← Chapters

အခန်း (၄၁၃-၄၁၄)

Vol. 42 Ch. 413-414

အခန်း (၄၁၃-၄၁၄)

Vol. 42 Ch. 413-414

အခန်း ၄၁၃ - လျှို့ဝှက်ဆန်းကြယ်စွမ်းအားများ ပေါ်ထွက်လာခြင်း၊ ရွှေအမြုတေကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခြင်း။

ဘုန်း

အဝါရောင် မြေဓာတ်အတိဒုက္ခမိုးကြိုးတစ်ခု ကျဆင်းလာပြီး လုချင်းအား တိုက်ရိုက် ရိုက်ခတ်သွားတော့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားလှသော ဖိအားကြီးတစ်ခုက သူ့ကို အသားစအဖြစ် ကြိတ်ချေပစ်မည့်အလား ဖိနှိပ်ကျဆင်းလာခဲ့သည်။ တောင်ထွတ်တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းသော အလေးချိန်အောက်တွင် အနည်းငယ် နိမ့်ဆင်းသွားခဲ့ရ၏။ ကျောက်တုံးများပင် ကွဲအက်သွားပြီး ဖုန်မှုန့်များအဖြစ်သို့ ကြေမွသွားကြရလေသည်။

"ဖူး..."

လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားကြီးက လုချင်းကို အငိုက်မိသွားစေသဖြင့် သွေးများပင် ပန်းထွက်လာစေခဲ့၏။ သူ၏ အရိုးများနှင့် ကြွက်သားများမှာ ဖိအားဒဏ်ကြောင့် တအိအိ မြည်လာပြီး တစ်လက်မချင်းစီ ကွဲအက်လာခဲ့သည်။ သူ အန်ထုတ်လိုက်သော သွေးများထဲတွင် ကိုယ်တွင်းကလီစာ အပိုင်းအစများပင် ပါဝင်နေလေသည်။

"ဒီပဉ္စမမြောက် မြေဓာတ် အတိဒုက္ခမိုးကြိုးက... မြေဆွဲအားလား"

သူ၏ အရိုးများနှင့် ကြွက်သားများ၏ နေရာအနှံ့အပြားကို ကြိတ်ချေနေသော နေရာတိုင်းတွင် ရှိနေသည့် တောင်တန်းကြီးတစ်ခုကဲ့သို့သော အလေးချိန်ကို ခံစားလိုက်ရချိန်တွင် လုချင်း သဘောပေါက်လိုက်လေသည်။ အမှန်တကယ်တော့ ဤသည်မှာ လုချင်းခေါ်ယူလိုက်သော ပဉ္စမမြောက် အတိဒုက္ခမိုးကြိုးပင်။

ယခင်က သူသည် ရေဓာတ် အတိဒုက္ခမိုးကြိုးနှင့် မီးဓာတ် အတိဒုက္ခမိုးကြိုးတို့ကို ခံနိုင်ရည်ရှိခဲ့ပြီး ဖြစ်သည်။ ရိုက်ခတ်မှုတိုင်းမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး အထူးသဖြင့် ရေဓာတ် အတိဒုက္ခမိုးကြိုးမှာ ရေဓာတ်ကို အဆိပ်အဖြစ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ၎င်းက လုချင်းကို လုံးဝ အရည်ပျော်သွားစေမတတ် ဖြစ်စေခဲ့ပြီး မမျှော်လင့်ထားသော အလှည့်အပြောင်းတစ်ခုတွင် သူ သေဆုံးလုနီးပါးပင် ဖြစ်ခဲ့ရ၏။

ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် လုချင်း၏ ခံနိုင်ရည်က အနိုင်ရရှိခဲ့သည်။ သူသည် သေစေနိုင်သော စမ်းသပ်မှုကို ရှင်သန်ကျော်ဖြတ်နိုင်ခဲ့ရုံသာမကဘဲ အတိဒုက္ခမိုးကြိုးအတွင်း ပုန်းကွယ်နေသော ဓာတ်စွမ်းအားကို သူ၏ခန္ဓာကိုယ်အတွင်းသို့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့လေ၏။ ရလဒ်အနေဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး သူ၏ ဝိညာဉ်စွမ်းအားများမှာလည်း ယခုအခါ၌ အသွင်ပြောင်းလဲလုနီးပါး ဖြစ်နေသော လှိုင်းလုံးများအဖြစ် တစ်ဟုန်ထိုး စီးဆင်းနေလေပြီပင်။

"မြေဓာတ်စွမ်းအားကိုပါ ပေါင်းစပ်နိုင်မယ်ဆိုရင်တော့ လုံလောက်လောက်ပါပြီ" မဆုတ်မနစ်သော အလေးချိန်က သူ၏ ခန္ဓာကိုယ်ကို ပြိုလဲလုနီးပါးအခြေအနေသို့ တွန်းပို့နေချိန်တွင်ပင် လုချင်းက စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည်။

ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းစဉ်ဆိုသည်မှာ ဖျက်ဆီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်းတို့ထဲမှ တစ်ခုဖြစ်သည်။ အဆက်မပြတ် သန့်စင်မှုကို ခံယူခြင်းဖြင့်သာ မိမိ၏ ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ပြီး အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်မည်ပင်။ ယခင် အတိဒုက္ခမိုးကြိုး လေးခု၏ သန့်စင်မှုများကို ခံနိုင်ရည်ရှိခဲ့ပြီးဖြစ်သော လုချင်း၏ ခန္ဓာကိုယ်မှာ အလွန်တရာ မာကျောခိုင်မာနေပြီ ဖြစ်၏။

သို့သော် စစ်မှန်သော အသွင်ပြောင်းလဲမှုကို ခံယူရန် ထိုနောက်ဆုံးသန့်စင်မှုကိုတော့ လိုအပ်နေဆဲပင် ဖြစ်သည်။ ဤမြေဓာတ် အတိဒုက္ခမိုးကြိုးမှာ အချိန်ကိုက် ရောက်ရှိလာတာပင်ဖြစ်၏။

ချက်ချင်းပင် လုချင်းသည် သူ၏ ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး အတိဒုက္ခမိုးကြိုးနှင့် ယင်းအတွင်းပါဝင်သော မြေဓာတ်စွမ်းအားများကို စတင်ဝါးမျိုလိုက်တော့၏။ ယခင် မိုးကြိုးလေးခုမှ ရရှိခဲ့သော အတွေ့အကြုံများကြောင့် ဤတစ်ကြိမ်တွင် လုချင်း၏ စွမ်းအားစုပ်ယူမှုမှာ ပို၍ပင်ချောမွေ့နေခဲ့သည်။ မကြာမီမှာပင် သူသည် အတိဒုက္ခမိုးကြိုးအတွင်းရှိ စွမ်းအားအားလုံးကို အပြည့်အဝ စုပ်ယူလိုက်နိုင်သဖြင့် မိုးကြိုးမှာ လွင့်စင်ပျောက်ကွယ်သွားလေတော့၏။

ထိုသို့ဖြင့် မြေဓာတ် အတိဒုက္ခမိုးကြိုးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့လေပြီပင်။

"ဘာလို့ မပြည့်စုံသေးဘူးလို့ ခံစားနေရတုန်းပဲလဲ"

အတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း လုချင်း ဝမ်းမသာနိုင်ခဲ့ချေ။ ဤအချိန်တွင် သစ်၊ မီး၊ မြေ၊ သတ္တု၊ ရေ ဟူသော ဓာတ်ကြီးငါးပါး၏ စွမ်းအားများသည် သူ၏ ဝိညာဉ်စွမ်းအားထဲတွင် ယှက်နွှယ်နေပြီး သူကျင့်ကြံထားသော ဓာတ်ကြီးငါးပါးစွမ်းရည်များနှင့် သဟဇာတဖြစ်စွာ ပေါင်းစပ်သွားပြီ ဖြစ်သည်။

ဤပေါင်းစပ်မှုက သူ၏ ဝိညာဉ်စွမ်းအားကို မယုံနိုင်လောက်အောင် သန့်စင်သွားစေပြီး ပြိုင်ဘက်ကင်းသော ခွန်အားအဆင့်တစ်ခုသို့ ရောက်ရှိသွားစေခဲ့ပါ၏။ သူ၏ ဒျန်ထျန်နှင့် ချီပင်လယ်အတွင်းတွင် စွမ်းအားများက တစ်ဝက်တစ်ပျက် အစစ်အမှန်ဖြစ်သော၊ ပြီးပြည့်စုံသည့် စက်လုံးပုံစံ 'အမြုတေ' တစ်ခုအဖြစ် စုစည်းသွားခဲ့သည်။

သို့သော် စက်လုံးပုံစံ အမြုတေသည် မည်မျှပင် တွန့်လိမ်လှုပ်ရှားနေပါစေ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို မခံယူနိုင်ဘဲ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားအဖြစ်သို့ မပြောင်းလဲနိုင်သေးချေ။ ဤအသွင်ပြောင်းလဲမှုမရှိဘဲ စစ်မှန်သော လျှို့ဝှက်ဆန်းကြယ် ရွှေအမြုတေကို ဖွဲ့စည်းနိုင်မည်မဟုတ်သလို ရွှေအမြုတေအဆင့်သို့ လှမ်းတက်နိုင်မည်လည်း မဟုတ်ပေ။

"ငါ ဓာတ်ကြီးငါးပါး အတိဒုက္ခမိုးကြိုးတွေကိုလည်း ခံနိုင်ရည်ရှိခဲ့ပြီးပြီပဲဟာ၊ ဘာလိုနေသေးတာလဲ"

လုချင်းသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ အတိဒုက္ခတိမ်တိုက်ဝဲကတော့ကြီးက လွင့်စင်သွားမည့် အရိပ်အယောင် မပြသည်ကို တွေ့လိုက်ရသည်။ ထိုမျှမက ၎င်းသည် မိုးကြိုးစွမ်းအင်များကို ဆက်လက်စုစည်းနေဆဲပင်။ သို့သော် ဤတစ်ကြိမ်တွင်တော့ စုဆောင်းထားသော စွမ်းအင်များသည် မျက်စိကျိန်းမတတ် အရောင်ငါးသွယ်ဖြင့် တောက်ပနေပြီး ဓာတ်ကြီးငါးပါးလုံး ပါဝင်နေကြောင်းကို ဖော်ပြနေပေ၏။

"အဲ့လိုကိုး။ ဆဋ္ဌမမြောက် မိုးကြိုးက ဓာတ်ကြီးငါးပါးလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားတာပဲ"

သူ၏ ဝိညာဉ်ရေးရာ အာရုံခံစားမှုမှတစ်ဆင့် လုချင်းသည် အခြေအနေကို ရုတ်တရက် ထိုးထွင်းသိမြင်သွားခဲ့သည်။ ဤဆဋ္ဌမမြောက် မိုးကြိုးသည် သူ၏ ရွှေအမြုတေဖွဲ့စည်းခြင်း၏ နောက်ဆုံးအတိဒုက္ခဖြစ်ကြောင်းကိုလည်း သူ သဘောပေါက်သွားခဲ့လေ၏။ အကယ်၍ သူ ဤအရာကိုသာ ကျော်ဖြတ်နိုင်ပါက ရွှေအမြုတေအတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီး သူ၏ အမြုတေကိုလည်း ဖွဲ့စည်းနိုင်မည် ဖြစ်သည်။

"ကောင်းပြီလေ၊ လာစမ်းပါ"

လုချင်း၏ မျက်လုံးများသည် ယခုအခါ၌ ၎င်း၏ အမြင့်ဆုံးစွမ်းအင်များဖြင့် ပြည့်လျှံနေသော မိုးကြိုးတိမ်တိုက်ဆီသို့ စူးစိုက်ကြည့်နေလေသည်။ သူ၏ တစ်ကိုယ်လုံးရှိ အခြေအနေများမှာလည်း အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

သူ၏ဆန္ဒကို တုံ့ပြန်သည့်အလား လှည့်ပတ်နေသော အတိဒုက္ခတိမ်တိုက်ကြီးမှ နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် တောက်ပလွန်းသော မိုးကြိုးကြီးက ကောင်းကင်ယံမှ ပစ်ချလာလေတော့သည်။

ဘုန်း

အရောင်ငါးသွယ် အလင်းတန်းများ ရစ်ပတ်ထားသော ဤဆဋ္ဌမမြောက် အတိဒုက္ခမိုးကြိုးသည် ယခင်မိုးကြိုးများထက် သိသိသာသာ ပို၍ထူထဲပြီး အားကောင်းလှပေသည်။ ၎င်းသည် ကောင်းကင်တိုင်ကြီးတစ်ခုအလား ဆင်းသက်လာပြီး ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားဖြင့် လုချင်းအပေါ်သို့ ကျဆင်းလာခဲ့၏။

ထို့နောက်တွင်တော့ မြေကြီးတင်မက တောင်ထွတ်တစ်ခုလုံးမှာလည်း ပြင်းထန်စွာ လှုပ်ခါသွားလေသည်။ တောင်ထွတ်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုကွဲသွားပြီး မရေမတွက်နိုင်သော ကျောက်တုံးအပိုင်းအစများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကာ အံ့သြဖွယ်ကောင်းသော ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်လေတော့သည်။

"သခင်လေး"

လီဟော်ဒယ်အိုးထဲမှ ယန်၏ ထိတ်လန့်တကြား အော်ဟစ်သံလေး ထွက်ပေါ်လာခဲ့သည်။ ဤဆဋ္ဌမမြောက် အတိဒုက္ခမိုးကြိုး၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလှပြီး လွှမ်းမိုးနိုင်လွန်းသဖြင့် ဝိညာဉ်လက်နက်နယ်မြေထဲတွင် ရှိနေသော ယန်ပင်လျှင် ကြောက်ရွံ့မှုကို အလိုလိုခံစားလိုက်ရပါ၏။

ဤသည်က လီဟော်ဂိုဏ်းတွင် သန္ဓေသားဝိညာဉ်အတိဒုက္ခကို ရင်ဆိုင်နေရသူတစ်ဦးအား မြင်တွေ့ခဲ့ရသည့်အချိန်ကိုပင် ယန်အား ပြန်၍သတိရစေခဲ့သည်။

သို့သော် ထိုအရာက သန္ဓေသားဝိညာဉ်အတိဒုက္ခ ဖြစ်သည်မဟုတ်ပါလော။ ရွှေအမြုတေအတိဒုက္ခက မည်သည့်အတွက်ကြောင့် ဤမျှလောက်အထိ ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားကို ပိုင်ဆိုင်ထားနိုင်ရသနည်း။ ဤသို့သော စမ်းသပ်မှုကို မည်သူကများ ရှင်သန်ကျော်ဖြတ်နိုင်မည်နည်း။

"ဒါဆို ဒါက နောက်ဆုံးအတိဒုက္ခမိုးကြိုးတစ်ခုတည်းအပေါ်မှာ မူတည်နေတာပဲ"

ယန် စိုးရိမ်နေချိန်တွင် အရောင်ငါးသွယ် မိုးကြိုးကို တိုက်ရိုက် ခံယူနေရသော လုချင်းမှာတော့ သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေလေပြီပင်။ သူ၏ကြွက်သားများသည် ပြင်းထန်သော အပူချိန်အောက်တွင် ဖယောင်းများ အရည်ပျော်သွားသကဲ့သို့ အရည်ပျော်ကျသွားပြီး သူ၏ ခန္ဓာကိုယ်မှ တစ်စက်စက် ကျဆင်းနေလေ၏။

ထို့နောက်၌ ဓာတ်ကြီးငါးပါး၏ စွမ်းအားများသည် သူ၏အထဲတွင် ပေါက်ကွဲထွက်လာပြီး အောက်ပါ ဖျက်ဆီးခြင်းဖြစ်စဉ်များအဖြစ် ရုပ်လုံးပေါ်လာခဲ့တော့သည်။

ထက်မြက်ပြီး ခုတ်ထစ်နိုင်သော အငွေ့အသက်က ထိမိသမျှကို ပြတ်တောက်သွားစေသည်။

အရိုးခိုက်မတတ် အေးစက်သော အပင်များက သူ၏အရိုးများထဲမှ ခြင်ဆီများကို စုပ်ယူနေ၏။

အမည်းရောင် အဆိပ်ရေက ၎င်း၏လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို တိုက်စားဖျက်ဆီးပစ်နေသည်။

နီရဲနေသော မီးတောက်များက ရပ်တန့်ခြင်းမရှိဘဲ လောင်ကျွမ်းနေပါ၏။

ချေမှုန်းပစ်မတတ် မြေဆွဲအားက သူ့ကို အရပ်မျက်နှာအနှံ့မှ ဖိနှိပ်ထားလေသည်။

ဤရုပ်လုံးပေါ်လာမှု ငါးမျိုးစလုံးသည် လုချင်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ကြပြီး ပျက်စီးလုနီးပါး နာကျင်မှုများကို ဖြစ်ပေါ်စေခဲ့၏။ ပို၍ဆိုးသည်မှာ မျက်စိဖြင့်မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခုက သူ၏ မျက်ခုံးကြားရှိ နေရာလွတ်အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး သူ၏ ဝိညာဉ်အဆောင်ကို တိုက်ရိုက် ဦးတည်တိုက်ခိုက်နေခြင်းပင်။ ယင်းက သူ့ဝိညာဉ်ကို အဆုံးအစမဲ့သော ထင်ယောင်ထင်မှားဖြစ်မှုများဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး အစစ်အမှန်နှင့် ထင်ယောင်ထင်မှားတို့ကို ခွဲခြားသိမြင်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်စေခဲ့သည်။

သို့သော် လွှမ်းမိုးနိုင်လွန်းသော နာကျင်မှုနှင့် မျှော်လင့်ချက်မဲ့မှုများကြားတွင် လုချင်း၏ နှလုံးသားထဲ၌ အလွန်ကြီးမားသော ဝမ်းမြောက်မှုတစ်ခုကို ခံစားလိုက်ရလေ၏။ အကြောင်းမူကား ဤပျက်စီးခြင်းများကြားထဲတွင် သူ၏ ရွှေအမြုတေကို ဖွဲ့စည်းနိုင်မည့် အခွင့်အရေးကို နောက်ဆုံးတွင် သူ တွေ့မြင်လိုက်ရသောကြောင့်ပင်။

"ကွဲထွက်သွားစမ်း"

မျက်ခုံးကြားရှိ နေရာလွတ်အတွင်းတွင် မြေကမ္ဘာဝိညာဉ်ပုလဲထဲ၌ အမြဲတမ်း နေထိုင်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ဝိညာဉ်အဆောင်သည် ရုတ်တရက် တောက်ပသော အလင်းရောင်များ ထုတ်လွှတ်လိုက်လေတော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ကျူးကျော်ဝင်ရောက်လာသော လှိုင်းကို ရိုက်ခွဲပစ်လိုက်ပြီး လုချင်း၏ ဝိညာဉ်ကို ကြည်လင်ပြတ်သားမှု ပြန်၍ရရှိစေခဲ့သည်။

သူ၏ ဒျန်ထျန်အတွင်းမှ ဓာတ်ကြီးငါးပါး ဘူးသီးခြောက်သည် အပြင်းအထန် တုန်ခါသွားပြီး ကြီးမားလှသော စုပ်ယူမှုစွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။ ၎င်းသည် အတိဒုက္ခမိုးကြိုးနှင့် ယင်းနှင့်အတူပါလာသော ဓာတ်ကြီးငါးပါးစွမ်းအားများ၏ ရုပ်လုံးပေါ်လာမှုများကို ဝါးမျိုလိုက်ပြီး ၎င်း၏အထဲတွင် သန့်စင်လိုက်၏။ ထို့နောက်၌ ၎င်းသည် သန့်စင်ပြီးသား အနှစ်သာရများကို ထုတ်လွှတ်ပေးလိုက်ပြီး လုချင်း၏ ဝိညာဉ်စွမ်းအားထဲသို့ ပေါင်းစပ်ပေးလိုက်တော့သည်။

ဤအကူအညီဖြင့် အသွင်ပြောင်းလဲရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သော လုချင်း၏ ဒျန်ထျန်အတွင်းရှိ တစ်ဝက်တစ်ပျက် အစစ်အမှန်ဖြစ်နေသော အမြုတေသည် ဓာတ်ကြီးငါးပါးစွမ်းအား အနှစ်သာရများကို အရေးပါသော ဆေးစွမ်းကောင်းတစ်လက်အဖြစ် စုပ်ယူလိုက်လေသည်။ ၎င်းသည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် နောက်ဆုံးတွင်တော့ အရည်အသွေးပိုင်းဆိုင်ရာ အသွင်ပြောင်းလဲမှုတစ်ခုကို ခံယူလိုက်လေတော့၏။

၎င်း၏ ဗဟိုချက်မှ ဝိညာဉ်စွမ်းအားထက် များစွာသာလွန်သော လျှို့ဝှက်ဆန်းကြယ်စွမ်းအား ကြိုးမျှင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် တစ်ချိန်က တစ်ဝက်တစ်ပျက် အစစ်အမှန်ဖြစ်နေခဲ့သော အမြုတေသည် လုံးဝ အစစ်အမှန်ဖြစ်သွားပြီး ၎င်း၏ စစ်မှန်သော ပုံသဏ္ဌာန်ကို ရယူလိုက်လေတော့၏။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပေါ်ထွက်လာပြီးနောက် ရွှေအမြုတေကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့လေပြီပင်။

ရွှေအမြုတေ ဖွဲ့စည်းတည်ဆောက်ပြီးသွားသည့်အခိုက်အတန့်လေးမှာပင် လုချင်း၏ ခန္ဓာကိုယ်၊ ဝိညာဉ်၊ သက်စောင့်စွမ်းအင်နှင့် အရာအားလုံးသည် စိတ်ကူးယဉ်၍ပင် မရနိုင်သော အသွင်ပြောင်းလဲမှုတစ်ခုကို ခံယူလိုက်ရလေတော့၏။

ထိုသို့ဖြသ့် သူသည် အတိဒုက္ခကို အောင်မြင်စွာဖြင့်‌ ကျော်ဖြတ်နိုင်ခဲ့ပြီး ရွှေအမြုတေအဆင့်သို့ လှမ်းတက်နိုင်ခဲ့ပြီပင်။

...

အခန်း ၄၁၄ - ပုံသဏ္ဌာန်မဲ့ကာ မြင်တွေ့နိုင်စွမ်းမရှိသော ပြီးပြည့်စုံသည့် ရွှေအမြုတေ။

"သူ ရွှေအမြုတေကို ဖွဲ့စည်းတော့မှာလား"

လုချင်း၏ စွမ်းအားများ အသွင်ပြောင်းလဲသွားပြီး သူ၏ ရွှေအမြုတေကို ဖွဲ့စည်းလိုက်ချိန်တွင် ယန်သည် ထိုပြောင်းလဲမှုကို ချက်ချင်း သတိပြုမိလိုက်လေ၏။ ကောင်းကင်ယံရှိ လှည့်ပတ်နေသော အတိဒုက္ခတိမ်တိုက်များ တဖြည်းဖြည်း လွင့်စင်သွားသည်ကိုလည်း သူ သတိပြုမိလိုက်သည်။

လုချင်းသည် ကောင်းကင်အတိဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ယခု သူ၏ ရွှေအမြုတေကို ဖွဲ့စည်းနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ၌ ယန်မှာ အလွန်တရာပင် ဝမ်းမြောက်သွားခဲ့ရပါ၏။ အတိဒုက္ခမှ နောက်ဆုံး မိုးကြိုးပစ်ခတ်မှုမှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှပေ၏။ လုချင်း ကျော်ဖြတ်နိုင်ပါ့မလားဟုပင် ယန် သံသယဝင်ခဲ့မိသည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် လုချင်းသည် အတိဒုက္ခကို ဖြေရှင်းနိုင်ခဲ့ပြီး အတိဒုက္ခမိုးကြိုးအားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူနိုင်ခဲ့၏။ ယခုအခါတွင်လည်း သူသည် အရေးကြီးဆုံးအဆင့်ဖြစ်သော ရွှေအမြုတေ ဖွဲ့စည်းခြင်းကို လုပ်ဆောင်နေပြီပင်။

"သခင်လေးတော့ ဒီတစ်ကြိမ် ရွှေအမြုတေအဆင့်ကို အောင်မြင်သွားပြီးရင် ဘယ်လောက်တောင် အစွမ်းထက်လာမလဲမသိဘူး" ယန်က မျှော်လင့်တကြီး တွေးနေမိသည်။

လုချင်း၏ အတိဒုက္ခမှာ မကြုံစဖူးဖြစ်ပြီး အရောင်ငါးသွယ် အတိဒုက္ခ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် မှတ်တမ်းတင်သွားခဲ့သည်။ ထို့ကြောင့် ယန်မှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေ၏။

ဤမျှကြီးမားသော ကောင်းကင်အတိဒုက္ခကို ခံနိုင်ရည်ရှိခဲ့သော လုချင်းသည် သူ၏ ရွှေအမြုတေကို ဖွဲ့စည်းပြီးနောက်၌ မည်မျှအထိ အစွမ်းထက်လာမည်နည်း။

ယန် မျှော်လင့်တကြီး စောင့်ဆိုင်းနေစဉ် အချိန်များ ဖြည်းညင်းစွာဖြင့်ပဲ ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတွင်တော့ လုချင်းတစ်ယောက် သူ၏ အသွင်ပြောင်းလဲမှုကို အောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့တော့၏။

"ဒါဆို ဒါက ရွှေအမြုတေအဆင့်ပေါ့။ ငါ စိတ်ကူးထားတာနဲ့တော့ နည်းနည်း ကွာခြားနေသလိုပဲ"

ယခု၌ လုချင်း၏ ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းသွားပြီး အမာရွတ်တစ်ခုမျှပင် ကျန်ရစ်ခဲ့ခြင်း မရှိချေ။ သူ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော လွှမ်းမိုးနိုင်လွန်းလှသည့် စွမ်းအားများနှင့် သူ၏ ချီပင်လယ်အတွင်းရှိ အရောင်ငါးသွယ် ရွှေအမြုတေထံမှ ထွက်ပေါ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်တို့ကို သူ ခံစားနေရလေသည်။

အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် လေထုက အလွှာလိုက် ကွဲအက်သွားပြီး နေရာလွတ်ကိုယ်တိုင်က တုန်ခါနေသကဲ့သို့ ဖြစ်သွားခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြစ်စေ၊ မကြာသေးမီကမှ အသွင်ပြောင်းလဲသွားသော သူ၏ ကျင့်ကြံခြင်းစွမ်းအားဖြစ်စေ နှစ်ခုစလုံးမှာ ယခင်ကထက် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ပို၍ပင်အားကောင်းလာခဲ့ပြီ ဖြစ်၏။

လက်တစ်ချောင်းတည်းဖြင့် အတိဒုက္ခမရင်ဆိုင်ရသေးမီက သူ့ကိုယ်သူကို ဖျက်ဆီးပစ်နိုင်သည်ဟုပင် သူ ခံစားလိုက်ရသည်။ သူ တစ်ချိန်က ရင်ဆိုင်ခဲ့ရသော အဖြူရောင်ဝတ်စုံနှင့် လူငယ် ပြန်ပေါ်လာမည်ဆိုလျှင်ပင် လက်သီးတစ်ချက်တည်းဖြင့် သူ့ကို လုံးဝ ချေမှုန်းပစ်နိုင်မည်ဟု လုချင်း ယုံကြည်နေမိပါ၏။

ယခု သူပိုင်ဆိုင်ထားသော ခွန်အားမှာ စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ကြီးမားလှပေသည်။ သို့သော် အသစ်ရရှိထားသော စွမ်းအားများကြားတွင် တစ်ခုခု ထူးဆန်းနေသည်ကိုလည်း လုချင်း ခံစားနေရ၏။ သူ၏ လက်ရှိအခြေအနေမှာ ရှေးမှတ်တမ်းများတွင် ဖော်ပြထားသော ရွှေအမြုတေအဆင့်နှင့် ကွဲပြားနေပုံရပေသည်။

မှတ်တမ်းများအရ ကျင့်ကြံသူတစ်ဦးသည် ၎င်းတို့၏ ရွှေအမြုတေကို အောင်မြင်စွာ ဖွဲ့စည်းနိုင်သည်နှင့်တစ်ပြိုင်နက် ၎င်းတွင် 'မသေနိုင်ခြင်း' ဟူသော အရိပ်အယောင်တစ်ခု ပါဝင်လာသင့်ပေသည်။ ကျင့်ကြံသူ သေဆုံးသွားခြင်း သို့မဟုတ် ၎င်းတို့၏ နယ်ပယ် ကျဆင်းသွားခြင်းမှလွဲ၍ ရွှေအမြုတေမှာ ဖျက်ဆီး၍မရနိုင်သလောက်ပင်။

သို့သော် သူ၏ ရွှေအမြုတေကတော့...

အတွေးတစ်ချက်ဖြင့် သူ၏ ချီပင်လယ်အတွင်းရှိ အရောင်ငါးသွယ် ရွှေအမြုတေကို ချက်ချင်း ပျောက်ကွယ်သွားစေရန် လုချင်း အမိန့်ပေးလိုက်ရာ ၎င်းသည် သန့်စင်သော ဝိညာဉ်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ချီပင်လယ်ထဲသို့ ပြန်၍ပေါင်းစပ်သွားတော့၏။

ချက်ချင်းပင် ရွှေအမြုတေအဆင့်၏ ထူးခြားသော အငွေ့အသက်မှာ ပျောက်ကွယ်သွားပြီး သူသည် အခြေတည်အဆင့်သို့ ပြန်ပြီးကျဆင်းသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ သူ၏ ကျင့်ကြံခြင်း သို့မဟုတ် ခွန်အားများတွင် မည်သည့်ပြောင်းလဲမှုကိုမျှ သူ မခံစားရခြင်းပင်။ သူ၏ ဝိညာဉ်စွမ်းအားများကို လွတ်လပ်စွာ အသုံးပြုနိုင်ဆဲဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားလှသော စွမ်းအင်များမှာလည်း ပင်လယ်ကြီးတစ်စင်းကဲ့သို့ နှယ် ကျယ်ပြောနေဆဲပင် ဖြစ်၏။

သူ၏ ရွှေအမြုတေ ပျောက်ကွယ်သွားခြင်းနှင့် ရွှေအမြုတေ အငွေ့အသက် မရှိတော့ခြင်းမှလွဲ၍ ကျန်သည့်အရာအားလုံးမှာ ပြောင်းလဲသွားပုံမရပေ။ အခြားအတွေးတစ်ချက်ဖြင့် သူ၏ ချီပင်လယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများကို ပြန်၍စုစည်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အရောင်ငါးသွယ် ရွှေအမြုတေမှာ ပြန်ပေါ်လာပြီး ရွှေအမြုတေအဆင့်၏ အငွေ့အသက်များကလည်း သူ့ထံသို့ ပြန်ပြီးရောက်ရှိလာတော့၏။

"ဘာတွေ ဖြစ်နေတာလဲ"

လုချင်းမှာ နားမလည်နိုင်အောင် ဖြစ်နေမိသည်။ သူ ထပ်မံစူးစမ်းလေ့လာရန် ပြင်နေဆဲမှာပင် လွင့်စင်သွားသော အတိဒုက္ခတိမ်တိုက်မှာ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ပြီးနောက်၌ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။ ထိုအလင်းတန်းသည် သူ့ထံသို့ ကျဆင်းလာပြီး သူ့မျက်ခုံးကြားရှိ နေရာလွတ်အတွင်းသို့ ဝင်ရောက်ကာ သူ၏ ဝိညာဉ်ရေးရာ အာရုံခံစားမှုထဲသို့ ပေါင်းစပ်သွားတော့လေ၏။

အလင်းတန်း ပေါ်လာပုံမှာ အလွန်ရုတ်တရက်ဆန်ပြီး ၎င်း၏ အမြန်နှုန်းမှာလည်း အံ့မခန်းပင်။ လုချင်း၏ လက်ရှိနယ်ပယ်ဖြင့်ပင် တုံ့ပြန်ရန် အချိန်မရလိုက်ချေ။ သူ အထက်သို့ ပြန်ကြည့်လိုက်သောအခါ၌ ကောင်းကင်ကြီးမှာ တိမ်ကင်းစင်နေပြီး အေးအေးချမ်းချမ်းသာသာယာယာ ပြန်ဖြစ်နေလေပြီဖြစ်၏။

လုချင်းသည် သူ၏ ဝိညာဉ်ရေးရာ အာရုံခံစားမှုကို သုံး၍ သူ၏ မျက်ခုံးကြားရှိ နေရာလွတ်အတွင်းသို့ ချက်ချင်း အာရုံစိုက်လိုက်ပြီး အလင်းတန်းကို ခြေရာခံလိုက်လေသည်။ မကြာမီမှာပင် သူသည် ကြည်နူးဖွယ်ရာ အံ့သြမှုဖြင့် မျက်လုံးများကို ဖွင့်လိုက်တော့၏။

အလင်းတန်းထဲတွင် အချက်အလက်များ ပါဝင်နေသည်။ ပို၍တိကျစွာဆိုရလျှင် ရွှေအမြုတေ၏ လျှို့ဝှက်ချက်များကို အသေးစိတ်ဖော်ပြထားသော နက်ရှိုင်းလှသည့် အမှန်တရားများ ပါဝင်သော အခန်းကဏ္ဍတစ်ခု ဖြစ်သည်။ ဤအခန်းကဏ္ဍမှတစ်ဆင့် လုချင်းသည် သူ၏ လက်ရှိအခြေအနေနှင့် ပတ်သက်သော စစ်မှန်သည့် သဘောသဘာဝကို သိရှိလိုက်ရတော့၏။

ပထမဆုံးအနေဖြင့် ကျင့်ကြံသူများ ဖွဲ့စည်းထားသော ရွှေအမြုတေကို အငယ်တန်းအဆင့်၊ အလယ်အလတ်အဆင့်၊ အထက်တန်းအဆင့်နှင့် ပြီးပြည့်စုံသောအဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲခြားနိုင်ကြောင်း အခန်းကဏ္ဍတွင် ဖော်ပြထားသည်။

သူပိုင်ဆိုင်ထားသည်မှာ ပြီးပြည့်စုံသော ရွှေအမြုတေပင် ဖြစ်လေသည်။

ရွှေအမြုတေ၏ အဆင့်ကို အတိဒုက္ခမရင်ဆိုင်မီ ကျင့်ကြံသူ၏ အခြေခံအုတ်မြစ်နှင့် စုဆောင်းထားရှိမှုတို့က ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ အခြေခံအုတ်မြစ်က ပို၍နက်ရှိုင်းပြီး စုဆောင်းထားရှိမှုက ပို၍ကြီးမားလေလေ၊ ရွှေအမြုတေ၏ အဆင့်ကလည်း ပို၍မြင့်မားလေလေဖြစ်ပြီး ယင်းက ကျင့်ကြံသူ၏ ရှေ့ဆက်သွားမည့်လမ်းကြောင်း ချောမွေ့မှုကိုလည်း ဆုံးဖြတ်ပေးမည် ဖြစ်သည်။

အဆင့်များအနက် အငယ်တန်းအဆင့်၊ အလယ်အလတ်အဆင့်နှင့် အထက်တန်းအဆင့် ရွှေအမြုတေများသည် စွမ်းအားကွဲပြားသော်လည်း ၎င်းတို့ကို တစ်ခုနှင့်တစ်ခု လုံးဝ သီးခြားဖြစ်နေသည်ဟု မဆိုသာပေ။ ဥပမာအားဖြင့် အငယ်တန်းအဆင့် ရွှေအမြုတေတစ်ခုကို ရှားပါးသော ရတနာများနှင့် အခွင့်အရေးများဖြင့် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိအောင် သန့်စင်နိုင်ပေသည်။

သို့သော် ပြီးပြည့်စုံသော ရွှေအမြုတေကတော့ ထူးခြားလှပေ၏။ အခန်းကဏ္ဍအရ ပြီးပြည့်စုံသော ရွှေအမြုတေသည် သဘာဝအားဖြင့် တစ်ခုတည်းသာ တည်ရှိနိုင်ပေသည်။

ကမ္ဘာငယ်တစ်ခုဖြစ်စေ၊ ကမ္ဘာလတ်တစ်ခုဖြစ်စေ သို့မဟုတ် ကမ္ဘာကြီးတစ်ခုဖြစ်စေ မည်သည့်ကမ္ဘာလောကတွင်မဆို တစ်ကြိမ်လျှင် ပြီးပြည့်စုံသော ရွှေအမြုတေတစ်ခုတည်းသာ တည်ရှိနိုင်ပါ၏။ လက်ရှိ ပြီးပြည့်စုံသော ရွှေအမြုတေကို ပိုင်ဆိုင်ထားသူ သေဆုံးသွားခြင်း သို့မဟုတ် ထိုကမ္ဘာလောကမှ ထွက်ခွာသွားခြင်း မရှိသရွေ့ အခြားမည်သည့် ကျင့်ကြံသူကမျှ မည်မျှပင် ထူးချွန်သော ပါရမီရှိစေကာမူ အခြား ပြီးပြည့်စုံသော ရွှေအမြုတေတစ်ခုကို ဖွဲ့စည်းနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် လုချင်းသည် ယခုအခါ ဤကမ္ဘာလောကတွင် ပြီးပြည့်စုံသော ရွှေအမြုတေကို တစ်ဦးတည်း ပိုင်ဆိုင်ထားသူအဖြစ် ရပ်တည်နေလေပြီဖြစါ၏။ အနာဂတ်တွင် သူ၏ပါရမီထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပို၍ထူးချွန်သူတစ်ဦး ပေါ်လာမည်ဆိုလျှင်ပင် လုချင်း ဤကမ္ဘာလောကတွင် ရှိနေသရွေ့တော့ ၎င်းတို့သည် ပြီးပြည့်စုံသော ရွှေအမြုတေကို ဖွဲ့စည်းရာတွင် အောင်မြင်နိုင်မည် မဟုတ်ပေ။

သူ သေဆုံးသွားမှသာ သို့မဟုတ် ထွက်ခွာသွားမှသာ အခြား ပြီးပြည့်စုံသော ရွှေအမြုတေတစ်ခု ပေါ်ပေါက်လာနိုင်မည် ဖြစ်၏။

ပြီးပြည့်စုံသော ရွှေအမြုတေ၏ ထူးခြားမှုက ၎င်းအား အလွန်ထူးခြားသော ဂုဏ်သတ္တိများကိုလည်း ပေးစွမ်းထားပေသည်။ အခြားမည်သည့်အဆင့်၏ စွမ်းအားကိုမဆို ကျော်လွန်နေခြင်းအပြင် ပြီးပြည့်စုံသော ရွှေအမြုတေသည် မှတ်သားလောက်ဖွယ် စွမ်းရည်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပါ၏။

ယင်းမှာတော့ ပုံသဏ္ဌာန်မဲ့ကာ မြင်တွေ့နိုင်စွမ်းမရှိ၊ ပုံပန်းသဏ္ဌာန်မဲ့ကာ အဆုံးအစမရှိခြင်းပင်။

ဤသည်မှာ လုချင်းတစ်ယောက် အစောပိုင်းတွင် အလိုအလျောက် သရုပ်ပြခဲ့သော နည်းစနစ်ပင် ဖြစ်လေ၏။

ပြီးပြည့်စုံသော ရွှေအမြုတေသည် မိမိအလိုရှိသလို အသွင်ပြောင်းလဲနိုင်ပြီး ခွဲခြင်း သို့မဟုတ် ပြန်လည်စုစည်းခြင်း၊ ၎င်း၏ အငွေ့အသက်များကို ဖုံးကွယ်ခြင်း သို့မဟုတ် လုံးဝ ပြောင်းလဲပစ်ခြင်းများကို လုပ်ဆောင်နိုင်ပါ၏။ လုချင်းသည် သူ၏ ရွှေအမြုတေကို အငယ်တန်းအဆင့်၊ အလယ်အလတ်အဆင့် သို့မဟုတ် အထက်တန်းအဆင့် စသည်ဖြင့် အခြားမည်သည့်အဆင့်အဖြစ်မဆို ဟန်ဆောင်ဖန်တီးနိုင်ပေသည်။

ထို့အပြင် ဤအသွင်ပြောင်းလဲမှုမှာ အလွန်ကိုမှ ပြီးပြည့်စုံလှပေ၏။ သူ့အဆင့်ထက် များစွာကျော်လွန်နေသော ကျင့်ကြံသူများပင်လျှင် ထိုလှည့်စားမှုကို သိရှိနိုင်မည် မဟုတ်ချေ။

"ပုံသဏ္ဌာန်မဲ့ကာ မြင်တွေ့နိုင်စွမ်းမရှိ၊ ပုံပန်းသဏ္ဌာန်မဲ့ကာ အဆုံးအစမရှိတဲ့..."

ဤဖော်ပြချက်ကို ဖတ်ရှုလိုက်ရသောအခါ၌ လုချင်းသည် ဤစွမ်းရည်၏ ကြောက်မက်ဖွယ်ကောင်းသော အလားအလာကို သဘောပေါက်သွားခဲ့တော့၏။ ယင်းက အခြေခံအားဖြင့် ဘုရားသခင်များကဲ့သို့သော အသွင်ပြောင်းလဲခြင်း နည်းစနစ်တစ်ခုဖြစ်ပြီး ပြီးပြည့်စုံကာ မည်သည့် အားနည်းချက်မျှ မရှိချေ။

လုချင်းအတွက်တော့ ဤစွမ်းရည်သည် ကမ္ဘာလှည့်လည်သွားလာရာတွင်သာမက အခြားနယ်ပယ်များကို စူးစမ်းလေ့လာရာတွင်ပါ တန်ဖိုးဖြတ်၍မရနိုင်လောက်အောင် အသုံးဝင်မည်ပင်။

"ဒီထူးခြားတဲ့ စွမ်းရည်က ပြီးပြည့်စုံတဲ့ ရွှေအမြုတေ ကျင့်ကြံသူတွေအတွက် ကောင်းကင်တာအိုကိုယ်တိုင်က ပေးထားတဲ့ ကာကွယ်မှုတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်" လုချင်း စဉ်းစားမိသည်။

ပြီးပြည့်စုံသော ရွှေအမြုတေ၏ ခြွင်းချက်ဖြစ်သော စွမ်းအားက ယင်းကို သဘာဝအားဖြင့် ပစ်မှတ်တစ်ခု ဖြစ်စေခဲ့သည်။ မည်သို့ပင်ဆိုစေ ယင်းကို လက်ရှိပိုင်ဆိုင်ထားသူ သေဆုံးသွားမှသာ နောက်ထပ်တစ်ခု ပေါ်ပေါက်လာနိုင်မည် မဟုတ်ပါလော။

ထို့ကြောင့် ဤအဆုံးအစမဲ့သော အသွင်ပြောင်းလဲခြင်း စွမ်းရည်သည် ယင်းကို ပိုင်ဆိုင်ထားသူများအတွက် ကောင်းကင်တာအိုကိုယ်တိုင်က ပေးသနားထားသော အကာအကွယ် လက်ဆောင်တစ်ခု ဖြစ်နိုင်ခြေရှိပေ၏။

"သခင်လေး... ခုနက သခင်လေးရဲ့ အငွေ့အသက်က..."

ယန်သည် လုချင်းဘေးတွင် ပေါ်လာပြီး မသေချာမရေရာသော မျက်နှာအမူအရာဖြင့် မေးလိုက်၏။ လွန်ခဲ့သော မိနစ်အနည်းငယ်က လုချင်း၏ အငွေ့အသက်များမှာ ခန့်မှန်း၍မရနိုင်အောင် ပြောင်းလဲနေသည်ကို သူ ခံစားခဲ့ရသည်။ တစ်ခဏတာ အားကောင်းနေပြီး နောက်တစ်ခဏတွင်တော့ အားနည်းသွားခဲ့ပြန်၏။ တစ်ချိန်တွင် သူ၏ ရွှေအမြုတေ အငွေ့အသက်များက လုံးဝ ပျောက်ကွယ်သွားပြီး အခြေတည်အဆင့်၏ အငွေ့အသက်များဖြင့် အစားထိုးသွားခဲ့သည်။

ဤအရာက ယန်ကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။

"ဘာမှမဖြစ်ပါဘူး ယန်ချန်ပေ့။ ကျွန်တော် စမ်းသပ်မှုလေး တစ်ခုလုပ်ကြည့်ရုံပါ" လုချင်းက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ ပြောလိုက်သည်။

ထို့နောက် သူသည် ယခုအခါ ညနေစောင်းနေပြီဖြစ်သော ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။

အတိဒုက္ခတိမ်တိုက်မှ ရရှိခဲ့သော အခန်းကဏ္ဍတွင် လေ့လာရန် အချက်အလက်များစွာ ပါဝင်နေဆဲ ဖြစ်၏။ သို့သော် ယခုအချိန်သည် ပိုမိုနက်ရှိုင်းစွာ လေ့လာရမည့် အချိန်မဟုတ်သေးချေ။ သူသည် အတိဒုက္ခကို ရင်ဆိုင်ရန် တစ်ယောက်တည်း ထွက်လာခဲ့ခြင်းဖြစ်ပြီး သူ၏ဆရာနှင့် အဖော်များက သေချာပေါက် စိုးရိမ်နေကြပေလိမ့်မည်။ ထို့အပြင် အဖြူရောင်ဝတ်စုံနှင့် လူငယ်၏ ဆရာတူအစ်ကိုမှာလည်း အချိန်မရွေး ရောက်ရှိလာနိုင်သေးပါ၏။

ယခုလောလောဆယ်တော့ သူ၏ အဓိကဦးစားပေးမှာ ရွာသို့ပြန်ပြီး လူတိုင်းကို စိတ်အေးအောင် လုပ်ပေးရန်ပင်။ အခန်းကဏ္ဍကို လေ့လာရန်အတွက် နောက်မှ အချိန်ပေး၍ ရပေသည်။ မည်သို့ပင်ဆိုစေ ယခု သူ ရွှေအမြုတေအဆင့်သို့ ဝင်ရောက်သွားပြီဖြစ်ရာ အဖြူရောင်ဝတ်စုံနှင့် လူငယ်၏ ဆရာတူအစ်ကိုပင်လျှင် သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်တော့ချေ။

"အချိန်လင့်နေပြီ၊ ငါတို့ ပြန်ကြရအောင်" လုချင်းက ပြောလိုက်၏။

ထိုသို့ပြောပြီးနောက်၌ သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကျိုးလီရွာသို့ ပျံသန်းသွားရာတွင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ သူ ထွက်ခွာသွားသည်နှင့် ပတ်ဝန်းကျင်မှာ တစ်ဖန် ပြန်၍တိတ်ဆိတ်သွားလေ၏။

ယခုလေးတင် ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးမှာ အိပ်မက်တစ်ခုအလားပင် ဖြစ်နေတော့သည်။ အတိဒုက္ခမိုးကြိုးကြောင့် ထက်ဝက်ခန့် ပြိုကျပျက်စီးနေသော တောင်ကုန်းလေးသာလျှင် ဤနေရာတွင် ကမ္ဘာမြေကို တုန်လှုပ်စေသော အတိဒုက္ခတစ်ခု ဖြစ်ပွားခဲ့ကြောင်း သက်သေအဖြစ် ရပ်တည်နေလေတော့၏။

All Chapters