← Chapters

အခန်း (၃၈၃-၃၈၄)

Vol. 39 Ch. 383-384

အခန်း (၃၈၃-၃၈၄)

Vol. 39 Ch. 383-384

အခန်း ၃၈၃ - ကျင့်ကြံခြင်းလမ်းစဉ်

"ဟင်"

လုချင်း ယွီဟွာဂူထဲမှ ထွက်လာခဲ့သည်။ တောင်ကြားထဲမှ အထွက်တွင် ရုတ်တရက် ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ မျက်စိတစ်မှိတ်အတွင်း တောင်စောင်းပေါ်သို့ ရောက်ရှိသွားကာ လက်ကိုဆန့်ထုတ်၍ မြေကြီးထဲမှ တစ်စုံတစ်ခုကို ညင်သာစွာ ဆွဲနုတ်လိုက်၏။

သူကိုင်ထားသောအရာမှာ အစပိုင်း၌ ကြောင်အမ်းအမ်းဖြစ်သွားသော်လည်း ထို့နောက် ရူးသွပ်စွာ ရုန်းကန်လာပြီး ထိတ်လန့်တကြား ကန်ကျောက်နေတော့သည်။ ၎င်းမှာ လူပုံစံ နှစ်တစ်ထောင်သက်တမ်းရှိ ဂျင်ဆင်းမြစ်ကြီးတစ်မြစ် ဖြစ်နေလေ၏။

"နှစ်တစ်ထောင် ဂျင်ဆင်းပါလား အပြင်ထွက်ထွက်ချင်းပဲ ဒီလို မမျှော်လင့်ထားတဲ့အရာကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"

လုချင်းသည် ထိုဂျင်ဆင်းမြစ်ကို ကိုင်ထားရင်း အသိအသာကို ဝမ်းသာနေလေသည်။ သူ၏ ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိလာချိန်တွင် သူ၏စွမ်းအားထိန်းချုပ်နိုင်စွမ်းမှာ အလွန်တရာ သိမ်မွေ့လွန်းလှသဖြင့် ဂျင်ဆင်းတူးဖော်ရာတွင် အလွန်အမင်း သတိထားနေစရာ မလိုတော့ပေ။ တိကျသော စွမ်းအားအသုံးပြုမှုဖြင့် မြေကြီးထဲမှ ညင်သာစွာ ဆွဲနုတ်နိုင်ပါ၏။

"ကောင်လေး.. မရုန်းပါနဲ့တော့။ မင်းအတွက် ပိုကောင်းတဲ့နေရာကို ခေါ်သွားပေးမလို့ပါ"

သူသည် ရိုးရှင်းသော ဂါထာမန္တန်တစ်ခုကို ဖန်တီးကာ ဂျင်ဆင်း၏ လှုပ်ရှားမှုများကို ချိတ်ပိတ်လိုက်ပြီးနောက်၌ သိမ်းဆည်းလိုက်လေသည်။ တောင်ခါးပန်းခြံဝင်းရှိ သူ၏ ဆေးပင်စိုက်ခင်းထဲမှ ဂျင်ဆင်းမှာ အထီးကျန်နေပုံရသဖြင့် ဤအကောင်လေးက အဖော်ပြုပေးနိုင်ပေလိမ့်မည်။

နှစ်တစ်ထောင်သက်တမ်းရှိ ဂျင်ဆင်းကို လုံခြုံစွာ သိမ်းဆည်းပြီးနောက် လုချင်းသည် ပတ်ဝန်းကျင်တစ်ဝိုက်ကို အကဲခတ်ကြည့်လိုက်သည်။ ဤနယ်မြေတစ်ဝိုက်တွင် အခြား နှစ်တစ်ထောင်ဂျင်ဆင်းပင်များလည်း ရှိနိုင်ကြောင်း သူသိထားပေသည်။ သို့သော် သူ ဆက်လက်ရှာဖွေရန် မရည်ရွယ်ပေ။ ယွီဟွာဂူအနီးရှိ ဤနယ်မြေမှာ အခြေခံအားဖြင့် သူ၏ လျှို့ဝှက်စခန်းတစ်ခုပင် ဖြစ်၏။

ဤဂျင်ဆင်းပင်များသည် မန္တန်ကွင်းပြင်ကြီးမှ စုစည်းပေးထားသော ကမ္ဘာမြေနှင့် ဝိညာဉ်စွမ်းအင်များကြောင့် ရှင်သန်ကြီးထွားနေခြင်းဖြစ်ကာ အဝေးသို့ ထွက်သွားကြမည်မဟုတ်ပေ။ လိုအပ်လာလျှင် သူ အချိန်မရွေး လာရောက်ခူးဆွတ်နိုင်ပါ၏။

...

လုချင်း၏ပတ်လည်တွင် မှိန်ပျပျအလင်းရောင်များ ရစ်သိုင်းလာပြီးနောက်၌ လေပြေညင်းတစ်ဝှေ့အသွင်ပြောင်းကာ ကောင်းကင်ယံသို့ ပျံတက်၍ ကျိုးလီရွာဆီသို့ ဦးတည်ပျံသန်းသွားလေသည်။

"တကယ်ပဲ အဆင့်တက်ပြီးတဲ့နောက်မှာ ဂါထာမန္တန်တွေ အသုံးပြုရတာ အများကြီး ပိုလွယ်ကူလာတာပဲ"

ပျံသန်းနေစဉ်အတွင်း လုချင်းသည် သူ၏ခန္ဓာကိုယ်တွင်းရှိ အပြောင်းအလဲများကို သေချာစွာ အာရုံခံကြည့်နေလေသည်။ အဓိကနယ်ပယ်တစ်ခုကို ဖြတ်ကျော်ပြီးနောက် ရှုထောင့်ပေါင်းစုံမှ အသွင်ပြောင်းလဲမှုများကို ယူဆောင်လာခဲ့သည်။ အခြေတည်အဆင့်သို့ ဝင်ရောက်ပြီးနောက် သူ၏ ရုပ်ခန္ဓာစွမ်းအားများ တိုးလာရုံသာမက ဝိညာဉ်စွမ်းအားများမှာလည်း သိသိသာသာကို ကြီးထွားလာခဲ့၏။ ဂါထာမန္တန်များကို အသက်သွင်းရသည်မှာ ယခုအခါ တော်တော့်ကို ပေါ့ပါးလွယ်ကူနေလေပြီပင်။

ထို့အပြင် ဤလွယ်ကူမှုမှာ သူ ယခုလေးတင် အဆင့်တက်ထားခြင်းကြောင့်လည်း ဖြစ်သည်။ မျက်ခုံးကြားရှိ အပ်စိုက်မှတ်တွင် သိုလှောင်ထားသော ဂါထာမန္တန်များကို ပိုမိုအစွမ်းထက်သော ဂါထာများဖြင့် ပြန်ပြီးပေါင်းစည်းလိုက်သည်နှင့်တစ်ပြိုင်နက် ဂါထာမန္တန်စွမ်းအားများကို အသုံးပြုနိုင်စွမ်းမှာ ပို၍တိုးတက်လာဦးမည်ပင်။

ယွီဟွာဂူနှင့် ကျိုးလီရွာကြားရှိ အကွာအဝေးမှာ မဝေးလှသလို လုချင်းက ဂါထာမန္တန်စွမ်းအားကို အသုံးပြု၍ ပျံသန်းလာခြင်းဖြစ်ရာ မကြာမီမှာပင် ရွာသို့ရောက်ရှိလာပြီး တောင်ခါးပန်းခြံဝင်းဆီသို့ ဆင်းသက်လာခဲ့သည်။

"ဘယ်သူလဲ"

လုချင်း၏ ခန္ဓာကိုယ်က ကျိုးလီရွာကို ကာကွယ်ထားသော မန္တန်ကွင်းပြင်နှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် သမားတော်ကြီးချန်သည် ခြံဝင်းအတွင်း ချက်ချင်းရောက်လာကာ ကောင်းကင်ယံသို့ သတိကြီးစွာဖြင့် မော့ကြည့်လိုက်လေ၏။

"ဆရာ... ကျွန်တော်ပါ" လုချင်းက အောက်သို့ဆင်းသက်လာရင်း ပြုံးလျက် အော်ပြောလိုက်သည်။

"အော်.. အားချင်းပါလား။ မင်း တရားထိုင်တာ ပြီးသွားပြီပေါ့"

သမားတော်ကြီး သက်ပြင်းချလိုက်မိသည်။ လွန်ခဲ့သော စက္ကန့်ပိုင်းလေးတင်က ကျိုးလီရွာကို အစွမ်းထက်သော ရန်သူတစ်ဦး လာရောက်တိုက်ခိုက်သည်ဟု သူထင်မှတ်ခဲ့မိသည်။ စိတ်အေးသွားပြီးနောက်၌ သမားတော်ကြီးသည် လုချင်းထံမှ ထွက်ပေါ်နေသော အငွေ့အသက်များကို သတိပြုမိသွားလေသည်။ သူက ဝမ်းသာအားရဖြင့်...

"အားချင်း.. မင်း အဆင့်တက်သွားပြီလား"

"ဟုတ်တယ် ဆရာ၊ ဒီတစ်ခေါက် တရားထိုင်တာ အရမ်းကို အဆင်ပြေခဲ့ပါတယ်ဗျ"

လုချင်းက သူ၏အငွေ့အသက်များကို တမင်တကာ ဖော်ပြထားခြင်းဖြစ်သည်။ သို့မဟုတ်ပါက သူ၏ ဝိညာဉ်ဂါထာမန္တန်ရှိနေမှုကြောင့် သူ၏ဆရာပင်လျှင် ခွဲခြားသိမြင်နိုင်ရန် ခက်ခဲပေလိမ့်မည်။

"ကောင်းလိုက်တာ အဆင့်တက်သွားတယ်ဆိုတာ တကယ့် သတင်းကောင်းပဲ အားချင်း.. အခုဆို မင်းရဲ့ ကျင့်ကြံမှုအဆင့်က မင်းဆရာနဲ့ တန်းတူဖြစ်သွားပြီပေါ့"

သမားတော်ကြီးသည် ဝမ်းသာနေသလို အနည်းငယ်လည်း လွမ်းဆွေးတမ်းတမိသွားသည်။ လုချင်း၏ ပါရမီကို သူစတင်သတိပြုမိကတည်းက သူ၏တပည့်ဖြစ်သူက ကျင့်ကြံခြင်းတွင် သူ့ကို ကျော်တက်သွားမည့်အချိန်မှာ အနှေးနှင့်အမြန်ဆိုသလို ဖြစ်လာမည်ကို သူသိထားခဲ့သည်။ သို့တိုင် ထိုနေ့ရက်ရောက်လာသောအခါ၌ ဝမ်းနည်းမှုတစ်စိတ်တစ်ပိုင်းကို မခံစားဘဲ မနေနိုင်ခဲ့ပေ။ တစ်ခါတစ်ရံတွင် အလွန်တော်လွန်းသော တပည့်တစ်ဦးရှိခြင်းက ဆရာတစ်ဦးအတွက် ဖိအားတစ်ခု ဖြစ်လာနိုင်ပေသည်။

"တပည့်က ဆရာ့ဆီကနေ သင်ယူစရာတွေ အများကြီး ကျန်ပါသေးတယ်ဗျ" လုချင်းက ပြုံးလျက် ပြန်ဖြေသည်။

"မင်းနဲ့ မင်းရဲ့ မြှောက်ပင့်စကားတွေပဲ" သမားတော်ကြီးက ရယ်မောရင်း ပြန်ပြီးဆူပူလိုက်လေ၏။

"ဒါနဲ့ ဆရာ.. ရှောင်ယန်နဲ့ ရှောင်လီတို့ရော ဘယ်ရောက်နေကြလဲ"

ကလေးနှစ်ယောက် တောင်ခါးပန်းခြံဝင်းထဲတွင် မရှိကြောင်း လုချင်း အာရုံခံမိလိုက်သည်။

"သူတို့ ဝေ့စံအိမ်မှာ ရောက်နေကြတယ်။ မနေ့ညက ဝေ့မိသားစုက ငါတို့ကို စားပွဲသောက်ပွဲ ဖိတ်တယ်လေ။ သခင်မဝေ့က သူတို့ကို အဲဒီမှာပဲ ပေးအိပ်လိုက်တယ်"

လုချင်း ခေါင်းညိတ်လိုက်သည်။ သခင်မဝေ့သည် ရှောင်ယန်ကို အမြဲတမ်း အလိုလိုက်တတ်သဖြင့် သူမအနေဖြင့် ဝေ့စံအိမ်တွင် တစ်ညအိပ်ခြင်းမှာ ထူးဆန်းသောကိစ္စ မဟုတ်ပေ။ လုချင်း အဆင့်တက်သွားကြောင်းကို သမားတော်ကြီး တစ်ဦးတည်းသာ သိရှိပေသည်။ သူ၏အဆင့်ဖြင့် သူ၏ကျင့်ကြံမှုကို ဖုံးကွယ်ထားရန်မှာ အလွန်လွယ်ကူလှသည်။ ဝေ့ရှန်ဟိုင်ဖြစ်စေ၊ လင်းကျိယွဲ့ဖြစ်စေ လုချင်း အခြေတည်အဆင့်သို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း မသိရှိကြပေ။

တကယ်တမ်းတွင် လုချင်း၏ စစ်မှန်သော စွမ်းအားကို သူတို့တစ်ခါမှ မခွဲခြားနိုင်ခဲ့ကြပေ။ သူနှင့် ဆက်ဆံရတိုင်း မြူခိုးလွှာများ ဖုံးလွှမ်းနေသကဲ့သို့ ခံစားရပြီး မည်မျှအစွမ်းထက်ကြောင်း ခန့်မှန်း၍မရနိုင်ခဲ့ချေ။

...

နှစ်ရက်အကြာ အရုဏ်တက်ချိန်။

ခြံဝင်းနောက်ဘက်ရှိ ဝါးရုံတောထဲတွင် လုချင်းသည် တင်ပျဉ်ခွေထိုင်နေလေ၏။ သူ၏လက်များက လက်သင်္ကေတများကို အဆက်မပြတ် ပြုလုပ်နေစဉ် ဝိညာဉ်စွမ်းအင်များက သူ၏ပတ်လည်တွင် လှိုင်းထန်နေ၏။ သူ၏ရှေ့တွင် ဂါထာမန္တန်တစ်ခု တဖြည်းဖြည်း ပုံဖော်လာသည်။

နောက်ဆုံး သင်္ကေတကို ပြုလုပ်ပြီးစီးချိန်တွင်တော့ ဂါထာမန္တန်မှာ အပြည့်အဝ ပုံဖော်ပြီးစီးသွားကာ အစွမ်းထက်ပြီး နက်နဲလှသော အငွေ့အသက်များ ဖြာထွက်လျက် သူ၏ရှေ့တွင် ပေါလောပေါ်နေလေသည်။

ဂါထာမန္တန်အတွင်းမှ အစွမ်းထက်သော စွမ်းအင်များကို ခံစားရရင်း လုချင်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ၎င်းကို သူ၏မျက်ခုံးကြားရှိ အပ်စိုက်မှတ်အတွင်းသို့ သိုလှောင်လိုက်လေသည်။

"နောက်ဆုံး ဂါထာမန္တန်ကိုလည်း အောင်အောင်မြင်မြင်နဲ့ ဖန်တီးနိုင်ခဲ့ပြီ။ အခြေတည်အဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ဂါထာမန္တန်တွေ ဖန်တီးရတာ အများကြီး ပိုလွယ်ကူလာတယ်ပဲ။ အခုဆို အခြေခံအဆင့် ဂါထာမန္တန်တွေတောင် ဖန်တီးရတာ ရိုးရှင်းလာပြီ"

လုချင်း၏ မျက်နှာထားမှာ အေးအေးလူလူ ရှိနေလေ၏။ ပြီးခဲ့သည့် နှစ်ရက်အတွင်း သူသည် သူ၏မျက်ခုံးကြား အပ်စိုက်မှတ်အတွင်း သိုလှောင်ထားသော ဂါထာမန္တန်အားလုံးကို ပိုမိုအစွမ်းထက်သည့်အရာများနှင့် အစားထိုးခဲ့သည်။ အစောပိုင်းက သူ၏ အပ်စိုက်မှတ်တွင် သာမန် ဂါထာမန္တန်များသာ ရှိခဲ့သော်လည်း ယခုအခါ အားလုံးကို အခြေခံအဆင့် ဂါထာမန္တန်များအဖြစ် အဆင့်မြှင့်တင်လိုက်ပြီဖြစ်၏။ အဆင့်တစ်ခုစီရှိ ဂါထာမန္တန်များ၏ စွမ်းအားကွာခြားချက်မှာ အလွန်ကြီးမားလှသည်။

အခြေခံအဆင့် ဂါထာမန္တန်များကို ပုံမှန်အားဖြင့် အခြေတည်အဆင့် သို့မဟုတ် ထိုထက်မြင့်သော ဂါထာမန္တန်ကျင့်ကြံသူများသာလျှင် ဖန်တီးနိုင်ကြသည်။ အပ်စိုက်မှတ်ကို အပြည့်အဝ ဖြည့်တင်းလိုက်နိုင်သဖြင့် ယခုအခါ လုချင်းတွင် နောက်ထပ် အစွမ်းထက် တိုက်ကွက်များစွာ ရှိလာခဲ့ပြီဖြစ်သည်။

"ဂါထာမန္တန်တွေကို အစားထိုးပြီးပြီဆိုတော့ ထူးကဲစွမ်းရည်တွေကို ကျင့်ကြံဖို့ အာရုံစိုက်ရမယ့် အချိန်ရောက်ပြီပဲ" လုချင်းက တွေးတောလိုက်လေသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း သူသင်ယူခဲ့သမျှကို ပြန်ပြီးသုံးသပ်ပြီး အခြေတည်အဆင့်သို့ ဝင်ရောက်ပြီးနောက်၌ သူ၏ကျင့်ကြံမှုလမ်းစဉ်ကို အကြမ်းဖျင်း သတ်မှတ်ခဲ့သည်။ အဓိက အာရုံစိုက်ရမည့်အရာမှာ သူ၏ အဓိကကျင့်စဉ်ဖြစ်သော သတ္တုဓာတ်ငါးပါး ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်ပင်။ ယင်းအတွက် သူ့ဘက်မှ အားထုတ်မှုများစွာ မလိုအပ်ပေ။

သူ၏ အသက်သွေးကြောရတနာဖြစ်သော ဓာတ်ငါးပါးဘူးသီးခြောက်က ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် သန့်စင်ပေးနေသဖြင့် သူ၏ကျင့်ကြံမှုမှာ အလိုအလျောက်လည်ပတ်နေသကဲ့သို့ ဖြစ်နေသည်။ သူလုပ်ရန်လိုအပ်သည်မှာ နေ့စဉ် ဝိညာဉ်စွမ်းအင်များဖြင့် ရုပ်ခန္ဓာကို သန်စွမ်းစေရန်သာဖြစ်ပြီး ထိုလုပ်ငန်းစဉ်မှာလည်း အခက်အခဲမရှိပေ။ လုံလောက်သော စုဆောင်းမှုရှိနေသရွေ့ အဟန့်အတားများမရှိဘဲ သူ၏ကျင့်ကြံမှုမှာ မှန်မှန် တိုးတက်နေမည်ဖြစ်သည်။

ဒုတိယ အာရုံစိုက်ရမည့်အရာမှာ ဝိညာဉ်ဂါထာမန္တန်လမ်းစဉ်ဖြစ်သည်။ ဤသည်မှာလည်း ရှင်းလင်းလှပါ၏။ သူ၏ ဝိညာဉ်ဂါထာမန္တန်သည် ယန်ဂါထာမန္တန်အဆင့်သို့ ရောက်ရှိသွားကတည်းက ဂါထာမန္တန်များနှင့်ပတ်သက်၍ လုချင်း၏ တိုးတက်မှုမှာ အံ့မခန်း မြန်ဆန်နေခဲ့သည်။

ထို့အပြင် သူ၏ ထူးခြားသော နတ်မျက်စိစွမ်းရည်က အရှုပ်ထွေးဆုံးသော ဂါထာများနှင့် မန္တန်ကွင်းပြင်များကိုပင် သူနားလည်သဘောပေါက်ရန် လွယ်ကူစေသည်။ တစ်ခုတည်းသော ကန့်သတ်ချက်မှာ သူ၏ ကျင့်ကြံမှုအဆင့်ဖြစ်ပြီး အဆင့်မြင့် ဂါထာမန္တန်များနှင့် မန္တန်ကွင်းပြင်များကို အသုံးပြုနိုင်စွမ်းကို ကန့်သတ်ထားခြင်းသာဖြစ်သည်။ သို့သော် သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ ၎င်းတို့ကိုလည်း လျင်မြန်စွာ ကျွမ်းကျင်လာမည်ဖြစ်သည်။

သတ္တုဓာတ်ငါးပါး ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်နှင့် ဂါထာမန္တန်လမ်းစဉ် နှစ်ခုစလုံးမှာ ကောင်းစွာ အခြေချနေပြီဖြစ်ရာ သူ၏အားထုတ်မှု အနည်းငယ်သာ လိုအပ်သည်။ အနည်းဆုံးတော့ ရွှေရောင်အမြုတေအဆင့်အထိ သူ သိသာထင်ရှားသော အခက်အခဲများနှင့် ကြုံတွေ့ရမည်မဟုတ်ပေ။

ထို့ကြောင့် လာမည့်ရက်များတွင် ကျင့်ကြံခြင်း၏ အခြားသောအစိတ်အပိုင်းတစ်ခုဖြစ်သည့် ထူးကဲစွမ်းရည်များကို သူ ပိုမိုအာရုံစိုက်ရန် စီစဉ်ထားလေသည်။

...

အခန်း ၃၈၄ - ထူးကဲစွမ်းရည်များကို နားလည်သဘောပေါက်ခြင်းနှင့် ကြယ်တာရာမြေပုံတည်နေရာများကို အတည်ပြုခြင်း

လုချင်းသည် မွေးရာပါနယ်ပယ်သို့ စတင်တက်လှမ်းခဲ့စဉ်က ကောင်းကင်ဘုံမှ ထူးကဲစွမ်းရည်နှစ်ခုကို လက်ဆောင်အဖြစ် ချီးမြှင့်ခြင်းခံခဲ့ရသည်။

တစ်ခုမှာ ခွန်အားကြီးမားခြင်း ဟူသော ရုပ်ပိုင်းဆိုင်ရာ ထူးကဲစွမ်းရည်ဖြစ်ပြီး အခြားတစ်ခုမှာတော့ ဝိညာဉ်စွမ်းအားဆိုင်ရာ ထူးကဲစွမ်းရည်ဖြစ်သည့် ထင်ယောင်ထင်မှားဖြစ်စေခြင်း ဖြစ်သည်။

၎င်းတို့နှစ်ခုစလုံးသည် သာမန်ထူးကဲစွမ်းရည်ငယ်များသာ ဖြစ်သော်လည်း ကျင့်ကြံခြင်းအားဖြင့် အဆင့်မြှင့်တင်နိုင်ပေသည်။ အချိန်ကြာမြင့်စွာ နားလည်သဘောပေါက်အောင် ကြိုးစားခဲ့ပြီးနောက် ဤမွေးရာပါ သာမန်ထူးကဲစွမ်းရည်ငယ် နှစ်ခုနှင့်ပတ်သက်၍ လုချင်းသည် နက်ရှိုင်းသော နားလည်မှုကို ရရှိခဲ့သည်။

သို့သော်လည်း ၎င်းတို့ကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ရန်အတွက် သူ ခရီးဆက်ရဦးမည်ဖြစ်သည်။ ထို့အပြင် သူ၏ လက်ရှိအဆင့်နှင့် စွမ်းအားကန့်သတ်ချက်များကြောင့် ထိုစွမ်းရည်များမှ သူထုတ်လွှတ်နိုင်သော စွမ်းအားမှာလည်း ကန့်သတ်ခံထားရဆဲဖြစ်သည်။ ယခု သူသည် အခြေတည်အဆင့်သို့ တက်လှမ်းခဲ့ပြီဖြစ်ရာ သူ၏စွမ်းအားများ သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဤသာမန်ထူးကဲစွမ်းရည်ငယ် နှစ်ခုကို သူ ပိုမိုနားလည်ကျွမ်းကျင်လာနိုင်ခြေရှိပေသည်။

အချိန်တို့သည် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့လေ၏။

ဝေ့မိသားစု၏ ကင်းထောက်များသည် ပြင်ပကမ္ဘာမှ သတင်းများကို မကြာခဏ ယူဆောင်လာလေ့ရှိသည်။ ပြည်နယ်အသီးသီး၊ အထူးသဖြင့် ကျုံးကျိုးတွင် အတော်လေး ဖရိုဖရဲဖြစ်နေကြောင်း သူတို့က သတင်းပို့ကြသည်။ ဂိုဏ်းများသည် အခွင့်အရေးများ လုယူရန်အတွက် အကြီးစားတိုက်ပွဲများကို မကြာခဏ ဆင်နွှဲနေကြသည်။

ဤအခြေအနေများကို တုံ့ပြန်သည့်အနေဖြင့် မြင့်မြတ်သောတောင်တော်က မည်သည့်အရေးယူမှုမှ မလုပ်ဘဲ ဤပဋိပက္ခများကို ရပ်တန့်ရန် ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ ယင်းက ဂိုဏ်းကြီးများအား ပိုမိုရဲတင်းလာစေပြီး တိုက်ပွဲများကို ပို၍ပြင်းထန်လာစေပါ၏။ မွေးရာပါနယ်ပယ် ကျင့်ကြံသူများပင် မြို့များအတွင်း တိုက်ရိုက်တိုက်ခိုက်ကြသဖြင့် ကြီးမားသော သွေးထွက်သံယိုမှုများ ဖြစ်ပေါ်လာသည့် ဖြစ်ရပ်များပင် ရှိလာခဲ့သည်။ ယင်းရလဒ်အနေဖြင့် လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က မြင့်မြတ်သောတောင်တော် ချမှတ်ခဲ့သည့် စည်းမျဉ်းများမှာ လုံးဝလျစ်လျူရှုခံလိုက်ရတော့၏။

ဤဖရိုဖရဲအခြေအနေများကြားတွင် ဝေးလံခေါင်ဖျားပြီး သီးသန့်ဖြစ်နေသော ကျိုးလီရွာလေးမှာတော့ ပဋိပက္ခများ ကင်းစင်နေသည့် ရှားပါးသော အိုအေစစ်လေးတစ်ခုကဲ့သို့ ငြိမ်းချမ်းလျက်ရှိနေသည်။ ဤငြိမ်းချမ်းသော ပတ်ဝန်းကျင်တွင် လုချင်းသည် သူ၏ မွေးရာပါ သာမန်ထူးကဲစွမ်းရည်ငယ် နှစ်ခုကို နားလည်သဘောပေါက်ရန်သာ အာရုံစိုက်ကာ အေးချမ်းစွာ ကျင့်ကြံနေလေ၏။

...

အလွန်မြင့်မားလှသော ကောင်းကင်ယံရှိ ဧရာမဥက္ကာပျံကြီးတစ်ခုထက်တွင် လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူနှစ်ဦးသည် ကြယ်တာရာနယ်မြေအတွင်း တစ်စုံတစ်ခုကို တိုင်းတာရန် ထူးဆန်းသော ရတနာတစ်ခုကို ချိန်ညှိနေကြသည်။

"ဆရာတူအစ်ကို.. ဘယ်လိုနေလဲဗျ၊ ကြယ်တာရာမြေပုံမှာ ကျွန်တော်တို့ရဲ့တည်နေရာကို အတည်ပြုလို့ရပြီလား" အဖြူရောင်ဝတ်စုံနှင့် လူငယ်က မေးလိုက်၏။

"ယေဘုယျ တည်နေရာလောက်ပဲ ခန့်မှန်းလို့ရတယ်။ ငါတို့ အခုရောက်နေတဲ့ နယ်မြေက ဂိုဏ်းရဲ့ ကြယ်တာရာမြေပုံမှာ မှတ်တမ်းတင်ထားတာ မရှိဘူး။ တိုင်းတာမှုတွေအရဆိုရင် ငါတို့က တာ့ယွမ် မသေမျိုးပိုင်နက်ထဲမှာ ရှိနေသေးတဲ့ပုံရတယ်။ ဒါပေမဲ့ ငါတို့က မှေးမှိန်ပြီး အစွန်အဖျားကျတဲ့ ဇုန်တစ်ခုထဲကို ရောက်နေပုံပဲ။ အဲဒါကြောင့်မို့ ဒီနယ်မြေကို ဂိုဏ်းရဲ့ ကြယ်တာရာမြေပုံမှာ မှတ်တမ်းမတင်ထားတာ ဖြစ်လိမ့်မယ်" မီးခိုးရောင်ဝတ်စုံနှင့် လူက ပြန်ဖြေသည်။

"တာ့ယွမ် မသေမျိုးပိုင်နက်ရဲ့ အစွန်အဖျား" အဖြူရောင်ဝတ်စုံနှင့် လူငယ်မှာ အံ့အားသင့်သွားသည်။ "ကျွန်တော်တို့က ဒီလောက်ဝေးတဲ့ ကြယ်တာရာနယ်မြေအထိ ရောက်လာတာလား။ ဆရာတူအစ်ကို.. အစ်ကို့ရဲ့ လှေပျံက တစ်ကြိမ်တည်းနဲ့ မသေမျိုးပိုင်နက်တစ်ခုရဲ့ တစ်ဝက်ကို ဖြတ်ကျော်နိုင်တဲ့ စွမ်းအား တကယ်ကြီး ရှိနေတာလား"

"အဲဒါ မဖြစ်နိုင်ပါဘူး။ လှေပျံမှာသာ အဲဒီလောက် စွမ်းအားရှိနေရင် ငါထိန်းချုပ်နိုင်တဲ့အရာ ဖြစ်မှာမဟုတ်ဘူး"

မီးခိုးရောင်ဝတ်စုံနှင့် လူမှာလည်း အံ့အားသင့်နေသော်လည်း ဆရာတူညီဖြစ်သူထက် များစွာပို၍ တည်ငြိမ်နေပေသည်။ မသေမျိုးပိုင်နက်တစ်ခု၏ တစ်ဝက်ကို ဖြတ်ကျော်ခြင်းဆိုသည့် သဘောတရားမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်ပေ။ အကောင်းဆုံး ဝိညာဉ်ရတနာများပင် ဤကဲ့သို့သော လုပ်ရပ်မျိုးကို မစွမ်းဆောင်နိုင်ချေ။ ထိပ်တန်း မသေမျိုးဂိုဏ်းကြီးများက ၎င်းတို့ဂိုဏ်း၏ ကံဇာတာကို ကာကွယ်ရန် အသုံးပြုကြသည့် ဒဏ္ဍာရီလာ ဒေါင်ရတနာများသာလျှင် ဤကဲ့သို့ ယုံကြည်နိုင်ဖွယ်မရှိသော စွမ်းအားမျိုး ပိုင်ဆိုင်နိုင်ပေသည်။

"ဒါပေမဲ့ ဆရာတူအစ်ကို.. ကျွန်တော်တို့ အခု တာ့ယွမ် မသေမျိုးပိုင်နက်ရဲ့ အစွန်အဖျားမှာ ရောက်နေတယ်လို့ အစ်ကိုပဲ ပြောခဲ့တယ်မဟုတ်လား။ လှေပျံကြောင့် မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ" အဖြူရောင်ဝတ်စုံနှင့် လူငယ်က နားမလည်နိုင်စွာ မေးလိုက်သည်။

"တကယ်ကို ပဟေဠိဖြစ်စရာပဲ"

မီးခိုးရောင်ဝတ်စုံနှင့် လူသည် နက်နက်ရှိုင်းရှိုင်း တွေးတောနေလေသည်။ လှေပျံတွင် ထိုကဲ့သို့သော စွမ်းရည်များ မရှိကြောင်းကို သူသေချာသိနေသည်။ ဆန်းကြယ်သော လျှို့ဝှက်နယ်မြေတစ်ခုမှ သူရရှိခဲ့သည့် ဤရတနာမှာ အလွန်ထူးကဲသော်လည်း ပျက်စီးမှုများ ရှိနေပေသည်။ အကောင်းဆုံးအခြေအနေတွင်ပင် ၎င်း၏စွမ်းအားမှာ အဆင့်နိမ့် ဝိညာဉ်ရတနာတစ်ခုနှင့်သာ ညီမျှပေသည်။

သို့သော် သူတို့သည် အမှန်တကယ်ပင် ပိုင်နက်၏တစ်ဝက်ခန့်ကို ဖြတ်ကျော်ကာ မသေမျိုးပိုင်နက်တစ်ခု၏ လူသူကင်းမဲ့သော အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သူကိုင်ဆောင်ထားသော တိုင်းတာရေးရတနာမှာ ချို့ယွင်းနေခြင်းမရှိကြောင်း မီးခိုးရောင်ဝတ်စုံနှင့် လူ သေချာသိထားသည်။ သူတို့ လျစ်လျူရှုမိခဲ့သည့် အကြောင်းရင်းတစ်ခုခုတော့ ရှိရပေမည်။

ငြိမ်းချမ်းခြင်းကြာပန်းကို ရရှိပြီးနောက် လျှို့ဝှက်နယ်မြေထဲမှ အလောတကြီး ထွက်ပြေးခဲ့ရသည့် အခြေအနေများကို သူ သေချာစွာ ပြန်ပြီးစဉ်းစားကြည့်လေသည်။ ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ၏မှတ်ဉာဏ်မှာ အလွန်တရာ ထက်မြက်လှပါ၏။ သူ၏မျက်စိရှေ့တွင် ဖြစ်ပျက်နေသည့်အလား အဖြစ်အပျက်များကို ရှင်းလင်းစွာ ပြန်ပြီးမြင်ယောင်နိုင်ပေသည်။

မကြာမီမှာပင် ထူးခြားမှုတစ်ခုကို သူ သတိပြုမိသွားလေ၏။

"ဆရာတူညီလေး.. ငါတို့ လျှို့ဝှက်နယ်မြေထဲကနေ ထွက်ပြေးဖို့ လှေပျံကို ငါအသက်သွင်းလိုက်တဲ့အချိန်မှာ၊ ကျန်းရီရဲ့ ဓားသိုင်းက ထွက်လာတဲ့အလင်းရောင်အပြင် လျှို့ဝှက်နယ်မြေထဲမှာ တခြား ထူးကဲတဲ့ အလင်းရောင်တစ်ခု ရှိနေသေးတာကို မင်း မှတ်မိလား"

အဖြူရောင်ဝတ်စုံနှင့် လူငယ်က ပြန်စဉ်းစားကြည့်ပြီးနောက်၌ တုံ့ဆိုင်းစွာဖြင့် "ထူးဆန်းတဲ့ အလင်းရောင်တစ်ခု ရှိနေခဲ့သလိုပဲဗျ၊ ဒါပေမဲ့ အဲဒါက ကျန်းရီရဲ့ ဓားသိုင်းက ထွက်လာတာ ဟုတ်၊ မဟုတ်တော့ ကျွန်တော်လည်း သေချာမပြောတတ်ဘူး"

ထိုအချိန်တုန်းက ကျန်းရီ သုံးလိုက်သည့် ဓားသိုင်းက တကယ့်ကို ကြောက်ခမန်းလိလိပါပဲပင်။

ရိုးရိုးသားသားပြောရလျှင် သူ အသက်ထွက်မတတ် လန့်သွားခဲ့ရသည်။ နောက်ဆုံးအချိန်လေးတွင် လှေပျံကို အောင်မြင်စွာ အသက်မသွင်းနိုင်ခဲ့ပါက သူရော သူ၏ဆရာတူအစ်ကိုပါ လျှို့ဝှက်နယ်မြေထဲတွင် သေဆုံးသွားနိုင်ပေသည်။

"အဲဒါ တခြားတစ်ခုခု ဖြစ်ရမယ်။ ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် အဲဒါက ရှေးဟောင်း နေရာရွှေ့ပြောင်းခြင်း မန္တန်ကွင်းပြင်က ထွက်လာတဲ့ အလင်းရောင် ဖြစ်ဖို့များတယ်။ လှေပျံကို ငါအသက်သွင်းလိုက်တဲ့အချိန်မှာ လျှို့ဝှက်နယ်မြေထဲက ရှေးဟောင်း နေရာရွှေ့ပြောင်းခြင်း မန္တန်ကွင်းပြင်ကို မတော်တဆ လှုံ့ဆော်မိသွားပုံရတယ်လေ။ လှေပျံရဲ့ နေရာလွတ်တွေကို ဖြတ်ကျော်နိုင်စွမ်းနဲ့ အမည်မသိရတဲ့ နေရာဆီကို ရွှေ့ပြောင်းခြင်း မန္တန်ကွင်းပြင်တို့ ပေါင်းစပ်သွားပြီးတော့ ငါတို့ကို မသေမျိုးပိုင်နက်ရဲ့ လူသူကင်းမဲ့တဲ့ အစွန်အဖျားကို တိုက်ရိုက် ပို့ဆောင်လိုက်တာပဲ ဖြစ်ရမယ်"

မီးခိုးရောင်ဝတ်စုံနှင့် လူ၏ အသံတွင် သက်သာရာရသွားသည့် အရိပ်အယောင်များ ပါဝင်နေသည်။ ဤသည်မှာ အမှန်ဖြစ်ခဲ့လျှင် သူတို့သည် အလွန်တရာ ကံကောင်းခဲ့ခြင်းဖြစ်ပါ၏။ နေရာရွှေ့ပြောင်းခြင်း မန္တန်ကွင်းပြင်များသည် နေရာလွတ်များကို ဖြတ်ကျော်ကာ လူများကို အခြားနေရာတစ်ခုသို့ ပို့ဆောင်ပေးနိုင်ကြောင်း သတိပြုရန်အရေးကြီးပေသည်။ သို့သော် အကွာအဝေးပိုဝေးလေလေ နေရာလွတ်ဆိုင်ရာ ဖိအားများကို ပို၍ခံစားရလေလေပင်။

သာမန်ကျင့်ကြံသူများသည် တူညီသော ကမ္ဘာလောကကြီးအတွင်း၌သာ နေရာရွှေ့ပြောင်းနိုင်ကြသည်။ ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူများပင်လျှင် ခံနိုင်ရည်ရှိသည့် နေရာလွတ်ဖိအား ကန့်သတ်ချက်များ ရှိပေသည်။ မသေမျိုးပိုင်နက်တစ်ခု၏ တစ်ဝက်ခန့်ကို မသေမပျောက်ဘဲ ဖြတ်ကျော်လာနိုင်ခြင်းမှာ လှေပျံ၏ ကာကွယ်မှုကြောင့် ဖြစ်နိုင်ခြေအများဆုံးပင်။

"ကျွန်တော်တို့ တာ့ယွမ် မသေမျိုးပိုင်နက်ရဲ့ အစွန်အဖျားကို ရောက်နေပြီဆိုတော့ အခု ဘာဆက်လုပ်ကြမလဲ ဆရာတူအစ်ကို။ ဒီလောက်အကွာအဝေးကြီးမှာ ဂိုဏ်းကို ဆက်သွယ်ရင်တောင်မှ သူတို့ရောက်လာဖို့ ဆယ်စုနှစ်နဲ့ချီ ကြာလိမ့်မယ်"

အဖြူရောင်ဝတ်စုံနှင့် လူငယ်၏ အသံမှာ လေးလံနေလေသည်။ မီးခိုးရောင်ဝတ်စုံနှင့် လူ၏ မျက်နှာထားမှာလည်း အလားတူ မှုန်ကုပ်နေ၏။ အလွန်ဝေးကွာလှသော အကွာအဝေးကြောင့် ဤကမ္ဘာငယ်လေးက သူတို့ဂိုဏ်းအတွက် ပေးစွမ်းနိုင်မည့် တန်ဖိုးမှာ များစွာလျော့ကျသွားမည်ဖြစ်သည်။

နေရာရွှေ့ပြောင်းခြင်း မန္တန်ကွင်းပြင်တစ်ခု တည်ဆောက်မည်ဆိုလျှင်ပင် ကုန်ကျစရိတ်မှာ အလွန်ကြီးမားမည်ဖြစ်ရာ ဂိုဏ်းက သဘောတူမည်မဟုတ်ပေ။ ကနဦးက သူသည် ကမ္ဘာငယ်လေးကို အရင်လုယက်ပြီးနောက် ၎င်း၏တည်နေရာကို ဂိုဏ်းသို့ သတင်းပို့ကာ နာမည်ကောင်းယူဖို့ စီစဉ်ထားခဲ့သည်။ ယခုမူ ထိုအကြံအစည်မှာ အောင်မြင်နိုင်ဖွယ်မရှိတော့ချေ။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာငယ်လေးက ငါတို့အတွက် တန်ဖိုးကြီးပါတယ်။ အရင်ဆုံး ငါတို့ ဝင်ပြီးလုယက်ကြမယ်။ ပြီးရင် သူ့ရဲ့ တည်နေရာကို အနီးအနားက ကမ္ဘာလောကကြီးတွေဆီ ရောင်းစားလိုက်မယ်။ အဲဒါဆိုရင် ဝိညာဉ်ကျောက်တုံး တော်တော်များများ ရနိုင်လောက်မှာပါ"

နောက်ဆုံးတွင်တော့ မီးခိုးရောင်ဝတ်စုံနှင့် လူသည် ဆုံးဖြတ်ချက်ချလိုက်တော့၏။ မည်သို့ပင်ဖြစ်စေ သူတို့ ဂိုဏ်းသို့ ပြန်သွားရန် လိုအပ်သေးပြီး ဤကမ္ဘာငယ်လေးမှာ အလွန်ဝေးကွာလှသဖြင့် သတင်းပို့ခြင်းဖြင့် သူတို့အတွက် စစ်မှန်သော အကျိုးအမြတ်များ ရရှိလာနိုင်မည်မဟုတ်ပေ။ အခြားအဖွဲ့အစည်းများကို ရောင်းချခြင်းက ပို၍ အမြတ်အစွန်းရနိုင်ပေလိမ့်မည်။

"အဲဒါ အကောင်းဆုံးရွေးချယ်မှု ဖြစ်မဲ့ပုံပဲ" အဖြူရောင်ဝတ်စုံနှင့် လူငယ်က သဘောတူလိုက်၏။ "ဒါပေမဲ့ ဆရာတူအစ်ကို.. ဘယ်အဖွဲ့အစည်းကို ရောင်းမလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား"

"ငါခုလေးတင် စစ်ဆေးကြည့်ပြီးပြီ။ ကြယ်တာရာမြေပုံအရ ငါတို့နဲ့ အနီးဆုံး ကမ္ဘာလောကကြီးက ထျန်းယွမ်ကမ္ဘာလောကကြီးပဲ။ ဒီနေရာအကြောင်းကို အဲဒီက မသေမျိုးဂိုဏ်းတစ်ခုဆီ ရောင်းလိုက်လို့ရတယ်"

"ထျန်းယွမ်ကမ္ဘာလောကကြီးလား"

အဖြူရောင်ဝတ်စုံနှင့် လူငယ် အံ့အားသင့်သွားသည်။ ၎င်းမှာ တာ့ယွမ် မသေမျိုးပိုင်နက်တစ်ခုလုံးတွင် အကျော်ကြားဆုံးသော ကမ္ဘာလောကကြီးများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ အလုံးစုံစွမ်းအားမှာ ပိုင်နက်အတွင်းရှိ ထိပ်တန်းဆယ်ခုစာရင်းဝင်ဖြစ်ကာ သူတို့၏ ကိုယ်ပိုင်ကမ္ဘာလောကကြီးနှင့်ပင် နှိုင်းယှဉ်နိုင်ပေ၏။

"ကောင်းပြီလေ၊ အစ်ကိုပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့" အဖြူရောင်ဝတ်စုံနှင့် လူငယ်က မည်သည့်ကန့်ကွက်မှုမျှ မလုပ်တော့ပေ။

မီးခိုးရောင်ဝတ်စုံနှင့် လူသည် အဝေးတွင် ခပ်ရေးရေး တောက်ပနေသော ကမ္ဘာငယ်လေးကို စိုက်ကြည့်လိုက်လေသည်။

"လွန်ခဲ့တဲ့ တစ်လအတွင်း ငါတို့ဒဏ်ရာတွေ အပြည့်အဝ ပျောက်ကင်းသွားပြီ။ အခု ငါတို့လုပ်ရမှာက ဒီကမ္ဘာငယ်လေးက ငါတို့ကို ဝင်ခွင့်ပြုလောက်တဲ့အထိ ပြန်ပြီးနိုးထလာဖို့ စောင့်ရုံပဲ"

ထိုသို့ဖြင့် အချိန်တို့သည် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။

ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူနှစ်ဦး၏ စောင့်ကြည့်မှုအောက်တွင် ကမ္ဘာငယ်လေး၏ နိုးထလာမှုမှာ ပိုပိုပြီးထင်ရှားလာခဲ့သည်။ နောက်ဆုံး လဝက်ကျော် ကြာပြီးနောက်တွင်တော့ ၎င်း၏တောက်ပမှုမှာ သိသိသာသာကို မြင့်တက်လာခဲ့လေပြီပင်။

All Chapters