← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 23 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 23 Ch. 259-260

အပိုင်း (၂၅၉)

ထိုသို့ဆိုလျှင် တတိယ မေးခွန်း ဖြစ်သည့် အရေးအကြီးဆုံး စာစီစာကုံးရှည်ကို မည်သူ့ဆီက ကူးရေးမည်နည်း။

ထိုလူကို စာဖတ်သူ အများစုက အရမ်း စိမ်းနေကြပေမည်။ သို့သေ်ငြား ထိုလူရဲ့ နာမည်ကိုတော့ အားလုံးက အရမ်း ရင်းနှီးနေကြပေလိမ့်မည်။

သူ့နာမည်က ဟွမ်ရှန် ဟုခေါ်သည်။ ကြားဖူးကြပါသလား။

ကျင်းယုံ၏ ဝတ္ထုတွေထဲမှာ သူက သိုင်းပညာ မတတ်သော်ငြား လောကနံပါတ်တစ် သိုင်းပညာရှင်ဟု သတ်မှတ်ခံရ၏။ အဘယ်ကြောင့်ဆိုသော် သူက အစွမ်းအထက်ဆုံး သိုင်းကျမ်း ဖြစ်သည့် ကျိုယင်ကျန်းကျင်း (ကိုးပါးသော ယင်ကျမ်းစာ (သို့မဟုတ်) နဝမယင်ကျမ်း) ကို ရေးသားခဲ့သောကြောင့်ပင်။

သေချာသည်မှာ ဤအရာက ဆရာကြီး ကျင်းယုံ၏ စိတ်ကူးယဉ် ဖန်တီးမှု သက်သက်ဖြစ်သည်။

သို့သော်ငြား ဟွမ်ရှန်၌ ပိုပြီးတော်သည့် နောက်ထပ် အခန်းကဏ္ဍ တစ်ခု ရှိသေးသည်။ မြောက်ပိုင်း စုန့်မင်းဆက် ယွမ်ဖုန်း ငါးနှစ် (၁၀၈၂ ခုနှစ်)၊ ရန်ရွှီနှစ် နန်းတော် စာမေးပွဲရဲ့ ပထမရသူ ကျွမ့်ယွမ်ပင် ဖြစ်၏။

အိုးရန်ရှို့ ကဲ့သို့သော ဆရာကြီးများက ပထမ ကျွမ့်ယွမ် ရခဲ့ဖူးသည်။ ဆူးရှီ ကဲ့သို့သော ဆရာကြီးက ပထမ ကျွမ့်ယွမ် ရလုနီးပါး ဖြစ်ခဲ့ဖူး၏။ စီးမာကွမ် နှင့် ဝမ်အန်းရှီ ကဲ့သို့သော ဆရာကြီးများက ပထမ ကျွမ့်ယွမ် မရခဲ့ကြပေ။

သို့ပေမည့် ဤ ဟွမ်ရှန်ကတော့ ပထမ ကျွမ့်ယွမ် ရခဲ့၏။ နောက်ပိုင်းခေတ်တွင် သူက ဂန္ထဝင်မြောက်ကဗျာ လင်္ကာများ များများစားစား မချန်ထားခဲ့သော်လည်း အနည်းဆုံးတော့ ထိုနှစ်က နန်းတော် စာမေးပွဲတွင် သူ၏ နိုင်ငံရေး စာစီစာကုံးက အလွန် ကောင်းခဲ့သည်မှာ သေချာလှ၏။

မြောက်ပိုင်းစုန့်မင်းဆက် ခေတ်တွင် ပါရမီရှင်များ အလွန် ပေါများပြီး ယခု တောင်ပိုင်းကျိုးအင်ပါယာ ထက် အများကြီး သာလွန်နေသည်။

ထိုသို့ဆိုလျှင် မြောက်ပိုင်းစုန့်မင်းဆက်ခေတ် နန်းတော် စာမေးပွဲ ပထမရသူ၏ နိုင်ငံရေး စာစီစာကုံးက တောင်ပိုင်းကျိုးအင်ပါယာ ချန်လန်ပြည်နယ် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲတွင် ပထမနေရာ ရနိုင်ပါ့မည်လား။

ဤစာစီစာကုံး တစ်ပုဒ်တည်း ဆိုလျှင်တော့ ပြောရခက်သည်။ သို့သော်ငြား အရှေ့က စာစီစာကုံးတို နှစ်ပုဒ် ဖြစ်သည့် ဆရာကြီး ဆူးရှီ၏ ရှေးဟောင်း စည်းမျဉ်းများ ပြန်လည် ဖော်ထုတ်ခြင်းနှင့် ဆရာကြီး အိုးရန်ရှို့၏ ပါတီဂိုဏ်းဂဏအကြောင်း တို့နှင့်သာ ပေါင်းရေးလိုက်ပါက ဤစာမေးပွဲရုံမှာ သူ့ထက် ပိုကောင်းသူ ရှိဦးမယ်လို့ ယွင်ကျုံးဟဲ့ လုံးဝ မယုံကြည်ချေ။

‘ဟို စာမေးပွဲ နတ်ဆိုး၊ ကံကြမ္မာဆိုး ကျရောက်နေသူ စုမန်ကတော့ ကောင်းတာ အမှန်ပဲ။ ဒါပေမဲ့ ခင်ဗျား တစ်ယောက်တည်းက ဆူးရှီ၊ အိုးရန်ရှို့နဲ့ ဟွမ်ရှန် ဆိုတဲ့ ဆရာကြီး သုံးယောက်ကို နိုင်မယ်လို့ ကျုပ် မယုံဘူး။ ဒီ ဒုတိယနေ့ စာမေးပွဲမှာ ကျုပ် ယွင်ကျုံးဟဲ့ နိုင်မှာ သေချာတယ်။ ပြီးတော့ လုံးဝ အပြတ်အသတ် နိုင်မှာ။’

ထို့ကြောင့် ယွင်ကျုံးဟဲ့က စုတ်တံကို ယူကာ နဂါးတစ်ကောင်အလား လျင်မြန်စွာဖြင့် နိုင်ငံရေး စာစီစာကုံး သုံးပုဒ်ကို ရေးသားလိုက်လေသည်။

ဤအချိန်တွင် ဆရာကြီး သုံးဦးက သူ၏ နောက်ကျောတွင် ရွှေရောင် တောက်ပစွာဖြင့် ရပ်နေသကဲ့သို့ ခံစားရ၏။

“သောက်ကျိုးနည်း… မတော်တဆ ကျိုယင်ကျန်းကျင်း ကိုများ ရေးမိသွားမလား မသိဘူး။ အဲဒါဆိုရင်တော့ ကူးစရာ မရှိဘူး။ ဆရာကြီး ကျင်းယုံက ကျိုယင်ကျန်းကျင်းကို တကယ် ရေးပြမထားဘူးလေ။”

စာစီစာကုံး သုံးပုဒ်၊ စုစုပေါင်း စာလုံးရေ တစ်ထောင်ကျော်ကို နှစ်နာရီ မပြည့်မီ ယွင်ကျုံးဟဲ့ ရေးသား ပြီးစီးသွား၏။

မဟုတ်ပေ။ ကူးရေး ပြီးစီးသွားခြင်း ဖြစ်သည်။

တစ်ခေါက် ပြန်စစ်ကြည့်လိုက်ရာ စာလုံးပေါင်း မှားယွင်းမှု လုံးဝ မရှိသလို မထင်ရှားသော စာလုံးလည်း လုံးဝ မရှိပေ။

ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ၏ ဒုတိယနေ့ စာမေးပွဲက သူ့အတွက်တော့ ပြီးဆုံးသွားပြီ ဖြစ်၏။

မနေ့က လုံလောက်အောင် ကောင်းခဲ့ပြီ။ ယနေ့ ပို၍ပင် ကောင်းသေးသည်။ ဆရာကြီး သုံးဦး၏ ပခုံးပေါ်တွင် ရပ်နေသော ယွင်ကျုံးဟဲ့က နောက်ထပ် ဘယ်သူ ရှိသေးလဲ၊ နောက်ထပ် ဘယ်သူ ရှိသေးလဲ ဟုသာ အော်ဟစ်ချင်စိတ် ပေါက်နေသည်။

‘ဒီတစ်ခါ ပြည်နယ် စာမေးပွဲရဲ့ ပထမနေရာကို ကျုပ် ရပြီ။ စာမေးပွဲ စစ်ဆေးသူတွေ အားလုံး မျက်လုံး ပြူးသွားစေရမယ်။’

………………

ဒုတိယနေ့ စာမေးပွဲ အချိန်မှာလည်း ရှစ်နာရီ ဖြစ်၏။ ယွင်ကျုံးဟဲ့က တစ်နာရီကျော်လေးနှင့် အားလုံး ဖြေဆိုပြီးသွားရာ နောက်ထပ် ခြောက်နာရီကျော် ကျန်နေသေးသည်။ မည်သို့ လုပ်မည်နည်း။

သေချာသည်မှာ အိပ်စက်ရုံသာ ရှိတော့၏။ ယွင်ကျုံးဟဲ့က အဖြေလွှာများကို မှောက်လျက်ထားကာ စာရွက်ဖိတုံးလေး ဖိထားပြီး စားပွဲပေါ်တွင် ဆက်လက် မှောက်အိပ်နေလေသည်။

ဟိုဘက်တွင်တော့ ပင်မစာမေးပွဲ စစ်ဆေးသူ ယွီကျန်းက မနေ့က အတိုင်းပင် အဖြေလွှာ တစ်စောင်ကို ယူကာ မေးခွန်းများအတိုင်း စာစီစာကုံးတို နှစ်ပုဒ်နှင့် စာစီစာကုံးရှည် တစ်ပုဒ်ကို ရေးသားနေ၏။

ယနေ့တွင် သူက အချိန်ပိုယူနေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရင်ထဲတွင် ပေါက်ကွဲထွက်ချင်နေသော ဒေါသများအပြည့် ရှိနေသောကြောင့် ဖြစ်၏။ယနေ့ စာစီစာကုံး သုံးပုဒ်လုံးအတွက် သူ ပြောစရာများ ရှိနေသည်။

ရှေးဟောင်း စည်းမျဉ်းများ ပြန်လည် ဖော်ထုတ်ခြင်း ဆိုသည်ကို ဘေးဖယ်ထားလိုက်လျှင်တောင်မှ ယွီကျန်းသည် ခေတ်နောက်ကျနေသူ တစ်ဦး မဟုတ်ပေ။

သို့ပေမည့် နောက်ထပ် စာစီစာကုံး နှစ်ပုဒ်၊ အထူးသဖြင့် ပါတီဂိုဏ်းဂဏအကြောင်း စာစီစာကုံးအတွက် သူ ပြောစရာ စကားလုံး ထောင်သောင်းချီ ရှိနေ၏။

သူ အမုန်းတီးဆုံးမှာ ယခုခေတ်၏ ဂုဏ်သရေရှိ မှူးမတ်များ ဖြစ်သည်။ တောင်ပိုင်းကျိုးအင်ပါယာ တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း သုံးရာကျော် ရှိပြီ ဖြစ်ရာ ဤဂုဏ်သရေရှိ မှူးမတ်များသည်လည်း နှစ်ပေါင်း ရာချီအောင် စည်းစိမ် ခံစားလာခဲ့ကြပြီ ဖြစ်၏။ သူတို့က အစိုးရအဖွဲ့ အတွင်းရှိ စစ်ဖက် ရာထူးများကို အားလုံးနီးပါး လက်ဝါးကြီး အုပ်ထားကြသည်။

နုလန်ဟောက် အောက်ရှင်း ကဲ့သို့သော နာမည်ကျော် စစ်သူကြီးများ ပါဝင်သည် မှန်သော်လည်း အများစုမှာ အသုံးမကျသူများသာ ဖြစ်၏။ အင်ပါယာတွင် စစ်ဖက် စာမေးပွဲများ ကျင်းပပေးသော်လည်း ပညာရေး စာမေးပွဲများလောက် မအောင်မြင်လှပေ။

ထို့အပြင် စစ်ဖက် စာမေးပွဲ အောင်မြင်လာသူများမှာလည်း နောက်ဆုံးတွင် ဤဂုဏ်သရေရှိ မှူးမတ်များ၏ အစေခံများ ဖြစ်သွားကြရသည်။

ဤဂုဏ်သရေရှိ မှူးမတ်အုပ်စုကြီးသည် အကြီးမားဆုံး ပါတီဂိုဏ်းဂဏကြီး ဖြစ်လာပြီး ထူးချွန်သော စစ်သည်များ၏ တိုးတက်ရာ လမ်းကြောင်းကို ပိတ်ဆို့ထားကြ၏။

ထို့နောက် ယွီကျန်း တိုက်ခိုက်မည့် အရာမှာ နာမည်ကောင်းကိုသာ မက်မောပြီး မိမိတို့နှင့် မတူညီသူများကို ဖယ်ကျဉ်တတ်သော၊ အမှားအမှန်ကို မခွဲခြားဘဲကိုယ်ဘက်သားကိုသာ ကာကွယ်တတ်သော ပညာတတ် အမတ် အုပ်စုကြီး ပင်ဖြစ်သည်။

သူတို့က တာ့ကျိုးအင်ပါယာ၏ ဒုတိယ အကြီးမားဆုံး ပါတီဂိုဏ်းဂဏကြီး ဖြစ်၏။

ယခုအခါ ပထမ အကြီးမားဆုံး ပါတီဂိုဏ်းဂဏကြီးနှင့် ဒုတိယ အကြီးမားဆုံး ပါတီဂိုဏ်းဂဏကြီး တို့က ပူးပေါင်းတော့မည် ဖြစ်ရာ ဤအတိုင်းသာ ဆက်သွားပါက နိုင်ငံတော်သည် နိုင်ငံတော်နှင့် တူတော့မည် မဟုတ်ပေ။

ဤသည်မှာ စာစီစာကုံးတို ဖြစ်သော်လည်း ယွီကျန်းက မထိန်းချုပ်နိုင်တော့ဘဲ စာလုံးရေ နှစ်ထောင်ကျော် အထိ ရှည်လျားစွာ ရေးသားလိုက်၏။

နောက်ဆုံး စာစီစာကုံးရှည်ကိုတော့ စာလုံးရေ တစ်ထောင်ခန့်သာ ရေးသားလိုက်၏။ ဤသို့ဖြင့် သူ၏ ဒေါသများကို ဖွင့်ထုတ်လိုက်သည်မှာ နှစ်နာရီခန့် ကြာသွား၏။ ထို့နောက် သူက စာမေးပွဲရုံကို ထပ်မံ လှည့်လည် ကြည့်ရှုလေသည်။

သူ အနှစ်သက်ဆုံး ဖြစ်သော စုမန်၏ အခန်းငယ်လေးရှေ့မှ အရင် ဖြတ်သွား၏။ စုမန် မည်သို့ ရေးသားထားသည်ကို သူ လုံးဝ ဝင်ကြည့်မည် မဟုတ်ပေ။

ထိုသို့ လုပ်ခြင်းက စည်းမျဉ်းများကို ဖောက်ဖျက်ရာ ရောက်သောကြောင့် ဖြစ်သည်။ သူက စုမန်၏ အခြေအနေကိုသာ ကြည့်ရှုချင်ခြင်း ဖြစ်၏။

ထင်ထားသည့် အတိုင်းပင် သူ့ကို စိတ်ပျက်မသွားစေခဲ့ပေ။ ယခုအချိန်တွင် စုမန်၏ မျက်နှာပေါ်၌ အထီးကျန် ဒေါသများ အပြည့် ရှိနေပြီး တစ်ကိုယ်လုံးတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ တောက်ပနေသည်။

ယနေ့ စာစီစာကုံး သုံးပုဒ် နှင့်ပတ်သက်၍ စုမန် တွင်လည်း ရင်တွင်းဖြစ် စကားများ အပြည့် ရှိနေကြောင်း သိသာလှသည်။ သူ၏ အရှိန်အဝါကို ကြည့်ရုံဖြင့် အလွန် ကောင်းမွန်သော စာစီစာကုံးများ ထွက်ပေါ် လာမည်ကို သိရှိနိုင်၏။

‘ကောင်းတယ်... ကောင်းတယ်။ ကျုပ်နဲ့ တူတဲ့သူ ရှိသေးတာပဲ။’

ထို့နောက် သူက အောက်ယွီ၏ အခန်းငယ်လေး ရှေ့မှ ဖြတ်သွားရာ ရင်းနှီးနေသော ဟောက်သံကြီးကို ထပ်မံ ကြားလိုက်ရပြန်သည်။

ချက်ချင်းပဲ ယွီကျန်း အလွန် ဒေါသထွက်သွား၏။ ‘မနေ့ကလည်း ခင်ဗျား အိပ်တယ်။ ဒီနေ့လည်း ထပ်အိပ်ပြန်ပြီလား။’

သူ အမုန်းတီးဆုံးက ဂုဏ်သရေရှိ မှူးမတ် မျိုးရိုးများ ဖြစ်သည်။ ‘ခင်ဗျား အောက်ယွီက နန်းတွင်းကျောင်းတော် ကျောင်းသား ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်သာ စာမေးပွဲ လာဖြေခွင့် ရတာ။ ဆင်းရဲတဲ့ ကျောင်းသား ဘယ်လောက်များများ နေ့ရောညပါ ဆယ်စုနှစ်ချီ စာဖတ်ခဲ့တာတောင် ပြည်နယ် စာမေးပွဲ ဖြေခွင့် မရကြဘူးလဲ ဆိုတာ ခင်ဗျား သိလား။

ခင်ဗျားဆိုတဲ့ အောက်ယွီက အခွင့်အရေးကို တန်ဖိုးမထားတဲ့ အပြင် စာမေးပွဲရုံမှာ လာအိပ်နေသေးတယ်။ တကယ်ကို အောက်တန်းကျတဲ့ ကောင်ပဲ။’

သို့ပေမည့် ယွီကျန်းက ဒေါသကို မြိုသိပ်ထားလိုက်၏။ အဘယ်ကြောင့်ဆိုသော် စာမေးပွဲရုံတွင် စည်းကမ်းများ ရှိပြီး အောက်ယွီက စည်းကမ်း မဖောက်ဖျက်သရွေ့ သူ့ကို နှင်ထုတ်ခွင့် မရှိသောကြောင့် ဖြစ်၏။

နောက်ပိုင်းတွင် နန်းတွင်းကျောင်းတော်မှ ဖြစ်စေ၊ ကော်ဇီကျန့် မှဖြစ်စေ စာမေးပွဲ မအောင်မြင်သူများကို ကျောင်းသား အဖြစ် လုံးဝ အသိအမှတ် မပြုရန်၊ ပြည်နယ် စာမေးပွဲ နှင့် မြို့တော် စာမေးပွဲများကို ဝင်ရောက် ဖြေဆိုခွင့် မပေးရန် သူ ယွီကျန်း သေချာပေါက် ဧကရာဇ် ထံသို့ စာတင်ရပေမည်။

အတိုချုပ်ဆိုရလျှင် ယွီကျန်း၏ ယနေ့ တစ်နေ့တာ စိတ်အခြေအနေက လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။ ဒေါသများကိုလည်း ဖွင့်ထုတ်၍ မရသောကြောင့် ကိုယ့်ကိုယ်ကိုယ်သာ ဒေါသထွက်နေရ၏။ အစိုးရအဖွဲ့ အတွင်းရှိ ညစ်ပတ်သော ကိစ္စများကို တွေးမိလေ ပို၍ ဒေါသထွက်လေ ဖြစ်သည်။

ဤဘိုးဘိုးကြီးက ဤသို့ပင် ဖြစ်၏။ အလွန် အစွဲအလမ်း ကြီးပြီး လမ်းမှားကိုသာ ရွေးလျှောက်တတ်သည်။ အခြားသူများကို ပြဿနာ ရှာရသည်ကို နှစ်သက်ရုံသာမက ကိုယ့်ကိုယ်ကိုယ်လည်း ပြဿနာ ရှာရသည်ကို နှစ်သက်၏။

နေလုံးကြီး ဝင်သွားချိန်မှာတော့ ဒုတိယနေ့ စာမေးပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။

နှစ်ရက်ဆက်တိုက် စာမေးပွဲ ဖြေဆိုပြီးနောက်၊ အထူးသဖြင့် ယနေ့ကဲ့သို့ ပူပြင်းသောနေ့တွင် ကျောင်းသား အားလုံးနီးပါးမှာ လူရုပ် မပေါက်တော့လောက်အောင် ပင်ပန်းနွမ်းနယ် နေကြပြီ ဖြစ်၏။

ဦးနှောက် ခွန်အားရော ကိုယ်ခန္ဓာ ခွန်အားပါ အလွန်အမင်း ကုန်ခမ်းသွားကြပြီ ဖြစ်သည်။ ပို၍ ကြောက်စရာ ကောင်းသည်မှာ ရာသီဥတု ပူပြင်းသော်လည်း အခန်းငယ်လေး များအတွင်း ရေချိုးခွင့် မရှိသောကြောင့် တစ်ကိုယ်လုံး အနံ့အသက်များ ဆိုးရွားနေခြင်းပင်။

ထို အနံ့အသက်များကြောင့် ထမင်းစားချင်စိတ်လည်း လုံးဝ မရှိတော့ပေ။ ကျောင်းသားတိုင်းက ဒုက္ခသည်များအလား ဖြစ်နေပြီး လောကကြီးကို စိတ်ကုန်နေသည့် ပုံပေါက်နေကြ၏။

တစ်ယောက်တည်းသာ ခြွင်းချက် ဖြစ်သည်။ ထိုသူမှာ စုမန် ပင်ဖြစ်၏။ သူ၏ တစ်ကိုယ်လုံးက သပ်ရပ်နေဆဲ ဖြစ်ပြီး လက်သည်း ကြားများပင် သန့်ရှင်းနေသည်။

ထို့အပြင် ခါးကို မတ်မတ်ထားကာ ထိုင်နေပြီး တစ်ကိုယ်လုံးတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ တောက်ပနေဆဲ ဖြစ်၏။

‘ဒီလူက တကယ့် ကံကြမ္မာဆိုး ကျရောက်နေသူ အစစ်ပဲ။ ဆယ်နှစ်ကျော်လောက် အောင့်အည်း သည်းခံခဲ့ရသူ ဆိုတော့ တကယ်ကို တော်တာပဲ။ သူက တကယ်ကို တစ်ဟုန်ထိုး အောင်မြင်တော့မယ့် သူပဲ။ ဓားအိမ်ကနေ ထွက်လာတဲ့ ဓားလိုပဲ တောက်ပနေတော့မှာ။’

အောက်ယွီ ပင်လျှင် ဝက်တစ်ကောင်အလား ဆံပင်များ ဖရိုဖရဲဖြင့် အခန်းငယ်လေး အတွင်း၌ ဟောက်သံပေးကာ အိပ်ပျော်နေ၏။ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး အနံ့အသက်များ ထွက်နေပြီ ဖြစ်သည်။

‘တကယ် ဒုက္ခရောက်တာပဲ။ လပြည့်နေ့တောင် ရောက်တော့မယ်။ ဒီလောက် ပူနေသေးတာလား။’

............

အပိုင်း (၂၆၀)

တတိယနေ့ စာမေးပွဲ ရောက်လာပြီ ဖြစ်၏။

‘သောက်ကျိုးနည်း.. အရမ်း ဒုက္ခရောက်တာပဲ။ ဒီနေ့က ပိုပူနေတယ်။ ရှစ်လပိုင်းရဲ့ လပြည့်နေ့ ဆိုတော့ အနည်းဆုံး အပူချိန် သုံးဆယ့်ငါး ဒီဂရီလောက် ရှိမယ်။ လူကို အပူနဲ့ သတ်နေတာပဲ။ သုံးရက်လောက် ရေမချိုးရသေးဘူး။ ပြီးတော့ နေကလည်း အရမ်း ပူတယ်။

ဒါပေမဲ့ တော်သေးတယ်။ ဒီနေ့ စာမေးပွဲ ပြီးတော့မှာပဲ။ ဒီနေ့ ဖြေရမယ့်ကဗျာ လင်္ကာတွေက ပါရမီ၊ စိတ်သဘောထားနဲ့ စိတ်ကူးဉာဏ်ကို အကြီးမားဆုံး စမ်းသပ်မှု ဖြစ်ပေမယ့် မေးခွန်းက နည်းတယ်လေ။

ပြီးတော့ စာမေးပွဲ အောင်ရုံလောက်ပဲ မျှော်လင့်တဲ့ ကျောင်းသားတွေ အတွက်ကတော့ကဗျာ လင်္ကာကို သာမန်လောက် ရေးနိုင်ရင် ကိစ္စမရှိဘူး။ ရှေ့နှစ်ရက် စာမေးပွဲမှာ အရမ်း တော်နေရင် စာမေးပွဲ အောင်ဖို့ သေချာတယ်။

ဒါပေမဲ့ ထိပ်ဆုံး နေရာတွေ၊ အထူးသဖြင့် ပထမ သုံးယောက် စာရင်း ဝင်ချင်တဲ့ သူတွေ အတွက်ကတော့ ဒီနေ့ကဗျာ လင်္ကာ စာမေးပွဲက အရမ်း အရေးကြီးတယ်။

ဒီနေ့ကဗျာ လင်္ကာ စာမေးပွဲက အမှတ် ၂၀ ရာခိုင်နှုန်းလောက်ပဲ ပါဝင်ပေမယ့် ပထမ သုံးယောက် စာရင်း ဝင်ချင်ရင်တော့ အရမ်းကို အံ့မခန်း ဖြစ်အောင် ရေးနိုင်ရမယ်။ အနည်းဆုံးတော့ စာမေးပွဲ စစ်ဆေးသူ တွေရဲ့ နှလုံးသားကို ချက်ချင်း ထိမှန်သွားစေရမယ်။’

“အချိန်ကျပြီ။”

တတိယနေ့ မေးခွန်းလွှာများကို ဝေငှလိုက်၏။ ယခုနှစ်တွင်လည်း မေးခွန်း သုံးခု ပါဝင်သည်။

ပထမ မေးခွန်း။ နေမင်း၏ အရောင်ငါးမျိုး လင်္ကာ - နေမင်းကြီးက ကောင်းကင်ဘုံမှာ တောက်ပနေပြီး၊ ဧကရာဇ်မင်းမြတ်ကကမ္ဘာမြေကို အုပ်စိုးတယ် ဟူသော ကာရန်ဖြင့် ရေးဖွဲ့ပါ။

ဤမေးခွန်းကို ကြည့်လိုက်သည်နှင့် လက်ရှိ ဧကရာဇ်ကို မြှောက်ပင့်ပေးရမည် ဖြစ်ကြောင်း သိသာလှ၏။

ဧကရာဇ်မင်းမြတ် နန်းတက်သည်မှာ မကြာသေးသလို တာယင်အင်ပါယာနှင့် စစ်ပွဲလည်း ပြီးခါစ ဖြစ်သည်။ အရေးအကြီးဆုံးမှာ ထိုစစ်ပွဲက အောင်ပွဲဟု ကြွေးကြော်ထားသော်လည်း အမှန်တကယ်တွင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။ ဤကဲ့သို့ အချိန်မျိုးတွင် ဧကရာဇ်မင်းမြတ်ကို ပို၍ မြှောက်ပင့်ပေးရန် လိုအပ်သည်။

ယွင်ကျုံးဟဲ့ သဘောပေါက်သွား၏။ ဤလင်္ကာက အလွန် အရေးကြီးသည်။ ပထမနေရာ ရရှိရန် အဓိက သော့ချက်ပင် ဖြစ်၏။

‘ဧကရာဇ်မင်းမြတ်ကို မြှောက်ပင့်ပေးရမှာကို အရေးမကြီးဘူးလို့ ပြောလို့ ရမလား။ ဧကရာဇ်မင်းမြတ်က နံနက်ခင်း နေမင်းကြီးလို တဖြည်းဖြည်း မြင့်တက်လာပြီး အလင်းရောင်တွေ ဖြာထွက်ကာ သတ္တဝါ အားလုံးကို အလင်းပေးနေတယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးပေါ့။

ဒါဆို ဒီလင်္ကာ အတွက် ကူးစရာ ရှိလား။ ရှိတယ်… သေချာပေါက် ရှိတယ်။’

ထန်မင်းဆက် ကျိန့်ယွမ် ဒုတိယနှစ် နန်းတော် စာမေးပွဲတွင် ပထမရခဲ့သူ လီချန်၏ နေမင်း၏ အရောင်ငါးမျိုး လင်္ကာက နန်းတော် တစ်ခုလုံးကို အံ့အားသင့်စေခဲ့ပြီး ဧကရာဇ်မင်းမြတ် အလွန် သဘောကျသောကြောင့် သူ့ကို ပထမနေရာ ပေးခဲ့ခြင်း ဖြစ်သည်။

ဤပုဂ္ဂိုလ်၏ အမည်နာမကို အကြားအမြင် နည်းပါးလှသောကောင့် အလွန်တရာ ကျော်ကြားဟန် မတူပေ။

သို့ရာတွင် သူသည် ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်ပြီး အထူးသဖြင့် လင်္ကာရေးဖွဲ့မှု အတတ်ပညာ၌ အံ့မခန်း ကျွမ်းကျင်သူ ဖြစ်သည်။ နေမင်း၏ အရောင်ငါးမျိုးလင်္ကာ တစ်ပုဒ်ဖြင့်ပင် လူအများအား အံ့အားသင့် စေခဲ့ဖူးသည်။

ထို့နောက် သူသည် အခြားသော စာမေးပွဲတစ်ခုကို ထပ်မံဝင်ရောက်ဖြေဆိုခဲ့ရာ သဲထဲမှရွှေ ရွေးချယ်ခြင်း လင်္ကာဖြင့် ပထမဆုကို ထပ်မံဆွတ်ခူးခဲ့သောကြောင့် ချန်အန်းတစ်မြို့လုံး ဟိုးလေးတကျော် ကျော်ကြား သွားခဲ့လေ၏။

ထို့အပြင် သူသည် ဟန်လင်အကယ်ဒမီပညာရှင်၊ မြို့စား၊ ပညာရေးဒုတိယဝန်ကြီးနှင့် အစိုးရအဖွဲ့ ဒုတိယဝန်ကြီး စသည့် ရာထူးများကိုလည်း ဆက်တိုက်ဆိုသလို ရရှိခဲ့သည်။

သူ၏ ကြီးကျယ်ခမ်းနားလှသော ဘဝခရီးသည် ဤမျှဖြင့်သာ ပြီးဆုံးသွားသည်ဟု ထင်မှတ်နေခဲ့သည်လား။ အမှန်စင်စစ် ထိုသို့မဟုတ်ပေ။

ထို့နောက်တွင်လည်း သူသည် စစ်သူကြီး၊ စစ်ရေးအကြံပေးနှင့် အစိုးရအဖွဲ့အကြံပေး စသည့် တာဝန်များကို ထမ်းဆောင်ခဲ့ရုံမျှမက ကွန်းမြို့စားဘွဲ့ကိုပင် အပ်နှင်းခြင်း ခံခဲ့ရသည်။

သူ၏ အနာဂတ်ဘဝသည် ပညာတတ်အမတ်တစ်ဦး ရောက်ရှိနိုင်သည့် အမြင့်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်၏။

သူသည် အလွန်တရာ အောင်မြင်ကျော်ကြားခဲ့သောကြောင့် ကဗျာရေးဖွဲ့ရန် အချိန်မရရှိခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့်ပင် ဤလောက၌ ထာဝရတည်တံ့မည့် ကဗျာလက်ရာများစွာ ကျန်ရစ်ခဲ့ခြင်း မရှိချေ။

ထန်မင်းဆက်၏ ကျော်ကြားသော ကဗျာဆရာ အများစုသည် အုပ်ချုပ်ရေးယန္တရားအတွင်း၌ အောင်မြင်မှု များစွာ မရရှိခဲ့ကြပေ။ ဥပမာအားဖြင့် လီပိုင်၊ တူဖူနှင့် လီရှန်ရင် စသည့် ဆရာကြီးများသည် ထာဝရ တည်တံ့မည့် ကဗျာကောင်းများစွာကို ချန်ရစ်ခဲ့ကြသော်လည်း အစိုးရအဖွဲ့အတွင်း၌မူ တစ်ဦးထက်တစ်ဦး ပိုမို၍ ကံခေခဲ့ကြသည်။

ဆရာကြီး လီပိုင်သည် ဟန်လင်အကယ်ဒမီ၏ အဆင့်ခြောက် အရာရှိငယ်မျှသာဖြစ်ပြီး အာဏာ လုပ်ပိုင်ခွင့်လည်း မရှိခဲ့ပေ။

ဆရာကြီး တူဖူမှာမူ ပို၍ပင် အခြေအနေဆိုးရွားခဲ့ပြီး မည်သူမျှ သတိမပြုမိသည့် အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ် အရာရှိငယ်မျှသာ ဖြစ်ခဲ့ရာ ဆရာကြီး လီပိုင်ထက်ပင် အဆင့်နိမ့်ကျခဲ့သည်။

ဆရာကြီး လီရှန်ရင်သည်လည်း အလားတူပင် ဖြစ်သည်။ သူသည် စာမေးပွဲကို အောင်မြင်ခဲ့သော်လည်း စာအုပ်စာတမ်း စစ်ဆေးရသည့် အဆင့်နိမ့်အရာရှိဘဝဖြင့်သာ ဖြတ်သန်းခဲ့ရ၏။

သို့ဖြစ်ရာ အမတ်ကြီး လီချန်သည် အုပ်ချုပ်ရေးပိုင်းတွင် အောင်မြင်မှုရရှိခဲ့ခြင်းကြောင့် သူ၏ ပါရမီကို လုံးဝ လျှော့တွက်၍ မရနိုင်ပေ။

အနည်းဆုံးအားဖြင့် သူ ပထမဆု ရရှိခဲ့စဉ်က သူ၏ ကဗျာလင်္ကာဆိုင်ရာ ပါရမီသည် အထွတ်အထိပ်သို့ ရောက်ရှိနေသောကြောင့် တစ်နိုင်ငံလုံးရှိ ပညာတတ်အပေါင်းကို ကျော်ဖြတ်ကာ ပထမနေရာကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့က စုတ်တံကိုကိုင်ကာ ကျိန့်ယွမ်ခေတ် နန်းတော် တစ်ခုလုံးကို အံ့အားသင့်စေခဲ့သော ဤ နေမင်း၏ အရောင်ငါးမျိုး လင်္ကာကို လျင်မြန်စွာ ကူးယူ ရေးသားလိုက်တော့၏။

“တရားဓမ္မက ကောင်းကင်ကို လှုပ်ခတ်စေပြီး၊

ကံကောင်းခြင်းတွေက နေမင်းကြီးရဲ့ အလင်းရောင်လို ပွင့်လန်းလာတယ်။

အလင်းရောင် သုံးခုကို စောင့်ရှောက်ပြီး

ကံကောင်းခြင်းတွေကို ယူဆောင်လာကာ၊

အရောင်ငါးမျိုး တောက်ပနေတာက

တကယ်ကို ချီးကျူးစရာ ကောင်းလှတယ်။

နေမင်းကြီး ထွက်ပေါ်လာတာကို ကြည့်ပြီး

ကြယ်တာရာ တွေကို လေ့လာတယ်။

အချိန်အခါနဲ့ ကိုက်ညီစွာ ထွက်ပေါ်လာပြီး

ဧကရာဇ်မင်းမြတ်နဲ့အတူ ရှိနေတယ်။

နေမင်းကြီးရဲ့ အလင်းရောင်က

ကောင်းကင်ယံမှာ တောက်ပနေပြီး၊

တရားဓမ္မရဲ့ အလင်းရောင်က

သတ္တဝါ အားလုံးကို အလင်းပေးနေတယ်။”

သေချာသည်မှာ ဤလင်္ကာတွင် စာလုံးရေ လေးရာကျော် ပါဝင်သော်လည်း အချိန်မကုန်စေရန် ဤစာလုံးရေ တစ်ရာခန့်ကိုသာ ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ဤလင်္ကာကို ဖတ်ပြီးပါက မည်သည့်အတွက်ကြောင့် ပထမနေရာ ရရှိခဲ့သည်ကို နားလည်သွားမှာဖြစ်သည်။ အလွန် ခမ်းနားထည်ဝါပြီး တောက်ပလွန်းလှ၏။

ဤလင်္ကာကို ဖတ်လိုက်သည်နှင့် စာလုံးတိုင်း၊ စာကြောင်းတိုင်းတွင် နေမင်းကြီး၏ တောက်ပသော အလင်းရောင်များကို မြင်တွေ့ရသကဲ့သို့ ခံစားရမှာဖြစ်သည်။

ထို့အပြင် ကျိုးယီ (ပြောင်းလဲခြင်းကျမ်း) နှင့်လည်း အလွန်ကိုက်ညီပြီး ဧကရာဇ်မင်းမြတ်၏ ကြီးမြတ်မှုနှင့် မှန်ကန်မှုကို ပေါ်လွင်စေရန် ရေးဖွဲ့ထားခြင်း ဖြစ်၏။

အတိုချုပ်ဆိုရလျှင် အကယ်၍ တစ်ယောက်ယောက်က အောက်ယွီ၏ ဤလင်္ကာကို မကောင်းဘူးဟု ပြောပါက ဧကရာဇ်မင်းမြတ် ထံသို့ တိုက်ရိုက် သွားရောက် တိုင်ကြား၍ ရသည်။

ဤလင်္ကာကို ရေးသားပြီးနောက် တတိယနေ့ စာမေးပွဲက ပြီးဆုံးသွားပြီဟု ဆိုနိုင်၏။

ကျန်ရှိနေသော မေးခွန်း နှစ်ခုမှာ အထောက်အကူပြု အနေဖြင့်သာ ဖြစ်ပြီး မေးခွန်း ထုတ်ရာတွင်လည်း အလွန် လွတ်လပ်မှု ရှိသည်။

ဥပမာ ဒုတိယ မေးခွန်းဖြစ်သည်။ လမင်းကို အကြောင်းပြု၍ကဗျာ သို့မဟုတ် လင်္ကာ ရေးဖွဲ့ပါ။ မည်သည့် ပုံစံဖြင့်မဆို ရေးဖွဲ့နိုင်၏။

ပထမ မေးခွန်းက နေမင်း ဖြစ်ပြီး ဒုတိယ မေးခွန်းက လမင်း ဖြစ်ရာ ကျိန်းသေပေါက် အရေအတွက် ပြည့်အောင် ထည့်ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။

သို့ပေမည့် ဤကဲ့သို့ အရေအတွက် ပြည့်အောင် ထည့်ထားသော မေးခွန်းများကသာ ပါရမီကို အကောင်းဆုံး ပြသနိုင်စွမ်း ရှိ၏။

အဘယ်ကြောင့်ဆိုသော် ပထမ မေးခွန်းက အလွန် တင်းကျပ်ပြီး တော်ဝင် မိသားစုကို မြှောက်ပင့်ပေးရမည် ဖြစ်ရာ စည်းမျဉ်းများစွာ ရှိသည်။ အချစ်ရေး ကိစ္စများ လုံးဝ ရေးသား၍ မရပေ။

သို့ပေမည့် ဤဒုတိယ မေးခွန်းနှင့် တတိယ မေးခွန်းများမှာမူ အလွန် လွတ်လပ်လှ၏။ ဝမ်းနည်းကြေကွဲဖွယ် ရေးဖွဲ့ချင်လည်း ရသလို၊ အချစ်ရေး ကိစ္စများ ရေးဖွဲ့ချင်လည်း ရသည်။ ထို့ကြောင့်ပင် တကယ့် ဂန္ထဝင် ကဗျာများက ဤနေရာမှ ထွက်ပေါ်လာလေ့ ရှိ၏။

ဤသည်မှာလည်း သဘာဝ ကျလှသည်။ ပထမ မေးခွန်းက သတ်မှတ်ထားသော ခေါင်းစဉ် ဖြစ်ပြီး အစိုးရ အလိုကျ ရေးသားရသောကြောင့် အလွန် ထူးချွန်ရန် ခက်ခဲသည်။

သို့ပေမည့် ဤဒုတိယ မေးခွန်း နှင့် တတိယ မေးခွန်းများတွင်မူ စာဖြေသူ၏ စိတ်ကူးဉာဏ်နှင့် ပါရမီကို အပြည့်အဝ ပြသနိုင်၏။

မေးခွန်း ။ လမင်းကို အကြောင်းပြု၍ ကဗျာ သို့မဟုတ် လင်္ကာ ရေးဖွဲ့ပါ။

ဆရာကြီး ဆူးရှီ၏ လမင်းကြီးသည် မည်သည့်အချိန်တည်းက ရှိနေသနည်း ဟု အစချီသည့် ကဗျာမှာ ထာဝရဂန္ထဝင် လက်ရာတစ်ခု ဖြစ်၏။ ၎င်းသည် လမင်းအကြောင်း ရေးဖွဲ့ထားသမျှသော ကဗျာများအကြားတွင် အဆုံးသတ် အောင်ပွဲခံနိုင်လောက်သည့် လက်ရာမျိုး ဖြစ်သည်။

ထိုကဗျာ ပေါ်ထွက်လာပြီးနောက်တွင် မည်သည့် စာဆိုကမှ လမင်းအကြောင်းကို သူ့ထက် သာလွန်အောင် မရေးဖွဲ့နိုင်တော့ချေ။

သို့ရာတွင် ယွင်ကျုံးဟဲ့အနေဖြင့် ဤကဗျာကို ကူးယူအသုံးချရန် မသင့်တော်ပေ။ အကြောင်းမှာ ထိုကဗျာသည် အလွန်တရာ ကောင်းမွန်လွန်းနေသောကြောင့် ဖြစ်သည်။ သူ၏ အခြေအနေနှင့်ဆိုလျှင် ဤမျှအထိ ထူးကဲသည့် လက်ရာမျိုးကို အသုံးချရန် မလိုအပ်သေးပေ။

ထိုသို့ဆိုလျှင် မည်သည့်ကဗျာကို ရွေးချယ်အသုံးချရမည်နည်း။ တိတ်ဆိတ်သောည၏ အလွမ်း ကဗျာလား။ ခေါင်းမော့ကြည့်သော် လမင်းကို မြင်ရပြီး၊ ခေါင်းငုံ့ကြည့်သော် ဇာတိမြေကို သတိရမိသည် ဟူသည့် စာသားမျိုးလား။

ထိုကဗျာမှာလည်း အလွန် ကောင်းမွန်လှသော်လည်း ယွင်ကျုံးဟဲ့နှင့် ကိုက်ညီမှု မရှိချေ။ သူ၏ နေအိမ်မှာ ကျန်းကျိုးမြို့တွင်ရှိရာ ဇာတိမြေကို အလွမ်းပိုနေရန် အကြောင်းမရှိပေ။

ထို့ပြင် ဆရာကြီး ကျန်းကျိုလင်၏ လကိုကြည့်၍ အတိတ်ကို လွမ်းဆွတ်ခြင်း အမည်ရှိ ကဗျာတွင်လည်း ဂန္ထဝင်စာသားများ ပါဝင်နေသေးသည်။

ပင်လယ်ပြင်ထက်မှ လမင်းကြီး ထွက်ပေါ်လာချိန်ဝယ်၊ လောကတစ်ခွင်ရှိ လူသားအားလုံး ဤခဏကို အတူတကွ ခံစားကြည့်ရှုနေကြသည် ဟူသော စာသားမျိုး ဖြစ်၏။

ထိုစာသားများမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်၊ အံ့အားသင့်ဖွယ် ကောင်းလှသည် မဟုတ်ပါလား။ စာမေးပွဲစစ်ဆေးသူများ၏ စိတ်နှလုံးကို ချက်ချင်း ဖမ်းစားနိုင်မည်လားဟု မေးလျှင် ဧကန်မုချ ဖြစ်နိုင်သည်ဟု ဆိုရမည်။

သို့သော်ငြား ယနေ့သည် မည်သည့်နေ့ရက် ဖြစ်သနည်း။ ရှစ်လပိုင်း ဆယ့်ငါးရက်နေ့၊ လပြည့်နေ့ ဖြစ်ပေသည်။

ပင်လယ်ပြင်ထက်မှ လမင်းကြီး ထွက်ပေါ်လာခြင်းမှာ အခြေအနေနှင့် ကိုက်ညီမှုရှိသော်လည်း၊ ယနေ့ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားပေါင်း သုံးထောင့်ငါးရာကျော်စလုံးသည် လပြည့်နေ့ အကြောင်းကိုသာ ရေးကြမည်မှာ သေချာသလောက် ရှိနေသည်။

အခြားသူများအားလုံးက လပြည့်နေ့အကြောင်း ရေးဖွဲ့ကြလျှင် မိမိအနေဖြင့် မရေးလိုတော့ပေ။ ထိုအကြောင်းအရာကို စိတ်ဝင်စားမှု မရှိတော့ချေ။

အမှန်စင်စစ် မေးခွန်းတွင် လမင်းအကြောင်း ရေးဖွဲ့ရန်သာ ညွှန်ကြားထားခြင်း ဖြစ်သည်။ ယနေ့ည လပြည့်နေ့ အကြောင်းကိုသာ ရေးရမည်ဟု ကန့်သတ်ထားခြင်း မရှိပေ။ ထို့ကြောင့် တခြား လပြည့်ည အကြောင်း ရေးဖွဲ့လျှင် အဘယ်ကြောင့် မရနိုင်ရမည်နည်း။

ရနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤဒုတိယမေးခွန်းသည် ကိုယ်ပိုင် ဖန်တီးနိုင်စွမ်းကို များစွာ ခွင့်ပြုထားသည်။ လမင်းအကြောင်း ပါဝင်နေလျှင် လုံလောက်ပြီဖြစ်ရာ လခြမ်းကွေးလေးအကြောင်း ရေးဖွဲ့လျှင်ပင် ရနိုင်သည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့သည် အခြားသော ထင်ရှားသည့် စာသားတစ်ခုကို သတိရသွားပြန်သည်။

ခွက်ကို မြှောက်၍ လမင်းကို ဖိတ်ခေါ်သည်၊ မိမိ၏ အရိပ်နှင့်အတူ သောက်သုံးသော် လူသုံးယောက် ဖြစ်သွားသည် ဟူသော စာသား ဖြစ်ပြီး ဆရာကြီး လီပိုင်၏ လက်ရာဖြစ်သောကြောင့် သေချာပေါက် ကောင်းမွန်လှ၏။

သို့ရာတွင် ပြန်လည်စဉ်းစားကြည့်သောအခါ ဤကဗျာကို အသုံးမပြုနိုင်တော့ချေ။ အကြောင်းမှာ ယန်ဖြန်ရှန်နှင့် စကားပြောဆိုစဉ်က ဤကဲ့သို့သော ဆိုလိုရင်းမျိုးကို ပြောဆိုခဲ့ဖူးသောကြောင့် ဖြစ်သည်။

ဂန္ထဝင်ကဗျာများမှာ များပြားလှသဖြင့် ယွင်ကျုံးဟဲ့ပင်လျှင် ရွေးချယ်ရခက်ခဲနေတော့သည်။ မကြာမီမှာပဲ သူသည် အကြံကောင်းတစ်ခု ရရှိသွား၏။

၎င်းမှာ ဆရာကြီး အိုးရန်ရှို့၏ လပြည့်ည ကဗျာ ဖြစ်သည်။

ထင်ရှားသော ဆရာကြီးများအနက် စာမေးပွဲတွင် ပထမ ကျွမ့်ယွမ် ရရှိခဲ့ဖူးသည့်အပြင် ကဗျာဆရာကြီးလည်း ဖြစ်သူမှာ အလွန်ပင် ရှားပါးလှသည်။ ဆရာကြီး အိုးရန်ရှို့မှာ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်ရာ သူ၏ကဗျာကို မကူးယူဘဲ မည်သို့နေနိုင်မည်နည်း။

ဤကဗျာသည် တစ်လပိုင်း ဆယ့်ငါးရက်၊ လပြည့်ညအကြောင်း ရေးဖွဲ့ထားခြင်းဖြစ်သည်မှာ မှန်သော်လည်း ၎င်းသည် အရေးကြီးသည့်အချက် မဟုတ်ပေ။ အခြားသူများက ရှစ်လပိုင်း လပြည့်နေ့အကြောင်း ရေးဖွဲ့နေချိန်တွင် မိမိက တစ်လပိုင်း လပြည့်ညအကြောင်း ရေးဖွဲ့ခြင်းမှာ ပို၍ပင် ထူးခြားနေပေဦးမည်။

အရေးကြီးဆုံးအချက်မှာ ဤကဗျာသည် အလွန်တရာ လှပလွန်းနေခြင်း ဖြစ်သည်။ စာကြောင်း တစ်ကြောင်း၊ နှစ်ကြောင်းမျှသာ လှပသည်မဟုတ်ဘဲ ကဗျာတစ်ပုဒ်လုံး၏ အဓိပ္ပာယ်နှင့် အသုံးအနှုန်းများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

စာမေးပွဲစစ်ဆေးသူများ၏ စိတ်နှလုံးကို ထိမှန်စေရုံသာမက၊ သူတို့တစ်ကိုယ်လုံးကို ကြက်သီးထသွားစေပြီး လှပ၍ ဝမ်းနည်းဖွယ်ကောင်းသော အတိတ်အမှတ်တရများထဲသို့ နစ်မြောသွားစေနိုင်ပေလိမ့်မည်။

ထိုကဗျာမှာ ဤသို့ ဖြစ်၏။

“မနှစ်က ပထမ လပြည့်ည အချိန်တုန်းက၊

ပန်းဈေးတန်းမှာ မီးရောင်တွေက

နေ့ခင်းလို လင်းထိန်နေတယ်။

လမင်းကြီးက သစ်ကိုင်းဖျားပေါ်

ရောက်လာတဲ့ အချိန်၊

ညနေစောင်းမှာ

လူတစ်ယောက် နဲ့ ချိန်းတွေ့ခဲ့တယ်။

ဒီနှစ် ပထမ လပြည့်ည အချိန်ရောက်တော့၊

လမင်း နဲ့ မီးရောင်တွေက အရင်တိုင်းပါပဲ။

ဒါပေမဲ့ မနှစ်က လူကို မတွေ့ရတော့ဘူး၊

မျက်ရည်တွေက နွေဦး အင်္ကျီလက်ကို စိုရွှဲသွားစေတယ်။”

ဤကဲ့သို့သော ကဗျာမျိုးသည် စာဆို၏ အမညကို ထည့်သွင်းဖော်ပြခြင်း မပြုသော်လည်း ဖတ်ရှုသူ၏ စိတ်နှလုံးကို ထိမှန်စေနိုင်စွမ်းရှိသည်။

ရင်ထဲဝယ် လှိုင်းဂယက်များ ထသွားစေကာ အလွန်တရာ လှပသည်ဟု ခံစားရစေမည်မှာ အမှန်ပင်ဖြစ်၏။

၎င်းသည် ဂန္ထဝင်လက်ရာတစ်ခု၏ ဆွဲဆောင်မှုပင် ဖြစ်သည်။ အချိန်ကာလများ ကုန်လွန်လာသည်နှင့်အမျှ ပိုမို၍ တင့်တယ်လှပလာစမြဲ ဖြစ်သည်။

ထို့ပြင် ဤကဗျာသည် အောက်ယွီကဲ့သို့သော ပုဂ္ဂိုလ်မျိုး ရေးဖွဲ့ရန် အလွန်ပင် သင့်လျော်လှသည်။ လူငယ်သဘာဝ အချစ်ရေးကိစ္စများနှင့် မကင်းနိုင်ကြသည်မှာ ဓမ္မတာပင် ဖြစ်၏။

..............................

All Chapters