အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
🐽 Chapter 51
ယွီရွေ့ကျူး အံ့သြသွားရပြီး ဟော်ချန်ယဲ့ ဤအကြောင်း အရာကို ဤမျှလောက် ဂရုစိုက်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
သူမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အပြစ်ကင်းစင်စွာ ပြောလိုက်လေသည်။
"ဒါပေမဲ့ ကျွန်မတို့က လင်မယားတွေလေ၊ ဒါက ပုံမှန်ကိစ္စပဲဟာ၊ ဘာလို့ အဓိပ္ပာယ်မရှိတာ လျှောက်ပြောတာ ဖြစ်ရမှာလဲ၊ အောင်မြင်ဖို့ မဖြစ်နိုင်တာမှ မဟုတ်တာ”
ဖောင်း~
ဤတစ်ကြိမ်တွင်မူ ဟော်ချန်ယဲ့၏ လက်ဖက်ရည်အိုးလေးမှာ မတော်တဆ လွတ်ကျကာ ဖိတ်စင်သွားရ၏။
သူ အသက်ကို ပြင်းပြင်းထန်ထန် အကြိမ်အနည်းငယ် ရှူလိုက်ပြီးနောက် ခေါင်းငုံ့ကာ ရှုပ်ပွနေသည်များကို အမြန်ရှင်းလင်းလိုက်ပြီး မိမိပန်းကန်ကိုယူရန် ထွက်သွားလေသည်။
သူ့လက်ခုံပေါ်မှ ထွက်ပေါ်နေသော အစိမ်းရောင် သွေးကြောများကို ယွီရွေ့ကျူး ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ သူက ပန်းကန်အစွန်းကို အလွန်တင်းကျပ်စွာ ကိုင်ထားပြီး အသားအရေမှာလည်း ယခင်ကထက် ပိုမိုနီရဲနေပုံရသည်။
နေလောင်ထားခြင်းလော၊ သို့မဟုတ်...
တကယ်လို့ နောင်ကျရင် အမှန်တကယ် တစ်ခုခု ဖြစ်လာလျှင် သူ ရှက်၍ သေသွားလေမလား။
ယွီရွေ့ကျူး ဦးနှောက်ထဲ၌ အတွေးမျိုးစုံ ဝင်ရောက်လာပြီး ရှုပ်ထွေးသော ပုံရိပ်လွှာများစွာ ပေါ်လာသော်လည်း မကြာမီ ပြန်လည်ရပ်တန့်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ထိုညတွင် ချူမြစ်နှင့် ဟန်နယ်စပ်ကဲ့သို့ ခြားနားထားသည့် နောက်ထပ် စောင်တစ်ထည် ထပ်မံရောက်ရှိလာသောကြောင့်ပင်။
ယွီရွေ့ကျူးမှာ ဆွံ့အသွားရ၏။
ဟော်ချန်ယဲ့၏သေချာလွန်းသော အပြုအမူက သူမကို စကားမဆိုနိုင်အောင် ဖြစ်စေသည်။
ဤသည်မှာ အလွန်အမင်းဆန့်ကျင်ဘက် ဖြစ်နေသည် မဟုတ်ပါလော။
စိတ်ထဲတွင် တတွတ်တွတ် ရေရွတ်ရင်း ညဘက် ကျေးလက်ဒေသရှိ မြေသားခုတင်ပေါ်တွင် လှဲလျောင်းနေစဉ် ယွီရွေ့ကျူး တစ်ဖက်သို့လှည့်ကာ ခန္ဓာကိုယ်ပေါ်သို့ စောင်ခြုံလျက် လျင်မြန်စွာ အိပ်ပျော်သွားလေသည်။
တစ်ဖက်ရှိ ဟော်ချန်ယဲ့မှာမူ ယနေ့တွင်လည်း ထပ်မံ အိပ်မပျော်နိုင်ဖြစ်နေရပြန်သည်။
သူ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားသော်လည်း မည်သို့မျှ အိပ်စက်၍ မရခဲ့ပေ။
စိတ်ထဲတွင် အတွေးမျိုးစုံ ဝင်ရောက်လာပြီး မနက်စောစောတိုင်အောင် အိပ်မပျော်ခဲ့သော်လည်း သူ့ မျက်မှောင်များမှာမူ အဆက်မပြတ် ကျုံ့နေလေသည်။
ဟော်ချန်ယဲ့ အိပ်မက်တစ်ခု မက်ခဲ့၏။
အိပ်မက်ထဲတွင် ယွီရွေ့ကျူးက သူ့ဘေး၌ အလွန်သိမ်မွေ့စွာ မှီတွယ်ကာ ခန္ဓာကိုယ်ကို ဖက်ထားပြီး သူ့လက်ကို ကိုင်လျက် သစ်ခွပန်းကဲ့သို့ အသက်ရှူထုတ်ကာ သူ့အနားသို့ တဖြည်း ဖြည်းတိုးကပ်လာလေသည်။
အနီရောင် နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟနေပြီး အနီရောင် လျှာနှင့် ခရုခွံကဲ့သို့ ဖြူဖွေးသော သွားများကို ဝိုးတဝါး မြင်တွေ့နေရကာ အစစ်အမှန်ကဲ့သို့ ရှင်းလင်းသော အရေပြား အပူချိန်နှင့် နူးညံ့သော အထိအတွေ့ကိုလည်း ခံစားနေရ၏။
အိပ်မက်ထဲရှိ ယွီရွေ့ကျူးက သူမ၏ ဖြူဖွေးသောလက် မောင်းများကို ပြသကာ သူ့လည်ပင်းကိုဖက်ပြီး နောက်ပြောင်လိုက်လေသည်။
"ဟော်ချန်ယဲ့၊ ကျွန်မ ကလေးမွေးပေးမယ်၊ ရှင်က ပြုစုပျိုးထောင်ပေးလေ”
သူမက သူ့ထံသို့ ရစ်ပတ်လာကာ သူတို့၏အရေပြားချင်း ထိကပ်နေပြီး ရင်းနှီးသော အထိအတွေ့များကြောင့် သူမ၏ ဖြူဖွေးသော အသားအရေနှင့် သူ၏ ဂျုံရောင် အသားအရေတို့ ထပ်နေသည်မှာ အလွန်သိသာထင်ရှားလှပြီး အပိုအရောင်အသွေးတစ်ခုကို ပေါင်းစပ်ပေးထားသကဲ့သို့ ရှိနေ၏။
အိပ်မက်မှာ အလွန်အစစ်အမှန် ဖြစ်နေသဖြင့် ယွီရွေ့ကျူး အဘယ်ကြောင့် မိမိ၏ အိပ်မက်ထဲသို့ ရောက်ရှိလာသနည်းဟု စဉ်းစားရန်ပင် ဟော်ချန်ယဲ့ အချိန်မရလိုက်ဘဲ သူ၏ ဦးနှောက်မှာ စဉ်းစားနိုင်စွမ်းများ ကင်းမဲ့သွားရသည်။
သူ အကြိမ်ကြိမ် နောက်ဆုတ်ခဲ့သော်လည်း အိပ်မက်ထဲတွင်မူ ယွီရွေ့ကျူး၏အကြိမ်ကြိမ် ပွတ်သပ်မှုကို ခံခဲ့ရလေသည်။
မနက်စောစော နိုးလာသော ယွီရွေ့ကျူးက ထိုင်လိုက်ပြီး မျက်လုံးများကိုပွတ်ကာ ဘေးနားရှိ နေရာသို့ အလိုအ လျောက် ကြည့်လိုက်သည့်အခါ ဟော်ချန်ယဲ့၏မျက်နှာ နီရဲနေသည်ကို မြင်တွေ့လိုက်ရ၏။ သူ့နဖူးတွင် ချွေးများ ထွက်နေပြီး ပါးလွှာသော စောင်က သူ့ခန္ဓာကိုယ်ကို အဓိပ္ပာယ်မဲ့သော အရေးအကြောင်းများဖြင့် ဖုံးအုပ်ထားကာ သူ့ ကြမ်း တမ်း၍ ကျယ်ဝန်းသော လက်ဝါးများကိုတင်းကျပ်စွာဆုပ် ကိုင်ထားပြီး အနည်းငယ် လေးလံသော အသက်ရှူသံကို ဝိုးတဝါး ကြားနေရသည်။
ယွီရွေ့ကျူးက သူမ မျက်ခုံးများကို သိမ်မွေ့စွာ ပင့်လိုက်ပြီး မျက်လွှာချကာ ဖော်ပြ၍မရသော အမူအရာဖြင့် သူ့ကို ကြည့်လိုက်လေသည်။
ဤကဲ့သို့ အခြေအနေမျိုးကိုပင် အပြစ်ကင်းစင်သေးသည်ဟု ဆိုနိုင်ပါမည်လော။
မနက်စောစော နိုးလာပြီးနောက် ဟော်ချန်ယဲ့မှာ မိမိ၏ပုံမှန်မဟုတ်မှုကို သတိထားမိသွားပြီး ချက်ချင်းပင် ကိုယ်ခန္ဓာ တောင့်တင်းသွားကာ မျက်နှာပြာနှမ်းသွားပြီး ယွီရွေ့ကျူးနှင့် ပိုမိုဝေးကွာရာသို့ တိုးကပ်သွားလေသည်။
ယွီရွေ့ကျူးကမူ ဂရုမစိုက်သည့်အပြင် ဟော်ချန်ယဲ့မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှသည်ဟုပင် ထင်မှတ်မိ၏။
နှစ်ရက်ဆက်တိုက် သူမ၏ အသားနှပ်လုပ်ငန်းမှာ တဖြည်း ဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာပြီးမြို့နယ်အတွင်း၌ နေ့စဉ် ယွမ်ဆယ်ဂဏန်းကျော်ရောင်းချရသော် လည်း ကံမကောင်းစွာဖြင့် စျေးပတ်ကြည့်ရန်မူ အချိန်မရရှိခဲ့ပေ။
ပိုက်ဆံများကို ရေတွက်ပြီး ငွေစက္ကူများကို ကြည့်မိတိုင်း ယွီရွေ့ကျူးပြုံးပျော်ရလေသည်။
"တည်ငြိမ်တယ်၊ တည်ငြိမ်တယ်၊ တည်ငြိမ်တယ်"
ပုံမှန်ဆိုလျှင် သူမက အချိန်ကို တွက်ချက်ကာ နေ့လယ်ခင်း၌ မြင်းလှည်းဖြင့် ပြန်လာလေ့ရှိ၏။ လမ်းတွင် အသားဆိုင်၌ အလုပ်လုပ်နေဆဲဖြစ်သည့် ဟော်ချန်ယဲ့နှင့် ရှဲ့ချီတို့ကိုလည်း တွေ့မြင်နိုင်သေးသည်။
ယွီရွေ့ကျူး ဟော်ချန်ယဲ့ကို မြင်တိုင်းပြုံး၍ နှုတ်ဆက်လေသည်။
အစပိုင်းတွင် ရှဲ့ချီက ဖြတ်သန်းသွားသော မြင်းလှည်းပေါ်မှ ယွီရွေ့ကျူးကို သတိမပြုမိခဲ့ဘဲ ဘေးရှိ ဟော်ချန်ယဲ့မှာ အချိန်တစ်ခု၌ ရုတ်တရက် ရပ်တန့်သွားကာ နှုတ်ခမ်းကို စေ့လျက်စကားမဆိုတော့သည်ကိုသာ သတိထားမိခဲ့၏။
နောက်ပိုင်းတွင် ယွီရွေ့ကျူး လွတ်လပ်စွာပြုံးနေသည်ကို မြင်တွေ့ရသောအခါ သူ အလွန်အံ့သြသွားရသည်။
"အစ်ကိုဟော်၊ ယွီရွေ့ကျူး မသွားသေးဘူးလား၊ ဘယ်နှရက် ရှိပြီလဲ၊ သူနဲ့ စုန်းချင်းရှန်းကြားက အခြေအနေက ဘယ်လိုလဲ"
ဤသို့ဖြစ်တိုင်း ဟော်ချန်ယဲ့မျက်နှာပေါ်မှ အမူအရာမှာ အထူးသဖြင့် လေးနက်နေတတ်ပြီး သူက ခံစားချက်မဲ့စွာဖြင့် အလားတူ စကားများကိုသာ ပြောလေ့ရှိ၏။
"ငါ မသိဘူး၊ ငါ နားမလည်ဘူး"
ရှဲ့ချီ ရှုပ်ထွေးသွားရသည်။
ယခင်က အစ်ကိုဟော်မှာ ပြဿနာများကိုအမြန်ဆုံးရှင်းလင်း တတ်သူတစ်ဦးဟု သူ ထင်မှတ်ခဲ့သော်လည်း ယခုမူ အဘယ့်ကြောင့် အရာရာကို ရှုပ်ထွေးအောင်လုပ်နေရသနည်း။ ယွီရွေ့ကျူးမှာ မြို့နယ်ရှိ စုန်းချင်းရှန်းနှင့် အဆက်အသွယ် ရှိသည်ဟု သံသယရှိရပြီး မင်္ဂလာဦးညတွင်လည်း ထိုကဲ့သို့သော ကိစ္စရပ်များဖြစ်ပွားခဲ့သည်ကို သူ တွေ့ရှိခဲ့ရသည်။
ဤယွီရွေ့ကျူးမှာ ဟော်ချန်ယဲ့ကို အနည်းငယ်မျှ ကြောက်ရွံ့ပုံမပေါ်ဘဲ အလွန် လွတ်လပ်၍မောက်မာသော ပုံစံမျိုးဖြင့် အိမ်တွင် အစ်ကိုဟော်နှင့် မည်သို့ အဆင်ပြေအောင် နေထိုင်သည်ကို သူမ မသိရှိနိုင်ပေ။
ခက်ခဲလှ၏၊ ကိုင်တွယ်ဖြေရှင်းရန် အမှန်တကယ် ခက်ခဲလှပေသည်။
အချိန်နှောင်းလာသဖြင့် ဟော်ချန်ယဲ့ အသားများကိုသယ် ဆောင်ကာ အိမ်ပြန်လာရာ လမ်းကြောင်းတစ်လျှောက် အိမ်ဆီမှ အလင်းရောင်နှင့် မီးခိုးများထွက်ပေါ်နေသည်ကို အဝေးမှ မြင်တွေ့လိုက်ရ၏။
ယွီရွေ့ကျူးက မီးမွှေးနေပြီး သူ ပြန်လာသောအခါ စကားဆိုလေသည်။
"အာ၊ ရှင့်ကို ပြောဖို့ မေ့နေတာ၊ မနက်ဖြန် ကျွန်မ တစ်ရက်နားမယ်၊ ဆိုင်မထွက်တော့ဘူး၊ အသားတွေကို မြေကြီးပေါ်မှာ မထားနဲ့၊ ဒီလောက်ပူနေတာ တစ်ညထားရင် ပုပ်သွားလိမ့်မယ်"
ဟော်ချန်ယဲ့ မျက်မှောင်ကြုတ်လိုက်မိ၏။
"မင်း မနက်ဖြန် မြို့နယ်ကို မသွားဘူးလား"
"အင်း၊ တစ်ရက်နားမယ်"
ယွီရွေ့ကျူးမျက်နှာတွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်ပြီး သူမ၏ မျက်လုံးများက ဟော်ချန်ယဲ့ လက်ထဲရှိ အသားများကို အရည်လုမတတ် ကြည့်နေလေသည်။
"မဖြုန်းတီးပါနဲ့၊ ကျွန်မ နှပ်ထားဖို့ နည်းနည်းချန်ထားပေးဦး၊ ကျန်တာတွေကို ကြော်စားကြရအောင်၊ စကားမစပ် ဝက်ဆီ နည်းနည်း ကြိုလိုက်ရအောင်၊ အိမ်မှာ ဆီမရှိတော့ဘူး"
ဟော်ချန်ယဲ့ ဘာမျှမဆိုပေ။
သူက ယွီရွေ့ကျူးကို မီးမွှေးကူရန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး စိတ်ထဲတွင် သူမ စကားများကို တွေးတောနေမိသည်။
တစ်ရက်နားမယ် ဆိုင်မထွက်ဘူး။
သူ ခေါင်းမော့ကြည့်လိုက်ရာ ယွီရွေ့ကျူးမှာ ယခင်အတိုင်းပင်ဖြစ်ပြီး မည်သည့်အရာမျှ ပြောင်းလဲခြင်း မရှိပေ။ သူမ အထူးတလည် ပင်ပန်းနေသည် သို့မဟုတ် ဝမ်းနည်းနေသည်ကို မမြင်ရသဖြင့် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်စုံတစ်ရာ မရှိနိုင်ပေ။
ဤအခြေအနေတွင် အဘယ်ကြောင့် ရုတ်တရက် တစ်ရက်နားရသနည်း။ သူမသည် ငွေကြေးကို အနှစ်သက်ဆုံး မဟုတ်ပါလော။ တစ်ရက်နားလျှင် ယွမ်ဆယ်ဂဏန်းကျော်လျော့ နည်းသွားမည်ကို သူမ အမှန်တကယ်ပင်လက်ခံနိုင်သည်လော။
ဟော်ချန်ယဲ့က ယွီရွေ့ကျူး၏ ထူးဆန်းသော အပြုအမူကို စုန့်ချင်းရှန်းနှင့် ဆက်စပ်၍ အလိုအလျောက် တွေးတောမိသော်လည်း အခြေခံအားဖြင့် ယွီရွေ့ကျူးနှင့် စုန့်ချင်းရှန်းတို့ အမှန်တကယ် ဆက်ဆံရေး ရှိ၊ မရှိကိုမူ သူ မသေချာပေ။
ထို့ပြင် စုန့်ချင်းရှန်းမှာ မြို့နယ်တွင် ရှိနေပြီး ထောင်ဟွာရွာတွင် မရှိပေ။
ဝက်ဆီကြိုသည့်အခါ လေထဲတွင် မွှေးကြိုင်သော ဝက်ဆီနံ့များ ပျံ့လွင့်သွားလေသည်။ ဝက်ဆီဖတ်များမှာလည်း ရွှေရောင်တောက်ပကာ ကြွပ်ရွလာ၏။ ကြိုပြီးသား ဝက်ဆီများကို အအေးခံရန်နှင့် သိမ်းဆည်းရန် မြေအိုးလေးထဲသို့ လောင်းထည့်လိုက်လေသည်။
ယခင်က ဟော်ချန်ယဲ့ တစ်ဦးတည်းသာ ရှိခဲ့သော အိမ်တွင် ယွီရွေ့ကျူး ရောက်ရှိလာသဖြင့် လူနေမှုဘဝတွင် သက်ဝင်လှုပ်ရှားမှုများနှင့် စည်ကားမှုများ ပိုမိုတိုးပွားလာပုံရလေတော့၏။
ယွီရွေ့ကျူးက ဆီဖတ်များပေါ်တွင် သကြားဖြူးကာ ညီညာအောင် ရောမွှေလိုက်ပြီး နောင်တွင် သရေစာအဖြစ် စားသုံးရန် သိမ်းဆည်းလိုက်၏။ ခဏအကြာတွင် ဖက်ထုပ်အစာအဖြစ် ပေါက်စီများ ထုပ်ရန်အတွက် နောက်ထပ်တစ်ပုံကို ဖယ်ထားလိုက်လေသည်။
သူမက လှည့်ကာ အိုးထဲရှိ အစားအစာများကို ပန်းကန်ပြားထဲသို့ ထည့်လိုက်ပြီး နှုတ်ခမ်းကိုပင့်ကာ ပြောလိုက်၏။
"ဟော်ချန်ယဲ့၊ ထမင်းစားဖို့ အိမ်ထဲလာခဲ့"
ဟော်ချန်ယဲ့ တုံ့ပြန်လိုက်ပြီး ခေတ္တရပ်တန့်ကာ အိမ်ထဲသို့ ဝင်သွားလေသည်။
🐽 Chapter 52
နောက်တစ်နေ့တွင် ဟော်ချန်ယဲ့ စောစောထပြီး မှန်ရှေ့၌ ကြယ်သီးတပ်နေချိန်တွင် ယွီရွေ့ကျူးမှာ မထသေးဘဲ စောင်ကို လိပ်ကာ သူမ ပေါင်တံများပေါ်တွင် ရစ်ပတ်ထားလေသည်။
ယနေ့တွင် သူမ အမှန်တကယ်ပင် တစ်ရက်နားလိုက်ပြီး မြို့နယ်သို့ သွားရန် အစီအစဉ်မရှိပေ။
ဟော်ချန်ယဲ့မှာ သိပ်မကြည့်ဘဲ ခေါင်းစောင်းကာ အကြည့်လွှဲလိုက်ပြီး ဝက်သားဆိုင်သို့ ထွက်ခွာသွား၏။
မနေ့ညက ဟော်ချန်ယဲ့မှာ ယွီရွေ့ကျူးကို အဘယ်ကြောင့် တစ်ရက်နားသနည်းဟု မမေးဘဲ အောင့်ထားခဲ့ရသည်။ သူက အမြစ်မပြတ် တူးဆွတတ်သည့် အကျင့်မရှိသကဲ့သို့ သူနှင့် ယွီရွေ့ကျူး ကိုယ်တိုင်ကလည်း တစ်ဦးကိုတစ်ဦး အသေး စိတ်မမေးမြန်းဘဲ ထူးဆန်းသော မျှတမှုတစ်ခုကို အမြဲထိန်း သိမ်းထားခဲ့ကြသည်။
အသားဖြတ်၍ ဝက်သားရောင်းသည့် လုပ်ငန်းစဉ်တစ် လျှောက် ဟော်ချန်ယဲ့အကြည့်မှာ တစ်ခါတစ်ရံ အနီးအနားရှိ လမ်းဆုံများသို့ အလိုအလျောက်စိုက်ကြည့်နေမိတတ်၏။
ရှဲ့ချီ အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်သည်။
"အစ်ကိုဟော်၊ ဘာရှာနေတာလဲ၊ လူရှာနေတာလား၊ ဒီနေ့ ဘာဖြစ်နေတာလဲ၊ ဘယ်လောက်တောင် ထူးဆန်းနေသလဲ"
ဟော်ချန်ယဲ့ အကြည့်လွှဲလိုက်ပြီး ပြောလိုက်၏။
"ဘာမှမဖြစ်ပါဘူး"
သူ မျက်မှောင်ကြုတ်လိုက်ရာ စိတ်ထဲ၌ ခန့်မှန်းချက်များစွာ ရှိနေသော်လည်း မွန်းလွဲပိုင်းဆိုင်သိမ်းပြီးနောက် သူ ပြန်လာချိန်တွင် အခန်းအတွင်းမှာ မှောင်မည်းနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
"ယွီရွေ့ကျူး”
ဟော်ချန်ယဲ့ ခြံတံခါးကိုတွန်းဖွင့်ကာ အိမ်ထဲသို့ ဝင်လာသော အခါ တစ်အိမ်လုံးမှာ မှောင်မည်းနေသဖြင့် ယွီရွေ့ကျူး အိမ်တွင် မရှိဟု သူ အလိုအလျောက်ထင်မှတ်လိုက်မိ၏။
ဘာပဲဖြစ်ဖြစ် ယွီရွေ့ကျူးနှင့် လက်ထပ်ပြီးကတည်းက သူ အိမ်ပြန်လာတိုင်း အိမ်တွင် မီးလင်းနေကျဖြစ်ပြီး သူမ မြို့နယ်ထဲသို့ အသားနှပ်သွားရောင်း၍ နောက်ကျမှ ပြန်လာသည့် တစ်ခေါက်သာ အိမ်မှောင်နေခဲ့ဖူးခြင်း ဖြစ်သည်။
ဒါဆို ယနေ့ သူမ အပြင်သွားတာလား။ ဒါမှမဟုတ် တစ်ခုခု ဖြစ်လို့လား။
သူ မျက်မှောင်ကြုတ်လိုက်သည်။ အမှောင်ထဲတွင် အမြင်အာရုံက သိပ်မရှင်းသဖြင့် သူ၏ ကျယ်ဝန်းသော လက်ဝါးဖြင့် တံခါးဘောင်နှင့် နံရံကို စမ်းသပ်ကာ ယခင်က အမှတ် အသားများအတိုင်း အခန်းထဲသို့ဖြည်းညင်းစွာ စမ်းတဝါးဝါး ဝင်လာခဲ့၏။
အိမ်ထဲတွင် အစားအသောက်နံ့ သင်းသင်းလေးရနေသဖြင့် လူမရှိသည်မှာ ကြာပြီဟုတော့ မထင်ရပေ။
ယွီရွေ့ကျူး ဟင်းချက်ပြီးမှ အပြင်ထွက်သွားတာလား။ ဘာဖြစ်လို့လဲ၊ တစ်ယောက်ယောက် အိမ်ထဲ ဝင်လာတာလား။
ဟော်ချန်ယဲ့၏ မျက်နှာမှာ တည်ကြည်သွားပြီး အကြိမ်အနည်းငယ် ထပ်မံ အော်ခေါ်လိုက်သည်။
"ယွီရွေ့ကျူး၊ အိမ်မှာ ရှိလား၊ လူရှိလား"
ည၏လေထုမှာ အလွန် တိတ်ဆိတ်နေပြီး မှိန်ပျပျ အခြေအ နေတွင် ယွီရွေ့ကျူး အရိပ်အယောင်ကိုမျှ သူ မမြင်ရပေ။
သူ မျက်မှောင်ကြုတ်ကာ အခြေအနေကို ကြည့်ရန် အပြင်သို့ ပြန်ထွက်မည်အပြုတွင် အခန်းထဲမှ မီးများ ရုတ်တရက် ပွင့်လာပြီး ခေါင်းပေါ်မှ ရုတ်တရက် လင်းထိန်လာသော အလင်း ရောင်ကြောင့် ဟော်ချန်ယဲ့မျက်လုံးများမှာ အနည်းငယ် နေရခက်သွားရသည်။
ယွီရွေ့ကျူးက မီးဖိုထဲမှ ထွက်လာပြီး သူ၏ ဘေးတွင် ရပ်ကာ လက်ထဲတွင် ဝိုင်းစက်စက် အရာတစ်ခုကိုကိုင်ထားရင်း သူ့ကို ပြုံးပြလျက် ပြောလိုက်၏။
"ဟော်ချန်ယဲ့၊ ပျော်ရွှင်စရာမွေးနေ့ပါ"
ဟော်ချန်ယဲ့ ကြောင်အမ်းသွားရသည်။
"မွေးနေ့"
"ဟုတ်တယ်လေ၊ ကျွန်မတို့ လက်ထပ်တုန်းက လက်ထပ်စာချုပ်ပေါ်မှာ ရှင့်မွေးနေ့ ပါတယ်လေ၊ လွန်ခဲ့တဲ့ နှစ်ရက်က လက်ထပ်စာချုပ်ကို ပြန်ကြည့်ရင်း သတိရသွားတာ၊ ရက်စွဲက အရမ်းနီးနေပြီ။ အဲ့ဒါ ဒီနေ့ပဲလေ"
ယွီရွေ့ကျူးက လက်ထဲတွင် တစ်ခုခုကိုင်ဆောင်ကာ သူ့အနားသို့ တိုးကပ်လာပြီး သူမ မျက်ခုံးနှင့် မျက်လုံးများမှာ ပြုံးရွှင်မှုဖြင့် ပြည့်နှက်နေလေသည်။
"ဂုဏ်ယူရတဲ့ ဟော်ချန်ယဲ့၊ ရှင် နောက်ထပ် တစ်နှစ် ကြီးသွားပြီပေါ့။ ပျော်ရွှင်စရာ မွေးနေ့ပါ၊ နောင်ကျရင်လည်း ကျန်းကျန်းမာမာနဲ့ ကံကောင်းခြင်းတွေပဲ ရပါစေ၊ ကံဆိုးတာတွေ အကုန်ပျောက်ကွယ်ပါစေ။ လာ၊ ဖယောင်းတိုင် မှုတ်လိုက်ဦး"
ဟော်ချန်ယဲ့ လက်ဝါးများကို ဆုပ်ကိုင်ကာ အလိုအလျောက် နောက်သို့ တစ်လှမ်းဆုတ်လိုက်မိ၏။
သူသည် သူမ၏ နူးညံ့သော အပြုံးနှင့် ရိုးသားသော ယွီရွေ့ကျူးကို စိုက်ကြည့်ရင်း အလိုအလျောက် ရှောင်လွှဲချင်စိတ် ဖြစ်ပေါ်လာသည်။
သူ အဒေါ်အိမ်မှာ ရှိစဉ်ကတော့ မွေးနေ့ဆိုလျှင် ကြက်ဥတစ်လုံး စားရတတ်သော်လည်း အဲ့ဒါကို သူ သိပ်မမှတ်မိတော့ဘဲ ဒီအတိုင်းကုန်လွန်ခဲ့ခြင်းဖြစ်သည်။
ဒါပေမဲ့ အခု မင်္ဂလာဦးညတုန်းက သူ့နှာခေါင်းကို လက်ညှိုး ထိုးပြီးဆဲဆိုခဲ့သည့်၊ သူ့ကို မုန်းတီးရွံရှာပြီး ကွာရှင်းဖို့ ငိုယိုခဲ့သည့်၊ အိမ်ထောင်ရေးကနေ လွတ်မြောက်ဖို့ ပြတင်းပေါက်ကနေခုန်ချခဲ့သည့် ယွီရွေ့ကျူးက ယခုအချိန်မှာ သူ့မွေးနေ့ကို ဆင်နွှဲပေးဖို့ သူ့ရှေ့မှာ ရပ်နေရသည်။
ယနေ့ သူမ အထူးတလည် တစ်ရက်နားတာကလည်း သူ့မွေးနေ့ကို ဆင်နွှဲဖို့အတွက်များလား။ သူက ဒီလိုမျိုး အထူးတ လည် လေးလေးစားစားဆက်ဆံခံရဖို့ ဘယ်လိုများ ထိုက်တန်နေလို့လဲ။
အထူးသဖြင့် ဒီလိုခမ်းနားပြီး လေးနက်တဲ့ မွေးနေ့ဆင်နွှဲမှုက ယွီရွေ့ကျူးဆီကလာတာဖြစ်လို့ ဟော်ချန်ယဲ့မှာ ဘယ်လို စကားပြောရမှန်းမသိအောင် တုန်လှုပ်သွားရသလို တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲမှာ အလွန်ပြင်းထန်တဲ့ ရှုပ်ထွေးမှုနဲ့ သံသယဖြစ်ပေါ်လာရ၏။
ယွီရွေ့ကျူး၊ သူတို့က သိသာထင်ရှားသည့် လူတစ်ဦးတည်း ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ဤမျှလောက် ကွာခြားချက် ကြီးမားနေရသနည်း။
သူမက အမှန်တကယ်ပင် သူ့မွေးနေ့ကို ဆင်နွှဲပေးချင်တာလား၊ သို့မဟုတ် သူမတွင် တခြားအတွေးများ ရှိနေသလား။
ယွီရွေ့ကျူးအတွက် စိုးရိမ်စရာ တခြားဘာရှိဦးမည်နည်း။ ပိုက်ဆံလား၊ သို့မဟုတ် တခြားတစ်ခုခုလား။
ဟော်ချန်ယဲ့ ခန္ဓာကိုယ်မှာ တောင့်တင်းကာ မလှုပ်မယှက် ရှိနေပြီး သူ့မည်းနက်သော မျက်ဝန်းများမှာ တင်းကျပ်စွာ ကျုံ့သွားကာ ကျယ်ဝန်းသော လက်ဝါးများကို ပေါင်နှစ်ဖက်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အချိန်အတော်ကြာ တုံ့ပြန်မှု မရှိခဲ့ပေ။
ယွီရွေ့ကျူး အံ့သြသွားပြီး သူမ လက်ထဲမှကိတ်မုန့်ကို သူ့အနားသို့ တိုးကပ်လိုက်ကာ အနည်းငယ် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။
"ဖယောင်းတိုင် မှုတ်လိုက်ဦး ဟော်ချန်ယဲ့၊ ဒါက ရှင့်အတွက် ကျွန်မကိုယ်တိုင် လုပ်ထားတဲ့ မွေးနေ့ကိတ်လေ။ အခြေအနေတွေက ကန့်သတ်ချက် ရှိပြီး ပစ္စည်းလည်း သိပ်မစုံပေမဲ့ ကျွန်မ အစွမ်းကုန် ကြိုးစားထားတာပါ။ ဖယောင်းတိုင် မှုတ်ပြီး ဆုတောင်းလိုက်ဦး၊ ဆုတောင်းတာကိုတော့ ထုတ်မပြောနဲ့နော်၊ မဟုတ်ရင် ဆုတောင်းမပြည့်ဘူး"