အခန်း (၂၉၅-၂၉၆)
Vol. 30 Ch. 295-296
အခန်း (၂၉၅) - လင်ကျွင်း၏ အချစ်ခရီးလမ်းကြမ်း
"ကဲ.... လူစုံတက်စုံရှိတုန်း ပြောစရာလေး တစ်ခုတော့ ရှိတယ်ဗျ.... နောက်သုံးလကြာရင် တာဟဲကနေ ပြောင်းကြစို့"
ရုတ်တရက် ထွက်ပေါ်လာသော ထိုကြေညာချက်ကြောင့် ခန်းမအတွင်းရှိ လူတိုင်း ဆွံ့အသွားကြသည်။ နောက်မှရောက်လာသူအချို့ဆိုလျှင် နားကြားမှားလေသလားဟုပင် သံသယဝင်ကာ မျက်တောင်တခတ်ခတ်ဖြင့် ကြောင်ကြည့်နေကြသည်။ လူတိုင်း၏မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများ ဂယက်ထသွားတော့သည်။
ချင်လျန်ချန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဒီ.... ဒီကနေ ပြောင်းမယ် ဟုတ်လား.... အဲ့ဒါက.... မင်း.... အဲ.... အဖွဲ့ချုပ်ခေါင်းဆောင် တစ်ယောက်တည်းလား၊ ဒါမှမဟုတ် ကျုပ်တို့ အားလုံးလား"
သူ၏ လျှာဖျားတွင် "လော့ချန်" ဟု ခေါ်ရန် တာစူနေသော်လည်း မသိစိတ်၏ စေ့ဆော်မှုကြောင့် "အဖွဲ့ချုပ်ခေါင်းဆောင်" ဟူသော စကားလုံးကသာ ထွက်ကျလာခဲ့သည်။ ၎င်းမှာ အနည်းငယ် စိမ်းသက်နေသော်လည်း ယခုအချိန်တွင်မူ မည်သူကမှ သတိမထားမိကြပေ။
လော့ချန်က သူ့အား တည်ငြိမ်စွာ ကြည့်ရင်း ပြန်ဖြေလိုက်သည်။
“ဒါကတော့ တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်လိမ့်မယ်"
ထိုစကား၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှပေသည်။ မည်သို့ပင်ဖြစ်စေ လော့ချန်ကမူ ထွက်ခွာမည်သာ ဖြစ်သည်။ အကယ်၍ လော့ထျန်းအဖွဲ့အစည်းမှ ကျင့်ကြံသူများ လိုက်ပါလိုပါက လိုက်နိုင်သည်။ မလိုက်လိုပါကလည်း သူ အတင်းအကျပ် မတိုက်တွန်းပေ။ ခန်းမဆောင်အတွင်း၌ လေးလံသော တိတ်ဆိတ်မှုတစ်ခု ဖုံးလွှမ်းသွားသည်။ လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်ရင်း စကားမဆိုနိုင်ဘဲ ဖြစ်နေကြရသည်။ ခန်းမအတွင်း အပ်ကျသံကြားရလောက်သည်အထိ ခဏတာမျှ တိတ်ဆိတ်သွားသည်။
"ဒါပေမဲ့ ဘာလို့ ပြောင်းမှာလဲ…."
တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူမှာ အတန်ကြာအောင် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သော တွမ်ဖုန်းပင်။ လွန်ခဲ့သော သုံးနှစ်အတွင်း တွမ်ဖုန်းသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခင်က ရှိခဲ့သော မိုက်ရူးရဲဆန်သည့် တဇွတ်ထိုးအကျင့်များအစား တည်ငြိမ်ရင့်ကျက်မှုများက အစားထိုးဝင်ရောက်လာခဲ့သည်။ သူ၏ မေးစေ့တစ်ဝိုက်တွင် မုတ်ဆိတ်တိုလေးများပင် ပေါက်နေပြီး အသံမှာလည်း ပိုမို တည်ကြည် လေးနက်လာခဲ့သည်။
သူ၏ မေးခွန်းမှာ လူတိုင်း၏ စိတ်ထဲတွင် ရှိနေသော မေးခွန်းပင် ဖြစ်သည်။ လော့ထျန်းအဖွဲ့အစည်းသည် ဤအခြေအနေသို့ ရောက်ရှိရန် ခရီးကြမ်းများစွာ လျှောက်လှမ်းခဲ့ရသည်။ သူတို့သည် ရှောင်ဟွမ်းတောင်နှင့် လခြမ်းတောင်ကြား ဟူသော အဖိုးတန် ဝိညာဉ်ကြော နှစ်ခုလုံးကို ပိုင်ဆိုင်ထားကြသည်။ အဖွဲ့ဝင် ကျင့်ကြံသူ အရေအတွက်မှာလည်း သုံးရာကျော်အထိ ရှိလာခဲ့ကာ စီးပွားရေးလုပ်ငန်းများ၊ အဆက်အသွယ်များနှင့် နယ်မြေပိုင်ဆိုင်မှုများမှာလည်း တဖြည်းဖြည်း နေရာတကျ ဖြစ်လာနေပြီ ဖြစ်သည်။ ဤသို့ လမ်းကြောင်းမှန်ပေါ် ရောက်ခါစတွင်မှ အားလုံးကို စွန့်လွှတ်ကာ ထွက်ခွာရမည်ဆိုသည်ကို မည်သူက လက်ခံနိုင်ပါမည်နည်း။
လော့ချန် တည်ငြိမ်နေသလောက် ခန်းမအတွင်းရှိ လူတိုင်းမှာမူ ရင်လေးသွားရသည်။
"ဒါမေးသင့်တဲ့ မေးခွန်းပါပဲ.... ဒီလိုဗျ…. တာဟဲတစ္ဆေမြို့ပျက်ထဲမှာ တစ္ဆေဘုရင်တစ်ပါး ရှိနေတယ်၊ လောလောဆယ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ချန်ထားခဲ့တဲ့ နည်းစနစ်တွေနဲ့ ခဏချုပ်ထားပေမယ့် ပြန်လွတ်ထွက်လာဖို့က သိပ်မလိုတော့ဘူး.... ခန့်မှန်းရသလောက်ဆိုရင် ခြောက်လ ကနေ တစ်နှစ်အတွင်းမှာ သူ လွတ်လာလိမ့်မယ်.... ပြောချင်တာက ဒီတာဟဲမြေဟာ ဆက်နေဖို့ မသင့်တော့ဘူး"
သူ၏ စကားကြောင့် လူအုပ်ကြီးမှာ တုန်လှုပ်သွားကြသည်။ ထိုတုန်လှုပ်မှုနှင့်အတူ ထိတ်လန့်ကြောက်ရွံ့ခြင်း အမူအရာများမှာလည်း ပျံ့နှံ့သွားတော့သည်။ တစ္ဆေဘုရင် ဆိုပါလား။ ထိုကဲ့သို့သော တည်ရှိမှုမျိုးမှာ မသေမျိုးလမ်းစဉ်၏ ရွှေအမြုတေအဆင့် ကျင့်ကြံသူနှင့် တူညီသည်။ မိမိအလိုအလျောက် တစ္ဆေလမ်းစဉ်သို့ ကူးပြောင်းသွားကြသော ကျင့်ကြံသူများနှင့်မတူဘဲ တာဟဲဈေးမြို့တော်ရှိ တစ္ဆေဘုရင်မှာ မကျေနပ်မှုနှင့် အမုန်းတရားများ၊ သေခြင်းတရားနှင့် ယင်စွမ်းအင်များစွာ စုပုံရာမှ ဖြစ်တည်လာခြင်း ဖြစ်သည်။ ၎င်း၏ ဉာဏ်ရည်အဆင့်အတန်းမှာ မည်မျှရှိသည်ကို မသိသော်လည်း သက်ရှိမှန်သမျှအပေါ်တွင်မူ အမုန်းတရား အပြည့်ရှိနေပေလိမ့်မည်။ အကယ်၍ ထိုအတိုင်းသာ ဖြစ်လာပါက တာဟဲဈေးမြို့တော်မှာ ကျိန်စာသင့်မြေအဆင့်မျှ မဟုတ်တော့ဘဲ သေခြင်းတရားများသာ ဖုံးလွှမ်းနေမည့် လူသူကင်းမဲ့ရာ မြေရိုင်းကြီး ဖြစ်သွားပေလိမ့်မည်။
စီမာဟွေ့နန်က တုန်လှုပ်စွာဖြင့် "ဒါ.... ဒါကြောင့် ဖြစ်မယ် ... မနေ့က ရုတ်တရက် တုန်ဟီးသံကြီး ကြားလိုက်ရတာလေ၊ အဲ့တာ မြို့ပျက်ထဲက တစ္ဆေဘုရင်ကြောင့်ပေါ့နော်”
ချက်ချင်းပင် လူတိုင်းသည် ယမန်နေ့က တာဟဲတစ္ဆေမြို့ပျက်အတွင်းမှ ထွက်ပေါ်လာသော မြေလှန်မတတ် ပြင်းထန်လှသည့် တုန်ခါမှုကြီးကို သတိရသွားကြသည်။ ထိုစဉ်က တာဟဲဈေးမြို့တော် အနီးနားရှိ ကျင့်ကြံသူတိုင်း ထိုတုန်ခါမှုကို ခံစားခဲ့ကြရသည်။ သို့သော် နောက်ပိုင်းတွင် ထိုတုန်ခါမှုမှာ ပျောက်ကွယ်သွားခဲ့သဖြင့် အောက်ခြေကျင့်ကြံသူများမှာ တာဟဲတစ္ဆေမြို့ပျက်အတွင်းသို့ ဝင်ရောက်စုံစမ်းနိုင်စွမ်း မရှိသောကြောင့် ထိုမေးခွန်းကို ရင်ထဲမှာသာ မြှုပ်နှံထားခဲ့ကြခြင်း ဖြစ်သည်။ ယခုမူ ထိုအရာမှာ တစ္ဆေဘုရင် ပေါ်ထွက်လာတော့မည့် နိမိတ်လက္ခဏာ ဖြစ်ကြောင်း ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
လော့ချန် ခေါင်းညိတ်ပြလိုက်သောအခါ ခန်းမဆောင်အတွင်း၌ လူတိုင်း မျှော်လင့်ချက်မဲ့သွားကြသည်။ အကယ်၍ ဤသတင်းသာ မှန်ကန်ပါက သူတို့တွင် တာဟဲဈေးမြို့တော် ဟူသော မိခင်မြေကို စွန့်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
လော့ချန်သည် လူတိုင်းကို လက်တွေ့အခြေအနေအား လက်ခံနိုင်ရန် အချိန်ပေးသည့်အနေဖြင့် တိတ်ဆိတ်စွာ နေနေလိုက်သည်။ သူ လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်သည်။ ရုတ်တရက် သူ၏ အကြည့်များမှာ အခန်းထောင့်တစ်နေရာ၌ ရပ်တန့်သွားသည်။ ခန်းမဆောင်၏ အစွန်ဆုံးတွင် မီလီ၏ လက်ကို မြဲမြဲဆုပ်ကိုင်ထားသော လူငယ်လေးတစ်ဦးကို သူ တွေ့လိုက်ရသည်။
လော့ချန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး အကြည့်ကို လွှဲလိုက်သည်။ ထို့နောက် သူ ပြတ်သားစွာ ပြောလိုက်သည်။
"ကဲ.... အားလုံးပဲ နားထောင်မယ်၊ တစ္ဆေဘုရင် လွတ်လာဖို့ ခြောက်လလောက် လိုသေးတယ်လို့ ခန့်မှန်းထားပေမဲ့ အချိန်ဆွဲနေလို့ မရဘူး၊ မတော်တဆ သူသာ စောစောစီးစီး လွတ်လာခဲ့ရင် ကပ်ဘေးကြီးထဲ အကုန်ပါမှာ ကျိန်းသေပဲ"
"အဲ့တော့.... သုံးလ"
"အဲ့ သုံးလအတွင်းမှာ ကျွန်တော်တို့ ဒီက ကိစ္စအဝဝကို အပြီးသတ်မယ်၊ တာဟဲနယ်မြေကနေ ထွက်ခွာမယ်၊ ပြီးရင် ကျင့်ကြံဖို့ အဆင်ပြေလောက်မယ့် နေရာသစ်တစ်ခုကို ရှာဖွေမယ်၊ ဒါ ကျွန်တော့်အစီအစဥ်ပဲ"
သူ၏ အသံမှာ ခန်းမဆောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
တစ္ဆေဘုရင် ရှိနေခြင်းဟူသော လက်တွေ့အဖြစ်ကို လက်ခံလိုက်ပြီးနောက်တွင် ကနဦး တုန်လှုပ်မှုများမှာ စတင်ပျောက်ကွယ်သွားသည်။ လူတိုင်းသည် နောက်ထပ် ဘာဆက်လုပ်ရမည်၊ ဘယ်ကိုသွားရမည်ကို အလေးအနက် စဉ်းစားလာကြသည်။ ကျောထောက်နောက်ခံ မရှိဘဲ လေလွင့်နေသော တစ်ကိုယ်တော် ကျင့်ကြံသူဘဝဖြင့် ခွဲထွက်နေရန် မဖြစ်နိုင်ပေ။ ထိုအရာမှာ လုံးဝ အဆင်မပြေနိုင်သော ကိစ္စပင် ဖြစ်သည်။ ယခုအခါ လော့ချန်က သူတို့ကို ခေါ်ဆောင်သွားရန် ဆန္ဒရှိနေသည့်သဘော ဖြစ်ရာ ဤထက် ကောင်းသော လမ်းမရှိတော့ပေ။ လူအုပ်ကြီးမှာ တဖြည်းဖြည်း တည်ငြိမ်သွားကြသည်။ ဦးဆောင်မည့်သူ ရှိနေပြီ ဖြစ်သဖြင့် မရေရာမှုများမှာ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော် မေးခွန်းတစ်ခုကတော့ လူတိုင်း၏ စိတ်ထဲတွင် ရှိနေဆဲပင်။
"အဟမ်း....”
အဘွားယွမ်က တုန်ရီသောအသံဖြင့် မေးလိုက်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မတို့ ဘယ်ကို သွားကြမှာလဲ"
….
လူတိုင်း ထွက်သွားပြီးနောက် ခန်းမဆောင်ကြီးအတွင်း၌ လော့ချန်နှင့် ဒူးထောက်နေသော ချွီလင်ကျွင်းတို့ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
"ဘာကွ.... ဒါဆို.... မင်းက မီလီနဲ့ တာအို လက်တွဲဖော်အဖြစ် လက်ဆက်ချင်တာပေါ့ ဟုတ်လား"
ထိုမေးခွန်းမှာ ခန်းမဆောင်အတွင်း၌ မိုးကြိုးပစ်လိုက်သကဲ့သို့ ပဲ့တင်ထပ်သွားသည်။ အထက်ပလ္လင်ထိုင်ခုံတွင် ထိုင်နေသော လော့ချန်နှင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော ချွီလင်ကျွင်းတို့သာ ခန်းမအတွင်း ကျန်ရှိတော့သည်။ လော့ချန်၏ အမေးစကားသည် လူငယ်လေး၏ နားထဲတွင် တောင်တစ်လုံးပမာ လေးလံစွာ ကျရောက်လာခဲ့သည်။
ချွီလင်ကျွင်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီနေသော်လည်း သူ အံကို တင်းတင်းကြိတ်ကာ ပြတ်သားစွာ ပြောလိုက်သည်။
"ဒါ ကျွန်တော့်ရဲ့ ဆန္ဒပါ ဆရာ"
လော့ချန် သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
“နေစမ်းပါဦး.... မင်း အသက် ဘယ်လောက်ရှိပြီလဲ၊ မင်းရဲ့ ကျင့်ကြံအဆင့်ကရော"
"တပည့်ရဲ့ အသက်က ၁၈ နှစ် ရှိပါပြီ၊ ချီသန့်စင်အဆင့် ၅ ရှိနေပါတယ် ခင်ဗျာ"
လော့ချန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။
"ဟမ်.... မင်း အသက် ၁၂ နှစ်မှာ ကျင့်ကြံခြင်းကို စတင်ခဲ့တယ်၊ အခု ၆ နှစ် ရှိပြီ၊ လော့ထျန်းအဖွဲ့အစည်းရဲ့ အပြည့်အဝ ထောက်ပံ့မှုတွေ ရှိပါလျက်နဲ့ မင်းက ချီသန့်စင်အဆင့် ၅ ကိုပဲ ရောက်သေးတာလား"
"ကျွန်တော့်ရဲ့ ပါရမီက ညံ့ဖျင်းလို့ပါ.... "
"မင်းကိုယ်တိုင်တောင် မင်းရဲ့ ပါရမီက ညံ့ဖျင်းတယ်လို့ ဝန်ခံနေရင်....”
လော့ချန်၏ အသံမှာ အနည်းငယ် ခက်ထန်သွားသည်။
"ဒါဆို မင်းက ဘာဖြစ်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ရေးကို ဦးစားပေးဖို့ ကြံနေရတာလဲ....”
သူ၏ အသံမှာ မကျယ်သော်လည်း စကားလုံးများမှာမူ ပိုးသားဖြင့် ပတ်ထားသော အေးစက်လှသည့် သံမဏိဓားသွားများကဲ့သို့ ထက်မြက်လှသည်။ ချွီလင်ကျွင်းမှာ တုန်ယင်သွားပြီး လော့ချန်၏ အကြည့်ကို မရင်ဆိုင်ရဲတော့ပေ။ သူ့အပေါ် မျှော်လင့်ချက်ကြီးမားသော ဆရာဖြစ်သူ၏ စိတ်ပျက်နေသည့် အကြည့်ကို သူ ရင်မဆိုင်ရဲပေ။
သူ ခေါင်းကို ငုံ့ထားရင်း တိုးတိုးလေး ပြောလိုက်သည်။
"မမက ကျွန်တော့်အပေါ်မှာ အမြဲတမ်း ကြင်နာပေးခဲ့တာပါ၊ ဆရာ အခြေခံတည်ဆောက်ပြီး တံခါးပိတ်ကျင့်ကြံနေတုန်းကလည်း သူမကပဲ ကျွန်တော့်ကို ဆေးဖော်စပ်နည်းတွေ စိတ်ရှည်လက်ရှည်နဲ့ သေချာ သင်ပေးခဲ့တာပါ၊ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကျွန်တော့်အဘိုးရဲ့ ကျန်းမာရေးက ဆိုးရွားလာခဲ့တယ်၊ ကျွန်တော်က ဆရာ့ကို စိတ်မပျက်စေချင်လို့ ကျင့်ကြံခြင်းနဲ့ ဆေးဖော်စပ်ခြင်းမှာပဲ အာရုံစိုက်နေခဲ့ရတာ၊ အဲ့ဒီအချိန်တုန်းက ဖျားနာနေတဲ့ ကျွန်တော့်အဘိုးကို ပြုစုစောင့်ရှောက်ပေးခဲ့တာလည်း မမပါပဲ၊ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အဘိုး ဆုံးသွားခဲ့တယ်၊ အဲ့ဒါဟာ ကျွန်တော့်ဘဝရဲ့ အမှောင်မိုက်ဆုံး အချိန်ပါပဲ.... အဲ့ဒီအချိန်မှာ မမကပဲ.... "
အဘိုးကြီး ချွီဟန်ချန်း ဆုံးပါးသွားခဲ့လေပြီ။ သူသည် အလွန်အမင်း အသက်ကြီးနေသည် မဟုတ်သော်လည်း နှစ်ပေါင်းများစွာ တိုက်ပွဲများအတွင်း ရရှိခဲ့သော ဒဏ်ရာဟောင်းများကြောင့် သူ၏ ရုပ်ရည်မှာ အိုမင်းရင့်ရော်ကာ အားနည်းနေခဲ့ခြင်း ဖြစ်သည်။ ဆေးဖော်ခန်းမဆောင် ပေါက်ကွဲမှုအတွင်း၌လည်း သူသည် အလတ်စား ကျောက်စိမ်းအမြုတေဆေးလုံး တစ်လုံးကို ကာကွယ်ရင်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သေးသည်။ လော့ချန် တံခါးပိတ်ကျင့်ကြံနေသော သုံးနှစ်တာအတွင်း၌ ထိုအဘိုးကြီးမှာ နောက်ဆုံးတွင် ကွယ်လွန်သွားခဲ့ပြီး လောကကြီးကို နှုတ်ဆက်သွားခဲ့ပြီ ဖြစ်သည်။ လော့ချန်သည် သူ့ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ရန်ပင် အချိန်မမီခဲ့ပေ။ ချွီလင်ကျွင်းသည် ငယ်စဉ်ကတည်းက သူ၏ အဘိုးလက်ထဲတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ထိုသို့ ဆုံးရှုံးလိုက်ရခြင်းအတွက် သူ ခံစားရမည့် ဝမ်းနည်းမှုမှာ မည်မျှ နက်ရှိုင်းမည်ကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်သည်။
ထိုစကားများကို ကြားရသောအခါ လော့ချန်၏ မျက်နှာတွင် စာနာသည့် အမူအရာလေးတစ်ခု ပေါ်လာသည်။ သူသည် ထိုလူငယ်လေး၏ စကားကို ဖြတ်မပြောခဲ့ပေ။ အမှန်အတိုင်း ပြောရလျှင် သူသည်လည်း ဆရာကောင်းတစ်ဦး မဟုတ်ခဲ့ပေ။ သူသည် ချွီလင်ကျွင်းကို ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ကိုယ်တိုင်ကိုင်ကျ သင်ကြားပေးခဲ့ခြင်း မရှိပေ။ ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်၍လည်း ကနဦး စမ်းသပ်မှု အချို့မှအပ သူသည် ဆေးဖော်စပ်မှု အတွေ့အကြုံများ ရေးသားထားသော စာအုပ်တစ်အုပ်ကို ပေးခဲ့ပြီး ကျန်ရှိသည်ကို ကံတရားအပေါ်၌သာ ထားရှိခဲ့သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက မီလီသည်သာ ချွီလင်ကျွင်း၏ ဆေးဖော်စပ်ခြင်း လမ်းကြောင်းပေါ်တွင် စစ်မှန်သော လမ်းပြသူ ဖြစ်ပေလိမ့်မည်။
ယခုအခါ ချွီလင်ကျွင်းမှာ သူမထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း သူတို့၏ ဆက်ဆံရေးမှာ စစ်မှန်သော ဆရာတပည့် ဆက်ဆံရေးမျိုး ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ နှစ်ပေါင်းများစွာ နီးကပ်စွာ နေထိုင်လာခဲ့ရာ မီလီသည် လှပသော မိန်းကလေးတစ်ဦး မဟုတ်သော်လည်း လူပျိုပေါက်အရွယ် လူငယ်လေးတစ်ဦးအဖို့ သံယောဇဉ်တွယ်ကာ အချစ်စိတ် နိုးထလာခြင်းမှာ သဘာဝကျလှသည်။
လော့ချန်အား စိတ်ပျက်စေသည်မှာလည်း ဤအချက်ပင်။ ဤအရွယ်တွင် ထိုကဲ့သို့ ဆုံးဖြတ်ချက်မျိုး ချလိုက်ခြင်းမှာ ရင့်ကျက်မှုကြောင့်လား သို့မဟုတ် မိုက်ရူးရဲစိတ်ကြောင့်လား ဆိုသည်ကို ပြောရန် ခက်ခဲလှသည်။
"ဆရာ.... ကျွန်တော်တို့ရဲ့ ချစ်ခြင်းကို အသိမှတ်ပြုပေးပါ"
ဘယ်အချိန်ကတည်းကလဲ မသိသော်လည်း လူငယ်လေးသည် ခေါင်းမော့ကာ အထက်ရှိ အမျိုးသားအား ခိုင်မာသော အကြည့်ဖြင့် မော့ကြည့်နေခဲ့သည်။
လော့ချန် မျက်မှောင်ကြုတ်သွားပြီး မျက်နှာထားတင်းတင်းဖြင့် စဥ်းစားနေသည်။ အတန်ကြာမှ သူသည် လေးကန်လှသော သက်ပြင်းတစ်ချက်ကို ဖြည်းဖြည်းချင်း ချလိုက်သည်။
"ဟူး.... ငါ မင်းကို မေးခွန်း သုံးခု မေးမယ်၊ အဲ့ဒါတွေကို ဖြေပြီးမှ မင်းရဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပါ"
"မေးပါ ဆရာ"
"မင်း မီလီနဲ့အတူ အိုအောင်မင်းအောင် ပေါင်းဖက်ပြီး သေအတူ ရှင်မကွာ နေချင်တာလား"
"တကယ်လို့ ကျွန်တော်တို့ လက်တွဲဖော်တွေ ဖြစ်လာကြမယ်ဆိုရင် အဲ့ဒါက ကျွန်တော့်ရဲ့ ကတိသစ္စာပါပဲ၊ သူမရဲ့ လက်ကို နောက်ဆုံးအချိန်အထိ ဆုပ်ကိုင်ထားပါ့မယ်"
"ဒါဆို ငါ နောက်ထပ် မေးမယ်၊ မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ချင်သေးလား"
"တပည့် ကျင့်ကြံခြင်း လမ်းကြောင်းပေါ် စတင်ခြေချကတည်းက ဒီအတွက် ရည်မှန်းထားတာပါ၊ ဆရာ့ရဲ့ အားပေးမှုကြောင့်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် တက်လှမ်းဖို့ စိတ်ဓာတ်က ခိုင်မာနေပါပြီ"
"ကောင်းပြီလေ....”
လော့ချန် တိုးတိုးလေး ဆိုသည်။
“ဒါဆို နောက်ဆုံး မေးခွန်းတစ်ခု.... ငါ့ကို ရိုးရိုးသားသား ဖြေပါ၊ မင်းရဲ့ အမြင်အရ မီလီမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်နိုင်မယ့် ပါရမီ ရှိတယ်လို့ ထင်လား"
"သူ.... သူကတော့.... ဖြစ်နိုင်ခြေ မရှိသလောက်ပါပဲ"
တဖြည်းဖြည်း တိုးဝင်သွားသော အသံကို နားထောင်ရင်း လော့ချန် ခေါင်းခါလိုက်သည်။
"မီလီက မင်းထက် အသက် ဆယ်နှစ်ကျော် ပိုကြီးတယ်၊ သူမရဲ့ ပါရမီက ညံ့သလို အရင်းအမြစ်တွေလည်း မရှိဘူး၊ တကယ်လို့ မင်းသာ အသက် ၆၀ မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ခဲ့ရင် မင်းရဲ့ သက်တမ်းက နောက်ထပ် နှစ်ပေါင်း နှစ်ရာအထိ တိုးသွားလိမ့်မယ်၊ ဒါပေမဲ့ သူမကတော့ မင်းထက် စောပြီး ဆုံးပါးသွားလိမ့်မယ်"
"ဒါဆို မင်းပြောစမ်း.... မင်းတို့ ဘယ်လိုလုပ် အတူတူ အိုအောင်မင်းအောင် ပေါင်းဖက်နိုင်မှာလဲ၊ နောက်ဆုံးအချိန်အထိ ဘယ်လို အတူတူ လျှောက်လှမ်းကြမှာလဲ"
"မီလီ အရင် သေသွားရင် သူ့အုတ်ဂူရှေ့မှာ ငိုကြွေးနေရမယ့် မင်းကိုယ်မင်း မြင်ယောင်ကြည့်ဖူးလား....”
ခန်းမဆောင်အတွင်းရှိ လူငယ်လေးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ ထိုခဏ၌ သူနှင့် မီလီ၏ အနာဂတ်ကို မြင်ယောင်လိုက်မိသကဲ့သို့ ရှိသည်။ ဝေဝေဝါးဝါး မြင်ကွင်းထဲတွင် နှစ်ပေါင်းတစ်ရာအကြာ၌ ချစ်လှစွာသော ဇနီးသည်အတွက် ကျောက်စာတိုင် စိုက်ထူပေးနေကာ လွမ်းဆွတ်တမ်းတသောအားဖြင့် အုတ်ဂူဘေး၌ သစ်ပင်လေးတစ်ပင် စိုက်ပျိုးပေးနေသည့် ပုံရိပ်ကို မြင်ယောင်လာမိသည်။
နားထဲတွင်လည်း ဆရာဖြစ်သူ၏ သက်ပြင်းချသံမှာ ပဲ့တင်ထပ်နေ၏။
"တွေ့လား.... မင်း စိတ်ယိမ်းယိုင်သွားပြီ"
"မ.... မဟုတ်ဘူး.... ကျွန်တော်က....”
သူသည် နှုတ်ခမ်းများကို လှုပ်ရှားကာ စကားပြောရန် ကြိုးစားသော်လည်း မည်သည့်စကားမှ ထွက်မလာခဲ့ပေ။ သူ့စိတ်ကို ထွင်းဖောက်မြင်နိုင်သော လော့ချန်၏ နက်ရှိုင်းသော အကြည့်အောက်တွင် သူ၏ မျက်ဝန်းများမှာ ယခင်ကကဲ့သို့ မခိုင်မာတော့ပေ။
"လူငယ်သဘာဝ စိတ်လှုပ်ရှားတာကို ငါနားလည်ပါတယ်"
လော့ချန်က ညင်သာစွာ ပြောလိုက်သည်။
"ဒါပေမဲ့ ကျင့်ကြံခြင်းလမ်းစဉ်က အလွန်ရှည်လျားလွန်းတယ်၊ မင်းရဲ့ ခြေလှမ်းကို ရင်ပေါင်တန်းနိုင်တဲ့ အဖော်မရှိဘူးဆိုရင် လက်တွဲပြီး အိုအောင်မင်းအောင် ပေါင်းဖက်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဒါက ကိုယ့်ဘာကိုယ် ဆင်းရဲဒုက္ခ ရှာနေတာပဲ ရှိလိမ့်မယ်"
သူ ဝတ်ရုံစကို ဝှေ့ယမ်းလိုက်သောအခါ ခန်းမဆောင်၏ တံခါးကြီးမှာ ဖြည်းဖြည်းချင်း ပွင့်သွားသည်။ ပြင်ပတွင် နေဝင်ရိုးရီ အချိန်သို့ ရောက်နေပြီ ဖြစ်ကာ ကောင်းကင်ယံမှာ ရဲရဲနီသော တိမ်တိုက်များဖြင့် လှပနေသည်။
ထိုနေရာ၌ တံခါးဝ၏ အပြင်ဘက်တွင် ဒူးထောက်နေသော အရိပ်တစ်ခု ရှိနေသည်။ ထိုအရိပ်ပိစိလေးသည် အလွန်ပင် အထီးကျန်နေပုံရသည်။ သူမကို ကြည့်ရင်း လော့ချန်၏ ရင်ထဲ၌ တင်းကျပ်သွားသည်။ သူမသည်လည်း အမှန်တကယ် သနားစရာကောင်းသော ဝိညာဉ်လေးဖြစ်သည်။
"ဒါပေမယ့်.... မင်းသိထားဖို့က ငါက လူနှစ်ဦးရဲ့ ချစ်ခြင်းကို ခွဲရက်တဲ့သူ မဟုတ်ပါဘူး.... တယောက်နဲ့တယောက်ချစ်ကြတယ်ဆိုတာ အမုန်းတရားတွေပြည့်နေတဲ့ ဒီလောကကြီးထဲမှာ ဝမ်းသာစရာကိစ္စပါ.... အဲ့တော့ မင်း သေချာစဥ်းစား၊ ချီသန့်စင်အဆင့် ၉ ကို ရောက်တဲ့အခါကျမှ ငါ့ဆီ ပြန်လာပြီး မင်းရဲ့ အဖြေကို ပေး"
ချွီလင်ကျွင်းသည် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် "ဟုတ်ကဲ့" ဟူသော စကားသာ ထွက်လာခဲ့သည်။
သူသည် လော့ချန်အား ဦးညွှတ် အလေးပြုပြီးနောက် ခန်းမထဲမှ ထွက်ခွာသွားတော့သည်။
….
ခန်းမဆောင်ကြီးမှာ ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ လော့ချန်သည် သူ၏ ထိုင်ခုံကြီးပေါ်တွင် တစ်ဦးတည်း ထိုင်နေရင်း စိတ်ရှုပ်ထွေးနေမိသည်။
ချွီလင်ကျွင်းအား သူပြောခဲ့သော စကားများသည် သူ့ကိုယ်သူ ပြန်လည် ဆန်းစစ်ခြင်းလည်း ဖြစ်သည်။ ဤလမ်းခရီးတစ်လျှောက်တွင် သူသည် ပိုမိုထူးချွန်လာခဲ့ပြီး ယခင်ကကဲ့သို့ မည်သူမျှ ဂရုမစိုက်သော အားနည်းသည့် တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်တော့ပေ။
သူ့တွင် အင်အားရှိလာသည်၊ ရာထူးရှိလာသည်၊ နာမည်ကျော်ကြားလာသည်။ သူ့အား သဘောကျသော အမျိုးသမီးကျင့်ကြံသူများမှာလည်း မနည်းလှပေ။ ယခင်က မုရုံချင်းလျန်ပင်လျှင် သူ့အား အမျိုးသမီးတစ်ဦးနှင့် မိတ်ဆက်ပေးရန် စဉ်းစားဖူးသေးသည်။ ပို၍ နီးစပ်သူဆိုပါက ကူချိုင်ယီကဲ့သို့သော အလှနတ်သမီးလေးလည်း ရှိနေပြီး သူတို့အကြား၌ နက်ရှိုင်းသော သံယောဇဉ်လည်း ရှိနေသည်။
သူ အချစ်ရေးနှင့် ပတ်သက်၍ စိတ်မလှုပ်ရှားခဲ့ဖူးဘူးဟု ပြောပါက လိမ်ညာခြင်းသာ ဖြစ်လိမ့်မည်။
သူသည် ကိလေသာ ကင်းစင်နေသည့် ရဟန္တာတစ်ပါး မဟုတ်။ ဤကမ္ဘာသို့ မရောက်မီက သူသည် အလုပ်ပိနေသော ဝန်ထမ်းလေးတစ်ဦးသာ ဖြစ်ခဲ့သည်။ သူ့အချစ်ရေးမှာလည်း မြို့ကြီးပြကြီးများ၏ အိမ်ခြံမြေဈေးနှုန်းများအောက်တွင် နိဋ္ဌိတံသွားခဲ့ရဖူးသည်။
ထိုကမ္ဘာနှင့် နှိုင်းယှဉ်ပါက ဤကျင့်ကြံခြင်းလောကရှိ အမျိုးသမီးများမှာ အမျိုးမျိုးသော အလှတရားများကို ပိုင်ဆိုင်ကြပြီး ရုပ်ဆိုးသူဟူ၍ မရှိသလောက်ပင်။ ထိုကဲ့သို့သော အလှလေးများကြားတွင် သူ့ကိုယ်သူ ထိန်းသိမ်းနိုင်ခဲ့ခြင်းမှာ ကျင့်ကြံခြင်းလမ်းစဉ်အပေါ်ထားရှိသော ခိုင်မာသည့် စိတ်ဓာတ်ကြောင့်သာ ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်မီက သူသည် သူ၏ ကိလေသာကင်းသော ဇီဝအမြုတေကို ဂရုတစိုက် ထိန်းသိမ်းခဲ့သည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီးနောက်တွင် သူ၏ အမြင်များမှာ ရုတ်တရက် ကျယ်ပြန့်သွားခဲ့ပြီး စိတ်ဓာတ်မှာလည်း ပိုမို တည်ငြိမ်လာခဲ့သည်။ သူသည် ခေတ္တခဏတာ နွေးထွေးမှု သို့မဟုတ် ကိလေသာများနောက်သို့ လိုက်ရန် မလိုအပ်တော့ဟု ခံစားရသည်။ အကယ်၍ သူသာ အလှတရား သို့မဟုတ် ခေတ္တခဏတာ သက်သောင့်သက်သာရှိမှုအတွက် တစ်သက်တာ ချည်နှောင်မှုတစ်ခုကို အလောတကြီး ပြုလုပ်လိုက်မည်ဆိုပါက တစ်နေ့သောအခါတွင် သူ့ကို စောင့်ကြိုနေမည့် အရာမှာ တစ်ခုတည်းသာ ရှိသည်။
"ဟိုခြံထောင့်က နှင်းသီးပင်လား.... ဩော် အဲ့ဒီအပင်ကို ငါ့ဇနီး ဆုံးတဲ့နှစ်မှာ စိုက်ခဲ့တာလေ၊ အခုတော့ အဲ့ဒီအပင်က ကိုင်းဖျာလို့ အရိပ်ကောင်းနေပြီ" ဟူသော ဝမ်းနည်းစရာ မြင်ကွင်းမျိုးသာ ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့သော မြင်ကွင်းမျိုးကို သူ မမြင်လိုပေ။
သူ ချစ်မြတ်နိုးရသူတစ်ဦးက ပါးရေတွန့် ဆံဖြူသွားကျိုးကာ အိုမင်းသူတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး သူ၏ လက်ထဲမှာပင် သေဆုံးသွားရမည့် မြင်ကွင်းမျိုး။ ၎င်းကို သူကိုယ်တိုင် မကြုံတွေ့ရသေးသော်လည်း ထိုနာကျင်မှုကို သူ ခန့်မှန်းကြည့်နိုင်ပြီး သူ ရင်ဆိုင်ရဲသော အရာ မဟုတ်ပေ။ ထို့ကြောင့်ပင် လော့ချန်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီးကတည်းက စိတ်ပိုင်းဖြတ်ထားခဲ့သည်။
"ပထမဆုံး မြင်မြင်ချင်း စွဲစွဲလမ်းလမ်းချစ်မိတာမျိုး မဟုတ်ရင်၊ တကယ် နက်နက်ရှိုင်းရှိုင်း ခံစားရတာမျိုး မရှိရင် ငါ ဒီ အချစ်ရေးကိစ္စကို ဘယ်တော့မှ မစဘူး" ဟူ၍ ဖြစ်သည်။
ဤသည်မှာ သူ၏ ခိုင်မာလှသော ဆုံးဖြတ်ချက် ဖြစ်သည်။
သို့သော်လည်း သူသည် သူ့ကိုယ်သူအတွက် လမ်းစလေးတစ်ခုတော့ ချန်ထားခဲ့သေးသည်။ မည်သို့ပင် ဖြစ်စေ အချစ်ဆိုသည်မှာ ထူးဆန်းပြီး အစွမ်းထက်လှသော အရာတစ်ခု မဟုတ်ပါလော။ ၎င်းက အမှန်တကယ် တံခါးလာခေါက်သည့် အချိန်တွင်မူ သူ အမှန်တကယ် တောင့်ခံနိုင်ပါ့မလားဟု မည်သူက ပြောနိုင်ပါ့မည်နည်း။
လော့ချန် ပေါ့ပါးစွာ ရယ်မောလိုက်သည်။
“ဒီဘဝမှာ မိစ္ဆာမလေးတွေ ဒါမှမဟုတ် ဂိုဏ်းကြီးတွေက နတ်သမီးလေးတွေ မဟုတ်ရင်တောင်မှ အနည်းဆုံးတော့ ငါ့ရဲ့ ဘေးမှာ ခြေလှမ်းချင်း ယှဉ်ပြီး လျှောက်လှမ်းနိုင်မယ့် အဖော် တစ်ယောက်တော့ ရှိသင့်တာပေါ့"
….
တာဟဲဈေးမြို့တော်ရှိ တစ်ကိုယ်တော် ကျင့်ကြံသူများသည် ရုတ်တရက် ထူးဆန်းသော အရာတစ်ခုကို သတိထားမိလိုက်ကြသည်။
လော့ထျန်းအဖွဲ့ကြီး ထွက်ခွာရန် ပြင်ဆင်နေကြသလား ဟူသည့် အတွေးဖြစ်သည်။
သူတို့၏ လုပ်ဆောင်ချက်များမှာ အစပိုင်းတွင် သတိမထားမိလောက်သော်လည်း မကြာမီမှာပင် လျစ်လျူရှု၍ မရနိုင်လောက်အောင် ဖြစ်လာသည်။
ဆေးပင်များကို အမြောက်အမြား ရောင်းချနေကြပြီး ဈေးကွက်ထဲသို့ ပုံအောသွန်ချနေသကဲ့သို့ ရှိသည်။ အဆင့်နိမ့် မှော်လက်နက်များကိုလည်း ဒါဇင်နှင့်ချီကာ လက်ရှိ ဈေးကွက်ပေါက်ဈေးထက် များစွာ လျှော့၍ ရောင်းချနေကြသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူတို့ သိမ်းပိုက်ထားခဲ့သော အရှေ့ပိုင်းလွင်ပြင်မှ အမဲလိုက်ကွင်းများကိုပင် ဒေသခံ အင်အားစုလေးများထံ ပြန်လည် ရောင်းချလိုက်ကြသည်။
ထို့တင်မကသေးဘဲ နှစ်ပေါင်းများစွာ အခြေချခဲ့သော လခြမ်းတောင်ကြားမှ ကာကွယ်ရေး အစီအရင်များကိုပင် ဖျက်သိမ်းလိုက်ကြရာ အချိန်မရွေး ထွက်ခွာတော့မည့် ပုံပေါ်နေသည်။
ဤလုပ်ရပ်များကြောင့် ဒေသတွင်းရှိ ကျင့်ကြံသူများမှာ ဂဏာမငြိမ် ဖြစ်လာကြသည်။ အကဲခတ် ကောင်းသူများမှာ ဤအချက်များကို မကြာသေးမီက တာဟဲတစ္ဆေမြို့ပျက်အတွင်း ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် တုန်ခါမှုကြီးနှင့် စတင် ဆက်စပ်တွေးတောလာကြသည်။ သူတို့လည်းပဲ တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို ခံစားမိလာသည်။
ထိုအတောအတွင်း ရှောင်ဟွမ်းတောင်ထိပ်တွင်မူ ဆေးဖော်စပ်ခြင်း ပြိုင်ပွဲကြီးတစ်ခုကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည်။ ပြိုင်ပွဲဟု ဆိုသော်လည်း အမှန်တကယ် လက်စွမ်းပြနေသူများမှာ လော့ချန်၊ ချွီလင်ကျွင်းနှင့် မီလီ သုံးဦးသာ ဖြစ်သည်။
"သေချာကြည့်ထား၊ ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်တဲ့နေရာမှာ အဓိကအကျဆုံးက ဆေးကုန်ကြမ်းတွေကို ပြင်ဆင်တဲ့ အဆင့်မှာပဲ ရှိတယ်"
"ကျောက်စိမ်းဆေးမြစ်ကို သန့်စင်ဖို့အတွက်ဆိုရင် ကျောက်စိမ်းကွဲခြင်းလို့ ခေါ်တဲ့ ဆေးဖော်စပ်နည်းပညာကို သုံးရမယ်"
"ငါ အခုလုပ်ပြမှာကို အာရုံစိုက်ထား"
ကျယ်ဝန်းလှသော ဆေးဖော်ခန်းအတွင်း၌ မြေအောက်မီးများမှာ တဟုန်းဟုန်း တောက်လောင်နေသည်။ လော့ချန်သည် ဆေးအိုးကြီး၏ ရှေ့တွင် ရပ်လျက် လက်နှစ်ဖက်ကို လိပ်ပြာလေးများ ပျံသန်းနေသကဲ့သို့ ကျွမ်းကျင်စွာ လှုပ်ရှားနေသည်။ သူ၏ လက်ချောင်းများမှတစ်ဆင့် လမ်းညွှန်ပေးလိုက်သော ချီစွမ်းအင် တန်းလေးများသည် ကျောက်စိမ်းဆေးမြစ်၏ သဘာဝအကွဲကြောင်းများအတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်သွားကြသည်။ ဘေးမှ ချွီလင်ကျွင်းနှင့် မီလီတို့သည် မျက်တောင်မခတ်တမ်း အာရုံစိုက်ကာ ကြည့်နေကြသည်။
အကယ်၍ အခြား ဆေးဖော်စပ်သူများသာ ဤနေရာတွင် ရှိနေမည်ဆိုပါက ဤမြင်ကွင်းမှာ ထူးဆန်းနေပေလိမ့်မည်။ လော့ချန်က ချွီလင်ကျွင်းကို သင်ကြားပေးခြင်းမှာ ဆရာနှင့် တပည့်ဖြစ်၍ သဘာဝကျလှသည်။ သို့သော် မီလီမှာမူ ပြင်ပလူ တစ်ဦးသာ ဖြစ်ရာ ဤကဲ့သို့ သင်ကြားခွင့်ရရန် မည်သည့် အရည်အချင်း ရှိပါသနည်း။
ဤသည်မှာ လော့ချန်၏ ကျေးဇူးဆပ်ခြင်း တစ်မျိုးပင် ဖြစ်သည်။ မီလီသည် ချွီလင်ကျွင်းကို သူ့ကိုယ်စား နှစ်ပေါင်းများစွာ သင်ကြားပေးခဲ့ပြီး သူမ၏ ကြိုးစားအားထုတ်မှုနှင့် စေတနာမှာ ပစ်ပယ်ထား၍ မရပေ။ သို့သော် သူမကိုယ်တိုင်မှာမူ ဆေးဖော်စပ်ခြင်း ပါရမီ နုံချာသဖြင့် သာမန် မှော်အာဟာရဆေးလုံးလောက်သာ ဖော်စပ်နိုင်ခဲ့သည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာသော်လည်း သူမ၏ အဆင့်အတန်းမှာ တိုးတက်မလာခဲ့ပေ။
အကယ်၍ သူမသည် လော့ချန်၏ သင်ကြားမှုမှ တစ်စုံတစ်ခု ရရှိသွားမည်ဆိုလျှင် အနည်းငယ်မျှပင် ဖြစ်ပါစေဦးတော့၊ သူမအတွက် များစွာ အကျိုးရှိပေလိမ့်မည်။ နောက်ပိုင်းတွင် သူမကိုယ်တိုင် ပထမအဆင့် ဆေးလုံးများ ဖော်စပ်နိုင်မည်ဆိုပါက အကောင်းဆုံးပင်။ မဖော်စပ်နိုင်လျှင်ပင် ချွီလင်ကျွင်းအား ကူညီပေးနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူမ၏ လစာနှင့် ခံစားခွင့်များကို မြှင့်တင်ပေးရန် အကြောင်းပြချက် ရှိသွားပေလိမ့်မည်။
သူတို့နှစ်ဦးကို မျက်လုံးထောင့်မှ ကြည့်ရင်း လော့ချန် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
“အင်း.... မီလီက လင်ကျွင်း တန်ဖိုးထားရတဲ့သူပဲ.... ပြီးတော့ ဟိုးအရင်တုန်းကလည်း အဘိုးကြီးမီရှုဟွာက ငါ့အပေါ်မှာ ကျေးဇူးတွေ ရှိတယ်.... ငါသာ မီလီကို သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်အောင် ကူညီပေးနိုင်ရင် ငါ့မှာ နောင်တ ရှိမှာ မဟုတ်တော့ဘူး”
သင်ကြားပြသမှု ပြီးဆုံးသွားသောအခါ လော့ချန် နောက်သို့ ဆုတ်လိုက်သည်။ ကျန်ရှိနေသော ဆေးလုံးသိမ်းဆည်းသည့် အဆင့်ကိုမူ ချွီလင်ကျွင်းအား ဆက်လက် လုပ်ဆောင်စေ၏။
"အိုး.... ဆရာ.... ဝမ်းသာစရာပဲဗျိုး၊ ဆေးလုံး ၄၀ တောင်ရတယ်ဗျ၊ အားလုံးက အဆင့်မြင့် တွေချည်းပဲ"
ချွီလင်ကျွင်းမှာ အလွန်အမင်း ဝမ်းသာသွားပြီး သစ်သားဗန်းလေးကို ရိုရိုသေသေ ကိုင်ထားရင်း သူ၏ မျက်လုံးများမှာ လေးစားကြည်ညိုမှုများဖြင့် တောက်ပနေတော့သည်။
ဤသည်မှာ သူ၏ ဆရာပင်။ လက်တစ်ချက် လှုပ်ရှားရုံနှင့် အဆင့်မြင့် ဆေးလုံးများကို အလွယ်တကူ ဖော်စပ်နိုင်လေသည်။ ဆေးဖော်ဆရာကြီး တစ်ဦးပင်လျှင် ဤအဆင့်အထိ လုပ်နိုင်ပါ့မည်လော။ မိမိနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက လုံးဝ အလှမ်းဝေးလွန်းလှသည်။
ဘေးမှ မီလီသည်လည်း လော့ချန်အား အံ့သြမှင်သက်စွာ ကြည့်နေမိ၏။
လော့ချန်က သူတို့၏ ချီးကျူးမှုများကို ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြလိုက်သည်။ ထို့နောက် ချွီလင်ကျွင်းကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ယခုအချိန်တွင် ချွီလင်ကျွင်းမှာ ယခင်ကကဲ့သို့ တည်ငြိမ်ရင့်ကျက်နေသော လူငယ်လေး မဟုတ်တော့ဘဲ ဆေးဖော်စပ်ခြင်း လမ်းစဉ်အပေါ် ရူးသွပ်နေသူတစ်ဦးသာ ဖြစ်နေတော့သည်။
"ကဲ ပြော.... ဒီနေ့ မင်း ဘယ်လောက်အထိ သင်ယူနိုင်လိုက်လဲ"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၉၆) - ဝိညာဉ်ဆေးနန်းဆောင်မှ လွမ်းမောဖွယ် တစ္ဆေမလေး
လော့ထျန်းအဖွဲ့သည် တာဟဲဈေးမြို့တော်မှ ထွက်ခွာရန် ပြင်ဆင်နေကြသော်လည်း ၎င်းမှာ ပျာပျာသလဲ ထွက်ခွာခြင်းမျိုးတော့ မဟုတ်ပေ။
သုံးလဟူသော အချိန်ကာလမှာ လော့ချန် သေချာစွာ စဉ်းစားတွက်ချက်ပြီးမှ သတ်မှတ်ထားခြင်း ဖြစ်သည်။ဤအချိန်အတိုင်းအတာသည် ပိုင်ဆိုင်မှုများကို စနစ်တကျ စီမံရန်၊ လိုအပ်သော အရင်းအမြစ်များ စုဆောင်းရန်နှင့် ခရီးရှည်အတွက် ပြင်ဆင်မှုအားလုံး ပြီးမြောက်ရန် လုံလောက်သော အချိန်ဖြစ်သည်။
ထို့ထက် ပို၍ အရေးကြီးသည်မှာ ခရီးမထွက်မီ ဆေးလုံးအမြောက်အမြားကို ကြိုတင်ဖော်စပ်ကာ အင်အားဖြည့်တင်းထားရန် အခွင့်အရေး ရရှိခြင်းပင် ဖြစ်သည်။
စီမာဟွေ့နန်၏ တင်ပြချက်များကို ကြားပြီးနောက် လော့ချန်သည် မိမိအဖွဲ့အစည်း၏ လက်ရှိ ဘဏ္ဍာရေးအခြေအနေကို ကောင်းစွာ သဘောပေါက်သွားခဲ့သည်။ သူတို့၏ စာရင်းဇယားများအရ လက်ကျန် ဝိညာဉ်ကျောက်တုံးမှာ ငါးသောင်းပင် မပြည့်ချင်တော့ပေ။
"အာ.... ဒီလောက်ပဲကျန်တော့တာလား.... နည်းလိုက်တာကွာ”
ဟိုးယခင်က မီရှုဟွာသည် အဖိုးတန် မှော်ရတနာတစ်ခု ဝယ်ယူရန်အတွက် ဝိညာဉ်ကျောက်တုံး ၈၀၀၀၀ ကို မရရအောင် စုဆောင်းခဲ့ပုံနှင့် သူ နှိုင်းယှဉ်ကြည့်မိသည်။ အချမ်းသာဆုံး ဆေးဖော်စပ်သူတစ်ဦးအဖြစ် ကျော်ကြားသော လော့ချန်၏ အဖွဲ့အစည်းတွင် ဤမျှသာ ကျန်ရှိတော့ခြင်းမှာ အမှန်တကယ်ပင် မျက်နှာငယ်စရာကောင်းလှသည်။ သို့သော် စီမာဟွေ့နန်၏ စီမံခန့်ခွဲမှုမှာ အပြစ်ဆိုစရာ မရှိပေ။
အမှန်စင်စစ် သူမသည် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားခဲ့ပြီးသား ဖြစ်သည်။ ဝင်ငွေတိုးရန်ဖြစ်စေ၊ အသုံးစရိတ် လျှော့ချရန်ဖြစ်စေ သူမသည် ဘဏ္ဍာရေးမျှခြေရှိစေရန်အတွက် လူအများ၏ အငြိုအငြင်ကိုပင် ခံကာ တာဝန်ကျေပွန်ခဲ့သည်။ အဓိကပြဿနာမှာ လော့ထျန်းအဖွဲ့သည် လော့ချန်အပေါ်တွင်သာ အလွန်အမင်း မှီခိုနေရခြင်းဖြစ်သည်။ သူ အခြေခံတည်ဆောက်ခြင်း အတွက် ပြင်ဆင်ချိန်မှစ၍ တံခါးပိတ်ကျင့်ကြံချိန်အထိ စုစုပေါင်း ခြောက်နှစ်ခန့် ကြာမြင့်ခဲ့သည်။ ထိုကာလအတွင်း သူကိုယ်တိုင် ဆေးဖော်စပ်နိုင်ခြင်း မရှိခဲ့ပေ။ ဤသို့သောအခြေအနေတွင် ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ ကျန်ရှိနေခြင်းမှာပင် စီမာဟွေ့နန်၏ စွမ်းဆောင်ရည်ကြောင့်ဟု ဆိုရပေမည်။
"ထွက်မသွားခင် ရှောင်ဟွမ်းတောင်ရဲ့ မြေအောက်မီးကို သုံးပြီး ဆေးလုံးတွေ အကြီးအကျယ် ဖော်စပ်ရမယ်"
ယခုတစ်ခေါက်တွင်မူ လော့ချန် ပညာဝှက်ထားတော့မည် မဟုတ်ပေ။ သူ၏ ပစ်မှတ်မှာ အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးများပင် ဖြစ်သည်။
လော့ချန် တွက်ချက်ကြည့်ရာ သုံးလအတွင်း ဆေးဖော်စပ်မှု အောင်မြင်နှုန်း ၅၀ ရာခိုင်နှုန်းဖြင့် တစ်နေ့လျှင် အမယ် ၂၀ ဖော်စပ်ပါက အဆင့်မြင့်ဆေးလုံးပေါင်း ၁၈,၀၀၀ ခန့် ရရှိနိုင်သည်။ လက်ရှိ ကျောက်စိမ်းအိုးနယ်မြေ၏ မတည်ငြိမ်သော အခြေအနေအရ အဆင့်မြင့်ဆေးလုံးတစ်လုံး၏ ဈေးနှုန်းမှာ အလွန်ပင် ကောင်းမွန်လှသည်။ သုံးလကြာပြီးနောက် သူ၏လက်ထဲတွင် ကျောက်စိမ်းတုံး ၁၈၀,၀၀၀ ခန့် ရှိလာပေလိမ့်မည်။ ဤမျှသော ငွေကြေးပမာဏရှိပါက မည်သည့်အရပ်သို့သွားသည်ဖြစ်စေ ခြေကုပ်ယူရန် ခက်ခဲတော့မည်မဟုတ်ပေ။
ယခင်ကဆိုလျှင် သူသည် ဤမျှအထိ ထင်ထင်ပေါ်ပေါ် ဆေးဖော်စပ်ရဲမည်မဟုတ်။ လူအများ၏ မနာလိုမှုကို ခံရမည် စိုးသောကြောင့်ဖြစ်သည်။ သို့သော် ယခုမူ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျင့်ကြံသူအဆင့်မြင့်ပိုင်းနှင့် မတွေ့သရွေ့ မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ချီစွမ်းအင် ထိန်းချုပ်မှုနှင့် စိတ်အာရုံ စွမ်းပကားများ တိုးတက်လာသဖြင့် တစ်နေ့လျှင် ဆေးအိုး ၂၀ ဖော်စပ်ခြင်းမှာ သူ့အတွက် မပင်ပန်းတော့ပေ။
ခေတ်သစ်ကမ္ဘာ၏ အမြင်ဖြင့် ကြည့်မည်ဆိုပါက သူ၏ လုပ်ငန်းမှာ အသေးစား ကုန်ထုတ်လုပ်ငန်း တစ်ခုနှင့် တူနေပေလိမ့်မည်။ ထို့ထက် ပို၍ လုပ်ဆောင်ရန်မှာမူ အကန့်အသတ် ရှိနေသည်။ ၎င်းမှာ လော့ချန် ကိုယ်တိုင် မလုပ်နိုင်၍ မဟုတ်ဘဲ သူ၏ လူများထဲတွင် ချွီလင်ကျွင်း တစ်ဦးတည်းသာ စစ်မှန်သော ဆေးဖော်စပ်သူအဖြစ် ခေါ်ဆိုနိုင်သောကြောင့် ဖြစ်သည်။ လော့ချန်သည် ဆေးဖော်ခန်း လေးခန်းကို တစ်ပြိုင်တည်း ကိုယ်တိုင် စီမံနိုင်ခြင်းမှာပင် သူ၏ ထူးခြားလှသော ဆေးဖော်စပ်မှု အတတ်ပညာနှင့် ဝိညာဉ်အာရုံ စွမ်းအားကို သက်သေပြနေခြင်း ဖြစ်သည်။ နေ့စဉ် ဆေးဖော်စပ်မှုများ ပြီးဆုံးသည့်အခါတွင် သန့်ရှင်းရေးနှင့် အချောသတ် အလုပ်များကို ချွီလင်ကျွင်း၊ မီလီ၊ ထန်ချွမ်နှင့် အခြားသူများအား လွှဲအပ်ထားခဲ့သည်။ ဤသို့ဖြင့် လော့ချန်အဖို့ အခြားသော အရေးကြီးသည့် ကိစ္စရပ်များကို ကိုင်တွယ်ရန်အတွက် အချိန်ပိုထွက်လာခဲ့သည်။
….
နောက်ထပ် ဆေးဖော်စပ်သည့် နေ့တစ်နေ့မှာ ကုန်ဆုံးသွားခဲ့လေပြီ။ နောက်ဆုံးသော ဝိညာဉ်မီးတောက်မှာ ဆေးအိုးအတွင်းမှ ကွယ်ပျောက်သွားပြီး ဆေးနံ့များ လေထုထဲတွင် လွင့်ပျံ့နေစဉ် လော့ချန်သည် ချွီလင်ကျွင်းဘက်သို့ လှည့်ကာ သူ၏ ကျင့်ကြံမှုအတွက် လမ်းညွှန်မှုအချို့ကို ပေါ့ပေါ့ပါးပါး ပေးလိုက်သည်။
ချွီလင်ကျွင်း လေ့ကျင့်နေသည်မှာ တိမ်မီးလျှံဖြစ်ပြီး ပထမအဆင့် မီးဓာတ်အခြေခံ မှော်အတတ်တစ်ခု ဖြစ်သည်။ ၎င်းမှာ သူ၏အဘိုးဖြစ်သူ ချွီဟန်ချန်းက မြေးဖြစ်သူအတွက် ကြိုတင်ပြင်ဆင်ပေးထားခဲ့သော ကျင့်စဉ်ဖြစ်သည်။ ချွီလင်ကျွင်းသည် ကျင့်ကြံခြင်း မစတင်မီကပင် ၎င်းကို အလွတ်ကျက်မှတ်ထားခဲ့ပြီးသား ဖြစ်သည်။ လော့ချန်ကိုယ်တိုင်မှာ သစ်သားဓာတ်ကျင့်စဉ်ကို အဓိကထား ကျင့်ကြံသူဖြစ်သော်လည်း ချွီလင်ကျွင်းကို လမ်းပြရန်မှာ ခက်ခဲသောအရာ မဟုတ်ပေ။
လော့ချန်၏ မီးဓာတ်အပေါ် နားလည်မှုမှာ လက်တွေ့ကျပြီး နက်ရှိုင်းလှသည်။ မည်သို့ပင်ဖြစ်စေ သူ အမြဲ အသုံးပြုလေ့ရှိသော တိုက်ခိုက်ရေး မှော်အတတ်မှာ မီးလုံးမှော်အတတ် ဖြစ်သလို သူ၏ အသက်မွေးဝမ်းကျောင်းမှာလည်း ဆေးဖော်စပ်ခြင်း ဖြစ်သည်။ ထို့အပြင် ရန်သူများကို သတ်ဖြတ်ပြီးတိုင်း မီးဖြင့် ပြာချတတ်သော အလေ့အထလည်း ရှိနေသည် မဟုတ်ပါလော။ အခြေခံအဆင့်သို့ တက်လှမ်းပြီးကတည်းက သူသည် မီးဓာတ်နှင့် ပတ်သက်၍ ထူးဆန်းသော နီးစပ်မှုကို ခံစားနေရသည်။ အစပိုင်းတွင် ၎င်းမှာ သိပ်မသိသာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မီးစွမ်းအင်ကို ထိန်းချုပ်ရသည်မှာ ပိုမို နွေးထွေးပြီး လွယ်ကူလာခဲ့သည်။ မီးဓာတ် အတတ်ပညာများနှင့် ပတ်သက်လာလျှင် သူသည် ဆရာတစ်ဆူအဖြစ် အသိအမှတ်ပြုခံရလောက်သည်အထိ လုံလောက်သော အရည်အချင်း ရှိပေသည်။
သင်ခန်းစာပြီးဆုံးသောအခါ ချွီလင်ကျွင်းမှာ များစွာသော အသိအမြင်များကို ရရှိသွားခဲ့သည်။ လော့ချန်သည်လည်း ဆရာတစ်ဦး ဖြစ်ရခြင်း၏ ပီတိအရသာကို ခံစားနေရသဖြင့် ကျေနပ်နေမိသည်။ ဤသည်မှာ ဆေးဖော်စပ်နည်း သင်ကြားပေးခြင်းနှင့် လုံးဝ မတူသော ခံစားချက်မျိုး ဖြစ်သည်။
လော့ချန် ကျေနပ်စွာ ခေါင်းညိတ်လိုက်ရင်း "ဟားဟား…. ကောင်းတယ်ဟေ့၊ ဒီအတိုင်းပဲ ဆက်ကြိုးစား.... မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရင် ဒုတိယအဆင့် မီးဓာတ်အခြေခံ မှော်အတတ် နှစ်ခုကို ငါ ထပ်သင်ပေးမယ်" ဟု ဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ချွီလင်ကျွင်းမှာ ဝမ်းသာအားရဖြင့် ပြန်လည်ဖြေကြားလေသည်။
လော့ချန် ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ လှည့်ထွက်လာခဲ့သည်။ သူ့ရှေ့တွင် တောင်ပတ်လမ်းကလေးမှာ ရှည်လျားစွာ တည်ရှိနေပြီး ရှေးဟောင်း ကျောက်လှေကားထစ်လေးများမှာ ရေမှော်များနှင့် မြူနှင်းများကြားတွင် တစ်ဝက်တစ်ပျက် ဖုံးလွှမ်းနေသည်။ သူသည် မလောဘဲ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။ သူ၏ ခြေလှမ်းတိုင်းမှာ တည်ငြိမ်ပြီး မှန်ကန်လှသည်။
သူ လျှောက်လှမ်းလာစဉ် တောင်ထိပ်ကို အမြဲ ဖုံးလွှမ်းထားလေ့ရှိသော မြူဖြူများမှာ သူ၏ အရှိန်အဝါကို သိရှိသွားသကဲ့သို့ ဖြည်းဖြည်းချင်း ဘေးသို့ ဖယ်ပေးကြသည်။ ၎င်းတို့သည် လိပ်တက်သွားကာ သူ ဖြတ်သန်းရန် လုံလောက်သော လမ်းကလေးတစ်ခုကို ဖွင့်ပေးလိုက်ကြသည်။ ဤကဲ့သို့ တုံ့ပြန်မှုမျိုးမှာ မှော်အစီအရင် သူ့အလိုလို အသက်ဝင်ခြင်းမျိုး မဟုတ်ပေ။ မကြာမီမှာပင် လော့ချန်သည် တောင်ထိပ်ပေါ်ရှိ ရိုးရှင်းသော သက်ငယ်မိုးတဲအိမ်လေးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူသည် အထဲသို့ အလောတကြီး မဝင်သေးဘဲ ခေတ္တမျှ ရပ်တန့်နေလိုက်သည်။ သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး
"ပုန်းမနေတော့ဗျာ.... ထွက်လာခဲ့၊ ကျွန်တော် ခင်ဗျားကို မြင်နေရတယ်" ဟု ပြောလိုက်သည်။
ပတ်ဝန်းကျင်တွင် လူရိပ်လူခြေလုံးဝ မရှိပေ။ သူသည် တကိုယ်တည်း စကားပြောနေသကဲ့သို့ ရှိသည်။ သို့သော် သူ၏ နောက်ကျောဘက်မှ ခေါင်းလောင်းသံလေးပမာ ကြည်လင်လှသော ရယ်မောသံလေးတစ်သံ ထွက်ပေါ်လာသည်။
“ခစ်ခစ်....”
လော့ချန် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏နောက်တွင် သေးငယ်သော အရိပ်ကလေးတစ်ခု ရှိနေသည်။
"မိန်းကလေး ရှောင်လင်း.... နောက်ဆိုရင် ဒီလိုမျိုး ခြောက်ခြားအောင် မလုပ်နဲ့တော့၊ ကျွန်တော့်ကို ခြောက်လို့မရပါဘူးဆိုတာ သိရဲ့သားနဲ့"
"ခစ်ခစ်....”
ထိုအရိပ်ကလေးမှာ စကားမဆိုဘဲ ရယ်မြဲရယ်နေဆဲပင်။ ထိုအရာမှာ သူမ သိသမျှ တစ်ခုတည်းသော အရာ ဖြစ်နေပုံရသည်။
သူမသည် လော့ချန်၏ ပခုံးကို လာဖက်ရန် ကြိုးစားသော်လည်း ဝိညာဉ်ခန္ဓာကိုယ်ဖြစ်သဖြင့် လော့ချန်၏ ကိုယ်ထဲမှ ဖောက်ထွက်သွားသည်။ ထိုအခါမှ သူမသည် ကြောင်အမ်းအမ်း ဖြစ်သွားကာ "အီအီ..." ဟူသော အသံလေး ထွက်လာတော့သည်။
ရင်းနှီးသော ထိုမျက်နှာလေးကို ကြည့်ရင်း လော့ချန် စိတ်မကောင်းဖြစ်မိသည်။ တစ္ဆေမြို့ပျက်ထဲတွင် တွေ့ခဲ့စဉ်ကထက်စာလျှင် ယခုမူ သူမတွင် အသိဉာဏ်နှင့် စွမ်းအင်များ ပိုမိုပြည့်စုံလာခဲ့ပြီ ဖြစ်သည်။ လေလွင့်နေသော ဝိညာဉ်ရိုင်းလေး တစ်ဦး မဟုတ်တော့ပေ။
အကယ်၍ ကူချိုင်ယီနှင့် ဖုန်းရှတို့သာ ဤနေရာတွင် ရှိနေမည်ဆိုပါက အံ့သြလွန်း၍ ကြောင်အမ်းသွားပေလိမ့်မည်။ အကြောင်းမှာ ဤတစ္ဆေဝိညာဉ်မလေးသည် ဤဝိညာဉ်မလေးမှာ သူမတို့နှင့် တစ်ခြံတည်း နီးနီးကပ်ကပ် နေခဲ့ဖူးသော အိမ်နီးချင်းမလေး ပိုင်မေလင်း ဖြစ်သောကြောင့်ပင်။ သူမသည် သေဆုံးသွားခဲ့ပြီ ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ရှောင်ဟွမ်းတောင်ထိပ်တွင် ရှိနေရသနည်း။
အဖြစ်အပျက်မှာ လော့ချန် တစ္ဆေစစ်သူကြီးကို နှိမ်နင်းခဲ့သည့်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။
….
ဝိညာဉ်ဆေး နန်းဆောင်၏ ဒုတိယထပ်မှ ဆင်းလာပြီးနောက် လော့ချန်သည် ရှောင်ဟွမ်းတောင်သို့ ပြန်ရန် ပြင်ဆင်နေခဲ့စဥ် လှေကားခြေရင်းသို့ ရောက်သောအခါ သူ၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားသည်။
ထိုနေရာရှိ ဆွေးမြည့်နေသော သစ်သားပြတင်းပေါက် ဘေးနားတွင် ဖောက်ထွင်းမြင်နေရသော အမျိုးသမီးအရိပ်လေးတစ်ခုမှာ ခွေခွေလေး ထိုင်နေသည်။ သူမ၏ ကြောက်ရွံ့နေသော မျက်လုံးဝိုင်းဝိုင်းလေးများက သူ့အား စိုးရိမ်တကြီးနှင့် စူးစမ်းကြည့်နေသည်။ လော့ချန်၏ ဝတ်ရုံစမှာ လှုပ်ရှားသွားပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
"ဟက်.... သနားစရာကောင်းတဲ့ ဝိညာဉ်လေးက ငါ့ကို ချောင်းကြည့်ရဲတယ်ပေါ့"
သူ အေးစက်စွာ ရေရွတ်လိုက်သည်။
“ဟင်.... တစ္ဆေစစ်သည်တောင် မဟုတ်ဘူး.... အမုန်းတရား အကြွင်းအကျန် ဝိညာဉ်လေး တစ်ကောင်ပဲ”
ထိုဝိညာဉ်မှာ တစ္ဆေစစ်သည်ဟု ခေါ်ရန်ပင် အားနည်းလွန်းလှသည်။ သူမသည် ရုတ်တရက်ကြီး သေဆုံးသွားခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။ သူမတွင် ပြင်းထန်သော စွဲလမ်းမှုများ၊ မပြီးပြတ်သေးသော နောင်တများ သို့မဟုတ် အမုန်းတရားနှင့် ဒေါသများ မရှိပေ။ သူမသည် အသက်ရှိစဉ်က ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့လျှင်ပင် သေဆုံးပြီးနောက်တွင်မူ တစ္ဆေချောက်ကမ်းပါးအတွင်းရှိ သနားစရာကောင်းသော လေလွင့်ဝိညာဉ်လေးတစ်ကောင်သာ ဖြစ်လာနိုင်ပေသည်။
လော့ချန်၏ သန့်စင်ခြင်းမှော်အတတ်မှာ အခြေခံအဆင့်ရှိသော တစ္ဆေစစ်သူကြီးများကို တိုက်ခိုက်ရန် မလွယ်ကူသော်လည်း ဤကဲ့သို့သော ဝိညာဉ်လေးများကိုမူ လမ်းပေါ်မှ သစ်ရွက်ခြောက်များကို လှည်းကျင်းသကဲ့သို့ အလွယ်တကူ ဖယ်ရှားနိုင်သည်။ သူသည် ထိုနည်းလမ်းကို အသုံးပြုကာ ဝိညာဉ်ဆေးနန်းဆောင်အတွင်းရှိ တစ္ဆေများကို ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ လော့ချန် သူမကို မှော်အတတ်ဖြင့် ဖျက်ဆီးပစ်ရန် ပြင်ဆင်စဉ် သူမ၏ မျက်ဝန်းများကို မြင်လိုက်ရသောအခါ ရင်ထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး အမှတ်မထင် ခေါ်လိုက်မိသည်။
"မိန်းကလေး ရှောင်လင်း"
ထိုမိန်းကလေး၏ ဝိညာဉ်မှာ တုန်လှုပ်သွားပြီး ထိတ်လန့်သွားသော တိရစ္ဆာန်လေးတစ်ကောင်ပမာ ထွက်ပြေးသွားတော့သည်။ လော့ချန် ခေတ္တမျှ ရပ်တန့်သွားပြီး ဝေခွဲမနေတော့ဘဲ ဝိညာဉ်ဆေးနန်းဆောင်အတွင်းမှ ပြေးထွက်လိုက်သည်။ သူသည် ယခင်သွားနေကျ နေရာတစ်ခု ရှေ့တွင် ရပ်လိုက်သည်။ ၎င်းမှာ ဆေးပေါင်းတစ်ထောင်ခန်းမ ဖြစ်သည်။
"ငါ ဒီနားက တစ္ဆေတွေကို ရှင်းလိုက်မှ သူ ထွက်လာရဲတာထင်တယ်....”
ဤအတွေးနှင့်အတူ လော့ချန်သည် ဆေးပေါင်းတစ်ထောင်ခန်းမ အတွင်းသို့ ရဲရဲဝံ့ဝံ့ လှမ်းဝင်လိုက်သည်။ အတွင်း၌ လူသူကင်းမဲ့နေပြီး ဆေးသေတ္တာများမှာလည်း ဟိုဟိုဒီဒီ ပြန့်ကျဲနေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤနေရာ၏ ပိုင်ရှင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ထွက်ပြေးစဉ်ကတည်းက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။ လော့ချန်သည် ခန်းမ၏ ဟာလာဟင်းလင်း ဖြစ်နေသော စင်္ကြံလမ်းများအတိုင်း လျှောက်လာခဲ့သည်။ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်အထိ ရှာသော်လည်း ထိုဝိညာဉ်မလေး၏ အရိပ်အယောင်ကို မတွေ့ရပေ။
နောက်ဆုံးတွင် သူသည် နောက်ဖေးဘက် ခြံဝန်းသို့ ရောက်ရှိလာခဲ့သည်။ ခဏချင်းမှာပင် သူ၏ အကြည့်မှာ အလယ်ဗဟိုရှိ ကျောက်ကြိတ်ဆုံကြီးပေါ်သို့ ကျရောက်သွားသည်။ လော့ချန်အတွက် ဤပစ္စည်းမှာ မစိမ်းလှပေ။ ဆေးဖော်စပ်မှု ကုန်ကြမ်းများကို ပြင်ဆင်ရာတွင် နည်းလမ်းများစွာ ရှိပြီး ကြိတ်ခွဲခြင်းမှာ တစ်ခုအပါအဝင် ဖြစ်သည်။ ကိုင်တွယ်ရလွယ်ကူသော ဆေးပင်များကိုမူ သူ၏ ဝတ်ရုံအိတ်ထဲတွင် အမြဲဆောင်ထားလေ့ရှိသော ဆေးငရုတ်ဆုံဖြင့် ထောင်းလေ့ရှိသည်။ သို့သော် ပိုမိုကြီးမားပြီး အမျှင်များသော ကုန်ကြမ်းများအတွက်မူ ပိုမိုခိုင်ခံ့သော ကျောက်ကြိတ်ဆုံကို လိုအပ်သည်။
ဝိညာဉ်အာရုံကို လွှတ်ထုတ်လိုက်သောအခါ လော့ချန်၏ အကြည့်မှာ ကြိတ်ဆုံ၏ အလယ်ရှိ အပေါက်လေးပေါ်သို့ ညင်သာစွာ ကျရောက်သွားသည်။ ထိုနေရာတွင် အေးစက်ပြီး အားနည်းလှသော ယင်စွမ်းအင် အကြွင်းအကျန်လေးတစ်ခု တုန်ရီနေသည်ကို သူ တွေ့လိုက်ရသည်။
"မိန်းကလေး ရှောင်လင်း.... ခင်ဗျားလား"
သူ တိုးတိုးလေး ခေါ်လိုက်သည်။
"တကယ်လို့ မိန်းကလေး ရှောင်လင်းဆိုရင် ထွက်လာခဲ့ပါလား"
"ကျွန်တော်လေ.... ကျွန်တော် လော့ချန်ပါ၊ ခင်ဗျား အိမ်ဘေးက အိမ်နီးချင်းလေ"
"ခင်ဗျားဆီမှာ နေ့တိုင်း ဆေးပင်တွေ လာဝယ်နေကျလူလေ.... မှတ်မိလား"
မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ ကြောက်ရွံ့မှုကြောင့် လိပ်တက်သွားသော ယင်စွမ်းအင်လေးသာ ရှိနေသည်။ လော့ချန် ခေတ္တရပ်ပြီးနောက် ညင်သာစွာ ချော့မော့လိုက်သည်။
"အဟမ်း.... အဟမ်း၊ မီးခွေးမြီးကို သုံးပြီး ဆေးဘယ်လိုဖော်ရမလဲဆိုတာ သိချင်ရင် ထွက်ခဲ့နော်၊ ပြောပြမယ်"
ရှူး....
ယင်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော သေးငယ်လှသည့် တစ္ဆေခေါင်းလေးမှာ ကြိတ်ဆုံအပေါက်ထဲမှ ပြူထွက်လာပြီး လော့ချန်ကို စူးစမ်းစွာ ကြည့်လိုက်သည်။ ထိုရင်းနှီးလှသော မျက်နှာလေးကို မြင်လိုက်ရသောအခါ လော့ချန် သေချာသွားခဲ့လေပြီ။
ဤဝိညာဉ်မလေးမှာ ပိုင်မေလင်း သေဆုံးပြီးနောက် ဖြစ်လာခဲ့သော တစ္ဆေလေးပင် ဖြစ်သည်။ မည်သူက ထင်ထားပါ့မည်နည်း။ ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်များနှင့် အမုန်းတရားကြီးမားသော တစ္ဆေများ ပြည့်နှက်နေသည့် ဤတာဟဲတစ္ဆေမြို့ပျက်ကြီးထဲတွင် ဤမျှ အားနည်းလှသော ဝိညာဉ်လေးမှာ အခြားသော အစွမ်းထက်သည့် ဝိညာဉ်များ၏ ဝါးမြိုခြင်းကို မခံရဘဲ မည်သို့ ရှင်သန်နေခဲ့သနည်း။
သူမအနားသို့ ချဉ်းကပ်လိုက်သောအခါမှ လော့ချန် အကြောင်းရင်းကို သိရှိသွားခဲ့သည်။
"ဒီဆေးကြိတ်ဆုံက.... ယင်စွမ်းအင်တွေ အများကြီး စုပ်ယူထားရလို့ အခုဆိုရင် အဆင့်နိမ့် မှော်လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီပဲ"
"မဟုတ်ဘူး.... မှော်လက်နက် မဟုတ်ဘူး.... တစ္ဆေလက်နက် လို့ ခေါ်ရမယ်"
ရှားပါးဆေးပင်များကို ကြိတ်ခွဲရာတွင် အသုံးပြုသော ပစ္စည်းများမှာ အဆင့်နိမ့်ပစ္စည်းများ မဟုတ်ကြပေ။ ၎င်းတို့သည် အနည်းဆုံး အဆင့်နိမ့် အဆင့်တွင် ရှိကြသည်။ ဆေးပင်ပေါင်းတစ်ထောင်ခန်းမ၏ ပိုင်ရှင်ဟောင်းကဲ့သို့သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ ဤပစ္စည်းမှာ သယ်ဆောင်သွားရန် မထိုက်တန်သော သာမန်ပစ္စည်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။ သို့သော် ထိုသို့ လျစ်လျူရှုထားခဲ့ခြင်းကပင် ပိုင်မေလင်း၏ ဝိညာဉ်အတွက် ခိုလှုံရာတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ လော့ချန်သည် တစ်ခုကိုလည်း ခံစားမိသည်။ အကယ်၍ ပိုင်မေလင်းသာ ဤကြိတ်ဆုံကို လည်ပတ်လိုက်မည်ဆိုပါက သူမကို လာရောက်တိုက်ခိုက်သော အားနည်းသည့် တစ္ဆေများကို ၎င်းက ကြိတ်ခြေပစ်နိုင်စွမ်း ရှိသည်။
တစ်ချိန်က ဆေးကြိတ်ရန် အသုံးပြုခဲ့သော ကိရိယာမှာ ယခုအခါ တစ္ဆေကြိတ်ဆုံ ဖြစ်လာခဲ့လေပြီ။ နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာခဲ့ရာမှ ပိုင်မေလင်း၏ ဝိညာဉ်နှင့် ထိုတစ္ဆေကြိတ်ဆုံမှာ နက်ရှိုင်းစွာ ဆက်နွယ်သွားခဲ့ပြီ ဖြစ်သည်။
"အင်း.... တာဟဲတစ္ဆေမြို့ပျက်က မကြာခင်မှာ ပိုဆိုးလာတော့မှာ၊ အဲ့ဒီအချိန်ကျရင် ခင်ဗျားလို ဝိညာဉ်လေးတွေအတွက် ဘေးကင်းမှာ မဟုတ်တော့ဘူး"
"ခင်ဗျားကို ကျွန်တော် ခေါ်သွားမယ်…. လာ"
လော့ချန်သည် ကျောက်ကြိတ်ဆုံပေါ်သို့ လက်တင်လိုက်သည်။ အံ့သြစရာကောင်းသည်မှာ ပိုင်မေလင်းသည် လုံးဝ ငြင်းဆန်ခြင်း မပြုခဲ့ပေ။ သူမသည် ကြိတ်ဆုံ၏ အပေါက်လေးထဲတွင် ငြိမ်သက်စွာ နေနေလေသည်။
လော့ချန် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီးနောက် ထိုကျောက်ကြိတ်ဆုံကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ဤသို့ဖြင့် သူသည် ထိုတစ္ဆေကြိတ်ဆုံကို တာဟဲတစ္ဆေမြို့ပျက်အပြင်ဘက်သို့ သယ်ဆောင်သွားနိုင်သရွေ့ ပိုင်မေလင်း၏ ဝိညာဉ်သည်လည်း သူနှင့်အတူ လိုက်ပါနိုင်မည် ဖြစ်သည်။ ယင်စွမ်းအင် ရှားပါးလှသော ပြင်ပကမ္ဘာတွင်ပင် ထိုတစ္ဆေလက်နက် မပျက်စီးသရွေ့ ပိုင်မေလင်း အေးချမ်းစွာ ရှင်သန်နေထိုင်နိုင်ပေလိမ့်မည်။