← Chapters

အခန်း (၂၉၇-၂၉၈)

Vol. 30 Ch. 297-298

အခန်း (၂၉၇-၂၉၈)

Vol. 30 Ch. 297-298

အခန်း (၂၉၇) - ဝမ်ဟိုင်ချောင်၏ စိုးရိမ်ဗျာပါဒနှင့် နယ်မြေသစ် ပြောင်းရွေ့ခြင်း အစီအစဥ်များ

ရှောင်ဟွမ်းတောင်ထိပ်တွင် လော့ချန်သည် လက်ထဲ၌ သိုလှောင်အိတ်တစ်အိတ်ကို ကိုင်ထားရင်း အနားယူကုလားထိုင်ပေါ်တွင် မှီလျက် လဲလျောင်းနေသည်။ သူ၏ အကြည့်တို့သည် တောင်ပေါ်မှ မြူနှင်းများကြားတွင် ကလေးတစ်ယောက်လို ကခုန်နေသော ပိုင်မေလင်း ထံသို့ ပျင်းရိစွာ ရောက်ရှိနေသည်။ သူမ၏ ကြည်လင်နေသော ပုံရိပ်လေးသည် မှိန်ပျပျ အလင်းရောင်အောက်တွင် တိမ်တိုက်များကြား၌ လူးလာတုံ့ခေါက် ကခုန်နေလေသည်။

သူ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဟိတ်…. ဆော့နေတာ တော်တော့....”

သူ လှမ်း၍ သတိပေးလိုက်သည်။

"ခစ်ခစ်....”

"မိန်းကလေး ရှောင်လင်း.... ကျွန်တော် ခင်ဗျားကို စိတ်ဝိညာဉ်သန့်စင်ခြင်း အမှန်တရားကျမ်းကို လေ့လာခိုင်းထားတယ်လေ.... ဘယ်အထိ လေ့လာပြီးပြီလဲ"

ပိုင်မေလင်းသည် သူ၏ အနားယူကုလားထိုင်လေးရှေ့သို့ လေဟုန်စီးကာ ဝဲပျံလာခဲ့သည်။ သူမသည် မုန့်ခိုးစားရင်း အမိဖမ်းခံလိုက်ရသော ကလေးငယ်တစ်ဦးကဲ့သို့ လက်ချောင်းလေးများကို အချင်းချင်း ရှက်ကိုးရှက်ကန်း ပွတ်သပ်နေပြီး သူမ၏ မျက်နှာတွင်လည်း အပြစ်ကင်းစင်လှသော အမူအရာလေး ပေါ်နေသည်။

"ယိယိ....”

သူမ တိုးတိုးလေး ညည်းတွားလိုက်သည်။ သူမက ထိုကျမ်းစာမှာ အလွန်ခက်ခဲသဖြင့် မလေ့လာချင်ဟု ပြောနေပုံရသည်။

လော့ချန်၏ မျက်နှာမှာ ချက်ချင်း တည်သွားသည်။

"အမယ်.... အဲ့လိုရမလား၊ ခင်ဗျား ဒါကို သင်ရမယ်၊ ပြီးတော့ အလေးအနက်လည်း ထားရမယ်" ဟု သူ တည်ငြိမ်သော်လည်း ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။

"ဒါကို မတတ်ရင် ခင်ဗျားရဲ့ မှတ်ဉာဏ်တွေကို ဘယ်တော့မှ ပြန်မရနိုင်ဘူး၊ ပြီးတော့ တစ္ဆေကျင့်ကြံသူ တစ်ယောက်အနေနဲ့လည်း မရပ်တည်နိုင်ဘူး"

"ယိယိ....”

ပိုင်မေလင်းက နှုတ်ခမ်းလေးစူကာ အနီးနားရှိ သက်ငယ်မိုးတဲလေးထဲသို့ ဝင်သွားသည်။ ခဏအကြာတွင် သူမသည် မည်းနက်နေသော သစ်သားပြားကြီးကို ဆွဲကာ ပြန်ထွက်လာသည်။ သူမသည် လော့ချန်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ထိုသစ်သားပြားကို ဝမ်းနည်းပတ်လက် ကြည့်နေတော့သည်။

ဤသည်ကို မြင်သောအခါ လော့ချန် စိတ်သက်သာရာ ရသွားသည်။ ထိုသစ်သားပြားမှာ ကောင်းထင်ယွမ်၏ အမွေအနှစ်ဖြစ်ပြီး စိတ်ဝိညာဉ်သန့်စင်ခြင်း အမှန်တရားကျမ်းကို ထွင်းထုထားခြင်းဖြစ်သည်။ လော့ချန်၏ စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်နှင့် စိတ်ဝိညာဉ်တည်ငြိမ်ခြင်း ပဋိညာဉ် တို့မှာလည်း ထိုကျမ်းမှ လာခြင်းဖြစ်သည်။

ထိုကျမ်းက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် ကူညီပေးနိုင်သည် ဆိုသော်လည်း ဝိညာဉ်ပေါင်း တစ်ထောင်ကို သုတ်သင်ပြီးမှ ပေါင်းစပ်ရခြင်း၏ နောက်ဆက်တွဲဆိုးကျိုးမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့သော် ပိုင်မေလင်းအတွက်မူ ထိုအချက်များကို စိုးရိမ်စရာ မလိုပေ။ သူမသည် တစ္ဆေဖြစ်နေပြီဖြစ်ရာ လူသားဆန်မှု ပျောက်ကွယ်သွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ သူမသာ တစ္ဆေစစ်သည် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပါက ထိုကျမ်းကို အသုံးပြု၍ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ကြိုးစားနိုင်သည်။

ဘေးထွက်ဆိုးကျိုး ဟူသည် သူမအတွက် ကြောက်စရာ မဟုတ်ပေ။ သူမ၏ လက်စွဲတော် တစ္ဆေလက်နက်မှာ အခြားသော ဝိညာဉ်များကို ကြိတ်ခြေနိုင်သည့် တစ္ဆေကြိတ်ဆုံ ဖြစ်သည်။ ၎င်းကို အသုံးပြု၍ သူမသည် အခြားသော တစ္ဆေများကို ကြိတ်ခြေကာ ဝိညာဉ်အဆီအနှစ်များကို ထုတ်ယူနိုင်ပြီး ၎င်းတို့ကို တိုက်ရိုက် ဝါးမြိုစုပ်ယူနိုင်ပေလိမ့်မည်။

"တကယ်လို့ ခင်ဗျား မြန်မြန်တိုးတက်လာရင် ကျွန်တော် တစ္ဆေမြို့ပျက်ကြီးကို တစ်ခေါက်ပြန်သွားပြီး ခင်ဗျား လေ့ကျင့်ဖို့အတွက် တချို့ဝိညာဉ်တွေ လိုက်ဖမ်းပေးမယ်"

လေ့ကျင့်ချင်စိတ် မရှိဘဲ ဟန်ဆောင်လုပ်နေသော ပိုင်မေလင်းသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် နားလည်သွားပုံရသည်။ ချက်ချင်းပင် သူမသည် အလွန်အမင်း အာရုံစိုက်ကာ လေ့ကျင့်နေတော့သည်။ လော့ချန် ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် သူ၏ ရှေ့မှ သိုလှောင်အိတ်ကို ပြန်လည် အာရုံစိုက်လိုက်သည်။

"တွမ်ချန်ခွန်း.... ခင်ဗျားကတော့ တကယ့်လူပဲဗျာ"

"မှော်လက်နက် သွန်းလုပ်တဲ့ မျိုးရိုးက လာမှန်း သိသာချက်ပဲ၊ အစီအရင်တွေမှာ ဆရာတစ်ဆူဖြစ်နေပြီပဲ.... ငါလဲ သူ့ သိုလှောင်အိတ်ပေါ်က ဝိညာဉ်တံဆိပ်ခတ်နှိပ်မှုတွေကို ဘယ်လိုဖွင့်ရမှန်းကို မသိတော့ဘူး.... တကယ် လက်ရာမြောက်ပြီး ခက်လွန်းတယ်"

ထိုသိုလှောင်အိတ်မှာ တွမ်ချန်ခွန်း ချန်ထားခဲ့သော အမွေအနှစ် ပစ္စည်းပင် ဖြစ်သည်။ ၎င်းမှာ တစ်ချိန်က ဝမ်ယွမ်၏ လက်ထဲတွင် ရှိခဲ့ဖူးသည်။ သို့သော် ဝမ်ယွမ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်သေးသဖြင့် ထိုဝိညာဉ်တံဆိပ်ကို မဖျက်နိုင်သောကြောင့် လော့ချန်ကို ပေးခဲ့ခြင်း ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီးကတည်းက လော့ချန်သည် ၎င်းကို ဖွင့်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သို့သော် ကြိုးစားမှုတိုင်းမှာ ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ တွမ်ချန်ခွန်း၏ စိတ်ဝိညာဥ် စွမ်းအားမှာ သူနှင့် အဆင့်တူလောက် ရှိနေသောကြောင့် ဖြစ်သည်။ အထူးသဖြင့် တံဆိပ်ခတ်နှိပ်ခြင်း အတတ် တွင်မူ ထိုလူက သူ့ထက် များစွာ သာလွန်နေပေသည်။

ဤနေရာတွင် မှော်အစီအရင်နှင့် တံဆိပ်ခတ်နှိပ်ခြင်း အတတ်တို့၏ ကွာခြားချက်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ တံဆိပ်ခတ်နှိပ်ခြင်း ဆိုသည်မှာ စိတ်ချီစွမ်းအားဖြင့် တည်ဆောက်ပြီး စိတ်ဝိညာဥ်ဖြင့် ထိန်းချုပ်ထားသော အတားအဆီးများ ဖြစ်သည်။ မှော်အစီအရင် ဆိုသည်မှာမူ ထိုတံဆိပ်ခတ်နှိပ်မှုများစွာကို ပေါင်းစပ်ကာ အရာဝတ္ထုများကို အသုံးပြု၍ ပိုမိုကြီးမားသော အစွမ်းသတ္တိများ ထွက်ပေါ်လာအောင် ပြုလုပ်ခြင်း ဖြစ်သည်။

အခြေခံအားဖြင့် မှော်အစီအရင်များကို လေ့လာသူတိုင်းသည် တံဆိပ်ခတ်နှိပ်ခြင်းအတတ်ကို အရင်ဆုံး ကျွမ်းကျင်ရမည် ဖြစ်သည်။ ကျင့်ကြံသူ၏ စိတ်ဝိညာဥ် အပြင်သို့ မထွက်နိုင်သေးသော အစောပိုင်း အဆင့်များတွင်ပင် သွေးအမြုတေ သို့မဟုတ် မှော်လက်နက်များကို အသုံးပြု၍ တံဆိပ်ခတ်နှိပ်မှုများကို ပြုလုပ်နိုင်သည်။ ထိုနည်းစနစ်များကို လုံလောက်အောင် တတ်မြောက်ပြီးမှသာ ကြီးမားသော သို့မဟုတ် သေးငယ်သော မှော်အစီအရင်များကို စတင် တည်ဆောက်နိုင်ခြင်း ဖြစ်သည်။

ခိုင်ခံ့လှသော မှော်အစီအရင်တိုင်း၏ အခြေခံမှာ တစ်ခုချင်းစီသော တံဆိပ်ခတ်နှိပ်မှုများပင် ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့နောက် မြေမျက်နှာသွင်ပြင်၊ သဘာဝစွမ်းအင်၊ မှော်လက်နက်များနှင့် သက်ရှိများကိုပင် အသုံးချကာ မှော်အစီအရင်မှာ ပုံပေါ်လာခြင်း ဖြစ်သည်။ တံဆိပ်ခတ်နှိပ်ခြင်းကို မတတ်ဘဲ မှော်အစီအရင် တည်ဆောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဥပမာအားဖြင့် မှော်အစီအရင်တစ်ခုသည် ပိုက်ကွန်ကြီးတစ်ခု ဆိုပါက၊ တံဆိပ်ခတ်နှိပ်မှုများမှာ ထိုပိုက်ကွန်ကို ခိုင်မြဲစေသော ကြိုးအဆစ်များနှင့် ကြိုးမျှင်လေးများ ဖြစ်ကြသည်။ အကယ်၍ ထိုအဆစ်များက မခိုင်ခံ့လျှင် မည်သည့်ငါးကိုမျှ ဖမ်းမိနိုင်မည် မဟုတ်ပေ။ ဝမ်ယွမ်မှာ ထင်ရှားသော သာဓကတစ်ခု ဖြစ်သည်။ သူသည် တံဆိပ်ခတ်နှိပ်ခြင်းကို မလေ့လာဘဲ ချီစွမ်းအား စုဆောင်းသည့် မန္တန်အစီအမံကို သွေးလမ်းစဉ် လျှို့ဝှက်နည်းစနစ်များနှင့် ပေါင်းစပ်ကာ သွေးစွမ်းအား လုယူခြင်း အစီအရင်သို့ ပြောင်းလဲရန် ကြိုးစားခဲ့သည်။

၎င်းမှာ အခြားသူ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံမှု စွမ်းအင်မှန်သမျှကို လုယူနိုင်သည်ဟု ထင်ရသဖြင့် အလွန်ပင် ဆန်းကြယ်လှသော်လည်း စင်စစ်မူ နောက်ဆုံးအဆင့်တွင် အရာအားလုံး ပျက်စီးသွားခဲ့ရသည်။ သူ့အသက်ကိုပင် ရင်းလိုက်ရလုနီးပါး ဖြစ်ခဲ့သည်။ ထိုကျရှုံးမှုပြီးနောက်မှသာ သူ နောင်တရပြီး နိုးကြားလာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်များအတွင်း ကန်အောက်ရှိ ဂူဗိမာန်တွင် ပုန်းအောင်းနေစဉ် သူသည် ခန္ဓာကိုယ်အတွင်းရှိ အန္တရာယ်များကို ရှင်းလင်းရန် စိတ်ဝိညာဉ်တည်ငြိမ်ခြင်း ပဋိညာဉ်ကို လေ့ကျင့်နေခဲ့သလို တံဆိပ်ခတ်နှိပ်ခြင်းနှင့် မှော်အစီအရင်များကိုလည်း အလေးအနက် လေ့လာနေခဲ့သည်။

ထိုသို့ လေ့လာရာတွင် တွမ်ဖုန်း၏ ကူညီမှုသာ မပါဝင်ပါက စတင်နိုင်ရန်ပင် ခဲယဉ်းပေလိမ့်မည်။ တွမ်ဖုန်းသည် ဝမ်ယွမ်၏ ဂူဗိမာန် အခြေအနေမှာ အလွန်ဆိုးရွားနေသည်ကို သတိထားမိသဖြင့် ၎င်းကို ပြန်လည် ပြုပြင်မွမ်းမံပေးခဲ့သည်။ ထို့ကြောင့်ပင် လော့ချန် ပြန်ရောက်လာသည့် အချိန်တွင် ထိုဂူဗိမာန်မှာ သန့်ရှင်းသပ်ရပ်နေခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ လေ့လာပြီးနောက် ဝမ်ယွမ်သည် တိုးတက်မှုအချို့ ရရှိလာခဲ့ပြီး သွေးစွမ်းအား လုယူခြင်း အစီအရင်ကိုပင် ပြန်လည် ပြုပြင်မွမ်းမံရန် စတင်နေပြီ ဖြစ်သည်။

ဤသည်မှာ ဝမ်ယွမ်၏ ဖြစ်စဥ်အကျဥ်းချုပ်ပင်။

အဓိကအချက်ကို ပြန်သွားရပါက တွမ်မျိုးနွယ်စု၏ ခေါင်းဆောင်အဖြစ် တွမ်ချန်ခွန်းသည် ငယ်စဉ်ကတည်းက မှော်လက်နက် သွန်းလုပ်ခြင်းကို သင်ယူခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် သူသည် မှော်လက်နက်များ၏ အခြေခံဖြစ်သော မှော်အစီအရင်များကို ကောင်းစွာ ကျွမ်းကျင်သည်။ သူ၏ ဝိညာဉ်မှာ မိမိအလိုအလျောက် မှော်အစီအရင်များ တည်ဆောက်နိုင်လောက်အောင် မသန်မာသေးသော်လည်း စိတ်ဝိညာဥ်ကို အခြေခံသော တံဆိပ်ခတ်နှိပ်မှုများကိုမူ ရိုးရှင်းစွာ တည်ဆောက်နိုင်သည်။ သို့သော် ထို ရိုးရှင်းလှသော တံဆိပ်များမှာပင် လော့ချန်အတွက်မူ ကြီးမားသော အတားအဆီးများ ဖြစ်နေခဲ့သည်။

"အင်း.... အချိန်တိုအတွင်းမှာတော့ တံဆိပ်ခတ်နှိပ်ခြင်း နည်းစနစ်ပေါင်းစုံကို အစကနေ သင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ငါ့ဟာငါ တတ်သလောက်မှတ်သလောက် တဖြည်းဖြည်း ခြေဖျက်ရမှာပဲ"

"ကံကောင်းသွားတာက နှစ်တွေ အများကြီး ကြာလာပြီဆိုတော့ ဒီဝိညာဉ်တံဆိပ်ကလည်း တဖြည်းဖြည်းတော့ အားနည်းလာနေပြီ"

နှစ်ပေါင်းများစွာ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိနေခဲ့သော သူတစ်ဦး၏ သိုလှောင်အိတ်ထဲတွင် မည်ကဲ့သို့သော ရတနာများ ရှိနေမည်ကို လော့ချန် အလွန်ပင် သိချင်နေမိသည်။

"တိမ်ပြိုဂိုဏ်းက ရှုကျီ လိုချင်နေတဲ့ဟာ‌ရော.... ဒီထဲမှာ ရှိနေမလား.... သူ့ဆရာ ထျန်းရှင်းကျီ ကိုယ်တိုင်တောင် လိုချင်နေတဲ့ ပစ္စည်းဆိုရင်.... တကယ့်ကို အဖိုးတန်တဲ့အရာပဲ ဖြစ်မယ်”

ဤသည်မှာ လော့ချန်အနေဖြင့် တွမ်ချန်ခွန်း၏ ဝိညာဉ်တံဆိပ်ကို နှစ်ပေါင်းများစွာကြာအောင် စိတ်ရှည်လက်ရှည် ကြိတ်ခြေနေရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်တော့သည်။

….

အခြားတစ်ဖက်တွင်မူ လော့ထျန်းအဖွဲ့အစည်း ထွက်ခွာရန် ပြင်ဆင်နေသည်ဟူသော သတင်းမှာ ဖုံးကွယ်ထား၍ မရတော့ပေ။ တစ်ကိုယ်တော် ကျင့်ကြံသူများပင် နေ့စဉ် အပြောင်းအလဲများကို သတိထားမိလာကြရာ အင်အားကြီးသော အခြေခံတည်ဆောက်ခြင်းအဆင့် အင်အားစုများက မသိဘဲ နေကြမည်မဟုတ်ပေ။

မကြာမီမှာပင် ထိုသူများ စတင်လှုပ်ရှားလာတော့သည်။

ရှောင်ဟွမ်းတောင်၏ အပြင်ဘက်တွင် တိမ်စီးလာနေသော လူရိပ်သုံးခုသည် တစ်ဦးပြီးတစ်ဦး ဆင်းသက်လာကြသည်။ သူတို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထို့နောက် ဟွမ်ယွီနန်းဆောင်၏ တံခါးကြီးများမှာ တင်းတင်းကျပ်ကျပ် ပိတ်သွားခဲ့သည်။

လော့ချန်သည် ဆေးဖော်ခန်းအတွင်းမှ အေးအေးဆေးဆေး ထွက်လာပြီးနောက် နန်းဆောင်အတွင်းသို့ရောက်သောအခါ ဘာမျှမဖြစ်သကဲ့သို့ပင် ရေနွေးကြမ်းတစ်ခွက်ကို တကျိုက်ကျိုက် သောက်နေသည်။ သူ၏ ရှေ့မှ လူရိပ်သုံးခုမှာ စိတ်မရှည်မှုများ တိုးလာနေသော်လည်း သူကမူ သူတို့ ရှိနေသည်ကိုပင် သတိထားမိသကဲ့သို့ ပြုမူနေလေသည်။

နောက်ဆုံးတွင် တစ်ဦးက မအောင့်နိုင်တော့ဘဲ ပြောလိုက်သည်။ ထိုသူမှာ အခြားမဟုတ် နန်ကုန်းကျင်းပင် ဖြစ်သည်။

"တန်ချန်ဇီ.... မင်းတို့ လော့ထျန်းအဖွဲ့အစည်းက တာဟဲက ထွက်ခွာတော့မယ်ဆိုတာ အမှန်ပဲလားကွ" ဟု မေးလိုက်သည်။

လော့ချန်က လက်ထဲမှ ရေနွေးခွက်ကို ချလိုက်ရင်း တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ ဤသို့သော ကိစ္စမျိုးကို ဖုံးကွယ်ထား၍ မရပေ။ သူတို့သည် ကြိုတင်၍ ပြင်ဆင်မှုများ လုပ်နေခဲ့သည်မှာ တစ်လပင် ရှိခဲ့လေပြီ။ မိမိတို့၏ ပိုင်ဆိုင်မှုများနှင့် နယ်မြေများကို ပုံမှန်ဈေးအတိုင်း ရောင်းချနိုင်ခြင်းကပင် သူတို့အတွက် အောင်မြင်မှုတစ်ခု ဖြစ်သည်။ ထိုနယ်မြေများထဲမှ မည်မျှကို အင်အားကြီး ဂိုဏ်းသုံးခု၏ လက်ထဲသို့ လက်သိပ်ထိုး ရောင်းလိုက်နိုင်သည်ကိုမူ သူ ဂရုစိုက် မနေအားပေ။

လော့ချန် အတည်ပြုလိုက်သည်ကို မြင်သောအခါ နန်ကုန်းကျင်းမှာ သိသိသာသာ ပျာယာခတ်သွားသည်။

"ဟေ.... ဘာ.... ဘာလို့လဲကွ၊ ဘာလို့ ဒီလောက်အထိ အလျင်စလို ပြောင်းကြမှာလဲ.... မင်း ဒီအခြေခံတည်ဆောက်ခြင်းအဆင့်ကို ဘယ်လောက်တောင် ကြိုးစားပြီး တည်ဆောက်ခဲ့ရတာလဲ ငါတို့အသိကွာ.... တာဟဲက ငါတို့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူအားလုံးလဲ မဟာမိတ် ဖြစ်တာမှ သိပ်ကြာသေးတာမဟုတ်ဘူး.... ဂိုဏ်းကြီးတွေ မရှိတဲ့နောက် ဒီတာဟဲမှာ ငါတို့ပဲ စိတ်ကြိုက်ခြယ်လှယ်လို့ရတာပဲ.... တာဟဲက အရင်းအမြစ်တွေအများကြီးနဲ့ဆို နောက်ထပ် နှစ်ပေါင်း တစ်ရာလောက်ဆိုရင် ငါတို့အားလုံး အကျိုးအမြတ်တွေ အများကြီး ရမှာလေကွာ.... "

အမှန်ပင် ဖြစ်သည်။ ဂိုဏ်းကြီးများ ဝင်ရောက်စွက်ဖက်ခြင်း မရှိတော့သဖြင့် တာဟဲဈေးမြို့တော်၏ အရင်းအမြစ်များမှာ မကုန်နိုင်မခမ်းနိုင် ရှိနေသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လေးဦးအတွက်မူ ထိုအရင်းအမြစ်များသည် လောက်ငှသည့် အဆင့်ထက်ပင် ပိုလျှံနေသေးသည်။ အထူးသဖြင့် ဝမ်ဟိုင်ချောင်၏ တာကျန်းဂိုဏ်းမှ နယ်မြေအတွင်းနှင့် အပြင်ဈေးကွက်များအကြား ကုန်စည်စီးဆင်းမှုကို တာဝန်ယူထားနိုင်သဖြင့် အခြေအနေမှာ ပို၍ ကောင်းမွန်နေသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် လိုအပ်သော အထူးအရင်းအမြစ်များကိုပင် အပြင်ဘက်မှ မှာယူရရှိနိုင်သည်။

"နေပါဦးရှင့်.... ကျွန်မ မေးစမ်းပါရစေ၊ ဒါဟာ.... တစ္ဆေမြို့ပျက်ကြီးက ထူးဆန်းတဲ့ အပြောင်းအလဲနဲ့ ပတ်သက်နေတာလား" ဟု လီရီရှန်းက ဝင်မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ နန်ကုန်းကျင်းမှာ ဆွံ့အသွားပြီး သူ၏ မျက်နှာထက်တွင် စိုးရိမ်ထိတ်လန့်မှုများ ပေါ်လာတော့သည်။ ထိုစဉ်က ထွက်ပေါ်လာသော တစ္ဆေဘုရင်ကြီး၏ ပြင်းထန်လှသော အရှိန်အဝါကို သူလည်း အဝေးမှ ခံစားခဲ့ရသည်။ သို့သော်လည်း မျက်မြင်ကိုယ်တွေ့ မဟုတ်သဖြင့် မျှော်လင့်ချက်လေးတော့ ထားနေသေးခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအခါ သူ အတည်ပြုချက် အသည်းအသန် လိုအပ်နေသည်။

"တန်ချန်ဇီ.... ပြောစမ်းကွာ.... အဲ့ဒါ အမှန်ပဲလားဟင်"

ထိုအခါမှ လော့ချန် လူတိုင်းကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။

"ကဲ.... မိတ်ဆွေတို့ အမေးရှိတော့လည်း အဖြေရှိရတော့မှာပေါ.... အမှန်ပါပဲဗျာ၊ မိတ်ဆွေ လီရီရှန်း ပြောတာ လုံးဝ မှန်ပါတယ်၊ တစ္ဆေမြို့ပျက်ကြီးထဲကနေ တစ္ဆေဘုရင်ကြီး တစ်ပါး မကြာခင် လွတ်ထွက်လာတော့မယ်.... အစောဆုံး ခြောက်လ၊ ဒါမှမဟုတ် တစ်နှစ်အတွင်းမှာ သူ လွတ်မြောက်လာလိမ့်မယ်.... ပိုဆိုးတာက ဒီတစ္ဆေဘုရင်ဟာ သာမန် ဝိညာဉ်ဆိုးမျိုး မဟုတ်ဘူး.... အခြားလူမဟုတ်ဖူးဗျ၊ တစ်ချိန်တုန်းက ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ဖြစ်တဲ့ ဖန်ရင်ရှုံပဲ.... သူက လူ့ဘဝတုန်းကတောင် အတုမဲ့ စွမ်းအားရှင် တစ်ယောက် ဖြစ်ခဲ့တာ၊ အခု သူ တစ္ဆေဘုရင် ဖြစ်လာပြီဆိုတော့ စဥ်းစားသာကြည့်တော့ဗျာ.... သူ့အစွမ်းက ကျွန်တော်တို့ ခင်ဗျားတို့လို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ မယှဥ်နိုင်ဘူးဗျ....”

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးစလုံးသည် စိတ်ထဲမှ ကြိုတင်ပြင်ဆင်ထားခဲ့သည့်တိုင်အောင် ထိုစကားကို ကြားလိုက်ရသည့် ခဏ၌ အသီးသီး မျက်နှာများမှာ ဖြူလျော်သွားတော့သည်။ တစ္ဆေမြို့ပျက်ကြီးသည် နေ့စဉ်နှင့်အမျှ ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်ကို သူတို့ သိကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှာပင် တစ္ဆေစစ်သူကြီး တစ်ဦးတည်းမှ ကိုးဦးအထိ တိုးပွားလာခဲ့သည်။

သို့သော် ထိုမျှ အချိန်အကြာကြီး တစ္ဆေမြို့ပျက်ကြီးမှာ ထူးဆန်းစွာ ငြိမ်သက်နေခဲ့သည်။ ဝိညာဉ်ဆိုးများမှာလည်း မြို့အပြင်ဘက်သို့ ထွက်လာလေ့ မရှိပေ။ နောက်ဆုံးတွင် လူတိုင်းသည် တစ္ဆေမြို့ပျက်ကြီးကို ငြိမ်သက်နေသော စိတ်မနှံ့ရှာသည့် အိမ်နီးချင်းတစ်ယောက်ကဲ့သို့ မှတ်ယူကာ နေသားကျလာခဲ့ကြသည်။ သို့သော် ယခုအခါ အလွန်အစွမ်းထက်သော ကျင့်ကြံသူကြီးတစ်ဦးက တစ္ဆေဘုရင် ဖြစ်နေသည်ဟု ကြားလိုက်ရသောအခါ မည်သူကမှ အေးအေးဆေးဆေး မနေနိုင်တော့ပေ။

နန်ကုန်းကျင်းက မျှော်လင့်ချက်လေးဖြင့် မေးလိုက်သည်။

"ဒါပေမဲ့ကွာ.... သူက အသိဉာဏ်ရှိတဲ့ တစ္ဆေကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူးလား…. သူ့အသိ စိတ်ဝိညာဉ်ကို ထိန်းသိမ်းထားပြီး တစ္ဆေလမ်းစဉ်ကို လျှောက်လှမ်းနေတာမျိုးလေ"

တစ္ဆေကျင့်ကြံသူနှင့် သာမန်တစ္ဆေမှာ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှသည်။ ကျင့်ကြံသူ ဟူသော နာမည်ပါရှိနေသရွေ့ သူတို့သည် မဟာလမ်းစဉ်ပေါ်၌ ရှိနေကြသေးပြီး အနည်းဆုံးတော့ သူတို့နှင့် ညှိနှိုင်းစကားပြော၍ ရနိုင်ပေသေးသည်။

သို့သော် သူ၏ မျှော်လင့်ချက်များကို လီရီရှန်း၏ ညင်သာစွာပြောလိုက်သော စကားများက ချက်ချင်းပင် ရိုက်ချိုးလိုက်သည်။

"အဲ့ဒီလို တစ္ဆေမျိုးက ဘယ်လိုလုပ်ပြီး တစ္ဆေကျင့်ကြံသူ ဖြစ်နိုင်မှာလဲရှင်.... အဲ့ဒီတုန်းက ဖန်ရင်ရှုံဟာ တစ္ဆေဘုရင် သုံးပါးနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို ခံခဲ့ရတာ၊ သူဟာ ဖီးနစ်ကျတောင် အောက်မှာ အသေဆိုးနဲ့ သေသွားခဲ့တာလေ.... သူ့ရဲ့ အမုန်းတရားတွေ၊ မကျေနပ်မှုတွေနဲ့ ဒေါသတွေဟာ ဘယ်လောက်တောင်များနေမလဲ စဥ်းစားကြည့်.... အဲ့ဒီလို သေဆုံးသွားတဲ့ သူက တစ္ဆေဘုရင်ဆိုတဲ့ အင်းအားကြီးတဲ့ ဝိညာဥ်တစ်ကောင်အဖြစ် ပြန်လည် နိုးထလာတယ်ဆိုတော့.... ငြိမ်းချမ်းရေး စကားသွားပြောနေလို့ မရလောက်ဘူး.... သူ့ရှေ့မှာ ရှိသမျှ အရာအားလုံးကို သူ ဖျက်ဆီးပစ်လိမ့်မယ်"

နန်ကုန်းကျင်းမှာ ပြင်းထန်သော ရိုက်နှက်မှုကို ခံလိုက်ရသကဲ့သို့ သူ၏ မျက်နှာမှာ မျှော်လင့်ချက်မဲ့သွားတော့သည်။

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ.... ဘယ်လို ဖြစ်နိုင်မှာလဲ....” ဟုသာ တတွတ်တွတ် ရေရွတ်နေလေသည်။ သူ ဤမျှ စိတ်ပျက်သွားသည်မှာလည်း မဆန်းပေ။ နန်ကုန်း မျိုးနွယ်စု၏ အခြေအနေမှာ တာကျန်းဂိုဏ်း သို့မဟုတ် လီမျိုးနွယ်စုတို့နှင့် လုံးဝ ကွာခြားလှသည်။

သူတို့သည် နှင်းကြာပန်းဈေးမြို့တော်မှ ပြောင်းရွှေ့လာခဲ့ကြသူများဖြစ်ပြီး ဤနေရာတွင် ခြေကုပ်ရရန် အလွန်ပင် ခက်ခဲစွာ ကြိုးစားခဲ့ကြရသည်။ ထိုဖြစ်စဉ်အတွင်း သူတို့ မျိုးနွယ်စုဝင် ကျင့်ကြံသူများစွာလည်း သေဆုံးခဲ့ရသည်။ ယခုမှ အခြေအနေများ တည်ငြိမ်လာပြီး ပတ်ဝန်းကျင် အင်အားစုများနှင့်လည်း ရင်းနှီးလာခဲ့ကာ မိမိတို့၏ ချီစွမ်းအင်ရင်းမြစ်များကို ပြန်လည် ဖြည့်တင်းနေဆဲ ရှိသေးသည်။ ထိုအချိန်တွင် အရာအားလုံးကို စွန့်ခွာပြီး ထပ်မံ ရွှေ့ပြောင်းရမည်ဆိုသောအခါ သွေးပျက်နေသည်မှာ မဆန်းလှပေ။

အမှန်စင်စစ် နန်ကုန်းကျင်း တစ်ဦးတည်းသာ လက်ခံရန် ခက်ခဲနေခြင်း မဟုတ်ပေ။ နန်းဆောင်အတွင်းသို့ ဝင်လာကတည်းက တိတ်ဆိတ်နေသော ဝမ်ဟိုင်ချောင်သည်လည်း မျက်နှာပျက်နေသည်။

သွေးချင်းနွယ်သော မျိုးနွယ်စုများအဖို့ ရွှေ့ပြောင်းခြင်းမှာ ခက်ခဲသော်လည်း ဖြစ်နိုင်ဖွယ်ရှိသည်။ သူတို့တွင် သွေးချင်းနှောင်ကြိုး ရှိနေသဖြင့် ဘယ်သွားသွား အတူတူ ဒုက္ခခံကြမည်သာ ဖြစ်သည်။ သို့သော် သူ၏ တာကျန်းဂိုဏ်းအတွက်မူ ထိုသို့ မဟုတ်ပေ။ ၎င်းကို တစ်ကိုယ်တော် ကျင့်ကြံသူများဖြင့် တည်ထောင်ထားခြင်း ဖြစ်သည်။ သူတို့အား စုစည်းထားသောအရာမှာ သွေးချင်းနှောင်ကြိုး မဟုတ်ဘဲ အကျိုးအမြတ်သာ ဖြစ်သည်။ ထိုအကျိုးအမြတ်မှာလည်း ရေကြောင်းကုန်သွယ်မှုနှင့် ဒေသတစ်ခုနှင့်တစ်ခုအကြား ကုန်ဈေးနှုန်း ကွာခြားချက်များအပေါ်၌ အခြေခံထားခြင်း ဖြစ်သည်။ အကယ်၍ သူသာ ရုတ်တရက် ရွှေ့ပြောင်းလိုက်မည်ဆိုပါက သူ၏ ဂိုဏ်းသားများက လိုက်ပါလာမည်ဟု အာမမခံနိုင်သလို နေရာသစ်တွင် ခြေကုပ်ပြန်ရရန်မှာလည်း မသေချာလှပေ။

အကယ်၍ သူသာ နယ်မြေအသစ်ကို မထိန်းချုပ်နိုင်ခဲ့ရင် တာကျန်းဂိုဏ်းသည် သူ၏ ကျင့်ကြံမှုအတွက် ထောက်ပံ့မှု မဖြစ်တော့ဘဲ သူ့အား နောက်သို့ ဆွဲထားမည့် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်သွားပေလိမ့်မည်။ သူသည် စကားဝိုင်းတွင် တိတ်ဆိတ်နေသော်လည်း သူ၏ စိတ်ထဲတွင်မူ အတွေးများစွာဖြင့် လွန်ဆွဲနေလေသည်။ နန်းဆောင်ကြီးအတွင်း၌ လော့ချန်၏ ဂလုဂလု ဟူသော ရေနွေးသောက်သံနှင့် နန်ကုန်းကျင်း၏ မယုံနိုင်ကြောင်း ထပ်တလဲလဲ ရေရွတ်သံတို့သာ ထွက်ပေါ်နေပြီး ကျန်စကားသံများမရှိဘဲ တိတ်ဆိတ်မှုကြီးက ဖုံးလွှမ်းနေတော့သည်။

ထိုအသက်ရှူကျပ်စရာ အခြေအနေကို လီရီရှန်း၏ အသံအေးအေးလေးက ဖြိုခွင်းလိုက်သည်။

"တန်ချန်ဇီ.... ရှင်က အစောကြီးရိပ်မိပြီး ထွက်သွားဖို့ တောင် ဆုံးဖြတ်ပြီးပြီဆိုတော့ သွားမယ့်နေရာကိုလည်း စဉ်းစားထားပြီးလောက်ရောပေါ့"

ဤတစ်ကြိမ်တွင်မူ လော့ချန် လှုပ်လှုပ်ရွရွဖြစ်သွားသည်။ သူ့အဖွဲ့ထဲမှ အဘွားယွမ်ကလည်း ဤမေးခွန်းကိုပင် သူ့အား မေးခဲ့ဖူးသည်။ ယခုမူ အဖြေပေးရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ ခေါင်းညိတ်ပြလိုက်သည်။

"သွားရမယ့် လမ်းကြောင်းကိုတော့ ကျွန်တော် စဉ်းစားထားတာရှိပါတယ်"

ထို့နောက် မသေချာဟန်ဖြင့် ထပ်ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်ဟာ ကျင့်ကြံခြင်းလောကမှာ ကလေးငယ်အဆင့်ပဲ ရှိပါသေးတယ်၊ ကျွန်တော့်ရဲ့ အသိပညာက မိတ်ဆွေတို့လောက် မကျယ်ပြန့်ပါဘူးဗျာ.... အဲ့ဒါကြောင့် ဘယ်နယ်မြေကို ပြောင်းသင့်သလဲဆိုတာကို ကျွန်တော်တို့အားလုံး ဆုံးဖြတ်သင့်တယ်လို့ ထင်တယ်"

"ဟင်.... အားလုံး ဟုတ်လား"

လီရီရှန်းက အံ့သြစွာဖြင့် မျက်တောင်ခတ်လိုက်သည်။

"ရှင် ဆိုလိုတာက.... ကျွန်မတို့အားလုံး အတူတူ ထွက်သွားကြမယ်ပေါ့"

နန်ကုန်းကျင်းက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ တောက်ပလာသည်။ ဝမ်ဟိုင်ချောင်ကလည်း မျက်မှောင်ကြုတ်ကာ စိတ်ဝင်တစား ကြည့်လာခဲ့သည်။ လော့ထျန်းအဖွဲ့အစည်းသည် အင်အားစု သုံးစုနှင့်အတူ သေအတူရှင်မခွာ အတူတူ လျှောက်လှမ်းရန် ကမ်းလှမ်းနေခြင်းလားဟု ဇဝေဇဝါဖြစ်နေသည်။

လော့ချန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး သူတို့ကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဒီလိုဗျ.... နေရာသစ်တစ်ခုကို ရောက်တဲ့အခါ၊ အင်အားကြီးလှတဲ့ ခြင်္သေ့တစ်ကောင်တောင်မှ နယ်ခံအကောင်တွေရဲ့ ခုခံတွန်းလှန်မှု ခံရတတ်တယ်လေ.... ကျွန်တော်တို့လို ကျင့်ကြံခြင်းလောကမှာဆို ပိုဆိုးမှာပဲပေါ့.... ဘယ်နယ်မြေပဲ ပြောင်းပြောင်း ဒေသခံအင်အားစု ကြီးကြီးငယ်ငယ်တွေက ဆန့်ကျင်ကြလိမ့်မယ်.... ဒါ သာမာန်ဖြစ်ရိုးဖြစ်စဥ်ပါပဲ.... ဥပမာဆိုဗျာ.... မိတ်ဆွေ နန်ကုန်းရဲ့ မျိုးနွယ်စု ဒါမှမဟုတ် ကျွန်တော် နှိမ်နင်းခဲ့တဲ့ ဖူမျိုးနွယ်စု.... ဒါတွေအားလုံးဟာ သင်ခန်းစာတွေပါပဲ၊ ကျွန်တော့်ရဲ့ လော့ထျန်းအဖွဲ့အစည်းဟာ အခုမှ စတင်တဲ့ အင်အားစုလေးပဲ ရှိသေးတယ်၊ ကျွမ်းကျင်သူတွေလည်း မရှိသလို စည်းလုံးမှုလည်း အားနည်းပါသေးတယ်....”

‘ဒီကောင်စုတ်ကတော့ ပိုပြီ’ ဟူ၍ ကျင့်ကြံသူ သုံးဦးစလုံး လော့ချန်အား စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်ကြသည်။

လော့ထျန်းအဖွဲ့အစည်းတွင် ကျွမ်းကျင်သူ မရှိဘူး ဆိုသည်မှာ ရီစရာ အလိမ်အညာကြီး ဖြစ်သည်။ စည်းလုံးမှု အားနည်းသည် ဆိုရအောင်လည်း တစ်ကိုယ်တော် ကျင့်ကြံသူ အဖွဲ့အစည်းများထဲတွင် လော့ထျန်းလောက် စည်းလုံးမှု အားကောင်းသောအဖွဲ့ မရှိသလောက်ပင်။ ဤလော့ချန်စုတ်မှာမူ မဟုတ်ကဟုတ်ကများကို အရှက်မရှိ မျက်နှာသေနှင့် ပြောနေလေသည်။

သို့သော် လော့ချန်က သူတို့၏ စိတ်ထဲမှ ကျိန်ဆဲမှုများကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။

"ဒီလို အခြေအနေမျိုးမှာ နေရာသစ်ကို ရွှေ့ပြောင်းတဲ့အခါ လော့ထျန်းဟာ မုန်တိုင်းဒဏ်ကို ခံနိုင်ပါ့မလားဆိုတာ မသေချာပါဘူး.... ဟုတ်ပြီ အဲတော့ ကျွန်တော်တို့ အင်အားစု လေးခုလုံး အတူတူ ရင်ဆိုင်ကြရင် ပိုမကောင်းဘူးလား.... ကံကောင်းတာရော၊ ကံဆိုးတာရော အတူတူ မျှဝေရင်ဆိုင်ကြတာပေါ့.... ကျွန်တော်တို့ အချင်းချင်း ထောက်ပံ့နိုင်မယ်၊ အရင်းအမြစ်တွေကို မျှဝေနိုင်မယ်၊ ပြီးတော့ နယ်မြေသစ်မှာ ခြေကုပ်ရဖို့အတွက် အတူတူ တိုက်ပွဲဝင်နိုင်မယ်၊ စဉ်းစားကြည့်စမ်းဗျာ.... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လေးယောက် အတူတူ လှုပ်ရှားမယ်ဆိုရင် ကျွန်တော်တို့ အင်အားကို တောင့်ခံနိုင်မယ့် နယ်မြေမျိုး ဒီအနီးအနားမှာ သိပ်မရှိပါဘူး"

ထိုနောက်ဆုံး စကားလုံးမှာ သူတို့၏ စိုးရိမ်မှုများကို ကွက်တိ ထိမှန်သွားတော့သည်။ ခန်းမအတွင်းရှိ သုံးဦးစလုံးသည် စိတ်ထဲမှနေ၍ သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ နန်ကုန်းကျင်း၏ မျက်နှာမှာပင် ဝမ်းသာအားရ ဖြစ်သွားသည်။ ဤအတိုင်းသာ ဖြစ်လာပါက နန်ကုန်း မျိုးနွယ်စု၏ နောက်ထပ် ရွှေ့ပြောင်းမှုမှာ ယခင်ကကဲ့သို့ ခက်ခဲတော့မည် မဟုတ်ပေ။ လီရီရှန်းကလည်း ထိုကမ်းလှမ်းချက်ကို အလေးအနက် စဉ်းစားနေပုံရသည်။

ဝမ်ဟိုင်ချောင်ကမူ သဘောတူဟန်ဖြင့် ခေါင်းညိတ်နေသော်လည်း သူ၏ မျက်နှာထက်တွင် တွန့်ဆုတ်နေသော အမူအရာလေးတစ်ခု ခေတ္တမျှ ဖြတ်ပြေးသွားခဲ့သည်။ ထိုခဏတာ အပြောင်းအလဲကို လော့ချန်၏ စူးရှလှသော အာရုံက လွတ်မသွားခဲ့ပေ။

"မိတ်ဆွေဝမ်.... ခင်ဗျားရဲ့ အတွေးကို ကျွန်တော့်ကို ပြောပြလို့ ရမလား"

"အဟမ်း....”

ဝမ်ဟိုင်ချောင်က ခပ်တိုးတိုး ချောင်းဟန့်လိုက်ပြီး ဆိုသည်။

"အစီအစဉ်ကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ မေးစရာရှိတာက.... ကျုပ်တို့ လေးဖွဲ့ ပေါင်းလိုက်ရင် ဘယ်သူက အကြီးအကဲအဖြစ် ဦးဆောင်မှာလဲ"

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၉၈) - ဘူးတစ်ရာကို ပိတ်လို့ရတယ်၊ ပါးစပ်တစ်ပေါက်ကို ပိတ်လို့မရဘူး

ခန်းမဆောင်ကြီးအတွင်း တိတ်ဆိတ်မှုက ရုတ်ချည်း စိုးမိုးသွားသည်။

ခေတ္တမျှအတွင်းမှာပင် လူတိုင်း စကားပြောရပ်သွားကြတော့သည်။ မည်သူကမျှ ထိုအသက်ရှူကျပ်ဖွယ် တိတ်ဆိတ်မှုကို အရင်မဖြိုခွင်းရဲကြချေ။

မှန်ပေသည်။ အတူတကွ ရုန်းကန်ကြမည်ဟု ဆိုသော်ငြား ဦးဆောင်သူတစ်ဦး မရှိပါက အရေးကြုံလျှင် တစ်ဦးကိုတစ်ဦး တွန်းပို့ကာ ကိုယ်လွတ်ရုန်းကြမည်မှာ မလွဲဧကန်ပင်။

ဤကဲ့သို့သော အကျပ်အတည်းမျိုးတွင် ခေါင်းဆောင်တစ်ဦး ရှိနေရန်မှာ အလွန်အရေးကြီးသည်။ အမိန့်ပေးစေခိုင်းမည့်သူ တစ်ဦး လိုအပ်ပေသည်။ သို့သော် ထိုအာဏာသည် နောက်ဆက်တွဲ ဆိုးကျိုးများနှင့်အတူ လာစမြဲ ဖြစ်သည်။ ခေါင်းဆောင်မှုနေရာကို ရရှိထားသူသည် မည်သည့်အဖွဲ့အစည်းမှ ကျင့်ကြံသူကိုမဆို စေခိုင်းနိုင်သည့် အာဏာရှိသွားမည်ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပါက အခြားသူများကို ရှေ့တန်းသို့ ပို့ဆောင်နိုင်စွမ်း ရှိသွားပေလိမ့်မည်။

ဤသည်မှာ ပြဿနာ၏ အဓိကအချက်ပင်ဖြစ်သည်။ ထိုအာဏာကို အသုံးပြု၍ ခေါင်းဆောင်သည် မိမိ၏ အင်အားစုကို ကာကွယ်ထားပြီး အခြားသူများကိုမူ စစ်ရေးအရ လိုအပ်ချက်ဟု အကြောင်းပြကာ စတေးပစ်နိုင်ပေသည်။

လီရီရှန်းနှင့် နန်ကုန်းကျင်းတို့သည် တစ်ဦးကိုတစ်ဦး ခဏမျှ ကြည့်လိုက်ကြသည်။ ထိုအကြည့်မှာ ခဏတာမျှသာ ဖြစ်သော်လည်း အဓိပ္ပာယ်များစွာ ပါဝင်နေသည်။ သူတို့နှစ်ဦးစလုံးမှာ လူဦးရေ အကန့်အသတ်ရှိသော မျိုးနွယ်စုများမှ ဖြစ်ကြပြီး သူတို့၏ အဖွဲ့များမှာလည်း အားနည်းသော ဆွေရင်းမျိုးရင်း ဖြစ်သော သွေးချင်းများနှင့် ဖွဲ့ထားလေသည်။ အကယ်၍ ခေါင်းဆောင်က သူတို့အား နယ်ရုပ်များပမာ အသုံးချကာ သူတို့၏ မျိုးနွယ်ဝင် ကျင့်ကြံသူများကို သေတွင်းသို့ ပို့ဆောင်မည်ကို အလွန်စိုးရိမ်နေကြခြင်းဖြစ်သည်။

"ဟား.... ဟား.... ဟား....”

ရုတ်တရက် အားပါးတရ ရယ်မောသံတစ်သံ ခန်းမအတွင်း ဟိန်းထွက်သွားပြီး တိတ်ဆိတ်မှုကြီးကို ဓားတစ်လက်ပမာ ပိုင်းဖြတ်လိုက်သည်။

သူတို့၏ အံ့သြနေသော အကြည့်များကို ရင်ဆိုင်ရင်း လော့ချန် လက်နှစ်ဖက်ကို ယဉ်ကျေးစွာ ယှက်လျက် ပြောလိုက်သည်။

"ဒီက မိတ်ဆွေဝမ်.... အဲ.... ဂိုဏ်းချုပ်ဝမ်ဟာ အခြေခံတည်ဆောက်ခြင်း အဆင့် ၃ မှာ ရှိနေပြီး အလယ်ပိုင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလေ၊ ကျွန်တော်တို့ထဲမှာ ခင်ဗျားက အင်အားအကြီးဆုံးပဲ"

“ပြီးတော့ တာကျန်းဂိုဏ်းကလည်း လူအင်အားတောင့်တင်းပြီး နယ်မြေအနှံ့ ကျွမ်းကျင်ကြတာပဲ၊ ဒီခရီးဝေးကြီးကို သွားဖို့ဆိုရင် တာကျန်းဂိုဏ်းရဲ့ သယ်ယူပို့ဆောင်ရေး အင်အားကို အများကြီး အားကိုးရမှာပါ၊ ကျွန်တော့်အမြင်အရတော့... ဂိုဏ်းချုပ်ဝမ်ကိုပဲ ခေါင်းဆောင်အဖြစ် တင်မြှောက်သင့်ပါတယ်"

ဤသို့ ပြောပြီးနောက် လော့ချန်သည် နန်ကုန်းနှင့် လီတို့၏ အံ့သြမှုကို ဂရုမစိုက်ဘဲ မေးလိုက်သည်။

"ကျန်တဲ့ မိတ်ဆွေကြီးတို့ရော ဘယ်လို ထင်ကြလဲခင်ဗျာ"

နန်ကုန်းကျင်းသည် ထိုမေးခွန်းကိုဖြေရန် သူ့ စိတ်ထဲတွင် ဗြောင်းသတ်အောင် စဥ်းစားနေရသည်။ လော့ချန်သည် ဤခေါင်းဆောင်နေရာကို အသေအလဲ လုယူလိမ့်မည်ဟု သူတို့ ထင်ထားခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ လော့ထျန်းအဖွဲ့အစည်းသည် သူတို့လေးဖွဲ့ထဲတွင် အထူးချွန်ဆုံး ကျင့်ကြံသူများ အများဆုံး ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ လော့ထျန်းအဖွဲ့တွင် လော့ချန်အပြင်၊ ဝမ်ယွမ်နှင့် ဒုတိယအဆင့် မျောက်ဝံကြီးပါ ရှိနေသေးသည်။ သို့သော် လော့ချန်က ခေါင်းဆောင်နေရာကို အသာတကြည် စွန့်လွှတ်နေသည်။

လီရီရှန်းသည် လော့ချန်၏ တည်ငြိမ်အေးဆေးသော မျက်နှာကို စိုက်ကြည့်နေမိသည်။ အစပိုင်းတွင် အံ့သြသွားသော်လည်း သူမ၏ ထက်မြက်သော ဉာဏ်ဖြင့် လော့ချန်၏ ရည်ရွယ်ချက်အစစ်အမှန်ကို ချက်ချင်းပင် ပိုင်းခြားသိမြင်လိုက်သည်။ သူမသည် ဝမ်ဟိုင်ချောင်၏ နှုတ်ခမ်းထက်မှ မှိန်ပျပျ အပြုံးလေးကို ကြည့်ရင်း အသေအချာ စဉ်းစားမိသွားတော့သည်။

‘ဒီလော့ချန်က ဝမ်ဟိုင်ချောင်ရဲ့ အာဏာမက်တဲ့ ထောင်လွှားတဲ့ မာနစိတ်ကို ဘယ်လို အသုံးချရမလဲဆိုတာ ကောင်းကောင်း သိတာပဲ....’

ဤသည်ကို သိမြင်သွားပြီးနောက် သူမသည် တွန့်ဆုတ်မနေတော့ဘဲ လော့ချန်၏ စကားကို ထောက်ခံလိုက်သည်။

"ကျွန်မအနေနဲ့တော့ တန်ချန်ဇီ ပြောတာ ထောက်ခံပါတယ်၊ ကျင့်ကြံသူတွေကြားမှာ အင်အားကသာ အရာရာပါပဲ၊ ဂိုဏ်းချုပ်ဝမ်ဟာ ခေါင်းဆောင်နေရာနဲ့ တကယ် ထိုက်တန်တယ်လို့မြင်ပါတယ်"

နန်ကုန်းကျင်း မျက်မှောင်ကြုတ်သွားသော်လည်း မဲသာရာ ရွေးရတော့မည်ဖြစ်ရာ "ဟုတ်တယ် ကျုပ်လည်း အဲဒါပဲတွေးနေတာ....” ဟုသာ ရမ်းတုတ်လိုက်ရတော့သည်။

လော့ချန် သူ့အား အံ့သြသလို တစ်ချက်ကြည့်လိုက်သဖြင့် နန်ကုန်းကျင်းမှာ ‘ဘာလဲဟ သူ့ကို ခေါင်းဆောင်အဖြစ် မပြောလို့ စိတ်များဆိုးသွားသလား’ ဟုတွေးရင်း ခဏ ကြောင်တက်တက် ဖြစ်သွားသေးသည်။ အမှန်စင်စစ် လော့ချန်သည် နန်ကုန်းကျင်း၏ အတွင်းစိတ်ကို အကဲခတ် ကြည့်လိုက်ခြင်းဖြစ်သည်။ ပါးနပ်သော လော့ချန်သည် ချက်ချင်း အကဲခတ်မိလိုက်သဖြင့် ဝမ်ဟိုင်ချောင်အား ခေါင်းဆောင်တင်မည့်အရေး သဘောတူသည်ဟုပင် ကောက်ချက်ချလိုက်တော့သည်။

ထို့နောက် အားလုံး၏ အကြည့်မှာ ဝမ်ဟိုင်ချောင်ထံသို့ ရောက်ရှိသွားသည်။

ထိုအခါ ဝမ်ဟိုင်ချောင်က ပြုံးလိုက်ပြီး ဂါရဝပြုဟန်ဖြင့် လက်နှစ်ဖက်ကို ယဉ်ကျေးစွာ ယှက်လိုက်သည်။

"အဟဲ.... မိတ်ဆွေတို့ရဲ့ ယုံကြည်အားကိုးမှုအတွက် ကျုပ် ဂုဏ်ယူမိပါတယ်ဗျာ.... အကုန်လုံးက တိုက်တွန်းနေမှတော့ ကျုပ် ခေတ္တခဏ ခေါင်းဆောင်ချုပ်နေရာကို တာဝန်ယူပါ့မယ်.... အဲ.... မဟာမိတ်အဖွဲ့ ဖြစ်နေတော့ ဒီနေရာကို မဟာမိတ်ခေါင်းဆောင် လို့ပဲ ဆိုကြပါစို့"

ကျန်သုံးဦးစလုံးက အခေါ်အဝေါ်ကို အထာ ထားမနေဘဲ တွန့်ဆုတ်မှုမရှိ ခေါင်းညိတ်ပြကြသည်။

ထိုကိစ္စ ပြေလည်သွားသောအခါ စကားဝိုင်းမှာ အဓိက မေးခွန်းဆီသို့ ပြန်လည် ရောက်ရှိလာသည်။ သူတို့ ဘယ်ကို သွားကြမလဲ ဆိုသည့် မေးခွန်းဖြစ်သည်။

"အဟမ်း.... ဒီကိစ္စကို ကျွန်တော် အရင်စခဲ့တာဆိုတော့ ကျွန်တော့်ရဲ့ အတွေးလေးတွေကို အရင်မျှဝေပါရစေ.... လော့ထျန်းအဖွဲ့ဝင် ကျင့်ကြံသူတွေနဲ့ ကျွန်တော် တိုင်ပင် ဆွေးနွေးပြီးပါပြီ၊ တောနက်ထဲ ဒါမှမဟုတ် ဝေးလံခေါင်သီတဲ့ တောင်ကြားနေရာတွေက ကျွန်တော်တို့နဲ့ မကိုက်ညီဘူး ထင်ပါတယ်.... ရွှေအမြုတေအဆင့် ကျင့်ကြံသူ မရှိဘဲနဲ့ ကျွန်တော်တို့ အဲ့လိုမျိုး နေရာတွေကို ရေရှည်မထိန်းချုပ်နိုင်ပါဘူး"

ကျန်သူများကလည်း တိတ်ဆိတ်စွာ ခေါင်းညိတ် ထောက်ခံကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သာရှိသော အင်အားစုများမှာ ဂိုဏ်းကြီးများ သို့မဟုတ် ကုန်သွယ်ရေး မြို့ကြီးများ၏ အကာအကွယ်မပါဘဲ တစ်ဦးတည်း ရပ်တည်ရန် ခက်ခဲလှသည်မှာ ကျင့်ကြံရေးလောက၏ အမှန်တရားပင် ဖြစ်သည်။

နယ်မြေ ခပ်ညံ့ညံ့များမှာမူ နယ်ခံလူများ ထွက်မသွားအောင်ပင် မတားဆီးနိုင်ပေ။ ဖြစ်နိုင်ချေရှိသည့် ရွေးချယ်စရာမှာ အသင့်အတင့် ဖွံ့ဖြိုးသော ဂိုဏ်းဗဟိုချက်များ သို့မဟုတ် စျေးမြို့တော်များကို ရှာဖွေရန် ဖြစ်သည်။ ထိုနေရာများသည် အင်အားကြီးသူများ၏ အာရုံစိုက်ခြင်းကို ခံရလောက်အောင် မထူးခြားသလို လုံးဝ တန်ဖိုးမရှိလောက်အောင်လည်း မညံ့ဖျင်းပေ။ ထိုကြားနေရာလပ်များတွင် သူတို့သည် နေရာတစ်ခု ရှာဖွေကာ ရှင်သန်နိုင်ပေလိမ့်မည်။

အမှန်စင်စစ် နယ်မြေတစ်ခု ကောင်း၏ ဆိုး၏ ဆိုသည်မှာ နေထိုင်သော ဒေသခံများအပေါ်တွင်လည်း မူတည်သည်။ ကုန်သွယ်မှု၊ အရင်းအမြစ်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားလုံးသည် လူ့အဖွဲ့အစည်းတစ်ခု လိုအပ်သည်။ တစ်ကိုယ်တည်း ခွဲထွက် ကြီးပွားနေခြင်းသည် အမြင်အရသာ မဆိုးဟန် ရှိသော်လည်း အတူတကွ စုစည်းခြင်းကသာ ရလဒ်များကို ပိုမို မြန်ဆန်ပြီး ဘေးကင်းစွာ ရရှိစေနိုင်ပေသည်။

"အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ရွေးချယ်စရာတွေက တကယ်ရွေးကြည့်လိုက်တော့ သိပ်မကျန်တော့ဘူးဗျ.... နှင်းကြာပန်းဈေးမြို့တော်၊ ထိုက်ရှန်းဈေးမြို့တော်၊ တောက်ပစမ်းရေစျေးမြို့တော်.... ပြီးတော့ ထျန်းလန် နတ်ဘုရားမြို့တော် တို့လို နေရာမျိုးပေါ့"

ထိုသို့ ပြောပြီးနောက် လော့ချန် စကားကို ရပ်လိုက်သည်။ သူသည် ဆွေးနွေးမှုကို ကျန်သုံးဦးထံသို့ စကားလမ်းကြောင်း လွှဲပေးလိုက်သည်။ ထိုဒေသတစ်ဝိုက်တွင် နှစ်ပေါင်းများစွာ လှုပ်ရှားလာခဲ့ကြသော ဝါရင့်ကျင့်ကြံသူများ ဖြစ်ကြသဖြင့် သူတို့သည် ကိုယ်စီ အတွေးအမြင်များကို တွန့်ဆုတ်မနေဘဲ တင်ပြကြတော့သည်။

နန်ကုန်းကျင်းက စတင်ပြောလိုက်သည်။

"နှင်းကြာပန်းဈေးမြို့တော် ကတော့ ကျုပ်ရဲ့ မွေးရပ်မြေပါပဲ.... အားလုံးသိမှာပါ၊ ကျုပ်တို့ နန်ကုန်းမျိုးနွယ်စုဟာ အဲ့ဒီကနေ ပြောင်းလာခဲ့ကြတာ.... အမလေး.... အဲ့ဒီနေရာက နာမည်သာကြီးတာ သိပ်တော့အားရစရာ မကောင်းပါဘူး.... အရင်နှစ်တွေတုန်းကဆိုရင် နှင်းသားရဲတွေက မကြာခဏ လာတိုက်ခိုက်တတ်တယ်.... ကျုပ်တို့ မျိုးနွယ်စု နေတဲ့နေရာက နှင်းတောင်တန်းကြီးတွေနဲ့ သိပ်နီးလွန်းတော့ ရွှေ့ပြောင်းဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး.... အဲ့ဒီကိုပြန်ပြောင်းဖို့ကတော့ စိတ်သိပ်မပါဘူး.... ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာလည်း နှင်းဝံပုလွေတွေ မြို့ထဲအထိ လာတိုက်တယ်ဆိုတဲ့ သတင်းတွေ ခဏခဏ ကြားနေရတယ်"

ထို့နောက် သူ၏ လေသံမှာ ပို၍ လေးနက်သွားသည်။

"ပြီးတော့ ပိုအရေးကြီးတာက နှင်းကြာပန်းဈေးမြို့တော်ဟာ ရေခဲခံတပ်ဆိုတဲ့ ရွှေအမြုတေအဆင့် ဂိုဏ်းတစ်ခုရဲ့ တိုက်ရိုက် အုပ်ချုပ်မှုအောက်မှာ ရှိတာ.... အဲ့ဒီမှာ သွားအခြေချမယ်ဆိုရင် သူတို့ရဲ့ လက်အောက်မှာပဲ နေရလိမ့်မယ်"

ထိုသို့ဖြင့် အနီးဆုံး ရွေးချယ်စရာဖြစ်သော နှင်းကြာပန်းစျေးမြို့တော်မှာ ပထမဆုံး ပယ်ဖျက်ခြင်း ခံလိုက်ရသည်။ ၎င်းမှာ အံ့သြစရာ မဟုတ်ပေ။ တာဟဲဈေးမြို့တော်၏ သာယာသော ရာသီဥတုလေးမျိုးကို ကျင့်သားရနေသူများအဖို့ နှင်းကြာပန်းဈေးမြို့တော်၏ အေးစက်ပြီး သားရဲများ ပေါလှသော နယ်မြေတွင် နေထိုင်ရန် မသင့်တော်သလို နောင်လာနောက်သားများကို ပျိုးထောင်ရန်လည်း မဖြစ်နိုင်ပေ။

"တောက်ပစမ်းရေ စျေးမြို့တော်ကရောဗျာ" ဟု လော့ချန် စိတ်ဝင်တစား မေးလိုက်သည်။

နန်ကုန်းကျင်းက ခေါင်းခါပြသည်။

"အဲ့ဒီနေရာအကြောင်းတော့ ကျုပ် သိပ်မသိဘူး"

ထိုအခိုက် လီရီရှန်းက ညင်သာစွာ ကြားဖြတ်ပြောလိုက်သည်။

"ကျွန်မ သိသလောက်လေး ပြောမယ်နော်.... အဲ့ဒီနေရာက အရမ်းကို ခြောက်သွေ့လွန်းတယ်တဲ့.... အရင်တုန်းက ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ သတ္တုတွင်းနယ်မြေ တစ်ခု ဖြစ်ခဲ့တာလို့ကြားတယ်.... သတ္တုတွေ ကုန်သွားပြီးနောက်မှာတော့ အဲ့ဒီနေရာကို စွန့်ပစ်လိုက်ကြတာ အခုဆိုရင် လူသူကင်းမဲ့တဲ့ မြေရိုင်းကြီးလိုပဲတဲ့ရှင်"

သူမ ခေတ္တရပ်ပြီးမှ ဆက်ပြောသည်။

"အရင်နှစ်တွေတုန်းကတော့ တောက်ပစမ်းရေစျေးမြို့တော်က မှော်လက်နက် သွန်းလုပ်တာတွေ သတ္တုရောင်းဝယ်ရေးတွေကြောင့် အရမ်းကို စည်ကားခဲ့တာ၊ အဲ့ဒီက ပိုင်မျိုးနွယ်စု ဆိုရင် တာဟဲဈေးမြို့တော်က တွမ်မျိုးနွယ်စုနဲ့တောင် ခဏခဏ ညိကြတယ်လေ.... ဒါပေမဲ့ အခုတော့ ပိုင်မျိုးနွယ်စုလည်း ဆုတ်ယုတ်သွားပါပြီ.... ဖြစ်နိုင်တာက သူတို့လည်း မကြာခင် ရွှေ့ပြောင်းကြတော့မှာပါ"

လော့ချန်သည် လေးလေးနက်နက်စဉ်းစားနေပုံရသည်။ ဤသို့အားဖြင့် ထိုနေရာမှာလည်း စာရင်းထဲမှ ပယ်ဖျက်ခြင်း ခံလိုက်ရပြန်သည်။

ထိုစဉ် ဝမ်ဟိုင်ချောင်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ဒါဆိုရင် ထိုက်ရှန်းဈေးမြို့တော်ကို သွားကြမလား"

"မဟာမိတ်ခေါင်းဆောင်ရဲ့ အမြင်က ဘယ်လိုရှိလဲ ခင်ဗျ" လော့ချန်က ပြုံးလျက် မေးလိုက်သည်။

"အိမ်း.... ထိုက်ရှန်းဈေးမြို့တော်ဟာ တောင်တန်း သုံးခုရဲ့ ထိပ်မှာ ရှိတာ.... သူ့ရဲ့ ဝိညာဉ်ကြောတွေက နည်းနည်းတော့ ပြန့်ကျဲနေပေမဲ့ ကျုပ်တို့ အခြေချပြီး ကျင့်ကြံဖို့အတွက်တော့ လုံလောက်တာထက်တောင် ပိုပါသေးတယ်.... ဟဲဟဲ.... ဒါ့အပြင် အဲ့ဒီဒေသက အခြေခံတည်ဆောက်ခြင်းအဆင့် အင်အားစု တချို့နဲ့လည်း ကျုပ် အဆက်အသွယ် ရှိပါတယ်၊ ကျုပ် သူတို့နဲ့ အဆက်အသွယ် ပြန်လုပ်ပြီး သေချာ ချဉ်းကပ်မယ်ဆိုရင် ခြေကုပ်ယူနိုင်မယ့် အခွင့်အရေး ရှိပါတယ်"

လီရီရှန်းက မျက်ခုံးပင့်လိုက်ရင်း စူးစမ်းစွာ မေးလိုက်သည်။

"နေပါဦးရှင့်.... ကျွန်မ မှတ်မိသလောက်ဆိုရင် ထိုက်ရှန်းဈေးမြို့တော်က ဟော်မျိုးနွယ်စုရဲ့ အကြီးအကဲဟာ အခြေခံတည်ဆောက်ခြင်း အဆင့် ၆ ကို ရောက်နေပြီ မဟုတ်လား၊ ပြီးတော့ သူက စိတ်သဘောထားယုတ်ညံ့တယ်ဆိုပြီး နာမည်ကြီးတယ်လေ၊ တစ်ဖွဲ့ချင်း အင်အားအရဆိုရင် သူက စျေးမြို့တော်တစ်ခုလုံးမှာ အင်အားအကြီးဆုံးပဲ၊ ကျွန်မတို့ အခြေခံတည်ဆောက်ခြင်းအင်အားစု လေးခု တစ်ပြိုင်တည်း ရောက်သွားတာကို သူက တကယ်ပဲ လက်ပိုက် ကြည့်နေနိုင်ပါ့မလားရှင်....”

ထိုက်ရှန်းဈေးမြို့တော်၊ ချီချန်တောင်မှ ဟော်မျိုးနွယ်စုသည် နှစ်ပေါင်းရာနှင့်ချီသော အမွေအနှစ်ရှိသည့် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ မျိုးနွယ်စုတစ်ခု ဖြစ်သည်။ သူတို့သည် ရွှေအမြုတေအဆင့် မီးလျှံမဟာမိတ်ဂိုဏ်းနှင့်လည်း ခိုင်မာသော ဆက်ဆံရေး ရှိကြပြီး တပည့်များကို အမြဲမပြတ် စေလွှတ်လေ့ရှိသည်။ ထို့ကြောင့် ဟော်မျိုးနွယ်စုသည် အင်အားကြီးမားရုံသာမက အဆက်အသွယ်ကောင်းပြီး နောက်ခံရှိသဖြင့် မည်သူကမျှ အလွယ်တကူ မထိရဲကြပေ။

မျိုးနွယ်စုခေါင်းဆောင် ဟော်ချွမ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် အခြေတည်အဆင့်လယ်ပိုင်းသို့ ရောက်ရှိခဲ့သူ ဖြစ်ပြီး မျိုးနွယ်စုဝင်များအပေါ် အလွန်အမင်း ကာကွယ်တတ်သူလည်း ဖြစ်သည်။ သူ၏ စောင့်ရှောက်မှုအောက်တွင် ဤနှစ်များအတွင်း ဟော်မျိုးနွယ်စု၏ အရှိန်အဝါမှာ တရှိန်ထိုး တက်လာခဲ့ပြီး ထိုက်ရှန်းစျေးမြို့တော်၏ နံပါတ် (၁) မျိုးနွယ်စုဟုပင် တင်စားခံနေရပြီ ဖြစ်သည်။

လီရီရှန်း၏ မေးခွန်းကြောင့် ဝမ်ဟိုင်ချောင်၏ မျက်နှာမှာ ကြက်သေသေသွားရသည်။ အားလုံး၏ စူးစမ်းသော အကြည့်များအောက်တွင် ဝမ်ဟိုင်ချောင်၏ ယုံကြည်မှုများမှာ ယိုင်နဲ့ သွားသည်။ ခေတ္တအကြာမှ သူ တွေဝေစွာဖြင့် ဆိုလိုက်ရသည်။

"ကျုပ်တို့လို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လေးယောက်လုံး ပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ကိုတော့ သူ လက်လွတ်စပယ် မဆက်ဆံရဲလောက်ပါဘူး"

ကြည့်ရသည်မှာ သူကိုယ်တိုင်လည်း သေချာပုံမရပေ။ လော့ချန်ကပင် အခြေအနေကို အကဲခတ်ကာ စကားဝိုင်းကို အဆုံးသတ်လိုက်သည်။

"ကဲပါဗျာ.... အချိန်တန်ရင်တော့ ကျွန်တော်တို့ သိရမှာပေါ့၊ လောလောဆယ်တော့ ထိုက်ရှန်းဈေးမြို့တော်ကိုပဲ ကျွန်တော်တို့ရဲ့ ဦးစားပေးစာရင်းထဲ ထည့်ထားကြတာပေါ့....”

ကျန်သူများကလည်း ခေါင်းညိတ်ကြသည်။ အနည်းဆုံးတော့ သူတို့ ရှေ့ဆက်ရမည့် အနာဂတ်တစ်ခု ရှိသွားပြီ ဖြစ်သည်။ လော့ချန် အဆိုပြုခဲ့သော ထျန်းလန် နတ်ဘုရားမြို့တော်ကိုမူ မည်သူမျှ မဆွေးနွေးကြချေ။

ခရီးမှာ အမှန်ပင် ဝေးလွန်းလှသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအဖို့မူ တစ်ကိုယ်တည်း သွားမည်ဆိုလျှင် မြန်မြန်ရောက်နိုင်သော်လည်း အဖွဲ့လိုက် မျိုးနွယ်စုလိုက် သွားမည်ဆိုပါက အနည်းဆုံး လအနည်းငယ် ကြာပေလိမ့်မည်။ နောက်တစ်ချက်မှာ လမ်းခရီးတွင် အချိန်ကြာမြင့်လာသည်နှင့်အမျှ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရနိုင်ခြေ များလှခြင်းကလည်း တစ်ကြောင်းဖြစ်သည်။

ထိုစဉ်က ဖူမျိုးနွယ်စု ဤနေရာသို့ ပြောင်းရွှေ့လာစဉ်ကလည်း အလွန်ပင် ခဲယဉ်းခဲ့ရသည်။ သူတို့၏ ခရီးလမ်းမှာ ခက်ခဲကြမ်းတမ်းပြီး အနှောင့်အယှက်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့ ရောက်ရှိလာသည့် အချိန်တွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့သဖြင့် လော့ချန်၏ လော့ထျန်းအဖွဲ့က သူတို့အား အလွယ်တကူ နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ နယ်မြေသစ်အား လျာထားသတ်မှတ်ပြီးနောက် ကျင့်ကြံသူ လေးဦးမှာ လက်တွေ့ကျသော ကိစ္စများကို ဆက်လက် ဆွေးနွေးကြသည်။

ဘယ်အချိန်တွင် စထွက်ကြမည်နည်း။ ဘယ်လိုပုံစံဖြင့် ခရီးသွားကြမည်နည်း။ ကျန်ရစ်ခဲ့သော နယ်မြေပိုင်ဆိုင်မှုများ၊ လုပ်လက်စ စီးပွားရေးလုပ်ငန်းများ နှင့် အခြား အရာများအား မည်သို့ စီမံမည်နည်း။ လမ်းခရီးတွင် အန္တရာယ်ကြုံပါက တာဝန်များကို မည်သို့ ခွဲဝေ၍ ကာကွယ်ကြမည်နည်း။ နေရာသစ်ရောက်လျှင် မည်သည့်အမည်ဖြင့် စုပေါင်းကြမည်နည်း စသည်ဖြင့်။

ဆွေးနွေးမှုမှာ ရှည်လျားပြီး ပျင်းစရာ ကောင်းလာကာ အသေးအဖွဲ ကိစ္စများအထိပင် ရောက်ရှိသွားသည်။

အသေးစိတ် အချက်အလက်များအထိ ရှည်လျားစွာ ပြောဆိုနေကြရာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်မှန်းမသိပါက သာမန် ကုန်သည်များ စကားများနေသည်ဟုပင် ထင်မှတ်ရပေလိမ့်မည်။

ညသန်းခေါင်ကျော်မှသာ ဝမ်၊ လီနှင့် နန်ကုန်းတို့ ပြန်သွားကြသည်။

သူတို့ ပြန်သွားပြီးနောက် လော့ချန်သည် ခန်းမထဲတွင် ထိုင်ကာ နားထင်ကို နှိပ်နယ်နေသည်။

"ဝင်လာခဲ့"

သူ၏ ခေါ်သံကြောင့် စီမာဟွေ့နန် တိတ်ဆိတ်စွာ ဝင်လာခဲ့သည်။

"အဖွဲ့ချုပ်ခေါင်းဆောင်.... အခြေအနေဘယ်လိုရှိလဲရှင့်၊ အားလုံး အဆင်ပြေသွားပြီလား"

"အင်း…. ဒီအတောအတွင်း အင်အားကြီးအဖွဲ့တွေ အားလုံးက သယ်လို့ရသမျှ အရင်းအမြစ်တွေကို အစွမ်းကုန် စုဆောင်းကြလိမ့်မယ်၊ လော့ထျန်းအဖွဲ့က ကျင့်ကြံသူတွေကို သေသေချာချာ ထိန်းသိမ်းထားပါ၊ သူတို့နဲ့ ထိပ်တိုက်မတွေ့အောင် ဂရုစိုက်"

"ဟုတ်ကဲ့ရှင့် အဖွဲ့ချုပ်ခေါင်းဆောင်၊ ဒါကိုတော့ ကျွန်မ နားလည်ပါတယ်ရှင်"

ထို့နောက် စီမာဟွေ့နန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဒါနဲ့ ခေါင်းဆောင်... ခေါင်းဆောင်က ဘာလို့ မဟာမိတ်ခေါင်းဆောင် ရာထူးအတွက် မပြိုင်ခဲ့တာလဲ"

"ဟက်ဟက်.... မဟာမိတ်ခေါင်းဆောင် ဟုတ်လား၊ အဲ့ဒါက ထင်သလောက် လွယ်တဲ့ အလုပ်မှ မဟုတ်တာ.... "

လော့ချန်သည် သူမ၏ သံသယများကို စတင် ရှင်းပြလေတော့သည်။ သူမသည် လော့ထျန်းအဖွဲ့၏ စီမံခန့်ခွဲသူဖြစ်ပြီး ကိစ္စအဝဝကို ကိုယ်တိုင် ဆုံးဖြတ်လုပ်ဆောင်နေရသူ ဖြစ်သည်။ ကျင့်ကြံခြင်း လောကတွင် အသေးအဖွဲဟု ထင်ရသော အရာများမှာ ကြီးမားသော နောက်ဆက်တွဲ ဆိုးကျိုးများကို သယ်ဆောင်လာတတ်သည်။ ထို့ကြောင့် ကျင့်ကြံခြင်း လောက၏ ဆုံးဖြတ်ချက်များစွာကို ရေတိုအမြင်ဖြင့် မဆုံးဖြတ်နိုင်ဘဲ ရေရှည်အမြင် လိုအပ်သည်။

ကျင့်ကြံသူများသည် မိမိတို့၏ အဆင့်အတန်း အကန့်အသတ်များကြောင့် ပိုမိုကြီးမားသော မြင်ကွင်းကို မမြင်နိုင်ကြဘဲ ရှိတတ်သည်။ တစ်ခါတစ်ရံတွင် သူတို့သည် မိမိတို့ရှေ့တည့်တည့်တွင် ရှိနေသော အရာကိုပင် သတိမထားမိကြပေ။ လော့ချန်ကိုယ်တိုင်လည်း ကျင့်ကြံခြင်းအဆင့် နိမ့်ပါးစဉ်က အမြင်မကျယ်မှုကြောင့် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရဖူးသည်။ သူသည် စီမာဟွေ့နန်ကို ထိုကဲ့သို့ အမှားမျိုး မကြုံစေချင်ပေ။ မဟုတ်ပါက သူမ၏ အကျိုးစီးပွားသာမက မိမိ၏ အကျိုးစီးပွားပါ ထိခိုက်နိုင်သည် မဟုတ်ပါလော။

သူ၏ လမ်းညွှန်မှုဖြင့် စီမာဟွေ့နန်သည် ပိုမိုဝေးကွာသော အနာဂတ်ကို မြင်နိုင်ပေလိမ့်မည်။ လော့ချန်၏ အကြည့်တို့သည် ဝေးလံလှသော နေရာတစ်ခုဆီသို့ ရောက်ရှိနေပြီး မကြာမီ လေးဖွဲ့စလုံး ခရီးစတင်ကြမည့် ပုံရိပ်ကို ကြိုတင်မြင်ယောင်နေဟန် တူသည်။

"အင်း.... မင်းမြင်သာအောင် ငါ ပြောပြမယ်.... မင်းပဲ စဥ်းစားကြည့်…. ဒီလောက် လူအုပ်ကြီး အပြုံလိုက် နေရာပြောင်းမှာကွာ.... ရွှေ့တဲ့လမ်းတစ်လျှောက်မှာ မုန်တိုင်းတွေနဲ့ အတားအဆီးတွေ သေချာပေါက် ရှိလာလိမ့်မယ်…."

"အေး…. အဲလိုကြုံတဲ့အခါ ဘယ်သူ့ခေါင်းပေါ် အရင်ကျမယ်ထင်လဲ.... မဟာမိတ်အဖွဲ့ရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ ခေါင်းဆောင်ဆီပဲ အကုန်ပြုံကျလိမ့်မယ်.... သူဟာ အဲ့ဒီ ဒုက္ခအားလုံးကို အရင်ဆုံး ရင်ဆိုင်ရမယ့်သူပဲ၊ ဘယ်နေရာပဲပြောင်းပြောင်း ဒေသခံတွေ ရှိတဲ့နေရာမှာ အကျိုးစီးပွား ပဋိပက္ခတွေ အမြဲရှိနေမှာပဲလေ.... ငါတို့ အများကြီးက မကျွမ်းကျင်တဲ့ နေရာသစ်တစ်ခုကို သွားကြတဲ့အခါ၊ လူဘယ်နှစ်ယောက်ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်မိသွားမယ်လို့ မင်း ထင်လဲ"

"အာ.... ဒါလေးများ အဖွဲ့လေးဖွဲ့ မဟာမိတ်ဖွဲ့ထားတာပဲ ဘာညာ သွားမတွေးနဲ့.... ငါတို့ကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့လည်းမထင်လိုက်နဲ့၊ ဘယ်ဒေသမှာမဆို ဒေသခံ အင်အားစုတွေရဲ့ အားပြိုင်မှုတွေက ငါတို့ ထင်ထားတာထက် အများကြီး ပိုပြီး နက်နဲတယ်"

"မီရှုဟွာကိုပဲ ကြည့်လေ…. အပြင်လူတွေကတော့ သူ့ကို တစ်ကိုယ်တော် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလို့ ထင်ကြတယ်.... အေး သူ့နောက်ကွယ်မှာ မြောင်ဝမ်ကြီး ရှိနေတာ ဘယ်သူ သိခဲ့လို့လဲ.... တွမ်ချန်ခွန်းနဲ့ နှစ်ပေါင်းများစွာ ခင်မင်လာခဲ့တာကိုရော ဘယ်သူ သိလို့လဲ.... ဒါတောင် ငါတို့ မသိသေးတဲ့ တခြား မဟာမိတ်တွေ ဘယ်နှစ်ယောက်လောက် ရှိနေဦးမလဲမသိဘူး"

"အဲ့တော့ မြင်ပြီလား…. ဖိုရှန်းဂိုဏ်းကို ဘာလို့ တာကျန်းဂိုဏ်း၊ လျန်ယွန်း ကုန်သွယ်ရေး မဟာမိတ်နဲ့ အခြေခံတည်ဆောက်ခြင်း မျိုးနွယ်စု ငါးခုလုံးက တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သလဲဆိုတာ.... အမှန်တော့ ကျူပင်ခုတ်ကျူငုတ်မကျန် ဆိုသလို တစ်ခါတည်းအပြတ်ရှင်းမှ သူတို့ နောက်ကျောလုံမှာမိုလို့ပဲ.... ဖိုရှန်းဂိုဏ်းမှာ ဦးစီးဦးဆောင်လုပ်နိုင်တဲ့သူ တစ်ယောက်လောက် မသေဘဲကျန်ကြည့်.... ဘယ်အချိန် ဘယ်က မဟာမိတ် အားကိုးနဲ့ ပြန်လှန်မယ် မသိနိုင်ဘူးလေ”

စီမာဟွေ့နန်၏ မျက်လုံးများထဲတွင် နားလည်သွားသော အရိပ်အယောင်များကို မြင်လိုက်ရသဖြင့် လော့ချန် ကျေနပ်စွာ ဆက်ပြောလေသည်။

"ပြောချင်တာကကွာ.... ဒီလို အခြေအနေမျိုးမှာ ရာထူးအမြင့်ဆုံး ဖြစ်နေတဲ့ မဟာမိတ်ခေါင်းဆောင်ဟာ အကျိုးစီးပွား ထိခိုက်ခံရသူ အားလုံးရဲ့ နံပါတ်တစ် ရန်သူ ဖြစ်လာလိမ့်မယ်၊ သူ ရင်ဆိုင်ရမယ့် အန္တရာယ်တွေဟာ ငါတို့ထက် အဆပေါင်း ရာချီပြီး များလိမ့်မယ်"

"ဟွေ့နန်…. မင်း ရှေးဆိုရိုးတစ်ခု ကြားဖူးမှာပေါ့.... ခေါင်းပြူထွက်တဲ့ ငှက်က လောက်လေးခွနဲ့ အပစ်ခံရပြီး အရင်ဆုံး ပါးပျဥ်းထောင် ထွက်လာတဲ့ မြွေက အရင် အခုတ်ခံရတယ် ဆိုတာလေ.... အေး အဲဒီသဘောပဲ"

ထိုမှသာ စီမာဟွေ့နန် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သို့တိုင် သူမ ဇဝေဇဝါ ဖြစ်နေသည့် အချက်တစ်ချက် ရှိသေးသည်။

"ဒါနဲ့တောင် ဝမ်ဟိုင်ချောင်က ဘာလို့ အဲ့ဒီ့နေရာ လက်ခံခဲ့တာလဲရှင်.... သူက ဒါတွေ ထည့်မတွက်ဖူးလား....”

"ဟားဟား.... သူ့လို မြေခွေးအိုကြီးလား မတွက်မှာ.... သူမသိဘဲ နေပါဘူး....”

"ဟင်.... ဒါဆို ဘာလို့လဲ"

"ဒါကတော့ ရှင်းပါတယ်.... သူ့အဲဒီနေရာကို လက်ခံဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူး၊ အမှန်တော့ ဘယ်သူမှ မထောက်ခံတောင် သူ မရရအောင် ခေါင်းဆောင်နေရာကို ယူမှာပဲ....”

စီမာဟွေ့နန် ကြောင်အအ ဖြစ်နေသည်ကို မြင်သောအခါ လော့ချန် ထပ်မံ ရယ်မောလိုက်ပြီး ဆိုသည်။

"ဟားဟား.... သူ့ဂိုဏ်းက လီမျိုးနွယ်စုတို့ နန်ကုန်း မျိုးနွယ်စုတို့လို ဆွေမျိုးသားချင်းတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူးလေ၊ အကုန်လုံးကလည်း လိုက်ချင်မှလိုက်မှာ.... နောက်တစ်ချက်က တာကျန်းဂိုဏ်းရဲ့ စည်းလုံးမှုဟာ ငါတို့ လော့ထျန်းအဖွဲ့အစည်းနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး၊ သူတို့က အခက်အခဲအများကြီးကို ဖြတ်သန်းခဲ့ကြပေမဲ့ အဖွဲ့ဝင် အများစုက ပြင်ပအင်အားစုတွေရဲ့ လွှမ်းမိုးမှု ခံခဲ့ရတာချည်းပဲ၊ ပြီးတော့ အကျိုးအမြတ်တွေကိုလည်း အပြင်လူတွေနဲ့ ခွဲဝေခဲ့ကြရတာ"

"ဒါတင်မကဘူး သူ့ရဲ့ လက်အောက်ငယ်သားတွေကြားမှာ မကျေနပ်မှုတွေ အများကြီး ရှိနေတယ်.... ဒီလူက အပြင်ပန်းမှာသာ ယဉ်ကျေးပြီး ဖော်ရွေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ သူက စိတ်သဘောထား သေးသိမ်တယ်.... အရည်အချင်းရှိတဲ့ လက်အောက်ငယ်သားတွေကိုတောင် မနာလိုတတ်ပြီး သည်းခံနိုင်စွမ်း မရှိဘူး"

"ဥပမာဆိုရင် ဓားကျိုး ရွှီရန်ခယ်ကိုပဲ ကြည့်လေ.... ဝမ်ဟိုင်ချောင်ရဲ့ နောက်လိုက်ခွေးလုပ်ပြီး သူခိုင်းသလို လုပ်ပေးတယ်.... အဆုံးအဖြတ်စင်မြင့်မှာ ဝမ်ဟိုင်ချောင်က ရွှီရန်ခယ်ကို ကောင်းထင်ယွမ် ကိုယ်စားရုပ်သေးကို ဖျက်ဆီးခိုင်းခဲ့တယ်၊ အဲ့ဒါက သူ့ရဲ့ ဒန်ထျန်းကို ပျက်စီးစေပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဘယ်တော့မှ မရောက်နိုင်အောင် လုပ်လိုက်တာပဲ.... ဒီလို သောက်ကျင့်ယုတ်တဲ့ ကိစ္စမျိုးတွေက ဘူးတစ်ရာကို ပိတ်လို့ရတယ်၊ ပါးစပ်တစ်ပေါက်ကို ပိတ်လို့မရပါဘူး.... ဟဲဟဲ ဟုတ်ရင်ကျော် ပုတ်ရင် ပေါ်လာတာပဲ"

All Chapters