အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
🐽 Chapter 55
ရှဲ့ချီမှာမူ အလွန် ဝမ်းသာနေမိသည်။ ယခင်က ဟော်ချန်ယဲ့ ပြောခဲ့သည် မဟုတ်ပါလား။ သူသည် ယွီရွေ့ကျူးအပေါ် မည်သည့် ခံစားချက်မျှ မရှိဘဲ အတူတကွ မနေထိုင်နိုင်ဟု ပြောခဲ့ဖူးရာ ဤသည်မှာ အသင့်တော်ဆုံး အခွင့်အရေးပင် ဖြစ်သည်။
အစ်ကိုဟော်သည် နောက်ဆုံး၌ ယွီရွေ့ကျူးနှင့် ခွဲခွာနိုင်ပြီ ဖြစ်ရာ အစ်ကိုဟော် အလွန်ပျော်ရွှင်နေမည်မှာ ဧကန်ပင်။
သူက ခေါင်းမော့ကြည့်လိုက်ရာ ဟော်ချန်ယဲ့မှာ အလွန်ပျော်ရွှင်နေ၍လော သို့မဟုတ် အဘယ်ကြောင့်နည်း မသိရဘဲ မျက်နှာမှာ တောင့်တင်းနေလျက် စကားပြောရန် အချိန်အတော်ကြာ ယူလိုက်ရ၏။
သူက ပြန်လည် ပြောလိုက်လေသည်။
"ငါ ကြားပါတယ်၊ ဒါ တကယ် သတင်းကောင်း တစ်ခုပဲ”
အခြားတစ်ဖက်၊ တာတုန်းရွာ။
တောင်လမ်းကို ပြင်ဆင်ပြီးသည့်နောက်၌ စုန့်ချင်းရှန်းသည် ရွာသို့ အရင်ဆုံး ပြန်လည်ရောက်ရှိလာခဲ့လေသည်။
ရွာတွင် နာမည်ကျော်ကြားသည့် တက္ကသိုလ်ကျောင်းသားတစ်ဦး အနေဖြင့်လည်းကောင်း၊ အပြင်လောကသို့ ပျံသန်းသွားသော ရှားပါးသည့် ရွှေဟင်္သာတစ်ကောင် အနေဖြင့်လည်းကောင်း၊ သူ ရွာသို့ ပြန်လည်ရောက်ရှိသည့်အခါ မြို့နယ်တွင် အလုပ်အကိုင်ရရှိပြီး နိုင်ငံတော်က ကျွေးမွေးသော ထမင်းကို စားသုံးနေရခြင်း ဖြစ်ပေသည်။
သူသည် ယွီရွေ့ကျူးနှင့် ရှုပ်ထွေးသည့် ဆက်ဆံရေးရှိခဲ့လျှင်ပင်၊ သို့မဟုတ် ကိုယ်ကျင့်တရားပျက်ပြားသည့် အကြွေး တင်သူတစ်ဦး ဖြစ်နေလျှင်ပင်၊ မည်သူမျှ သူ့ကို ရန်စ၍ တရားမျှတမှုအကြောင်း ပြောဆိုရဲသူ မရှိပါပေ။
ရွာရှိ လူအများစုမှာ ယွီရွေ့ကျူးကိုသာ လှောင်ပြောင်လိုကြခြင်း ဖြစ်၏။ ယွီရွေ့ကျူးသည် စုန့်ချင်းရှန်းကို တွယ်ကပ်လိုနေပြီး နောက်ဆုံးတွင် ကြက်လည်းပျောက် ဆန်လည်းဆုံး ဖြစ်သွားရသည်ကို ရယ်စရာတစ်ခုကဲ့သို့ ပြောဆိုကြလေသည်။
စုန့်ချင်းရှန်း ပြန်လာသည်ကို သိရှိရသဖြင့် အိမ်နီးနားချင်း အများအပြား ရောက်ရှိလာကြပြီး အချို့မှာမူ တံတိုင်းကိုပင် ကျော်လွန်ကြည့်ရှုကြရ၏။ ဤတက္ကသိုလ်ကျောင်းသားမှာ ယခုအခါ မည်သို့သော ပုံစံဖြစ်နေပြီနည်းဟု သိမြင်လိုကြခြင်းကြောင့် ဖြစ်သည်။
စုန့်မိသားစုမှာ လမ်းဘေးရှိ ကန်တစ်ခု၏အနီးတွင် နေထိုင်ကြရ၏။
စုန့်ချင်းရှန်းသည် အခန်းအတွင်း၌ စာအုပ်ကို ဟိုလှန်ဒီလှန် ပြုလုပ်နေပြီး အပြင်ဘက်မှ ဆူညံသံများကို နားစွင့်ရင်း ရွာသားတို့၏ အမျိုးမျိုးသော အကြည့်တို့ကို စက်ဆုပ်ရွံရှာနေမိလေသည်။
ရှားရှားပါးပါး ပြန်လာခြင်းကိုပင် ရွာရှိလူများမှာ ယခုတိုင် ယုတ်ညံ့နေဆဲဖြစ်ပြီး ယင်ကောင်အုပ်ကြီးနှင့်ပင် တူလှပေသည်။
စုန့်ချင်းရှန်း၏မိခင်မှာမူ အလွန်ဝမ်းမြောက်နေရ၏။ လူတိုင်း၏ မနာလိုသော အကြည့်တို့ဖြင့် ဝိုင်းရံခံထားရသည့် ခံစားချက်ကို သူမ သဘောကျနေခြင်းဖြစ်သည်။ သူမ ပျော်ရွှင်စွာ ဆော့ကစားပြီး အိမ်ထဲသို့ ဝင်လာသည့်အခါ စုန့်ချင်းရှန်းကို ရွာထဲတွင် မကြာသေးမီဖြစ်ပျက်ခဲ့သည့် အကြောင်း အရာများကိုပြောပြရန် မအောင့်နိုင်အောင် ဖြစ်နေရလေသည်။
သူမက ပြောပြလိုက်၏။
"သူ့မွေးနေ့ ကျင်းပတာပဲ၊ ငါ ပြောပြမယ်၊ အဲ့ဒီယွီရွေ့ကျူးကို သူ့မိဘတွေက ဘေးရွာက မျက်နှာမှာအမာရွတ်ရှိတဲ့ ဝက်သတ်သမားနဲ့ ပေးစားလိုက်ပြီလေ၊ နင် မသိဘူးလား၊ မင်္ဂလာမဆောင်ခင် နှစ်ရက်အလိုမှာ ယွီရွေ့ကျူးက နင့်ကိုပဲ လိုက်ရှာနေတာလေ၊ နင်နဲ့မှ မရရင် မယူဘူးလို့တောင် ပြောနေတာ၊ ဟားဟားဟား ရယ်စရာကြီးပဲ"
စုန့်အမေက ဆက်လက်၍ ပြောဆိုပြန်သည်။
"နင် ပြောကြည့်စမ်းပါဦး၊ သူမက ဘေးရွာကို လက်ထပ်သွားတော့ ဘာစားစရာ ကောင်းတာတွေရှိမှာလဲ၊ အဲ့ဒီ ဝက်သတ်သမားက အရမ်းရိုင်းစိုင်းပြီး ဒေါသကြီးတယ်လို့ ပြောကြတယ်၊ သူတို့ နှစ်ယောက် နေ့တိုင်းရန်ဖြစ်နေကြမှာ မလွဲဘူးပေါ့"
"ငါ ပြောပြမယ်၊ နင် ယွီရွေ့ကျူးနဲ့ အစတုန်းက အတူမရှိခဲ့တာ မှန်တာပေါ့၊ အခု နင် တွဲနေတဲ့ မြို့က ကောင်မလေးက ဘယ်လောက်တောင် အစွမ်းထက်သလဲ၊ သူ့မိဘတွေက အရာရှိတွေချည်းပဲလေ၊ သူက နင့်ကို ဘယ်လောက်တောင် ကူညီပေးနိုင်မလဲ၊ အဲ့ဒီ ယွီရွေ့ကျူးနဲ့ ဘယ်လိုလုပ်ယှဉ်လို့ရမှာလဲ၊ ရုပ်လေး နည်းနည်းလှတာကလွဲရင် ကျန်တာ ဘာမှ မလုပ်တတ်တဲ့ဟာပဲလေ”
စုန့်အမေက စိတ်ဝင်တစားနဲ့ ပြောလေလေ ပိုပျော်လာလေလေ ဖြစ်ပြီးထပ်ပြောပြန်ရသည်။
"ယွီရွေ့ကျူး ယောင်္ကျားယူပြီးကတည်းက ခုထိပြန်မလာသေးဘူး။ တောင်လမ်းပြိုကျလို့ ပြန်မလာနိုင်တာလို့ ပြောတာပဲ။ ဒါပေမယ့် ငါ့အထင်တော့ သူမ အဲ့ဒီမှာ ဆက်နေနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"
"နင် မယုံရင် ချင်းရှန်း၊ ကြည့်နေလိုက်။ ယွီရွေ့ကျူး နောက်နှစ်ရက်လောက်ဆိုရင် သူ့ယောကျ်ားနဲ့ အသွားအပြန် လုပ်နေတာကို မြင်ရလိမ့်မယ်။ နင် ပွဲကောင်း ကြည့်ရမှာပါ။ သူမ မျက်နှာမှာ ဒဏ်ရာတွေတောင် ပါလာမလား မသိဘူး၊ အဲ့ဒီ ရိုင်းစိုင်းတဲ့ ဝက်သတ်သမားက ရိုက်လိုက်တာလေ!"
"သူမ မင်္ဂလာဦးညတုန်းက ဆေးရုံတောင် ရောက်သွားတယ်လို့ ကြားတယ်။ ရယ်စရာကြီး”
စုန့်ချင်းရှန်း ဒါကို ကြားလိုက်ရတဲ့အခါ အမျိုးမျိုးသော အလုပ်တွေနဲ့ မောက်မာတဲ့ မြို့ပြမိန်းကလေးတွေကြောင့် နွမ်းနယ်နေတဲ့ သူ့ဦးနှောက်ထဲမှာ ယွီရွေ့ကျူးရဲ့ ပုံစံကို ချက်ချင်း ပြန်မြင်ယောင်လာရသည်။
သူမသည် နူးညံ့သိမ်မွေ့ပေ၏။ လှပပြီး သူ့စကားကို အမြဲ နားထောင်တတ်သည့်အပြင်၊ အလုပ်ကိုလည်း ကြိုးစားကာ အိမ်မှုကိစ္စများတွင်လည်း ကျွမ်းကျင်လှပေသည်။
ယွီရွေ့ကျူးက သူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့စဉ်ကမူ မြို့မှ မိန်းကလေး၏မိသားစုမှာ အစွမ်းထက်သဖြင့် သူ့ကို ပိုမို ကူညီနိုင်လိမ့်မည်ဟု သူ ထင်မြင်ခဲ့ခြင်း ဖြစ်၏။
သို့ရာတွင် သူသည် ကျီချိုးရှင်းနှင့် စင်စစ်တွဲလိုက်သည့် အခါ၌မူ ယွီရွေ့ကျူး၏နူးညံ့မှုနှင့် လိမ္မာယဉ်ကျေးမှုတို့ကို သူ ပြန်လည် တမ်းတလာမိလေသည်။
အမှန်စင်စစ် ယွီရွေ့ကျူးနှင့် မဆုံတွေ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
စုန့်ချင်းရှန်းသည် စာအုပ်ကို စိတ်ဝင်တစားဖြင့် ပိတ်လိုက်လေသည်။ ယွီရွေ့ကျူးသည် သူမ၏ခင်ပွန်းနှင့်အတူ မည်သည့်အချိန်တွင် ပြန်လာမည်နည်း ဟူသည်ကို သူ အနည်း ငယ် မျှော်လင့်နေမိလေ၏။
သူသည် ယွီရွေ့ကျူး၏စာအုပ်ကို မလှန်ရသေးပါပေ။ သို့သော် ယခုအခါ သူမသည် အခြားသူတစ်ဦး၏ဇနီးဖြစ်သွားပြီ ဖြစ်ရာ ပိုစိတ်လှုပ်ရှားဖွယ်ရာ ကောင်းနေလေတော့သည်။
သူ တွေးလိုက်မိ၏။
သူမ ပြန်လာတဲ့အခါ၊ အခွင့်အရေးရှာပြီး တစ်ခါလောက် စမ်းကြည့်ဖို့နဲ့ အပျော်ရှာဖို့ဆိုတာ မဖြစ်နိုင်တာမှ မဟုတ်တာ။
Editor note : "စာအုပ်ကို မလှန်ရသေးဘူး" ဟူသော စကားမှာ တရုတ်ဝတ္ထုများတွင် အသုံးများသော တင်စားချက် (ဇာတ်လမ်းမစရသေးခြင်း သို့မဟုတ် ပိုင်ဆိုင်ခွင့်မရသေးခြင်း) ဖြစ်သည်။
🐽 Chapter 56
ညရောက်၍ အိမ်ပြန်ရောက်သည့်အခါ အနည်းငယ်မှောင်နေပြီ ဖြစ်လေသည်။
နွေရာသီတွင် အမြဲတမ်း နေဝင်စောတတ်သည်။
မူလက ယွီရွေ့ကျူးသည် ကိတ်မုန့်ကို မကုန်မည်စိုးသဖြင့် အိမ်နီးချင်းများကို ဝေပေးချင်ခဲ့သော်လည်း ညနေပိုင်း၌ ဟော်ချန်ယဲ့ပြန်လာချိန်တွင် သူက ထမင်းစားပြီးသွားပြီ ဖြစ်သည့်တိုင် ကိတ်မုန့်အကြီးကြီးတစ်တုံးကို တစ်ထိုင်တည်း ဖြည်းဖြည်းချင်းအကုန်စားသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယွီရွေ့ကျူး အံ့သြသွားပြီး မျက်ခုံးပင့်လိုက်ကာ စဉ်းစားနေမိ၏။
ဟော်ချန်ယဲ့က အချိုကြိုက်တာပဲလား။
ဟော်ချန်ယဲ့၏ဝက်သားဆိုင်တွင် နေ့လယ်ဘက် ဗိုက်ဆာလျှင် စားရန် တစ်ခုခုသွားထည့်ပေးရမည်လားဟု စဉ်းစားနေစဉ် ဟော်ချန်ယဲ့၏အသံက အခန်းထဲရှိ တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွဲလိုက်လေသည်။
"ပြီးခဲ့တဲ့ မိုးကြိုးမုန်တိုင်းတုန်းကပြိုကျသွားတဲ့ တောင်လမ်းကို အခုဖွင့်လိုက်ပြီ၊ လမ်းပြင်ပြီးသွားပြီဆိုတော့ မင်း ပြန် သွားလို့ရပြီ"
ဟော်ချန်ယဲ့သည် ခေါင်းမော့ပြီး မည်းနက်သော မျက်လုံးများဖြင့် ယွီရွေ့ကျူးကိုကြည့်လိုက်လေသည်။
ယွီရွေ့ကျူး ခေတ္တ ရပ်တန့်သွားပြီး မျက်ခုံးအနည်းငယ် ပင့်လိုက်ကာ ဆိုလိုက်၏။
"အင်း၊ ဆိုလိုတာက မိဘအိမ်ကို ပြန်လို့ရပြီပေါ့"
“အင်း”
ဟော်ချန်ယဲ့ တုံ့ပြန်လိုက်သည်။
နွေရာသီတွင် အလွန်ပူပြီး ညဘက်လေလည်းမတိုက်သဖြင့် ပြတင်းပေါက်များ ဖွင့်ထားလျှင်တောင် အိုက်စပ်နေဆဲပင် ဖြစ်၏။
အိမ်အပြင်ဘက်မှ ပိုးကောင်လေးများ အော်သံနှင့် သစ်ရွက်များ ပွတ်တိုက်သံများကို ဝိုးတဝါးကြားနေရလေသည်။
အခန်းမှာ အလွန်တိတ်ဆိတ်နေပြီး သူတို့နှစ်ဦးလုံး အချိန်အတော်ကြာ စကားမပြောဖြစ်ကြပေ။
ဤသို့ တိတ်ဆိတ်မှုမျိုးမှာ အနည်းငယ် ပုံမှန်မဟုတ်ဘဲ ဟော်ချန်ယဲ့သည် ယွီရွေ့ကျူးကို မကြည့်ဘဲ ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းလှည့်ကာ တစ်ခုခုကိုစဉ်းစားနေသကဲ့သို့ မျက်မှောင်ကြုတ်နေလေသည်။ ယွီရွေ့ကျူးသည်လည်း ခေါင်းငုံ့ပြီး ခေတ္တမျှစဉ်းစားနေသော်လည်း ဤတိတ်ဆိတ်မှုကို သူမက အရင် စတင်ဖြိုခွဲလိုက်၏။
သူမ ခပ်ဖွဖွလေး ရယ်လိုက်ကာ ပြောလိုက်လေသည်။
"ကောင်းပြီလေ၊ ကျွန်မလည်း လက်ထပ်ပြီးကတည်းက အကြာကြီး ပြန်မသွားရသေးဘူး၊ မိဘတွေလည်း ကျွန်မကို လွမ်းနေလောက်ပြီ၊ ဒါဆို မနက်ဖြန်ပြန်ကြတာပေါ့"
ဟော်ချန်ယဲ့သည် သူမကို ခေတ္တမျှကြည့်ပြီး အကြည့်လွှဲလိုက်ကာ ဆိုလိုက်၏။
"အင်း"
ရာသီဥတုပိုပူလာပြီး ပါးလွှာသော မျက်နှာသုတ်ပုဝါ စောင်လေးတောင် ခြုံ၍မရတော့သဖြင့် ညဘက် အနားယူပြီး လှဲအိပ်သည့်အခါ ယွီရွေ့ကျူးသည် ညဝတ်အင်္ကျီအဖြစ် ပိတ်ကျဲစအင်္ကျီကို တိုက်ရိုက်ဝတ်ထားလိုက်လေသည်။
သူမသည် ခန်ပေါ်တွင် လှဲပြီး မျက်လုံးမှိတ်ကာ ခဏမျှ စဉ်းစားနေမိ၏။ သူမ စိတ်နှလုံးမှာ မှန်တစ်ချပ်ကဲ့သို့ ရှင်းလင်းနေပြီး ဤတစ်ခေါက် ဟော်ချန်ယဲ့ မိဘအိမ်ပြန်လိုက်ပို့ခြင်းမှာ သူမကို ကွာရှင်းပြီးအချိန်အတော်ကြာနေသည့် ဤအိမ်ထောင်ရေးကို အဆုံးသတ်ရန်ဖြစ်ရမည်ဟု တွေးလိုက်သည်။
ယခင်က သူမလက်ထဲတွင် ပိုက်ဆံမရှိသဖြင့် အနည်းငယ် အားနည်းချင်ယောင် ဆောင်ခဲ့သော်လည်း ယခုအခါ မြို့နယ်ထဲတွင် သူမ၏အသားနှပ် စီးပွားရေးစတင်နေပြီဖြစ်ပြီး ဖောက်သည်များကလည်း သူမ မျက်နှာနှင့်ဆိုင်ကို မှတ်မိကြကာ လက်ရာကိုလည်း ယုံကြည်နေကြပြီ ဖြစ်ပေသည်။
ကွာရှင်းပြီးလျှင်လည်း အဆိုးဆုံးမှာ ဟော်ချန်ယဲ့နှင့် ပူးပေါင်းပြီး သူ့ထံမှအသားများကို နှပ်ရန်ပြန်ဝယ်ယူရုံသာဖြစ်ပြီး စီးပွားရေးမှာ ဆက်သွား၍ရနေဆဲပင်။
ထို့အပြင် သူမလက်ထဲတွင် ယခု စုဆောင်းထားသော ပိုက်ဆံ အများကြီး ရှိနေပြီ ဖြစ်သည်။ ထိုငွေပမာဏမှာ မိသားစုတစ်စု၏ တစ်နှစ်စာဝင်ငွေနှင့် ညီမျှပြီး ဟော်ချန်ယဲ့ကို တစ်ဝက်ပေးရလျှင်တောင်မှ အများကြီးကျန်နေသေးကာ ဆက်ပြီး စီးပွားရေးလုပ်နိုင်ဦးမည်ဖြစ်ပေသည်။
သူမ ငွေသေတ္တာထဲမှ ငွေစက္ကူများကိုတွေးပြီး ယွီရွေ့ကျူး တည်ငြိမ်သွားလေသည်။
တရားမျှတစွာ ပြောရလျှင် ဟော်ချန်ယဲ့၏ ခန္ဓာကိုယ်နှင့် အသွင်အပြင်မှာ ယွီရွေ့ကျူးအတွက် အမှန်ပင် ဆွဲဆောင်မှု ရှိလှ၏။ သို့သော် ဟော်ချန်ယဲ့က သူမကို ကွာရှင်းရန် ဖိအားပေးနေမည်ဆိုလျှင်လည်း အတင်းအကျပ်တားဆီးနေရန် မလိုအပ်ပေ။ မည်သို့ဆိုစေကာမူ သူမက တစ်ဦးတည်းလည်း ရပ်တည်နိုင်ပေသည်။
သူမ၏စိတ်ထဲတွင် အခြားသော အတွေးများ ရှိနေသေးသော် လည်း အများကြီးမတွေးတော့ပေ။ ဘာပဲဖြစ်ဖြစ် စစ်သားများ လာလျှင် ရေကိုပိတ်ပြီး မြေပြင်ကို ဖုံးအုပ်ရမည်ဖြစ်ကာ ပြန်လည် နာလန်ထူရန်က ပိုအရေးကြီးလေသည်။
မျက်လုံးများကို မှိတ်ပြီး သူမ လျင်မြန်စွာအိပ်ပျော်သွားလေ၏။
တစ်ဖက်ရှိ ဟော်ချန်ယဲ့သည် ယွီရွေ့ကျူးကို ကျောခိုင်းကာ မျက်လုံးမှိတ်၍ ခဏမျှလှဲနေပြီးနောက် မသိလိုက်မိပဲ အလိုအလျောက် ဘေးရှိ ခန်အစွန်းဘက်သို့ မျက်လုံးပင့်ကြည့်လိုက်မိလေသည်။
သူ့ခန္ဓာကိုယ်မှာ ပြေလျော့သွားပြီး ၎င်းအစား တဖြည်းဖြည်း ကျုံ့လာသော မျက်မှောင်များနှင့် စိတ်ထဲတွင် အဆက်မ ပြတ် ရှုပ်ထွေးနေသော အတွေးတစ်ခု ဝင်ရောက်လာလေ၏။
ညဘက် အပူချိန်မှာ အချိန်ကြာလာသည်နှင့်အမျှ တဖြည်း ဖြည်း အေးလာပြီး ဟော်ချန်ယဲ့၏စိတ်မှာ တွေးလေလေပို၍ နိုးကြားလာလေလေဖြစ်ကာ အိပ်ငိုက်ခြင်းအလျဥ်းမရှိတော့ပေ။ သူသည် စောင်တစ်ထည်ခြားလျက် ခန်ပေါ်တွင် လှဲနေသော ယွီရွေ့ကျူးကိုနောက်လှည့်ကြည့်လိုက်သော်လည်း သူမက ငြိမ်းချမ်းစွာ လှဲအိပ်နေပြီး အသက်ရှူသံ ညီညာကာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရလေသည်။
ဟော်ချန်ယဲ့သည် မနေနိုင်တော့ဘဲ နှုတ်ခမ်းကို စေ့လိုက်ကာ အနည်းငယ် ဒေါသထွက်ပြီးစိတ်တိုသွားလေ၏။
ယွီရွေ့ကျူးက ဘာလို့ အမြဲတမ်း..
သူ အိပ်မပျော်ဘဲ ဟိုလှိမ့်ဒီလှိမ့်နှင့် တွေးတောနေရတိုင်း ယွီရွေ့ကျူးက အိပ်ပျော်သွားတတ်လေသည်။
သူမ အိပ်စက်ခြင်း အရည်အသွေးက ထိုမျှကောင်းနေသည်လား၊ အိမ်ပြန်ရောက်သည့်အခါ သူတို့နှစ်ယောက် မည်သို့ဆက်လုပ်ကြမည် ဆိုသည့်အကြောင်း မတွေးမိသလော။ သူမက ထိုမျှကြီးကျယ်ပြီး ဂရုတစိုက်မရှိလှသည်ပေါ့။
သူသည် မွန်းကြပ်စွာဖြင့် ခန္ဓာကိုယ်ကို လှည့်ကာ ခေါင်းအုံးပေါ်တွင် ခေါင်းအုံးပြီး တစ်ဖက်သို့ လှည့်ရန် ပြင်ဆင်လိုက်သည်၊
အိပ်တော့မယ်။
ယွီရွေ့ကျူးက သူ ဘာလုပ်နေလဲဆိုတာကိုတောင် ဂရုမစိုက်တာ၊ သူက ဘာသွား ဂရုစိုက်နေရမှာလဲ။
ထိုသို့တွေးနေသော်လည်း ဟော်ချန်ယဲ့သည် ညလယ်အထိ အိပ်မပျော်ဘဲနေခဲ့ရပြီး ကောင်းကင်တွင် မိုးခြိမ်းသံ အနည်း ငယ် ကြားလိုက်ရသော်လည်း ကံကောင်းထောက်မစွာဖြင့် မိုးဖွဲဖွဲလေးသာရွာပြီး ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ မိုးသည်း ထန်စွာ မရွာသွန်းခဲ့ပေ။
နောက်တစ်နေ့ မနက်စောစော ရောက်သည့်အခါ မြေကြီးများ ခြောက်သွေ့နေပြီဖြစ်ပြီး မိုးရွာမည့် အရိပ်အယောင် လုံးဝမရှိတော့ပေ။
ဟော်ချန်ယဲ့ စောစောထကာ ဝက်သားဆိုင်သို့ သွားပြီး အကောင်းဆုံး အသားအချို့ကိုဖြတ်၍ ကြိုးဖြင့်သီကာ အိမ်ပြန်လက်ဆောင်အဖြစ် ယူသွားရန်ပြင်ဆင်လိုက်လေသည်။
သူ ပြန်ရောက်သည့်အခါ ယွီရွေ့ကျူးသည် ပစ္စည်းများ သိမ်းဆည်းပြီးဖြစ်ကာ သူမ၏စကတ်ကို သပ်ရပ်အောင် ပြင်ဆင်ပြီး တံခါးဝတွင်ရပ်နေလေသည်။
ရွာနှစ်ရွာကြားတွင် တောင်တစ်လုံးရှိပြီး တောင်လမ်းမှာ သွားရခက်ခဲသဖြင့် ထိုအချက်ကပင် ရွာနှစ်ရွာကြား သတင်းအချက်အလက် စီးဆင်းမှု အနည်းငယ် နှေးကွေးရခြင်း၏ အကြောင်းရင်း ဖြစ်လေသည်။
ယင်းကြောင့် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့သည် စောစောထပြီး ပစ္စည်းများ သိမ်းဆည်းကာ စောစော ထွက်ခွာရန် လိုအပ်လေသည်။ မဟုတ်ပါက တာတုန်းရွာတွင် စောင့်နေရသည်မှာ နောက်ကျသွားပြီး နေ့လယ် ရောက်သွားလိမ့်မည် ဖြစ်၏။
ယွီရွေ့ကျူးသည် အနည်းငယ် အိပ်ငိုက်နေသေးသော်လည်း ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သည့်အချိန်အတန်ကြာက မြို့နယ်တွင် ဆိုင်သွားခင်းရန် စောစောထခဲ့ရသဖြင့် ဇီဝနာရီကို အနည်းငယ် ပြုပြင်နိုင်ခဲ့လေသည်။
ကောင်းကင်မှာ အနည်းငယ် အုံ့မှိုင်းနေဆဲဖြစ်ပြီး ဝက်သားဆိုင်ကိုမူ ဟော်ချန်ယဲ့က ရှဲ့ချီကို ကြိုတင်၍ သော့ပေးထားကာ သူ့အား ဂရုစိုက်ခိုင်းထားခဲ့လေသည်။ အိမ်ပြန်ရောက်သည့်အခါ ဝက်သားနှင့် အခြားပစ္စည်းများကို စက်ဘီးလက်ကိုင်ပေါ်တွင် ချိတ်ဆွဲလိုက်ပြီး တံခါးကို သော့ခတ်ကာ ယွီရွေ့ကျူးကို သူ့စက်ဘီးဆီသို့ လာရန်အချက်ပြလိုက်လေသည်။
ယခုအချိန်တွင် နောက်ခုံတွင် အခင်းထူထူတစ်ခု ခင်းထားပြီး ဟော်ချန်ယဲ့သည် ယွီရွေ့ကျူး ဂျစ်ကန်ကန်နိုင်မှန်း သိထားသဖြင့် ကြမ်းတမ်းသော တောင်လမ်းနှင့် ပေါင်းစပ်လိုက်ပါက လမ်းတစ်လျှောက်လုံး စက်ဘီးစီးရမည်ဖြစ်၍ သူမ ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ ပြင်ဆင်ထားခြင်းဖြစ်၏။
သို့သော် ယွီရွေ့ကျူးသည် မျက်တောင်လေး ပုတ်ခတ်၊ပုတ်ခတ်လုပ်ကာ ခေတ္တမျှငြင်းဆန်လိုက်ပြီး သူမက ဟော်ချန်ယဲ့ဆီသို့ ပျင်းရိစွာ မှီချလိုက်ကာ သူ့ရင်ခွင်ထဲသို့ တိုးဝင်ပြီး စက်ဘီး၏ ၂၈ တန်းပေါ်တွင် ထိုင်လိုက်လေသည်။
"ကျွန်မ ဒီမှာပဲ ထိုင်မယ်"
ယွီရွေ့ကျူးသည် ယနေ့တွင် အနီရောင် အစက်အပြောက်လေးများပါသည့် စကတ်တိုလေးကို ဝတ်ဆင်ထားပြီး ရိုးရှင်းသပ်ရပ်သော ရှပ်အင်္ကျီကော်လာ၊ တင်းကျပ်သော ခါးလိုင်းနှင့် ပေါင်လယ်ခန့်အထိ ရောက်သော စကတ်က သူမ၏ဖြူဖွေးသော ပေါင်တံရှည်များကို ဖော်ပြနေလေသည်။
မနေ့ကမှ ရေချိုးပြီး ခေါင်းလျှော်ထားသဖြင့် သူမ၏ရေညှိကဲ့သို့ ရှည်လျားသော ဆံပင်များသည် ပွယောင်းပြီး နူးညံ့နေကာ ခန္ဓာကိုယ်ပေါ်တွင် ဖြန့်ချထားပြီး အရောင်တူ ဖဲကြိုးလေးဖြင့် ခေါင်းပေါ်တွင် တစ်ဝက်ခန့် ချည်နှောင်ကာ စည်းထားသဖြင့် လှပပြီး မျက်စိကျစရာ ကောင်းနေလေသည်။
သူမက ဟော်ချန်ယဲ့ရင်ခွင်ထဲသို့ ဝင်လာသောအခါ သူမ၏ ဆံပင်များက ဟော်ချန်ယဲ့၏ အဝတ်အစားများတွင် ရစ်ပတ်သွားပြီး သူ့အဝတ်အစားများပေါ်တွင် ယားယံမှုကို ဖြစ်ပေါ်စေကာ ဖြူဖွေးသော မျက်နှာလေးက သူ့ရင်အုပ်ကြွက်သားများကို ပွတ်တိုက်မိပြီး နူးညံ့သွယ်လျသော လက်ချောင်းလေးများကပင် သူ့လက်မောင်းများကို ထိတွေ့လာလေသည်။
သူမက ၂၈ တန်းပေါ်တွင် သေချာစွာ ထိုင်လိုက်သည့်အခါ သူ့ကို အနည်းငယ် ပြုံးပြလိုက်သည်ကိုတော့ ပြောစရာပင်မလိုတော့ပေ။
ဟော်ချန်ယဲ့၏ ခန္ဓာကိုယ်သည် အလိုအလျောက် နောက်သို့ ဆုတ်သွားပြီး လည်စေ့မှာ လှုပ်ရှားသွား၏။ နှာခေါင်းထိပ်တွင် ရနေသော ရနံ့မှာ ပြင်းထန်ပြီး မွှေးကြိုင်နေကာ ခန္ဓာကိုယ်တွင် ခံစားရသော နူးညံ့မှုမှာ သူနှင့် နီးကပ်နေသဖြင့် သူ နေရခက်သွားလေ၏။