အခန်း (၆၆၇-၆၆၈)
Vol. 34 Ch. 667-668
အပိုင်း(၆၆၇) ရဲရဲတောက် မီးလင်းယုန်၏ အစွမ်း
မျိုးရိုးဗီဇမျိုးစေ့ အမျိုးအစားတိုင်း နိုးထလာပြီးသည်နှင့် ၎င်းတို့နှင့် သက်ဆိုင်သော မျိုးရိုးဗီဇမြေပုံများလည်း နိုးထလာမည် ဖြစ်သည်။
မျိုးရိုးဗီဇမြေပုံများကို သံကြိုးတစ်ထပ်နှင့် သံကြိုးနှစ်ထပ်ဟူ၍ ခွဲခြားထားသည်။
သံကြိုးနှစ်ထပ် မျိုးရိုးဗီဇမြေပုံက အစောပိုင်းကာလတွင်ပင် ပင်ကိုယ်အစွမ်းတစ်ရပ်ကို နိုးထလာစေနိုင်သည်။
သံကြိုးတစ်ထပ် မျိုးရိုးဗီဇမြေပုံကမူ မျိုးရိုးဗီဇ အရည်အသွေး ၁၀၀ မှတ် ပြည့်သွားပြီးမှသာ မျိုးရိုးဗီဇကို တရားဝင် ပြန်လည်ဖွဲ့စည်းကာ ပင်ကိုယ်အစွမ်းကို နိုးထလာစေမည် ဖြစ်သည်။
သို့သော်လည်း တစ်ကြိမ်စီ နိုးထလာသော မျိုးရိုးဗီဇမြေပုံများက ကျပန်းသာဖြစ်ပြီး သတ်မှတ်ထားခြင်းမျိုး မရှိပေ။
လင်းယွမ်က သူ ယခု ဖွဲ့စည်းလိုက်သည့် မီးဓာတ် မျိုးရိုးဗီဇမျိုးစေ့က သူ့အတွက် မည်သို့သော မျိုးရိုးဗီဇမြေပုံကို ယူဆောင်လာပေးမည်နည်းဆိုသည်ကို အလွန် မျှော်လင့်နေမိသည်။
သူက သူ၏ အရည်အသွေးပြဘုတ်ကို ကြည့်လိုက်ပြီး အခြေခံ မျိုးရိုးဗီဇ အရည်အသွေးများကို ကျော်ကာ မျိုးရိုးဗီဇမျိုးစေ့၊ မျိုးရိုးဗီဇမြေပုံနှင့် ပင်ကိုယ်အစွမ်းဟူသော ကဏ္ဍသုံးခုကို တိုက်ရိုက် ကြည့်လိုက်သည်။
အမည် - ရဲရဲတောက် မီးလင်းယုန်
လင်းယွမ်က အသေးစိတ် ဖော်ပြချက်ကို ကြည့်လိုက်သည်။
အမျိုးအစား - အဆင့်မြင့် (သံကြိုးနှစ်ထပ်)
ပင်ကိုယ်အစွမ်း - ဟင်းလင်းပြင် လျှပ်စီးမီးတောက်
ဟင်းလင်းပြင် လျှပ်စီးမီးတောက် - ဟင်းလင်းပြင်ထဲတွင် ပြန့်ကားလောင်ကျွမ်းနိုင်သော အမှုန်များ ပေါက်ကွဲမှုမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ် မီးတောက်ဖြစ်သည်။ ဤမီးတောက်သည် အလွန် ပြင်းထန်သော ရိုက်ခတ်မှုနှင့် လျှပ်တစ်ပြက် တိုက်ခိုက်နိုင်သည့် အာနိသင် ပါဝင်ပြီး ပစ်လွှတ်လိုက်သည့် အလျင်က လျှပ်စီးကဲ့သို့ မြန်ဆန်လှသည်။
မျိုးရိုးဗီဇ သယ်ဆောင်လာသော အစွမ်းများ - မီးဓာတ်အသွင်ပြောင်းခြင်း၊ ဟင်းလင်းပြင် ရှင်သန်ခြင်း
မီးဓာတ်အသွင်ပြောင်းခြင်း - မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းရန် မလိုဘဲ ခန္ဓာကိုယ်ကို မီးဓာတ်အဖြစ် ပြောင်းလဲနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို လျစ်လျူရှုနိုင်မည် ဖြစ်သည်။
ဟင်းလင်းပြင် ရှင်သန်ခြင်း - မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပြီးနောက် ရဲရဲတောက် မီးလင်းယုန် အခြေအနေတွင် ခန္ဓာကိုယ်တွင်းရှိ အမှုန်များ လည်ပတ်မှုကို အားကိုးကာ ဟင်းလင်းပြင် ပတ်ဝန်းကျင်ကို လျစ်လျူရှု၍ အချိန်ကြာမြင့်စွာ ရှင်သန်နိုင်သည်။
ဤဖော်ပြချက်ကို ကြည့်ရင်း လင်းယွမ်၏ ရင်ထဲတွင် ရုတ်တရက် လှုပ်ရှားသွားရသည်။
"ဟင်းလင်းပြင် ရှင်သန်ခြင်း"
သူ၏ အကြည့်များက ထိုဟင်းလင်းပြင် ရှင်သန်ခြင်းဆိုသည့် မျိုးရိုးဗီဇ အစွမ်းပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
ယခုအချိန်အထိ ဤသည်က ဟင်းလင်းပြင် ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်သော အစွမ်းကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် ဖြစ်သည်။
သူ၏ အစွမ်းများအားလုံးထဲတွင် အခြေခံအားဖြင့် ကမ္ဘာမြေ၏ ပတ်ဝန်းကျင်အပေါ်၌သာ အခြေခံထားသော အစွမ်းများ ဖြစ်ကြသည်။
ဟင်းလင်းပြင် ပတ်ဝန်းကျင်မျိုးနှင့် ကြုံတွေ့ရခဲလှသည်။
ဤအချက်က လင်းယွမ်ကို ယခင်က စစ်တပ်၏ ကောင်းကင်ချောက်နက်ထဲတွင် တွေ့ခဲ့ရသော ခြေသုံးချောင်း ရွှေကျီးကန်း သားရဲကြီးကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားစေသည်။
ထိုသတ္တဝါ၏ ခြေသည်းသုံးချောင်းက ဒဏ္ဍာရီပုံပြင်များထဲရှိ ခြေသုံးချောင်း ရွှေကျီးကန်းနှင့် အလွန် တူညီလှသည်။
သေချာပေါက် ဤအမည်ကို စစ်တပ်မှ လူများက အမည်ပေးထားခြင်း ဖြစ်သည်။
သို့သော် ဤသည်က လင်းယွမ်ကို မေးခွန်းတစ်ခု စဉ်းစားမိသွားစေသည်... ထိုကောင်းကင်ချောက်နက်ပေါ်ရှိ မိစ္ဆာကောင်များကို လေပေါ်ကျွန်းမှ ကပ်ပါးမျိုးစိတ်များဟု ဆိုကြသည်။
ဒါဆိုလျှင် ထိုလေပေါ်ကျွန်းများကရော မည်သည့်နေရာမှ ရောက်လာခဲ့ခြင်း ဖြစ်မည်နည်း။
၎င်းတို့က ကမ္ဘာမြေပေါ်ရှိ သက်ရှိများ ဟုတ်ရဲ့လား။
အကယ်၍ မဟုတ်ခဲ့လျှင် ၎င်းတို့က အာကာသထဲမှ ရောက်ရှိလာသည်ဟု သံသယဝင်နိုင်မည် မဟုတ်လော။
အာကာသထဲမှ ရောက်ရှိလာသည် ဆိုပါက အာကာသ ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်စွမ်း သေချာပေါက် ရှိရပေမည်။
သူ ယခု နိုးထလာသော ဤရဲရဲတောက် မီးလင်းယုန်၏ မျိုးရိုးဗီဇ သယ်ဆောင်လာသည့် အစွမ်းများထဲတွင် ဟင်းလင်းပြင် ရှင်သန်ခြင်း အစွမ်း ပါဝင်နေခဲ့သည်။
ဤရဲရဲတောက် မီးလင်းယုန် မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းရန်အတွက် လိုအပ်သော သွေးအဆီအနှစ်ကို စစ်တပ်စီက ဝယ်ယူထားခြင်း ဖြစ်ကြောင်း သိထားရမည်။
ဤသည်က စစ်တပ်မှ သတ်ဖြတ်ခဲ့သော ကောင်းကင်ချောက်နက် သက်ရှိတစ်မျိုးမျိုး၏ သွေးအဆီအနှစ် ဖြစ်နေနိုင်မလား။
အကယ်၍ ကောင်းကင်ချောက်နက် သန္ဓေပြောင်းသားရဲ၏ သွေးအဆီအနှစ်သာ အမှန်တကယ် ဖြစ်ခဲ့လျှင် ထိုသွေးအဆီအနှစ်များက သူ့ကို ရဲရဲတောက် မီးလင်းယုန် မျိုးရိုးဗီဇမျိုးစေ့အား ဖွဲ့စည်းနိုင်စေခဲ့ခြင်းက သူ၏ ခန့်မှန်းချက်ကို သက်သေပြနေခြင်း မဟုတ်လော။
ဤကောင်းကင်ချောက်နက် သန္ဓေပြောင်းသားရဲများ၏ ဇာစ်မြစ်က အာကာသပြင်ပနှင့် ပတ်သက်ဆက်နွှယ်နေနိုင်ခြေ အလွန်များနေသည် မဟုတ်လား။
လင်းယွမ်က ဤအစွမ်းမှတစ်ဆင့် အခြားကိစ္စရပ်များစွာကို ချက်ချင်း ဆက်စပ်တွေးတောမိသွားပြီး သူ၏ စိတ်ထဲတွင် ရဲတင်းသော ခန့်မှန်းချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယခင်က ရေခဲမြေရိုင်းဝက်ဝံ မျိုးရိုးဗီဇမျိုးစေ့ကို သူ ဖွဲ့စည်းခဲ့စဉ်က အခြေအနေနှင့် ပေါင်းစပ်ကြည့်လျှင် ၎င်းထံမှ မျိုးရိုးဗီဇ မှတ်ဉာဏ်အချို့ကို ရရှိခဲ့ပုံပေါ်သည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ကမ္ဘာမြေပေါ်တွင် ကြောက်မက်ဖွယ် ဥက္ကာပျံမိုးများ ဝင်ရောက်တိုက်ခိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပုံရသည်။
ထိုသက်ရှိများက ထိုအချိန်က ကြယ်ကြွေကျောက်တုံးများနှင့်အတူ ကမ္ဘာမြေပေါ်သို့ ကျရောက်လာပြီးနောက် သက်ရှိအမြောက်အမြားအဖြစ် မျိုးပွားလာခဲ့ခြင်းမျိုးရော မဖြစ်နိုင်ဘူးလား။
လူသားများကရော တကယ်တမ်း၌ ထိုအချိန်က သက်ရှိများမှတစ်ဆင့် ဆင့်ကဲပြောင်းလဲလာခဲ့ခြင်း ဖြစ်နေနိုင်မလား။
လင်းယွမ်၏ စိတ်ထဲတွင် ခန့်မှန်းချက် အမျိုးမျိုး ထွက်ပေါ်လာပြီး သူက အမှန်တရားနှင့် ပို၍ နီးကပ်လာသကဲ့သို့ ခံစားလိုက်ရသည်။
နှမြောစရာကောင်းသည်က လက်ရှိတွင် လူသားများ ရှင်သန်ရန်ပင် ခက်ခဲနေသဖြင့် အမှန်တရားက ထိုမျှလောက် အရေးမကြီးတော့သကဲ့သို့ ဖြစ်နေသည်။
ကွမ်ဖူ စစ်တပ်တွင် သူ မြင်တွေ့ခဲ့ရသည့် တိမ်လွှာများအထက်မှ ထောက်လှမ်းရရှိသော မြင်ကွင်းကို တွေးကြည့်မိလျှင် ကောင်းကင်ယံကို ဖောက်ထွင်းကာ ကျဆင်းလာသော ထိုရေကြီးမှုကြီးက နေအဖွဲ့အစည်းအပြင်ဘက်မှ ရောက်ရှိလာခြင်း ဖြစ်ပုံရသည်။
ဤအရာအားလုံးက လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည်။
ထို့အပြင် ထိုတိမ်လွှာများအထက်တွင် စူးစမ်းလေ့လာနေသော အာကာသယာဉ်များလည်း ရှိနေသေးသည်။
အခြားသော အင်အားစုများက တိမ်လွှာများကို ဖြတ်သန်းနိုင်သော နည်းပညာများကို တီထွင်နိုင်ခဲ့ပြီ ဖြစ်ပုံရသည်။
လင်ကျန်းမြို့၏ တိုးတက်မှုက တကယ်ကို နောက်ကျကျန်ရစ်နေသေးသည်။
မုန်ယာကုမ္ပဏီကို တွေးမိသည်နှင့်တစ်ပြိုင်နက် တိမ်လွှာများကို ဖြတ်သန်းသွားသော ထိုအာကာသယာဉ်ကိုပါ ဆက်စပ်တွေးတောမိသွားသဖြင့် လင်းယွမ်၏ ရင်ထဲတွင် အရေးပေါ် အခြေအနေတစ်ခုလို ပို၍ ခံစားလာရသည်။
ရေမျက်နှာပြင် အမြင့်ပေနိမ့်သော နေရာများရှိ ကုန်းမြေများ ရေလွှမ်းမိုးခံလိုက်ရသဖြင့် နည်းပညာများနှင့် စက်ကိရိယာ အများအပြား ပျက်စီးသွားခဲ့ရသည်။
ဤသည်က လင်ကျန်းမြို့ကို ရေမျက်နှာပြင် အမြင့်ပေများသော ဒေသများနှင့် နှိုင်းယှဉ်လျှင် တိုးတက်မှု အလွန် နှေးကွေးသွားစေခဲ့သည်။
ထို့ကြောင့် လင်းယွမ်လည်း တစ်ခါတစ်ရံတွင် သက်ပြင်းချမိတတ်သည်... အကယ်၍သာ သူက စနစ်ကို ပိုင်ဆိုင်မထားဘဲ ပစ္စည်းအမြောက်အမြားကို လဲလှယ်နိုင်စွမ်း မရှိခဲ့ပါက ဤကြီးမားသော ဆင့်ကဲပြောင်းလဲမှုကြီးထဲတွင် စောစီးစွာပင် ဖယ်ရှားခံခဲ့ရမည်မှာ သေချာလှသည်။
သူတင်မကဘဲ သူ့ဘေးနားရှိ လူများပါ အပါအဝင် ဖြစ်သည်။
ထိုလူများအားလုံးကလည်း သူနှင့်တူတူပင်... အဆောက်အအုံထဲတွင် ပိတ်မိခဲ့ဖူးပြီး ရေမျက်နှာပြင် အမြင့်ပေနိမ့်သော ဒေသများတွင် နေထိုင်ခဲ့ကြကာ ရေကြီးမှု၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံခဲ့ရသဖြင့် စားသောက်ရေးပင် ပြဿနာ ဖြစ်ခဲ့ရသူများ ဖြစ်သည်။
ဤသို့သော အခြေအနေမျိုးတွင် စွမ်းအားများ တိုးတက်လာရန် ဆိုသည်မှာ ဝေလာဝေး... အချို့သူများက အစွမ်းများ ဆင့်ကဲပြောင်းလဲ နိုးထလာလျှင်တောင် ရေကြီးမှုနှင့် သန္ဓေပြောင်းသားရဲများ၏ ပါးစပ်ပေါက်ထဲတွင် သေဆုံးသွားရမည် ဖြစ်သည်။
ကွမ်ဖူတွင် တောင်များ များပြားပြီး စစ်တပ်ကပါ အခိုင်အမာ တပ်စွဲထားနိုင်၍သာ တန်ပြန်တိုက်ခိုက်မည့် အင်အားစုများကို ထိရောက်စွာ ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းကာလများတွင် ကွမ်ဖူကို လင်ကျန်းမြို့၏ နောက်ဆုံးကျန်ရစ်သော သန့်စင်သည့် နယ်မြေဟုပင် ဆိုနိုင်ပေသည်။
ကံကောင်းစွာဖြင့် ရေပေါ်ကျွန်းများ ပေါ်လာမှုက အသက်ရှင်ကျန်ရစ်သူများကို မျှော်လင့်ချက် ရောင်ခြည်လေး မြင်တွေ့သွားစေခဲ့သည်။
ကောင်းကင်ကြီးက လူတွေကို လမ်းစပျောက်အောင် မလုပ်ဘူးလို့ပဲ ဆိုရမည်။
ရေမျက်နှာပြင် အမြင့်ပေများသော ဒေသများကမူ ဤတစ်နှစ်ကျော် ကာလအတွင်းတွင် အစွမ်းများနှင့် နည်းပညာများကို အလျင်အမြန် တိုးတက်လာစေခဲ့သဖြင့် ထွက်ပေါ်လာသော အစွမ်းပိုင်ရှင် အရေအတွက်ကလည်း မရေမတွက်နိုင်အောင် များပြားလှပေသည်။
လင်ကျန်းမြို့ဘက်တွင်မူ မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်များ ထွက်ပေါ်လာရန်ပင် အနည်းငယ် ခက်ခဲနေသေးသည်။
သို့သော် ရေမျက်နှာပြင် အမြင့်ပေများသော ထိုဒေသများတွင် နည်းပညာစွမ်းရည်များ ရှိနေနိုင်ပြီး မျိုးရိုးဗီဇမျိုးစေ့ကို သန့်စင်နိုင်ရုံသာမက သန္ဓေပြောင်းသားရဲများ၏ သွေးအဆီအနှစ်ကိုပင် လူလုပ်နည်းဖြင့် ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပေလိမ့်မည်။
သူက စနစ်ကို အားကိုး၍ ဖြတ်လမ်းလိုက်သကဲ့သို့ သူတို့ကလည်း နည်းပညာကို အားကိုး၍ သဘာဝကျကျ ရှေ့ပြေးနေနိုင်ပေသည်။
သေချာပေါက် အဆင့်မြင့် နည်းပညာ၏ ရလဒ်များကို အမှန်တကယ် ခံစားခွင့်ရမည့်သူများကလည်း ထိပ်ပိုင်းခေါင်းဆောင် အနည်းစုသာ ဖြစ်မည်မှာ ကျိန်းသေလှသည်။
သို့သော် လင်းယွမ်၏ စနစ်ကမူ သူ့တစ်ယောက်တည်း ကျင့်ကြံရန်အတွက် သီးသန့် ထောက်ပံ့ပေးထားပြီး သူ့အင်အားစုများကို ပြုစုပျိုးထောင်ပေးရန်အတွက်ပင် အပိုစွမ်းအင်များ ရှိနေသေးသည်။
ထို့ကြောင့် လင်းယွမ်၏ အားသာချက်က အလွန် သိသာထင်ရှားနေဆဲဟု ဆိုနိုင်ပေသည်။
အမှတ်များ အလုံအလောက် ရှိနေသရွေ့ စနစ်က သူ့အတွက် ထောက်ပံ့ပေးနိုင်မည့် အရာများကလည်း အများအပြား ရှိနေမည် ဖြစ်သည်။
ထို့ကြောင့် လင်းယွမ် ပိုမို အားကောင်းလာရန်ဆိုသည်မှာ အချိန်ပြဿနာတစ်ခုသာ ဖြစ်သည်။
"အမကျန်း... အမကျန်း... လူတွေရော"
ထိုအချိန်မှာပင် လိုဏ်ဂူအပြင်ဘက်မှ အော်ခေါ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လင်းဝမ်က ချက်ချင်း ခေါင်းမော့လိုက်ပြီး သူမ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ယခုအချိန်တွင် သူမက ထိုအမကျန်း၏ ရုပ်သွင်အဖြစ်သို့ ပြောင်းလဲထားပြီး ဖြစ်သည်။
သို့သော် ယခုအချိန်တွင် လင်းယွမ်က သုမာရု ဟင်းလင်းပြင်ထဲ၌ ရှိနေဆဲဖြစ်သဖြင့် သူမက အနည်းငယ် စိုးရိမ်တကြီး ဖြစ်သွားပြီး လင်းယွမ်ကို အကြောင်းကြားချင်သော်လည်း မည်သို့ ဆက်သွယ်ရမည်ကို မသိဖြစ်နေသည်။
သူမက အသွင်ပြောင်းခြင်းကို ကျွမ်းကျင်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်က အမှန်တကယ်ပင် အဆင့်မမြင့်လှပေ။
လင်းယွမ်သာ မရှိပါက အပြင်ဘက်မှ လာမည့်သူကို သူမ ဖမ်းထားနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။
ထိုသို့ တွေးနေစဉ်မှာပင် အသံတစ်သံ ထွက်ပေါ်လာသည်ကို သူမ ရုတ်တရက် ကြားလိုက်ရသည်။ "မစိုးရိမ်ပါနဲ့... ကျွန်တော် ဒီမှာ ရှိတယ်... လန်ယွဲ့ဟွာ ဟုတ် မဟုတ် သွားကြည့်လိုက်"
ထိုအသံကို ကြားလိုက်ရသဖြင့် လင်းဝမ်လည်း စိတ်သက်သာရာ ရသွားပြီး အပြင်ဘက်သို့ ချက်ချင်း လျှောက်သွားလိုက်သည်။
လိုဏ်ဂူဝတွင်မူ အမျိုးသမီးသုံးယောက် အတူတကွ ရပ်နေသည်ကို တွေ့လိုက်ရသည်။
၎င်းတို့ထဲမှ တစ်ယောက်မှာ အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ် အနည်းငယ် တုတ်ခိုင်ကာ အသားမည်းမည်းနှင့် ဖြစ်သည်။
နောက်အမျိုးသမီးတစ်ယောက်မှာမူ သေးသွယ်ကျော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး အလွန် နုနယ်သော ကလေးမလေးတစ်ယောက်နှင့် တူသော်လည်း သူမ၏ မျက်နှာပေါ်ရှိ ဆေးလိပ်မီးပူလောင်ထားသော အမာရွတ်တစ်ခုက ထိုနုနယ်သော အလှတရားကို ဖျက်ဆီးပစ်လိုက်ပြီး သူမကို စိတ်ရောဂါသည်တစ်ယောက်လို ရုပ်ဆိုးအကျည်းတန်သွားစေသည်။
ထိုသုံးယောက်ထဲတွင် ခေါင်းဆောင်ဖြစ်သူက အသားမည်းမည်း တုတ်တုတ်ခိုင်ခိုင် အမျိုးသမီးလည်း မဟုတ်သလို ထိုနုနယ်သော မိန်းကလေးလည်း မဟုတ်ပေ။
အသက်သုံးဆယ် ဝန်းကျင်အရွယ်ရှိ ထိပ်ပြောင်အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။
ထိုအမျိုးသမီး၏ အကြည့်များက စူးရှထက်မြက်နေပြီး အသက်ရှူသံများကလည်း အားကောင်းလှကာ ယခုအချိန်တွင် ပတ်ဝန်းကျင်ကို သတိကြီးကြီးဖြင့် လိုက်လံ ကြည့်ရှုနေသည်။
သူမက လိုဏ်ဂူထဲသို့ ဝင်လာသည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် ယခုအချိန်တွင် အတွင်းသို့ ဆက်မဝင်တော့ဘဲ တံခါးဝတွင်သာ ရပ်ကာ အော်ခေါ်နေခြင်း ဖြစ်သည်။
လင်းဝမ်က အပြင်သို့ ထွက်လာပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ အလျင်အမြန် ပြောလိုက်သည်။ "ရှိတယ်... ရှိပါတယ်"
ထိပ်ပြောင်အမျိုးသမီးက အသံကို နှိမ့်ကာ မေးလိုက်သည်။ "ကောင်မလေးချန်ရော ဘယ်ရောက်သွားတာလဲ"
လင်းဝမ်က ပြန်ဖြေလိုက်သည်။ "ခုနလေးတင် အပေါ်မှာ အခြေအနေ တစ်ခုခု ဖြစ်သွားလို့ ကောင်မလေးချန်က အပြင်ကို သွားကြည့်တာ... ပြန်မလာသေးဘူး"
ထိပ်ပြောင်အမျိုးသမီး၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း အော်ငေါက်လိုက်သည်။ "ငါ နင်တို့ကို ပြောထားတယ် မဟုတ်လား... ဘာအသံပဲကြားကြား ဒီလိုဏ်ဂူထဲကနေ ထင်သလို ထွက်မသွားရဘူးလို့"
ထို့နောက် သူမက ချက်ချင်း ဆက်ပြောလိုက်သည်။ "ဟေးလန်... ကျိုးရှို့လျန်... နင်တို့နှစ်ယောက်က ဓားစာခံတွေကို ခေါ်ပြီး နေရာပြောင်းတော့... အမကျန်း... ရှင်က ကျွန်မနဲ့အတူ ကျန်ခဲ့ပြီး ဗုံးတွေ ထောင်ရမယ်"
လင်းဝမ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး မေးလိုက်သည်။ "အပြင်ဘက် အခြေအနေက အဲ့ဒီလောက်တောင် အရေးကြီးနေတာလား... အဖွဲ့ခေါင်းဆောင်တို့ရော ဘယ်ရောက်နေကြလဲ"
ထိပ်ပြောင်အမျိုးသမီးက သူမကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မမေးသင့်တာကို မမေးနဲ့"
လင်းဝမ်က မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် လက်မှိုင်ချသွားသလို ဖြစ်သွားသည်။
"ဘာကြောင်ကြည့်နေတာလဲ... ဓားစာခံတွေကို ခေါ်လာခဲ့လေ" ထိပ်ပြောင်အမျိုးသမီးက အော်ငေါက်လိုက်သည်။
လင်းဝမ်က ခေါင်းညိတ်ပြလိုက်ပြီး လိုဏ်ဂူထဲသို့ နောက်ဆုတ်သွားကာ တစ်ချိန်တည်းမှာပင် ပြောလိုက်သည်။ "ကိုလင်းယွမ်... ကျွန်မ ဘာမှ လုပ်လို့မရတော့ဘူး... စကားလည်း လှည့်ပတ်မေးလို့ မရတော့ဘူး... ကိုလင်းယွမ်ပဲ ကိုယ်တိုင် ဖြေရှင်းလိုက်ပါတော့"
မျက်နှာချင်းဆိုင်မှ ထိပ်ပြောင်အမျိုးသမီးက ကြောင်သွားပြီး ချက်ချင်း အော်မေးလိုက်သည်။ "ရှင် ဘာပြောလိုက်တာလဲ... ရှင် ဘယ်သူနဲ့ စကားပြောနေတာလဲ"
သူတို့သုံးယောက်ထဲတွင် အသားမည်းမည်း တုတ်တုတ်ခိုင်ခိုင် အမျိုးသမီး တစ်ယောက်တည်းကသာ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး လင်းဝမ်ကို ခေါင်းမော့ကြည့်လိုက်သည်။
"လင်းယွမ်လား..."
"ဒုက္ခပဲ..."
သူမက တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး ဘေးနားရှိ နုနယ်သော မိန်းကလေးကို ဆွဲယူလိုက်ကာ ပြောလိုက်သည်။ "အာလျန်... ငါတို့ကို မြန်မြန် ခေါ်သွားတော့"
နုနယ်သော မိန်းကလေး၏ မျက်နှာပေါ်ရှိ ဆေးလိပ်မီးပူလောင်ထားသော အမာရွတ်က တွန့်လိမ်သွားပြီး သူမက အသားမည်းမည်း တုတ်တုတ်ခိုင်ခိုင် အမျိုးသမီးကို ဆွဲကာ မြေကြီးထဲသို့ နစ်ဝင်သွားတော့သည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် သူမ၏ တစ်ကိုယ်လုံး ရုတ်တရက် တုန်ယင်သွားပြီး လူတစ်ကိုယ်လုံး လှုပ်ရှား၍ မရတော့ပေ။
ထိုအချိန်မှာပင် ထိပ်ပြောင်အမျိုးသမီးကလည်း တစ်စုံတစ်ခုကို သတိထားမိသွားပြီး လက်ကို ရုတ်တရက် ဝှေ့ယမ်းကာ အရာဝတ္ထုတစ်ခုကို ပစ်လွှတ်လိုက်ပြီး လင်းဝမ်ဆီသို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းဝမ်က ဘာမှထပ်မပြောတော့ဘဲ သုမာရု ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင် ပျောက်ကွယ်သွားတော့သည်။
လင်းယွမ်၏ ကိုယ်ယောင် ထွက်ပေါ်လာပြီးနောက် သူက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုပစ်လွှတ်လိုက်သော အရာဝတ္ထုက ဟင်းလင်းပြင် အက်ကွဲကြောင်း၏ ဝါးမျိုခြင်းကို တိုက်ရိုက် ခံလိုက်ရသည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ ပြင်းထန်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာခဲ့သည်။
ဧရာမ မီးတောက် ရိုက်ခတ်မှုလှိုင်းကြီးတစ်ခုက လွှမ်းခြုံထွက်ပေါ်လာသော်လည်း ထိုရိုက်ခတ်မှုလှိုင်းကြီး ထွက်ပေါ်မလာမီမှာပင် လင်းယွမ်က လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် အက်ကွဲကြောင်းက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ထိုဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ မီးတောက်အချို့သာ လွတ်ထွက်လာပြီး မီးပွားလေးများအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွားသည်။
လင်းယွမ်က နေရာတွင်ပင် ကြောင်အကာ ရပ်နေသော ထိပ်ပြောင်အမျိုးသမီးကို ကြည့်လိုက်ပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။
"တကယ်ပဲ ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတွေ ရှိနေတာလား"
ထိုလူသုံးယောက်စလုံးက သူ၏ ရုပ်သေးကြိုးမျှင်များ၏ ထိန်းချုပ်မှုကို ခံထားရသဖြင့် လှုပ်ရှား၍ မရတော့ပေ။
လင်းယွမ်က သူတို့သုံးယောက်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏ အကြည့်များက ထိုအသားမည်းမည်း တုတ်တုတ်ခိုင်ခိုင် အမျိုးသမီးပေါ်သို့ ကျရောက်သွားသည်။
"ငါ မင်းကို မှတ်မိတယ်... မင်း နာမည်က ဟေးလန် မဟုတ်လား"
မျက်စိရှေ့ရှိ ဤအသားမည်းမည်း တုတ်တုတ်ခိုင်ခိုင် အမျိုးသမီးကို သူ အနည်းငယ် မှတ်မိနေသေးသည်။
ယခင်က လင်းယာ၏ အိမ်တွင် ဤအသားမည်းမည်း တုတ်တုတ်ခိုင်ခိုင် အမျိုးသမီးက သူနှင့် တိုက်ခိုက်ခဲ့ဖူးသည်။
ဤအမျိုးသမီးက အရပ် ခြောက်ပေခန့်ရှိပြီး တကယ့် အမျိုးသမီး တင့်ကားကြီး တစ်စီးလိုပင်... သူမက ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်မည် ထင်သည်။
သူမ၏ ရုပ်ရည်သွင်ပြင်ကို သူ အလွန် မှတ်မိနေပြီး သူမနှင့် လင်းယာတို့ အတူတူ ရပ်နေပါက ခြားနားမှုက အလွန် ပြင်းထန်လွန်းလှသည်။
အခြားသော အချက်များအနေဖြင့် သူမက ခွန်အား အလွန်ကြီးမားသည်ကိုသာ လင်းယွမ် မှတ်မိနေခြင်း ဖြစ်သည်။
သူ၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး ထိုအသားမည်းမည်း တုတ်တုတ်ခိုင်ခိုင် အမျိုးသမီး၏ ဦးနှောက်အာရုံကြော ထိန်းချုပ်မှုကို လွှတ်ပေးလိုက်ကာ သူမကို လွတ်လပ်စွာ စကားပြောခွင့် ပေးလိုက်သည်။
ဟေးလန်က လင်းယွမ်ကို စိုက်ကြည့်လိုက်ပြီး မျက်ရည်များ ဝဲလာကာ ပြောလိုက်သည်။ "လင်းဆိုတဲ့ကောင်... နင့်မှာ အရည်အချင်းရှိရင် ငါ့ကို သတ်လိုက်စမ်း... အဲ့ဒီလိုမှမဟုတ်ဘဲ ငါ အသက်ရှင်နေသေးသရွေ့တော့ နင့်ကို တစ်စစီ ခုတ်ထစ်ပြီး လင်းယာအတွက် လက်စားချေဖို့ နည်းလမ်း ရှာမှာပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ လင်းယွမ်က ချက်ချင်း ကြောင်သွားသည်။
"လင်းယာအတွက် လက်စားချေမယ်... ဘာအဓိပ္ပာယ်လဲ"
ဟေးလန်က လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "နင်က လင်းယာကို ဖမ်းချုပ်ထားပြီး အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်ခဲ့တာလေ... ယွဲ့ဟွာက ငါ့ကို အကုန် ပြောပြပြီးပြီ... လင်းဆိုတဲ့ကောင်... နင် သေရွာမဖြောင့်စေရဘူး"
"လင်းယာလို သိမ်မွေ့တဲ့ မိန်းမတစ်ယောက်က ဘာတွေ မှားယွင်းခဲ့လို့ နင်က ဒီလိုမျိုး ဒုက္ခပေးရတာလဲ"
"လန်ယွဲ့ဟွာ ပြောတာ မှန်တယ်... နင်တို့ ယောကျ်ားတွေ အားလုံးက ခန္ဓာကိုယ် အောက်ပိုင်းနဲ့ပဲ ဦးနှောက်ကို ဆုံးဖြတ်တတ်တဲ့ တိရစ္ဆာန်တွေပဲ"
"နင်တို့ကို သတ်ပစ်တာက သက်သာလွန်းတယ်... နင်တို့ကို သင်းကွပ်ပစ်ပြီး တစ်စစီ ခုတ်ထစ်ပစ်ဖို့ ကောင်းတာ"
ဟေးလန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လင်းယွမ်အပေါ် ထားရှိသည့် သူမ၏ ရန်ငြိုးများက အဆုံးမရှိသော ဒေါသမီးတောက်ကြီးတစ်ခုလို ပေါက်ကွဲထွက်လာခဲ့သည်။
အကယ်၍ အကြည့်များကသာ လူကို သတ်နိုင်မည်ဆိုပါက လင်းယွမ်က သူမ၏ အကြည့်များအောက်တွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေဆုံးပြီးနေလောက်ပြီ ဖြစ်သည်။
ထိုသို့သော စွပ်စွဲချက်များကို ကြားလိုက်ရသောအခါ လင်းယွမ်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ "လန်ယွဲ့ဟွာက မင်းကို ဒီလို ပြောပြခဲ့တာလား"
ဆက်ရန်...
အပိုင်း(၆၆၈) မီးစုန်း သင်္ကေတ
လင်းယွမ်က ဟေးလန်၏စကားများကို နားထောင်ရင်း မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
သူ့ရှေ့ရှိ ဟေးလန်ဟုခေါ်သော ဤမိန်းမဝဝကြီးက လင်းယာနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်ကြောင်း သူသိထားသည်။
ယခင် မိန်တုဥယျာဉ်တွင် ရှိစဉ်က သူ လင်းယာ၏အိမ်ထဲသို့ မတော်တဆ ဝင်ရောက်မိချိန်၌ ထိုအသားမည်းမည်းနှင့် မိန်းမဝဝကြီးက လင်းယာကို ကယ်တင်ရန် ပထမဆုံး ပြေးဆင်းလာခဲ့သူ ဖြစ်သည်။
အိမ်တွင် ရှိနေစဉ် အတောအတွင်း လင်းယာက အတိတ်အကြောင်းများကို ပြောပြသောအခါ၌လည်း ဤအသားမည်းမည်း မိန်းမဝဝကြီးအကြောင်းကို ထည့်သွင်းပြောဆိုတတ်သည်။
ယင်းကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးက အလွန်ရင်းနှီးပြီး အတော်လေး ခင်မင်ရသော သူငယ်ချင်းများ ဖြစ်ကြောင်း သိသာလှသည်။
ယခင်က လင်းယွမ်သည် လန်ယွဲ့ဟွာကို အနိုင်ယူပြီး ဘုရင်မသင်္ဘောကို သိမ်းပိုက်ခဲ့စဉ်က လင်းယာနှင့် ရှန်ယွင်ရှီးတို့ နှစ်ဦးသာ သူ၏ အထူးအလေးပေးမှုကို ရရှိခဲ့ပြီး ကျန်လူအားလုံးကိုတော့ ရေလုံထောင်ထဲသို့ ပစ်ထည့်ကာ အကျဉ်းချထားခဲ့သည်။
လင်းယာက ထိုလူများကို တိတ်တဆိတ် လွှတ်ပေးခဲ့ချိန်တွင် ဤအသားမည်းမည်း မိန်းမဝဝကြီးလည်း လွတ်မြောက်သွားခဲ့သည်။
ထိုစဉ်က လင်းယွမ်က သိပ်ဂရုမစိုက်ခဲ့ဘဲ ထိုမိန်းမဝဝကြီးကို ကပ်ပါးမျိုးစေ့ပင် ထည့်သွင်းမထားခဲ့ချေ။
ပထမအချက်အနေဖြင့် ဤမိန်းမဝဝကြီး၏ စွမ်းအားက သာမန်သာဖြစ်ပြီး ခွန်အားကြီးမားရုံသက်သက်သာ ဖြစ်သည့်အတွက် ထိုသို့သော အစွမ်းပိုင်ရှင်မျိုးကို စိုးရိမ်စရာမရှိပေ။
ဒုတိယအချက်အနေဖြင့် ဤမိန်းမက အဓိကအဖွဲ့ဝင်လည်း မဟုတ်သဖြင့် သူမကို ထိန်းချုပ်ထားရန် မလိုအပ်ချေ။
သို့သော် လန်ယွဲ့ဟွာက သူမကို ခေါ်သွားရုံသာမက မိမိက လင်းယာကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်ဟုပါ ဤမိန်းမဝဝကြီးအား ပြောဆိုခဲ့လိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ကြည့်ရသည်မှာ လန်ယွဲ့ဟွာက ဤမိန်းမ၏ မိမိအပေါ် အမုန်းတရားများကို အသုံးချကာ သူမအတွက် အလုပ်လုပ်ပေးစေရန် ကြံစည်နေခြင်း ဖြစ်ပုံရသည်။
သူမက လူကို အစိမ်းလိုက်ဝါးစားတော့မည့် အမူအရာမျိုးဖြင့် လင်းယွမ်ကို စိုက်ကြည့်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က တိုက်ရိုက်ပင် ပြောလိုက်သည် "တကယ့်ငတုံးပဲ... မင်း လန်ယွဲ့ဟွာ လိမ်တာခံလိုက်ရပြီ... လင်းယာက အကောင်းကြီးရှိတယ်... သူဘာမှမဖြစ်တဲ့အပြင် အခုချိန်ထိ ကောင်းကောင်းမွန်မွန် အသက်ရှင်နေရုံတင်မကဘူး ငါတို့ ထိုက်ယန်တောင် လက်နက်စက်ရုံရဲ့ လက်နက်ထုတ်လုပ်ရေး ကျွမ်းကျင်သူတောင် ဖြစ်နေပြီ"
ဟေးလန်က ချက်ချင်း ကြောင်အမ်းသွားသော်လည်း ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်သည် "မဖြစ်နိုင်ဘူး... ရှင် ကျွန်မကို လိမ်နေတာ"
လင်းယွမ်က ဟက်ဟက်ပက်ပက် လှောင်ပြုံးပြုံးလိုက်ပြီး "ထားလိုက်တော့... မင်းနဲ့ အပိုစကားတွေ ပြောနေစရာ မလိုပါဘူး... လန်ယွဲ့ဟွာ ဘယ်မှာလဲဆိုတာ ငါ့ကိုပြောစမ်း... မင်းတို့ ထိုက်ယန်တောင်ကို ဘယ်လို ဖောက်ခွဲဖို့ ကြံစည်ထားတာလဲ"
ဟေးလန်က လှောင်ပြုံးပြုံးလိုက်သည် "ကျွန်မက ရှင့်ကို ပြောပြမယ်လို့ ထင်နေတာလား"
လင်းယွမ်က နောက်ထပ် အပိုစကား မပြောတော့ဘဲ လက်တစ်ချက် ဝှေ့ယမ်းကာ လူသုံးယောက်လုံးကို သုမာရု ဟင်းလင်းပြင်ထဲသို့ ပစ်သွင်းလိုက်သည်။
ထို့နောက် လင်းဝမ်အား ပြောလိုက်သည် "သွားမယ်... ငါတို့ ပြန်ကြရအောင်... စစ်ဆေးရေးဌာနက လူတွေကို သူတို့ကို စစ်ဆေးခိုင်းလိုက်ရင် အကုန်လုံး အလိုလို ပေါ်လာမှာပဲ"
လင်းဝမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် အထဲသို့ ဝင်ကာ ရန်မေကို သွားခေါ်လိုက်ပြီး လင်းယွမ်၏ ဦးဆောင်မှုအောက်တွင် မြေပြင်ပေါ်သို့ ပြန်ထွက်လာကာ ထိုက်ယန်တောင် ဘက်စုံသုံး အဆောက်အအုံဆီသို့ အလျင်အမြန် ထွက်ခွာသွားကြသည်။
ခေါင်းဆောင် စံအိမ်သို့ ပြန်ရောက်ချိန်တွင် ကျွမ်းရှုယွမ်က သတင်းရရှိထားပြီးဖြစ်ကာ အလျင်စလို ပြေးလာခဲ့သည်။
သူမ၏ ကမန်းကတန်း ဖြစ်နေသော မျက်နှာအမူအရာကို ကြည့်ရသည်မှာ အလွန် စိုးရိမ်နေပုံရသည်။
တွေ့တွေ့ချင်းမှာပင် ကျွမ်းရှုယွမ်က အလောတကြီး ပြောလာသည် "ကိုလင်းယွမ်... ပြဿနာတော့ ကြီးပြီ... ရှင် ခေါင်းဆောင်တင်းကို ခေါ်လာခိုင်းတဲ့ လူနှစ်ယောက်ကို ကျွန်မ စစ်ဆေးပြီးသွားပြီ... သူတို့က ထိုက်ယန်တောင်ကို တကယ် ဖောက်ခွဲဖို့ ကြံစည်နေတာ... ပြီးတော့ သူတို့ဆီမှာ ဗုံးတွေလည်း တကယ်ရှိနေတယ်"
လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည် "သူတို့ဆီက ဗုံးတွေက ဘယ်ကရလာတာလဲ"
"အဲ့ဒါက သင်္ကေတ ဗုံးတစ်မျိုးပဲ... မီးဓာတ် သင်္ကေတကို သုံးထားတာ... အဲ့ဒီသင်္ကေတကို မီးစုန်း သင်္ကေတ လို့ ခေါ်တယ်... သူက မီးစုန်းရဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေပြီး အရမ်းမီးလောင်လွယ်တယ်... တစ်ကြိမ် ပေါက်ကွဲသွားပြီဆိုတာနဲ့ သူ့အလိုလို လောင်ကျွမ်းလို့ပြီးသွားတဲ့အထိ စောင့်တာကလွဲရင် ငြိမ်းသတ်ဖို့ အရမ်းခက်ခဲတယ်"
"အဓိကအချက်က ဒီမီးစုန်း သင်္ကေတမှာ ပြင်းထန်တဲ့ ပေါက်ကွဲနိုင်စွမ်း ရှိနေတာပဲ... သူက လုံလောက်တဲ့ ပေါက်ကွဲမှုစွမ်းအားကို ဖြစ်ပေါ်စေနိုင်ပြီး မီးစုန်း သင်္ကေတ ကျောက်တုံးတစ်တုံးက ၁၅ ပေ ပတ်လည်အတွင်းမှာရှိတဲ့ ကျောက်တုံးတွေကိုတောင် အမှုန့်ဖြစ်သွားအောင် ဖောက်ခွဲပစ်နိုင်တယ်"
ဘေးနားရှိ လင်းဝမ်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည် "ထိုက်ယန်တောင်က ဒီလောက်ကြီးတာ... သူတို့က ထိုက်ယန်တောင်ကို ဖောက်ခွဲဖို့ဆိုရင် မီးစုန်း သင်္ကေတ ဘယ်လောက်တောင် သုံးရမှာလဲ"
ကျွမ်းရှုယွမ်၏ မျက်နှာက တည်တင်းသွားပြီး ပြောလိုက်သည် "အများကြီး မလိုဘူး... သူတို့အဖွဲ့ထဲမှာ စက်မှုနဲ့ဖောက်ခွဲရေး ကျွမ်းကျင်သူ တစ်ယောက်ပါလာတယ်... သူက တောင်ကြောရဲ့ အဓိကကျတဲ့ နေရာတွေကို ရှာတွေ့နိုင်တယ်လို့ ပြောတယ်... သတ်မှတ်ထားတဲ့ နေရာအနည်းငယ်ကို တိုက်ရိုက် ဖောက်ခွဲလိုက်ရုံနဲ့ တောင်တစ်တောင်လုံး သူ့အလိုလို ပြိုကျပျက်စီးသွားစေနိုင်တယ်"
ဤစကားကို ကြားလိုက်ရချိန်တွင် လင်းယွမ်ကိုယ်တိုင်ပင် မျက်နှာ တည်တင်းသွားသည်။
တစ်ဖက်လူများတွင် မြေဓာတ် အစွမ်းပိုင်ရှင် ရှိနေသဖြင့် တောင်၏ မည်သည့်နေရာကိုမဆို တိတ်တဆိတ် ဝင်ရောက်နိုင်ပေသည်။
အကယ်၍ တောင်၏ အဓိကကျသော နေရာများကို အထူးတလည် ရှာဖွေနိုင်သည့် ဖောက်ခွဲရေး ကျွမ်းကျင်သူများ တကယ် ရှိနေမည်ဆိုလျှင် ထိုက်ယန်တောင်ကို ဖောက်ခွဲပစ်နိုင်ရန် အမှန်တကယ်ပင် ဖြစ်နိုင်ချေ ရှိနေသည်။
ဒါက သဘာဝတောင်တန်းများ၏ အားနည်းချက်ပင် ဖြစ်သည်။ တောင်ပေါ်ရှိ နေရာတိုင်းကို မည်သူမျှ ထိန်းချုပ်ထားနိုင်စွမ်း မရှိပေ။
သာမန် ရေပေါ်ကျွန်း တစ်ခုသာဆိုလျှင် လန်ယွဲ့ဟွာတို့ ထိုက်ယန်တောင်သို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို ပိုင်ဆိုင်ထားသော ရေပေါ်ကျွန်းသခင်က သူတို့ကို ချက်ချင်း ဖမ်းဆီးနိုင်မည် ဖြစ်သည်။
ခန့်မှန်းရသလောက် လန်ယွဲ့ဟွာက ဤအချက်ကို သေချာပေါက် သိရှိထားသဖြင့် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ဘက်သို့ သွားရောက် ပြဿနာရှာမနေတော့ဘဲ ထိုက်ယန်တောင်သို့ တိုက်ရိုက်လာရောက်ကာ ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်ပုံရသည်။
လင်းယွမ်က ချက်ချင်း မေးလိုက်သည် "လန်ယွဲ့ဟွာဘယ်မှာလဲ ဆိုတာကို မေးလို့ရပြီလား"
"သူတို့လည်း မသိကြဘူး... ဒီလန်ယွဲ့ဟွာက လှုပ်ရှားမှုတွေကို လျှို့ဝှက်ထားပြီး သူ့ရဲ့ လူယုံအနည်းငယ်လောက်ပဲ သူမရဲ့ သွားရေးလာရေးကို သိကြတယ်"
လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းကာ ဖမ်းဆီးလာခဲ့သော ဟေးလန်တို့ သုံးယောက်ကို သုမာရု ဟင်းလင်းပြင်ထဲမှ ပြန်ထုတ်ပေးလိုက်သည်။
သူက အသံကိုနှိမ့်ကာ ပြောလိုက်သည် "ဒီလူတွေက လန်ယွဲ့ဟွာရဲ့ လူယုံတွေ ဖြစ်လောက်တယ်... မင်း သူတို့ကို ချက်ချင်း စစ်ဆေးကြည့်လိုက်"
ကျွမ်းရှုယွမ်က ထိုစကားကို ကြားသည်နှင့် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
သူမက လူသုံးယောက်ရှေ့သို့ အမြန်လျှောက်သွားပြီး သူတို့ ယခုအချိန်တွင် စကားပြောနိုင်ခြင်း ရှိမရှိကို ဂရုမစိုက်ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
"လန်ယွဲ့ဟွာ ဘယ်မှာလဲ"
လူသုံးယောက်လုံးက ဘာသံမှ ထွက်မလာကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင်တော့ အထင်သေးမှုများ အပြည့် ရှိနေသည်။
ထိပ်ပြောင်နှင့် မိန်းမရော ဟေးလန်ပါ သေရမည်ကို မကြောက်မရွံ့သည့် အမူအရာများကို ပြသနေကြသည်။
သို့သော် ကျွမ်းရှုယွမ်၏ နောက်ထပ် ထွက်ပေါ်လာသော စကားတစ်ခွန်းက သူတို့၏ မျက်နှာများကို ချက်ချင်း ပျက်ယွင်းသွားစေခဲ့သည်။
"ရေပေါ်တံတား ဆိပ်ကမ်းမှာ ရှိနေတာပဲ"
ဟေးလန်က ချက်ချင်းပင် အံ့သြဒေါသထွက်သွားသည် "ရှင်... ရှင် ဘယ်လိုလုပ် သိတာလဲ"
ကျွမ်းရှုယွမ်က ဂရုမစိုက်ဘဲ ထပ်မေးလိုက်သည် "ရေပေါ်တံတား ဆိပ်ကမ်းရဲ့ ဘယ်နေရာမှာလဲ"
"သင်္ဘောပေါ်မှာလား... သူတို့က ထိုက်ယန်တောင်ပေါ်ကို မတက်လာဘူးပေါ့"
"ရေအောက်ကနေ ခိုးဝင်လာကြတာလား"
သူမက မေးခွန်းတစ်ခု မေးလိုက်တိုင်း လူသုံးယောက်၏ စိတ်ထဲတွင် တွေးနေသော အဖြေများကို ချက်ချင်း တိတိကျကျ ရရှိနေသည်။
ခဏအတွင်းမှာပင် လူသုံးယောက်လုံး၏ မျက်နှာများက တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားကြပြီး ကျွမ်းရှုယွမ်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိကြသည်။
ကျွမ်းရှုယွမ်က အရေးကြီးသော သတင်းအချက်အလက်များကို ရရှိသွားပြီဖြစ်၍ လင်းယွမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည် "ကိုလင်းယွမ်... ရေပေါ်တံတား ဆိပ်ကမ်းက တံငါလှေတစ်စီးပေါ်မှာတဲ့"
"ဒီလူတွေက ရေအောက်ကနေတစ်ဆင့် ထိုက်ယန်တောင်ထဲကို ခိုးဝင်လာကြတာ... ပြီးတော့ သူတို့က မနေ့ကတည်းက ဗုံးထောင်မယ့် နေရာတွေကို စီစဉ်နေကြပြီ... ကျွန်မတို့ မြန်မြန်လုပ်မှ ရတော့မယ်"
လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည် "မလုပ်နဲ့... လန်ယွဲ့ဟွာကို အရင် မလှုပ်ရှားစေနဲ့ဦး... သူ့ကို လှုပ်ရှားခွင့်ပေးလိုက်ရင် ခွေးရူးကိုက်သလို ဖြစ်သွားပြီး ဗုံးတွေကို ချက်ချင်း ဖောက်ခွဲပစ်လိုက်လိမ့်မယ်"
"ဒီလိုလုပ်... ဗုံးထောင်ထားတဲ့ နေရာတွေကို အရင်မေးလိုက်... ပြီးရင် အဲ့ဒီနေရာတွေကို ရှင်းလင်းဖို့ လူလွှတ်လိုက်... ဗုံးထောင်ထားတဲ့ နေရာအားလုံးက အန္တရာယ်ကင်းသွားပြီဆိုမှ လန်ယွဲ့ဟွာကို ဖမ်းဖို့ လုပ်လည်း နောက်မကျသေးဘူး"
ကျွမ်းရှုယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း ခေါင်းညိတ်လိုက်သည် "ဟုတ်တယ်... ဗုံးထောင်ထားတဲ့ နေရာတွေကို အရင် စစ်ဆေးရမယ်... ကျွန်မ မေးလိုက်မယ်"
ယခုအချိန်တွင် လူသုံးယောက်က စကားမပြောနိုင်ဘဲ ဟေးလန် တစ်ယောက်တည်းသာ စကားပြောနိုင်စွမ်း ရှိသည်။
သို့သော် ဟေးလန်က ဦးနှောက်မပြေးသဖြင့် ကျွမ်းရှုယွမ်က သူမ၏ စိတ်ထဲရှိ အတွေးများကို မည်သို့ သိရှိနေကြောင်းကို လုံးဝ နားမလည်နိုင် ဖြစ်နေသည်။
ကျန်နှစ်ယောက်ကတော့ အလွန် စိုးရိမ်ပူပန်နေကြပြီး ရှေ့ရှိ ရင်စေ့ကော်လာ ခါးလည်ကွဲဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ဤမိန်းမတွင် စိတ်ဖတ်ခြင်းကဲ့သို့သော အစွမ်းမျိုး ရှိနေမည်ကို ရှင်းရှင်းလင်းလင်း နားလည်ထားကြသည်။
သူတို့နှစ်ယောက်က မိမိတို့၏ စိတ်ထဲရှိ အတွေးများကို ထိန်းချုပ်ရန် ကြိုးစားကြပြီး ကျွမ်းရှုယွမ်၏ မေးခွန်းများကို ဂရုမစိုက်ဘဲ နေလိုက်ကြသည်။
သို့သော်လည်း စိတ်အာရုံ လွင့်ပါးမှုဆိုသည်မှာ တည်ငြိမ်အောင်လုပ်ရန် အခက်ခဲဆုံးပင် ဖြစ်သည်။
တစ်ယောက်ယောက်က သင့်ကို တစ်အပေါင်းတစ် ဘယ်လောက်လဲဟု မေးလိုက်သောအခါ သင် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သင့်ဦးနှောက်က တွေးတောပြီး အဖြေတစ်ခုကို ထုတ်ပေးပြီး ဖြစ်နေလိမ့်မည်။
ထို့ကြောင့် လုံးဝ အသုံးမဝင်ပေ။ ထိုနှစ်ယောက်က ကျွမ်းရှုယွမ်၏ မေးခွန်းများအောက်တွင် သူတို့၏ စိတ်ထဲရှိ သိထားသမျှ အရာအားလုံးကို ထုတ်ဖော်ပြောပြသလို ဖြစ်သွားခဲ့သည်။
ခဏအတွင်းမှာပင် လူသုံးယောက်လုံး၏ မျက်နှာပေါ်တွင် မျှော်လင့်ချက် ကင်းမဲ့နေသော အမူအရာများ ပေါ်ထွက်လာပြီး ကျွမ်းရှုယွမ်ကို ထိုနေရာတွင်ပင် ချက်ချင်း သတ်ပစ်ချင်စိတ်များပင် ပေါက်လာကြသည်။
မကြာမီ ကျွမ်းရှုယွမ်က မြေပုံတစ်ခုကို ယူဆောင်လာပြီး ရရှိထားသော ဗုံးထောင်ထားသည့် နေရာများကို အလျင်အမြန် စတင် မှတ်သားလိုက်သည်။
သူမက မြန်ဆန်စွာ ပြောလိုက်သည် "ဒီသုံးယောက်က မီးစုန်း သင်္ကေတတွေကို တပ်ဆင်ရတဲ့ လူတွေ ဖြစ်လောက်တယ်... ဗုံးထောင်ထားတဲ့ နေရာတွေကို အတော်လေး အသေးစိတ် သိထားကြတယ်"
လင်းယွမ်က မြေပုံကို တစ်ချက်ကြည့်လိုက်ပြီး လင်းဝမ်အား ချက်ချင်း ပြောလိုက်သည် "လင်းဝမ်... မင်း ဒါကို မိတ္တူနည်းနည်းလောက် ကူးလိုက်... ပြီးရင် ဆောက်လုပ်ရေးဌာနက မြေလျှိုးအစွမ်း ကျွမ်းကျင်တဲ့ သူတွေကို ချက်ချင်း အကြောင်းကြားပြီး ဗုံးထောင်ထားတဲ့ နေရာတွေကို ချက်ချင်းသွားစစ်ဆေးခိုင်းလိုက်... မီးစုန်း သင်္ကေတ အကုန်လုံးကို ဖြုတ်ပြီး ပြန်ယူလာခဲ့လို့ ပြောလိုက်"
လင်းဝမ်က ချက်ချင်း ခေါင်းညိတ်လိုက်သည် "နားလည်ပါပြီ"
နောက်ဆုံးတွင် ကျွမ်းရှုယွမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး မေးလိုက်သည် "ဒီလန်ယွဲ့ဟွာက တကယ်တော့ ဘယ်လိုလူမျိုးလဲ... ဘာလို့ ဒီလောက်တောင် အကြင်နာတရား ကင်းမဲ့ရတာလဲ"
လင်းယွမ်က ပြောလိုက်သည် "စိတ်မမှန်တဲ့ မိန်းမတစ်ယောက်ပါပဲ"
ကျွမ်းရှုယွမ်က ချက်ချင်း စိတ်ဝင်စားသွားသည် "ဘယ်လို မိန်းမမျိုးလဲ... လှလား"
လင်းယွမ်က သူမကို တစ်ချက်စောင်းကြည့်လိုက်ပြီး "ငါ သူ့ကို သတ်ရမှာ"
ကျွမ်းရှုယွမ်က ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။ ကြည့်ရသည်မှာ တကယ့် ရန်သူသက်သက် ဖြစ်ပုံရသည်။
သူမက မေးလိုက်သည် "ဒါဆို ပြီးရင် ရှင် ဒီမိန်းမကို သွားရှာမှာလား"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည် "အင်း... ဒီတစ်ခါတော့ သူ့ကို ထပ်ပြီး အလွတ်ပေးလို့ လုံးဝ မဖြစ်တော့ဘူး"
ထိုအချိန်မှာပင် အပြင်ဘက်မှ ကင်းလှည့်တပ်ဖွဲ့ဝင်များ၏ အသံများ ထွက်ပေါ်လာသည်။
"ဆရာလင်း... စစ်ဆေးရေးဌာနရဲ့ သဲလွန်စတွေအရ ဆိပ်ကမ်းမှာ သံသယဖြစ်စရာကောင်းတဲ့ သင်္ဘောတစ်စီးကို ကျွန်တော်တို့ ရှာတွေ့ထားပါတယ်"
"ရှင့်ရဲ့ အမိန့်အတိုင်း ကျွန်တော်တို့ ချက်ချင်း မလှုပ်ရှားသေးဘဲ လောလောဆယ် အနီးကပ် စောင့်ကြည့်နေပါတယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည် "ဗုံးထောင်ထားတဲ့ နေရာအားလုံးကို အမြန်ဆုံး ရှာဖွေပြီး ရှင်းလင်းလိုက်... ဗုံးထောင်ထားတဲ့ နေရာအားလုံးကို ဖယ်ရှားပြီးတာနဲ့ လှုပ်ရှားမယ်"
"ဟုတ်ကဲ့ပါ"
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး နာရီဝက်ပင် မပြည့်သေးချိန်တွင် တင်းယန်က အလျင်အမြန် ပြန်ရောက်လာသည်။
လင်းယွမ်က သူမ ပြန်ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း မေးလိုက်သည် "ဘယ်လိုလဲ"
"ဗုံးထောင်ထားတဲ့ နေရာ စုစုပေါင်း တစ်ရာသုံးဆယ့်နှစ်ခုကို ရှာတွေ့ခဲ့တယ်... အဲ့ဒီထဲမှာ မီးစုန်း သင်္ကေတ အမြောက်အမြားကို မြှုပ်နှံထားတယ်... ရှင့်ရဲ့ အမိန့်အတိုင်း မီးစုန်း သင်္ကေတ အားလုံးကို သုမာရု လက်စွပ်ထဲ သိမ်းဆည်းလိုက်ပြီ"
"ဒါပေမဲ့ ဒီမီးစုန်း သင်္ကေတတွေက အရေအတွက် အရမ်းများလွန်းတယ်... သုမာရု လက်စွပ်ဆိုရင်တောင် ဒီလောက် ပြင်းထန်တဲ့ ဗုံးတွေကို ခံနိုင်ရည်ရှိပါ့မလားလို့ ကျွန်မ စိုးရိမ်မိတယ်"
လင်းယွမ်က လက်လှမ်းပေးလိုက်ပြီး ပြောလိုက်သည် "ကိစ္စမရှိဘူး... သုမာရု လက်စွပ်က စိတ်စွမ်းအင် အဆက်အသွယ်ကို ဖြတ်တောက်နိုင်သလို ရေဒီယိုလှိုင်းတွေကိုလည်း ဟန့်တားပေးနိုင်တယ်"
"ဒီလို ထိန်းချုပ်တဲ့ နည်းလမ်းတွေ မရှိဘဲနဲ့ လန်ယွဲ့ဟွာက ဒီမီးစုန်း သင်္ကေတတွေကို အသက်သွင်းနိုင်မှာ မဟုတ်ဘူး"
စကားအရသာ ထိုသို့ ပြောနေသော်လည်း လင်းယွမ်က တင်းယန်အား သုမာရု လက်စွပ်ကို သူ့ထံ ပေးရန် ပြောလိုက်သည်။
သူက အထဲရှိ မီးစုန်း သင်္ကေတ အားလုံးကို ထုတ်ယူကာ သူ့လက်ထဲရှိ သုမာရု လက်စွပ်ထဲသို့ ပြောင်းထည့်လိုက်သည်။
အကယ်၍ လန်ယွဲ့ဟွာတွင် ဤမီးစုန်း သင်္ကေတများကို ပေါက်ကွဲစေရန် အခြားနည်းလမ်းများ တကယ် ရှိနေမည်ဆိုလျှင်တောင်။
ထိုအချိန်ရောက်လျှင် မိမိကိုယ်တိုင် သုမာရု လက်စွပ်ကို တိုက်ရိုက် ဖောက်ခွဲပစ်ကာ ၎င်း၏ ဟင်းလင်းပြင်ကို ပြိုကျသွားစေမည် ဖြစ်ပြီး ပေါက်ကွဲမှုအားလုံးသည် ဟင်းလင်းပြင် စီးကြောင်းများထဲတွင် အလိုလို ပျောက်ကွယ်သွားနိုင်မည် ဖြစ်သည်။
"လင်းယွမ်... အဲ့ဒီမိန်းမကို သွားဖမ်းတော့မှာလား" တင်းယန်က အေးစက်စူးရှသော အကြည့်များဖြင့် ပြောလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည် "အန္တရာယ် ရှင်းသွားပြီဆိုတော့ လှုပ်ရှားကြရအောင်"
"ကျွန်မလည်းလိုက်မယ်"
"နင်လား... လန်ယွဲ့ဟွာရဲ့ အစွမ်းက မသေးဘူးနော်... သူက လေဆာရောင်ခြည် အစွမ်းတစ်မျိုးကို ကျွမ်းကျင်ပြီး အဝေးကနေ တိုက်ခိုက်နိုင်တယ်" လင်းယွမ်က အနည်းငယ် စိုးရိမ်နေမိသည်။
တင်းယန်က သူ့ကို စောင်းကြည့်လိုက်ပြီး ပြောလိုက်သည် "ကျွန်မက သူမရဲ့ ပြိုင်ဘက် မဟုတ်မှာကို ရှင် စိုးရိမ်နေတာလား"
လင်းယွမ်က မတတ်နိုင်တော့ဘဲ မေးလိုက်သည် "နင်နဲ့ငါ အတူတူ သွားကြတာပေါ့"
တင်းယန်က ပြောလိုက်သည် "ဒါဆိုရင် ကျွန်မကို အရင် လှုပ်ရှားခွင့် ပေးရမယ်"
လင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် ကျွမ်းရှုယွမ်က ရုတ်တရက် ဝင်ပြောလိုက်သည် "ကျွန်မလည်း လိုက်မယ်"
"မင်းက လိုက်ပြီး ဘာလုပ်မလို့လဲ... မင်းက တိုက်ခိုက်တာမှ မကျွမ်းကျင်တာ"
"ကျွန်မ သူ့ရဲ့ စိတ်ထဲက လှုပ်ရှားမှုတွေကို ခိုးနားထောင်လို့ ရတယ်လေ... တချို့ လျှို့ဝှက်ချက်တွေကိုတောင် ကြားရနိုင်တယ် မဟုတ်လား" ကျွမ်းရှုယွမ်က ချက်ချင်း ပြောလိုက်သည်။
လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရေပေါ်ကျွန်းပေါ်ရှိ ထိုလျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကို ရုတ်တရက် သတိရသွားသည်။
လန်ယွဲ့ဟွာက တစ်ခုခုများ သိနေနိုင်မလား။
ချက်ချင်းပင် သူက ပြောလိုက်သည် "ဒါဆိုလည်း ကောင်းပြီလေ... မင်းလည်း လိုက်ခဲ့"
လူတစ်စုသည် ရေပေါ်တံတား ဆိပ်ကမ်းဘက်သို့ အလျင်အမြန် ထွက်ခွာသွားကြသည်။
ယခုအချိန်တွင် ရေပေါ်တံတား ဆိပ်ကမ်းသည် အေးခဲသွားပြီ ဖြစ်သည်။ ထိုက်ယန်တောင်နှင့် မိန်တောင်မှ တူးဖော်ထားသော ဧရာမ ငါးဖမ်းကွင်းကြီး သုံးခုမှလွဲ၍ ကျန်နေရာများအားလုံးမှာ ရေခဲပြင်များ အတိဖြစ်နေပြီး နှင်းဖြူများ ဖုံးလွှမ်းနေသည်။
မူလက ရေထဲတွင် ဆိုက်ကပ်ထားသော ဧရာမ သင်္ဘောကြီးများသည် ယခုအခါ ယာယီ ခံတပ်ကြီးများ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။
၎င်းတို့အထဲတွင် သမ္မတ ၇ သင်္ဘောသည် သင်္ဘောအားလုံးထဲတွင် အထင်ရှားဆုံးနှင့် အကြီးမားဆုံးပင် ဖြစ်သည်။
ဤဧရာမ သင်္ဘောကြီးသည် ယခုအခါ ရေပေါ်တံတား ဆိပ်ကမ်း၏ ယာယီ တည်းခိုခန်းသဖွယ် နေရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
အတွင်းပိုင်းတွင် အပန်းဖြေစရာ ကစားကွင်း အမျိုးမျိုး ရှိရုံသာမက နေထိုင်နိုင်ရန် ဧည့်ခန်းများလည်း အများအပြား ရှိနေသေးသည်။
ဤနေရာကို ဖြတ်သန်းသွားသော အခြား အဖွဲ့အစည်းများမှ အသက်ရှင်ကျန်ရစ်သူ အများအပြားက ဤနေရာတွင် ငွေကြေးအကုန်အကျခံကာ တည်းခိုရန် ရွေးချယ်ကြပြီး ကပ်ဘေးအပြီး တွေ့ကြုံရခဲသော နွေးထွေးသည့် ဟိုတယ်ဘဝကို ခံစားလေ့ရှိကြသည်။
ယခုအချိန်၌ ငါးဖမ်းကွင်း၏ အရှေ့မြောက်ဘက်ရှိ တံငါလှေငယ်လေး တစ်စီးပေါ်တွင်။
ဆံပင်တိုတို ညှပ်ထားပြီး ဦးထုပ်နှင့် လေကာမျက်မှန်များ တပ်ဆင်ထားသော လူအနည်းငယ်သည် လှေထဲတွင် စုဝေးနေကြသည်။
လှေ၏ အနောက်ဘက်ဆုံးတွင် အသက်သုံးဆယ်ဝန်းကျင် အရွယ်ရှိ မိန်းမတစ်ယောက် ရှိနေသည်။ သူမက ခပ်ပွပွ အမွေးပွအင်္ကျီကို ဝတ်ဆင်ထားပြီး နေကာမျက်မှန် တပ်ဆင်ထားကာ ဆံပင်ရှည်များကို ပခုံးပေါ်တွင် ဖြန့်ချထားသည်။
"ခေါင်းဆောင်... နာရီဝက်လောက် ရှိနေပြီ... ဗုံးထောင်ဖို့ စီစဉ်တဲ့သူတွေ ပြန်မလာကြသေးဘူး... တစ်ခုခုများ ဖြစ်နေပြီလား"
လန်ယွဲ့ဟွာက မျက်မှန်ကို ချွတ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင်လည်း မှိုင်းညို့နေသော အမူအရာများ ပေါ်ထွက်လာသည် "မင်ချွန်းတို့ဘက်က အခြေအနေကရော ဘယ်လိုလဲ... လင်း ဆိုတဲ့လူရဲ့ မိန်းမကို ခေါ်လာနိုင်ပြီလား"
"ဘာလှုပ်ရှားမှုမှ မရှိဘူး... ဟေးလန် ကျွန်မတို့ကို သစ္စာဖောက်သွားတာတော့ မဟုတ်ပါဘူးနော်" ဘေးနားရှိ ဆံပင်နှစ်ဖက်ချည်ထားသော မိန်းမတစ်ယောက်က ရုတ်တရက် ဝင်ပြောလိုက်သည်။
လန်ယွဲ့ဟွာက မျက်မှောင်ကြုတ်လိုက်သည် "မဖြစ်နိုင်ပါဘူး... သူက လင်းယာနဲ့ တွေ့ဖို့ အခွင့်အရေး မရှိဘူးလေ... ငါ့ရဲ့ လှည့်ကွက်တွေကို သူ ရိပ်မိစရာ အကြောင်းမရှိဘူး... ဆစ်ဆစ်... ထျန်ထျန်ရော"
ဆံပင်နှစ်ဖက်ချည်ထားသော မိန်းမမှာ လျှိုဆစ်ဆစ်ပင် ဖြစ်သည်။ သူမက ထိုစကားကို ကြားသောအခါ ပြောလိုက်သည် "အနီးအနားမှာ သတင်းသွားစုံစမ်းနေလောက်တယ်... သူ့ရဲ့ ကိုယ်ပျောက်အစွမ်းက အရမ်း အစွမ်းထက်တာပဲ... ယွဲ့ဟွာ... နင် အရမ်း စိုးရိမ်မနေပါနဲ့"
လန်ယွဲ့ဟွာက ခေါင်းခါလိုက်ပြီး ပြောလိုက်သည် "ငါ နိမိတ် မကောင်းသလို ခံစားနေရတယ်... နေရာရွှေ့ကြရအောင်... ထပ်မစောင့်တော့ဘူး... ချက်ချင်းပဲ ဖောက်ခွဲပစ်လိုက်တော့"
ဆက်ရန်...