အခန်း (၂၉၉-၃၀၀)
Vol. 30 Ch. 299-300
အခန်း (၂၉၉) - တစ္ဆေစစ်သူကြီးများ၏ ပဋိပက္ခနှင့် ရှောင်ဟေးဟု ခေါ်သော အဖော်မွန်
ဤနေရာတွင် လော့ချန် စကားကို ခေတ္တရပ်လိုက်သည်။ သူသည် စီမာဟွေ့နန်ကို စူးစိုက်ကြည့်ကာ အငိုက်ဖမ်းလိုက်ဟန်ဖြင့် မေးခွန်းတစ်ခု မေးလိုက်သည်။
"အဲ့တော့ မေးပါဦးမယ်.... မင်းတို့အားလုံးက ငါဘယ်သွားသွား နောက်က လိုက်မယ် စဥ်းစားထားကြတာလား.... ဘာလို့တုန်း”
စီမာဟွေ့နန်က တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် ပြန်ဖြေသည်။
"ဘာလို့လဲဆိုတော့ အဖွဲ့ချုပ်ခေါင်းဆောင်ဟာ ကျွန်မတို့အပေါ် ဘယ်တုန်းကမှ မတရားမလုပ်ခဲ့လို့ပါပဲ.... ခေါင်းဆောင်နဲ့ အတူရှိနေရင် တောက်ပတဲ့ အနာဂတ် ရှိမယ်ဆိုတာ ယုံကြည်လို့ပါ”
လော့ချန်သည် ထိုစိတ်ရင်းနှင့် ချီးမွမ်းလိုက်သော စကားကို ကျေနပ်စွာ လက်ခံလိုက်သည်။ သူ ခေါင်းညိတ်ပြပြီးနောက် လေသံကို ပို၍ စူးရှလေးနက်အောင် ပြောင်းလဲကာ ထပ်မံ မေးခွန်းထုတ်လိုက်သည်။
"ဒါဆို နောက်ထပ် အခြေအနေတစ်ခုကို စဉ်းစားကြည့်ရအောင်၊ တကယ်လို့ ငါ့နေရာမှာ ဝမ်ဟိုင်ချောင် ဆိုရင်ရော.... မင်း သူ့နောက်ကို ဘာမေးခွန်းမှ မမေးဘဲ ဇွတ်မှိတ်လိုက်မှာလား"
"အဲ.... အဲဒါကတော့.... "
"တွေ့လား.... မင်း သိချင်နေတဲ့ အဖြေရပြီမလား”
လော့ချန်သည် အေးစက်နေပြီဖြစ်သော ရေနွေးကြမ်း ပန်းကန်ကို မကာ တစ်ကျိုက်တည်းဖြင့် ကုန်အောင် သောက်လိုက်သည်။
"ဝမ်ဟိုင်ချောင်မှာ သွေးရင်းသားရင်း မရှိဘူး၊ လက်သပ်မွေးထားတဲ့ အဖွဲ့ဝင်တွေလည်း မရှိဘူး.... သူ့အဖွဲ့ဝင်သာမက အခြားလူတွေရော ကြည်ညိုရလောက်တဲ့ အာဏာစက်လည်း မရှိဘူး”
“တကယ်လို့ သူက လူအုပ်ကြီးကို ဦးဆောင်ပြီး ထွက်သွားချင်တယ်ဆိုရင် သူ့နောက် ဘယ်သူက လိုက်မှာလဲ.... သူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတယ်လေ ဆိုပြီး ပြန်မေးစရာရှိမယ်.... ဟဲဟဲ.... အဲ့ဒီဘွဲ့ထူးတွေက တကယ်တော့ ထင်သလောက် တန်ဖိုးမရှိပါဘူး၊ တစ်ကိုယ်တော် ကျင့်ကြံသူတွေဆိုတာ ရိုးရိုးလေးပဲ လွတ်လွတ်လပ်လပ်တွေးတယ်.... အဆင်မပြေရင် အထုပ်ပြင်ပြီး တခြားအင်အားစုဆီ ပြောင်းပြီး ဆက်ကျင့်ကြံကြမှာပဲလေ"
စီမာဟွေ့နန်၏ မျက်လုံးများ အံ့သြမှုကြောင့် ကျယ်သွားသည်။ ထိုအသိတရားမှာ သူမ၏ ဦးခေါင်းပေါ်သို့ ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ပင်။ လော့ချန်၏ လမ်းညွှန်မှုဖြင့် သူမသည် ပြဿနာ၏ သော့ချက်ကို လျင်မြန်စွာ ဆက်စပ်မိသွားသည်။
"ဩော်.... ကျွန်မ သဘောပေါက်ပြီ.... ဒါကြောင့် သူက မဟာမိတ်ခေါင်းဆောင် ဆိုတဲ့ ဘွဲ့ထူးကို မရရအောင် ယူတာပေါ့.... အင်အားစု လေးခုရဲ့ ခေါင်းဆောင်နေရာ ရှိမှသာ သူ့အဖွဲ့ဝင်တွေကို သူ စုစည်း စည်းရုံးထားလို့ရမှာ.... မဟုတ်ရင် သူ့ဘက်ကလူတွေ ကျွန်မတို့အဖွဲ့ထဲ ပြေးလာကြမှာပဲ.... ဘာပြောပြော မဟာမိတ်အချင်းချင်းဆိုတော့ ကျွန်မတို့လော့ထျန်းဘက် ပြောင်းလာချင်တဲ့သူရှိတောင် လမ်းပိတ်ပြီးသားဖြစ်သွားမယ်၊ ကဲ ဘယ်လိုလဲ အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မ ပြောတာ မှန်တယ်မလားရှင်"
လော့ချန်က ခေါင်းညိတ်ပြကာ သူမ၏ ထက်မြက်မှုကို ချီးကျူးလိုက်သည်။ ခိုကိုးရာ ဂိုဏ်းမရှိသော တစ်ကိုယ်တော် ကျင့်ကြံသူများ၏ ဘဝမှာ ရွေးချယ်စရာ များများစားစားမရှိပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်လျှင်ပင် တစ်ကိုယ်တည်း ရှင်သန်မှုမှာ ထင်သလောက် မလွယ်ကူလှမှန်း လူတိုင်းအသိဖြစ်သည်။
ဝမ်ဟိုင်ချောင်သည် တာကျန်းဂိုဏ်း၏ ထောက်ပံ့မှုရှိသဖြင့် အချိန်တိုအတွင်း မှော်ရတနာများ မဝယ်နိုင်လျှင်ပင် အနည်းဆုံးတော့ ကျင့်ကြံရေး အရင်းအမြစ်များ ပြတ်လပ်ခြင်းမရှိပေ။ အကယ်၍ သူသာ ထိုထောက်ပံ့မှုကို ဆုံးရှုံးသွားပါက သူ၏ ကိုယ်ပိုင် အရည်အချင်းဖြင့် ဝိညာဉ်ကျောက်တုံးများ ရရှိရန် မည်သို့ ကြိုးစားမည်နည်း။ အင်အားနည်းသော ဂိုဏ်းငယ်လေး သို့မဟုတ် ကျင့်ကြံသူ မျိုးနွယ်စုလေးများတွင် အခကြေးငွေယူကာ အစောင့်အရှောက်ပေးမည့် ကြေးစားမဟာမိတ်အဖြစ် နေထိုင်မည်လော။
ထိုသို့တွေးပါက ရီချင်စရာကောင်းသော အတွေးဖြစ်လိမ့်မည်။ အကြောင်းမူ လက်ရှိ အရှေ့ပိုင်းလွင်ပြင် ကျင့်ကြံခြင်းလောက၏ အခြေအနေအရ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ တစ်ဦးသည် ကြေးစားမဟာမိတ်အဖြစ် နေထိုင်ပါက တစ်လလျှင် ဝိညာဉ်ကျောက်တုံး နှစ်ထောင် သို့မဟုတ် သုံးထောင်ခန့်သာ ရရှိသည်။ မိမိ၏ ကျင့်ကြံမှု အဆင့်ကို ထိန်းသိမ်းရန် ကုန်ကျစရိတ်များကို နုတ်လိုက်ပါက ဘာကျန်တော့မည်နည်း။ ထို့အပြင် မှော်ရတနာ တစ်ခု ဝယ်နိုင်ရန် နှစ်ပေါင်းများစွာ ကျင့်ကြံမှုကို ရပ်တန့်ထားခဲ့မည် ဆိုပါစို့။ အချိန်ဖြုန်းနေခြင်းသာ ဖြစ်သွားလိမ့်မည်။ အကယ်၍ ရွှေအမြုတေ အဆင့်သို့ မတက်လှမ်းနိုင်ဘဲ သက်တမ်းကုန်သွားပါက ခက်ခက်ခဲခဲ စုဆောင်းထားသော မှော်ရတနာမှာ နောက်လူများအတွက် အပျက်အစီးများကြားမှ ကံကောင်း၍ တွေ့ရှိသော အမွေအနှစ်တစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
နောက်တစ်ချက်မှာ မျိုးနွယ်စု အနည်းငယ်ကသာ ထိုကဲ့သို့သော နှုန်းထားမျိုးကို ပေးနိုင်ကြခြင်း ဖြစ်သည်။ ကုန်ကုန်ပြောရလျှင် လော့ချန် တစ်ဦးတည်းသာလျှင် လော့ထျန်းအား စောင့်ရှောက်ပေးသော ဝမ်ယွမ်အား ထိုမျှအထိ ရက်ရက်ရောရော ပေးခြင်း ဖြစ်သည်။ ထိုအရာမှာလည်း ဝမ်ယွမ်သည် သူ၏ သွေးသောက်ညီအစ်ကို ဖြစ်နေသောကြောင့်လည်း ပါပေသည်။ အကျဥ်းချုပ်ရပါက ဝမ်ဟိုင်ချောင်သည် တာကျန်းဂိုဏ်း၏ ထောက်ပံ့မှု မပါဘဲ မရှင်သန်နိုင်ပေ။
လော့ချန်မှာမူ လော့ထျန်းအဖွဲ့အစည်းအပေါ်တွင် အလုံးစုံ မှီခိုနေရန် မလိုပေ။ အခြားနေရာတစ်ခုတွင်လည်း သူသည် ဆေးဖော်ဆရာ ဟူသော ဘွဲ့ထူးဖြင့် အစမှ ပြန်လည် ထူထောင်နိုင်သည်။ လော့ထျန်းအဖွဲ့အစည်းကို သူနှင့် အတူခေါ်သွားမည့် ပထမအချက်မှာ သူ၏ မိတ်ဆွေများစွာ အဖွဲ့တွင် ပါဝင်နေသောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ အားလုံးက သူ့ကို ယုံကြည်ကြသောကြောင့် ဖြစ်သည်။ တတိယအချက်မှာ ဆေးဖော်ခန်းမဆောင်မှ လူများနှင့် လက်တွဲလုပ်ကိုင်ရာတွင် အလွန်ပင် အဆင်ပြေသောကြောင့် ဖြစ်သည်။ ထို့အပြင် ထွက်ခွာသွားသည့်အခါတွင်လည်း နောက်လိုက်အင်အား အများအပြား ရှိနေခြင်းက ဘေးကင်းလုံခြုံမှုကို ပိုမို အာမခံနိုင်ပေသည်။
"အင်း.... ငါတို့ ထိုက်ရှန်းဈေးမြို့တော်မှာ ခြေကုပ်ရနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ၊ အဲ့ဒီနေရာက တာဟဲဈေးနဲ့ ဝေးတော့ တစ္ဆေဘုရင်ရဲ့ အန္တရာယ်က လောလောဆယ် လွတ်နိုင်သေးတယ်.... အဲ့ဒီဒေသက ငါတို့အတွက် သိပ်လည်း စိမ်းမနေဘူး၊ တကယ်လို့ အဲ့ဒီနေရာက အဆင်မပြေရင်တော့....”
လော့ချန်၏ အကြည့်များမှာ လေးနက်သွားသည်။ သူသည် အရန်အစီအစဉ်တစ်ခုကို စတင် ပြင်ဆင်နေပြီ ဖြစ်သည်။ လော့ချန်သည် ကြက်ဥအားလုံးကို ခြင်းတောင်းတစ်ခုတည်းတွင် ထည့်ထားတတ်သူမျိုး မဟုတ်ပေ။ မီရှုဟွာ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေစဉ်ကပင် သူသည် အချိန်မရွေး ထွက်ပြေးရန် အမြဲ ပြင်ဆင်ထားခဲ့သူ ဖြစ်သည်။ သူ မမျှော်လင့်ထားခဲ့သည်မှာ သူ ထွက်ပြေးချင်ခဲ့သည့် အကြိမ်များစွာ ရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မထွက်ပြေးဖြစ်ခဲ့ခြင်းပင်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူကိုယ်တိုင်က မိမိအလိုအလျောက် ထွက်ခွာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
"ကဲပါ.... မင်း ပြန်တော့နော်.... လုပ်စရာရှိတာ ဆက်လုပ်.... နောက် နှစ်လအကြာမှာ ထွက်ရမှာ ဆိုတော့ ကိစ္စဝိစ္စတွေအားလုံးကို သေသေချာချာ လက်စသတ်ထားဖို့ အကုန်လုံးကို မှာလိုက်....”
"အမိန့်အတိုင်းပါ အဖွဲ့ချုပ်ခေါင်းဆောင်"
စီမာဟွေ့နန်က အရိုအသေပေးလိုက်ကာ ခန်းမထဲမှ ထွက်ခွာသွားတော့သည်။
....
ထို့သို့ဖြင့် အချိန်တစ်လ ကြာသွားခဲ့လေသည်။
မဟူရာည၊ ညဉ့်နက်ပိုင်းအချိန်တွင် သက်ငယ်မိုးတဲအိမ်အတွင်း၌ အလွန်ပင် တိတ်ဆိတ်နေပြီး ထိတ်လန့်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိနေသည်။
ပိုင်မေလင်းသည် တဲအိမ်၏ ထောင့်တစ်နေရာတွင် တုန်တုန်ရင်ရင်ဖြင့် ကပ်နေသည်။ သူမ၏ သေးငယ်လှသော ကိုယ်လေးမှာ လော့ချန်နှင့် အဝေးဆုံး ဖြစ်နိုင်သမျှ နံရံတွင် ကပ်နေမိသည်။ သို့သော် သူမသည် လော့ချန်ကို ကြောက်နေခြင်း မဟုတ်ပေ။ သူ့လက်ထဲမှ အလံကို ကြောက်နေခြင်း ဖြစ်သည်။
ဝိညာဉ်သန့်စင် အလံ….။
လော့ချန်သည် ဖြန့်ထားသော ထိုအလံကို စိုက်ကြည့်နေပြီး သူ၏ မျက်နှာတွင် ဇဝေဇဝါဖြစ်မှုနှင့် အံ့သြမှုတို့ ရောယှက်နေသည်။ ယနေ့ညနေက ဆေးလုံးများ ဖော်စပ်နေစဉ် ထိုအလံအတွင်းမှ ဖရိုဖရဲ ဖြစ်နေသော တစ္ဆေစွမ်းအင်များ ပေါက်ကွဲထွက်လာသဖြင့် သူ၏ ဆေးလုံးများ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။
သူ အမြန် ပြန်လာပြီး အလံကို ဖြန့်ကြည့်လိုက်သောအခါ တစ်ချိန်က သူ ဖမ်းဆီးထားခဲ့သော တစ္ဆေစစ်သည် ဒါဇင်ပေါင်းများစွာ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ အလံအတွင်းတွင် လူရိပ်နှစ်ခုသာ ကျန်တော့သည်။ တစ်ခုမှာ တွမ်ချန်ခွန်း ဖြစ်ပြီး အခြားတစ်ခုမှာ လော့ထျန်းဟုန် ဖြစ်သည်။ ထိုလူရိပ်နှစ်ခုသည် တစ္ဆေစစ်သည်များကို ဝါးမြိုလိုက်ကြသဖြင့် သူတို့၏ ကိုယ်ထည်များမှာ ယခင်ကထက် ပိုမို ခိုင်မာလာသည်။ အစောပိုင်းက ဖြစ်ပွားခဲ့သော ဖရိုဖရဲ စွမ်းအင်များမှာ သူတို့နှစ်ဦး တိုက်ခိုက်နေခြင်းကြောင့် ဖြစ်သည်။
"ဂူတစ်ဂူထဲ ခြင်္သေ့ နှစ်ကောင် မအောင်းနိုင်ဘူးဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ မှော်လက်နက် တစ်ခုတည်းမှာ တစ္ဆေ နှစ်ကောင် အတူမနေနိုင်ဘူးလို့တော့ ငါ မထင်ထားခဲ့ဘူး"
လော့ချန် ရှောင်ဟွမ်းတောင်သို့ ပြန်ရောက်လာစဉ်က တွမ်ချန်ခွန်း၏ ဝိညာဉ်ကို ဝမ်ယွမ်၏ ကိုယ်ထဲမှ ထုတ်ယူခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုဝိညာဉ်ကို ဝိညာဉ်သန့်စင် အလံထဲတွင် ထည့်ထားခဲ့ပြီး အထူးတလည် ဂရုမစိုက်ဖြစ်ခဲ့ပေ။ လွန်ခဲ့သော နှစ်လအတွင်း ထိုသို့ ဖြစ်လာမည်ဟုလည်း သူ မမျှော်လင့်ထားခဲ့ပေ။ တစ္ဆေနှစ်ကောင်သည် ကြောက်မက်ဖွယ် တစ္ဆေစွမ်းအင်များကြားတွင် အပြင်းအထန် တိုက်ခိုက်နေကြသည်ကို ကြည့်ရင်း လော့ချန် သက်ပြင်းချလိုက်သည်။ ယခုအခါ အကြောင်းရင်းကို သူ နားလည်သွားခဲ့ပြီဖြစ်သည်။
"ဩော်.... ဒီ ဝိညာဉ်သန့်စင်အလံရဲ့ အဆင့်က နိမ့်လွန်းနေတာကိုး၊ အများဆုံးဆိုရင် ဒုတိယအဆင့် တစ္ဆေတစ်ကောင်ကိုပဲ လက်ခံနိုင်တာ၊ နှစ်ကောင် ရှိနေရင်တော့ သူတို့ အချင်းချင်း သတ်ကြမှာပဲ"
ဤသည်မှာ ဝိညာဉ်သန့်စင်အလံ၏ အားနည်းချက်ပင် ဖြစ်သည်။ မှော်လက်နက် အဆင့်အနေဖြင့် ၎င်းသည် လူသားဝိညာဉ် တစ်ရာနှင့် ဒုတိယအဆင့် တစ္ဆေတစ်ကောင်ကိုသာ လက်ခံနိုင်သည်။ မှော်ရတနာ အဆင့်သို့ ရောက်မှသာ ဝိညာဉ်ပေါင်း သောင်းနှင့်ချီ၊ သန်းနှင့်ချီ၍ သိုလှောင်နိုင်မည် ဖြစ်သည်။ ထိုမှော်ရတနာ အဆင့်တွင် ဒုတိယအဆင့် တစ္ဆေများသာမက၊ တတိယအဆင့် တစ္ဆေဘုရင်များကိုပင် တစ္ဆေငရဲဘုံတစ်ခုပမာ အမြောက်အမြား ထည့်ထားနိုင်သည်။
"ကောင်းပြီလေ.... မင်းတို့ အချင်းချင်း တိုက်ကြပေါ့၊ ဘယ်သူက ပိုသန်မာလဲဆိုတာ သိရရင်၊ ငါလည်း မင်းတို့ နှစ်ယောက်လုံးကို ထိန်းချုပ်ဖို့ အာရုံခွဲနေစရာ မလိုတော့ဘူး"
လော့ချန်၏ စောင့်ကြည့်မှုအောက်တွင် အလံအတွင်းမှ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ လော့ထျန်းဟုန်သည် သူ၏ စစ်တုရင် ဝိညာဥ်ချုပ် နယ်ရုပ်ကို ဆုံးရှုံးခဲ့ရသလို လော့ချန်၏ ပြင်းထန်သော ဒဏ်ရာပေးမှုကိုလည်း ခံခဲ့ရသဖြင့် သူ၏ စွမ်းအားမှာ အတော်ပင် ကျဆင်းနေခဲ့သည်။ သို့သော် သူသည် တစ္ဆေငရဲချောက်နက်ထဲတွင် နိုးထလာသူ ဖြစ်သဖြင့် ကြာရှည်စွာ တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။
တွမ်ချန်ခွန်း၏ ဝိညာဉ်မှာမူ အိုမင်းပြီး အားနည်းနေပြီ ဖြစ်သည်။ ဝမ်ယွမ်က သူ၏ စိတ်ဝိညာဥ်စွမ်းအင်များကို စုပ်ယူသွားပြီးနောက်တွင် သူသည် အာဃာတများ ပြည့်နှက်နေသော ကြွင်းကျန်ရစ်သည့် ဝိညာဉ်မျှသာ ဖြစ်တော့သည်။ သို့သော် ဝိညာဉ်အဆင့်တွင်ပင် သူ၏ တံဆိပ်ခတ်နှိပ်ခြင်း အတတ်များကို ဗီဇအရ အလိုအလျောက် အသုံးပြုနိုင်ဆဲ ဖြစ်သည်။
ထိုနှစ်ဦး တိုက်ခိုက်နေကြသည်မှာ အံ့သြစရာကောင်းလောက်အောင်ပင် အင်အားချင်း မျှနေသည်။ သို့သော် နောက်ဆုံးတွင်မူ အဆုံးသတ်တစ်ခု ရှိရမည်သာ။
လော့ထျန်းဟုန် အနိုင်ရသွားခဲ့ပြီ ဖြစ်သည်။
ဖြစ်သင့်သော ရလဒ်ပင်။ အကြောင်းမူ တွမ်ချန်ခွန်းမှာ မသေဆုံးမီကပင် သက်တမ်းကုန်ခါနီး ဖြစ်နေသဖြင့် သူ၏ ဝိညာဉ်မှာ အိုမင်းပျက်စီးနေပြီ ဖြစ်သည်။ ကျန်ရှိနေသည်မှာ တွမ်မျိုးနွယ်စုကို ဖျက်ဆီးခဲ့သူများအပေါ် အမုန်းတရားများဖြင့် ပြည့်နှက်နေသော ဝိညာဉ်အပိုင်းအစမျှသာဖြစ်သည်။ လော့ထျန်းဟုန်မှာမူ ကျင့်ကြံခြင်း လမ်းခရီး၏ အရှိန်အဟုန် အကောင်းဆုံး အချိန်တွင် သတ်ဖြတ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ ပြင်းထန်လှသော အစွဲ တစ်ခုကို ဆုပ်ကိုင်ထားသဖြင့် သူသည် တစ္ဆေငရဲအတွင်း၌ ပြန်လည် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
သူသည် အစွဲများဖြင့် ပြည့်နှက်နေသော ဝိညာဉ်ဆိုးတစ်ကောင် ဖြစ်သည်။ သာမန် ဝိညာဉ်များထက် ပို၍ ကြမ်းတမ်းခြင်း မရှိသော်လည်း သူ၏ ရှင်သန်လိုစိတ်မှာမူ သာမန် တစ္ဆေစစ်သူကြီးများထက် အဆပေါင်းများစွာ သာလွန်သည်။ ဤကဲ့သို့ ကြာရှည်စွာ တိုက်ခိုက်ရသော တိုက်ပွဲမျိုးတွင် တွမ်ချန်ခွန်း ရှုံးနိမ့်သွားခြင်းမှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စပင်။
အလံအတွင်းတွင် အောင်နိုင်သူ လော့ထျန်းဟုန်သည် ဗီဇစိတ်၏ တွန်းအားကြောင့် ရှုံးနိမ့်သွားသော ဝိညာဉ်ကို ငတ်မွတ်စွာဖြင့် ဝါးမြိုတော့သည်။ မကြာမီမှာပင် ထိုဝိညာဉ်တစ်ခုလုံး ဝါးမြိုခြင်း ခံလိုက်ရသည်။ သူ၏ ဖောက်ထွင်းမြင်နေရသော ကိုယ်ထည်မှာ ပိုမို ခိုင်မာလာသည်။ ယင်စွမ်းအင် များဖြင့် ဖွဲ့စည်းထားသော ဝိညာဉ်သံချပ်ကာတစ်ခုမှာ သူ၏ ကိုယ်ပေါ်တွင် တဖြည်းဖြည်း ပုံပေါ်လာသည်။
လော့ချန်၏ စိတ်ဝိညာဥ် အမိန့် တစ်ချက်ကြောင့် ထိုတစ္ဆေစစ်သူကြီးသည် တဲအိမ်အတွင်းတွင် ဘွားခနဲပေါ်လာသည်။ ၎င်းသည် မီးစမ်းရေတွင်းနှင့် ဝေးရာသို့ အလိုအလျောက် ရွှေ့သွားပြီး အေးစက်သော စမ်းရေတွင်းအနီးသို့ ကပ်သွားသည်။ လော့ချန်၏ ရှေ့တွင် ရပ်နေရင်း ၎င်းသည် ခပ်တိုးတိုး ဟိန်းဟောက်ကာ သူ့အနားသို့ ချဉ်းကပ်ရန် ကြိုးစားသည်။ သို့သော် ဗီဇအရ ကြောက်ရွံ့မှုကြောင့် တွန့်ဆုတ်နေပြန်သည်။ ထိုထူးဆန်းသော မြင်ကွင်းကြောင့် ထောင့်တွင် တုန်နေသော ပိုင်မေလင်းပင်လျှင် ခပ်တိုးတိုး ရယ်မောလိုက်မိသည်။
လော့ချန် ခေါင်းခါလိုက်ပြီး ချက်ချင်းပင် စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို အသုံးပြုလိုက်သည်။ ပြင်းထန်လှသော စိတ်ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်သန့်စင်အလံ၏ သခင်ဟူသော အဆင့်အတန်းကြောင့် ထိုတစ္ဆေသည် သူ၏ ဘေးတွင် ချက်ချင်းပင် ဒူးထောက်သွားရသည်။
"ခင်ဗျားကို လော့ထျန်းဟုန်လို့ ဆက်ခေါ်နေဖို့ မသင့်တော့ဘူး၊ အဲ့ဒါက ခင်ဗျားရဲ့ အတိတ်ကို စော်ကားသလို ဖြစ်နေလိမ့်မယ်၊ ပြီးတော့ နောင်မှာလည်း ပြဿနာ တက်နိုင်တယ်၊ ဒီနေ့ကစပြီး ခင်ဗျားကို.... အဲ အနက်ရောင်မိစ္ဆာ ဆိုတော့ ရှောင်ဟေးလို့ ခေါ်မယ်"
ရှောင်ဟေးသည် ခေတ္တမျှ ငြိမ်သွားပြီးနောက် ပို၍ ကျိုးနွံစွာ ဦးညွှတ်ပြလိုက်သည်။ ကိုယ်ထည်မရှိသော တစ္ဆေတစ်ကောင်အဖို့ စိတ်ဝိညာဉ်ခြောက်ခြားခြင်းဒဏ်ကို ခံနိုင်ရည်ရှိရန်မှာ မလွယ်ကူလှပေ။ နာမည်ပေးပြီးနောက် လော့ချန်သည် ရှောင်ဟေး၏ လက်ရှိ အခြေအနေကို စစ်ဆေးလိုက်သည်။ တစ္ဆေစစ်သည် ဒါဇင်ကျော်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသော တွမ်ချန်ခွန်း၏ ဝိညာဉ်ကို ဝါးမြိုပြီးနောက် ၎င်းသည် အကောင်းဆုံး အခြေအနေသို့ ပြန်ရောက်သွားခဲ့ကာ အသိဉာဏ် အနည်းငယ်ပင် တိုးလာပုံရသည်။ တိုက်ခိုက်ရေး စွမ်းရည်အရဆိုလျှင် ၎င်းသည် ဒုတိယအဆင့်ရှိသော တည်ရှိမှုတစ်ခု၏ စစ်မှန်သော အစွမ်းကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
“ရှောင်ဟုန် ထွက်ပြေးပြီး .... အခုတော့ ရှောင်ဟေး ရောက်လာပြန်ပြီဟေ့ ဟဲဟဲ....”
လော့ချန်က သဘောကျစွာ ရယ်မောလိုက်ပြီး ရှောင်ဟေးကို အလံထဲသို့ ပြန်လည် ပိတ်လှောင်လိုက်သည်။ ထို့နောက် သူ တည်ကြည်သော မျက်နှာထားဖြင့် ပိုင်မေလင်းဘက်သို့ လှည့်လိုက်သည်။
"အေး…. မိန်းကလေး ရှောင်လင်း ခင်ဗျားရော ဝိညာဉ်သန့်စင်အတတ်က ဘယ်လိုရှိလဲ"
"အာ.... ယား.... ယား"
"ဟမ်.... အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပြီလား"
လော့ချန်၏ မျက်လုံးများ တောက်ပသွားသည်။
"ဒါ သတင်းကောင်းပဲ၊ ကျွန်တော်နဲ့အတူ အပြင်ကို ခဏ လိုက်ခဲ့ဦး"
ပိုင်မေလင်းသည် ကြောင်တောင်တောင်ဖြင့် တစ္ဆေကြိတ်ဆုံထဲသို့ ဝင်လိုက်သည်။ ညအမှောင်ကို အကာအကွယ်ယူ၍ လော့ချန်သည် သူမကို ခေါ်ကာ ရှောင်ဟွမ်းတောင်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
လမင်းကြီး ကောင်းကင်အလယ်သို့ ရောက်ရှိချိန်တွင် လော့ချန်သည် မြို့တွင်းတံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ဖီးနစ်ကျတောင်ဘက်သို့ သတိထားကာ တစ်ချက် ကြည့်လိုက်ပြီးနောက် မြို့ထဲသို့ လှမ်းဝင်လိုက်သည်။
သူ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အနီးအနားတွင် လွင့်မျောနေသော ဝိညာဉ် သုံးကောင်ကို အာရုံခံမိသည်။ လော့ချန်သည် စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို အသုံးပြုကာ ထိုဝိညာဉ်များကို ချက်ချင်းပင် ဆွဲခေါ်လိုက်သည်။ ထိုတစ္ဆေ သုံးကောင်မှာ မမြင်ရသော လက်တစ်ဖက်ဖြင့် ဆွဲငင်ခြင်း ခံလိုက်ရသကဲ့သို့ သူ့ထံသို့ ရောက်လာကြသည်။
ဝုန်း….
တစ္ဆေကြိတ်ဆုံကြီး ကျဆင်းလာသည်။ လွင့်မျောနေသော ဝိညာဉ်သုံးကောင်မှာ ကြိတ်ဆုံကျောက်တုံးပေါ်သို့ ပစ်တင်ခြင်း ခံလိုက်ရသည်။ ကြောင်နေသော ပိုင်မေလင်းကို ကြည့်ရင်း လော့ချန် မေးစေ့ဖြင့် အချက်ပြလိုက်သည်။
"ကြိတ်လိုက်တော့"
ပိုင်မေလင်းက မျက်တောင်ခတ်လိုက်ပြီးနောက် ဗီဇအရ တစ္ဆေကြိတ်ဆုံကို စတင် လှည့်တော့သည်။ သူမ၏ ကြိုးစားမှုအောက်တွင် အားနည်းလှသော ဝိညာဉ်သုံးကောင်မှာ စူးစူးဝါးဝါး အော်ဟစ်သံများနှင့်အတူ ကြိတ်ခြေခြင်း ခံလိုက်ရပြီး သန့်စင်လှသော ချီစွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။ အလွန်အမင်း သန့်စင်သွားသော ထိုချီစွမ်းအင်များကို ကြည့်ရင်း လော့ချန်၏ ကိုယ်ပိုင် ဝိညာဉ်မှာလည်း ငတ်မွတ်မှု လှိုင်းလုံးများ ထကြွလာပြီး ၎င်းတို့ကို ဝါးမြိုလိုစိတ်များ ပေါ်လာသည်။ သူသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ထိုစိတ်ကို အတင်းအကျပ် ဖိနှိပ်လိုက်ရသည်။
တစ္ဆေကြိတ်ဆုံဖြင့် ကြိတ်ခြေပြီးနောက် ထိုချီစွမ်းအင်များတွင် ပိုင်မေလင်း၏ စိတ်ဆန္ဒများ ကိန်းအောင်းသွားပြီ ဖြစ်သည်။ အမှန်စင်စစ် ဤသည်မှာ ပိုင်မေလင်း၏ အဖော်မွန် မှော်လက်နက် မဟုတ်ပါလော။
"ဝိညာဉ်သန့်စင်အတတ်ကို သုံးပြီး ဒါတွေအားလုံးကို စုပ်ယူလိုက်"
"အင်း....”
ပိုင်မေလင်းက ပါးစပ်လေးကို ဟလိုက်ပြီး သန့်စင်လှသော ချီစွမ်းအင် အားလုံးကို သူမ၏ ခန္ဓာကိုယ်ထဲသို့ ရှူသွင်းလိုက်သည်။ ဝိညာဉ်သန့်စင်အတတ်၏ အကူအညီဖြင့် ထိုစွမ်းအင်များမှာ သူမ၏ ဖြစ်တည်မှုအတွင်းသို့ အလုံးစုံ ပေါင်းစည်းသွားတော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း လော့ချန်သည် သူ၏ ဝိညာဉ်အတွင်းမှ ငတ်မွတ်မှုများ လုံးဝ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
"ဒီလို စုပ်ယူတဲ့နည်းက ရှောင်ဟေးရဲ့ အကြမ်းပတမ်း ဝါးမြိုတဲ့ နည်းထက် အများကြီး ပိုကောင်းတာပဲ.... အနည်းဆုံးတော့ အသိဉာဏ်ကို ထိန်းသိမ်းထားနိုင်တယ်"
ရှောင်ဟေး မှာမူ ဝိညာဉ်များကို ဝါးမြိုပြီးနောက် ပို၍ ကြမ်းတမ်းလာသည်ကို လော့ချန် သတိပြုမိသည်။ သို့သော် ပိုင်မေလင်းမှာမူ ထိုသို့ မဟုတ်ပေ။ သူမ၏ အမူအရာမှာ ပိုမို တက်ကြွ လန်းဆန်းလာသည်။ အကယ်၍ သူမသည် ဤလုပ်ငန်းစဉ်ကို နောက်ထပ် အကြိမ်အနည်းငယ် ထပ်လုပ်မည်ဆိုပါက သူမ သက်ရှိထင်ရှား ရှိစဉ်က အမှတ်ရစရာများကို ပြန်လည် ရရှိပေလိမ့်မည်။ ထိုအချိန်ကျမှသာ လော့ချန်သည် သူမအား ဖုန်းရှတို့နှင့် ပေးတွေ့မည် ဖြစ်သည်။ ယခုအချိန်ပေးတွေ့ပါက အားလုံးမျက်ရည်စက်လက်ဖြစ်ကာ နေကြပေလိမ့်မည်။
"ဒီနေ့အတွက်တော့ ဒီလောက်ပဲဟေ့.... ပြန်မယ်"
ပိုင်မေလင်း၏ ဗိုက်လေးကို ပွတ်ရင်း ဗိုက်ဝသွားသော အမူအရာလေးကို ကြည့်ကာ လော့ချန် ရယ်မောလျက် ခေါင်းခါလိုက်သည်။
….
တစ္ဆေမြို့ပျက်ကြီးမှ ထွက်လာပြီးနောက် လော့ချန်သည် လူသူကင်းမဲ့နေသော မြို့ပြင်လမ်းမများထက်တွင် လမ်းလျှောက်လာခဲ့သည်။ လော့ချန်သည် သူ၏ ဝိညာဉ်အခြေခံကို မည်သို့ ပိုမို ခိုင်မာအောင် လုပ်ရမည်ကို စတင် စဉ်းစားနေမိသည်။ လက်ရှိ အခြေအနေအရ သူသည် ချီလမ်းကြောင်းဆေးလုံးများကို ထပ်မံ သောက်သုံးရန် မဝံ့ရဲတော့ပေ။ ပထမအဆင့် ဆေးလုံးများက သူ့အတွက် အကျိုးမရှိတော့၍ မဟုတ်ပေ။ သူ ကြောက်နေခြင်း ဖြစ်သည်။ သူ အခြေခံတည်ဆောက်ခြင်းအဆင့် တက်လှမ်းစဉ်က ပေါ်ပေါက်ခဲ့သော ဆေးအဆိပ် အတားအဆီးမှာ ယခုအခါ သူ၏ ဝိညာဉ်ကို ထိခိုက်လာမည်ကို သူ စိုးရိမ်နေမိသည်။
"ရွှေအမြုတေ အဆင့်ကို ရောက်တဲ့အခါ စိတ်ဝိညာဥ်ဟာ နတ်ဘုရားအာရုံ အဖြစ် ပြောင်းလဲသွားတယ်၊ အဲ့ဒီအချိန်ကျမှ ကျင့်ကြံသူတွေဟာ ဝိညာဉ်နဲ့ စွမ်းအင် နှစ်ခုလုံးကို တပြိုင်တည်း သန့်စင်နိုင်ကြတာ၊ ဝိညာဉ်သန္ဓေတည်အဆင့်မှာဆိုရင် ဝိညာဉ်ဟာ ကလေးငယ်တစ်ဦးအဖြစ် ပုံပေါ်လာပြီး ဒုတိယအသက်ကို ပေးစွမ်းနိုင်တယ်လို့ ကြားဖူးတယ်၊ ဝိညာဉ်လိုမျိုး အရေးကြီးတဲ့ အရာနဲ့ ပတ်သက်ရင်တော့ ငါ ဘယ်လို အမှားမျိုးမှ အဖြစ်မခံနိုင်ဘူး"
ဆေးအဆိပ်များကို အလုံးစုံ မရှင်းလင်းနိုင်မချင်း ချီလမ်းကြောင်း ဆေးလုံးများကို သူ သောက်သုံးမည် မဟုတ်ပေ။ ဆိုလိုသည်မှာ သူ၏ ဝိညာဉ်ကို မြှင့်တင်ရန် အခြားနည်းလမ်းများကို ရှာဖွေရမည် ဖြစ်သည်။ သန်မာသော ဝိညာဉ်၏ အကျိုးကျေးဇူးများကို လော့ချန် ကောင်းစွာ သိသည်။ သူသည် အခြေခံ တက်လှမ်းရန် ငါးကြိမ်တိုင်တိုင် ကြိုးစားနိုင်ခဲ့ခြင်းမှာ သူ၏ သန်မာသော ခန္ဓာကိုယ်ကြောင့်သာမက သူ၏ ဝိညာဉ်မှ အတွင်းပိုင်း စိတ်ချီစွမ်းအားများကို တိကျစွာ ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့်လည်း ပါဝင်သည်။ အခြားသူသာဆိုလျှင် စိတ်ချီစွမ်းအားများ ဖရိုဖရဲ ဖြစ်သွားသည့် ပထမဆုံးအကြိမ်မှာပင် သွေးအိုင်ထဲ လဲသွားလောက်ပြီ ဖြစ်သည်။ ရွှေအမြုတေအဆင့်သို့ တက်လှမ်းမည့် အချိန်တွင် ဝိညာဉ်၏ အစွမ်းမှာ ပို၍ပင် အရေးကြီးလာပေလိမ့်မည်။
"နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းက အခုထိ ပြီးပြည့်စုံအဆင့်မှာပဲ ရှိသေးတယ်၊ ငါ နတ်ဆိုးမိစ္ဆာချီတွေနဲ့ လေ့ကျင့်ဖို့ စဉ်းစားသင့်ပြီလား.... အင်း နတ်ဆိုးမိစ္ဆာချီ....”
ရှောင်ဟွမ်းတောင်၏ လူရိပ်ကို မျက်လုံးမှေးကာ လှမ်းကြည့်ရင်း လော့ချန် အကြံရသွားဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၀၀) - ခန္ဓာကိုယ်အတွင်းသို့ မိစ္ဆာချီသွင်းယူခြင်းနှင့် ဝမ်ယွမ်၏ ဆဲဆိုကြိမ်းမောင်းသံများ
ရေကန်အောက်ရှိ ဂူဗိမာန်အတွင်းတွင် လှုပ်ခတ်နေသော မှိန်တိန်တိန် ဆီမီးရောင်ကြောင့် ကျောက်နံရံများထက်၌ အရိပ်ရှည်ကြီးများ ထင်ဟပ်နေသည်။ လော့ချန်သည် ထုံးစံအတိုင်း တည်ငြိမ်စွာဖြင့် တင်ပျဉ်ခွေ ထိုင်နေသည်။ သူ၏ ရှေ့တည့်တည့်တွင်မူ ဝမ်ယွမ်က မယုံကြည်နိုင်ဟန်ဖြင့် မျက်တောင်ခတ်လျက် ကြည့်နေလေသည်။
"မင်းက.... မိစ္ဆာချီတွေကို ကိုယ်ထဲ သွင်းချင်တယ် ဟုတ်လား"
သူ စိုးရိမ်စိတ်နှင့် ဇဝေဇဝါဖြစ်မှုတို့ ရောယှက်နေသော လေသံဖြင့် မေးလိုက်သည်။
လော့ချန် တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်ဗျာ၊ အစ်ကိုဝမ်ကြားတဲ့အတိုင်းပါပဲ....”
"ဟ.... နေစမ်းပါဦး.... မင်းက ချီကျင့်ကြံခြင်း လမ်းစဉ်ကိုပဲ အာရုံစိုက်မယ်လို့ ဆုံးဖြတ်ထားတာ မဟုတ်ဘူးလား"
"ဟားဟား.... နားလည်မှုလွဲနေပြီ အစ်ကိုဝမ်ရဲ့.... အစ်ကိုကြီးရဲ့ အမြင်မှာတော့ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း အတတ်ဆိုတာ ခန္ဓာကိုယ် ကျင့်စဉ် နဲ့ စိတ်ဆန္ဒ ကျင့်စဉ်လို့ ထင်ရပေမဲ့ ကျွန်တော့်အတွက်တော့ ဒါဟာ ကျင့်ကြံခြင်း ပညာရပ်သာမက ဝိညာဉ် ကျင့်စဉ် တစ်ခုလည်း ဖြစ်နေလို့ပါ"
"နားလည်ပြီ"
ဝမ်ယွမ်က သဘောပေါက်သွားသော လေသံဖြင့် ပြောလိုက်သည်။ သူတို့နှစ်ဦးမှာ နှစ်ပေါင်းများစွာ ခင်မင်လာခဲ့ကြသူများ ဖြစ်လေရာ စကားအများကြီး ပြောနေရန် မလိုပေ။ လော့ချန် ပြောလိုက်သည်နှင့် ဝမ်ယွမ် သူ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် သိမြင်သွားတော့သည်။
နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း အတတ်သည် မူလက အနှစ်သာရကို ချီစွမ်းအင်အဖြစ် ပြောင်းလဲရန်နှင့် မသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းရန် ဖန်တီးထားခြင်း ဖြစ်သည်။ သို့သော် ၎င်းကို ဖန်တီးသူမှာ သိုင်းဆရာကြီးတစ်ဦး ဖြစ်နေသဖြင့် ထိုနည်းစနစ်တွင် ဝိညာဉ်၊ စိတ်ဆန္ဒနှင့် ခန္ဓာကိုယ်ကိုပါ မြှင့်တင်ပေးနိုင်သည့် ထူးခြားသော ဂုဏ်သတ္တိများ ပါဝင်နေခြင်း ဖြစ်သည်။
အနှစ်ချုပ်ဆိုရလျှင် ဤကျင့်စဉ်သည် အလွန်ပင် ပြောင်းလွယ်ပြင်လွယ်ရှိသော အခြေခံ ကျင့်စဉ်တစ်ခု ဖြစ်သည်။ ဝမ်ယွမ်သည် ခန္ဓာကိုယ် ကျင့်စဉ်ဘက်သို့ ဦးတည်သွားသော်လည်း လော့ချန်ကမူ အစပိုင်းတွင် စိတ်ဆန္ဒအတွက် အသုံးပြုခဲ့ပြီး ယခုအခါတွင် ဝိညာဉ် ကျင့်စဉ်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ဝမ်ယွမ်သည် လော့ချန်၏ အစီအစဉ်ကို နားလည်သွားသော်လည်း ဘေးကင်းစေရန်အတွက် လော့ချန်၏ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း အတတ် ကျွမ်းကျင်မှု အဆင့်ကို မေးမြန်းလိုက်သည်။ အမှန်စင်စစ် မိစ္ဆာချီကို ခန္ဓာကိုယ်အတွင်း သွင်းယူခြင်းမှာ ကလေးကစားစရာ မဟုတ်ပေ။
သို့ရာတွင် လော့ချန်ကမူ ယုံကြည်မှု အပြည့်ပင်ဖြစ်သည်။ သူ၏ ကျွမ်းကျင်မှုမှာ လွန်ခဲ့သော အချိန်ကပင် ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပါရမီရှင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သဖြင့် သူ၏ စိတ်ဓာတ်မှာလည်း မည်သူကမျှ ဖျက်ဆီး၍ မရနိုင်လောက်အောင် ခိုင်မာနေပြီ ဖြစ်သည်။ ယခုအခါ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့လည်း ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ စိတ်ဝိညာဥ်မှာ လွယ်ကူချောမွေ့စွာ စီးဆင်းနေသည်။ မိစ္ဆာချီအနည်းငယ်ကို ထိန်းချုပ်ကာ ခန္ဓာကိုယ်အတွင်း သွင်းယူရန်မှာ သူ့အတွက် ခဲယဉ်းလှသော ကိစ္စ မဟုတ်ပေ။
လော့ချန်၏ ယုံကြည်မှုကို မြင်သောအခါ ဝမ်ယွမ်က သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်တုံးတစ်တုံးကို ထုတ်လိုက်သည်။
"အေး.... ဒီနှစ်တွေမှာ ငါက ကျင့်ကြံခြင်းအဆင့်ကိုပဲ အာရုံစိုက်နေခဲ့တာဆိုတော့ ငါ စုဆောင်းထားတဲ့ မိစ္ဆာချီက သိပ်မများဘူး၊ ဒါပေမဲ့ ဒီကျောက်တုံးကို အရင်ယူထားလိုက်ဦး"
သို့သော် သူ ကမ်းပေးသည်ကို လော့ချန် လက်မခံဘဲ ပြန်တွန်းလိုက်သည်။ ဝမ်ယွမ် ဇဝေဇဝါ ဖြစ်နေစဉ် လော့ချန်က အောက်ဘက်သို့ ညွှန်ပြကာ ဆိုသည်။
"ဒီလောက်ကြီးလဲ မလောပါနဲ့ဦးလေ.... ကျွန်တော်တို့ရဲ့ မြေအောက်တည့်တည့်မှာ မြေအောက်မီး မိစ္ဆာချီစွမ်းအင်တွေ အများကြီး ရှိနေမှာပဲ မဟုတ်လား"
ဝမ်ယွမ် ခေတ္တမျှ ကြောင်သွားပြီးမှ သတိလက်လွတ်ပြောလိုက်သည်။
"ရှောင်ဟွမ်းတောင်ရဲ့ ဝိညာဉ်ကြောက မြေအောက်မီးကို မှီခိုနေတာဆိုတော့၊ အဲဒီမှာ သေချာပေါက် မြေအောက်မီးရဲ့ မိစ္ဆာချီတွေ ရှိမှာပဲ…. ဒါပေမဲ့"
"အဲဒီဟာတွေကို ထုတ်ယူလိုက်ရင် ဒီဝိညာဉ်ကြောက ပျက်စီးသွားမှာပေါ့"
ရုတ်တရက် လော့ချန် ဘာတွေးနေသည်ကို သူ သိသွားကာ ဒီကောင်တော့မလွယ်ကြောပဲ ဟူသော အကြည့်ဖြင့်ကြည့်ကာ ရီလိုက်သည်။
"ဟားဟား.... မင်းကတော့ကွာ.... တာဟဲက မထွက်သွားခင် ဒီနေရာတစ်ခုလုံးကို အပြောင်ရှင်းသွားဖို့ ကြံနေတာကိုး"
"ဟဲဟဲ.... ဒါကတော့ ရသလောက် အကုန်ယူထားရမှာပဲဗျ.... အစ်ကိုဝမ်.... ပွင့်ပွင့်လင်းလင်းပဲပြောဗျာ.... အစ်ကို့မှာ မြေအောက်မီး မိစ္ဆာချီတွေကို စုဆောင်းနိုင်တဲ့ နည်းလမ်း ရှိတယ် မဟုတ်လား"
"ဟူး.... ငါက နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း အတတ်ကို သုံးပြီး ကျင့်ကြံရေး လမ်းစရှာခဲ့တာလေ၊ ပြီးတော့ ခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့ ဒုတိယအဆင့်ကိုတောင် ရောက်နေပြီ.... ကိုင်း မင်းစဥ်းစားကြည့် ဒီအဆင့်ထိရောက်နေမှတော့ ငါ့မှာ အဲ့ဒီနည်းလမ်း ရှိမရှိ....”
"ကိုင်း အစ်ကိုဝမ်.... ပြောနေကြာတယ်ဗျာ.... ခုပဲ စကြတာပေါ့"
....
ဆေးဖော်ခန်းမဆောင်အတွင်း၌ တိတ်ဆိတ်မှုက စိုးမိုးနေသည်။ လော့ချန်သည် မဆိုင်သူ အားလုံးကို ထွက်သွားခိုင်းလိုက်ပြီး သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
သူသည် မြေအောက်မီးများ တိုးထွက်လာမည့် အပေါက်ဝကို သတိကြီးစွာဖြင့် စိုက်ကြည့်နေမိသည်။ သူ၏ ဦးရေပြားထဲတွင် တစ်စုံတစ်ရာ စူးရှသကဲ့သို့ ခံစားလိုက်ရသည်။ ထိုမသေချာသော ခံစားချက်မှာ မီးတောက်များကြောင့် မဟုတ်ဘဲ ပိုမိုနက်ရှိုင်းသော နေရာတွင် ရှိနေသည့် အရာကြောင့် ဖြစ်သည်။
ဝမ်ယွမ်၏ မြေအောက်မီး မိစ္ဆာချီ စုဆောင်းနည်းမှာ ဤမျှအထိ အကြမ်းပတမ်းနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ပူပြင်းလှသော ချော်ရည်နက်များအတွင်းသို့ ကိုယ်တိုင် ဆင်းသက်ကာ မြေအောက်မီး မိစ္ဆာချီ ခြေရာများကို ရှာဖွေရခြင်း ဖြစ်သည်။ ထိုချော်ရည်ဂူများအတွင်း ကူးခတ်နေမည့် အတွေးကပင် လော့ချန် တစ်ကိုယ်လုံး တုန်တက်သွားစေသည်။
"တော်သေးတာပေါ့.... ရှောင်ဟွမ်းတောင်က မီးငြိမ်းတောင်ဖြစ်နေလို့၊ မဟုတ်လို့ကတော့ အရင်တုန်းက ငါ သုံးခဲ့တဲ့ နေမီးလျှံ အတတ်က ရေကန်သေးသေးလေးတစ်ခုပဲ ဖြစ်လာမှာ မဟုတ်ဘူး၊ ဒီတောင်ကြီးတစ်ခုလုံး ပေါက်ကွဲထွက်သွားလောက်တယ်"
သူသည် ချော်ရည်ပူများကို အတန်ကြာအောင် စိုက်ကြည့်နေမိသည်။ သူ ခဏမလှုပ်ရှားပဲ အကဲခတ်နေသည်။ ထို့နောက် အခန်းအတွင်း ဖြည်းညင်းစွာ လမ်းလျှောက်နေပြီး လက်တစ်ဖက်ကို နောက်ပစ်ထားသည်။ ခြေလှမ်းတိုင်းတွင် သူ၏ အတွေးများမှာ ဤလုပ်ဆောင်ချက်ကြောင့် သူ မည်မျှ ပေးဆပ်ရမည်နည်းဟူသော ကိစ္စထံသို့ ရောက်ရှိနေသည်။
မြေအောက်မီးအတွင်းမှ မိစ္ဆာချီအမြောက်အမြားကို ထုတ်ယူပြီးနောက်တွင် ဤနေရာသည် သုံးစားမရအောင် ပျက်စီးသွားပေလိမ့်မည်။ တောင်ကြီး ပြိုကျသွားမည်ဟု မဆိုလိုသော်လည်း မိစ္ဆာချီ၏ အနှစ်သာရ မရှိတော့ပါက ဤနေရာရှိ မြေအောက်မီးမှာ အသုံးပြု၍ ရနိုင်သော အဆင့်တွင် ရှိတော့မည် မဟုတ်ပေ။ တောင်ထိပ်ရှိ ရေနှင့် မီး ဒွန်တွဲတည်ရှိနေသော ဝိညာဉ်စမ်းရေတွင်းပင်လျှင် ယင် နှင့် ယန် မမျှတမှုကြောင့် ပျက်စီးသွားဖွယ် ရှိသည်။
လော့ချန်၏ ရင်ထဲတွင် နှမြောတသစိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။ အမှန်စင်စစ် ဆေးဖော်စပ်သူ တစ်ဦးအဖို့ မြေအောက်မီးမှာ အကောင်းဆုံး အရာတစ်ခု ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံသူများသည် အရည်ပျော်နေသော ချီစွမ်းအင်များမှတစ်ဆင့် အဆင့်မြင့်ဆုံး မီးတောက်ကို ဆင့်ခေါ်နိုင်ကြသည်။ ၎င်းမှာ သာမန် မီးလုံးအတတ်ထက် အဆပေါင်းများစွာ သာလွန်သည်။
သို့သော် ထို အဆင့်မြင့်ဆုံး မီးတောက်ကို အလွန်အမင်း လိုအပ်မှသာ အသုံးပြုလေ့ ရှိကြသည်။ ဝိညာဉ်အရည် ကုန်ဆုံးမှုမှာ အလွန်ပင် များပြားလှသောကြောင့် ဖြစ်သည်။ ပုံမှန်အားဖြင့် ၎င်းကို မှော်ရတနာများ သွန်းလုပ်ရာတွင် သို့မဟုတ် အရေးပေါ် အခြေအနေများတွင်သာ အသုံးပြုကြသည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူများအတွက် မှော်ရတနာများမှာ အခြေခံလက်နက် ဖြစ်နေရသည့်အကြောင်းမှာ ထိုရွှေအမြုတေအဆင့်ရောက်ပါက အဆင့်မြင့်ဆုံး မီးတောက်ကို လွတ်လပ်စွာ အသုံးပြုပြီး သူတို့၏ ရတနာများကို သန့်စင်ကာ ပေါင်းစည်းနိုင်သောကြောင့် ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများအဖို့မူ မှော်ရတနာ တစ်ခုကို ရရှိလျှင်ပင် ၎င်းကို ထိရောက်စွာ အသုံးပြုနိုင်ရန် နှစ်ပေါင်းများစွာ အချိန်ယူကာ သန့်စင်ကြရသည်။
မီရှုဟွာသည် အစွမ်းထက်သော မှော်ရတနာ သုံးခုကို ပိုင်ဆိုင်ထားပုံရသော်လည်း သူ၏ နောက်ဆုံး တိုက်စစ်တွင် အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးကိုပင် မသတ်နိုင်ခဲ့ပေ။ ထို့ကြောင့် ထိုရတနာများမှာ အရေအတွက်ထက် မိမိနှင့် မည်မျှ လိုက်ဖက်မှုရှိသလဲဟူသော အချက်ကသာ ပို၍ အရေးကြီးကြောင်း ထင်ရှားလှသည်။
စဉ်းစားကြည့်လျှင် ကျောက်စိမ်းအိုးဓားဂိုဏ်းသည် တိုက်ခိုက်ရေးစွမ်းအားဖြင့် အဘယ်ကြောင့် လွှမ်းမိုးထားနိုင်သနည်းဆိုသည်မှာ ရှင်းလင်းသွားသည်။ ဂိုဏ်းထဲမှ တပည့်တစ်ဦး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဂိုဏ်းမှ သူတို့အား ဓားအမြုတေတစ်ခု ထုတ်ပေးလေ့ရှိသည်။ ထိုဓားအမြုတေမှာ မှော်ရတနာ သန္ဓေတည်ရာပင် ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သည့် အချိန်မှစ၍ ကျင့်ကြံသူသည် ၎င်းကို နေ့ညမပြတ် သန့်စင်ကြရသည်။ ထူးကဲစစ်မှန်သော မှော်ရတနာစစ်စစ် တစ်ခုအဖြစ် ပြောင်းလဲသွားသည့် အခါတွင်မူ အဆင့်နိမ့် ဖြစ်နေလျှင်ပင် သာမန် အဆင့်နိမ့် မှော်ရတနာများထက် အဆပေါင်းများစွာ သာလွန်သောအစွမ်းကို ပိုင်ဆိုင်သွားပေလိမ့်မည်။
"လက်နက်သွန်းလုပ်ခြင်း လမ်းစဉ်ဟာ ဆေးဖော်စပ်ခြင်း လမ်းစဉ်ထက် ဘာမှ မနိမ့်ကျပါဘူး.... စသွန်းလုပ်တာကနေ သေချာ သန့်စင်တဲ့အဆင့်.... အဲ့ကမှ တကယ် စသုံးလို့ရတဲ့အထိ အဆင့်တိုင်းက ပညာသားပါတာပဲ.... ဒါပေမဲ့ နှမြောစရာကောင်းတာက.... ဒီ မြေအောက်မီးသာ မရှိတော့ရင် ငါဆေးဖော်နှုန်းက ပြန်ကျသွားဦးမှာပဲ၊ ထိုက်ရှန်းနယ်မြေမှာများ မြေအောက်မီးရှိနိုင်မလား....”
သူ၏ အတွေးများမှာ ထုံးစံအတိုင်း အဆုံးအစမရှိပေ။ ဤသို့နှင့် အချိန်များမှာ တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။ ရုတ်တရက် မြေအောက်မီးများ ကြားထဲမှ အခိုးအငွေ့များ ထွက်ပေါ်လာပြီး လူရိပ်တစ်ခု ဝုန်းခနဲ ပေါ်လာသည်။
"ပြီးပြီဟေ့.... ”
မီးဒဏ်ခံ မှော်ဝတ်ရုံကို ဝတ်ဆင်ထားသော ဝမ်ယွမ်က လော့ချန်ထံသို့ လွင့်မျောနေသော ကျောက်တုံး ဆယ်တုံးကို ပစ်ပေးလိုက်သည်။
"အမလေး.... ဒီလောက်တောင် များတာလား အစ်ကိုကြီးရ"
ဝမ်ယွမ်က သူ၏ သိုလှောင်အိတ်ကို ပုတ်ပြရင်း ဆိုသည်။
"ဟ.... ငါ့မှာ ချန်ထားတာ ကျန်သေးတယ်.... ငါက ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့် ရောက်နေပြီဆိုတော့ ပထမအဆင့် မြေအောက်မီး မိစ္ဆာချီက သိပ်မထူးတော့ပါဘူး.... ဒါပေမဲ့ လုံးဝ မရှိတာထက်စာရင်တော့ ပိုကောင်းတာပေါ့"
လော့ချန်သည် ကျောက်တုံး ကိုးတုံးကို ပျော်ရွှင်စွာ သိမ်းဆည်းလိုက်သည်။ ထို့နောက် အစီအရင်ကို အသက်သွင်းလိုက်ရာ မြေအောက်မီး အနည်းငယ် ထွက်ပေါ်လာသည်။ မီးအရှိန်မှာ ယခင်ကထက် သုံးပုံတစ်ပုံခန့်သာ ရှိတော့သည်။
"ဟူး.... ဒီ ဝိညာဉ်ကြောလေး ပျက်စီးသွားတာ နှမြောစရာပဲဗျာ"
"လခွမ်း.... မင်း ဆုံးဖြတ်ချက်ကို ခုမှနောင်တရနေတာလား ဟမ်"
"နောင်တရစရာ မရှိပါဘူးဗျာ"
လော့ချန်က ပုခုံးတွန့်ပြရင်း ဆိုသည်။
"ကျွန်တော်က ဘယ်လိုပဲဖြစ်ဖြစ် ထွက်သွားမှာပဲလေ၊ လက်ဗလာနဲ့တော့ မသွားနိုင်ဘူး၊ တစ်ခုခု ယူသွားရမယ်ဆိုရင်တော့ ကျွန်တော်နဲ့ တစ်ပါတည်း ထည့်သွားနိုင်တဲ့ အရာမျိုး ဖြစ်တာက ပိုကောင်းပါတယ်"
ထိုအခါ ဝမ်ယွမ်၏ မျက်နှာထား တည်သွားကာ အလေးအနက်စဥ်းစားနေဟန်ဖြင့် ပြောလိုက်သည်။
"မိစ္ဆာချီကို ခန္ဓာကိုယ်ထဲ သွင်းယူတာဟာ စသွင်းတဲ့ ပထမဆုံးအခေါက်က အန္တရာယ်အရှိဆုံး အချိန်ပဲကွ.... ဒီမှာပဲ လုပ်လိုက်ပါ၊ ငါ မင်းအတွက် စောင့်ကြည့်ပေးမယ်"
"ကောင်းပြီဗျာ"
လော့ချန် ဟန်ဆောင်မနေတော့ပေ။ သူ ချန်ထားခဲ့သော နောက်ဆုံး ကျောက်တုံးမှာ ဤအချိန်အတွက်ပင် ဖြစ်သည်။
ဝမ်ယွမ်၏ ရှေ့တွင် လော့ချန်သည် လက်ကို မြှောက်ကာ ကျောက်တုံးကို လေထဲသို့ ပစ်တင်လိုက်သည်။ ၎င်းသည် လေထဲတွင် ငြိမ်သက်စွာ လွင့်မျောနေသည်။ လော့ချန်၏ လက်ချောင်းထိပ်မှ ချီစွမ်းအင် ကြိုးမျှင်လေးတစ်ခု ထွက်ပေါ်လာပြီး ကျောက်တုံးပေါ်ရှိ ပျားအုံသဏ္ဌာန် အပေါက်ငယ်လေးတစ်ခုထဲသို့ တိုးဝင်သွားသည်။
မိစ္ဆာချီ ထိန်းချုပ်ခြင်း....။
ယခင် နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်ကြံစဉ်ကကဲ့သို့ အကြမ်းပတမ်း နည်းလမ်းများ မဟုတ်တော့ပေ။ လော့ချန်၏ လက်ရှိ မိစ္ဆာချီ ထိန်းချုပ်မှုမှာ ပိုမို တိုးတက်လာခဲ့လေပြီ။ ၎င်းသည် ယခင်က အိုက်လောင်တောင်မှ ကျင့်ကြံသူ ပေးအပ်ခဲ့သော ပညာရပ်ကိုပါ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မိစ္ဆာချီကို ထိန်းချုပ်ရန်သာမက ကိုယ်ထဲသို့ သွင်းယူရာတွင်လည်း ပိုမို လွယ်ကူစေသည်။
လော့ချန်၏ တိကျသော ထိန်းချုပ်မှုအောက်တွင် မကြာမီမှာပင် ကျောက်တုံးအတွင်းမှ မှိန်ပျပျ အနီရောင် မီးခိုးတန်းလေးတစ်ခု ထွက်ပေါ်လာပြီး သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်အတွင်းသို့ ဖြည်းညင်းစွာ နစ်ဝင်သွားတော့သည်။
ရုတ်တရက် ပြင်းထန်လှသော နာကျင်မှုတစ်ခု လော့ချန်၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ လော့ချန်သည် မေးကြောများကို တင်းနေအောင် သတ်ထားပြီး ခိုင်မာလှသော စိတ်ဓာတ်ဖြင့် ထိုဝေဒနာကို အောင့်အည်း သည်းခံနေသည်။ သူသည် ထိုနာကျင်မှုကိုပင် သေချာစွာ ဆန်းစစ်နေမိသည်။ ၎င်းမှာ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်ကြံစဉ်ကထက် ပိုဆိုးသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းစဉ်က ခံစားခဲ့ရသော လျှာရင်းအထိ နာကျင်မှုနှင့် ယှဉ်လျှင်မူ ဘာမှ မဟုတ်သေးပေ။
သူ၏ နားထဲတွင် ဝမ်ယွမ်၏ စိတ်ပူနေသော သတိပေးသံကို ကြားလိုက်ရသည်။
"စိတ်ကိုငြိမ်ငြိမ်ထား.... နှလုံးသားကို မြင်အောင်ကြည့်၊ စိတ်နဲ့ ဆန္ဒကို တစ်သားတည်းဖြစ်အောင်လုပ်၊ မိစ္ဆာချီကို သွင်းယူ၊ ဖျက်ဆီး၊ ပြီးရင် ချည်နှောင်လိုက်"
"မှတ်ထား.... မင်းက နာကျင်မှုကို သည်းခံရုံတင် မဟုတ်ဘူး၊ မင်းကို နာကျင်အောင် လုပ်တဲ့ အရာကို ဖျက်ဆီးပစ်ဖို့ သင်ယူရမယ်၊ အခု.... မင်းကို နာကျင်အောင် ဘယ်အရာက လုပ်နေတာလဲ"
ထိုခဏ၌ လော့ချန်သည် ချီစွမ်းအင်များကို လမ်းကြောင်းပေးကာ သူ၏ ကိုယ်ထဲသို့ ကျူးကျော်လာသော မီးတောက်ကို အားပြင်းစွာ ရိုက်ခတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမီးတောက်မှာ အပိုင်းပိုင်း အစစ ကွဲအက်သွားတော့သည်။ မရေမတွက်နိုင်သော မီးတောက်အစအနများသည် သူ၏ အရေပြား၊ အရိုး၊ သွေးနှင့် အပ်စိုက်မှတ်များအတွင်းသို့ ပရမ်းပတာ တိုးဝင်သွားကြသည်။
တစ်ချိန်တည်းမှာပင် တစ်ကိုယ်လုံး မီးပူတိုက်ခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုက ပေါက်ကွဲထွက်လာသည်။ သူ၏ ကိုယ်ထဲတွင် မီးတောင်တစ်ခု ပေါက်ကွဲသွားသကဲ့သို့ပင်။ လော့ချန် တစ်ကိုယ်လုံး တုန်ခါသွားပြီး သူ၏ အရေပြားထက်တွင် တံလျှပ်ပမာ မီးတောက်များ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ လေထုပင်လျှင် အပူရှိန်ကြောင့် လှိုင်းထနေတော့သည်။
ဘေးမှ ကြည့်နေသော ဝမ်ယွမ်မှာ မျက်နှာ ပျက်သွားပြီး သတိလက်လွတ် လက်လှမ်းလိုက်မိသည်။ သို့သော် သူ လော့ချန်ကို မထိမိခင်မှာပင် သူ၏ ရှေ့တည့်တည့်တွင် ထိုတစ္ဆေမီးတောက်များမှာ တစ်စုံတစ်ရာက ဆွဲငင်လိုက်သကဲ့သို့ လော့ချန်၏ ကိုယ်ထဲသို့ ပြန်လည် တိုးဝင်သွားကြသည်။ ပြင်းထန်လှသော အပူရှိန် အားလုံးမှာ လော့ချန်၏ ခန္ဓာကိုယ်အတွင်း၌ ပိတ်လှောင်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
"ကိုယ်တွင်း ကလီစာတွေကိုပါ မီးနဲ့ သွန်းလုပ်နေတာပဲ"
"သူက ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ ဒီအချက်ကို သဘောပေါက်သွားတာလား"
"မဟုတ်ဘူး... ဒီမြေအောက်မီးရဲ့ မိစ္ဆာချီက သူ့ရဲ့ ကျင့်စဉ်နဲ့ တကယ်ကို ကိုက်ညီနေတာလား"
ဝမ်ယွမ် အသေအချာစဥ်းစားရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် နောက်သို့ တစ်လှမ်းဆုတ်ကာ လော့ချန် ဆက်လက် ကျင့်ကြံနေသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။
ထိုသို့ဖြင့် ညဉ့်နက်ပိုင်းမှ အရုဏ်တက်ချိန်သို့ ရောက်ရှိလာခဲ့သည်။
“ဟူး....”
လော့ချန် သက်ပြင်းတစ်ချက် အားရပါးရ ချလိုက်သည်။ ၎င်းမှာ သာမန် သက်ပြင်း မဟုတ်ဘဲ အစိုင်အခဲတစ်ခုပမာ မြင်တွေ့နိုင်သော အခိုးအငွေ့ပင် ဖြစ်သည်။ ရှည်လျားပြီး မည်းနက်လှသော မီးခိုးတန်းကြီးမှာ သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာပြီး မီးခိုးနဂါးတစ်ကောင်ပမာ လွင့်မျောနေသည်။ လော့ချန်သည် အံ့သြစွာဖြင့် မျက်တောင်ခတ်လိုက်ပြီးနောက် သန့်စင်ခြင်းမှော်အတတ်ကို အသုံးပြုကာ သူ၏ ကိုယ်ပေါ်ရှိ မီးခိုးနံ့များကို ဖယ်ရှားလိုက်သည်။
သူ မတ်တပ်ရပ်လိုက်သည်။
ဗျစ်.... ဗျစ်.... ဗျစ်....
အရိုးအဆစ်သံများ ကျယ်လောင်စွာ တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ ၎င်းမှာ ပဲလှော်ဝါးနေသံ သို့မဟုတ် ဝါးပင်များ ကွဲအက်သံနှင့် တူလှသည်။ လော့ချန် ကျောက်ရုပ်ပမာ တောင့်တင်းသွားလေသည်။
"မလှုပ်နဲ့"
ထိုအသံနှင့်အတူ ပြင်းထန်သော ချီစွမ်းအားလှိုင်းတစ်ခု ရောက်ရှိလာသည်။
ဖတ်….
ထိုစွမ်းအားက လော့ချန်ကို တည့်တည့် ထိမှန်သွားသည်။
"ဟေ့.... မင်းမနာဘူးလား၊ ဘာမှ မဖြစ်ဘူးမလား"
ဝမ်ယွမ် မေးလိုက်သည်။ ထိုချီစွမ်းအင်မှာ အဆင့်နိမ့် မှော်လက်နက် တစ်ခု၏ အစွမ်းနှင့် အတူတူပင် ဖြစ်သည်။
"ဟင်.... ဘာကိုလဲ အစ်ကိုဝမ်.... ကျွန်တော် ခုနက ဘာဖြစ်သွားတာလဲ"
ဝမ်ယွမ် ပြုံးလိုက်ပြီး ခေါင်းညိတ်ပြသည်။
"ဟားဟား ဒါပဲလေ.... မင်း ခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့ ပထမအဆင့်ကို အောင်မြင်သွားပြီကွ"
"ဟမ်.... ဟုတ်လို့လားဗျာ၊ ဒီလောက် ရိုးရိုးလေးနဲ့လား"
လော့ချန် မေးလိုက်သည်။ သူကိုယ်တိုင် ရိပ်မိနေသော်လည်း ဝမ်ယွမ်၏ အတည်ပြုချက်ကို ကြားရသည့်တိုင် သူ မယုံနိုင်သေးပေ။
သူ၏ အမြင်တွင် ခန္ဓာကိုယ်ကျင့်ကြံခြင်း ဆိုသည်မှာ အဆုံးမရှိသော နှိပ်စက်မှုများနှင့် ခက်ခဲကြမ်းတမ်းသော လေ့ကျင့်ခန်းများ လိုအပ်သည်။ သွေးနှင့် မီးတောက်များကြားတွင် မရေမတွက်နိုင်သော စမ်းသပ်မှုများကို ဖြတ်သန်းရမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သူ့ရှေ့မှ ဝမ်ယွမ်မှာလည်း ထိုအချက်၏ သက်သေပင် မဟုတ်ပါလော။
သို့သော် သူသည်ကား တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း တိုက်ခိုက်ပုံမှာ ကစားပွဲများထဲမှ မှော်ဆရာ တစ်ယောက်လိုပင် ဖြစ်သည်။ တစ်နေရာမှာတင် ရပ်နေပြီး အဝေးမှပင် အားပြင်းသော မှော်အတတ်မျိုးစုံဖြင့်သာ ပစ်ပေါက်နေခဲ့ပုံ ပေါက်လေသည်။ သူသည် အနီးကပ် တိုက်ခိုက်မှုကို အလွန်ပင် ရှားပါးစွာ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ သို့ပါလျက် ခန္ဓာကိုယ်ကျင့်ကြံခြင်း ပထမအဆင့်၏ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားခဲ့လေပြီ ဆိုပါလား။
လော့ချန်၏ မယုံကြည်နိုင်သော မျက်နှာကို ကြည့်ရင်း ဝမ်ယွမ် မရယ်ဘဲ မနေနိုင်တော့ပေ။
“ဟားဟား…. မင်းက ခန္ဓာကိုယ် ကျင့်စဉ်က အရမ်းခက်တယ်လို့ ထင်နေတာလား"
"အယ်.... ခက်တယ်မဟုတ်လားဗျ"
"ဘယ်ကသာ.... တကယ်တော့ မခက်ဘူး"
ဝမ်ယွမ် ခေါင်းခါလိုက်သည်။
ဝမ်ယွမ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လော့ချန်သည် မိမိ၌ ကြီးမားသော အထင်အမြင်လွဲမှားမှုတစ်ခု ရှိနေကြောင်း သိသွားခဲ့သည်။ ခန္ဓာကိုယ် ကျင့်ကြံခြင်းလမ်းစဉ်နှင့် ချီစွမ်းအားကျင့်ကြံခြင်းလမ်းစဉ်မှာ မတူညီချေ။ ဒုတိယအချက်မှာ အချိန်၊ စိတ်ရှည်မှုနှင့် စုဆောင်းမှုများစွာ လိုအပ်ပြီး၊ နောက်ဆုံးတွင် ကြီးကျယ်ခမ်းနားသော အရာတစ်ခုကို တည်ဆောက်ရခြင်း ဖြစ်သည်။ ပထမအချက်မှာမူ အရင်းအမြစ်များကို ပုံအောပေးရခြင်းသာ ဖြစ်သည်။ အကယ်၍ အရင်းအမြစ် အလုံအလောက် ရှိနေပါက တစ်ထိုင်တည်းဖြင့် အတင်းအကျပ် အောင်မြင်အောင် လုပ်နိုင်ပေသည်။
"လူ့လောကမှာ ရှေးစကားတစ်ခု ရှိတယ်လေ"
ဝမ်ယွမ်က အရွှန်းဖောက်လိုက်သည်။
"စိန်နားကပ်အရောင်နဲ့ ပါးပြောင်တဲ့"
သူ လက်ဟန်ပြရင်း ဆိုသည်။
"မင်းရဲ့ မျိုးနွယ်စုမှာ ချမ်းသာကြွယ်ဝမှု အနည်းငယ် မရှိဘူးဆိုရင် ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ်ကို လိုက်ဖို့တောင် မစဉ်းစားနဲ့"
"စဉ်းစားကြည့်ဦးလေ.... မင်း ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မင်းရဲ့ ခန္ဓာကိုယ်အတွက် ဘယ်လောက်တောင် ရင်းနှီးမြှုပ်နှံခဲ့သလဲ၊ မင်း အခု နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကို ပထမဆုံးအကြိမ် အသုံးပြုလိုက်တာဟာ နောက်ဆုံး ကျန်နေတဲ့ အကာအကွယ်လွှာလေးကို ဖောက်ထုတ်လိုက်သလိုပဲ၊ အဲ့ဒီ နောက်ဆုံး မမြင်ရတဲ့ အတားအဆီးလေး ပျက်စီးသွားတာပေါ့"
ထိုခဏ၌ လော့ချန်၏ ခေါင်းထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ အရာရာ ရှင်းလင်းသွားသည်။ သူသည် ဤခန္ဓာကိုယ်အတွက် အမြဲတစေ ရင်းနှီးမြှုပ်နှံခဲ့သည်။ သူ၏ အတွင်းပိုင်းမှ အတားအဆီးများ ပျက်စီးသွားသည့် အချိန်အထိ သူ မည်မျှအထိ တိုးတက်နေပြီလဲဆိုသည်ကို မသိခဲ့ခြင်းသာ ဖြစ်သည်။
ဝမ်ယွမ်က စိတ်အားထက်သန်စွာ ဆက်လက် ရှင်းပြနေသည်။ သူ၏ ခန္ဓာကိုယ်ကျင့်ကြံခြင်းဆိုင်ရာ အမြင်များကို မြစ်တစ်စင်းပမာ စီးဆင်းစေလျက် အတောမသတ်နိုင်အောင် ပို့ချနေတော့သည်။
"ဒါပေမဲ့ မင်း သိပ်တော့ စိတ်မချလိုက်နဲ့ဦး၊ မှန်ပါတယ်.... မင်းက ခန္ဓာကိုယ်ကျင့်ကြံခြင်း ပထမအဆင့်ကို ရောက်သွားပြီ၊ ဒါပေမဲ့ တကယ့် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ရပြီး ချီစွမ်းအင်အတတ်တွေကို မသုံးဘူးဆိုရင် မင်း ဆိုးဆိုးရွားရွား ရှုံးလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ချီစွမ်းအင်တွေက ခန္ဓာကိုယ်ကို အာဟာရ ပေးနေတာကြောင့်ပဲ အဆင့်မြင့် ကျင့်ကြံသူ အများစုဟာ ခန္ဓာကိုယ်ကျင့်ကြံခြင်း အသင့်အတင့် ရှိကြတာပဲ၊ ဒါပေမဲ့ သူတို့က အနီးကပ် တိုက်ခိုက်မှုမှာ ဒါကို ရှားရှားပါးပါးပဲ သုံးကြတယ်၊ ခန္ဓာကိုယ်ကျင့်ကြံသူနဲ့ ချီကျင့်ကြံသူတွေရဲ့ တိုက်ခိုက်ပုံဟာ လုံးဝကို ကွဲပြားခြားနားတယ်ကွ.... နည်းစနစ်၊ ဗျူဟာ၊ စိတ်နေစိတ်ထား တွေ စစ်ရေးအရဆိုရင်တောင် တိုက်ခိုက်ပုံ နည်းလမ်းကကွဲတယ်.... ”
ဝမ်ယွမ် နောက်ထပ် စကားဝိုင်းတစ်ခု ထပ်စတော့မည်ကို မြင်သောအခါ လော့ချန် ကြားဖြတ် တားမြစ်လိုက်သည်။
"ဒါဆို အစ်ကိုဝမ် ပြောချင်တာက.... ကျွန်တော့်မှာ ခန္ဓာကိုယ်ကျင့်ကြံခြင်း အဆင့်သာ ရှိပြီး၊ အဲ့ဒါကို အသုံးချနိုင်မယ့် တကယ့် အစွမ်းမရှိသေးဘူး ဆိုတဲ့ သဘောလား"
ဝမ်ယွမ်က ခေါင်းညိတ်သည်။
လော့ချန် ဂရုမစိုက်ပေ။
"ကိစ္စမရှိပါဘူးဗျာ၊ ဒါက မျှော်လင့်မထားတဲ့ လက်ဆောင်တစ်ခုပဲလေ၊ ကျွန်တော်ကတော့ ချီစွမ်းအားကျင့်ကြံခြင်း လမ်းစဉ်ကိုပဲ ဆက်ပြီး အာရုံစိုက်မှာပါ"
"အေး.... အဲ့ဒီလို သတိရှိနေတာက မင်းအတွက် အလိုအပ်ဆုံးပဲ"
ထို့နောက် ဝမ်ယွမ်က သူ၏ သိုလှောင်အိတ်ထဲမှ ကျမ်းစာအုပ်ခပ်ထူထူ တစ်အုပ်ကို ထုတ်လိုက်သည်။
"ဒါပေမဲ့ တခြားတောင်က ကျောက်တုံးတွေကလည်း ကျောက်စိမ်းကို သန့်စင်ပေးနိုင်တာပဲလေ၊ တစ်ခါတစ်ရံမှာ ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်တွေကို လေ့လာထားတာက မင်းအတွက် မထိခိုက်ပါဘူး၊ ဒါက အရေးကြုံလာရင် မင်းအတွက် ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်တယ်.... ဒါနဲ့ ပြောဖို့ မေ့နေတာ.... မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တာတောင် ငါ မင်းကို လက်ဆောင် မပေးရသေးဘူး မဟုတ်လား"
"ဒီ ဝမ်မျိုးနွယ်စု၏ လက်စွကျမ်းထဲမှာ ငါ့ရဲ့ အစောပိုင်း ကိုယ်ခံပညာတွေ၊ မကြာသေးမီက ခန္ဓာကိုယ် ကျင့်ကြံမှု အတွေ့အကြုံတွေ၊ သွေးနည်းစနစ်တွေနဲ့ ဟင်္သာ၊ ဂဠုန် အသွင်ပြောင်းလဲခြင်း အတတ်တွေတောင် ပါသေးတယ်၊ ဒါက ငါကိုယ်တိုင် ဖန်တီးထားတဲ့ အရာတစ်ခုပဲ၊ ဒါကို ယူသွားပြီး ဖတ်ကြည့်ဦး၊ ပြီးရင်တော့ ပြန်ပေးရမှာနော်"
လော့ချန်၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် ထိုစာအုပ်ကို တွန့်ဆုတ်မနေဘဲ လှမ်းယူလိုက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"အမ်.... အစ်ကိုဝမ်ကတော့ နောက်ပြီဗျာ.... လက်ဆောင်ပေးတာတောင် ပြန်ပေးရမယ် ဆိုတော့က....”
ဝမ်ယွမ်က မျက်စောင်းထိုးရင်း အရွှန်းဖောက် ဆဲဆိုလိုက်သည်။
"ခွေးသားလေးရဲ့.... ဒါပေါ့ ပြန်ပေးရမှာပေါ့၊ ငါကိုယ်တိုင်တောင် တတိယအဆင့်ကို ဘယ်လို တက်ရမလဲဆိုတာ ရှာမတွေ့သေးဘူး၊ နောက်ပြီး တစ်ခု မှတ်ထားဦး.... ဒီစာအုပ်ထဲက အရာအားလုံးကို အရှိအတိုင်း မယူလိုက်နဲ့၊ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ကိုက်ညီအောင် ပြုပြင်ယူရမယ်၊ အနှစ်ကို ယူပြီး အကာကို စွန့်ပစ်ရမယ်၊ နားလည်လား"
လော့ချန်က ပြုံးဖြဲဖြဲဖြင့် စာအုပ်ကို သိမ်းလိုက်သည်။ သူ နားလည်သည်။ အဘယ်မှာ နားမလည်ဘဲ နေပါ့မည်နည်း။ ဤသည်မှာ ဝမ်ယွမ် ကိုယ်တိုင်အတွက်သာ အထူးဖန်တီးထားသော အရာဖြစ်သဖြင့် သူနှင့် အလုံးစုံ ကိုက်ညီလိမ့်မည် မဟုတ်ပေ။
ခဏမျှ စကားစမြည် ပြောပြီးနောက် ဝမ်ယွမ် ထွက်သွားတော့သည်။ လော့ချန်တစ်ယောက်တည်း ဆေးဖော်ခန်းမဆောင်ထဲတွင် ကျန်ရစ်ခဲ့သည်။ သူ့တွင် ဖော်စပ်ရမည့် ဆေးလုံးများ ကျန်သေးသည်။ တိတ်ဆိတ်နေစဉ်တွင် သူသည် မိမိ၏ အခြေအနေကို စစ်ဆေးရန် အခွင့်အရေး ယူလိုက်သည်။
သူ မိစ္ဆာချီကို သွင်းယူရခြင်း၏ မူလရည်ရွယ်ချက်မှာ ခန္ဓာကိုယ်ကျင့်ကြံခြင်းအတွက် မဟုတ်ပေ။ ပထမအဆင့် အောင်မြင်သွားခြင်းမှာ မျှော်လင့်မထားသော ဆုလာဘ်တစ်ခုသာ ဖြစ်သည်။ သူ၏ အဓိက ရည်ရွယ်ချက်မှာ ဝိညာဉ်အခြေခံအုတ်မြစ်ကို မြှင့်တင်ရန် ဖြစ်သည်။
တစ်ညလုံး ကျင့်ကြံပြီးနောက် ဝိညာဉ်အစွမ်း တိုးတက်လာမှုမှာ ထင်ရှားလှသည်တော့ မဟုတ်ပေ။ သူ၏ ဝိညာဉ်အာရုံမှာ ယခင်ကထက် တစ်မီတာ သို့မဟုတ် နှစ်မီတာခန့်သာ ပိုဝေးဝေး ရောက်သွားသည်။ မိုင်ပေါင်းများစွာအထိ ရောက်နိုင်သော ဝိညာဉ်အာရုံအဖို့ ဤသည်မှာ သိပ်ပြီး ထူးခြားလှသည်တော့ မဟုတ်ပေ။ သို့သော်လည်း တိုးတက်မှုမှာ တိုးတက်မှုပင်။ ဤသည်က လော့ချန်၏ နည်းလမ်း မမှားကြောင်း သက်သေပြနေသည်။ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းသည် ဝိညာဉ်ကျင့်ကြံမှုအပေါ်တွင် အမှန်တကယ်ပင် အကျိုးသက်ရောက်မှု အနည်းငယ် ရှိနေသည်။ လုပ်ဆောင်မှုနှုန်း နိမ့်ကျနေခြင်းသာ ဖြစ်သည်။
သို့သော် သူသာ ကျွမ်းကျင်မှု အဆင့်ကို မြှင့်တင်နိုင်မည်ဆိုလျှင် ထိုအခြေအနေ ပြောင်းလဲသွားနိုင်မည်လော။
လော့ချန် သူ၏ အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကြည့်လိုက်သည်။
နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ် - ပြီးပြည့်စုံအဆင့် (၄၀၁/၅၀၀)
ထိုကိန်းဂဏန်းကို ကြည့်ရင်း လော့ချန်၏ အူထဲ အသည်းထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။