အခန်း (၂၆၅-၂၆၆)
Vol. 23 Ch. 265-266
အပိုင်း (၂၆၅)
ယခုအခါ ဤ စုမန်၏ကဗျာ လင်္ကာများက အခြား ကျောင်းသားများထက် အဆင့်တစ်ခုမက မြင့်မားနေပြီ ဖြစ်သည်။
ကြိုးစားပမ်းစား ရေးဖွဲ့ထားမှု မရှိသကဲ့သို့ ဟန်ဆောင်ပန်ဆောင် ရေးဖွဲ့ထားမှုလည်း အလျဉ်းမရှိပေ။ အနက်အဓိပ္ပာယ် ပြည့်ဝသကဲ့သို့ အဆင့်အတန်းလည်း မြင့်မားလှပြီး စိတ်သဘောထား ကြီးမြတ်မှုကိုလည်း ပေါ်လွင်စေ၏။
အရေးအကြီးဆုံးအချက်မှာ ဖတ်ရှုလိုက်သည်နှင့် ကြက်သီးထသွားစေမည့် ဆယ်နှစ်တာမျှ သေခြင်းရှင်ခြင်း ကွဲကွာရမှုသည် အတိုင်းအဆမရှိ ကျယ်ပြောလှပေသည် ကဲ့သို့သော ဂန္ထဝင်စာသားများ ပါဝင်နေခြင်းပင် ဖြစ်သည်။
ချန်လန်ပြည်နယ်တစ်ခုလုံး၏ ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲတွင် ဤကဲ့သို့ ထာဝရတည်တံ့မည့် ဂန္ထဝင်စာသားတစ်ကြောင်း ထွက်ပေါ်လာခြင်းမှာပင် လုံလောက်လှပြီ ဖြစ်၏။
သို့ဖြစ်ရာ စုမန်နှင့် အပြိုင် ပထမနေရာ (ကျွမ့်ယွမ်) ကို လုယူနိုင်မည့်သူ မည်သူ ရှိနိုင်ပါဦးမည်နည်း။ ယခုမူ ပထမနေရာ (ကျွမ့်ယွမ်) သည် သူပင်ဖြစ်ကြောင်း သေချာသွားခဲ့လေသည်။
သို့သော်ငြား ထိုအချိန်တွင် အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူ တစ်ဦးက အဖြေလွှာ တစ်စောင်ကို ဖွင့်ကြည့်လိုက်ပြီး ခဏအကြာတွင် ဆဲရေးလိုက်လေ၏။ “ချီးတဲ့မှ..”
အားလုံးက သူ့ကို လှမ်းကြည့်လိုက်ကြ၏။ ဤကဲ့သို့ အခြေအနေမျိုးတွင် ရိုင်းစိုင်းသော စကားပြောခြင်းက သင့်တော်နေသည်လား။
ထိုအထောက်အကူပြု စာမေးပွဲ စစ်ဆေးသူက ထိုအဖြေလွှာကို ဘေးရှိ ဟန်လင် အကယ်ဒမီမှ ဒုတိယ စာမေးပွဲ စစ်ဆေးသူ ထံသို့ကမ်းပေးလိုက်ပြီး ပြောလိုက်၏။ “ခင်ဗျား… ကြည့်ကြည့်ပါအုံး။”
ထို ဒုတိယစာမေးပွဲ စစ်ဆေးသူ ဖတ်ပြီးသွားချိန်မှာတော့ သူလည်း ထိုနည်းတူ ညည်းတွားလိုက်ပြန်၏။
ထို့နောက် အားလုံး ဝိုင်းအုံလာကြ၏။ ချက်ချင်းပဲ အားလုံး အံ့အားသင့်သွားကြသည်။
“ဒီ… ဒီ နေမင်း၏ အရောင်ငါးမျိုး လင်္ကာက တကယ်ကို အထွတ်အထိပ် ရောက်နေတာပဲ။”
ဖတ်ပြီးသွားချိန်မှာတော့ လူတိုင်းက ရွှေရောင် တောက်ပနေသကဲ့သို့ ခံစားလိုက်ရ၏။
ယခုအချိန်က ညဘက် ဖြစ်သော်လည်း ဤ နေမင်း၏ အရောင်ငါးမျိုး လင်္ကာကို ဖတ်ပြီးနောက် နေရောင်ခြည် ဖြာကျနေသကဲ့သို့ ခံစားလိုက်ရသည်။
ဤလင်္ကာ၏ စာကြောင်းတိုင်းတွင် မြင့်မြတ်သော အငွေ့အသက်များ ပြည့်နှက်နေပြီး တကယ့်ကို ကြီးကျယ်ခမ်းနားသော လက်ရာ ဖြစ်၏။
ဤသည်မှာ သေချာပေါက် ယွင်ကျုံးဟဲ့၏ အဖြေလွှာ ဖြစ်ပြီး ထန်မင်းဆက်၏ ပထမရသူ (ကျွမ့်ယွမ်) လီချန်၏ နေမင်း၏ အရောင်ငါးမျိုး လင်္ကာကို ကူးရေးထားခြင်း ဖြစ်သည်။
“ဒီနေ့ကစပြီး နေမင်း အကြောင်း လင်္ကာ ရေးစရာ မလိုတော့ဘူး။”
စာမေးပွဲ စစ်ဆေးသူ တစ်ဦးက ပြောလိုက်၏။ “အထွတ်အထိပ် ရောက်သွားပြီ။ တခြား ဘာမှ ရေးစရာ မလိုတော့ဘူး။”
အားလုံးက ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
စုမန်၏ နေမင်း၏လင်္ကာ ကလည်း အလွန် ကောင်းမွန်သော်လည်း အလွန် ချုပ်တည်းလွန်းနေ၏။ ဤကဗျာလင်္ကာလောက် မခမ်းနားပေ။
“ဒါက ဧကရာဇ်မင်းမြတ်ကို မြှောက်ပင့်ပေးရတာလေ။ ပိုခမ်းနားလေ ပိုကောင်းလေပေါ့။”
“ဒါ… ဒါဆို ပထမနေရာ (ကျွမ့်ယွမ်)ကို ဘယ်လိုလုပ်မလဲ။” ဒုတိယ စာမေးပွဲ စစ်ဆေးသူက မေးလိုက်၏။
ဟုတ်ပေသည်။ ဤသည်မှာ ခေါင်းခဲစရာ ဖြစ်သွား၏။ အားလုံး၏ စိတ်ထဲတွင် ပထမနေရာကို စုမန်ကို ပေးရန် သတ်မှတ်ထားပြီးပြီ ဖြစ်သည်။
သို့ပေမည့် ဤ မြှောက်ပင့်ပေးသော နေမင်း၏ အရောင်ငါးမျိုး လင်္ကာက စုမန်၏ လက်ရာထက် အများကြီး ပိုမို ခမ်းနားနေ၏။
ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းက ပြောလိုက်သည်။ “ဘယ်လောက်ပဲ ခမ်းနားတဲ့ လက်ရာ ဖြစ်ပါစေ၊ ဆယ်နှစ်တာ သေခြင်းရှင်ခြင်း ကွဲကွာမှုက ကျယ်ပြောလှတယ် ဆိုတဲ့ စာကြောင်းကို မမီပါဘူး။ ဧကရာဇ်မင်းမြတ်လည်း ကျုပ်တို့ကို နားလည်ပေးနိုင်မှာပါ။”
ယွီကျန်း သည် မြှောက်ပင့်ပေးခြင်းများကို လုံးဝ မနှစ်သက်သူ ဖြစ်ရာ ဤ နေမင်း၏ အရောင်ငါးမျိုး လင်္ကာ မည်မျှပင် ကောင်းမွန်စေကာမူ သူက မကြိုက်ပေ။
စုမန်၏ အကောင်းဆုံး အချက်မှာ ကဗျာ လင်္ကာ သုံးပုဒ်တွင် တစ်ပုဒ်ထက် တစ်ပုဒ် ပိုကောင်းလာခြင်း ဖြစ်၏။ ပထမ တစ်ပုဒ်က လုံလောက်အောင် ထူးချွန်သည်ဟု ထင်ရချိန်တွင် ဒုတိယ တစ်ပုဒ်က ပိုကောင်းလာပြီး၊ တတိယ တစ်ပုဒ်က အကောင်းဆုံး ဖြစ်လာသည်။
“နောက်ထပ်ကဗျာ နှစ်ပုဒ်ကို ဆက်ကြည့်ကြမလား။” ဒုတိယ စာမေးပွဲ စစ်ဆေးသူက မေးလိုက်၏။
ထို့နောက် သူက ဒုတိယ စာမျက်နှာကို လှန်လိုက်သည်။
ယွင်ကျုံးဟဲ့၏ ဒုတိယကဗျာ နှင့် တတိယကဗျာ များက အားလုံး၏ အမြင်အာရုံထဲသို့ ရောက်ရှိလာ၏။
လူတိုင်း အသက်ရှူမှားသွားကြသည်။ ထို့နောက် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကြသည်။
“ဒီ… ဒီကောင်က ဘယ်သူလဲ။”
“အရမ်းကို ဆန်းကြယ်လွန်းတယ်။ အရမ်းကို ကောင်းလွန်းတယ်။”
စုမန်၏ ဒုတိယကဗျာ လန်ကျန်း လမင်းက ထူးချွန်ရုံ သက်သက်သာ ဖြစ်သော်လည်း ဤသူ၏ ပထမ လပြည့်ည ကတော့ အံ့အားသင့်ဖွယ် ကောင်းလွန်းလှ၏။
“မနှစ်က ပထမ လပြည့်ည အချိန်တုန်းက၊
ပန်းဈေးတန်းမှာ မီးရောင်တွေက
နေ့ခင်းလို လင်းထိန်နေတယ်။
လမင်းကြီးက သစ်ကိုင်းဖျားပေါ်
ရောက်လာတဲ့ အချိန်၊
ညနေစောင်းမှာ
လူတစ်ယောက် နဲ့ ချိန်းတွေ့ခဲ့တယ်။
ဒီနှစ် ပထမ လပြည့်ည အချိန်ရောက်တော့၊
လမင်း နဲ့ မီးရောင်တွေက အရင်တိုင်းပါပဲ။
ဒါပေမဲ့ မနှစ်က လူကို မတွေ့ရတော့ဘူး၊
မျက်ရည်တွေက နွေဦး အင်္ကျီလက်ကို စိုရွှဲသွားစေတယ်။”
“အရမ်း ကောင်းတယ်။ အရမ်းကို ထူးချွန်ပြောင်မြောက်တယ်။ ထာဝရ ဂန္ထဝင် စာကြောင်းတွေပဲ။ စာကြောင်းတိုင်းက ဂန္ထဝင် စာကြောင်းတွေချည်းပဲ။”
ကဗျာ တစ်ပုဒ်လုံးက လူတိုင်း၏ ရင်ကို လှုပ်ခတ်သွားစေသည်။
“ဒါ ဘယ်သူလဲ။ အချစ်ရေး ဘယ်နှခါလောက် ကြုံဖူးတာလဲ။ ဘယ်လောက်တောင် အရိုးထဲစွဲအောင် နာကျင်ခဲ့ရလို့ ဒီလိုကဗျာမျိုး ရေးနိုင်တာလဲ။”
စာမေးပွဲ စစ်ဆေးသူ အများအပြားက အကြိမ်ကြိမ်အခါခါ ရွတ်ဆိုနေကြပြီး ကြက်သီးထရုံသာမက တစ်ကိုယ်လုံးပါ အကြောဆွဲသွားသလို ခံစားနေရ၏။
“တကယ့်ကို နှုတ်ခမ်းဖျားမှာ အရသာ ကျန်ရစ်စေပြီး လူတွေကို နစ်မြောသွားစေတယ်။”
မမှားပေ၊ ဤသူက အဋ္ဌမ လပြည့်နေ့ အကြောင်း မရေးဘဲ ပထမ လပြည့်ညအကြောင်း ရေးထားခြင်း ဖြစ်သော်လည်း ဘာဖြစ်သနည်း။ လုံးဝ လက်ခံ၍ရသည်။
ထို့နောက် တတိယကဗျာ ခေါင်းစဉ်မဲ့ကို ဆက်ကြည့်ကြ၏။
“မနေ့ညက
ကြယ်တာရာတွေ လင်းလက်ပြီး
လေပြေတွေ တိုက်ခတ်နေတယ်၊
ပန်းချီဆွဲထားတဲ့
အဆောက်အအုံရဲ့ အနောက်ဘက်၊
လှပတဲ့ ခန်းမဆောင်ရဲ့ အရှေ့ဘက်မှာပါ။
ကိုယ်ခန္ဓာမှာ
ရောင်စုံ ဖီးနစ်ငှက်လို
အတောင်ပံ မပါပေမယ့်၊
နှလုံးသားချင်းကတော့
နားလည်မှု ရှိနေပါတယ်။
စားပွဲဝိုင်းမှာထိုင်ပြီး
နွေဦး အရက်ကို
နွေးထွေးစွာ သောက်နေကြတယ်၊
အဖွဲ့ခွဲပြီးကစားကြရင်း
ဖယောင်းတိုင် မီးရောင်က
နီရဲနေပါတယ်။
မနက်ခင်း စည်တီးသံ ကြားတော့
အလုပ်သွားရမှာကို
ညည်းတွားမိတယ်၊
မြင်းစီးပြီး လန်ထိုင်ကို သွားရတာက
လေလွင့်နေတဲ့ မြက်ပင် တွေလိုပါပဲ။”
အားလုံး တိတ်ဆိတ်သွားကြပြီး အချင်းချင်း ကြည့်လိုက်ကြသည်။
‘ပြိုင်ဘက်ကင်းသွားပြီ။ လုံးဝ အပြတ်အသတ် နိုင်သွားပြီ။’
ယခုတစ်ကြိမ် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲတွင် ဤကဲ့သို့သော အကြီးမားဆုံး နတ်ဆိုးကြီး တစ်ကောင် ပုန်းအောင်းနေမည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
ဤကမ္ဘာတွင် ဘော့စ် ဟူသော စကားလုံး မရှိသော်လည်း ထိုသဘောမျိုးပင် ဖြစ်သည်။
‘ခင်ဗျားကမှ တကယ့် စာမေးပွဲ နတ်ဆိုး အစစ်ပဲ။ ခင်ဗျား ဒီလောက်တောင် ကောင်းနေတာ၊ ဆရာကြီး အဆင့်တောင် ရောက်နေပြီပဲ။ ခင်ဗျား သွားပြီး စာပေ ခေါင်းဆောင် လုပ်လိုက်တော့။ စာမေးပွဲ လာဖြေစရာ မလိုတော့ဘူး။’
စုမန်၏ကဗျာ လင်္ကာများက လုံလောက်အောင် ကောင်းနေပြီး စောစောက အားလုံးကို အံ့အားသင့်စေခဲ့၏။
သို့ပေမည့် ယခုအခါ လုံးဝ အပြတ်အသတ် ဖိနှိပ်ခံလိုက်ရပြီ ဖြစ်ပြီး ပြန်လည် တိုက်ခိုက်ရန် ခွန်အား တစ်စက်လေးမျှပင် မရှိတော့ပေ။
ဤအဖြေလွှာ၏ အရှေ့တွင် စုမန်၏ကဗျာက ဆယ်နှစ်တာ သေခြင်းရှင်ခြင်း ကွဲကွာမှုက ကျယ်ပြောလှတယ် ဟူသော စာကြောင်း တစ်ကြောင်းတည်းသာ ကျန်ရှိတော့၏။
ဤအဖြေလွှာမှာတော့ အားလုံးက ထာဝရ ဂန္ထဝင် စာကြောင်း တွေချည်းဖြစ်လို့နေသည်။
“သူ့ရဲ့ နိုင်ငံရေး စာစီစာကုံး တွေကို ပြန်ကြည့်ကြရအောင်။” စာမေးပွဲ စစ်ဆေးသူ တစ်ဦးက ပြောလိုက်၏။
ထို့နောက် ယွင်ကျုံးဟဲ့၏ နိုင်ငံရေး စာစီစာကုံး အပိုင်းကို ဆွဲထုတ်လိုက်ကြသည်။
ဆရာကြီး ဆူးရှီ၏ ရှေးဟောင်း စည်းမျဉ်းများ ပြန်လည် ဖော်ထုတ်ခြင်း၊ ဆရာကြီး အိုးရန်ရှို့၏ ပါတီဂိုဏ်းဂဏ အကြောင်း၊ ဆရာကြီး ဟွမ်ရှန်၏ စာစီစာကုံးရှည်တို့ကို ဖတ်လိုက်ရချိန်မှာတော့ လူတိုင်း နှုတ်ခမ်းများ တုန်ယင်သွားကြပြီး နောက်ထပ် တစ်ကြိမ် အသက်ရှူမှားသွားကြပြန်၏။
“သောက်ကျိုးနည်း... နတ်ဘုရားလက်ရာပဲ။”
ထိုအချိန်က ဤ နိုင်ငံရေး စာစီစာကုံး သုံးပုဒ်ကို စစ်ဆေးစဉ်က စုမန်၏ လက်ရာဟု ထင်မှတ်ခဲ့ကြသော်လည်း ဤသူ၏ လက်ရာ ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။
“ပထမနေ့ ကွက်လပ်ဖြည့်နဲ့ ကျမ်းစာ ဖွင့်ဆိုချက် အဖြေလွှာကိုပါ ပြန်ကြည့်ကြရအောင်။” ဒုတိယ စာမေးပွဲ စစ်ဆေးသူက ပြောလိုက်၏။
ထို့နောက် ယွင်ကျုံးဟဲ့၏ ပထမနေ့ အဖြေလွှာကို ဆွဲထုတ်လိုက်ကြသည်။
အားလုံး မျက်လုံး ပြူးသွားကြပြန်၏။ မေးခွန်း နှစ်ရာလုံး မှန်ကန်နေပြီး အတိတ်တွင်လည်း မရှိခဲ့သလို အနာဂတ်တွင်လည်း ရှိလာမည် မဟုတ်သော စံချိန်ပင် ဖြစ်၏။
“နောက်ဆုံးတော့ ခင်ဗျားကို ရှာတွေ့သွားပြီ။ ခင်ဗျားက သတ္တဝါဆန်းကြီး ဆိုတာ သေချာသွားပြီ။”
ခင်ဗျားက လူလား သရဲလား။ ဒီလောက်တောင် ကောင်းဖို့ လိုလို့လား။”
ရုတ်တရက် စာမေးပွဲ စစ်ဆေးသူ တစ်ဦးက ဆိုလိုက်သည်။ “စုမန်… အရမ်း သနားစရာ ကောင်းတာပဲ။”
လူတိုင်းက ခေါင်းညိတ် ထောက်ခံကြသည်။ စုမန်က အရမ်း ကောင်းနေပြီဖြစ်ပြီး ဆယ်နှစ်လုံးလုံး ဓားသွေးလာခဲ့ကာ ပထမနေရာကို သေချာပေါက် ရမည်ဟု ယုံကြည်ထားခဲ့၏။
သို့ပေမည့် လမ်းတစ်ဝက်တွင် တကယ့် နတ်ဆိုးကြီး ထွက်ပေါ်လာပြီး ပထမနေရာ လုယူသွားမည်ဟု မည်သူ ထင်ထားမည်နည်း။
ယွီကျန်းက ပြောလိုက်သည်။ “မဟုတ်ဘူး… စုမန်က ဂုဏ်ယူသင့်တယ်။ ရှုံးပေမယ့် ဂုဏ်ယူစရာ ကောင်းတယ်။”
“ဒီအဖြေလွှာကို ပထမနေရာ သတ်မှတ်ဖို့ အားလုံး သဘောတူကြလား။” ပင်မစာမေးပွဲ စစ်ဆေးသူ ယွီကျန်းက မေးလိုက်၏။
အားလုံးက ခေါင်း အဆက်မပြတ် ညိတ်ကြသည်။ မည်သို့ သဘောမတူဘဲ နေနိုင်မည်နည်း။
ဤသူက လုံးဝ အပြတ်အသတ် ဖိနှိပ်နိုင်သော အဆင့်ဖြင့် ပထမနေရာကို ရယူသွားခြင်း ဖြစ်၏။
အကယ်၍ သဘောမတူပါက စာမေးပွဲ စစ်ဆေးသူ လုပ်ရန်ပင် မထိုက်တန်တော့ပေ။
“ဒီလူက တကယ် ဘယ်သူလဲ ဆိုတာ ကျုပ် အရမ်း သိချင်နေပြီ။ နတ်ဘုရားလား၊ သရဲလား ဆိုတာ ကျုပ် စာမေးပွဲ စစ်ဆေးသူ လုပ်လာတာ အကြိမ်ကြိမ် ရှိပြီ။ ဒီလောက် ကောင်းလွန်းတဲ့ ကျောင်းသားကို တစ်ခါမှ မမြင်ဖူးဘူး။”
တကယ်တော့ စာမေးပွဲ စစ်ဆေးသူ ဆယ်ယောက်ကျော် အနေဖြင့် အရေးကြီးသော အလုပ်များစွာ ကျန်ရှိနေသေး၏။
ပထမ နေရာနှင့် ဒုတိယ နေရာကို သတ်မှတ်ပြီးပြီ ဖြစ်သော်လည်း တတိယ နေရာမှ ကိုးဆယ့်ငါး နေရာ အထိ မသတ်မှတ်ရသေးပေ။
သို့ပေမည့် အားလုံးက စိတ်ပါဝင်စားမှု မရှိတော့သလို ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ပထမ နေရာ၏ အဖြေလွှာက အလွန် အံ့အားသင့်ဖွယ် ကောင်းလွန်းနေပြီး ဒုတိယ နေရာ၏ အဖြေလွှာကလည်း အလွန် ထူးချွန်နေသောကြောင့် ဖြစ်၏။
ကျန်ရှိနေသော အဖြေလွှာများက ထူးချွန်သည်ဟု ဆိုနိုင်သော်လည်း ဤပထမ နေရာ နှင့် ဒုတိယ နေရာ တို့၏ အရှေ့တွင်မူ အလွန် မှေးမှိန်သွားကြသည်။
ထို့အပြင် လူတိုင်း၏ စိတ်ထဲတွင် တစ်ခုတည်းသော စွဲလမ်းမှုက ဤသရဲတစ္ဆေအလား အံ့အားသင့်ဖွယ် ကောင်းလွန်းသော ပထမ နေရာ၏ ပိုင်ရှင်မှာ မည်သူနည်း ဆိုသည်ကိုသာ သိချင်နေကြခြင်း ဖြစ်၏။
ချန်လန်ပြည်နယ်တွင် ဤမျှ ကောင်းသော ပါရမီရှင် တစ်ဦး ပုန်းကွယ်နေမည်ဟု လုံးဝ ထင်မှတ် မထားခဲ့ကြပေ။ ဤသည်မှာ တကယ်ကို ကြောက်စရာ ကောင်းလွန်းလှသည်။
ဤသို့သော သိချင်စိတ်များကြောင့် နောက်ပိုင်း အဆင့်များကို သတ်မှတ်ရာတွင် အလွန် ငြီးငွေ့ဖွယ် ကောင်းပြီး အသက်မဝင်သကဲ့သို့ ဖြစ်နေ၏။
ဤသည်မှာ အလွန် ရှားပါးသော အခြေအနေ ဖြစ်သည်။ ပုံမှန်အားဖြင့် ဤအချိန်မျိုးတွင် စာမေးပွဲ စစ်ဆေးသူများက အပြင်းအထန် ငြင်းခုံလေ့ ရှိကြသည်။
အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ အကြိုက်က မတူညီကြပေ။ တစ်ဦးက ဤအဖြေလွှာကို ကြိုက်သော်လည်း အခြားတစ်ဦးက ထိုအဖြေလွှာကို ကြိုက်နှစ်သက်လေ့ ရှိသောကြောင့် အဆင့် သတ်မှတ်ချက် အချို့တွင် သဘောထားကွဲလွဲမှုများ အမြဲတမ်း ရှိတတ်သည်။ သို့ပေမည့် ယနေ့တွင်မူ မည်သည့် သဘောထားကွဲလွဲမှုမှ မရှိဘဲ အလွန် ညီညွတ်နေကြ၏။
ဤသည်မှာ ညီညွတ်လွန်း၍ မဟုတ်ဘဲ စိတ်ခံစားမှုများ အားလုံး ကုန်ခမ်းသွားသောကြောင့် ဖြစ်၏။ အစတည်းက စိတ်ခံစားမှုများ အားလုံးကို စုမန် ထံတွင် ပုံအပ်ထားခဲ့ပြီး သူ့ကို ပထမနေရာ (ကျွမ့်ယွမ်) အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။
သို့ပေမည့် မမျှော်လင့်ဘဲ နတ်ဆိုးကြီး တစ်ကောင် ထွက်ပေါ်လာကာ ပထမနေရာကို လုယူသွားရုံသာမက အားလုံး၏ စိတ်ခံစားမှုများကိုပါ ယူဆောင်သွားခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် အားလုံးက အလွန် တည်ငြိမ်နေကြ၏။
....................
အပိုင်း (၂၆၆)
စိတ်တည်ငြိမ်သွားချိန်မှာတော့ စာမေးပွဲစစ်ဆေးမှုက ပို၍ တည်ငြိမ်မြန်ဆန်လာ၏။ မကြာမီပင် တတိယ နေရာမှ ဒသမ နေရာအထိ သတ်မှတ်ပြီးစီးသွား၏။
ထိပ်ဆုံး ဆယ်နေရာကို သတ်မှတ်ပြီးနောက် ဆယ့်တစ်နေရာမှ ကိုးဆယ့်ငါး နေရာအထိမှာမူ အနည်းငယ် ပေါ့ဆသွားကြသည်။
သေချာစွာ စစ်ဆေးသော်လည်း အရမ်းကြီး အလေးမထားတော့ပေ။ တစ်ခါတစ်ရံ နိုင်ငံရေး စာစီစာကုံးနှင့် ကဗျာ လင်္ကာများဖြင့် အဆင့် သတ်မှတ်ရန် ခက်ခဲပါက ပထမနေ့၏ ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် အမှတ်များကို ကိုးကား၍ သတ်မှတ်လိုက်ကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုအမှတ်များက အလွန် ရှင်းလင်းပြီး မည်သူက မြင့်သည်၊ မည်သူက နိမ့်သည်ကို အလွယ်တကူ သိရှိနိုင်သောကြောင့် ဖြစ်သည်။
ထို့အပြင် ပင်မစာမေးပွဲ စစ်ဆေးသူ ယွီကျန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ရှိနေသေး၏။ ‘အောက်ယွီရဲ့ အဖြေလွှာကရော။’
ထို အသုံးမကျသော လူမိုက်သည် စာမေးပွဲရုံတွင် သုံးရက်လုံးလုံး အိပ်နေခဲ့သည်။ အထူးသဖြင့် ပထမနေ့ ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် မေးခွန်းများမှာ အလွန် များပြားသော်လည်း သူက စာမေးပွဲ စပြီး မကြာမီမှာပင် မှောက်အိပ်နေခဲ့သောကြောင့် အဖြေလွှာ အများစုမှာ အလွတ် ဖြစ်နေမည်မှာ သေချာလှသည်။
ထို့ကြောင့် အောက်ယွီ၏ အဖြေလွှာသည် ပထမ အဆင့်တွင်ပင် ပယ်ချခံရမည်ဖြစ်ပြီး နိုင်ငံရေး စာစီစာကုံး နှင့် ကဗျာ လင်္ကာများကို စစ်ဆေးခံရရန်ပင် အရည်အချင်း မမီတော့ပေ။
ယွီကျန်း အနေဖြင့် အဖြေလွှာ အလွတ်များကို တွေ့ခဲ့သလားဟု မေးချင်သော်လည်း မေးရန် အားနာနေမိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသို့ မေးလိုက်ပါက သူသည် သဘောထား ကျဉ်းမြောင်းသူ တစ်ဦးအဖြစ် ထင်မြင်ခံရမည် စိုးသောကြောင့် ဖြစ်သည်။
သို့ပေမည့် စာမေးပွဲ စစ်ဆေးသူ တစ်ဦးက ယွီကျန်း၏ သိချင်စိတ်ကို ရိပ်မိသွားပုံ ရ၏။
အမှန်တကယ်တော့ ယွီကျန်း တစ်ယောက်တည်း မဟုတ်ဘဲ ထိုနေရာတွင် ရှိနေသော စာမေးပွဲ စစ်ဆေးသူများ အားလုံး သိချင်နေကြခြင်း ဖြစ်သည်။
‘လောကနံပါတ်တစ် အသုံးမကျတဲ့ကောင် အောက်ယွီရဲ့ အဖြေလွှာက ဘယ်လောက်တောင် ဆိုးရွားနေမလဲ။’
ထို စာမေးပွဲ စစ်ဆေးသူက ပြောလိုက်၏။ “ကျုပ် စစ်ခဲ့တဲ့ အထဲမှာ အဖြေလွှာ တစ်စောင် တွေ့တယ်။ ပထမနေ့ ကွက်လပ်ဖြည့်နဲ့ ကျမ်းစာ ဖွင့်ဆိုချက်မှာ မေးခွန်း သုံးဆယ်ပဲ ဖြေထားပြီး အဲဒီအထဲက အခု နှစ်ဆယ်တောင် မှားနေသေးတယ်။ ကျန်တာတွေ အားလုံးက အလွတ်တွေချည်းပဲ။ အဲဒါ အောက်ယွီရဲ့ အဖြေလွှာ ဖြစ်ရမယ်။”
ထိုစကားကို ကြားချိန်မှာတော့ အခန်း တစ်ခန်းလုံး ပေါ့ပါးသွား၏။
“နောက်ဆုံးတော့ သိချင်နေတဲ့ ကိစ္စလေး တစ်ခု ပြေလည်သွားပြီပေါ့။ ဟား ဟား ဟား..”
စာမေးပွဲ စစ်ဆေးသူများက ဝမ်းသာအားရ ဖြစ်နေကြခြင်း မဟုတ်ဘဲ ဤရက်ပိုင်းအတွင်း အဖြေလွှာများ စစ်ဆေးရလွန်းပြီး အလွန် မွန်းကျပ်နေကြသောကြောင့် ဖြစ်၏။
“အရမ်းကို ပင်ပန်းလွန်းတယ်။”
ရက်ပေါင်းများစွာ ညရောနေ့ပါ ဤအခန်းကျဉ်းအတွင်း၌သာ ပိတ်လှောင်နေထိုင်ကာ စားသောက် အိပ်စက်ရပြီး ပြင်ပသို့ ခြေတစ်လှမ်းမျှပင် ထွက်ခွင့်မရရှိပေ။ ထိုအခြေအနေမှာ အလွန်တရာ ငြီးငွေ့ဖွယ် ကောင်းလှပေသည်။
ဒုတိယ စာမေးပွဲ စစ်ဆေးသူက ဝင်ပြော၏။ “အောက်ယွီက ဒါတောင် တော်တော်လေး ဖြေနိုင်သေးတာပဲ။ စာမေးပွဲ မဖြေခင် ညကအထိ ကျုံးယုံရဲ့ ပဉ္စမ စာမျက်နှာကို အလွတ်ကျက်နေသေးတယ်လို့ ကြားတယ်။ သူက မေးခွန်း ငါးခုလောက်ပဲ မှန်မယ် ထင်နေတာ၊ အခု ဆယ်ခုတောင် မှန်တယ် ဆိုတော့ တော်တော်လေး တော်နေပြီ။”
“ဟုတ်တယ်… တော်တော်လေး ဖြေနိုင်တာပဲ။”
အဆင့် သတ်မှတ်ချက်များ အားလုံး ပြီးစီးသွားပြီ ဖြစ်ရာ နောက်ဆုံး စစ်ဆေးမှုများကို ဆက်လက် ပြုလုပ်ရမှာ ဖြစ်သည်။
နောက်ဆုံး စစ်ဆေးမှု ဆိုသည်မှာ အဘယ်နည်း။ အဖြေလွှာများ အားလုံးတွင် တားမြစ်ထားသော စကားလုံးများ၊ ဥပမာ - ဧကရာဇ်ဟောင်း၏ နာမည်၊ ဘိုးဘေး ဧကရာဇ်၏ နာမည်များ ပါဝင်နေခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းပင်။
ထို့အပြင် နိုင်ငံရေးနှင့် မလျော်ညီသော အကြောင်းအရာများ ပါဝင်ခြင်း ရှိ၊ မရှိ၊ အစိုးရ သို့မဟုတ် ဧကရာဇ်ကို သွယ်ဝိုက်၍ တိုက်ခိုက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးရ၏။
အထူးသဖြင့် ဤအဖြေလွှာများတွင် ဝှက်စာများ ပါဝင်နေခြင်း ရှိ၊ မရှိကို အထူး ဂရုစိုက်၍ စစ်ဆေးရသည်။
အကယ်၍ ကျောင်းသား တစ်ဦးက ဉာဏ်နည်းကာ နိုင်ငံရေး စာစီစာကုံးထဲတွင် ပုန်ကန်လိုသော အဓိပ္ပာယ် ပါဝင်သည့် ဝှက်စာများ ရေးသားထားပါက လုံးဝ ပြီးဆုံးသွားပြီ ဖြစ်၏။ ထိုနေရာတွင် ရှိနေသော စာမေးပွဲ စစ်ဆေးသူများ အားလုံး အပြစ်ပေးခံရမှာဖြစ်၏။
သို့ပေမည့် ပုံမှန်အားဖြင့် ဤသို့သော အခြေအနေမျိုး မရှိနိုင်ပေ။ ပြည်နယ် စာမေးပွဲ အထိ ရောက်ရှိလာသော ကျောင်းသားတိုင်းသည် ပညာတတ်များထဲမှ ထူးချွန်သူများ ဖြစ်ကြပြီး ပြည်နယ် စာမေးပွဲသည် သူတို့၏ အနာဂတ်ကို လုံးဝ အဆုံးအဖြတ် ပေးမည်ဖြစ်ရာ မည်သူကမှ မိမိ၏ အနာဂတ်နှင့် အသက်ကိုကစားမည် မဟုတ်ပေ။
စာမေးပွဲ စစ်ဆေးသူ တစ်ဦးက မကျေမနပ်ဖြင့် ပြောလိုက်သည်။ “ဒါတွေ အားလုံးက ကျူ့လန်ထျန်း ကြောင့်ပဲ။ သူက ကျောက်တုံးမှတ်တမ်းရဲ့ နောက်ဆုံး စာမူတွေထဲမှာ ဝှက်စာတွေ ချန်ထားခဲ့လို့ အောက်ထင်တို့ သားအဖ ဒုက္ခရောက်ရုံတင် မကဘူး၊ ကျုပ်တို့ အားလုံးပါ ဒုက္ခရောက်ရတာပဲ။ အခု နေရာတိုင်းက ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲရဲ့ ပင်မ စာမေးပွဲ စစ်ဆေးသူတွေ အားလုံး ဝှက်စာ ရှိ၊ မရှိ စစ်ဆေးရတဲ့ အလုပ်တစ်ခု ပိုလာတာပေါ့။”
ဤအလုပ်ကလည်း အလွန် ငြီးငွေ့ဖွယ် ကောင်းလှ၏။
စာမေးပွဲ စစ်ဆေးသူ ဆယ့်သုံးဦးက အကြိမ်ကြိမ် အခါခါ စစ်ဆေးနေကြသည်။
“ဒါနဲ့ နုလန်ဟောက် မြို့တော်ကို ရောက်နေတာ လအတော်ကြာပြီပဲ။ ဧကရာဇ်မင်းမြတ်က ဘာသဘောလဲ မသိဘူး။” အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူ တစ်ဦးက မေးလိုက်၏။
ယခင်ကဆိုလျှင် သူက ဤစကားကို သေချာပေါက် ပြောရဲမည် မဟုတ်ပေ။
သို့ပေမည့် အားလုံးမှာ အတူတကွ ဤအခန်း အတွင်း၌ ရက်အတော်ကြာ နေထိုင်ကာ အဖြေလွှာများ အတူတူ စစ်ဆေးပြီး အတူတူ စားသောက် အိပ်စက်ခဲ့ကြသောကြောင့် အလွန် ရင်းနှီးလာကြပြီး စကားများကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုရဲလာကြခြင်း ဖြစ်၏။
ဟုတ်ပေ၏။ အလွန် ထူးဆန်းလှသည်။
နုလန်ဟောက် အောက်ရှင်းသည် မြို့တော်သို့ ရောက်ရှိလာသည်မှာ လအတော်ကြာပြီ ဖြစ်သည်။ သူက ဧကရာဇ်နှင့် တွေ့ဆုံကာ မွေးစားသား မလိုအပ်ကြောင်း၊ ရာထူးနှင့် ပိုင်ဆိုင်မှုများ အားလုံးကို မိမိ၏ သားအရင်း အောက်ယွီ အား ပေးအပ်မည် ဖြစ်ကြောင်း ပြောဆိုရန် ရောက်လာခြင်း ဖြစ်၏။
ဧကရာဇ်က သဘောမတူခဲ့သော်လည်း သူ့ကို အိမ်သို့ ပြန်ခွင့် မပြုခဲ့ပေ။
အရေးကြီးသော စစ်ရေး ကိစ္စများ ရှိနေ၍လား။ လုံးဝ မရှိချေ။
အောက်ရှင်း ကဲ့သို့သော စစ်သူကြီးချုပ်သည် စစ်တိုက်သည့် အချိန်တွင်သာ အာဏာ ကြီးမားပြီး စစ်တပ် သိန်းနှင့်ချီကို ကွပ်ကဲခွင့် ရှိ၏။
သို့ပေမည့် စစ်မတိုက်သည့် အချိန်တွင် စစ်အာဏာ အားလုံးက ဧကရာဇ်၏ လက်ထဲတွင်သာ ရှိနေပြီး သူကဲ့သို့ စစ်သူကြီးချုပ်တွင် လုပ်စရာ အလုပ် မရှိပေ။
စစ်တပ် လေ့ကျင့်ရေး ကိစ္စများကိုပင် အခြားသူများကို လွှဲပြောင်းပေးထားရ၏။
“နုလန်ဟောက်ကို စစ်သူကြီးချုပ် ရာထူးကနေ ကွန်းမြို့စားဘွဲ့ ပေးမယ်လို့ သတင်းတွေ ထွက်နေတယ် မဟုတ်လား။” အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူ တစ်ဦးက မေးလိုက်သည်။
ဒုတိယ စာမေးပွဲ စစ်ဆေးသူမှာ ဟန်လင် အကယ်ဒမီမှ ပညာရှင် ဖြစ်ပြီး အစိုးရအဖွဲ့၏ ဗဟိုချက်တွင် ရှိနေသူ ဖြစ်ရာ ချက်ချင်း ပြန်ဖြေလိုက်၏။ “စစ်သူကြီးချုပ် ရာထူးဆိုရင်တော့ ဖြစ်နိုင်ခြေ ရှိပါသေးတယ်။ ကွန်းမြို့စားဘွဲ့ ဆိုရင် သူ့ကို ဒုက္ခလုံးလုံး ပေးနေတာပဲ။”
“သခင်ကြီးမင်… သေချာ ရှင်းပြပါအုံး။” ဘေးမှ အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူက အလျင်အမြန် မေးလိုက်သည်။
ဒုတိယ စာမေးပွဲ စစ်ဆေးသူ ဟန်လင် အကယ်ဒမီ ပညာရှင် မင်ကျင်းယွမ်က ရှင်းပြလိုက်၏။ “မနှစ်က စစ်ပွဲမှာ ကျုပ်တို့က နိုင်တယ်လို့ ပါးစပ်ကသာ ပြောနေတာ။ တကယ်တော့ ရှုံးတာပဲ။ စစ်တပ် သိန်းနဲ့ချီ ဆုံးရှုံးခဲ့ရတဲ့အပြင် ပိုင်ရှင်မဲ့နယ်မြေကိုပါ ဆုံးရှုံးလိုက်ရတယ်။
ရန်သူ့ စစ်သေနာပတိ ယင်ချွဲ့ကို လုပ်ကြံပြီး ဆေးကုပေးမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းထားနိုင်ခဲ့လို့ ရန်သူ့ စစ်သေနာပတိကို ဖမ်းမိတယ်ဆိုပြီး အောင်ပွဲခံနေကြတာလေ။”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ဤကိစ္စကို လူတိုင်း သိကြသည်။ ပြည်သူများက လှည့်စားခံရပြီး ဤစစ်ပွဲကို နိုင်သည်ဟု ထင်နေကြသော်လည်း အစိုးရ အရာရှိများ အနေဖြင့် ဤစစ်ပွဲ လုံးဝ ရှုံးနိမ့်ခဲ့ကြောင်း သေချာပေါက် သိရှိကြ၏။
စစ်သည် သိန်းနှင့်ချီ ဆုံးရှုံးခဲ့ရုံသာမက ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးပါ ဆုံးရှုံးသွားခဲ့သည်။
မင်ကျင်းယွမ် က ဆက်ပြောလိုက်၏။ “ကျုပ်တို့က တာယင်အင်ပါယာနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့တယ်။ အစကတော့ ယင်ချွဲ့နဲ့ ပိုင်ရှင်မဲ့နယ်မြေ တစ်ဝက်ကို လဲလှယ်ချင်ခဲ့တယ်။ တာရှီမြို့ကို နယ်နိမိတ် သတ်မှတ်ပြီး မြောက်ဘက်ကို တာယင်အင်ပါယာ၊ တောင်ဘက်ကို တာ့ကျိုးအင်ပါယာ ယူဖို့ပေါ့။
ဒါပေမဲ့ တာယင်အင်ပါယာက ငြင်းပယ်ခဲ့တယ်။ နောက်ထပ် ယင်ချွဲ့နဲ့ ထန်ထိုင်မြို့ကို လဲလှယ်ဖို့ ကမ်းလှမ်းခဲ့တယ်။ ကျုပ်တို့က ယင်ချွဲ့ကို ပြန်လွှတ်ပေးမယ်၊ တာယင်အင်ပါယာက ထန်ထိုင်မြို့ကို ပြန်ပေးဖို့ပေါ့။”
ဘေးမှ အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူက မေးလိုက်သည်။ “ရလဒ်ကရော”
ဟန်လင် အကယ်ဒမီ ပညာရှင် မင်ကျင်းယွမ်က ပြန်ဖြေ၏။ “တာယင်အင်ပါယာက ငြင်းပယ်ခဲ့တာပဲ။ သူတို့ တောင်းဆိုတာက ယင်ချွဲ့ကို ဘာတောင်းဆိုချက်မှ မရှိဘဲ ပြန်လွှတ်ပေးဖို့ပဲ။ အဲဒီအစား ပိုင်ရှင်မဲ့နယ်မြေက အမည်ခံအားဖြင့် လွတ်လပ်တဲ့ နယ်မြေ ဖြစ်တယ် ဆိုတာကို သူတို့ အသိအမှတ် ပြုပေးမယ်။ ပိုင်ရှင်မဲ့နယ်မြေကို သိမ်းပိုက်လိုက်ပြီလို့ လူသိရှင်ကြား ကြေညာမှာ မဟုတ်သလို တာယင်အင်ပါယာရဲ့ ပြည်နယ် တစ်ခုအဖြစ် သတ်မှတ်မှာလည်း မဟုတ်ဘူးတဲ့။”
ထိုစကားကို ကြားချိန်မှာတော့ ထိုနေရာတွင် ရှိနေသော စာမေးပွဲ စစ်ဆေးသူများ အားလုံးက တာယင်အင်ပါယာမှာ အလွန် ကောက်ကျစ်ကြောင်း ဆဲဆိုကြလေသည်။
‘ခင်ဗျားက ဘာတစ်ခုမှ မပေးဘဲ အလကား လိုချင်နေတာလား။ ပိုင်ရှင်မဲ့နယ်မြေကို ခင်ဗျားက အုပ်ချုပ်နေပြီပဲ။ ကြေညာတာနဲ့ မကြေညာတာ ဘာကွာလို့လဲ။’
အမှန်တကယ်၌ ကွာခြားချက် ရှိ၏။ တာယင်အင်ပါယာက ပိုင်ရှင်မဲ့နယ်မြေကို သိမ်းပိုက်ကြောင်း မကြေညာသလို တာယင်အင်ပါယာ၏ ပြည်နယ် တစ်ခုအဖြစ် မသတ်မှတ်ပါက တောင်ပိုင်းကျိုးအင်ပါယာ အတွက် မျက်နှာပန်း လှသွားစေသည်။ အနည်းဆုံးတော့ တစ်လောကလုံးရှိ ပြည်သူများက ဤစစ်ပွဲတွင် တောင်ပိုင်းကျိုးအင်ပါယာ မရှုံးဘဲ အနိုင်ရခဲ့သည်ဟု ထင်သွားစေမှာ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ပိုင်ရှင်မဲ့နယ်မြေသည် လွတ်လပ်သော နယ်မြေအဖြစ် ဆက်လက် တည်ရှိနေပြီး တာယင်အင်ပါယာ၏ သိမ်းပိုက်ခြင်း မခံရသောကြောင့် ဖြစ်သည်။
ထို့အပြင် တာယင်အင်ပါယာ၏ စစ်သေနာပတိကိုပါ ဖမ်းဆီးထားနိုင်ခဲ့သည် မဟုတ်လား။ ဤသည်မှာ အောင်ပွဲ မဟုတ်လျှင် ဘာဖြစ်မည်နည်း။ ဤသို့ဖြင့် ဧကရာဇ်၏ မျက်နှာကိုကယ်တင်နိုင်မှာဖြစ်၏။
“ရလဒ်ကရော။” အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူက မေးလိုက်သည်။
“သေချာပေါက် ဆွေးနွေးပွဲ ပျက်သွားတာပေါ့။”
မင်ကျင်းယွမ်က ပြောလိုက်၏။ “စောင့်ကြည့်နေလိုက်။ ဆွေးနွေးပွဲ လုံးဝ ပျက်သွားပြီး တာယင်အင်ပါယာက ပိုင်ရှင်မဲ့နယ်မြေကို အပြီးတိုင် သိမ်းပိုက်ကြောင်း ကြေညာပြီး ပြည်နယ် တစ်ခုအဖြစ် သတ်မှတ်လိုက်တာနဲ့ တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးမှာ ကြီးမားတဲ့ ဆူပူအုံကြွမှုတွေ ဖြစ်လာတော့မှာ။
ပြည်သူတွေနဲ့ ပညာတတ် တွေက ဒေါသတကြီး အုံကြွလာကြပြီး ဒီစစ်ပွဲရဲ့ အရှုံးအနိုင်ကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ကြတော့မှာ။ အဲဒီအချိန်ကျရင် လျှို့ဝှက်ထားလို့ ရတော့မှာ မဟုတ်ဘူး။”
အောက်ဘက်မှ အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူ တစ်ဦးက ဝင်ပြောသည်။ “အကြောက်ရဆုံးက တစ်ယောက်ယောက်က ဉာဏ်နည်းပြီး အာဏာ ပြန်လွှဲပေးဖို့ တောင်းဆိုလာမှာကိုပဲ။ အဲဒီလိုဆိုရင် တိုင်းပြည် တစ်ခုလုံးကမောက်ကမ ဖြစ်သွားပြီး လူဘယ်လောက်တောင် သေရမလဲ မသိဘူး။”
ထိုအချိန်တွင် ယွီကျန်းက တားမြစ်လိုက်၏။ “ဒီကိစ္စကို ဆက်မပြောကြနဲ့တော့။ ဆက်ပြောနေရင် ပြဿနာ တက်လိမ့်မယ်။”
ချက်ချင်းပဲ ထိုအထောက်အကူပြု စာမေးပွဲ စစ်ဆေးသူက မိမိကိုယ်ကို ပါးရိုက်လိုက်၏။ စကားပြောရင်း စိတ်လှုပ်ရှားလာကာ အာဏာ ပြန်လွှဲပေး ဆိုသည့် စကားလုံးကိုပင် ပြောမိသွားခဲ့သည်။
ဤစကားလုံးသည် လုံးဝ တားမြစ်ချက်ဖြစ်ပြီး ပြောမိပါက တကယ် အသတ်ခံရနိုင်၏။
.................