အခန်း (၃၉၁-၃၉၂)
Vol. 40 Ch. 391-392
အခန်း ၃၉၁ - မှော်စွမ်းအင် လက်ဖဝါးကြီးနှင့် မြေကမ္ဘာရွေ့လျားမန္တန်
ဧရာမလက်ဖဝါးကြီး ပြုတ်ကျလာသောအခါ သခင်ကြီးသုံးပါးစလုံး ကြောက်လန့်တကြားဖြစ်သွားကြလေသည်။ လက်ဖဝါးကြီးမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားလှပြီး အနည်းဆုံး မီတာရာချီကျယ်ဝန်းကာ သူတို့၏ခေါင်းထက်တွင် လုံးဝဖုံးလွှမ်းသွားလေသည်။ ကောင်းကင်နှင့် နေမင်းကြီးကိုပါ ကွယ်ပျောက်သွားစေသည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာမကျပေ။
ထိုထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ လက်ဖဝါးကြီးထံမှ ထွက်ပေါ်လာသော လွှမ်းမိုးနိုင်စွမ်းရှိသည့် စွမ်းအင်ကြီးပင်ဖြစ်ပြီး နေရာလွတ်များကိုပင် ဖိနှိပ်ထားနိုင်စွမ်းရှိလေ၏။
ဤအရာက သခင်ကြီးသုံးပါးအတွက် လွတ်မြောက်ရန် ခက်ခဲလွန်းလှသည်။ သူတို့၏ ရွေ့လျားမှုနည်းစနစ်များမှာ လုံးဝဖိနှိပ်ခံထားရပြီး နေရာမှာတင် အမြစ်တွယ်နေသကဲ့သို့ ဖြစ်နေကာ လက်ဖဝါးကြီးကျလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရတော့သည်။ အဖြူရောင်ဝတ်စုံနှင့်လူမှာတော့ မျှော်လင့်ချက်မဲ့စွာ ရုန်းကန်နေရသော ထိုသုံးယောက်ကို ကြည့်ချင်နေပုံရပြီး လက်ဖဝါးကြီးမှာ နှေးကွေးစွာ ကျဆင်းလာကာ အသက်ရှူကျပ်လောက်သည့် ဖိအားမျိုးကို ဖန်တီးပေးထားလေသည်။
"သူတို့က ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ။ ဒီမိစ္ဆာကောင်တွေက ဘယ်ကနေ ရောက်လာကြတာလဲ"
ပထမသခင်ကြီး၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။ ရွှေအမြုတေအဆင့်သို့ ယခုမှ ဝင်ရောက်လာခါစဖြစ်သော်လည်း တစ်ခါမှမကြားဖူးသောလူတစ်ယောက်၏ လှုပ်ရှားမှုတစ်ခုတည်းဖြင့် ဖမ်းဆီးခံရတော့မည်ကို သူနားမလည်နိုင်အောင် ဖြစ်နေမိသည်။ ကျဆင်းလာသော လက်ဖဝါးကြီးကိုကြည့်ရင်း ရွေးချယ်မှုတစ်ခု လုပ်ရတော့မည်ကို ပထမသခင်ကြီး သိလိုက်လေသည်။
သူ၏စိတ်ကို ခိုင်မာစွာဆုံးဖြတ်လိုက်ပြီး အသစ်တစ်ဖန်ဖွဲ့စည်းထားသော ရွှေအမြုတေအတွင်းမှ စွမ်းအင်များကို အကြမ်းပတမ်း ထွက်ပေါ်လာစေလိုက်၏။ အပြည့်အဝ မကျွမ်းကျင်သေးသော စွမ်းအားများကို ဆင့်ခေါ်ကာ လက်သင်္ကေတများကို အလျင်အမြန် ပြုလုပ်လိုက်ပြီး တောင်အောက်နက်ရှိုင်းသော နေရာတွင် မြှုပ်နှံထားသည့် လျှို့ဝှက်ဆန်းကြယ်သော စိတ်ဆန္ဒတစ်ခုနှင့် ဆက်သွယ်ရန် သူ၏ဝိညာဉ်ကို စေလွှတ်လိုက်တော့၏။
"ဂါး"
ပထမသခင်ကြီးသည် လျှို့ဝှက်ဆန်းကြယ်သော စိတ်ဆန္ဒကို အကြောက်အလန့်မရှိ ဆက်သွယ်လိုက်သောအခါ၌ မြင့်မြတ်သောတောင်တော်၏ အောက်ခြေနက်ရှိုင်းသော နေရာမှ ကြီးမြတ်ပြီး ဩဇာတိက္ကမပြည့်ဝသော ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ အဖြူရောင်ဝတ်စုံနှင့်လူမှာ ထိုဟိန်းဟောက်သံကြောင့် ခေတ္တမျှ တုန်လှုပ်သွားပြီး သူ၏ မှော်စွမ်းအင်လက်ဖဝါးကြီးအပေါ် ထိန်းချုပ်မှု ခဏတာ ဆုံးရှုံးသွားလေ၏။
"ဘာ"
အဖြူရောင်ဝတ်စုံနှင့်လူမှာ အံ့သြသွားသော်လည်း သူ၏ခန္ဓာကိုယ်အတွင်းမှ အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လျှို့ဝှက်ဆန်းကြယ်သော ဟိန်းဟောက်သံမှ ကာကွယ်ပေးပြီး သူ၏ဝိညာဉ်ကို ပြန်၍ထိန်းချုပ်နိုင်ရန် ကူညီပေးလေသည်။ ယခင်က နှေးကွေးစွာ ရွေ့လျားနေသော လက်ဖဝါးကြီးသည် ချက်ချင်းပင် အရှိန်မြန်လာပြီး အောက်ဘက်ရှိ ပုရွက်ဆိတ်ကဲ့သို့ လူသုံးယောက်ကို လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အင်အားဖြင့် ကျဆင်းလာတော့၏။
သို့သော် ပထမသခင်ကြီးသည် ဤခဏတာ လွတ်မြောက်နိုင်မည့် အခွင့်အရေးကို ဆုပ်ကိုင်ထားပြီးပြီပင်။ ဧရာမမြေဝါနဂါးကြီးတစ်ကောင်သည် သူ၏ရှေ့ရှိ မြေကြီးထဲမှ ပေါက်ကွဲထွက်ပေါ်လာပြီး ကျဆင်းလာသော လက်ဖဝါးကြီးဆီသို့ ပြေးဝင်သွားလေသည်။
တစ်ချိန်တည်းမှာပင် သူသည် သူ၏ သွေးသောက်ညီအစ်ကို နှစ်ယောက်ကို ဖမ်းဆွဲလိုက်၏။ အဝါရောင်အလင်းတန်းများက သူတို့၏ ခန္ဓာကိုယ်များကို ဖုံးလွှမ်းသွားပြီး ခြေအောက်ရှိ မြေကြီးထဲသို့ လျင်မြန်စွာ နစ်မြုပ်သွားကြလေသည်။
ဘုန်း...
တတိယသခင်ကြီး ထုတ်လွှတ်လိုက်သော မြေဝါနဂါးကြီးမှာ ကြောက်မက်ဖွယ်ကောင်းပုံရသော်လည်း ဧရာမလက်ဖဝါးကြီးရှေ့တွင်တော့ သဲကဲ့သို့ ကျိုးပဲ့လွယ်ကာ ချက်ချင်းပင် ပျက်စီးသွားရရှာသည်။ ယင်းနောက်၌ လက်ဖဝါးကြီးမှာ အရှိန်မပျက် ဆက်လက်ကျဆင်းလာပြီး သူတို့သုံးယောက် ရပ်နေသော နေရာကို ရိုက်ချလိုက်ရာ ကြီးမားသော အင်အားတစ်ရပ် ပေါက်ကွဲထွက်ပေါ်လာပြီး ကမ္ဘာမြေနှင့် တောင်တန်းများကိုပင် တုန်လှုပ်သွားစေသည်။
ထိုအခါ၌ မိုင်ပေါင်းများစွာ အကွာအဝေးအတွင်း မြေကြီးများ လန်ထွက်သွားပြီး အက်ကွဲကြောင်းများ အလွှာလိုက် ဖြစ်ပေါ်သွားလေ၏။ မြင့်မြတ်သောတောင်တော်၏ ကြီးမားသော အရွယ်အစားသာ မရှိလျှင် ထိုသက်ရောက်မှုတစ်ခုတည်းဖြင့် တောင်တစ်တောင်လုံး၏ အစိတ်အပိုင်းတစ်ခု ပြိုကျသွားနိုင်ပါ၏။
"သူတို့ လွတ်သွားကြတာပဲ"
သို့တိုင် ဖျက်ဆီးနိုင်စွမ်းရှိသော တိုက်ခိုက်မှုဖြစ်သော်ငြား အဖြူရောင်ဝတ်စုံနှင့်လူမှာ ကျေနပ်သည့် လက္ခဏာမပြဘဲ သူ၏မျက်နှာမှာ တင်းမာသွားလေ၏။ သူ၏ မှော်စွမ်းအင်လက်ဖဝါးကြီးကို ပြန်ရုတ်သိမ်းလိုက်သောအခါ ပုရွက်ဆိတ်သုံးကောင် ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည်။
"မြေကမ္ဘာရွေ့လျားမန္တန်လား။ ရွှေအမြုတေအဆင့်ရဲ့ အောက်ခြေအဆင့်ကို အခုမှ ဖောက်ထွက်လာတဲ့ ဒေသခံ ကျင့်ကြံသူတစ်ယောက်က မြေကမ္ဘာရွေ့လျားမန္တန်ကို သုံးနိုင်တယ်ပေါ့လေ။ ပြီးတော့ ခုနက ထူးဆန်းတဲ့ ဟိန်းဟောက်သံကရော ဘာလဲ"
အဖြူရောင်ဝတ်စုံနှင့်လူမှာ ဒေါသထွက်နေပြီး မယုံကြည်နိုင်ဖြစ်နေလေသည်။ စစ်မှန်သော ရွေ့လျားလွတ်မြောက်ခြင်း မန္တန်များကို ကျွမ်းကျင်ရန် မလွယ်ကူကြောင်း သူကောင်းကောင်းသိပါ၏။
သန္ဓေသားဝိညာဉ်အဆင့်သို့ ရောက်ရန် နီးကပ်နေသော
ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူများပင်လျှင် ကောင်းကင်နှင့်မြေကြီး တာအိုစည်းမျဉ်းများကို နက်နက်ရှိုင်းရှိုင်း နားလည်မှသာ ထိုကဲ့သို့သော လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်နိုင်ပြီး ရွေ့လျားလွတ်မြောက်ခြင်း မန္တန်ကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။
သို့သော် ယခုမှ ရွှေအမြုတေအဆင့်သို့ ဝင်ရောက်လာသော ကျင့်ကြံသူတစ်ယောက်က သူ၏နှာခေါင်းအောက်တွင်ပဲ မြေကမ္ဘာရွေ့လျားမန္တန်ကို အသုံးပြုကာ သူ၏တိုက်ခိုက်မှုမှ လွတ်မြောက်သွားလေ၏။ ဤအရာက သူ့ကို ဒေါသထွက်စေရုံသာမက အကြီးအကျယ်ကို စိတ်ရှုပ်ထွေးသွားစေ၏။
"ဒီသုံးယောက်က ထူးခြားပုံရတယ်"
မီးခိုးရောင်ဝတ်ရုံနှင့် လူက အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"ခုနက ဟိန်းဟောက်သံက ဒီမြင့်မြတ်သောတောင်တော်ရဲ့ တောင်တော်ဝိညာဉ်ဆီကနေ ထွက်လာတာနဲ့တူတယ်။ သူတို့သုံးယောက်က တောင်တော်ဝိညာဉ်ရဲ့ စိတ်ဆန္ဒနဲ့ ထူးခြားတဲ့ ဆက်သွယ်မှု ရှိတဲ့ပုံပဲ။ ဒါကြောင့်လည်း မြေကမ္ဘာရွေ့လျားမန္တန်ကို သုံးနိုင်သွားတာ ဖြစ်လိမ့်မယ်"
"တောင်တော်ဝိညာဉ်ရဲ့ စိတ်ဆန္ဒလား"
အဖြူရောင်ဝတ်စုံနှင့်လူ အံ့သြသွားလေသည်။ ပြန်စဉ်းစားကြည့်သောအခါ၌ သူ၏ ဆရာတူအစ်ကို၏ ခွဲခြမ်းစိတ်ဖြာမှု မှန်ကန်ကြောင်း သတိပြုမိလိုက်၏။ အစောပိုင်းက ဟိန်းဟောက်သံသည် မည်သည့်သက်ရှိသတ္တဝါထံမှ ထွက်ပေါ်လာခြင်းမျိုး မဟုတ်ပေ။
"ဆရာတူအစ်ကို.. ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ။ အဲဒီပုရွက်ဆိတ်သုံးကောင်ကို ဒီအတိုင်း လွှတ်ထားလိုက်တော့မလို့လား"
အဖြူရောင်ဝတ်စုံနှင့်လူမှာ သိသိသာသာကို မကျေမနပ်ဖြစ်နေလေသည်။ သူ အထင်သေးထားသော ဒေသခံသုံးယောက် သူ့လက်မှ လွတ်မြောက်သွားခြင်းက ကြီးမားသော အရှက်ရမှုတစ်ခုပင်။
"ဒီတောင်က သာမန်နေရာ မဟုတ်ဘူး။ ဒီကမ္ဘာငယ်လေးရဲ့ ကျောရိုးတွေထဲက တစ်ခုဖြစ်ရမယ်။ အဲဒီသုံးယောက်က တောင်တော်ဝိညာဉ်ရဲ့ အကာအကွယ်နဲ့ ဒီတောင်ထဲမှာ ပုန်းအောင်းနေပြီး တောင်ရဲ့ကိုယ်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်လေ။ တောင်ကြီးကို မဖျက်ဆီးသရွေ့တော့ သူတို့ကို နှိမ်နင်းဖို့ နည်းလမ်းမရှိဘူး"
မီးခိုးရောင်ဝတ်ရုံနှင့် လူက ခေါင်းခါလိုက်၏။
တောင်ကြီးကို ဖျက်ဆီးပစ်ရမှာတဲ့လား....
အဖြူရောင်ဝတ်စုံနှင့်လူသည် အောက်ဘက်ရှိ ကြီးမားလှသော မြင့်မြတ်သောတောင်တော်ကြီးကို ကြည့်လိုက်ရာ နက်ရှိုင်းပြီး လေးနက်သော အာဏာအရှိန်အဝါများ ဖြာထွက်နေသည်ကို ခံစားရပြီး တိတ်ဆိတ်သွားတော့၏။ သာမန် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ကမ္ဘာငယ်တစ်ခု၏ ကျောရိုးကို ဖျက်ဆီးရန် ခက်ခဲပေလိမ့်မည်။ ရွှေအမြုတေအဆင့်သာ ရှိသေးသော သူတို့လို လူမျိုးဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။
"သွားကြရအောင်။ ခုလို ထိတ်လန့်စရာကြုံထားတော့ အဲဒီသုံးယောက် ပြန်ထွက်လာဖို့ ခုချိန်မဖြစ်နိုင်လောက်သေးဘူး။ သူတို့ အရမ်းကြောက်နေလောက်ပြီ။ တခြားနေရာတွေမှာ သတင်းအချက်အလက်တွေ စုဆောင်းကြတာပေါ့။ စောစောက ရောက်လာတုန်းက ဒီတောင်ခြေမှာ မြို့ကြီးတစ်မြို့ကို ငါသတိထားမိတယ်။ အဲဒီက လူနည်းနည်းလောက် ဖမ်းလိုက်ရင်တော့ ငါတို့လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရလိမ့်မယ်"
ထိုအခါတွင် မီးခိုးရောင်ဝတ်ရုံနှင့် လူသည် အောက်ဘက်သို့ ပျံသန်းသွားတော့၏။ အဖြူရောင်ဝတ်စုံနှင့်လူမှာ မလိုလားသော်လည်း မြင့်မြတ်သောတောင်တော်ကို မကျေမနပ် ကြည့်လိုက်ပြီးနောက်၌ ဆရာတူအစ်ကို၏ နောက်သို့ လိုက်သွားတော့လေသည်။
"ဆရာတူအစ်ကို.. နောက်ပိုင်းကို ကျွန်တော် လုပ်မယ်နော်.. ရလား"
"ကောင်းပြီ။ ဒါပေမဲ့ သွေးချောင်းစီးတာတွေ အရမ်းမလုပ်နဲ့။ ဒီကမ္ဘာငယ်လေးမှာ ငါတို့ ဘယ်လောက်ကြာကြာ နေရမလဲ မသိဘူး။ အပြစ်တွေ အရမ်းကျူးလွန်မိရင် ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုရဲ့ ဒေါသကို ဆွဲဆောင်မိပြီး ကပ်ဘေးတွေ ဖြစ်လာနိုင်တယ်။ အဲဒီလိုဆိုရင် အခွင့်အရေးရှာဖို့နေနေသာသာ တစ်လက်မတောင် ရွေ့ဖို့ ခက်သွားလိမ့်မယ်"
"ကျွန်တော်သတိထားပါ့မယ် ဆရာတူအစ်ကို"
သူတို့နှစ်ဦးသည် မြို့တော်မြတ်အထက်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ အဖြူရောင်ဝတ်စုံနှင့်လူက ဦးစွာလှုပ်ရှားလိုက်ပြီး သူ၏လက်ကိုမြှောက်ကာ မှော်စွမ်းအင် လက်ဖဝါးကြီးကို ထပ်မံ၍ဆင့်ခေါ်လိုက်ပြန်၏။
ထို့နောက်တွင်တော့ ထိတ်လန့်တကြားဖြစ်နေသော မြို့သူမြို့သားများ၏ အကြည့်များအောက်တွင်ပဲ လက်ဖဝါးကြီး ကျဆင်းလာလေတော့သည်။
...
အခန်း ၃၉၂ - ခန့်မှန်းချက်နှင့် ရက်စက်ကြမ်းကြုတ်မှု
"အစ်ကိုကြီး.. အဆင်ပြေရဲ့လား"
မြင့်မြတ်သောတောင်တော်အတွင်းရှိ လျှို့ဝှက်အခန်းတစ်ခုထဲတွင် ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့သည် ပထမသခင်ကြီးကို စိုးရိမ်တကြီး စောင့်ကြည့်နေကြလေသည်။ ဤအခိုက်အတန့်တွင် ပထမသခင်ကြီးသည် သွေးများအန်နေပြီး သူ၏စွမ်းအင်များကလည်း လုံးဝဖရိုဖရဲဖြစ်နေကာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းစဉ်က ပြသခဲ့သော ခမ်းနားမှုများနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေတော့၏။
"ငါ မသေသေးပါဘူး"
ပထမသခင်ကြီးက ဒဏ်ရာများကို ဖိနှိပ်ထားကာ တောင်တော်မှ မြေကြီးစွမ်းအင်များကို စုပ်ယူကုသရန် သူ၏ကျင့်စဉ်ကို အသက်သွင်းရင်း ပြောလိုက်၏။ စောစောက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ ဖိနှိပ်မှုမှ လွတ်မြောက်ရန် သူ၏ အသစ်တစ်ဖန် ဖွဲ့စည်းထားသော၊ မရင်းနှီးသေးသော ရွှေအမြုတေကို အတင်းအကျပ် အသက်သွင်းခဲ့ရသည်။ ရလဒ်အနေဖြင့် သူ၏ မှော်စွမ်းအင်များ ရူးသွပ်သွားကာ သွေးကြောများကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ အကယ်၍ အမြန်မကုသလျှင် သူ၏အသစ်ဖွဲ့စည်းထားသော ရွှေအမြုတေမှာ ကွဲကြေသွားနိုင်လေသည်။
မြင့်မြတ်သောတောင်တော်၏ မြေကြီးစွမ်းအင်မှာ ထူးခြားလှပြီး မကြာမီတွင် ပတ်ဝန်းကျင် ဂူနံရံများမှ စီးဝင်လာကာ ပထမသခင်ကြီးကို ဖုံးလွှမ်းသွားလေသည်။ ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့မှာ သူ၏ကုသမှုကို အနှောင့်အယှက်ဖြစ်မည်စိုး၍ အသံပင် မထွက်ရဲကြချေ။ မြေကြီးစွမ်းအင်များ သူ၏ခန္ဓာကိုယ်နှင့် ဆက်လက်ပေါင်းစပ်လာသည်နှင့်အမျှ ပထမသခင်ကြီး၏ ဖရိုဖရဲဖြစ်နေသော စွမ်းအင်များမှာလည်း တဖြည်းဖြည်းနှင့် တည်ငြိမ်လာတော့သည်။
အချိန်အတော်ကြာပြီးနောက် သူ၏စွမ်းအင်များက တည်ငြိမ်သွားပြီး မျက်လုံးများ ဖွင့်လာတော့၏။
"အစ်ကိုကြီး.. သတိရလာပြီလား"
ဒုတိယသခင်ကြီးသည် သူ၏အစ်ကိုကြီး သတိရလာသည်ကို မြင်သောအခါ၌ ပြောလိုက်သည်။
"အစ်ကိုကြီး.. ဒဏ်ရာတွေက ပြင်းလားဗျ"
တတိယသခင်ကြီးကလည်း စိုးရိမ်တကြီး မေးလိုက်၏။
"လောလောဆယ်တော့ တည်ငြိမ်သွားပြီ။ ဒါပေမဲ့ အပြည့်အဝ ပြန်ကောင်းဖို့ကတော့ အချိန်နည်းနည်း ယူရလိမ့်မယ်"
ပထမသခင်ကြီးက ပြန်ဖြေလိုက်လေသည်။ ဤတစ်ကြိမ်တွင် သူ၏ ရွှေအမြုတေကို အတင်းအကျပ် အသက်သွင်းခဲ့ရပြီး လုံးဝထိန်းချုပ်မှု မဆုံးရှုံးသွားခြင်းကပင် ကံကောင်းခြင်းတစ်ရပ် ဖြစ်နေလေပြီပင်။ သို့သော် အပြည့်အဝ ပြန်ပြီးသက်သာလာရန်မှာ လွယ်ကူမည်မဟုတ်။
"ကံကောင်းလို့ ကျွန်တော်တို့တွေ မြင့်မြတ်သောတောင်တော်မှာ ရှိနေပြီး အစ်ကိုကြီးကလည်း ရွှေအမြုတေအဆင့်ကို တက်လှမ်းထားလို့ပေါ့။ မဟုတ်ရင် ဒီတစ်ခါတော့ ကျွန်တော်တို့တွေ အသက်ရှင်ဖို့တောင် လွယ်မှာမဟုတ်ဘူး"
ဒုတိယသခင်ကြီးက နက်နက်ရှိုင်းရှိုင်း စိတ်သက်သာရာရသွားသော ခံစားချက်ဖြင့် ပြောလိုက်လေသည်။ စောစောက ကြောက်မက်ဖွယ်ကောင်းသော ဧရာမလက်ဖဝါးကြီးကို ပြန်တွေးမိသောအခါ၌ သူ၏ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းထသွားဆဲပင်။
"အစ်ကိုကြီး.. အဲဒီနှစ်ယောက်က ဘယ်သူတွေလဲ။ ဒီလောကမှာ အဲဒီလောက် ကြောက်စရာကောင်းတဲ့သူတွေ ဘယ်တုန်းက ပေါ်လာတာလဲ"
တတိယသခင်ကြီးကလည်း မေးလိုက်၏။
"ငါလည်း မသိဘူး။ ဒါပေမဲ့ အဲဒီနှစ်ယောက်က ဒီကမ္ဘာကလူတွေ မဟုတ်ဘဲ ပြင်ပကမ္ဘာက ဧည့်သည်တွေလို့ ငါထင်တယ်"
ပထမသခင်ကြီးက ခေါင်းခါရင်း ပြောလိုက်လေသည်။
"ပြင်ပကမ္ဘာက ဧည့်သည်တွေ ဟုတ်လား"
ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့က အံ့သြတကြီးဖြင့် ပြိုင်တူပြောလိုက်ကြ၏။
"ဟုတ်တယ်.. ပြင်ပကမ္ဘာက ဧည့်သည်တွေ"
ပထမသခင်ကြီးက ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။
"အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာရှင်နှစ်ယောက်ရဲ့ လေသံက အထက်စီးကနေ ဆက်ဆံတဲ့ပုံပေါက်နေတယ်လေ။ ငါတို့ကို 'ဒေသခံတွေ' လို့တောင် ခေါ်သွားသေးတယ်။ သူတို့က ငါတို့ကမ္ဘာက မဟုတ်တာ သေချာတယ်"
လျှို့ဝှက်ဆန်းကြယ်သော လူနှစ်ယောက်ပြောခဲ့သည့် စကားများကို ပြန်တွေးကြည့်သောအခါ၌ ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့သည် သူတို့အစ်ကိုကြီး၏ ကောက်ချက်ချမှုကို သဘောမတူဘဲ မနေနိုင်ကြတော့ချေ။ သို့တိုင် သူတို့ယုံကြည်ရန် ခက်ခဲနေဆဲပင် ဖြစ်၏။
"ဒါပေမဲ့ ပြင်ပကမ္ဘာက ဧည့်သည်တွေတဲ့လား။ နှစ်ပေါင်းသောင်းချီကြာအောင် ကျွန်တော်တို့ကမ္ဘာဆီ အပြင်ဘက်က ဧည့်သည်တွေ တစ်ခါမှ မလာဖူးဘူးလေ။ ရှေးမှတ်တမ်းတွေမှာတောင် ကောင်းကင်အပြင်ဘက်မှာ တခြားကမ္ဘာတွေ တကယ်ရှိ၊ မရှိ ဆိုတာကို ခန့်မှန်းရုံပဲ ရှိတာကိုး"
တတိယသခင်ကြီးက ပြောလိုက်၏။
နှစ်ထောင်ချီ သက်တမ်းရှိသော အဖွဲ့အစည်း၏ ခေါင်းဆောင်များအနေဖြင့် သခင်ကြီးတို့သည် ကမ္ဘာလောကကြီးနှင့် ပတ်သက်၍ ကျယ်ပြန့်သော ဗဟုသုတများ ရှိကြသည်။ သူတို့သည် မသေမျိုးခေတ်မှ လက်ဆင့်ကမ်းလာသော ရှေးဟောင်းစာပေများကိုလည်း စုဆောင်းထားပြီး လျှို့ဝှက်ချက်များစွာကို သိရှိထားကြလေ၏။
"အရင်က မဖြစ်ဖူးတာနဲ့ အခု မဖြစ်နိုင်ဘူးလို့ မဆိုလိုဘူးလေ။ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာရှင်နှစ်ယောက်က မှန်းဆလို့မရနိုင်ဘူး။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က ငါနားလည်နိုင်တာထက်ကို ကျော်လွန်နေတယ်။ ပြီးတော့ ရှေးမှတ်တမ်းတွေအရ မသေမျိုးခေတ် နှောင်းပိုင်းကာလ ဝိညာဉ်ရေးရာစည်းမျဉ်းတွေရဲ့ အဆုံးသတ်ကပ်ဘေးကြီး ကျရောက်လာတဲ့အချိန်မှာ အဲဒီခေတ်က အင်အားအကြီးဆုံး ကျင့်ကြံသူတွေက နယ်နိမိတ်ကို ဖောက်ထွင်းပေးတဲ့ သင်္ဘောတွေနဲ့ ထွက်ခွာသွားကြပြီး ဘယ်တော့မှ ပြန်မလာကြတော့ဘူးဆိုတာကို မမေ့နဲ့။ သူတို့က ပြင်ပကမ္ဘာမှာ အခြေချဖို့ နေရာသစ်တစ်ခု ရှာတွေ့ခဲ့တာ ဖြစ်ရမယ်။ မဟုတ်ရင် ပြန်မလာစရာ အကြောင်းမရှိဘူးလေ"
ပထမသခင်ကြီးက ရှင်းပြလိုက်လေသည်။ ၎င်းကိုကြားသောအခါ တတိယသခင်ကြီး၏ စိတ်ထဲတွင် လှုပ်ရှားသွား၏။
"အစ်ကိုကြီးပြောပုံအရဆိုရင် အဲဒီနှစ်ယောက်က မသေမျိုးခေတ် နှောင်းပိုင်းမှာ ကျွန်တော်တို့ကမ္ဘာကနေ ထွက်ခွာသွားတဲ့ အစွမ်းထက် ကျင့်ကြံသူတွေရဲ့ မျိုးဆက်တွေ ဖြစ်နိုင်မလား"
ပထမသခင်ကြီးက ခဏတာ စဉ်းစားပြီး ပြောလိုက်သည်။
"ဖြစ်နိုင်လောက်တယ်။ ဒါပေမဲ့ အတည်ပြုဖို့ နည်းလမ်းမရှိဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီနှစ်ယောက်ရဲ့ရည်ရွယ်ချက်က မကောင်းတာတော့ သေချာတယ်။ ငါတို့လည်း အပြင်ထွက်ပြီး သူတို့ကို သွားမေးလို့မှ မရတာ။ နောက်မှ အမှန်တရားကို ဖော်ထုတ်ဖို့ တခြားနည်းလမ်း ရှာရမှာပဲ"
"ဟုတ်တယ်။ အစ်ကိုကြီးရဲ့ ဒဏ်ရာတွေ အပြည့်အဝ ပျောက်ကင်းတဲ့အထိ အားလုံးကို စောင့်လို့ရပါတယ်"
ဒုတိယသခင်ကြီးနှင့် တတိယသခင်ကြီးတို့က သဘောတူလိုက်ကြလေသည်။ ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ လူနှစ်ယောက်၏ကြောက်မက်ဖွယ် အင်အားကြောင့် အခုချိန် အပြင်ထွက်လျှင် သူတို့လက်အောက်မှာ အသေခံရဖို့ပဲ ရှိတယ်ဆိုတာကို သူတို့ကောင်းကောင်း သိထားကြပါ၏။ စောစောက ပထမသခင်ကြီး၏ ရွှေအမြုတေကို အတင်းအကျပ် အသက်သွင်းခြင်းနှင့် တောင်တော်ဝိညာဉ်၏ စွမ်းအားကို ရယူခြင်းကြောင့်သာ သူတို့ မျှော်လင့်မထားဘဲ လွတ်မြောက်နိုင်ခဲ့ခြင်းပင်။ ယခု ရန်သူက သတိထားနေပြီဖြစ်၍ ထပ်မံထွက်သွားပါက လျင်မြန်စွာ ဖမ်းဆီးခံရခြင်း သို့မဟုတ် သေဆုံးခြင်းသာ ဖြစ်လာပေလိမ့်မည်။ အရှက်ရသည်ဟု ခံစားရစေကာမူ သူတို့သည် တောင်ကြီးထဲတွင် ပုန်းအောင်းနေရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
"အစ်ကိုကြီး.. ပြန်ကောင်းဖို့ အချိန်ဘယ်လောက် ယူရမလဲဗျ"
ဒုတိယသခင်ကြီးက မေးလိုက်သည်။
"ဆယ်ရက်လောက် ကြာမယ်။ အပြည့်အဝ ပြန်ကောင်းသွားရင်တော့ ငါ့ရဲ့ ရွှေအမြုတေကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ဖို့လည်း ပိုကျွမ်းကျင်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် တောင်တော်ဝိညာဉ်ရဲ့ အကူအညီနဲ့ မြင့်မြတ်သောတောင်တော်ထဲမှာ ရှိနေသရွေ့ အဲဒီနှစ်ယောက် အပြင်မှာ ရှိနေရင်တောင် ငါကြောက်စရာ မလိုတော့ဘူး"
ပထမသခင်ကြီးက အေးစက်စွာ ပြောလိုက်၏။ မြင့်မြတ်သောတောင်တော်ကို အနှစ်တစ်ထောင်ကြာ အုပ်ချုပ်လာသူ၊ ရွှေအမြုတေအဆင့်သို့ ပထမဆုံး ခြေချနိုင်သူတစ်ယောက်အနေဖြင့် သူ့တွင် ကိုယ်ပိုင်ဂုဏ်မာနရှိလေသည်။ ထိုနှစ်ယောက်က အစွမ်းထက်သော်လည်း စောစောက တိုက်ခိုက်မှုမှတစ်ဆင့် အဖြူရောင်ဝတ်စုံနှင့်လူသည် သူထက် ကျင့်ကြံမှု အများကြီး ပိုမမြင့်ဘဲ ရွှေအမြုတေအဆင့်အတွင်းမှာသာ ရှိနေကြောင်း သူသိနိုင်ပါ၏။
အကယ်၍ အခြားတစ်ယောက်ကသာ ရွှေအမြုတေအဆင့်ထက် ကျော်လွန်နေပါက တောင်တော်ဝိညာဉ်က မည်မျှပင် ကူညီစေကာမူ ပထမသခင်ကြီးအနေဖြင့် သူ၏ညီအစ်ကို နှစ်ယောက်နှင့်အတူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ရွှေအမြုတေအဆင့်၏ စွမ်းအားကို အပြည့်အဝ ကျွမ်းကျင်ပြီး တောင်တော်ဝိညာဉ်၏ စွမ်းအားကို ပို၍အသုံးပြုနိုင်လာပါက ထိုလူတို့နှင့် ထပ်မံရင်ဆိုင်ရချိန်တွင် ယခုကဲ့သို့ အားနည်းနေမည် မဟုတ်တော့ချေ။ ဤအတွေးများဖြင့် ပထမသခင်ကြီးသည် ဒဏ်ရာများကို သေချာ ကုသရန် တောင်တော်အတွင်းမှ ပေါများလှသော မြေကြီးစွမ်းအင်များကို စတင်စုပ်ယူလေတော့သည်။
...
"မင်း ခုနက ပြောတဲ့စကားတွေ အကုန်လုံး မှန်တယ်ဆိုတာ သေချာလား"
မြို့တော်မြတ်အထက်တွင် အဖြူရောင်ဝတ်စုံနှင့်လူတစ်ဦးသည် လက်နောက်ပစ်လျက် ရပ်နေ၏။ သူ၏ရှေ့မှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာတော့ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေပြီး မှော်စွမ်းအင်ဖြင့် ဖန်တီးထားသော ဧရာမလက်ကြီးဖြင့် အချိန်မရွေး ခြေမွခံရမည့်အလား ဖမ်းဆုပ်ခံထားရလေသည်။ ထိုလူ့ထံမှ ထွက်ပေါ်လာသော အငွေ့အသက်များအရ သူသည် မွေးဖွားပြီးနယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ အစွမ်းထက် သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း သိသာစေ၏။
အနီးအနားတွင် အခြားလူအချို့သည်လည်း မှော်စွမ်းအင်လက်ဖဝါးနောက်တစ်ခုဖြင့် ဖမ်းဆုပ်ခံထားရပြီး သူတို့၏မျက်နှာများမှာလည်း နာကျင်မှုကြောင့် ရှုံ့မဲ့နေကြလေသည်။ သူတို့အောက်ရှိ မြို့တော်မြတ်တွင် ဧရာမလက်ဖဝါးရာကြီးတစ်ခုက မြေကြီးကို အမာရွတ်သဖွယ် ထင်ကျန်ရစ်စေပြီး အပျက်အစီးများကို ချန်ရစ်ထားလေ၏။ သွေးနံ့များက လေထဲတွင် ပျံ့လွင့်နေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက်မှာ မခန့်မှန်းနိုင်လောက်အောင်ပင် ဖြစ်နေလေသည်။
"တကယ်ပါ။ ကျွန်တော်ပြောတဲ့ စကားတိုင်းက အမှန်တွေချည်းပါပဲ။ တစ်ခွန်းလေး လိမ်မိရင်တောင် မိုးကြိုးပစ်ခံရပြီး စုတ်စုတ်ပြတ်ပြတ် သေပါစေ"
လူလတ်ပိုင်း သိုင်းပညာရှင်က နာကျင်မှုကို အံကြိတ်ခံရင်း အော်ဟစ်လိုက်လေ၏။
"မင်းတို့ကော ပြောစမ်း။ သူအမှန်တိုင်း ပြောနေတာလား"
အဖြူရောင်ဝတ်စုံနှင့်လူက အခြားသူများဆီသို့ အကြည့်လွှဲကာ မေးလိုက်၏။
"သူ ပြောတဲ့စကားတိုင်းက အမှန်ပါပဲ။ အစ်ကိုချီက လိမ်မပြောပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ချမ်းသာပေးပါ"
"အစ်ကိုချီရဲ့ စကားတွေက လုံးဝကို အတိအကျပါပဲဗျာ။ ကျွန်တော်တို့အသက်ကိုချမ်းသာပေးပါ၊ တောင်းပန်ပါတယ်ဗျာ"
ဖမ်းဆီးခံထားရသော သိုင်းပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ကြပြီး သူတို့အသံများတွင် အကြောက်တရားများနှင့် ပြည့်နှက်နေလေသည်။ သူတို့ရင်ထဲတွင် ထိတ်လန့်မှုများ ကြီးစိုးနေပါ၏။ ဤလျှို့ဝှက်ဆန်းကြယ်သော လူနှစ်ယောက်က သူတို့ကို ဖမ်းဆီးထားသည့် နည်းလမ်းများကို လုံးဝနားမလည်နိုင်အောင် ဖြစ်နေကြသည်။ ထိုမျှ နားလည်ရခက်သော စွမ်းရည်များသည် သူတို့၏ စိတ်ကူးထက်တောင် ကျော်လွန်နေပြီး ဤလူနှစ်ယောက်သည် စိတ်ကူး၍မရနိုင်လောက်အောင် အစွမ်းထက်သည့် သတ္တဝါများဖြစ်ကြောင်း သက်သေပြနေလေ၏။
"ကောင်းပြီလေ.. မင်းတို့ အမှန်တိုင်း ပြော၊ မပြော ကြည့်ရသေးတာပေါ့"
အဖြူရောင်ဝတ်စုံနှင့်လူက ပြောလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာတော့၏။ ထို့နောက်၌ သူ၏ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး ပြင်းထန်စွာ ဝင်ရောက်စီးနင်းသွားလေသည်။ နောက်တစ်ခဏတွင်တော့ ဖမ်းဆီးခံထားရသော သိုင်းပညာရှင်များ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်ရှိ သွေးကြောများ ထောင်တက်လာတော့၏။ ဖော်ပြ၍မရနိုင်သော နှိပ်စက်ညှဉ်းပန်းမှုကို ခံစားနေရသည့်အလား သူတို့၏ နာကျင်စွာ အော်ဟစ်သံများက လေထုကို ထိုးဖောက်သွားတော့သည်။
မကြာမီမှာပင် သူတို့၏ အော်ဟစ်သံများ တိတ်ဆိတ်သွားကာ မျက်လုံးများကလည်း လွတ်ဟာသွားပြီး ပါးစပ်မှ သွားရည်များလည်း ကျလာသည်။ သူတို့သည် အသိစိတ်မဲ့သော အခြေအနေသို့ ရောက်သွားကြလေပြီပင်။
အနီးအနားရှိ မီးခိုးရောင်ဝတ်ရုံနှင့် လူမှာ ဝင်ရောက်တားဆီးရန် တွေဝေသွားသော်လည်း နောက်ဆုံးတွင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးထိန်းချုပ်လိုက်၏။ စောစောက ဖြစ်ရပ်များအပြီးတွင် သူ၏ဆရာတူညီလေးအနေဖြင့် ဒေါသထွက်ပေါက်ရှာရန် လိုအပ်နေကြောင်း သူနားလည်လေသည်။
"ဒေသခံဆိုတာ ဒေသခံပါပဲ။ ဝိညာဉ်ရိုက်ခတ်မှု နည်းနည်းလေးကိုတောင် မခံနိုင်ကြဘူး"
အဖြူရောင်ဝတ်စုံနှင့်လူက သိုင်းပညာရှင်များကို လွှတ်ပေးရင်း အထင်သေးစွာ ပြောလိုက်၏။ တုံးတိတိ အသံများနှင့်အတူ သူတို့၏ ခန္ဓာကိုယ်များ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး အောက်ဘက်ရှိ လက်ဖဝါးရာ အပျက်အစီးများကြားတွင် ပုံပျက်ပန်းပျက် အလောင်းများအဖြစ် ပြောင်းလဲသွားတော့သည်။