← Chapters

အခန်း (၃၉၃-၃၉၄)

Vol. 40 Ch. 393-394

အခန်း (၃၉၃-၃၉၄)

Vol. 40 Ch. 393-394

အခန်း ၃၉၃ - မျှော်စင်သခင်၏ သတင်းစကား

"ညီလေး.. သူတို့က အမှန်အတိုင်း ပြောပြပြီးပြီဆိုတော့ သူတို့အသက်ကို ဘာလို့ ချမ်းသာမပေးလိုက်တာလဲ"

မီးခိုးရောင်ဝတ်ရုံနှင့် လူသည် အောက်ဘက်ရှိ ပုံပျက်ပန်းပျက် အလောင်းများကို ကြည့်ကာ သက်ပြင်းချလိုက်လေ၏။ သူတို့လက်ရှိ ရောက်နေသော အမြင့်မှနေ၍ သတိလစ်ကာ မြေကြီးပေါ်သို့ ပြုတ်ကျပါက မွေးရာပါနယ်ပယ် သိုင်းပညာရှင်များပင်လျှင် သာမန်လူများနှင့် ကွာခြားမည်မဟုတ်ပေ။ အသက်သေဆုံးရန်မှလွဲ၍ အခြားရလဒ် မရှိနိုင်တော့။

"သူတို့ရဲ့ ဝိညာဉ်တွေက အရမ်းအားနည်းလွန်းတယ်။ ဝိညာဉ်စစ်ဆေးမှုကို ခံရပြီးတဲ့နောက်မှာ သူတို့ရဲ့ စိတ်ဝိညာဉ်တွေ လုံးဝပြိုကွဲသွားပြီး အရူးတွေ ဖြစ်သွားကြပြီလေ။ အသက်ရှင်နေရင်လည်း ဆင်းရဲဒုက္ခခံရုံပဲ ရှိမှာပဲဟာ။ ကျွန်တော်က သူတို့ကို အဲ့ဒုက္ခကနေ လွတ်မြောက်ခွင့်ပေးပြီး ကျေးဇူးတင်ကြောင်း ပြလိုက်တာလေ"

အဖြူရောင်ဝတ်စုံနှင့်လူက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူ၏လေသံတွင် မည်သည့်ခံစားချက်မှ မပါဝင်ပေ။ သူ၏အမြင်တွင်တော့ ၎င်းသည် ပုရွက်ဆိတ်အချို့ကို သာမန်ကာလျှံကာ ခြေမွလိုက်ခြင်းနှင့် မကွာခြားဘဲ လုံးဝအရေးမပါသော ကိစ္စတစ်ခုသာ ဖြစ်လေသည်။

မီးခိုးရောင်ဝတ်ရုံနှင့် လူမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက်၌ ဘာမျှ ဆက်မပြောတော့ချေ။ သူ့ဆရာတူညီလေး၏ မွေးရာပါ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို သူကောင်းကောင်း နားလည်ထားသည်။ သူတို့၏ လက်ရှိအဆင့်အထိ ကျင့်ကြံရန် သူတို့၏ စိတ်စွမ်းအားနှင့် ဆုံးဖြတ်ချက်မှာ ခိုင်မာပြတ်သားပြီး အလွယ်တကူ ပြောင်းလဲနိုင်သော အရာမျိုး မဟုတ်ပေ။ ထို့အပြင် သူ၏ဆရာတူညီလေးမှာ စောစောက အရှက်ရခဲ့လေသည်။ ဤကမ္ဘာ၏ ကောင်းကင်တာအိုကို ထည့်သွင်းစဉ်းစားပြီး အပြစ်များလွန်းခြင်းကို ရှောင်ရှားရန်သာ မဟုတ်ပါက သူ၏နည်းလမ်းများမှာ ဤထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်လာနိုင်ပေ၏။

"ဆရာတူအစ်ကိုကတော့လေ အရင်ကလိုပဲ စိတ်ပျော့တုန်းပဲနော်။ သူတို့က ဒေသခံ ပုရွက်ဆိတ်တွေသာသာပဲဟာကို။ ဘာလို့ စိတ်ထဲ ထည့်နေရမှာလဲ။ တကယ် စိတ်ဝင်စားစရာကောင်းတာက ခုနက အဲဒီပုရွက်ဆိတ်တွေ ပြောသွားတဲ့ အကြောင်းအရာပဲ။ ဆရာတူအစ်ကိုလည်း ကြားလိုက်တယ်မလား"

အဖြူရောင်ဝတ်စုံနှင့်လူ၏ မျက်နှာအမူအရာမှာ စိတ်လှုပ်ရှားမှုဆီသို့ ပြောင်းလဲသွား၏။

"ဒီကမ္ဘာငယ်လေးက လျှို့ဝှက်နယ်မြေတွေ ပေါများပြီး အချို့ဆို မကြာသေးခင်ကမှ နိုးထလာပြီး ပွင့်လာတယ်တဲ့"

"ကျွန်တော်က ဒါကို လာရကျိုးမနပ်တဲ့ သာမန်ကမ္ဘာငယ်လေးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဒီလိုထူးခြားတဲ့ တည်ဆောက်ပုံမျိုး၊ လျှို့ဝှက်နယ်မြေတွေ ပေါများနေမယ်လို့ မထင်ထားဘူးလေ။ ဒါက ကမ္ဘာငယ်လေးတွေထဲမှာ ရှားပါးတဲ့ ရတနာတစ်ခုပဲ"

မီးခိုးရောင်ဝတ်ရုံနှင့် လူ၏ မျက်လုံးများတွင်လည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာလေသည်။ ကမ္ဘာကြီးတစ်ခုတွင်ဖြစ်စေ၊ ကမ္ဘာငယ်တစ်ခုတွင်ဖြစ်စေ လျှို့ဝှက်နယ်မြေများသည် အလွန်ထူးခြားလှ၏။ ၎င်းတို့၏ ထူးခြားသော နေရာလွတ်သဘာဝကြောင့် ရှားပါးပြီး ထူးကဲသော အရာများကို မွေးမြူပေးလေ့ရှိသည်။ ထိုသို့ဆိုလျှင် ဤကမ္ဘာငယ်လေး၏ တန်ဖိုးမှာ သူအစပိုင်းက ခန့်မှန်းထားသည်ထက် များစွာ သာလွန်နေလေ၏။

"ဆရာတူအစ်ကို.. ကျွန်တော်တို့ အဲဒီ လျှို့ဝှက်နယ်မြေကြီးလေးခု ဆိုတာကို အရင်ရှာကြမလား၊ ဒါမှမဟုတ် မကြာသေးခင်ကမှ နိုးထလာတဲ့ လျှို့ဝှက်နယ်မြေဆီကို တိုက်ရိုက်သွားကြမလား"

အဖြူရောင်ဝတ်စုံနှင့်လူက မေးလိုက်လေသည်။ မီးခိုးရောင်ဝတ်ရုံနှင့် လူမှာ ခဏတာ စဉ်းစားလိုက်၏။

"ခုနက လူပြောသွားတဲ့ စကားအရဆိုရင် အဲဒီလျှို့ဝှက်နယ်မြေကြီးလေးခုက ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိတယ်။ ဒီကမ္ဘာက ပြီးခဲ့တဲ့ မသေမျိုးခေတ်က အဖွဲ့အစည်းအချို့ရဲ့ အကြွင်းအကျန်တွေက လျှို့ဝှက်နယ်မြေတွေထဲမှာ ပုန်းအောင်းပြီး အသက်ရှင်ကျန်ရစ်ခဲ့တာ သေချာပေါက်ပဲလေ။ နှစ်သောင်းချီ ကျင့်ကြံလာခဲ့တဲ့ အဲဒီလို လျှို့ဝှက်နယ်မြေတွေက ထူးခြားတဲ့ အတိုင်းအတာတစ်ခုအထိ ခိုင်ခံ့နေလောက်ပြီးတော့ ဖောက်ထွင်းဖို့ မလွယ်လောက်ဘူး။ ငါတို့က ဒီကမ္ဘာကို ခုမှ ရောက်လာတာဆိုတော့ ကောင်းကင်နဲ့ မြေကြီးရဲ့စည်းမျဉ်းတွေနဲ့လည်း အသားမကျသေးဘူးလေ။ လုံးဝအသားကျသွားတဲ့အခါမှ အဲဒီ လျှို့ဝှက်နယ်မြေကြီးလေးခုကို သွားရှာရင်လည်း သိပ်နောက်ကျမှာမှမဟုတ်တာ"

"ဒါလည်း ဟုတ်တာပဲ"

အဖြူရောင်ဝတ်စုံနှင့်လူက ခေါင်းညိတ်လိုက်၏။

"လျှို့ဝှက်နယ်မြေတွေက နှစ်သောင်းချီ တည်တံ့နေဖို့ဆိုရင် အနည်းဆုံး ဝိညာဉ်လက်နက်အဆင့် ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ ရတနာတွေနဲ့ ကာကွယ်ထားရမှာပဲ။ ဆရာတူအစ်ကိုရေ.. ဒီတစ်ခါတော့ ကျွန်တော်တို့ ကြီးကြီးမားမား ရိတ်သိမ်းရတော့မယ်ထင်တယ်"

အဖြူရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများမှာ တက်ကြွမှုများဖြင့် တောက်ပနေလေသည်။ ဝိညာဉ်လက်နက်တစ်ခု၏ တန်ဖိုးမှာ ပြောစရာပင် မလိုပေ။ ကမ္ဘာကြီးတစ်ခုတွင်ပင် ထိုကဲ့သို့သော အရာများကို ထိပ်တန်းအဆင့် ရတနာများအဖြစ် သတ်မှတ်ထားကြသည်။ သူသည် ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူ၏လက်ဝယ်တွင် ဝိညာဉ်လက်နက်တစ်ခုမျှ မရှိချေ။ သူ၏ အကောင်းဆုံး ရတနာမှာ အဆင့်မြင့် မှော်လက်နက်တစ်ခုသာ ဖြစ်၏။ အကယ်၍ ဤကမ္ဘာငယ်လေးတွင် သူ ဝိညာဉ်လက်နက် တစ်ခု၊ နှစ်ခုလောက် ရနိုင်မည်ဆိုပါက အကျိုးအမြတ်မှာ ကြီးမားလှပေလိမ့်မည်။ ၎င်းသည် ခွန်အားအစစ်အမှန် ခုန်ပျံကျော်လွှားတိုးတက်လာခြင်းပင် ဖြစ်ပေမည်။

ထိုသူနှစ်ဦး ရယ်မောပြောဆိုနေစဉ် သူတို့၏ ပုံရိပ်များမှာ အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းသွားကြတော့၏။ အစမှအဆုံးတိုင်အောင် အောက်ဘက်ရှိ မြို့တော်မြတ်မှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို သူတို့ တစ်ချက်ပင် ငဲ့မကြည့်ခဲ့ကြချေ။ သူတို့၏ ပုံရိပ်များ ပျောက်ကွယ်သွားပြီး အချိန်အတော်ကြာမှသာ သေမတတ် တိတ်ဆိတ်နေသော မြို့တော်မြတ်တွင် လှုပ်ရှားမှုများ တဖြည်းဖြည်း ပြန်ပြီးစတင်လာလေသည်။ မကြာမီတွင် ငိုကြွေးသံများ ပြန့်နှံ့လာလေတော့၏။

...

ကျုံးကျိုးတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မသိရှိသေးသော လုချင်းမှာတော့ သူ၏စွမ်းအားများ တည်ငြိမ်စွာ တိုးတက်လာသည်ကို နှစ်သက်သဘောကျရင်း သက်တောင့်သက်သာ ကျင့်ကြံခြင်းဖြင့် နေ့ရက်များကို ဆက်လက်ဖြတ်သန်းနေလေသည်။ ရက်အနည်းငယ်ကြာပြီးနောက်၌ လင်းကျိယွဲ့သည် တောင်ခါးပန်းရှိ သူ၏ခြံဝင်းသို့ ရောက်ရှိလာကာ သူ၏အမူအရာမှာ လေးနက်နေလေ၏။

"သခင်လေးလုချင်း.. ကျုံးကျိုးမှာ ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ"

"ကိစ္စကြီးတစ်ခုဟုတ်လား.. ဘာဖြစ်တာလဲဗျ"

လုချင်း အနည်းငယ် အံ့သြသွားလေသည်။

"ကျွန်တော့်ဆရာဆီကနေ သတင်းရတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြင့်မြတ်သောတောင်တော်အထက်မှာ မိုးကြိုးအတိဒုက္ခတိမ်တိုက်တွေ ပေါ်လာတယ်တဲ့။ ပထမသခင်ကြီးက သူ့ရဲ့ အတားအဆီးတွေကို ဖောက်ထွက်နိုင်ခဲ့ပြီး အတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့တယ်တဲ့။ ပြီးတော့ သူ အဆင့်တက်သွားတယ်တဲ့လေ"

"ပထမသခင်ကြီးက သူ့ရဲ့ မိုးကြိုးအတိဒုက္ခကို ကျော်ဖြတ်သွားနိုင်တာလား"

လုချင်း အနည်းငယ် အံ့သြသွားသော်လည်း အလွန်အမင်း တုန်လှုပ်သွားခြင်းတော့ မရှိပေ။ မကြာမီ တစ်စုံတစ်ယောက် သူတို့၏ အတိဒုက္ခကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူ ကြိုတင်မျှော်လင့်ထားပြီးသားပင်။ ပထမဆုံး အောင်မြင်သူမှာ လျှို့ဝှက်နယ်မြေကြီးလေးခုမှ ပုန်းအောင်းနေသော အကြီးအကဲများထဲမှ တစ်ဦးမဟုတ်ဘဲ မြင့်မြတ်သောတောင်တော်၏ ပထမသခင်ကြီး ဖြစ်နေလိမ့်မည်ဟုသာ သူ မထင်ထားခဲ့ခြင်း ဖြစ်သည်။

"ပထမသခင်ကြီးက သူ့ရဲ့အတိဒုက္ခကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်သွားနိုင်တာပေါ့လေ"

"ပထမသခင်ကြီးက မိုးကြိုးအတိဒုက္ခကို ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး ကျင့်ကြံမှုအဆင့်သစ်ကို ရောက်သွားတယ်လို့ ကျွန်တော့်ဆရာက ပြောပါတယ်။ ဒါပေမဲ့ အဲဒါက အဓိကအကြောင်းရာ မဟုတ်သေးဘူး။ အရေးကြီးဆုံးက သူ အတိဒုက္ခကို ကျော်ဖြတ်ပြီးတာနဲ့ ချက်ချင်းဆိုသလို လျှို့ဝှက်ဆန်းကြယ်တဲ့ လူနှစ်ယောက် ပေါ်လာတာပဲ။ သူတို့ထဲက တစ်ယောက်က ပထမသခင်ကြီးကို လှုပ်ရှားမှုတစ်ခုတည်းနဲ့တင် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ပြီး ဖမ်းမိလုနီးပါး ဖြစ်ခဲ့တယ်တဲ့လေ။ အဲဒီနောက် လျှို့ဝှက်ဆန်းကြယ်တဲ့ လူနှစ်ယောက်က မြို့တော်မြတ်ဆီကို ပျံသန်းသွားပြီး ဧရာမ မှော်လက်ဖဝါးကြီးတစ်ခုကို ထုတ်လွှတ်လိုက်တယ်တဲ့။ တိုက်ခိုက်မှုတစ်ခုတည်းနဲ့တင် မြို့တော်မြတ်မှာ ပေရာနဲ့ချီ ကျယ်ဝန်းတဲ့ လက်ဖဝါးရာကြီး ချန်ရစ်ခဲ့ပြီး မြို့သူမြို့သား ထောင်ပေါင်းများစွာကို သတ်ပစ်ခဲ့တယ်တဲ့"

"ဘာပြောလိုက်တယ်။ မိုးကြိုးအတိဒုက္ခကို အခုလေးတင် ကျော်ဖြတ်ထားတဲ့ ပထမသခင်ကြီးကိုတောင် လှုပ်ရှားမှုတစ်ခုတည်းနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်သွားတယ် ဟုတ်လား"

ဤတစ်ကြိမ်တွင်တော့ လုချင်း အမှန်တကယ် မှင်သက်သွားရလေ၏။ ပထမသခင်ကြီး၏ အတိဒုက္ခနှင့် ကျင့်ကြံမှုအရ အဆင့်တက်သွားပြီဖြစ်သဖြင့် သူသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ သေချာလှသည်။ အတိဒုက္ခအပြီးတွင် အားနည်းနေသည့် အခြေအနေဖြစ်စေကာမူ သူသည် စစ်မှန်သော ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အခြေတည်အဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်ပေသည်။

လှုပ်ရှားမှုတစ်ခုတည်းဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်သည်ဆိုလျှင် တိုက်ခိုက်သူမှာ ရွှေအမြုတေအဆင့်ထက် ကျော်လွန်နေသူ ဖြစ်နိုင်မည်လော။ သို့သော် ဤကမ္ဘာတွင် ကောင်းကင်တာအိုစည်းချက် ငါးကြိမ်သာ ပဲ့တင်ထပ်ရသေးရာ ရွှေအမြုတေအဆင့်ထက် ကျော်လွန်သူ မည်သို့ရှိနိုင်မည်နည်း။

"ဟုတ်ပါတယ်ဗျ။ ဒါကို ပထမသခင်ကြီးက ကျွန်တော့်ဆရာဆီကို တိုက်ရိုက်ပြောပြခဲ့တာပါ။ သခင်ကြီးက အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူနှစ်ယောက်က ပြင်ပကမ္ဘာက ဧည့်သည်တွေ ဖြစ်နိုင်တယ်လို့လည်း ပြောခဲ့တယ်တဲ့။ ပြီးတော့ သူတို့ရဲ့ စွမ်းအားက မှန်းဆလို့မရနိုင်ဘူးတဲ့။ ကျွန်တော့်ဆရာနဲ့ တခြားသူတွေကိုလည်း ကပ်ဘေးတွေ မကြုံရအောင် အဲဒီနှစ်ယောက်ကို မစော်ကားမိစေဖို့ သတိပေးထားပါတယ်ဗျ"

"ပြင်ပကမ္ဘာက ဧည့်သည်တွေတဲ့လား"

လုချင်းတစ်ယောက် ပို၍ပင် အံ့အားသင့်သွားရ၏။ လီဟော်ဒယ်အိုးအတွင်းမှ ယန်မှာလည်း စိတ်လှုပ်ရှားစွာဖြင့် လှုပ်ရှားသွားတော့၏။

"ကျွန်တော့်ဆရာကတော့ ဒါက ပထမသခင်ကြီးရဲ့ ခန့်မှန်းချက်သက်သက်ပဲလို့ ပြောပါတယ်။ အမှန်လား အမှားလားဆိုတာကိုတော့ စစ်ဆေးရဦးမယ်တဲ့။ ဒါပေမဲ့ ထျန်းကျီမျှော်စင်ရဲ့ နယ်လှည့်ခရီးသွားနေကြတဲ့ တပည့်တွေကိုတော့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူနှစ်ယောက်ကို ရန်မစမိစေဖို့နဲ့ အထူးသတိထားဖို့ ဆရာက ညွှန်ကြားထားပါတယ်။ တခြားသတင်းတွေအရတော့ အဲဒီနှစ်ယောက်က မြို့တော်မြတ်ကနေ ထွက်သွားပြီးတဲ့နောက် ကျုံးကျိုးက ပဋိပက္ခတွေဖြစ်နေတဲ့ ကောင်းချီးပေးခံရတဲ့နယ်မြေအချို့မှာ ပေါ်လာခဲ့တယ်တဲ့။ ကြီးမားတဲ့ အင်အားနဲ့ အဖွဲ့အစည်းအချို့ကို ဖျက်ဆီးပစ်ပြီး အဲဒီနယ်မြေတွေကို လုံးဝသိမ်းပိုက်လိုက်တယ်လို့လည်း သိရတယ်"

"..."

လင်းကျိယွဲ့ ယူဆောင်လာသော သတင်းများမှာ အလွန်အံ့သြဖွယ်ကောင်းလှသဖြင့် လုချင်းပင် လုံးဝတည်ငြိမ်သွားစေရန် အသက်ဆယ်ခါခန့် ရှူသွင်းလိုက်ရလေသည်။ သူ သက်ပြင်းချလိုက်ပြီး ပြုံးလိုက်၏။

"ကျွန်တော် နားလည်ပါပြီ။ ဒီလောက်အရေးကြီးတဲ့ ကိစ္စကို လာပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ အစ်ကိုကျိယွဲ့"

ချန်းခရိုင်ရှိ သတင်းအချက်အလက် စီးဆင်းမှုမှာ အတော်လေးကိုကန့်သတ်ချက် ရှိပါ၏။ ဝေ့မိသားစုပင်လျှင် ကျုံးကျိုးရှိ အဖြစ်အပျက်များကို အပေါ်ယံမျှသာ နားလည်ထားကြသည်။ လင်းကျိယွဲ့သာ မရှိပါက ဤအကြောင်းကို လုချင်း သိရှိရန် အချိန်အတော်ကြာ ယူရမည်ပင်။

"ကျေးဇူးတင်စရာ မလိုပါဘူးဗျာ။ ဒါပေမဲ့ သခင်လေးလုချင်းရဲ့ အမြင်အရ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူနှစ်ယောက်က တကယ်ပဲ ပြင်ပကမ္ဘာက ဧည့်သည်တွေလို့ ထင်လား"

ရိုးရိုးသားသားပြောရလျှင် လင်းကျိယွဲ့သည် သူ၏ဆရာထံမှ သတင်းစကားကို ပထမဆုံး လက်ခံရရှိချိန်က လုချင်းထက်ပင် ပို၍ တုန်လှုပ်သွားခဲ့ပါ၏။ အထူးသဖြင့် ပထမသခင်ကြီးကို အနိုင်ယူနိုင်စွမ်းရှိသော လျှို့ဝှက်ဆန်းကြယ်သူများ၏ ဇာစ်မြစ်ကို သိချင်နေခဲ့လေသည်။

...

အခန်း ၃၉၄ - တောင်တန်းတစ်သိန်း၏ နက်ရှိုင်းသော နေရာမှ လှိုင်းဂယက်များ

နောက်ဆုံးတွင် လင်းကျိယွဲ့သည် လုချင်းထံမှ အသုံးဝင်သော မည်သည့်သတင်းအချက်အလက်ကိုမျှ မရရှိခဲ့ပေ။ အကြောင်းမှာ လင်းကျိယွဲ့ မရောက်လာမီက လုချင်းသည် ကျုံးကျိုးတွင် ဘာဖြစ်ခဲ့သည်ကိုပင် မသိခဲ့ပေ။ သို့ဖြစ်ရာ ထိုလျှို့ဝှက်ဆန်းကြယ်သော လူနှစ်ယောက်အကြောင်း သူ မည်သို့သိနိုင်မည်နည်း။

လင်းကျိယွဲ့ ထွက်သွားပြီးနောက် လုချင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်သွားတော့၏။ ယန်၏ ပုံရိပ်သည်လည်း လုချင်းဘေးတွင် ပေါ်လာလေသည်။

"သခင်လေး.. သူပြောသွားတဲ့ အဲဒီလူနှစ်ယောက်က တကယ်ပဲ ဒီကမ္ဘာပြင်ပက ဧည့်သည်တွေလို့ ထင်လား"

အကယ်၍ အတိတ်ကသာဆိုလျှင် ယန်သည် ဤအရာကို လုံးဝအဓိပ္ပာယ်မရှိဟု ဆိုကာ ပယ်ချခဲ့မည်ပင်။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သော ကျင့်ကြံခြင်းခေတ်တွင် "ပြင်ပကမ္ဘာမှ ဧည့်သည်များ" ဟူ၍ တစ်ခါမှ မရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် သူတို့၏ကိုယ်ပိုင်ကမ္ဘာအပြင်ဘက်၌ အခြားသက်ရှိများ ရှိ၊ မရှိ ဆိုသည်နှင့်ပတ်သက်၍ အငြင်းပွားမှုများပင် ရှိခဲ့လေ၏။

သို့သော် ယခုအခါတွင်တော့ ယန်တစ်ယောက် ထိုသို့မတွေးတော့ချေ။ အကြောင်းမှာ လီဟော်ဒယ်အိုးအတွင်းတွင် အခြားကမ္ဘာမှ မိစ္ဆာကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ရေးရာ အသိစိတ်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

"ကျွန်တော်လည်း သေချာမသိဘူး။ ဒါပေမဲ့ သခင်လေးကျိယွဲ့ ယူလာတဲ့ သတင်းကသာ အမှန်ဆိုရင်တော့ ဖြစ်နိုင်ခြေများတယ်"

လုချင်းက ခေါင်းခါရင်း ပြောလိုက်၏။

"ပထမသခင်ကြီးက တကယ်ပဲ မိုးကြိုးအတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုရင် သူ ရွှေအမြုတေအဆင့်ကို ရောက်နေလောက်ပြီ။ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူနှစ်ယောက်က သူ့ကို အလွယ်တကူ အနိုင်ယူနိုင်တယ်ဆိုရင် သူတို့လည်း ရွှေအမြုတေအဆင့်မှာ ရှိရမယ်။ ပြီးတော့ အဲဒီအဆင့်မှာ အမြစ်တွယ်နေတဲ့ ဝါရင့်ကျင့်ကြံသူတွေ ဖြစ်ဖို့များတယ်။ အခုလောလောဆယ် ပဉ္စမမြောက် ကောင်းကင်တာအိုစည်းချက်က ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေထဲကို 'မသေမျိုး' ဆိုတဲ့ အရိပ်အယောင်လေးကိုပဲ မိတ်ဆက်ပေးရသေးတာ။ ယုတ္တိကျကျပြောရရင် ဒီကမ္ဘာမှာ အဲ့ဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ မရှိသင့်သေးဘူး။ တစ်ခုတည်းသော ဖြစ်နိုင်ခြေက ပထမသခင်ကြီး ခန့်မှန်းသလိုပဲ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူနှစ်ယောက်က ကျွန်တော်တို့ကမ္ဘာက မဟုတ်ဘူးဆိုတာပဲ"

လုချင်းက သူ၏ခန့်မှန်းချက်ကို မျှဝေလိုက်လေသည်။

"အဲဒါ တစ်ခုတည်းသော ဖြစ်နိုင်ခြေပဲထင်တယ်"

ယန်ကလည်း လုချင်း၏ ကောက်ချက်ကို သဘောတူလိုက်ပြီး သက်ပြင်းဖွဖွချလိုက်၏။

"တကယ့်မေးခွန်းက သူတို့က ဘယ်ကမ္ဘာကနေ လာတာလဲ၊ ကျွန်တော်တို့ကမ္ဘာနဲ့ ဘယ်လောက်ဝေးလဲဆိုတာပဲ"

"နီးသလား၊ ဝေးသလားဆိုတာကို လောလောဆယ် ငါတို့ အတည်မပြုနိုင်သေးဘူး။ ဒါပေမဲ့ ရှင်းနေတာတစ်ခုက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူနှစ်ယောက်က ရည်ရွယ်ချက် မကောင်းဘူးလေ။ သူတို့က သဘောကောင်းတဲ့သူတွေလည်း မဟုတ်ဘူး"

ထိုအခါ၌ မြို့တော်မြတ်တွင် ထိုလျှို့ဝှက်ဆန်းကြယ်သူနှစ်ဦး ကျူးလွန်ခဲ့သည့် လုပ်ရပ်များနှင့်ပတ်သက်၍ လင်းကျိယွဲ့ အစောပိုင်းက ပြောခဲ့သည်များကို လုချင်း ပြန်တွေးမိလေသည်။ ဤသူတို့သည် ရက်စက်ကြမ်းကြုတ်ပြီး ကရုဏာကင်းမဲ့သူများဖြစ်ကြောင်း သိသာလှပါ၏။ သာမန်လူများကို သတ်ဖြတ်ခြင်းကိုပင် တုံ့ဆိုင်းမှုမရှိဘဲ လုပ်ဆောင်နိုင်ကြပြီး သာမန်လူများကို ပုရွက်ဆိတ်များထက် မပိုဟု ရှုမြင်ကြသူများ ဖြစ်သည်မှာ ထင်ရှားလေသည်။

"သခင်လေး ဘာလုပ်ဖို့ စီစဉ်ထားလဲ"

ယန်က လုချင်းကို ကြည့်လိုက်၏။

"ဘာလုပ်နိုင်မှာလဲ။ အတိဒုက္ခကို ကျော်ဖြတ်ပြီး ရွှေအမြုတေအဆင့်ကို ရောက်သွားတဲ့ ပထမသခင်ကြီးတောင် သူတို့ကို မယှဉ်နိုင်ဘူးလေ။ အဲ့ဒီလိုလူမျိုးတွေက ကျွန်တော်တို့ ရန်စနိုင်တဲ့ အဆင့်ထက် အများကြီး ကျော်လွန်နေတယ်။ ကျွန်တော်တို့ စောင့်ကြည့်နေရုံပဲ ရှိတာပေါ့"

လုချင်းက ပြတ်သားစွာ ပြောလိုက်၏။ ဤလူနှစ်ယောက်၏ ဇာစ်မြစ်ကို သိချင်နေသော်လည်း ထိုသို့ ကြောက်မက်ဖွယ်ကောင်းသူများနှင့် ပြဿနာရှာရန် သူ လုံးဝရည်ရွယ်မထားပေ။

"ဟုတ်တယ်။ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူနှစ်ယောက်က အနည်းဆုံးတော့ အမြစ်တွယ်နေတဲ့ ဝါရင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေပဲ။ လောလောဆယ် သူတို့ရဲ့ အရှိန်အဝါကို ရှောင်ရှားတာ ပိုကောင်းပါတယ်"

လုချင်း၏ အဖြေကို ကြားသောအခါ ယန်လည်း စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်တော့၏။ လုချင်းက သူတို့ကို တက်တက်ကြွကြွ သွားမရှာသရွေ့ အားလုံး အဆင်ပြေမည်ပင်။ ကျိုးလီရွာမှာ အလွန်ခေါင်ခိုက်သော နေရာတွင် ရှိသဖြင့် ထိုလျှို့ဝှက်ဆန်းကြယ်သူနှစ်ဦးအနေဖြင့် ဤမျှ ဆင်းရဲမွဲတေပြီး လူသူကင်းမဲ့သော နေရာသို့ လာရောက်ရန်မှာ မဖြစ်နိုင်ပေ။

...

နောက်ရက်များတွင် လုချင်းနှင့် အခြားသူများသည် ငြိမ်းချမ်းသော ဘဝများကို ဆက်လက်ဖြတ်သန်းခဲ့ကြသည်။

ယန်ခန့်မှန်းခဲ့သည့်အတိုင်း ကျိုးလီရွာမှာ အမှန်တကယ်ပင် ခေါင်ခိုက်လှသည်။ ဝေ့မိသားစုထံမှ ရံဖန်ရံခါ လာရောက်လည်ပတ်ခြင်း သို့မဟုတ် ပြင်ပကမ္ဘာမှ သတင်းများ ယူဆောင်လာသော လင်းကျိယွဲ့ထံမှလွဲ၍ ရွာလေးမှာ လုံးဝနီးပါးကို အထီးကျန်နေလေ၏။ သာမန် သိုင်းပညာရှင်များပင် ဤနေရာသို့ ရောက်လာခဲသဖြင့် မွေးဖွားပြီးနယ်ပယ် သို့မဟုတ် ထိုထက်မြင့်မားသော ကျွမ်းကျင်သူများဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။

သို့သော် ထိုလျှို့ဝှက်ဆန်းကြယ်သူနှစ်ဦး ပေါ်လာခြင်းက လုချင်းအား အရေးတကြီး လိုအပ်နေသည့် ခံစားချက်မျိုးကို ပေးစွမ်းခဲ့သည်။ ယခင်က သူသည် အတော်လေး အေးအေးဆေးဆေး နေထိုင်ခဲ့သော်လည်း ယခုအခါ သူ၏ကျင့်ကြံမှုတွင် အားထုတ်မှုများကို နှစ်ဆတိုးရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

တစ်နေ့တွင် လုချင်း ကျင့်ကြံနေစဉ် သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားလေသည်။ သူ၏စွမ်းအင်များ ရုတ်ချည်း မြင့်တက်လာပြီးမှ လျှင်မြန်စွာ ပြန်၍လျော့ကျသွားလေ၏။

"နောက်ဆုံးတော့ ငါ အခြေတည်အဆင့်ရဲ့ စဦးပိုင်းအဆင့်ကို ဖောက်ထွက်နိုင်ခဲ့ပြီ။ ဒီတိုးတက်မှုအရှိန်က ကျေနပ်စရာပဲ"

လုချင်းက ကျေနပ်သည့် အရိပ်အယောင်ဖြင့် ပြောလိုက်လေသည်။ အခြေတည်အဆင့်သို့ ခြေချပြီးနောက် ဓာတ်ငါးပါးဘူးသီးခြောက် ဟူသော ဤအမြင့်မြတ်ဆုံး ရတနာကြီးသည် သူ၏ အသက်သွေးကြောရတနာအဖြစ် ၎င်း၏ စစ်မှန်သောစွမ်းအားကို တဖြည်းဖြည်း ပြသလာလေသည်။ သူ၏ မကြာသေးမီက ကြိုးစားအားထုတ်မှုများကြောင့် သူ၏ ကျင့်ကြံမှုအရှိန်မှာ နှေးကွေးမသွားရုံသာမက ပို၍ပင် မြန်ဆန်လာခဲ့ပါ၏။ တစ်လမပြည့်မီ အချိန်အတွင်းမှာပင် သူသည် အခြေတည်အဆင့်၏ စဦးပိုင်းအဆင့်မှ အသေးစားအောင်မြင်မှုအဆင့်သို့ တက်လှမ်းနိုင်ခဲ့လေသည်။

"ဒီနှုန်းအတိုင်းဆိုရင် နောက်ထပ် နှစ်လ၊ သုံးလလောက်ဆိုရင် အခြေတည်အဆင့် ပြီးပြည့်စုံခြင်းကို ရောက်ပြီး ဟိုအဘိုးကြီးတွေကို အမီလိုက်နိုင်လောက်ပြီ"

သူ၏ကျင့်ကြံမှု နက်ရှိုင်းလာသည်နှင့်အမျှ ဓာတ်ငါးပါးဘူးသီးခြောက်ကို သူ၏ အသက်သွေးကြော ရတနာအဖြစ် သန့်စင်လိုက်ခြင်းသည် သူချမှတ်ခဲ့သမျှ ဆုံးဖြတ်ချက်များထဲတွင် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း လုချင်း ပိုပို၍ခံစားလာရလေသည်။ ဤအမြင့်မြတ်ဆုံး ရတနာကြီးက သူ၏ကျင့်ကြံမှုအတွက် ပေးစွမ်းသော အထောက်အပံ့မှာ အလွန်ကြီးမားလှ၏။ သူ၏အဆင့် ဆက်လက်တိုးတက်လာသည်နှင့်အမျှ ရတနာ၏ စွမ်းအားအပြည့်အဝကို အမှန်တကယ် ထုတ်လွှတ်လိုက်သောအခါ သူ၏ကျင့်ကြံမှုမှာလည်း အဆမတန် တိုးတက်လာမည်မှာ အသေအချာပဲပင်။

"အားချင်း.. အားချင်း.. ငါ အဆင့်တက်သွားပြီထင်တယ်"

လုချင်း ဝမ်းသာနေစဉ် အမည်းရောင်အရိပ်တစ်ခုက ရုတ်တရက် ပျံသန်းလာပြီး စိတ်လှုပ်ရှားနေသော အမူအရာဖြင့် သူ၏ရင်ခွင်ထဲသို့ ကျဆင်းလာလေသည်။ ယင်းသည်ကား ရှောင်လီမှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။

"ရှောင်လီ.. မင်းကော အဆင့်တက်သွားပြီလား"

လုချင်းက အံ့အားသင့်စွာ မေးလိုက်၏။

"ဟုတ်တယ်။ ငါ့ရဲ့ အမွေဆက်ခံထားတဲ့ မှတ်ဉာဏ်တွေထဲက ကျင့်စဉ်ကို နောက်ဆုံးတော့ စပြီးကျင့်ကြံနိုင်ပြီလေ"

အကောင်လေးက ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။

"အမွေဆက်ခံထားတဲ့ ကျင့်စဉ်..."

လုချင်း၏ စိတ်ထဲတွင် လှုပ်ရှားသွားလေသည်။ ရှောင်လီ ရည်ညွှန်းသော ကျင့်စဉ်မှာ ၎င်းသည် မွေးဖွားပြီးနယ်ပယ်သို့ ရောက်ရှိချိန်တွင် ၎င်း၏သွေးကြောများ နိုးထလာသောအခါ ပေါ်လာသည့် ကျင့်စဉ်ဖြစ်ကြောင်း သူသိပါ၏။ သို့သော် ထိုကျင့်စဉ်မှာ ကျင့်ကြံရန် ခက်ခဲပုံရသည်။ ရှောင်လီသည် ၎င်းကို တရားဝင် စတင်မကျင့်ကြံမီ အချိန်အတော်ကြာအောင် နားလည်သဘောပေါက်အောင် ကြိုးစားနေခဲ့ရ၏။

"စကျင့်တာနဲ့တင် အဆင့်တက်သွားတာလား"

"ဟုတ်တယ်။ ငါလည်း အခု အခြေတည်အဆင့်ကို ရောက်နေပြီ။ နင့်ကို အမီလိုက်လာပြီနော် အားချင်း"

အကောင်လေးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြေညာလိုက်၏။

"ရှောင်လီ.. မင်းက တော်လိုက်တာကွာ"

လုချင်းက ရိုးသားစွာ ချီးကျူးလိုက်လေသည်။ သူ၏ လျင်မြန်သော ကျင့်ကြံမှုမှာ အကြောင်းရင်းများစွာကြောင့် ဖြစ်သော်လည်း ရှောင်လီ၏ တိုးတက်မှုမှာတော့ ညဝိညာဉ်ကြောင်မြီးတို၏ ထူးခြားသော ပါရမီနှင့် ၎င်း၏ အမွေဆက်ခံထားသော ကျင့်စဉ်၏ ထူးချွန်မှုကြောင့်သာ ဖြစ်သည်။ ရှောင်လီ့ကို ပထမဆုံး မြင်တွေ့ခဲ့ရချိန်က ယန်တစ်‌ယောက် အလွန်အံ့အားသင့်သွားခြင်းမှာ မဆန်းတော့ချေ။

ဤအချက်ကို သဘောပေါက်ပြီးနောက်၌ လုချင်းသည် သူ၏ နတ်မျက်စိစွမ်းရည်ကို အသုံးပြု၍ ရှောင်လီကို သေချာစွာ စစ်ဆေးကြည့်လိုက်၏။

ထိုအခါ၌ ရှောင်လီ ပြောသည့်အတိုင်း ၎င်း၏အဆင့်မှာ အခြေတည်အဆင့်သို့ အမှန်တကယ် ရောက်ရှိနေပြီပင်။

ထို့အပြင် ၎င်း၏ မွေးရာပါ မြင့်မြတ်သော စွမ်းရည်နှစ်ခုကြောင့် ရှောင်လီ၏ အမှန်တကယ် စွမ်းအားမှာ ၎င်း၏ ကျင့်ကြံမှုအဆင့်ထက် များစွာ သာလွန်နေလေသည်။ သာမန် အခြေတည်အဆင့်ရှိ ဝိညာဉ်သားရဲတစ်ကောင်၏ စံနှုန်းများဖြင့် ၎င်းကို အကဲဖြတ်၍ မရနိုင်ပေ။ အကြောင်းမှာတော့ ရှောင်လီ ပိုင်ဆိုင်ထားသော နေရာလွတ်နှင့်သက်ဆိုင်သည့် မြင့်မြတ်သောစွမ်းရည်များမှာ အခြားသော မြင့်မြတ်သောစွမ်းရည်အမျိုးအစားများကြားတွင်ပင် အလွန်ရှားပါးသောကြောင့် ဖြစ်၏။

ရှောင်လီ၏ စွမ်းအားကို ခံစားမိသောအခါ လုချင်းမှာ စိတ်ဝင်စားသွားပြီး ၎င်းနှင့် အစမ်းသဘော တိုက်ခိုက်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူ့ကို အံ့အားသင့်စေသည်မှာ သူတို့နှစ်ဦးစလုံး မည်သည့် ရတနာ သို့မဟုတ် မြင့်မြတ်သောစွမ်းရည်ကိုမျှ အသုံးမပြုပါက ရှောင်လီ၏ စွမ်းအားမှာ သူ့ထက် သိပ်လျော့မနေခြင်းပင်။

လုချင်း၏ ခန္ဓာကိုယ်မှာ ဓာတ်ငါးပါး ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ဖြင့် လေ့ကျင့်ထားသောကြောင့် မယုံနိုင်လောက်အောင် ကြံ့ခိုင်သော်လည်း ရှောင်လီသည် ဝိညာဉ်သားရဲတစ်ကောင်ဖြစ်သဖြင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါ၏။ ထို့အပြင် ၎င်း၏ ခန့်မှန်း၍မရနိုင်လောက်အောင် လျင်မြန်သော အရှိန်ပါ ပေါင်းထည့်လိုက်သောအခါတွင်တော့ ပို၍ပင် အစွမ်းထက်လာတော့၏။ အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက်၌ လုချင်းက အသာစီးရလာသော်လည်း ရှောင်လီကို အမြန်အနိုင်ယူရန်မှာ ခက်ခဲနေဆဲပင်။

"ဝိညာဉ်သားရဲတစ်ကောင်ရဲ့ ခန္ဓာကိုယ်က တကယ်ပဲ ထူးခြားလိုက်တာ"

အစမ်းတိုက်ခိုက်မှုအပြီးတွင် လုချင်းက လေးစားစွာ မှတ်ချက်ချလိုက်လေသည်။ ဓာတ်ငါးပါး ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံထားပြီး ဓာတ်ငါးပါးဘူးသီးခြောက်မှ သန့်စင်ထားသော ဝိညာဉ်စွမ်းအင်များရှိသဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ သာမန်ခန္ဓာကိုယ် ကျင့်ကြံသူများထက် များစွာ သာလွန်နေသော်လည်း ရှောင်လီ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ သူနှင့် သိပ်မကွာခြားလှပေ။ ဤအချက်က ညဝိညာဉ်ကြောင်မြီးတို၏ ထူးခြားသော သွေးကြောနှင့် အမွေဆက်ခံထားသော ကျင့်စဉ်များ၏ ထူးချွန်မှုကိုသာ ပို၍ပေါ်လွင်စေလေ၏။

"ရှောင်လီရဲ့ မွေးရာပါ ပါရမီက ရှေးမိစ္ဆာဧကရာဇ်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ညဝိညာဉ်ကြောင်မြီးတိုတွေရဲ့ ပါရမီထက်တောင် သာလွန်နေပုံရတယ်"

လီဟော်ဒယ်အိုးအတွင်းမှ ယန်က အံ့သြတကြီးဖြင့် ရေရွတ်လိုက်လေသည်။ လုချင်း၏ လက်ရှိစွမ်းအား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို ယန် ကောင်းကောင်းသိထားပါ၏။ သို့သော် ရှောင်လီသည် လုချင်းထက် ကျင့်ကြံမှုအဆင့် တစ်ဆင့်နိမ့်နေသော်လည်း သူ့ကို ယှဉ်ပြိုင်ရာတွင် အချိန်အတော်ကြာ တောင့်ခံနိုင်ခဲ့လေပါ၏။

"အားချင်း.. ငါ အရမ်းမိုက်တယ် မဟုတ်လား"

ရှောင်လီက မျှော်လင့်တကြီး အမူအရာဖြင့် လုချင်းကို ကြည့်လိုက်လေသည်။

"ဒါပေါ့.. ရှောင်လီက အရမ်းမိုက်တာပဲ"

လုချင်းက လက်လှမ်းကာဖြင့် ရှောင်လီ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ရာ အကောင်လေးမှာလည်း ဝမ်းသာအားရဖြင့် မျက်လုံးများ မှိတ်ကျသွားတော့လေ၏။

ထိုအခိုက်၌ ရုတ်တရက် နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခု လေထုထဲတွင် ပဲ့တင်ထပ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် အစွမ်းထက်ပြီး ရှင်းပြ၍မရနိုင်သော နေရာလွတ် အတက်အကျလှိုင်းတစ်ခုသည် အဝေးတစ်နေရာမှ ရိုက်ခတ်လာလေ၏။ ထိုအရာ၏ ဇာစ်မြစ်မှာ တောင်တန်းတစ်သိန်း၏ နက်ရှိုင်းသော နေရာမှ ဖြစ်လေသည်။

All Chapters