အခန်း (၂၆၁-၂၆၂)
Vol. 23 Ch. 261-262
အပိုင်း (၂၆၁)
ထို့နောက် တတိယမေးခွန်းကို ယွင်ကျုံးဟဲ့ ကြည့်ရှုလိုက်သောအခါ ဤမေးခွန်းမှာ အရေအတွက် ပြည့်မီစေရန်သာ ထည့်သွင်းထားခြင်းဖြစ်ကြောင်း ပို၍ပင် ယုံကြည်သွားလေသည်။
ပထမမေးခွန်းမှာ နေမင်း၊ ဒုတိယမေးခွန်းမှာ လမင်း၊ တတိယမေးခွန်းမှာ ကြယ်တာရာများ ဖြစ်နေသောကြောင့်ပင်။
မေးခွန်းထုတ်သူသည် စင်စစ် အလေးအနက်ထား၍ ထုတ်ထားခြင်း ဟုတ်ပါ့မည်လား။ ဤတတိယမေးခွန်းမှာ ကြယ်တာရာများ ပါဝင်သည့် ကဗျာ သို့မဟုတ် လင်္ကာတစ်ပုဒ်ကို ရေးဖွဲ့ရန်သာ ဖြစ်သည်။
၎င်းသည် ဒုတိယမေးခွန်းထက်ပင် ပို၍ လွတ်လပ်မှုရှိပြီး ကိုယ်ပိုင်ဖန်တီးခွင့် ပိုမိုရရှိစေ၏။
ဒုတိယမေးခွန်းမှာ အနည်းဆုံးအားဖြင့် လမင်းအကြောင်းကို အဓိကထား၍ ရေးဖွဲ့ရပြီး ကဗျာတစ်ပုဒ်လုံး သည် လမင်းအကြောင်းသာ ဖြစ်ရပေမည်။
သို့ရာတွင် ဤတတိယမေးခွန်းမှာမူ ကြယ်တာရာဟူသော စကားလုံး ပါဝင်နေရုံမျှဖြင့် လုံလောက်ပြီဖြစ်ရာ အကြောင်းအရာမှာ မည်သို့ပင်ဖြစ်စေကာမူ ရနိုင်ပေသည်။
၎င်းမှာ ကျောင်းသားများကို ကိုယ်ပိုင်ဖန်တီးခွင့် ပိုမိုပေးအပ်ပြီး သူတို့၏ ပါရမီကို အပြည့်အဝ ပြသခွင့် ပေးခြင်းလည်း ဖြစ်၏။
ကြယ်တာရာများ ပါဝင်သည့် ကဗျာတစ်ပုဒ်လား။
“အထပ်မြင့် အဆောက်အအုံကြီးသည်
ပေတစ်ရာမျှ မြင့်မားလှရာ၊
လက်လှမ်းလိုက်ရုံဖြင့်
ကြယ်တာရာတို့ကိုပင်
ဆွတ်ခူးနိုင်လုနီးရှိသည်။
ကောင်းကင်ဘုံမှ နတ်သားတို့
လန့်နိုးသွားမည်ကို စိုးရိမ်သဖြင့်
အသံကျယ်ကျယ်ပင် မပြောရဲချေ။”
ဆရာကြီး လီပိုင်အနေဖြင့် ဤသို့ ရေးဖွဲ့နိုင်သော်လည်း အောက်ယွီအနေဖြင့်မူ ဤသို့ ရေးဖွဲ့၍ မဖြစ်နိုင်ပေ။ အကြောင်းမှာ သူ၏ အဓိက စာမေးပွဲစစ်ဆေးသူဖြစ်သော ယွီကျန်းသည် ထိုကဲ့သို့သော အရေးအသားမျိုးကို နှစ်သက်သူ မဟုတ်သောကြောင့် ဖြစ်သည်။
ထိုသို့ဆိုလျှင် ဆရာကြီး ချောင်ချောင်း၏ ပင်လယ်ကို ကြည့်ခြင်း ကဗျာမှာကော မည်သို့ရှိသနည်း။ ထိုကဗျာထဲတွင်လည်း ကြယ်တာရာများအကြောင်း ပါဝင်နေ၏။
“နေနှင့်လတို့၏
သွားလာလှုပ်ရှားမှုများသည်
ထိုပင်လယ်ထဲမှပင်
ထွက်ပေါ်လာသကဲ့သို့ ရှိ၏။
တောက်ပသော
ကြယ်တာရာတို့သည်လည်း
ထိုပင်လယ်ထဲမှပင်
မြစ်ဖျားခံနေသကဲ့သို့ ရှိသည်။”
ဤကဗျာမှာ သေချာပေါက် ကောင်းမွန်လှပေသည်။ သို့သော်ငြား အလွန်တရာ ထူးကဲခမ်းနားလွန်း လှသောကြောင့် အောက်ယွီအနေဖြင့် မကူးယူသည်က အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
အကယ်၍ ဧကရာဇ်မင်းမြတ် မြင်တွေ့သွားပါက ငါကိုယ်တော် ပင်လယ်ကို ကြည့်ရှုစဉ်ကပင် ဤမျှအထိ ခမ်းနားမှု မရှိခဲ့ဘဲ၊ နုလန်ဟောက်၏သားက ဤမျှအထိ ခမ်းနားထည်ဝါနေခြင်းမှာ အဘယ်ကြောင့်နည်း။ ရာထူးများစွာ တိုးမြှင့်ယူပြီး ငါကိုယ်တော်၏ ပလ္လင်ကိုပင် လုယူလိုခြင်းလား ဟု တွေးတောသွားနိုင်ပေသည်။
ဤသည်မှာ တကယ်ပင် နှမြောစရာကောင်းလှပေသည်။ မဟုတ်ပါက အောက်ယွီသည် နုလန်ဟောက်၏ သားဖြစ်ရာ ပင်လယ်ကို ကြည့်ခြင်း ကဗျာနှင့် အလွန်ပင် လိုက်ဖက်လှ၏။
ဤကဗျာကိုလည်း အသုံးပြု၍ မရနိုင်ပါက မည်သည့်ကဗျာကို ရွေးချယ်ရမည်နည်း။
ယွင်ကျုံးဟဲ့သည် ဤကဲ့သို့သော အချိန်မျိုးတွင် ဂန္ထဝင်စာသားများ ပါဝင်ရန် လိုအပ်သည်ကို ကောင်းစွာ နားလည်သည်။ ကြည့်လိုက်သည်နှင့် အံ့အားသင့်သွားစေမည့် ဂန္ထဝင်စာသားမျိုးမှသာ စာမေးပွဲ စစ်ဆေးသူများ၏ အမှတ်သညာတွင် ကျန်ရစ်မှာဖြစ်သည်။
အကြောင်းမှာ သူတို့သည် အဖြေလွှာပေါင်း ထောင်နှင့်ချီ၍ စစ်ဆေးရမည်ဖြစ်သောကြောင့် ငြီးငွေ့နေကြမည်မှာ သေချာလေ၏။
ဤကဗျာသုံးပုဒ်မှာ ကျောင်းသားအများစုအတွက် အရေးမကြီးလှပေ။ အကြောင်းမှာ စာမေးပွဲ အောင်မြင်ရုံသာ မျှော်လင့်ပါက ရှေ့နှစ်ရက်ရှိ စာမေးပွဲများတွင် ကောင်းမွန်နေလျှင် လုံလောက်ပြီ ဖြစ်သည်။
သို့ရာတွင် ယွင်ကျုံးဟဲ့မှာမူ ပထမနေရာကို ရယူလိုသူဖြစ်ရာ ဤကဗျာသုံးပုဒ်သည် အလွန်ပင် အရေးကြီးသည်။ နဂါးရုပ်တွင် မျက်လုံးတပ်ဆင်လိုက်သကဲ့သို့ပင် ပြည့်စုံကောင်းမွန်ရမှာဖြစ်၏။
စာမေးပွဲစစ်ဆေးသူ သုံးဦး ဖတ်ရှုပြီးသည်နှင့် သင့်အား ချက်ချင်း မှတ်မိသွားစေကာ သင့်အဖြေလွှာကို လုံးဝ မေ့ပျောက်၍ မရနိုင်အောင် ဖြစ်သွားစေရမည်။ ထို့အပြင် ရှေ့နှစ်ရက်ရှိ စာမေးပွဲများကလည်း အလွန်ပင် ထူးချွန်နေသဖြင့် ပထမနေရာမှာ သေချာသလောက် ရှိသွားပေလိမ့်မည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ယွင်ကျုံးဟဲ့သည် ဆရာကြီး လီရှန်ရင်၏ လက်ရာကို ကူးယူရန် ဆုံးဖြတ်လိုက် လေသည်။ အကြောင်းမှာ ထိုလက်ရာထဲတွင် ထာဝရဂန္ထဝင်စာသား ပါဝင်နေသောကြောင့် ဖြစ်သည်။
ဤကဗျာကို ခေါင်းစဉ်မဲ့ ဟု အမည်ပေးထား၏။
“မနေ့ညက
ကြယ်တာရာတွေ လင်းလက်ပြီး
လေပြေတွေ တိုက်ခတ်နေတယ်၊
ပန်းချီဆွဲထားတဲ့
အဆောက်အအုံရဲ့ အနောက်ဘက်၊
လှပတဲ့ ခန်းမဆောင်ရဲ့ အရှေ့ဘက်မှာပါ။
ကိုယ်ခန္ဓာမှာ
ရောင်စုံ ဖီးနစ်ငှက်လို
အတောင်ပံ မပါပေမယ့်၊
နှလုံးသားချင်းကတော့
နားလည်မှု ရှိနေပါတယ်။
စားပွဲဝိုင်းမှာထိုင်ပြီး
နွေဦး အရက်ကို
နွေးထွေးစွာ သောက်နေကြတယ်၊
အဖွဲ့ခွဲပြီးကစားကြရင်း
ဖယောင်းတိုင် မီးရောင်က
နီရဲနေပါတယ်။
မနက်ခင်း စည်တီးသံ ကြားတော့
အလုပ်သွားရမှာကို
ညည်းတွားမိတယ်၊
မြင်းစီးပြီး လန်ထိုင်ကို သွားရတာက
လေလွင့်နေတဲ့ မြက်ပင် တွေလိုပါပဲ။”
ဤကဗျာတွင် အထင်ရှားဆုံးသော စာသားမှာ ကိုယ်ခန္ဓာမှာ ရောင်စုံ ဖီးနစ်ငှက်လို အတောင်ပံ မပါပေမယ့်၊ နှလုံးသားချင်းကတော့ နားလည်မှု ရှိနေပါတယ် ဟူသော စာသားပင် ဖြစ်၏။
ဤသည်မှာ ဧကန်မုချ ထာဝရဂန္ထဝင်စာသားဖြစ်ရာ စာမေးပွဲစစ်ဆေးသူများ ဖတ်ရှုလိုက်သည်နှင့် စိတ်နှလုံးကို တုန်ခါသွားစေမည်မှာ သေချာလှပေသည်။
အကြောင်းမှာ ဤကဲ့သို့သော အခြေအနေမျိုးကို လူတိုင်း ကြုံတွေ့ဖူးကြသော်လည်း စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှသောကြောင့်ပင်။
သို့ရာတွင် ဤစာသားနှစ်ကြောင်းမှာမူ ထိုခံစားချက်ကို အပြည့်စုံဆုံး ရေးဖွဲ့ထားနိုင်ခြင်း ဖြစ်သည်။ အတိတ် ကာလ၌ပင်ဖြစ်စေ၊ နောင်အနာဂတ်၌ပင်ဖြစ်စေ မည်သူမျှ သာလွန်အောင် ရေးဖွဲ့နိုင်မည် မဟုတ်ချေ။
ဤကဗျာတွင် ပါရှိသော နားလည်မှု (လင်ရှီး) ဟူသည့် စကားလုံးမှာ တောင်နှင့် ပင်လယ်ကျမ်း အတွင်း၌ ပါရှိသော ထူးဆန်းသည့် ကြံ့တစ်မျိုးကို ရည်ညွှန်းခြင်း ဖြစ်သည်။
၎င်းကို ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်သော ကြံ့ဟု ခေါ်ဆိုကြပြီး သူ၏ ဦးခေါင်းပေါ်တွင် ဦးချိုတစ်ချောင်း ပါရှိသည်။ ထိုဦးချိုကို ထက်ပိုင်းခွဲ၍ ကြည့်ရှုပါက အစမှ အဆုံးတိုင်အောင် ဖြူဖွေးနေသည့် မျဉ်းကြောင်းတစ်ကြောင်း ပါဝင်နေသည်ဟု ပြောကြ၏။
နှလုံးသားချင်း နားလည်မှုရှိခြင်း ဆိုသည်မှာ လူနှစ်ဦး၏ စိတ်နှလုံးကြားဝယ် မမြင်တွေ့နိုင်သော ကြိုးမျှင်လေးတစ်ချောင်းဖြင့် ဆက်သွယ်ထားသကဲ့သို့ တစ်ဦး၏ ဆန္ဒကို တစ်ဦးက သိမြင်နားလည်နေခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
အတိုချုပ်ဆိုရလျှင် ဤကဗျာ၏ အနှစ်သာရမှာ ထိုစာကြောင်း နှစ်ကြောင်းတွင်ရှိပြီး ထိုစာကြောင်း နှစ်ကြောင်းက မည်သည့် စာမေးပွဲ စစ်ဆေးသူကိုမဆို အံ့အားသင့်သွားစေရန် လုံလောက်၏။
ကဗျာ လင်္ကာ သုံးပုဒ်လုံး ရေးသားပြီးစီးသွားပြီ ဖြစ်သည်။
ယွင်ကျုံးဟဲ့ သည် ဤတစ်ကြိမ် ပြည်နယ်စာမေးပွဲတွင် ပထမနေရာ သေချာပေါက် ရမည်ဟု ရာခိုင်နှုန်းပြည့် ယုံကြည်နေ၏။ မည်သူမှ၊ မည်သူကမှ လုယူ၍ ရမည် မဟုတ်ပေ။
သူ တစ်ယောက်တည်း တိုက်ခိုက်နေခြင်း မဟုတ်ပေ။ တရုတ်သမိုင်းတစ်လျှောက် အထူးချွန်ဆုံး စာပေ ဆရာကြီးများကို ခေါ်ဆောင်ကာ တိုက်ခိုက်နေခြင်း ဖြစ်၏။
မနေ့က နိုင်ငံရေး စာစီစာကုံးက အလွန် ထူးချွန်ခဲ့ပြီး ဖြစ်သည်။ ယနေ့ ကဗျာလင်္ကာများကလည်း တစ်ပုဒ်ချင်းစီတိုင်းက အံ့မခန်းဖြစ်ပြီး စည်းမျဉ်းများကိုလည်း မဖောက်ဖျက်သောကြောင့် မည်သည့် အန္တရာယ်မှ မရှိပေ။
မည်သည့် စာမေးပွဲ စစ်ဆေးသူကမှ သူ၏ အဖြေလွှာမှ အမှားအယွင်းများ၊ ဟာကွက်များကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
ထို့အပြင် လွန်ခဲ့သော နှစ်ရာပေါင်းများစွာအတွင်း ချန်လန် ပြည်နယ်၏ ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲ အဖြေလွှာများ အားလုံးတွင် ယွင်ကျုံးဟဲ့၏ အဖြေလွှာလောက် အံ့မခန်း ဖြစ်သော အဖြေလွှာမျိုး ရှိခဲ့မည် မဟုတ်သောကြောင့်ပင်။
အမှန်တကယ်၌ ပြည်နယ် စာမေးပွဲ သက်သက်ကိုသာ ကြည့်မည်ဆိုလျှင် ယွင်ကျုံးဟဲ့၏ ဤသုံးရက်တာ အဖြေလွှာများက ကျောင်းသား တစ်ဦး၏ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဒီထက်ပိုပြီး ကောင်းဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။
တတိယနေ့ စာမေးပွဲက အကြမ်းဖျင်းအားဖြင့် အလွန် လွယ်ကူလှ၏။ ဤကဗျာ လင်္ကာ သုံးပုဒ် ပေါင်းလျှင် စာလုံးရေ ခြောက်ရာ၊ ခုနစ်ရာထက် မကျော်ပေ။
သို့သော်ငြား စာမေးပွဲအချိန်က ရှစ်နာရီ အပြည့် ရှိ၏။ သို့ပေမည့် ပါရမီနှင့် စိတ်ကူးဉာဏ်ကို အကြီးမားဆုံး စမ်းသပ်သည့် အရာမှာ ဤတတိယနေ့ စာမေးပွဲ ပင်ဖြစ်သည်။
‘ခင်ဗျားမှာ တကယ် ပါရမီရှိရင် ချက်ချင်း ရေးလို့ ရတယ်။ ခင်ဗျားမှာ ပါရမီ မရှိရင် ရှစ်နာရီ မပြောနဲ့၊ ရက်အတော်ကြာ အချိန်ပေးရင်တောင် ရေးလို့ ရမှာ မဟုတ်ဘူး။
‘ကဗျာ ဆိုတာက တကယ်ကို ပါရမီ အပေါ် မူတည်တာ။ အထူးသဖြင့် ဂန္ထဝင် စာကြောင်းတွေက ကြိုးစားမှု သက်သက်နဲ့ ရေးလို့ မရဘူး။ အံ့မခန်း ပါရမီနဲ့ ချက်ချင်း ပေါ်လာတဲ့ စိတ်ကူးဉာဏ် အပေါ် မူတည်တာပဲ။’
အကယ်၍ မနေ့က စာမေးပွဲတွင် ယွင်ကျုံးဟဲ့သည် တစ်ခန်းလုံးကို လွှမ်းမိုးထားနိုင်ခဲ့သည် ဆိုပါလျှင် ယနေ့ စာမေးပွဲတွင်မူ ယွင်ကျုံးဟဲ့သည် အမှောင်ထုကြားဝယ် တောက်ပနေသော ကြယ်တစ်ပွင့်ကဲ့သို့ ထွန်းလင်း နေမည်ဖြစ်ပြီး ဘေးပတ်ဝန်းကျင် တစ်ခုလုံးမှာမူ မှေးမှိန်အမှောင်ကျ ကျန်ရစ်နေမည်မှာ ဧကန်မုချပင် ဖြစ်၏။
နေလုံးကြီး ဝင်သွား၏။ စာမေးပွဲ အချိန် ပြည့်သွားပြီ ဖြစ်သည်။
ညည်းတွားသံများ၊ အော်ဟစ်သံများ မရှိတော့ဘဲ လွတ်မြောက်သွားသော သက်ပြင်းချသံများသာ ထွက်ပေါ်လာ၏။
ကျောင်းသား အားလုံးနီးပါး မြေပြင်ပေါ်တွင် ခွေကျသွားကြပြီး နောက်ဆုံး အချက်ပြသံကို စောင့်ဆိုင်း နေကြသည်။
‘နောက်ဆုံးတော့ ပြီးသွားပြီ။ သုံးရက်တာ စာမေးပွဲကြီး ပြီးဆုံးသွားပြီ။ အသက် တစ်ဝက်လောက် သေမတတ် ဖြစ်သွားတာပဲ။ အရမ်း သနားစရာ ကောင်းတယ်၊ အရမ်း နာကျင်ရတယ်။’
ယွင်ကျုံးဟဲ့ အပါအဝင် အားလုံးက ဖရိုဖရဲ ဖြစ်နေကြပြီဖြစ်ပြီး မြေပြင်ပေါ်တွင် ပက်လက် လှန်ကာ လဲလျောင်းနေကြ၏။ အဘယ်ကြောင့်ဆိုသော် ယနေ့ သူ ပို၍ ကြာကြာ အိပ်ခဲ့သောကြောင့်ပင်။
ရှစ်နာရီ အချိန်ပေးထားရာတွင် နာရီဝက်ဖြင့် ဖြေဆို ပြီးစီးခဲ့ပြီး ကျန်အချိန်များတွင် အိပ်နေခဲ့၏။ ရာသီဥတုက အလွန် ပူပြင်းသောကြောင့် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသည်။
စစ်သည်များက တစ်ယောက်ပြီး တစ်ယောက် အဖြေလွှာများကို လိုက်လံ သိမ်းဆည်းကာ နာမည်ကို ဖုံးအုပ်ပြီး အိတ်အတွင်းသို့ ထည့်လိုက်ကြ၏။
“စာမေးပွဲ ပြီးဆုံးပါပြီ။ ကျောင်းသားများ ထွက်ခွာနိုင်ပါပြီ။”
ထိုအသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် စာမေးပွဲရုံ အတွင်းမှ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
ထို့နောက် သူတောင်းစားများအလား ဖြစ်နေသော ကျောင်းသား တစ်အုပ်ကြီးက လူသေကောင်များအလား စာမေးပွဲရုံ အတွင်းမှ ထွက်ခွာလာကြ၏။
အနံ့အသက်များက အလွန် ဆိုးရွားနေ၏။ သုံးရက် နှစ်ည ရေမချိုးရသေးဘဲ ဤမျှ ပူပြင်းသော ရာသီဥတုတွင် သေချာပေါက် ချဉ်စော်နံနေပြီ ဖြစ်သည်။
တစ်ယောက်တည်းသာ ခြွင်းချက် ဖြစ်သည်။ ကံကြမ္မာဆိုး ကျရောက်နေသူ စုမန်ကတော့ သပ်ရပ်နေဆဲ ဖြစ်ပြီး ခါးကို မတ်မတ်ထား၍ လျှောက်လှမ်းလာကာ တစ်ကိုယ်လုံးတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ တောက်ပနေ၏။
‘သူ ဘယ်နေရာ သွားသွား ကြက်အုပ်ထဲ ရောက်နေတဲ့ ငန်းတစ်ကောင်လို အမြဲတမ်း ထင်ပေါ်နေတယ်။ တကယ်ကို ထူးချွန်လွန်းတယ်။ အပြင်ပန်းရော အတွင်းစိတ်ပါ ထူးချွန်တာပဲ။’
စာမေးပွဲရုံမှ ထွက်လာပြီးနောက် ကျောင်းသား အများအပြားက သူ့ကို လက်ညှိုးထိုးကာ ပြောဆို နေကြသည်ကို ယွင်ကျုံးဟဲ့ တွေ့လိုက်ရသည်။
“ခင်ဗျားတို့သိလား… ဒီစာမေးပွဲ သုံးရက်မှာ အောက်ယွီက သုံးရက်လုံး အိပ်နေတာတဲ့။ ပင်မစာမေးပွဲ စစ်ဆေးသူ ဖြတ်သွားတဲ့ အချိန် မျက်နှာကြီး စိမ်းသွားတာပဲ။”
“ကျုပ်လည်း တွေ့လိုက်တယ်။ ပင်မ စာမေးပွဲ စစ်ဆေးသူက သူ့ကို စာမေးပွဲရုံကနေ နှင်ထုတ်မယ်လို့တောင် ထင်ခဲ့တာ။”
“လောကနံပါတ်တစ် အသုံးမကျတဲ့ကောင် ပီသပါပေတယ်။ သုံးရက် ဖြေရတာကို သုံးရက်လုံး အိပ်နေတယ်။ အိမ်မှာ မအိပ်ဘဲ စာမေးပွဲရုံမှာ လာအိပ်နေတာ။”
“အောက်တန်းကျလို့ပေါ့။ ဒီလို လူမျိုးနဲ့ တစ်နှစ်တည်း စာမေးပွဲ အတူတူ ဖြေရတာ တကယ့် အရှက်ပဲ။”
“ဒီလို အသုံးမကျတဲ့ လူမိုက်က စာမေးပွဲ လာဖြေတာက မွန်မြတ်တဲ့ စာမေးပွဲ စနစ်ကို စော်ကားတာပဲ။”
“သူ့လို ကောင်ကများ အောက်မင်ကို အနိုင်ယူပြီး နုလန်ဟောက် ရာထူးကို ပြန်ယူမယ်လို့ ပြောနေသေးတယ်။ ပြီးတော့ တွမ်ယင်းယင်းကို လက်ထပ်မယ်တဲ့လား။ နေ့ခင်းကြောင်တောင် အိပ်မက် မက်နေတာပဲ။”
“ဒီလောင်းကစားပွဲ အကြောင်း မပြောပါနဲ့တော့။ တကယ့် ဟာသကြီး ဖြစ်နေပြီ။”
ဤသို့ လူအများ၏ လှောင်ပြောင်မှုများအကြားတွင် ယွင်ကျုံးဟဲ့က ရထားလုံးပေါ်သို့ တက်ကာ နုလန်ဟောက် အိမ်တော်သို့ ပြန်လာခဲ့လေ၏။
ကောလာဟလ ပျံ့နှံ့မှုနှုန်းက တကယ့်ကို မြန်ဆန်လှသည်။
ယွင်ကျုံးဟဲ့ အိမ်ပြန်ရောက်ပြီး ရေချိုးကာ ထမင်းတောင် မစားရသေးခင်မှာပဲ ဤတစ်ကြိမ် ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲတွင် အောက်ယွီက သုံးရက်လုံး အိပ်နေခဲ့သည် ဆိုသောသတင်းမှာ တစ်မြို့လုံးကို ပျံ့နှံ့သွားပြီး ကျန်းကျိုးမြို့က လူတိုင်းနီးပါး သိသွားကြ၏။
ဟုတ်ပေသည်။ သူက လူသောင်းပေါင်းများစွာ၏ လှောင်ပြောင်မှုကနေ လူသန်းပေါင်းများစွာ၏ လှောင်ပြောင်မှုကို ခံရသော အဆင့်ကို ရောက်သွားပြီ ဖြစ်သည်။
‘ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက ခင်ဗျားက အရမ်းကို စိတ်အားထက်သန်စွာနဲ့ အောက်မင်၊ ဝေမြို့စားကြီး အိမ်တော်၊ ယွဲ့တန်းဖျင်က ပညာတတ် ဆယ့်သုံးယောက်တို့ကို စာချုပ် လက်မှတ်ထိုးခိုင်းခဲ့တယ်။ ပြီးတော့ လူထောင်ပေါင်းများစွာကို သက်သေ လုပ်ခိုင်းခဲ့တယ်။
အဲဒီ မြင်ကွင်းက အရမ်းကို သွေးဆူစရာ ကောင်းတော့ ကျုပ်တို့ အားလုံးက ခင်ဗျား အံ့ဖွယ် တစ်ခုခု ဖန်တီးပြမယ်လို့ ထင်ခဲ့တာ။ အနည်းဆုံးတော့ ရှုံးရင်တောင် ဂုဏ်ယူစရာ ကောင်းအောင် လုပ်ပြမယ်လို့ ထင်ခဲ့တာ။
အခုကျတော့ ခင်ဗျားက သုံးရက်လုံး အိပ်နေခဲ့တယ်ပေါ့။ ဒါက လူတွေရဲ့ ခံစားချက်ကို လိမ်ညာတာ မဟုတ်ဘူးလား။ ဟို လောင်းကစားပွဲ သုံးခုကတော့ တကယ့် ဟာသကြီး ဖြစ်သွားပြီ။’
.................................
အပိုင်း (၂၆၂)
သုံးရက်တာ စာမေးပွဲ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် ကျောင်းသားများ အားလုံးအတွက် ကြောက်မက်ဖွယ် ကောင်းသော ဆင်းရဲဒုက္ခများ ပြီးဆုံးသွားပြီ ဖြစ်၏။
သို့ပေမည့် စာမေးပွဲ စစ်ဆေးသူများ အတွက်ကတော့ နာကျင်မှုများ စတင်လာပြီ ဖြစ်သည်။
ချန်လန်ပြည်နယ်သည် စာမေးပွဲ ကျောင်းသား အများအပြား ရှိသော ပြည်နယ် ဖြစ်သောကြောင့် စာမေးပွဲ စစ်ဆေးသူ အရေအတွက်လည်း အလွန် များပြား၏။
ပင်မစာမေးပွဲ စစ်ဆေးသူ တစ်ဦး၊ ဒုတိယ စာမေးပွဲ စစ်ဆေးသူ နှစ်ဦးနှင့် အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူ ဆယ်ဦးအထိ ရှိသည်။
စာမေးပွဲ စစ်ဆေးသူ စုစုပေါင်း ဆယ့်သုံးဦးသာ ရှိသော်လည်း အဖြေလွှာ သုံးထောင့်ငါးရာကို စစ်ဆေးရမှာ ဖြစ်၏။
အချင်းချင်း ဖလှယ်၍ စစ်ဆေးခြင်းများ အပါအဝင် ပျမ်းမျှအားဖြင့် စာမေးပွဲ စစ်ဆေးသူ တစ်ဦးလျှင် အဖြေလွှာ သုံးရာခန့် စစ်ဆေးရမှာဖြစ်သည်။
သေချာသည်မှာ အဖြေလွှာ မစစ်ဆေးမီ အရင်ဆုံး ပင်ပန်းရသူများမှာ စာကူးရေးသူများပင် ဖြစ်၏။
လိမ်လည်မှုများ မဖြစ်ပေါ်စေရန်နှင့် စာမေးပွဲ စစ်ဆေးသူများက ကျောင်းသားများ၏ လက်ရေးကို မမှတ်မိစေရန်အတွက် အဖြေလွှာများ အားလုံးကို ပြန်လည် ကူးရေးပြီးမှသာ စာမေးပွဲ စစ်ဆေးသူများထံသို့ ပေးပို့ရသည်။
စာကူးရေးသူ တစ်ရာကျော်သာရှိပြီး ပျမ်းမျှအားဖြင့် တစ်ဦးလျှင် အဖြေလွှာ သုံးဆယ်ခန့်၊ စာလုံးရေ သောင်းနှင့်ချီ ကူးရေးရပေလိမ့်မည်။
တစ်ရက်နှင့် နှစ်ညအပြည့် ကြာပြီးနောက် အဖြေလွှာ သုံးထောင့်ငါးရာ လုံးကို ကူးရေး ပြီးစီးသွားပြီ ဖြစ်၏။
ထိုစာကူးရေးသူ တစ်ရာကျော်မှာ မြေပြင်ပေါ်တွင် ခွေကျသွားကြပြီး တကယ်ကို သွေးအန်ချင်စိတ် ပေါက်သွားကြသည်။
ထို့နောက် စာမေးပွဲ စစ်ဆေးသူများ၏ အလှည့် ရောက်လာပြီ ဖြစ်၏။
ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “နိုင်ငံတော်အတွက် လူရွေးချယ်တာ ဖြစ်လို့ တရားမျှတမှု ရှိရမယ်။ ဘယ်သူမှ ပေါ့ပေါ့ဆဆ မလုပ်နဲ့။ ကျုပ်အကြောင်း ခင်ဗျားတို့ သိပါတယ်။ ခွင့်လွှတ်မှာ မဟုတ်ဘူး။ စလိုက်ကြစို့”
လုံးဝ ပိတ်လှောင်ထားသော အခန်းတစ်ခန်း အတွင်း၌ အဖြေလွှာ သုံးထောင့်ငါးရာကျော်က တောင်ကဲ့သို့ ပုံနေ၏။
စာမေးပွဲ စစ်ဆေးသူ ဆယ့်သုံးဦးက အဖြေလွှာများကို အဆက်မပြတ် စစ်ဆေးနေကြသည်။
ပထမဆုံး အနေဖြင့် ဇကာချရမည်ဖြစ်ပြီး ပထမနေ့၏ ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် အဖြေလွှာများကို စစ်ဆေးရမှာဖြစ်၏။
မေးခွန်း နှစ်ရာတွင် အကယ်၍ တစ်ရာ့ငါးဆယ်အောက်သာ မှန်ကန်ပါက ချက်ချင်း ပယ်ချကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
နောက်ရက်များမှ နိုင်ငံရေး စာစီစာကုံးနှင့်ကဗျာ လင်္ကာများ မည်မျှပင် ကောင်းမွန်စေကာမူ အလကားပင် ဖြစ်ပြီး စာမေးပွဲ ကျရှုံးသွားပြီ ဖြစ်၏။ စာမေးပွဲ စစ်ဆေးသူများက လုံးဝ ကြည့်မည် မဟုတ်ပေ။
“ဖြုတ်… ဖြုတ်... ဖြုတ်...”
အခန်း တစ်ခန်းလုံးတွင် အဖြေလွှာများ မြေပြင်ပေါ်သို့ ကျဆင်းသံများ ဆူညံနေ၏။
ယခုနှစ်၏ ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် မေးခွန်းများက လုံးဝ ဖြေဆို၍ မရနိုင်လောက်အောင် ခက်ခဲလွန်းသောကြောင့် ပယ်ချခံရသော အဖြေလွှာများ အလွန် များပြားလှသည်။
ခန့်မှန်းခြေအားဖြင့် ဤပထမအဆင့်ကို ကျော်ဖြတ်နိုင်သူ တစ်ထောင်ပင် မပြည့်နိုင်ဘဲ ကျောင်းသား သုံးပုံနှစ်ပုံကျော်မှာ ဤပထမ အဆင့်တွင်ပင် ကျရှုံးသွားကြပေလိမ့်မည်။
“ကောင်းကင်ဘုံ… ဒီကျောင်းသားက တကယ် တော်တာပဲ။ ပထမနေ့ ကွက်လပ်ဖြည့်နဲ့ ကျမ်းစာ ဖွင့်ဆိုချက်မှာ မေးခွန်း တစ်ရာ့ကိုးဆယ့်ရှစ်ခုတောင် မှန်တယ်။”
ထိုစကားကို ကြားချိန်မှာတော့ စာမေးပွဲ စစ်ဆေးသူများ အားလုံး ခေါင်းမော့လာကြပြီး အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။
“ဒီလောက်ခက်တဲ့ မေးခွန်းတွေကို ဒီမှာ ရှိနေတဲ့ ကျုပ်တို့ အားလုံး ဖြေရင်တောင် တစ်ရာ့ကိုးဆယ့်ရှစ်ခု မှန်မှာ မဟုတ်ဘူး။ ဒါက သမိုင်းဝင် စံချိန်ကို ချိုးဖျက်လိုက်တာပဲ။ ချန်လန်ပြည်နယ် ပီသပါပေတယ်။ ဒီလို ပါရမီရှင်မျိုး ရှိနေသေးတာပဲ။ ဒါက စာလုံးရေ တစ်သန်းကျော်ကို အားလုံးနီးပါး အလွတ်ကျက်ထားတယ် ဆိုတဲ့ သဘောပဲ။”
“ပါရမီရှင်… ပါရမီရှင်ပဲ…”
ရုတ်တရက် စာမေးပွဲ စစ်ဆေးသူ တစ်ဦးက ပြောလိုက်၏။ “ဒါ သေချာပေါက် စုမန်ရဲ့ အဖြေလွှာ ဖြစ်ရမယ်။”
အခန်း တစ်ခန်းလုံး တိတ်ဆိတ်သွား၏။ အားလုံးက သိနေကြသော်လည်း ထုတ်ပြော၍ မရပေ။ အားလုံး၏ အကြည့်များက ပင်မစာမေးပွဲ စစ်ဆေးသူ ယွီကျန်းထံသို့ ရောက်သွားကြသည်။
ယွီကျန်း သည် အစွဲအလမ်း ကြီးပြီး ကောင်းကင်ကိုရော၊ မြေကြီးကိုရော၊ လေထုကိုပါ ပြဿနာ ရှာတတ်သူ ဖြစ်သော်လည်း ခေတ်နောက်ကျနေသူ မဟုတ်သောကြောင့် ထိုစာမေးပွဲ စစ်ဆေးသူ၏ စကားကို ဘာမှ မတုံ့ပြန်ပေ။
ထို့ကြောင့် အားလုံးက ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြ၏။ “ကံကြမ္မာဆိုး ကျရောက်နေသူဆိုတာ တကယ် မှန်တာပဲ။ စာမေးပွဲ နတ်ဆိုး ပီသပါပေတယ်။”
“ဒီလူက လွန်ခဲ့တဲ့ ဆယ်နှစ်တည်းက ပထမ ကျွမ့်ယွမ် ရနိုင်တဲ့သူလေ။ ဆယ်နှစ်လုံးလုံး အောင့်အည်း သည်းခံပြီး ဓားသွေးလာခဲ့တာ ဆိုတော့ ဘယ်သူကမှ သူ့ကို တားဆီးနိုင်မှာ မဟုတ်တော့ဘူး။ ဒီလို ပါရမီရှင်မျိုး ဆိုတော့ ဒီတစ်ခေါက် ပြိုင်ဘက်တွေ အားလုံးကို အဝေးကြီးမှာ ဖြတ်ချန်ခဲ့မှာ သေချာတယ်။”
“ဒီပထမနေ့ စာမေးပွဲမှာတင် သူ့ထက် ပိုတော်တဲ့သူ ရှိဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။”
“လုံးဝ မဖြစ်နိုင်ဘူး။ မေးခွန်း တစ်ရာ့ကိုးဆယ့်ရှစ်ခု မှန်တယ်ဆိုတာ အထွတ်အထိပ် ရောက်သွားပြီ။ နှစ်ပေါင်း ရာချီအတွင်း ပထမဆုံးပဲ။”
“ကျုပ် အခုထိ စစ်ခဲ့သမျှထဲမှာ အများဆုံး မှန်တာ တစ်ရာ့ရှစ်ဆယ့်ခုနစ်ခုပဲ ရှိသေးတယ်။ အရမ်း ကွာခြားလွန်းတယ်။ ပါရမီရှင်နဲ့ သာမန် ပညာတတ်တွေရဲ့ ကွာခြားချက်ပဲ။”
ထို့နောက် အားလုံးက ငြီးငွေ့ဖွယ်ကောင်းသော စာမေးပွဲ အဖြေလွှာများကို ဆက်လက် စစ်ဆေးနေကြပြန်၏။
ပထမနေ့ စာမေးပွဲတွင် စုမန်၏ မှန်ကန်သော မေးခွန်း တစ်ရာ့ကိုးဆယ့်ရှစ်ခုကို ကျော်လွန်နိုင်မည့်သူ လုံးဝ မရှိနိုင်တော့ဟု အားလုံးက ယုံကြည်နေကြသည်။
မည်သို့ပင် ဖြစ်စေ လုံးဝ မရှိနိုင်တော့ပေ။
သို့ပေမည့် ထိုအချိန်တွင် အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူ တစ်ဦးက ရုတ်တရက် အံ့အားသင့်စွာ အော်ဟစ်လိုက်၏။ “ကျုပ်… ကျုပ် သရဲများ မြင်နေရတာလား။ ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
အားလုံးက သူ့ကို လှမ်းကြည့်လိုက်ကြပြီး မည်သို့ ဖြစ်သွားသည်ကို မသိကြပေ။
ထိုအထောက်အကူပြု စာမေးပွဲ စစ်ဆေးသူက ပြောလိုက်သည်။ “ကျုပ်လက်ထဲက အဖြေလွှာမှာ ပထမနေ့ ကွက်လပ်ဖြည့်နဲ့ ကျမ်းစာ ဖွင့်ဆိုချက် မေးခွန်း နှစ်ရာလုံး မှန်နေတယ်။ တကယ် သရဲ ခြောက်တာပဲ။”
“မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး။”
စာမေးပွဲ စစ်ဆေးသူများအားလုံး အံ့အားသင့်စွာ အော်ဟစ်လိုက်ကြပြီး ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းပင် ရုတ်တရက် မတ်တတ်ရပ်လိုက်၏။
ထို့နောက် စာမေးပွဲ စစ်ဆေးသူ ဆယ့်သုံးဦးလုံးက ထိုအဖြေလွှာကို ဝိုင်းအုံ ကြည့်ရှုကြလေသည်။
‘ချီးတဲ့မှ… ကောင်းကင်ကို ဆန့်ကျင်တော့မယ်ဟေ့။’
“ခင်ဗျား မှားယူမိတာများလား။ အဖြေမှန် စာရွက်ကို အဖြေလွှာလို့ ထင်ပြီး စစ်နေတာလား။”
ထိုစကားကို ကြားချိန်မှာတော့ လူတိုင်း သဘောပေါက်သွားကြ၏။ ဤသည်မှာ လုံးဝ ဖြစ်နိုင်ခြေ ရှိသည်။ အဘယ်ကြောင့်ဆိုသော် အဖြေလွှာများ စစ်ဆေးရလွန်းသောကြောင့် ခေါင်းမူးနေပြီး မှားယွင်းသွားနိုင် သောကြောင့် ဖြစ်၏။
ပထမနေ့ စာမေးပွဲတွင် အဖြေမှန် စာရွက်များရှိပြီး စာမေးပွဲ စစ်ဆေးသူတိုင်း၏ လက်ထဲသို့ တစ်စောင်စီ ပေးထားသည်။
ဤမျှ ခက်ခဲသော မေးခွန်းများတွင် အားလုံး မှန်ကန်ရန် ဆိုသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ မေးခွန်း ထုတ်သူများကိုယ်တိုင်ပင်လျှင် မေးခွန်း တစ်ရာ့ကိုးဆယ် ထက် ပို၍ မှန်အောင် ဖြေနိုင်မည် မဟုတ်ပေ။
ထို အထောက်အကူပြု စာမေးပွဲ စစ်ဆေးသူက အခြားစာရွက် တစ်ရွက်ကို မြှောက်ပြကာ ပြောလိုက်၏။ “ဒါ… ဒါကမှ ကျုပ်တို့ တိုက်ဆိုင် စစ်ဆေးရမယ့် အဖြေမှန် စာရွက်ပါ။”
ချက်ချင်းပဲ စာမေးပွဲ စစ်ဆေးသူများအားလုံး ဝိုင်းအုံလာကြပြီး ထိုအဖြေလွှာကို အသေးစိတ် စစ်ဆေးကြလေသည်။
မမှားပေ၊ မေးခွန်း နှစ်ရာလုံး မှန်ကန်နေ၏။
လူတိုင်း အံ့အားသင့်သွားကြပြီး မျက်နှာများ ဖြူရော်သွားကြကာ အချင်းချင်း ကြောက်ရွံ့သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ဤကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာချိန်မှာတော့ သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ အံ့သြခြင်း မဟုတ်ဘဲ ကြောက်ရွံ့ခြင်းပင် ဖြစ်၏။
“မေး… မေးခွန်းတွေ ပေါက်ကြားသွားတာများလား။” စာမေးပွဲ စစ်ဆေးသူ တစ်ဦးက အကြောက်ဆုံး အတွေးကို ထုတ်ပြောလိုက်သည်။
ဤသည်မှာ စာမေးပွဲ စစ်ဆေးသူတိုင်း၏ ပထမဆုံး အတွေး ဖြစ်၏။ ဤမျှ ခက်ခဲသော မေးခွန်းများတွင် အားလုံး မှန်ကန်ရန် ဆိုသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။
တစ်နည်းသာ ရှိ၏။ မေးခွန်းများ ပေါက်ကြားသွားပြီး လိမ်လည်မှု ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။
ထိုသို့ဆိုလျှင် အကျိုးဆက်က အလွန် ကြီးမားလှ၏။ ဤနေရာတွင် ရှိနေသော စာမေးပွဲ စစ်ဆေးသူတိုင်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ရာထူး ကျသွားခြင်းက အသေးအဖွဲ ကိစ္စဖြစ်ပြီး ထောင်ကျခြင်း၊ သို့မဟုတ် သေဒဏ် ပေးခံရခြင်းများပင် ဖြစ်လာနိုင်၏။
စာမေးပွဲ လိမ်လည်မှု အရှုပ်တော်ပုံတိုင်းက ဧကရာဇ်မင်းမြတ်ထံသို့ တိုက်ရိုက် ရောက်ရှိလေ့ ရှိသည်။
လိမ်လည်မှု ဖြစ်ပေါ်လာပါက သေချာပေါက် ကြီးကျယ်သော အမှုကြီး ဖြစ်လာမည် ဖြစ်ပြီး လူအများအပြား သေဆုံးရပေလိမ့်မည်။
ဘယ်ဘက် ဒုတိယ စာမေးပွဲ စစ်ဆေးသူက ပြောလိုက်၏။ “ကိုယ့်ကိုယ်ကိုယ် မခြောက်လှန့်ကြပါနဲ့။ တကယ်လို့ မေးခွန်းတွေ ပေါက်ကြားသွားတယ်ဆိုရင် ဒီလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ မေးခွန်းတွေ ပေါက်ကြားသွားရင် အမှတ်ကောင်းတဲ့သူတွေ အများကြီး ထွက်လာမှာပေါ့။ ဒါပေမဲ့ အမှတ်ပြည့် ရတဲ့သူတော့ လုံးဝ ရှိလာမှာ မဟုတ်ဘူး။”
ထိုစကားက ယုတ္တိတန်လှ၏။ အဘယ်ကြောင့်ဆိုသော် ပထမနေ့၏ ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် စာမေးပွဲသည် ဇကာချရန် သက်သက်သာဖြစ်ပြီး အမှတ် ၈၀ လောက် ရလျှင် လုံလောက်နေပြီ ဖြစ်သောကြောင့်ပင်။
မေးခွန်း နှစ်ရာတွင် တစ်ရာ့ငါးဆယ်လောက် မှန်ပါက အန္တရာယ်ကင်းသွားပြီဖြစ်ပြီး တစ်ရာ့ခုနစ်ဆယ် ကျော်ပါက အလွန် ထူးချွန်နေပြီ ဖြစ်၏။ ထို့ထက် ပိုမှန်လျှင်လည်း အဓိပ္ပာယ် မရှိတော့ပေ။ အဆင့် သတ်မှတ်ချက်အတွက် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိတော့သောကြောင့် ဖြစ်သည်။
ဤမေးခွန်းများ အားလုံးကို မှန်ကန်စွာ ဖြေဆိုနိုင်ခြင်းက အလွတ်ကျက်သည့်နေရာတွင် အလွန် တော်ကြောင်းကိုသာ သက်သေပြနိုင်၏။ စာမေးပွဲများတွင် အလွတ်ကျက်ခြင်းကို သိပ်ပြီး အရေးမပေးကြပေ။
ထို့ကြောင့် တကယ်လို့များ မေးခွန်းတွေ ပေါက်ကြားသွားခဲ့တယ် ဆိုလျှင်တောင်မှ မည်သူမှ မေးခွန်း နှစ်ရာလုံး အမှတ်ပြည့် ရအောင် ဖြေမှာ မဟုတ်ပေ။ အများဆုံး ဖြေရင် တစ်ရာ့ကိုးဆယ်လောက်ပဲ ဖြေပေလိမ့်မည်။
ပင်မ စာမေးပွဲ စစ်ဆေးသူ ယွီကျန်းက ညွှန်ကြားလိုက်၏။ “တခြား အဖြေလွှာတွေကို အမြန် စစ်ဆေးကြည့်။ အမှတ်ကောင်းတဲ့ သူတွေ အများကြီး ရှိလား သိရအောင်လို့။”
ထို့နောက် စာမေးပွဲစစ်ဆေးသူ ဆယ့်သုံးဦးက ကျန်ရှိနေသော အဖြေလွှာများကို အမြန်ဆုံး စစ်ဆေးကြလေသည်။
နှစ်နာရီခန့် အကြာတွင် ပထမနေ့ ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် အဖြေလွှာများ အားလုံးကို စစ်ဆေး ပြီးစီးသွားပြီ ဖြစ်၏။
လူတိုင်း သက်ပြင်းချလိုက်ကြသည်။ အရာအားလုံး ပုံမှန်ဖြစ်နေပြီး မေးခွန်း ပေါက်ကြားသည့် အရိပ်အယောင် လုံးဝ မရှိပေ။
အဘယ်ကြောင့်ဆိုသော် စာမေးပွဲ ရလဒ်များက အလွန် ဆိုးရွားနေသောကြောင့် ဖြစ်၏။ အဖြေလွှာ စုစုပေါင်း သုံးထောင့်ငါးရာတွင် ခုနစ်ရာ့နှစ်ဆယ်သာ စားပွဲပေါ်တွင် ကျန်ရှိနေပြီး ကျန်ရှိနေသော အဖြေလွှာများ အားလုံး မြေပြင်ပေါ်သို့ ရောက်ရှိသွားကြသည်။
ကျောင်းသား ၈၀ ရာခိုင်နှုန်းခန့်က ပထမ အဆင့်ကိုပင် မကျော်ဖြတ်နိုင်ခဲ့ကြပေ။ စာမေးပွဲရုံတွင် ညည်းတွားသံများ ထွက်ပေါ်လာသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ယခုတစ်ကြိမ် ကွက်လပ်ဖြည့်နှင့် ကျမ်းစာ ဖွင့်ဆိုချက် မေးခွန်းများက လုံးဝ ဖြေဆို၍ မရနိုင်လောက်အောင် ခက်ခဲလွန်းလှ၏။ ပုံမှန်အားဖြင့် လူတစ်ထောင်ကျော်ခန့် အောင်မြင်လေ့ ရှိသော်လည်း ယခုတစ်ကြိမ်တွင် ခုနစ်ရာ့နှစ်ဆယ်သာ အောင်မြင်ခဲ့သည်။
အကယ်၍ မေးခွန်းများ ပေါက်ကြားခဲ့ပါက ဤသို့သော ရလဒ်မျိုး ထွက်ပေါ်လာမည် မဟုတ်ပေ။ အမှတ်ကောင်းသော အဖြေလွှာများ အများအပြား ထွက်ပေါ်လာမှာဖြစ်၏။
မေးခွန်း ပေါက်ကြားခြင်း မဟုတ်ကြောင်း သေချာသွားပြီ ဖြစ်ရာ ဤအမှတ်ပြည့် အဖြေလွှာမှာ အစစ်အမှန် ဖြစ်ပြီး ကျောင်းသားကိုယ်တိုင်၏ အရည်အချင်းဖြင့် ဖြေဆိုခဲ့ခြင်း ဖြစ်ကြောင်း သေချာသွားပြီ ဖြစ်သည်။
...................