အခန်း (၃၈၇-၃၈၈)
Vol. 39 Ch. 387-388
အခန်း ၃၈၇ - မဟာအတိဒုက္ခ တိမ်တိုက်များ၏ အပြန်အလှန်
မမျှော်လင့်ထားစွာပင် လုချင်း ပြောသည့် လျှို့ဝှက်ကျင့်စဉ်ဆိုသည်မှာ ဒဏ္ဍာရီလာ နတ်ဘုရားစွမ်းရည် ဖြစ်နေခဲ့ပေသည်။
ယန် မှာ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားရသည်။
သို့ရာတွင်...
၎င်းသည် နတ်ဘုရားစွမ်းရည်သာ ဖြစ်ပါက အရာအားလုံး အဓိပ္ပာယ်ရှိသွားပေပြီ။
"သခင်လေးမှာ နတ်ဘုရားစွမ်းရည်ရှိမယ်လို့ ကျုပ် တစ်ခါမှ မတွေးမိခဲ့ဘူး။ ကျုပ် အမြင်တိမ်ပြီး သခင်လေးကို အထင်လွဲခဲ့မိတာပဲ။"
"ယန်ချန်ပေ့က ကျွန်တော် လမ်းမှားရောက်သွားမှာ စိုးရိမ်လို့ဆိုတာ ကျွန်တော်က ဘယ်လိုလုပ် နားမလည်ဘဲ နေပါ့မလဲ။"
သို့မဟုတ်လျှင် သူ၏ ဤဝှက်ဖဲကို ထုတ်ဖော်ပြသခဲ့မည် မဟုတ်ပေ။
"ဒါကြောင့်လည်း သခင်လေးက ဒီလောက်တောင် ယုံကြည်မှု ရှိနေတာကိုး။ နတ်ဘုရားစွမ်းရည်ဆိုတဲ့ သဘောတရားက ကျုပ်ကိုယ်တိုင်တောင် ကြားသာကြားဖူးခဲ့ပြီး တစ်ခါမှ မျက်မြင်ကိုယ်တွေ့ မကြုံဖူးတဲ့အရာမျိုးလေ။"
အတိတ်ကာလက လီဟော်ဂိုဏ်းသည် ပါရမီရှင်များဖြင့် ပြည့်နှက်နေပြီး ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် အင်အားကြီးဂိုဏ်းကြီးတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ နတ်ဘုရားစွမ်းရည်ကို မပိုင်ဆိုင်ခဲ့ကြချေ။
ထို့ကြောင့် ယန်သည် နတ်ဘုရားစွမ်းရည်၏ ကျင့်စဉ်နှင့်ပတ်သက်၍ များများစားစား မသိခဲ့ပေ။
သေချာသည်ကတော့ သူ သိချင်စိတ်ပြင်းပြနေသော်ငြား လုချင်း၏ နတ်ဘုရားစွမ်းရည်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို မေးမြန်းခြင်းမှ ရှောင်ကြဉ်ခဲ့သည်။
လုချင်းက ဤမျှအရေးပါသော ဝှက်ဖဲကို ထုတ်ဖော်ပြသရန် ဆန္ဒရှိခြင်းကပင် သူအပေါ် အလွန်တရာ ယုံကြည်ကြောင်း ပြသနေပြီ ဖြစ်၏။ ထပ်မံ၍ အတင်းအကျပ် စူးစမ်းနေခြင်းက ရိုင်းပျရာကျပေလိမ့်မည်။
အနည်းဆုံးတော့ ယခုအချိန်တွင် ယန်၏ စိုးရိမ်ပူပန်မှုများ လုံးဝပြေပျောက်သွားခဲ့ပြီပင်။
နတ်ဘုရားစွမ်းရည်၏ကျင့်စဉ်သည် ခန့်မှန်းရခက်ခဲပြီး အလွန်အမင်း အစွမ်းထက်လှကာ ရှုပ်ထွေးမှုနှင့် ခွန်အားပိုင်းတွင် မည်သည့်သိုင်းကျင့်စဉ် သို့မဟုတ် လျှို့ဝှက်ကျင့်စဉ်များကိုမဆို ကျော်လွန်နေပေသည်။
သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်နှင့် ထူးကဲသော ပါရမီတို့ကြောင့် လုချင်းသည် သူ၏လက်ရှိခွန်အားနှင့်ပင် သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရပါက အရေးနိမ့်မည်မဟုတ်ပေ။
အမှန်တကယ်တော့ ရှေးဟောင်းကျင့်ကြံခြင်းခေတ်တွင် ကျင့်ကြံသူများသည် နတ်ဘုရားစွမ်းရည်၏ စွမ်းအားကို အသုံးပြု၍ ကျင့်ကြံခြင်းအဆင့်တစ်ခုလုံးကို ကျော်လွန်ကာ ရွှေအမြုတေအဆင့်တွင် ရှိနေစဉ်မှာပင် သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သော ဖြစ်ရပ်များရှိခဲ့ပြီး ထိုအဖြစ်အပျက်က ကျင့်ကြံခြင်းလောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
နောင်တွင် ထိုကျင့်ကြံသူသည် သန္ဓေသားဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ကျင့်ကြံခြင်းလောကတွင် မည်သူမျှ မယှဉ်သာသော ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် သမိုင်းတွင်ခဲ့လေ၏။
လုချင်း၏ နတ်ဘုရားစွမ်းရည်သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို အဆင့်ကျော်လွန်၍ သတ်ဖြတ်နိုင်စွမ်းရှိသည့် ထိုပုဂ္ဂိုလ်၏ စွမ်းရည်လောက် ကြောက်မက်ဖွယ်မကောင်းလျှင်တောင်မှ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းတော့ ရှိပေလိမ့်မည်။
ယန်၏ အကူအညီနှင့်ဆိုလျှင် ရွှေအမြုတေအဆင့် ပြိုင်ဘက်ကပင် လုချင်းကို အနိုင်ယူနိုင်ဖို့ သေချာမည်မဟုတ်ပေ။
"ဒါက ကျွန်တော် ကံကောင်းသွားလို့ပါဗျာ။ ကျုံးကျိုးမှာ မဟာအတိဒုက္ခ ဖြတ်ကျော်နေတုန်းက ဒီနတ်ဘုရားစွမ်းရည်ကို ရခဲ့တာလေ"
"ကောင်းကင်က ချီးမြှင့်တဲ့ နတ်ဘုရားစွမ်းရည်တဲ့လား... ဒါက သခင်လေးရဲ့ ပါရမီက ကောင်းကင်တာအိုရဲ့ အာရုံစိုက်မှုကို ခံရလောက်တဲ့အထိ မြင့်မားနေတယ်လို့ ဆိုလိုတာပဲ၊ ပြီးတော့လည်း အဲဒီကောင်းကင်တာအိုကပဲ သခင်လေးကို ကာကွယ်ပေးနိုင်တဲ့ စွမ်းရည်တစ်ခုအဖြစ် နတ်ဘုရားစွမ်းရည်ကို ချီးမြှင့်လိုက်တာလေ"
ယန်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။
ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည်ဆိုသည်မှာ အဘယ်နည်း။ ဤသည်ပင် ဖြစ်ပေသည်။
လုချင်း၏ ကျင့်ကြံခြင်းပါရမီသည် အလွန်တရာ ထူးကဲလှသဖြင့် ကောင်းကင်တာအိုပင် ဝင်ရောက်မစွက်ဖက်ဘဲ မနေနိုင်တော့သဖြင့် သူ၏ကြီးထွားလာမှုကို ကာကွယ်ပေးရန် နတ်ဘုရားစွမ်းရည်တစ်ခုကို ချီးမြှင့်ခဲ့ခြင်း ဖြစ်လေသည်။
လုချင်းက ခပ်ဖွဖွပြုံးလိုက်ပြီး ဘာမျှထပ်မပြောတော့ပေ။
သူသည် နတ်ဘုရားစွမ်းရည် တစ်ခုထက်မက ရရှိခဲ့ကြောင်းကိုတော့ ယန်အား မပြောပြခဲ့ချေ။
ထို့အစား မျက်လုံးများကိုမှိတ်ကာ သူ၏ကျင့်ကြံမှုကို ပြန်ပြီးစတင်လိုက်ပြီး 'ထင်ယောင်ထင်မှားဖြစ်စေခြင်း' ဟုခေါ်သော ဝိညာဉ်နှင့် သက်ဆိုင်သည့် အခြားသော အသေးစား နတ်ဘုရားစွမ်းရည်တစ်ခုကို နားလည်သဘောပေါက်ရန် အာရုံစိုက်လိုက်လေသည်။
လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုက လုချင်း၏ပတ်လည်တွင် ထပ်မံပေါ်ပေါက်လာပြန်သည်။
၎င်းကိုမြင်သောအခါ ယန်သည် ပါးနပ်စွာဖြင့် သူ၏ ပုံရိပ်ယောင်ကို ရုတ်သိမ်းလိုက်ပြီး လီဟော်ဒယ်အိုးထဲသို့ ပြန်ပြီးဝင်ရောက်သွားတော့၏။
သူ၏ စိုးရိမ်ပူပန်မှုများ လုံးဝပျောက်ကွယ်သွားခဲ့ပြီး အနာဂတ်အတွက် ပြင်းပြသော မျှော်လင့်ချက်များဖြင့် အစားထိုးဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ထိုသို့ဖြင့် အချိန်ကာလတို့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ပြန်၏။ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများသည် ဆက်လက်၍ပြောင်းလဲတိုးတက်နေပြီး ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ သို့ရာတွင် ယင်း၏ တိုးတက်မှုနှုန်းမှာ တဖြည်းဖြည်း နှေးကွေးလာလေ၏။
နောက်ဆုံးတွင် လုချင်းသည် ထင်ယောင်ထင်မှားဖြစ်စေခြင်း စွမ်းရည်ကို ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံပြီးသည့်အချိန်တွင်တော့ ဝိညာဉ်စွမ်းအင်၏ အပြောင်းအလဲများမှာ သတိမထားမိဘဲ မနေနိုင်နိုင်လောက်အောင်အထိ ဖြစ်လာခဲ့တော့သည်။
"နောက်တစ်ကြိမ် ကောင်းကင်တာအိုစည်းချက် ထွက်ပေါ်လာဖို့ဆိုတာ အချိန်အတော်ကြာဦးမယ့်ပုံပဲ။"
ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများကို အာရုံခံလိုက်ရင်း လုချင်း ဤသို့သဘောပေါက်သွားလေသည်။
ပဉ္စမအကြိမ်မြောက် ကောင်းကင်တာအိုစည်းချက် ထွက်ပေါ်လာပြီးနောက်၌ ကောင်းကင်စည်းမျဉ်းများ၏ ပြောင်းလဲတိုးတက်မှုသည် "မသေမျိုး" ဆိုသည့် အရိပ်အယောင်တစ်ခုကို ဆောင်လာကာ ယင်းဖြစ်စဉ်အတွင်း ပို၍တည်ငြိမ်လာခဲ့ပါ၏။
စည်းမျဉ်းများမှာ ဆက်လက်ပြောင်းလဲနေဆဲဖြစ်သော်လည်း အရှိန်အဟုန်မှာ အလွန်နှေးကွေးလွန်းလှသဖြင့် အနီးကပ် လေ့လာစောင့်ကြည့်လျှင်ပင် သတိပြုမိရန် ခဲယဉ်းလှပေသည်။
ဤကမ္ဘာလောကကြီးရှိ ကောင်းကင်နှင့်မြေကြီး ပြန်၍နုပျိုလာမှုသည် ယာယီအဆုံးသတ်တစ်ခုသို့ ရောက်ရှိသွားပြီး အမှန်တကယ် တည်ငြိမ်သွားပြီဖြစ်ကြောင်း လုချင်း ချက်ချင်း သဘောပေါက်လိုက်သည်။
နောက်တစ်ကြိမ် ကောင်းကင်တာအိုစည်းချက် ထွက်ပေါ်လာရန် စောင့်ဆိုင်းဖို့မှာ အချိန်အတော်ကြာ ယူရပေလိမ့်မည်။
"မှန်တာပေါ့။ ကောင်းကင်စည်းမျဉ်းတွေရဲ့ ပြောင်းလဲတိုးတက်မှုက တည်ငြိမ်သွားပြီဆိုတော့ အဲဒီရှေးဟောင်းကျင့်ကြံသူတွေလည်း သူတို့ရဲ့ မဟာအတိဒုက္ခတွေနဲ့ အဆင့်တက်လှမ်းဖို့အတွက် ပြင်ဆင်နေကြလောက်ပြီ။"
လုချင်း၏ အကြည့်များသည် လေဟာနယ်ကို ဖောက်ထွင်းကာ အဝေးတစ်နေရာဆီသို့ လှမ်းကြည့်နေသကဲ့သို့ ရှိလေသည်။
...
ကျုံးကျိုးရှိ မြင့်မြတ်သောတောင်တော်ထိပ်တွင်...
"အစ်ကိုကြီး... အခု မဟာအတိဒုက္ခကို ဖြတ်ကျော်ဖို့ တကယ်သေချာပြီလား။"
လုချင်းနှင့် တစ်ချိန်က တိုက်ခိုက်ခဲ့ဖူးသော တတိယသခင်ကြီးသည် မြင့်မြတ်သောတောင်တော်၏ ပထမသခင်ကြီးဖြစ်သူ သူ၏အစ်ကိုကြီးကို ကြည့်ကာ မေးလိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ သူ၏မျက်နှာထား၌ ပုံမှန်အေးစက်နေကျ အသွင်အပြင်အစား မသက်မသာဖြစ်မှုနှင့် စိုးရိမ်ထိတ်လန့်မှုများက နေရာယူထားလေသည်။
"အစ်ကိုကြီး... ခဏစောင့်ပြီး စွမ်းအင်တွေ ထပ်စုဆောင်းတာ ပိုကောင်းမယ်ထင်တယ်။ ဒီကိစ္စကို လောနေစရာ မလိုပါဘူး။"
ဒုတိယသခင်ကြီးကလည်း ဝင်ပြောလိုက်၏။ "ကောင်းကင်စည်းမျဉ်းတွေ ပြောင်းလဲတိုးတက်လာတဲ့ နှေးကွေးတဲ့အရှိန်ကို ကြည့်ရရင် နောက်တစ်ကြိမ် ကောင်းကင်တာအိုစည်းချက် ထွက်လာဖို့က အများကြီး လိုပါသေးတယ်။ ကျွန်တော်တို့ ကိုယ်ပိုင်အရှိန်နဲ့ ကျင့်ကြံဖို့ အချိန်အများကြီး ရပါသေးတယ်။"
"မင်းတို့နှစ်ယောက်လုံး ကြောက်နေကြတုန်းပဲကိုး။"
ပထမသခင်ကြီးက သက်ပြင်းချလိုက်သည်။ "ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ပြတ်သားဖို့ လိုအပ်တယ်။ တုံ့ဆိုင်းနေတာနဲ့ ကျရှုံးမှာကို ကြောက်ရွံ့နေတာတွေက အကြီးမားဆုံး ရန်သူတွေပဲ။
ငါက အဆင့်တက်လှမ်းဖို့ အခွင့်အရေးကို မြင်တွေ့ထားပြီးပြီဆိုတော့ ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ပြီး မတုံ့ဆိုင်းဘဲ ရှေ့ဆက်ရမယ်။
အဲဒီလိုမှ မဟုတ်ရင် အခွင့်အရေးကို လက်လွတ်သွားပြီး အခက်အခဲတွေကြားထဲပဲ ပိတ်မိပြီးတော့ ရှေ့ဆက်မတိုးနိုင် ဖြစ်သွားလိမ့်မယ်။"
"ဒါကတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြောနေတာ မဟာအတိဒုက္ခအကြောင်းလေ။ ဘယ်သူကများ ကောင်းကင်ရဲ့ မဟာအတိဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ မကြောက်ရွံ့ဘဲ နေမှာတဲ့လဲ။"
ဒုတိယသခင်ကြီးက ခါးသီးစွာ ပြုံးလျက် ပြောလိုက်၏။
"ဒါကြောင့်ပဲ ငါအရင်သွားပြီး မင်းတို့အတွက် လမ်းခင်းပေးမှာပေါ့။
ငါ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ မင်းတို့အတွက်တော့ တန်ဖိုးရှိတဲ့ အတွေ့အကြုံတချို့ ရသွားမှာပဲလေ။"
ပထမသခင်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏လေသံတွင် မကြာမီ ကျရောက်လာတော့မည့် မဟာအတိဒုက္ခနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုအရိပ်အယောင်လေးမျှပင် မရှိချေ။
အစ်ကိုကြီးဖြစ်သူ၏ စကားများတွင်ပါဝင်သော အလျှော့မပေးတတ်သည့် စိတ်ပိုင်းဖြတ်မှုကို ကြားလိုက်ရသောအခါ၌ ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့သည် သူ့အား တားဆီးရန်ကြိုးစားနေခြင်းကို နောက်ဆုံးတွင် လက်လျှော့လိုက်ကြတော့၏။
"အစ်ကိုကြီး... မဟာအတိဒုက္ခကို ဘယ်တော့လောက် ဖြတ်ကျော်ဖို့ စီစဉ်ထားလဲ။"
"အခုချက်ချင်းပဲ။"
"အခုချက်ချင်းလားးးး" ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီး နှစ်ဦးစလုံး အလွန်တရာ အံ့သြသွားကြသည်။
"ဟုတ်တယ်။ အခုချက်ချင်း။"
ပထမသခင်ကြီးက ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
သူတို့သည် ယခုအချိန်တွင် မြင့်မြတ်သောတောင်တော်၏ ထိပ်ဖျား၌ ရပ်နေကြခြင်းပင်။
တောင်တော်နှင့် နီးကပ်စွာ ဆက်နွှယ်နေသော တည်ရှိမှုများဖြစ်ကြသည့်အားလျော်စွာ တောင်တော်ပေါ်ရှိ ထူးခြားသော ဖိနှိပ်မှုစွမ်းအားသည် ညီအစ်ကိုသုံးဦးအပေါ် သက်ရောက်မှု အနည်းငယ်သာရှိပြီး သူတို့အား တောင်ထိပ်သို့ လွယ်ကူစွာ ရောက်ရှိနိုင်စေခဲ့ပါ၏။
ဤအချိန်တွင် အထက်ရှိ ကောင်းကင်ယံသည် တိမ်ကင်းစင်ကာ ပြာလဲ့နေပေသည်။
သို့ရာတွင် ပထမသခင်ကြီးက သူ၏ကျင့်ကြံခြင်းအခြေခံအပေါ် ထားရှိသည့် ကန့်သတ်ချက်များကို ရုတ်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကြီးသည် သိသိသာသာကို ပြောင်းလဲသွားတော့၏။
လေပြင်းများ တိုက်ခတ်လာပြီး တိမ်မည်းများ အလျင်အမြန် စုဝေးလာကာ မဟာအတိဒုက္ခတိမ်တိုက်များ၏ လေပွေလှိုင်းတစ်ခုအဖြစ် ဖန်တီးပေါ်ပေါက်လာသည်။
ယင်းနောက်၌ အသက်ရှူကျပ်စေလောက်သည့် ဖိအားတစ်ခုက အရပ်မျက်နှာအားလုံးသို့ ပြန့်နှံ့သွားလေသည်။
ဤကဲ့သို့သော ကောင်းကင်၏စွမ်းအားမျိုးသည် အခြားသူများ၏ အာရုံစိုက်မှုမှ မလွတ်ကင်းနိုင်ပေ။
တောင်ခြေရှိ မြို့တော်မြတ်အတွင်းမှ မရေမတွက်နိုင်သော လူများက ကောင်းကင်ယံသို့ အံ့သြတုန်လှုပ်စွာ မော့ကြည့်နေကြသည်။
"ကြည့်စမ်း... မြင့်မြတ်သောတောင်တော်ပေါ်က အဲဒါကြီးက ဘာကြီးလဲ။"
"မဟာအတိဒုက္ခ တိမ်တိုက်တွေပဲ။ တစ်ယောက်ယောက် မဟာအတိဒုက္ခကို ဖြတ်ကျော်နေတာ။"
"မြင့်မြတ်သောတောင်တော်ပေါ်မှာ မဟာအတိဒုက္ခကို ဖြတ်ကျော်နေတယ်ဆိုတော့... သခင်ကြီးတွေထဲက တစ်ပါးပါး ဖြစ်ရမယ်။"
"ပဉ္စမအကြိမ်မြောက် ကောင်းကင်တာအိုစည်းချက် ထွက်ပေါ်လာတာ သိပ်မကြာသေးဘူးလေ။ သခင်ကြီးတွေက အဆင့်တက်လှမ်းဖို့ ကြိုးစားနေကြပြီလား။"
...
မြို့တော်မြတ်အတွင်းရှိ အစွမ်းထက် ကျင့်ကြံသူအားလုံးသည် တောင်တော်အထက်တွင် ဖြစ်ပေါ်နေသော တိမ်မည်းလေပွေလှိုင်းကြီးကို မြင်သောအခါ၌ အံ့အားသင့်သွားကြသည်။
ယခင်က လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေး၏ မဟာအတိဒုက္ခကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့ကြသဖြင့် ဤဖြစ်စဉ်သည် မဟာအတိဒုက္ခ တိမ်တိုက်များဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်ကြသည်။
မြင့်မြတ်သောတောင်တော်ပေါ်မှ တစ်စုံတစ်ယောက်က မဟာအတိဒုက္ခကို ဖြတ်ကျော်နေလေပြီပင်။
ဘာတွေဖြစ်နေသည်ကို လူတိုင်း နားလည်သဘောပေါက်သွားရန် အချိန်များစွာ မယူလိုက်ရချေ။
...
အခန်း ၃၈၈ - သခင်ကြီး မဟာအတိဒုက္ခကို ရင်ဆိုင်ခြင်း
"ဘယ်သခင်ကြီးက မဟာအတိဒုက္ခကို ဖြတ်ကျော်နေတာလဲ။"
မြို့တော်မြတ်အတွင်းရှိ များပြားလှသော အစွမ်းထက် ကျင့်ကြံသူများသည် မြင့်မြတ်သောတောင်တော်အထက်တွင် ဖြစ်ပေါ်နေသည့် မဟာအတိဒုက္ခတိမ်တိုက်များကို ငေးကြည့်နေကြပြီး သူတို့၏ အံ့သြမှုများနှင့်အတူ ပြင်းထန်သော သိချင်စိတ်များပါ ရောယှက်နေလေသည်။
မြင့်မြတ်သောတောင်တော်ပေါ်တွင် ထိုကဲ့သို့သော မဟာအတိဒုက္ခတိမ်တိုက်များကို ခေါ်ယူနိုင်စွမ်းရှိသူများမှာ သခင်ကြီးသုံးပါးသာ ရှိပေသည်။ သူတို့မှလွဲ၍ အခြားမည်သူမျှ ဤကဲ့သို့သော ဖြစ်စဉ်မျိုးကို ဖန်တီးနိုင်စွမ်း မရှိကြချေ။
သို့ရာတွင် မဟာအတိဒုက္ခတိမ်တိုက်များကိုသာ အခြေခံ၍ မည်သည့်သခင်ကြီးက မဟာအတိဒုက္ခကို ဖြတ်ကျော်နေသည်ကို အတိအကျ ဆုံးဖြတ်ရန်မှာ မဖြစ်နိုင်ပေ။
သူတို့အနေဖြင့် သိချင်စိတ် ပြင်းပြနေသော်လည်း စုဝေးနေကြသော ကျွမ်းကျင်သူများသည် မြင့်မြတ်သောတောင်တော်အနီးသို့ ချဉ်းကပ်၍ စုံစမ်းရန် မဝံ့ရဲကြပေ။
တောင်ထိပ်တွင် ဖြစ်ပေါ်နေသော မဟာအတိဒုက္ခတိမ်တိုက်များသည် အလွန်တရာ ကြီးမားကျယ်ပြန့်လှပြီး ၎င်းတို့ထံမှ ထွက်ပေါ်လာသော ကောင်းကင်၏ အရှိန်အဝါသည် ယခင်က လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေး မဟာအတိဒုက္ခ ဖြတ်ကျော်ခဲ့စဉ်ကထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းနေလေ၏။
တကယ်လို့ သူတို့သာ အလွန်အမင်း နီးကပ်စွာ ချဉ်းကပ်သွားပါက လမ်းလွဲလာသော မဟာအတိဒုက္ခ မိုးကြိုးသွားများ၏ အပစ်ခတ်ခံရမည့် အန္တရာယ်ရှိပေသည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက သူတို့၏ နာကြည်းမှုများကို ထုတ်ဖော်ရန် နေရာပင် ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့သည် မြို့တော်မြတ်အတွင်း၌သာ နေထိုင်ရင်း ဤအံ့ဖွယ်ဖြစ်ရပ်ကြီးကို တအံ့တသြ ငေးကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ပေ။ မဟာအတိဒုက္ခ တိမ်တိုက်များ ပျောက်ကွယ်သွားမည့်အချိန်ကို စောင့်ဆိုင်းရင်း ထိုနောက်ပိုင်းမှ ပိုမိုသိရှိခွင့်ရရန် မျှော်လင့်နေရုံသာ ရှိတော့သည်။
"ဒီမဟာအတိဒုက္ခရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။"
မြင့်မြတ်သောတောင်တော်ပေါ်တွင် ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့ကလည်း အထက်ရှိ မဟာအတိဒုက္ခတိမ်တိုက်များကို ကြည့်ကာ မှင်သက်နေကြ၏။
ရာစုနှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော သူတို့၏ ကျင့်ကြံမှုများဖြင့်ဆိုလျှင် မဟာအတိဒုက္ခနှင့် ရင်ဆိုင်ရခြင်းသည် အတော်အသင့် ကိုင်တွယ်နိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။
သို့သော် ယခုအချိန်တွင်တော့ သူတို့၏ အကောင်းမြင်မှု လွန်ကဲလွန်းခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားနေပေပြီပင်။
မဟာအတိဒုက္ခတိမ်တိုက်များသည် အထွတ်အထိပ်သို့ အပြည့်အဝ မရောက်ရှိသေးသော်ငြား ဖိနှိပ်မှုအားကောင်းသော ကောင်းကင်၏အရှိန်အဝါက သူတို့၏နှလုံးသားများကိုပင် တုန်လှုပ်သွားစေခဲ့သည်။
အမှန်ပင် ရွှေအမြုတေအဆင့် မဟာအတိဒုက္ခသည် သူတို့ တွေးထင်ထားခဲ့သည်ထက် များစွာပို၍ ကြီးမားခက်ခဲလှပေစ။
"အစ်ကိုကြီး..."
တတိယသခင်ကြီးက ပထမသခင်ကြီးဘက်သို့ လှည့်လိုက်သည်။
"မင်းတို့နှစ်ယောက် နောက်ဆုတ်သွားကြတော့။" ပထမသခင်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။ "ကောင်းကင်စွမ်းအင်က နိုးထလာပြီဆိုတော့ နောက်ပြန်ဆုတ်လို့ မရတော့ဘူး။ မင်းတို့နှစ်ယောက်လုံးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေကြတာ။ ဒီမှာ ဆက်နေရင် ကောင်းကင်စွမ်းအင်က မင်းတို့ကိုပါ အာရုံခံမိပြီး မင်းတို့ရဲ့ မဟာအတိဒုက္ခတွေကိုပါ ဆွဲဆောင်မိသွားလိမ့်မယ်။"
"အစ်ကိုကြီး... ဂရုစိုက်ပါနော်။"
မဟာအတိဒုက္ခဆိုသည်မှာ ကျင့်ကြံသူကိုယ်တိုင် တစ်ယောက်တည်း ရင်ဆိုင်ရမည့် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ဒုတိယသခင်ကြီးနှင့်တတိယသခင်ကြီးတို့ နားလည်ထားကြသည်။ သူတို့ ဒီမှာရှိနေခြင်းက အကျိုးမရှိနိုင်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူတို့၏ မဟာအတိဒုက္ခများပါ နိုးထလာပါက ပေါင်းစပ်သွားမည့် မဟာအတိဒုက္ခကြီးသည် စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသွားမည်ဖြစ်ပြီး အသက်ရှင်သန်ရန် အခွင့်အရေးပင် ကျန်ရစ်တော့မည် မဟုတ်ပေ။
ယခုအချိန်တွင်ပင် သူတို့၏ ခန္ဓာကိုယ်အတွင်း ဖိနှိပ်ထားသော ကောင်းကင်စွမ်းအင်များ စတင်လှုပ်ရှားလာသည်ကို သူတို့ ခံစားနေရပြီ ဖြစ်သည်။
ထို့ကြောင့် မတုံ့ဆိုင်းဝံ့တော့ဘဲ သူတို့နှစ်ဦးသည် တောင်ထိပ်မှ ဆုတ်ခွာရန်အတွက် သူတို့၏ ရွေ့လျားမှုသိုင်းကျင့်စဉ်များကို ချက်ချင်းအသုံးပြုကာ ကောင်းကင်မဟာအတိဒုက္ခ၏ နယ်ပယ်မှ ထွက်ခွာသွားကြသည်။
မြင့်မြတ်သောတောင်တော်၏ အစောင့်အရှောက်များအနေဖြင့် သူတို့၏ သရုပ်မှန်များသည် သန္ဓေသားဝိညာဉ်အဆင့်သို့ မရောက်မချင်း တောင်တော်ပေါ်မှ ထွက်ခွာ၍ မရနိုင်ပေ။
ကံကောင်းထောက်မစွာဖြင့် မြင့်မြတ်သောတောင်တော်သည် အလွန်တရာ ကျယ်ဝန်းလှပြီး မဟာအတိဒုက္ခတိမ်တိုက်များသည် တောင်တော်၏ အစိတ်အပိုင်းတစ်ခုကိုသာ လွှမ်းခြုံထားခြင်း ဖြစ်သည်။
ဤသည်ကပင် ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့အား မဟာအတိဒုက္ခ၏ လွှမ်းမိုးမှုမှ ရှောင်လွှဲရန် လုံလောက်သော နေရာလွတ်များကို ရရှိစေခဲ့သည်။
သူတို့နှစ်ဦး ဆုတ်ခွာသွားချိန်တွင် အထက်ရှိ မဟာအတိဒုက္ခတိမ်တိုက်များသည် ပိုမိုသိပ်သည်းလာကာ ၎င်းတို့၏ စွမ်းအားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီပင်။
သူတို့ ဘေးကင်းရာအကွာအဝေးသို့ ရောက်ရှိပြီးနောက် ပြန်ကြည့်လိုက်သောအခါ မဟာအတိဒုက္ခတိမ်တိုက်များအတွင်း၌ လျှပ်စီးများ စတင်လက်လာသည်ကို တွေ့လိုက်ရလေသည်။
ပထမသခင်ကြီးက ခေါင်းမော့ကြည့်လိုက်၏။
သူ၏မျက်နှာထားမှာ တည်ငြိမ်နေဆဲဖြစ်ပြီး မဟာအတိဒုက္ခတိမ်တိုက်များကို စိုက်ကြည့်နေသော်လည်း သူ၏အကြည့်များက ပို၍လေးနက်လာလေသည်။
နှစ်တစ်ထောင်ကြာ ကျင့်ကြံမှုနှင့် ပြင်ဆင်မှုများအပြီးတွင် မဟာအတိဒုက္ခကို ကျော်လွှားကာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်မည်ဟု သူ ယုံကြည်ချက်အပြည့်ရှိနေသော်လည်း မဟာအတိဒုက္ခ၏ ပြင်းထန်မှုက သူ၏ မျှော်လင့်ထားမှုများကို ကျော်လွန်နေခဲ့သည်။
"ရှေးမှတ်တမ်းတွေအရဆိုရင် မဟာအတိဒုက္ခတိမ်တိုက်တွေက အရောင်အမျိုးမျိုး ကွဲပြားတတ်တယ်။ အရောင်ပိုရင့်လေ သူတို့ရဲ့ စွမ်းအားက ပိုကြီးမားလေပဲ။
ငါ့ရဲ့ မဟာအတိဒုက္ခတိမ်တိုက်တွေက နီကြင်ကြင်အရောင်စွန်းနေတဲ့ မီးခိုးရင့်ရောင်တွေပဲ။ ဒါကြောင့်လည်း သူတို့ရဲ့ စွမ်းအားက ငါ့ရဲ့ မျှော်မှန်းချက်တွေထက် ကျော်လွန်နေတာကိုး။"
နှစ်တစ်ထောင်တိုင်တိုင် မြင့်မြတ်သောတောင်တော်ကို အုပ်ချုပ်ကာ ကမ္ဘာလောကကြီးကို ဦးဆောင်ခဲ့သော ပထမသခင်ကြီးသည် နက်ရှိုင်းလှသည့် အသိပညာများကို အမွေဆက်ခံထားပြီး ကျင့်ကြံခြင်း၏ ရှုပ်ထွေးနက်နဲမှုများကို ကောင်းစွာ ကျွမ်းကျင်သူဖြစ်သည်။
မဟာအတိဒုက္ခတိမ်တိုက်များအတွင်းမှ မှိန်ပျပျ အနီရောင်အရိပ်အယောင်များကို မြင်တွေ့ရသောအခါ၌ ၎င်းတို့၏ ကြောက်မက်ဖွယ် စွမ်းအားအတွက် အကြောင်းရင်းကို သူ နားလည်သွားလေသည်။
မည်သို့ပင်ဖြစ်စေကာမူ...
ဆုံးဖြတ်ချက်ခိုင်မာနေသည့် အမူအရာတစ်ခုက သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။
မဟာအတိဒုက္ခ၏ စွမ်းအားက မျှော်လင့်မထားလောက်အောင် ကြီးမားနေသော်လည်း ယင်းကို ကျော်လွှားပြီး ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်မည့် သူ၏စွမ်းရည်ကို သူ ယုံကြည်နေဆဲပင်။
သူ၏ နှစ်ကာလကြာရှည်လှသော ကျင့်ကြံမှုများက သူ့အား ဤယိမ်းယိုင်မှုမရှိသော ယုံကြည်မှုကို သွတ်သွင်းပေးထားခဲ့ပေ၏။
မဟာအတိဒုက္ခတိမ်တိုက်များ ပို၍လေးလံလာပြီး ၎င်းတို့အတွင်းရှိ လျှပ်စီးများ ပိုမိုတောက်ပလာသည်နှင့်အမျှ စွမ်းအင်များသည် တိမ်တိုက်များ၏ အလယ်ဗဟိုရှိ လေပွေလှိုင်းဆီသို့ စတင်စုစည်းလာကြသည်။
ပထမသခင်ကြီးသည် အချိန်ဆွဲရန် မဝံ့ရဲတော့ပေ။ သူ၏ ကျင့်ကြံမှုအားလုံးကို ဆင့်ခေါ်ကာ မိမိကိုယ်ကို ပြင်ဆင်လိုက်သည်။
သူ၏ခန္ဓာကိုယ်အတွင်း၌ သန့်စင်ထားသော မှော်လက်နက်များသည်လည်း မဟာအတိဒုက္ခ မိုးကြိုးကို ခံနိုင်ရည်ရှိရန် ရုန်းကန်ရပါက အသုံးပြုရန်အတွက် အဆင်သင့် ဖြစ်နေပေပြီပင်။
မြို့တော်မြတ်အတွင်းရှိ များပြားလှသော ကျင့်ကြံသူများသည် မဟာအတိဒုက္ခတိမ်တိုက်များ၏ ဖိနှိပ်မှုအားကောင်းသော စွမ်းအားကို ခံစားရပြီး ကြောက်ရွံ့တုန်လှုပ်နေကြသည်။
ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့ပင်လျှင် သူတို့၏ အရှိန်အဝါများကို လုံးဝချုပ်တည်းထားကြပြီး ကောင်းကင် မဟာအတိဒုက္ခအပေါ် အနည်းငယ်မျှပင် မလေးမစား မလုပ်ဝံ့ကြပေ။
နောက်ဆုံးတွင် မရေမတွက်နိုင်သော စောင့်ကြည့်နေသူများ၏ မျက်မှောက်၌ နှင်းကဲ့သို့ ဖြူဖွေးကာ အနီရောင်အနည်းငယ် စွန်းထင်းနေသော မဟာအတိဒုက္ခ မိုးကြိုးသွားတစ်ခုက တိမ်တိုက်များ၏ ဗဟိုချက်မှနေ၍ တောင်ထိပ်ရှိ ပထမသခင်ကြီးဆီသို့ ပစ်ချလာတော့၏။
"လာစမ်း။"
ပထမသခင်ကြီး၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ တောက်ပသွားသည်။
သူသည် လက်သင်္ကေတများကို ပြုလုပ်လိုက်ရာ သူ၏ဘေးရှိ မြေပြင်မှနေ၍ ဧရာမ မြေနဂါးကြီးတစ်ကောင် ပေါက်ကွဲထွက်လာပြီး ကျဆင်းလာသော မိုးကြိုးသွားကို ရင်ဆိုင်ရန် အထက်သို့ ပျံတက်သွားလေသည်။
ဘုန်း
မြေနဂါးကြီးသည် လေထဲတွင် မဟာအတိဒုက္ခ မိုးကြိုးနှင့် ဝင်တိုက်မိသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လျှပ်စီးများ လက်နေသော မြေနဂါးကြီးမှာ တစ်စစီ ပျက်စီးသွားလေသည်။
သို့သော် ဤခဏတာ ခုခံမှုက မိုးကြိုးသွား၏ စွမ်းအားကို သိသိသာသာ အားနည်းသွားစေခဲ့သည်။
ယခင်က လက်မောင်းလုံးခန့် တုတ်သော မိုးကြိုးသွားသည် ယခုအခါ လူတစ်ယောက်၏ လက်မောင်းအရွယ်အစားခန့်သာ ကျန်ရှိတော့ပြီး ၎င်းကို ပထမသခင်ကြီးက နောက်ထပ် မြေစွမ်းအင်သုံး ဂါထာတစ်ခုဖြင့် လွယ်ကူစွာ ချေဖျက်လိုက်လေသည်။
ဤသို့ဖြင့် ပထမသခင်ကြီးသည် ပထမဆုံး မဟာအတိဒုက္ခ မိုးကြိုးသွားကို အောင်မြင်စွာ ခုခံနိုင်ခဲ့ပေသည်။
"တော်လိုက်တာ။ အစ်ကိုကြီးက ပထမဆုံး မဟာအတိဒုက္ခ မိုးကြိုးသွားကို ကျော်ဖြတ်နိုင်သွားပြီ။"
အဝေးမှ စောင့်ကြည့်နေကြသော ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့မှာ ဝမ်းသာလုံးဆို့သွားကြသည်။
ပထမသခင်ကြီးက ပထမဆုံး မိုးကြိုးသွားကို လွယ်ကူစွာ ချေဖျက်လိုက်နိုင်ခြင်းက သူတို့အတွက် မဟာအတိဒုက္ခတစ်ခုလုံးကို အသက်ရှင်လျက် ဖြတ်ကျော်နိုင်မည်ဟူသော ကြီးမားသည့် မျှော်လင့်ချက်များကို ပေးစွမ်းလိုက်လေသည်။
"ပထမ မိုးကြိုးသွားရဲ့ စွမ်းအားကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ။"
မိုးကြိုးသွားကို အသက်ရှင်လျက် ဖြတ်ကျော်ပြီးနောက် ထွက်ပေါ်လာသော သက်စောင့်စွမ်းအင်များဖြင့် ရေချိုးခံထားရသကဲ့သို့ ဖြစ်နေသော ပထမသခင်ကြီးသည် ယင်းစွမ်းအင်များကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူရန် သူ၏သိုင်းကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ ဤစွမ်းအင်သည် ကောင်းကင်၏ စည်းမျဉ်းများ ပါဝင်နေကာ သူ၏ဒဏ်ရာများကို ကုသပေးပြီး သူ၏ခန္ဓာကိုယ်ကို ပို၍ပင် သန်စွမ်းလာစေ၏။ ဤသည်ကား ကောင်းကင်ဘုံမှ ပေးသနားသော လက်ဆောင်တစ်ခုပင် ဖြစ်လေသည်။
ကောင်းကင် မဟာအတိဒုက္ခသည် ရက်စက်ကြမ်းကြုတ်လှသော်လည်း ယင်းက ကျင့်ကြံသူများကို အသက်ရှင်သန်ရန် အခွင့်အရေး တစ်စွန်းတစ်စကိုလည်း ပေးစွမ်းထားပေသည်။ ကျော်လွှားနိုင်ခဲ့သော မိုးကြိုးသွားတိုင်းသည် သူတို့၏ အသက်ရှင်သန်ရေးအတွက် အထောက်အကူဖြစ်စေရန် ကုစားမှုစွမ်းအင်များကို ပေးစွမ်းလေ့ရှိသည်။
"ဒဏ္ဍာရီတွေအရဆိုရင် ကျင့်ကြံသူတစ်ယောက် ရင်ဆိုင်ရမယ့် မဟာအတိဒုက္ခ မိုးကြိုးသွား အရေအတွက်က ကွဲပြားတတ်တယ်တဲ့။
အနည်းဆုံး တစ်ချက်ကနေ အများဆုံး ကိုးချက်အထိ ဖြစ်နိုင်တယ်။ ငါ့ရဲ့ မဟာအတိဒုက္ခမှာရော မိုးကြိုးသွား ဘယ်နှချက်တောင် ပါလာမလဲ မသိဘူး။"
အပြည့်အဝ ပြင်ဆင်ထားသော ပထမသခင်ကြီးသည် မဟာအတိဒုက္ခများနှင့် ၎င်းတို့၏ ကွဲပြားမှုများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုလုပ်ထားခဲ့ပြီး ဖြစ်သည်။
မိုးကြိုးသွား အရေအတွက်ကို ခန့်မှန်းရန် မဖြစ်နိုင်သော်လည်း မိုးကြိုးကိုးချက်သည် အစွမ်းအထက်ဆုံး မဟာအတိဒုက္ခကို ကိုယ်စားပြုကြောင်း ရှေးမှတ်တမ်းများတွင် ဖော်ပြထားသည်။
ထိုကဲ့သို့သော မဟာအတိဒုက္ခများသည် ရှားပါးလှပြီး ပြိုင်ဘက်ကင်းသော ပါရမီနှင့် ကြီးမားလှသည့် စွမ်းအင်များ စုဆောင်းထားနိုင်သော ထူးကဲသည့် ပါရမီရှင်များအတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ကောင်းကင်ဘုံကို အမျက်ထွက်စေလောက်အောင် ရာဇဝတ်မှုများ ကျူးလွန်ထားသော ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာများသည်လည်း ဤအမြင့်ဆုံး မဟာအတိဒုက္ခကို ဆွဲဆောင်မိနိုင်ပေသည်။
ယေဘုယျအားဖြင့် ကျင့်ကြံသူတစ်ယောက် ရင်ဆိုင်ရသော မဟာအတိဒုက္ခ မိုးကြိုးသွား အရေအတွက် ပိုများလေ သူတို့၏ ပါရမီနှင့် စွမ်းအင်စုဆောင်းနိုင်မှုက ပိုကြီးမားလေပင်။
အလားတူပင် မိုးကြိုးသွားများစွာ ပါဝင်သော မဟာအတိဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါက အနာဂတ် ကျင့်ကြံခြင်းတွင် ပို၍ချောမွေ့သော လမ်းကြောင်းတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။
"ဒီမဟာအတိဒုက္ခက ငါ့အပေါ်ကို မိုးကြိုးသွား ဘယ်နှချက်တောင် ပစ်ချမလဲဆိုတာ ကြည့်ကြသေးတာပေါ့။"
ပထမသခင်ကြီးက အထက်ရှိ တိမ်တိုက်များကို မော့ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်များ တောက်ပနေလေ၏။