အခန်း (၆၆၃-၆၆၄)
Vol. 34 Ch. 663-664
အပိုင်း(၆၆၃) မီးသင်္ကေတအဆိပ်
"မီးသင်္ကေတအဆိပ်"
လင်းယွမ်က အနည်းငယ် ကြောင်အမ်းသွားပြီး နားမလည်နိုင်စွာဖြင့် ချိုးကုံရုံကို လှမ်းကြည့်လိုက်သည်။
ချိုးကုံရုံက အလျင်အမြန် ရှင်းပြလေသည်။ "ဒါက မီးဓာတ် သင်္ကေတ တစ်မျိုးပဲ"
"ချန်ယွင်တောက်ရဲ့ လက်အောက်မှာ မိန်းမတစ်ယောက်ရှိတယ်... သူ့နာမည်က လန်ယွဲ့ဟွာတဲ့"
"အဲ့ဒီမိန်းမရဲ့ အစွမ်းက အပူချိန်မြင့် လေဆာရောင်ခြည်ပဲ... အလင်းဓာတ်ဘက်ကို ပိုရောက်ပေမဲ့ မီးဓာတ်ရဲ့ သဘာဝတွေလည်း ပါဝင်နေတယ်"
"သူက မီးဓာတ် သင်္ကေတ တစ်မျိုး ရေးဆွဲနည်းကို တတ်ကျွမ်းထားတယ်... လူ့ခန္ဓာကိုယ်ထဲကို လေဆာနဲ့ အဲ့ဒီသင်္ကေတကို ရိုက်နှိပ်နိုင်ပြီးတော့ တစ်ဖက်လူကို အချိန်တိုင်း မီးအဆိပ် လောင်ကျွမ်းခံရတဲ့ နာကျင်မှုမျိုး ခံစားရစေတာ"
"ဒီမီးသင်္ကေတအဆိပ်ကို အားကောင်းတဲ့ ရေခဲဓာတ် စွမ်းအင်နဲ့မှ ဖိနှိပ်ထားလို့ ရနိုင်တယ်"
"အချိန်အတော်ကြာတဲ့အထိ ရင်ယွဲ့ရဲ့ မီးအဆိပ်ကို ချန်ယွင်တောက်ကပဲ ဖိနှိပ်ပေးနေခဲ့တာ"
"ဟက်... သူက ရင်ယွဲ့ဆီက အဆိပ်ကို တိုက်ရိုက် ထုတ်ယူပြီး မီးသင်္ကေတအဆိပ်ကို အပြီးတိုင် ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိရက်သားနဲ့... ဒီတိုင်းလေး ဆွဲထားပြီး လစဉ်လတိုင်း ရင်ယွဲ့ကို တစ်ခေါက် လာခိုင်းနေတာ"
"သူ့ရည်ရွယ်ချက်က ကျုပ်ကို ထိန်းချုပ်ဖို့ပဲ"
"ပြီးတော့ လန်ယွဲ့ဟွာဆိုတဲ့ ခွေးမ... သူက ချန်ယွင်တောက် မျက်နှာသာပေးတာကို ရဖို့အတွက် ကျုပ်သမီးကိုတောင် အလွတ်မပေးဘဲ ဒုက္ခပေးခဲ့တယ်... ဒီစာရင်းကို ကျုပ် အနှေးနဲ့အမြန် ပြန်ရှင်းရမယ်"
လင်းယွမ်သည် ချိုးကုံရုံ၏ စကားများကို နားထောင်ပြီးနောက် မည်သို့ဖြစ်ပျက်ခဲ့သည်ကို အကြမ်းဖျင်း နားလည်သဘောပေါက်သွားသည်။
"လန်ယွဲ့ဟွာက ဒီလိုအစွမ်းမျိုးတောင် ရှိနေတာလား... သူ ကံကောင်းထောက်မလို့ အသက်ဘေးကလွတ်ပြီးတဲ့နောက်မှာ အသေအလဲကို လေ့ကျင့်နေခဲ့ပုံပဲ" လင်းယွမ်က အေးစက်စက် ပြုံးလျက် ပြောလိုက်သည်။
ချိုးကုံရုံက ထိုစကားကို ကြားသောအခါ အလျင်အမြန် သတိပေးလေသည်။ "ဒါနဲ့... ကျုပ် အရင်က ခင်ဗျားကို သတိပေးခဲ့သလိုပဲ... လန်ယွဲ့ဟွာက လူခေါ်ပြီး ထိုက်ယန်တောင်ကို အရင်သွားနှင့်ပြီ... သူက ခင်ဗျားရဲ့ ဌာနချုပ်ကို ခိုးတိုက်ခိုက်ဖို့ ပြင်နေတာ... သေချာ ဂရုစိုက်ဦး"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "စိတ်ချပါ... ကျွန်တော် မထွက်လာခင်ကတည်းက ထိုက်ယန်တောင်မှာ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားခဲ့ပြီးသားပါ"
"ဒါပေမဲ့ ကျွန်တော် စိတ်မချသေးဘူး... အခု ချက်ချင်း ပြန်သွားပြီး ကြည့်ရမယ်"
ချိုးကုံရုံက ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းပင် ထပ်မေးလိုက်သည်။ "ဒါနဲ့... ချန်ယွင်တောက်ဆိုတဲ့ တိရစ္ဆာန်ကောင်ရော ဘယ်လိုနေလဲ... ခင်ဗျား သူ့ကို သတ်လိုက်ပြီလား"
လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။ "မသတ်ရသေးဘူး... သူက ဦးနှောက်ရေကန်ထဲကို ထွက်ပြေးသွားတယ်... ဦးနှောက်ရေကန်ထဲမှာ ရေခဲသလင်း နန်းတော်ကြီးတစ်ခု ရှိတာကို ခင်ဗျား သိလား"
"ရေခဲသလင်း နန်းတော်"
ချိုးကုံရုံမှာ အံ့ဩသွားပြီး ခေါင်းခါလိုက်သည်။ "တကယ်ကြီးလား... ကျုပ် တစ်ခါမှ မမြင်ဖူးသလို ကြားလည်း မကြားဖူးဘူးဗျ"
"အဲ့ဒီနန်းတော်ကြီးက တော်တော်လေး ထူးဆန်းတယ်... အရမ်း အားကောင်းတဲ့ စိတ်စွမ်းအင် လှိုင်းဂယက်တစ်ခုကို ကျွန်တော် ခံစားမိတယ်"
လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ချန်ယွင်တောက် ချန်ထားခဲ့တဲ့ နောက်ကွယ်က အစီအစဉ်များ ဖြစ်နေမလားပဲ"
ချိုးကုံရုံ၏ မျက်နှာက တည်တင်းသွားသည်။ "သူ့မှာ နောက်ထပ် အစီအစဉ် ရှိနေသေးတယ်ပေါ့... ဒီခွေးကောင်က ဒီလောက်တောင် ကောက်ကျစ်စဉ်းလဲတာလား"
လင်းယွမ်က ရှင်းပြလေသည်။ "အဲ့ဒီအငွေ့အသက်က သူ့ရဲ့ အငွေ့အသက်နဲ့ သိပ်မတူဘူး... အရမ်းကို ရှေးကျပြီး အရမ်းလည်း ထူးခြားတယ်... အဲ့ဒါက ဘယ်လို စွမ်းအင်မျိုးလဲဆိုတာ သေချာ မသိရလို့ ကျွန်တော် အတင်းအဓမ္မ ဝင်မသွားခဲ့တာ"
"ထားလိုက်ပါတော့... လောလောဆယ် သူ့ကို ဂရုမစိုက်နိုင်သေးဘူး... အခု အရေးတကြီး လုပ်ရမှာက ထိုက်ယန်တောင်ကို အမြန်ပြန်ပြီး လန်ယွဲ့ဟွာတို့ကို ဖမ်းဖို့ပဲ"
"ဒီလူတွေက အရိပ်ထဲမှာ ပုန်းနေတဲ့ အဆိပ်ပြင်းမြွေတွေလိုပဲ... သတိလေး နည်းနည်း လွတ်သွားတာနဲ့ သူတို့ ထွက်လာပြီး ကိုက်တာကို ခံရနိုင်တယ်"
"ခင်ဗျား ပြောတာ မှန်တယ်... အဲ့ဒီ အရူးမအကြောင်း ကျုပ် သိသလောက်ဆိုရင် သူက ခင်ဗျားကို အရိုးထဲစွဲတဲ့အထိ တကယ် နာကြည်းနေတာ... သေချာပေါက် ဂရုစိုက်ပါ"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ဒီအကြောင်းတွေ မပြောနဲ့တော့... မချိုး... ကျွန်တော်က ရေခဲဓာတ် အစွမ်းကိုလည်း တော်တော်လေး ကျွမ်းကျင်တယ်... ခင်ဗျားရဲ့ ဒီမီးသင်္ကေတအဆိပ် ကျွန်တော့်ကို ပြလို့ရမလား... ခင်ဗျားကို ကူညီပေးနိုင်မယ့် နည်းလမ်း ကျွန်တော့်ဆီမှာ ရှိကောင်းရှိနိုင်တယ်"
ချိုးကုံရုံက ထိုစကားကို ကြားသောအခါ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားပြီး ပြောလိုက်သည်။ "ရင်ယွဲ့... ဆရာလင်းကို မြန်မြန် ကြည့်ခိုင်းလိုက်လေ"
ချိုးရင်ယွဲ့၏ ဖြူဖပ်ဖြူရော် မျက်နှာပေါ်တွင်လည်း မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာပြီး ပြောလိုက်သည်။ "ကျွန်မကို ချပေးပါ လင်းဝူ"
လင်းဝူက ချိုးရင်ယွဲ့ကို အလျင်အမြန် အောက်ချပေးလိုက်ရာ ချိုးရင်ယွဲ့က ဆိုလေသည်။ "မီးသင်္ကေတက ကျွန်မရဲ့ ကျောကုန်းမှာ ရှိတာပါ"
ထိုသို့ပြောရင်း သူမက ကျောခိုင်းလှည့်လိုက်ရာ လင်းဝူနှင့် ချင်ဇီဟန်တို့သည်လည်း အသိစိတ်ဖြင့် ချက်ချင်း ကျောခိုင်းလှည့်ပေးလိုက်ကြသည်။
ကျန်သည့်သူများက ကြောင်တောင်တောင် ဖြစ်နေဆဲမို့ ချိုးကုံရုံက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အားလုံး လှည့်နေကြစမ်း"
လူအားလုံး ချက်ချင်း သတိဝင်လာပြီး အလျင်အမြန် ကျောခိုင်းလှည့်လိုက်ကြသည်။
ချိုးရင်ယွဲ့က အပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်ရာ အတွင်း၌ ဘရာစီယာတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး သူမ၏ အသားအရေမှာ နှင်းပွင့်ပမာ ဖြူဖွေးနေကာ ရင်သားများမှာလည်း သေးသွယ်ကျစ်လစ်စွာ မို့မောက်နေသည်။
သူမ၏ မျက်နှာထက်တွင် အနည်းငယ် ရှက်သွေးဖြာသွားပြီး ဆိုလေသည်။ "ကိုလင်းယွမ်ကို ဒုက္ခပေးရတော့မယ်"
လင်းယွမ်က ပြန်ဖြေလိုက်သည်။ "အားနာစရာ မလိုပါဘူး"
သူက ချိုးရင်ယွဲ့၏ အနောက်သို့ သွားလိုက်ပြီး သူမ၏ ကျောပြင်ကို ကြည့်လိုက်သည်။
ချောမွေ့နုဖတ်နေသော သူမ၏ ကျောပြင်ထက် ဘယ်ဘက် ပခုံးရိုးနေရာတွင် အနီရောင် သင်္ကေတတစ်ခု ရှိနေသည်ကို မြင်လိုက်ရ၏။
သင်္ကေတ၏ ပုံသဏ္ဌာန်မှာ ထူးခြားဆန်းကြယ်လှပြီး ရုတ်တရက် ကြည့်လိုက်ပါက တက်တူးတစ်ခုနှင့် တူကာ တစ်ခုလုံးက မီးတောက်ရောင်သမ်းနေသည်။
ယခုအချိန်တွင် ၎င်းထံမှ မီးတောက်ရောင် အလင်းဝန်းများ တဖျပ်ဖျပ် ထွက်ပေါ်နေပြီး အနီးတစ်ဝိုက်ရှိ အရေပြားများမှာလည်း အနီရင့်ရောင် ပြောင်းနေသဖြင့် ကြောက်မက်ဖွယ် ကောင်းနေလေသည်။
လင်းယွမ်က ထိုသင်္ကေတဆီသို့ လက်လှမ်းကာ ဖိနှိပ်လိုက်ရင်း ပြောလိုက်သည်။ "ခွင့်ပြုပါ"
သူ၏ လက်ချောင်းများက သင်္ကေတနှင့် ထိတွေ့သွားသည့် အခိုက်အတန့်တွင် အလွန် ပူပြင်းလှသော အပူချိန်တစ်ခု ကူးစက်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
သို့သော် လင်းယွမ်က အစွမ်းကို အနည်းငယ်သာ လှည့်ပတ်လိုက်သည်နှင့် ရေခဲဓာတ် အစွမ်းက မီးသင်္ကေတ တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး ထိုအပူချိန်ကို ချက်ချင်း ဖိနှိပ်လိုက်သည်။
၎င်းသာမကဘဲ သင်္ကေတတစ်ခုလုံးက အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် မှေးမှိန်သွားတော့သည်။
"ရှီး"
ချိုးရင်ယွဲ့မှာ ချက်ချင်း အေးစက်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားကာ လေအေးတစ်ချက်ကို ရှိုက်သွင်းလိုက်မိသည်။
လင်းယွမ်က ပြောလိုက်သည်။ "ဒီသင်္ကေတရှိနေတဲ့ အရေပြားနဲ့ အသားစကို အပြီးအပိုင် အေးခဲသွားအောင် လုပ်ပြီး ထုတ်ယူလို့ရမရ သိရဖို့အတွက်... ကျွန်တော် စွမ်းအင် နည်းနည်း ထပ်မြှင့်ကြည့်မယ်"
ချိုးရင်ယွဲ့က သွားကိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။ "ကိုလင်းယွမ် လုပ်စရာရှိတာသာ လုပ်ပါ... ကျွန်မ ဘာမှမဖြစ်ပါဘူး"
လင်းယွမ်သည် ချက်ချင်းပင် အစွမ်းစီးဆင်းမှုကို တိုးမြှင့်လိုက်ရာ ရေခဲဓာတ် စွမ်းအင်က သူမ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားပြီး သူမ၏ တစ်ကိုယ်လုံးကို ချမ်းစိမ့်တုန်ယင်သွားစေသည်။
လင်းယွမ်က သူမ၏ ခန္ဓာကိုယ်တွင်းရှိ မီးသင်္ကေတ အခြေအနေကို စဉ်ဆက်မပြတ် အာရုံခံ ကြည့်ပြီးနောက် သူ၏ မျက်နှာက တဖြည်းဖြည်း တည်တင်းလာခဲ့သည်။
ဤမီးသင်္ကေတက အရိုးတွင်းခြင်ဆီအထိ ထိုးဖောက်ဝင်ရောက်နေပြီး သွေးကြောများနှင့် ဆက်သွယ်နေကာ သွေးစီးဆင်းမှုနှင့်အတူ တစ်ကိုယ်လုံးကို လှည့်လည်သွားလာနေပုံ ရသည်။
သူ၏ ရေခဲဓာတ် အစွမ်းက သွေးစီးဆင်းမှုကို လိုက်လံ ခြေရာခံမည်ဆိုပါက ချိုးရင်ယွဲ့၏ သွေးများကို တိုက်ရိုက် အေးခဲသွားစေပြီး သွေးကြောများ ပိတ်ဆို့သွားကာ ပွဲချင်းပြီး သေဆုံးသွားစေနိုင်ခြေ အလွန်များပြားလှပေသည်။
လင်းယွမ်သည် ချက်ချင်း လက်ဖဝါးကို ရုပ်သိမ်းလိုက်ပြီး အစွမ်းကို ပြတ်သားစွာ ရပ်တန့်လိုက်သည်။
ချိုးကုံရုံက အလျင်အမြန် မေးလိုက်သည်။ "ဆရာလင်း... ဘယ်လိုနေလဲ"
လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "မဖြစ်နိုင်ဘူး... ဒီမီးသင်္ကေတအဆိပ်ကို ဖြေရှင်းတဲ့နည်းလမ်းက ရေခဲဓာတ်နဲ့ မရလောက်ဘူး"
"ရေခဲဓာတ်နဲ့ မရဘူးလား"
"ဟုတ်တယ်... မီးသင်္ကေတအဆိပ်ရဲ့ အဆိပ်ပြင်းအားက မချိုးရဲ့ သွေးကြောတွေနဲ့ ဆက်နွှယ်နေတာ... ရေခဲဓာတ် အစွမ်းနဲ့သာ ဒီမီးအဆိပ်တွေကို ဖျက်ဆီးချင်ရင် သွေးတွေကို အရင်ဆုံး အေးခဲပစ်မှ ရလိမ့်မယ်"
"ဒါပေမဲ့ အဲ့ဒီလို လုပ်လိုက်မယ်ဆိုရင် မချိုးရဲ့ သွေးကြောတွေ အကုန်လုံး ပိတ်ဆို့သွားနိုင်တယ်"
"ဒါကြောင့် ဒီမီးအဆိပ်တွေကို ဖြေရှင်းဖို့ ရေခဲဓာတ်ကို လုံးဝ အသုံးမပြုသင့်ဘူး"
ချိုးကုံရုံက ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားသည်။ "ဒါဆို ဘယ်လိုလုပ်ရမလဲ"
လင်းယွမ်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ "လောလောဆယ် ကျွန်တော့်မှာ စိတ်ကူး နှစ်ခုရှိတယ်... ပထမတစ်ခုက ရေဓာတ် အစွမ်းကို အသုံးပြုပြီး သွေးစီးကြောင်းအတိုင်း လိုက်သွားပြီး မီးအဆိပ်ကို နည်းနည်းချင်းစီ ဝါးမျိုဖျက်ဆီးပစ်လို့ ရတယ်... ရေဓာတ်က သွေးစီးကြောင်းထဲမှာ တွယ်ကပ်နေရင် သွေးစီးဆင်းမှုကို သိပ်ပြီး ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ဘူး"
"ဒါပေမဲ့ ဒီလိုလုပ်ရင် ရေနဲ့မီးက မတည့်လို့ အဲ့ဒီနှစ်ခုက သွေးကြောတွေကို ထိခိုက်ပျက်စီးစေမှာကို ကျွန်တော် စိုးရိမ်တယ်"
ချိုးကုံရုံက ထိုစကားကို ကြားသောအခါ အလျင်အမြန် မေးလိုက်သည်။ "ဒါဆို နောက်တစ်နည်းကရော"
"နောက်တစ်နည်းကတော့ မီးဓာတ် အစွမ်းကို သုံးဖို့ပဲ"
"မီးဓာတ် အစွမ်း"
"ဟုတ်တယ်... မီးအဆိပ် ဖြစ်နေမှတော့ သူ့ရဲ့ အခြေခံ သဘာဝက သေချာပေါက် မီးဓာတ် စွမ်းအင် ဖြစ်နေမှာပဲ"
"မီးဓာတ် အစွမ်းပိုင်ရှင်ရဲ့ မီးဓာတ် စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းကို အသုံးပြုပြီး သွေးကြောတွေနဲ့အတူ လှည့်လည်သွားလာနေတဲ့ မီးအဆိပ်တွေကို အတင်းအဓမ္မ ဆွဲထုတ်ပစ်ရမယ်... ဒီနည်းလမ်းက အလွယ်ကူဆုံးနဲ့ အလုံခြုံဆုံး နည်းလမ်းပဲ"
ချိုးကုံရုံက မျက်မှောင်ကြုတ်သွားသည်။ "မီးဓာတ် အစွမ်းပိုင်ရှင်... ဒါက... မီးဓာတ် အစွမ်းပိုင်ရှင်ကို ဘယ်သွားရှာရမှာလဲ... လန်ယွဲ့ဟွာကို ဖမ်းပြီး သူ့ကို အဆိပ်ဖြေခိုင်းရုံကလွဲလို့ တခြားမရှိတော့ဘူးလား"
လင်းယွမ်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ "ခင်ဗျားတို့ ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် ထိုက်ယန်တောင်ကို ကျွန်တော်နဲ့ အရင် လိုက်ခဲ့ပါ... ကျွန်တော် ကူညီပေးနိုင်ပါတယ်"
ချိုးကုံရုံမှာ ကြောင်သွားပြီး ချက်ချင်း မေးလိုက်သည်။ "ထိုက်ယန်တောင်မှာ မီးဓာတ် အစွမ်းပိုင်ရှင် ရှိလို့လား"
"ဟုတ်တယ်" လင်းယွမ်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
ချိုးကုံရုံက ချက်ချင်း ပြန်ဖြေလိုက်သည်။ "ကောင်းပြီ... ကျုပ်တို့ ခင်ဗျားနဲ့ လိုက်ခဲ့မယ်"
"ပြောရမယ်ဆိုရင် အစကတည်းက ကျုပ်သမီးကို ရှာတွေ့တာနဲ့ သူ့ကိုပါ ခေါ်ပြီး ထိုက်ယန်တောင်မှာ လာခိုလှုံဖို့ ရည်ရွယ်ထားတာ... အခုတော့ အတော်ပဲ... ခင်ဗျားနဲ့ တစ်ခါတည်း လိုက်သွားရုံပဲပေါ့"
လင်းယွမ်ကလည်း ရယ်မောလိုက်သည်။ "ဒါက ရေစက်ပါပဲ"
လူအားလုံး ချက်ချင်း ရယ်မောသွားကြပြီး ချိုးရင်ယွဲ့လည်း အင်္ကျီကို သေချာ ပြန်ဝတ်လိုက်ကာ အားလုံး ထိုက်ယန်တောင်ဆီသို့ အလျင်အမြန် ဦးတည်သွားကြတော့သည်။
ထိုက်ယန်တောင်တွင် မီးဓာတ် အစွမ်းပိုင်ရှင်များ အမှန်တကယ် ရှိနေသော်လည်း အစွမ်းထက်သည့်သူများ သိပ်မရှိလှပေ။
မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းနိုင်သူဆိုလျှင် လုံးဝနီးပါး မရှိပေ။
ယခင်က ဦးလေးကောသည် မီးဓာတ် မျိုးရိုးဗီဇမျိုးစေ့ ဖွဲ့စည်းနည်းကို ရှာဖွေရန်အတွက် တင်းယန်၊ လီချင်းဟွာတို့နှင့်အတူ ပုံရိပ်ယောင်မြွေ ဟင်းလင်းပြင်ထဲသို့ လိုက်သွားကာ ရှိလာနိုင်သည့် မီးဓာတ် သန္ဓေပြောင်း သားရဲများကို တက်ကြွစွာ အမဲလိုက်ခဲ့သည်။
ထိုမှတစ်ဆင့် မီးဓာတ် မျိုးရိုးဗီဇမျိုးစေ့ ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုသို့သွားပြီးကတည်းက အစအန လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ယခုအချိန်အထိ အလောင်းကိုပင် ရှာမတွေ့တော့ပေ။
လက်တွေ့တွင် ထိုက်ယန်တောင်၌ အခြားသော မီးဓာတ် အစွမ်းပိုင်ရှင် အနည်းငယ် ရှိနေသေးသော်လည်း ထိုသူများ၏ အစွမ်းမှာ အလွန် နိမ့်ကျနေပြီး နောက်ပိုင်းမှ အစွမ်းနိုးထလာသူများသာ ဖြစ်သည်။
ထို့ပြင် ထိုက်ယန်တောင်တွင် မီးဓာတ် မျိုးရိုးဗီဇမျိုးစေ့ ရှားပါးနေသဖြင့် ထိုက်ယန်တောင်၏ မီးဓာတ် အစွမ်းပိုင်ရှင် အဖွဲ့မှာ အချိန်အတော်ကြာသည့်တိုင် အင်အားကြီးထွား မလာနိုင်ခဲ့ပေ။
ချိုးရင်ယွဲ့၏ ခန္ဓာကိုယ်ထက်ရှိ ဤမီးသင်္ကေတအဆိပ်ကို လုံလောက်သော အစွမ်းအစမရှိသည့် မီးဓာတ် အစွမ်းပိုင်ရှင်များအနေဖြင့် သွေးကြောထဲမှနေ၍ ထိုမီးအဆိပ်များကို ခွာချ ဖယ်ရှားပေးနိုင်စွမ်း မရှိပေ။
သို့သော် လင်းယွမ်က တခြားသူများကို မျှော်လင့်နေခြင်း မဟုတ်ပေ... သိထားရမည်မှာ သူကိုယ်တိုင်လည်း မီးစင်္ကြာ၊ မီးနဂါးအက စသည့် မီးဓာတ် ပညာရပ်များကို တတ်ကျွမ်းထားခြင်းပင် ဖြစ်သည်။
သူသည် မီးဓာတ် မျိုးရိုးဗီဇမျိုးစေ့ တစ်စေ့ကို ဖွဲ့စည်းလိုက်ရုံဖြင့် မီးဓာတ် မျိုးရိုးဗီဇမြေပုံကို ချက်ချင်း နိုးထလာစေနိုင်မည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ချိုးရင်ယွဲ့ထံမှ မီးအဆိပ်ကို ဖယ်ရှားပေးရသည်မှာ အလွန် လွယ်ကူသော ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
လူစုသည် အစွမ်းကုန် အမြန်နှုန်းဖြင့် ခရီးဆက်ခဲ့ရာ ဆယ်မိနစ်ကျော်လောက်မျှသာ အချိန်ယူလိုက်ရပြီး ထိုက်ယန်တောင်သို့ ပြန်ရောက်သွားကြသည်။
လင်းယွမ်က လှမ်းကြည့်လိုက်ရာ ထိုက်ယန်တောင် အပြင်ဘက်ရှိ ကင်းလှည့်တပ်ဖွဲ့များ ပုံမှန် ကင်းလှည့်နေကြပြီး အဝင်အထွက်ကိုလည်း လူအများက တင်းကြပ်စွာ စောင့်ကြပ်နေသည်ကို မြင်လိုက်ရသည်။
လင်းယွမ်က လူအားလုံးကို ပြောလိုက်သည်။ "ကျွန်တော်နဲ့ လိုက်ခဲ့ကြပါ"
သူသည် ချိုးကုံရုံတို့အဖွဲ့ကို ခေါ်ဆောင်ကာ တောင်ပေါ်သို့ တက်လာခဲ့သည်။
ကင်းစောင့်နေသူများက လင်းယွမ်ကို မြင်သောအခါ အလျင်အမြန် နှုတ်ဆက်ကြသည်။ "ဆရာလင်း"
"တောင်ပေါ်မှာ အားလုံး အဆင်ပြေရဲ့လား"
"ကျွန်တော်တို့ ဆရာ့ဆီက သတင်းရပြီးကတည်းက အဝင်အထွက် လူစာရင်းကို သေချာ စစ်ဆေးနေခဲ့ပါတယ်... မနေ့က ဆရာ့ဆီက သတင်းစကား ရပြီးကတည်းက အခုဆိုရင် အထွက်ပဲ လက်ခံပြီး အဝင်ကို လုံးဝ ပိတ်ထားလိုက်ပါပြီ"
"ဘာပြဿနာမှ မဖြစ်ဘူးမလား"
"မဖြစ်ပါဘူးခင်ဗျ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ကာ ပြောလိုက်သည်။ "ဆရာချိုးတို့ကို နားဖို့ နေရာတစ်ခုခု စီစဉ်ပေးလိုက်ပါဦး"
သူက ချိုးကုံရုံဘက်သို့ လှည့်ကြည့်လိုက်သည်။ "ခင်ဗျားတို့ အရင် အနားယူကြပါ... ကျွန်တော် ကိစ္စလေးတစ်ခု ပြီးတာနဲ့ ခင်ဗျားတို့ဆီ လာခဲ့မယ်"
ချိုးကုံရုံမှာ သမီးဖြစ်သူ၏ ဒဏ်ရာအတွက် စိုးရိမ်နေသော်လည်း အခြေအနေ၏ အရေးကြီးပုံကိုတော့ နားလည်ထားပေသည်။
ထို့ကြောင့် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ "ခင်ဗျား ကိစ္စကိုသာ အရင်လုပ်ပါ... လိုအပ်တာရှိရင် အချိန်မရွေးသာ ပြောပါဗျာ... ကျုပ်က တခြားဟာတွေသာ မလုပ်တတ်တာ... တိုက်ခိုက်တာမျိုးကတော့ လုံးဝ ပြဿနာမရှိဘူး"
လင်းယွမ်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပါပြီ"
သူက လူတစ်ယောက်ကို ခေါ်၍ ချိုးကုံရုံတို့ကို အနားယူရန် စီစဉ်ပေးလိုက်ပြီး သူကိုယ်တိုင်မှာမူ အိမ်ဆီသို့ ချက်ချင်း အပြေးအလွှား ပြန်သွားတော့သည်။
အခြားသူများအတွက် သူ မစိုးရိမ်သော်လည်း ယခုအချိန်တွင် အစိုးရိမ်ဆုံးမှာ ကိုယ်ဝန်ဆောင်ထားရသည့် ရန်မေ ပင်ဖြစ်သည်။
"ရွှစ်"
လင်းယွမ်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြေးလွှားသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အိမ်ရှေ့သို့ ရောက်ရှိသွားသည်။
အိမ်ထဲတွင် အလွန် တိတ်ဆိတ်နေသဖြင့် လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်မိပြီး တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။
"အမမေ"
အိမ်ထဲတွင် တိတ်ဆိတ်နေပြီး ပြန်လည် ထူးသံကို မကြားရပေ။
လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။ အမမေက ဒီနေ့ ဈေးဝယ်စင်တာဘက်ကို သွားတာများလား...
သူက မီးဖိုချောင်ဘက်သို့ လှည့်ဝင်သွားရာ မီးဖိုချောင်ထဲတွင်လည်း လူမရှိပေ။
သူ၏ စိတ်ထဲတွင် သံသယ ဝင်သွားသည်။ ပုံမှန်ဆိုလျှင် လင်းယာက အိမ်မှာ ဟင်းချက်ဖို့ အလုပ်ရှုပ်နေရမှာ မဟုတ်ဘူးလား...
သူက လှည့်ထွက်သွားရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားသည်။
သူက ဘေစင်ဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။
ထိုနေရာတွင် ခုလေးတင် ဆေးကြောထားသည့် ငရုတ်ပွ၊ ဟင်းသီးဟင်းရွက်များနှင့် စဉ်းတီတုံးပေါ်တွင်လည်း လှီးဖြတ်ထားသည့် အမဲသားများကို တွေ့လိုက်ရသည်။
ဒါက ခုလေးတင် တစ်ယောက်ယောက် အလုပ်လုပ်နေခဲ့တာပဲ ဖြစ်ရမယ်...
"တစ်ခုခု မှားနေပြီ"
လင်းယွမ်က စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ စိတ်စွမ်းအင်ကို ချက်ချင်း ဖြန့်ကျက်လိုက်ရာ မျက်နှာကြက်တစ်ခုလုံး၊ အခန်းတစ်ခုလုံးသို့ ချက်ချင်း လွှမ်းခြုံသွားတော့သည်။
လူမရှိဘူး...
တစ်ယောက်မှကို မရှိတာ...
လင်းယွမ်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူက မျက်လုံးများကို မှိတ်လိုက်ပြီး လင်းယာ၏ ခန္ဓာကိုယ်ထဲရှိ ကပ်ပါးမျိုးစေ့၏ တည်နေရာကို အလျင်အမြန် အာရုံခံလိုက်တော့သည်။
ဆက်ရန်...
အပိုင်း(၆၆၄) ကိုယ်ပျောက် အစွမ်းပိုင်ရှင်
လင်းယာ၏ ခန္ဓာကိုယ်ထဲတွင်လည်း လင်းယွမ် ချန်ထားခဲ့သော ကပ်ပါးမျိုးစေ့ ရှိနေသည်။
လင်းယာက လင်းယွမ်၏ ယုံကြည်မှုကို ရရှိထားပြီး လင်းယွမ်အိမ်တွင် နေထိုင်နေပြီ ဖြစ်သော်ငြားလည်း ဖြစ်သည်။
သို့သော် ရန်မေတို့၏ လုံခြုံရေးနှင့် ပတ်သက်လာလျှင်တော့ လင်းယွမ်က သဘာဝကျကျ သတိထားပေလိမ့်မည်။
ထို့ကြောင့် အစက ဘုရင်မသင်္ဘောပေါ်တွင် ဘုရင်မသင်္ဘော၏ အထက်ပိုင်းခေါင်းဆောင် အားလုံးကို ဖမ်းဆီးပြီးနောက် ထိုလူအားလုံးကို ကပ်ပါးမျိုးစေ့များ ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။
ထိုအထဲမှ လန်ယွဲ့ဟွာတို့ ထွက်ပြေးသွားခဲ့စဉ်က သူက ကပ်ပါးမျိုးစေ့၏ ကန့်သတ်ချက်များကို လွှတ်ပေးလိုက်ပြီး သူတို့ဘာသာ ရှင်သန်သေဆုံးခွင့် ပေးလိုက်သည်။
ကျန်ရှိနေသော လင်းယာ... ရှန်ယွင်ရှီးတို့ကိုလည်း အမှန်တကယ်တော့ လင်းယွမ်က ကပ်ပါးမျိုးစေ့များ ထည့်သွင်းထားခဲ့သည်။
သို့သော် နောက်ပိုင်း ထိုက်ယန်တောင်သို့ ပြန်ရောက်ပြီးနောက် အားလုံးက ထိုက်ယန်တောင်နှင့် အသားကျနေပြီဖြစ်ကြောင်း ပြသခဲ့ကြသည်။
သို့သော် သတိထားသည့်အနေဖြင့် အချို့သောသူများ၏ ခန္ဓာကိုယ်ထဲရှိ ကပ်ပါးမျိုးစေ့များကိုတော့ လင်းယွမ်က မဖယ်ရှားပေးခဲ့ပေ။
အစက ရန်မေ ကလေးမွေးဖွားပြီးသည်အထိ လင်းယာက အဆင်ပြေပြေ ပြုစုစောင့်ရှောက်နိုင်မည်ဆိုပါက လင်းယွမ်က ကပ်ပါးမျိုးစေ့၏ ကန့်သတ်ချက်ကို ဖြုတ်ပေးရန် ရည်ရွယ်ထားခဲ့သည်။
လုံးဝ မျှော်လင့်မထားသည်က ထိုအချိန်သို့ မရောက်မီမှာပင် ဤကပ်ပါးမျိုးစေ့က တစ်ဖန် အသက်ဝင်လာခဲ့ခြင်းပင်။
လင်းယွမ်က အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး လင်းယာ၏ ကပ်ပါးမျိုးစေ့ တည်နေရာကို အလျင်အမြန် အာရုံခံလိုက်သည်။
မကြာမီ သူ၏အကြည့်များက စူးရှသွားသည် "ထိုက်ယန်တောင်မှာ ရှိနေတုန်းပဲ"
သူက ချက်ချင်းပင် လျှပ်စီးလက်သကဲ့သို့ အပြင်ဘက်သို့ အလွန်မြန်ဆန်သော အလျင်ဖြင့် ပြေးထွက်သွားတော့သည်။
"ဒီနေရာက... သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနဘက် မဟုတ်လား"
"သူက ရှန်ယွင်ရှီးကို သွားရှာရုံပဲ ဖြစ်ပါစေလို့ မျှော်လင့်ရမယ်"
လင်းယွမ်က စိတ်ထဲတွင် သတိထားနေပြီး ထိုဘက်သို့ အဆက်မပြတ် အပြေးအလွှား သွားနေခဲ့သည်။
သူ၏ အလျင်ဖြင့်ဆိုလျှင် အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနသို့ ရောက်ရှိသွားခဲ့သည်။
သို့သော် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနဘက်တွင် ဘာထူးခြားမှုမှ မရှိသည်ကို တွေ့လိုက်ရပြီး သုတေသန ဝန်ထမ်းများအားလုံးက မိမိတို့၏ လက်ရှိပရောဂျက်များဖြင့် အလုပ်များနေကြသည်။
လင်းယွမ် ရောက်လာသည်နှင့် လူအတော်များများက လင်းယွမ်ကို သတိထားမိသွားကြပြီး အလျင်အမြန် ခေါင်းမော့ကြည့်လာကြသည်။
"ဆရာလင်းယွမ် ရောက်လာပြီ"
"မင်္ဂလာပါ ဆရာလင်းယွမ်"
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လာကြသည်။
လင်းယွမ်က ချက်ချင်း မေးလိုက်သည် "လင်းယာ လာသေးလား"
တုံကျဲက အလျင်အမြန် ပြေးလာပြီး အော်ပြောလိုက်သည် "အစ်ကို... အမလင်းယာကို ကျွန်တော် တွေ့လိုက်တယ်... သူ အမရှန်ယွင်ရှီးကို သွားရှာတာ... ဟိုဘက်က နံပါတ် (၃) ပရောဂျက် ဓာတ်ခွဲခန်းထဲမှာ"
တုံကျဲက မနှစ်ကနှင့် ယှဉ်လျှင် အတော်လေး ကြီးပြင်းလာပြီး အသိဉာဏ်လည်း ပိုကြွယ်လာသည်။
သူ့အမက လင်းယွမ်အိမ်မှာ နေနေရပြီဖြစ်၍ ဒါက ဘာကိုဆိုလိုသလဲဆိုတာကို သူက သဘာဝကျကျ နားလည်ထားသည်။
ထို့ကြောင့် မနှစ်က မိသားစု ထမင်းစားပွဲတစ်ခုမှ စတင်ကာ သူက လင်းယွမ်ကို ယောက်ဖဟု စတင်ခေါ်ဝေါ်ခဲ့သည်။
တုံယန်က သူ့ကို တိတ်တဆိတ် ဆုံးမခဲ့ဖူးသော်လည်း တုံကျဲက အပေါ်ယံတွင်သာ လက်ခံလိုက်ပြီး ကွယ်ရာတွင်တော့ လင်းယွမ်ကို ယောက်ဖဟု ခေါ်ရသည်ကို သဘောကျနေဆဲပင်။
လင်းယွမ်ကလည်း သူ့ကို မပြင်ပေးဘဲ ပြုံးပြုံးရွှင်ရွှင်ဖြင့်သာ တုံ့ပြန်ခဲ့သည်။
သူ့ကို ယောက်ဖဟုခေါ်ခြင်းက သူ့အမ တုံယန်၏ အဆင့်အတန်းကို သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံပေးနေခြင်းဖြစ်ကြောင်း တုံကျဲ၏ စိတ်နေသဘောထားကို သူက သေချာပေါက် သိထားသည်။
တုံယန်က လင်းယွမ်နောက်သို့ လိုက်ခဲ့ပြီဖြစ်၍ ဤအဆင့်အတန်းကိုတော့ သဘာဝကျကျ ပေးရမည်ပင်။
သို့သော် ဒီနေ့ တုံကျဲ၏ အစ်ကိုဆိုသည့် အခေါ်အဝေါ်က လင်းယွမ်၏ အပြုံးဖြင့် တုံ့ပြန်မှုကို မရရှိခဲ့ပေ။
လင်းယွမ်က နံပါတ် (၃) ပရောဂျက် ဓာတ်ခွဲခန်းဆီသို့ ချက်ချင်း လျှောက်သွားရင်း တစ်ချိန်တည်းမှာပင် မေးလိုက်သည် "သူ တစ်ယောက်တည်း လာတာလား"
"ဟုတ်တယ်... သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနက ကျွန်တော်တို့ရဲ့ အလွန်အရေးကြီးတဲ့ လျှို့ဝှက်နေရာလေ... ပြင်ပလူတွေလည်း ဝင်လို့မရပါဘူး" ဟု တုံကျဲက ပြောသည်။
လင်းယွမ်က နံပါတ် (၃) ပရောဂျက် ဓာတ်ခွဲခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သော်လည်း စိတ်စွမ်းအင်ကတော့ အရင်ဆုံး လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။
အခန်းထဲတွင် လင်းယာနှင့် ရှန်ယွင်ရှီး နှစ်ယောက်တည်းသာ ရှိနေသည်မှာ အမှန်ပင်။
သို့သော် လင်းယွမ်က ထိုနှစ်ယောက်၏ အခြေအနေ မမှန်မှုကို ထက်မြက်စွာ သတိပြုမိလိုက်သည်... ထိုနှစ်ယောက်က တစ်ခုခုကို ငြင်းခုံနေကြပုံရသည်။
လင်းယာ၏ မျက်လုံးများက အနည်းငယ် နီရဲနေပြီး ငိုထားသည့် အရိပ်အယောင်များ ရှိနေသည်။
လင်းယွမ်က အခန်းတံခါးကို တိုက်ရိုက် တွန်းဖွင့်လိုက်သည်။
"ဒုန်း"
အခန်းထဲရှိ လင်းယာနှင့် ရှန်ယွင်ရှီးတို့ ချက်ချင်း လန့်သွားကြပြီး တံခါးပေါက်ဆီသို့ အလျင်အမြန် ခေါင်းလှည့်ကြည့်လာကြသည်။
လင်းယွမ်ကို မြင်လိုက်သည်နှင့် ထိုနှစ်ယောက်၏ မျက်နှာအမူအရာများက ချက်ချင်း ပြောင်းလဲသွားသည်။
ထိုနှစ်ယောက်၏ နှလုံးခုန်နှုန်းများ ချက်ချင်း မြန်ဆန်လာသည်ကို လင်းယွမ်က ထက်မြက်စွာ အာရုံခံမိလိုက်သည်။
"ကို... ကိုလင်းယွမ်"
လင်းယာက မသိစိတ်ကနေ လှမ်းခေါ်လိုက်သည်။
လင်းယွမ်က သူမကို စိုက်ကြည့်လိုက်ပြီး တိုက်ရိုက် မေးလိုက်သည် "ရန်မေရော"
လင်းယာ၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်သွားပြီး မျက်နှာ ဖြူရော်သွားကာ မျက်ရည်များလည်း အဆက်မပြတ် ကျဆင်းလာတော့သည်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ် ကိုလင်းယွမ်... အားလုံး ကျွန်မကြောင့်ပါ... ကျွန်မ အသုံးမကျလို့ပါ..."
လင်းယွမ်၏ မျက်နှာက ချက်ချင်း တင်းမာသွားပြီး သူ၏ခန္ဓာကိုယ်က လျှပ်တစ်ပြက် လှုပ်ရှားသွားကာ သူမအရှေ့သို့ တိုက်ရိုက်ရောက်ရှိသွားပြီး သူမ၏ လက်ကောက်ဝတ်ကို ဆတ်ခနဲ ဖမ်းဆုပ်လိုက်ကာ ပြင်းထန်သော အသံဖြင့် မေးလိုက်သည် "ဘာဖြစ်တာလဲ"
"ယွဲ့ဟွာ... လန်ယွဲ့ဟွာ ရောက်လာတယ် ကိုလင်းယွမ်... ဒီကိစ္စက လင်းယာ့အမှား မဟုတ်ပါဘူး"
"ကျွန်မတို့လည်း လန်ယွဲ့ဟွာက ရုတ်တရက်ကြီး ပြန်ရောက်လာမယ်လို့ မျှော်လင့်မထားခဲ့ဘူး... ပြီးတော့ အစ်ကို့အိမ်ထဲကိုပါ တိုက်ရိုက် ရောက်လာတာ"
"သူက ရန်မေကို ဖမ်းထားတယ်... ပြီးတော့ ရန်မေကိုသုံးပြီး လင်းယာကို ခြိမ်းခြောက်တယ်... ကျွန်မကို လာရှာပြီး အတူတူ ခေါ်ထုတ်သွားခိုင်းတာပါ" ဟု ရှန်ယွင်ရှီးက အလျင်စလို ရှင်းပြသည်။
လင်းယာကလည်း မျက်လုံးများ နီရဲကာ ငိုယိုရင်း ပြောသည် "ကျွန်မ သူမကို တောင်းပန်ခဲ့ပါတယ်... တကယ်ပါ ကိုလင်းယွမ်... ကျွန်မကို ယုံပါ... ရန်မေ ထိခိုက်နစ်နာရမှာကို ကျွန်မ တကယ် မလိုလားပါဘူး"
"သူက ကျွန်မကို သူနဲ့အတူ လိုက်ခဲ့ဖို့ ပြောတယ်... ကျွန်မက မလိုက်ဘူးလို့ ငြင်းတော့ သူက ရန်မေနဲ့ ဗိုက်ထဲက ကလေးကိုသုံးပြီး ကျွန်မကို ခြိမ်းခြောက်တာပါ"
လင်းယွမ်က မျက်နှာတစ်ခုလုံး ဒေါသများ ဖုံးလွှမ်းသွားပြီး အော်ဟစ်မေးလိုက်သည် "အခု သူ ဘယ်မှာလဲ"
လင်းယာက ခေါင်းခါလိုက်သည် "ကျွန်မ မသိဘူး... ကျွန်မ တကယ် မသိဘူး... သူ့ လက်အောက်မှာ ကျိုးထျန်ထျန်လို့ခေါ်တဲ့ အစွမ်းပိုင်ရှင် တစ်ယောက်ရှိတယ်... ကိုယ်ပျောက်နိုင်တယ်"
"သူမကိုယ်တိုင် ကိုယ်ပျောက်နိုင်ရုံတင် မကဘူး... တခြားလူတွေနဲ့ ပစ္စည်းတွေကိုပါ အတူတူ ကိုယ်ပျောက်သွားအောင် လုပ်ပေးနိုင်တယ်"
"သူတို့က အိမ်ထဲကို အသံတိတ် ခိုးဝင်လာကြတာ... အဲဒီအချိန်က ကျွန်မက မီးဖိုချောင်ထဲမှာ နေ့လယ်စာ ပြင်နေတုန်းပဲ ရှိသေးတယ်... ရန်မေက အိပ်ခန်းထဲမှာ အိပ်နေတုန်းပဲ"
"ကိုလင်းယွမ်... ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးပါ... ရန်မေကို ဒုက္ခရောက်စေဖို့ ကျွန်မ တကယ် မတွေးခဲ့ဖူးပါဘူး"
"ကိုယ်ပျောက် အစွမ်းပိုင်ရှင်လား"
လင်းယွမ်က ချက်ချင်း သဘောပေါက်သွားသည်... တစ်ဖက်လူက တကယ်ကို ကြိုတင်ပြင်ဆင်ပြီးမှ လာခဲ့ခြင်းပင်။
သူက အစောကြီးကတည်းက အမိန့်ပေးထားခဲ့ပြီး လူတွေကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်ခိုင်းထားခဲ့သည်။
ရန်သူက အသံတိတ် ဝင်လာနိုင်ခဲ့သေးသည်... သူတို့အားကိုးခဲ့သည်က အမျိုးစုံသော ထွက်ပြေးပုန်းအောင်းနိုင်သည့် အစွမ်းများ မဟုတ်ဘဲ ကိုယ်ပျောက်အစွမ်း ဖြစ်နေခဲ့သည်။
လင်းယွမ်က အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး မေးလိုက်သည် "သူက ခင်ဗျားကို ရှန်ယွင်ရှီး လာခေါ်ခိုင်းတာလား"
"ဟုတ်တယ်... အစက ကျွန်မနဲ့ ယွင်ရှီးက သူ့ကို ကယ်ခဲ့တာလေ... သူက ကျွန်မတို့အားလုံးကို သူ့အနား ပြန်လာစေချင်နေတာ"
ရှန်ယွင်ရှီးက အလျင်အမြန် လက်ထောင်၍ ကျိန်ဆိုလိုက်သည် "ကိုလင်းယွမ်... ကျွန်မ ကျိန်ရဲပါတယ်... ကျွန်မ သူနဲ့ ဘာပတ်သက်မှုမှ မရှိချင်တော့ပါဘူး... ပြီးခဲ့တဲ့အကြိမ်က သူ့ကို ကယ်ပြီးတော့ ကျွန်မနဲ့ လင်းယာတို့ နှစ်ယောက်စလုံး ကျိန်ဆိုခဲ့ကြပြီးပြီ... အားလုံးရဲ့ အငြိုးအတေးတွေ အကြွေးတွေ ကျေသွားပြီလို့"
လင်းယွမ်က ဤစကားကို ဂရုမစိုက်ဘဲ မေးလိုက်သည် "ဒါဆို ခင်ဗျားက ရှန်ယွင်ရှီးကို ခေါ်သွားရင် သူနဲ့ ဘယ်လို ဆက်သွယ်မှာလဲ"
"သူက ကျွန်မကို ရှန်ယွင်ရှီးကိုခေါ်ပြီး ထိုက်ယန်တောင်ကနေ ထွက်သွားဖို့ ပြောတယ်... အချိန်တန်ရင် ကျွန်မတို့ကို လာရှာလိမ့်မယ်လို့ ပြောတယ်"
လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်... တစ်ခုခု မှားယွင်းနေသလို သူ ခံစားလိုက်ရသည်။
ဒီထဲမှာ ပြဿနာရှိနေသည်။
သူက သူ့ကိုယ်သူ အတင်းအဓမ္မ တည်ငြိမ်အောင် လုပ်လိုက်သည်။
လန်ယွဲ့ဟွာက သူ့အပေါ် မုန်းတီးနေသည့် အတိုင်းအတာအရဆိုလျှင် ရန်မေကို ဖမ်းသွားရုံလေးနှင့် သူ့ရင်ထဲက အငြိုးအတေးတွေကို ဖြေဖျောက်ဖို့ လုံလောက်မည် မဟုတ်ပေ။
အခု သူက လင်းယာနှင့် ရှန်ယွင်ရှီးကို ခေါ်သွားပြီး ထိုက်ယန်တောင်ကနေ ထွက်သွားချင်နေသည်... ဒါက ဘာလုပ်ဖို့လဲ။
လင်းယွမ်၏ တွေးခေါ်မှုက လျင်မြန်စွာ လည်ပတ်သွားသည် "ကိုယ်ပျောက်နိုင်တဲ့ အစွမ်းပိုင်ရှင် တစ်ယောက်က ထိုက်ယန်တောင်ထဲကို အသံတိတ် ခိုးဝင်လာနိုင်တယ်ဆိုရင်... လုပ်နိုင်တဲ့ အရာတွေက အရမ်းများလွန်းတယ်"
လင်းယွမ်က ခဏစဉ်းစားလိုက်ပြီး တုံကျဲကို ချက်ချင်း ပြောလိုက်သည် "ရှောင်ကျဲ... မင်း အမတင်းယန်ကို သွားခေါ်လိုက်"
"ဒါဆို ကျွန်တော့်အမရော"
"မင်းအမက လင်းယွင်တောင်စောင်းမှာ ရှိတယ်... ဟိုဘက်က ဒီဘက်ထက် ပိုလုံခြုံတယ်"
တုံကျဲက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ချက်ချင်း လှည့်ကာ အပြင်ဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ပြန်ပြေးလာခဲ့သည်။
"မင်းကို အမတင်းယန် သွားခေါ်ခိုင်းတာ မဟုတ်ဘူးလား"
"ဆက်သွယ်ပြီးသွားပြီ... အမတင်းယန် လာနေပြီတဲ့"
"ဒီလောက် မြန်တာလား" လင်းယွမ် ကြောင်သွားသည်။
တုံကျဲက ပြောသည် "ကျွန်တော်တို့ မုန်ယာကုမ္ပဏီရဲ့ သံချပ်ကာကားတွေပေါ်က ကြိမ်နှုန်းမြင့် ဆက်သွယ်ရေးစက်တွေကို လေ့လာပြီးပြီလေ... အကွာအဝေးတို ဆက်သွယ်ရေးကို လုပ်နိုင်နေပြီ"
"လောလောဆယ် ကင်းလှည့်တပ်ဖွဲ့တွေကို ဒီပစ္စည်းကိရိယာတွေ တပ်ဆင်ပေးထားပြီးပြီ"
ထိုအခါမှ လင်းယွမ် သဘောပေါက်သွားသည်... သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနက ဒီရက်ပိုင်းအတွင်း သိပ္ပံသုတေသန တိုးတက်မှု အတော်လေး ရရှိခဲ့ခြင်းပင်။
မုန်ယာကုမ္ပဏီ၏ သံချပ်ကာကားများပေါ်တွင် တပ်ဆင်ထားသော အစွမ်းဆိုင်ရာ နည်းပညာ အဆင့်အတန်းက အတော်လေး ကြွယ်ဝပြီး တစ်ပုံစံတည်း ကူးယူဖန်တီးရန်က မခက်ခဲပေ။
လင်းယွမ်က အမျိုးသမီးနှစ်ယောက်ကို ကြည့်ကာ မေးလိုက်သည် "လန်ယွဲ့ဟွာ အကြောင်း ခင်ဗျားတို့ သိထားသလောက်ဆိုရင်... သူ ဘာလုပ်ချင်နေတယ်လို့ ခင်ဗျားတို့ ထင်လဲ"
လင်းယာက ခေါင်းခါလိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် ပြောသည် "ကျွန်မ... ကျွန်မ မသိဘူး... သူ ပြောင်းလဲသွားပြီ... ကျွန်မ သိခဲ့တဲ့ လန်ယွဲ့ဟွာ မဟုတ်တော့ဘူး"
"အရင်က သူက မာနကြီးပြီး အေးစက်တယ်... အလုပ်လုပ်ရင် အဲဒီလောက် ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းတွေ မသုံးဘူး"
"ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူက တကယ်ကို လူတစ်ယောက်လုံး ပြောင်းလဲသွားသလိုပဲ... မြွေပွေးတစ်ကောင်လိုပဲ... အထက်စီးကနေ နေတတ်တဲ့ ဘုရင်မ မဟုတ်တော့ဘူး"
ရှန်ယွင်ရှီးက အံ့သြသွားပြီး ပြောသည် "သူက အဲဒီလောက်တောင် ပြောင်းလဲသွားတာလား"
လင်းယာက ခေါင်းညိတ်လိုက်သည် "သူရဲ့ မျက်လုံးအောက်မှာ ဖုံးကွယ်ထားတဲ့ ရူးသွပ်မှုကို ကျွန်မ မြင်နိုင်တယ်... အရာအားလုံးကို ဖျက်ဆီးပစ်ချင်နေတဲ့ ရူးသွပ်မှုမျိုးပဲ"
ရှန်ယွင်ရှီး အနည်းငယ် ထိတ်လန့်သွားသည်။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်... လင်းယာ ပြောပြသည့် လန်ယွဲ့ဟွာ၏ အခြေအနေအရဆိုလျှင် သူက ရန်မေကို ဒီအတိုင်း ဖမ်းသွားရုံနှင့် ဒီအငြိုးကို အဆုံးသတ်သွားမည် မဟုတ်သည်မှာ သေချာသည်။
သူ့မှာ ပိုကြီးမားတဲ့ အကြံအစီတွေ သေချာပေါက် ရှိနေဦးမည်။
ဒါဆိုရင် သူက တကယ် ဘာလုပ်ချင်နေတာလဲ။
လောလောဆယ် တစ်ခုတည်းသော အားသာချက်ကတော့ သူတို့က သူ ပြန်ရောက်နေပြီဆိုတာကို မသိသေးခြင်းပင်... ချန်ယွင်တောက်ကို သူ အနိုင်ယူလိုက်ပြီဆိုတာကို ပိုလို့တောင် မသိနိုင်သေးပေ။
ထို့ကြောင့် အခွင့်အရေး ရှိနေသေးသည်။
လန်ယွဲ့ဟွာကို ရှာတွေ့သည်နှင့် ရန်မေကို သေချာပေါက် ကယ်တင်နိုင်လိမ့်မည်။
လင်းယွမ်၏ အတွေးများက လျင်မြန်စွာ လည်ပတ်သွားသည် "သူ ထိုက်ယန်တောင် အနီးအနားမှာ ရှိနေတာ သေချာတယ်... အင်း... သူ့ ခန္ဓာကိုယ်ထဲမှာ ငါ ချန်ထားခဲ့တဲ့ ကပ်ပါးမျိုးစေ့ ရှိနေသေးတာပဲ"
"ဘာဖြစ်လို့ ကပ်ပါးမျိုးစေ့ ပေါက်ကွဲမလာတာလဲ မသိဘူး... တကယ်လို့ သူက ဖြေရှင်းမယ့်နည်းလမ်း ရှာတွေ့သွားပြီး ဖယ်ရှားလိုက်ပြီဆိုရင်တော့ အာရုံခံလို့ရမှာ မဟုတ်တော့ဘူး"
ဒါကို တွေးမိသည်နှင့် လင်းယွမ်က ချက်ချင်း မျက်လုံးမှိတ်လိုက်ပြီး လန်ယွဲ့ဟွာထံမှ ကပ်ပါးမျိုးစေ့ကို သေချာ အာရုံခံကြည့်လိုက်သည်။
သို့သော် ဤတစ်ကြိမ် အာရုံခံကြည့်လိုက်သော်လည်း ထိုကပ်ပါးမျိုးစေ့ ရှိနေခြင်းကို အာရုံမခံမိပေ။
လင်းယွမ်၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားသည် "သူက တကယ်ပဲ ကပ်ပါးမျိုးစေ့ကို ဖယ်ရှားမယ့်နည်းလမ်း ရှာတွေ့သွားတာလား"
ထိုအချိန်တွင် တင်းယန်က အပြေးအလွှား ရောက်လာပြီး တွေ့တွေ့ချင်းပင် ချက်ချင်း မေးလိုက်သည် "ဘာကိစ္စ ဖြစ်လို့လဲ"
လင်းယွမ်က လျင်မြန်စွာ ပြောလိုက်သည် "ရန်မေကို လန်ယွဲ့ဟွာရဲ့ လူတွေ ဖမ်းသွားပြီ"
"ဘာ"
တင်းယန် အလွန်အမင်း အံ့သြသွားပြီး မျက်နှာက ချက်ချင်း အရောင်ပြောင်းသွားကာ အလျင်အမြန် ပြောလိုက်သည် "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျွန်မတို့ အပြင်ဘက်မှာ နေရာလွတ်မရှိအောင် ပိုက်စိတ်တိုက် ချထားတာလေ... အိမ်ဘက်မှာဆိုရင် ဒြပ်စင် အကာအကွယ်တောင် တပ်ထားတာ... ဒြပ်စင် အမျိုးအစား ထွက်ပြေးပုန်းအောင်းနိုင်တဲ့ အစွမ်းတွေက အနားကပ်လာဖို့တောင် လုံးဝ မဖြစ်နိုင်တာ"
လင်းယွမ်၏ မျက်နှာက တင်းမာနေပြီး ပြောလိုက်သည် "တစ်ဖက်လူက ကိုယ်ပျောက်အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်နေတာ... ထွက်ပြေးပုန်းအောင်းနိုင်တဲ့ အစွမ်းတွေသုံးပြီး ထိုက်ယန်တောင်ထဲ ဝင်လာတာ မဟုတ်ဘူး"
"တံခါးပေါက်ကနေ အေးအေးဆေးဆေးပဲ ဝင်လာတာ ဖြစ်ဖို့များတယ်"
ဒီစကားကြောင့် တင်းယန်၏ မျက်နှာက ချက်ချင်းကို အလွန်အမင်း တင်းမာသွားတော့သည်။
လင်းယွမ်က သူမ၏ ပခုံးကို ပုတ်ပေးလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည် "အစွမ်းပိုင်ရှင်တွေရဲ့ အစွမ်းတွေက ထူးဆန်းပြီး အမျိုးမျိုး ရှိတယ်လေ... ဘယ်လို အစွမ်းမျိုးမဆို ရှိနိုင်တာပဲ... ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစရာ မလိုပါဘူး"
သူခိုးကို ရက်ပေါင်းထောင်ချီပြီး စောင့်ကြပ်ကာကွယ်ဖို့ဆိုသည့် သဘောတရားမျိုး မရှိဘူးဆိုသည်ကို လင်းယွမ် ကောင်းကောင်း သိထားသည်။
တစ်ယောက်ယောက်က ပစ်မှတ်ထားလာပြီဆိုရင် တစ်ဖက်လူကို မသတ်ပစ်သရွေ့ အဆုံးမရှိတဲ့ ပြဿနာတွေပဲ ဆက်တိုက် ရှိနေဦးမည် ဖြစ်သည်။
တင်းယန်က အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ချက်ချင်း ပြောလိုက်သည် "ကျွန်မ ဆရာလီကို သွားခေါ်လိုက်မယ်"
လင်းယွမ် ကြောင်သွားသည် "လီယွဲ့ကျင်းလား"
"ဟုတ်တယ်... မနေ့က ရှင် လူလွှတ်ပြီး လာအကြောင်းကြားတုန်းက ကျွန်မ ဆရာလီကို ဖိတ်ထားပြီးပြီ... ရန်မေရဲ့ ခန္ဓာကိုယ်ပေါ်မှာ စိတ်ဝိညာဉ်အမှတ်အသား ချန်ထားဖို့ ဆရာလီကို သီးသန့် လုပ်ခိုင်းထားတာ"
"ဒီအနီးအနား ပတ်ဝန်းကျင်မှာ ရှိနေသေးသရွေ့ ဆရာလီက သေချာပေါက် ခြေရာခံနိုင်လိမ့်မယ်"
လင်းယွမ်၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး အံ့သြဝမ်းသာ ဖြစ်သွားသည်။
တင်းယန်ဆီမှာ ဒီလို နောက်ကွယ်က အစီအစဉ် ရှိနေသေးမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
လီယွဲ့ကျင်း၏ စိတ်ဝိညာဉ်အမှတ်အသား အစွမ်းက အလွန် ထူးဆန်းပြီး ခြေရာခံ ရှာဖွေနိုင်စွမ်း ရှိသည်။
ရန်မေကို ရှာတွေ့နိုင်ပြီး သူမ အသက်ရှင်နေသေးသရွေ့တော့ သူမကို ကယ်ထုတ်နိုင်ဖို့ သူ လုံးဝ ယုံကြည်မှု ရှိသည်။
တင်းယန်က လီယွဲ့ကျင်းကို သွားခေါ်ရန် လူလွှတ်လိုက်ပြီး လင်းယွမ်က ထပ်ပြောသည် "လန်ယွဲ့ဟွာ ငါ့အပေါ် မုန်းတီးစိတ်က အရမ်း နက်ရှိုင်းတယ်... ရန်မေကို ဖမ်းသွားရုံလေးနဲ့ သူ့ရင်ထဲက အငြိုးကို ပြေပျောက်ဖို့ မလုံလောက်လောက်ဘူး"
"သူ့မှာ တခြား အစီအစဉ်တွေ ရှိဦးမယ်လို့ ငါ ခန့်မှန်းတယ်... တင်းယန်... နင် ချက်ချင်း လူလွှတ်ပြီး ထိုက်ယန်တောင် နေရာအနှံ့ကို စစ်ဆေးခိုင်းလိုက်... ဈေးဝယ်စင်တာ၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာန၊ နေရောင်ခြည်ခန်းလို လူစုလူဝေး ရှိတဲ့နေရာတွေကို အဓိကထားပြီး စစ်ဆေး"
တင်းယန်၏ မျက်နှာက လေးနက်သွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည် "သိပြီ... အခုပဲ လူလွှတ်လိုက်မယ်"
"နေဦး... တိတ်တိတ်လေး လုပ်ရမယ်... အသံအရမ်း မဆူစေနဲ့... လန်ယွဲ့ဟွာရဲ့ လူတွေ ရိပ်မိသွားလိမ့်မယ်"
ဆက်ရန်...