← Chapters

အခန်း (၆၆၁-၆၆၂)

Vol. 34 Ch. 661-662

အခန်း (၆၆၁-၆၆၂)

Vol. 34 Ch. 661-662

အပိုင်း(၆၆၁) ရှေးဟောင်း အစွမ်းပိုင်ရှင်

လွန်ခဲ့သော ငါးမိနစ်ခန့်က ဖြစ်သည်။

ချန်ယွင်တောက်က စိတ်ပင်လယ်ထဲမှ နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း ဦးနှောက်ရေကန်၏ ရေခဲပြင်ကို တိုက်ရိုက် ခွဲထုတ်လိုက်ကာ တစ်ကိုယ်လုံး ရေအောက်သို့ လျင်မြန်စွာ နစ်မြုပ်သွားလေသည်။

"မြန်မြန်... မြန်မြန်လုပ်မှ"

"လင်းဆိုတဲ့ကောင်ရဲ့ အစွမ်းက အရမ်း မြင့်လွန်းနေတယ်... သေချာပေါက် တစ်ခုခုတော့ မှားနေပြီ"

"အခု ငါ့ကို ကယ်နိုင်တဲ့ တစ်ဦးတည်းသောသူက ဟိုမိန်းမပဲ ရှိတော့တယ်"

"အဲ့မိန်းမကို လွှတ်ပေးလိုက်မှပဲ ငါ အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက် ရှိတော့မှာ"

ချန်ယွင်တောက်၏ ကိုယ်နေဟန်ထားက လျှပ်စီးအလား ရေအောက်တွင် အလျင်အမြန် ကူးခတ်သွားပြီး မကြာမီမှာပင် ဦးနှောက်ရေကန် အစွန်းတစ်နေရာသို့ ရောက်ရှိသွားသည်။

သူက သွေးရောင် နံရံသားပေါ်တွင် စမ်းသပ်ရှာဖွေလိုက်ရာ မကြာမီမှာပင် ချိုင့်ခွက်တစ်ခုကို စမ်းမိသွားလေသည်။

ထို့နောက် ရေခဲဓာတ် သွေးသလင်းကျောက် တစ်ပွင့်ကို ထုတ်ယူကာ ထိုချိုင့်ခွက်ထဲသို့ အားကုန် ဖိထည့်လိုက်သည်။

"ဂျွတ်"

ချက်ချင်းပင် ထိုသွေးရောင် နံရံသားပေါ်၌ တွင်းဝတစ်ခု ပွင့်ဟလာတော့သည်။

ချန်ယွင်တောက်က ဘာမှထပ်မပြောတော့ဘဲ အထဲသို့ အလျင်အမြန် တိုးဝင်သွားကာ သွေးရောင် လိုဏ်ဂူကျယ်ကြီးထဲသို့ ဆက်တိုက် ဝင်ရောက်သွားလေသည်။

ပတ်ပတ်လည်ရှိ ရေခဲပြာရောင် နံရံသားများအတွင်း၌ ရှုပ်ထွေးလှသော သင်္ကေတ အမြောက်အမြားကို မြှုပ်နှံထားသည်။

သူက အလယ်ဗဟိုရှိ နန်းတော်ကြီးကို အနည်းငယ် စိုးရွံ့ထိတ်လန့်စွာ ကြည့်လိုက်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား အလျင်အမြန် ပြေးဝင်သွားတော့သည်။

"ရေခဲနတ်သမီး... ရေခဲနတ်သမီး"

သူ နန်းတော်ထဲသို့ ဝင်ရောက်သွားသည်နှင့် ချက်ချင်းပင် အော်ဟစ်လိုက်သည်။

ရေခဲသလင်း နန်းတော်ကြီးအတွင်းရှိ နေရာလွတ်က သိပ်မကျယ်ဝန်းလှပေ။

ကြီးမားလှသော နန်းတော်ကြီးထဲတွင် အေးခဲနေသော လူအများအပြား ရှိနေကြသည်။

ထိုသူများက မျက်စိမှိတ်ကာ အိပ်မောကျနေသည့်အလား ရေခဲတုံးများဖြင့် တစ်ယောက်ချင်းစီ အေးခဲခံထားရသည်။

ထိုသူများထဲတွင် ယောက်ျား မိန်းမ အိုမင်းရွယ်အိုများနှင့် လူငယ်များ ပါဝင်ပြီး ကလေးငယ်များပင် ရှိနေသေးသည်။

သူတို့၏ ဝတ်စားဆင်ယင်မှုက အလွန် ရှေးကျပြီး ရှေးခေတ်လူများ၏ အဝတ်အစားများနှင့် တူသော်လည်း မည်သည့်ခေတ်မှန်း သဲသဲကွဲကွဲ မသိနိုင်ပေ။

နန်းတော်၏ မြင့်မားသော စင်မြင့်ထက်တွင်ကား ဧရာမ ရေခဲပလ္လင်ကြီး တစ်ခု ရှိနေလေသည်။

ထိုရေခဲပလ္လင်၏ ပုံစံက အစောပိုင်းတုန်းက ချန်ယွင်တောက် ထိုင်ခဲ့သော ပလ္လင်နှင့် အလွန် ဆင်တူနေသည်။

ထိုရေခဲပလ္လင်ထက်တွင်မူ အမျိုးသမီးတစ်ဦး ထိုင်နေလေသည်။

ရေခဲတုံးဖြင့် ထုဆစ်ထားသော အမျိုးသမီး တစ်ဦးပင် ဖြစ်သည်။

ဤအမျိုးသမီး၏ အပြင်ပန်းသွင်ပြင်က အသက်နှစ်ဆယ်ခန့်သာ ရှိသေးပြီး အသက်ဝင်လှပစွာ ထုဆစ်ခံထားရသည်။

သူမက အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အတွင်းဘက်တွင် ရေခဲပြာရောင် ခါးစည်းဂါဝန်ရှည်ကို ဝတ်ဆင်ထားကာ ရင်သားများက ပြည့်ဖြိုးနေပြီး လည်ပင်းတွင် ရေခဲပြာရောင် ကျောက်မျက်ရတနာ ဆွဲကြိုးတစ်ကုံးကို ဆွဲထားသည်။

သူမ၏ မျက်လုံးများက မှိတ်ထားပြီး အနားယူနေပုံရသည်။

သို့သော် ရေခဲပန်းပုရုပ် တစ်ရုပ်သာ ဖြစ်နေလင့်ကစား ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို အဆက်မပြတ် ထုတ်လွှတ်နေဆဲပင် ဖြစ်သည်။

ချန်ယွင်တောက်က ဤရေခဲပန်းပုကို ထိတ်လန့်စွာ ကြည့်လိုက်ပြီး အလျင်စလို ပြောလိုက်သည်။ "ရေခဲနတ်သမီး... ကျွန်တော်ပြောတာကို ခင်ဗျား ကြားနိုင်တယ်ဆိုတာ ကျွန်တော်သိတယ်... ဟုတ်တယ်မလား"

ရေခဲပန်းပုက ဘာလှုပ်ရှားမှုမှ မရှိပေ။

ချန်ယွင်တောက်က အလွန် စိုးရိမ်တကြီးဖြင့် အသံနှိမ့်ကာ ပြောလိုက်သည်။ "ကျွန်တော် အခု ခင်ဗျားရဲ့ အကူအညီကို လိုအပ်နေတယ်"

"အဆင့်မြင့်ရန်သူ တစ်ယောက် ရောက်လာတယ်... တကယ်လို့ ကျွန်တော် သေသွားရင် ခင်ဗျား ဒီမှာ ပုန်းနေတယ်ဆိုတာ ဘယ်သူမှ ဘယ်တော့မှ သိမှာ မဟုတ်တော့ဘူး"

"ခင်ဗျားလည်း ဘယ်တော့မှ ပြန်နိုးထလာဖို့ မမျှော်လင့်နဲ့တော့"

"ကျွန်တော် သေတာနဲ့ ရေပေါ်ကျွန်း တစ်ကျွန်းလုံးကို သမုဒ္ဒရာအောက်ခြေဆီ ဆွဲချပြီး ချောက်နက်ကြီး ဖြစ်သွားအောင် လုပ်ပစ်မယ်... ကျွန်တော့် ရန်သူတွေ လက်ထဲကိုတော့ လုံးဝ အပါမခံနိုင်ဘူး"

ဤနေရာသို့ အရောက်တွင် ထိုရေခဲပန်းပုက ရုတ်တရက် မျက်လုံး ပွင့်လာတော့သည်။

မှိတ်ထားသော ထိုမျက်လုံးအစုံက အနည်းငယ် တုန်ခါသွားပြီး မျက်လုံးထဲတွင် ရေခဲပြာရောင် အလင်းတန်းများ ပြည့်နှက်နေသည်။

သူမက ချန်ယွင်တောက်ကို စိုက်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "နင် ပြန်လာလိမ့်မယ်လို့ ငါ အစောကြီးကတည်းက ပြောခဲ့တယ်လေ... ဘယ်လိုလဲ"

ချန်ယွင်တောက်က ချက်ချင်းပင် ပြောလိုက်သည်။ "ခင်ဗျား နိုင်ပါတယ်... ကျွန်တော် ဝန်ခံတယ်... ကျွန်တော် ခင်ဗျားရဲ့ အကူအညီ လိုအပ်နေတယ်... ကျွန်တော့်ကို ဒီတစ်ခါ ကူညီပေးပါ... ခင်ဗျား ပြန်လည်ရှင်သန်လာဖို့ ကူညီပေးမယ်လို့ ကျွန်တော် ကတိပေးတယ်"

ရေခဲပန်းပုက ရယ်မောလိုက်သည်။ "နင် တကယ်ပဲ အသက်အန္တရာယ်နဲ့ ကြုံတွေ့နေရပုံပဲ... ငါ့ကို ကူညီစေချင်ရင်လည်း ရပါတယ်... နင့်ရှေ့က သွေးစာချုပ်ကို လက်မှတ်ထိုးလိုက်"

ချန်ယွင်တောက်၏ အကြည့်များက ပလ္လင်ရှေ့ရှိ စားပွဲရှည်ဆီသို့ ကျရောက်သွားသည်။

ထိုစားပွဲရှည်ပေါ်တွင် ရေခဲများဖြင့် စုစည်းထားသော သင်္ကေတ စာချုပ်တစ်ခု ရှိနေသည်။

ထိုသင်္ကေတများကို သူ တစ်လုံးမှ မသိသလို ၎င်းတို့က ဘာကို ဆိုလိုမှန်းပင် နားမလည်ပေ။

ပြီးခဲ့သည့် တစ်ခေါက်ကလည်း ဤရေခဲပန်းပု အမျိုးသမီးက သူ့ကို ဤစာချုပ် လက်မှတ်ထိုးရန် သွေးဆောင်ခဲ့ဖူးသည်။

သူ လုံးဝ သဘောမတူခဲ့ပေ။

ထို့နောက် သူက ထိုစာချုပ်ပေါ်ရှိ သင်္ကေတများ၏ အဓိပ္ပာယ်ကို နားလည်ရန် သင်္ကေတများကို နေရာအနှံ့ လိုက်လံရှာဖွေခဲ့သည်။

သို့သော် ဤကိစ္စက နှေးကွေးမည်မှာ အသေအချာပင်။

ယခုအချိန်အထိပင် သူသည် သင်္ကေတများ၏ အဓိပ္ပာယ် အပြည့်အစုံ တစ်ကြောင်းကိုမျှ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ဤအထဲတွင် သေချာပေါက် ကြီးမားသော ထောင်ချောက်တစ်ခု ရှိနေမည်ကို သူ သိသည်။

သို့သော် ယခုအချိန်တွင် သူ့၌ အခြားနည်းလမ်း မရှိတော့... လင်းဆိုတဲ့ကောင်က အပြင်ဘက်မှာ သူ့ကို လိုက်လံ သတ်ဖြတ်နေသည်။

ဤသွေးစာချုပ်ကို လက်မှတ်မထိုးလျှင် ရေခဲပန်းပုက ဝင်ရောက်စွက်ဖက်မည် မဟုတ်သဖြင့် သူ လင်းဆိုတဲ့ကောင်၏ လိုက်လံသတ်ဖြတ်မှုကို ရင်ဆိုင်ရမည် ဖြစ်သည်။

သို့သော် ဤသွေးစာချုပ်ကို လက်မှတ်ထိုးလိုက်လျှင်လည်း အတွင်း၌ မည်သို့သော အန္တရာယ်များ ရှိနေမည်ကို တွေးပြီး သူ ထိတ်လန့်နေဆဲပင်။

သူ စိတ်ထဲ၌ တွေးတောလိုက်ပြီး ချက်ချင်း လက်မှတ်မထိုးသေးဘဲ မေးလိုက်သည်။ "ဒီသွေးစာချုပ်မှာ ဘာတွေ ရေးထားတာလဲ"

ရေခဲပန်းပုက ဖွဖွရယ်မောလိုက်သည်။ "ငါ့ကို သခင်အဖြစ် သတ်မှတ်ပြီး ငါ့ကို ချိတ်ပိတ်ခံထားရတာကနေ လွတ်အောင်ကူညီပေးဖို့ပဲ"

"ဒါပဲလား" ချန်ယွင်တောက်က မနေနိုင်ဘဲ မေးလိုက်သည်။

ရေခဲပန်းပုက ဖြေသည်။ "ဒါပဲလေ"

ချန်ယွင်တောက်က ထပ်မေးလိုက်ပြန်သည်။ "ကျွန်တော်က သွေးစာချုပ်ကို ချိုးဖောက်မိရင် ဘာဖြစ်မှာလဲ"

ရေခဲပန်းပုက ရယ်မောလိုက်သည်။ "ဟင်းဟင်း... နင် သိချင်မှာ မဟုတ်ပါဘူး"

ချန်ယွင်တောက် တွေဝေသွားသည်။

ရေခဲပန်းပုက အလျင်စလို တိုက်တွန်းလိုက်သည်။ "နင် ထိုးမှာလား မထိုးဘူးလား"

"ငါ အိပ်မောကျနေရာကနေ နိုးထလာဖို့ အများကြီး စိတ်စွမ်းအင်တွေ ကုန်ဆုံးရတယ်"

"နင် ဆက်ပြီး တွေဝေနေမယ်ဆိုရင် ငါ ပြန်အိပ်ပျော်သွားတော့မယ်... အနည်းဆုံး နောက်ထပ် ခြောက်လလောက် ကြာမှပဲ ပြန်နိုးလာနိုင်တော့မှာ"

"အဲ့ဒီအချိန်ကျမှ နင် ငါ့ကို ပြန်တောင်းဆိုချင်ရင်တောင် လုံးဝ မဖြစ်နိုင်တော့ဘူး"

ချန်ယွင်တောက်က သွားကိုက်ကာ ပြောလိုက်သည်။ "အခြားနည်းလမ်း မရှိတော့ဘူးလား... ကျွန်တော် ကတိသစ္စာဆိုပါ့မယ်"

"ဝုန်း"

ရုတ်တရက် တစ်ခုလုံးသော ရေခဲသလင်း နန်းတော်ကြီးက အပြင်းအထန် တုန်ခါသွားသည်။

ရေခဲပန်းပု၏ အကြည့်များက တံခါးပေါက်ဆီသို့ ရောက်သွားပြီး ပြောလိုက်သည်။ "နင့်ရဲ့ ရန်သူ ရောက်လာပြီနော်"

ချန်ယွင်တောက် မျက်နှာ ပျက်သွားတော့သည်။

ထို့နောက် နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်သည်။

ရေခဲသလင်း နန်းတော်ကြီးက နောက်တစ်ကြိမ် အပြင်းအထန် တုန်ခါသွားပြန်သည်။

"ငါ သုံးအထိ ရေမယ်... နင် သဘောမတူရင် ငါ ပြန် အိပ်နေလိုက်တော့မယ်"

ရေခဲပန်းပုထဲရှိ အမျိုးသမီး၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်။

"ကျွန်တော် ထိုးမယ်"

ချန်ယွင်တောက်က ချက်ချင်းပင် အလွန်တရာ စိုးရိမ်သွားပြီး စားပွဲရှည်ရှေ့သို့ အလျင်အမြန် ခုန်ဝင်သွားလိုက်သည်။

သူက သွားကိုက်ကာ လက်ချောင်းထိပ်ကို ဖြတ်လိုက်ပြီး စားပွဲရှည်ပေါ်ရှိ သင်္ကေတများဆီသို့ သွေးများ စီးကျသွားစေသည်။

သွေးများ ဝင်ရောက်သွားသည်နှင့် စားပွဲရှည်ပေါ်ရှိ သွေးစာချုပ် သင်္ကေတများက ရေခဲပြာရောင် အလင်းတန်းများ ချက်ချင်း တောက်ပလာတော့သည်။

တစ်ချိန်တည်းမှာပင် ထိုရေခဲပန်းပုပေါ်တွင်လည်း သွေးရောင်အချို့ ပေါ်လာလေသည်။

"မဖြစ်နိုင်တာ... ဒါက... ဒါက ဘာလို့ ရပ်လို့မရတာလဲ"

ချန်ယွင်တောက်က ဒေါသတကြီး လန့်ဖျပ်သွားပြီး သူ၏ လက်ချောင်းက ထိုသွေးစာချုပ်ပေါ်တွင် စုပ်ယူခံထားရသကဲ့သို့ ဖြစ်နေသည်။

သူ့ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များနှင့် သွေးများပါ တစ်ပါတည်း စုပ်ယူခံနေရသလိုပင် သူ ခံစားလိုက်ရသည်။

ချန်ယွင်တောက်၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး လက်ချောင်းကို အားကုန် ဆွဲနှုတ်လိုက်သည်။

သို့သော် လုံးဝ ဆွဲနှုတ်၍ မရပေ။

"ခင်ဗျား ကျွန်တော့်ကို လိမ်တယ်"

ချန်ယွင်တောက်က သွေးရောင်ပြောင်းသွားပြီဖြစ်သော ထိုရေခဲပန်းပုကို လှည့်ကြည့်ကာ မကျေမချမ်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

ရေခဲပန်းပုက ပြောသည်။ "သွေးစာချုပ်ဆိုတာ ဒီလိုမျိုးပဲလေ... မလောပါနဲ့... ငါ နင့်ရဲ့ သွေးတစ်ဝက်လောက်ပဲ လိုတာပါ"

"တကယ် တစ်ဝက်ပဲ လိုတာလား"

"သေချာတာပေါ့"

ချန်ယွင်တောက်က အံကြိတ်ကာ ကြိတ်မှိတ် သည်းခံနေလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အသက်သွေးများက တစ်ဝက်ခန့် စုပ်ယူခံလိုက်ရသည်။

ချန်ယွင်တောက်က ချက်ချင်းပင် ပြောလိုက်သည်။ "ရလောက်ပြီမလား"

ယခုအချိန်တွင် ထိုရေခဲပန်းပုက ရေခဲတုံးမှနေ၍ အမှန်တကယ် လူတစ်ယောက်၏ အသားအရေအဖြစ်သို့ အပြီးတိုင် ပြောင်းလဲသွားပြီ ဖြစ်သည်။

သူမက အလွန် လှပလွန်းလှပြီး ခေါင်းပေါ်တွင် ဆောင်းထားသော သရဖူနှင့်အတူ အမြင့်မားဆုံးသော ဘုရင်မတစ်ပါးအလား ဖြစ်နေသည်။

ယခု သူမ လူအစစ်အသွင်သို့ ပြန်လည်ရောက်ရှိလာသည်နှင့်အမျှ နှိုင်းယှဉ်စရာမရှိအောင် လှပကျော့ရှင်းလှသည်ဟု ဆိုလျှင်ပင် အနည်းငယ်မျှ လွန်အံ့မထင်ပေ။

သူမက အောက်သို့ ငုံ့ကြည့်ကာ ချန်ယွင်တောက်ကို ကြည့်လိုက်သည်။ "နည်းနည်းလေး လိုသေးတယ်"

"မရသေးဘူးလား"

"နည်းနည်းလေးပဲ လိုတော့တယ်"

"ခင်ဗျား ကျွန်တော့်ကို လိမ်တယ်"

ချန်ယွင်တောက်က ခန္ဓာကိုယ်အတွင်းမှ အားနည်းမှုကို ခံစားလိုက်ရပြီး ရုတ်တရက် သတိဝင်လာသည်။

သူက အံကြိတ်ကာ ချက်ချင်းပင် ရေခဲဓားတစ်လက်ကို ဖန်တီးလိုက်ပြီး သူ၏ အသက်ကို ကယ်တင်ရန်အတွက် သူ၏ လက်ချောင်းကို ဖြတ်တောက်ရန် ပြင်လိုက်သည်။

သို့သော် ထိုရေခဲဓား ဖန်တီးလိုက်သည့် အခိုက်အတန့်မှာပင် သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားခဲ့သည်။

ရေခဲဓားက ရေခဲဓာတ် စွမ်းအင်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားပြီး ရေခဲပန်းပု အမျိုးသမီးဆီသို့ ပြန်လည် ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။

ချန်ယွင်တောက် ချက်ချင်းပင် အလွန်တရာ ထိတ်လန့် အံ့သြသွားတော့သည်။

"ခင်ဗျား... ခင်ဗျား... "

ရေခဲပန်းပု အမျိုးသမီးက ခေါင်းငုံ့ကာ ရယ်မောလိုက်သည်။ "နင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတာက အစကတည်းက ငါ့ရဲ့ မျိုးရိုးဗီဇတွေပဲလေ... နင် သန့်စင်ထားတဲ့ ဒီရေပေါ်ကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေ ဆိုတာတွေကလည်း ငါ့ရဲ့ ပစ္စည်းဟောင်းတွေချည်းပါပဲ"

"နင်က အဲ့ဒါတွေကို သုံးပြီး ငါ့ကို ပြန်သတ်ဖို့ ကြိုးစားနေတာလား... နည်းနည်းများ တုံးအလွန်းမနေဘူးလား"

"လူသားတွေ ဆင့်ကဲပြောင်းလဲလာတာ နှစ်ပေါင်းသောင်းချီ ကြာခဲ့ပြီကို... ဘာလို့ အခုထိ ဒီလောက် တုံးအနေရသေးတာလဲ"

ချန်ယွင်တောက်က အမျိုးသမီးကို ကြောက်လန့်တကြား ကြည့်ကာ အော်လိုက်သည်။ "ခင်ဗျား... ခင်ဗျားက တကယ်တော့ ဘယ်သူလဲ"

"ဟင်းဟင်း... ပထမဆုံး တွေ့တုန်းက ငါ နင့်ကို ပြောပြခဲ့တယ်လေ... ငါက လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက ငါ့ကိုယ်ငါ ရေခဲရိုက်ပြီး သန္ဓေပြောင်းစွမ်းအင်တွေ ခန်းခြောက်သွားတဲ့ ခေတ်ကြီးကို ကျော်ဖြတ်ခဲ့တာ... ပြီးတော့ အဲ့ဒီ ကမ္ဘာပျက် ရေလွှမ်းမိုးမှုကြီးဘေးကနေလည်း ရှောင်ပုန်းနိုင်ခဲ့တယ်"

"နင်တို့နားလည်အောင် ပြောရရင် ငါက အဲ့ဒီခေတ်တုန်းက အစွမ်းပိုင်ရှင် ဖြစ်မှာပေါ့"

"အဲ့ဒီခေတ်က လူတွေကတော့ ငါ့ကို ရေခဲနတ်ဘုရားမ လို့ ခေါ်ကြတယ်"

"မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး... ဘယ်လိုလုပ် သက်ရှိတစ်ကောင်က နှစ်ပေါင်းသောင်းချီ ကြာတဲ့အထိ အသက်ရှင်နေနိုင်မှာလဲ" ချန်ယွင်တောက်က မယုံကြည်နိုင်စွာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

အမျိုးသမီးက ရယ်မောလိုက်သည်။ "ဟင်းဟင်း... သနားစရာ ကလေးလေး... နင်က ဒီကမ္ဘာကြီးအကြောင်းကို တကယ် ဘာမှ မသိသေးတာပဲ"

"တကယ်လို့ ငါသာ ဆန္ဒရှိရင် ငါ့ကိုယ်ငါ ထာဝရ အေးခဲထားလိုက်လို့တောင် ရသေးတယ်"

"ငါ့လိုမျိုး အချိန်ကာလတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့သူတွေ အများကြီး ရှိသေးတယ်"

ချန်ယွင်တောက်က မျှော်လင့်ချက် ကင်းမဲ့သွားပြီး ခါးသီးစွာ တောင်းပန်လိုက်သည်။ "ခင်ဗျား ကျွန်တော့်ကို ကူညီမယ်လို့ ပြောခဲ့တယ်လေ... ခင်ဗျား ကတိဖျက်တယ်"

"သေချာတာပေါ့... အပြင်က ကောင်လေးကို သတ်ပေးဖို့ ငါ နင့်ကို ကူညီမှာပါ"

"ဟင်းဟင်း... သူ့ဆီကနေ ငါနဲ့ ရင်းနှီးတဲ့ အငွေ့အသက်တွေ ရနေတယ်... သူ့ခန္ဓာကိုယ်ထဲမှာလည်း ငါ့ရဲ့ မျိုးရိုးဗီဇ အငွေ့အသက်တွေ ရှိနေတယ်"

ရေခဲနတ်ဘုရားမက ဖွဖွရယ်မောလိုက်ပြီးနောက် ရေခဲပလ္လင်ပေါ်မှ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်က အစပိုင်းတွင် တောင့်တင်းနေသည့် အခြေအနေမှနေ၍ သွက်လက် ပေါ့ပါးလာသည်ကို မျက်မြင်ကိုယ်တွေ့ပင် တွေ့မြင်နိုင်ပေသည်။

"ဒီလောက် အကြာကြီး အိပ်ပျော်နေခဲ့ရတာ... နောက်ဆုံးတော့ ဒီတစ်ခေါက် ရေလွှမ်းမိုးမှု သံသရာကို ရောက်လာခဲ့ပြီပဲ"

"ဒီတစ်ကြိမ်တော့ ငါ ဒီစကြဝဠာကနေ တကယ် ထွက်ခွာသွားနိုင်ဖို့ မျှော်လင့်ရတာပဲ"

သူမက ခြေလှမ်းတစ်လှမ်း လှမ်းကာ ရေခဲပလ္လင်ပေါ်မှ ဆင်းလိုက်ရာ ခန္ဓာကိုယ်က ချက်ချင်း ယိုင်နဲ့သွားပြီး လဲကျလုမတတ် ဖြစ်သွားသည်။

သို့သော် ပတ်ပတ်လည်တွင် ရေခဲတုံးများ ချက်ချင်း ပေါ်လာပြီး သူမကို ပင့်မထားလိုက်သည်ကို တွေ့လိုက်ရသည်။

သူမက မနေနိုင်ဘဲ ရယ်မောလိုက်သည်။ "နှစ်ပေါင်းသောင်းချီ ကြာသွားတော့ လမ်းလျှောက်တာတောင် နည်းနည်း စိမ်းနေပြီပဲ"

သူမ ဖြည်းညင်းစွာ လမ်းလျှောက်လိုက်သည်နှင့်အမျှ သူစိမ်းဆန်ဆန် ဖြစ်နေရာမှ တဖြည်းဖြည်း လျင်မြန်စွာ အသားကျသွားပြီး ပုံမှန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားတော့သည်။

ယခုအချိန်တွင် အနောက်ဘက်ရှိ စားပွဲရှည်ဘေး၌ကား ချန်ယွင်တောက်သည် သွေးသားများ အစုပ်ခံထားရပြီး အရိုးစုတစ်စုအဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူ၏ အသက်ရှူသံများက သိုးမွေးကြိုးလေးတစ်မျှင်လို သေးငယ် တိုးဖျော့နေပြီး ထိုအမျိုးသမီးကို ကြည့်ကာ စိတ်ထဲတွင် အလွန်အမင်း နောင်တရနေမိသည်။

သူ ရုတ်တရက် တွေးမိလိုက်သည်မှာ အကယ်၍ သူသာ လင်းဆိုတဲ့ကောင်၏ ဖမ်းဆီးခြင်းကို တကယ် ခံလိုက်ရပါက...

သူ့အနေဖြင့် ရေပေါ်ကျွန်း၏ ဦးနှောက်အမြူတေနှင့် နှလုံးအမြူတေကို ပေးအပ်ပြီး အလိုအလျောက် အညံ့ခံလိုက်ပါက အသက်ရှင်နိုင်မည့် လမ်းစတစ်ခု ရှိနေနိုင်မည် မဟုတ်ပါလား။

ယခုလို အခြေအနေမျိုးဆီသို့ ဘယ်လိုလုပ် ကျရောက်သွားနိုင်ပါမည်နည်း။

ခဏချင်းအတွင်းမှာပင် နောင်တရခြင်း ခံစားချက်များက သူ၏ စိတ်နှလုံးအတွင်းမှ လျှံတက်လာတော့သည်။

သို့သော် ယခုအချိန်တွင် ဘာပြောပြော နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

အရာအားလုံးက ဖြစ်ပြီးသွားခဲ့ပြီ ဖြစ်သည်။

ရေခဲနတ်ဘုရားမက ခေါင်းလှည့်ကာ ချန်ယွင်တောက်ကို ကြည့်လိုက်ပြီး သူ၏ စိတ်ကို ခံစားမိသွားပုံရသည်။

သူမက ဖွဖွရယ်မောလိုက်သည်။ "ငါ့ကို အဲ့ဒီလို အကြည့်မျိုးနဲ့ မကြည့်နဲ့"

"ငါသာ မရှိရင် နင်လည်း အစောကြီးကတည်းက သေနေလောက်ပြီ"

ချန်ယွင်တောက်မှာ စကားပြောရန်ပင် အင်အားမရှိတော့သော်လည်း သူ၏ မျက်လုံးများထဲတွင် သံသယများ ရှိနေဆဲပင်။

သူ၏ သံသယကို နားလည်သွားသည့်အလား ရေခဲနတ်ဘုရားမက ဖွဖွရယ်မောလိုက်သည်။ "နင့် ခန္ဓာကိုယ်ထဲမှာ ငါ့ရဲ့ မျိုးရိုးဗီဇသာ မရှိဘူးဆိုရင် နင်က ရေခဲဓာတ် သန္ဓေပြောင်းစွမ်းအင်ကို နိုးထလာနိုင်မယ်လို့ ထင်နေတာလား"

"သန္ဓေပြောင်းစွမ်းအင် မရှိဘဲနဲ့ နင်က ဒီရေလွှမ်းမိုးတဲ့ ကပ်ဘေးဆိုးကြီးထဲမှာ အခုချိန်ထိ အသက်ရှင်နေနိုင်မှာတဲ့လား"

သူမက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ချန်ယွင်တောက်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "တကယ်တော့ နင်တို့လို မျိုးဆက်သစ် သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ငါတို့ရဲ့ မျိုးရိုးဗီဇတွေ အမြဲတမ်း ရှိနေတာ"

"ဒီမျိုးရိုးဗီဇတွေက သက်ရှိ ဇီဝအချက်အလက်တွေကနေတစ်ဆင့် ငါတို့က နင်တို့ဆီကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပေးခဲ့တာပဲ"

"ရေကြီးမှုကြီး ရောက်လာပြီး သန္ဓေပြောင်းစွမ်းအင်တွေ ပြန်လည်နိုးထလာတဲ့ အချိန်အထိပဲ... အဲ့ဒီအခါကျရင် နင်တို့ကိုယ်ထဲက ငါ့ရဲ့မျိုးရိုးဗီဇတွေကလည်း ပြန်နိုးထလာမှာ"

"ပြီးတော့ နင်တို့ရဲ့ တစ်ခုတည်းသော အသုံးဝင်မှုက ငါတို့ ရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းပေးသက်သက်ဖို့ပဲ"

"အခု နင့်ရဲ့ တာဝန်က ပြီးမြောက်သွားပြီ"

"စိတ်အေးအေးထားပြီး သွားလိုက်တော့... နင့်ရဲ့ ရန်သူကိုလည်း ငါ အလွယ်တကူ ရှင်းပေးလိုက်ပါ့မယ်"

ချန်ယွင်တောက်၏ မျက်လုံးများက ပြူးကျယ်သွားပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေသည်။

သူက ကောင်းကင်ကြီးလောက် ကြီးမားလှသော လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးတစ်ခုနှင့် ထိတွေ့လိုက်ရသလို ခံစားလိုက်ရသည်။

ရှေးခေတ် ကမ္ဘာပျက် ရေလွှမ်းမိုးမှုကြီးထဲမှ ရှေးဟောင်း အစွမ်းပိုင်ရှင်တစ်ဦးက သေချာ ဂရုတစိုက် စီစဉ်ချမှတ်ထားသော ကြောက်မက်ဖွယ်ကောင်းလှသည့် လျှို့ဝှက်ကြံစည်မှုကြီးပင် ဖြစ်လေတော့သတည်း။

ဆက်ရန်...

အပိုင်း(၆၆၂) မိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ခြင်း

ရေခဲ နတ်ဘုရားမက မတ်တတ်ရပ်လိုက်ပြီး မြေပြင်ပေါ်တွင် အသက်ထွက်သွားပြီဖြစ်သော ချန်ယွင်တောက်ကို ထပ်မကြည့်တော့ချေ။

သူမက ပတ်ဝန်းကျင်ရှိ ရေခဲရုပ်တုများကို အကဲခတ်ကြည့်ရှုလိုက်ရာ မျက်နှာပေါ်တွင် လွမ်းဆွတ်မှု အရိပ်အယောင်အချို့ ပေါ်လွင်နေ၏။

ဤရေခဲပိတ်လှောင်ခံထားရသူများက တစ်ချိန်က သူမ၏ အရင်းနှီးဆုံး မိတ်ဆွေများ၊ ဆွေမျိုးများနှင့် မိသားစုဝင်များ ဖြစ်ကြသည်။

သူမက ထိုသူများရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး သူမ၏ မျက်နှာအမူအရာက တဖြည်းဖြည်း သက်ဝင်လှုပ်ရှားလာသည်။

"ငါတို့ရဲ့ ခေတ်က ကုန်ဆုံးသွားခဲ့ပြီ... ကမ္ဘာပျက်ကပ်အသစ်က ထပ်ရောက်လာပြန်ပြီ"

"ဒီစကြဝဠာကနေ ရုန်းထွက်ပြီး လွတ်မြောက်နိုင်မလားဆိုတာက ဒီတစ်ကြိမ် အခွင့်အရေးပေါ်မှာပဲ မူတည်တော့တယ်"

"အားလုံးပဲ ငါ့ကို စောင့်နေကြပါ... ငါအခုမှ နိုးထလာတာဆိုတော့ နင်တို့ ရေခဲတွေကို ဖျက်စီးပေးဖို့ မတတ်နိုင်သေးဘူး"

"အချိန်တစ်ခုလောက် ထပ်သည်းခံပေးကြပါဦး... နင်တို့ကို အမြန်ဆုံး ပြန်လည်နိုးထလာအောင် လုပ်ပေးပါ့မယ်"

သူမက ဟိုဘက်ရှိ ချန်ယွင်တောက်ထံသို့ လှည့်ကြည့်လိုက်ပြီး လက်ကို ဖွဖွလေး ဝှေ့ယမ်းလိုက်ရာ ချန်ယွင်တောက်၏ အလောင်းထဲမှ ရေခဲပြာရောင် အလင်းတန်းနှစ်ခုက လျင်မြန်စွာ လွင့်ပျံလာသည်။

သူမက ဘယ်ညာလက်နှစ်ဖက်ဖြင့် အလင်းတန်းနှစ်ခုကို အသီးသီး ဖမ်းယူလိုက်သည်။

ထို့နောက် အလင်းတန်းများက သူမ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စိမ့်ဝင်သွားတော့သည်။

"မိတ်ဆွေဟောင်းကြီး... နောက်ဆုံးတော့ နင် ငါ့ဆီ ပြန်ရောက်လာခဲ့ပြီပဲ"

ရေခဲ နတ်ဘုရားမက ပြုံးလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ဦးနှောက်အမြူတေနှင့် နှလုံးအမြူတေတို့မှတစ်ဆင့် ဤရေပေါ်ကျွန်း၏ အခြေအနေကို ခံစားကြည့်လိုက်သည်။

ခေတ္တအကြာတွင် သူမက မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး အပြုံးတစ်ခု ပေါ်ထွက်လာသည်။

မြေပြင်ပေါ်ရှိ ချန်ယွင်တောက်၏ အလောင်းကို တစ်ချက် ကြည့်လိုက်ပြီး သူမက ပြုံးလျက် "မဆိုးပါဘူး... အရင်းအမြစ်တွေ အများကြီး ချန်ထားခဲ့တာပဲ"

ထို့နောက် သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး "သူ့ရန်သူက ပြေးတာ တော်တော်မြန်တာပဲ" ဟု ရေရွတ်လိုက်သည်။

"အချိန် ဘယ်လောက်မှ မကြာသေးဘူး... ဒီကျွန်းပေါ်မှာ မရှိတော့ဘူးလား"

သူမက ဦးနှောက်အမြူတေကို ထိန်းချုပ်ပြီးနောက် ရေပေါ်ကျွန်း တစ်ကျွန်းလုံးကို ရှာဖွေကြည့်လိုက်သော်လည်း လင်းယွမ်၏ အရိပ်အယောင်ကိုပင် မတွေ့ရသဖြင့် စိတ်ထဲတွင် အံ့သြသွားမိသည်။

ချက်ချင်းပင် သူမ၏ ကိုယ်ဟန်က လက်ခနဲ ဖြစ်သွားပြီး ရေခဲမြူတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရေခဲသလင်း နန်းတော်ကြီးထဲမှ လေတိုက်သံနှင့်အတူ ထွက်ခွာသွားတော့သည်။

အခြားတစ်ဖက်တွင်မူ လင်းယွမ်က ထိုကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်ဖိအားကို ခံစားမိပြီးနောက် ဘာမှမပြောတော့ဘဲ ချက်ချင်းပင် လျင်မြန်စွာ ပျံသန်းထွက်ပြေးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူက မြူခိုးများ ဖုံးလွှမ်းနေသည့် ဧရိယာမှ အဝေးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူ ဆုတ်ခွာသွားပြီး စက္ကန့်အနည်းငယ်အကြာတွင် ရုတ်တရက် ထိုအားကောင်းသော စိတ်စွမ်းအင်ဖိအားက အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားသည်။

မျက်တောင်တစ်ခတ်အတွင်း ထိုစိတ်စွမ်းအင်ဖိအားက လုံးဝ ပျောက်ကွယ်သွားတော့သည်။

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး "ပျောက်သွားတာလား"

"မဟုတ်သေးဘူး... ရုပ်သိမ်းသွားတာပဲ"

သူ၏ စိတ်ထဲတွင် လေးလံသွားသည်။ မိမိ၏ စိတ်စွမ်းအင်ကို ပြန်လည်ရုပ်သိမ်းနိုင်သော သက်ရှိမျိုးက လုံးဝ ရိုးရှင်းမည် မဟုတ်ပေ။

လင်းယွမ်က လေထဲတွင် ရှိနေဆဲဖြစ်ပြီး ဆက်လက်၍ လျင်မြန်စွာ ဆုတ်ခွာသွားသည်။

ချန်ယွင်တောက်က မည်သို့သော လှည့်ကွက်များကို သုံးနေစေကာမူ သူက ဆက်နေရန် မရည်ရွယ်တော့ချေ။

ချန်ယွင်တောက်တွင် တန်ပြန်တိုက်ခိုက်နိုင်သော နည်းလမ်းများ အမှန်တကယ် ရှိနေနိုင်သည်ကို ရိပ်မိပြီးသွားပြီ ဖြစ်သည်။

ထို့ကြောင့် လင်းယွမ်က သဘာဝကျကျပင် ဆက်လက် စွန့်စားတော့မည် မဟုတ်ပေ။

အထူးသဖြင့် ယခုအချိန်က တစ်ဖက်လူ၏ နယ်မြေထဲတွင် ရှိနေဆဲဖြစ်ရာ စွန့်စားရန် လုံးဝ မလိုအပ်ချေ။

"အရေးအကြီးဆုံးက ငါ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို အမြန်ဆုံး မြှင့်တင်ဖို့ပဲ"

"ဒီလိုမှ ချန်ယွင်တောက်မှာ လျှို့ဝှက် လက်နက်တစ်ခုခု ရှိနေရင်တောင် ငါ အမြန်ဆုံး ရင်ဆိုင်ဖြေရှင်းနိုင်မှာ"

ထိုသို့တွေးမိပြီးနောက် လင်းယွမ်က ကျွန်းအပြင်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားသည်။

သို့သော် ပေချန်ကျွန်းဘက်တွင်မူ ဟန်ရှန်းမန်တို့က တောင်ပေါ်သို့ တိုက်ခိုက်တက်ရောက်နေပြီ ဖြစ်ကာ ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့က တဖြည်းဖြည်း ဆုတ်ခွာနေရသည်ကို တွေ့လိုက်ရသည်။

ဟယ်ကျွင်းနှင့် ကျိလျန်တို့က ချန်ယွင်တောက် ရှုံးနိမ့်ဆုတ်ခွာသွားသည်ကို မြင်လိုက်ရပြီးနောက် ဆက်လက် တိုက်ခိုက်လိုစိတ် မရှိတော့ချေ။

သူတို့နှစ်ဦးက မခံနိုင်တော့ဟန်ဆောင်ကာ တောင်ပေါ်သို့ အသီးသီး ကြိုတင်ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်သည်။

ယခုအချိန်တွင် သူတို့နှစ်ဦးက ပေချန်ကျွန်းနှင့် မြူခိုးမြို့တော်ကို အခိုင်အမာ ကာကွယ်ထားပြီး အပြင်မထွက်တော့ဘဲ ချန်ယွင်တောက်နှင့် လင်းယွမ်တို့ကြားရှိ တိုက်ပွဲရလဒ်ကိုသာ စောင့်ဆိုင်းနေကြသည်။

အကယ်၍ ချန်ယွင်တောက်သာ အနိုင်ရခဲ့ပါက သဘာဝကျကျပင် အရာအားလုံးက ပြောရလွယ်ကူသွားမည်ဖြစ်ပြီး ပြန်လည်ထွက်ခွာလာကာ ဟန်ရှန်းမန်တို့ကို ဖမ်းဆီးသတ်ဖြတ်လိုက်ရုံသာ ဖြစ်သည်။

အကယ်၍ ချန်ယွင်တောက်သာ ရှုံးနိမ့်သွားပါက သူတို့တွင်လည်း အရှုံးပေး လက်နက်ချရန် လမ်းကြောင်း ရှိနေသေးသည်။

ထို့ကြောင့် ယခုအချိန်တွင် ရန်သူများကို အမှန်တကယ် အများကြီး မသတ်နိုင်ချေ... သို့မဟုတ်ပါက မိမိတို့၏ နောက်ဆုတ်မည့်လမ်းကို ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သွားပေမည်။

သူတို့နှစ်ဦး၏ တစ်ခုတည်းသော ကွာခြားချက်မှာ ဟယ်ကျွင်းက ပေချန်ကျွန်းသို့ ဆုတ်ခွာကာကွယ်ပြီး ကျိလျန်က မြူခိုးမြို့တော်သို့ ဆုတ်ခွာသွားခြင်းပင် ဖြစ်သည်။

လင်းယွမ်၏ ကိုယ်ဟန်က လက်ခနဲ ဖြစ်သွားပြီး ပေချန်ကျွန်းပေါ်သို့ ရောက်ရှိလာသည်။

သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ချက်ချင်း အသုံးပြုလိုက်ကာ ဧရာမ ရေခဲမြေရိုင်းဝက်ဝံကြီး၏ အသွင်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။

ဟယ်ကျွင်းတို့က ချက်ချင်းပင် မျက်နှာပျက်သွားကြပြီး ဟိုဘက်ရှိ တိုက်ပွဲမှာ အဖြေပေါ်သွားပြီဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်ကြသည်။

သူက လင်းယွမ်ကို မြင်လိုက်ရသောအခါ မျက်လုံးထဲတွင် အငြိုးအတေးများ လက်ခနဲ ဖြတ်ပြေးသွားသည်။

အစောပိုင်းက လင်းယွမ် မြူခိုးမြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်က သူသည် လင်းယွမ်၏လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး သုံးစားမရတော့သည့်အခြေအနေအထိ နီးပါး ရောက်ခဲ့ရသည်။

ယခု လင်းယွမ်ကို ပြန်လည်တွေ့ရှိရချိန်တွင်မူ သူတို့နှစ်ဦးကြားရှိ အစွမ်းကွာဟချက်က မိုးနှင့်မြေလို ကွာခြားနေပြီ ဖြစ်သည်။

သေချာပေါက်ပင် လင်းယွမ်က မိုးဖြစ်ပြီး သူက မြေပြင်ဖြစ်သည်။

"ရပ်လိုက်ကြ... ရပ်လိုက်ကြ... ဆရာလင်း... ကျွန်တော်တို့ အရှုံးပေးဖို့ ဆန္ဒရှိပါတယ်... ဆရာလင်းက အသက်ရှင်ခွင့်လေး တစ်လမ်းလောက် ပေးဖို့ပဲ တောင်းဆိုပါတယ်"

ဟယ်ကျွင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ လက်အောက်ရှိ ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ကို ရှေ့တက်ကာ တားဆီးလိုက်သည်။

လင်းယွမ်က ဟယ်ကျွင်းကို ကြည့်လိုက်ပြီး ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ကာ "တပ်ရင်းမှူးဟယ်ပဲ"

ဟယ်ကျွင်းက အလျင်အမြန်ပင် "မဝံ့ရဲပါဘူးဗျာ... ဆရာလင်းက အသက်ရှင်ခွင့်လေး တစ်လမ်းလောက် ပေးပါဦး... ကမ္ဘာပျက်ကပ်အောက်မှာ လူတိုင်းက အသက်ရှင်ဖို့ ကြိုးစားနေကြရတာပါပဲ"

လင်းယွမ်က ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး "တပ်ရင်းမှူးဟယ်သာ ပထမအကြိမ်ကတည်းက ဒီလိုမျိုး အခြေအနေကို နားလည်ခဲ့ရင် ဒီလောက် ဒုက္ခရောက်မှာ မဟုတ်ဘူး"

ဟယ်ကျွင်းက ခေါင်းငုံ့ထားလိုက်ပြီး သူ၏ မျက်နှာအမူအရာက အနည်းငယ် ကြည့်ရဆိုးနေသည်။

လင်းယွမ်က သူ၏ စိတ်ခံစားချက်ကို ရိပ်မိသွားပြီး "မင်းက ငါ့အပေါ် အငြိုးထားနေတုန်းပဲ ထင်တယ်"

"မ... မရှိပါဘူးဗျ... နိုင်တဲ့သူက ဘုရင်... ရှုံးတဲ့သူက သူခိုးဆိုတဲ့ သဘောတရားကို ကျွန်တော် နားလည်ပါတယ်"

လင်းယွမ်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ့မှာ မင်းတို့ကို ချုပ်ကိုင်ထားနိုင်တဲ့ နည်းလမ်း ရှိတယ်... မင်းတို့ အရှုံးပေးပြီးရင်တောင် နောက်ကွယ်က လှုပ်ရှားမှုတွေ လုပ်လာမှာကို ကြောက်စရာမလိုဘူး"

"ဒါပေမဲ့ အလုပ်ရှုပ်တယ်... မင်းတို့လို လူတွေက ဒီလောက် အလွယ်တကူ အရှုံးပေးတယ်ဆိုတော့ သစ္စာဆိုတဲ့ စကားလုံး နှစ်လုံးကို ပြောဖို့ တကယ် ခက်ခဲလွန်းတယ်"

"မင်းတို့ကို ရှင်းလိုက်တာ အကောင်းဆုံးပဲ"

ထိုသို့ပြောပြီးနောက် လင်းယွမ်က စိတ်စွမ်းအင်များကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။

"ဝုန်း"

အားကောင်းလှသော စိတ်စွမ်းအင် လှိုင်းလုံးကြီးက ချက်ချင်းပင် တိုက်ခတ်ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်း ဟယ်ကျွင်း ခေါင်းဆောင်သော ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့၏ ဦးခေါင်းများက "ဘုန်း" ဟူသော အသံနှင့်အတူ ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။

ဟယ်ကျွင်းက မယုံကြည်နိုင်သော မျက်နှာဖြင့် လင်းယွမ်ကို စိုက်ကြည့်ရင်း နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ခေါင်းစိုက်ကျသွားတော့သည်။

လင်းယွမ်က ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့ကို သုတ်သင်လိုက်ပြီးနောက် အလယ်အလတ်နှင့် အောက်ခြေအဆင့် လူအချို့သာ ကျန်ရစ်တော့ရာ "မင်းတို့တွေ အသက်ရှင်ချင်တယ်ဆိုရင် လက်နက်တွေကို ချက်ချင်း ချထားလိုက်ကြ" ဟု ပြောလိုက်သည်။

ထိုသူများက ကြောက်လန့်တကြားဖြစ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပြီး အချို့က ထိုစကားကို ကြားသည်နှင့် လက်နက်များကို အလျင်အမြန် ပစ်ချလိုက်ကာ ဦးညွှတ်လျက် "အသက်ရှင်ချင်ပါတယ်... ကျွန်တော်တို့ အသက်ရှင်ချင်ပါတယ်ဗျာ" ဟု အော်ဟစ်လိုက်ကြသည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး မလှမ်းမကမ်းရှိ ဟန်ရှန်းမန်တို့ကို "ဒီလူတွေအကုန်လုံးကို ချက်ချင်း ခေါ်သွားကြ" ဟု ပြောလိုက်သည်။

"ကိုလင်းယွမ်... မြူခိုးမြို့တော်ကရော ဘယ်လိုလုပ်မလဲ" ဟု ဟန်ရှန်းမန်က အလျင်အမြန် မေးလိုက်သည်။

လင်းယွမ်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "အခြေအနေ ပြောင်းသွားပြီ... မြူခိုးမြို့တော်ကို ယူလို့ မရသေးဘူး... အရင်သွားကြတာပေါ့"

ဟန်ရှန်းမန်က လန့်သွားပြီး ထိုစကားကို ကြားသောအခါ "ကျွန်မတို့ ဘယ်ကို သွားကြမလဲ" ဟု မေးလိုက်သည်။

"မင်းတို့ အရင်ဆုံး လူတွေကို ခေါ်ပြီး ပေါင်ရှန်းတောင်ကို ဆုတ်ခွာကြ... ပေချန်ကျွန်းကိုလည်း မလိုချင်နဲ့တော့... ဒီနေရာက မြူခိုးမြို့တော်နဲ့ သိပ်နီးလွန်းတယ်"

"ချန်ယွင်တောက်မှာ နောက်ကွယ်က လှည့်ကွက်တွေ ရှိနေသေးတယ်လို့ ငါ သံသယရှိတယ်... တစ်ခုခု အမှားအယွင်းဖြစ်မှာကို ကာကွယ်ဖို့ ငါ ထိုက်ယန်တောင်ကို အရင်ပြန်သွားမယ်"

"မင်းတို့ ပေါင်ရှန်းတောင်ကို ရောက်ပြီးရင် ခဏလောက် အနားယူပြီး ထိုက်ယန်တောင်ကို ပြန်ဖို့ နည်းလမ်းရှာကြ... ပေါင်ရှန်းတောင်ကိုလည်း စွန့်လွှတ်လိုက်... ငါတို့ လူတွေအသက်ရှင်ဖို့ပဲ အရေးကြီးတယ်... နားလည်လား"

"နားလည်ပါပြီ" ဟန်ရှန်းမန်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး မြူခိုးမြို့တော်ထဲတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကိုလည်း မမေးမြန်းတော့ချေ။

လင်းယွမ်၏ စိတ်ထဲတွင် ပြင်းထန်သော အရေးပေါ် ခံစားချက်တစ်ခု ဖြစ်ပေါ်နေသည်။

မြူခိုးမြို့တော်ထဲတွင် ကြီးမားလှသော အရေးကိစ္စတစ်ခုခု ဖြစ်ပျက်နေသည်ဟု သူ အမြဲတမ်း ခံစားနေရသည်။

ထိုစိတ်စွမ်းအင်ဖိအားက တကယ်တော့ ဘာလဲ... ချန်ယွင်တောက်မှာသာ ဒီလိုမျိုး နောက်ကွယ်က လှည့်ကွက် ရှိနေခဲ့ရင် ဘာလို့ စောစောစီးစီး အသုံးမပြုခဲ့တာလဲ။

ထိုသို့တွေးမိပြီးနောက် လင်းယွမ်က ချက်ချင်းပင် ပေချန်ကျွန်းမှ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားပြီး ထိုက်ယန်တောင်ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

လန်ယွဲ့ဟွာတို့တွင်လည်း အလားတူ နည်းလမ်းမျိုး ရှိနေမည်ကို သူ စိုးရိမ်နေမိသည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက ထိုက်ယန်တောင်တွင် မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ပေ။

"ဝှစ်"

လင်းယွမ်က လျင်မြန်စွာ ထွက်ခွာသွားပြီး ဆယ်မိုင်ကျော်ခန့် ပျံသန်းပြီးသည်နှင့် အောက်ဘက်ရှိ နှင်းပြင်ပေါ်တွင် အပြေးအလွှား သွားနေသော လူရိပ် ဆယ်ဂဏန်းခန့်ကို တွေ့လိုက်ရသည်။

လင်းယွမ်က သေချာစွာ ကြည့်လိုက်သောအခါ ချက်ချင်းပင် ပြုံးသွားတော့သည်။

သူ၏ ကိုယ်ဟန်က ချက်ချင်း အောက်သို့ ဆင်းသက်သွားပြီး ထိုလူစုကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။

"ဘယ်သူလဲ... သတိထားကြ"

ခေါင်းဆောင်ဖြစ်သူက လန့်သွားပြီး အရိုးတူရွင်းကို ကိုင်ကာ ချက်ချင်းပင် ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

လင်းယွမ်က ကိုယ်ကို လှည့်လာပြီး "အစ်ကိုချိုး... ခင်ဗျားတို့ ဘယ်သွားမလို့လဲ" ဟု ပြုံးလျက် မေးလိုက်သည်။

ထိုလူစုက အခြားမဟုတ်ဘဲ အစောပိုင်းက လင်းယွမ်၏ လက်သီးချက်ကြောင့် လွင့်စဉ်သွားဟန်ဆောင်ခဲ့သော ချိုးကုံရုံပင် ဖြစ်နေသည်။

ယခုအချိန်တွင် ချိုးကုံရုံ၏ အနောက်ဘက်၌ လင်းယွမ် ရင်းနှီးကျွမ်းဝင်နေသော မျက်နှာအချို့လည်း ရှိနေသေးသည်။

၎င်းတို့မှာ ချိုးရင်ယွဲ့၊ လင်းဝူ၊ ချင်ဇီဟန်နှင့် လောင်မုန့်တို့ပင် ဖြစ်ကြသည်။

ထိုအထဲတွင် ချိုးရင်ယွဲ့၊ လင်းဝူနှင့် ချင်ဇီဟန် သုံးဦးက လီရွှေဥယျာဉ် ရပ်ကွက်တွင် ရှိစဉ်ကတည်းက လင်းယွမ်နှင့် တွေ့ဆုံခဲ့ဖူးသူများ ဖြစ်ကြသည်။

လောင်မုန့်မှာမူ အစောပိုင်းက ချိုးကုံရုံနှင့်အတူ မြူခိုးမြို့တော် မြေအောက်၌ သတ္တုတွင်းလုပ်သားအဖြစ် သွေးသလင်းကျောက်များ တူးဖော်ခဲ့ဖူးသူ ဖြစ်သည်။

ထို့နောက် ချိုးကုံရုံက တစ်ဖက်လူကို ချိုးခုံငါး သိုလှောင်အိတ်တစ်ခု ပေးကာ သွေးသလင်းကျောက် အမြောက်အမြားကို ထည့်စေပြီး အရင်ထွက်သွားခိုင်းခဲ့သည်။

သို့သော် ယခုအချိန်အထိ သူက ချိုးကုံရုံ၏ အနားတွင် ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အခြားလူအချို့ကိုမူ လင်းယွမ် မသိသော်လည်း တွေးကြည့်ရုံဖြင့် ချိုးကုံရုံ၏ အဖွဲ့ဝင်များ ဖြစ်ကြောင်း သိနိုင်ပေသည်။

ချိုးကုံရုံက လင်းယွမ်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အံ့သြဝမ်းသာသွားသော အမူအရာ ပေါ်လာသည်။

"ညီလေးလင်း... မင်း... မင်း... ဘယ်လိုလုပ် မင်း ဖြစ်နေရတာလဲ"

လင်းယွမ်က ပြုံးလျက် "ဘာလို့လဲ... ကျွန်တော်က ချန်ယွင်တောက်ကို ရှုံးမယ်လို့ ခင်ဗျားက ထင်နေလို့လား"

ချိုးကုံရုံ၏ ဘေးတွင်ရှိသော ချိုးရင်ယွဲ့ကလည်း အံ့သြဝမ်းသာဖြစ်ကာ "ကိုလင်းယွမ်" ဟု အော်ခေါ်လိုက်သည်။

လင်းယွမ်က လှမ်းကြည့်လိုက်ပြီး သူမကို ပြုံးပြလိုက်သည်။ ထို့နောက် သူ၏ မျက်နှာအမူအရာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားပြီး ကိုယ်ဟန်က လက်ခနဲ ဖြစ်သွားကာ သူမရှေ့သို့ ရောက်ရှိသွားသည်။

သူမကို လင်းဝူက ကျောပိုးထားရသည်ကို တွေ့လိုက်ရပြီး မျက်နှာက ဖြူဖျော့နေကာ အသံကလည်း အားနည်းနေသည်။

လင်းယွမ်က "မင်း ဒါ ဘယ်လိုဖြစ်ရတာလဲ" ဟု မေးလိုက်သည်။

ချိုးရင်ယွဲ့က နာကျင်ကြေကွဲဖွယ် အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ပါးစပ်ဟကာ တစ်ခုခု ပြောချင်နေသော်လည်း ဘယ်ကစပြောရမှန်းမသိ ဖြစ်နေကာ မျက်ရည်များ ဝဲတက်လာသည်။

သူမကို ကျောပိုးထားသော လင်းဝူက ရှိုက်ငင်စွာဖြင့် "ချန်ယွင်တောက်ဆိုတဲ့ တိရစ္ဆာန်ကောင်ကြောင့်ပါ" ဟု ပြောလိုက်သည်။

ချင်ဇီဟန်ကလည်း မနေနိုင်တော့ဘဲ "ဆရာလင်း... ဆရာလင်းမှာ မချိုးကို ကယ်ဖို့ နည်းလမ်းများ ရှိမလားဗျ" ဟု ပြောလိုက်သည်။

ချိုးကုံရုံကလည်း လျှောက်လာပြီး လင်းယွမ်ကို ကြည့်ကာ သူ၏ မျက်နှာပေါ်တွင် တောင်းပန်တိုးလျှိုးနေသော အရိပ်အယောင်များ ပြည့်နှက်နေလျက် "ညီလေးလင်း... ငါ့သမီးကို ကယ်ဖို့ မင်းမှာ နည်းလမ်းများ ရှိမလား"

"မင်းသာ သူ့ကို ကယ်နိုင်မယ်ဆိုရင် ငါ့ရဲ့ ဒီအရိုးဆွေးကြီးကို နောင်ကျရင် မင်းဆီ ရောင်းစားလိုက်ပါ့မယ်... မင်း ဘယ်သူ့ကို သတ်ခိုင်းသတ်ခိုင်း ငါ သတ်ပေးပါ့မယ်"

လင်းယွမ်က "စိတ်ချပါ... ကျွန်တော်နဲ့ မချိုးကလည်း မိတ်ဆွေတွေလို့ သတ်မှတ်လို့ ရပါတယ်... ကူညီပေးနိုင်မယ်ဆိုရင် သေချာပေါက် မျက်ကွယ်ပြုထားမှာ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။

"အရင်ဆုံး ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော့်ကို ပြောပြကြပါဦး... သူက ဘယ်လိုလုပ်ပြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ"

ချိုးကုံရုံက သက်ပြင်းချလျက် "အစောပိုင်းက မင်းနဲ့ငါ လမ်းခွဲပြီးတော့ ငါက မြူခိုးမြို့တော်ကနေ ချက်ချင်း ထွက်သွားဖို့ စဉ်းစားထားတာ... ဒါပေမဲ့ ငါ ထွက်လာပြီးတော့ မင်းပေးတဲ့ သဲလွန်စအတိုင်း မြေမိခင်ဂိုဏ်းက တရားဟောအဖွဲ့ဝင် မာရွေ့ကို သွားရှာခဲ့တာ... ငါ ထင်မထားမိဘူး"

"အဲ့ဒီခွေးကောင်က ငါ့သမီးကို ထပ်ပြီး ဒုက္ခပေးထားမှန်း ငါ အဲ့ဒီတော့မှ သိရတာပဲ... ငါ့သမီးကို သွေးသလင်းကျောက် တူးတဲ့ မြေအောက်ကို သွားပြီး ငါ့ကို ရှာခိုင်းခဲ့တာ"

"နောက်ပိုင်း မြို့ထဲမှာ အုံးအုံးကျွက်ကျွက် ဖြစ်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ငါ့သမီးကို မနည်း ပြန်ရှာခဲ့ရတယ်"

"ဒါပေမဲ့ ငါ့သမီးက ရေခဲချပ်ဝတ်စစ်သည်တစ်ယောက်ရဲ့ လှည့်စားတာကို ခံခဲ့ရမှန်း သိလိုက်ရလို့ အဲ့ဒီ ရေခဲချပ်ဝတ်စစ်သည်ကို ငါ ချက်ချင်းပဲ သတ်ပစ်လိုက်တယ်"

"အဲ့ဒီလိုနဲ့ အချိန်ကြန့်ကြာသွားမယ်လို့ မထင်ထားခဲ့ဘူး... ချန်ယွင်တောက်က မြူခိုးမြို့တော် တစ်မြို့လုံးကို ပိတ်ဆို့လိုက်တော့ ငါတို့တွေ အပြင်ထွက်လို့ မရတော့ဘူးလေ"

"အဲ့ဒီနောက် ချန်ယွင်တောက်က တစ်မြို့လုံးကို လိုက်လံရှာဖွေ ဖမ်းဆီးတော့တာပဲ... ငါတို့ ဟိုပုန်းဒီရှောင်နဲ့ နောက်ဆုံးတော့ လွတ်အောင် မပြေးနိုင်ဘဲ သူ ဖမ်းတာကို ခံလိုက်ရတယ်"

"ချန်ယွင်တောက်က ငါ့ရဲ့ စွမ်းရည်မဆိုးဘူးဆိုတာကို မြင်တော့ သူ့အတွက် အလုပ်လုပ်ပေးစေချင်ခဲ့တယ်... ဒါနဲ့ပဲ ငါ့သမီးကို ဖမ်းပြီး သူမရဲ့ ခန္ဓာကိုယ်ထဲကို အဆိပ်ခတ်လိုက်တာပဲ"

"ငါ့သမီးရဲ့ အသက်နဲ့ ခြိမ်းခြောက်လာတော့ ငါလည်း လိမ္မာရေးခြားရှိရှိနဲ့ပဲ ခေါင်းငုံ့ခံလိုက်ရတာပေါ့"

ဤနေရာသို့ ရောက်သောအခါ ချိုးကုံရုံ၏ မျက်နှာပေါ်တွင် နာကြည်းဒေါသထွက်နေသော အရိပ်အယောင်များ ပေါ်လာသည်။

အမှန်တကယ်တော့ ချန်ယွင်တောက်က ချိုးကုံရုံတို့အဖွဲ့တွင် စွမ်းရည် အထိုက်အလျောက် ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။ ထိုအချိန်က မြေမိခင်ဂိုဏ်း၏ အုံကြွမှုကြောင့် သူ၏ ရေခဲချပ်ဝတ်စစ်သည်တပ်ဖွဲ့တွင် လူအင်အား အများအပြား ဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် သူက ဤလူစုကို ချန်ထားရန် ဆုံးဖြတ်ခဲ့သော်လည်း ထိုသူများ ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် လူလွှတ်ကာ ချိုးရင်ယွဲ့ကို ထိန်းချုပ်ထားစေခဲ့သည်။

ထို့အပြင် သူမကို အလှမယ် တပ်ဖွဲ့ထဲသို့ ထည့်ထားပြီး လန်ယွဲ့ဟွာ၏ လူများကို စောင့်ကြည့်ထိန်းချုပ်စေခဲ့သည်။

ထိုသို့ပြုလုပ်ပြီးမှသာ ချိုးကုံရုံတို့အဖွဲ့ကို စိတ်ချလက်ချ ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။

အစောပိုင်း တိုက်ပွဲတွင် ချိုးကုံရုံက ရှုံးနိမ့်ဆုတ်ခွာသွားဟန်ဆောင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ မြူခိုးမြို့တော်သို့ ချက်ချင်း ပြေးပြန်သွားခဲ့ပြီး အုံးအုံးကျွက်ကျွက်ဖြစ်နေသည့် အချိန်ကို အခွင့်ကောင်းယူကာ အလှမယ် တပ်ဖွဲ့၏ ဌာနချုပ်ထဲသို့ ဝင်ရောက်ပြီး မိမိ၏ သမီးကို ပြန်လည်ကယ်တင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဘာမှမပြောတော့ဘဲ တိုက်ရိုက် ထွက်ပြေးခဲ့တော့သည်။

ကံကောင်းစွာဖြင့် လန်ယွဲ့ဟွာက ရှိမနေခဲ့ပေ... သို့မဟုတ်ပါက ဤကယ်ဆယ်ရေးက ဤမျှ ချောမွေ့မည် မဟုတ်ပေ။

သူတို့အဖွဲ့ လမ်းတစ်လျှောက် ဤနေရာအထိ ပြေးလာခဲ့သော်လည်း လင်းယွမ်နှင့် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

လင်းယွမ်က ထိုစကားများကို နားထောင်ပြီးနောက် ချိုးရင်ယွဲ့ကို ကြည့်ကာ "မင်း ဒါ ဘာအဆိပ် မိထားတာလဲ" ဟု မေးလိုက်သည်။

ချိုးရင်ယွဲ့က ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ဖြူဖျော့နေသော မျက်နှာပေါ်တွင် သွေးရောင် အနည်းငယ် စွန်းထင်းနေသည်။

"မီးသင်္ကေတ အဆိပ်ပါ"

ဆက်ရန်...

All Chapters