← Chapters

အခန်း (၃၉၉-၄၀၀)

Vol. 40 Ch. 399-400

အခန်း (၃၉၉-၄၀၀)

Vol. 40 Ch. 399-400

အခန်း ၃၉၉ - တူးဖော်မှု ပြီးဆုံးခြင်းနှင့် ကြီးမားသော သီးပွင့်မှုများ

လုချင်း၏ အကြည့်တို့က ပတ်ဝန်းကျင်ကို ဝေ့ဝဲသွားချိန်တွင် ဝိညာဉ်စွမ်းအင်များ၏ မှေးမှိန်သော ခရမ်းရောင်အလင်းတန်းလေး တစ်ခု ပေါ်ထွက်လာခဲ့လေသည်။

[ဓာတ်ကြီးငါးပါး ဝိညာဉ်အရည် - ဓာတ်ကြီးငါးပါး ဝိညာဉ်ချီများ၏ အနှစ်သာရများ ပေါင်းစပ်ဖွဲ့စည်းထားသော ရတနာတစ်ပါး။]

[ဤရတနာသည် ပြိုင်ဘက်ကင်း အရည်အသွေးရှိသော ဓာတ်ကြီးငါးပါး ကြာပန်းကို ပျိုးထောင်ပေးသည့် အခြေခံအုတ်မြစ် ဖြစ်သည်။ ၎င်းတွင် သေဆုံးသူများကို ရှင်သန်စေနိုင်ပြီး အသားနှင့် အရိုးများကို အကောင်းပကတိအတိုင်း ပြန်ပြီးကောင်းမွန်စေလာနိုင်သည့် ကြီးမားလှသော သက်စောင့်စွမ်းအင်များ ပါဝင်ကာ အထူးကဲဆုံးသော ဆေးဘက်ဝင်စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။]

[ကျင့်ကြံသူများအတွက်တော့ ဤဝိညာဉ်အရည်ကို စုပ်ယူခြင်းဖြင့် သူတို့၏ ကျင့်ကြံမှုကို မြှင့်တင်နိုင်ခြင်း၊ ခန္ဓာကိုယ်ကို ပြောင်းလဲပေးနိုင်ခြင်းနှင့် ဓာတ်ကြီးငါးပါး တာအိုခန္ဓာအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးနိုင်ခြင်းတို့ ရရှိနိုင်သည်။]

...

[ဓာတ်ကြီးငါးပါး အနှစ်သာရကျောက်တုံးများ - ဓာတ်ကြီးငါးပါး ဝိညာဉ်ချီများနှင့် မြေကမ္ဘာသွေးကြော သံလိုက်ဓာတ်တို့၏ ကြာရှည်စွာ အာဟာရဖြည့်တင်းပေးမှုကြောင့် ပြောင်းလဲဖြစ်ပေါ်လာသော မူလကျောက်တုံးများ။]

[ဝိညာဉ်လက်နက်များ ဖန်တီးရာတွင် အသုံးပြုရသည့် တန်ဖိုးကြီးပစ္စည်းများဖြစ်ပြီး ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေကာ ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်စွမ်းအားများကို ပြန်ပြီးဖြည့်တင်းပေးနိုင်သည်။]

...

[ဓာတ်ကြီးငါးပါး ဝိညာဉ်မြေဆီလွှာ - ဓာတ်ကြီးငါးပါး၏ စွမ်းအားများဖြင့် ကြွယ်ဝနေသော ဝိညာဉ်မြေဆီလွှာ...]

"ထင်တဲ့အတိုင်းပဲ။ ဒီရေကန်ထဲက ဝိညာဉ်အရည်တွေက ထူးကဲရုံတင်မကဘူး၊ ရေကန်ကို ဖွဲ့စည်းထားတဲ့ ကျောက်တုံးတွေနဲ့ ပတ်ဝန်းကျင်က မြေဆီလွှာတွေကပါ ရတနာတွေချည်းပဲ"

လုချင်းက တီးတိုးရေရွတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိများ လင်းလက်သွားခဲ့လေသည်။

အမြင့်မြတ်ဆုံး ဝိညာဉ်ဆေးမြစ်ဖြစ်သည့် ဓာတ်ကြီးငါးပါး ကြာပန်းကို ပျိုးထောင်ပေးနိုင်သော မည်သည့်နေရာမဆို ၎င်း၏ ကြီးထွားမှုကို ထောက်ပံ့ပေးနိုင်ရန်အတွက် ထူးကဲသော ပစ္စည်းများ သေချာပေါက် ရှိနေရမည်ဟု သူ ကြိုတင်မှန်းဆထားခဲ့ပြီး ဖြစ်လေသည်။

အထင်ရှားဆုံးမှာ ဓာတ်ကြီးငါးပါး ဝိညာဉ်အရည်ပင် ဖြစ်သည်။ ၎င်းသည်လည်း တောက်ပသော ခရမ်းရောင်အလင်းတန်းကို ထုတ်လွှတ်နေပြီး ၎င်းမှာ ထူးကဲသော ရတနာတစ်ပါးဖြစ်ကြောင်း အမှတ်အသားပြုထားလေသည်။ ၎င်း၏ ဂုဏ်သတ္တိများနှင့် ပတ်သက်သော အချက်အလက်များက သူ့အတွက် ချက်ချင်းအသုံးပြုနိုင်သည့် ကြီးမားလှသော တန်ဖိုးရှိကြောင်းကို အတည်ပြုပေးနေခဲ့၏။

ပတ်ဝန်းကျင်ကို သေချာစွာ စူးစမ်းလေ့လာပြီးနောက် လုချင်းမှာ ထပ်ပြီးတုံ့ဆိုင်းမနေတော့ပေ။ ရှုပ်ထွေးနက်နဲလှသော ဂါထာမန္တန်များ ရေးထွင်းထားသည့် ကျောက်စိမ်းသေတ္တာလေးတစ်ခုက သူ၏ လက်ထဲတွင် ပေါ်လာခဲ့လေသည်။

သူက ရှေ့သို့ လှမ်းသွားကာ ဓာတ်ကြီးငါးပါး ကြာပန်းကို ဂရုတစိုက် ဆွတ်ခူးလိုက်ပြီး ကျောက်စိမ်းသေတ္တာထဲသို့ ထည့်လိုက်ကာ ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲသို့ သိမ်းဆည်းလိုက်တော့၏။

ထိုကျောက်စိမ်းသေတ္တာကို လီဟော်ဂိုဏ်းမှ လက်ဆင့်ကမ်းလာခဲ့သော လျှို့ဝှက်နည်းစနစ်များကို အသုံးပြု၍ သူကိုယ်တိုင် အထူးစီမံဖန်တီးထားခြင်း ဖြစ်သည်။ လက်နက်ဖန်တီးခြင်းနှင့် ဆေးလုံးဖော်စပ်ခြင်းတွင် နာမည်ကျော်ကြားလှသော ဂိုဏ်းတစ်ခုဖြစ်သည့် လီဟော်ဂိုဏ်း၏ သိမ်းဆည်းထိန်းသိမ်းမှု နည်းစနစ်များမှာ ပြိုင်ဘက်ကင်းလှပေသည်။ ထိုကျောက်စိမ်းသေတ္တာပေါ်ရှိ အထူးတံဆိပ်ခတ်နှိပ်မှုများက ဆေးမြစ်၏ စွမ်းရည်များအား အပြည့်အဝ ထိန်းသိမ်းထားနိုင်မည်ကို သေချာစေပါ၏။

ကျောက်စိမ်းသေတ္တာကို လုံခြုံစွာ သိမ်းဆည်းပြီးနောက်၌ လုချင်းမှာ နောက်ဆုံးတွင် အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာ ရသွားခဲ့လေသည်။ ဤလျှို့ဝှက်နယ်မြေ၏ အကြီးမားဆုံးသော အခွင့်အရေးကို သူ၏ လက်ထဲသို့ ရရှိလိုက်ပြီဖြစ်ရာ ဤခရီးစဉ်အတွက် သူ၏ ကြိုးပမ်းအားထုတ်မှုများမှာ အလွန်ပင် တန်ဖိုးရှိနေခဲ့ပြီ ဖြစ်၏။

သို့သော် လုချင်းတွင် ချက်ချင်း ထွက်ခွာသွားရန် ရည်ရွယ်ချက် မရှိသေးပေ။ အနက်ရောင် ကျောက်စိမ်းပုလင်းလေးတစ်ခုက သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

သူ၏ စောစောပိုင်းက စုံစမ်းလေ့လာမှုများအရ ဤနေရာရှိ အခြားပစ္စည်းများမှာလည်း တန်ဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ကြောင်း သိထားသဖြင့် မည်သည့်အရာကိုမျှ နောက်ချန်ထားရစ်ခဲ့ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

စိတ်အာရုံဖြင့် ညွှန်ကြားလိုက်သည်နှင့် အနက်ရောင် ကျောက်စိမ်းပုလင်းမှာ ဝိညာဉ်ရေကန်၏ အထက်တွင် လွင့်မျောသွားပြီး ၎င်း၏ နှုတ်ခမ်းဝက အောက်ဘက်ရှိ ဝိညာဉ်အရည်များဆီသို့ စောင်းငဲ့သွားတော့သည်။

နောက်တစ်ခဏတွင်တော့ အလွန်တရာ အားကောင်းလှသော စုပ်ယူမှုစွမ်းအားတစ်ခု ပေါ်ထွက်လာပြီး ဓာတ်ကြီးငါးပါး ဝိညာဉ်အရည်များမှာ ပုလင်းထဲသို့ အဆက်မပြတ် စီးဝင်သွားလေတော့သည်။

မကြာမီမှာပင် အနက်ရောင် ကျောက်စိမ်းပုလင်းက ရေကန်ထဲရှိ အရည်အားလုံးကို စုပ်ယူလိုက်ပြီး ရေကန်ကို လုံးဝ ခန်းခြောက်သွားစေခဲ့သည်။ လုချင်းက ကျေနပ်အားရစွာဖြင့် ပုလင်းကို သူ၏ လက်ထဲတွင် ချိန်ဆကြည့်လိုက်၏။

ဤကျောက်စိမ်းပုလင်းမှာ မြို့တော်မြတ်ရှိ မိစ္ဆာကျင့်ကြံသူတစ်ဦးထံမှ သူ သိမ်းဆည်းရမိခဲ့သော ပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းတွင် အတွင်းပိုင်းနေရာလွတ် ပါရှိရာ များပြားလှသော ဝိညာဉ်အရည်များကို ဘာပြဿနာမှမရှိဘဲ သိမ်းဆည်းရန် လုံလောက်သည်ထက်ပင် ပိုနေသေး၏။

ပုလင်းကို ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲသို့ သိမ်းဆည်းလိုက်ပြီးနောက်၌ လုချင်းက သူ၏ အာရုံကို ဓာတ်ကြီးငါးပါး အနှစ်သာရကျောက်တုံးများဆီသို့ လှည့်လိုက်လေသည်။

အချိန်အနည်းငယ်ကြာပြီးနောက် လုချင်းတစ်ယောက် သူ၏ လုပ်ငန်းဆောင်တာများကို ရပ်တန့်လိုက်ချိန်တွင် ဓာတ်ကြီးငါးပါး ကြာပန်းကို ပျိုးထောင်ပေးခဲ့သော ဝိညာဉ်ရေကန်မှာ မူလပုံစံကိုပင် မှတ်မိစရာမရှိတော့လောက်အောင် ပြောင်းလဲသွားခဲ့ချေပြီပင်။

ဓာတ်ကြီးငါးပါး အနှစ်သာရကျောက်တုံးများအားလုံး တူးဖော်ခံလိုက်ရရုံသာမက ပတ်ဝန်းကျင်ရှိ ဝိညာဉ်မြေဆီလွှာများပါ လုံးလုံးလျားလျား တူးဆွယူငင်ခြင်း ခံလိုက်ရလေ၏။

သူ့ရှေ့မှောက်ရှိ ပျက်စီးဆိတ်သုဉ်းနေသော မြင်ကွင်းကို ကြည့်ရင်း လုချင်းက သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ချလိုက်မိသည်။

ဓာတ်ကြီးငါးပါး ကြာပန်းကို ပျိုးထောင်ပေးနိုင်စွမ်းရှိသော ဤဝိညာဉ်ရေကန်သည် သေချာပေါက် မြင့်မြတ်လှသော နေရာတစ်ခုပင် ဖြစ်လေသည်။ အကယ်၍ သူသာ အချိန်ရခဲ့ပါက ၎င်းကို ဖျက်ဆီးပစ်ရန် ရွေးချယ်ခဲ့မည် မဟုတ်ပေ။

ကံမကောင်းစွာဖြင့် အချိန်မှာ ကပ်သီးကပ်ဖဲ့ ဖြစ်နေခဲ့သည်။

စောစောပိုင်းက လျှို့ဝှက်နယ်မြေတံခါး တည်ငြိမ်သွားချိန်တွင် ဖြစ်ပေါ်ခဲ့သော လှုပ်ခတ်မှုမှာ ကြီးမားလွန်းလှပေ၏။ ယခုအချိန်ဆိုလျှင် ကျွမ်းကျင်သူ အများအပြားမှာ တောင်တန်းတစ်သိန်းဆီသို့ ဦးတည်လာနေကြပြီ ဖြစ်နိုင်လေသည်။

သူတို့ထဲမှ အများစုအတွက် သူ သိပ်ပြီး စိုးရိမ်ပူပန်မနေသော်လည်း အခြားကမ္ဘာမှ လာရောက်သူများဟု သံသယရှိရသော ထိုလျှို့ဝှက်ဆန်းကြယ်သူ နှစ်ဦးမှာတော့ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့၏။

ဤသို့သော အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် လုချင်းအနေဖြင့် တုံ့ဆိုင်းနေရန် သို့မဟုတ် သံယောဇဉ်တွယ်နေရန် အချိန်မရှိတော့ပေ။

အရာအားလုံးကို ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲသို့ စုဆောင်းသိမ်းဆည်းပြီးကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက်၌ နောက်ချန်ရစ်ခဲ့သော ရတနာများ မရှိတော့သည်ကို အတည်ပြုလိုက်သည်။ ထို့နောက် သူက ရွှေရောင်လှေပျံကို ဆင့်ခေါ်လိုက်ပြီး လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ဆီသို့ ပျံသန်းသွားလေတော့၏။

ဤနယ်မြေထဲတွင် အခြားသော ရတနာများ ရှိကောင်းရှိနိုင်သော်လည်း လုချင်းက ဆက်လက်နေထိုင်ရန် ရည်ရွယ်ချက် မရှိတော့ချေ။ လောဘတကြီး လိုချင်တပ်မက်မှုသည် အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သော အပြစ်အနာအဆာတစ်ခု ဖြစ်လာနိုင်ပါ၏။ အကြီးမားဆုံးသော အခွင့်အရေးကို သူ ရယူပြီးဖြစ်ရာ အခြားသော အကျိုးအမြတ်အသေးအမွှားလေးများကို တခြားသူများ လုယက်တိုက်ခိုက်ကြစေရန် ချန်ထားခဲ့ဖို့ ကျေနပ်နေခဲ့ပြီပင်။

ထိုလျှို့ဝှက်ဆန်းကြယ်သော လူနှစ်ဦးနှင့် ထိပ်တိုက်တွေ့ဆုံရနိုင်သည့် အန္တရာယ်က မည်သည့်အလားအလာရှိသော ဆုလာဘ်ထက်မဆို ပို၍ကြီးမားနေခဲ့လေ၏။

ရွှေရောင်လှေပျံမှာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ကောင်းကင်ယံကို ဖြတ်သန်းပြေးလွှားသွားလေသည်။ ခရီးလမ်းတစ်ဝက်လောက်တွင် လုချင်းက တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို အာရုံခံလိုက်မိ၏။

"ဟင်... တစ်ယောက်ယောက် ဝင်လာပြီလား"

အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ လျှို့ဝှက်နယ်မြေအတွင်းရှိ တောအုပ်ထဲတွင် သတိကြီးစွာဖြင့် စူးစမ်းလေ့လာနေကြသော လူရိပ်အချို့ကို သူ မြင်လိုက်ရလေသည်။ သူတို့၏ အငွေ့အသက်များကို ကြည့်ခြင်းအားဖြင့် သူတို့အားလုံးမှာ မွေးဖွားပြီးနယ်ပယ် အလယ်အလတ်အဆင့်နှင့် ၎င်းအထက်ရှိ သိုင်းပညာရှင်များ ဖြစ်ကြသည်။

သူတို့၏ သတိထားနေသော အမူအကျင့်များအရ ဤလူများအားလုံးသည် အဖွဲ့တစ်ခုတည်းမှ မဟုတ်ကြောင်း ထင်ရှားနေလေ၏။

လုချင်းက သူ၏ တည်ရှိမှုကို ဖုံးကွယ်ရန် မကြိုးစားခဲ့သဖြင့် သူ၏ အကြည့်တို့က အောက်ဘက်သို့ ဝေ့ဝဲသွားသောအခါ အောက်ရှိလူများမှာ သူ၏ အာရုံစိုက်မှုကို ခံစားလိုက်ရပြီး အလိုလိုပင် အပေါ်သို့ မော့ကြည့်လိုက်ကြလေသည်။

ရွှေရောင်လှေပျံပေါ်တွင် ရပ်နေကာ တစ္ဆေမျက်နှာဖုံးကို တပ်ဆင်ထားပြီး သူတို့ကို အေးစက်စက် ငုံ့ကြည့်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသောအခါ၌ သူတို့၏ ရင်ထဲတွင် ပြင်းထန်လှသော ကြောက်ရွံ့ထိတ်လန့်မှု လှိုင်းတံပိုးကြီးတစ်ခုက လွှမ်းမိုးသွားခဲ့တော့၏။

လေထဲတွင် ပျံသန်းနိုင်စွမ်းရှိသူ မည်သူမဆို သူတို့ထက် များစွာသာလွန်သော ခွန်အားကို ပိုင်ဆိုင်ထားရမည်ပင်။ ဤတစ္ဆေမျက်နှာဖုံးရှင်သည် မွေးဖွားပြီးနယ်ပယ်ထက် ကျော်လွန်သော ကြောက်မက်ဖွယ်ကောင်းသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်မည်မှာသသေချာနေလေ၏။

ထိုသိုင်းပညာရှင်များမှာ နေရာတွင်ပင် ရေခဲရုပ်များအလား အေးခဲသွားကြပြီး ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်၏ ဒေါသကို ဆွပေးမိကာ ကိုယ့်သေတွင်း ကိုယ်တူးမိမည်ကို ကြောက်ရွံ့သဖြင့် လက်တစ်ဆစ်မျှပင် မလှုပ်ရှားရဲကြတော့ချေ။

သူတို့အတွက် ကံကောင်းသည်မှာ တစ္ဆေမျက်နှာဖုံးရှင်က သွေးဆာနေသည့်ပုံ မပေါ်ခြင်းပင် ဖြစ်၏။ အေးစက်စက် တစ်ချက်ကြည့်ပြီးနောက် သူသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝင်ပေါက်ဆီသို့ ဆက်လက်ထွက်ခွာသွားလေတော့သည်။

တစ္ဆေမျက်နှာဖုံးရှင် တကယ်ပဲ ထွက်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှသာ ထိုအဖွဲ့မှာ စုပေါင်း၍ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်နိုင်ကြ၏။ တင်းကျပ်နေခဲ့သော သူတို့၏ အာရုံကြောများမှာ ပြေလျော့သွားပြီး နဖူးမှ ချွေးစေးများ တပေါက်ပေါက်ဖြင့် ကျလာခဲ့၏။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တည်ရှိမှုကြီးလဲ။ အစ်ကိုချိုး... အဲဒါ ဘယ်သူလဲဆိုတာ ခင်ဗျား သိလား"

ကျွမ်းကျင်သူများထဲမှ တစ်ဦးက နဖူးမှ ချွေးများကို သုတ်ရင်း မေးလိုက်လေသည်။

"ညီလေးဝမ်...မင်းကတော့ ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီဗျာ။ ဒီလောက်တောင် စွမ်းအားကြီးတဲ့သူရဲ့ နာမည်ကို ကျွန်တော်ကဘယ်လိုလုပ် သိနိုင်မှာလဲ"

တောင့်တင်းခိုင်မာသော အမျိုးသားကြီးက ခါးသက်သက် အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်လေသည်။

"အဲဒါ ဘယ်သူလဲဆိုတာကို ကျွန်မ သိလောက်တယ်"

လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်၏။

"ဗျာ... သခင်မကျောက်၊ အဲ့ဒီလူရဲ့ နာမည်ကို သိလို့လား"

အခြားသူများမှာ ချက်ချင်းပင် သူမဆီသို့ လှည့်ကြည့်လိုက်ကြ၏။

"ကျွန်မ ထင်တာမမှားဘူးဆိုရင် သူက မကြာသေးခင်က အနောက်ဘက်ပြည်နယ်မှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ပြီးတော့ လျှို့ဝှက်နယ်မြေကြီးလေးခုထဲက တစ်ခုဖြစ်တဲ့ ရွှမ်ခုန်းဘုရားကျောင်းကို သူတို့ရဲ့ လျှို့ဝှက်နယ်မြေထဲမှာပဲ ပုန်းအောင်းနေဖို့ အတင်းအကျပ် ဖိအားပေးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်သူပဲ ဖြစ်ရမယ်"

"အဲ့ဒါ သူပဲလား..."

အခြားသူများအားလုံးမှာ တစ်ပြိုင်နက်တည်း အံ့အားသင့်မှင်သက်သွားကြလေတော့၏။

....

အခန်း ၄၀၀ - အောင်ပွဲခံ၍ ပြန်လာခြင်းနှင့် တံခါးပိတ်ကျင့်ကြံရန် ပြင်ဆင်ခြင်း

လုချင်းသည် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လာကြသော သိုင်းပညာရှင်များကို ဂရုမစိုက်ဘဲ ရှေ့သို့သာ ဆက်လက်ထွက်ခွာလာခဲ့လိုက်၏။ ခရီးလမ်းတွင် နောက်ထပ် ရောက်ရှိလာသူများကို ထပ်မံတွေ့ကြုံခဲ့ရသော်လည်း သူတို့ကိုလည်း လျစ်လျူရှုထားခဲ့လိုက်သည်။

မကြာမီမှာပင် သူသည် လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ဆီသို့ ရောက်ရှိလာပြီး အပြင်ဘက်သို့ ထွက်လာခဲ့လိုက်၏။

သို့သော်လည်း သူ တောင်ကြားထဲသို့ ပြန်ပြီးရောက်ရှိလာသည့် အခိုက်အတန့်တွင်တော့ ဓားအလင်းတန်းများ၊ ဓားရှည်စွမ်းအင်များနှင့် မရေတွက်နိုင်သော လျှို့ဝှက်လက်နက်များက သူ့ကို အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲပစ်ရန် ရည်ရွယ်ချက်ဖြင့် အလုအယက် တိုက်ခိုက်လာကြတော့၏။

"သေချင်နေကြတာပဲ"

လုချင်းသည် လျှို့ဝှက်နယ်မြေအပြင်ဘက်တွင် ခြုံခိုတိုက်ခိုက်ခံရမည်ဟု ကြိုတင်မမျှော်လင့်ထားခဲ့ချေ။ သူ၏ မျက်ဝန်းများမှာ အေးစက်သွားပြီး လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ပြေးဝင်လာသော တိုက်ခိုက်မှုများအားလုံးမှာ လေထဲတွင်သာ ဖုန်မှုန့်များအလား လွင့်စင်ပျောက်ကွယ်သွားလေတော့၏။

ထို့နောက်၌ သူ့အကြည့်တို့က ပတ်ဝန်းကျင်ကို ဝေ့ဝဲသွား၏။

"မကောင်းတော့ဘူး။ ဒီလူရဲ့ ကျင့်ကြံမှုက ငါတို့ထက် အများကြီး သာလွန်နေတယ်။ မြန်မြန် ပြေးကြ"

တောင်ကြားတစ်ဝိုက်တွင် ပုန်းအောင်းနေခဲ့ကြသော မွေးဖွားပြီးနယ်ပယ် ကျင့်ကြံသူအချို့မှာ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် တုန်လှုပ်သွားကြလေသည်။ လျှို့ဝှက်နယ်မြေအတွင်းရှိ အခြားသူများ အားနည်းသွားချိန်ကို အခွင့်ကောင်းယူ၍ အကျိုးအမြတ်ရယူရန် ရည်ရွယ်ချက်ဖြင့် ခြုံခိုစောင့်ဆိုင်းနေခဲ့ကြခြင်းပင်။ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီးကို သွားရောက်ဆွပေးမိလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် ဤတစ္ဆေမျက်နှာဖုံးရှင်သည် သူတို့ သေချာပြင်ဆင်ထားသော တိုက်ခိုက်မှုများကို လွယ်ကူစွာ ချေဖျက်ပစ်နိုင်ခဲ့သည်။ သူသည် မွေးဖွားပြီးနယ်ပယ်ထက် ကျော်လွန်သော စွမ်းအားကြီးမားသည့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ထင်ရှားနေပြီး သူတို့ လုံးဝ ရန်စခွင့်မရှိသော တည်ရှိမှုတစ်ခု ဖြစ်ပေ၏။

"မင်းတို့တွေ ထွက်ပြေးလို့ကော လွတ်မယ် ထင်နေလား"

အသက်လု၍ ထွက်ပြေးရန် အသည်းအသန် ကြိုးစားနေကြသော လူရိပ်များကို ကြည့်ရင်း လုချင်း၏ မျက်ဝန်းများမှာ ပို၍ပင်အေးစက်လာခဲ့လေ၏။ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ဓားရှည်စွမ်းအင် လှိုင်းများ လေထဲတွင် ထွက်ပေါ်လာပြီး ထွက်ပြေးနေသူများဆီသို့ လျင်မြန်စွာ ပြေးထွက်သွားလေတော့သည်။

"အား..."

"မလုပ်ပါနဲ့..."

"ချမ်းသာပေးပါ..."

သို့သော် လုချင်း၏ ဓားရှည်စွမ်းအင်မှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။ သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် သူ၏ ဝိညာဉ်အသိ ချိတ်ဆက်မှုအောက်တွင် သာမန်တိုက်ခိုက်မှုတစ်ခုပင်လျှင် ရှောင်လွှဲရန် မဖြစ်နိုင်ချေ။ ထိုအခိုက်အတန့်လေးအတွင်းမှာပင် ဓားရှည်စွမ်းအင်များက သူတို့ဆီသို့ ရောက်ရှိသွားပြီး သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်တောက်သွားကာ အသက်ချမ်းသာပေးရန် တောင်းပန်စကား မဆုံးမီမှာပင် သူတို့၏ အသက်သွေးကြောများကို ရပ်တန့်သွားစေခဲ့လေတော့၏။

တိုက်ခိုက်လာသူများကို ပေါ့ပေါ့ပါးပါး ဖယ်ရှားပစ်ပြီးနောက်၌ လုချင်း၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိခဲ့ပေ။ သူသည် အနီးအနားရှိ ဂူငယ်လေးဆီသို့ လျှောက်သွားလိုက်လေသည်။ ဂူအပြင်ဘက်ရှိ အစီအရင်မှာ နဂိုအတိုင်း ရှိနေဆဲဖြစ်ရာ စောစောပိုင်းက လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့ကြသော မွေးဖွားပြီးနယ်ပယ် ကျင့်ကြံသူများက ဤနေရာကို သတိမထားမိခဲ့ကြောင်း သက်သေပြနေလေ၏။

ဤသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ ဤနေရာသို့ ရောက်လာသူ မည်သူမဆို လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကို မြင်လိုက်ရသည်နှင့် အာရုံစိုက်မှုများ အားလုံး ထိုနေရာသို့သာ ရောက်သွားမည်သာ။ အနီးအနားရှိ သာမန်ဂူငယ်လေးတစ်ခုကို မည်သူက ဂရုစိုက်နေမည်နည်း။

ထို့အပြင် ဂူဝင်ပေါက်တွင် လုချင်း ချထားခဲ့သော ဝင်္ကပါအစီအရင်မှာ သာမန်ကျင့်ကြံသူများ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည့်အရာမျိုး မဟုတ်ချေ။

ဝင်္ကပါအစီအရင်ကို ဖယ်ရှားလိုက်ပြီး အတွင်းရှိ အကျဉ်းသားများ၏ ဝိညာဉ်ပိတ်လှောင်မှုများကို ရုတ်သိမ်းပေးလိုက်ပြီးနောက်၌ လုချင်းသည် အချိန်မဆိုင်းဘဲ ထိုနေရာမှ ထွက်လာခဲ့လိုက်တော့၏။

မကြာမီမှာပင် သတိပြန်လည်လာကြသော မွေးဖွားပြီးနယ်ပယ် အကျဉ်းသားများက သူတို့ ဘာဖြစ်သွားခဲ့သည်ကို သဘောပေါက်သွားကြပြီးနောက်၌ ဂူထဲမှ အံ့အားသင့်ထိတ်လန့်သံများ ထွက်ပေါ်လာလေတော့သည်။

...

တောင်ကြားမှ ထွက်ခွာလာပြီးနောက် လုချင်းသည် ကျိုးလီရွာသို့ ချက်ချင်း ပြန်မသွားခဲ့ပေ။ ထိုအစား ရွှေရောင်လှေပျံကို လမ်းကြောင်းပြောင်းကာ တောင်တန်းတစ်သိန်း၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်ပြီး ဆန့်ကျင်ဘက်အရပ်သို့ ခရီးဆက်ခဲ့လေသည်။

တောင်တန်းများထဲမှ အပြည့်အဝ ထွက်ခွာလာပြီးမှသာ သူသည် အောက်သို့ဆင်းသက်ကာ လှေပျံကို သိမ်းဆည်းလိုက်ပြီး သူ၏ မျက်ခုံးကြားရှိ လေဓာတ်အဆောင်ကို အသက်သွင်းလိုက်တော့၏။ သူ၏ အငွေ့အသက်များကို အပြည့်အဝ ဖုံးကွယ်လိုက်ပြီးနောက်၌ လေပြေလေညင်းလေးတစ်ရပ်အဖြစ် ပြောင်းလဲသွားကာ ချန်းခရိုင်ဆီသို့ ကွေ့ကောက်သော လမ်းကြောင်းဖြင့် ပြန်ပြီး ခရီးနှင်လာခဲ့တော့သည်။

နေ့တစ်ဝက်ခန့် အကြာတွင် လုချင်းသည် မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိစေဘဲ ကျိုးလီရွာသို့ တိတ်တဆိတ် ပြန်ပြီးရောက်ရှိလာခဲ့တော့၏။

"အားချင်း"

"သခင်လေးလု"

"ကိုကို"

လုချင်းသည် တောင်ခါးပန်းရှိ ရင်းနှီးကျွမ်းဝင်နေသော ခြံဝင်းလေးအတွင်းသို့ ခြေချလိုက်သည်နှင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုများနှင့် စိတ်သက်သာရာရမှုများဖြင့် ကြိုဆိုခြင်း ခံလိုက်ရလေသည်။

သမားတော်ကြီးချန်၊ လင်းကျိယွဲ့နှင့် အခြားသူများမှာ သူ့ကို မြင်လိုက်ရချိန်တွင် သူတို့၏ မျက်နှာများမှာ လင်းလက်သွားပြီး နေရာမှ ထရပ်လိုက်ကြ၏။

"အားလုံးကို စိတ်ပူအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်" လုချင်းက သူတို့၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှု အရိပ်အယောင်များကို သတိပြုမိကာ ပြောလိုက်သည်။

"မင်း ဘေးကင်းဖို့က အဓိကပါပဲ" သမားတော်ကြီးချန်က နွေးထွေးသော အပြုံးဖြင့် ပြန်ဖြေလိုက်၏။

"သခင်လေးလု... တောင်ထဲက အခြေအနေ ဘယ်လိုရှိလဲဗျ" လင်းကျိယွဲ့က စိတ်အားထက်သန်စွာ မေးလိုက်လေသည်။

"လျှို့ဝှက်နယ်မြေ ဝင်ပေါက်က တည်ငြိမ်သွားပြီဆိုတော့ ဝင်လို့ရနေပြီ။ စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူ အများကြလည်း အထဲကို ဝင်သွားကြပြီးတော့ ရတနာတွေ၊ အခွင့်အရေးတွေအတွက် ယှဉ်ပြိုင်နေကြပြီလေ" လုချင်းက အကျဉ်းချုံး၍ ရှင်းပြလိုက်လေသည်။

မွေးဖွားပြီးနယ်ပယ် ကျင့်ကြံသူ အများအပြားကို သူ ဖမ်းဆီးခဲ့သည့်အကြောင်းနှင့် ဓာတ်ကြီးငါးပါး ကြာပန်းကဲ့သို့သော ရတနာများကို ရှာဖွေတွေ့ရှိခဲ့သည့် အကြောင်းများကိုတော့ သူ တမင်တကာကို ချန်လှပ်ထားခဲ့၏။

သို့တိုင် လင်းကျိယွဲ့နှင့် အခြားသူများမှာ အံ့အားသင့်သွားကြလေသည်။

အချိန်တိုလေးအတွင်းမှာပင် တောင်တန်းကြီးသည် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များစွာ စုဝေးရာနေရာတစ်ခု ဖြစ်လာခဲ့ပြီပင်။ လျှို့ဝှက်နယ်မြေ တည်ငြိမ်သွားမှုကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုများမှာ သူတို့ တွေးထင်ထားခဲ့သည်ထက် များစွာ ပိုမိုဝေးကွာသည့်နေရာများအထိ ပြန့်နှံ့သွားခဲ့မည်မှာ သေချာနေပါ၏။

အထူးသဖြင့် ဝေ့ရှန်ဟိုင်မှာတော့ သူ အဆင်အခြင်မဲ့စွာဖြင့် အထဲသို့ အတင်းမဝင်ရောက်ခဲ့မိခြင်းအတွက် ကြီးမားသော စိတ်သက်သာရာရမှုကို ခံစားလိုက်ရလေသည်။ အကယ်၍ သူသာ တစ်ကိုယ်တည်း ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဝင်သွားခဲ့မိပါက သေချာပေါက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည် မဟုတ်ပေ။

"ဆရာ... ကျွန်တော် အချိန်အတိုင်းအတာတစ်ခုလောက်အထိ တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်ထားတယ်ဗျ" အဖြစ်အပျက်များကို ပြောပြပြီးနောက်၌ လုချင်းက ပြောလိုက်သည်။

"ကောင်းပြီလေ... မင်းရဲ့ ကျင့်ကြံမှုအပေါ်မှာပဲ အာရုံစိုက်ထားပါ" သမားတော်ကြီးချန်က နားလည်စွာဖြင့် ပြန်ဖြေလိုက်၏။

"ရှောင်ယန်... လိမ္မာတယ်နော်။ ကိုကို အိမ်မှာ အချိန်တိုအတွင်း တံခါးပိတ်ကျင့်ကြံဖို့ ရှိတယ်။ အဲဒီအတောအတွင်း သခင်မဝေ့ဆီမှာ ရှောင်လီနဲ့တူတူ သွားနေပေးနော်။ ကြားလား" လုချင်းက သူ့ညီမလေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ကိုကို" မိန်းကလေးငယ်လေးက လိမ္မာရေးခြားရှိစွာဖြင့် ပြန်ဖြေလာသည်။

သူမသည် ယခင်ကလို ခွဲခွာရတိုင်း ငိုယိုတတ်သည့် ကလေးငယ်တစ်ဦး မဟုတ်တော့ပေ။ အစ်ကိုဖြစ်သူတွင် အရေးကြီးသော တာဝန်ဝတ္တရားများ ရှိနေသည်ကို သူမ ကောင်းစွာ နားလည်နေပြီ ဖြစ်၏။

"နောက်ပြီး တောင်တန်းတစ်သိန်းမှာ အခုဆိုရင် စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည့်နေပြီ။ လောလောဆယ်တော့ အပြင်ထွက်တာမျိုး ရှောင်ကြဉ်ပေးကြပါ။ ကျွန်တော် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အထိ စောင့်နေပေးပါဗျ" လုချင်းက အားလုံးကို သတိပေးစကား ထပ်မံပြောကြားခဲ့လေသည်။

လုချင်း ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်းကျိယွဲ့နှင့် အခြားသူများမှာ စိတ်လှုပ်ရှားမှုများ ရောထွေးနေခဲ့ကြ၏။ လုချင်းအနေဖြင့် လျှို့ဝှက်နယ်မြေထဲမှ အခွင့်အရေးတစ်ခုခုကို ရရှိခဲ့မည်ဖြစ်ကြောင်း သူတို့ ခန့်မှန်းမိကြ၏။ သို့သော်လည်း သူတို့သည် ပညာရှိပီပီ ထိုအကြောင်းကို စပ်စုမေးမြန်းခြင်း မပြုခဲ့ကြချေ။

သူတို့ကို ပို၍ စိုးရိမ်ပူပန်စေသည်မှာ လျှို့ဝှက်နယ်မြေအတွင်းရှိ အခြေအနေများပင် ဖြစ်၏။ အကယ်၍ စွမ်းအားကြီးမားသော ကျင့်ကြံသူများ ထပ်မံရောက်ရှိလာပြီး ပဋိပက္ခများ ကြီးထွားလာပါက ကျိုးလီရွာအနေဖြင့် ကြားညပ်သွားနိုင်သည့် အန္တရာယ်ရှိနေလေသည်။

...

အိမ်သို့ ပြန်ရောက်သည်နှင့် လုချင်းက သူ၏ နေအိမ်ပတ်လည်ရှိ ဝင်္ကပါအစီအရင်များကို အသက်သွင်းလိုက်ပြီး မည်သူမျှ ဝင်ရောက်မလာနိုင်စေရန် သူ၏ ခြံဝင်းကို ပိတ်ဆို့လိုက်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ယွီဟွာဂူသို့ သွားစရာမလိုဘဲ အချိန်တိုအတွင်း တံခါးပိတ်ကျင့်ကြံနိုင်ရန်အတွက် သူ၏ အိမ်တွင်လည်း ဝင်္ကပါအစီအရင်များကို တပ်ဆင်ထားခဲ့ပြီး ဖြစ်၏။

ရွာသားများမှာလည်း ယခုအခါ သူ၏အလေ့အထများနှင့် ရင်းနှီးနေပြီဖြစ်ရာ သူ့အိမ်ကို မြူခိုးများ ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသည်နှင့် နောက်ထပ် တံခါးပိတ်ကျင့်ကြံခြင်း စတင်ပြီဖြစ်ကြောင်း နားလည်သွားကြလေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို လာရောက်နှောင့်ယှက်ခြင်း မပြုကြတော့ချေ။

သို့သော် ဤတစ်ကြိမ်တွင်တော့ လုချင်းက တံခါးပိတ်ကျင့်ကြံရန်အတွက် ရွာပြင်သို့ ထွက်ခွာမသွားခဲ့ပေ။ သူ့ကို ရှာဖွေနေနိုင်ခြေရှိသည့် လျှို့ဝှက်ဆန်းကြယ်သူ နှစ်ဦးရှိနေသောကြောင့် ရွာ၏ ကာကွယ်ရေးအစီအရင်များအတွင်း၌သာ ဘေးကင်းလုံခြုံစွာ နေထိုင်ရန် သူ ဆုံးဖြတ်ချက်ချထားခဲ့ပါ၏။

ခြံဝင်းအတွင်း၌ တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် လုချင်းက အနက်ရောင် ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်။

မီးတောက်မီးလျှံများဖြင့် ဖွဲ့စည်းထားသော ယန်၏ ပုံရိပ်က သူ၏ဘေးတွင် ပေါ်လာပြီး ထိုပုလင်းကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်လိုက်လေသည်။

"ဒီပုလင်းက... ဓာတ်ကြီးငါးပါး ရေကန်ထဲက ဝိညာဉ်အရည်တွေ ထည့်ထားတာ မဟုတ်လား" ယန်က မေးလိုက်သည်။

လုချင်းက ခေါင်းညိတ်ပြလိုက်၏။ "ဒီဝိညာဉ်အရည်က ဓာတ်ကြီးငါးပါးရဲ့ အနှစ်သာရတွေ ပါဝင်နေပြီး ကျွန်တော့်အတွက်တော့ အကောင်းဆုံးသော ဆေးစွမ်းကောင်းပဲ။ ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့အတွက် အသင့်တော်ဆုံးပဲလေ။ ယန်ချန်ပေ့... ကျွန်တော့်အတွက် ခင်ဗျား စောင့်ကြပ်ပေးဖို့ လိုလိမ့်မယ်နော်။ ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံတာက တော်တော်အရေးကြီးတယ်ဗျ"

ဓာတ်ကြီးငါးပါး ရတနာကြာပန်းမှာ လက်ရှိ သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် သန့်စင်ရန်အတွက် အလွန်တရာ ပြင်းထန်လွန်းလှသော်လည်း၊ ဝိညာဉ်အရည်မှာတော့ ချက်ချင်းစုပ်ယူရန်အတွက် များစွာ ပို၍သင့်တော်လှပေ၏။

ပြောပြီးသည်နှင့် လုချင်းက ကျောက်စိမ်းပုလင်း၏ အဖုံးကို ဖွင့်လိုက်လေသည်။ ထိုအခါ၌ ဓာတ်ကြီးငါးပါး၏ အနှစ်သာရများ ရောယှက်နေသော ပြည့်ဝလှသည့် သက်စောင့်စွမ်းအင် အငွေ့အသက်များက လေထုထဲတွင် ချက်ချင်းပင် ပြည့်နှက်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဓာတ်ကြီးငါးပါး ဘူးသီးခြောက်လေးမှာ ထိုအရည်နှင့် တုံ့ပြန်မှုဖြစ်ပေါ်ကာ ဂနာမငြိမ်စွာနှင့် လှုပ်ရှားလာခဲ့၏။

ထိုအချိန်တွင်ပဲ လုချင်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ပင်လျှင် ထိန်းချုပ်၍မရနိုင်လောက်အောင် ပြင်းပြလှသော တပ်မက်မှုများကို ခံစားလိုက်ရလေသည်။ ဤတစ်ကြိမ်တွင်တော့ သူသည် ထိုဆန္ဒများကို ဖိနှိပ်မထားတော့ချေ။

ဝိညာဉ်အသိဖြင့် ဝိညာဉ်အရည်များကို လမ်းညွှန်လိုက်ရင်း သူ၏ ခန္ဓာကိုယ်ထဲမှ ဓာတ်ကြီးငါးပါး ဘူးသီးခြောက်လေးကို အပြင်သို့ ထုတ်လွှတ်လိုက်လေသည်။ ဘူးသီးခြောက်လေးမှာ လေထဲတွင် လွင့်မျောနေပြီး ၎င်း၏ အဝကို ဖွင့်ထားကာ တစ်ဟုန်ထိုး စီးဆင်းလာသော ဝိညာဉ်အရည်များကို စုပ်ယူမျိုချလိုက်လေတော့၏။

All Chapters