကြွက်သားများမှာလည်း ခွန်အားများဖြင့် ပြည့်နှက်နေပေသည်။

ယွီရွေ့ကျူး အခန်းထဲတွင် သူမလက်မောင်းများကို တိတ်တိတ်လေး မြှောက်ကာ နှိုင်းယှဉ်ကြည့်လိုက်ရာ အနီရောင် နှုတ်ခမ်းများ အနည်းငယ် ပွင့်သွားပြီး မျက်ခုံးများကို ပင့်လိုက်မိသည့်တိုင် အံ့အားသင့်သွားရ၏။

ဟော်ချန်ယဲ့၏ လက်မောင်းများမှာ သူမလက်မောင်းနှစ်ဖက်ထက် ပိုထူနေသကဲ့သို့ ခံစားရပြီး တကယ်ပင် သန်မာလှပေသည်။

အပေါ်မှ အဝတ်များကို နှစ်ကြိမ်၊ သုံးကြိမ်မျှ ပွတ်လျှော်ပြီးနောက် ညစ်ပတ်သော အဝတ်ခြင်းတောင်းထဲမှ အဝတ်များကို ယူရန် လက်မြှောက်လိုက်သော်လည်း နောက်အခိုက်အ တန့်တွင် နူးညံ့သောအထည်သားကို ထိတွေ့မိသွားရာ သူ ငုံ့ကြည့်လိုက်မိ၏။ ထိုအခါ သူ့မည်းနက်သော မျက်လုံးများမှာ အေးခဲသွားရလေသည်။

သူ့လက်မှာလည်း လေထဲတွင်ပင် ရပ်တန့်သွား၏။

အဝတ်များကို ပွတ်လျှော်ပြီးနောက် ကျယ်ဝန်းသော လက်ဝါးတွင် အမြှုပ်များ ရှိနေဆဲဖြစ်သည်။ ယခုအချိန်တွင် အမြှုပ်များ ခြံထဲရှိ မြေပြင်ပေါ်သို့ ကျဆင်းသွားလေသည်။

သူက ခေါင်းကို လှည့်လိုက်ရင်း ခေါ်လိုက်၏။

"ယွီရွေ့ကျူး၊ မင်းရဲ့"

သူ အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီး နှုတ်ခမ်းများကို စိထားရာ သူ့အသံမှာ အကြောင်းပြချက်မရှိဘဲ အက်ကွဲကာ ဝိုးတဝါး ဖြစ်နေလေသည်။

"ငါ မင်းရဲ့အဝတ်တွေကို ရေစိမ်ထားပေးမယ်၊ မင်း အားတဲ့အခါမှ ကိုယ့်ဘာသာကိုယ် ပွတ်လျှော်လိုက်”

အခန်းထဲရှိ ယွီရွေ့ကျူးမှာ မတုံ့ပြန်နိုင်သေးဘဲ အလိုအ လျောက်သာ ပြန်ထူးလိုက်မိ၏။

သို့သော် သူ့အဝတ်များကို အခြောက်ခံရန် ဟော်ချန်ယဲ့ ထလာပြီး သူ့အဝတ်အစားများနှင့် သူမ၏ အပေါ်အင်္ကျီ၊ စကတ်တို့ကို အဝတ်လှန်းကြိုးပေါ်တွင် ချိတ်ဆွဲလိုက်သည်ကို မြင်သောအခါ သူမစိတ်ထဲတွင် ရုတ်တရက် ထိတ်ခနဲ ဖြစ်သွားလေသည်။ ဟော်ချန်ယဲ့ မလျှော်ခဲ့သော သေးငယ်သည့် အရာလေးက ဘာများပါလိမ့်။

၎င်းမှာ သူမ၏အတွင်းခံ ဖြစ်ပုံရပေသည်။

အမှန်စင်စစ် ဤအရာမှာ ဘာမှမဟုတ်သော်လည်း ယွီရွေ့ကျူးက ကိုယ်တိုင်လျှော်ရန် ရည်ရွယ်ထားသဖြင့် အတွင်းခံကိုပါ ယူလာခဲ့ခြင်း ဖြစ်၏။ ဒါပေမဲ့ ချောင်းဘေးမှာ တစ်ခုခု ဖြစ်သွားသဖြင့် မလျှော်ဘဲ ပြန်လာရလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

ဟော်ချန်ယဲ့က သူမကို ရုတ်တရက် အဝတ်လာလျှော်ပေးမည်ဟုလည်း မည်သူက တွေးမိမည်နည်း။ ထို့ကြောင့် အောက်ဆုံးမှ အတွင်းခံကို သူ မြင်သွားသည်မှာ သဘာဝကျလှပေသည်။

ယွီရွေ့ကျူး ဟိုကြည့်ဒီကြည့်ဖြင့် တိုးတိုးလေး ချောင်းဟန့်လိုက်မိ၏။

အတွင်းခံလေးပဲဟာ၊ အဲ့လောက်တောင် အထိတ်တလန့် ဖြစ်စရာလား။

ဒါပေမဲ့ သူမ မော့ကြည့်လိုက်သောအခါ ဟော်ချန်ယဲ့မှာ အဝတ်လှန်းပြီးသည်နှင့် ရုတ်တရက်လှည့်၍ ခြံထဲမှ ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူ့ခြေလှမ်းများမှာ ပြန်လာစဉ်ကထက် အများကြီးပိုမြန်နေပြီး စွန့်ပစ်ခံရ၍ထွက်ပြေးနေရသလိုပင် ဖြစ်နေသေး၏။

ယခုတွင်မူ ယွီရွေ့ကျူးက သူမမျက်ခုံးများကို သိမ်မွေ့စွာ ပင့်လိုက်မိသည်။

ဟော်ချန်ယဲ့က အသက် ၃၀ နီးပါးလောက် ရှိနေပြီဖြစ်သည်။ သူမထက် အများကြီး ကြီးသော်ငြား ဤကိစ္စနှင့် ပတ်သက်လာလျှင် အပြစ်ကင်းသည့်ပုံ ပေါက်နေဆဲဖြစ်ကြောင်း သူမမထင်ထားမိပေ။

ထိုအရာက ဟန်ဆောင်နေသည်လားတော့ သူမ မသိချေ။

……

နေခင်းဘက် လျှော်ထားသော အဝတ်အစားများကို ညဘက်တွင် အိမ်သို့ ယူလာပြီး ခန်ပေါ်တွင် ပုံထားလေသည်။ ဟော်ချန်ယဲ့မှာမူ အဝတ်အစားပုံထဲတွင် ခေါင်းငုံ့နေ၏။

ထူထဲပြီး သန်မာသော ခန္ဓာကိုယ်မှာ ကြွက်သားများဖြင့် ပြည့်နှက်နေပြီး နံရံအား ကျောပေးထိုင်နေရာ သူ့နောက်ကျောရှိ နံရံထက်၌ အရိပ်ခပ်ကြီးကြီး ကျနေပေသည်။

အဝတ်ခေါက်ပုံမှာ သူ အဝတ်လျှော်စဉ်ကကဲ့သို့ပင် ကျွမ်းကျင်ပြီး သဘောထားမှာလည်း အလွန်လေးနက်နေဆဲ ဖြစ်၏။ သို့သော် ယောကျ်ားကြီးတစ်ယောက်က နုနယ်သော အလုပ်မျိုးကို လုပ်နေရသဖြင့် ကြည့်ရသည်မှာ ထူးဆန်း သောသဟဇာတမဖြစ်မှုမျိုး ရှိနေလေသည်။

ယွီရွေ့ကျူး မျက်ခုံးအနည်းငယ်ပင့်ရင်း ကိုင်းညွတ်ကာ မေးလိုက်၏။

"ဒီလို ခေါက်ထားတာလား၊ နေ့ခင်းဘက်က ရှင့်အဝတ်အစားတွေ ပျက်စီးနေတာ ကျွန်မ မြင်တယ်၊ ဒါဆို ရှင် အဲ့ဒါတွေကို မချုပ်နိုင်ဘူးပေါ့"

ဟော်ချန်ယဲ့ ခေါင်းမမော့ဘဲ ပြန်ဖြေလေသည်။

"ညဘက် အဝတ်ချုပ်ရတာ မျက်လုံးကို ညောင်းစေတယ်၊ ဒါကြောင့် နေ့ခင်းဘက်မှ အချိန်ယူပြီး ချုပ်မလို့"

မျက်လုံး ညောင်းတယ် ??

ယွီရွေ့ကျူး ခေါင်းကို စောင်းပြီး ဟော်ချန်ယဲ့ကို အောက်မှ အထက်သို့ မော့ကြည့်ကာ သူ့မျက်လုံးများကို ဂရုတစိုက် ကြည့်လိုက်မိ၏။

ဘာလို့ ဒီလူငယ်လေးက မျက်လုံးညောင်းတာကို ဒီလောက်တောင် ဂရုစိုက်ပြီး ကာကွယ်နေရတာလဲဟု သူမ တွေးနေမိသည်။

ဟော်ချန်ယဲ့သည် ပါးပြင်ပေါ်သို့ ကျရောက်လာသော အကြည့်များကို အလွန် အကဲဆတ်လှ၏။ အထူးသဖြင့် အခြားသူများက သူ့မျက်လုံးများကို ကြည့်သောအခါ ပိုသိသာလေသည်။

ဘေးတစောင်း အနည်းငယ် ကြည့်လိုက်ရာ ယွီရွေ့ကျူး၏ ရှင်းလင်းပြီး သိချင်စိတ်ပြင်းပြသော မျက်လုံးများနှင့် ဆုံလိုက်ရသဖြင့် သူ့မျက်မှောင်များ ကျုံ့သွားရ၏။

အကယ်၍ အခြားသူတစ်ယောက်သာ သူ့မျက်လုံးများကို ဤသို့ စိုက်ကြည့်ရဲပါက ဒေါသထွက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ယွီရွေ့ကျူးမှာမူ။

ယွီရွေ့ကျူး သူ့အမာရွတ်ကို စိုက်ကြည့်ကာ အပြင်ဘက် မီးဖိုဘေးရှိ သူ့ရင်ခွင်ထဲတွင် ထိုင်နေခဲ့သည်ကို တွေးမိသောအခါ ဟော်ချန်ယဲ့ မျက်မှောင်ကြုတ်သွားပြီး သူမအကြည့်ကို သတိမထားမိသကဲ့သို့ ဟန်ဆောင်ကာ တိတ်ဆိတ်နေလိုက်လေသည်။

တဖြည်းဖြည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိခြင်းသာ ရှိ၏။

ယွီရွေ့ကျူးသည် မင်္ဂလာဦးညတွင် နိုးလာပြီးနောက် သူ့ကိုဖြစ်စေ၊ သူ့ပါးပြင်ပေါ်ရှိ အမာရွတ်ကိုဖြစ်စေ မကြောက်တော့ပုံရပေသည်။

သူမက ပုံမှန်အတိုင်း သူ့ကို တည်ငြိမ်စွာ ကြည့်နေတတ်ရုံသာမက သူ့ကို ရုတ်တရက် ချီးကျူးတတ်ပြီး ကူညီ၍ပင် စကားပြောပေးတတ်သေး၏။

သို့သော်

ဟန်ဆောင်နေခြင်းမှလွဲ၍ မည်သူက အချိန်တိုတိုအတွင်း ဤမျှလောက် ပြောင်းလဲသွားနိုင်မည်နည်း။

သူ မျက်မှောင်ကြုတ်လိုက်ပြီး မည်းနက်သော မျက်ဝန်းများဖြင့် ယွီရွေ့ကျူးကို အေးစက်သောအလင်းရောင်ဖြင့် အထက်စီးမှ စိုက်ကြည့်လိုက်ကာ မေးအနည်းငယ် မော့ထားလိုက်၏။

All Chapters