← Chapters

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

အခန်း (၂၉၃) - ရှောင်ဟုန် သို့မဟုတ် တန်ချန်ဇီ၏ သံယောဇဥ်အမျှင်တန်း

ရှောင်ဟွမ်းတောင်သည် တစ်ချိန်က တွမ်မျိုးနွယ်စု၏ ဘိုးဘွားပိုင်နယ်မြေ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ လော့ထျန်းအဖွဲ့အစည်း၏ အခြေစိုက်ရာ နေရာဖြစ်နေပြီ ဖြစ်သည်။ တစ်ချိန်က ရှိခဲ့သော အေးချမ်းဆိတ်ငြိမ်မှုနှင့် လောကုတ္တရာဆန်သော အလှတရားတို့မှာ ကွယ်ပျောက်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယခုအခါတွင်မူ ပိုမိုစည်ကား၍ လောကီဆန်သော အငွေ့အသက်များဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။

ပျားပန်းခတ်နေသော လူများ၏အသံများ၊ သုတ်တီးသုတ်ပြာ ခြေသံများနှင့် ဆေးအိုးများ ဆေးကြောသံ တို့မှာ တောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြီး အသက်ဝင်လှုပ်ရှားနေသော အင်အားသစ်များ၏ တိုးတက်မှု နိမိတ်ကို ပြသနေသည်။

လော့ချန် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးကတည်းက လော့ထျန်းအဖွဲ့အစည်းသည် အင်အားနှင့် ဂုဏ်သတင်း အလျင်အမြန် မြင့်တက်လာခဲ့ပြီး တာဟဲဈေးအတွင်း နံပါတ် ၅ အခြေခံတည်ဆောက်ခြင်း အင်အားစုအဖြစ် နေရာတစ်ခုကို ခိုင်ခိုင်မာမာ ရယူနိုင်ခဲ့သည်။ သွေးသားတော်စပ်မှုနှင့် အမွေအနှစ်များအပေါ် အခြေခံထားသော ရိုးရာကျင့်ကြံရေး မျိုးနွယ်စုများနှင့်မတူဘဲ လော့ထျန်းအဖွဲ့အစည်းသည် စိတ်ဝင်စားစရာ ကောင်းလှသည်။ ၎င်းသည် ပွင့်လင်းပြီး အားလုံးကို လက်ကမ်းကြိုဆိုတတ်ကာ သွေးရင်းသားရင်းထက် တူညီသော ရည်မှန်းချက်များအပေါ်တွင်သာ အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ ဤအချက်ကြောင့်ပင် လော့ထျန်းအဖွဲ့အစည်းသည် ခိုနားရာမဲ့နေသော တစ်ကိုယ်တော် ကျင့်ကြံသူများအတွက် နားခိုရာ နိဗ္ဗာန်ဘုံတစ်ခု ဖြစ်လာခဲ့တော့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အဖွဲ့၏ အရှိန်အဝါမှာ အဆမတန် ကြီးထွားလာခဲ့ပြီး တစ်ချိန်က ဖိုရှန်းဂိုဏ်း ရရှိခဲ့ဖူးသော သြဇာအာဏာကိုပင် ရလုနီးပါး ရှိလာသည်။ ဖိုရှန်းဂိုဏ်းနှင့် မတူသောအချက်မှာ အုပ်ချုပ်မှုပုံစံဖြစ်သည်။ စင်စစ်တွင်မူ ဖိုရှန်းဂိုဏ်းသည် ဖွဲ့စည်းပုံအရ အပြစ်ဆိုဖွယ်ရာ သိပ်မရှိသည်ထား၊ အုပ်ချုပ်မှုမှာမူ မီရှုဟွာအပေါ်တွင်သာ မူတည်နေသဖြင့် သက်ဦးဆံပိုင်စနစ်ကဲ့သို့ ရှိခဲ့သည်။ လော့ထျန်းအဖွဲ့အစည်းမှာမူ ခန်းမဆောင်အသီးသီး၏ ခေါင်းဆောင်တိုင်းတွင် ကိုယ်ပိုင် အမြင်နှင့် သဘောထားများ တင်ပြနိုင်ပြီး ဘုံရည်မှန်းချက်အတွင်း အကျုံးဝင်ပါက ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိလေသည်။ ထို့ကြောင့်ပင်လျှင် လော့ချန်၏ လက်အောက်တွင် အဖွဲ့အစည်းသည် ထွန်းကားစည်ပင်နေသည်ဟု ဆိုရပေမည်။

ထို့အပြင် အဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်သူမှာ ဆေးဖော်စပ်သူ တစ်ဦး ဖြစ်သောကြောင့်လည်း ချီသန့်စင်နောက်ဆုံးအဆင့် ကျင့်ကြံသူများစွာကို ဆွဲဆောင်နိုင်ပြီး မကြာသေးမီ နှစ်များအတွင်း၌ အဆင့် ၉ ရှိသော တစ်ကိုယ်တော်ကျင့်ကြံသူ သုံးဦးအထိ အဖွဲ့သို့ လာရောက် ပူးပေါင်းခဲ့ကြလေသည်။

ဤကဲ့သို့ အစွမ်းအစရှိသူများ စုဝေးလာခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ ချီသန့်စင်အဆင့် နောက်ဆုံးအဆင့်သို့ ရောက်ရှိထားသူ သို့မဟုတ် အသက် ၆၀ မတိုင်မီ အဆင့် ၉ သို့ ရောက်ရှိထားသူ မည်သူမဆို အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက် ရှိနေသေးသူများ ဖြစ်ကြသည်။ အခြားသော ဂိုဏ်းများ သို့မဟုတ် အင်အားစုများတွင်မူ ထိုကဲ့သို့သော ပါရမီရှင်များသည် အထက်လူကြီးများ၏ ဖိနှိပ်ခြင်းကို ခံရမည်စိုးသဖြင့် သတိကြီးစွာ နေထိုင်ကြရသည်။ တာဟဲအနီးတဝိုက်တွင်မူ တန်ချန်ဇီသည် သဘောထားကြီးကာ ရက်ရောသည်ဟူ၍ နာမည်ကျော်လေသည်။ ထိုအတိုင်းပင် အမှန်ဖြစ်သည်။ လော့ချန်သည် အာဏာရှိသူဖြစ်လင့်ကစား ကိုယ်ကျိုးတစ်ခုတည်းအတွက် ဆုပ်ကိုင်မထားဘဲ အဖွဲ့သားများကိုပါ အမြဲ ကူညီမြှင့်တင်ပေးလေ့ရှိသည်။

ကျင့်ကြံသူများကို ပိုမိုဆွဲဆောင်နိုင်သည့် အချက်မှာ လော့ချန်သည် အလွန်တော်သော ဆေးဖော်ဆရာတစ်ဦးဖြစ်သည့်အတွက် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အခြေခံတည်ဆောက်ခြင်း ဆေးလုံးများကိုပါ ဖော်စပ်နိုင်လိမ့်မည်ဟု ယုံကြည်နေကြသောကြောင့် ဖြစ်သည်။ ‘တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး’ ဟူသော ထုံးကို နှလုံးသွင်းကာ အဖွဲ့ထဲဝင်၍ ပူးပေါင်းခြင်း ဖြစ်သည်။

သို့ရာတွင် အဖွဲ့၏ လတ်တလော စိုးရိမ်စရာအချက်မှာ တန်ချန်ဇီသည် အခြေခံတည်ဆောက်ခြင်းအဆင့်ရောက်ပြီးသည်နှင့် လျှို့ဝှက်နေရာတစ်ခု၌ တံခါးပိတ်ကျင့်ကြံနေသော အချက်ဖြစ်သည်။ သုံးနှစ်တိုင်တိုင် ကုန်လွန်သွားခဲ့သော်လည်း သူ၏ အရိပ်အယောင်ကိုပင် မတွေ့ရသေးပေ။

ထိုအတောအတွင်း လော့ထျန်းအဖွဲ့အစည်း၏ ဆေးလုံးအရောင်းအဝယ်လုပ်ငန်းများမှာ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် ဖော်စပ်မှုများကို ပြန်လည်စတင်နိုင်ခဲ့သော်လည်း ရောင်းချနိုင်သည့် ဆေးလုံးမှာ အဆင့်နိမ့် ကျောက်စိမ်းအမြုတေဆေးလုံး များသာ ဖြစ်သည်။ ၎င်းတို့မှာ အမြတ်အစွန်း နည်းပါးလှသည့်အပြင် ဖော်စပ်နိုင်မှု ပမာဏမှာလည်း ကန့်သတ်ချက် ရှိနေသည်။ ဤ အခြေအနေများကြောင့် လော့ထျန်းအဖွဲ့မှာ ဘဏ္ဍာရေး အကြပ်အတည်းနှင့် တဖြည်းဖြည်း ရင်ဆိုင်လာရသည်။

စီမာဟွေ့နန်၏ ဦးဆောင်မှုအောက်တွင် အဖွဲ့၏ လစာပေးချေမှု မူဝါဒမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ အဖွဲ့ဝင်အားလုံးအား အဖွဲ့တည်ထောင်စတွင် ကျင့်သုံးသော လစာ စနစ်ဟောင်းကို ဖျက်သိမ်းလိုက်သည်။ ထို့နောက် တစ်ဦးချင်းစီ၏ အားထုတ်မှုအပေါ်တွင် မူတည်၍ ဝင်ငွေကို တွက်ချက်ပေးတော့သည်။ အဖွဲ့အစည်းအတွက် အားထုတ်မှု များလေလေ ရရှိမှု များလေလေပင် ဖြစ်သည်။

တိုက်ခိုက်ရေး ခန်းမဆောင်ရှိ ကျင့်ကြံသူများသည် အပြင်အလုပ်များ စတင်လုပ်ကိုင်လာရသည်။ တောတောင်များအတွင်း မိစ္ဆာသားရဲများကို အမဲလိုက်ခြင်း၊ ကုန်ပို့ဆောင်ခြင်းနှင့် အပြင်ကုန်သည်အုပ်စုများကို စောင့်ရှောက်ခြင်း စသည်တို့ ဖြစ်သည်။ အကျိုးဆက်အားဖြင့် ဆေးဝါးခန်းမဆောင်နှင့် ဆေးဖော်ခန်းမဆောင်တို့တွင် အလုပ်လုပ်ခြင်းမှာ ပို၍ လူကြိုက်များလာသည်။ လစာ အနည်းငယ် လျော့နည်းသော်လည်း ထိုအလုပ်များမှာ ဘေးကင်းပြီး တည်ငြိမ်မှု ရှိသောကြောင့် ဖြစ်သည်။

….

တာဟဲမြို့ပြင်၏ လမ်းဘေးဆိုင်တစ်ခုတွင် လော့ချန်သည် အရက်သောက်ရင်း မီးကင်ထားသော မိစ္ဆာသားရဲ အသားကို မြိန်ရည်ယှက်ရည် ထိုင်စားနေသည်။ သူသည် အနီးရှိ ဖြတ်သွားဖြတ်လာ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးကို ခေါင်းညိတ်ပြလိုက်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးလိုက်သည်။ ထိုလူငယ်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်အမြန် ထွက်ခွာသွားတော့သည်။

လော့ချန် ယခုရရှိထားသော သတင်းအချက်အလက် အားလုံးမှာ ထိုလူငယ်ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

"ဟားဟား.... ကြည့်ရတာ.... ဟွေ့နန်တစ်ယောက် သူ့တာဝန်သူ သေချာလုပ်နေသားပဲ" ဟု လော့ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။

သူသည် စားပွဲပေါ်သို့ ဝိညာဉ်ဒင်္ဂါးအချို့ကို ပစ်တင်ပေးလိုက်ပြီး ကျသင့်ငွေရှင်းကာ ထွက်ခွာရန် ပြင်လိုက်သည်။ အပြင်မှ ကျင့်ကြံသူတစ်ဦး၏ သတင်းစကားမှာ လုံးစေ့ပတ်စေ့ ရှိမည်မဟုတ်ပေ။ အသေးစိတ် အချက်အလက်များကိုမူ သူ ရှောင်ဟွမ်းတောင်သို့ ပြန်ရောက်မှသာ သိရှိနိုင်ပေလိမ့်မည်။

ထို့နောက် ဆိုင်မှ လမ်းလျှောက်ထွက်လာရင်း လက်ကို ခပ်ပေါ့ပေါ့ ခါယမ်းလိုက်သည်။ သူ၏ ခြေဖဝါးအောက်တွင် ရေငွေ့များ စုစည်းလာပြီး နူးညံ့လှသော အပြာရောင် တိမ်တိုက် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုတိမ်ပေါ်သို့ သူ ခြေချလိုက်သည့် ခဏ၌ အလွန်ပင် ပေါ့ပါးနေပြီး လေထဲတွင် ဝဲပျံနေသကဲ့သို့ ခံစားရသည်။ ထို မြူခိုးတိမ်တိုက်သည် နူးညံ့ပြီး ငြိမ့်ညောင်းသော်လည်း အနည်းငယ်တော့ မတည်မငြိမ် ဖြစ်နေသေးသည်။

"အော်.... အခြေခံတည်ဆောက်ခြင်းအဆင့်မှာ သုံးတဲ့ တိမ်စီးအတတ်က ချီသန့်စင်အဆင့်မှာ သုံးခဲ့တာနဲ့ တော်တော် ကွဲတာပဲ"

လေပြေညင်းများမှာ သူ၏ မျက်နှာကို ဖြတ်သန်းတိုက်ခတ်သွားပြီး ဝတ်ရုံများကို လွင့်ပျံစေကာ သူ့စိတ်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို သန့်စင်ပေးသကဲ့သို့ ရှိသည်။ ခဏတာမျှ သူသည် ကောင်းကင်ယံတွင် လွင့်မျောနေလျက် အေးချမ်းမှုကို ခံစားလိုက်ရသည်။

"အင်း.... တနေ့ အချိန်ရရင် လေဟုန်စီးအတတ်ကို သေချာလေ့လာပြီး ငါ့ရဲ့ တိမ်စီးအတတ်နဲ့ ပေါင်းကြည့်ဦးမယ်.... အဲ့ဒါသာ အောင်မြင်ရင် ပျံသန်းနှုန်းက တဟုန်ထိုး မြန်လာမှာ ကျိန်းသေပဲ"

"ဟဲဟဲ.... ပြီးတော့.... "

သူ ခပ်ပြုံးပြုံးဖြင့် ထပ်လောင်းတွေးလိုက်သည်။

“ငါသာ ဓာတ်ကြီးငါးပါး ကိုယ်ယောင်ဖျောက်အတတ်ကို သင်ယူနိုင်ရင် ပိုတောင် ကောင်းဦးမယ်"

သာမန် ပျံသန်းခြင်းနှင့် မတူဘဲ ဓာတ်ကြီးငါးပါး ကိုယ်ယောင်ဖျောက်အတတ်မှာ တမူထူးသော အတတ်ဖြစ်သည်။ ၎င်းသည် လောကရှိ သဘာဝဓာတ်စွမ်းအင်များကို အသုံးပြုကာ ကျင့်ကြံသူကို မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် တွန်းပို့ပေးခြင်း ဖြစ်သည်။ ထိုအတတ်ကို အသုံးပြုသူများသည် လျင်မြန်ရုံသာမက ခြေရာခံရန်လည်း အလွန်ခဲယဉ်းလှသည်။

တစ်ချိန်က ရှန်းရှုတစ်ယောက် မီရှုဟွာ၏ လိုက်လံတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ခဲ့သည်မှာ ဤကဲ့သို့ ဆင်တူ အတတ်ကြောင့် ဖြစ်သည်။ ထိုစဥ်က သူ မသေခဲ့ခြင်းမှာ ဒုတိယအဆင့် ရေဓာတ် ကိုယ်ယောင်ဖျောက် မှော်စာရွက်ကြောင့် ဖြစ်သည်။

ဓာတ်ကြီးငါးပါး နည်းလမ်းများထဲတွင် မြေဓာတ် နှင့် ရေဓာတ် ကိုယ်ယောင်ဖျောက် အတတ်များကို လက်တွေ့အကျဆုံးဟု ယူဆကြသည်။ မြေဓာတ်နှင့် ရေဓာတ် စွမ်းအင်များကို သဘာဝလောက၏ မည်သည့်နေရာတွင်မဆို ရှာဖွေနိုင်သဖြင့် ကျင့်ကြံသူများသည် ပတ်ဝန်းကျင် မည်သို့ပင်ရှိစေကာမူ ဤအတတ်များကို လွယ်ကူစွာ အသုံးပြုနိုင်သည်။ ၎င်းနှင့် နှိုင်းယှဉ်လျှင် သစ်သား၊ မီးနှင့် ရွှေဓာတ် ကိုယ်ယောင်ဖျောက် အတတ်များမှာမူ ကန့်သတ်ချက်များစွာ ရှိသည်။ ၎င်းတို့ကို အသက်ဝင်စေရန်မှာ ထူထပ်သော တောအုပ်များ၊ ပြင်းထန်သော အပူရှိန် သို့မဟုတ် သတ္တုကြောမြေကဲ့သို့သော သီးခြားအခြေအနေများ လိုအပ်သဖြင့် အရေးပေါ်အချိန်များတွင် အသုံးပြုရန် အမြဲ အဆင်မပြေနိုင်ပေ။

သို့သော်လည်း ထိုနည်းလမ်း သုံးခုစလုံးတွင် ဆန်းကြယ်လှသော လျှို့ဝှက်ချက်များ ရှိနေကြသည်။ ၎င်းတို့ကို ထိပ်တန်းအဆင့် နည်းလမ်းများဟု ယူဆကြသဖြင့် သာမန်ကျင့်ကြံသူများအတွက်မူ လက်လှမ်းမမီနိုင်သော အရာများ ဖြစ်ကြသည်။

ထိုသို့ တွေးတောနေစဉ်အတွင်းမှာပင် လော့ချန်သည် ရှောင်ဟွမ်းတောင်ခြေသို့ ပြန်ရောက်လာတော့သည်။

သူသည် တောင်ခြေရှိ သာယာလှပနေသော ရေကန်ပြင်ကြီး၏ ကန်နဖူးတွင် ရပ်တန့်လိုက်သည်။ သုံးနှစ်တာ ကုန်လွန်သွားခဲ့သော်လည်း ထိုရေကန်ကြီးမှာ မတိမ်မကောသွားသည့်အပြင် ပိုမိုကျယ်ပြန့်လာခဲ့ကာ တစ်မိုင်အထိ ရှိနေပြီး မူလထက် နှစ်ဆနီးပါး ကြီးထွားလာခဲ့သည်။

ရေကန်ဘေးတွင် နယ်နိမိတ်သတ်မှတ်ထားသော ကျောက်စာတိုင်တစ်ခု ရှိနေသည်။ ထိုကျောက်စာတိုင်၏ မျက်နှာပြင်ပေါ်တွင် ပင်လယ်ကြီးဟု အဓိပ္ပာယ်ရသော ‘ဖုန်းဟိုင်’ ဟူသည့် စာလုံးကို ထွင်းထုထားသည်။

အပြင်လူတစ်ဦးအတွက်မူ ရေကန်တစ်ကန်အား ပင်လယ်ကြီးဟု ခေါ်ဆိုခြင်းမှာ ရယ်စရာကောင်းလှပေလိမ့်မည်။ သို့သော် လော့ချန်၏ စိတ်ထဲတွင်မူ နွေးထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤသည်မှာ ကျိန်းသေ တွမ်ဖုန်း၏ စိတ်ကူးလက်ရာပင် ဖြစ်ရမည်။

တစ်ချိန်က ချင်းဟဲတောင်ခြေရှိ ဖုန်းဟိုင် ပန်းပဲဖိုနှင့် လက်နက်ပြင်ဆိုင်ဟု အမည်ရသော ဆိုင်လေးမှာ မအောင်မြင်ဘဲ တိတ်တဆိတ် ပိတ်သိမ်းခဲ့ရကာ လူတို့၏ မေ့လျော့ခြင်းကို ခံခဲ့ရသည်။ ယခုအခါတွင်မူ စစ်မှန်သော ပင်လယ်တစ်ခု အမှန်တကယ် ပေါ်ပေါက်လာခဲ့လေပြီ။

သူ ကန်ရေပြင်၏ အလှအပ ရှုခင်းကို ငြိမ်သက်စွာ ခံစားနေစဉ်မှာပင် ရေပြင်ကျယ်သည် စတင်လှုပ်ခတ်လာသည်။

ဝူး.... ဝူး.... ဝူး....

ထို့နောက် ရေလှိုင်းတန်း အရှည်ကြီး တစ်ခုသည် သူရှေ့တည့်တည့်တွင် ကော်ဇောနီခင်းထားသကဲ့သို့ တန်းတန်းမတ်မတ် ပွင့်သွားသည်။ လော့ချန်သည် လှိုင်းလုံးများဖြင့် ဖွဲ့စည်းထားသော ရေလမ်းကြောင်းပေါ်သို့ လှမ်းတက်လိုက်ပြီး တည်ငြိမ်သော ခြေလှမ်းများဖြင့် တစ်လှမ်းချင်း လျှောက်လိုက်သည်။ ထို လမ်း၏အဆုံးတွင် ကြေးတံခါးကြီးတစ်ခုမှာ သူ့အား စောင့်ကြိုနေသည်။

‘ကျွီ.... ကျွီ’ ဟူသော ခပ်စူးစူးအသံနှင့်အတူ ကြေးတံခါးကြီးမှာ မပွင့်ချင် ပွင့်ချင်ဖြင့် ပွင့်သွားတော့သည်။

ဂူအတွင်း၌မူ သူ၏ အစ်ကိုကြီး ဝမ်ယွမ်သည် ရှားရှားပါးပါး အပြုံးတစ်ခုဖြင့် သူ့ကို ဆီးကြိုနေသည်။

“ဟားဟား.... နောက်ဆုံးတော့ မင်း ပြန်လာပြီပဲ"

"ကျွန်တော် ပြန်လာပြီလေ.... ဟားဟား"

ဝမ်ယွမ်သည် လော့ချန်အား အကဲခတ်ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် အံ့သြမှုအရိပ်အယောင်များ ပေါ်လာသည်။ လော့ချန် အခြေခံတည်ဆောက်စက ရှိခဲ့သော မတည်ငြိမ်သည့် အရှိန်အဝါများမှာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ ချီစွမ်းအားများမှာလည်း မတည်ငြိမ်ခြင်း သို့မဟုတ် ဂဏာမငြိမ်ခြင်းများ လုံးဝ မရှိတော့ပေ။ လက်ရှိတွင်မူ ဟန်ချက်ညီမှု၊ တည်ငြိမ်မှုနှင့် သဘာဝကျလှသော အရှိန်အဝါတို့သာ ကျန်ရစ်ခဲ့သည်။ သူသည် လောကီအငွေ့အသက်များ စိုးစိမျှ မရှိဘဲ အေးချမ်းတည်ငြိမ်စွာ ရပ်နေပုံမှာ စစ်မှန်သော နတ်ဘုရားတစ်ပါး၏ အရှိန်အဝါနှင့်ပင် ဆင်တူလှပေသည်။ ထိုကဲ့သို့သော အပြောင်းအလဲမှာ တစ်ခုတည်းသော အဓိပ္ပာယ်ကိုသာ ဆောင်သည်။

ဝမ်ယွမ် မမေးဘဲ မနေနိုင်တော့ပေ။

“မင်းရဲ့ ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် လုပ်နိုင်သွားပြီလား"

"ဟဲဟဲ.... ဟုတ်တယ်ဗျ"

လော့ချန်သည် အသစ်ပြုပြင်ထားသော ဂူဗိမာန်အတွင်းသို့ လမ်းလျှောက်ဝင်လာသည်။

“ဒါတင်မကဘူး…. ကျွန်တော် နောက်ထပ် ခြေလှမ်း တစ်လှမ်းတောင် ထပ်လှမ်းနိုင်ခဲ့သေးတယ်"

လော့ချန်သည် ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့ရုံသာမက အခြေခံ တည်ဆောက်ခြင်း အဆင့် ၂ သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် စစ်မှန်သော အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဝမ်ယွမ် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကို တရစပ် ခါယမ်းလိုက်သည်။

"အိုး.... တကယ်ကြီးလား…. မယုံနိုင်စရာပဲကွာ၊ ချီသန့်စင်အဆင့်ကနေ ခုတော့ကြည့်စမ်း.... အခြေခံတည်ဆောက်ခြင်းအဆင့်ကို တည်ငြိမ်အောင် ထိန်းနိုင်တဲ့အခြေအနေရောက်နေပြီ.... မင်း ငါ့ထက် တော်တယ်ကွာ....”

အကယ်၍ ကျင့်ကြံဆင့်သက်သက်ကိုသာ နှိုင်းယှဉ်မည်ဆိုပါက ဝမ်ယွမ်မှာလည်း ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ လော့ချန်နှင့် အဆင့်တူပင် ဖြစ်သည်။ သို့သော် ကျင့်ကြံခြင်းလောကတွင်မူ စစ်မှန်သော ထာဝရရှင်သန်ခြင်း လမ်းစဉ်မှာသာ အဓိကဖြစ်သဖြင့် ဝမ်ယွမ်မှာ နောက်ကျကျန်နေခဲ့ပြီ ဖြစ်သည်။

လော့ချန်ကမူ ထိုအချက်ကို ဂရုမစိုက်ဟန်ဖြင့် "ဟား.... မဟုတ်တာဗျာ.... အစ်ကိုဝမ်ရဲ့ ချီစွမ်းအားတွေလည်း အရင်ကထက် အများကြီး ပိုပြီး သန့်စင်လာသလိုပဲ၊ အရင်ကလိုမ ဟုတ်တော့ဘူး.... စွမ်းအားတွေ တည်ငြိမ်နေပုံပေါ်တယ်”

ဝမ်ယွမ်က နှာခေါင်းရှုံ့လိုက်ရင်း "ဟ.... သုံးနှစ်လောက် သေမတတ် အားထုတ်ထားရတာ၊ ဒီလောက်တော့ ဖြစ်သင့်တာပေါ့ကွ" ဟု ပြန်ပြောသည်။

နှစ်ယောက်သား စကားစမြည်ပြောပြီးနောက် လော့ချန်သည် ဂူအတွင်းပိုင်းကို အကဲခတ်ကြည့်လိုက်သည်။ တစ်စုံတစ်ဦးမှ ဝမ်ယွမ်အတွက် ရေကန်ဘေးရှိ ဤနားခိုရာနေရာကို အသေအချာ ပြန်လည်ပြင်ဆင်ပေးထားခဲ့ခြင်း ဖြစ်သည်။

အပြင်ဘက်တွင် နယ်နိမိတ် ကျောက်စာတိုင် တစ်ခုရှိပြီး အဝင်ဝ၌ ကြေးတံခါးကြီးဖြင့် ကာကွယ်ထားသည်။ အတွင်းပိုင်းတွင်မူ ကြမ်းပြင်များကို အစိမ်းရောင် အုတ်ခဲများနှင့် ကျောက်စိမ်းဖြူများဖြင့် ခင်းကျင်းထားကာ လရောင်ကျောက်တုံးများကလည်း မှောင်မိုက်မှုကို ပယ်ဖျက်၍ နူးညံ့လှသော အလင်းရောင်များကို ထုတ်လွှတ်ပေးနေသည်။

"အဟမ်း.... ဒါနဲ့.... ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ လော့ထျန်းမှာ ဘာထူးသေးလဲဗျ.... ပြဿနာတက်တာတို့ ဘာတို့ကြုံသေးလား....”

"အေး.... တစ်ခုတော့ရှိမယ်.... မင်း အကောင်ကြီးတော့ လွတ်ပြေးသွားတယ်ကွ....”

“ဟင်.... ရှောင်ဟုန်လား…. ဘယ်ကနေ ဘယ်လိုဖြစ်တာတုန်း”

ရှောင်ဟုန်မှာ လော့ချန်မွေးထားသည့် ဒုတိယအဆင့် မျောက်ဝံဖြစ်သည်။ သားရိုင်းစစ်စစ် ဖြစ်သဖြင့် သူသွားလေရာ ခေါ်သွားရအောင်လည်း ဝိညာဉ်သားရဲအိတ်အတွင်း၌ ရေရှည် ထည့်ထား၍ မရပေ။ တာဟဲတစ္ဆေမြို့ပျက်သို့ လော့ချန် သွားသောအခါ ရှောင်ဟုန်ကို အပါခေါ်သွားရန် မဖြစ်နိုင်သဖြင့် သူ၏ လော့ထျန်းအဖွဲ့ သားများထံတွင် ခေတ္တအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရှောင်ဟုန်သည် သူ့အပြန်ကိုတောင် မစောင့်ဘဲ ထွက်ပြေးခဲ့လေပြီ။

"ဖြစ်ပုံက ဒီလိုကွ.... မင်းလဲထွက်သွားရော ဒီကောင်က စ ဇာတိပြလာတော့တာပဲ.... သခင်မရှိတော့ ဘယ်သူ့အမိန့်မှလဲ အဖတ်မလုပ်ဖူး…. အမြဲတစေ ပြေးဖို့ပဲ ချောင်းနေတာ.... ငါရော ကျန်တဲ့လူတွေရော သေချာတော့ ထိန်းတာပဲ၊ တစ်ရက်တော့ အေး.... လပြည့်ညထင်တယ်၊ အဲ့ည သူ့သားပေါက်သူ အပါခေါ်ပြီး လစ်ထွက်သွားတာပဲ.... သိသိချင်း ငါတို့ အကုန်လိုက်ဖမ်းတာပဲ၊ အကြမ်းပတမ်း လိုက်ဖမ်းဖို့ကလဲ မင်းမွေးထားတဲ့ အကောင်ဖြစ်နေတော့ လက်လွန်မှာ စိုးပြီး ဘယ်သူမှ မလုပ်ရဲဘူးလေ....”

ထို ရှင်းပြချက်ကို ကြားပြီးနောက် လော့ချန် ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။ သူသည် တစ္ဆေစစ်သူကြီးနှင့် ကာကွယ်ရေး မှော်ရတနာတစ်ခုကို ရရှိခဲ့သော်လည်း တစ်ဖက်တွင်မူ ဒုတိယအဆင့် မိစ္ဆာသားရဲ အဖော်တစ်ကောင် ဆုံးရှုံးခဲ့ရသည်။ အရှုံးနှင့် အမြတ်ကို မည်သို့ တွက်ချက်ရမည်ကို လော့ချန် မသိတော့ပေ။

"ဟူး.... ဘယ်တတ်နိုင်မလဲဗျာ.... အခွင့်အရေးရရင်တော့ ပြန်ရှာရမှာပေါ့”

ဝိညာဉ်သားရဲတစ်သောင်းကျမ်းတွင် အဓိကလမ်းညွှန်ထားသည်မှာ သားရဲအရိုင်းကောင်များအား လက်သပ်မွေးရာတွင် အတင်းအကျပ် ကျွန်ပြုခြင်းထက် ဟန်ချက်ညီညီ ထိန်းချုပ်နိုင်ရန်လိုအပ်ခြင်း ဖြစ်သည်။ ကျွန်ပြုခြင်း၏ အကောင်းဆုံး ပုံစံမှာ ဝိညာဉ်ကျွန်ပြုခြင်း မန္တန်များကို အသုံးပြုခြင်း မမဟုတ်ဘဲ အချိန်ယူကာ သားရဲ၏ သစ္စာရှိမှုကို ရယူခြင်းသာ ဖြစ်သည်။

"နောက်ထပ်ရော ဘာ အထွေအထူးရှိသေးလဲဗျ....”

"အဲဒါပဲရှိတယ်ကွ.... ကျန်တာအကုန် သူ့ဟာနဲ့သူ လည်ပတ်နေတာပဲ"

"ဩော်.... ဒါဆိုရင် အခြေအနေ ကောင်းတယ်လို့ပဲ ဆိုရမှာပေါ့…. အဟက်"

"ဟားဟား.... ကောင်းဆို မင်းက တာဟဲမှာ ဇ ရှိတယ်ဆိုပြီး နာမည်ကျော်နေတာလေ.... ဘယ်ကောင်က ကျားနှုတ်ခမ်းမွှေး လာဆွဲရဲမလဲကွ.... မဟုတ်ဖူးလား"

ထိုစကားကြားရသောအခါ လော့ချန် အကျယ်ကြီး ရယ်မောပစ်လိုက်သည်။ သူသည် မည်သည့်အချိန်ကစ ဤမျှ နာမည်ကြီးသွားရလေသနည်း။ ဤအတောအတွင်း အချိန်များ လည်ပတ်ကာ အဖြစ်အပျက်များ မြန်ဆန်လွန်းသဖြင့် သံဝေဂရစရာပင် ကောင်းတော့သည်။ နှစ်ဦးသား ရယ်သံများ စဲသွားပြီးနောက် လော့ချန်သည် အဓိက အရေးကြီးကိစ္စကို ထုတ်ပြောလိုက်သည် ။

"ဒီမယ် အစ်ကိုကြီး.... ဝမ်းသာစရာသတင်းပြောပြမယ်၊ အစ်ကိုဝမ် ကိုယ်ထဲက အဘိုးကြီးတွမ်ရဲ့ ဝိညာဥ်အပိုင်းအစကို ဖယ်လို့ရမယ့်နည်း တွေ့ပြီ”

"ဟေ....”

ဝမ်ယွမ်၏ မျက်လုံးများမှာ ချက်ချင်းပင် ဝင်းလက်သွားတော့သည်။

သူ့အဖြေကို အားကိုးတကြီးမျှော်လင့်နေသော ဝမ်ယွမ်၏ အကြည့်အောက်တွင် လော့ချန်သည် အနက်ရောင် အလံတစ်ခုကို ထုတ်ယူလိုက်သည်။ ရေနံချေးကဲ့သို့ မှောင်မည်းထူပျစ်နေသော မျက်နှာပြင်အတွင်းထဲမှ မရဏဘုံသားများ၏ ငိုကြွေးမြည်တမ်းသံ၊ ဟစ်အော်ကြိမ်းဝါးသံများကို ကြားနေရသည်။ ဝမ်ယွမ်တယောက် ထို သေမင်းတမန်အလား အလံနက်ကြီးအား ကြည့်နေရင်း ကျောစိမ့်လာတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၉၄) - လော့ထျန်းနှင့် ရေကြည်ရာ မြက်နုရာ

‘လော့ချန် ပြန်လာပြီ’ ဟူသော သတင်းသည် ရှောင်ဟွမ်းတောင်တစ်ခုလုံးသို့ တောမီးပမာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသည်။

ခဏချင်းအတွင်းမှာပင် အဖွဲ့ချုပ်အတွင်းရှိ ကျင့်ကြံသူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားကြပြီး စိတ်လှုပ်ရှားမှုတို့ဖြင့် ပွက်လောရိုက်သွားကြတော့သည်။

ကျင့်ကြံသူများအတွက်မူ မိမိတို့အဖွဲ့အစည်းတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ရှိသည်ဟု သိရခြင်းနှင့် ထိုပုဂ္ဂိုလ်ကိုယ်တိုင် ရှေ့မှောက်၌ ရှိနေခြင်းမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ အားကိုးရာ နာမည်တစ်ခု ရရှိခြင်းနှင့် လူအကောင်လိုက်ပြကာ လက်မ ထောင်နိုင်ခြင်းမှာ ကွာပေသည်။ စစ်မှန်သော အင်အားကို ကျောထောက်နောက်ခံပြု၍ လောကအလယ်တွင် ရဲရဲဝံ့ဝံ့ မော်ကြည့်နိုင်ခြင်းသည် ကျင့်ကြံသူများအဖို့ ရွှေအိပ်မက်ပင် ဖြစ်သည်။ ထို့ကြောင့် လော့ချန် အဖွဲ့ချုပ်သို့ ရောက်သည်နှင့် ဝမ်းသာနေကြသော အဖွဲ့ဝင် အများအပြားသည် သူတို့ခေါင်းဆောင်ချုပ်ကြီးအား တရားဝင်ဂါရဝပြုရန် ပင်မဧည့်ခန်းမဆီသို့ ဦးတည်လာကြသည်။

ဆေးဖော်ခန်းမဆောင်အတွင်း၌….။

ကူချိုင်ယီသည် ရုတ်တရက် ဆတ်ခနဲ မတ်တပ်ရပ်လိုက်မိသည်။

"အို.... သူ.... သူ တကယ်ပဲ ပြန်လာပြီလား"

သူမ၏ ရှေ့တွင်ရှိသော မီလီက ခပ်ဖွဖွ ပြုံးလိုက်ရင်း "အော်.... ဟုတ်ပါတယ်ဆို.... သတင်းက လော့ထျန်းတစ်ခုလုံး ပျံ့နေပြီ၊ အဖွဲ့ဝင်တိုင်း အဲဒါပဲ ပြောနေကြတာ.... အင်းလေ၊ ခေါင်းဆောင် ပြန်ရောက်ဦးမှပဲ.... မဟုတ်ရင် တနေ့တနေ့ မျိုးနွယ်စုတွေက ဆေးလုံးတွေနဲ့ ပက်သက်ပြီး ဗျစ်တီးဗျစ်တောက်လုပ်လွန်းလို့…. ခုမှပဲ ရင်ထဲကအပူလုံးကြီးကျသွားပြီ.... ဟိဟိ....”

မီလီတစ်ယောက် အူမြူးနေသော်လည်း ကူချိုင်ယီမှာမူ တွေဝေငေးမောနေလျက် တစ်ခုခုကို စဥ်းစားနေဟန် ရှိသည်။

"အမလေး.... မမချိုင်ယီရဲ့၊ ဒီကပြောနေတာလေးလဲ အားနာပါးနာ နားထောင်ပါဦး၊ ဘာတွေများ အသဲအသန် စဥ်းစားနေတာတုန်း တကတည်းရှင်.... ဒါနဲ့ မမက ရွှေခန်းမဆောင်ရဲ့ ခေါင်းဆောင်ပဲဟာ ဒီလိုမှိုင်နေလို့ ဘယ်ဖြစ်မလဲ.... သွား ဂါရဝပြုလိုက်ဦးလေ"

"အေး ဟုတ်တယ်.... နင်ပြောတာ မှန်တယ်၊ ငါ.... ငါ သွားလိုက်ဦးမယ်"

ကူချိုင်ယီ မှိုင်တွေနေရာမှ အလျင်စလို ထွက်သွားတော့သည်။

သူမ ထွက်သွားပြီးနောက် ဆေးဖော်ခန်းအတွင်းမှ လူတစ်ယောက် ထွက်လာသည်။ ထိုသူမှာ ဓားတစ်စင်းကဲ့သို့ စူးရှထက်မြက်သော မျက်လုံး မျက်ခုံးများပိုင်ဆိုင်ထားပြီး နှံ့စပ်ကျွမ်းကျင်လှသော ဗဟုသုတညဏ်တို့ကြောင့် ငယ်ရွယ်သော်လည်း ခန့်ညားထည်ဝါသော အရှိန်အဝါ ရှိနေသည်။ သူကား အခြားသူမဟုတ်။ ချွီလင်ကျွင်းပင် ဖြစ်သည်။

"ဟိတ် လင်ကျွင်း၊ နင့်ဆရာကို သွားမတွေ့ဘူးလား”

အချိန်ကာလက လင်ကျွင်း၏ အသွင်အပြင်ကို ပြောင်းလဲစေခဲ့ပြီ ဖြစ်သည်။ နှစ်အနည်းငယ်အတွင်း ချွီလင်ကျွင်းမှာ အရပ်ပိုရှည်လာပြီး သန်မာကာ တည်ငြိမ်လာခဲ့သည်။ မီလီ၏ ဘေးတွင် ရပ်လိုက်သောအခါ သူမထက် ခေါင်းတစ်လုံးစာမျှ ပိုမြင့်နေပြီ ဖြစ်သည်။ သူက မေးတတ်ရန်ကော ဆိုသည့် အကြည့်ဖြင့် ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။

"ဩော်…. မမရယ်၊ ကိုယ့်ဆရာတစ်ယောက်လုံး ပြန်ရောက်တာ သွားမတွေ့လို့ ဖြစ်မလားဗျာ.... ဆေးဖော်ခန်းမဆောင်ရဲ့ အခြေအနေတွေကိုလဲ တင်ပြရမယ်၊ ပြီးတော့ ကျွန်တော် သိချင်တာတွေ စုထားတာအများကြီးပဲ၊ ဆရာ့ကို သေချာမေးပြီး လမ်းညွှန်ခိုင်းရဦးမှာဗျ၊ မမမီလီလည်း လိုက်ခဲ့လေ.... လာ”

ထိုအခါ မီလီ၏ မျက်နှာတွင် အနည်းငယ် အနေရခက်သော အမူအရာ ပေါ်လာသည်။

"ငါ.... ငါတော့ ဒီမှာပဲ ကျန်ခဲ့တာ ပိုကောင်းမယ် ထင်တယ်ဟယ်"

"အာ.... မရဘူးဗျာ၊ လိုက်ခဲ့ရမယ်"

လင်ကျွင်းက စကားပြတ် ပြောလိုက်သည်။ သူ၏ မျက်လုံးများသည် ယခုအခါ ပိုမိုတည်ငြိမ်ပြီး ကျော့ရှင်းလာသော အမျိုးသမီးလေးကို စိုက်ကြည့်နေသည်။

"ကျွန်တော့် အဘိုးဆုံးပြီး မိသားစုဆိုလို့ ဆရာရယ်၊ မမရယ်ပဲ ရှိတာ၊ ကျွန်တော်တို့ရဲ့ ပက်သက်မှုကို ဆရာ သိသင့်တယ်လို့ ထင်တယ်"

"ဒါ.... ဒါပေမဲ့.... "

"လာပါဆို.... ဒါပေမဲ့တွေ လုပ်မနေပါနဲ့၊ လိုက်ခဲ့ပါတော့"

လင်ကျွင်း၏ နွေးထွေးသော လက်တဖက်က သူမ၏ လက်ချောင်းသွယ်သွယ်လေးများကို ဆုပ်ကိုင်လိုက်သည်။ သူမ ငြင်းဆန်ရန် အခွင့်အရေးပင် မရှိတော့ဘဲ ဂိုဏ်းခန်းမဆောင်ကြီးဆီသို့ ဆွဲခေါ်ခံလိုက်ရတော့သည်။

မီလီသည် လင်ကျွင်း၏ ပြတ်သားသော အပြုအမူကြောင့် အံ့အားသင့်သွားပြီး နောက်မှ ယိုင်တိုင်တိုင် ပါသွားသည်။ သူမ၏ ရှေ့မှ လင်ကျွင်း၏ ကျောပြင်ကို ကြည့်ရင်း သူမရင်ထဲတွင် လုံခြုံနွေးထွေးသွာကာ မျက်ဝန်းအစုံမှာလဲ မေတ္တာရိပ်များ ထင်ဟပ်လာသည်။

….

"လက်ရှိမှာတော့....”

စီမာဟွေ့နန်မှ လော့ချန်အား အစီရင်ခံနေခြင်း ဖြစ်သည်။

"လော့ထျန်းအဖွဲ့အစည်းအတွင်းမှာ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ အရေအတွက်ဟာ ၁၀ ဦးကနေ ၁၅ ဦးအထိ တိုးလာပါပြီ…. အဲ့ဒီထဲက ၃ ဦးကတော့ တာဟဲဈေးမြို့တော်ကနေ ကျွန်မတို့ဆီ လာရောက်ပူးပေါင်းတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေ ဖြစ်ပြီး ကျန်တဲ့ ၂ ဦးကတော့ အဖွဲ့ဝင်တွေထဲက အဆင့်တက်လာသူတွေပါပဲ၊ သူတို့ကတော့ လျိုချန်းနဲ့ စုရှောင်လင်တို့ ဖြစ်ပါတယ်"

သူရင်းနှီးပြီးသား အမည်နှစ်ခုကို ကြားလိုက်ရသောအခါ လော့ချန် ကျေနပ်ဟန် ခေါင်းညိတ်လိုက်သည်။ လျိုချန်း အဆင့် ၉ သို့ ရောက်ရှိခြင်းမှာ မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူသည် ကျိုးယွမ်လီနှင့် နှစ်ပေါင်းများစွာ တွဲဖက်လာခဲ့သူ ဖြစ်ပြီး ပူးတွဲတိုက်စစ်ဆင်ရာတွင် ကျွမ်းကျင်သူ ဖြစ်သည်။

လျိုချန်း နှင့် ကျိုးယွမ်းလီ၏ ကျင့်ကြံမှုအဆင့်သည် အမြဲ နီးစပ်ခဲ့သည်။ ကျိုးယွမ်လီ အဆင့် ၉ သို့ ရောက်ခဲ့သည်မှာ ၆ နှစ်တိုင်ခဲ့ပြီ ဖြစ်ရာ လျိုချန်းအတွက် ယခုမှ လိုက်မီခြင်းမှာ စင်စစ်မူ အနည်းငယ် နောက်ကျနေသည်ဟုပင် ဆိုနိုင်သည်။ ဒုတိယ အမည်ကမူ လော့ချန်ကို အနည်းငယ် အံ့အားသွားစေသည်ဟုဆိုရမည်။

"နေဦး.... နောက်တစ်ယောက်က စုရှောင်လင် ဟုတ်လား"

"ဟုတ်ပါတယ်ရှင့်…. ရှောင်ဟွမ်းတောင် တိုက်ပွဲအပြီးမှာ အဖွဲ့ချုပ်ခေါင်းဆောင်ကိုယ်တိုင် ကုသပေးခဲ့တဲ့ ချီသန့်စင် နှောင်းပိုင်းအဆင့် ကျင့်ကြံသူပါပဲ.... အဟဲ.... သူက အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ကရုဏာထားမှုအပေါ် အမြဲတမ်း ကျေးဇူးတင်နေခဲ့တာပါ၊ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း အဖွဲ့ထဲမှာ အလုပ်ကြိုးစားပြီး တာဝန်တွေကို ဦးဆောင်ဦးရွက် ကျေပွန်အောင် လုပ်တဲ့ စံပြအဖွဲ့ဝင်ဆိုလည်း မမှားပါဘူးရှင့်"

အမှုမဲ့ အမှတ်မဲ့စိုက်ပျိုးခဲ့သော သစ်စေ့လေးသည် ယခုအခါ အရိပ်ကောင်းသော သစ်ပင်ကြီးတစ်ပင် ဖြစ်လာခဲ့လေပြီ။ လော့ချန် ခပ်တိုးတိုး ရယ်မောလိုက်ရင်း "ဆက်ပြောပါဦး" ဟု ဆိုလိုက်သည်။ စီမာဟွေ့နန်က ခေါင်းညိတ်ကာ လွန်ခဲ့သော သုံးနှစ်အတွင်း လော့ထျန်းအဖွဲ့အစည်း၏ အခြေအနေများကို ဆက်လက် တင်ပြသည်။ ဟွေ့နန်ပြောစကားအရ ကောက်ချက်ချရလျှင် အဖွဲ့အတွင်း ပြဿနာကြီးကြီးမားမား မရှိခဲ့သလို တိုးတက်ပြောင်းလဲလာခြင်းလည်း မရှိပေ။

တံခါးပိတ် ကျင့်ကြံခြင်း မဝင်မီကပင် လော့ချန်သည် အဖွဲ့မူဝါဒများကို အတိအကျ ချမှတ်ထားခဲ့ပြီးသား ဖြစ်သည်။ စီမာဟွေ့နန် လုပ်ရမည်မှာ ၎င်းတို့ကို အကောင်အထည်ဖော်ရန်သာ ဖြစ်သည်။ အပြင်ကျင့်ကြံလောကနှင့် ပတ်သက်၍လည်း နန်ကုန်းကျင်း၊ လီရီရှန်းတို့နှင့် ကြိုတင် ညှိနှိုင်းမှုများ ပြုလုပ်ထားခဲ့သည်။ ထို့ကြောင့် ပြင်ပမှ ကြီးမားသော ရိုက်ခတ်မှုများ မရှိခဲ့ပေ။ လော့ထျန်းအဖွဲ့အတွင်း အဓိက အပြောင်းအလဲ ၃ ခုသာ ရှိခဲ့သည်။

ပထမတစ်ခုမှာ လစာစနစ် ဖြစ်သည်။ လော့ချန်၏ ဆေးဖော်စပ်မှုလုပ်ငန်း ရပ်တန့်နေသဖြင့် စီမာဟွေ့နန်သည် လက်တွေ့ကျကျပင် လစာပေးချေမှု ပုံစံကို ပြင်ဆင်လိုက်သည်။ အဖွဲ့ဝင်အားလုံးအား ကျင့်ကြံခြင်းလောကရှိ အခြားအဖွဲ့အစည်းများတွင် ပေးလေ့ရှိသော စံနှုန်းသို့ ပြောင်းလိုက်ခြင်းဖြစ်သည်။ အဖွဲ့အတွင်း အားကြိုးမာန်တက်အလုပ်လုပ်လျှင် ထိုအဖွဲ့ဝင်သည် လစာပိုရမည်ဖြစ်သည်။ ထိုအစား လုပ်ဆောင်ချက် တစ်ခုမှ မပြနိုင်သူများမှာ လစာမရနိုင်ပေ။ ဤအပြောင်းအလဲကြောင့် အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အကြပ်အတည်းမှာ သိသိသာသာ ပြေလျော့သွားခဲ့သည်။ ထိုစနစ်သစ်ကြောင့် အဖွဲ့ချုပ်အတွင်းရှိ အပျင်းထူနေသော ကျင့်ကြံသူများသည် အမဲလိုက်ခြင်းမှအစ အခြား အပြင်အလုပ်များကို ရလုပ်ကိုင်လာသဖြင့် အဖွဲ့ချုပ်ကို ပိုမို အကျိုးဖြစ်ထွန်းစေခဲ့သည်။

ဤသည်မှာ ကောင်းသောအချက်ဖြစ်သည်။ မူလက လစာများများပေးခဲ့သည်မှာ မပေးမဖြစ်သောကြောင့် ဖြစ်သည်။ ထိုစဥ်က ပြင်ပမှ မလိုတမာ တိုက်ခိုက်ချင်သူများ ရှိလေရာ ဝိညာဉ်ကျောက်တုံးများဖြင့်သာ အဖွဲ့ဝင်အချင်းချင်း သွေးမကွဲဘဲ စည်းလုံးအောင် လုပ်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် လက်ရှိတွင် အခြေအနေ ကွဲပြားသွားပြီဖြစ်ရာ လစာပြန်လည်လျှော့ချခြင်းမှာ သဘာဝကျလှသည်။

စီမာဟွေ့နန်သည် ထိုလစာ စနစ်ပြောင်းကာစတွင် အဖွဲ့ဝင်များ၏ မုန်းတီးမှုနှင့် ဝေဖန်မှုများကို ခေါင်းခံ ခဲ့ရသည်။ သို့သော် နောက်ကွယ်မှ ညွှန်ကြားခဲ့သူမှာ လော့ချန် ဖြစ်သည်ကိုမူ အခြားသူများ မသိကြပေ။

ဒုတိယတစ်ခုမှာ ပြစ်ဒဏ်စီရင်ရေးခန်းမ တည်ထောင်ရန် အဆိုပြုချက် ဖြစ်သည်။ ဤခန်းမဆောင်တွင် အဖွဲ့ဝင်များများစားစား မလိုသော်လည်း ရှိသမျှလူမှာ ထိပ်တန်း ကျင့်ကြံသူများ ဖြစ်ရမည်။ ထိုခန်းမဆောင်သည် လော့ထျန်းအဖွဲ့အတွင်း စည်းကမ်းများကို ထိန်းသိမ်းရန်နှင့် ပြစ်မှုကျူးလွန်သူများကို အရေးယူရန်အတွက် ဖြစ်သည်။ လော့ချန်က ဤအဆိုပြုချက်ကို ချက်ချင်းပင် အတည်ပြုပေးလိုက်သည်။

ပြစ်ဒဏ်စီရင်ရေးခန်းမ၏ ခေါင်းဆောင်နေရာအတွက်မူ ကျိုးယွမ်လီမှာ သံသယဖြစ်ဖွယ်မရှိဘဲ အသင့်တော်ဆုံး ပုဂ္ဂိုလ်ပင် ဖြစ်သည်။ လော့ချန်သည် သူ့အား စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ ဟူသော ဂုဏ်ထူးဆောင်ဘွဲ့ကို ပေးထားပြီးသား ဖြစ်ရာ ယခုကဲ့သို့ ရာထူးတိုးပေးခြင်းမှာ အလွန်ပင် သဘာဝကျလှသည်။ ဤခန့်အပ်မှုနှင့်အတူ လော့ထျန်းအဖွဲ့အစည်းအတွင်းရှိ ခန်းမအားလုံး၏ ဖွဲ့စည်းပုံမှာ ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။

‘မြွေပွေးဟူသည် အကောင်သေးသော်လည်း အဆိပ်ပြင်း’ ဆိုသကဲ့သို့ အဖွဲ့ချုပ်သည် လော့ချန် မရှိလျှင်ပင် ပုံမှန်လည်ပတ်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။

တတိယ အပြောင်းအလဲမှာမူ သတင်းကောင်းတစ်ခု ဖြစ်သည်။

"လင်ကျွင်းက အခုဆိုရင် ကျောက်စိမ်းအမြုတေဆေးလုံးတွေကို အဆင်ပြေပြေ ဖော်စပ်နိုင်နေပါပြီ"

"ဟေ.... တယ်ဟုတ်ပါလား.... အသေးစိတ်ပြောပါဦး"

"ဟုတ်ကဲ့၊ အဖွဲ့ချုပ်ခေါင်းဆောင်ကို မမီပေမဲ့ ဆေးကုန်ကြမ်း ၁၅ စုံမှာ တစ်အိုးစာလောက် ကျိန်းသေ ကောင်းကောင်း ထွက်ပါတယ်.... အရည်အသွေးကတော့ အဆင့်နိမ့် ဆေးလုံး အဆင့်ပါပဲ"

ဆေးမယ် ၁၅ စုံမှာ ဝိညာဉ်ကျောက်တုံး ၇၅ တုံးခန့် ကုန်ကျသည်။ လက်ရှိတွင် ချွီလင်ကျွင်းသည် ဆေးလုံးထွက်နှုန်းကို အသေအချာ မထိန်းချုပ်နိုင်သေးဘဲ တစ်အိုးလျှင် ၁၅ လုံးမှ ၁၆ လုံးခန့်သာ ထွက်သည်။ ရောင်းချသည့်အခါတွင်လည်း ဝိညာဉ်ကျောက်တုံး အနည်းငယ်သာ ပြန်ရသဖြင့် အရှုံးပေါ်နေသေးသည်ဟု ဆိုရမည်။

"ဟားဟား.... ငါ့တပည့်အကြောင်း ငါသိတာပေါ့၊ ဒီကောင်က ပါရမီကို ပါနေတာ”

ဆေးဖက်ဝင်အပင်များ သရုပ်ဖော်ကျမ်းကို အလွတ်ကျက်မှတ်ခြင်းမှ အစပြု၍ ဆေးဖော်ခန်းမဆောင်တွင် လက်တိုလက်တောင်းကူပေးခြင်း၊ ကိုယ်တိုင် လက်တွေ့လေ့ကျင့်ခြင်းနှင့် နောက်ပိုင်း သူ့တပည့်ဖြစ်လာသောအခါ လော့ထျန်း၏ ဆေးမယ်များစွာကို ဖော်စပ်ခွင့် ရရှိခဲ့ခြင်းတို့ကြောင့် ဤအဆင့်သို့ ရောက်လာခြင်း ဖြစ်သည်။ အားလုံးပေါင်းမှ ၆ နှစ်သာ ကြာခဲ့သည်။ သာမန်လူတစ်ဦးအတွက် ၆ နှစ်မှာ ကြာသည်ဟု ထင်ရသော်လည်း ကျင့်ကြံသူများအတွက်မူ မျက်စိတစ်မှိတ်စာမျှသာ ဖြစ်သည်။ ဂိုဏ်းကြီးများတွင် ပထမအဆင့် အဆင့်နိမ့် ဆေးလုံးများကို တည်တည်ငြိမ်ငြိမ် ဖော်စပ်နိုင်မည့် ဆေးဖော်စပ်သူတစ်ဦးကို လေ့ကျင့်ရန် အနည်းဆုံး ၁၀ နှစ်ခန့် ကြာလေ့ရှိသည်။

အမြတ်အစွန်း ထွက်အောင် လုပ်ဆောင်နိုင်မည့်သူတစ်ဦး ဖြစ်လာရန်မှာမူ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပေသည်။ ကျွမ်းကျင်အဆင့် သို့မဟုတ် ပါရမီရှင်အဆင့် ဖြစ်ရန်မူ ရာစုနှစ်များစွာဖြင့် ကြာလေ့ရှိသည်။ ယခုအခါ ချွီလင်ကျွင်းသည် ဆေးဖော်စပ်သူတစ်ဦး၏ ပထမအဆင့် ဖွံ့ဖြိုးတိုးတက်မှုကို ၆ နှစ်အတွင်းမှာပင် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။

လော့ချန်၏ ကိုယ်ပိုင် သင်ကြားမှုနှင့် အတွေ့အကြုံများကလည်း လင်ကျွင်း၏ ကျွမ်းကျင်မှုအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အကြောင်းမူ လော့ချန်ကိုယ်တိုင်မှာ ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်မှုတွင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ ထိုကဲ့သို့သော ဆရာ၏ သင်ကြားမှုနှင့် လင်ကျွင်း၏ ကိုယ်ပိုင် ပါရမီတို့ ပေါင်းစပ်လိုက်သောအခါ ရလဒ်မှာ မျှော်လင့်ထားသည်ထက် များစွာ သာလွန်ခဲ့သည်။

လော့ချန်၏ နှုတ်ခမ်းအစွန်း၌ ကျေနပ်သည့် အပြုံးလေးတစ်ခု ပေါ်လာသည်ကို မြင်သောအခါမှ စီမာဟွေ့နန် အသက်ကို ဝဝရှူနိုင်တော့သည်။ သူမသည် လော့ထျန်းအဖွဲ့အစည်းကို သုံးနှစ်တိုင်တိုင် တစ်ဦးတည်း စီမံခန့်ခွဲခဲ့ရသဖြင့် စိတ်ရောလူပါ အလွန်ပင် ပင်ပန်းနွမ်းနယ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ လော့ချန်၏ အသိအမှတ်ပြုမှုကို ရရှိလိုက်သဖြင့် သူမ၏ စိတ်ထဲ၌ လေးလံနေသော အရာကြီး ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် နောက်ထပ် တင်ပြရမည့် အကြောင်းအရာမှာမူ သူမကို အနည်းငယ် စိုးရိမ်ထိတ်လန့်သွားစေသည်။

"ဟိုလေ.... နောက် ရှောင်ဟုန်ကိစ္စကတော့....”

"အင်း.... ငါ ကြားပြီးပါပြီ၊ မင်းကို အပြစ်မတင်ပါဘူး၊ ဒါပေမဲ့လည်း ဒုတိယအဆင့် တိုက်ခိုက်ရေးစွမ်းအား တစ်ခုလျော့သွားတာတော့ နှမြောစရာပေါ့လေ”

လော့ချန်က နှမြောတသဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။

ရှောင်ဟုန်လေးအား သားရဲလှိုင်း တိုက်ပွဲအတွင်း သူနှင့် ဝမ်ယွမ်တို့က အရှင်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ သားရဲထိန်းကျောင်းခြင်း အတတ်များကို ရရှိပြီးနောက် သူသည် ရှောင်ဟုန်အား ထိန်းချုပ်နိုင်ခဲ့သည်။ ရှောင်ဟွမ်းတောင် တိုက်ပွဲအတွင်းမှာလည်း ရှောင်ဟုန်သည် အလွန်ပင် စွမ်းဆောင်နိုင်ခဲ့ပြီး တိုက်ပွဲအတွက် များစွာ အထောက်အကူ ဖြစ်ခဲ့သည်။ သို့သော် လော့ချန် တံခါးပိတ်ကျင့်ကြံသည့် ဒုတိယမြောက်နှစ်တွင် ရှောင်ဟုန် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ တစ်ကောင်တည်းမဟုတ်ဘဲ သားပေါက် မျောက်ဝံကလေးကိုပါ ခေါ်သွားခဲ့သည်။

‘ငါ မရှိတဲ့အခါ အဖွဲ့ထဲမှာ သူ့ကို ရေရှည်ထိန်းထားနိုင်မယ့်သူ မရှိတာ အခက်သားပဲ၊ ငါ့ရဲ့ ဝိညာဉ်သားရဲတစ်သောင်းကျင့်စဉ်ကလည်း အခြေခံအဆင့်မှာပဲ ရှိနေသေးတာဆိုတော့ သူ့ကို အမြဲတမ်း စိတ်ဝိညာဉ်ကျွန်ပြုခြင်းနဲ့ ထိန်းချုပ်နေမှ ရမှာ’

လော့ချန် သူ့စိတ်ဝိညာဥ်ဖြင့် အာရုံခံကြည့်ရာ ရှောင်ဟုန်၏ အရိပ်အယောင်အမျှင်တန်းလေးအား ခပ်ပါးပါးလေး ခံစားနေရဆဲ ဖြစ်သည်။ သို့သော် ထိုဆက်သွယ်မှုမှာ တဖြည်းဖြည်း မှေးမှိန်လာနေသည်။ သေချာသည်မှာ ရှောင်ဟုန်သည် တောင်တန်းကြီးများ၏ အနက်ရှိုင်းဆုံးဆီသို့ ရောက်ရှိနေပြီး သူနှင့် ပိုမို ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။

"ပြီးခဲ့တာတွေ ပြီးပါစေတော့.... လွတ်လွတ်လပ်လပ် သူသွားလိုရာ သွားပါစေ.... ”

လော့ချန်သည် အကျိုးမရှိသော ပူပန်မှုများဖြင့် အချိန်မဖြုန်းတော့ဘဲ သူ၏ အကြည့်များကို ခန်းမဆောင်ကြီးအတွင်းသို့ ဝေ့ဝဲကြည့်လိုက်သည်။ စီမာဟွေ့နန် အစီရင်ခံနေစဉ်အတွင်းမှာပင် လော့ထျန်းအဖွဲ့၏ အဆင့်မြင့် အဖွဲ့ဝင် အများအပြားမှာ တိတ်တဆိတ် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ ရင်းနှီးသူများ တဖွဲဖွဲရောက်လာချိန်တွင်မူ လော့ချန်သည် ခန်းမအတွင်းရှိ လူတိုင်းအား ဟင်ခနဲ ဖြစ်သွားစေသည့် ဆုံးဖြတ်ချက်တစ်ခုကို ခပ်အေးအေးအမူအယာဖြင့် ကြေညာလိုက်တော့သည်။

"ကဲ.... လူစုံတက်စုံရှိတုန်း ပြောစရာလေး တစ်ခုတော့ ရှိတယ်ဗျ.... နောက်သုံးလကြာရင် တာဟဲကနေ ပြောင်းကြစို့"

All Chapters