အခန်း (၃၈၁-၃၈၂)
Vol. 39 Ch. 381-382
အခန်း ၃၈၁ - ကမ္ဘာငယ်လေးနှင့် ကောင်းကင်ကြယ်တာရာ တည်နေရာများ
"သေချာတော့မသိဘူးကွ။ အဲဒီအချိန်တုန်းက အခြေအနေက တော်တော်လေးကို အရေးပေါ်ဖြစ်နေခဲ့တာ။ အဲဒီကျန်းရီရဲ့ ဓားသိုင်းထူးကဲစွမ်းရည်က အတော့်ကို အစွမ်းထက်လွန်းတယ်။ ငါ့မှာ လှေပျံကို အစွမ်းကုန်အသက်သွင်းပြီး လျှို့ဝှက်နယ်မြေထဲကနေ ထွက်ပြေးဖို့ကလွဲပြီး တခြားရွေးချယ်စရာမှ မရှိခဲ့တာ။ ဘယ်အရပ်ဘယ်မျက်နှာကို သွားရမလဲဆိုတာ ရွေးချယ်နေဖို့ အချိန်မရခဲ့သလို၊ အခု လှေပျံက ငါတို့ကို ဘယ်ခေါ်လာမှန်းလည်း မသိတော့ဘူး"
မီးခိုးရောင်ဝတ်ရုံနှင့်လူသည် ဆရာတူညီဖြစ်သူနှင့်အတူ ပတ်ဝန်းကျင်ကို သူ၏ဝိညာဉ်အာရုံဖြင့် ဖြန့်ကြက်စူးစမ်းရင်း ရှင်းပြလိုက်လေသည်။
လှေပျံဆိုသည်မှာ တစ်ချိန်က ဆန်းကြယ်သော လျှို့ဝှက်နေရာတစ်ခုကို စူးစမ်းရှာဖွေရင်း သူရရှိခဲ့သည့် ထူးဆန်းလှသော ရတနာတစ်ပါးဖြစ်ပေသည်။ ၎င်း၏ နက်နဲဆန်းကြယ်မှုများကြောင့် ထိုလှေပျံကို သူအပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ ထို့ကြောင့် သူတို့ယခုရောက်ရှိနေသောနေရာကိုလည်း သူကိုယ်တိုင် သေချာမသိနိုင်ဖြစ်နေရသည်။
"ငါတို့ ခြောက်သွေ့နေတဲ့ဥက္ကာပျံငယ်လေးတစ်ခုပေါ် ရောက်နေတာနဲ့တူတယ်"
အချိန်အတန်ကြာ ဝိညာဉ်အာရုံဖြင့် စူးစမ်းပြီးနောက်၌ မီးခိုးရောင်ဝတ်ရုံနှင့်လူက ကောက်ချက်ချလိုက်လေသည်။ အဖြူရောင်ဝတ်ရုံနှင့် လူငယ်သည် ထိုစကားကိုကြားသောအခါ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ၎င်းတို့ရောက်ရှိနေသည့် နေရာကို အတည်ပြုနိုင်ရန် ဥက္ကာပျံအထက်မှနေ၍ ကောင်းကင်ကြယ်တာရာ တည်နေရာများကို စစ်ဆေးကြည့်လေသည်။
သို့သော်လည်း အတန်ကြာ လေ့လာစူးစမ်းပြီးနောက် ဤကြယ်တာရာနယ်မြေသည် သူတို့ဂိုဏ်း၏ ကြယ်တာရာမြေပုံမှတ်တမ်းများတွင် ပါဝင်ခြင်းမရှိဘဲ လုံးဝစိမ်းသက်နေသော နေရာတစ်ခုဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။
"လှေပျံက ငါတို့ကို ဘယ်နေရာကိုများ ခေါ်လာတာပါလိမ့်"
အဖြူရောင်ဝတ်ရုံနှင့်လူငယ်သည် အောက်ဘက်ရှိ ဥက္ကာပျံကို ပတ်၍ပျံသန်းနေရင်း ဥက္ကာပျံ၏ အနောက်ဘက်သို့အရောက်တွင် သူ၏မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားကာ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်လိုက်လေသည်။ ခဏအကြာတွင် သူ၏အကြည့်များထဲ၌ အတိုင်းမသိ ဝမ်းသာပီတိဖြစ်သွားသော အရိပ်အယောင်များ ထွက်ပေါ်လာတော့၏။
"ဆရာတူအစ်ကို.. ဒီကို မြန်မြန်လာခဲ့ပါဦး"
အဖြူရောင်ဝတ်စုံနှင့် လူငယ်သည် ချက်ချင်းပင် ဝိညာဉ်အာရုံဖြင့် သတင်းပို့လိုက်လေသည်။
"ဘာဖြစ်လို့လဲ ဆရာတူညီလေး၊ တစ်ခုခု တွေ့လို့လား" မီးခိုးရောင်ဝတ်ရုံနှင့်လူလည်း အနားသို့ ပျံသန်းရောက်ရှိလာ၏။
အဖြူရောင်ဝတ်စုံနှင့် လူငယ်က ရှေ့သို့လက်ညှိုးထိုးပြလိုက်ရင်း
"ဆရာတူအစ်ကို.. ဟိုမှာ ကြည့်လိုက်ပါဦး"
ညွှန်ပြရာဘက်သို့ လိုက်ကြည့်လိုက်သောအခါ မီးခိုးရောင်ဝတ်ရုံနှင့်လူသည် ချက်ချင်းပင် အံ့အားသင့်သွားလေသည်။
"အဲဒါက... ကမ္ဘာငယ်လေးတစ်ခုများလား၊ မဟုတ်သေးဘူး... နိုးထလာနေတဲ့ ကမ္ဘာငယ်လေးတစ်ခုပဲ"
မီးခိုးရောင်ဝတ်စုံနှင့် လူ၏ ကျင့်ကြံခြင်းအဆင့်သည် ဆရာတူညီဖြစ်သူထက် တစ်ဆင့်ပိုမြင့်သဖြင့် ခပ်ရေးရေးတောက်ပနေသော ရှေ့မှကမ္ဘာငယ်လေး၏ အခြေအနေကို လျင်မြန်စွာပင် ရိပ်မိသွားလေသည်။ ၎င်းသည် အမှန်တကယ်ပင် နိုးထစပြုနေသော ကမ္ဘာငယ်လေးတစ်ခု ဖြစ်နေလေ၏။
ထိုအချက်ကို သဘောပေါက်သွားချိန်တွင် မီးခိုးရောင်ဝတ်စုံနှင့် လူ၏ မျက်နှာပေါ်၌လည်း ဝမ်းသာရွှင်မြူးသည့် အမူအရာများ ထင်ဟပ်လာတော့သည်။
"ဆရာတူအစ်ကို... ကျွန်တော်တို့ဂိုဏ်းရဲ့ မှတ်တမ်းတွေအရဆိုရင် ကမ္ဘာငယ်လေးတစ်ခုက သူ့ရဲ့လည်ပတ်မှုစနစ်ကို ထိန်းသိမ်းဖို့အတွက် နှစ်သောင်းနဲ့ချီကြာတိုင်း ဝိညာဉ်စွမ်းအင်တွေ ခန်းခြောက်သွားပြီးမှ ပြန်လည်နိုးထလာတတ်တဲ့ သံသရာစက်ဝန်းရှိတယ်လို့ ဆိုထားတယ်။ အခု ရှေ့မှာမြင်နေရတဲ့ ကမ္ဘာငယ်လေးက ဝိညာဉ်စွမ်းအင်တွေ သေဆုံးသွားရာကနေ အခုမှ ပြန်လည်နိုးထလာတဲ့ အစောပိုင်းအဆင့်ကို ရောက်နေတာ အသေအချာပဲ။ ကျွန်တော်တို့ ကံကောင်းလိုက်တာဗျာ"
"တကယ်ပဲ... အစက ငြိမ်းချမ်းခြင်းကြာပန်းကို ရခဲ့တယ်၊ အခု ကမ္ဘာငယ်လေးတစ်ခု နိုးထလာတာကို ထပ်တွေ့ရပြန်ပြီ။ ကံကြမ္မာက ငါတို့ဘက်ကို လှည့်လာပြီး ငါတို့ရဲ့ ကျင့်စဉ်ကို ကောင်းချီးပေးနေတာများလား"
မီးခိုးရောင်ဝတ်စုံနှင့် လူသည်လည်း အပြည့်အဝသဘောတူလျက် ခေါင်းညိတ်လိုက်သည်။ ယနေ့ သူတို့၏ ကံဇာတာသည် အမှန်တကယ်ပင် ထူးကဲလှသည်ဟု ခံစားနေရ၏။ ငြိမ်းချမ်းခြင်းကြာပန်းဖြစ်စေ၊ ယခု နိုးထစပြုနေသော ကမ္ဘာငယ်လေးဖြစ်စေ ၎င်းတို့၏တန်ဖိုးမှာ တိုင်းတာ၍မရနိုင်လောက်အောင် ကြီးမားလှသည်။
ယခု ထိုအရာနှစ်ခုလုံးသည် သူတို့လက်ထဲသို့ ကျရောက်လာခဲ့ပြီဖြစ်၏။ ထျန်းတောက်မဟာမိတ်အဖွဲ့မှ တပည့်များစွာ၏ မျက်စိအောက်မှနေ၍ ငြိမ်းချမ်းခြင်းကြာပန်းကို သီသီလေးလုယူနိုင်ခဲ့ခြင်းက သူ၏ကံဇာတာများ အမှန်တကယ်ပင် ပွင့်လင်းလာပြီလောဟု တွေးထင်စေသည်။
"ဆရာတူအစ်ကို... နိုးထလာနေတဲ့ ကမ္ဘာငယ်လေးတစ်ခုဆိုတာ အရမ်းတန်ဖိုးကြီးတယ်။ ဂိုဏ်းကို အကြောင်းကြားသင့်သလား" လူငယ်က မေးလိုက်၏။
"ဂိုဏ်းကိုတော့ အကြောင်းကြားရမှာပဲ၊ ဒါပေမဲ့ အခုချက်ချင်းတော့ မဟုတ်သေးဘူး" မီးခိုးရောင်ဝတ်စုံနှင့် လူက ပြန်ဖြေသည်။ "ငါတို့ကိုယ်တိုင် ဝင်ရောက်စူးစမ်းပြီး ရတနာတချို့ အရင်ရှာဖွေစုဆောင်းပြီးမှ ဂိုဏ်းကို အကြောင်းကြားတာ ပိုကောင်းမယ်"
ကမ္ဘာငယ်လေးတစ်ခု၏ တန်ဖိုးမှာ ကြီးမားလွန်းလှရာ သူတို့နှစ်ဦးတည်းနှင့် ကုန်စင်အောင် ယူဆောင်နိုင်စွမ်းမရှိပေ။ အကြီးမားဆုံးသော အကျိုးအမြတ်ကို ရရှိနိုင်ရန် ဂိုဏ်းမှသာလျှင် အပြည့်အဝ ဖွံ့ဖြိုးအောင် လုပ်ဆောင်ရမည်ဖြစ်၏။ သို့သော် ထိုသို့မတိုင်မီ သူတို့နှစ်ဦးအနေဖြင့် ကြိုတင်ဝင်ရောက်ကာ ရတနာများကို ရှာဖွေနိုင်ပေသည်။ မည်သို့ပင်ဆိုစေ ဤကမ္ဘာငယ်လေးကို သူတို့ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ရာ နောက်ပိုင်း ဂိုဏ်းက သိသွားလျှင်ပင် သူတို့ကို အပြစ်တင်မည်မဟုတ်ပေ။
"ဆရာတူအစ်ကို ပြောတာ သဘာဝကျပါတယ်။ အစ်ကိုပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့" ဂိုဏ်းကို စောစီးစွာ အကြောင်းမကြားချင်သည့် အဖြူရောင်ဝတ်စုံနှင့် လူငယ်ကလည်း ချက်ချင်းပင် သဘောတူလိုက်လေ၏။
"ငါလေ့လာကြည့်ရသလောက်တော့ ရှေ့က ကမ္ဘာငယ်လေးဆီကနေ ထွက်ပေါ်နေတဲ့ စွမ်းအင်တွေအရ သူက အခုမှ ပြန်လည်နိုးထစပြုလာတာပဲ။ အဲဒီအထဲက သဘာဝစည်းမျဉ်းတွေကလည်း အစောပိုင်း ဖွံ့ဖြိုးမှုအဆင့်မှာပဲ ရှိသေးတယ်။ ဒါက ငါတို့အတွက် အားသာချက်ပဲကွ။ စည်းမျဦ်းတွေ အားနည်းနေသေးရင် အဲဒီအထဲမှာ တကယ့်အစွမ်းထက်တဲ့သူတွေ ပေါ်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ငါတို့ဝင်သွားရင် ငါတို့နှစ်ယောက်ကို တားဆီးနိုင်မယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး"
"ဒါဆို ဆရာတူအစ်ကို.. အခုပဲ ဝင်သွားကြမလား" လူငယ်က စိတ်အားထက်သန်စွာ မေးလိုက်၏။
"လောစရာမလိုသေးပါဘူး။ ကမ္ဘာငယ်လေးတစ်ခုဆိုပေမယ့် သူ့ရဲ့အမြှေးပါးကို ဖောက်ထွင်းပြီး ဝင်ရောက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ ပြီးတော့လည်း ငါတို့နှစ်ယောက်လုံး ဒဏ်ရာရထားသေးတယ်လေ။ အရင်ဆုံး ကုသတာ ပိုကောင်းမယ်။ ဒဏ်ရာတွေ အပြည့်အဝ ပျောက်သွားမှပဲ လှေပျံကို အတူတူအသက်သွင်းရင် ငါတို့အတွက် အခွင့်အရေးပိုများတယ်။
ဒါ့အပြင် ဒီကမ္ဘာငယ်လေးထဲက သဘာဝစည်းမျဉ်းတွေ အပြည့်အဝ မဖွံ့ဖြိုးသေးတာက ငါတို့အတွက် အကျိုးရှိပေမယ့်၊ စည်းမျဉ်းတွေ အရမ်းအားနည်းလွန်းနေရင်လည်း အဆင်မပြေဘူးကွ။ အဲဒါက ငါတို့ရဲ့ စွမ်းအားတွေကို ကန့်သတ်ပစ်နိုင်သလို၊ အခွင့်အရေးကောင်းတွေအများကြီး ပေါ်လာဖို့ကိုလည်း တားဆီးနိုင်တယ်လေ။ စည်းမျဉ်းတွေက ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူတွေကို လက်ခံနိုင်တဲ့အဆင့်အထိ ရောက်လာတဲ့အချိန်ကို စောင့်တာက အကောင်းဆုံးပဲ။ အဲဒီအချိန်က ငါတို့ဝင်ရောက်ဖို့ အသင့်တော်ဆုံးအချိန်ဖြစ်လိမ့်မယ်"
မီးခိုးရောင်ဝတ်စုံနှင့် လူသည် မည်သည့်လောလောဆယ်ဆန်မှုမျှ မပြဘဲ လက်ကိုဝှေ့ယမ်းကာ ရှင်းပြလိုက်လေသည်။ သူသည် ဂိုဏ်း၏ မှတ်တမ်းများကို သေချာစွာ လေ့လာဖူးသူဖြစ်ရာ ကမ္ဘာငယ်လေးများ ပြန်လည်နိုးထခြင်းဖြစ်စဉ်ကို ကောင်းစွာနားလည်ထားပြီး ဤကိစ္စများကို အလျင်စလိုလုပ်၍ မရကြောင်း သိထားပေသည်။ အချိန်အခါသင့်မှသာ အကြီးမားဆုံးသော အကျိုးအမြတ်ကို ရရှိနိုင်မည်ဖြစ်၏။
"ကျွန်တော် ဆရာတူအစ်ကို့ကို ယုံကြည်ပါတယ်ဗျ" အဖြူရောင်ဝတ်စုံနှင့် လူငယ်က တုံ့ဆိုင်းမှုမရှိဘဲ သဘောတူလိုက်၏။ သူ၏ ဆရာတူအစ်ကိုသည် သူ့ထက် များစွာအသိပညာကြွယ်ဝသူဖြစ်ကြောင်း သူသိထားရာ အစ်ကိုဖြစ်သူစကားကို နားထောင်ခြင်းက အကောင်းဆုံးရွေးချယ်မှုပင် ဖြစ်သည်။
"ကောင်းပြီ၊ ဒါဆို အရင်ဆုံး ဒဏ်ရာတွေကို ကုကြတာပေါ့။ အဲဒီအတောအတွင်း ဒီကြယ်တာရာနယ်မြေကို စူးစမ်းပြီး ငါတို့ဘယ်နေရာကို ရောက်နေသလဲဆိုတာ အတည်ပြုကြမယ်။ ပြီးတော့ ဂိုဏ်းကို ဆက်သွယ်လို့ရမလားဆိုတာလည်း စမ်းကြည့်ကြတာပေါ့"
ထို့နောက်၌ မီးခိုးရောင်ဝတ်စုံနှင့် လူသည် အောက်ဘက်ရှိ ဥက္ကာပျံပေါ်သို့ ပြန်ပြီးဆင်းသက်သွားလေသည်။ ပြီးနောက်တွင် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ သူ၏သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးတစ်တုံး ထွက်ပေါ်လာပြီး ဒဏ်ရာများသက်သာစေရန် စွမ်းအင်များကို စတင်စုပ်ယူတော့သည်။ အဖြူရောင်ဝတ်စုံနှင့် လူငယ်ကလည်း သူ၏အနီးတွင် ဝင်ထိုင်ကာ ဝိညာဉ်ကျောက်တုံးတစ်တုံးထုတ်၍ ကိုယ်ပိုင်ဒဏ်ရာများကို စတင်ကုသလေ၏။
ဆိတ်ငြိမ်ခြောက်ကပ်ပြီး အမည်မသိသော ဥက္ကာပျံငယ်လေးထံသို့ ငြိမ်သက်ခြင်းက တစ်ဖန် ပြန်ပြီးရောက်ရှိလာပြန်သည်။ ထိုနေရာတွင် တည်ငြိမ်သော်လည်း အစွမ်းထက်လှသော အငွေ့အသက်နှစ်ခုသာ ညင်သာစွာ တုန်ခါလျက်ရှိနေတော့၏။
တစ်ချိန်တည်းမှာပင် လုချင်းသည်ကား အလှမ်းဝေးကွာလှသော ကောင်းကင်ကြယ်တာရာများ၏ အစွန်အဖျားတွင် ဖြစ်ပျက်နေသည်များကို လုံးဝမသိရှိပေ။ သူသည် လင်းကျိယွဲ့အား ကျင့်ကြံခြင်းလမ်းစဉ်၏ အခြေခံသဘောတရားများကို အကျဉ်းချုပ် ရှင်းပြပေးနေလေသည်။
ထိုစဉ် လင်းကျိယွဲ့မှာတော့ စိတ်ဝင်တစားအပြည့်ဖြင့် နားထောင်နေလေ၏။
"ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ တကယ်ကို နက်နဲကျယ်ပြန့်လွန်းလှပါလားနော်။ အင်းးး တွေးကြည့်ဖို့တောင် ခက်ခဲတာပဲနော်။ သခင်လေးလု ရှင်းပြသွားတဲ့ လမ်းစဉ်အမျိုးမျိုးကပဲ ရိုသေလေးစားချင်စိတ်ကို ဖြစ်ပေါ်စေဖို့ လုံလောက်နေပါပြီဗျာ"
"သခင်လေးကျိယွဲ့... ခင်ဗျားရဲ့ မွေးရာပါ ချီစွမ်းအင်စစ်က ခုနစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းလောက် အသွင်ပြောင်းသွားပြီပဲ။ ဝိညာဉ်စွမ်းအင်အဖြစ် အပြည့်အဝ ပြောင်းလဲသွားဖို့ သိပ်မလိုတော့ပါဘူး။ အနာဂတ်မှာ ဘယ်လမ်းစဉ်ကို လိုက်မလဲဆိုတာ စဉ်းစားထားလို့ ရပြီနော်"
"ကျွန်တော် အနာဂတ်မှာ ဘယ်လမ်းစဉ်ကို လိုက်ရမလဲဆိုတာ..." လင်းကျိယွဲ့သည် နက်ရှိုင်းစွာ တွေးတောရင်း ရေရွတ်လိုက်လေသည်။ လုချင်း၏ လမ်းညွှန်မှုများတွင် နက်နဲသောအဓိပ္ပါယ်များ ပါဝင်နေကြောင်းကို သူသိထားပါ၏။ သို့သော် သူမည်သည့်လမ်းစဉ်ကို လိုက်မည်ဆိုသည်ကို အလေးအနက် စဉ်းစားခဲ့ဖူးခြင်း မရှိချေ။
ထျန်းကျီမျှော်စင်သည် ကမ္ဘာလောကရှိ အရာအားလုံးကို သိရှိသည်ဟု နာမည်ကြီးသော်လည်း ကျင့်ကြံခြင်းလမ်းစဉ်နှင့်ပတ်သက်သော အချက်အလက်များမှာတော့ အကန့်အသတ်ရှိနေသည်။ အနည်းဆုံးတော့ လုချင်း ယခုလေးတင် ရှင်းပြသွားသော အခြေခံအသိပညာများကိုပင် ထျန်းကျီမျှော်စင်၏ မှတ်တမ်းများတွင် ရေးသားထားခြင်း မရှိပေ။ လင်းကျိယွဲ့သည် မကြာသေးမီက မြင့်မြတ်သောတောင်တော်မှ ထုတ်ပြန်ခဲ့သည့် ရှေးဟောင်း ချီသန့်စင်ခြင်းနည်းလမ်းများကို အသုံးပြု၍သာ ဝိညာဉ်စွမ်းအင်၏ နက်နဲမှုများကို နားလည်သဘောပေါက်လာကာ သူ၏ ချီစွမ်းအင်စစ်ကို ဝိညာဉ်စွမ်းအင်အဖြစ် တဖြည်းဖြည်း အသွင်ပြောင်းနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခု ဝိညာဉ်စွမ်းအင်များကို ကျင့်ကြံရရှိပြီးနောက်၌ မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို သူ လုံးဝလမ်းပျောက်နေခဲ့သည်။ လုချင်း ရှင်းပြသော ကျင့်ကြံခြင်းခရီးလမ်းမှ အမျိုးမျိုးသော လမ်းစဉ်များအကြောင်းကို ကြားရသောအခါ၌ သူ၏အမြင်များကို ကျယ်ပြန့်စေရုံသာမက မည်သည့်လမ်းစဉ်ကို ရွေးချယ်သင့်သလဲဟုပါ တွေးတောလာစေခဲ့သည်။
စဉ်းစားခန်းဝင်နေသော လင်းကျိယွဲ့ကိုကြည့်ရင်း လုချင်းက ပြုံးလိုက်လေ၏။ သူ လင်းကျိယွဲ့ကို မနှောင့်ယှက်တော့ဘဲ ဝိညာဉ်လယ်ကွက်ဘေးတွင် လွတ်လပ်စွာ တွေးတောခွင့်ပြုထားခဲ့ကာ သူကိုယ်တိုင်မှာတော့ ခြံဝင်းဘက်သို့ လျှောက်သွားလိုက်သည်။
လင်းကျိယွဲ့သည် အမှန်တကယ်ပင် ပေါင်းသင်းသင့်သော မိတ်ဆွေတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူ့ကို လမ်းညွှန်မှုအချို့ပေးရန် လုချင်း ဝန်မလေးခဲ့ပေ။ အကယ်၍ လင်းကျိယွဲ့အနေဖြင့် သူ၏ကျင့်ကြံခြင်းလမ်းစဉ်အပေါ် ထိုးထွင်းသိမြင်မှုတစ်ခု ရရှိသွားပါက လုချင်းက သူ့အား ကျင့်ကြံခြင်းနည်းလမ်းအချို့ကို မျှဝေပေးရန်လည်း ဝန်လေးနေမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူ၏စိတ်အာရုံထဲတွင် လီဟော်ဂိုဏ်း၏ အမွေအနှစ်အားလုံးနီးပါးကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။
၎င်းတို့ထဲမှ နည်းလမ်းတစ်ခု သို့မဟုတ် နှစ်ခုလောက်ကို ရွေးချယ်ပေးလိုက်ခြင်းကပင် လင်းကျိယွဲ့၏ ကျင့်ကြံခြင်းအတွက် လုံလောက်သည်ထက် ပိုနေပြီပင်။
...
အခန်း ၃၈၂ - အခြေတည်အဆင့်ဆီသို့ အဆင့်တက်လှမ်းခြင်း
"သခင်လေးလု.. ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ကျင့်ကြံခြင်းလမ်းစဉ်နဲ့ ပတ်သက်လို့ သခင်လေးရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက်မှာ ကျွန်တော်က ဂါထာမန္တန်တွေ ကျင့်ကြံတဲ့လမ်းစဉ်ကို တော်တော်လေး စိတ်ဝင်စားသွားပြီဗျ"
ဝိညာဉ်လယ်ကွက်ဘေးတွင် အချိန်အတန်ကြာ ရပ်နေခဲ့ပြီးနောက်၌ လင်းကျိယွဲ့သည် ခြံဝင်းအတွင်းသို့ ပြန်ပြီးရောက်ရှိလာကာ လုချင်းအား ပြောလိုက်လေသည်။
"ဂါထာမန္တန်ကျင့်ကြံခြင်းလမ်းစဉ်ပေါ့..."
ထိုစကားကို ကြားသော်လည်း လုချင်းက အံ့အားသင့်မသွားပေ။
သူက ပြုံးလျက် ခေါင်းညိတ်ကာ "ဒါဆိုလည်း ရိုးရှင်းပါတယ်။ ခင်ဗျားခန္ဓာကိုယ်ထဲက ချီစွမ်းအင်စစ်တွေကို ဝိညာဉ်စွမ်းအင်အဖြစ် အပြည့်အဝ အသွင်ပြောင်းပြီးတာနဲ့ ဂါထာမန္တန်ကျင့်ကြံခြင်း နည်းလမ်းတွေကို ကျွန်တော် သင်ပေးပါ့မယ်"
"သခင်လေးလု.. တကယ်ကြီး သင်ပေးမှာလား"
ထိုသို့ဖြစ်လာနိုင်သည်ဟု သူ ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း လုချင်းကိုယ်တိုင် နှုတ်မှဖွင့်ဟပြောလာသောအခါ လင်းကျိယွဲ့မှာ အတိုင်းမသိ ဝမ်းသာရွှင်မြူးသွားတော့သည်။ ထို့ပြင် စိုးရိမ်ပူပန်မှုအနည်းငယ်ကိုလည်း ခံစားလိုက်ရသေး၏။ မည်သို့ပင်ဆိုစေ ဤသည်ကား မသေမျိုးကျင့်ကြံခြင်းနည်းလမ်းဖြစ်သည်။ ကျုံးကျိုးရှိ ထိပ်တန်းဂိုဏ်းကြီးပေါင်းများစွာကပင် အိပ်မက်ထဲ၌ပင် တောင့်တနေရသည့် အရာဖြစ်ပေသည်။ သို့ပါလျက် လုချင်းက သူ့အား ယခုကဲ့သို့ လွယ်လင့်တကူ သင်ပေးမည်ဟု ဆိုလာခြင်းမဟုတ်ပါလော။
"ဒါက မသေမျိုးကျင့်ကြံခြင်းရဲ့ အခြေခံနည်းလမ်းလေးတစ်ခုသာသာပါ။ အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူး အစ်ကိုကျိယွဲ့ရယ်။ ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ အရမ်းကိုရှည်လျားပါတယ်။ တစ်ခါတစ်လေကျ ပိုပြှးခရီးရောက်ဖို့အတွက် အပြန်အလှန် အထောက်အပံ့တွေ လိုအပ်တတ်ပါတယ်ဗျ။ ချီသန့်စင်ခြင်းအဆင့်ဆိုတာ မသေမျိုးကျင့်ကြံခြင်းခရီးလမ်းရဲ့ အစပဲရှိပါသေးတယ်။ ရှေ့ဆက်သွားရမယ့် လမ်းက အတော်လေးကို ရှည်လျားပါသေးတယ်"
အဓိပ္ပါယ်များစွာ ပါဝင်နေသည့် လုချင်း၏စကားများကြောင့် လင်းကျိယွဲ့မှာ တစ်ဖန် နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်းဝင်သွားရပြန်လေ၏။
...
အချိန်တို့သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့ရာ မသိလိုက်မသိဘာနှင့်ပင် နောက်ထပ်တစ်လ ကုန်လွန်သွားခဲ့လေပြီပင်။ ဤတစ်လတာကာလအတွင်း လုချင်းသည် ပဉ္စမမြောက် တာအိုစည်းချက်ကို သေချာစွာ စောင့်ကြည့်နေခဲ့သော်လည်း ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
လွန်ခဲ့သောလဝက်ခန့်ကတည်းက ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ ရှင်းလင်းစွာ ခံစားနေရသည်။ သို့တိုင် နောက်တစ်ဆင့် အသွင်ပြောင်းရန်အတွက် ပဉ္စမမြောက် တာအိုစည်းချက်ကို ချက်ချင်း လှုံ့ဆော်ခြင်းမရှိခဲ့ပေ။ ယင်းအစား တစ်ခုခုကို ပြင်ဆင်နေသည့်အလား ထိန်းချုပ်ထားပုံရလေသည်။
ဤအချက်က ပဉ္စမမြောက် တာအိုစည်းချက်သည် ထူးထူးခြားခြားဖြစ်လာတော့မည်ဖြစ်ကြောင်း လုချင်းကို သဘောပေါက်စေခဲ့သည်။ ၎င်းစည်းချက် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာကြီးအတွက် ကြီးမားလှသော အပြောင်းအလဲများကို ယူဆောင်လာမည်မှာ သေချာပေသည်။ မေးစရာရှိသည်မှာ ဤသို့ဖြစ်တည်နေသော အသွင်ကူးပြောင်းမှုကြီးက မည်သည့်အချိန်တွင် အမှန်တကယ် ပေါ်ပေါက်လာမည်နည်းဆိုသည်ပင်။
သို့ရာတွင် တာအိုစည်းချက် မထွက်ပေါ်လာခြင်းက လုချင်း၏ ကျင့်ကြံမှုတိုးတက်ခြင်းကို အဟန့်အတား မဖြစ်စေခဲ့ပေ။
တကယ်တမ်းတွင် တစ်လကျော်ကာလအတွင်း သူ၏အခြေခံမှာ ကန့်သတ်ချက်သို့ရောက်ရှိသွားပြီဖြစ်ကာ အဆင့်တက်လှမ်းရန် အစွန်းအဖျားသို့ တစ်ဖန် ရောက်ရှိနေခဲ့ပြီဖြစ်၏။ ထို့ကြောင့် သူသည် အဆင့်တက်ရန် အသင့်ပြင်ဆင်ကာ ယွီဟွာဂူသို့ ပြန်ပြီးသွားရောက်ရန် အချိန်အနည်းငယ် ယူလိုက်လေသည်။
ယွီဟွာဂူတွင် လုချင်း နောက်ဆုံးအကြိမ် ဝိညာဉ်စွမ်းအင်များကို ကုန်စင်အောင် စုပ်ယူခဲ့ပြီးနောက် နှစ်လကျော် ကုန်လွန်ခဲ့ပြီဖြစ်သည်။ ယခုအခါ စွမ်းအင်များမှာ ပြန်ပြီးပြည့်ဖြိုးနေပြီဖြစ်ကာ ပို၍ပင် ကြွယ်ဝနေပြီး နှင်းမြူနှယ် ခဲဝင်နေသော ဝိညာဉ်စွမ်းအင်များအဖြစ်သို့ပင် ရောက်ရှိနေလေပြီပင်။ ဤသည်ကို မြင်သောအခါ လုချင်း ကျေနပ်သွားမိတော့၏။
သူ၏အခြေခံမှာ အလွန်တရာ နက်ရှိုင်းလှသဖြင့် အဆင့်တက်လှမ်းရန်အတွက် လိုအပ်မည့် ဝိညာဉ်စွမ်းအင်ပမာဏမှာလည်း အလွန်ကြီးမားမည်ဖြစ်သည်။ ကျိုးလီရွာတွင် စုစည်းနေသော ဝိညာဉ်စွမ်းအင်လေးဖြင့်တော့ လုံလောက်မည်မဟုတ်ပေ။ ထို့ကြောင့် ဤအဆင့်တက်လှမ်းမှုအတွက် ယွီဟွာဂူကို သူ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သူထင်ထားသည့်အတိုင်းပင် ဤနေရာက သူ့ကို စိတ်ပျက်မသွားစေခဲ့ပေ။ ဝိညာဉ်စွမ်းအင်များမှာ သူမျှော်လင့်ထားသည်ထက် များစွာပိုမိုကြွယ်ဝနေကာ သူ၏အဆင့်တက်လှမ်းမှုကို အထောက်အပံ့ပေးရန် လုံလောက်မည်မှာ သေချာပေ၏။
တိတ်ဆိတ်နေသော ဂူထဲတွင် ဝင်ထိုင်လိုက်ရင်း လုချင်းသည် အတွင်းရှိ မန္တန်ကွင်းပြင်ကို အပြည့်အဝ အသက်သွင်းလိုက်ကာ အရာအားလုံး အသင့်ဖြစ်နေစေရန် သေချာလုပ်ဆောင်လိုက်တော့၏။ ထို့နောက် စိတ်ကို စုစည်းကာ အနားပေးလိုက်ပြီး သူ၏အတွင်းပိုင်း၌ ဖြစ်ပေါ်နေသော အဆင့်တက်လှမ်းလိုသည့် ဆန္ဒကို ဆက်လက်ဖိနှိပ်မထားတော့ပေ။ နောက်တစ်ခဏ၌ ဂူအတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ လှိုင်းထန်လာပြီး လုချင်း၏ ရုပ်ခန္ဓာမှာလည်း စတင်အသွင်ပြောင်းလဲလာတော့သည်။
လုချင်းသည် ခန္ဓာကိုယ်ကျင့်ကြံသည့်လမ်းစဉ်ကို လိုက်နေသူဖြစ်ရာ ခန္ဓာကိုယ်ကျင့်ကြံသူများအတွက် အဆင့်တက်လှမ်းရာတွင် ပထမဆုံး အသွင်ပြောင်းလဲမှုမှာ ရုပ်ခန္ဓာပင်ဖြစ်၏။ သူ၏ အာရုံခံစားမှုများအရ အစောပိုင်းကတည်းက ကြောက်မခန်းလိလိ အစွမ်းထက်နေပြီဖြစ်သော ခန္ဓာကိုယ်ကြီးက ပိုမိုနက်ရှိုင်းသော အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းနေကြောင်း ခံစားလိုက်ရသည်။
ရိုးတွင်းခြင်ဆီ၊ ကြွက်သား၊ သွေးကြော၊ ချီကြောများနှင့် အပ်စိုက်မှတ်များ...
ယင်းတို့အားလုံးသည် ပို၍တက်ကြွပြီး အသက်ဝင်လာကြသည်။ ဤအသွင်ပြောင်းလဲမှုများကို ထောက်ပံ့ရန် အလွန်ကြီးမားသော ဝိညာဉ်စွမ်းအင်ပမာဏ လိုအပ်ပေ၏။
လုချင်း၏ ခန္ဓာကိုယ်ကြီးမှာ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုပမာ ဂူအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို မရပ်မနား စုပ်ယူနေတော့သည်။ ထိုစွမ်းအင်များကို သူ၏ ကိုယ်ပိုင်အသက်သွေးကြောရတနာဖြစ်သော ဓာတ်ငါးပါးဘူးသီးခြောက်က သန့်စင်ပေးပြီး အဆင့်တက်လှမ်းရာတွင် အသုံးပြုရန် ပံ့ပိုးပေးနေလေ၏။
ကံကောင်းစွာဖြင့် လွန်ခဲ့သောနှစ်လအတွင်း ယွီဟွာဂူ၌ လုံလောက်သော ဝိညာဉ်စွမ်းအင်များ စုဆောင်းမိထားခဲ့သည်။ ထို့အပြင် မန္တန်ကွင်းပြင်ကလည်း ပြင်ပကမ္ဘာမှ ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ဆွဲယူပေးနေသေး၏။ ထိုအရာများသာမရှိပါက လုချင်း အဆင့်တက်ရန်လိုအပ်သည့် ဝိညာဉ်စွမ်းအင်ပမာဏကို ရရှိနိုင်မည်မဟုတ်ပေ။
လုချင်းသည် နက်ရှိုင်းသော တရားထိုင်ခြင်းအခြေအနေသို့ ဝင်ရောက်သွားခဲ့ပြီး လီဟော်ဒယ်အိုးထဲရှိ ယန်ပင်လျှင် သူ၏အဆင့်တက်လှမ်းမှုကို အနီးကပ် စောင့်ကြည့်နေလေသည်။ မြူခိုးများပမာ ခဲဝင်နေလုမတတ်ရှိသော ဝိညာဉ်စွမ်းအင်များကို လုချင်း ဝါးမျိုနေသည်ကိုကြည့်ရင်း ယန့်မှာ အတွင်းစိတ်ထဲ၌ လွန်စွာအံ့အားသင့်နေမိသည်။
ဤသည်ကား အခြေတည်အဆင့်သို့ တက်လှမ်းခြင်းမျှသာဖြစ်သည်။ လီဟော်ဂိုဏ်းတွင်ရှိစဉ်က သူသည် အဆင့်တက်လှမ်းမှုများစွာကို မြင်တွေ့ခဲ့ဖူးသည်။ သို့သော် ဝိညာဉ်စွမ်းအင် ဤမျှလောက်များများ လိုအပ်သော အဆင့်တက်လှမ်းမှုကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ကောင်းကင်အတိဒုက္ခ မကျရောက်သည်မှလွဲ၍ ဤလှုပ်ရှားမှုမှာ ရွှေရောင်အမြုတေအဆင့်သို့ တက်လှမ်းသည်နှင့် နီးပါးတူညီနေပေသည်။
ယန်၏စိတ်ထဲတွင် မျှော်လင့်တကြီး စောင့်စားချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။ လုချင်း၏ အခြေခံမှာ အလွန်တရာကို ခိုင်မာလွန်းလှသည်။ ချီသန့်စင်ခြင်းအဆင့်တွင်ပင် သူ၏ခန္ဓာကိုယ်မှာ အခြေတည်အဆင့် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးကဲ့သို့ ရတနာတစ်ပါးနှယ် တောက်ပနေသော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီပင်။ သူ၏စွမ်းအားမှာလည်း အခြေတည်အဆင့်၏ အထွတ်အထိပ်ရောက် ကျင့်ကြံသူတစ်ဦးထက် မနိမ့်ကျလှပေ။
ယခု ဤသို့ အဆင့်တက်လှမ်းပြီးသွားပါက မည်သည့်စွမ်းအားအဆင့်သို့ ရောက်ရှိသွားမည်နည်း။
နေရောင်၊ လရောင်မရှိသော ယွီဟွာဂူထဲတွင် နံရံများမှ ထွက်ပေါ်နေသော အလင်းရောင်များကသာ လင်းထိန်ပေးနေလေ၏။ သို့သော် ဤမျှ မှိုင်းညို့နေမှုမျိုးက ယန်ကို လှည့်စား၍မရနိုင်ပေ။ အသိဉာဏ်ရှိသော ဝိညာဉ်လက်နက်တစ်ခုအနေဖြင့် သူသည် အလွယ်တကူ လှည့်စားခံရမည့်အရာမျိုး မဟုတ်ချေ။ သူ၏ အချိန်ကာလကို မှတ်သားနိုင်စွမ်းမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် တိကျလှပါ၏။
လုချင်း၏ အဆင့်တက်လှမ်းမှုသည် သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့လေသည်။ စတုတ္ထမြောက်နေ့ အရုဏ်တက်ချိန်တွင် သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားပြီး သူ၏အနီးတစ်ဝိုက်ရှိ ပါးလွှာနေသော ဝိညာဉ်စွမ်းအင်များကို ပြန့်ကျဲသွားစေကာ ဂူတစ်ခုလုံးကို အနည်းငယ် တုန်ခါသွားစေ၏။ ရှေးဟောင်းသားရဲကြီးတစ်ကောင်ကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းလှသော အစွမ်းထက်အငွေ့အသက်တစ်ခုက သူ၏ကိုယ်မှ ထွက်ပေါ်လာလေသည်။
လုချင်း မျက်လုံးဖွင့်လိုက်ရာ မျက်လုံးများထဲတွင် ဝမ်းသာရွှင်မြူးမှုများ တောက်ပနေ၏။ ဤအဆင့်တက်လှမ်းမှုမှာ အလွန်ချောမွေ့ခဲ့သည်။ အဓိက အဆင့်တက်လှမ်းမှုတစ်ခုဖြစ်သော်လည်း သူ မွေးရာပါနယ်ပယ်သို့ စတင်ရောက်ရှိခဲ့စဉ်ကကဲ့သို့ ကောင်းကင်အတိဒုက္ခ ကျရောက်လာခြင်းမျိုး မရှိခဲ့ပေ။ အတားအဆီးမရှိ၊ အနှောင့်အယှက်မရှိ အရာအားလုံးက ချောမွေ့စွာ၊ သဘာဝကျကျ အဆင့်တက်လှမ်းမှု ပြီးမြောက်သွားခဲ့သည်။
ဤသည်မှာ ခိုင်မာသောအခြေခံနှင့် နက်ရှိုင်းသော စုဆောင်းမှုတို့၏ အကျိုးကျေးဇူးပင်။ အဆင့်တစ်ခုစီ တက်လှမ်းရန် အသက်နှင့်ရင်း၍ တိုက်ပွဲဝင်ရသူများသည် လုံလောက်သော စုဆောင်းမှုမရှိခြင်းနှင့် မတည်ငြိမ်သော အခြေခံတို့ကြောင့်သာ အဟန့်အတားများ ကြုံတွေ့ရလေ့ရှိသည်။
"ဒါက အခြေတည်အဆင့်လား"
ယွီဟွာဂူထဲတွင် လုချင်းသည် သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး အရေပြားပေါ်ရှိ တောက်ပနေသောအလင်းရောင်ကို ငေးကြည့်ကာ အတွင်း၌ စီးဆင်းနေသော ကြီးမားလှသည့်စွမ်းအားကို ခံစားကြည့်လိုက်၏။ ယခုအခိုက်အတန့်တွင် အဆင့်မတက်မီကထက် သူ၏ရုပ်ခန္ဓာမှာ အဆများစွာ ပို၍သန်စွမ်းလာကြောင်း သူခံစားမိလေသည်။
သူ၏ ဒျန်ထျန်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာလည်း အလားတူပင် လှိုင်းထန်ကာ တဝုန်းဝုန်း မြည်ဟည်းနေ၏။ မျက်ခုံးနှစ်ခုကြားရှိ အပ်စိုက်မှတ်အတွင်းမှ ဝိညာဉ်ဂါထာမန္တန်မှာလည်း သိသိသာသာကိုအားကောင်းလာခဲ့လေပြီပင်။
ယခု အကယ်၍ ထိုနေ့က မီးခိုးရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကို ပြန်ပြီးရင်ဆိုင်ရမည်ဆိုလျှင် တခြား မည်သည့်နည်းလမ်းမှ အသုံးမပြုဘဲ သူ၏ ရုပ်ခန္ဓာစွမ်းအားသက်သက်ဖြင့်ပင် ထိုသူကို မြေမှုန့်အဖြစ် ကြိတ်ချေပစ်နိုင်ပေလိမ့်မည်။
"အခြေတည်အဆင့်ကို အောင်အောင်မြင်မြင်နဲ့ တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် သခင်လေး။ ဒီလို အသက်ငယ်ငယ်နဲ့ ဒီလိုအဆင့်ကို တက်လှမ်းနိုင်တာက ရှေးဟောင်း မသေမျိုးကျင့်ကြံတဲ့ခေတ်မှာတောင် တကယ်ကို ရှားပါးလွန်းလှပါတယ်"
ယန်၏ အရိပ်သည် လုချင်းဘေးတွင် ချက်ချင်းပေါ်လာကာ ဂုဏ်ပြုစကားဆို၏။
"ဒါက အခြေတည်အဆင့်လေးပါပဲဗျာ။ ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ အဆုံးမရှိပါဘူး။ အခြေတည်အဆင့်ဆိုတာ ကျင့်ကြံခြင်းရဲ့ အစပျိုးရာနေရာလေးတစ်ခုသာသာပါပဲဗျ။ ကျွန်တော် သွားရမယ့်လမ်းတွေ အများကြီး ကျန်ပါသေးတယ်" လုချင်းက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
ယန်မှာတော့ တိတ်ဆိတ်နေလေ၏။
မှန်ပါသည်။ အခြေတည်အဆင့်ဆိုသည်မှာ ကျင့်ကြံခြင်း၏ အစမျှသာဖြစ်သည်။
ရှေးဟောင်း မသေမျိုးကျင့်ကြံသည့်ခေတ်တွင် အခြေတည်အဆင့်သို့ ဝင်ရောက်နိုင်ရုံမျှဖြင့် ဂိုဏ်းကြီးများ၏ အတွင်းစည်းတပည့်အဖြစ် ဝင်ရောက်ခွင့်ရရန်ပင် လုံလောက်လေ့မရှိပေ။
သို့သော် လုချင်းကတော့ ကွဲပြားခြားနားသည်။ သူသည် ယခုလေးတင် ဤအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဆိုသော်လည်း စောစောက သူထုတ်လွှတ်လိုက်သော အငွေ့အသက်များအရ ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် ကောင်းစွာ ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ယန်က ခန့်မှန်းမိလေသည်။
"ယန်ချန်ပေ့... ကျွန်တော် အဆင့်တက်တာ အချိန်ဘယ်လောက်ကြာသွားလဲ" လုချင်းက မေးလိုက်၏။
"သုံးရက်လောက်ပါ"
"သုံးရက်တောင်လား... ကျွန်တော်ထင်ထားတာထက် နည်းနည်းပိုကြာသွားတာပဲ" လုချင်းက အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
"သခင်လေးရဲ့ နက်ရှိုင်းတဲ့ အခြေခံကြောင့် အဆင့်တက်လှမ်းမှုက သဘာဝကျကျ အချိန်ပိုယူရတာပါ"
"ဒီမှာနေခဲ့တာ အချိန်ကြာပြီဆိုတော့ ပြန်ကြရအောင်"
သူ၏ စွမ်းအားအသစ်ကို ချက်ချင်းစမ်းသပ်ကြည့်ချင်စိတ်များ ပေါ်ပေါက်နေသော်လည်း လုချင်းက စိတ်ကိုထိန်းချုပ်လိုက်လေသည်။