အခန်း (၂၆၉-၂၇၀)
Vol. 23 Ch. 269-270
အပိုင်း (၂၆၉)
ထို့နောက် ဒုတိယမြောက် အောင်စာရင်းကို ကပ်လိုက်၏။ ဤသည်မှာ သုံးဆယ့်တစ်နေရာမှ ခြောက်ဆယ် နေရာအထိ ဖြစ်၏။ နောက်ဆုံးမှ ပထမဆုံး အောင်စာရင်းကိုကပ်လိုက်၏။ ပထမ နေရာမှ သုံးဆယ် နေရာအထိ ဖြစ်သည်။
ထိုအချိန်တွင် လူတိုင်းက စုမန်၏ ဘေးတွင် ဝိုင်းရံကာ ပို၍ ရူးသွပ်စွာ မြှောက်ပင့်ပေးနေကြ၏။
“ထွက်လာတော့မယ်… ထွက်လာတော့မယ်။ အစ်ကို စုမန်ရဲ့ နာမည် ထွက်လာတော့မယ်။”
စုမန်က တရားထိုင်နေချိန်တွင် ဤစကားကို ကြားချိန်မှာတော့ အလွန် ဆူညံသည်ဟု ခံစားရပြီး ထိုလူကို တစ်ချက် ကြည့်လိုက်သည်။ ‘ခင်ဗျား နာမည်မှ ထွက်လာမှာပေါ့။’
“အစ်ကို စုမန်… ခင်ဗျားက သေချာပေါက် ပထမနေရာပါပဲ။ သေချာပေါက် ပထမနေရာပါပဲ။ မယုံရင် လောင်းကြေး ထပ်ကြမလား။”
“အစ်ကို စုမန်… ခင်ဗျားသာ ပထမနေရာ မဟုတ်ရင် ကျုပ် စာမေးပွဲရုံကို ဆယ်ပတ် ပြေးပြမယ်။”
“ဒါနဲ့ အောက်ယွီ ရော အောင်စာရင်း လာကြည့်လား။”
“အောက်ယွီက တုံးတော့ တုံးပါတယ်။ ဒါပေမဲ့ အဲဒီလောက်ထိတော့ မတုံးပါဘူး။ သူ အောင်စာရင်း လာကြည့်မှာ မဟုတ်ပါဘူး။ အလှောင်ခံရတာ မဝသေးလို့လား။ သူက စာမေးပွဲရုံမှာ အကြီးမားဆုံး ဟာသကြီး ဖြစ်နေပြီလေ။ ဒီနေ့ အောင်စာရင်း လာကြည့်ရင် ပိုပြီး ဟာသ ဖြစ်သွားမှာပေါ့”
နောက်ဆုံးတွင် ပထမဆုံး အောင်စာရင်းကိုကပ်ပြီးသွားပြီ ဖြစ်၏။
စုမန်က ရင်တွင်းမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ပထမနေရာဆီသို့ တိုက်ရိုက် ကြည့်လိုက်သည်။ သို့သော်ငြား သူ၏ နာမည်ကို မတွေ့ရပေ။
ပထမနေရာ (ကျွမ့်ယွမ်)၏ နာမည်က အလွန် စိမ်းသက်နေသကဲ့သို့ ဖြစ်နေ၏။ စုမန်၏ စိတ်ထဲတွင် ပထမနေရာ (ကျွမ့်ယွမ်) မှာ သူ၏ နာမည် ဖြစ်မည်ဟု အကြိမ်ကြိမ် တွေးတောထားခဲ့ရာ ယခု အခြား နာမည် တစ်ခု ဖြစ်နေချိန်မှာတော့ အလွန် စိမ်းသက်နေပြီး တရုတ် စာလုံး မဟုတ်သကဲ့သို့ပင် ခံစားနေရသည်။
အချိန် အတော်ကြာမှ သူ သဘောပေါက်သွား၏။ ဤနာမည်က အောက်ယွီ ဖြစ်သည်။ သူ စုမန်၏ နာမည်က ဒုတိယ နေရာ (ယာ့ယွမ်) တွင် ရှိနေ၏။
တည်နေရာလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
လူတိုင်းက သူတို့ မျက်စိမှားသွားသည်ဟု သို့မဟုတ် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်မှတ်ကာ မျက်လုံးများကို အတူတကွ ပွတ်သပ်လိုက်ကြပြီး မျက်လုံးကို အကျယ်ဆုံး ပြူးကာ နောက်တစ်ခေါက် ပြန်ကြည့်လိုက်ကြ၏။
“ပထမနေရာ (ကျွမ့်ယွမ်)… အောက်ယွီ ပါပဲလား။”
ထိုနေရာတွင် ရှိနေသော လူအများအပြား အချင်းချင်း ကြည့်လိုက်ကြပြီး မဖြစ်နိုင်ဘူးဟုသာ ခံစားနေရဆဲ ဖြစ်၏။
“ဟို… အစ်ကို… ဒီအပေါ်က ပထမနေရာ (ကျွမ့်ယွမ်)ရဲ့ နာမည်က… အောက်ယွီ လား။”
“ဟုတ်… ဟုတ်တယ် ထင်တယ်။”
ထို့နောက် စာမေးပွဲရုံ အရှေ့ရှိ လူသောင်းပေါင်းများစွာ လုံးဝ တုန်လှုပ်သွားပြီး ဆူညံသွားကြလေတော့သည်။
‘ဒီကမ္ဘာကြီးက အရမ်း ရူးသွပ်ဖို့ ကောင်းတာပဲ။’
“နောက်ပြောင်နေတာလား။ တကယ့် နောက်ပြောင်မှုကြီးပဲ။”
“အောက်ယွီက လောကနံပါတ်တစ် အသုံးမကျတဲ့ကောင် ဆိုတာ ဘယ်သူမသိလို့လဲ။ သူက စာမတတ် ပေမတတ် ဆိုတာ ဘယ်သူမသိလို့လဲ။ စာမေးပွဲရုံထဲမှာ သုံးရက်လုံးလုံး အိပ်နေခဲ့တယ်ဆိုတာ ဘယ်သူ မသိလို့လဲ။”
“သူက ဘယ်လိုလုပ်ပြီး ပထမနေရာ (ကျွမ့်ယွမ်) ရနိုင်မှာလဲ။ နေ အနောက်ဘက်က ထွက်လာရင်တောင် ဒီလိုကိစ္စမျိုး ဖြစ်လာဖို့ မဖြစ်နိုင်ဘူးလေ။”
သို့ပေမည့် ယခု ထိုအရာက တကယ် ဖြစ်လာခဲ့ၑ။
ရုတ်တရက် လူသောင်းပေါင်းများစွာက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြပြီး ထိုသတင်းက လှိုင်းလုံးကြီး အလား ကျန်းကျိုးမြို့ တစ်မြို့လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
‘ဒီအထဲမှာ တစ်ခုခု မှားနေပြီ။ တစ်ခုခု မှားနေပြီ။’
ဝေမြို့စားကြီး အိမ်တော်၊ အောက်မျိုးနွယ်စု၊ နုလန်ဟောက် အိမ်တော်နှင့် ယွဲ့တန်းဖျင် အဖွဲ့အစည်းတို့က စာမေးပွဲရုံ အပြင်ဘက်တွင် သူလျှိုများ ထားရှိကာ စောင့်ကြည့်နေခဲ့ကြ၏။ ရလဒ် ထွက်လာသည်နှင့် တပြိုင်နက် ချက်ချင်း ပြန်လည် သတင်းပို့ရန် ဖြစ်၏။
သေချာသည်မှာ သူတို့က အောက်ယွီ စာမေးပွဲ အောင်၊ မအောင် စောင့်ကြည့်နေခြင်း မဟုတ်ပေ။
ဤရန်သူများ၏ အမြင်တွင် ယွင်ကျုံးဟဲ့က မည်သို့မှ စာမေးပွဲ အောင်နိုင်မည် မဟုတ်ပေ။ ပထမ သုံးယောက် စာရင်း ဆိုသည်မှာ ပို၍ပင် ဝေးသေး၏။
အောက်ယွီ စာမေးပွဲရုံတွင် သုံးရက်လုံးလုံး အိပ်နေခဲ့သည်ကို လူတိုင်း သိရှိထားကြပြီး ကျန်းကျိုးမြို့ တစ်မြို့လုံး၏ ဟာသကြီး ဖြစ်နေပြီ ဖြစ်သည်။
သို့ပေမည့် အောက်ယွီ ပထမနေရာ ရသွားကြောင်း တွေ့လိုက်ရချိန်မှာတော့ ဤသူလျှိုများ အားလုံး လုံးဝ အံ့အားသင့်သွားကြပြီးနောက် အသီးသီး ပြန်လည် ပြေးလွှားသွားကြ၏။
နုလန်ဟောက် အိမ်တော် အတွင်း၌ ယွင်ကျုံးဟဲ့က ညီမလေး အောက်နင်နင်နှင့် စစ်တုရင် ကစားနေ၏။ သူမ၏ ဘေးတွင် အကြံပေး ရှောင်ရွှီလည်း ရှိနေသည်။
ဂိုစစ်တုရင် မှသည် တရုတ် စစ်တုရင်အထိ ယွင်ကျုံးဟဲ့ တစ်ပွဲမှ မနိုင်ခဲ့ပေ။ အလွန် သနားစရာ ကောင်းလှ၏။
သူ၏ စစ်တုရင်ပညာ မကောင်း၍ မဟုတ်ပေ။ ပြိုင်ဘက်က အလွန် လူလည်ကျကာ အကြိမ်ကြိမ် ပြန်ရုပ်လေ့ ရှိသောကြောင့် ဖြစ်သည်။
တစ်ကွက်တည်း ပြန်ရုပ်ခြင်း မဟုတ်ဘဲ ခြောက်ကွက်၊ ခုနစ်ကွက်လောက်ကို တပြိုင်နက် ပြန်ရုပ်တတ်၏။ ဤသို့ဆိုလျှင် နတ်ဘုရား ဆင်းကစားလျှင်တောင် နိုင်မည် မဟုတ်ပေ။
ထို့အပြင် စစ်တုရင်ကစားနေရင်း ပုံပြင်လည်း ပြောပြရသေး၏။ နေ့တိုင်း မတူညီသော ပုံပြင်များကို ပြောပြရသည်။
ယနေ့လည်း ထိုနည်းတူပင် ဖြစ်၏။ သူက ပုံပြင်ပြောရင်း၊ စစ်တုရင် ရှုံးရင်း၊ ရှောင်ရွှီ၏ မျက်စပစ်မှုများကိုလည်း ခုခံနေရသေးသည်။
ဤအစေခံမလေး ရှောင်ရွှီက အစတည်းက ရှင်းရှင်းလင်းလင်း ပြောထားခဲ့၏။ သူမက နောက်ပိုင်းတွင် အိမ်ထောင်ပြုမည်ဖြစ်ပြီး အောက်ယွီကို အစ်ကို တစ်ယောက်လိုသာ သဘောထားကြောင်း ပြောခဲ့၏။
သို့ပေမည့် အဘယ့်ကြောင့်မှန်း မသိ၊ သူမက သခင်လေးကို ပိုပိုပြီး စိတ်ဝင်စားလာကာ သခင်လေးမှာ တဖြည်းဖြည်း ဆွဲဆောင်မှု ရှိလာသည်ဟု ခံစားနေရသည်။
‘နည်းနည်း ဝနေပေမယ့် မျက်လုံး မှိတ်ထားလိုက်ရင် ချောမောတဲ့ လူပဲ။’
ထို့ကြောင့် သူမက ချောမောသော ယောကျာ်း တစ်ယောက်ကိုလည်း လိုချင်သလို သခင်လေးကလည်း ပိုပိုပြီး ဆွဲဆောင်မှု ရှိလာသည်ဟု ခံစားနေရသောကြောင့် အလွန် ခေါင်းရှုပ်နေရ၏။
“အစ်ကို… အစ်ကို့ရဲ့ ကျောက်တုံးမှတ်တမ်း နောက်ဆုံး နှစ်တွဲကို ဘယ်တော့ ထုတ်မှာလဲ။” အောက်နင်နင်က မေးလိုက်သည်။
ယွင်ကျုံးဟဲ့က ပြန်ဖြေ၏။ “မထုတ်ဘူးလေ။ ဒီစာအုပ်က နာမည်ကြီးသွားပြီ။ အောက်မင်ကိုလည်း နိုင်သွားပြီ ဆိုတော့ ထပ်ထုတ်လည်း ဘာမှ အဓိပ္ပာယ် မရှိတော့ဘူး။”
“အဲဒီလို ဘယ်ရမလဲ။”
အောက်နင်နင်က ပြောလိုက်သည်။ “လူဘယ်လောက်များများက နောက်ဆက်တွဲ ဇာတ်လမ်းကို စောင့်နေကြလဲ သိလား။ ကျားပေါင်ယွီနဲ့ လင်တိုက်ယွီ တို့ရဲ့ ကံကြမ္မာကို အားလုံး သိချင်နေကြတာ။ အစ်ကို လမ်းတစ်ဝက်မှာ ရပ်ပစ်လို့ မရဘူးနော်။”
ရှောင်ရွှီက ဝင်ပြော၏။ “သခင်လေး… ဟိုဘက်မှာ အောင်စာရင်း ထွက်တော့မယ်လေ။ သခင်လေး သွားမကြည့်ဘူးလား။”
ယွင်ကျုံးဟဲ့က ပြုံးလိုက်သည်။ “ကြည့်စရာ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပထမနေရာပဲလေ။ ဘာကြည့်စရာ ရှိလို့လဲ။ ဒီတစ်ကြိမ် ပြည်နယ်စာမေးပွဲမှာ ကောင်းကင်အောက် မြေကြီးအထက် ကျုပ် တစ်ယောက်တည်း အစွမ်းအထက်ဆုံးပဲ။ နေ အနောက်ဘက်က ထွက်လာရင်တောင်၊ မြစ်ရေ နောက်ပြန် စီးရင်တောင် ကျုပ်ရဲ့ ပထမနေရာကို ဘယ်သူမှ လုယူလို့ မရဘူး။”
“ကြွားတာ..” ရှောင်ရွှီက နှုတ်ခမ်းမဲ့လိုက်၏။
အဘယ်ကြောင့်ဆိုသော် ဤလအနည်းငယ်အတွင်း သခင်လေး၏ စာကျက်နေပုံများကို သူမ သိရှိထားသောကြောင့် ဖြစ်သည်။ စာမေးပွဲ မတိုင်မီ ညကအထိ အခြေခံ အကျဆုံး အရာများကို အလွတ်ကျက်နေရဆဲ ဖြစ်သည်။
သူ့ကို စာလာသင်ပေးသော ဆရာတိုင်းလည်း လန့်ပြေးသွားကြသည်။ ဤမျှ ဉာဏ်နည်းသော ကျောင်းသားမျိုးကို တစ်ခါမှ မမြင်ဖူးသောကြောင့်ပင်။
ထို့ကြောင့် ရှောင်ရွှီသည် သခင်လေးက ကျောက်တုံးမှတ်တမ်းကို ရေးသားနေသည်ကို ကိုယ်တိုင် မြင်တွေ့ ခဲ့ရသော်လည်း ဤစာအုပ်သည် ဆရာကြီး ကျူ့လန်ထျန်း ရေးသားခဲ့ခြင်း ဖြစ်ပြီး သခင်လေးက ကူးရေးရုံသာ ဖြစ်သည်ဟု သံသယ ဝင်နေမိသည်။
ထိုအချိန်တွင် အပြင်ဘက်မှ လူတစ်ယောက်က အလျင်အမြန် ပြေးဝင်လာပြီး မယုံကြည်နိုင်လောက်အောင် ဝမ်းသာအားရ အသံဖြင့် အော်ဟစ်လိုက်၏။ “သခင်လေး အောင်ပြီ။ သခင်လေး စာမေးပွဲ အောင်ပြီ။”
...........
အောက်မင်၊ အောက်ထင်နှင့် အောက်ကျင်း တို့က ဝေမြို့စားကြီး အိမ်တော်တွင် ရှိနေကြဆဲ ဖြစ်၏။
‘တကယ် စိတ်ဝင်စားစရာ ကောင်းပဲ။ ခင်ဗျားတို့က အောက်မျိုးနွယ်စုက လူတွေ ဖြစ်ပြီး နုလန်ဟောက် အိမ်တော်ကို မှီခိုနေသူတွေ ဖြစ်ပေမယ့် နေ့တိုင်း ဝေမြို့စားကြီး အိမ်တော်ကို ဗဟိုချက်အဖြစ် သတ်မှတ်ပြီး ဘာကိစ္စမဆို ဝေမြို့စားကြီး အိမ်တော်မှာပဲ တိုင်ပင်နေကြတာပဲ။’
ထိုအချိန်တွင် လူ ဒါဇင်ပေါင်းများစွာက အတူတကွ ထိုင်ကာ အရေးကြီး ကိစ္စများကို တိုင်ပင်နေကြသည်။
ယနေ့ သူတို့က အောက်ယွီကို မလှောင်ပြောင်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် လှောင်ပြောင်ပြီးသွားပြီ ဖြစ်သောကြောင့်ပင်။
လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းကျိုးမြို့ တစ်မြို့လုံးသာမက ချန်လန်ပြည်နယ် တစ်ခုလုံးကပင် အောက်ယွီကို လှောင်ပြောင်ခဲ့ကြပြီး ဖြစ်၏။
စာမေးပွဲရုံတွင် သုံးရက်လုံးလုံး အိပ်နေခဲ့သည်ကို လှောင်ပြောင်ခဲ့ကြပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသည်ကို လှောင်ပြောင်ခဲ့ကြသည်။ ထပ်မံ လှောင်ပြောင်နေလျှင်လည်း အဓိပ္ပာယ် မရှိတော့ပေ။ သူတို့က အပေါ်ယံ တွေးတောသူများ မဟုတ်ချေ။
ယခု ဝေမြို့စားကြီး အိမ်တော်တွင် သူတို့ တိုင်ပင်နေကြသည်မှာ အောင်စာရင်း ထွက်ပြီးနောက် နုလန်ဟောက် အောက်ရှင်းအား စာချုပ်အတိုင်း လုပ်ဆောင်ရန် မည်သို့ ဖိအားပေးမည်နည်း၊ အောက်ယွီ၏ အမွေဆက်ခံခွင့်ကို ဖျက်သိမ်းပြီး အောက်မင်၏ နေရာကို မည်သို့ ခိုင်မာအောင် လုပ်မည်နည်း ဆိုသည်ကို ဖြစ်၏။
ထိုနေ့က အောက်ယွီသည် လူထောင်ပေါင်းများစွာ အရှေ့တွင် ဤစာချုပ်ကို လက်မှတ်ထိုးခဲ့ခြင်း ဖြစ်ရာ လူတိုင်း သိရှိထားကြသည်။
အကယ်၍ အောက်ယွီသာ ချန်လန်ပြည်နယ် စာမေးပွဲတွင် ပထမ သုံးယောက်စာရင်း မဝင်ပါက သူက တွမ်ယင်းယင်းကို ဆက်လက် မနှောင့်ယှက်တော့မည့်အပြင် နုလန်ဟောက် ရာထူးနှင့် နုလန်ဟောက် အိမ်တော်၏ အမွေဆက်ခံခွင့် အားလုံးကို စွန့်လွှတ်ရမှာ ဖြစ်၏။
သို့ပေမည့် ဤစာချုပ်ကို အောက်ယွီက လက်မှတ်ထိုးခဲ့ခြင်းဖြစ်ရာ နုလန်ဟောက် အောက်ရှင်းက လက်ခံပါမည်လား။ အောက်ရှင်းနှင့် လျိုကတော်တို့ ဤစာချုပ်ကို လက်ခံလာစေရန် မည်သို့ ဖိအားပေးမည်နည်း။
ဤကိစ္စနှင့် ပတ်သက်၍ ဝေမြို့စားကြီး အိမ်တော်နှင့် အောက်ထင်တို့က ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ကာ ကောလာဟလများကိုလည်း ဖြန့်ဝေထားပြီး ဖြစ်၏။
နုလန်ဟောက်နှင့် လျိုကတော်တို့သည် အရှက်မရှိဘဲ စာချုပ်ကို ဖျက်သိမ်းရန် ကြိုးစားနေကြောင်း၊ ဂုဏ်သိက္ခာကင်းမဲ့ကြောင်း ကောလာဟလများ ကြိုတင် ဖြန့်ဝေထားခဲ့သည်။
“မြို့တော်ကနေ သတင်းကောင်း ရောက်လာတယ်။ ကျုပ်တို့ တာ့ကျိုးနဲ့ တာယင်အင်ပါယာ တို့ရဲ့ ဆွေးနွေးပွဲ လုံးဝ ပျက်သွားပြီတဲ့။ အဲဒီလိုဆိုရင် အရင်က စစ်ပွဲရဲ့ အရှုံးအနိုင်ကို သေချာပေါက် ဆုံးဖြတ်လို့ ရသွားပြီ။ အိမ်ရှေ့စံမင်းသား ကျိုးလီကို အကျယ်ချုပ် ချထားပြီ ဆိုပေမယ့် ထင်မြင်ယူဆချက်တွေ ထွက်ပေါ်လာရင် ကျိုးလီ တစ်ယောက်တည်း တာဝန်ယူလို့ မလုံလောက်တော့ဘူး။
ဒါကြောင့် ကျုပ်တို့က အတိုင်းအတာ တစ်ခုကို သေချာ ထိန်းချုပ်ရမယ်။ နုလန်ဟောက် အောက်ရှင်းကို ဘယ်လို ထိထိရောက်ရောက် တိုက်ခိုက်မလဲ၊ ဒါပေမဲ့ အောက်မျိုးနွယ်စုကို မထိခိုက်စေဘဲ သူ့ရဲ့ ရာထူးကိုလည်း မထိခိုက်စေဖို့ သေချာ ဂရုစိုက်ရမယ်။”
မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်၏။ “အောက်မင်က နုလန်ဟောက် ရာထူးကို သေချာပေါက် ဆက်ခံရမယ်။ ဒါက အရမ်း အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ဒါက ဂုဏ်သရေရှိ မှူးမတ်ကနေ ပညာတတ် အမတ်အဖြစ် ကူးပြောင်းခြင်းရဲ့ အရေးကြီးတဲ့ သင်္ကေတ တစ်ခု ဖြစ်သလို ကျုပ်တို့ ပညာတတ် အမတ်တွေနဲ့ ဂုဏ်သရေရှိ မှူးမတ်တွေရဲ့ မဟာမိတ်ဖွဲ့ခြင်းရဲ့ သင်္ကေတလည်း ဖြစ်တယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ အောက်မင်က ဘယ်အချိန်မှာ ရာထူးကို ဆက်ခံမှာလဲ။”
ဝေမြို့စားကြီး တွမ်ပိက ပြောလိုက်သည်။ “အရမ်း စောလို့လည်း မရဘူး၊ အရမ်း နောက်ကျလို့လည်း မရဘူး။”
မြို့ဝန် ဝေ့ချီတွမ် ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ အရမ်း စောလို့ မရဘူး။ နောက်နှစ် မြို့တော် စာမေးပွဲနဲ့ နန်းတော် စာမေးပွဲ မှာ အောက်မင်က ပထမ အဆင့် (ပထမ သုံးယောက်) ရအောင် ကြိုးစားရမယ်။ ပထမ အဆင့် မရရင်တောင် ဒုတိယ အဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိနေရမယ်။
ပြီးရင် ဟန်လင် အကယ်ဒမီထဲ ဝင်ပြီး အတွေ့အကြုံ ယူရမယ်။ ဟန်လင် အကယ်ဒမီ မှာ ရှိနေတုန်း ရာထူးကို ဆက်ခံလို့ လုံးဝ မဖြစ်ဘူး။ အဲဒီအချိန်မှာ ရာထူးကို ဆက်ခံရင် ဆိုးကျိုးပဲ ဖြစ်လာလိမ့်မယ်။ ဟန်လင် အကယ်ဒမီမှာ သုံးနှစ် အတွေ့အကြုံ ယူပြီး မြို့ဝန်အဖြစ် နယ်ဆင်းတဲ့ အချိန်ကျမှ ရာထူးကို ဆက်ခံလို့ ရတယ်။ မြို့စားဘွဲ့ ရှိတဲ့ မြို့ဝန်ဆိုတာ လုံးဝ မတူတော့ဘူး။ ပြည်နယ်ဝန်ကြီးရဲ့ အရှိန်အဝါမျိုး ရှိနေပြီ။”
ဝေမြို့စားကြီး တွမ်ပိက ပြောလိုက်သည်။ “ဟုတ်တယ်။ မြို့စားဘွဲ့ရှိတဲ့ မြို့ဝန်ဆိုရင် ပြည်နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ရင်တောင် နောက်ဆုတ်ပေးစရာ မလိုတော့ဘူး။”
.......................
အပိုင်း (၂၇၀)
ယခုအခါ တောင်ပိုင်းကျိုးအင်ပါယာ ဖြစ်စေ၊ တာယင်အင်ပါယာ ဖြစ်စေ ပြည်နယ်ဟူသော အုပ်ချုပ်ရေး နယ်မြေ သတ်မှတ်ချက်များ ရှင်းလင်းစွာ ရှိနေပြီ ဖြစ်၏။
သို့ပေမည့် အရေးကြီးသော ပြည်နယ် အချို့၏ အမြင့်ဆုံး အုပ်ချုပ်ရေးမှူးကိုသာ တပ်တော် အုပ်ချုပ်ရေးမှူး သို့မဟုတ် ပြည်နယ်ဝန်ကြီး ဟု ခေါ်ဆိုလေ့ ရှိသည်။
အရေးသိပ်မကြီးသော ပြည်နယ်များ၏ အမြင့်ဆုံး အုပ်ချုပ်ရေးမှူးများကိုမူ စစ်ဆေးရေးမှူး၊ ကြီးကြပ်ရေးမှူး၊ သို့မဟုတ် ကာကွယ်ရေးမှူး ဟုသာ ခေါ်ဆို၏။
တောင်ပိုင်းကျိုးအင်ပါယာတွင် ပြည်နယ် အဆင့်ရှိသော နယ်မြေ နှစ်ဆယ်ခန့် ရှိသော်လည်း ပြည်နယ်ဝန်ကြီး ငါးဦးသာ ရှိပြီး ကျန်သူများမှာ စစ်ဆေးရေးမှူး၊ ကြီးကြပ်ရေးမှူးနှင့် ကာကွယ်ရေးမှူး များသာ ဖြစ်ကြသည်။
“အခု အရေးအကြီးဆုံးက အောက်မင်ရဲ့ မြို့စားဘွဲ့ ဆက်ခံခွင့်ကို အတည်ပြုဖို့ပဲ။ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် အမိန့်ထုတ်ပြီး အတည်ပြုပေးတာ အကောင်းဆုံးပဲ။”
အောက်ထင်က ဝင်ပြောလိုက်၏။ “ကျုပ်မှာ အကြံဉာဏ် တစ်ခု ရှိတယ်။”
ဝေမြို့စားကြီးက မေးလိုက်သည်။ “ပြောပါအုံး။”
အောက်ထင်က ဆက်ပြော၏။ “အောက်ယွီ ကျောက်တုံးမှတ်တမ်းကို ခိုးချတဲ့ ကိစ္စက ပညာတတ်တွေကို ဒေါသထွက်စေခဲ့ပြီးပြီ။ ဒီတစ်ကြိမ် ပြည်နယ် စာမေးပွဲမှာ သူက စာမေးပွဲရုံထဲမှာ သုံးရက် သုံးညလုံး အိပ်နေခဲ့တာက စာမေးပွဲကို စော်ကားတာ၊ သူတော်စင် တွေကို စော်ကားတာပဲ။ ကျုပ်တို့က ဒီကိစ္စကို ကြီးကျယ်အောင် လုပ်ပြီး ပညာတတ်တွေ အားလုံး သူ့ကို ဝိုင်းဝန်း တိုက်ခိုက်အောင် လုပ်ရမယ်။”
မြို့ဝန် ဝေ့ချီတွမ်က ဝင်ပြောလိုက်သည်။ “ဒီလောက်နဲ့ မလုံလောက်သေးဘူး။ အကျိုးအမြတ်နဲ့ သက်ဆိုင်တဲ့ ပဋိပက္ခ မရှိဘဲနဲ့ စာမေးပွဲရုံမှာ အိပ်တဲ့ ကိစ္စလေးကို ကြီးကျယ်အောင် လုပ်လည်း ဘာမှ ထူးမှာ မဟုတ်ဘူး။”
အောက်ထင်က ရှင်းပြလိုက်၏။ “အဲဒီနောက် စုံစမ်းစစ်ဆေးရေးရုံးကနေ ဧကရာဇ်မင်းမြတ်ဆီ စာတင်ပြီး နန်းတွင်းကျောင်းတော် ကျောင်းသားတွေ ပြည်နယ် စာမေးပွဲနဲ့ မြို့တော် စာမေးပွဲ ဖြေခွင့်ကို ပယ်ဖျက်ဖို့ တောင်းဆိုရမယ်။ အထူးသဖြင့် ဂုဏ်သရေရှိ မှူးမတ် မျိုးရိုးက ကလေးတွေပေါ့။ သူတို့ စာမေးပွဲ ဖြေချင်ရင် သာမန် ကျောင်းသားတွေလိုပဲ ခရိုင် စာမေးပွဲကနေ စဖြေရမယ်လို့ တောင်းဆိုရမယ်။”
ထိုစကားကို ကြားချိန်မှာတော့ လူတိုင်း၏ မျက်လုံးများ အရောင်လက်သွားကြ၏။ ဤအကြံက အလွန် ယုတ်မာပြီး အလွန် ရက်စက်လှသည်။
ပညာတတ် အမတ်များနှင့် စုံစမ်းစစ်ဆေးရေး အမတ်များက နန်းတွင်းကျောင်းတော် ကျောင်းသားများ၏ ပြည်နယ် စာမေးပွဲ ဖြေဆိုခွင့်ကို ပယ်ဖျက်ရန် တောင်းဆိုပါက ကော်ဇီကျန့် ကျောင်းသားများ၏ မြို့တော် စာမေးပွဲ ဖြေဆိုခွင့်ကိုလည်း ပယ်ဖျက်ရမည် မဟုတ်လား။
ဤသို့ဆိုလျှင် ဂုဏ်သရေရှိ မှူးမတ် များ၏ အခွင့်ထူးခံ လမ်းကြောင်းများ အားလုံး ပိတ်ဆို့သွားမှာ ဖြစ်၏။
အင်ပါယာတွင် ဂုဏ်သရေရှိ မှူးမတ်မျိုးရိုး မည်မျှ ရှိသနည်း။ သူတို့က သာမန် ကျောင်းသားများကဲ့သို့ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားပမ်းစား စာဖတ်ရန် မလိုဘဲ တစ်ဆင့်ချင်း တက်လှမ်းရန် မလိုပေ။
သူတို့က နန်းတွင်းကျောင်းတော်နှင့် ကော်ဇီကျန့်သို့ တိုက်ရိုက် ဝင်ရောက် ပညာသင်ကြားနိုင်ပြီး ငွေပေး၍ ဖြစ်စေ၊ မိသားစု ဩဇာအာဏာဖြင့်ဖြစ်စေ နန်းတွင်းကျောင်းတော် ကျောင်းသား သို့မဟုတ် ကော်ဇီကျန့် ကျောင်းသား ဟူသော ဘွဲ့များကို အလွယ်တကူ ရရှိနိုင်သည်။ ရှို့ချိုင်နှင့် ကျူရန်များလောက် တန်ဖိုး မကြီးသော်လည်း ရရှိသော အခွင့်အရေးများက တူညီနေ၏။
အကယ်၍ ဤလမ်းကြောင်းကို ပိတ်ပစ်လိုက်ပါက အင်ပါယာ တစ်ခုလုံးရှိ ဂုဏ်သရေရှိ မှူးမတ်များ အားလုံး ဒေါသတကြီး ခုန်ပေါက်ကြမှာ ဖြစ်သည်။ သူတစ်ပါး၏ အခွင့်အရေးနှင့် ဥစ္စာဓနကို ဖြတ်တောက်ခြင်းက မိဘကို သတ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
အင်ပါယာရှိ ဂုဏ်သရေရှိ မှူးမတ်မျိုးရိုး မည်မျှက ဤဘွဲ့များဖြင့် အခွင့်အရေးများ ရယူနေကြသနည်း။ အချို့ဆိုလျှင် အစိုးရအဖွဲ့ အတွင်းသို့ပင် ဝင်ရောက်နေကြ၏။
အဘယ်ကြောင့်ဆိုသော် ဂုဏ်သရေရှိ မှူးမတ် မျိုးရိုး ဖြစ်သော်လည်း ရာထူးကို တစ်ဦးတည်းသာ ဆက်ခံနိုင်သောကြောင့် ကျန်ရှိနေသူများ၏ အနာဂတ်အတွက် ဤအခွင့်ထူးခံ ဘွဲ့များကို အားထားနေရသောကြောင့်ပင်။
အကယ်၍ စုံစမ်းစစ်ဆေးရေး အမတ်များက အောက်ယွီကို စွပ်စွဲကာ ဂုဏ်သရေရှိ မှူးမတ် မျိုးရိုးများ၏ အခွင့်ထူးခံဘွဲ့များကို ပယ်ဖျက်ရန် ဧကရာဇ်ထံသို့ တောင်းဆိုပါက ဤကိစ္စက အလွန် ကြီးကျယ်သွားမှာ ဖြစ်သည်။ အောက်ယွီ သည် ဤကိစ္စ၏ မီးမွှေးသူ ဖြစ်သွားမှာဖြစ်၏။
ထိုအချိန်ရောက်လျှင် လူတိုင်းကို ဖြေရှင်းချက် ပေးရန် အတွက် အောက်ယွီကို စတေးရမှာဖြစ်၏။ သေချာသည်မှာ အမှန်တကယ် သတ်ပစ်မည် မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေးခြင်း ဖြစ်သည်။
ဥပမာ - သူ၏ နန်းတွင်းကျောင်းတော် ကျောင်းသားဘွဲ့ကို ရုပ်သိမ်းခြင်း၊ မြို့စားဘွဲ့ ဆက်ခံခွင့်ကို ဖျက်သိမ်းခြင်း စသည်တို့ ဖြစ်သည်။ ထိုအခါ အောက်မင် သည် အလိုအလျောက် နုလန်ဟောက် အိမ်တော်၏ အမွေဆက်ခံသူ ဖြစ်လာမှာ ဖြစ်၏။
ဤအကြံက အလွန် ရက်စက်လှသည်။ အောက်ယွီကို ဂုဏ်သရေရှိ မှူးမတ်များ အားလုံး၏ ရန်သူအဖြစ် ဖန်တီးလိုက်ရုံသာမက ပညာတတ်များ အားလုံး၏ ရန်သူ အဖြစ်ပါ ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ဤကြီးမားသော အင်အားစု နှစ်ခု၏ ကြားတွင် အောက်ယွီကဲ့သို့ လူမျိုးမှာ သေချာပေါက် အမှုန့်ကြိတ်ခံရမည် ဖြစ်ပြီး ပြန်လည် ခုခံနိုင်စွမ်း လုံးဝ ရှိမည် မဟုတ်ပေ။
မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်၏။ “ဒီအကြံ ကောင်းတယ်။ အတိုင်းအတာကို သေချာ ထိန်းချုပ်ပြီး ဂုဏ်သရေရှိ မှူးမတ်တွေကို မစော်ကားမိစေဘဲ အောက်ယွီကို အသေအလဲ တိုက်ခိုက်နိုင်ရင် အောက်မင်ကို နုလန်ဟောက် အိမ်တော်ရဲ့ အမွေဆက်ခံသူ အဖြစ် သေချာပေါက် သတ်မှတ်နိုင်လိမ့်မယ်။”
အောက်ထင်က ဦးညွတ်လိုက်သည်။ “ဒါဆို မြို့ဝန်မင်းကိုပဲ အားကိုးရတော့မယ်။”
ဝေ့ချီတွမ်က ပြန်ဖြေ၏။ “ကျုပ် ချက်ချင်း လူလွှတ်ပြီး မြို့တော်က အမတ်ချုပ်ကြီးလင်ဆီ သွားတွေ့ခိုင်း လိုက်မယ်။ စုံစမ်းစစ်ဆေးရေး အမတ် တချို့ကို စီစဉ်ပြီး အောက်ယွီကို စာမေးပွဲရုံကို စော်ကားမှုနဲ့ စာတင်ခိုင်းမယ်။
ယွီကျန်း ဆိုတဲ့ ဘိုးဘိုးကြီး စုံစမ်းစစ်ဆေးရေး ရုံးကနေ ထွက်သွားလို့ တော်သေးတာပေါ့။ အခုတော့ အလုပ်လုပ်ရတာ ပိုလွယ်သွားပြီ။ အရင်တုန်းက သူ ရှိနေရင် စုံစမ်းစစ်ဆေးရေး ရုံးကို ဝင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”
ဝေမြို့စားကြီး အိမ်တော်၏ သခင်လေးက ရုတ်တရက် မေးလိုက်သည်။ “အိမ်ရှေ့စံမင်းသားကို အကျယ်ချုပ် ချထားတာလား၊ ဒါမှမဟုတ် အကျဉ်းချထားတာလား။”
အကျယ်ချုပ် ချထားခြင်းက ဆိုးရွားနေပြီ ဖြစ်သော်လည်း မိမိ၏ အိမ်တော် အတွင်း၌သာ ရှိနေပြီး တံခါးများ ပိတ်ကာ နံရံများ ကာရံထားခြင်းသာ ဖြစ်၏။
အကျဉ်းချထားခြင်းကတော့ ပိုဆိုးရွားသည်။ အိမ်တွင်နေခွင့် မရှိတော့ဘဲ တော်ဝင် တရားရုံး၏ အကျဉ်းထောင်ထဲသို့ တိုက်ရိုက် ပို့ဆောင်ခံရခြင်း ဖြစ်သည်။
“အကျဉ်းချထားတာ” မြို့ဝန် ဝေ့ချီတွမ်က ပြန်ဖြေ၏။
“အရမ်း ဆိုးရွားတာပဲ… အရမ်း ဆိုးရွားတာပဲ…”
“ဟုတ်ပါတယ်။ မနှစ်ကတောင် အိမ်ရှေ့စံမင်းသားက ထီးနန်းဆက်ခံဖို့ မျှော်လင့်ချက် အရှိဆုံးသူ ဖြစ်ခဲ့သေးတယ်။ အခုတော့ အကျဉ်းသား ဘဝ ရောက်သွားပြီ။”
“ဒီလိုဆိုတော့ ဒုတိယ မင်းသား နဲ့ ယှဉ်ပြိုင်မယ့်သူ မရှိတော့ဘူးပေါ့။”
“သေချာတာပေါ့။ ယင်ချွဲ့က ကျုပ်တို့ တာ့ကျိုး အင်ပါယာ ထဲကို ကျူးကျော် ဝင်ရောက်လာတုန်းက ဒုတိယ မင်းသားသာ လူလွှတ်ပြီး မနှိမ်နင်းခဲ့ရင် ဘယ်နှမြို့လောက် ဒုက္ခရောက်အုံးမလဲ မသိဘူး။ ကျုပ်တို့ ရှုံးနေတာကနေ ပြန်နိုင်သွားတာ ဒုတိယ မင်းသားရဲ့ ကျေးဇူးတွေချည်းပဲ။”
“ဒါဆို အားလုံးပဲ ပြင်ဆင်ထားကြပါ။ အောက်ယွီကို လုံးဝ ဖယ်ရှားပြီး အောက်မင်ကို နုလန်ဟောက် ရာထူး ဆက်ခံဖို့ သေချာအောင် လုပ်ကြရအောင်။”
ထိုအချိန်တွင် ဝေမြို့စားကြီး၏ မိခင်အိုကြီးက ရုတ်တရက် မေးလိုက်၏။ “တကယ်လို့များ အောက်ယွီက ပြည်နယ် စာမေးပွဲ မှာ ပထမ သုံးယောက် စာရင်း ဝင်သွားရင် ဘယ်လိုလုပ်မလဲ။”
“ဟား ဟား ဟား… ဘွားဘွားကြီး အရမ်း စိုးရိမ်နေပါပြီ။ တကယ်လို့ ဆိုတာတောင် မဖြစ်နိုင်ပါဘူး။ ပြည်နယ် စာမေးပွဲ သုံးရက်လုံး အောက်ယွီက အိပ်နေခဲ့တယ် ဆိုတာ လူတိုင်း အသိပါ။ ယွီကျန်းက သူ့ကို စာမေးပွဲရုံကနေတောင် နှင်ထုတ်လုနီးပါး ဖြစ်ခဲ့တာ။ ဒီနေ့ အောင်စာရင်း ထွက်တာတောင် သူ လာမကြည့်ဘူး။”
အောက်ထင်က ရယ်မောကာ ပြောလိုက်သည်။ “သူ့ကို ကျုပ် ငယ်ငယ်လေးတည်းက ကြည့်လာတာပါ။ လောကနံပါတ်တစ် အသုံးမကျတဲ့ကောင် ဆိုတာ အလကား နာမည်ကြီးနေတာ မဟုတ်ပါဘူး။ ဟား ဟား ဟား”
“အသုံးမကျတာ ကောင်းတယ်… အသုံးမကျတာ ကောင်းတယ်…”
ဝေမြို့စားကြီး၏ ဇနီးက ဝင်ပြော၏။ “ဒီလို အသုံးမကျတဲ့ ကောင်ကများ ကျွန်မသမီး ယင်းယင်းကို လက်ထပ်ချင်သေးတယ်။ တကယ့် ဟာသကြီးပါပဲ။ နုလန်ဟောက် အောက်ရှင်းက လူမှုဆက်ဆံရေး မတတ်ဘဲ တုံးအပေမယ့် အသိဉာဏ် ရှိတဲ့သူ တစ်ယောက်ပါ။ ဘယ်လိုလုပ် ဒီလို အသုံးမကျတဲ့ သားမျိုး မွေးလာရတာလဲ မသိဘူး။”
ထိုစကားကို ကြားချိန်မှာတော့ အောက်ထင်၏ မျက်နှာ အလွန် ဆိုးရွားသွားသော်လည်း ဘာမှ မပြောပေ။
ထိုအချိန်တွင် အပြင်ဘက်မှ အလျင်စလို ခြေသံများ ထွက်ပေါ်လာ၏။
“သခင်ကြီး… သခင်ကြီး… ဒုက္ခရောက်ပါပြီ… ဒုက္ခရောက်ပါပြီ။”
“သခင်မကြီး… ဒုက္ခပါပဲ… ဒုက္ခပါပဲ။”
“သခင်ကြီး အောက်ထင်… ဒုက္ခရောက်ပါပြီ… ဒုက္ခရောက်ပါပြီ။”
ပြေးဝင်လာသူမှာ တစ်ဦးတည်း မဟုတ်ဘဲ လူအများအပြား ဖြစ်နေ၏။ အောက်ထင် လွှတ်လိုက်သူများ၊ ဝေမြို့စားကြီး လွှတ်လိုက်သူများနှင့် အောက်မင် လွှတ်လိုက်သူများ အားလုံး ပါဝင်သည်။
သူတို့၏ ဆူညံစွာ အော်ဟစ်သံများကို ကြားချိန်မှာတော့ အထဲရှိ လူများ၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားပြီး ဒေါသထွက်သွားကြ၏။
‘ဒီနေရာက ဘယ်နေရာလဲ ဆိုတာ မကြည့်ဘဲ အသံကျယ်ကျယ် အော်နေကြတာလား။ ပြီးတော့ အခြေအနေတွေ ဒီလောက် ကောင်းနေတာကို ဘာတွေ ဒုက္ခရောက်နေရတာလဲ။’
ထို့နောက် အောင်စာရင်း သွားကြည့်သော အစေခံများ အားလုံး ပြေးဝင်လာကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြောလိုက်ကြသည်။ “သခင်ကြီးတို့… သခင်မကြီး… သခင်မလေး… ဒုက္ခပါပဲ။ ပြည်နယ် စာမေးပွဲ အောင်စာရင်း ထွက်လာပါပြီ။ အောက်ယွီက ပထမနေရာ (ကျွမ့်ယွမ်) ရသွားပါတယ်။”
ထိုစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်း၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။ လူတိုင်း လုံးဝ ဆွံ့အသွားပြီး ချက်ချင်း မတုံ့ပြန်နိုင်တော့ပေ။
“အောက်ယွီက ပထမနေရာ (ကျွမ့်ယွမ်) ရတယ်။ ဒါက တကယ့် ဟာသကြီးပဲလား။”
ဤအရာက နောက်ပိုင်းခေတ်ကမ္ဘာမြေကြီးမှ ဧပြီလ ၁ ရက်နေ့ နောက်ပြောင်မှုမျိုး မဟုတ်ပေ။
“တကယ် အောင်စာရင်း ထွက်တာလား။ စာမေးပွဲရုံကနေ ထုတ်ပြန်တဲ့ အောင်စာရင်းလား။ အရူး တစ်ယောက်ယောက်ကများ လျှောက်ရေးပြီးကပ်ထားတဲ့ အောင်စာရင်း အတုများလား။” အောက်ထင်က တုန်ယင်စွာ မေးလိုက်၏။
အရူး တစ်ယောက်ယောက်ကကိုယ့်ဘာသာ ရေးပြီးကပ်ထားသော အောင်စာရင်း အတု ရှိဖူးသလား။
တကယ် ရှိခဲ့ဖူး၏။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က အသက် ငါးဆယ်ကျော်အရွယ် ရှို့ချိုင်အိုကြီး တစ်ဦး ရှိခဲ့သည်။ နှစ်သုံးဆယ် ဆက်တိုက် ပြည်နယ် စာမေးပွဲ ဖြေဆိုခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် လုံးဝ ရူးသွပ်သွားခဲ့၏။
အောင်စာရင်း မထွက်မီ သူက အောင်စာရင်း အတု တစ်ခုကိုယ့်ဘာသာ ရေးသားပြီး စာမေးပွဲရုံ တံခါးဝတွင် သွားကပ်ထားခဲ့သည်။
ထိုအချိန်က ကျောင်းသား အများအပြား အထင်မှားသွားခဲ့ကြပြီး အောင်မြင်သူများက ရူးသွပ်မတတ် ရယ်မောကြကာ ကျရှုံးသူများက မြေပြင်ပေါ်တွင် လူးလှိမ့် ငိုယိုခဲ့ကြ၏။
ထိုအချိန်က ထိုကိစ္စမှာ အလွန် နာမည်ကြီးသွားခဲ့သည်။
ဆယ့်ငါးမိနစ်ခန့် အကြာတွင် စာမေးပွဲရုံမှ စစ်သည်များ ရောက်လာပြီး ထို အောင်စာရင်း အတုကို ဆွဲခွာကာ ရှို့ချိုင်အိုကြီးကို ဖမ်းဆီးသွားခဲ့၏။
ထိုအောင်စာရင်းအတု ပြဿနာကြောင့် ပင်မစာမေးပွဲ စစ်ဆေးသူအနေဖြင့် လူအများ၏ ဒေါသကို ငြိမ်သက်စေရန် နာရီအနည်းငယ် စော၍ အောင်စာရင်း အစစ်ကို ထုတ်ပြန်ခဲ့ရသည်။
သို့ပေမည့် ပို၍ ဝမ်းနည်းစရာ ကောင်းသည်မှာ အောင်စာရင်း အစစ်တွင် ထို ရှို့ချိုင်အိုကြီး၏ နာမည် ပါဝင်နေပြီး နဝမ နေရာ ရရှိခဲ့ခြင်း ဖြစ်သည်။ ရှို့ချိုင်အိုကြီးကိုယ်တိုင် ရေးသားထားသော အောင်စာရင်း အတုတွင် သူက ဆယ့်သုံး နေရာသာ ရှိခဲ့၏။
သို့ပေမည့် ဤကိစ္စကြောင့် ထို ရှို့ချိုင်အိုကြီး၏ ဘွဲ့များအားလုံး ရုပ်သိမ်းခံလိုက်ရပြီး လုံးဝ ရူးသွပ်သွားခဲ့လေသည်။
ထိုအချိန်မှစ၍ အောင်စာရင်း မထွက်မီ စာမေးပွဲရုံ တံခါးဝတွင် စစ်သည်များ သေချာပေါက် စောင့်ကြပ်ရမည်ဟု သတ်မှတ်လိုက်၏။
ဤသို့သော အဓိပ္ပာယ်မဲ့ပြီး ဝမ်းနည်းဖွယ် ကောင်းသော အဖြစ်အပျက် ရှိခဲ့ဖူးသောကြောင့် အောက်ထင်က ဤအောင်စာရင်းသည် အတုများ ဖြစ်နေမည်လား ဟု မေးလိုက်ခြင်း ဖြစ်သည်။
“အစစ်ပါ။ အောင်စာရင်း အစစ်ပါ။ ဒုတိယ စာမေးပွဲ စစ်ဆေးသူ မင်ကျင်းယွမ်ကိုယ်တိုင် လာကပ်သွားတာပါ။”
အစေခံက ပြန်ဖြေလိုက်၏။ “အောက်ယွီက ပထမနေရာ (ကျွမ့်ယွမ်) ရပြီး စုမန်က ဒုတိယ နေရာ (ယာ့ယွမ်) ရပါတယ်။”
...................