← Chapters

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

အခန်း (၂၉၁) - သေမင်းတမန်တို့၏ ခြေသံနှင့် အမှောင်ထဲမှ တောက်ခေါက်သံ

ထိုအခိုက်အတန့်တွင် တုန်လှုပ်ချောက်ချားသွားသည်မှာ တာဟဲတစ္ဆေမြို့ပျက် တစ်ခုတည်း မဟုတ်ပေ။

ထိုကျိန်စာသင့်နယ်မြေ၏ အပြင်ဘက် ဝေးလံသောအရပ်များတွင် အသက်မွေးဝမ်းကျောင်းအတွက် ရုန်းကန်နေကြရသည့် တစ်ကိုယ်တော်ကျင့်ကြံသူများသည် ရုတ်တရက် ထိတ်လန့်တကြား ဖြစ်သွားကြသည်။ သူတို့၏ လုပ်လက်စအလုပ်အားလုံး ရပ်တန့်သွားသည်။ သူတို့အားလုံးလိုလို တစ်ညီတစ်ညွတ်တည်း အမှောင်စွမ်းအင်များ ဖုံးလွှမ်းနေသည့် အဝေးမှမြို့ပျက်ကြီးဆီသို့ ထိတ်လန့်တကြား ငေးကြည့်လိုက်မိကြသည်။

ကောင်းကင်ယံ၌ ငှက်အုပ်များသည် စူးစူးဝါးဝါး အော်ဟစ်ရင်း အရပ်မျက်နှာအနှံ့ ပျံသန်းနေကြသည်။ သူတို့၏ အော်မြည်သံများမှာ ထိုဘေးဆိုးမှ အသည်းအသန် ထွက်ပြေးနေရသကဲ့သို့ အလွန်ပင် ဆူလပူကြဲနေသည်။ မြေပြင်ပေါ်တွင်လည်း တောတောင်များထဲမှ သားရိုင်းတိရစ္ဆာန်အပေါင်းတို့သည် ပင်ကိုဗီဇစိတ်၏ နှိုးဆော်မှုဖြင့် လာလတ္တံ့သော ဘေးဆိုးမှ ရှောင်ရှားရန် ပိုင်နက်မှ စွန့်ခွာကာ အသက်လု၍ ပြေးလွှားနေကြတော့သည်။

ဖီးနစ်ကျတောင်အတွင်း၌မူ ဧရာမ ကျောက်ဆောင်ကြီးများမှာ တဝုန်းဝုန်းနှင့် ပြိုကျနေသည်။ ကျောက်တုံးကြီးများမှာ တစ်တုံးပြီးတစ်တုံး လိမ့်ဆင်းလာကြပြီး တောင်ကြားတစ်ခုလုံးတွင် ပျက်သုန်းခြင်း၏ နိမိတ်အလား ဝုန်းဝုန်းဒိုင်းဒိုင်း မြည်ဟည်းနေတော့သည်။ အက်ကွဲနေသော မြေအောက် အနက်ရှိုင်းဆုံးနေရာမှ ဧရာမ အရိပ်မည်းကြီးတစ်ခုသည် စတင်လှုပ်ရှားလာပြီး ထရပ်ရန် ကြိုးစားနေသည်။

တစ္ဆေချောက်နက်၏ အနက်ရှိုင်းဆုံးမှ ယင်စွမ်းအင်များ၊ တစ္ဆေစွမ်းအင်များနှင့် မိစ္ဆာစွမ်းအင် လှိုင်းကြီးများမှာ တစ္ဆေဘုရင် တစ်ဖြစ်လဲ ဖန်ရင်ရှုံထံသို့ တဟုန်ထိုး တိုးဝင်သွားကြသည်။ ထိုအမှောင်စွမ်းအင်များသည် သူ အသက်တစ်ချက်ရှူတိုင်း ပိုမိုကြီးမားသော ဧရာမကိုယ်ထည်ကြီးအဖြစ် ပြောင်းလဲနေသည့် သူ့အတွင်းသို့ စီးဝင်သွားကြသည်။

သူ၏ အသက်ရှူသံ ပြင်းပြင်းကြီးမှာ မိုးကြိုးပစ်သံကဲ့သို့ ဟိန်းထွက်နေသည်။ ၎င်းမှာ နှစ်ပေါင်းရာချီ ဖိနှိပ်ခံထားရသဖြင့် အားနည်းနေသော တစ္ဆေဘုရင်မျိုး မဟုတ်ပေ။ ထိုအစား အသစ်စက်စက် နိုးထလာပြီး ပြန်လည်မွေးဖွားခြင်း၏ အစောပိုင်းအဆင့်တွင် ရှိနေသည့် အစွမ်းထက်လှသော တစ္ဆေဘုရင်တစ်ပါးပင် ဖြစ်သည်။ မသေဆုံးမီက သူသည် ကျောက်စိမ်းအိုးဓားဂိုဏ်း၏ အနှိုင်းမဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသော ဓားကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။

ဂျိန်း…. ဂျုန်း….

နားကွဲမတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်သံ ထပ်မံထွက်ပေါ်လာသည်။

လော့ချန် အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်မိသည်။ သုံးနှစ်တိုင်တိုင် သူခိုနားခဲ့သော ဖီးနစ်ကျတောင်ကြီးမှာ တဂျုန်းဂျုန်းမြည်ဟည်းလျက် ပြိုကျပျက်စီးသွားလေပြီ။

ရွှေရောင်နှင့် အနက်ရောင် အရှိန်အဝါများ ရောယှက်နေသော ခန္ဓာကိုယ်ကြီးတစ်ခုမှာ မြေအောက်ဝိညာဉ်ကြော အနက်ရှိုင်းဆုံးတွင် ဒူးထောက်နေလျက် ဖြည်းဖြည်းချင်း ထကြွရန် ကြိုးစားနေသည်။

ထိုအခိုက်အတန့်မှာပင် ဟင်းလင်းပြင်ထဲမှ ဓားသံတစ်ချက် ထွက်ပေါ်လာသည်။

ကျန်း….

ထူးဆန်းလှသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။

ဖီးနစ်ကျတောင်၏ ထိပ်ဖျားတွင် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်ရှိသည့် ဧရာမ ဆေးအိုးကြီး တစ်အိုး ပေါ်ထွက်လာသည်။ ထိုအိုးကြီး၏ အလယ်ဗဟိုတည့်တည့်တွင် ကြီးမားပြီး လေးလံလှသော ဓားကြီးတစ်စင်းကို အမွှေးတိုင်တစ်တိုင်အလား စိုက်ထူထားသည်။ ထိုဆေးအိုးကြီးသည် ဖန်ရင်ရှုံ၏ ဧရာမ ကိုယ်ထည်ကြီးအထက် တည့်တည့်တွင် ပျံဝဲနေခြင်း ဖြစ်သည်။

၎င်းက သူ့အား ဖိနှိပ်ထားခြင်းလော။

"ဓားနဲ့ ဆေးအိုးက တစ်သားတည်း ဖြစ်နေတာပဲ.... လင်ဟူယုံ.... မင်း သေသင့်တယ်၊ သေကိုသေရမယ်…."

ဝမ်းနည်းမှုနှင့် နာကျည်းမှုများ ပြည့်နှက်နေသော ထိုအသံကြီးသည် တစ္ဆေခန္ဓာကိုယ်ကြီးဆီမှ ထစ်ထစ်ငေါ့ငေါ့ ထွက်ပေါ်လာသည်။ ၎င်းမှာ အော်ဟစ်ငိုကြွေးသံနှင့် တူသလို ဟိန်းဟောက်သံကြီးနှင့်လည်း ဆင်တူလှသည်။

ဓားနှင့် ဆေးအိုးတို့ တစ်သားတည်း တုန်ခါသွားသည်နှင့် ထရပ်ရန် ကြိုးစားနေသော ဧရာမ တစ္ဆေကိုယ်ထည်ကြီးမှာ နောက်တစ်ကြိမ် ပြန်လည်ဖိနှိပ်ခြင်း ခံလိုက်ရပြန်သည်။

အဝေးတစ်နေရာတွင် အဆုံးအဖြတ်စင်မြင့်နားထိရောက်နေပြီး လွတ်မြောက်လုနီးပါး ဖြစ်နေသော လော့ချန်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်တကြားဖြင့် ရပ်တန့်သွားမိသည်။

ဤမြင်ကွင်းမျိုးကို သူ ယခင်က မြင်ဖူးခဲ့သည်။ ၎င်းမှာ ဖန်ရင်ရှုံသည် တစ္ဆေဘုရင် သုံးပါးနှင့် လျှို့ဝှက်ဆန်းကြယ်သော ရွှေအမြုတေအဆင့် ကျင့်ကြံသူတို့နှင့် တိုက်ခိုက်ခဲ့သည့် ထိုနှစ်က ဖြစ်သည်။ နောက်ဆုံးတွင် ထိုတိုက်ပွဲကြီးမှာ ဓားနှင့် ဆေးအိုးတို့ တစ်သားတည်း ဖြစ်သွားခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ထိုအစီအရင် ယခုတိုင် ကျန်ရှိနေသေးလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်ထားခဲ့ပေ။ ကြည့်ရသည်မှာ ဖန်ရင်ရှုံသည် လူ့လောကသို့ ပြန်မလာနိုင်ခင်မှာပင် နောက်တစ်ကြိမ် ပြန်လည်ဖိနှိပ်ခြင်း ခံရတော့မည့်ပုံ ပေါ်နေသည်။

လော့ချန် အနည်းငယ် စိတ်အေးသွားမည် ကြံရုံရှိသေးသော်လည်း နောက်တစ်စက္ကန့်မှာပင် သူ၏ တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ ထသွားရသည်။

အကြောင်းမူ ဖိအားအောက်ရှိ တစ္ဆေဘုရင်သည် သူ၏ ကြီးမားလှသော ကိုယ်ထည်ကို အနည်းငယ်စောင်းလိုက်ပြီး ဝေဝါးနေသော သူ၏ မျက်လုံးကြီးများဖြင့် လော့ချန်ကို စိုက်ကြည့်လိုက်သောကြောင့်ပင်။ ထို့နောက်တွင် သူ၏လက်ကို မြှောက်ကာ ရှုပ်ထွေးနက်နဲသော ဓားလက်ဟန် တစ်ခုကို လျှပ်တစ်ပြက်အတွင်း ဖော်ဆောင်လိုက်သည်။ ထိုခဏ၌ပင် ဝိညာဉ်ကြောအတွင်းရှိ စွမ်းအားတို့သည် ပေါက်ကွဲထွက်လာသည်။ ထို့နောက် သူ၏ လက်ညှိုးထိပ်မှ မြေသဏ္ဌာန်ကိုပင် တုန်ခါစေနိုင်သော အပြာရောင်ဓားအလင်းတန်းတစ်ခု ပန်းထွက်သွားလေတော့သည်။

ရှူး…. ရှူး.... ရှူး.…

ရှူး…. ရှူး.... ရှူး.…

ရှူး…. ရှူး.... ရှူး….

ထိုလက်ဟန်တစ်ခုတည်းဖြင့်ပင် အဆုံးအဖြတ်စင်မြင့်၏ အတွင်းနှင့်အပြင်၊ ဖီးနစ်ကျတောင်၏ အပျက်အစီးများကြား ကြွင်းကျန်ရစ်သော မရေမတွက်နိုင်သည့် ဓားစွမ်းအင်များသည် ဖန်ရင်ရှုံ၏ ဆင့်ခေါ်မှုကို တုံ့ပြန်လိုက်ကြပြီး စူးရှလှသော ဓားသံများကို တစ်ပြိုင်နက်တည်း ဟိန်းထွက်စေတော့သည်။

ထို့နောက်တွင်မူ ဓားပေါင်းတစ်သောင်းနီးပါးမှာ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ ဓားဦးဖျားများမှာ အောက်ဘက်သို့ ဦးတည်ထားကြပြီး တောက်ပလှသော ဓားအလင်းတန်း လှိုင်းကြီးတစ်ခုအဖြစ် လော့ချန်ဆီသို့ ရေတံခွန်ကြီးအလား ဆင်းသက်လာတော့သည်။

၎င်း၏ အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှသဖြင့် တုံ့ပြန်ရန်ပင် အချိန်မရချေ။ လော့ချန်မှာ ထိတ်လန့်ခြောက်ခြားသွားပြီး ‘အမလေး.... ငါတော့ သေပြီဟ’ ဟု တွေးလိုက်မိသည်။

ရုတ်တရက် သူ၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ ဓားပုံသဏ္ဌာန် တံဆိပ်ပြားတစ်ခုမှာ တောက်ပသော အလင်းတန်းများနှင့်အတူ လော့ချန်၏ ရှေ့တွင် အကာအကွယ်အဖြစ် ပေါ်ထွက်လာသည်။

"ဆရာ…."

လော့ချန် အသံကုန် အော်ဟစ်လိုက်သည်။ ထိုအော်သံမှာ သူ၏ လည်ချောင်းအတွင်းမှ အသည်းအသန်နှင့် အားကိုးတကြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုအသံကို တုံ့ပြန်သည့်အလား ကောင်းကင်ယံမှ ဆင်းသက်လာသော ဧရာမ ဓားအလင်းတန်း လှိုင်းကြီးမှာ လေထဲတွင် ရုတ်ချည်းပင် ရပ်တန့်သွားသည်။ ထို့နောက် ၎င်းမှာ ဘေးဘက်သို့ အနည်းငယ် ယိမ်းသွားပြီး လော့ချန်၏ ဘေးပတ်ပတ်လည်သို့သာ အရှိန်ဖြင့် စိုက်ဆင်းသွားတော့သည်။

ရှပ်.... ရှပ်.... ရှပ်....

နားကွဲမတတ် ပေါက်ကွဲသံကြီးများ ထွက်မလာခဲ့ပေ။ ထိုအစား ပဲပြားကို ဓားဖြင့် လှီးဖြတ်လိုက်သကဲ့သို့ အသံများသာ သူ၏ဘေးပတ်လည်တွင် ပဲ့တင်ထပ်သွားသည်။

လော့ချန်သည် အာခေါင်များ ခြောက်နေသည့်ကြားမှ တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။ ပြီးသည်နှင့် တပြိုင်နက် ထို ဓားအမှတ်တံဆိပ်ပြားကို အမြန်ပြန်သိမ်းလိုက်ကာ ရွှေရောင်အလင်းတန်းတစ်ခု အသွင်ပြောင်း၍ စင်္ကြံလမ်းကြားထဲသို့ တစ်ချိုးတည်း လစ်ပြေးတော့သည်။

ဖီးနစ်ကျတောင်အောက်ရှိ တစ္ဆေဘုရင်ကြီး တစ်ဖြစ်လဲ ဖန်ရင်ရှုံကြီးသည် သူ၏ လက်ညှိုးကို ဝေဝေဝါးဝါးဖြင့် ဖြည်းဖြည်းချင်း ပြန်ရုပ်လိုက်သည်။

"ဆရာ.... တပည့်.... "

သူ၏ တိုးညှင်းသော အသံသည် ဓားနှင့် ဆေးအိုးတို့၏ တစ်သားတည်း တုန်ခါမှုအောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

....

ဟူး…. ဟူး…. ဟူး....

လော့ချန်ထံမှ အသက်ရှူသံများမှာ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်နေသည်။ ဖီးနစ်ကျတောင်အောက်ရှိ သူ၏ ကျင့်ကြံရေးဂူ နေရာမှ ကျောက်ဖြူရင်ပြင်အထိမှာ မိုင်အနည်းငယ်မျှသာ ဝေးသော်လည်း သူသည် ဘဝတစ်ခုစာလောက် ရှည်လျားသော ခရီးကို နှင်ခဲ့ရသလို ခံစားနေရသည်။

ဓားပေါင်းတစ်သောင်း၏ တိုက်ခိုက်မှုအောက်တွင် သူ့စိတ်ထဲ၌ သေခါနီး မြင်တွေ့ရတတ်သည့် တစ်ဘဝစာပုံရိပ်ယောင်များ ဖြတ်ပြေးနေခဲ့သည်။ အကယ်၍ သူသာ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ်ကို ကျင့်ကြံပြီး ခိုင်မာသော သမာဓိအားကို တည်ဆောက်မထားခဲ့လျှင် ဒူးထောက် အရှုံးပေးကာ အသေခံမိပေလိမ့်မည်။

"ဟူး.... တော်ပါသေးရဲ့၊ ငါ့မှာ ဖန်ရင်ရှုံ ပေးခဲ့တဲ့ ဝိညာဥ်အမှတ်တံဆိပ်ပြား လေးရှိနေသေးလို့၊ အဲဒါလေးက ငါ့အသက်ကယ်ဆေး ဖြစ်နေမယ်လို့ ဘယ်သူ ထင်မှာလဲ" ဟု လော့ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။

"လန်ချန်းမြစ်ကမ်းပါးမှာတုန်းက ဖန်ရင်ရှုံရဲ့ ငါ့ကို တပည့် လို့ ခေါ်လိုက်သံက နားထဲမှာ ကြားယောင်နေတုန်းပဲ....”

“ဩော်…. ကျွန်တော်တို့ကြားမှာ ဆရာတပည့် ရေစက် မရှိခဲ့ရင်တောင် နောက်ဆုံးမှာတော့ ကျွန်တော် ခင်ဗျားကို ဆရာလို့ ခေါ်ခဲ့ပါတယ်"

လော့ချန် ခါးသီးစွာ ပြုံးလိုက်သည်။ ကံကြမ္မာ၏ အလှည့်အပြောင်းများနှင့် လူသားတို့၏ ကိစ္စရပ်များမှာ အမှန်တကယ်ပင် ဆန်းကြယ်လှပေသည်။

"တကယ်လို့ ကျွန်တော် ကျင့်ကြံဆင့်တွေ တက်လာပြီး တာအိုလမ်းစဉ်ရဲ့ လျှို့ဝှက်ချက်တွေကို ထိတွေ့နိုင်တဲ့ တစ်နေ့ကျရင် ခင်ဗျားကို ဒီဆင်းရဲတွင်းထဲကနေ လွတ်မြောက်အောင် ကူညီပါ့မယ်"

လော့ချန်သည် အသက်ရှူနှုန်းကို တည်ငြိမ်အောင် လုပ်ပြီးနောက် ရှေ့သို့ ဆက်လှမ်းရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် သူ၏ခန္ဓာကိုယ်သည် စူးရှပြီး စိတ်မသက်မသာ ဖြစ်စေသော အကြည့်တစ်ခုကို အာရုံခံမိလိုက်သည်။ သူ လှည့်ကြည့်လိုက်ရာ မှောင်မည်းစူးရှနေသော မျက်ဝန်းတစ်စုံသည် သူ့အား စူးစူးစိုက်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ မဟုတ်သေးပေ။ ပို၍ တိကျစွာ ပြောရလျှင် ထိုမျက်လုံးများသည် သူ၏ဘေးတွင် ဝဲပျံနေသော ရွှေရောင် ဓားအမြုတေကို စူးစိုက်ကြည့်နေခြင်း ဖြစ်သည်။

"ပြန်.... ပေး....”

"ငါ့ကို.... ပြန်.... ပေး....”

"ငါ့.... ကို.... ပြန်.... ပေး"

အစပိုင်းတွင် အသံမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော်လည်း ခဏချင်းအတွင်းမှာပင် ဒေါသတကြီး ဟိန်းဟောက်သံ ဖြစ်သွားတော့သည်။ သူသည် ကျောက်ဖြူရင်ပြင်မှ လေလွင့်အရိပ်မည်းကြီးကို မည်သူမှန်း အတတ်သိသွားသည်။

ဤတစ်ကြိမ်တွင်မူ လော့ချန် အနည်းငယ်မျှပင် တွန့်ဆုတ်မနေတော့ပေ။ ဓားအလင်းတန်းမှာ တောက်ပစွာ ပွင့်ထွက်လာသည်။

လီတာဆီမှ ရလာသော ဝိညာဉ်သန့်စင်အလံမှာလည်း အစွမ်းကုန် ပွင့်ထွက်လာတော့သည်။ လေးရောင်ခြယ်ဆေးအိုးကြီးမှာ ရုတ်တရက် ကြီးမားလာပြီး အရောင်လေးမျိုးရှိသော ဖဲကြိုးများမှာ ပတ်ဝန်းကျင် တစ်မိုင်ခန့်အထိ ဖြန့်ကျက်သွားသည်။ သူ၏ လက်ထဲတွင် တောက်ပလှသော နေမင်းတစ်စင်းမှာ ဖြည်းဖြည်းချင်း မြင့်တက်လာတော့သည်။

သို့လော သို့လော နားစွင့်နေကြသော မြို့ပြင်မှလူများ သတိမထားမိခင်မှာပင် တာဟဲတစ္ဆေမြို့ပျက်အတွင်း၌ ပြင်းထန်လှသော တိုက်ပွဲကြီးတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့သည်။

လော့ချန်သည် သူ့တွင်ရှိသမျှ နည်းလမ်းအားလုံးကို ထုတ်သုံးလိုက်သည်။ ခဏချင်းအတွင်းမှာပင် သူသည် တစ္ဆေဘုရင်အဖြစ် စတင် အသွင်ပြောင်းနေသော လော့ထျန်းဟုန်ကို အပြီးသတ်နှိမ်နင်းရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။

"ဒီမယ်.... မိတ်ဆွေဟောင်းကြီး၊ ကျွန်တော်နဲ့ ခင်ဗျားက ဘဝခြားသွားပြီလေ.... ဘာလို့ ဒီလောက်အထိ ဒုက္ခခံပြီး ကျွန်တော့်ကို လာနှောင့်ယှက်နေရတာလဲ၊ အရင်က လေးစားခဲ့ပေမယ့် အခုအခြေအနေမှာတော့ ညှာလို့မရတော့ဘူး"

လော့ချန်၏ မျက်လုံးများမှာ အေးစက်လှသော ခြိမ်းခြောက်မှုများဖြင့် တောက်ပနေပြီး သူသည် ဧရာမ မီးလုံးကြီးကို မြှောက်ကာ အောက်သို့ ပစ်ချလိုက်တော့သည်။

ဝုန်း....

ပေါက်ကွဲသံကြီး တစ်သံ မြို့ပျက်အတွင်း ပဲ့တင်ထပ်သွားသည်။

တဟုန်းဟုန်းတောက်လောင်နေသည့် ပူပြင်းလှသော မီးလျှံများသည် လှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်သွားသည်။ ဘေးပတ်ဝန်းကျင်ရှိ ယင်စွမ်းအင်များမှာ နေရောင်အောက်ရှိ နှင်းများအလား တရှဲရှဲမြည်ကာ အရည်ပျော်ကုန်ကြသည်။ တစ္ဆေစစ်သူကြီးအသွင် စပြောင်းနေသော ဝိညာဥ်အရိပ်မှာ ဝိညာဉ်သန့်စင်အလံ၏ ဆွဲငင်ခြင်းကို ခံထားရသလို လေးရောင်ခြယ် ဆေးအိုး၏ ဖိနှိပ်ခြင်းကိုလည်း ခံထားရလေရာ ပြန်လည်ခုခံရန် အင်အား မရှိတော့ပေ။

ဝုန်း….

လော့ချန်သည် လျင်မြန်စွာ ဆုတ်ခွာလိုက်ပြီး ကျောက်ဖြူရင်ပြင်၏ အစွန်းသို့ ရောက်ရှိသွားသည်။ သူသည် ပေါက်ကွဲမှုဖြစ်ပွားရာ ဗဟိုချက်မကို ကြည့်ရင်း နောက်ဆုံးတွင်မှ စိတ်အေးလက်အေး သက်ပြင်းတစ်ချက်ကို ချနိုင်တော့သည်။ စင်စစ်တွင်မူ ဖီးနစ်ကျတောင်အောက်ရှိ ဝိညာဉ်ကြောများကို အသုံးပြုကာ ကျင့်ကြံရန် ဆုံးဖြတ်စဉ်ကတည်းက သူ သေချာတွေးခဲ့သည်။ အကယ်၍ မလွှဲသာ မရှောင်သာ တစ္ဆေစစ်သူကြီးအဆင့်နှင့် ထိပ်တိုက်တွေ့လျှင် မည်သို့ ပြန်ရင်ဆိုင်ရမည်ကို သူ ကြိုစဉ်းစားထားခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် မကြာသေးခင်က ဖန်ရင်ရှုံအား မမျှော်လင့်ဘဲ တစ္ဆေဘုရင်ကြီးအဖြစ် တွေ့လိုက်ချိန်တွင်မူ သူကြိုစဥ်းစားခဲ့သည့် တန်ပြန်နည်းလမ်းများကို ခတ္တမေ့သွားခဲ့သည်ကိုတော့ ဝန်ခံရပေမည်။

နေမီးလျှံ မှော်အတတ်မှာ အထိရောက်ဆုံး နည်းစနစ်ဖြစ်သည်မှာ ငြင်းစရာမရှိပေ။ လော့ချန်သည် လေးရောင်ခြယ်ဆေးအိုး၏ ဖိနှိပ်မှုနှင့် စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို ခန့်မှန်းရခက်သော နာနာဘာဝများအား အာရုံလွှဲရန်အတွက် အသုံးပြုရန် စီစဉ်ထားခဲ့သည်။ သို့သော် စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ်မှာ အသုံးပြုသူကို တန်ပြန်ထိခိုက်စေနိုင်သဖြင့် အရေးပေါ် အခြေအနေမှလွဲ၍ အသုံးမပြုရန် ဆုံးဖြတ်ထားခဲ့သည်။

ကံကောင်းစွာဖြင့် သူသည် တစ္ဆေများကို ကိုင်တွယ်ရန် အထူးပြုလုပ်ထားသော ဝိညာဉ်သန့်စင်အလံကို ရရှိထားသဖြင့် ဤအားနည်းချက်မှာ ပြည့်စုံသွားခဲ့သည်။ ယခုအခါ သူ၏ တိုက်ခိုက်မှုမှာ ထိရောက်ကြောင်း သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ ပင်ပန်းကြီးစွာ ပြင်ဆင်မှုများမှာ အရာထင်ခဲ့ပြီဖြစ်သည်။ သူ့ဘေးတွင် ဝဲပျံနေသော ဓားအမြုတေကို ကြည့်ရင်း လော့ချန် သက်ပြင်းထပ်ချလိုက်သည်။

"ဟူး.... ငါ အထင်မမှားဘူးဆိုရင် ဒီဓားအမြုတေဟာ လော့ထျန်းဟုန် တန်ဖိုးအထားရဆုံး လက်နက်ဖြစ်မယ်.... အေးပေါ့လေ…. သူ ဒါကို ဆယ်စုနှစ်လောက် ပျိုးထောင်ခဲ့တာပဲ”

“တကယ်လို့ သူသာ အသက်ရှင်နေသေးရင် ရွှေအမြုတေအဆင့်ကို ရောက်တဲ့ တစ်နေ့ ဒီဓားအမြုတေက အသက်သွေးကြော မှော်ရတနာ ဖြစ်လာမှာ ကျိန်းသေပဲ၊ ဒါကြောင့်လည်း သူ ဒါကို မြင်မြင်ချင်း ပြန်ရဖို့ ဒီလောက်အထိ အသည်းအသန် ဖြစ်နေတာပဲ"

လော့ချန် ထိုသို့ ကောက်ချက်ချလိုက်သည်။ ထို့နောက် ဓားအမြုတေကို သိမ်းလိုက်ပြီး ချီစွမ်းအားများကို ပြန်လည်ထိန်းညှိကာ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် သူ လှည့်မထွက်ခင် နောက်ဆုံးပြန်ကြည့်ခိုက်တွင်မူ မျက်နှာထားတင်းသွားသည်။

အကြောင်းမူ ရင်ပြင်ကျယ်၏ အလယ်ဗဟိုရှိ ဧရာမ ချိုင့်ခွက်ကြီးအတွင်း၌ လော့ထျန်းဟုန်၏ စုတ်ပြတ်သတ်နေသော တစ္ဆေကိုယ်ထည်ကြီးမှာ တဖြည်းဖြည်း အရည်ပျော်နေသည်။ သို့သော် ရင်ဘတ်နေရာ အလယ်တည့်တည့်တွင် ဝိညာဥ်ချုပ် နယ်ရုပ်တစ်ခုသည် မှိန်ဖျော့သော အလင်းရောင်တစ်ခု ထုတ်လွှတ်နေပြီး သူ၏တစ္ဆေကိုယ်ထည် ပျက်စီးသွားခြင်းကို တားဆီးပေးနေသည်။ ဖယ်ရှားလိုက်သော ယင်ဓာတ်ခံ အမှောင်စွမ်းအင်များမှာလည်း တဖြည်းဖြည်း ပြန်ဝင်နေသည်။ အဓိပ္ပာယ်မှာ ထိုနယ်ရုပ်သည် လော့ထျန်းဟုန်၏ တစ္ဆေကိုယ်ထည်ကို ပြန်လည် အသက်သွင်းနေခြင်းပင်ဖြစ်သည်။

ခဏချင်းအတွင်းမှာပင် တစ္ဆေကိုယ်ထည်သည် စတင် အသက်ဝင်လာပုံ ရသည်။

"ဟမ်.... ဒါက ဘာလဲဟ"

လော့ချန် အံ့သြတကြီးဖြင့် မျက်ခုံးပင့်လိုက်မိသည်။

တစ်ချိန်တည်းမှာပင် လော့ထျန်းဟုန်သည် မျက်လုံးများ ပြန်ပွင့်လာပြီး လော့ချန်အား အငြိုးတကြီး စိုက်ကြည့်နေပြန်သည်။ လော့ချန် ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီး ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။

ထိုအခိုက်မှာပင် လော့ထျန်းဟုန်သည် ချောက်ချားဖွယ် ညည်းတွားသံကြီးနှင့်အတူ လော့ချန်၏ အနောက်သို့ လိုက်လံတိုက်ခိုက်တော့သည်။ ထိုနာနာဘာဝကြီးသည် ကျောက်ဖြူရင်ပြင်ကျယ်၏ အစွန်း အပြင်ဘက်နားသို့ ရောက်သောအခါ ခဏတာ တွန့်ဆုတ်သွားသော်လည်း လော့ချန်၏ အရိပ်ဘေးမှ ရွှေရောင်အလင်းတန်းကို မြင်လိုက်သောအခါ ဒေါသတကြီး အသည်းအသန် ထပ်မံလိုက်လာတော့သည်။

လော့ချန်သည် လှည့်ထွက်ပျံသန်းနေစဉ်အတွင်း သူ၏ ဝိညာဉ်အာရုံကို အနောက်ဘက်မှ လှုပ်ရှားမှုများဆီသို့ အာရုံဖြန့်ကျက်ထားသည်။ သူ့အထင်အတိုင်း လော့ထျန်းဟုန်တစ္ဆေကြီး ကပ်လိုက်လာသည်ကို မြင်ရသောအခါ စိတ်သက်သာရာ ရလာသည်။

“အင်း.... ငါ ထင်တဲ့အတိုင်းမှန်နေပြီ၊ သူ့ အစွဲက ကျောက်စိမ်းအိုးဓားဂိုဏ်းအပိုင်တွေကို စောင့်ရှောက်ဖို့တင် မဟုတ်ဘူး၊ သူ့အသက်တမျှ တန်ဖိုးထားတဲ့ဓားအမြုတေကို ပြန်ရချင်နေတာပဲ.... ဓားအမြုတေကို ငါးစာအဖြစ်သုံးပြီး သူ့အပိုင် ကျောက်ဖြူရင်ပြင်ကနေ ခပ်ဝေးဝေးကို ခေါ်ထုတ်သွားမယ်.... ”

“အပြင်ရောက်တာနဲ့ သူက ငါ့လက်ခုပ်ထဲက ရေပဲ ဖြစ်ပြီ.... အဲ့ဒီ ရတနာကိုတော့... ငါ ရအောင် ယူရမယ်”

“လောလောဆယ် ဘေးကင်းတဲ့ နေရာတစ်ခုကို အရင်သွားဖို့ လိုဦးမယ်”

ဤအတွေးများ သူ၏စိတ်ထဲတွင် ဖြတ်သန်းသွားသည်နှင့်အမျှ လော့ချန်၏အရိပ်မှာ လေထဲတွင် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် သူသည် လမ်းကြားလေးများအတွင်းသို့ ကိုယ်ယောင်ဖျောက်ကာ ဝင်ရောက်သွားတော့သည်။ သူကိုယ်ယောင်ပျောက်သွားသည်နှင့် လော့ထျန်းဟုန် တစ်ဖြစ်လဲ တစ္ဆေစစ်သူကြီးသည် တွန့်ဆုတ်နေဟန် ခဏတာ ရပ်တန့်သွားသည်။ ထို့နောက် အနံ့ခံကာ လော့ချန် သွားရာလမ်းကြားတစ်လျှောက် ကောက်ကောက်ပါအောင် လိုက်သွားတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၉၂) - ဝိညာဥ်ချုပ်နယ်ရုပ်နှင့် ကျိန်စာသင့်ဝိညာဥ်နိုးထလာခြင်း

လက်ဖက်ရည်တစ်ခွက်စာမျှ အချိန်ကုန်လွန်ပြီးနောက် လော့ချန်သည် မြင့်မားသောအဆောက်အဦးတစ်ခု၏ အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။ သူနှင့် မစိမ်းသော ထို အဆောက်အအုံထဲသို့ မတွေမဝေ တန်းဝင်သွားလိုက်သည်။

ခဏအကြာတွင် တစ္ဆေစစ်သူကြီး လော့ထျန်းဟုန် ရောက်ရှိလာပြီး အတွင်းထဲသို့ ဇွတ်လိုက်ဝင်သွားလေသည်။

ထိုပုံရိပ်နှစ်ခု ပျောက်ကွယ်သွားမှသာ ထိုအဆောက်အအုံအနီးတစ်ဝိုက်ရှိ လေလွင့်တစ္ဆေငယ်တစ်သိုက် တဖြည်းဖြည်း ပြန်လည်စုရုံးလာကြသည်။ အကယ်၍ ထိုတစ္ဆေငယ်များသာ အပေါ်သို့ မော့ကြည့်လိုက်မည်ဆိုပါက အဆောက်အဦးအပြင်ဘက်တွင် ချိတ်ဆွဲထားသော ရွဲ့စောင်းနေသည့် ‘ဝိညာဉ်ဆေးနန်းဆောင်’ ဟူသော ခပ်မှိန်မှန် ကမ္ပည်းစာတန်းတစ်ခုကို မြင်တွေ့ရပေလိမ့်မည်။

တာဟဲတစ္ဆေမြို့ပျက်ကြီးအတွင်း၌ ဘေးကင်းသည်ဟု ယူဆနိုင်သော အလုံခြုံဆုံး နေရာများ ရှိမည်ဆိုပါက ဂိုဏ်းကြီးငါးခု၏ ဆိုင်များပင် ဖြစ်ပေလိမ့်မည်။ မြို့တွင်း၌ တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့စဉ်က ထိုဂိုဏ်ကြီးများ၏ ဆိုင်များတစ်ဝိုက်ရှိ ကျင့်ကြံသူများသာ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုနေရာများသည် မြို့၏ အခြားနေရာများနှင့် နှိုင်းယှဉ်လျှင် ပျက်စီးဆုံးရှုံးမှု အနည်းဆုံး ဖြစ်ခဲ့သည်။ ၎င်းတို့အနက် ဝိညာဉ်ဆေးနန်းဆောင်မှာ လော့ချန် အကျွမ်းကျင်ဆုံးသော နေရာပင် ဖြစ်သည်။

တစ္ဆေစစ်သူကြီး လော့ထျန်းဟုန်သည် ဝိညာဉ်ဆေးနန်းဆောင်အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မြူခိုးငွေ့များ ရုတ်တရက် နေရာအနှံ့ ပျံ့လာသည်။ တစ်ဆောင်လုံးသည် အဖြူရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေလေရာ ရှောင်ဟွမ်းတောင်ထွတ်ရှိ မြူထူထူများနှင့်ပင် ဆင်တူလှသည်။ မြူခိုးများ ကျယ်ပြန့်လာသည်နှင့်အမျှ တစ္ဆေစစ်သူကြီး၏ မျက်လုံးများသည် ဝေဝေဝါးဝါး ဖြစ်လာသည်။ သူ သဲကြီးမဲကြီး ခြေရာခံလာခဲ့သည့် အရာကို အာရုံမရတော့ချေ။

သူလိုက်နေသော သားကောင်အား ရုတ်တရက် ခြေရာခံမရတော့သဖြင့် ဒေါသတကြီးဖြင့် ကမူးရှူးထိုးဖြစ်လာကာ ဆေးနန်းဆောင်အတွင်းရှိ အရာအားလုံးကို ရမ်းသန်းဖျက်ဆီးတော့သည်။ ဒုတိယထပ်တွင် ချောင်းကြည့်နေသော လော့ချန်သည် ဤမြင်ကွင်းကို မြင်ရမှ သက်ပြင်းတစ်ချက်ကို တိတ်တဆိတ်ချလိုက်မိသည်။

ရှောင်ဟွမ်းတောင်ထိပ်မှ ဤအစီအရင်သည် တိုက်ခိုက်ရေး သို့မဟုတ် ခုခံရေးတွင် သိပ်မစွမ်းသော်လည်း ရန်သူကို လမ်းမှားစေခြင်းနှင့် အာရုံခံမှုကို ခြေရာဖျောက်ရာတွင်မူ ပထမအဆင့် အစီအရင်တစ်ခု၏ အစွမ်းနှင့် ရင်ပေါင်တန်းနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ အမျှော်အမြင်ကြီးလှသော တွမ်မျိုးနွယ်စုဝင်များ၏ လျှို့ဝှက်တားမြစ်နယ်မြေကို စောင့်ရှောက်ရန် အသုံးပြုခဲ့သော အစီအရင် ဖြစ်လေရာ ဆန်းကြယ်သော အစွမ်းရှိခြင်းမှာ အထူးဆန်းမဟုတ်ပေ။

သူဆင်ထားသော ထောင်ချောက်ထဲ လော့ထျန်းဟုန် မိနေသည်နှင့် တပြိုင်နက် လော့ချန် အချိန်မဆွဲဘဲ စတင်လှုပ်ရှားတော့သည်။ မြူဖြူဖုံးခြင်း ဟု အမည်ရသော ဤအစီအရင်ကို အလျင်စလို ခင်းကျင်းလိုက်ရသဖြင့် လော့ထျန်းဟုန်ကို ကြာရှည်ထိန်းထားနိုင်မည် မဟုတ်ပေ။ ရရှိထားသော အချိန်တိုအတွင်း သူ ရှိသမျှ အစွမ်းကုန် ထုတ်သုံးရမည် ဖြစ်သည်။

သို့နှင့် ဝိညာဉ်သန့်စင်အလံမှာ အသံကျယ်ကြီးနှင့်အတူ ပွင့်ထွက်လာသည်။ စိတ်ဝိညာဉ်သန့်စင်ခြင်း အမှန်တရားကျမ်းမှ ညွှန်ကြားချက်များအတိုင်း လော့ချန်သည် မှော်မန္တန်များကို ဆက်တိုက် ရွတ်ဆိုတော့သည်။ အစပိုင်းတွင် အနည်းငယ် ထစ်ငေါ့နေသော်လည်း မန္တန်တစ်ခုပြီးတိုင်း သူ ပိုမိုကျွမ်းကျင်လာခဲ့သည်။

မကြာမီမှာပင် ဝိညာဉ်သန့်စင်အလံ၏ အနက်ရောင်အလံစမှာ လေမတိုက်ဘဲ လွင့်ပျံလာကာ မရဏတံတိုင်းကြီးတစ်ခုသဖွယ် ကာဆီးထားသည့် အမှောင်ထုကြီးမှာ ဖြည်းဖြည်းချင်း ပွင့်ထွက်လာသည်။ ထိုမဟူရာတံတိုင်းကြီးနောက်မှ အဆုံးမရှိသော ငိုကြွေးသံ၊ ဟိန်းဟောက်သံများနှင့်အတူ ဝေ့ဝဲနေသော ယင်ဓာတ်အမှောင်စွမ်းအင်များအား လော့ချန် မြင်နေကြားနေရသည်။

ထိုအထဲမှ ချီသန့်စင် နောက်ဆုံးအဆင့်နှင့် ညီမျှသော အစွမ်းရှိသည့် တစ္ဆေစစ်သည် တစ်ဒါဇင်ကျော်ခန့်သည် အပြင်သို့ ထွက်လာကာ လော့ချန်၏ဘေးတွင် အငမ်းမရ သွေးဆာနေသော အရိပ်အယောင်များဖြင့် ဝဲပျံနေကြသည်။ လော့ချန်၏ အနီးသို့ ရောက်လာတိုင်း သူတို့သည် ဗီဇစိတ်အရ တိုက်ခိုက်ရန် ဟန်ပြင်ကြသည်။ သို့သော် ဝိညာဉ်သန့်စင်အလံ၏ အရှင်သခင်ဖြစ်သူအား တစ္ဆေဝိညာဉ်များက မည်သို့ ဆန့်ကျင်နိုင်ပါမည်နည်း။ ထိုတစ်သိုက် သူ့အနားမကပ်နိုင်ခင်မှာပင် အနက်ရောင် ယင်စွမ်းအင် သံကြိုးများ အလိုလို ထွက်လာပြီး သူတို့အား အမှောင်ထုကြီးအတွင်းသို့ ပြန်ဆွဲခေါ်သွားသည်။ အကြိမ်ကြိမ် ဆွဲခေါ်ခံနေရသော ထိုတစ္ဆေစစ်သည်များသည် လော့ချန်အနားသို့ မကပ်ရဲကြတော့ချေ။

‘အေး ဟုတ်ပြီ.... ဒီလောက်ဆို ဝိညာဉ်သန့်စင်အလံရဲ့ အစွမ်းအပြည့်အဝ အသက်ဝင်လာတာပဲ၊ နောက်တစ်ဆင့်အနေနဲ့ လော့ထျန်းဟုန်ကို ဒီအတွင်းထဲကို ငါးစာချ ခေါ်ဖို့ပဲကျန်တယ်’

အခြေအနေ အချိန်အခါအရ သူ့တွက်ကိန်းမှန်သလောက် ရှိနေပြီဖြစ်သည်။ သူ့အစီအစဥ်အရ ဝိညာဉ်ဆေးနန်းဆောင်ကို ဖုံးလွှမ်းထားသော ထူထပ်သည့် မြူခိုးများမှာ တဖြည်းဖြည်း ကွယ်ပျောက် ပျယ်လွင့်သွားကြသည်။ ထိုအခါ တစ္ဆေစစ်သူကြီး လော့ထျန်းဟုန်သည် ဝေခွဲမရဘဲ ရပ်တန့်သွားသည်။ ထို့နောက် မြင်ကွင်းမှာ ရှင်းလင်းလာကာ ဒုတိယထပ်မှ လော့ချန်ကို မြင်သွားသည်နှင့် အသည်းအသန် တန်းခုန်တက်လာတော့သည်။

ဟူး....

အသက်ရှူသံပြင်းပြင်းကြီးနှင့်အတူ တစ္ဆေစစ်သူကြီး လော့ထျန်းဟုန်သည် ဒုတိယထပ်သို့ ဝုန်းခနဲ ခြေချလိုက်သည်။ ထိုအခိုက် တစ္ဆေစစ်သည် ဆယ်ဦးခန့် သူ့ထံသို့ ကမူးရှူးထိုး တိုးဝင်လာကြသည်။ လော့ထျန်းဟုန်သည် ဒေါသတကြီး ခြောက်ကပ်ကပ်အသံနက်ကြီးဖြင့် ဟောက်လိုက်ပြီး အဆင့်မြင့်သူတဦး၏ အရှိန်အဝါဖြင့် သူ့ထက်အဆင့်နိမ့်သော တစ္ဆေများကို ဖိနှိပ်ရန် ဗီဇအရ ကြိုးစားလိုက်သည်။ သို့သော် သူမသိသည်ကား ထိုတစ္ဆေစစ်သည်များသည် ဝိညာဉ်သန့်စင်အလံဖြင့် သန့်စင်ပြီး ဖြစ်သဖြင့် လော့ချန်တစ်ဦးတည်း၏ အမိန့်ကိုသာ နာခံမည့်သူများ ဖြစ်သည်။

မကြောက်မရွံ့ရှေ့တိုးလာသော တစ္ဆေစစ်သည်တော်များကို ကြည့်ရင်း လော့ထျန်းဟုန်မှာ မယုံကြည်နိုင်ဟန်ဖြင့် ဆွံ့အသွားသည်။ ဤတစ္ဆေဝိညာဉ်များသည် တစ္ဆေစစ်သူကြီးတစ်ဦး၏ မာန်မဲမှုကို ဥပေက္ခာပြုလိမ့်မည်ဟု သူ မတွက်ဆမိခဲ့ပေ။

‘ဂုတ်’ ဆိုသည့် အသံနှင့်အတူ သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ တစ္ဆေစစ်သည်တစ်ဦးက သူ၏ပေါင်ကို အငမ်းမရ ခဲနေသည်ကို မြင်လိုက်ရသည်။ ထိုတစ္ဆေ၏ ခြေလက်များမှာ အသားမျှင်များမရှိဘဲ သိပ်သည်းလှသော ယင်စွမ်းအင်များဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။

ဗုန်း.... ဗုန်း....

သူ့ လက်ဝါးဖြင့် ခပ်ပေါ့ပေါ့ ရိုက်ချလိုက်ရုံနှင့် ထိုတစ္ဆေစစ်သည်မှာ မြူခိုးအစအနများအဖြစ် လွယ်ကူစွာ ပျက်စီးသွားသည်။ သို့သော် ခဏအကြာတွင် ထိုဝိညာဉ်သည်ပင် အဝေးတစ်နေရာ၌ ထပ်ပေါ်လာပြန်သည်။ အကြောင်းမူ ဝိညာဉ်သန့်စင်အလံအတွင်း၌ အရှင်သခင်၏ စိတ်ဝိညာဉ်စွမ်းအား စီးဆင်းနေသရွေ့ ဤတစ္ဆေများသည် မသေနိုင်၊ မပျက်စီးနိုင်သော ထာဝရအရာများပင် ဖြစ်သည်။

ခဏချင်းအတွင်းမှာပင် တစ္ဆေအရိပ် ဒါဇင်ပေါင်းများစွာမှာ ရဲရဲတင်းတင်း လော့ထျန်းဟုန်ထံသို့ တစ်သုတ်ပြီးတစ်သုတ် တိုက်ခိုက်တော့သည်။ အမှောင်ထုအတွင်းဘက်မှ အသံနက်နက် ဟိန်းဟောက်သံများနှင့်အတူ ဒေါသတကြီး ကြုံးဝါးသံများမှာ ပဲ့တင်ထပ်လျက်ရှိသည်။ ထိုအမှောင်လောကသားများကို ကြည့်နေသော လော့ချန်၏ စိမ်းဖန့်ဖန့် မျက်လုံးများမှာလည်း စူးရှထက်မြက်နေလေသည်။

"အိမ်း.... ဒီတစ္ဆေစစ်သည် တစ်သိုက်နဲ့တော့ မရလောက်သေးဘူး"

သူ ညာလက်ကို ခါယမ်းလိုက်သည်နှင့် သံကြိုးတစ်ချောင်းမှာ ပစ်ထွက်သွားပြီး လော့ထျန်းဟုန်၏ ပုခုံးရိုးကို ထိုးဖောက်သွားသည်။ သို့သော် လော့ချန် အားမရသေးပေ။

“မရသေးဘူး.... ဒီလောက်နဲ့မရသေးဘူး”

“ကဲ.... ရုန်း.... စမ်း”

“ရုန်းနိုင်ရင် ရုန်းစမ်း…."

လော့ချန်သည် ထိုသို့အော်ဟစ်နေရင်း လက်မှလည်း ယင်စွမ်းအင်သံကြိုးများကို တရစပ် ပစ်လွှတ်လိုက်သည်။ မကြာမီမှာပင် ဧရာမ သံကြိုးကြီး ကိုးချောင်းမှာ တစ္ဆေစစ်သူကြီး လော့ထျန်းဟုန်အား အရပ်လေးမျက်နှာမှ ပိတ်ဆို့ကာ တင်းတင်းကျပ်ကျပ် ရစ်ပတ်ချုပ်နှောင်ထားတော့သည်။ ယခုအခါတွင် လော့ထျန်းဟုန်သည် ခြေတစ်လှမ ရုန်းကန်နေရပြီ ဖြစ်သည်။ တစ္ဆေရန်သူ ဒါဇင်ပေါင်းများစွာ၏ ဝိုင်းဝန်းကိုက်ခဲမှုနှင့် သံကြိုးကိုးချောင်း၏ ချည်နှောင်မှုအောက်တွင် ရှိနေသော်လည်း သူ၏ ခြေလှမ်းများမှာ ခိုင်မာမြဲမြံနေဆဲပင်။

ဇောကပ်နေသော လော့ထျန်းဟုန်သည် မမြင်ရသော စွမ်းအားတစ်ခု၏ ဆွဲဆောင်မှုကြောင့် အခန်းငယ်တစ်ခု၏ ရှေ့သို့ ရောက်သည်အထိ တစ်လှမ်းချင်း ဒယိမ်းဒယိုင် လျှောက်လာခဲ့သည်။

ကျွီ....

ဟောင်းနွမ်းဆွေးမြှေ့နေသော သစ်သားတံခါးမှာ စူးရှသော အသံနှင့်အတူ ပွင့်သွားသည်။ ထိုခဏ၌ စိမ်းဖန့်ဖန့် တောက်ပနေသော မျက်လုံးတစ်စုံက သူ့အား စိုက်ကြည့်လိုက်သည်။

"ပြန်.... ပေး....”

“ငါ့.... ဟာ.... ပြန်.... ပေး....”

"ဟဲဟဲ…. မပေးနိုင်ပါဘူးဗျာ....”

လော့ချန်က အပြုံးနုနုလေးဖြင့် ဆိုလိုက်သည်။

"ဓားအမြုတေကို ကျွန်တော် သန့်စင်ပြီးသွားပြီလေ၊ အဲဒါက ခင်ဗျားအပိုင် မဟုတ်တော့ဘူးဗျ.... စိတ်လျှော့လိုက်ပါတော့ အစ်ကိုကြီးရာ”

ထိုသို့ပြောလိုက်ပြီးနောက် သူသည် စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို အစွမ်းကုန် ထုတ်သုံးလိုက်တော့သည်။ ဤသည်မှာ သူ အခြေခံအဆင့်တွင် ရှိစဉ်က မျက်လုံးချင်းဆုံမှ သုံးနိုင်သော အဆင့်နိမ့်နည်းလမ်း မဟုတ်တော့ပေ။ ဤတစ်ကြိမ်တွင်မူ သူ၏ စိတ်ဝိညာဉ်အာရုံကို အစွမ်းကုန် ထုတ်သုံးကာ စိတ်စွမ်းအား သက်သက်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်။ သူ၏ ကြီးမားလှသော စိတ်ဝိညာဉ်အခြေခံမှာ အတားအဆီးမရှိဘဲ ပြင်းထန်လှသော ဖိအားအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။

အကယ်၍ တစ္ဆေစစ်သူကြီး လော့ထျန်းဟုန်သာ လူသားဘဝတွင် ရှိနေသေးပါက ယခုကဲ့သို့ သူ၏ ဓားအမြုတေအား ယူမည်မဟုတ်၊ သူလေးစားသော အကြီးအကဲတစ်ဦးအားလည်း ပြန်တိုက်ခိုက်နေစရာ အကြောင်းမရှိပေ။ ယခုကဲ့သို့ ချီစွမ်းအားသုံးသော တိုက်ရိုက် တိုက်ခိုက်မှုမျိုး လုပ်မည့် စိတ်ကူးစိုးစိမျှရှိမည် မဟုတ်ပေ။ ထိုသို့တိုက်ခိုက်လျှင်လည်း လူသား လော့ထျန်းဟုန်သည် သူ့ဂိုဏ်းမှ လျှို့ဝှက်အတတ်များဖြင့် ပြန်တိုက်ခိုက်၍ လော့ချန် ရှုံးမည်မှာ သေချာသလောက်ရှိလေသည်။ ထိုမျှသာမက စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်သည် တိုက်ခိုက်ခံရသူမှ တန်ပြန်တိုက်ကွက် သုံးပါက အကျိုးဆက်မှာ သေစေနိုင်သည်အထိ ဖြစ်နိုင်သည်။

သို့သော် ယခု သူ၏ရှေ့တွင် ရှိနေသော လော့ထျန်းဟုန်မှာ လူသားမဟုတ်တော့ဘဲ တစ္ဆေတစ်ကောင်သာ ဖြစ်သည်။ အစွဲအလမ်းများဖြင့် မကျွတ်မလွတ်သည်လား၊ တစ်စုံတစ်ဦးမှ ကြိုးကိုင်ခြယ်လှယ် ထားသည်လား မသဲကွဲသော်လည်း လော့ထျန်းဟုန်သည် တစ္ဆေသရဲဘဝဖြင့် မြို့ပျက်ကြီးထဲ သံသရာဆက်လည်နေ၍လည်း သူ့အဖို့ ထူးကောင်းလာစရာမရှိပေ။ တွေးကြည့်ရုံဖြင့်ပင် သံဝေဂရစရာ ကောင်းသလို အလွန်အမင်း သနားစရာလည်း ကောင်းနေသည်။ လော့ချန်မချေမှုန်းလျှင်လည်း အခြား တစ်ဦး တစ်ချိန်ချိန်တွင် ကျိန်းသေ ချေမှုန်းလိမ့်မည်။ ယခုမူ လော့ထျန်းဟုန်သည် နေမီးလျှံ အတတ်ဖြင့် တိုက်ရိုက် အပစ်ခံထားရသဖြင့် ပြန်လည်နာလန်ထူရန် ရုန်းကန်နေရသည့်အပြင် ဝိညာဉ်သန့်စင်အလံ အစွမ်း၌ ပိတ်မိနေပြီး အင်အား တစတစ လျော့နေသည်။

ဤအချိန်သည် လော့ထျန်းဟုန်၏ အားအနည်းဆုံး အချိန်ပင် ဖြစ်သည်။ အချိန်ဆွဲနေရန်မသင့်တော့ပေ။

“ကိုင်း.... တစ္ဆေစစ်သူကြီး နားထောင်စမ်း၊ ခင်ဗျားရဲ့ ဝိညာဉ်ကို ကျုပ်စိတ်အလိုအတိုင်း စီရင်မယ်”

“ဒီနေ့ကစပြီး.... ခင်ဗျားကံကြမ္မာနဲ့ ဝိညာဥ်ဟာ ကျုပ် အမိန့်အာဏာစက်အောက် ရောက်ပြီ”

“ကိုင်းကွာ.... လာ.... လေ.... ရော့.... ”

ချီစွမ်းအင် အပြည့်ပါသော စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်သည် လော့ထျန်းဟုန်ထံသို့ အရှိန်ပြင်းပြင်း ကျရောက်သွားသည်။ ထိုခဏ၌ လော့ချန်၏ စိတ်တွင် တစ်ဖက်လူ၏ သေခြင်းနှင့် ရှင်ခြင်းမှာ မိမိ၏ လက်ခုပ်ထဲ၌သာ ရှိသည်ဟူသော ယုံကြည်ချက်တစ်ခုသာ ရှိနေလေသည်။

တံခါးဝတွင် လော့ထျန်းဟုန်သည် ဒူးထောက်လျက်သား ဝုန်းခနဲ ကျသွားသည်။ သူ့ကိုယ်သူ ဝေဝေဝါးဝါးကြည့်နေရင်နှင့်ပင် သူ၏ တစ္ဆေစစ်သူကြီး ကိုယ်ထည်ကြီးမှာ ဖြည်းဖြည်းချင်း နိမ့်သထက် နိမ့်ဆင်းလာပြီး အောက်ခြေတွင် ဝပ်ဆင်းသွားတော့သည်။ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ လော့ချန်သည် တွန့်ဆုတ်မနေတော့ဘဲ အစီအရင်လက်ကွက်တစ်ခုကို ဖော်‌ဆောင်လိုက်သည်။

"ချိတ်ပိတ်စေ” ဟူသော အော်ဟစ်သံနှင့်အတူ သံကြိုးကိုးချောင်းသည် ချက်ချင်း ပိုတင်းကြပ်သွားသည်။ တရစပ်တည်းပင် လော့ထျန်းဟုန်တစ္ဆေကောင်ကြီးအား ဝိညာဉ်သန့်စင်အလံ၏ အလယ်ရှိ ခပ်ဟဟ ပွင့်နေသော မရဏတံတိုင်း အမှောင်ထုကြီးအတွင်းသို့ ဆွဲခေါ်သွားတော့သည်။

အဖြစ်အပျက်များ ပြီးဆုံးသွားချိန်တွင် လော့ချန် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ လက်တစ်ချက် ခါလိုက်ရုံဖြင့် အလံမှာ သူ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။ သူ၏ အကြည့်မှာ အလံ၏ မျက်နှာပြင်ပေါ်သို့ ရောက်သွားရာ လှိုင်းထနေသော အနက်ရောင် အဝတ်စပေါ်တွင် ကြောက်မက်ဖွယ်မျက်နှာတစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ အလွန်အမင်းနာကျည်းမှုကြောင့် တွန့်လိမ်နေပြီး မကျွတ်လွတ်နိုင်သော အစွဲအလမ်းများ ပြည့်နှက်နေသော ထိုမျက်နှာကြီးသည် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။

ဤသို့ဖြင့် သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ပေါင်တန်း တိုက်ခိုက်နိုင်သည့် တစ္ဆေစစ်သူကြီးကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုမျှတင်မကသေးဘဲ ဝိညာဉ်သန့်စင်အလံ၏ အရည်အသွေးမှာလည်း မြင့်တက်လာပြီး အဆင့်မြင့် မှော်လက်နက်မှသည် ထိပ်တန်းအဆင့် မှော်လက်နက် အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သို့သော် အလံထဲမှ တစ္ဆေစစ်သူကြီးအား သူ့လက်သူ့ခြေကဲ့သို့ အမိန့်ပေးနိုင်ရန်မှာမူ ဤမျှလောက်နှင့် မလုံလောက်နိုင်သေးပေ။ တစ္ဆေစစ်သည်များပင်လျှင် ထိန်းချုပ်မှု လျော့ရဲသွားသည်နှင့် အရှင်သခင်အား ပြန်လည်တိုက်ခိုက်ရန် ကြိုးစားတတ်လေရာ တစ္ဆေစစ်သူကြီး ဆိုပါက ပြောနေစရာပင် မလိုတော့ချေ။ အတော်တော့ အချိန်ယူရပေလိမ့်မည်။ အထူးသဖြင့် အစွဲကြီးကာ အစွမ်းထက်သော ဝိညာဉ်၏ အလိုဆန္ဒကို ချိုးနှိမ်ရန်မှာ များစွာ အားထုတ်ရဦးမည် ဖြစ်သည်။

သို့သော် လော့ချန်မှာ ထိုအချက်ကို ဂရုမစိုက်ပေ။ သူ တကယ် လိုချင်နေသည့်အရာမှာ အခြားတစ်ခု ဖြစ်သည်။ သူသည် စိတ်ဝိညာဥ်အား ဝိညာဉ်သန့်စင်အလံအတွင်းသို့ ထိုးဖောက်ဝင်ရောက်စေကာ တစ္ဆေစစ်သူကြီး၏ ကိုယ်ထည်တွင် တစ်စုံတစ်ခုကို ရှာဖွေတော့သည်။ မကြာမီမှာပင် သူ ရှာဖွေနေသော အရာကို တွေ့ရှိသွားခဲ့သည်။

"ထွက်လာစမ်း" ဟူသော အမိန့်သံနှင့်အတူ ဝိညာဥ်ချုပ် နယ်ရုပ်လေးတစ်ခုသည် လေထဲသို့ ဖြည်းဖြည်းချင်း လွင့်ပျံလာသည်။ ထိုအရာကို ကြည့်ရင်း လော့ချန်၏ အသက်ရှူသံမှာ မြန်ဆန်ကာ မတည်မငြိမ် ဖြစ်လာတော့သည်။ ထိုဝိညာဥ်ချုပ် နယ်ရုပ်အား လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း လော့ချန် တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။

"ဟိုက်.... ငါ ထင်တဲ့အတိုင်းပါပဲလား၊ ဒါက မှော်ရတနာတစ်ခုပဲ”

ဇာတ်ကြောင်းပြန်ရသော် လွန်ခဲ့သော နှစ်များက အရှေ့ပိုင်းလွင်ပြင်ရှိ အနက်ရှိုင်းဆုံးတစ်နေရာတွင် ရွှေအမြုတေ ဂူသင်္ချိုင်းကြီး ပွင့်ခဲ့စဉ်က ဖြစ်သည်။ ပထမဆုံး ရောက်ရှိသွားသူမှာ ဖန်ရင်ရှုံ ဖြစ်ပြီး သူသည် ဂူအတွင်းသို့ ဝင်ရောက်ကာ ရတနာများကို ရယူခဲ့သည်။ မကြာမီမှာပင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြားသည်လည်း ရသမျှအင်အားကို စုစည်းကာ ကျန်ရှိနေသော အဖိုးတန်ရတနာများကို ရလိုရငြား ရှာဖွေရန် ဝင်ရောက်ခဲ့ကြသည်။ မီရှုဟွာသည်ပင် နတ်တစ္ဆေတောင်ကြားဂိုဏ်း၏ အကြီးအကဲပိုင်ဆိုင်ခဲ့သော သိုလှောင်လက်စွပ်ကို ရရှိကာ အောင်နိုင်သူအဖြစ် ထွက်ခွာသွားခဲ့သည်။ သို့သော် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ထိုလက်စွပ်အတွင်း၌ ဂိုဏ်း၏ အဖိုးတန်မှော်ရတနာများစွာ ရှိမနေဘဲ အနည်းငယ်သာ ကျန်ရှိနေခဲ့သည်။ ထိုအထဲတွင် လော့ချန် သိထားသည်မှာ မိစ္ဆာချုပ်နန်းဆောင်နှင့် စစ်တုရင်နယ်ရုပ်တို့ ဖြစ်ကြသည်။ ပထမတစ်ခုမှာ ဖန်ရင်ရှုံ ကိုယ်တိုင် အလွန်တန်ဖိုးထားသော အရာဖြစ်ပြီး ၎င်းကို ကျောက်စိမ်းအိုးဓားဂိုဏ်းသို့ ပြန်လည်ပေးအပ်ရန်ပင် သူ တွေဝေခဲ့ဖူးသည်။ ဒုတိယတစ်ခုမှာမူ နတ်တစ္ဆေတောင်ကြားဂိုဏ်း၏ အကြီးအကဲ၏ ကိုယ်ပိုင် ကာကွယ်ရေးမှော်ရတနာ ဖြစ်သည်။ ၎င်းမှာ အဆင့်လတ် မှော်ရတနာစစ်စစ် ဖြစ်ပြီး အလွန်အစွမ်းထက်လှသော ကာကွယ်ရေးစွမ်းအားများ ရှိသည်။

သို့သော် ထိုစဉ်က ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူဖြစ်သော ဖန်ရင်ရှုံမှာ ဓားလမ်းစဉ်ကိုသာ စိတ်နှစ်ထားသူ ဖြစ်သဖြင့် ဤကဲ့သို့သော အရန်ရတနာများကို အရေးမလုပ်ခဲ့ပေ။ ထို့ကြောင့် သူ၏ စွမ်းဆောင်ချက်များကို အသိအမှတ်ပြုသောအားဖြင့် စစ်တုရင် နယ်ရုပ်ကို လော့ထျန်းဟုန်းအား လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

နှစ်အနည်းငယ်အကြာ တာဟဲမြို့တွင်းပိုင်း တိုက်ပွဲတွင် လော့ထျန်းဟုန်း ကျဆုံးခဲ့သည်။ ထိုကာကွယ်ရေး မှော်ရတနာမှာလည်း သူနှင့်အတူ ပျောက်ကွယ်သွားခဲ့ရာ မည်သည့်နေရာသို့ ရောက်သွားမှန်း မည်သူမျှ မသိခဲ့ကြပေ။ လော့ချန် မမျှော်လင့်ထားခဲ့သည်မှာ ထိုမှော်ရတနာ၏ အနက်ရောင် နယ်ရုပ်တစ်ခုမှာ လော့ထျန်းဟုန်း၏ တစ္ဆေပုံရိပ်အတွင်း၌ မြုပ်နှံနေခြင်းပင် ဖြစ်သည်။

‘အာ.... ငါ ဒီလို လုံးလုံး မထင်ထားခဲ့ဘူး’

လော့ချန်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ တွေးလိုက်သည်။

‘စစ်တုရင် နယ်ရုပ် မှော်ရတနာရဲ့ အပိုင်းအစတစ်ခုကတင် တော်တော်စွမ်းတာပဲ.... တကယ်လို့ အဖြူရောင် နယ်ရုပ်ကို လိုက်ရှာပြီး ပေါင်းနိုင်မယ်ဆိုရင် အဆင့်လတ် မှော်ရတနာစစ်စစ်ကို ရမှာပဲ....’

သူ ခဏတာ တွေဝေစဥ်းစားမိသွားသည်။ လောဘစိတ်တစ်ခုက သူ၏ ရင်ထဲ၌ လျှပ်ခနဲ ပေါ်လာသည်။

“ဟာ မဖြစ်ဘူး.... မဖြစ်ဘူး. ငါ ဒီလောက်ထိ လောဘမကြီးသင့်ဘူး.... နယ်ရုပ် တစ်ခုတည်း ရထားတာနဲ့တင် တော်တော်ကံကောင်းနေပြီ"

အနက်ရောင် ဝိညာဥ်ချုပ် နယ်ရုပ်သည်ပင် အထင်သေး၍မရသော အဆင့်နိမ့် ကာကွယ်ရေး မှော်ရတနာ ဖြစ်သည်။ လော့ချန်အတွက်မူ ၎င်းမှာ သုံးနှစ်တာ ပင်ပန်းကြီးစွာ ကျင့်ကြံခဲ့ရခြင်းထက်ပင် ပိုမိုကြီးမားသော အကျိုးအမြတ် ဖြစ်ပေသည်။ အချိန်အတော်ကြာအောင် လော့ချန်သည် တိုက်ခိုက်ရေးဘက်သို့သာ အလွန်အမင်း အလေးသာနေပြီး ခုခံကာကွယ်ရေးတွင်မူ သိသိသာသာ အားနည်းချက်များ ရှိနေခဲ့သည်။

တိုက်ခိုက်ရေးတွင် သူသည် ကြောက်စရာကောင်းသော အင်အားကို ပိုင်ဆိုင်ထားသည်။ သူသည် ချီသန့်စင်အဆင့်မှာပင် အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်စွမ်း ရှိခဲ့သည်။ သို့သော် ခုခံရေးနှင့် ပတ်သက်လျှင်မူ သူ အမြဲတမ်း နောက်ကျကျန်နေခဲ့သည်။ သူ့တွင် ရှိသည်မှာ အဆင့်မြင့် ကာကွယ်ရေး မှော်ဝတ်ရုံနှင့် လေးရောင်ခြယ် ဆေးအိုးမှ ထွက်ပေါ်လာသော ဖဲကြိုး ခုခံမှုများသာ ဖြစ်သည်။

၎င်းမှာ သူ၏ အပြစ် သက်သက်တော့ မဟုတ်ပေ။ လက်ရှိ ကျင့်ကြံခြင်းလောကတွင် တိုက်ခိုက်ရေး စွမ်းရည်ကိုသာ အလေးထားကြသဖြင့် ကာကွယ်ရေး မှော်လက်နက်များမှာ အမြဲဝယ်လိုအား မြင့်မားနေသောကြောင့် ဖြစ်သည်။ အဆင့်တူ မှော်လက်နက်များထဲတွင် ကာကွယ်ရေး အမျိုးအစားများသည် အမြဲ ပို၍ ဈေးကြီးလေ့ရှိပြီး တစ်ကိုယ်တော် ကျင့်ကြံသူ အများစုအတွက်မူ လက်လှမ်းမမီသော အရာများ ဖြစ်ကြသည်။

ထို့ပြင် တိုက်ပွဲတစ်ခုတွင် အောင်နိုင်ရန် ပထမအဆင့်မှာ ရန်သူ၏ ကာကွယ်ရေးကို ဖျက်ဆီးရန် ဖြစ်သည်။ ထို့ကြောင့် ထိုအရာများသည် ပျက်စီးသွားသည်နှင့် တိုက်ပွဲရလဒ်အဖြစ် ရရှိရန်မှာ အလွန်ခဲယဉ်းလှသည်။ လော့ချန်နှင့် လော့ထျန်းအဖွဲ့အစည်းသည် သွေးနှင့် မီးကြား၌ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့သော်လည်း သူတို့ ရရှိခဲ့သော ကာကွယ်ရေး မှော်လက်နက် အရေအတွက်မှာ အလွန်ပင် နည်းပါးလှသည်။ အဆင့်မြင့် ကာကွယ်ရေး မှော်လက်နက်များဆိုလျှင် ပို၍ပင် ရှားပါးလှသည်။

ကာကွယ်ရေး မှော်လက်နက် ရှိသည်ဆိုလျှင်ပင် လော့ချန် အသုံးပြုနေကျ ဖြစ်သော လေးရောင်ခြယ် ဆေးအိုးလောက် စွမ်းဆောင်ရည် မရှိကြချေ။ ထို့ကြောင့် အချိန်အတော်ကြာအောင် လော့ချန်သည် ထိုအားနည်းချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပေ။ ဝမ်ဟိုင်ချောင်၏ စိတ်ရင်းကို သံသယရှိနေသော်လည်း သူပေးခဲ့သော ဒုတိယအဆင့် ဖန်သားနတ်ဘုံအကာအရံ မှော်အတတ်ကို လော့ချန် လေ့ကျင့်ခဲ့ခြင်းမှာလည်း ဤအကြောင်းကြောင့်ပင်ဖြစ်သည်။

သူလေ့ကျင့်ထားသော မှော်အတတ်တိုင်း၊ သန့်စင်မှုတိုင်းသည် သူ၏ အားနည်းချက်ဖြစ်သည့် ကာကွယ်ရေးအပိုင်းကို ဖာထေးရန်အတွက် ဖြစ်သည်။

သို့သော် မည်သည့် ကျင့်ကြံသူမဆို သိထားကြသည့်အတိုင်း မှော်အတတ်များမှာ သင်ယူရန် လွယ်ကူသော်လည်း ကျွမ်းကျင်ရန်မှာမူ အလွန်ပင် ခက်ခဲလှသည်။ တိုက်ပွဲ၏ အရှိန်အဟုန်အတွင်း ၎င်းတို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်မှာ ပါရမီတင်မကဘဲ အချိန်နှင့် လေ့ကျင့်မှု များစွာ လိုအပ်သည်။

၎င်းနှင့် နှိုင်းယှဉ်လျှင် မှော်ရတနာများသည် ပို၍ လျင်မြန်ပြီး တိုက်ရိုက် အကျိုးကျေးဇူးကို ပေးနိုင်သည်။ ကာကွယ်ရေး မှော်ရတနာများမှာမူ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတိုင်း အလိုချင်ဆုံး အရာများ ဖြစ်ကြသည်။ ရှောင်ဟွမ်းတောင် တိုက်ပွဲတွင်လည်း နန်ကုန်းကျင်းမှ လော့ချန်ဘက်တွင်ရပ်တည်ကာ တွမ်ချန်ခွန်းကို ဆန့်ကျင်ခဲ့သည်မှာ ဒဏ္ဍာရီလာ ကွေရွေ့ မှော်ဝင်ပန်းချီကြောင့် ဖြစ်သည် မဟုတ်လော။

ယခုမူ လော့ချန်တွင် ကိုယ်ပိုင် ကာကွယ်ရေး မှော်ရတနာ တစ်ခု ရှိလာခဲ့ပြီ ဖြစ်သည်။

"ဒါ ရတာတော့ ဟုတ်ပါပြီ.... ဒါပေမဲ့....”

သူ၏ လက်ထဲတွင် တုန်ခါနေသော အနက်ရောင် နယ်ရုပ်လေးကို ကြည့်ရင်း သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒီမှော်ရတနာဟာ တစ္ဆေဝိညာဥ်ရဲ့ ယင်စွမ်းအင်တွေကြားမှာ နှစ်ပေါင်းများစွာ ရှိနေတာဆိုတော့ ငါ့ အမိန့် နာခံအောင် သေချာ ပြန်သန့်စင်ဖို့ လိုဦးမယ်"

လော့ချန်သည် ၎င်းကို အလွန်ဂရုတစိုက်ဖြင့် သိမ်းဆည်းလိုက်သည်။ သူ ပြန်ရောက်သည်နှင့် ၎င်းကို သန့်စင်ရန် အချိန်ယူရပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ စစ်မှန်သော မှော်ရတနာများသည် သာမန်မှော်လက်နက်များကဲ့သို့ ခပ်လွယ်လွယ် အသုံးပြု၍ မရချေ။ ၎င်းတို့မှာ သခင်နှင့် စိတ်ချင်း ဆက်နွှယ်မှု၊ ရင်းနှီးမှုနှင့် လေးစားမှုတို့ လိုအပ်ပေသည်။

လော့ချန် ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ တစ္ဆေသရဲများ ပြည့်နှက်နေသော တာဟဲတစ္ဆေမြို့ပျက်၏ အပျက်အစီးပုံ ကြားထဲ ရောက်သွားသည်။ သူ ဤနေရာတွင် ကြာရှည်နေရန် အစီအစဉ် မရှိပေ။ ဤနေရာမှာ အလွန်တရာ အန္တရာယ်ကြီးမားလာပြီ ဖြစ်သည်။ တစ္ဆေဘုရင်ကြီး ဖန်ရင်ရှုံသည် လင်ဟူယုံ၏ နည်းစနစ်ဖြင့် ခေတ္တမျှ ဖိနှိပ်ခြင်း ခံထားရသော်လည်း ၎င်းမှာ ယာယီ နည်းလမ်းတစ်ခုသာ ဖြစ်သည်။

မကောင်းဆိုးရွားအငွေ့အသက်များ ပြည့်နှက်နေသော အမှောင်နယ်မြေ၏ အားသာချက်ကို ရထားသဖြင့် ဖန်ရင်ရှုံသည် တစ်နေ့တွင် ကျိန်းသေ လွတ်မြောက်လာလိမ့်မည်။

ထိုအချိန်ရောက်လာပါက ဖီးနစ်ကျတောင် သို့မဟုတ် တာဟဲတစ္ဆေမြို့ပျက်တင်မကဘဲ တာဟဲမြေ၏အပြင် မိုင်တစ်ထောင်အတွင်းရှိ အရာအားလုံးမှာ သူ၏ အရှိန်အဝါအောက်သို့ ရောက်ရှိသွားပေလိမ့်မည်။

“အမလေး.... အဲ့ဒီနေ့မျိုးသာ ရောက်လာရင်….”

လော့ချန် ထိတ်လန့်စွာ တွေးလိုက်သည်။

“တာဟဲမြေဟာ ကျိန်စာသင့် နယ်မြေစစ်စစ်တစ်ခု ဖြစ်သွားလိမ့်မယ်၊ အဲဒါဆို ငါရော.... ငါ့အဖွဲ့အစည်းရော ဘယ်ချောင်ပြေးရပါ့.... ဟူးး....”

ထိုအတွေးမှာ ပျက်စီးမှုများကြားတွင် လွင့်မျောနေသော မြူခိုးများကဲ့သို့ သူ၏ စိတ်ထဲ၌ တိတ်တဆိတ် စွဲထင်ကျန်ရစ်နေသည်။ သူသည် သူ၏ အရှိန်အဝါကို ဖုံးကွယ်လိုက်ပြီး ဒုတိယထပ်မှ ဆင်းလာခဲ့သည်။

ရုတ်တရက် သူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

အကြောင်းမူ ဝိညာဉ်ဆေးနန်းဆောင်၏ တံခါးဝအနီး ပြတင်းပေါက်တွင် မီးခိုးငွေ့ သဏ္ဌာန် ရှိသော်လည်း အကောင်အထည် ဖောက်ထွင်းမြင်နေရသော ဝိညာဉ်အရိပ်လေးတစ်ခုကို သူတွေ့လိုက်ခြင်းကြောင့် ဖြစ်သည်။

ထိုသရဲဝိညာဥ်လေးသည် ဆွေးမြည့်နေသော သစ်သားပြတင်းပေါက်နားတွင် ခွေခွေလေး ဝပ်နေကာ သူ့အား ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေလေသည်။

All Chapters