အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
🐽 Chapter 57
သူ မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။
"ယွီရွေ့ကျူး၊ နောက်မှာ သွားထိုင်၊ ဒီမှာ မနေနဲ့"
အရမ်းနီးကပ်လွန်းသည်ဟု သူ တွေးလိုက်မိ၏။
ဟော်ချန်ယဲ့လက်မောင်းများသည် စက်ဘီးလက်ကိုင်၏ အစွန်းနှစ်ဖက်ကိုထောက်ထားပြီး အလယ်တွင် ကျဉ်းမြောင်း သော နေရာလေးသာကျန်ရှိသော်လည်း ယွီရွေ့ကျူးက ထိုနေရာတွင် ထိုင်နေပြီး ခန္ဓာကိုယ်ကို သူ့ဘက်သို့ပင် မှီထားကာ အေးအေးဆေးဆေးနှင့် သူ့ကို ကုလားထိုင်ကျောမှီကဲ့သို့ အသုံးပြုနေလေသည်။
ယွီရွေ့ကျူး မျက်တောင်မခတ်ဘဲ အပြစ်ကင်းစင်သော အသံဖြင့် ဆိုလိုက်၏။
"ဘာဖြစ်လို့လဲ၊ ကျွန်မတို့က လင်မယားတွေလေ၊ မင်္ဂလာ ဆောင်တုန်းကလည်း ကျွန်မ ဒီလို ၂၈ တန်းပေါ်မှာ ထိုင်ပြီး ရှင်က ကျွန်မကို အိမ်ပြန်ခေါ်လာတာ မဟုတ်ဘူးလား၊ အခု မိဘအိမ် ပြန်တော့လည်း ရှင့်စက်ဘီးပေါ်ပဲ ပြန်ထိုင်မှာပေါ့၊ ဒီအနေအထားက ဘာမှားနေလို့လဲ ဟော်ချန်ယဲ့"
အဆက်မပြတ် မေးခွန်းထုတ်လိုက်သော စကားအနည်းငယ်က ဟော်ချန်ယဲ့ကို တိတ်ဆိတ်သွားစေလေသည်။
ဘာမှားနေလို့လဲဟု သူ ပြန်တွေးလိုက်မိ၏။
မှားနေသည်မှာ သူတို့နှစ်ယောက်က ပုံမှန်လင်မယားနှင့် မတူဘဲ ကွာရှင်းတော့မည် ဖြစ်ပေသည်။
ဒီတစ်ခေါက် ပြန်သွားခြင်းကလည်း…
ဟော်ချန်ယဲ့သည် သူယူဆောင်လာသော စာရွက်စာတမ်းများကို တွေးမိပြီး ယွီရွေ့ကျူးနှင့် မကြာမီ ကွာရှင်းရတော့မည်ကို တွေးမိကာ အပြစ်ကင်းသော အမူအရာဖြင့် ယွီရွေ့ကျူးကို ငုံ့ကြည့်လိုက်လေသည်။
နှုတ်ခမ်းကို စေ့ပြီး ယွီရွေ့ကျူးကို ကြည့်နေရာမှ အကြည့်လွှဲလိုက်ကာ သူမက မိဘအိမ်ပြန်ရန် မငြင်းဆန်သရွေ့ သူမ ဘယ်နေရာမှာပဲ ထိုင်ထိုင် ရသည်ဟု တွေးလိုက်လေသည်။
ထို့ကြောင့် သူ တောင့်တင်းနေစဉ်မှာပင် စက်ဘီးသည် ဖြည်းညင်းစွာ စတင် ရွေ့လျားသွားလေသည်။
ယွီရွေ့ကျူးသည် ဤသို့သော ကြမ်းတမ်းသည့် လမ်းမျိုးကို မကြုံဖူးသည်မှာ ကြာပြီဖြစ်ပြီး ကျေးလက်ဒေသရှိ မြေသားလမ်းများမှာ ချိုင့်ခွက်များ ထူထပ်ကာ ဘီးများ လိမ့်သွားတိုင်း တုန်ခါနေသဖြင့် ဦးနှောက်မှာ တဝီဝီ မြည်နေလေသည်။
ဒီလိုမျိုး နောက်ဆုံး ခံစားခဲ့ရသည်မှာ မင်္ဂလာဦးညတုန်းကပင်။ သို့သော် ယခုအချိန်မှာ သူမက အရှေ့ဘက်မှာ ထိုင်နေရသဖြင့် တော်သေးသည်ဟု ဆိုရမည်။ အနည်းဆုံးတော့ တုန်ခါမှုက နောက်ခုံလောက်မပြင်းထန်ပေ။
ထို့ပြင် သူမနောက်ကျော၌ ဟော်ချန်ယဲ့၏ သန်မာသော ရင်ဘတ်ကြီးရှိနေပြီး ထိုအပေါ်ကို ကျောမှီအဖြစ် တိုက်ရိုက် မှီထားလို့ရသဖြင့် တည်ငြိမ်ပြီး လုံခြုံမှု ရှိလှပေသည်။ သူမ နှုတ်ခမ်းထောင့်များကို ကွေးလိုက်ပြီး ဟော်ချန်ယဲ့ ရင်ခွင်ထဲသို့ တိုးဝင်သွားလေသည်။
ဟော်ချန်ယဲ့ သူမကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင် ကြုတ်ကာ နှုတ်ခမ်းကို စေ့လျက် မမြင်ချင်ယောင်ဆောင်နေလိုက်လေသည်။
သို့သော် ဤအနေအထားက အရမ်းကိုရင်းနှီးလွန်းနေ၏။ အထူးသဖြင့် လမ်းဆောင့်သည့် အခါမျိုးတွင် ဖြစ်သည်။
ယွီရွေ့ကျူးက သူမဟန်ချက်ညီအောင် ထိန်းဖို့ သူ့လက်ခုံပေါ်သို့ အမြဲတမ်း ထိန်းကိုင်ထားပြီး ခန္ဓာကိုယ်ကလည်း သူနှင့် နီးကပ်နေလေသည်။
ရှုပ်ပွနေသော ဆံပင်စလေးများက မနက်ခင်းလေနုအေးကြောင့် အနည်းငယ် လွင့်ပျံနေပြီး တစ်ခါတရံ ဆံပင်စအနည်းငယ်က ဟော်ချန်ယဲ့၏အရှေ့သို့ လွင့်လာတတ်ပေသည်။
ဟော်ချန်ယဲ့ အသက်ရှူ မှားသွားလေ၏။
အကွာအဝေးက အရမ်းနီးကပ်လွန်းပြီး ဟော်ချန်ယဲ့သည် ယွီရွေ့ကျူး၏ ဆံပင်မှ မွှေးရနံ့ကို ရှင်းလင်းစွာ ရနေလေသည်။ သူနှင့် ခေါင်းလျှော်ရည် အတူတူ သုံးထားသည်မှာ သိသာသော်လည်း သူမ သုံးသည့်အခါ ပိုမွှေးကြိုင်နေပုံရပေသည်။
ထို့အပြင် အလွန်ယားလှပေ၏။
ယွီရွေ့ကျူး၏ ဆံပင်များသည် ဟော်ချန်ယဲ့အရှေ့တွင် လွင့်ပျံနေပြီး သူ့ပါးပြင်နှင့် ပါးလွှာသော နှုတ်ခမ်းများကို ထိတွေ့ကာ မျက်နှာနှင့် လည်ပင်းပေါ်တွင် စည်းကမ်းမဲ့စွာ လွင့်ပျံနေလေသည်။
ထုံကျဉ်ပြီး ယားယံသော ခံစားချက်ကြောင့် ဟော်ချန်ယဲ့သည် မသိစိတ်မှလက်မြှောက်၍ ဖယ်ရှားပစ်ချင်သော်လည်း တောင်လမ်းမှာ ကြမ်းတမ်းနေပြီဖြစ်ပြီး ယွီရွေ့ကျူးကလည်း သူ့ရင်ခွင်ထဲတွင် ရှိနေသဖြင့် ဟော်ချန်ယဲ့သည် သူ့ပါးပြင်ကို အတင်းစောင်းထားရလေသည်။ နှာခေါင်းထိပ်ရှိ ရနံ့မှာ ပိုပြင်းထန်လာပြီး သူ အနည်းငယ် မူးဝေသွားလေ၏။
သူ့မျက်လုံးများက အရှေ့ဘက်လမ်းကို လှည့်ကြည့်လိုက်ရာ ဟော်ချန်ယဲ့၏ မျက်ဝန်းများမှာ တုန်လှုပ်သွားပြီး ဘရိတ်ကို အမြန် ညှစ်လိုက်လေသည်။
“ဘန်း”
စက်ဘီး ရုတ်တရက် ရပ်တန့်သွားစဉ် တာယာသည် အရှေ့ရှိ ကျောက်စရစ်ခဲတစ်တုံးကို ကြိတ်မိသွားပြီး ဦးတည်ရာကို မထိန်းနိုင်ခင်မှာပင် စက်ဘီး လုံးဝမှောက်သွားလေသည်။
ရွာနှစ်ရွာကြားတွင် အကွာအဝေးတစ်ခုရှိပြီး ယွီရွေ့ကျူးသည် မျက်လုံးမှိတ်ကာ တစ်ရေးအိပ်နေလေသည်။ မနက်ခင်း အပူချိန်မှာ အနေတော်ဖြစ်ပြီး လေနုအေးက အလွန် သက်သောင့်သက်သာရှိကာ နောက်ကျောတွင် ဟော်ချန်ယဲ့၏ကျောပြင်ကြီးက သူမကို ကာကွယ်ပေးထားသဖြင့် ခန္ဓာကိုယ်မှာ အလွန်ပြေလျော့နေလေ၏။
သို့သော် စက်ဘီးက ဤသို့ မှောက်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ယွီရွေ့ကျူး မတုံ့ပြန်နိုင်ခင်မှာပင် သူမ၏ ခန္ဓာကိုယ်သည် အနောက်ဘက်သို့ ရုတ်တရက် ပြုတ်ကျသွားလေသည်။
တောင်လမ်းမှာ မတ်စောက်ပြီး အအေးဒဏ်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ယွီရွေ့ကျူးသည် ဟော်ချန်ယဲ့၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ပစ်ဝင်သွားသည်။ သူမ၏ ခန္ဓာကိုယ်သည်လည်း ပြောင်းပြန်ဖြစ်သွားပြီး လက်မောင်းများက ဟော်ချန်ယဲ့၏ သွယ်လျသော ခါးကို တင်းကျပ်စွာ ဖက်ထားကာ ပါးပြင်များက သူ့ရင်ဘတ်ကို ပွတ်တိုက်မိပြီး သူ့ကို တင်းကျပ်စွာ ဖက်ထားမိလေသည်။
ယွီရွေ့ကျူး၏ မျက်နှာမှာ ဆွဲငင်အား၏ သက်ရောက်မှုကြောင့် အနည်းငယ် နီမြန်းနေပြီး သူမက ပါးပြင်ကို ပွတ်သပ်ကာ ခေါင်းမော့လိုက်ရာ စိတ်ထဲတွင် ရှုပ်ထွေးနေလေသည်။
"ဟော်ချန်ယဲ့"
သူမ အတိုက်ခံရသဖြင့် နေရခက်နေ၏။ ဟော်ချန်ယဲ့၏ ခန္ဓာကိုယ်မှာ အလွန် အေးစက်ကာ မာကျောပြီး အရိုးများမှာ သန်မာသဖြင့် အတိုက်ခံရသည့် အခိုက်အတန့်တွင် သူမပါးပြင်များ နာကျင်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ့ခါးကို အချိန်မီ ဖက်ထားနိုင်ပြီး သူ့ရင်ခွင်ထဲတွင် လဲလျောင်းနေသဖြင့် သက်သာသွားလေသည်။
သို့သော် အား၏သက်ရောက်မှုမှာ အပြန်အလှန်ဖြစ်ပြီး ယွီရွေ့ကျူး အတိုက်ခံရသကဲ့သို့ ဟော်ချန်ယဲ့သည်လည်း ယွီရွေ့ကျူး၏ခန္ဓာကိုယ်ဖြင့် ပြင်းထန်စွာတိုက်မိခြင်းကို ခံလိုက်ရလေသည်။
သို့သော် ယွီရွေ့ကျူးနှင့် မတူဘဲ ဟော်ချန်ယဲ့၏ခန္ဓာကိုယ်မှာ သန်မာသဖြင့် နာကျင်မှုကို သူ မခံစားရသော်လည်း အရှိန်ဖြင့် ပြေးဝင်လာသော ယွီရွေ့ကျူး၏ခန္ဓာကိုယ်နှင့် နူးညံ့သောအထိအတွေ့ကို သူ ခံစားလိုက်ရသည်။ သူမက သူ့ရင်ခွင်ထဲတွင် လဲလျောင်းကာ သူ့ကို မော့ကြည့်နေပြီး ပြည့်ဖြိုးသော ခန္ဓာကိုယ်မှာ ရှည်လျားသော စကတ်၏ အစွန်းမှ တစွန်းတစ ထွက်ပေါ်နေကာ ဖြူဖွေးသော အသား အရေမှာ အတားအဆီးမရှိထင်ရှားနေလေသည်။
ဟော်ချန်ယဲ့၏အသက်ရှူသံ ရပ်တန့်သွားပြီး လည်စေ့မှာ လှုပ်ရှားသွား၏။
သူ ယွီရွေ့ကျူးကိုမကြည့်ရန် မျက်နှာကို အလိုအလျောက် လွှဲလိုက်ပြီး သူ့ခါးကို ဖက်ထားသော လက်မောင်းကို ဖယ်ရှားရန် လက်မြှောက်လိုက်ကာ အက်ကွဲသောအသံဖြင့် ဆိုလိုက်လေသည်။
"ဒီဘက်က ရှင်းမထားရသေးဘူး၊ လမ်းက သွားရခက်တယ်၊ နည်းနည်း ပိတ်နေတယ်"
ယွီရွေ့ကျူးသည် ဟော်ချန်ယဲ့၏ ပါးပြင်များ ယခုအချိန်တွင် အနည်းငယ် နီမြန်းနေသည်ကို ဝိုးတဝါး ခံစားလိုက်ရသော် လည်း သူ့အသားအရေမှာ အနည်းငယ်မည်းနေသဖြင့် သိပ်တော့ မသိသာပေ။
ဟော်ချန်ယဲ့၏စကားကို ကြားသောအခါ ယွီရွေ့ကျူးသည် လမ်းဆုံသို့ ကြည့်လိုက်ရာ ထိုနေရာတွင် ပုံနေသော မြေကြီးနှင့် ကျောက်စရစ်များကို တွေ့လိုက်ရသဖြင့် အနည်းငယ် ရှုပ်ထွေးသွားလေသည်။
"မုန်တိုင်းတိုက်တုန်းက ပြိုကျသွားတဲ့လမ်းက သွားလို့ရနေပြီ မဟုတ်ဘူးလား၊ ဘာလို့ ဒီလမ်းက ပျက်နေရတာလဲ၊ လမ်းဖောက်ဖို့များ လုပ်နေတာလား"
ဟော်ချန်ယဲ့သည် ထောင်ဟွာရွာမှဖြစ်သဖြင့် ဤလမ်း၏ အခြေအနေကိုမသိသည်မှာ သဘာဝကျပေ၏။
ယခုအချိန်တွင် တာတုန်းရွာသို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်ရာ ယွီရွေ့ကျူးသည် မူလကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များမှတစ်ဆင့် ခေတ္တမျှ စဉ်းစားလိုက်ပြီး ဟော်ချန်ယဲ့၏ အဝတ် အစားကိုထောင့်မှ အမြန်ဆွဲကိုင်ကာ တည်ကြည်စွာပြောလိုက်၏။
"ရှင် ကျွန်မနောက်လိုက်ခဲ့၊ ကျွန်မအိမ်ကို မြန်မြန်ရောက်နိုင်မယ့် လမ်းကျဉ်းလေးတစ်ခု ရှိတယ်ဆိုတာ ကျွန်မ သိတယ်၊ ဒီလမ်းက သွားရအောင်"
သူမက ဘေးရှိ လမ်းကျဉ်းကလေးကို လက်ညှိုးထိုးပြကာ ဟော်ချန်ယဲ့ကို လမ်းပြလိုက်လေသည်။ ဟော်ချန်ယဲ့ကလည်း သဘောတူလိုက်၏။
"ကောင်းပြီလေ”
ဟော်ချန်ယဲ့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ တကယ်ပင် ကောင်းမွန်လှသည်မှာ ပြောစရာပင်မလိုပေ။ ဤမျှ ရှည် လျားသောခရီးစဉ်၊ ကြမ်းတမ်းသော တောင်လမ်းများအကြောင်းမပြောနှင့်၊ အချို့မှာ အကုန်းအဆင်းများဖြစ်ပြီး ယွီရွေ့ကျူးကို အရှေ့တွင် တင်ထားရသည်ကိုပင် မဆိုထားနှင့်၊ သူ့အသက်ရှူသံမှာ လုံးဝမရှုပ်ထွေးဘဲ ပုံစံမှာလည်း အလွန် ခက်ခဲနေပုံမပေါ်ပေ။
ယခုအချိန်တွင် သူ့နဖူး၌ ချွေးအနည်းငယ်သာထွက်နေပြီး မျက်နှာအမူအရာမှာ အလွန်သဘာဝကျနေဆဲဖြစ်ကာ မည်းနက်သော မျက်လုံးများမှာ တောက်ပနေလေသည်။
လမ်းကျဉ်းကလေးကို ဖြတ်သန်းကာ ညာဘက်သို့ ကွေ့ပြီး အထဲရှိ အိမ်အချို့ကိုဖြတ်သန်းကာ ကန်ဘေးမှတစ်ဆင့် ယွီရွေ့ကျူး၏အိမ်သို့ လျှောက်သွားလေသည်။
ဤလမ်းသည် တာတုန်းရွာမှ ကလေးများ နေ့စဉ် တောင်ပေါ်မှဆင်းလာပြီးနောက် စူးစမ်းလေ့လာထားသော လမ်းဖြစ်ပြီး အဆင်ပြေကာ မြန်ဆန်လေ၏။
အိမ်ရောက်တော့မည်ကို မြင်သောအခါ ယွီရွေ့ကျူးသည် ဟော်ချန်ယဲ့၏ ရင်ခွင်ထဲသို့ ပျင်းရိစွာ မှီချလိုက်ပြီး သူ့ရင်အုပ်ကြွက်သားများပေါ်တွင် ခေါင်းကိုသက်သောင့်သက် သာ မှီထားလိုက်လေသည်။
ထင်မှတ်ထားသလိုပင်၊ ဟော်ချန်ယဲ့၏ရင်အုပ်ကြွက်သားများမှာ ထူထဲပြီးကျုံ့ဆန့်နိုင်စွမ်းရှိကာ နူးညံ့ပြီးသက်သောင့် သက်သာရှိလှပေသည်။
ထိုအထိအတွေ့အား သူမဦးခေါင်းဖြင့်ပင် ခံစားနိုင်လေသည်။
နောင်ကျလျှင် ဟော်ချန်ယဲ့နှင့် ကွာရှင်းပြီးနောက် ဤကဲ့သို့ လှပသော ကြွက်သားများကို ထပ်ပြီး ထိခွင့်ရတော့မည် မဟုတ်ဟု တွေးလိုက်မိသည့်အခါ ယွီရွေ့ကျူး အနည်းငယ် နှမြောသွားမိ၏။
ခုနက သူ့ရင်ခွင်ထဲ ပစ်ဝင်သွားစဉ်က ဘာလို့ သူ့ဗိုက်ကြွက် သားများကို စမ်းကြည့်ဖို့ အခွင့်အရေးမယူခဲ့တာလဲဟု သူမ တွေးနေမိတော့သည်။
ဒါပေမဲ့ အခုလည်း နောက်ကျသေးတာတော့ မဟုတ်ပါဘူး။
🐽 Chapter 58
ထိုသို့တွေးရင်း ယွီရွေ့ကျူးသည် သူမ လက်မောင်းကို ဆန့်ထုတ်ကာ ဟော်ချန်ယဲ့၏ သွယ်လျပြီး သန်မာသော ခါးကို ယခင်ကကဲ့သို့ ဖက်ထားလိုက်ပြီး သူမ လက်ချောင်းထိပ်များက သူ့ခါးအပေါ် အနည်းငယ်လျှောတိုက်သွားကာ သူမ၏ မျက်နှာအမူအရာမှာ အမှန်တကယ် ဂရုစိုက်နေသကဲ့သို့ပင် ဖြစ်နေ၏။
"ဟော်ချန်ယဲ့၊ ရှင် ခုနက ဘာမှ မဖြစ်သွားဘူးမလား"
ဟော်ချန်ယဲ့၏ နဖူးတွင်သွေးကြောများ ထောင်တက်လာပြီး သူ့မည်းနက်သော မျက်ဝန်းများက သူမကို တစ်ချက်ကြည့်ကာ သူမ လက်ကို ဆုပ်ကိုင်ထားလိုက်ပြီး အနည်းငယ် စကားမပြောနိုင်အောင် ဖြစ်သွားလေသည်။
"ယွီရွေ့ကျူး”
ယွီရွေ့ကျူးက သူမ မျက်နှာကို အပြစ်ကင်းစင်စွာဖြင့် မော့ကြည့်လိုက်လေသည်။
"ဘာဖြစ်လို့လဲ၊ ကျွန်မ ရှင့်ကို ဂရုစိုက်နေတာလေ"
"......"
မင်း တကယ် ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်။
ယွီရွေ့ကျူး၏ အတွေးများကို ဖောက်မြင်နေရသော ဟော်ချန်ယဲ့သည် သူမ၏ လက်ကို ကိုင်ထားပြီး ကန်ဘေးရှိ လမ်းကျဉ်းလေးကို ဖြတ်ကူးရန် ယွီရွေ့ကျူး၏ ယခင်လမ်းညွှန်ချက်အတိုင်း လိုက်ရန် ပြင်ဆင်လိုက်သော်လည်း ခုနက စက်ဘီးခေါင်းကို ကွေ့လိုက်သည့် အခိုက်အတန့်တွင် တစ်ယောက်ယောက်က သူ့ဘေး၌ ရုတ်တရက် ပေါ်လာမည်ဟု မထင်ထားခဲ့ပေ။
တစ်ဖက်လူသည် လမ်းလှည်းရန် သုံးသော တံမြက်စည်းကြီး တစ်ချောင်းကို တစ်နေရာရာမှ ယူလာပြီး လမ်းတွင် ဝှေ့ယမ်းကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လေသည်။
"ဘာလုပ်နေတာလဲ၊ ဘာလုပ်နေတာလဲ၊ ဒီဘက်ကနေ ဖြတ်သွားဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ၊ ဒါက ငါ့ငါးကန်လေ၊ ဘာလုပ်နေတာလဲ၊ လမ်းလွှဲသွားကြစမ်း”
တံမြက်စည်း ဝှေ့ယမ်းမှုမှာ အလွန် မြန်ဆန်သော်လည်း ကံကောင်းထောက်မစွာဖြင့် ဟော်ချန်ယဲ့က ဘရိတ်ကို အချိန်မီ အုပ်လိုက်နိုင်သဖြင့် မတော်တဆမှု မဖြစ်ခဲ့ပေ။
သူ၏ ရင်ခွင်ထဲရှိ ယွီရွေ့ကျူးကို ငုံ့ကြည့်လိုက်ရာ သူမက ခေါင်းကို ကိုင်ကာ မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ စိတ်တိုသွားလေသည်။
သူ၏ အရှေ့ရှိ လူကို မော့ကြည့်လိုက်သောအခါ သက်လတ်ပိုင်းအရွယ် အဖွားကြီးတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူမ၏ဆံပင်နှင့် နားထင်များမှာ အနည်း ငယ် ဖြူနေပြီဖြစ်ပြီး ဆံပင်တိုတို၊ ရက်စက်သောမျက်နှာ ထားနှင့် မျက်နှာကို မောက်မာစွာမော့ထားလေသည်။
သက်လတ်ပိုင်းအမျိုးသမီးက သူတို့ကို ဆက်လက် မောင်းထုတ်နေဆဲပင်။
"ဒါ ငါ့နေရာပဲ၊ ဒီလမ်းကို ဖြတ်သွားခွင့် မရှိဘူး၊ နင်တို့က စက်ဘီးတောင် စီးနေသေးတယ်၊ ငါတို့ ငါးကန်ဘေးက လမ်းမှာ မှောက်သွားရင် ဘယ်လိုလုပ်မလဲ"
အင်မတန်ပင် ရယ်စရာကောင်းနေပြီဖြစ်၏။ လမ်းက တော် တော်လေးကျယ်ပြီး ခိုင်ခံ့နေတာဖြစ်ရာ စက်ဘီးလေးတစ်စီးနှင့် မည်သို့ တိုက်မိနိုင်မည်နည်း။
ဟော်ချန်ယဲ့ မျက်မှောင်ကြုတ်ကာ သူမကို အေးစက်သော မျက်နှာဖြင့် ကြည့်လိုက်လေသည်။
"လမ်းက ခင်ဗျား မိသားစုပိုင်လား၊ ဘာလို့ တခြားလူတွေကို သွားခွင့်မပေးရတာလဲ၊ ခင်ဗျားက တောင်ပေါ်က ဓားပြဗိုလ်လား"
"ဟေး၊ နင် ပြောတာ တကယ် မှန်တယ်၊ ငါ့အိမ်မှာ ငါ ဓားပြဗိုလ် ဖြစ်နေတော့ ဘာဖြစ်လဲ၊ ဒီမြေက ငါ့မိသားစုပိုင်တာ၊ ငါတို့ စုန့်မိသားစု နာမည် ရေးထားတယ်၊ တခြားလူတွေ ဒီကနေ သွားစရာ မလိုဘူး၊ ဒါက ငါ့မိသားစုရဲ့ စည်းမျဉ်းပဲ၊ နားလည်လား တခြားရွာက လူတွေ”
ဟော်ချန်ယဲ့၏စက်ဘီးကို တားဆီးခဲ့သူမှာ တခြားသူ မဟုတ်ဘဲ စုန့်ချင်းရှန်း၏မိခင်ပင်။
စုန့်မိခင်သည် မျက်စိအနည်းငယ်မှုန်နေသဖြင့် လူများကို ရှင်းလင်းစွာ မမြင်ရသော်လည်း မျက်နှာချင်းဆိုင်ရှိ ဇနီး မောင်နှံလေးမှ အမျိုးသား၏အသံနှင့် အကြမ်းဖျင်းပုံစံကို ကြည့်ရုံဖြင့် ဤသူမှာ တာတုန်းရွာမှ လူမဟုတ်ကြောင်း သူမ သိနိုင်လေသည်။
တာတုန်းရွာက လူတွေက သူမ၏စိတ်သဘောထားကို မည်သို့ မသိရှိမည်နည်း။ ဒီရက်ပိုင်းအတွင်း သူမ လူဘယ်နှယောက်ကို မောင်းထုတ်ခဲ့မှန်း သူမကိုယ်တိုင်တောင် မသိတော့ပေ။ သူမ၏ နာမည်ဆိုးက အဝေးကြီးအထိကျော်ကြားနေတာမို့ မည်သူက ဤနေရာမှ ဖြတ်ရဲမည်နည်း။
တခြားရွာက လူတစ်ယောက်က သူမကို ဒီလိုမျိုးစကားပြောရဲလေသည်။
သူမ၏သား စုန့်ချင်းရှန်းက ရွာမှာ ရှားရှားပါးပါး တက္ကသိုလ်ကျောင်းသား တစ်ယောက်ဖြစ်ပြီး အစိုးရဝန်ထမ်းအဖြစ် ရွှေပန်းကန်လုံး ရထားတယ်ဆိုတာ သိထားရမည် ဖြစ်၏။ ဒီကျေးလက်က လူက နောင်ကျလျှင် စုန့်ချင်းရှန်းကို အလုပ်လုပ်ခိုင်းဖို့ တောင်းဆိုလာမလား ဘယ်သူသိမှာလဲ။ စုန့်ချင်းရှန်းက ဒီလောက် အလားအလာ ကောင်းနေတာမို့ ဘယ်သူက သူမကို ပြန်ပြောရဲမှာလဲ။
စုန့်အမေက ရွံရှာစွာဖြင့် လူတစ်ရပ်စာထက် ရှည်သော တံမြက်စည်းကိုကိုင်ကာ ဟော်ချန်ယဲ့ရှိရာဘက်သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီး အနီးသို့ရောက်သော အခါ ဟော်ချန်ယဲ့၏ အသွင်အပြင်ကို ရှင်းလင်းစွာ မြင်လိုက်ရလေသည်။
သူမ ခေါင်းမော့ကာ တစ်ခုခုကို ဆဲဆိုကျိန်ဆဲတော့မည်ပြုသော်လည်း ဟော်ချန်ယဲ့၏မျက်နှာနှင့် ဆုံလိုက်သောအခါ ထိုဆဲရေးတိုင်းထွာမှုများ ချက်ချင်းရပ်တန့်သွားကာ သူမ ခေတ္တမျှ ကြောင်အမ်းသွားလေသည်။
နေမင်းသည် နေ့ခင်းကြောင်တောင်တွင် တဖြည်းဖြည်း မြင့်တက်လာပြီး နေရောင်ခြည်သည် တစ်ဖက်မှ ဖြာကျလာကာ ဟော်ချန်ယဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေလေသည်။ စုန့်မိခင် ဘက်မှ ကြည့်လိုက်လျှင် ဟော်ချန်ယဲ့ တစ်ကိုယ်လုံးမှာ အမှောင်ရိပ်ထဲတွင် ဖုံးလွှမ်းနေပြီး အရပ်ရှည်ကာ ပခုံးကျယ်ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန် ခွန်အားကြီးမားကြောင်း သိနိုင်လေသည်။
သူက သူမကို မောက်မာပြီး အေးစက်သော မျက်နှာထားဖြင့် ကြည့်နေကာ သူ့မျက်နှာမှာ ရိုင်းစိုင်းမှုနှင့် အေးစက်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်နှာပေါ်ရှိ အလွန် ထင်ရှားသော အမာရွတ်က သူ၏ရက်စက်မှုကို ပိုမိုဆိုးရွားစေသဖြင့် လူများကို ကြည့်ရုံဖြင့် ကြောက်ရွံ့သွားစေလေသည်။
စုန့်မိခင်မှာ အလွန် ထိတ်လန့်သွားသဖြင့် သူမ လက်ထဲက တံမြက်စည်းကို မြေကြီးပေါ် ရုတ်တရက် ပစ်ချလိုက်မိပြီး ခေတ္တမျှ ကြောင်အမ်းသွားကာ သူမ ရင်ဘတ်မှာ ဒိတ်ဒိတ်ခုန်နေလေသည်။
အမလေး၊ ဒီလူက ဘယ်က ရောက်လာတာလဲ၊ ကြည့်ရတာ အရမ်းရက်စက်မယ့်ပုံပဲ။ သူ လူတွေကို မရိုက်ဘူးမလား၊ အမယ်လေး၊ ဘုရားရေ။
သူမ အလိုအလျောက်နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိပြီး စုန့်ချင်းရှန်းက သူမ နောက်က အခန်းထဲမှာ ရှိနေတယ်ဆိုတာ တွေးမိကာ စုန့်ချင်းရှန်းကို အကူအညီတောင်းဖို့ ခေါ်ချင်မိသည်။
သို့သော် စဉ်းစားကြည့်လိုက်ရာ စုန့်ချင်းရှန်းမှာ သိပ်ပြီး လေ့ကျင့်မှုမရှိတဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်သာ၊ သူ့ခြေလက်တွေက သွက်လက်ဖျတ်လတ်ခြင်း မရှိသည့်အပြင် စပါးနဲ့ မြက်ကိုတောင် မခွဲခြားနိုင်ပေ။
စုန့်မိခင်က စုန့်ချင်းရှန်းကို ဘယ်လိုမှ အထိအခိုက်မခံနိုင်ပါချေ။
သူမ ပါးစပ်မှာ တုန်ရီနေပြီး နဖူးမှ ချွေးများ စတင်ထွက်လာကာ မျက်နှာချင်းဆိုင်ရှိ ဟော်ချန်ယဲ့ကို စိုက်ကြည့်ရင်း သူမ စိတ်ထဲတွင် အတွေးပေါင်းမြောက်မြားစွာဖြတ်ပြေးသွားသော်လည်း အထိတ်တလန့်ဖြင့် ဘာမှမလုပ်နိုင်ဖြစ်နေ၏။
အထူးသဖြင့် ဟော်ချန်ယဲ့က သူမကို ခွေးရူးတစ်ကောင်က စိုက်ကြည့်နေသလိုမျိုး အေးတိအေးစက် ကြည့်နေရာ သူမ တစ်ကိုယ်လုံး ထိတ်လန့်သွားရသည်။ သူမ မျက်လုံးတွေ မကောင်းတော့သဖြင့် ဤကဲ့သို့ ခွန်အားကြီးသည့် လူတစ်ယောက် မျက်နှာချင်းဆိုင်မှာရှိနေသည်အား သတိမထားမိခြင်း ဖြစ်သည်ဟု တိတ်တိတ်လေး ညည်းတွားနေမိသည်။
ဒီလိုမှန်းသိရင် တစ်ဖက်လူကို ဂရုစိုက်နေမှာ မဟုတ်ဘူး၊ ဒီအတိုင်း သွားခိုင်းလိုက်ရင် အနည်းဆုံးတော့ ပဋိပက္ခ ဖြစ်မှာ မဟုတ်ဘူး။
သူမက အထိတ်တလန့်ဖြင့် အကြည့်လွှဲလိုက်ပြီးနောက် ဆုတ်ကာ တစ်ဖက်လူကို ထွက်သွားခွင့်ပေးဖို့ စဉ်းစားနေပြီး ပဋိပက္ခ တစ်စုံတစ်ရာ မဖြစ်စေရန် ကြိုးစားနေသော်လည်း အကြည့်က ရုတ်တရက် ရပ်တန့်သွားလေသည်။ ထိုအကြည့်မှာ အကြည့်ကောင်း မဟုတ်ပေ။
စုန့်မိခင်သည် ခွန်အားကြီးပြီး ရက်စက်သော အမျိုးသား၏ ရင်ခွင်ထဲတွင် ထိုင်နေသော ယွီရွေ့ကျူးကို စိုက်ကြည့်ရင်း ရုတ်တရက် ကြောင်အမ်းသွားလေသည်။
ယွီရွေ့ကျူး
ဒါက ယွီရွေ့ကျူးလား
စုန့်မိခင်အား မျက်နှာလိုမျက်နှာရ လုပ်ရန်အတွက် ယွီရွေ့ကျူးက စုန့်အိမ်ကိုလာပြီး အိမ်အလုပ်တွေ အများကြီး ကူညီပေးခဲ့ဖူးတာမို့ စုန့်မိခင်ကလည်း ဤမျက်နှာကို ရင်းနှီးနေပြီး ယခုအချိန်မှာ တစ်ချက်ကြည့်ရုံနဲ့ မှတ်မိသွားလေသည်။
သူမက လှပတဲ့ စကတ်ကိုလဲဝတ်ထားပြီး သူမရဲ့ အသား အရေက အနည်းငယ်ပိုဖြူလာသလို သူမရဲ့ အမူအရာနဲ့ အသွင်အပြင်က အနည်းငယ် ကွဲပြားသွားပုံရသော်ငြား ထိုမျက်နှာက အမှန်ပင် ယွီရွေ့ကျူးဖြစ်သည်။
သူမက ဘာလို့ အဲ့ဒီလူရဲ့ ရင်ခွင်ထဲမှာ ရောက်နေရတာလဲ...... နေပါဦး။
စုန့်မိခင် သတိဝင်လာသည်။
ယွီရွေ့ကျူးက ဘေးရွာက ဝက်သတ်သမားနဲ့ လက်ထပ်လိုက်တယ်လို့ သူမက စုန့်ချင်းရှန်းကို အရင်က ပြောပြခဲ့တာကို သတိရသွား၏။
ရွာနှစ်ရွာကြား အကွာအဝေးက အတော်လေးဝေးပြီး မင်္ဂလာ ဆောင်ကလည်း အတော်လေး အလျင်စလို ဖြစ်ခဲ့သလို စုန့်မိသားစုနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေကို ဖုံးကွယ်ဖို့ အလောတ ကြီးလုပ်ခဲ့တာမို့ ယွီရွေ့ကျူးနဲ့ ဟော်ချန်ယဲ့တို့ရဲ့ မင်္ဂလာ ဆောင်နေ့တွင် တက်ရောက်လာသည့်သူ မရှိချေ။
တာတုန်းရွာက ရွာသား အနည်းအကျည်းသာ တက်ရောက်ပြီး ယွီမိသားစုရဲ့ ဆွေမျိုးအနည်းစုသာ ရှိသည်ဟု ပြောလို့ရသည်။
စုန့်မိခင်က ဘေးရွာမှ ဝက်သတ်သမားကို တစ်ခါမှ မမြင်ဖူးပေမဲ့ တစ်ဖက်လူက ခွန်အားကြီးပြီး ဒေါသကြီးကာ မျက်နှာမှာ အမာရွတ်ရှိတယ်လို့ ကြားဖူးလေသည်။
ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါက ယွီရွေ့ကျူး လက်ထပ်လိုက်တဲ့ လူပဲ၊ ထောင်ဟွာရွာမှာ ဝက်သားဆိုင် ဖွင့်ထားတဲ့ ဝက်သတ်သမား။
သူတို့ ဒီနေ့ ဒီလမ်းကနေ လာတယ်ဆိုတာ ပြန်လာဖို့ ပြင်ဆင်နေကြတာ ဖြစ်ရမယ်။
အရာအားလုံးကို သဘောပေါက်သွားသော စုန့်မိခင်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။
ယခင်ကတော့ ဟော်ချန်ယဲ့ကို သူမ အနည်းငယ် ကြောက်လန့်ပြီး သူတို့ကို ဒီလမ်းကနေ ဖြတ်သွားခွင့်ပေးဖို့ စဉ်းစားကာ ပဋိပက္ခကို မစဉ်းစားရဲခဲ့ပေ။ သို့သော် သူမရှေ့က လူက ယွီရွေ့ကျူး၏ခင်ပွန်းနှင့် ယွီရွေ့ကျူးဖြစ်ကြောင်း သိသွားပြီးနောက် စုန့်အမေက မကြောက်တော့ပေ။ သက်ပြင်းချလိုက်ပြီးနောက် လည်ပင်းကိုတောင် မော့လိုက်ကာ သူမ မျက်နှာပေါ်က အမူအရာက ပိုလို့တောင်မောက်မာလာပြီး မသိမသာ ရွံရှာမှုပင် ပါဝင်နေလေ၏။