← Chapters

အခန်း (၂၆၇-၂၆၈)

Vol. 23 Ch. 267-268

အခန်း (၂၆၇-၂၆၈)

Vol. 23 Ch. 267-268

အပိုင်း (၂၆၇)

အာဏာ ပြန်လွှဲပေး ဆိုသည်မှာ အဘယ်နည်း။

လက်ရှိ ဧကရာဇ်ဟောင်း သည် အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း ကျန်းမာရေး ကောင်းမွန်နေဆဲ ဖြစ်ပြီး အသိဉာဏ်လည်း ထက်မြက်နေဆဲ ဖြစ်ကာ နိုင်ငံတော်၏ အစောင့်အရှောက် နတ်ဘုရား တစ်ပါး အလား တည်ရှိနေ၏။

လွန်ခဲ့သော နှစ်အနည်းငယ်က ဧကရာဇ်ဟောင်း ရာထူးမှ ဆင်းပေးခဲ့ခြင်းမှာ သူ နန်းသက် နှစ်ငါးဆယ် ကျော်လာသောကြောင့် ဖြစ်သည်။ တောင်ပိုင်းကျိုးအင်ပါယာ၏ ထိုက်ကျုံး ဧကရာဇ်သည် နှစ်ပေါင်း ထောင်ချီ အတွင်း အကြီးမြတ်ဆုံး ဧကရာဇ် အဖြစ် သတ်မှတ်ခံရပြီး နန်းသက် ငါးဆယ့်တစ်နှစ် ရှိခဲ့သည်။

ဧကရာဇ်ထျန်းယန်လည်း အလွန် ကြီးမြတ်သူ ဖြစ်သည်။ တောင်ပိုင်းကျိုးအင်ပါယာ ကျဆင်းနေပြီး အန္တရာယ်များ ဝိုင်းရံနေချိန်တွင် ဧကရာဇ်ထျန်းယန်က ဤ အနှစ်ငါးဆယ်အတွင်း နိုင်ငံတော်ကို အစွမ်းကုန် ကြိုးစား တည်ဆောက်ခဲ့၏။

တောင်ပိုင်း လူရိုင်းများကို နှိမ်နင်းကာ အင်ပါယာ၏ နယ်မြေကို စတုရန်း ကီလိုမီတာ တစ်သန်းကျော် တိုးချဲ့နိုင်ခဲ့၏။ ကျဆင်းနေမှုကို ရပ်တန့်နိုင်ရုံသာမက တစ်ကမ္ဘာလုံးရှိ ထိပ်တန်း အင်အားကြီး နိုင်ငံ တစ်ခု အဖြစ်သို့ ရောက်ရှိစေခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက တောင်ပိုင်းကျိုးအင်ပါယာသည် တာ့လျန်နိုင်ငံ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး နယ်မြေ ပေးရခြင်း၊ လျော်ကြေး ပေးရခြင်း၊ မင်းသမီး ပေးဆက်ရခြင်း စသည့် အရှက်ရဖွယ် ကိစ္စများကို ကြုံတွေ့ခဲ့ရသည်ကို သတိရသင့်၏။

ထို့ကြောင့် ဤဧကရာဇ်ထျန်းယန်သည် နိုင်ငံတော်ကို ပြန်လည် နိုးထစေသူသာမက နိုင်ငံတော်ကို ကယ်တင်ခဲ့သူလည်း ဖြစ်ကာ အင်ပါယာ၏ နယ်မြေကို သုံးပုံတစ်ပုံခန့် တိုးချဲ့နိုင်ခဲ့သောကြောင့် ကွမ်းဝူ ဧကရာဇ် လျိုရှို့၏ အဆင့်အတန်းနှင့် ဆင်တူနေပြီ ဖြစ်သည်။

ထို့ကြောင့် ထိုအချိန်က ဧကရာဇ်ထျန်းယန် ဆက်လက် အုပ်ချုပ်နေမည် ဆိုပါက လုံးဝ ပြဿနာ မရှိသလို ပြည်သူများကလည်း လက်ခံကြမှာဖြစ်၏။

သို့ပေမည့် သူက ထိုက်ကျုံး ဧကရာဇ်၏ နန်းသက်ကို မကျော်လွန်လိုသောကြောင့် အချိန်စော၍ ရာထူးမှ ဆင်းပေးကာ အိမ်ရှေ့စံမင်းသားကို နန်းတင်ပေးခဲ့သည်။ ထိုသူမှာ လက်ရှိ ဧကရာဇ်ဝမ်ယွင် ဖြစ်သည်။

လူတိုင်းက ဧကရာဇ်ထျန်းယန်သည် အမည်ခံအားဖြင့်သာ ရာထူးမှ ဆင်းပေးခြင်းဖြစ်ပြီး တကယ့် အာဏာကိုမူ ဆက်လက် ဆုပ်ကိုင်ထားမည်ဟု ထင်မှတ်ခဲ့ကြ၏။

ဤကဲ့သို့သော ဥပမာများကို အားလုံး သိရှိထားကြ၏။ ချင်းမင်းဆက်မှ ချန်လုံ ဧကရာဇ်လည်း ထိုသို့ပင် လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် ကျားချင့် ဧကရာဇ် နန်းတက်ချိန်တွင် ဟယ်ရှန်းက အလွန် အာဏာ ကြီးမားနေပြီး ကျားချင့် ဧကရာဇ်ကို အလေးမထားခဲ့ပေ။ ချန်လုံ ဧကရာဇ် ကွယ်လွန်သွားမှသာ ကျားချင့် ဧကရာဇ်က ဟယ်ရှန်းကို အပြစ်ပေးနိုင်ခဲ့၏။

သို့ပေမည့် မမျှော်လင့်ဘဲ ဧကရာဇ်ထျန်းယန် ရာထူးမှ ဆင်းပေးပြီးနောက် အာဏာ အားလုံးကို တကယ် လွှဲပြောင်းပေးခဲ့သည်။

သူ၏ သဘောထားကို ပြသရန်အတွက် ဧကရာဇ်ထျန်းယန်သည် သူ၏ နန်းဆောင်တံခါးများကို ပိတ်ထားလိုက်ပြီး မည်သည့် အမတ်ကိုမှ မည်သည့် အကြောင်းပြချက်ဖြင့် လာရောက် အနှောင့်အယှက် ပေးခွင့် မပြုတော့ပေ။

မည်သည့် စာချွန်လွှာ၊ မည်သည့် အရေးကြီး ကိစ္စများ ရှိပါစေ ဧကရာဇ်ဝမ်ယွင် ထံသို့သာ သွားရောက် တင်ပြကြရန်၊ သူ အေးချမ်းစွာ နေထိုင်သည်ကို လာရောက် မနှောင့်ယှက်ရန် အမိန့်ပေးထား၏။

ထို့ကြောင့် ပုံမှန်အားဖြင့် ဧကရာဇ်ဟောင်းနှင့် မကြာခဏ တွေ့ဆုံခွင့်ရသူမှာ လူနှစ်ဦးသာ ရှိ၏။ တစ်ဦးမှာ လက်ရှိ ဧကရာဇ် ဖြစ်ပြီး အခြားတစ်ဦးမှာ မင်းသမီး ရှန်ရှန်း ဖြစ်သည်။

မင်းသမီး ရှန်ရှန်း ဆိုသည်မှာ မည်သူနည်း။ လက်ရှိ ဧကရာဇ်၏ အချစ်ရဆုံး သမီးတော်ဖြစ်ပြီး ဧကရာဇ်ဟောင်း၏ အချစ်ရဆုံး မြေးမလေး လည်း ဖြစ်သည်။ လုံးဝ မျက်စိအောက်က အချစ်တော်လေးပင် ဖြစ်၏။

အာဏာ အားလုံးကို ဆုပ်ကိုင်ထားသော်လည်း ဧကရာဇ်ဝမ်ယွင်၏ ဖိအားက အလွန် ကြီးမားလှသည်။

‘ဧကရာဇ်ဟောင်းက အာဏာ အားလုံးကို ကျုပ်ကို လွှဲပေးလိုက်ပြီ၊ ဘာအဟန့်အတားမှ မရှိတော့ဘူး ဆိုတော့ ကျုပ်သာ ကောင်းကောင်း မအုပ်ချုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ။’

အကယ်၍ ဤ ဧကရာဇ်ဟောင်းသာ မရှိပါက ဧကရာဇ်ဝမ်ယွင် ကောင်းကောင်း မအုပ်ချုပ်နိုင်လျှင်လည်း ကိစ္စမရှိပေ။ မည်သူကမှ သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

သို့ပေမည့် ဧကရာဇ်ဟောင်း ရှိနေသောကြောင့် အရာအားလုံးက ကွာခြားသွား၏။ အကယ်၍ ဧကရာဇ် ဝမ်ယွင်သာ အလွန် ဆိုးရွားစွာ အုပ်ချုပ်နေပါက ဧကရာဇ်ဟောင်း အနေဖြင့် လူစားလဲ၍ ရနိုင်သေးသည်။

မိမိကိုယ်ကို သက်သေပြရန်အတွက် ဧကရာဇ်ဝမ်ယွင်သည် ရည်မှန်းချက် ကြီးမားစွာဖြင့် မြောက်ပိုင်းသို့ စစ်ချီရန်၊ တစ်ကမ္ဘာလုံးကို စိုးမိုးရန် ကြိုးစားခဲ့၏။

သို့ပေမည့် ပထမဆုံး စစ်ပွဲတွင် ရှုံးနိမ့်သွားခဲ့ပြီး စစ်တပ် သိန်းနှင့်ချီ ဆုံးရှုံးခဲ့ရကာ ပိုင်ရှင်မဲ့နယ်မြေကိုပါ ဆုံးရှုံးလိုက်ရသည်။

ထို့ကြောင့် လူအများအပြား၏ စိတ်ထဲတွင် စကားလုံး နှစ်လုံး ထွက်ပေါ်လာ၏။ အာဏာ ပြန်လွှဲပေး ဆိုသည့် စကားလုံးပင်။

‘ဧကရာဇ်မင်းမြတ်က အတွေ့အကြုံ နုနယ်သေးတယ်။ အာဏာကို ဧကရာဇ်ဟောင်းဆီ ပြန်လွှဲပေးလိုက်တာ ပိုကောင်းမယ်။’

ဤသည်မှာ လီနိုဗို ကုမ္ပဏီတွင် ဆရာကြီးလျို ရာထူးမှ ဆင်းပေးပြီး ယန်ဥက္ကဋ္ဌ တက်လာသကဲ့သို့ ဖြစ်၏။ သို့ပေမည့် အကျပ်အတည်းများ ကြုံတွေ့လာရချိန်မှာတော့ ဆရာကြီးလျို ပြန်လည် ဦးဆောင်ရသကဲ့သို့ ဖြစ်သည်။

အာဏာ ပြန်လွှဲပေး ဆိုသည့် စကားကို အမတ်များ၊ ပညာတတ်များအကြား လျှို့ဝှက်စွာ ပြောဆို နေကြသော်လည်း မည်သူကမှ လူသိရှင်ကြား မပြောရဲသေးပေ။ တစ်ခါ ပြောမိသည်နှင့် သွေးချောင်းစီး သွားမှာဖြစ်၏။

စောစောက စာမေးပွဲ စစ်ဆေးသူ အချို့က စကားပြောရင်း စိတ်လှုပ်ရှားလာကာ အင်ပါယာ၏ လျှို့ဝှက်ချက်များဖြစ်သော တာယင်အင်ပါယာနှင့် ဆွေးနွေးပွဲများ အကြောင်းကို ပြောဆိုခဲ့ကြသည်။

ဤသည်မှာ တားမြစ်ချက်ကို ချိုးဖောက်သကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တော့ ကိစ္စမရှိပေ။ ဤကဲ့သို့သော စကားမျိုးကို အမတ်များက ပြည့်တန်ဆာရုံများတွင် ပြောဆိုကြသည်မှာ ဤထက်ပင် ပိုဆိုးသေး၏။

သို့ပေမည့် အာဏာ ပြန်လွှဲပေး ဆိုသည့် စကားကတော့ လုံးဝ တားမြစ်ချက် ဖြစ်ပြီး လုံးဝ မပြောဆိုသင့်ပေ။

ယွီကျန်းက မျက်မှောင်ကြုတ်လိုက်၏။ သူက လက်ရှိ ဧကရာဇ်ဝမ်ယွင်ကို သဘောမကျသော်လည်း ဧကရာဇ်ဟောင်းထံ အာဏာ ပြန်လွှဲပေးမည်ကိုလည်း လုံးဝ ဆန့်ကျင်သူ ဖြစ်သည်။

ဧကရာဇ်ဝမ်ယွင်သည် အသက် ငါးဆယ်ကျော် အရွယ်ဖြစ်ပြီး အားအင် အပြည့်ဝဆုံး အချိန် ဖြစ်၏။

ထို့အပြင် ဧကရာဇ်ဟောင်း ကဲ့သို့သော အစောင့်အရှောက် နတ်ဘုရားတစ်ပါး ရှိနေသောကြောင့် အခက်အခဲ အနည်းငယ် ကြုံတွေ့ရလျှင်တောင် ကိစ္စမရှိဘဲ ကျော်ဖြတ်နိုင်မှာဖြစ်ပြီး နှစ်အနည်းငယ် ကြာလျှင် အသိဉာဏ် ကြီးမားသော ဧကရာဇ် တစ်ပါး ဖြစ်လာမည်မှာ သေချာသည်။

အကယ်၍ ဧကရာဇ်ဟောင်းထံ အာဏာ ပြန်လွှဲပေးလိုက်ပါက အင်ပါယာ တစ်ခုလုံး မည်မျှ ကြာအောင် ကမောက်ကမ ဖြစ်သွားမည်ကို မသိနိုင်တော့ပေ။

ထို့အပြင် ရက်စက်သော စကားကို ပြောရလျှင် ဧကရာဇ်ဟောင်းသည် အသက် ခုနစ်ဆယ်ကျော် ရှိနေပြီ ဖြစ်ရာ ဘယ်နှနှစ် ဆက်လက် အသက်ရှင်နိုင်မည်နည်း။

သို့ပေမည့် မတတ်နိုင်ပေ။ လောကကြီး၏ အရေးကိစ္စများသည် သူ၏ ဆန္ဒအတိုင်း ပြောင်းလဲသွားမည် မဟုတ်ပေ။

အာဏာ ပြန်လွှဲပေး ဆိုသည့် ကိစ္စကို မည်သူကမှ လူသိရှင်ကြား မပြောဆိုကြသော်လည်း ရေအောက်ရှိ သေမင်းတမန် ရေဝဲကြီး တစ်ခုအလား ဖြစ်တည်နေပြီ ဖြစ်၏။

သို့မဟုတ် မပေါက်ကွဲသေးသော လေဆင်နှာမောင်း မုန်တိုင်း တစ်ခုအလား ဖြစ်သော်လည်း မုန်တိုင်း မျက်စိက ဖြစ်တည်နေပြီ ဖြစ်သည်။ တစ်ခါ ပေါက်ကွဲသွားသည်နှင့် လူမည်မျှ သေဆုံးရမည်ကို မသိနိုင်တော့ပေ။

အချို့သူများက ဧကရာဇ်ဟောင်းထံ အာဏာ ပြန်လွှဲပေးသည့် ကိစ္စကို တကယ် မဖြစ်စေချင်သော်လည်း အာဏာ ပြန်လွှဲပေး ဆိုသည့် စကားလုံးကို အသုံးပြုကာ လူများကို ဒုက္ခပေးချင်နေကြ၏။

စောစောက လူတစ်ယောက်က တားမြစ်ချက်ကို ချိုးဖောက်ကာ အာဏာ ပြန်လွှဲပေး ဆိုသည့် စကားလုံး နှစ်လုံးကို ပြောမိသွားသောကြောင့် အခန်းတစ်ခန်းလုံး ပြန်လည် တိတ်ဆိတ် ငြီးငွေ့ဖွယ် ကောင်းသွားပြန်၏။ သို့ပေမည့် ဤလေထုက ပို၍ပင် ကြောက်စရာ ကောင်းနေသည်။

ထို့ကြောင့် လူတစ်ယောက်က ဤတိတ်ဆိတ်မှုကို ဖြိုခွင်းရန် အတွက် ရယ်မောကာ ပြောလိုက်၏။ “ဆရာကြီး ကျူ့လန်ထျန်းလည်း အသက်ကြီးမှ နာမည်ပျက်တော့မှာပဲ။”

“ဟုတ်တာပေါ့။ ကျောက်တုံးမှတ်တမ်းလို ဂန္ထဝင်မြောက် စာအုပ်ကြီးကို ရေးနိုင်ပြီးတော့ အောက်ယွီကို ပေးခဲ့တယ်။ ပြီးတော့ အောက်ယွီကို တပည့် အဖြစ် လက်ခံခဲ့တယ်လို့တောင် ကြားတယ်။ ဒါတွေ အားလုံးက အောက်မင်ကို တိုက်ခိုက်ဖို့၊ အမတ်ချုပ်ကြီးလင်ကို တိုက်ခိုက်ဖို့ပဲ။ အဲဒီတုန်းက ကိစ္စတွေကို သူ အခုထိ နာကြည်းနေတုန်းပဲ ဆိုတာ သိသာတယ်။”

“နာကြည်းရုံတင် မကဘူး။ အဲဒီတုန်းက သူ အစိုးရအဖွဲ့ထဲ ဝင်တော့မယ့် အချိန်မှာ အစိုးရအဖွဲ့ ထဲကနေ မောင်းထုတ်ခံလိုက်ရတာ ဆိုတော့ တကယ့်ကို သေခန်းရှင်ခန်း ရန်ငြိုးကြီးပဲ။”

“ရန်ငြိုးကို လက်စားချေတာ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ သူက အောက်ယွီလို အသုံးမကျတဲ့ လူမိုက်ကို ရွေးချယ်ခဲ့တာကတော့ တစ်သက်လုံး တည်ဆောက်ခဲ့တဲ့ နာမည်ကောင်းတွေ အားလုံး ပျက်စီးသွားတာပဲ။”

“ဟုတ်တာပေါ့။ အောက်မင်ရဲ့ ပါရမီက စုမန်နဲ့ ယှဉ်နိုင်လောက်တယ်။ အောက်ယွီက သူနဲ့ ယှဉ်ရင် ကျီးကန်း နဲ့ ဖီးနစ်ငှက် လိုပဲ။ ဆရာကြီး ကျူ့လန်ထျန်းက လက်စားချေဖို့ မျှော်လင့်ချက်ကို အောက်ယွီ ဆီမှာ ထားခဲ့တာ တကယ်ကို အသက်ကြီးမှ မျက်စိကန်းသွားတာပဲ။”

“ဒီ စာမေးပွဲ သုံးရက်မှာ အောက်ယွီက သုံးရက်လုံး အိပ်နေခဲ့တာက မွန်မြတ်တဲ့ စာမေးပွဲ စနစ်ကို စော်ကားလိုက်တာပဲ။”

“ဒီလောက် အသုံးမကျတဲ့ကောင်မျိုးကို ကျုပ် ပြည်နယ် စာမေးပွဲ၊ မြို့တော် စာမေးပွဲတွေ စစ်ဆေးလာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ တစ်ခါမှ မမြင်ဖူးဘူး။”

“ဒီလောကနံပါတ်တစ် အသုံးမကျတဲ့ကောင်ဆိုတာ တကယ် နာမည်ကြီးတာ အလကား မဟုတ်ဘူးပဲ။”

ထင်ထားသည့် အတိုင်းပင်။ အနေခက်နေသော လေထုကို ဖျက်ဆီးချင်လျှင် မည်သို့ လုပ်ရမည်နည်း။ သဟဇာတဖြစ်သော လေထုကို ဖန်တီးချင်လျှင် မည်သို့ လုပ်ရမည်နည်း။ အလွန် ရိုးရှင်းပါသည်။ လူတစ်ယောက်ကို အတူတကွ ဝိုင်းဝန်း ဆဲဆိုလိုက်ရုံပင် ဖြစ်၏။

စာမေးပွဲ စစ်ဆေးသူ အချို့က အောက်ယွီကို အတူတကွ ဝိုင်းဝန်း ဆဲဆိုလိုက်ချိန်မှာတော့ လေထုက ပြန်လည် တက်ကြွလာပြီး စောစောက အာဏာ ပြန်လွှဲပေး ဆိုသည့် စကားလုံး နှစ်လုံးကို ချက်ချင်း မေ့ပျောက် သွားကြသည်။

အပျင်းရိဆုံး စစ်ဆေးရေး အလုပ်များ ပြီးဆုံးသွားပြီ ဖြစ်၏။ ယခု နာမည် ဖုံးအုပ်ထားသည်ကို ဖွင့်ရတော့မည်။

အလွန် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန် ရောက်လာပြီဖြစ်ပြီး အကြီးမားဆုံး လျှို့ဝှက်ချက် ဖော်ထုတ်ရတော့မှာဖြစ်သည်။

ဤစုမန်ကို လုံးဝအပြတ်အသတ် ဖိနှိပ်နိုင်စွမ်းရှိသော ထိုနတ်ဆိုးကြီးမှာ အဘယ်သူနည်း။

ထိုသူသည် အလွန်တရာ နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေခဲ့သည်။ စာမေးပွဲစစ်ဆေးသူ ဆယ်ဦးကျော်စလုံးမှာ ထိုသူသည် မည်သူဖြစ်ကြောင်း သိရှိလိုစိတ် ပြင်းပြနေကြပြီဖြစ်သည်။ ယခုမူ ဖော်ထုတ်ရန် အချိန်တန်ပြီ ဖြစ်သည်။

ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းကိုယ်တိုင် အလွန် စိတ်အားထက်သန်စွာဖြင့် စာရွက်ဖြတ် ဓားကို ယူကာ နာမည် ဖုံးအုပ်ထားသော စာရွက်ကို ဖြတ်တောက်လိုက်၏။

ဤအချိန်လေးက အလွန် မွန်မြတ်သော ခံစားချက်ကို ပေးစွမ်းနေသည်။ အဘယ်ကြောင့်ဆိုသော် အကြီးမားဆုံး လျှို့ဝှက်ချက် ဖော်ထုတ်ရတော့မည် ဖြစ်သောကြောင့်ပင်။

စာမေးပွဲ စစ်ဆေးသူများ အားလုံး ဝိုင်းအုံလာကြပြီး နောက်ဆုံး လျှို့ဝှက်ချက် ဖော်ထုတ်မည့် အချိန်ကို အသက်ရှူအောင့်ကာ စောင့်ကြည့်နေကြ၏။

ပင်မစာမေးပွဲ စစ်ဆေးသူ ယွီကျန်းက အမြန် ဖွင့်လိုက်သည်။

ထို့နောက် လုံးဝ အံ့အားသင့်သွားကြသည်။အဘယ်ကြောင့်ဆိုသော် ဤ ပထမနေရာ အဖြေလွှာ၏ နာမည်မှာ အောက်ယွီ ဖြစ်နေသောကြောင့်ပင်။

စောစောက သူတို့ နာရီဝက်ခန့် အချိန်ယူကာ ဝိုင်းဝန်း လှောင်ပြောင် ဆဲဆိုခဲ့သော နုလန်ဟောက်၏ သား၊ လောကနံပါတ်တစ် အသုံးမကျသည့်လူ အောက်ယွီ ပင်ဖြစ်၏။

အခန်း တစ်ခန်းလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားပြီး အသက်ရှူရန်ပင် ခက်ခဲလာသည်။

‘ကျုပ် တကယ်ပဲ မျက်လုံးပြူး သွားပြီ။ အရမ်းကို လန့်သွားတာပဲ။’

‘တကယ်ကို အိပ်မက် မက်နေသလို မဖြစ်နိုင်ဘူးလို့ ခံစားရတယ်။ ကျုပ်... ကျုပ် မျက်လုံးများ မှားနေတာလား။ အရမ်းကို ရူးသွပ်စရာ ကောင်းလွန်းတယ်။’

မည်သူမှ မိမိတို့၏ မျက်လုံးများကို မယုံကြည်နိုင်ကြသောကြောင့် မျက်လုံးများကို ပွတ်သပ်လိုက်ကြပြီး မျက်လုံးကို အကျယ်ဆုံး ပြူးကာ နောက်တစ်ခေါက် ပြန်ကြည့်လိုက်ကြ၏။

“ပထမနေရာ ကျွမ့်ယွမ် အောက်ယွီ”

ထိုနေရာတွင် ရှိနေသော လူအများအပြား အချင်းချင်း ကြည့်လိုက်ကြပြီး မဖြစ်နိုင်ဘူး ဟုသာ ခံစားနေရဆဲ ဖြစ်သည်။

“ဒီတစ်ကြိမ် ပြည်နယ် စာမေးပွဲမှာ အောက်ယွီ ဆိုတဲ့ နာမည် တူတဲ့သူ နှစ်ယောက်များ ရှိနေလား။”

“မရှိဘူး။ အောက် ဆိုတဲ့ မျိုးရိုးနာမည်က ရှားတယ်။ အောက်ယွီ ဆိုတဲ့ နာမည်က နုလန်ဟောက်ရဲ့ သား တစ်ယောက်ပဲ ရှိတာ”

“ဒါ… ဒါက ဘယ်လို အခြေအနေလဲ။ သူက အမြဲတမ်း အိပ်နေတာ မဟုတ်ဘူးလား။”

“သူက အစောကြီးတည်းက ဖြေပြီးလို့ မှောက်အိပ်နေတာများလား။”

“ဒါပေမဲ့ သူက လောကနံပါတ်တစ် အသုံးမကျတဲ့ကောင် မဟုတ်ဘူးလား။”

.......................

အပိုင်း (၂၆၈)

အချိန် အတော်ကြာမှ လူတစ်ယောက်က မေးလိုက်၏။ “ဒီတစ်ကြိမ် ပြည်နယ် စာမေးပွဲရဲ့ မေးခွန်းတွေ တကယ်ပဲ ပေါက်ကြားသွားတာများလား။”

ထိုစကားကို ကြားပြီးနောက် အားလုံးက ခေါင်းယမ်းလိုက်ကြသည်။

ယခုတစ်ကြိမ် ချန်လန် ပြည်နယ်၏ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲကို ဧကရာဇ်မင်းမြတ်က အလွန် အလေးထားပြီး စာမေးပွဲ မတိုင်မီ ခုနစ်ရက် အလိုမှသာ မေးခွန်းများကို တရားဝင် သတ်မှတ်ခဲ့ခြင်း ဖြစ်၏။

ထို့နောက် မေးခွန်းထုတ်သူများကို နန်းတော် အတွင်းရှိ နေရာတစ်ခုတွင် ချက်ချင်း ပိတ်လှောင်ထားလိုက်ပြီး မည်သူနှင့်မှ အဆက်အသွယ် လုပ်ခွင့် မပြုတော့ပေ။

ထို့အပြင် ဤမေးခွန်းများကို လူ ဒါဇင်ပေါင်းများစွာက ထုတ်ထားခြင်းဖြစ်ရာ တစ်ယောက်ယောက်က မေးခွန်း ပေါက်ကြားစေခဲ့လျှင်တောင် အစိတ်အပိုင်း တစ်ခုသာ ပေါက်ကြားနိုင်မှာဖြစ်၏။

ထို့အပြင် ဤမေးခွန်းများကို ဧကရာဇ်၏ ယုံကြည်ရဆုံး နန်းတွင်း သိုင်းပညာရှင်များက တော်ဝင် သက်တော်စောင့်များ၏ အစောင့်အကြပ်ဖြင့် ကျန်းကျိုးမြို့သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

သေတ္တာကို သော့ခတ်ထားရုံသာမက ဖယောင်းတံဆိပ် ခတ်ထားပြီး ခိုင်မာသော သံသော့ကြီးဖြင့်ပါ ခတ်ထားသေး၏။ လုံးဝ မေးခွန်း ပေါက်ကြားရန် မဖြစ်နိုင်ပေ။

ထို့အပြင် မေးခွန်း ပေါက်ကြားလျှင်တောင် အောက်ယွီ တစ်ယောက်တည်းကိုသာ ပေါက်ကြားခဲ့သည်လား။ အောက်ရှင်းက အပေါင်းအသင်း မရှိသော အမတ် တစ်ဦးဖြစ်ပြီး ဘက်တော်သားများ မရှိရာ မည်ကဲ့သို့ မေးခွန်း ရရှိနိုင်မည်နည်း။

“ဝက်လို ဟန်ဆောင်ပြီး ကျားကို စားတာပဲ။”

စာမေးပွဲ စစ်ဆေးသူ တစ်ဦးက ပြောလိုက်၏။ “ဒီအောက်ယွီက ဟန်ဆောင်နေတာပဲ။”

“ကြည့်ရတာ ကျောက်တုံးမှတ်တမ်းက တကယ်ပဲ သူရေးတာ ဖြစ်မယ်။ ဆရာကြီး ကျူ့လန်ထျန်းက အသက်ကြီးမှ မျက်စိကန်းတာ မဟုတ်ဘူး။ သူက အမြင် ကျယ်လွန်းတာ။ ဒီတပည့် အောက်ယွီကို အသုံးချပြီး အမတ်ချုပ်ကြီးလင်ကို အသေအလဲ တိုက်ခိုက်ဖို့ ကြိုးစားနေတာ သေချာတယ်။”

ထို့နောက် ဒုတိယ စာမေးပွဲ စစ်ဆေးသူ မင်ကျင်းယွမ်က ပြောလိုက်သည်။ “သခင်ကြီး ယွီကျန်း… အကယ်၍ အောက်ယွီကို ပထမနေရာ ကျွမ့်ယွမ်အဖြစ် သတ်မှတ်လိုက်ရင် ကြီးမားတဲ့ ဆူပူအုံကြွမှုတွေ ဖြစ်လာမှာ သေချာတယ်။ တကယ်ပဲ အဲဒီလို လုပ်မှာလား။”

ယွီကျန်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ပထမဆုံး အနေနဲ့ ကျုပ် အောက်ယွီကို မကြိုက်ဘူး။ ကျုပ် အမုန်းဆုံးက ဂုဏ်သရေရှိ မှူးမတ် မျိုးရိုးတွေကိုပဲ။ ဒါပေမဲ့ သူ လိမ်လည်ခဲ့လား။”

“မလိမ်လည်ခဲ့ပါဘူး။” လူတိုင်းက ခေါင်းယမ်းလိုက်ကြသည်။

ယွီကျန်းက ထပ်မေး၏။ “ဒါဆို သူ့ရဲ့ အဖြေလွှာက တားမြစ်ချက်တွေကို ချိုးဖောက်ထားလား။”

လူတိုင်းက ထပ်မံ ခေါင်းယမ်းလိုက်ကြပြန်သည်။

ယွီကျန်းက ပြောလိုက်၏။ “ဒါဆို ခင်ဗျားတို့က ဘာကို ကြောက်နေတာလဲ။ကိုယ်မှန်ရင် ဘာမှ ကြောက်စရာ မလိုဘူး။ ဒီနာမည်အတိုင်းပဲ အောင်စာရင်း ထုတ်လိုက်တော့။”

ရုတ်တရက် စာမေးပွဲ စစ်ဆေးသူ တစ်ဦးက ပြောလိုက်သည်။ “ဒီ အောင်စာရင်းသာ ထွက်သွားရင် ကျန်းကျိုး တစ်မြို့လုံး ဆူညံသွားမှာ သေချာတယ်။ ဝေမြို့စားကြီး အိမ်တော်နဲ့ ယွဲ့တန်းဖျင်က ပညာတတ် ဆယ့်သုံးယောက်တို့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ကျုပ် တကယ် ကြည့်ချင်နေပြီ။”

ထိုလေသံက အနည်းငယ် လှောင်ပြောင် သရော်လိုသော အသံ ပါဝင်နေ၏။ ပုံမှန်အားဖြင့် အစိုးရအဖွဲ့ အတွင်းတွင် အမတ်ချုပ်ကြီးလင်၏ ပါတီဂိုဏ်းဂဏကြောင့် ဖိနှိပ်ခံနေရသူ ဖြစ်ကြောင်း သိသာလှ၏။

ယွီကျန်းက ပြောလိုက်သည်။ “အနီရောင် စက္ကူ ယူခဲ့။ ကျုပ် အောင်စာရင်း ရေးမယ်။”

ထို့နောက် အခြား စာမေးပွဲ စစ်ဆေးသူ များက ကြိုတင် ပြင်ဆင်ထားသော အနီရောင် စက္ကူကြီးများကို ယူဆောင်လာကြ၏။

ယွီကျန်းက သေသေချာချာ ဂရုတစိုက်ဖြင့် အောင်စာရင်းကို ရေးသားလေသည်။

ပထမဆုံး ပထမနေရာ ကျွမ့်ယွမ်မှာ အောက်ယွီ ဖြစ်သည်။ ဒုတိယ နေရာ ယာ့ယွမ်မှာ စုမန် ဖြစ်၏။

နှစ်နာရီတိတိ ကြာပြီးနောက် အနီရောင် အောင်စာရင်း အားလုံးကို ရေးသား ပြီးစီးသွားပြီ ဖြစ်၏။ စုစုပေါင်း အောင်မြင်သူ ကျူရန် ကိုးဆယ့်ငါးဦး ဖြစ်သည်။

“အားလုံး တစ်ခေါက် ပြန်စစ်ကြည့်ကြအုံး။ အမှားအယွင်း ရှိလားလို့။” ယွီကျန်းက ပြောလိုက်၏။

လူတိုင်းက အသေးစိတ် ပြန်လည် စစ်ဆေးပြီးနောက် ပြောသည်။ “မမှားပါဘူး။ အားလုံး မှန်ပါတယ်။”

မမှားရုံတင် မကချေ။။ ယွီကျန်း၏ လက်ရေးက အလွန် လှပလွန်းလှသည်။ သံမဏိ ဓားသွားအလား ထက်မြက်ပြီး စက္ကူကိုပင် ဖောက်ထွက်သွားမည့် အလား အားပါလှ၏။

ယွီကျန်းက ပြောလိုက်သည်။ “ဒါဆိုရင် တံခါးဖွင့်ပြီး အောင်စာရင်း ထုတ်လိုက်တော့။ အားလုံးလည်း ပြန်ပြီး ရေချိုး အနားယူကြတော့။ ဒီရက်ပိုင်း နေ့ရောညပါ အလုပ်လုပ်ခဲ့ရတာ ပင်ပန်းသွားကြပြီ။”

ထို့နောက် သူ မတ်တတ်ရပ်လိုက်ချိန်တွင် ယိုင်ထွက်သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွား၏။

သူက အသက် ခုနစ်ဆယ်နီးပါး ရှိနေပြီ ဖြစ်ပြီး စာမေးပွဲ စတင်ချိန်မှ ယခုအထိ အနားမယူဘဲ အလုပ် လုပ်ခဲ့ရသောကြောင့် အားအင်များ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ဘေးမှ ဒုတိယ စာမေးပွဲ စစ်ဆေးသူ မင်ကျင်းယွမ်က အမြန် ရှေ့တိုးလာကာ ဖေးမပေးရင်း ပြောလိုက်၏။ “သခင်ကြီး ယွီကျန်း… သတိထားပါ… သတိထားပါ။”

ဤရက်ပိုင်း အတူတကွ အလုပ်လုပ်ပြီးနောက် ဤဘိုးဘိုးကြီး ယွီကျန်းသည် ကောလာဟလ ထွက်နေသလောက် မဆိုးရွားကြောင်း အခြားသူများလည်း သိရှိလာကြပြီ ဖြစ်၏။ သံမဏိလို မာကျောသော်လည်း သနားကြင်နာစိတ်လည်း ရှိသူ ဖြစ်သည်။

ယခင်က ဘာကြောင့် ကောင်းကင်ကိုရော၊ မြေကြီးကိုရော၊ လေထုကိုပါ ပြဿနာ ရှာခဲ့သနည်း။

ယွီကျန်းက နှုတ်မှ ထုတ်မပြောသော်လည်း မတရားမှုများ များပြားလွန်းသောကြောင့် သူ မနေနိုင်ဘဲ ပြဿနာ ရှာခဲ့ခြင်း ဖြစ်၏။

ယခုတစ်ကြိမ် ချန်လန် ပြည်နယ်၏ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲ မှာ တရားမျှတမှု ရှိပြီး မည်သည့် မတရားမှုမှ မရှိသောကြောင့် သူလည်း စိတ်ရောဂါ ရှိသူ တစ်ဦး မဟုတ်ရာ တွေ့သမျှ လူတိုင်းကို ပြဿနာ ရှာမည် မဟုတ်ပေ။

“တံခါးဖွင့်… အောင်စာရင်း ထုတ်ကြ...” ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်း၏ အမိန့်ပေးသံ နှင့်အတူ တံခါးကြီး ပွင့်သွားလေသည်။

“တံခါးဖွင့်ပြီ… အောင်စာရင်း ထုတ်ပြီဟေ့။”

ထိုအချိန်တွင် စာမေးပွဲရုံ အပြင်ဘက်၌ လူများ တိုးကြိတ်နေပြီ ဖြစ်၏။

စာမေးပွဲ ဖြေဆိုခဲ့သော ကျောင်းသားများ အားလုံး ရောက်ရှိနေကြပြီး စာမေးပွဲ မဖြေဆိုသူများလည်း ရောက်ရှိနေကြရာ လူသောင်းပေါင်းများစွာ ရှိနေသည်။

သေချာသည်မှာ ယခုအချိန်တွင် အောက်ယွီ အကြောင်းကို မည်သူကမှ မပြောဆိုကြတော့ပေ။

အဘယ်ကြောင့်ဆိုသော် ယနေ့သည် အောင်စာရင်း ထွက်မည့်နေ့ဖြစ်ရာ အောက်ယွီနှင့် မည်သို့မှ မသက်ဆိုင်တော့သောကြောင့် ဖြစ်၏။

သူ၏ ရှုံးနိမ့်မှုက သေချာသွားပြီဖြစ်ပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျန်းကျိုး တစ်မြို့လုံးက အောက်ယွီ၏ အသိဉာဏ် မရှိမှု၊ အကြောက်တရားကင်းမဲ့မှု၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှု၊ တုံးအမှုနှင့် စာမေးပွဲရုံတွင် အိပ်နေခဲ့မှုများကို လှောင်ပြောင်ခဲ့ကြပြီး ဖြစ်သည်။

ရက်အတော်ကြာ လှောင်ပြောင်ခဲ့ပြီးပြီဖြစ်ရာ လုံလောက်ပြီဟု ဆိုရမည်။ ကျန်းကျိုးမြို့ရှိ လူသန်းပေါင်း များစွာသာမက ချန်လန်ပြည်နယ် တစ်ခုလုံးကပင် အောက်ယွီ စာမေးပွဲရုံတွင် သုံးရက်လုံးလုံး အိပ်နေခဲ့ကြောင်း သိရှိသွားကြပြီ ဖြစ်၏။

သူက အသုံးမကျသော လူမိုက်၏ သင်္ကေတတစ်ခုအဖြစ် ပြန်လည် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ယနေ့ အားလုံး ဆွေးနွေးနေကြသည့် အကြောင်းအရာ တစ်ခုတည်းသာ ရှိ၏။ စုမန် ပထမ ကျွမ့်ယွမ်နေရာ ရနိုင်မလား ဆိုသည်ပင် ဖြစ်၏။

သေချာသည်မှာ လူအများစုက သေချာပေါက် ရမည်ဟု ယုံကြည်နေကြပြီး အချို့သော ထူးချွန်သည့် ပညာတတ်များပင် သူတို့၏ အမြင့်ဆုံး ရည်မှန်းချက်ကို ဒုတိယနေရာ အဖြစ်သာ သတ်မှတ်ထားကြပြီ ဖြစ်သည်။

ယခုအချိန်တွင် စုမန် သည် လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရပြီး ကျောင်းသား အများအပြားက သူ၏ ဘေးတွင် ဝိုင်းရံကာ အစွမ်းကုန် မြှောက်ပင့်ပေးနေကြ၏။

“အစ်ကို စုမန်… သေချာပေါက် ပထမနေရာ (ကျွမ့်ယွမ်) ရမှာပါ။”

“ဒီနေ့ ပြည်နယ် စာမေးပွဲမှာ ပထမ၊ နောက်နှစ် မြို့တော် စာမေးပွဲမှာ ပထမ၊ နန်းတော် စာမေးပွဲမှာ ပထမ ဆိုရင် အစ်ကို စုမန်ဟာ စာမေးပွဲ သုံးခုလုံးမှာ ပထမ ရတဲ့သူ ဖြစ်သွားပြီ။ ကျုပ်တို့ တာ့ကျိုး တည်ထောင်ပြီးတည်းက အဲဒီလို လူမျိုး တစ်ယောက်ပဲ ရှိသေးတာ မဟုတ်လား။”

“အစ်ကို စုမန် နဲ့ တစ်နှစ်တည်း စာမေးပွဲ အတူတူ ဖြေခွင့် ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။”

“ဟုတ်တာပေါ့။ အောက်ယွီ လို အသုံးမကျတဲ့ကောင် နဲ့ အတူတူ ဖြေရတာ အရှက်ရစရာ ဖြစ်ပေမယ့် အစ်ကို စုမန် ရှိနေလို့ အဲဒီ အရှက်ကို ဖုံးကွယ်သွားစေတယ်။ တကယ့်ကို ကံကောင်းတာပဲ။”

ဤမြှောက်ပင့်ပေးမှုများကို စုမန်က နှိမ့်ချခြင်း မရှိသလို မာနကြီးခြင်းလည်း မရှိဘဲ အေးစက်စက်ဖြင့် ယဉ်ကျေးစွာ တုံ့ပြန်နေသည်။

သူက မိမိကိုယ်ကို နှိမ့်ချကာ မရနိုင်ပါဘူးဟုလည်း ဟန်ဆောင် မပြောဆိုပေ။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် သူ အလွန် ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သည်ဟု ယုံကြည်ထားပြီး ပထမနေရာမှာ သေချာပေါက် ရမည်ဟု ထင်မှတ်ထားသောကြောင့် ဖြစ်၏။

အထူးသဖြင့် ဆယ်နှစ်တာ သေခြင်းရှင်ခြင်း ကွဲကွာမှုက ကျယ်ပြောလှတယ် ဆိုသည့် စာကြောင်းက သူ၏ လွန်ခဲ့သော ဆယ်နှစ်တာ နာကျင်မှုများကို ဖော်ပြနေပြီး စာမေးပွဲ စစ်ဆေးသူ များကိုလည်း နှလုံးသား ထိမှန်သွားစေမည်ဟု ယုံကြည်ထားသည်။

အောက်ယွီ နှင့် ပတ်သက်၍မူ စုမန် ကြားဖူးသော်လည်း လုံးဝ ဂရုမစိုက်ပေ။

ထိုအချိန်တွင် စာမေးပွဲရုံ၏တံခါး ပွင့်လာပြီး စာမေးပွဲရုံမှ အရာရှိ အချို့က လက်နက် အပြည့်အစုံ ကိုင်ဆောင်ကာ ဒုတိယ စာမေးပွဲ စစ်ဆေးသူ တစ်ဦးကို အစောင့်အကြပ် ဖြင့် ခေါ်ဆောင်လာ၏။ ထို ဒုတိယ စာမေးပွဲ စစ်ဆေးသူက အနီရောင် အောင်စာရင်းကို အမြင့်သို့ မြှောက်ကိုင်ထားသည်။

ချက်ချင်းပဲ လူသောင်းပေါင်းများစွာက ဒီရေလှိုင်းကြီးအလား အုံကြွ သွားကြလေ၏။ “အောင်စာရင်း ထွက်ပြီ… အောင်စာရင်း ထွက်ပြီဟေ့။”

အလွန် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်၊ အကြီးကျယ်ဆုံး အချိန်လည်း ရောက်ရှိလာပြီ ဖြစ်သည်။

စုမန်ကတော့ အလွန် တည်ငြိမ်နေပြီး ခေတ္တ တရားထိုင်နေသည့်အလား ငြိမ်သက်နေ၏။

သူ အလွန် စိတ်လှုပ်ရှားနေသော်လည်း အလွန် တည်ငြိမ်နေ၏။ အဘယ်ကြောင့်ဆိုသော် သူက သေချာပေါက် အောင်နိုင်မည်ဟု ယုံကြည်ချက် အပြည့် ရှိနေသောကြောင့် ဖြစ်သည်။

အရာရှိ အချို့က နံရံပေါ်တွင် ကော်ရည်များ သုတ်လိမ်းနေကြသည်။ ထို့နောက် အနီရောင် အောင်စာရင်း သုံးခုကို ကပ်လိုက်ကြ၏။

ပထမဆုံး တတိယမြောက် အောင်စာရင်းကို ကပ်လိုက်သည်။ ဤသည်မှာ ခြောက်ဆယ့်တစ် နေရာမှ ကိုးဆယ့်ငါး နေရာအထိ ဖြစ်သည်။

ချက်ချင်းပဲ လူအုပ်ကြီးအတွင်း ဆူညံသွားပြီး ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာလေ၏။

“အား… အား… အား… ကျုပ် အောင်ပြီ။ ကျုပ် အောင်ပြီဟေ့။”

“အဖေ… အမေ… ဘိုးဘေးတို့… ကျုပ် အောင်ပြီ။ ကျုပ် အောင်ပြီ။”

“မိန်းမရေ… ငါ အောင်ပြီ။ ငါ အောင်ပြီ။ မင်း ယောက္ခမအိမ် ပြန်ပြီး ကြွားလို့ ရပြီ။”

“မရီးရေ… ကျုပ် အောင်ပြီ။ ကျုပ် အောင်ပြီ။” ကျောင်းသား တစ်ဦးက ရင်ဘတ်ကို ထုကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။

ချက်ချင်းပဲ လူတိုင်းက သူ့ကို လှမ်းကြည့်လိုက်ကြ၏။

ထိုကျောင်းသား အံ့အားသင့်သွားပြီး မျက်နှာကို အမြန် ဖုံးအုပ်ကာ ပြောလိုက်သည်။ “ကျုပ် ဘာမှ မပြောဘူးနော်။ ကျုပ် ဘာမှ မပြောဘူး။”

‘အင်း… ဒီအထဲမှာ ဇာတ်လမ်း ရှိနေတယ်။ ပြီးတော့ အချစ် ဇာတ်လမ်း ဖြစ်ဖို့ များတယ်။’

ထို့နောက် လူအုပ်ထဲမှ လူတစ်ယောက်က ရုတ်တရက် ငိုယို အော်ဟစ်လိုက်၏။ “ကောင်းကင်ဘုံ… ကောင်းကင်ကနေ မိုးကြိုးပစ်ချပြီး ကျုပ်ကို သတ်လိုက်ပါတော့။ ကျုပ်က ခြောက်ဆယ့်သုံး နေရာပဲ ရတယ်။ ဘိုးဘေးတွေကို ဘယ်လို မျက်နှာပြရတော့မလဲ။ ဘာလို့ ဒီလောက် ဆိုးဆိုးရွားရွား ဖြေခဲ့ရတာလဲ။ အဖေ… အမေ… သား အပြစ်ရှိပါတယ်။”

ဤငိုသံက လူတိုင်း၏ အမုန်းကို ချက်ချင်း ဆွဲဆောင်သွားပြီး အားလုံးက သူ့ကို လူသတ်ချင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

‘ချီးတဲ့မှ... ခင်ဗျား ကြွားတာက တော်တော် ထူးဆန်းတာပဲ။ အဲဒီလို လူမျိုးကို အမုန်းဆုံးပဲ။’

ဤသည်မှာ နောက်ပိုင်းခေတ် အထက်တန်းကျောင်းများရှိ စာတော်သော ကျောင်းသား အချို့နှင့် တူနေသည်။ စာမေးပွဲ အမှတ်စာရင်း ထွက်လာချိန်မှာတော့ သူတို့က ငိုယိုနေတတ်၏။

စာညံ့သော ကျောင်းသားက ဝမ်းသာအားရ သွားရောက် မေးမြန်းချိန်မှာတော့ မည်မျှ ရသနည်းဟု မေးလိုက်၏။ “ကျုပ်က ၃၅ မှတ်ပဲ ရတယ်၊ ခင်ဗျားကရော…။”

ထိုအခါ စာတော်သော ကျောင်းသားက ပြန်ဖြေ၏။ “ကျုပ်က ၉၈ မှတ်ပဲ ရတယ်။ ပေါ့ဆလို့ ၂ မှတ် အနှုတ်ခံလိုက်ရတယ်။ အိမ်ပြန်ရောက်ရင် အဖေ သေချာပေါက် ရိုက်တော့မှာပဲ။”

စာညံ့သော ကျောင်းသား ဒေါသထွက်သွားပြီး စိတ်ထဲတွင် ကျိတ်၍ ဆဲဆိုလိုက်၏။ ‘လူသတ်တာသာ ပြစ်မှု မမြောက်ရင် ခင်ဗျားအဖေ ရိုက်တာကိုတောင် စောင့်နေမှာ မဟုတ်ဘူး၊ ကျုပ် အခုချက်ချင်း ခင်ဗျားကို သတ်ပစ်လိုက်ပြီ။’

........................

All Chapters