အခန်း (၂၆၃-၂၆၄)
Vol. 23 Ch. 263-264
အပိုင်း (၂၆၃)
စာမေးပွဲ စစ်ဆေးသူ ဆယ်ယောက်ကျော်လုံး ထိုအဖြေလွှာ ရှေ့သို့ ထပ်မံ ရောက်ရှိလာကြပြီး အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။
“ကြောက်စရာ ကောင်းလိုက်တာ။”
“လူမဟုတ်တော့ဘူး။”
“တကယ် အံ့ဩဖို့ ကောင်းတာပဲ။”
“ဒီလောက် ခက်ခဲတဲ့ စာမေးပွဲကိုတောင် အမှတ်ပြည့် ရအောင် ဖြေနိုင်တယ်ပေါ့။
“ဒီနှစ် စာမေးပွဲမှာ ပါရမီရှင်တစ်ယောက် ပေါ်လာတာတောင် လုံလောက်နေပြီ ထင်ခဲ့တာ၊ နောက်ထပ် တစ်ယောက် ထပ်ပေါ်လာအုံးမယ်လို့ ဘယ်သူ ထင်မှာလဲ။”
“ဒါက အတိတ်မှာလည်း မရှိခဲ့ဖူးသလို အနာဂတ်မှာလည်း ရှိလာမှာ မဟုတ်တော့ဘူး။” စာမေးပွဲ စစ်ဆေးသူ တစ်ဦးက သက်ပြင်းချကာ ပြောလိုက်၏။
သေချာပေါက် မှန်ကန်လှသည်။ တာ့ကျိုးအင်ပါယာ တည်ထောင်ပြီးတည်းက ချန်လန် ပြည်နယ် ကဲ့သို့သော စာမေးပွဲ အခက်ခဲဆုံး ပြည်နယ်တွင် ပထမနေ့ စာမေးပွဲ၌ အမှတ်ပြည့် ရဖူးသူ တစ်ခါမှ မရှိခဲ့ဖူးပေ။ လုံးဝ မရှိခဲ့ဖူးပေ။
မေးခွန်း တစ်ရာ့ကိုးဆယ့်ရှစ်ခု မှန်ကန်ခြင်းကပင် သမိုင်းဝင် စံချိန် တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ယခု မေးခွန်း နှစ်ရာလုံး မှန်ကန်သူ ထွက်ပေါ်လာပြီဖြစ်ရာ ဤသည်မှာ တကယ့်ကို ရူးသွပ်စရာပင် ဖြစ်၏။
‘ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲ။ စာအုပ် နှစ်ဆယ့်သုံးအုပ်၊ စာလုံးရေ တစ်သန်းခွဲကျော်ကို အကုန်လုံး အလွတ်ကျက်ထားတယ်ပေါ့။ ဒါ… ဒါက တကယ် ရူးသွပ်စရာပဲ။ စဉ်းစားကြည့်ရုံနဲ့တင် ကြက်သီးထချင်စရာ ကောင်းလွန်းတယ်။’
“ချန်လန် ပြည်နယ်က သေမင်းတမန် နယ်မြေကြီး ဖြစ်ပြီး ထူးချွန်သူတွေ ပေါများတယ်ဆိုတာ တကယ် မှန်တာပဲ။ အခုမှကိုယ်တွေ့ မြင်ရတော့တယ်။ တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်တွေ ရှိနေတာပဲ။” စာမေးပွဲ စစ်ဆေးသူ တစ်ဦးက ပြောလိုက်သည်။
လူတိုင်းက ခေါင်းညိတ် ထောက်ခံကြသည်။
အခြား စာမေးပွဲ စစ်ဆေးသူ တစ်ဦးက ဝင်ပြော၏။ “ဒါပေမဲ့ ပုံမှန်အားဖြင့် အလွတ်ကျက်တဲ့ နေရာမှာ တော်တဲ့ ကျောင်းသားတွေက နိုင်ငံရေး စာစီစာကုံးနဲ့ကဗျာ လင်္ကာတွေမှာ သိပ်မတော်တတ်ကြဘူး။ စာတွေ အရမ်း ကျက်လွန်းတော့ စိတ်ကူးဉာဏ်တွေ ပျောက်ကုန်တယ်လေ။”
ထိုစကားက အတော်လေး မှန်ကန်ပြီး ဤသို့သော အခြေအနေမျိုး မကြာခဏ ကြုံတွေ့ရတတ်၏။
“ဒါပေမဲ့ စုမန် လည်း မေးခွန်း တစ်ရာ့ကိုးဆယ့်ရှစ်ခု တောင် မှန်ခဲ့တာပဲလေ။ သူကရော စိတ်ကူးဉာဏ် မရှိတော့ဘူးလား။”
“သေချာတာကတော့ အဲဒီလို မဟုတ်ပါဘူး။ စုမန်က အလွတ်ကျက်တာ မဟုတ်ဘူး၊ သူက တကယ်ကို စာဖတ်တာ ဝါသနာပါပြီး ဖတ်ရင်းနဲ့ မှတ်မိသွားတာလေ။ ဒါကြောင့် သူက တမင်တကာ အလွတ်ကျက်တာ မဟုတ်ဘဲ နားလည်အောင် ဖတ်ရင်းနဲ့ သဘာဝကျကျ မှတ်မိသွားတာ။”
“ဒါက အခြေခံ သဘောတရားချင်း ကွာခြားတယ်။ ပြီးတော့ သူ မေးခွန်း နှစ်ခု ကွက်လပ် ထားခဲ့တာကို မတွေ့ဘူးလား။”
ပင်မစာမေးပွဲ စစ်ဆေးသူ ယွီကျန်းက ညွှန်ကြားလိုက်၏။ “ကဲ… စားပွဲပေါ်က အဖြေလွှာတွေ အားလုံးကို ပြန်ရောထွေးလိုက်တော့။ ဒုတိယ အဆင့် စစ်ဆေးမှု စတင်တော့မယ်။”
ဤသို့ လုပ်ခြင်းက တရားမျှတမှု ရှိစေရန် ဖြစ်သည်။ စာမေးပွဲ စစ်ဆေးသူများ အနေဖြင့် ပထမနေ့ စာမေးပွဲတွင် အမှတ်ကောင်းသော အဖြေလွှာများကို စစ်ဆေးခဲ့ရသောကြောင့် နိုင်ငံရေး စာစီစာကုံးကို စစ်ဆေးသည့်အခါ ထိုကျောင်းသားများကို ပို၍ အမှတ်ပေးမိမည် စိုးသောကြောင့်ပင်။
ထိုသို့ ဖြစ်ပါက မတရားရာ ကျမည်ဖြစ်၏။
ပထမနေ့ အဖြေလွှာများကို အိတ်များ အတွင်းသို့ ပြန်ထည့်လိုက်သည်။
ထို့နောက် အိတ်များ အားလုံးကို ရောမွှေလိုက်ပြီး ဒုတိယနေ့ အဖြေလွှာများကို စစ်ဆေးရန် ပြန်လည် ခွဲဝေပေးလိုက်၏။
ဤသို့ဖြင့် မိမိ စစ်ဆေးနေသော အဖြေလွှာသည် ယခင်က အမှတ် မည်မျှ ရရှိခဲ့သည်ကို မည်သူမှ မသိနိုင်တော့ပေ။
ထို့အပြင် အဖြေလွှာများ အားလုံးကို ပြန်လည် ကူးရေးထားသောကြောင့် လက်ရေးကို ကြည့်၍လည်း ခွဲခြား၍ မရနိုင်ချေ။
ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းက ပြောလိုက်၏။ “ဒုတိယအဆင့် စစ်ဆေးမှုက အရေးအကြီးဆုံးပဲ။ အားလုံး သတိထားပြီး စစ်ဆေးကြ။ နိုင်ငံတော်အတွက် လူရွေးချယ်တာ ဖြစ်လို့ အရမ်းကို သတိထားရမယ်။”
ဒုတိယ အဆင့် စစ်ဆေးမှုတွင် ဒုတိယနေ့ နိုင်ငံရေး စာစီစာကုံးများကို စစ်ဆေးရမှာဖြစ်၏။ ဤသည်မှာ အမှန်တကယ်ပင် အရေးအကြီးဆုံး ဖြစ်သည်။ စာမေးပွဲ အောင်၊ မအောင် ဆိုသည်မှာ ဤဒုတိယအဆင့် ပေါ်တွင် လုံးဝ မူတည်နေသည်။
အကယ်၍ ပထမ အဆင့်က ဇကာချသည့်အဆင့် ဖြစ်ပါက ဒုတိယ အဆင့်မှာ ရွေးချယ်သည့် အဆင့် ဖြစ်၏။
စာမေးပွဲ အောင်မြင်လိုပါက နိုင်ငံရေး စာစီစာကုံးကို ကောင်းမွန်စွာ ရေးသားနိုင်ရမှာဖြစ်၏။ ကောင်းမွန်စွာ မရေးနိုင်ပါက မျှော်လင့်ချက် မရှိတော့ပေ။ ကဗျာ လင်္ကာများကို ကြည့်စရာပင် မလိုတော့ပေ။
ထို့အပြင် ဤနိုင်ငံရေး စာစီစာကုံးများတွင် အဖြေမှန် ဟူ၍ မရှိပေ။ ပင်မ စာမေးပွဲ စစ်ဆေးသူ၏ ဆုံးဖြတ်ချက် ပေါ်တွင်သာ လုံးဝ မူတည်နေ၏။
ယခင်က မြေပြင်ပေါ်သို့ ပစ်ချ၍ ရသော်လည်း ယခု ပစ်ချ၍ မရတော့ပေ။
စာမေးပွဲ စစ်ဆေးသူတိုင်း၏ အရှေ့တွင် ခြင်းတောင်း တစ်လုံးစီ ရှိ၏။ အကယ်၍ အလွန် ကောင်းမွန်သော အဖြေလွှာကို တွေ့ရှိပါက၊ သေချာပေါက် စာမေးပွဲ အောင်မြင်မည်ဟု ယူဆပါက ထိုအဖြေလွှာကို ခြင်းတောင်း ထဲသို့ ထည့်ရမှာဖြစ်သည်။
ကောင်းမွန်သော်လည်း မသေချာပါက စားပွဲပေါ်တွင်သာ ထားရမည်ဖြစ်၏။
အလွန် ဆိုးရွားပြီး လုံးဝ မအောင်မြင်နိုင်ဟု ယူဆပါက အခန်း ရှေ့ရှိ သေတ္တာကြီးထဲသို့ ပစ်ထည့်လိုက်ရုံသာ ဖြစ်သည်။
သေတ္တာကြီးထဲသို့ ရောက်သွားသော အဖြေလွှာများမှာ အခြေခံအားဖြင့် ကျရှုံးသွားပြီ ဖြစ်သော်လည်း အနည်းငယ်သော မျှော်လင့်ချက်လေးတော့ ကျန်ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် ထိုအဖြေလွှာများကို နောက်တစ်ကြိမ် ပြန်လည် စစ်ဆေးဦးမည် ဖြစ်သောကြောင့်ပင်။
ယခုနှစ် ချန်လန် ပြည်နယ်၏ စာမေးပွဲ အောင်မြင်မည့် အရေအတွက်မှာ အများဆုံး တစ်ရာထက် မကျော်နိုင်ပေ။
ထို့ကြောင့် စာမေးပွဲ စစ်ဆေးသူတိုင်း အလွန် သတိထားရမှာဖြစ်၏။ ပုံမှန်အားဖြင့် ခြင်းတောင်းထဲသို့ ထည့်ရမည့် အဖြေလွှာများမှာ အလွန် ထူးချွန်ပြီး အံ့အားသင့်ဖွယ် ကောင်းသော အဖြေလွှာများ ဖြစ်ရမည်။
ပုံမှန်အားဖြင့် စာမေးပွဲ စစ်ဆေးသူ တစ်ဦးလျှင် ခြင်းတောင်းထဲသို့ ထည့်မည့် အဖြေလွှာ အရေအတွက်မှာ သုံးစောင်ထက် ကျော်လွန်လေ့ မရှိပေ။
အကယ်၍ သုံးစောင်ထက် ကျော်လွန်သွားပါက ထိုစာမေးပွဲ စစ်ဆေးသူ၏ အကဲဖြတ်နိုင်စွမ်းကို အခြားသူများက သံသယ ဝင်လာမှာဖြစ်၏။
စာမေးပွဲ စစ်ဆေးသူ ရာပေါင်းများစွာက တိတ်ဆိတ်စွာ စစ်ဆေးနေကြသည်။
ဤအဆင့်တွင် သေတ္တာကြီး ထဲသို့ ပစ်ထည့်ခံရမည့်၊ ကျရှုံးမည့် အရေအတွက်မှာ အနည်းဆုံး ၇၀ ရာခိုင်နှုန်းခန့် ရှိမည် ဖြစ်ကြောင်း အားလုံးက သိရှိထားကြ၏။
“ဘုတ်…”
“ဘုတ်…”
အသံများ အနည်းငယ် ကျဲသွားသော်လည်း အဖြေလွှာများ တစ်စောင်ပြီး တစ်စောင် သေတ္တာကြီး ထဲသို့ ရောက်ရှိသွားကြဆဲ ဖြစ်၏။ မျှော်လင့်ချက် အနည်းငယ် ရှိသေးသော်လည်း သေတ္တာကြီး ထဲသို့ ရောက်သွားသော အဖြေလွှာများမှာ သေချာပေါက် ကျရှုံးသွားပြီ ဖြစ်သည်။
ဤမျှ ရက်စက်လှ၏။
ဒုတိယအဆင့် စစ်ဆေးမှုသို့ ရောက်ရှိလာသော ကျောင်းသား ခုနစ်ရာခန့်မှာ ချန်လန်ပြည်နယ် တစ်ခုလုံးတွင် တစ်သောင်းမှာ တစ်ယောက် ရှားမှရှားသောသူများ ဖြစ်ကြောင်း သိရှိထားသင့်၏။
တစ်ယောက်စီတိုင်းက ထူးချွန်သူများ ဖြစ်ကြပြီး ရှို့ချိုင်များထဲတွင် အတော်ဆုံးသူများ ဖြစ်ကြကာ မိမိတို့၏ ဇာတိမြို့များတွင် နာမည်ကြီးသူများ ဖြစ်ကြသည်။
သို့ပေမည့် ယခုအခါ သူတို့၏ ကံကြမ္မာကို အခြားသူများက အလွယ်တကူ ပစ်ပယ်နေကြ၏။
“ဟင်း…” စာမေးပွဲ စစ်ဆေးသူ တစ်ဦးက သက်ပြင်းချလိုက်ပြီး သူ၏ လက်ထဲမှ အဖြေလွှာကို အတန်ကြာ စဉ်းစားပြီးနောက် သေတ္တာကြီးထဲသို့ ပစ်ထည့်လိုက်လေသည်။
“ဒါသာ တခြား ပြည်နယ်က စာမေးပွဲဆိုရင် သေချာပေါက် အောင်မှာပဲ။ ချန်လန်ပြည်နယ်မှာတော့ နှမြောစရာပဲ။”
ထိုစာမေးပွဲ စစ်ဆေးသူက စိတ်မကောင်းစွာ ပြောလိုက်၏။ “တကယ်တော့ ဒီလူတွေရဲ့ နိုင်ငံရေး စာစီစာကုံးတွေက အတော်လေး ကောင်းပါတယ်။ အနည်းဆုံးတော့ အမှားအယွင်း မရှိပါဘူး။”
“ဟုတ်ပါတယ်။ အားလုံး ကောင်းကြပါတယ်။ ဒါပေမဲ့ မထူးခြားဘူးလေ။ ချန်လန်ပြည်နယ်လို ထူးချွန်သူတွေ ပေါများတဲ့ နေရာမှာ မထူးခြားဘူးဆိုရင် သာမန်ပဲ ဖြစ်သွားတာပေါ့။ အရမ်း ခက်ခဲပါတယ်။”
ဒုတိယ စာမေးပွဲ စစ်ဆေးသူက ဝင်ပြောသည်။ “သူတို့လည်း ခက်ခဲသလို ကျုပ်တို့လည်း ခက်ခဲပါတယ်။ ပစ်ချရတာ စိတ်မကောင်းဖြစ်မိတယ်။”
“ဟုတ်တာပေါ့။ ကျုပ် ပစ်ချရတာ လက်တောင် တုန်တယ်။ ကျုပ်တို့ ပစ်ချလိုက်တာက အဖြေလွှာ တစ်စောင် မဟုတ်ဘူး၊ လူတစ်ယောက်ရဲ့ အနာဂတ်နဲ့ ကံကြမ္မာပဲ။ ဒါပေမဲ့ မပစ်ချလို့လည်း မရဘူး။ ထူးချွန်သူတွေက အရမ်း များလွန်းနေတာကိုး။”
စာမေးပွဲ စစ်ဆေးသူများ အားလုံးက သက်ပြင်းချကာ ပြောဆိုနေကြ၏။
ထူးချွန်သူများ အလွန် များပြားလွန်းလှ၏။ အဖြေလွှာတိုင်းက အဆင့်အတန်း တစ်ခု အထက်တွင် ရှိနေကြသည်။
ထိုသို့ ဖြစ်နေလေလေ ထူးခြားပြောင်မြောက်ပြီး အံ့အားသင့်ဖွယ် ကောင်းသော အဖြေလွှာများကို ရှာဖွေရန် ပိုမို ခက်ခဲလေလေ ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်အထိ အဖြေလွှာ နှစ်ရာခန့်ကို သေတ္တာကြီးထဲသို့ ပစ်ထည့်ပြီးပြီ ဖြစ်သော်လည်း ခြင်းတောင်းထဲသို့ ထည့်ကာ တိုက်ရိုက် အောင်မြင်မည့် အဖြေလွှာ တစ်စောင်မှ မရှိသေးပေ။
ခေတ္တ စကားပြောပြီးနောက် အခန်း တစ်ခန်းလုံး ပြန်လည် တိတ်ဆိတ်သွားပြန်၏။
ထိုစဉ် ဒုတိယ စာမေးပွဲ စစ်ဆေးသူ တစ်ဦးက ရုတ်တရက် စားပွဲကို ပုတ်ကာ ပြောလိုက်သည်။ “ကောင်းတယ်… ကောင်းတယ်… အရမ်းကောင်းတဲ့ စာစီစာကုံးပဲ။”
အားလုံး၏ အကြည့်များက သူ့ထံသို့ ရောက်သွားကြ၏။
ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းက မေးလိုက်သည်။ “စာစီစာကုံးကောင်း တစ်ပုဒ် တွေ့ပြီလား။”
ဒုတိယ စာမေးပွဲ စစ်ဆေးသူက ပြန်ဖြေ၏။ “ဟုတ်ပါတယ်။ သခင်ကြီး ယွီကျန်း လာကြည့်အုံးမလား။”
ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းက ခေါင်းခါလိုက်သည်။ “မလိုပါဘူး။ သခင်ကြီးမင်က ဟန်လင် အကယ်ဒမီ ပညာရှင်၊ ဒုတိယအဆင့်မှာ ပထမရသူ ဆိုတော့ ခင်ဗျားရဲ့ အဆင့်အတန်းကလည်း မြင့်မားပြီးသားပါ။”
ထိုဒုတိယ စာမေးပွဲ စစ်ဆေးသူက နောက်တစ်ခေါက် သေချာ ပြန်ဖတ်ကြည့်ပြီးနောက် အမှားအယွင်း မရှိကြောင်း၊ တားမြစ်ချက်များကို မချိုးဖောက်ထားကြောင်း သေချာသွားချိန်မှာတော့ အဖြေလွှာကို ခြင်းတောင်းထဲသို့ ဂရုတစိုက် ထည့်လိုက်လေ၏။
နောက်ဆုံးတော့ ခြင်းတောင်းထဲသို့ ရောက်သွားမည့် ပထမဆုံး အဖြေလွှာ ထွက်ပေါ်လာပြီ ဖြစ်၏။ ဤခြင်းတောင်းထဲသို့ ရောက်သွားပါက အထူးအခြေအနေ မရှိလျှင် သေချာပေါက် စာမေးပွဲ အောင်မြင်မှာ ဖြစ်သည်။
အကယ်၍ ပယ်ချခံရပါက စာမေးပွဲ စစ်ဆေးသူ၏ မျက်နှာကို လူအများရှေ့တွင် ရိုက်ချလိုက်သကဲ့သို့ ဖြစ်သွားမှာဖြစ်ပြီး စာမေးပွဲ စစ်ဆေးသူ၏ အရည်အချင်းကို အလွန်အမင်း သံသယ ဝင်ခံရမည် ဖြစ်ကာ ရန်ငြိုးကြီးမားစွာ ဖြစ်ပေါ်သွားပေလိမ့်မည်။
ထို့ကြောင့် စာမေးပွဲ စစ်ဆေးသူတိုင်းက အလွန် သတိထားကြပြီး အလွန် ထူးချွန်သော အဖြေလွှာ မဟုတ်ပါက ခြင်းတောင်းထဲသို့ လုံးဝ မထည့်ရဲကြပေ။ ဤသည်မှာ တိုက်ရိုက် အောင်မြင်စေခြင်း ဖြစ်သောကြောင့် တာဝန်ယူရမှာဖြစ်သည်။
ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းက တိတ်ဆိတ်စွာ စစ်ဆေးနေ၏။ သူက အလွန် သေချာစွာ စစ်ဆေးနေပြီး အဖြေလွှာတိုင်းကို အချိန်အကြာကြီး ယူကာ အကြိမ်ကြိမ် အခါခါ ဖတ်ရှုနေ၏။
ပထမအကြိမ် ဖတ်ရှုစဉ်က သာမန်ဟု ထင်ရပါက ဒုတိယ အကြိမ် ထပ်ဖတ်ပြီး ထူးခြားချက်များကို ရှာဖွေရန် ကြိုးစားသည်။ အကယ်၍ ထူးခြားချက် မတွေ့ပါက မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ကာ တတိယ အကြိမ် ထပ်ဖတ်ပြီးမှသာ သေတ္တာကြီးထဲသို့ ပစ်ထည့်လေ့ ရှိသည်။
ထို့ကြောင့် စာမေးပွဲ စစ်ဆေးသူများ အားလုံးထဲတွင် သူ ပစ်ထည့်သော အဖြေလွှာ အရေအတွက်က အနည်းဆုံး ဖြစ်နေ၏။
အဘယ်ကြောင့်ဆိုသော် သူ အသက်ကြီးလာပြီ ဖြစ်သောကြောင့် ပညာသင်ယူရခြင်း၏ ခက်ခဲမှုကို ပိုမို နားလည်လာသောကြောင့် ဖြစ်သည်။
တရားမျှတမှု ရှိရမည် ဖြစ်သော်လည်း သနားကြင်နာစိတ်လည်း ရှိရမှာဖြစ်သည်။ အာဏာ ရှိနေသည်ဟု ဆိုကာ အလွယ်တကူ ဆုံးဖြတ်ချက်ချပြီး လူတစ်ဦး၏ အနာဂတ်ကို မဖျက်ဆီးသင့်ပေ။
ယခုအချိန်တွင် အခြား စာမေးပွဲ စစ်ဆေးသူများကလည်း ယွီကျန်းသည် အလွန် တင်းကျပ်သူ ဖြစ်သော်လည်း စိတ်သဘောထား ကောင်းမွန်သူ ဖြစ်ကြောင်း နားလည်လာကြပြီ ဖြစ်၏။
သို့ပေမည့် တိုက်ရိုက် အောင်မြင်မည့် အဖြေလွှာများကိုမူ သူ အလွန် ရှားပါးစွာသာ ရွေးချယ်လေ့ ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အရည်အချင်းက အလွန် မြင့်မားသောကြောင့် မျှော်မှန်းချက်ကလည်း အလွန် မြင့်မားသောကြောင့် ဖြစ်သည်။
နိုင်ငံရေး စာစီစာကုံး၊ အထူးသဖြင့် စာစီစာကုံးရှည်သည် ကျောင်းသား တစ်ဦး၏ စွမ်းရည်၊ အမြင်နှင့် အမြော်အမြင်ကို အကောင်းဆုံး စမ်းသပ်နိုင်သော အရာ ဖြစ်သည်။ ဉာဏ်နီဉာဏ်နက် လေးများ သုံး၍ မရပေ။ ကြီးမားသော ဉာဏ်ပညာ လိုအပ်၏။
ဉာဏ်နီဉာဏ်နက် သက်သက်ဖြင့် စာစီစာကုံးကို မည်မျှပင် ကောင်းမွန်စွာ ရေးသားစေကာမူ အလကားပင် ဖြစ်သည်။ ခိုင်မာသော အထောက်အထားများ၊ လေးနက်သော အဓိပ္ပာယ်များ၊ အမှန်တကယ် လက်တွေ့ ကျသော အရာများ ပါဝင်ရမှာဖြစ်သည်။
နောက်ဆုံးတွင် အဖြေလွှာ သုံးဆယ်ကျော် စစ်ဆေးပြီးနောက် ပထမဆုံး အဖြေလွှာကို သူ၏ ခြင်းတောင်း ထဲသို့ ပစ်ထည့်လိုက်လေ၏။
........................
အပိုင်း (၂၆၄)
“ကောင်းတယ်… ကောင်းတယ်… ကောင်းတယ်…စာစီစာကုံးကောင်းပဲ… စာစီစာကုံးကောင်းပဲ…”
ရုတ်တရက် အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူ တစ်ဦးက စားပွဲကို အဆက်မပြတ် ပုတ်ကာ ပြောလိုက်သည်။ “အရမ်း ကောင်းတယ်။ ဒီစာသားတွေ၊ ဒီအယူအဆတွေ၊ ဒီစိတ်သဘောထား၊ ဒီအမြင်တွေက ထက်မြက်ပေမယ့် မရိုင်းစိုင်းဘူး။
ရှေးဟောင်း စည်းမျဉ်းများ ပြန်လည် ဖော်ထုတ်ခြင်း အကြောင်းကိုလည်း ကောင်းကောင်း ရေးထားတယ်။ ပါတီဂိုဏ်းဂဏ အကြောင်းကို ပိုတောင် ကောင်းသေးတယ်။ နောက်ဆုံး စာစီစာကုံးရှည်ကတော့ တကယ်ကို လေးနက်ပြီး အဓိပ္ပာယ် ပြည့်ဝတယ်။”
ထို့နောက် ထိုအထောက်အကူပြု စာမေးပွဲ စစ်ဆေးသူက ခေတ္တ တုံ့ဆိုင်းနေ၏။ ဤမျှ ထူးချွန်သော စာစီစာကုံးကို ခြင်းတောင်းထဲသို့ သေချာပေါက် ထည့်သင့်သော်လည်း သူက အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူသာဖြစ်ပြီး အမတ်စာမေးပွဲ အောင်မြင်စဉ်ကလည်း ဒုတိယအဆင့် အလယ်အလတ်သာ ရရှိခဲ့သူ ဖြစ်သည်။
အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူများ အနေဖြင့် အဖြေလွှာများကို ခြင်းတောင်းထဲသို့ ထည့်ကာ တိုက်ရိုက် အောင်မြင်စေခွင့် ရှိသော်လည်း ပုံမှန်အားဖြင့် ထိုအခွင့်အရေးကို အသုံးမပြုကြပေ။
ပုံမှန်အားဖြင့် ပင်မနှင့် ဒုတိယ စာမေးပွဲ စစ်ဆေးသူများသာ ထိုတိုက်ရိုက် အောင်မြင်ခွင့်ကို ရဲရဲဝံ့ဝံ့ အသုံးပြုလေ့ ရှိကြ၏။
ထိုအထောက်အကူပြု စာမေးပွဲ စစ်ဆေးသူက ဤအဖြေလွှာကို ခြင်းတောင်းထဲသို့ ထည့်ကာ အောင်မြင် စေချင်သော်လည်း မိမိတွင် အရည်အချင်း မရှိဟု ခံစားရသောကြောင့် တွေဝေနေခြင်း ဖြစ်သည်။
“ကိုယ့်လုပ်ရပ်ကိုကိုယ် တာဝန်ယူနိုင်ရင် ရဲရဲဝံ့ဝံ့ လုပ်လိုက်ပါ။” ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းက ပြောလိုက်၏။
“ကောင်းပါပြီ။” ထို အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူက ထိုအဖြေလွှာကို ခြင်းတောင်းထဲသို့ ဂရုတစိုက် ထည့်လိုက်လေသည်။
ထို့နောက် တိတ်ဆိတ် ငြီးငွေ့ဖွယ် ကောင်းသော စစ်ဆေးမှုများ ဆက်လက် ပြုလုပ်ကြပြန်၏။
နာရီအနည်းငယ် အကြာတွင် ဒုတိယနေ့ စာမေးပွဲ၏ ပထမ အဆင့် စစ်ဆေးမှု ပြီးဆုံးသွားပြီ ဖြစ်သည်။
အဖြေလွှာ စုစုပေါင်း ခုနစ်ရာ့နှစ်ဆယ်တွင် မြေပြင်ပေါ်ရှိ သေတ္တာကြီးထဲသို့ ရောက်သွားသည်မှာ ငါးရာ့နှစ်ဆယ်ဖြစ်ပြီး စားပွဲပေါ်တွင် ကျန်ရှိနေသည်မှာ တစ်ရာ့ကိုးဆယ် ဖြစ်၏။
ခြင်းတောင်း ထဲသို့ ရောက်ရှိကာ တိုက်ရိုက် အောင်မြင်သူမှာ အဖြေလွှာ ဆယ်စောင်သာ ရှိသည်။
အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူ ဆယ်ဦးအနက် တစ်ဦးတည်းကသာ အဖြေလွှာ တစ်စောင်ကို ခြင်းတောင်းထဲသို့ ထည့်ခဲ့၏။ ပင်မနှင့် ဒုတိယ စာမေးပွဲ စစ်ဆေးသူသုံးဦးက သုံးစောင်စီ ထည့်ခဲ့သောကြောင့် စည်းမျဉ်းများကို လုံးဝ မချိုးဖောက်ခဲ့ပေ။
အကယ်၍ အထူးအခြေအနေ မရှိပါက ပထမ သုံးယောက် စာရင်းမှာ ဤအဖြေလွှာ ဆယ်စောင်ထဲမှသာ ထွက်ပေါ်လာမည်မှာ သေချာလှ၏။
ယခု ဆက်လက် လုပ်ဆောင်ရမည်မှာ မြေပြင်ပေါ်သို့ ရောက်သွားသော အဖြေလွှာ ငါးရာ့နှစ်ဆယ်ကို အချင်းချင်း ဖလှယ်၍ ပြန်လည် စစ်ဆေးရမည်ဖြစ်ပြီး အခွင့်အရေး တစ်ကြိမ် ထပ်ပေးခြင်း ဖြစ်သည်။
အကယ်၍ ကောင်းမွန်သော အဖြေလွှာကို တွေ့ရှိပါက ပြန်လည် ကောက်ယူကာ စားပွဲပေါ်သို့ ပြန်တင်မည် ဖြစ်၏။
သို့ပေမည့် ပုံမှန်အားဖြင့် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် စားပွဲပေါ်တွင် အဖြေလွှာ နှစ်ရာနီးပါး ကျန်ရှိနေသေးပြီး ထိုအထဲမှ တစ်ဝက်ကျော်ကို ထပ်မံ ဇကာချရဦးမည် ဖြစ်သောကြောင့်ပင်။
ထင်ထားသည့် အတိုင်းပင်။ နာရီအနည်းငယ် ကုန်ဆုံးသွား၏။
မြေပြင်ပေါ်ရှိ အဖြေလွှာ ငါးရာ့နှစ်ဆယ်ကို အချင်းချင်း ဖလှယ်၍ ပြန်လည် စစ်ဆေးပြီးသွားသော်လည်း မူလ ဆုံးဖြတ်ချက်ကိုသာ ဆက်လက် အတည်ပြုခဲ့ပြီး တစ်စောင်မှ ပြန်လည် အသက်ဝင်လာခြင်း မရှိခဲ့ချေ။
ဤသည်မှာလည်း သဘာဝ ကျလှသည်။ ဤစာမေးပွဲ စစ်ဆေးသူများ၏ ကိုယ်ကျင့်တရားက မည်သို့ပင် ရှိစေကာမူ အရည်အချင်းကတော့ သေချာပေါက် ရှိကြ၏။ အထူးသဖြင့် အကဲဖြတ်နိုင်စွမ်းတွင် လုံးဝ ပြဿနာ မရှိပေ။
ယခု ဆက်လက် လုပ်ဆောင်ရမည်မှာ စားပွဲပေါ်ရှိ အဖြေလွှာ တစ်ရာ့ကိုးဆယ်ကို အားလုံး အချင်းချင်း ဖလှယ်၍ စစ်ဆေးရမှာဖြစ်၏။
အဖြေလွှာ တစ်စောင်စီကို စာမေးပွဲ စစ်ဆေးသူ ငါးဦး အနည်းဆုံး ဖတ်ရှုရမှာဖြစ်သည်။
အထူးသဖြင့် ပင်မနှင့် ဒုတိယ စာမေးပွဲ စစ်ဆေးသူများက အဖြေလွှာ အားလုံးကို တစ်ခေါက်စီ ဖတ်ရှုရမည် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အရေးအကြီးဆုံး အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်ပင်။ ဤအဖြေလွှာ တစ်ရာ့ကိုးဆယ်မှ အဖြေလွှာ တစ်ရာကို ထပ်မံ ဖယ်ရှားပစ်ရမှာဖြစ်သည်။
ကျန်ရှိနေသော အဖြေလွှာ ကိုးဆယ်ခန့်က စာမေးပွဲ အောင်မြင်မှာ ဖြစ်၏။ သို့ပေမည့် တတိယနေ့၏ကဗျာ လင်္ကာ စာမေးပွဲကို မစစ်ဆေးရသေးပေ။
ကဗျာ လင်္ကာသည် စာမေးပွဲ တွင် အရေးပါမှု အနည်းဆုံး ဖြစ်သောကြောင့် စုန့်မင်းဆက် စာမေးပွဲတွင် ကဗျာ လင်္ကာကိုပင် ဖျက်သိမ်းခဲ့၏။ စာမေးပွဲ အောင်၊ မအောင် ဆိုသည်မှာ နိုင်ငံရေး စာစီစာကုံး ပေါ်တွင်သာ အဓိက မူတည်နေသည်။
ကဗျာ လင်္ကာကတော့ ထိပ်ဆုံး နေရာများ ရရှိမည့် သူများအတွက် ပိုမို အရေးကြီးပြီး နဂါးမျက်လုံး တပ်ပေးသကဲ့သို့ ကောင်း၏။
သေချာသည်မှာ စာမေးပွဲ အောင်မြင်ပြီးသူ အယောက် တစ်ရာ၏ အဖြေလွှာများထဲမှ နောက်ပိုင်းကဗျာ လင်္ကာ စစ်ဆေးမှုတွင် အလွန် ဆိုးရွားလွန်းပါက ပယ်ချခံရမည်သာ ဖြစ်သည်။
ထို့ကြောင့် ချန်လန်ပြည်နယ်၏ ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲအတွက် သတ်မှတ်ထားသော အရေအတွက်မှာ အယောက် တစ်ရာ ဖြစ်သော်လည်း တစ်ခါမှ အပြည့် မရွေးချယ်ခဲ့ဘဲ ကိုးဆယ်ကျော်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ပထမနေ့နှင့် ဒုတိယနေ့ စာမေးပွဲများတွင် အလွန် ထူးချွန်သော်လည်း ကဗျာလင်္ကာများ အလွန် ဆိုးရွားနေ သောကြောင့် ပယ်ချခံရသော ကျောင်းသားများ ရှိသောကြောင့် ဖြစ်သည်။
နောက်ထပ် နာရီအနည်းငယ် ကုန်ဆုံးသွားပြန်၏။
နောက်ဆုံးတွင် စားပွဲပေါ်ရှိ အဖြေလွှာ တစ်ရာ့ကိုးဆယ်ကို စစ်ဆေးပြီးစီးသွားပြီး အဖြေလွှာ တစ်ရာကို ပယ်ချလိုက်ပြီ ဖြစ်သည်။
နောက်ဆုံး ကျန်ရှိနေသော အဖြေလွှာ ကိုးဆယ်နှင့် ခြင်းတောင်းထဲရှိ အဖြေလွှာ ဆယ်စောင် ပေါင်းလိုက်ပါက စုစုပေါင်း အဖြေလွှာ တစ်ရာ ဖြစ်၏။
နောက်ဆုံးတွင် ပယ်ချခံရမည့် ကံဆိုးသူတချို့ကို နုတ်လိုက်ပါက ဤတစ်ကြိမ် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ အောင်မြင်သူများ အားလုံး ဤနေရာတွင် ရှိနေပြီ ဖြစ်သည်။
ပင်မ စာမေးပွဲ စစ်ဆေးသူက ပြောလိုက်၏။ “နောက်ထပ် တတိယ အဆင့် စစ်ဆေးမှု ဖြစ်တဲ့ ကဗျာ လင်္ကာ စစ်ဆေးမှု စတင်မယ်။”
ဤအလုပ်က အလွန် ပေါ့ပါးလှ၏။ အဖြေလွှာ တစ်ရာကိုသာ စစ်ဆေးရမည်ဖြစ်ပြီး အလွန် ဆိုးရွားသော အဖြေလွှာများကို ရွေးချယ်ကာ ပယ်ချလိုက်ရုံသာ ဖြစ်သည်။
ထို့အပြင် ပယ်ချခံရမည့် အရေအတွက်မှာလည်း ဆယ်စောင်ထက် ကျော်လွန်လေ့ မရှိပေ။
သုံးနာရီခန့် အကြာတွင် ကဗျာ လင်္ကာ စစ်ဆေးမှု ပြီးဆုံးသွားပြီ ဖြစ်၏။ အဖြေလွှာ တစ်ရာတွင် ပယ်ချခံရသည်မှာ ငါးစောင်သာ ရှိသည်။
ဆိုလိုသည်မှာ ဤတစ်ကြိမ် ချန်လန်ပြည်နယ်၏ ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲ အောင်မြင်သူ အရေအတွက်မှာ ကိုးဆယ့်ငါးဦး ဖြစ်၏။
ထို့နောက် အရေးအကြီးဆုံး အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ပထမ သုံးယောက် စာရင်းကို ရွေးချယ်ခြင်း ဖြစ်သည်။
ကဗျာ လင်္ကာ စစ်ဆေးမှုသည် အပေါ့ပါးဆုံး နှင့် အသက်ဝင်ဆုံး အဆင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အားလုံး အတူတကွ ဖတ်ရှု အကဲဖြတ်ရုံသာမက အသံထွက်၍ပါ ရွတ်ဆိုရသောကြောင့် ဖြစ်၏။
အမှန်တကယ်တော့ ကဗျာ လင်္ကာ ဆိုသည်မှာ ပါရမီကို အလွန် စမ်းသပ်သော အရာ ဖြစ်သည်။ ထို့ကြောင့် စစ်ဆေးရသည်မှာ ပေါ့ပါးသော်လည်း မပျော်ရွှင်ရပေ။
အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ရှိနေသော စာမေးပွဲ စစ်ဆေးသူများ အားလုံးက အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပြီး ဘဝအတွေ့အကြုံ ရင့်ကျက်သူများဖြစ်ရာ ကဗျာ လင်္ကာအပေါ် ထားရှိသည့် မျှော်မှန်းချက်ကလည်း အလွန် မြင့်မားသောကြောင့်ပင်။
ကြိုးစားပမ်းစား ရေးဖွဲ့ထားမှုများ သို့မဟုတ် ဟန်ဆောင် ရေးဖွဲ့ထားမှုများကို မြင်လိုက်သည်နှင့် ချက်ချင်း သိရှိနိုင်ကြ၏။
စာမေးပွဲအတွက် ဖြစ်သောကြောင့် ကဗျာ လင်္ကာ အပေါ် အလွန် တင်းကျပ်မှု မရှိဘဲ အလွန်အမင်း ဆိုးရွားမနေပါက အလွယ်တကူ လက်ခံပေးလေ့ ရှိသည်။
ထို့ကြောင့် အသံထွက် ရွတ်ဆိုသည့် အခါတိုင်း ဟန်ဆောင် ရေးဖွဲ့ထားသောကဗျာများကို ကြားရချိန်မှာတော့ စာမေးပွဲ စစ်ဆေးသူ များ အားလုံးက မျက်နှာရှုံ့မဲ့သွားတတ်ကြ၏။
“သာမန်ပဲ… သာမန်ပဲ… သာမန်ပဲ…”
“ကြိုးစားပမ်းစား ရေးဖွဲ့ထားတာပဲ… ကြိုးစားပမ်းစား ရေးဖွဲ့ထားတာပဲ…”
ဤသည်မှာ စာမေးပွဲ စစ်ဆေးသူ အားလုံး၏ ခံစားချက် ဖြစ်သော်လည်း မတတ်နိုင်ပေ။ ကဗျာကောင်း တစ်ပုဒ် ဆိုသည်မှာ စိတ်ကူးဉာဏ် အပေါ် လုံးဝ မူတည်နေ၏။ စာမေးပွဲရုံ အတွင်းရှိ ကဗျာ လင်္ကာများမှာ အတင်းအကျပ် ရေးဖွဲ့ထားရခြင်း ဖြစ်ရာ အံ့အားသင့်ဖွယ် ကောင်းရန် အလွန် ခက်ခဲလှသည်။
အံ့အားသင့်ဖွယ် ကောင်းသော ကဗျာကောင်း တစ်ပုဒ် ဆိုသည်မှာ နှစ်ရာပေါင်းများစွာတွင်မှ တစ်ကြိမ်သာ ပေါ်ထွက်လာလေ့ ရှိ၏။
သူတို့က နှစ်ထောင်ချီ သမိုင်းရှိသော ကဗျာ လင်္ကာများ၏ လွှမ်းမိုးမှုကို ခံခဲ့ရသူများဖြစ်ရာ သူတို့ကို အံ့အားသင့်စေရန် ဆိုသည်မှာ အလွန် ခက်ခဲလှပြီး အသင့်အတင့် ကောင်းမွန်ရုံဖြင့် လုံလောက်နေပြီ ဖြစ်သည်။
ဤသို့ သာမန်ကဗျာများ အကြားတွင် အံ့အားသင့်ဖွယ် ကောင်းသော အဖြေလွှာ တစ်စောင် ထွက်ပေါ်လာလေ၏။ ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းကိုယ်တိုင် ရွတ်ဆိုပြ၏။
“ကောင်းတယ်… အရမ်း ကောင်းတယ်။ နေမင်း၏ လင်္ကာက အရမ်း ကောင်းတယ်။ ဧကရာဇ်မင်းမြတ်ကို မြှောက်ပင့်ထားသလို တာ့ကျိုးအင်ပါယာကိုလည်း ချီးကျူးထားတယ်။ ခမ်းနားပေမယ့် အပို မပြောထားဘူး။ အတက်အကျ အလွန် ကောင်းတယ်။ တကယ့်ကို ထောင်နဲ့ချီမှ တစ်ယောက် ရှားတဲ့ လက်ရာကောင်းပဲ။”
“ဒုတိယ လန်ကျန်း လမင်းကဗျာက ပိုတောင် ကောင်းသေးတယ်။ ကဗျာ တစ်ပုဒ် ဖြစ်ပေမယ့် အလွန် လှပတဲ့ ပန်းချီကား တစ်ချပ်ကို မြင်တွေ့နေရသလိုပဲ။ တကယ့်ကို သောင်းနဲ့ချီမှ တစ်ယောက် ရှားတဲ့ လက်ရာကောင်းပဲ။”
“တတိယ ကြယ်တာရာ အကြောင်း ကျယ်ပြောလှသောကဗျာက အကောင်းဆုံးပဲ။ ဒီကဗျာက စကြဝဠာကြီး အကြောင်း၊ ကံကြမ္မာ အကြောင်း စူးစမ်းရှာဖွေထားပြီး ကြီးကျယ်ခမ်းနားမှုထဲမှာ ဝမ်းနည်းကြေကွဲမှုတွေ ပါဝင်နေတယ်။ လူတွေရဲ့ နှလုံးသားကို အနည်းငယ် တုန်ခါသွားစေတယ်။”
“အထူးသဖြင့် ဆယ်နှစ်တာ သေခြင်းရှင်ခြင်း ကွဲကွာမှုက ကျယ်ပြောလှတယ် ဆိုတဲ့ စာကြောင်းက လူတွေကို အရမ်း ဝမ်းနည်းသွားစေတယ်။ စာကြောင်း တစ်ကြောင်းတည်းနဲ့ ကံကြမ္မာရဲ့ အတက်အကျတွေကို အပြည့်အဝ ဖော်ပြနိုင်ခဲ့တယ်။”
ဤကဗျာကို ကြည့်ရုံမျှဖြင့် ဤအဖြေလွှာသည် မည်သူ၏ လက်ရာဖြစ်သည်ကို လူတိုင်း သိရှိသွားကြလေ၏။ ဤအဖြေလွှာမှာ ကံကြမ္မာဆိုးများနှင့် ရင်ဆိုင်နေရသူ စုမန်၏ အဖြေလွှာပင် ဖြစ်သည်။
သူသည် လွန်ခဲ့သော ဆယ်နှစ်ခန့်ကပင် ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရမည့်သူ ဖြစ်သော်လည်း၊ အဘိုးဖြစ်သူ ကွယ်လွန်ခြင်း၊ ဖခင်ဖြစ်သူ ကွယ်လွန်ခြင်းနှင့် မိမိကိုယ်တိုင် ဖျားနာခြင်း စသည့် လောကဓံများကို ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရ၏။
ဤသည်မှာ ဆယ်နှစ်တာမျှ သေခြင်းရှင်ခြင်း ကွဲကွာခဲ့ရသည့် ဒဏ်ရာမှာ အတိုင်းအဆမရှိ ကျယ်ပြောလှသည်ဟု ဆိုရမည် မဟုတ်ပါလား။ အခြေအနေမှာ အလွန်ပင် တိုက်ဆိုင်လှပေသည်။
ဤကဗျာစာသားသည် ဆရာကြီး ဆူးရှီ၏ ဆယ်နှစ်တာ သေခြင်းရှင်ခြင်း ကွဲကွာမှုမှာ အတိုင်းအဆမရှိ ကျယ်ပြောလှသည် ဟူသော ကဗျာစာသားနှင့် များစွာ ဆင်တူနေလေ၏။
သို့ပေမည့် သူက အချိန်ခရီးသွား တစ်ဦး မဟုတ်သလို ခိုးချထားခြင်းလည်း မဟုတ်ပေ။ စုမန်မှာ အမှန်တကယ်ပင် ဘဝ၏ အတက်အကျများကို များစွာ ကြုံတွေ့ခဲ့ရသောကြောင့် ရင်တွင်းခံစားချက်များကို ဖွင့်ထုတ် ရေးဖွဲ့ထားခြင်း ဖြစ်သည်။
သူ၏ ကျယ်ပြောလှသော ကဗျာကို ဖတ်ပြီးနောက် ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းမှာ မျက်ရည် ဝဲလာခဲ့၏။
ထိုအခါ စာမေးပွဲ စစ်ဆေးသူ အချို့က ဝင်ပြောလိုက်ကြသည်။
“ကျုပ်တို့ရဲ့ ဒီနှစ် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ အတွက် ပထမနေရာ ရမယ့်သူ ထွက်လာပြီ။”
“ဆယ်နှစ်လုံးလုံး ဓားသွေးလာခဲ့တာ ဆိုတော့ တကယ်ကို တစ်ဟုန်ထိုး အောင်မြင်တော့မှာပဲ။”
“စာမေးပွဲ နတ်ဆိုး ပီသပါပေတယ်။ ဒီကဗျာ လင်္ကာ သုံးပုဒ်တည်းနဲ့တင် တခြား ကျောင်းသားတွေထက် အများကြီး သာလွန်နေပြီ။ အဆင့်ချင်း လုံးဝ မတူဘူး။”
“ဒီ စုမန် ပထမနေရာ ရတာ တကယ်ကို ထိုက်တန်ပါတယ်။”
စာမေးပွဲ စစ်ဆေးသူများ အားလုံးက ခေါင်းညိတ် ထောက်ခံကြ၏။
အဘယ်ကြောင့်ဆိုသော် ဤစုမန်က အလွန် ထူးချွန်လွန်းသောကြောင့် ဖြစ်သည်။ သူ၏ အဖြေလွှာက ခြင်းတောင်းထဲတွင် ပါဝင်ပြီးသားဖြစ်ကာ ပင်မစာမေးပွဲ စစ်ဆေးသူ ယွီကျန်းကိုယ်တိုင် ရွေးချယ်ထားခြင်း ဖြစ်သည်။
သေချာသည်မှာ ယခုအချိန်တွင် အဖြေလွှာများ အားလုံး နာမည် ဖုံးအုပ်ထားဆဲ ဖြစ်သော်လည်း ဤကဗျာကို ကြည့်ပြီး သူ့အဖြေလွှာ ဖြစ်ကြောင်း အားလုံးက ခန့်မှန်းမိကြ၏။
၉၉ ရာခိုင်နှုန်း သေချာနေပြီ ဖြစ်၏။ ပထမနေရာ (ကျွမ့်ယွမ်) မှာ ဤ စုမန် ပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နိုင်ငံရေး စာစီစာကုံး ထူးချွန်သည့် အပြင်ကဗျာ လင်္ကာ အဆင့်အတန်းကလည်း အခြားသူများထက် အများကြီး မြင့်မားနေပါက ပထမနေရာ (ကျွမ့်ယွမ်) ရရှိရန် အလွန် အထောက်အကူ ဖြစ်စေသောကြောင့် ဖြစ်၏။
...................................