အခန်း (၃၈၉-၃၉၀)
Vol. 39 Ch. 389-390
အခန်း ၃၈၉ - ဆိုက်ရောက်လာခြင်း
"ဆရာတူအစ်ကို... ဒီကမ္ဘာငယ်လေးထဲက စည်းမျဉ်းတွေရဲ့ ပြောင်းလဲတိုးတက်မှုတွေက လုံးဝတည်ငြိမ်သွားပြီလား။"
ကောင်းကင်ယံအထက်ရှိ ဧရာမ ဥက္ကာပျံကြီးတစ်ခုပေါ်တွင် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ဥတစ်လုံးကဲ့သို့ မှိန်ပျပျ တောက်ပနေသည့် သူ၏ရှေ့ရှိ ကမ္ဘာငယ်လေးကို ငေးကြည့်ရင်း မေးလိုက်သည်။
မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားက မျက်လုံးများကို မှိတ်ကာ သူ၏ဝိညာဉ်အာရုံကို တစ်ခဏမျှ အသုံးပြုပြီးနောက် ခေါင်းညိတ်လိုက်၏။ "တော်တော့်တော့ငြိမ်သွားပြီ။ ဝင်ဖို့ပြင်ကြရအောင်။"
ထိုသို့ပြောပြီးသည်နှင့် သူသည် လက်ကိုဝှေ့ယမ်းကာ အနည်းငယ် ပျက်စီးနေသော လှေပျံတစ်စင်းကို ဆင့်ခေါ်လိုက်၏။
"တခြားကမ္ဘာတစ်ခုက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ ဒီကမ္ဘာရဲ့ အတားအဆီးတွေကို ဖောက်ထွင်းပြီး ကြယ်တာယာလေပြင်းအလွှာတွေကို ဖြတ်ကျော်ဖို့ဆိုတာ အတော်လေး ခက်တယ်ဗျ။ ဆရာတူအစ်ကိုရဲ့လှေပျံသာ မရှိရင် အဲ့ဒါက လုံးဝကို မဖြစ်နိုင်တာကြီးလေ။
ဒါပေမဲ့ ဆရာတူအစ်ကို... ဒီလှေပျံကို ပိုင်ဆိုင်လာတာ အတော်လေးကြာနေပြီကို ဘာလို့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ပြင်ဖို့ မစဉ်းစားရတာလဲ။"
အဖြူရောင်ဝတ်ရုံနှင့် လူငယ်သည် သူ၏ဆရာတူအစ်ကို ဆင့်ခေါ်လိုက်သော လှေပျံကို ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် မနာလိုအားကျမှု အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားလေသည်။
ဤလှေပျံသည် အလွန်တရာ ထူးခြားလှပေ၏။ ၎င်းတွင် ကြောက်မက်ဖွယ်ကောင်းသော ခုခံကာကွယ်မှု စွမ်းရည်များ ရှိရုံသာမက လေဟာနယ်ကိုပါ ဖြတ်သန်းသွားလာနိုင်ပြီး သူတို့ကို များပြားလှသော ဘေးအန္တရာယ်များမှ ကယ်တင်ပေးနိုင်ခဲ့သည်။
ကံမကောင်းစွာဖြင့် ၎င်း၏ ပျက်စီးမှုများကြောင့် ဖြစ်နိုင်သည်။ ၎င်းတွင် မည်သည့် တိုက်ခိုက်ရေးစွမ်းရည်မျှ မရှိချေ။ အချိန်အများစုတွင် ၎င်းကို ခရီးသွားရန် သို့မဟုတ် ထွက်ပြေးရန်အတွက်သာ အသုံးပြုနိုင်လေ၏။
"ဒါကို ပြန်ပြင်ဖို့ ငါမစဉ်းစားဘူးလို့ မင်းထင်နေတာလား။" မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားက စိတ်မရှည်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ ဒီလှေပျံကို ဖန်တီးတဲ့နေရာမှာ သုံးထားတဲ့ ပစ္စည်းတွေက အရမ်းကို ထူးခြားတယ်။
အဲဒါတွေကို ငါ အရင်က မမြင်ဖူးရုံတင်မကဘူး ဂိုဏ်းရဲ့ ထူးဆန်းတဲ့ ရတနာမှတ်တမ်းတွေမှာတောင် အဲဒီပစ္စည်းတွေအကြောင်း တစ်လုံးမှ မပါဘူးလေ။
ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ရတနာခန်းမဆောင်မှာတောင် ဆုငွေထုတ်ပြီး ရှာခိုင်းခဲ့ပေမဲ့ အဲဒီပစ္စည်းတွေက ဘာလဲဆိုတာကို ဘယ်သူမှ မဖော်ထုတ်နိုင်ခဲ့ကြဘူး။"
လှေပျံသည် မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသား၏ တန်ဖိုးအထားရဆုံးသော ပိုင်ဆိုင်မှုတစ်ခု ဖြစ်သည်။
သေချာသည်ကတော့ ၎င်းကို သူ ပြန်ပြီးပြုပြင်ချင်ခဲ့သော်လည်း မစွမ်းဆောင်နိုင်ခဲ့ခြင်းသာ။
"ရတနာခန်းမဆောင်မှာတောင် အဲဒီလိုပစ္စည်းတွေနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ မရှိဘူးလား။" အဖြူရောင်ဝတ်ရုံနှင့် လူငယ်မှာ အလွန်အံ့သြသွားလေ၏။
ရတနာခန်းမဆောင်သည် သူတို့၏ ကမ္ဘာကြီးတွင် အစွမ်းအထက်ဆုံး လက်နက်သန့်စင်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
သူတို့ကိုယ်တိုင်ပင် ဤပစ္စည်းများနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတမရှိခြင်းမှာ အလွန်တရာ အံ့သြဖွယ်ကောင်းလှပေသည်။
မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားက ခေါင်းခါပြလိုက်၏။ "ဟုတ်တယ်။ ဒီလှေပျံကို ဖန်တီးတဲ့နေရာမှာ သုံးထားတဲ့ ပစ္စည်းတွေက ငါတို့ကမ္ဘာက မဟုတ်ဘဲ တခြားကမ္ဘာတစ်ခုခုက ဖြစ်မယ်လို့ ငါသံသယရှိတယ်။
ကံဆိုးတာက ရတနာခန်းမဆောင်မှာ နာမည်ဝှက်နဲ့ ဆုငွေထုတ်ခဲ့ရင်တောင် ဘယ်သူကမှ ဒီပစ္စည်းတွေရဲ့ ဇာစ်မြစ်ကို ဖော်ထုတ်နိုင်ခဲ့တာမျိုး မရှိဘူးလေ"
"တကယ်ကို နှမြောစရာကောင်းတာပဲ။"
အဖြူရောင်ဝတ်ရုံနှင့် လူငယ်သည် နောင်တရမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။
ဤလှေပျံသည် ထူးကဲစွာ အံ့သြဖွယ်ကောင်းလှသည်။
ပျက်စီးနေသည့် အခြေအနေတွင်ပင် ၎င်းသည် လေဟာနယ်၏ ကြမ်းတမ်းသော နေရာလွတ်စွမ်းအားများမှ သူတို့ကို ကာကွယ်ပေးခဲ့ပြီး ကောင်းကင်နယ်မြေ၏ တစ်ဝက်ခန့်ကို အထိအခိုက်မရှိဘဲ ဖြတ်သန်းနိုင်စေခဲ့၏။
အကယ်၍ ၎င်းကိုသာ ပြန်ပြီးပြုပြင်နိုင်ပါက ယင်း၏စွမ်းအားသည် စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ဖြစ်လာမည်မှာ ကျိန်းသေပေါက်ပဲပင်။
"သွားကြရအောင်။ အရင်ဆုံး ဒီကမ္ဘာငယ်လေးကို စူးစမ်းကြည့်ကြတာပေါ့။
ငါတို့ လုံလောက်တဲ့အထိ စုဆောင်းပြီးသွားရင် ဒီကမ္ဘာငယ်လေးရဲ့ တည်နေရာကို ထျန်းယွမ်ကမ္ဘာလောကကြီးဆီ ရောင်းလိုက်လို့ရတယ်။
ဒါက ထျန်းယွမ်ကမ္ဘာလောကကြီးမှာ လှေပျံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ရှိ ၊ မရှိ ရှာကြည့်ဖို့ ငါ့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်လာနိုင်တာပဲ။"
မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားသည် လှေပျံပေါ်သို့ ခုန်တက်လိုက်ရာ အဖြူရောင်ဝတ်ရုံနှင့် လူငယ်ကလည်း အလျင်အမြန် လိုက်ပါသွားလေ၏။
မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားက သူ၏စွမ်းအားကို အသက်သွင်းလိုက်သည်နှင့် လှေပျံပတ်လည်တွင် အကာအကွယ် ဝင်္ကပါအလွှာတစ်ခု ပေါ်လာသည်။ ထို့နောက်တွင်တော့ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှေ့ရှိ ကမ္ဘာငယ်လေးဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့လေ၏။
...
ကြယ်တာယာကောင်းကင်ယံတွင် အကွာအဝေးများကို ခန့်မှန်းရသည်မှာ အလွန်တရာ လှည့်စားခံရလွယ်ပေသည်။
ကမ္ဘာငယ်လေးသည် သူတို့ရပ်နေသော ဥက္ကာပျံနှင့် နီးကပ်နေသကဲ့သို့ ထင်ရပါ၏။
အမှန်တကယ်တွင်မူ အကွာအဝေးမှာ အလွန်အမင်းကို ကျယ်ဝန်းလှပါသည်။
လှေပျံ၏ အရှိန်ဖြင့်ပင် သူတို့နှစ်ဦး ကမ္ဘာငယ်လေးအနီးသို့ ချဉ်းကပ်နိုင်ရန် တစ်နာရီတိတိ ကြာမြင့်ခဲ့လေ၏။
သေချာသည်ကတော့ ဤသည်မှာ သူတို့က လှေပျံ၏ လေဟာနယ်ဖြတ်သန်းသွားလာနိုင်စွမ်းကို အသက်မသွင်းခဲ့သောကြောင့်ပင်။
အကယ်၍ ထိုသို့သာ ပြုလုပ်ခဲ့ပါက လျှပ်တစ်ပြက်အတွင်း ခရီးဆုံးသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
သို့သော် လေဟာနယ်ကို ဖြတ်သန်းသွားလာခြင်းသည် အလွန်များပြားသော စွမ်းအင်များကို ကုန်ဆုံးစေလေ၏။ မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသား၏ ကျင့်ကြံခြင်းအဆင့်နှင့်ပင် ၎င်းကို အကြိမ်အရေအတွက် ကန့်သတ်ချက်တစ်ခုအထိသာ ပြုလုပ်နိုင်ပေသည်။
သူတို့အနေဖြင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော ကမ္ဘာငယ်လေးတစ်ခုသို့ ဝင်ရောက်နေခြင်းဖြစ်သည်ကို ထည့်သွင်းစဉ်းစားကာ သူသည် သတိကြီးစွာဖြင့် သာမန်ပျံသန်းမှုဖြင့်သာ သွားရန် ဆုံးဖြတ်ခဲ့ပါ၏။
"ဒီကမ္ဘာငယ်လေးက တကယ်ကို မကြာသေးခင်ကမှ ပြန်ပြီးနုပျိုလာခဲ့တာပဲ။ ငါတို့ဝင်ရောက်ဖို့ အချိန်ကိုက်ပဲပေါ့"
ကမ္ဘာငယ်လေးရှေ့တွင် ရပ်တန့်လိုက်ရင်း မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားသည် ခမ်းနားကြီးကျယ်လှသော ကမ္ဘာ့အကာအရံကို လေ့လာကာ ယင်းထံမှ ထွက်ပေါ်လာသည့် စွမ်းအင်များကို ခံစားကြည့်ပြီး သူတို့၏ ယခင်ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်သည်။
ထို့နောက်၌ သူသည် မတုံ့ဆိုင်းတော့ဘဲ စိတ်ကိုစုစည်းလိုက်ရာ လှေပျံမှာ သေးငယ်သွားလေသည်။ ဖုံးကွယ်ထားသော အရှိန်အဝါတစ်ခုက လှေထံမှ ထွက်ပေါ်လာပြီး ကမ္ဘာ့အကာအရံကို အားစိုက်ထုတ်စရာမလိုဘဲ ဖောက်ထွင်းကာ ကမ္ဘာငယ်လေးအတွင်းသို့ ပျံသန်းဝင်ရောက်သွားတော့၏။
"ဆရာတူအစ်ကို... အစ်ကို့ရဲ့ လှေပျံက တကယ်ကို အံ့သြဖို့ကောင်းတာပဲ။ လျှို့ဝှက်နယ်မြေရဲ့ တံဆိပ်ခတ်နှိပ်မှုတွေကော ကမ္ဘာ့အကာအရံတွေကပါ သူ့ရဲ့ ဝင်ရောက်မှုကို မတားဆီးနိုင်ဘူးပဲ။"
အဖြူရောင်ဝတ်ရုံနှင့် လူငယ်မှာ မအံ့သြဘဲ မနေနိုင်ခဲ့ပေ။
လှေပျံသာ မရှိပါက ဤကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်ရန်မှာ သူတို့နှစ်ဦးအတွက် များစွာပို၍ ခက်ခဲပေလိမ့်မည်။
ကမ္ဘာ့အကာအရံကို ဖောက်ထွင်းရန်အတွက်ပင် ကြီးမားသော အားထုတ်မှုများ လိုအပ်မည်ပင်။
ယခုကဲ့သို့ လွယ်ကူနေမည် မဟုတ်ပေ။
"ဒါက ကမ္ဘာငယ်လေးတစ်ခုရဲ့ ကမ္ဘာ့အကာအရံသက်သက်ပဲလေ။ ပြီးတော့ မကြာသေးခင်ကမှ ပြန်ပြီးနုပျိုလာတဲ့ ကမ္ဘာငယ်လေးတစ်ခုပဲ ရှိသေးတာ။
ယွမ်ဟောက်ကမ္ဘာလောကကြီးရဲ့ အကာအရံသာဆိုရင် လှေပျံကတောင် ဒီလောက်လွယ်လွယ်နဲ့ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး။" မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားက ခေါင်းခါလျက် ပြောလိုက်၏။
"သေချာတာပေါ့။ ကမ္ဘာလောကကြီးတစ်ခုရဲ့ ကမ္ဘာ့အကာအရံ စွမ်းအားက ကမ္ဘာငယ်လေးတစ်ခုထက် အများကြီး သာလွန်တာပဲ။ ကွာခြားချက်က လမင်းကြီးနဲ့ ပိုးစုန်းကြူးလိုပဲလေ။
လှေပျံကသာ အဲဒါကို အားစိုက်ထုတ်စရာမလိုဘဲ ဖောက်ထွင်းနိုင်ခဲ့မယ်ဆိုရင် အဲဒါက ဝိညာဉ်လက်နက်တစ်ခုလောက်ပဲ မကတော့ဘူး။ ဒဏ္ဍာရီလာ တာအိုလက်နက်တစ်ခု ဖြစ်နေလောက်ပြီ။"
အဖြူရောင်ဝတ်ရုံနှင့် လူငယ်က ရယ်မောကာ ပြောလိုက်သည်။
သူတို့နှစ်ဦး စကားပြောဆိုနေစဉ်မှာပင် လှေပျံသည် ကမ္ဘာ့အကာအရံကို ဖောက်ထွင်းကာ ကြယ်တာယာလေပြင်းအလွှာများအတွင်းသို့ ဝင်ရောက်သွားလေသည်။
ကြယ်တာယာလေပြင်းများသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင် ကြောက်ရွံ့ရလောက်သည့် လျှပ်စီးများနှင့် ကြမ်းတမ်းသော လေစီးကြောင်းများဖြင့် ပြည့်နှက်နေ၏။ သို့သော်လည်း ၎င်းတို့သည် လှေပျံကို ရိုက်ခတ်မိသောအခါ အတွင်းရှိ လူနှစ်ဦးကို အန္တရာယ်ပြုရန်မဆိုထားနှင့် ယင်း၏ အကာအကွယ်အတားအဆီးကိုပင် မလှုပ်ခတ်နိုင်ခဲ့ချေ။
အချိန်အနည်းငယ် ကြာပြီးနောက် သူတို့နှစ်ဦးသည် ရုတ်တရက် ရှင်းလင်းသွားသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ကြယ်တာယာလေပြင်းများနှင့် လျှပ်စီးများသည် ပုံရိပ်ယောင်များကဲ့သို့ ပျောက်ကွယ်သွားပုံရပြီး အရာအားလုံးက တည်ငြိမ်ရှင်းလင်းသွားလေသည်။
သို့သော် သူတို့ကြုံတွေ့ခဲ့ရသည်များမှာ ပုံရိပ်ယောင်မဟုတ်ကြောင်း သူတို့နှစ်ဦး ကောင်းကောင်း သိထားကြသည်။
သူတို့ရှေ့ရှိ တည်ငြိမ်မှုသည် သူတို့က ကြယ်တာယာလေပြင်းများကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပြီး ကမ္ဘာငယ်လေးအတွင်းသို့ တရားဝင် ဝင်ရောက်လာနိုင်ခဲ့သောကြောင့်ပင်။
"ဒီကမ္ဘာငယ်လေးက တော်တော်လေး အထင်ကြီးစရာကောင်းသားပဲ။ မကြာသေးခင်ကမှ ပြန်ပြီးနုပျိုလာတယ်ဆိုပေမဲ့ ဝိညာဉ်စွမ်းအင် သိပ်သည်းဆက သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေအတွက် လုံလောက်နေပြီ။" မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားက ပတ်ဝန်းကျင်ကို အာရုံခံလိုက်ရင်း အနည်းငယ် အံ့အားသင့်စွာဖြင့် မှတ်ချက်ချလိုက်သည်။
ဝိညာဉ်စွမ်းအင် ပိုမိုသိပ်သည်းလေ ကမ္ဘာကြီးက ပို၍တန်ဖိုးရှိလေဖြစ်ပြီး သူတို့ ရရှိနိုင်မည့် အကျိုးအမြတ်များကလည်း ပို၍ ကြီးမားလေပင် ဖြစ်၏။
"ဆရာတူအစ်ကို... ဒီတစ်ခါ ကျွန်တော်တို့ရဲ့ ကံကောင်းမှုက သာမန်မဟုတ်တဲ့ပုံပဲ။" အဖြူရောင်ဝတ်ရုံနှင့် လူငယ်ကလည်း ထပ်တူပင် ဝမ်းသာအားရ ပြောလိုက်သည်။
"ငါတို့ကို ဆန့်ကျင်နိုင်စွမ်းရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတွေ ဒီမှာ ရှိ ၊ မရှိ ကြည့်ကြသေးတာပေါ့။"
မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသား၏ မျက်လုံးများက အေးစက်သွားလေသည်။
"ဂိုဏ်းရဲ့ မှတ်တမ်းတွေအရဆိုရင် ဒီကမ္ဘာငယ်လေးတွေက ပျက်စီးခြင်းနဲ့ ပြန်ပြီးမွေးဖွားခြင်း သံသရာကို ဖြတ်သန်းရတိုင်း ကျင့်ကြံသူတွေကို ရှင်းလင်းဖယ်ရှားဖို့ ကောင်းကင်နဲ့လူသား ယိုယွင်းပျက်စီးခြင်းငါးပါး မဟာအတိဒုက္ခကြီးကို ကြုံတွေ့ရလေ့ရှိတယ်။
ယိုယွင်းပျက်စီးခြင်းငါးပါး မဟာအတိဒုက္ခကြီးက အရမ်းကို ကြောက်စရာကောင်းလွန်းလို့ သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူတွေတောင် အသက်ရှင်ဖို့ ရုန်းကန်ရတယ်တဲ့။
ထွက်ပြေးတာကလွဲပြီး တခြားနည်းလမ်းမရှိဘူး... အောက်ခြေအဆင့် ကျင့်ကြံသူတွေအတွက်ဆို ပိုဆိုးတာပေါ့။
ဒီကမ္ဘာငယ်လေးက မကြာသေးခင်ကမှ ပြန်ပြီးနုပျိုလာတာလေ။ ထူးကဲတဲ့ ကျင့်ကြံသူတွေ ရှိနေရင်တောင် သူတို့ရဲ့ စွမ်းအားက သိပ်မြင့်မှာ မဟုတ်ဘူး။
အလွန်ဆုံးရှိလှ ရွှေအမြုတေအဆင့်ကို ကျော်လွန်နိုင်မှာ မဟုတ်ပါဘူး။ ဆရာတူအစ်ကို... စိတ်ပူစရာ ဘာမှမရှိပါဘူးဗျာ။" အဖြူရောင်ဝတ်ရုံနှင့် လူငယ်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ကမ္ဘာလောကကြီးတစ်ခုမှ လာသူတစ်ဦးဖြစ်သည့်အားလျော်စွာ သူသည် သဘာဝအလျောက် အထက်စီးဆန်သော ခံစားချက်ကို သယ်ဆောင်ထားပြီး ကမ္ဘာငယ်လေးမှ ဒေသခံများကို အရေးတယူ သိပ်မလုပ်ချေ။
အဆင့်တူ ပြိုင်ဘက်များနှင့် ရင်ဆိုင်ရလျှင်ပင် သူ၏ သိုင်းကျင့်စဉ်များက သူ့ကို အလွယ်တကူ အနိုင်ရရှိစေမည်ဟု သူ ယုံကြည်ထားလေ၏။
"မင်းပြောတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ငါတို့ သတိလက်လွတ် မနေသင့်ဘူး။" အမြဲတမ်း သတိထားတတ်သော မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားက သတိပေးလိုက်သည်။
သူတို့ စကားပြောဆိုနေကြစဉ်မှာပင် အဝေးတစ်နေရာမှ အစွမ်းထက်သော အရှိန်အဝါတစ်ခုက သူတို့ဆီသို့ ရုတ်တရက် ရိုက်ခတ်လာကာ သူတို့နှစ်ဦးစလုံးကို အငိုက်မိသွားစေခဲ့သည်။
"ဒါက... ကောင်းကင် မဟာအတိဒုက္ခရဲ့ အရှိန်အဝါလား။"
...
အခန်း ၃၉၀ - ရွှေအမြုတေ ဖွဲ့စည်းခြင်းနှင့် အထွတ်အထိပ် ဖိအား
"ကောင်းကင် မဟာအတိဒုက္ခရဲ့ အရှိန်အဝါ... တစ်ယောက်ယောက်က မဟာအတိဒုက္ခကို ဖြတ်ကျော်နေတာလား။"
ညီအစ်ကိုနှစ်ဦးမှာ အံ့အားသင့်သွားကြပြီး သူတို့၏မျက်နှာများတွင် အံ့သြမှုများ ပြည့်နှက်သွားတော့၏။
လွန်ခဲ့သော မိနစ်အနည်းငယ်ကမှ ဤကမ္ဘာတွင် အစွမ်းထက် ကျင့်ကြံသူတစ်ဦး ရှိနေနိုင်ကြောင်း သူတို့ ခန့်မှန်းနေခဲ့ကြသည်။ ယခုမူ အမှားအယွင်းမရှိနိုင်သော ကောင်းကင် မဟာအတိဒုက္ခ၏ အရှိန်အဝါက သူတို့၏ရှေ့တည့်တည့်တွင် ပေါ်လာခဲ့ချေပြီပင်။
"ဒီမဟာအတိဒုက္ခရဲ့ ပြင်းထန်မှုကို ကြည့်ရတာ ရွှေအမြုတေအဆင့် မဟာအတိဒုက္ခ ဖြစ်ရမယ်။
ဟိုဘက်မှာ ရွှေအမြုတေ ဖွဲ့စည်းဖို့ ကြိုးစားနေတဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေပုံပဲ။" မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားက အနည်းငယ် အကဲခတ်ပြီးနောက် ယုံကြည်မှုရှိစွာ မှတ်ချက်ချလိုက်၏။
"ရွှေအမြုတေအဆင့် မဟာအတိဒုက္ခ ဟုတ်လား။ ဒါက မဟာအတိဒုက္ခကို ဖြတ်ကျော်နေတဲ့သူမှာ မှတ်သားလောက်ဖွယ် ကျင့်ကြံခြင်းပါရမီ ရှိနေတယ်ဆိုတာကို ပြသနေတာပဲ။ ဒီကမ္ဘာငယ်လေးက မကြာသေးခင်ကမှ ပြန်ပြီးနုပျိုလာတာကို တစ်ယောက်ယောက်က ရွှေအမြုတေအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေပြီပဲ။"
မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသား၏ လေ့လာသုံးသပ်မှုက အရာအားလုံးကို ရှင်းလင်းသွားစေသည်။
"ကမ္ဘာတိုင်းမှာတော့ ထူးကဲတဲ့ ပါရမီရှင်တွေ ရှိစမြဲပါပဲ။ ကမ္ဘာငယ်လေးဆိုပေမဲ့လည်း ချွင်းချက်တော့ မဟုတ်ဘူးလေ။ ဒီမဟာအတိဒုက္ခကို ဖြတ်ကျော်နေတဲ့သူက ဒီကမ္ဘာရဲ့ ရွေးချယ်ခံရသူ ဖြစ်ကောင်းဖြစ်နိုင်တယ်။
သေချာတာကတော့ သူတို့က ကမ္ဘာကြီး ပြန်ပြီးနုပျိုလာမယ့်အချိန်ကို စောင့်ဆိုင်းရင်း နှစ်ပေါင်းများစွာ စွမ်းအင်တွေ စုဆောင်းနေခဲ့တဲ့ ရှေးဟောင်းအကြွင်းအကျန်တွေလည်း ဖြစ်နိုင်တာပဲ။" အဖြူရောင်ဝတ်ရုံနှင့် လူငယ်က အသံထွက်ကာ ခန့်မှန်းလိုက်သည်။
"ဆရာတူအစ်ကို... ကျွန်တော်တို့ သွားကြည့်ကြမလား။" အဖြူရောင်ဝတ်ရုံနှင့် လူငယ်က မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားကို လှမ်းကြည့်ရင်း မေးလိုက်သည်။
"ဘာလို့ မသွားရမှာလဲ။ ငါတို့ ဒီကမ္ဘာငယ်လေးအကြောင်း တန်ဖိုးရှိတဲ့ အချက်အလက်တချို့ ရနိုင်တာပဲကို" မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားက ခေါင်းညိတ် သဘောတူလိုက်၏။
"တကယ်လို့ သူက ပါရမီရှင်တစ်ယောက်သာ ဖြစ်ခဲ့ရင် ကျွန်တော်တို့ သူ့ကိုဖမ်းပြီး ကျွန်တစ်ယောက်အဖြစ် ခိုင်းလို့ရတာပေါ့။ ဒါမှမဟုတ်ရင်လည်း တခြားဂိုဏ်းတစ်ခုကို ရောင်းစားလိုက်ရင် စျေးကောင်းရနိုင်တယ်လေ။" အဖြူရောင်ဝတ်ရုံနှင့် လူငယ်က ကောက်ကျစ်သောအပြုံးဖြင့် ထပ်ပြောလိုက်သည်။
မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားကတော့ ဘာမျှထပ်မပြောတော့ပေ။ သူသည် လက်ကိုဝှေ့ယမ်းလျက် သူ၏ဝိညာဉ်စွမ်းအင်ကို အသက်သွင်းလိုက်ရာ သူတို့၏ လှေပျံသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင် မဟာအတိဒုက္ခ အရှိန်အဝါ ထွက်ပေါ်လာရာ ဇာစ်မြစ်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေသည်။
...
မြင့်မြတ်သောတောင်တော်တွင်တော့ ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့သည် ပြင်းထန်သော စိုးရိမ်ပူပန်မှုများဖြင့် ငေးကြည့်နေကြသည်။
"ဒါ ပဉ္စမမြောက် မဟာအတိဒုက္ခ မိုးကြိုးသွားပဲ။ မဟာအတိဒုက္ခ တိမ်တိုက်က မပျောက်ကွယ်သေးဘူး။ ဆဋ္ဌမမြောက် မိုးကြိုးသွားများ ရှိနေဦးမလား။" ဒုတိယသခင်ကြီးက သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများအပြည့်ဖြင့် မေးလိုက်သည်။
"သေချာပေါက် ရှိမှာပဲ။"
တတိယသခင်ကြီးက မဟာအတိဒုက္ခ တိမ်တိုက်များအတွင်း စုဝေးနေသော လျှပ်စီးများကို ကြည့်ရင်း ပြောလိုက်သည်။
သူ၏မျက်နှာထားသည်လည်း အလားတူပင် မှုန်ကုပ်နေလေ၏။
"ဒါပေမဲ့ အစ်ကိုကြီးက သူရဲ့ကန့်သတ်ချက်ကို ရောက်နေပြီလေ။" ဒုတိယသခင်ကြီးက ရေရွတ်လိုက်ပြီး သူ၏အကြည့်များကို မဟာအတိဒုက္ခ တိမ်တိုက်အောက်ရှိ ပုံရိပ်ဆီသို့ ရွှေ့လိုက်သည်။
ပထမသခင်ကြီးသည် မီးသွေးတုံးကဲ့သို့ မည်းကြွမ်းနေပြီဖြစ်ကာ အဖိုးတန်ပစ္စည်းများဖြင့် ပြုလုပ်ထားသော သူ၏မြတ်နိုးရသည့် ဝတ်ရုံမှာလည်း စုတ်ပြတ်သတ်နေလေပြီပင်။ သူ၏ အရှိန်အဝါမှာ မှေးမှိန်နေပြီး သူ၏ရုပ်သွင်မှာ သနားစရာကောင်းလှပေ၏။
"ဒီအဆင့်ရောက်မှတော့ အစ်ကိုကြီးအပေါ် ယုံကြည်မှုထားတာကလွဲပြီး ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်တော့ဘူး။ ပြီးတော့ သူ့ကိုကြည့်ပါဦး... သူ အရှုံးပေးလိုက်တဲ့ပုံမပေါ်သေးဘူးလေ" တတိယသခင်ကြီးက ပြတ်သားစွာ ပြောလိုက်၏။
မဟာအတိဒုက္ခ တိမ်တိုက်အောက်ရှိ သူတို့၏ စိုးရိမ်ပူပန်မှု ဗဟိုချက်ဖြစ်သော ပထမသခင်ကြီး၏ အကြည့်များမှာ စူးရှပြတ်သားနေလေသည်။
အထက်တွင် တစ်ဖန်ပြန်ပြီး စုဝေးလာသော လျှပ်စီးများကို သူ စိုက်ကြည့်နေစဉ် သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်လေးမျှပင် မရှိချေ။ ထိုအစား ဝမ်းမြောက်မှုများကိုသာ တွေ့ရပါ၏။
မဟာအတိဒုက္ခတစ်ခုတွင် မိုးကြိုးသွား အရေအတွက် ပိုများလေ သူ၏စွမ်းအင်စုဆောင်းမှုက ပို၍နက်ရှိုင်းလေပင်။
အကယ်၍ သူသာ ဤမဟာအတိဒုက္ခကို ကျော်လွှားနိုင်ပါက ရှင်းလင်းချောမွေ့သော ကျင့်ကြံခြင်းလမ်းကြောင်းတစ်ခုက သူ့ကို စောင့်ကြိုနေမည်မှာ အသေအချာပင်။
"လာစမ်းပါ... ငါ့ရဲ့အစွမ်းအစက တကယ်တမ်း ဘယ်လောက်တောင် ကြီးမားလဲဆိုတာ ကြည့်ကြသေးတာပေါ့။"
ပထမသခင်ကြီး၏ ခန္ဓာကိုယ်က ပတ်ဝန်းကျင်ရှိ သက်စောင့်စွမ်းအင်များကို စုပ်ယူလိုက်ပြီး မဟာအတိဒုက္ခ တိမ်တိုက်အတွင်းမှ လက်နေသော လျှပ်စီးများကို မယိမ်းမယိုင်ဘဲ ရင်ဆိုင်လိုက်တော့၏။
ထိုအခါ၌ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုက လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
မဟာအတိဒုက္ခ တိမ်တိုက်ကြီးသည် ပထမသခင်ကြီး၏ စိန်ခေါ်မှုကို ကြားလိုက်ရသည့်အလား စုဝေးနေသော လျှပ်စီးများက ယခင်မိုးကြိုးသွားများထက် များစွာသာလွန်သော စွမ်းအားဖြင့် ရုတ်တရက် ပစ်ချလာလေသည်။
ဤဆဋ္ဌမမြောက် မဟာအတိဒုက္ခ မိုးကြိုးသွားသည် ယခင်က မိုးကြိုးသွားများအားလုံးထက် များစွာပို၍ တုတ်ခိုင်လှ၏။ ယင်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်က ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့ကိုပင် အသက်ရှူကျပ်သွားစေခဲ့သည်။
"ကောင်းတယ်။"
ဝင်ရောက်လာသော လျှပ်စီးကို ရင်ဆိုင်နေစဉ် ပထမသခင်ကြီး၏ မျက်လုံးများက ပို၍ပင် တောက်ပသွား၏။ သူသည် လက်သင်္ကေတများကို ပြုလုပ်လိုက်ရာ သူ၏ဘေးရှိ မြေပြင်မှနေ၍ ဧရာမ မြေနဂါးကြီးတစ်ကောင် ပေါက်ကွဲထွက်လာပြီး မိုးကြိုးသွားကို ကြားဖြတ်ဟန့်တားရန် ထွက်ပေါ်လာလေသည်။
ဤမြေနဂါးကြီးသည် သူယခင်က ဆင့်ခေါ်ခဲ့သော နဂါးများထက် များစွာပို၍ ကြီးမားပါ၏။
ယင်း၏ အသေးစိတ် အချက်အလက်များမှာ ယခုအခါ ပိုပြီးပီပြင်ထင်ရှားလာပြီး ရှင်းလင်းသော အကြေးခွံများနှင့် အသက်ဝင်နေသကဲ့သို့ရှိသော မျက်လုံးများ ပါရှိနေသည်။
ယခင်မိုးကြိုးသွား ငါးချက်ကို ခံနိုင်ရည်ရှိခဲ့ပြီးနောက်၌ ပထမသခင်ကြီးသည် ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းခဲ့ရပါ၏။ သူ၏ သိုင်းကျင့်စဉ်များအပေါ် ကျွမ်းကျင်မှုမှာ အမြင့်ဆုံးအဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း စွမ်းအားများ မြင့်တက်လာခဲ့သော်ငြား မြေနဂါးကြီးသည် ဆဋ္ဌမမြောက် မိုးကြိုးသွားနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် တစ်စစီ ပျက်စီးသွားလေသည်။
လျှပ်စီး၏ စွမ်းအင်သည် သူ၏ဖျက်ဆီးခြင်း လမ်းကြောင်းအတိုင်း ပထမသခင်ကြီးဆီသို့ ဆက်လက် ဦးတည်လာခဲ့သည်။
ပထမသခင်ကြီး ပြာကျသွားတော့မည်ဟု ထင်ရသည့်အချိန်မှာပင် ထူထဲသော မြေဝါရောင် အကာအကွယ်တစ်ခုက သူ၏အတွင်းပိုင်းမှနေ၍ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
မိုးကြိုးပစ်ချသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။
မဟာအတိဒုက္ခ မိုးကြိုးက အကာအကွယ်ကို တည့်တည့်မတ်မတ် ဝင်တိုက်မိသွားရာ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်ကျဲသွားလေသည်။ ဖျက်ဆီးခြင်း စွမ်းအားက ပတ်ဝန်းကျင် မြေပြင်ကို ဖျက်ဆီးပစ်လိုက်ပြီး မည်းကြွမ်းနေသော မြေကွက်လပ်များနှင့် နက်ရှိုင်းသော ချိုင့်ခွက်ကြီးများကိုသာ ချန်ရစ်ထားခဲ့လေသည်။
"အစ်ကိုကြီး။"
ဒုတိယသခင်ကြီးနှင့်တတိယသခင်ကြီးတို့ အော်ဟစ်လိုက်ကြပြီး သူတို့၏မျက်နှာများတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေလေသည်။
မျက်စိကျိန်းမတတ် တောက်ပသော လျှပ်စီးများနှင့် ဖိနှိပ်မှုအားကောင်းသော ဖျက်ဆီးခြင်း အရှိန်အဝါတို့က အခြေအနေကို စစ်ဆေးရန် သူတို့၏ ဝိညာဉ်အာရုံများကို ဖြန့်ကျက်ဖို့ မဖြစ်နိုင်အောင် လုပ်ဆောင်ထားသည်။
ဆယ်ကြိမ်ထက်မက အသက်ရှူပြီးနောက် လျှပ်စီးများ ပျောက်ကွယ်သွားကာ အောက်ဘက်ရှိ မည်းကြွမ်းနေသော မြေပြင်ကို ဖော်ပြလာလေသည်။
ပျက်စီးယိုယွင်းမှုများကြားတွင် ညီအစ်ကိုနှစ်ဦး၏ အကြည့်များသည် ပျက်စီးခြင်း၏ ဗဟိုချက်ရှိ ပုံရိပ်တစ်ခုအပေါ် ကျရောက်သွားသည်။
"အစ်ကိုကြီး။"
ပထမသခင်ကြီးသည် မီးသွေးတုံးကဲ့သို့ မည်းကြွမ်းနေသော ခန္ဓာကိုယ်ဖြင့် လှုပ်ရှားမှုမရှိဘဲ လဲကျနေသည်ကို သူတို့ မြင်လိုက်ရသည်။ သူ၏ အရှိန်အဝါမှာ မှေးမှိန်နေပြီး မသိမသာလေးသာ ရှိတော့သည်။
ထိတ်လန့်တုန်လှုပ်မှု လှိုင်းတံပိုးကြီးတစ်ခုက ညီအစ်ကိုနှစ်ဦးကို လွှမ်းမိုးသွားလေသည်။
သူတို့၏ အစ်ကိုကြီးသည် မဟာအတိဒုက္ခကို မကျော်လွှားနိုင်ခဲ့ဘဲ ကျရှုံးသွားပြီလား။
သူတို့ ကြောက်ရွံ့နေသော်လည်း ဆက်လက်ဖြစ်ပွားနေသော မဟာအတိဒုက္ခကို အနှောင့်အယှက်ပေးမိမည်စိုးသဖြင့် အနီးသို့ မချဉ်းကပ်ဝံ့ကြပေ။
ကံကောင်းထောက်မစွာဖြင့် အချိန်အနည်းငယ် ကြာပြီးနောက် မည်းကြွမ်းနေသော ပုံရိပ်က လှုပ်ရှားလာသည်။ သူ၏ အရှိန်အဝါက ပြန်ပြီးကောင်းမွန်လာစပြုပြီး ရုတ်တရက် လှုပ်ရှားမှုတစ်ခုနှင့်အတူ သူ ထိုင်လိုက်လေသည်။
"အစ်ကိုကြီး... အဆင်ပြေရဲ့လား။"
ဒုတိယသခင်ကြီးနှင့်တတိယသခင်ကြီးတို့၏ မျက်နှာများမှာ စိတ်သက်သာရာရမှုနှင့် ဝမ်းမြောက်မှုတို့ဖြင့် လင်းလက်သွားကြသည်။
"ငါ မသေသေးပါဘူး။" ပထမသခင်ကြီးက အားပျော့စွာ ပြန်ဖြေလိုက်သည်။
သူ၏လက်ထဲတွင် ယခုအခါ အပိုင်းအစများစွာအဖြစ် ကွဲကြေနေသော မြေဝါရောင် အလုံးလေးတစ်ခု ရှိနေလေသည်။
"အဆင့်မြင့် ခုခံကာကွယ်ရေး လက်နက်တစ်ခုကတောင် မဟာအတိဒုက္ခရဲ့ စွမ်းအားကို ခံနိုင်ရည်မရှိဘူးဆိုတာ တွေးကြည့်ရုံနဲ့တင်။" သူ ရေရွတ်လိုက်ရာ သူ၏မျက်လုံးများတွင် နောင်တတရားများ ပြည့်နှက်နေလေသည်။
ဤမြေကမ္ဘာဝိညာဉ်ပုလဲသည် သူ၏ အစွမ်းအထက်ဆုံး ခုခံကာကွယ်ရေး ရတနာဖြစ်ပြီး သူ၏ ကျင့်ကြံမှုနှင့် အလွန်တရာ လိုက်ဖက်ညီပေသည်။
သို့သော် ဤဝိညာဉ်လက်နက်ပင်လျှင် မဟာအတိဒုက္ခ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရလေပြီ။
ဆဋ္ဌမမြောက် မိုးကြိုးသွား၏ ကြောက်မက်ဖွယ် စွမ်းအားကို ပြန်ပြီးတွေးတောလိုက်သောအခါ ပထမသခင်ကြီးမှာ ကျောချမ်းသွားရသည်။ သူသည် ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ထားခဲ့သော်လည်း ရွှေအမြုတေအဆင့် မဟာအတိဒုက္ခ၏ စွမ်းအားကို အထင်သေးမိခဲ့ပါ၏။ ငယ်ရွယ်စဉ် ခရီးသွားလာစဉ်အတွင်း ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိခဲ့သော မြေကမ္ဘာဝိညာဉ်ပုလဲသာ မရှိခဲ့ပါက သူသည် မဟာအတိဒုက္ခ၏ အမျက်ဒေါသအောက်တွင် သေဆုံးသွားခဲ့မည်မှာ အသေအချာပဲပင်။
ယခု ပုလဲကွဲကြေသွားပြီဖြစ်သဖြင့် သူ၏ အစွမ်းအထက်ဆုံး ဝှက်ဖဲကြီး ဆုံးရှုံးသွားပြီ ဖြစ်၏။ အကယ်၍ မဟာအတိဒုက္ခက မပြီးဆုံးသေးပါက သူ၏ အသက်ရှင်သန်နိုင်မည့် အခွင့်အရေးမှာ အလွန်နည်းပါးသွားပေလိမ့်မည်။
ပထမသခင်ကြီးသည် အထက်ရှိ မဟာအတိဒုက္ခ တိမ်တိုက်များအပေါ် သူ၏အကြည့်များကို စူးစိုက်ထားလေသည်။ အကယ်၍ လျှပ်စီးများ တစ်ဖန်ပြန်ပြီး စုဝေးလာပါက သူ၏ နောက်ဆုံးလက်နက်ဖြစ်သော မျှော်လင့်ချက်မဲ့ နည်းလမ်းကို အသုံးပြုရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိမည်မဟုတ်ပေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို စွန့်လွှတ်ရမည်ဆိုလျှင်တောင်မှ သူ၏အသက်ကိုတော့ ကာကွယ်ရမည်။
ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့ကလည်း မဟာအတိဒုက္ခ တိမ်တိုက်များကို စူးစိုက်ကြည့်နေကြသည်။
ဆဋ္ဌမမြောက် မိုးကြိုးသွားသည် သူတို့အစ်ကိုကြီး၏ မြေကမ္ဘာဝိညာဉ်ပုလဲကို ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။ အကယ်၍ သတ္တမမြောက် မိုးကြိုးသွားသာ ရှိနေသေးလျှင် သူတို့၏အစ်ကိုကြီး အသက်ရှင်နိုင်မည်မဟုတ်ဟု သူတို့ စိုးရိမ်နေကြမိ၏။
ကံကောင်းထောက်မစွာဖြင့် သူတို့၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် မဟာအတိဒုက္ခ တိမ်တိုက်အတွင်းရှိ လျှပ်စီးများက အချိန်အနည်းငယ်မျှ လက်နေပြီးနောက်၌ နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့၏။
"မဟာအတိဒုက္ခ တိမ်တိုက်တွေ ပျောက်ကွယ်သွားပြီလား။" သူတို့သုံးဦးလုံး တစ်ခဏမျှ မှင်သက်သွားပြီးနောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။
"အစ်ကိုကြီး မဟာအတိဒုက္ခကို ကျော်လွှားနိုင်သွားပြီလား။"
"မဟာအတိဒုက္ခ တိမ်တိုက်တွေ ပျောက်သွားပြီ... ဘာမိုးကြိုးမှလည်း ထပ်မပစ်ချတော့ဘူး။ ဒါက မဟာအတိဒုက္ခ ပြီးဆုံးသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ နောက်တစ်ဆင့်အနေနဲ့ အစ်ကိုကြီးက ရွှေအမြုတေကို ဖွဲ့စည်းတော့မှာပဲ။" တတိယသခင်ကြီးက သေချာပေါက် ယုံကြည်မှုဖြင့် ကြွေးကြော်လိုက်သည်။
သူပြောသည့်အတိုင်းပင် မဟာအတိဒုက္ခ တိမ်တိုက်များ ပျောက်ကွယ်သွားသည်နှင့်အမျှ ကောင်းကင်စည်းမျဉ်းများ ပါဝင်သော အလင်းတန်းတစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာကာ ပထမသခင်ကြီးကို ဖုံးလွှမ်းသွားလေသည်။
သက်စောင့်စွမ်းအင် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ပျက်စီးနေသော သူ၏ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းကာ ပြုပြင်ပေးလေသည်။
တစ်ချိန်တည်းမှာပင် နားလည်သဘောပေါက်မှုများက ပထမသခင်ကြီး၏ စိတ်ထဲတွင် ပြည့်နှက်သွားလေသည်။
စိတ်ကူးဉာဏ် အလင်းပွင့်သွားခြင်းနှင့်အတူ သူသည် ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်ကာ သူ၏ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်သည်။ သူ၏အတွင်းပိုင်းရှိ နားလည်သဘောပေါက်မှုများကို လိုက်နာလျက် အလင်းတန်းတွင် ပါဝင်သော "မသေမျိုး" ဆိုသည့် ကောင်းကင်စည်းမျဉ်းကို သူ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်နှင့် စတင်ပေါင်းစပ်လိုက်တော့၏။
သူ၏ သိုင်းကျင့်စဉ်က အလုပ်လုပ်ဆောင်လာသည်နှင့်အမျှ ပြီးပြည့်စုံကာ သဟဇာတဖြစ်ပြီး ဂုဏ်သိက္ခာရှိသော အရှိန်အဝါတစ်ခုက ပထမသခင်ကြီးထံမှ စတင်ဖြာထွက်လာလေသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ မည်းကြွမ်းနေသော အမာရွတ်များသည် တဖြည်းဖြည်း ဆဲလ်သေများအဖြစ် ပြောင်းလဲသွားကာ ကွာကျသွားပြီးနောက်၌ အောက်ဘက်ရှိ ကျောက်စိမ်းဖြူကဲ့သို့ ချောမွေ့ကာ အပြစ်အနာအဆာကင်းသော အသားအရေကို ဖော်ပြလာတော့သည်။
နောက်ဆုံးတွင် သူမျက်လုံးဖွင့်လိုက်သောအခါ၌ သူ့ကို ပထမဆုံး နှုတ်ခွန်းဆက်လိုက်သည်မှာ သူ၏ သွေးသောက်ညီအစ်ကိုနှစ်ဦးထံမှ မျှော်လင့်ချက်အပြည့်ရှိသော အကြည့်များပင်။
"အစ်ကိုကြီး... အဆင့်တက်လှမ်းတာ အောင်မြင်သွားပြီလားဗျ။" သူ နိုးလာသည်ကို မြင်သောအခါ ဒုတိယသခင်ကြီးက ချက်ချင်း မေးလိုက်၏။
"အင်း... ငါ နောက်ဆုံးတော့ ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့ပြီးတော့ ဝိညာဉ်စွမ်းအင်တွေကို စွမ်းအားအစစ်အမှန်အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီ။" ပထမသခင်ကြီးက အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"မဟာအတိဒုက္ခကို ကျော်လွှားပြီး ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် အစ်ကိုကြီး။" ဒုတိယသခင်ကြီးမှာ ဝမ်းသာလုံးဆို့သွားပြီး ချက်ချင်းပင် ဂုဏ်ပြုစကား ဆိုလိုက်၏။
"အဲဒီရွှေအမြုတေအဆင့် မဟာအတိဒုက္ခက တကယ်ကို ကြောက်စရာကောင်းတာပဲ။ အစ်ကိုကြီးရဲ့ ကြီးမားတဲ့ စွမ်းအင်စုဆောင်းမှုတွေနဲ့တောင် ကျော်လွှားဖို့ နည်းနည်းလေးပဲ လိုတော့တာ။" တတိယသခင်ကြီးက တုန်လှုပ်နေဆဲဖြင့် မှတ်ချက်ချလိုက်သည်။
"ဟုတ်တယ်။" ပထမသခင်ကြီးက သက်ပြင်းချကာ ပြောလိုက်သည်။ "နှစ်တစ်ထောင် ကျင့်ကြံမှုတွေနဲ့ဆိုရင် မဟာအတိဒုက္ခက သိပ်ပြီး ခက်ခဲမှာမဟုတ်ဘူးလို့ ငါထင်ခဲ့တာ။
ဒါပေမဲ့ ငါက အကောင်းမြင်လွန်းသွားတာပဲ။ ရှေးမှတ်တမ်းတွေမှာ မသေမျိုးခေတ်ကာလတုန်းကတောင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်မှာ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ ရွှေအမြုတေ ဖွဲ့စည်းတာ အောင်မြင်ခဲ့တယ်လို့ ဖော်ပြထားတာ မဆန်းပါဘူး။"
မဟာအတိဒုက္ခ မတိုင်မီက ပထမသခင်ကြီးသည် ယုံကြည်ချက်အပြည့် ရှိနေခဲ့သည်။ ယခု အောင်မြင်သွားသောအခါ၌ သူသည် ကျန်ရစ်နေသော ကြောက်ရွံ့မှုကို မတားဆီးနိုင်ခဲ့ပေ။
ကျင့်ကြံခြင်းလမ်းစဉ်သည် အမှန်တကယ်ပင် ကောင်းကင်ကို အန်တုခြင်းဖြစ်ပြီး အဆင့်တိုင်းတွင် အန္တရာယ်များနှင့် ပြည့်နှက်နေလေ၏။ ငယ်ရွယ်စဉ် ခရီးသွားလာစဉ်အတွင်း ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိခဲ့သော မြေကမ္ဘာဝိညာဉ်ပုလဲသာ မရှိခဲ့ပါက သူသည် မဟာအတိဒုက္ခအောက်တွင် သေဆုံးသွားခဲ့ပြီပင်။
ကံကောင်းစွာဖြင့် လုပ်ငန်းစဉ်သည် အန္တရာယ်များခဲ့သော်လည်း ရလဒ်ကတော့ ကောင်းမွန်ခဲ့ပေသည်။
သူသည် နောက်ဆုံးတွင် မဟာအတိဒုက္ခကို ကျော်လွှားနိုင်ခဲ့ပြီး ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။ သူ၏အတွင်းပိုင်းရှိ ရွှေအမြုတေ၏ သဟဇာတဖြစ်ကာ ပြီးပြည့်စုံသော စွမ်းအင်များကို ခံစားလိုက်ရသောအခါ၌ သူ၏နှလုံးသားထဲတွင် ရဲရင့်ခြင်းလှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာတော့လေ၏။
"အစ်ကိုကြီး... အစ်ကိုက ဒီကမ္ဘာမှာ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်တဲ့ ပထမဆုံး ကျင့်ကြံသူ ဖြစ်ကောင်းဖြစ်နိုင်တယ်။
လျှို့ဝှက်နယ်မြေကြီးလေးခုက အကြီးအကဲတွေတောင် အခု အစ်ကိုကြီးရဲ့နောက်မှာ ရောက်နေပြီလေ။" တတိယသခင်ကြီးက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"ဟုတ်တယ်။ လျှို့ဝှက်နယ်မြေကြီးလေးခုက သူတို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို အားကိုးပြီး မြင့်မြတ်သောတောင်တော်ကို အမြဲတမ်း အထင်သေးခဲ့ကြတာ။ ဒါပေမဲ့ အခု အစ်ကိုကြီးက ရွှေအမြုတေအဆင့်ကို ပထမဆုံး တက်လှမ်းနိုင်သူ ဖြစ်လာပြီဆိုတော့ သူတို့ ဘာပြောစရာရှိသေးလဲဆိုတာ ကြည့်ကြတာပေါ့။" ဒုတိယသခင်ကြီးက ဝင်ထောက်ခံလိုက်သည်။
"အဲဒီလိုစကားမျိုး ပြောတာက ပညာမရှိရာကျတယ်။" ပထမသခင်ကြီးက ခေါင်းခါလျက် သတိပေးလိုက်၏။ "ကျင့်ကြံခြင်းဆိုတာ ခဏတာ သာလွန်မှုအတွက် ယှဉ်ပြိုင်ဖို့ မဟုတ်ဘူး။
ငါက ဦးဆောင်နေတယ်ဆိုပေမဲ့ လျှို့ဝှက်နယ်မြေကြီးလေးခုက အကြီးအကဲတွေမှာ ပိုပြီးနက်ရှိုင်းတဲ့ စွမ်းအင်စုဆောင်းမှုတွေ ရှိတယ်။ သူတို့က သူတို့ရဲ့ အခြေခံအုတ်မြစ်တွေမှာရှိတဲ့ ချို့ယွင်းချက်တွေကို ပြုပြင်ဖို့ တံခါးပိတ်ကျင့်ကြံနေကြဆဲပဲ။ တစ်ချိန်ကျ ပြီးပြည့်စုံသွားပြီဆိုရင်တော့ ငါ့ထက် အများကြီး ပိုလွယ်လွယ်ကူကူနဲ့ သူတို့ရဲ့ မဟာအတိဒုက္ခတွေကို ရင်ဆိုင်နိုင်ကြလိမ့်မယ်။"
"ဒါပေမဲ့လည်း အစ်ကိုကြီးရယ်... ဒီကမ္ဘာမှာ ရွှေအမြုတေအဆင့်ကို ပထမဆုံးရောက်တဲ့သူက အစ်ကိုကြီးဆိုတာတော့ ငြင်းလို့မရတဲ့ အမှန်တရားပဲလေ။ သူတို့ရဲ့ အခြေခံအုတ်မြစ်တွေက ဘယ်လောက်ပဲ နက်ရှိုင်းပါစေ အစ်ကိုကြီးရဲ့ နောက်မှာပဲ ရှိနေသေးတာပဲ။" ဒုတိယသခင်ကြီးက အခိုင်အမာ ပြောလိုက်၏။
ပထမသခင်ကြီး ပြန်မဖြေနိုင်ခင်မှာပင် ကောင်းကင်ယံမှနေ၍ မှိန်ပျပျ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဪ... ဒီကမ္ဘာငယ်လေးရဲ့ တစ်ဦးတည်းသော အသစ်စက်စက် ရွှေအမြုတေအဆင့် ကျင့်ကြံသူဆိုတာ မင်းလား။"
"ဘယ်သူလဲ။"
"ဘယ်သူကများ ရဲတင်းနေတာလဲ။"
မမျှော်လင့်ထားသော အသံက သခင်ကြီးသုံးပါးကို အလန့်တကြား ဖြစ်သွားစေသည်။
သူတို့သည် ချက်ချင်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ လေထဲတွင် အားစိုက်ထုတ်စရာမလိုဘဲ ရပ်နေသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။
တစ်ဦးက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အခြားတစ်ဦးက မီးခိုးရောင်ကို ဝတ်ဆင်ထားကာ သူတို့နှစ်ဦးစလုံးသည် လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲပုံရသည့် ရှုပ်ထွေးသော ပုံစံများဖြင့် အလှဆင်ထားကြသည်။
ထိုမြင်ကွင်းက သခင်ကြီးသုံးပါးကို အပြင်းအထန် တုန်လှုပ်သွားစေ၏။
ဤသူစိမ်းများက မည်သို့များ သတိမထားမိဘဲ ချဉ်းကပ်လာနိုင်ခဲ့သနည်း။
ပို၍စိုးရိမ်စရာကောင်းသည်မှာ ဤပုဂ္ဂိုလ်များသည် မည်သည့် မှော်လက်နက်မျှ အကူအညီမပါဘဲ လေထဲတွင် ပျံဝဲနေနိုင်ခြင်းပင်။
ဤသည်ကား အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ စွမ်းဆောင်နိုင်ရည်ကို အများကြီး ကျော်လွန်နေသော လုပ်ရပ်တစ်ခု ဖြစ်လေသည်။
အထူးသဖြင့် ပထမသခင်ကြီးမှာ တုန်လှုပ်နေခဲ့သည်။
မကြာသေးမီက ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက်တွင်ပင် ဤပုံရိပ်များ၏ နက်ရှိုင်းမှုကို သူ အကဲမခတ်နိုင်ခဲ့ပေ။
သူ၏ ဝိညာဉ်အာရုံများတွင် သူတို့၏ အရှိန်အဝါများသည် အောက်ခြေမရှိသော ချောက်ကမ်းပါးများကဲ့သို့ ခန့်မှန်း၍မရနိုင်အောင် ဖြစ်နေလေ၏။
သို့ရာတွင် ပြင်းထန်သော အန္တရာယ်အာရုံခံစားမှုက ဤနှစ်ဦးသည် စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် အစွမ်းထက်ကြောင်း သူ့ကို ပြောပြနေပါ၏။
ရုတ်တရက် ရောက်လာသော ဤလူများသည် စိတ်ကူးမယဉ်ဝံ့လောက်အောင် ကြောက်မက်ဖွယ်ကောင်းကြောင်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူ နားလည်သွားခဲ့သည်။
သူတို့ ဘယ်ကလာသည်ကို မသိသော်လည်း ပထမသခင်ကြီးသည် သူ၏အမူအရာကို အလျင်အမြန် ပြင်ဆင်လိုက်သည်။
သူ၏မျက်နှာထားမှာ နှိမ့်ချသွားပြီး ရိုသေလေးစားစွာဖြင့် နှုတ်ခွန်းဆက်လိုက်တော့၏။
"ဂါရဝပြုပါတယ် လေးစားရတဲ့ ချန်ပေ့တို့။"
"ချန်ပေ့လားးး"
ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့သည် သူတို့အစ်ကိုကြီး၏ ရိုသေမှုကို မြင်သောအခါ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် လိုက်လုပ်ကြလေသည်။
သူတို့၏ ကိုယ်ပိုင် အံ့သြတုန်လှုပ်မှုများကို ဖိနှိပ်ထားကာ နက်ရှိုင်းစွာ အရိုအသေပေးလျက် "ဂါရဝပြုပါတယ် လေးစားရတဲ့ ချန်ပေ့တို့" ဟု ပြောလိုက်ကြသည်။
သို့သော် သူတို့၏ နှိမ့်ချမှုက မီးခိုးရောင်နှင့် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော သူစိမ်းများထံမှ မည်သည့်တုံ့ပြန်မှုကိုမျှ မရရှိခဲ့ပေ။
အဖြူရောင်ဝတ်ရုံနှင့် လူငယ်က သခင်ကြီးသုံးပါးကို အကဲခတ်ကြည့်လိုက်သည်။ သူ၏အကြည့်သက်သက်ကပင် သူတို့၏ ဖြစ်တည်မှုများကို အဝတ်ဗလာကျင်းထားသကဲ့သို့ ခံစားသွားရစေ၏။
အနည်းငယ် အကဲခတ်ပြီးနောက် လူငယ်၏မျက်နှာတွင် စိတ်ပျက်မှုများ ပြည့်နှက်သွားလေသည်။
"ဒေသခံ ပါရမီရှင်တချို့ကိုများ ဖမ်းမိလောက်အောင် ငါတို့ ကံကောင်းမယ်ထင်နေတာ... အချိန်တွေအများကြီး အကုန်ခံပြီးမှ ဒီအဆင့်ကို ရောက်လာကြတဲ့ ရှေးဟောင်းအကြွင်းအကျန် အိုကြီးအိုမ သုံးကောင်ပါလား။" သူက လှောင်ပြောင်လိုက်၏။
"ပြီးတော့ မင်း..." သူက ထပ်ပြောကာ ပထမသခင်ကြီးအပေါ် အကြည့်ကို စူးစိုက်လိုက်သည်။ သူ၏အကြည့်မှ ဖိအားက ပထမသခင်ကြီး၏ နှလုံးသားကို ခုန်မြန်သွားစေသည်။ "မင်းက မဟာအတိဒုက္ခကို မနည်းဖြတ်ကျော်ခဲ့ရပြီး အဆင့်နိမ့် ရွှေအမြုတေတစ်ခုကိုပဲ ဖွဲ့စည်းနိုင်ခဲ့တာ။ တကယ်ကို အချိန်ကုန် လူပန်းဖြစ်ရကျိုးမနပ်တာပဲ။"
အဖြူရောင်ဝတ်ရုံနှင့် လူငယ်၏ မထီမဲ့မြင်ပြုသော လေသံက သခင်ကြီးသုံးပါး၏ အတွင်းစိတ်တွင် ဒေါသများကို လောင်ကျွမ်းစေခဲ့ပါ၏။
သို့သော် သူတို့ကို ပို၍ မသက်မသာ ဖြစ်စေခဲ့သည်မှာ သူ၏စကားလုံးများပါ အကြောင်းအရာများပင် ဖြစ်သည်။
ဤသူစိမ်းက သူတို့အစ်ကိုကြီး၏ ရွှေအမြုတေအဆင့် တက်လှမ်းနိုင်မှုကို ပယ်ချရုံသာမကဘဲ "အဆင့်နိမ့် ရွှေအမြုတေ" နှင့် "ဒေသခံ ပါရမီရှင်များကို ဖမ်းဆီးခြင်း" ကဲ့သို့သော သဘောတရားများကိုပါ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းအကြံအစည်များသည် သူတို့အတွက် လုံးဝစိမ်းသက်နေလေသည်။
ဒုတိယသခင်ကြီးက စိုးရိမ်တကြီးဖြင့် တီးတိုးမေးလိုက်၏။ "အစ်ကိုကြီး... ကျွန်တော်တို့ ဘာလုပ်ကြမလဲ။"
ပထမသခင်ကြီးသည် သူ၏ဒေါသကို ဖိနှိပ်ရန် ရုန်းကန်ရင်း မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားကို လှမ်းကြည့်လိုက်သည်။
"သူတို့က ဒီကမ္ဘာမှာ အရေးပါတဲ့ အဆင့်အတန်းတစ်ခု ရှိနေတဲ့ပုံပဲ။ သူတို့ကို အရင်ဖမ်းပြီး သတင်းအချက်အလက်တွေအတွက် မေးမြန်းကြည့်ရအောင်။" မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားက ခပ်အေးအေးပင် ပြောလိုက်သည်။
"နားလည်ပါပြီ။"
အဖြူရောင်ဝတ်ရုံနှင့် လူငယ်က ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကို အောက်ဘက်သို့ ဆန့်တန်းလိုက်တော့၏။
နောက်တစ်ခဏတွင် ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားလောက်အောင် ကြီးမားသော ဧရာမ လက်ဖဝါးကြီးတစ်ခု ပေါ်လာပြီး သခင်ကြီးသုံးပါးဆီသို့ ဖမ်းဆုပ်ရန် ဝင်ရောက်လာလေတော့သည်။