အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
🐽 Chapter 53
ခရင်မ်၏ချိုမြိန်သောရနံ့က တဖြည်းဖြည်း နီးကပ်လာရာ ဟော်ချန်ယဲ့က ဖြူဖွေးပြီး ပေါ့ပါးလှပသော ကိတ်မုန့်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ယွီရွေ့ကျူးကိုမော့ ကြည့်လိုက်သည်။
သူ ဤသို့သော ကိတ်မုန့်မျိုး တစ်ခါမှမစားဖူးသကဲ့သို့ ဆုတောင်းခြင်း၊ ဖယောင်းတိုင် မှုတ်ခြင်းဆိုသည်မှာလည်း မကြားဖူးပေ။ ကျေးလက် အခြေအနေအရ ရွာမှ ကလေးများဆိုလျှင် သူတို့ မွေးနေ့၌ ကြက်ဥခေါက်ဆွဲ စားရလျှင်ပင် အလွန်ကောင်းလှပါပြီ။
ဤကဲ့သို့ ချိုမြိန်၍ လှပသော ကိတ်မုန့်မျိုးကိုမူ သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သို့သော် ယွီရွေ့ကျူး၏ပုံစံမှာမူ ဤကဲ့သို့သော အရာမျိုးကို အကြိမ်ပေါင်းများစွာ စားဖူး၊ ချက်ဖူးသကဲ့သို့ အလွန် သဘာဝကျနေပြီး ခမ်းနားသော အငွေ့အသက်များပါဝင်နေသည်။
ဟော်ချန်ယဲ့က ငြင်းပယ်လိုသော်လည်း ယွီရွေ့ကျူး၏ မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများကို ရင်ဆိုင်လိုက်ရသောအခါ ခေတ္တမျှတုံ့ဆိုင်းသွားပြီးမှ တောင့်တောင့်ကြီး ကိုင်းညွတ်ကာ ဖယောင်းတိုင်ကို မှုတ်လိုက်လေသည်။
ဖယောင်းတိုင်မီး တုန်ခါသွားသည့် ခဏချင်းမှာပင် သူက မိမိကို တောက်ပသော မျက်လုံးများဖြင့် ပြုံးကြည့်နေသည့် ယွီရွေ့ကျူးကို ကြည့်လိုက်ရာ စိတ်ထဲ၌ အတွေးတစ်ချက် ပေါ်လာ၏။
ယွီရွေ့ကျူး၊ သူမ မြို့နယ်ထဲမှာ ရှိစဉ်ကလည်း စုန့်ချင်းရှန်း၏မွေးနေ့ကို ဤကဲ့သို့ပင် ဆင်နွှဲပေးပြီး သူ့အတွက် ကိတ်မုန့် လုပ်ပေးခဲ့သလား။
"ဆုတောင်းလိုက်ဦး၊ ထုတ်မပြောနဲ့နော်၊ စိတ်ထဲကပဲ တိတ်တိတ်လေး ရွတ်လိုက်၊ ဒါဆို ပြည့်လိမ့်မယ်"
ယွီရွေ့ကျူး သူ့ကို ပြုံးကြည့်လိုက်၏။
ဟော်ချန်ယဲ့ အသက်ကို ပြင်းပြင်းရှူလိုက်ရာ စိတ်နှလုံးထဲရှိ ခုခံလိုစိတ်များ ထပ်မံ ပေါ်ပေါက်လာပြန်သော်လည်း သူက အောင့်ထားကာ လက်ဝါးများကို ဆုပ်ပြီး သူမ ပြောသည့်အတိုင်း မျက်လုံးများကို မှိတ်လိုက်လေသည်။
ဟော်ချန်ယဲ့အတွက်မူ မွေးနေ့ကိတ်ဖြစ်စေ၊ ဆုတောင်းခြင်းဖြစ်စေ ဤအရာများမှာ တစ်ခါမျှ မလုပ်ဖူးသည့် အလွန်ဆန်းသစ်သော အရာများပင်။
ဆုတောင်းခြင်းပင်လျှင်။
သူ မျက်လုံးမှိတ်ကာ စိတ်ထဲ၌ စဉ်းစားလိုက်သော်လည်း ၎င်းတို့အပေါ် ပုံအပ်ထားမည့် မည်သည့်ဆုတောင်းကိုမျှ သူ မတွေးမိပေ။
ဟော်ချန်ယဲ့က နတ်ဘုရားများ၊ ဗုဒ္ဓများကို မယုံကြည်သကဲ့ သို့ ဆုတောင်းခြင်း၊ မျှော်လင့်ခြင်းများကိုလည်း မယုံကြည်ပေ။
သူ ငွေကြေးလိုလျှင် မိမိဘာသာ ရှာဖွေရမည့် နည်းလမ်းကို ရှာဖွေပါလိမ့်မည်။ အခက်အခဲများနှင့် ကြုံလာလျှင်လည်း မိမိဘာသာ ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေပါလိမ့်မည်။
ဤနှစ်များစွာအတွင်း သူ တောင့်တခဲ့သည့်အရာ တစ်ခုမျှ မရှိခဲ့ပေ။ အကယ်၍များ ပြောရမည်ဆိုလျှင်မူ။
မည်သည့်စိတ်ကူး ပေါက်သွားသည်မသိဘဲ ဟော်ချန်ယဲ့က မျက်လုံးကို အနည်းငယ်ဖွင့်ကာ မျက်နှာချင်းဆိုင်ရှိ ယွီရွေ့ကျူးကို ခဏတာ ကြည့်လိုက်ပြီးမှ မျက်လုံးကိုပြန်မှိတ် လိုက်လေသည်။
အချိန်အတော်ကြာပြီးမှ သူ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ အသံမှာ အနည်းငယ် အက်ကွဲနေလေသည်။
"ကောင်းပြီ"
ယွီရွေ့ကျူး သိချင်စိတ် ဖြစ်သွားရသည်။
"ဟော်ချန်ယဲ့၊ ရှင် ဘာဆုတောင်းလိုက်တာလဲ"
ဟော်ချန်ယဲ့ အကြည့်လွှဲလိုက်ပြီး သူမကို မကြည့်တော့ပေ။
"ပြောလိုက်ရင် ဆုတောင်းမပြည့်တော့ဘူးလေ"
ယွီရွေ့ကျူးမှာမူ ဆွံ့အသွားရ၏။
အတုယူတတ်လိုက်သည်မှာ အမှန်တကယ်ပင် မြန်လှပေသည်။
သူမ နှုတ်ခမ်းကို ကွေးလိုက်သည်။
"ကောင်းပြီ၊ ကောင်းပြီ။ ရှင့်လျှို့ဝှက်ချက်ကို ကျွန်မ မစပ်စုတော့ပါဘူး။ ဖယောင်းတိုင်လည်း မှုတ်ပြီးပြီ၊ ဆုလည်း ပြည့်နိုင်လောက်ပြီဆိုတော့ လာ၊ ကိတ်မုန့် ဖြတ်ရအောင်။ ဒီကိတ် မုန့်က အတောင့်လိုက်ကြီးမို့လို့ စားပွဲပေါ် တင်လိုက်မယ်"
အရာအားလုံး ပြီးသွားသောအခါ ယွီရွေ့ကျူးက ဆန်၊ ဂျုံမှုန့်၊ သကြားနှင့် ကြက်ဥများစွာကို အသုံးပြုကာ ကိတ်မုန့်ကို အနည်းငယ် ပိုကြီးအောင်လုပ်လိုက်သည်။ နာမည်ကြီး ကိတ်မုန့်ဆိုင်မှအရာနှင့်မူ ကွာခြားနိုင်သော်လည်း ခရင်မ်မှာမူ အမှန်တကယ်ပင် သင့်တင့်လျောက်ပတ်လှ၏။
၎င်းပေါ်တွင် စာလုံးအနည်းငယ်လည်း ရေးသားထားပါသေးသည်။
"ပျော်ရွှင်စရာ ဟော်ချန်ယဲ့နေ့"
ဒယ်အိုးကြီးထဲမှ ပေါင်းထုတ်လိုက်သော ကိတ်သားမှာ အလွန်နူးညံ့ကာ တုန်ခါနေပြီး ခရင်မ်မှာလည်း ပေါ့ပါးနူးညံ့လေသည်။ ယွီရွေ့ကျူး ဆုတောင်းစာလုံးများကို ဖြတ်ယူကာ ဟော်ချန်ယဲ့၏ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ပြီး သူမအတွက်လည်း နောက်ထပ်တစ်တုံးဖြတ်ယူလိုက်လေသည်။
ထိုအခါမှသာ သူမက ကျေနပ်စွာဖြင့် ခန်ပေါ်တွင် ထိုင်လိုက်၏။
"စားကြစို့"
သူမက ဟော်ချန်ယဲ့ကို မေးရန်လည်း မမေ့ခဲ့ပေ။
"မြည်းကြည့်ပါဦး၊ အရသာရှိလားလို့။ ကျွန်မ ဒါမျိုး မလုပ်တာ ကြာပြီ၊ ပစ္စည်းလည်း မစုံတော့လေ။ စားလို့တော့ ရပါတယ်”
ဟော်ချန်ယဲ့က လက်ထဲရှိ ကိတ်မုန့်ကို ငုံ့ကြည့်လိုက်သည်။ အရောင်အသွေးက ကောင်းမွန်ပြီး အသွင်အပြင်မှာ လှပကာ သူ့နာမည် ရေးသားထားသည့် စာသားလေးကပင် ဆန်းသစ်နေလေသည်။
သူ မျက်မှောင်ကြုတ်ကာ တုံ့ဆိုင်းနေပြီး ခဏအကြာတွင် ကိုင်းညွတ်ကာ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကိတ်မုန့်ကို ဂရုတစိုက် တစ်ကိုက် ကိုက်လိုက်လေသည်။
ပါးစပ်ထဲတွင် အရည်ပျော်သွားသော ကိတ်သားနှင့် အပေါ်မှ ခရင်မ်တို့က ထောပတ်နံ့သင်းသော ချိုမြိန်မှုကို ပေးစွမ်း၏။
ယွီရွေ့ကျူး သူ့ကို မေးနေဆဲပင်။
"အရသာရှိလား၊ ထူးဆန်းတဲ့ အရသာမျိုး ရှိလား"
ဟော်ချန်ယဲ့အတွက်မူ ဤကိတ်မုန့်မှာ အနည်းငယ် ချိုလွန်းနေ၏။ သူက အချို သိပ်မကြိုက်ပေ။ ယခုအချိန်တွင် ပါးစပ်ထဲမှ ချိုမြိန်သော အရသာကို မျိုချလိုက်ပြီး ခဏအကြာတွင် အတိုချုံး ပြန်ဖြေလိုက်သည်။
"အရသာရှိတယ်"
ယွီရွေ့ကျူး၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားကာ ပြုံးရွှင်သော မျက်နှာလေး ပေါ်လာလေသည်။
"အရသာရှိရင် များများစားနော်။ ဒါပေမဲ့ ဒါက ထမင်းစားပြီးမှ စားရမယ့် အချိုပွဲလေ၊ ကျွန်မ အဓိက ထမင်းဟင်းတွေတောင် မချရသေးဘူး"
ယွီရွေ့ကျူး နေ့လယ်ခင်း တစ်ခုလုံး အချိန်အတော်ကြာ အလုပ်များနေခဲ့ပြီး ယခုအချိန်တွင် ထိုဟင်းလျာများကို စားပွဲပေါ်သို့ ဖြည်းညင်းစွာ တည်ခင်းလိုက်လေသည်။ ယခင်က ခြံထဲဝင်လာစဉ် သူ ဝိုးတဝါး ရရှိခဲ့သော ဟင်းနံ့များမှာ ယခုအခါ သူ့ရှေ့တွင် တစ်ခုချင်းစီ ပေါ်လာ၏။
ဟင်းမျိုးစုံမှာ အလွန်ခမ်းနားလှသည်။ စျေးကြီးသော အရာများ မဟုတ်ဘဲ သာမန် အိမ်ချက်ဟင်းများသာဖြစ်သော် လည်း ဟော်ချန်ယဲ့မှာ ကြောင်အမ်းသွားရဆဲပင်။ အလွန် များပြားလှပေသည်။
ယင်းနောက်၌ ယွီရွေ့ကျူးက မီးဖိုထဲမှ လက်ဆွဲခေါက်ဆွဲ တစ်ပန်းကန် ယူဆောင်လာခဲ့သည်။ ခရမ်းချဉ်သီးနှင့် ကြက်ဥတို့ကို နှပ်ထားပြီး အငွေ့တထောင်းထောင်း ထနေကာ ကြက်သွန်မြိတ်လေးများ ဖြူးထားလေသည်။ ယွီရွေ့ကျူးက ထိုပန်းကန်ကို သူ့ထံ ပေးလိုက်၏။
"မွေးနေ့ပဲလေ၊ သက်ရှည်ခေါက်ဆွဲမစားလို့ ဘယ်ဖြစ်မလဲ။ ကျွန်မလက်ရာက ရှင့်အမေ လက်ရာလောက် မကောင်းနိုင်ပေမဲ့ ဒါက ကျွန်မရဲ့စေတနာပါ။ ဒီသက်ရှည်ခေါက်ဆွဲ တစ်ပန်းကန်ကို စားပြီးရင် နှစ်တိုင်း အရာရာအဆင်ပြေမှာပါ"
ဟော်ချန်ယဲ့ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားပြီး ဤစကားကို ကြားသောအခါ နှုတ်ခမ်းကိုစိကာ အနည်းငယ်မျက် မှောင်ကြုတ်လိုက်လေသည်။
"မင်း ဒီနေ့ တစ်ရက်နားပြီး ဆိုင်မထွက်တာက ဒါတွေ လုပ်နေလို့လား"
"စကားမစပ် ကိုယ့်ဘာသာလည်း အနားယူတာပေါ့။ တစ်နေ့လုံး ဆိုင်ခင်းရတာ အမှန်တကယ်ပင် ပင်ပန်းတယ်လေ။ ဒီဟင်းတွေကိုလည်း နေ့လယ်ခင်း တစ်ခုလုံးလုပ်နေရတာ။ ရှင် ပြန်လာတဲ့အခါ ဟင်းတွေ အေးသွားမှာကြောက်လို့ ခုလေး တင် အထူးတလည် ပြန်နွှေးထားတာ။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ မွေးနေ့ဆိုတာ တစ်နှစ်မှတစ်ခါပဲ ရှိတာလေ၊ ဒါကြောင့် သေချာဂရုစိုက်ရမှာပေါ့"
ယွီရွေ့ကျူးက သူ့ကို တူ ကမ်းပေးလိုက်ပြီး မေးစေ့ကို ထောက်ကာကြည့်ရင်း နောက်ပြောင်လိုက်၏။
"မွေးနေ့ရှင်ကြီး သက်ရှည်ခေါက်ဆွဲ စားဖို့ အချိန်တန်ပြီနော်"
ဟော်ချန်ယဲ့ ခေတ္တမျှ ရပ်တန့်သွားပြီး တူကိုကောက်ကိုင်ကာ အကြိမ်အနည်းငယ် စားပြီးနောက် တိုးတိုးလေးပြောလိုက်သည်။
"အရသာရှိတယ်"
သူ ခေါင်းမော့ကာ ယွီရွေ့ကျူးကို ကြည့်လိုက်၏။
"မင်း မစားဘူးလား"
"ကျွန်မ ဟင်းချက်နေတုန်းက ဗိုက်ဆာလို့စားပြီးပြီ။ ဟော်ချန်ယဲ့၊ ရှင်ပဲ စားလိုက်ပါ။ စားပြီးရင် ရှင့်ကို ပြစရာတစ်ခုရှိသေးတယ်"
တခြားတစ်ခုလား ?
မပြီးသေးဘူးပေါ့ !
ဟော်ချန်ယဲ့ မျက်မှောင် ပြန်ကျုံ့သွားသည်။ ယွီရွေ့ကျူးက အဘယ်ကြောင့် သူ့ကို ဤသို့ ဆက်ဆံလိုနေရသနည်းဆိုသည်ကို သူ လုံးဝ နားမလည်နိုင်တော့ပေ။
သူမက သူ့ကို မုန်းတီးရွံရှာနေသင့်တာ မဟုတ်ပါလား။
သူမက မြို့နယ်ထဲမှ စုန့်ချင်းရှန်းကိုပဲ သဘောကျတာ မဟုတ်ပါလား။
ဘာလို့ သူတို့အတွက် ဒါအများကြီး လုပ်ပေးပြီး ဒီမွေးနေ့ကို ဆင်နွှဲပေးနေရတာလဲ။
ဒါမှမဟုတ် လူတစ်ယောက်၏ မွေးနေ့ဆိုလျှင်ပင် သူမက ဒီလောက်အထိ အလေးအနက် ထားတတ်တာလား။
သူ ထူးဆန်းသော စိတ်ဖြင့် ထမင်းစားပြီးသောအခါ ယွီရွေ့ကျူး အရင်က ပြောခဲ့သော ပြစရာဆိုသည့်အရာကို နောက် ဆုံးတွင်ရရှိလိုက်လေသည်။
ပစ္စည်းရောက်လာသောအခါ ဟော်ချန်ယဲ့ ချက်ချင်းမျက် လုံးပင့်လိုက်ပြီး မည်းနက်သော မျက်ဝန်းများမှာ တုန်လှုပ်သွားရ၏။
သူ့လက်ဝါးထဲတွင် တင်ထားသောအရာမှာ ယခင် သူ ဗီရိုထဲတွင် မြင်ခဲ့ဖူးသည့်အရာပင်။
ယွီရွေ့ကျူး မြို့နယ်သို့ သွားပြီးနောက် ၎င်းကို စုန့်ချင်းရှန်းက သူမကိုပေးခဲ့ခြင်း သို့မဟုတ် သူမက စုန့်ချင်းရှန်းကို ပေးရန်ဖြစ်မည်ဟု သူ တစ်ချိန်က ထင်ခဲ့ဖူးသည်။
သို့သော် ရက်အတော်ကြာသည်အထိ ဤအရာမှာ အပြင်သို့ ပို့မခံရသလို ဖြည်လည်းမကြည့်ရသေးသဖြင့် ဟော်ချန်ယဲ့မှာ ဤအရာအကြောင်းကို မေ့နေခဲ့ပြီ ဖြစ်သည်။
ဒါပေမဲ့ အခု ယွီရွေ့ကျူးက ဒီအထုပ်ကို သူ့ထံ ကမ်းပေး လိုက်ပြီး ဒါက သူမ အရင် မြို့နယ်ထဲမှာ သူ့အတွက် ဝယ်လာခဲ့တဲ့ လက်ဆောင်ဖြစ်ကြောင်း ရှင်းပြလိုက်၏။
ဟော်ချန်ယဲ့ လက်ဝါးများကို ဆုပ်ကိုင်လိုက်ရာ လက်ခုံပေါ်ရှိ အစိမ်းရောင် သွေးကြောများမှာ တင်းမာသွားပြီး သွေးကြောများမှာလည်း သိသိသာသာ ဆန့်ထွက်သွားကာ နှုတ်ခမ်းများပင် တင်းကျပ်စွာ စေ့ထားမိလေသည်။
သူ ထူးဆန်းပြီး ရှုပ်ထွေးသော စိတ်အခြေအနေတွင် ရှိနေပြီး ထိုအထုပ်ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ထူးဆန်း သော အရာတစ်ခုကိုမြင်တွေ့လိုက်ရသကဲ့သို့ ခေတ္တမျှ ၎င်းကို ဖြည်ကြည့်ရမလား မသိအောင်ဖြစ်နေလေသည်။
တကယ်လို့များ အထဲမှာ ဘာမှမရှိဘဲ သူ အထုပ်ကို ဖွင့်လိုက်သည့်အခါ မျက်နှာချင်းဆိုင်က ယွီရွေ့ကျူးက သူ့၏ အခုလို နေရခက်သည့် ပုံစံကိုကြည့်ပြီး လှောင်ပြောင်ရယ်မောကာ သူ့ကို ဟင်္သာသားစားချင်သည့် ကျီးကန်းဟု သရော်လေမလား။
🐽 Chapter 54
မကောင်းသော မင်္ဂလာဦးညက ယွီရွေ့ကျူးဆိုလျှင်တော့ ဤသို့ လုပ်မှာဖြစ်သော်လည်း ဒီအချိန်တစ်လျှောက်လုံး သူနှင့်အတူ ရှိနေခဲ့သည့် ယွီရွေ့ကျူးကတော့...
ဟော်ချန်ယဲ့ လက်ဝါးများကို ဆုပ်ကာ ခေတ္တမျှ မျက်လုံးမှိတ်ထားပြီး ဒီကာလအတွင်း သူ ဖြစ်ခဲ့သည့် ရှုပ်ထွေးမှုနှင့် အမှားကို အဆုံးသတ်ရန် ပြဿနာကို အမြန် ရှင်းလင်းလိုက်ဖို့ စဉ်းစားလိုက်ရသည်။
သူ အထုပ်ကို အမြန် ဖွင့်လိုက်ရာ အထဲမှ ပစ္စည်းကို မြင်လိုက်ရချိန်တွင် တစ်ကိုယ်လုံးမှာ ထူးဆန်းစွာ ပြေလျော့သွားလေသည်။
ထိုသည်မှာ ဓားတစ်လက် ဖြစ်သည်။
ဓားရိုးကို အနီရောင် ဖဲကြိုးလေးတစ်ခုဖြင့် ပတ်ထားပြီး အသားခုတ်သည့် ဓားအသစ်စက်စက် တစ်လက်မှာ ထိုနေရာတွင် ရှိနေကာ ဓားသွားမှာ တောက်ပပြီး ကျယ်ပြန့်ကာ ထူထဲလှသည်။
"အရင်က ဝက်သားဆိုင်မှာတုန်းက ရှင့်ဓားက အရမ်းဟောင်းနေပြီး ဓားသွားတောင်ပဲ့နေတာ ကျွန်မ မြင်ခဲ့တယ်။ တိုက် တိုက်ဆိုင်ဆိုင် ကျွန်မ မကြာသေးခင်က အမြတ်နည်းနည်း ရထားတာနဲ့ ဒီမွေးနေ့ဆိုတာ မရှိရင်တောင် ရှင့်အတွက် လက်ဆောင်အဖြစ် ဓားတစ်လက် လဲပေးချင်နေတာ"
ယွီရွေ့ကျူး မျက်တောင်လေး ပုတ်ခတ်လိုက်၏။
"ရှင် ဓားကို စမ်းကြည့်ချင်လား၊ သုံးရတာ အဆင်ပြေလားလို့။ အသားဆိုင်မှာ အသားတစ်တုံးရှိတယ်၊ ရှင် သွားဖြတ်ကြည့်မလား"
ဒီဓားကို မြင်လိုက်ရပြီးနောက် ဟော်ချန်ယဲ့၏ မတည်ငြိမ်သော စိတ်ခံစားချက် အားလုံးမှာ ရုတ်တရက်တည်ငြိမ်သွားပုံရလေသည်။
သူ လက်ထဲရှိ ဓားကို ငုံ့ကြည့်ရန် မျက်လွှာချလိုက်ပြီး အရှိန်လျှော့ကာ ငြင်းဆိုလိုက်၏။
"ဟင့်အင်း၊ မင်းစေတနာကို ကျေးဇူးတင်ရမယ်။ ငါ့ဓားက ငါ့အဖေ သုံးခဲ့တာ၊ အမွေဆက်ခံခဲ့တာပါ။ အဲ့ဒီဓားက နှစ်ပေါင်းများစွာ သုံးရတာ သိပ်မလွယ်ဘူးဆိုတာ ငါ သိပေမဲ့ ငါ အဲ့ဒီဓားကိုပဲ ဆက်သုံးနေတာ”
"အာ..."
ယွီရွေ့ကျူး ခေတ္တမျှ စဉ်းစားလိုက်သော်လည်း အမြန်ပင် စကားပြောလိုက်သည်။
"ရသည်၊ ဘာပဲဖြစ်ဖြစ် ကျွန်မက ကျွန်မဘက်က အစွမ်းကုန် လုပ်ပေးချင်ရုံပါ။ ဓားကို ရှင့်အတွက် လက်ဆောင်အဖြစ် ဝယ်လာတာဆိုတော့ ရှင် ဘယ်လိုပဲ ကိုင်တွယ်ပါစေ အဲ့ဒါ ရှင့်ဆုံးဖြတ်ချက်ပါပဲ။ ကျွန်မကတော့ ဓားအသစ်နဲ့ဆိုရင် ရှင် အသားဖြတ်ရတာ ပိုလွယ်မယ်လို့ ထင်လို့ပါ"
သူမ ပြုံးလိုက်၏။
"ဘာပဲဖြစ်ဖြစ် ရှင်က ဒီနေ့ မွေးနေ့ရှင်ပဲလေ၊ ရှင့်စကားက အကြီးဆုံးပေါ့"
ဟော်ချန်ယဲ့ စကားမပြောပေ။ သူ၏ ကြမ်းတမ်းသောလက် ချောင်းက ဝက်သတ်ဓား အသစ်စက်စက်ကို ပွတ်သပ်နေပြီး ၎င်းကို အချိန်အတော်ကြာ ငုံ့ကြည့်နေပြီးမှ အပြင် သေတ္တာကို ပိတ်လိုက်လေသည်။
ညဘက် အိပ်ရာဝင်ချိန်တွင် သူတို့နှစ်ဦးမှာ ခန်ပေါ်တွင် လှဲနေကြပြီးစောင်ဖြင့် ခြားထားလေသည်။
ယွီရွေ့ကျူး လှဲလိုက်ပြီးနောက် ဟော်ချန်ယဲ့အခြေအနေကို သေချာမမြင်ရသလို သူမလည်း အနည်းငယ် အိပ်ငိုက်နေသော်လည်း မပြီးသေးသော အရာတစ်ခုရှိနေသေးသည်ကို သတိရသဖြင့် လှဲနေရာမှ ပြောလိုက်၏။
" မွေးနေ့သီချင်း မဆိုရသေးဘူး၊ အဲ့ဒါက နည်းနည်းမပြည့်စုံသလိုပဲ၊ ဆိုပြီးမှ အိပ်ကြရအောင်"
ဟော်ချန်ယဲ့ ငြင်းဆိုရန် အချိန်မရလိုက်ခင်မှာပင် တိတ်ဆိတ်နေသော အခန်းထဲတွင် အလွဲလွဲအချော်ချော် ဖြစ်နေသော ပျော်ရွှင်စရာ မွေးနေ့သီချင်းသံ ထွက်ပေါ်လာလေတော့ သည်။
ဟော်ချန်ယဲ့ အိပ်ရာထဲ၌ မျက်လုံးမှိတ်ကာ လှဲနေပြီး ခေါင်းကို အနည်းငယ် လှည့်လိုက်ရာ ခန်ထိပ်ရှိဓားထည့်ထားသော သေတ္တာမှာ သူ့ရှေ့တည့်တည့်တွင် ရှိနေ၏။
သူ အိပ်စက်ရသည်မှာ အမြဲတစေမကောင်းခဲ့သော်လည်း ယနေ့တွင်မူ အလွန်ပင် လျင်မြန်စွာအိပ်ပျော်သွားပြီး အလွန်ကောင်းမွန်သော အိပ်မက်တစ်ခု မက်ခဲ့ရသည်။
ထိုအိပ်မက်က လှပလွန်းသဖြင့် သူ့နှုတ်ခမ်းထောင့်များမှာ အလွန်တောင့်တောင့်ကြီးဖြင့်ပင် ကွေးတက်သွားလေတော့သည်။
နောက်တစ်နေ့တွင် ဓားမလဲနိုင်ဟု ပြောခဲ့သော ဟော်ချန်ယဲ့မှာ မနက်စောစော အပြင်မထွက်ခင် ခန်ဘေး၌ အချိန်အတော်ကြာရပ်ကာ စဉ်းစားနေပြီးနောက် နောက်ဆုံးတွင် ဓားကို ယူဆောင်ကာ ဝက်သားဆိုင်သို့ ယူသွားလေတော့ သည်။
အမာရွတ်နှင့် ဓားဟောင်းကြီးမှာ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ခြင်းကြောင့် ဝန်ပိနေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ အသားနှင့် အရိုးကို ခုတ်ခြင်းမှာ အမှန်စင်စစ် ဟော်ချန်ယဲ့၏ ကိုယ်ပိုင်ခွန်အားပေါ်၌သာ မူတည်နေခြင်း ဖြစ်၏။ ဓားမှာ အလွန်တုံးနေပြီး ဓားသွား၌လည်း ဟာကွက်ရှိနေသည်။ ရှဲ့ချီစကားအရဆိုလျှင် ဤသည်ကို လဲလှယ်သင့်သည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း ဟော်ချန်ယဲ့ အမြဲတမ်းငြင်းဆိုခဲ့သည်။
ဟော်ချန်ယဲ့ ဓားအသစ် ယူဆောင်လာသည်ကို မြင်သော အခါ ရှဲ့ချီ အတော်လေး အံ့အားသင့်သွား၏။
"အစ်ကိုဟော်၊ ဓားလဲလိုက်တာလား"
"ဟင့်အင်း"
ဟော်ချန်ယဲ့ ဓားအသစ်ကို အကြိမ်အနည်းငယ်ဖွင့်ကြည့်ကာ ၎င်းပေါ်ရှိ ဓားရိုးကို ထိတွေ့ပြီးနောက် သေတ္တာထဲ ပြန်လည်ထည့်သွင်းလိုက်ကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"တစ်ယောက်ယောက်က ငါ့ကို ဓားတစ်လက် ပေးလိုက်လို့ အပိုအဖြစ် ယူလာတာပါ”
ရှဲ့ချီမှာမူ ပျော်ရွှင်နေဆဲပင်။
"ဟေး၊ အစ်ကိုဟော်၊ အစ်ကို့ဓားကို လဲသင့်တာကြာပြီလို့ ကျွန်တော် ပြောသားပဲ။ အခု အစ်ကို သုံးနေတဲ့ ဓားက အရမ်းတုံးနေတာ၊ အသားတစ်တုံးဖြတ်ဖို့တောင် အားအများကြီး စိုက်ရတယ်။ ဦးလေး ချန်ထားခဲ့တာဆိုပေမဲ့ ပုံမှန်အတိုင်း ပြောရရင် အမွေဆက်ခံတဲ့အရာကို သိမ်းဆည်းထားသင့်ပြီး တကယ် သုံးဖို့အတွက်ကတော့ အသစ်တစ်လက်နဲ့ အစားထိုးရမှာပဲ"
ထို့နောက် သူ သတိဝင်လာပြီး ကြောင်အမ်းသွား၏။
"နေဦး အစ်ကိုဟော်၊ အစ်ကို့ကို ဘယ်သူက ဓားပေးတာလဲ။ ဘယ်သူက အစ်ကို့ကို ဓားပေးတာလဲ။ ကျွန်တော် ဘာလို့ မသိရတာလဲ"
ဟော်ချန်ယဲ့ မျက်လွှာချလိုက်ပြီး သူမ၏ နာမည်ကို ဆိုလိုက်သည်။
"ယွီရွေ့ကျူး"
ရှဲ့ချီမှာ ဆွံ့အသွားရ၏။
ရှဲ့ချီ ကြောင်အမ်းသွားရသည်။
"မဟုတ်ဘူး၊ တစ်ခုခု မှားနေပုံပဲ၊ ယွီရွေ့ကျူး၊ အစ်ကိုတို့ ဆက်ဆံရေး မကောင်းဘူး မဟုတ်လား။ သူမက ဘာလို့ အစ်ကို့ကို လက်ဆောင် ရုတ်တရက် ပေးရတာလဲ အစ်ကိုဟော်။ ပြီးတော့ အစ်ကိုကော အစ်ကိုဟော်၊ မကြာသေးခင်က တစ်ခုခု ဖြစ်နေတာလား"
"အစ်ကိုဟော်၊ အစ်ကိုကတော့”
ရှဲ့ချီက တုံ့ဆိုင်းနေပြီးမှ စကားဆိုလိုက်၏။
"အစ်ကို ယွီရွေ့ကျူးနဲ့ တကယ်ပဲ အတူတူနေချင်နေတာလား၊ အစ်ကို သူမကို သဘောကျနေတာလား"
ဟော်ချန်ယဲ့၏ မည်းနက်သော မျက်ဝန်းများမှာ တုန်လှုပ်သွားပြီးနောက် ခေါင်းလှည့်ကာ မျက်မှောင်ကြုတ်လျက် မျက်နှာအမူအရာက လျင်မြန်စွာပြောင်းလဲသွားသည်။
"ငါ သူမကို သဘောကျတယ်တဲ့လား။ ရှုပ်ထွေးတာတွေ လျှောက်မပြောနဲ့ ရှဲ့ချီ၊ သူမနဲ့ ငါနဲ့က မဖြစ်နိုင်ဘူး။ ငါ အစကတည်းက ပြောခဲ့ပြီးသားပဲ၊ အခုလည်း ငါတို့ နှစ်ယောက်က လမ်းကြောင်းတူ လူတွေ မဟုတ်ဘူး။ ခဏနေရင် ငါတို့ ကွာရှင်းကြမှာပါ။ ငါတို့က အတင်းအကျပ် ပေါင်းပေးခံထားရတာပဲ၊ ငါက ဘယ်လိုလုပ် ယွီရွေ့ကျူးကို သဘောကျမှာလဲ"
သူက နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ကာ အပြတ်အသတ် ပြောလိုက်လေသည်။
"ငါ ယွီရွေ့ကျူးနဲ့ အတူနေဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး၊ ယွီရွေ့ကျူးကို သဘောကျဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
ပုံမှန်အားဖြင့် စကားနည်းသော ဟော်ချန်ယဲ့က ရုတ်တရက် ဤမျှ ရှည်လျားသော စကားစုကို ပြောလိုက်သဖြင့် ရှဲ့ချီမှာ အနည်းငယ်ကြောင်အမ်းသွားရ၏။ တစ်ခုခု မှားယွင်းနေသည်ဟု သူ ဝိုးတဝါး ခံစားလိုက်ရသည်။
သို့သော် သူ မစဉ်းစားနိုင်ခင်မှာပင် မလှမ်းမကမ်းရှိ လမ်းဆုံမှ လူတစ်ယောက်ပြေးလာလေသည်၊ ထိုသူမှာ တစ်ရွာတည်းသားဖြစ်သည့် အားရှောင်ပင်။
အားရှောင်၏ဇနီးမှာလည်း တာတုန်းရွာမှဖြစ်ပြီး ယွီရွေ့ကျူးနှင့် တစ်ရွာတည်းသားများဖြစ်ကြ၏။
ယခုအချိန်တွင် ပြေးလာသော အားရှောင်၏ပုံစံကို ကြည့်ပြီး ရှဲ့ချီ အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်၏။
"အားရှောင်၊ ဘာဖြစ်လို့လဲ၊ ဘာလို့ ဒီလောက် ပျော်နေတာလဲ၊ ဘာထူးလို့လဲ"
အားရှောင် ပျော်ရွှင်စွာ ရောက်ရှိလာပြီး အဝေးမှပင် စတင် အော်ဟစ်လေတော့သည်။
"သတင်းကောင်း၊ သတင်းကောင်း။ အချိန်အတော်ကြာပြီးနောက် ငါတို့ရွာနဲ့ တာတုန်းရွာကြားက ပြိုကျနေတဲ့ တောင်လမ်းကို နောက်ဆုံးတော့ ပြင်ပြီးသွားပြီ၊ ငါတို့ ပြန်သွားလို့ ရပြီဟေ့"
"ငါ့မိန်းမက မနက်ဖြန် အိမ်ပြန်မယ်လို့ပြောနေတာ၊ သူ မစောင့်နိုင်တော့ဘူး။ ဒါက တကယ်ကောင်းတယ်၊ အကြာကြီး မိဘအိမ် မပြန်ရလို့ ငါ့မိန်းမ ငိုနေတာ။ ရွာက လူတစ်စုက တော်တော် အသုံးကျတာပဲ၊ ငါ ဘယ်လောက်ပဲ မပြင်ခိုင်းပြင်ခိုင်း သူတို့က လမ်းဖောက်ဖို့ အလုအယက်ကူညီပေးကြတယ်"
"အစ်ကိုဟော်"
အားရှောင် ဟော်ချန်ယဲ့ကို လက်ညှိုးထိုးကာ သွားများပေါ် သည်အထိ ရယ်ပြလိုက်၏။
"အစ်ကိုဟော်၊ အစ်ကို့မိန်းမကလည်း တာတုန်းရွာကပဲ မဟုတ်လား၊ ဒါဆို မနက်ဖြန် ငါတို့ အတူတူ ပြန်လို့ရတာပေါ့၊ တကယ့် ဝမ်းသာစရာပဲ”
ရှဲ့ချီသည်လည်း ဤအကြောင်းကို ကြားသိရသည့်အခါ ဝမ်းမြောက်သွားသည့်ပုံ ရလေ၏။
စင်စစ် ဤသည်မှာ အမှန်ပင်ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပေသည်။ ဤသို့ ပြိုကျနေသည့် တောင်လမ်းကို ပြင်ဆင်ပြီးသွားပြီ ဖြစ်သဖြင့် အစ်ကိုဟော်နှင့် ယွီရွေ့ကျူးတို့မှာ ကွာရှင်းရန်အတွက် ပြန်သွားနိုင်ပြီ ဖြစ်၏။ အစ်ကိုဟော်သည်လည်း နောက်ဆုံး၌ တစ်ဦးကိုတစ်ဦး မုန်းတီးနေကြသော သူနှင့် တစ်မိုးအောက်တည်းတွင် ဆက်လက်နေထိုင်ရန် မလိုတော့ဘဲ ဤနှိပ်စက်မှုကို အဆုံးသတ်နိုင်တော့မည် ဖြစ်သည်။
သူသည် စိတ်လှုပ်ရှားစွာဖြင့် သတင်းကောင်းကို ပြောပြရန် လှည့်လိုက်လေသည်။
"အစ်ကိုဟော်၊ အားရှောင်ပြောတာ ကြားလား၊ အစ်ကို အိမ်ပြန်လို့ ရပြီ၊ တောင်လမ်းကို ပြင်ပြီးသွားပြီတဲ့"
သို့ရာတွင် သူ လှည့်ကြည့်လိုက်သည့်အခါ ဝက်သားဆိုင်၏ အနီရောင်တဲအောက်၌ ဟော်ချန်ယဲ့မျက်နှာမှာ အလွန်တင်း မာနေပြီး မည်းနက်သော မျက်ဝန်းတို့မှာ ရှေ့ရှိအသားစဉ်းတီတုံးကိုသာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူသည် တစ်စုံတစ်ခုကို ကြည့်နေသကဲ့သို့ သော်လည်းကောင်း၊ သို့မဟုတ် အာရုံများ လွင့်ပျံ့နေသကဲ့သို့ သော်လည်းကောင်း ဖြစ်နေလေသည်။
ရှဲ့ချီက ဟော်ချန်ယဲ့ကို ထပ်မံ ခေါ်လိုက်ပြန်သည်။
"အစ်ကိုဟော်"
ဟော်ချန်ယဲ့သည် သူ့ကို ကြည့်ရန်အတွက် ဦးခေါင်းကိုဖြည်း ညင်းစွာလှည့်လာ၏။