အခန်း (၆၇၁-၆၇၂)
Vol. 34 Ch. 671-672
အပိုင်း(၆၇၁) လင်းယာ၏တောင်းဆိုမှု
ပြင်းထန်လှသော သွေးနံ့က သန္ဓေပြောင်း ငါးအမြောက်အများကို ဆွဲဆောင်သွားသည်။
ရေတွက်၍မရနိုင်သော သန္ဓေပြောင်း ငါးများက ထိုအလောင်းများဆီသို့ အလုအယက် ပြေးလာကြပြီး အသားများကို စတင် ကိုက်ဖြတ် စားသောက်ကြတော့သည်။
လင်းယွမ်က ဆက်မကြည့်တော့ဘဲ ကိုယ်ကို တစ်ချက် ဖျတ်ခနဲ ရွှေ့လိုက်ကာ ရေအောက်မှ ထွက်ခွာလာခဲ့ပြီး ရေခဲပြင်ကို ဖောက်ထွက်လျက် ထိုက်ယန်တောင်သို့ ပြန်လာခဲ့သည်။
"စောစောက ကိုယ်ပျောက်အစွမ်းပိုင်ရှင် ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ချင်တာ ဒါမှမဟုတ် အခွင့်ကောင်းယူပြီး လန်ယွဲ့ဟွာကို ကယ်ချင်တာ သေချာတယ်"
"ဒီအစွမ်းက နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသား... ကိုယ်ပျောက်နိုင်ရုံတင်မကဘဲ စိတ်စွမ်းအင် လှိုင်းတွေကိုပါ ဖုံးကွယ်ထားနိုင်တော့ တခြားသူတွေ ရှာမတွေ့အောင် လုပ်နိုင်တယ်"
"ဒါပေမဲ့ သိပ်တော့ အသုံးမဝင်ဘူး... ဒီလိုအစွမ်းမျိုးက အနီအောက်ရောင်ခြည် ထောက်လှမ်းမှုကိုတော့ ကာကွယ်နိုင်မှာ မဟုတ်ဘူး"
လင်းယွမ်က ခေါင်းခါလိုက်သည်။ ဤအစွမ်းက လူတွေရဲ့ အမြင်အာရုံကို လှည့်စားနိုင်သော်လည်း နည်းပညာကိုတော့ လှည့်စားနိုင်မည် မဟုတ်ဟု သူ ခံစားမိသည်။
အနီအောက်ရောင်ခြည် ထောက်လှမ်းရေးကိရိယာ တစ်ခုတည်းနှင့်တင် တစ်ဖက်လူကို ချက်ချင်း ပေါ်လာစေနိုင်သည်။
သေချာသည်က အနီအောက်ရောင်ခြည် ထောက်လှမ်းရေးကိရိယာသာမက စွမ်းအင်တိုင်းမျက်မှန်ဖြင့်လည်း သူမကို တွေ့နိုင်လောက်သည်။
ထို့ကြောင့် ဤအစွမ်းက နားထောင်ကြည့်လျှင် အတော်လေး အစွမ်းထက်သည်ဟု ထင်ရသော်လည်း တကယ်တမ်းကျတော့ သိပ်အသုံးမဝင်လှပေ။
တစ်ဖက်လူက ကိုယ်ပျောက်သည့်အပြင် မိမိခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များကိုပါ ဖုံးကွယ် ထိန်းချုပ်ထားနိုင်မှသာ လုံခြုံမည်ဖြစ်သည်။
သို့သော် ဤအချက်က ထိုက်ယန်တောင်၏ ကာကွယ်ရေးစနစ်က မပြည့်စုံသေးကြောင်း တစ်ဖက်တစ်လမ်းကနေ ဖော်ပြနေသည်။
တစ်ဖက်လူက ဤမျှ လွယ်ကူစွာပင် ဝင်ရောက်လာနိုင်ခဲ့ခြင်း မဟုတ်ပါလား။
"ခိုလှုံရေးစခန်းတစ်ခုရဲ့ ကာကွယ်ရေးစနစ်က အစွမ်းပိုင်ရှင်တွေကိုချည်းပဲ အားကိုးနေလို့ မရဘူး... နည်းပညာ အကူအညီတွေလည်း ပါဝင်ဖို့ လိုအပ်တယ်"
လင်းယွမ်က စိတ်ထဲတွင် လေးလေးနက်နက် တွေးတောနေမိသည်။
ထိုက်ယန်တောင်သို့ ပြန်ရောက်သည်နှင့် လင်းယွမ်က ရန်မေတို့ကို နေရာချထားပေးလိုက်သည်။
နောက်နှစ်ရက်တာ ကာလအတွင်း တင်းယန်က ထိုက်ယန်တောင် ကင်းလှည့်တပ်ဖွဲ့ကို ဦးဆောင်ကာ လန်ယွဲ့ဟွာ၏ အဖွဲ့ဝင် (၂၁) ဦးကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးနိုင်ခဲ့သည်။
ကျွမ်းရှုယွမ်၏ စစ်ဆေးမေးမြန်းချက်များအရ ဤအဖွဲ့တွင် လူစုစုပေါင်း (၃၀) ရှိသည်ဟု သိရသည်။
လူအနည်းငယ်လောက်သာ ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်သူများအားလုံး ဖမ်းဆီးခံရခြင်း သို့မဟုတ် ရေအောက်တွင် ပုန်းအောင်းနေရင်း ရေနစ်သေဆုံးသွားခြင်းများ ဖြစ်ကုန်သည်။
ယနေ့တွင် လင်းယွမ်က လသာဆောင်၌ မီးစုန်းသင်္ကေတကို လေ့လာနေသည်။
ဤမီးစုန်းသင်္ကေတ၏ မီးလောင်ကျွမ်းနိုင်စွမ်းက အလွန်အားကောင်းလွန်းလှရာ ဆောင်းရာသီကြီးတွင်ပင် အတွင်းပိုင်းစွမ်းအင်ကို အနည်းငယ် နှိုးဆွလိုက်ရုံဖြင့် မီးလောင်ကျွမ်းသွားနိုင်သည်။
၎င်းကို သဘာဝ မီးလောင်ဗုံးတစ်လုံးဟုပင် ဆိုနိုင်ပြီး မီးစုန်းသင်္ကေတ ကျောက်တုံးတစ်တုံးက နာရီဝက်ခန့်ကြာအောင် လောင်ကျွမ်းနိုင်သည်။
"ဒီမီးစုန်းသင်္ကေတကို မီးဓာတ် အစွမ်းပိုင်ရှင်တွေနဲ့သာ ပေါင်းစပ်လိုက်မယ်ဆိုရင် လူပုံစံ မီးလောင်ဗုံးတွေ ဖြစ်သွားမှာပဲ"
လင်းယွမ်က စိတ်ထဲတွင် တိတ်တဆိတ် အံ့သြသွားသည်။
စဉ်းစားကြည့်လျှင်... တိုက်ပွဲဖြစ်နေချိန်တွင် မီးဓာတ် အစွမ်းပိုင်ရှင်တစ်ယောက်က မီးစုန်းသင်္ကေတ ကျောက်တုံးများကို အများအပြား ထုတ်ယူကာ ပြင်းပြင်းထန်ထန် ပစ်ပေါက် ဖောက်ခွဲလိုက်မည်ဆိုပါက မည်သို့ ရှိမည်နည်း။
ထိုအခါ တဟုန်းဟုန်း တောက်လောင်နေသော မီးပင်လယ်ကြီး ဖြစ်မသွားပေဘူးလား... လုံးဝကို ငြှိမ်းသတ်လို့ရမည် မဟုတ်ပေ။
သူက ဤမီးစုန်းသင်္ကေတကို သင်ယူတတ်မြောက်ပြီးဖြစ်ရာ ယခုအခါ ဤသင်္ကေတကို အလွယ်တကူပင် ပုံဖော် ဖန်တီးနိုင်နေပြီ ဖြစ်သည်။
ထို့အပြင် ဤအဖြစ်အပျက်တစ်ဆင့် ရန်သူများကို ခြေရာခံခြင်းကလည်း အလွန်အရေးကြီးကြောင်း လင်းယွမ်က သဘောပေါက်သွားသည်။
သူက လီယွဲ့ကျင်း၏ စိတ်ဝိညာဉ်အမှတ်အသား သင်္ကေတကိုလည်း သင်ယူတတ်မြောက်သွားခဲ့သည်။
အစွမ်းများ၏ မူလဇစ်မြစ်မှာ အမျိုးအစား အနည်းငယ်သာ ရှိပြီး ဒြပ်စင်အမျိုးမျိုး၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ခွန်အား၊ အလျင်နှင့် စိတ်စွမ်းအင် စသည်တို့သာ ဖြစ်သည်။
သို့သော် ၎င်းတို့မှတစ်ဆင့် ခွဲထွက်လာသော အစွမ်းအမျိုးမျိုးကတော့ အဆက်မပြတ် ပြောင်းလဲမှုများ ရှိနေသည်။
ထို့ကြောင့် မည်မျှပင် သင်ယူနေပါစေ ဘယ်တော့မှ လုံလောက်မည် မဟုတ်ပေ။
ထိုက်ယန်တောင်တွင် သင်္ကေတအရိုးများ အများအပြား စုဆောင်းထားသော်လည်း လင်းယွမ်က အားလုံးကို သင်ယူနိုင်ခြင်း မရှိသေးဘဲ သူ့အတွက် အသုံးဝင်မည့်အရာများ သို့မဟုတ် အရည်အသွေးမြင့် သင်္ကေတများကိုသာ ရွေးချယ် သင်ယူနေရသည်။
"ဒေါက်... ဒေါက်... ဒေါက်"
လသာဆောင်ဘက်မှ တိုးညင်းသော ခေါက်သံလေး ထွက်ပေါ်လာသည်။
လင်းယွမ်က လှည့်ကြည့်လိုက်ရာ တံခါးဝတွင် ရပ်နေသော လင်းယာကို တွေ့လိုက်ရပြီး သူမ၏ မျက်နှာအမူအရာက အနည်းငယ် မသက်မသာ ဖြစ်နေပုံရသည်။
"ထမင်းစားပြီးပြီလား"
လင်းယွမ်က မေးလိုက်သည်။
လင်းယာက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "စားပြီးပါပြီ"
လင်းယွမ်က မတ်တတ်ထရပ်ကာ လသာဆောင် ပြတင်းပေါက်ကို ဆွဲဖွင့်ပြီး အိမ်ထဲသို့ ဝင်လာခဲ့သည်။
အိမ်ထဲတွင် အတော်လေး နွေးထွေးနေသော်လည်း သူ့၏ အေးစက်စက် အမူအရာကြောင့် လင်းယာမှာ အနည်းငယ် ကြောက်ရွံ့ ရိုသေနေမိသည်။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမက လင်းယွမ်၏ နောက်မှ လိုက်သွားကာ မနေနိုင်ဘဲ စကားစပြောလိုက်သည်။
"ကိုလင်းယွမ်... ကျွန်မ အခုလို ပြောဖို့ မသင့်တော်မှန်း သိပေမဲ့ ယွဲ့ဟွာတို့ နောက်ဆုံး ဘယ်လိုဖြစ်သွားလဲဆိုတာလေး သိချင်လို့ပါ"
လင်းယွမ်က သူမဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။ "တကယ်လို့ သူ အသက်ရှင်နေသေးရင် ခင်ဗျားက သူ့ကို လွှတ်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုမှာလား"
လင်းယာက သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းခါလိုက်သည်။ "ကျွန်မ သူ့ကို တစ်ခါ လွှတ်ပေးခဲ့ပြီးပြီ... အရင်က ကျေးဇူးတွေကိုလည်း ဆပ်ပြီးသွားပြီမို့ နောက်ထပ် ဒီလိုကိစ္စမျိုး ထပ်မလုပ်တော့ပါဘူး"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "အဲ့ဒါဆိုလည်း ပြီးတာပါပဲ... ကျန်တာတွေတော့ ဆက်မမေးနဲ့တော့"
"ဒီတစ်ခါ သူ လူလွှတ်ပြီး ခင်ဗျားကို ခေါ်ထုတ်သွားဖို့ လုပ်တဲ့အချိန်မှာ ခင်ဗျားက လိုက်မသွားဖို့ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့တဲ့အတွက် ကျွန်တော် အများကြီး ဝမ်းသာပါတယ်"
"ဒါပေမဲ့ သူက ရန်မေကို အသုံးချပြီး ခင်ဗျားကို ခြိမ်းခြောက်တဲ့အချိန်မှာ ခင်ဗျားက သူ့တောင်းဆိုချက်အတိုင်း လုပ်မယ့်အစား ကျွန်တော်ကို အရင်ဆုံး အကြောင်းကြားသင့်တာ... ဒီအချက်ကိုတော့ ကျွန်တော် တကယ်စိတ်ပျက်မိတယ်"
လင်းယာက အလျင်အမြန် ရှင်းပြလိုက်သည်။ "ဒါပေမဲ့ ကျွန်မသာ သူ့တောင်းဆိုချက်အတိုင်း မလုပ်ရင် သူက ရန်မေကို အန္တရာယ်ပေးလိမ့်မယ်... ကျွန်မ... ကျွန်မ စွန့်စားလို့ မရဘူးလေ"
"ကျိုးထျန်ထျန်ရဲ့ ကိုယ်ပျောက်အစွမ်းနဲ့ ကျွန်မကို အချိန်မရွေး စောင့်ကြည့်နေနိုင်တယ်... ကျွန်မ တကယ်ကို နားမထောင်ဘဲ မနေရဲခဲ့ဘူး... ပြီးတော့ ကိုလင်းယွမ်တို့ဆီကို ဘယ်လို သတင်းပို့ရမလဲဆိုတာလည်း မသိဘူး"
လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်သည်။ "ခင်ဗျားက ဒီလောက် ဉာဏ်ကောင်းတာကို တကယ်ပဲ နည်းလမ်း စဉ်းစားလို့မရဘူးလား"
"ခင်ဗျား ကျွမ်းရှုယွမ်ကို သွားရှာလိုက်ရုံပဲလေ... ခင်ဗျား ပါးစပ်ကနေ ထုတ်ပြောစရာ မလိုဘဲ သူက စိတ်ကနေ အားလုံးကို သိနိုင်တာပဲလေ"
လင်းယာက ခေါင်းခါလိုက်ပြီး မျက်ရည်များ ဝဲလာကာ ပြောလိုက်သည်။ "ကျွန်မ လျှောက်သွားလို့ မရဘူး... ကျိုးထျန်ထျန်က ကျွန်မအနားမှာ ရှိနေမနေဆိုတာကိုမှ ကျွန်မမှ မသိတာ"
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ဤကိစ္စနှင့် ပတ်သက်၍ ဆက်ပြီး ငြင်းခုံမနေတော့ပေ။
ပြောရလျှင် ဤအကြိမ် ကိစ္စတွင် လင်းယာက ထိုက်ယန်တောင်ဘက်၌ ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့ပြီး လန်ယွဲ့ဟွာနှင့်အတူ ထွက်ခွာသွားရန် လုံးဝ ရွေးချယ်ခဲ့ခြင်း မရှိသည်မှာ ကံကောင်းခြင်းပင် ဖြစ်သည်။
သို့မဟုတ်ပါက လင်းယာသာ လန်ယွဲ့ဟွာနှင့်အတူ အမှန်တကယ် ထွက်ခွာသွားခဲ့လျှင် လန်ယွဲ့ဟွာ၏ ရက်စက်ယုတ်မာမှုများအရ ထိုက်ယန်တောင်ပေါ်ရှိ မီးစုန်းသင်္ကေတများကို တုံ့ဆိုင်းနေခြင်းမရှိဘဲ သေချာပေါက် ဖောက်ခွဲပစ်ပေလိမ့်မည်။
ထိုအချိန်ကျလျှင်တော့ ထိုက်ယန်တောင်ကြီး အမှန်တကယ် ဖျက်ဆီးခံလိုက်ရပေမည်။
လင်းယွမ်က ဧည့်ခန်းထဲသို့ လျှောက်သွားလိုက်ရာ ရန်မေက အခန်းထဲမှ ထွက်မလာသေးပေ။
သူက မေးလိုက်သည်။ "ပြောလေ... ခင်ဗျား ကျွန်တော့်ကို ဘာပြောချင်လို့လဲ"
လင်းယာက ခေါင်းငုံ့ကာ ပြောလိုက်သည်။ "ကျွန်မ လူတစ်ယောက်အတွက် အသနားခံချင်လို့ပါ... ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ သူ့အသက်ကို ချမ်းသာပေးပါ"
လင်းယွမ်က သူမကို ကြည့်လိုက်သည်။ "ဘယ်သူလဲ"
"ဟေးလန်ပါ"
လင်းယွမ်၏ စိတ်ထဲတွင် ထိုအသားမည်းမည်းနှင့် ဝတုတ်တုတ် အမျိုးသမီး၏ ပုံစံက ဖျတ်ခနဲ ပေါ်လာပြီး ချက်ချင်းပင် နားလည်သွားသည်။
ဤအသားမည်းမည်း ဝတုတ်တုတ် အမျိုးသမီးက လန်ယွဲ့ဟွာ၏ အဖွဲ့ထဲသို့ ဝင်ရောက်လာပြီး လန်ယွဲ့ဟွာ၏ စကားကို နားထောင်ခဲ့ခြင်းမှာ လန်ယွဲ့ဟွာက သူမကို လှည့်စားခဲ့သောကြောင့်သာ ဖြစ်သည်။
လင်းယာကို သူက အဓမ္မ သိမ်းပိုက်ထားသည်ဟု ထိုအမျိုးသမီးက ထင်နေသောကြောင့် သူ့အပေါ် အရိုးထဲစွဲသည်အထိ မုန်းတီးနေခဲ့ခြင်း ဖြစ်သည်။
ယင်းကို ကြည့်ခြင်းအားဖြင့် ဤဟေးလန်နှင့် လင်းယာတို့၏ ဆက်ဆံရေးက အမှန်တကယ် ကောင်းမွန်ကြောင်း သိသာနေသည်။
ဤအသားမည်းမည်း ဝတုတ်တုတ် အမျိုးသမီးက သူ့ကို သတ်ချင်သည့် အကြောင်းရင်းမှာ လန်ယွဲ့ဟွာနှင့် လုံးဝ ကွာခြားနေသည်။
လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ခဏနေ ထမင်းစားပြီးရင် ကျွန်တော် ခင်ဗျားကို မြေအောက်ထောင်ဆီ တစ်ခေါက် ခေါ်သွားပေးမယ်"
လင်းယာက ချက်ချင်း ခေါင်းမော့လာပြီး အံ့သြဝမ်းသာသွားသည်။ "ကိုလင်းယွမ် သဘောတူတာလားဟင်"
လင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်။ "အဲ့ဒီ ဦးနှောက်မရှိတဲ့ မိန်းမက... ခင်ဗျားကို ကျွန်တော် အဓမ္မ သိမ်းပိုက်ပြီး ကျွန်တော့်မိန်းမအဖြစ် အတင်းအကျပ် လုပ်ခိုင်းထားတယ်လို့ ထင်နေတာလေ... လန်ယွဲ့ဟွာ သူ့ကို လိမ်ထားတာကို သူက အကြွင်းမဲ့ ယုံကြည်နေတော့... ကျွန်တော့်ကို လာသတ်တာပေါ့"
"ခင်ဗျား သွားတာနဲ့ အတော်ပဲ... သေချာ ရှင်းပြလိုက်ဦး... ဒီလိုမျိုးတော့ ကျွန်တော်နာမည်အပျက်မခံနိုင်ဘူး"
လင်းယာက ဤစကားကို ကြားသောအခါ အံ့သြဝမ်းသာဖြစ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ကျွန်မ သူ့ကို တွေ့တာနဲ့ သေချာပေါက် သေချာ ရှင်းပြပါ့မယ်... ကိုလင်းယွမ်က အဲ့ဒီလိုလူမျိုး မဟုတ်ဘူးဆိုတာကို သေချာပေါက် ပြောပြပါ့မယ်"
"ကိုလင်းယွမ်က အသက်ရှင်ကျန်ရစ်သူတိုင်းကို လေးစားတယ်... ကိုလင်းယွမ်က ကျွန်မ မြင်ဖူးသမျှထဲမှာ အကောင်းဆုံး ခိုလှုံရေးစခန်း ခေါင်းဆောင်ပါပဲ... ထိုက်ယန်တောင်ကလည်း ကျွန်မ နေဖူးသမျှထဲမှာ အကောင်းဆုံး ခိုလှုံရေးစခန်းပါ"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "ရပြီ... ထမင်းစားရအောင်"
လင်းယာက ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။ "ကျွန်မ ရန်မေကို သွားခေါ်လိုက်ပါ့မယ်"
ပြောပြီးသည်နှင့် သူမက အိပ်ခန်းဘက်သို့ သွက်လက်သော ခြေလှမ်းများဖြင့် ပြေးသွားလေသည်။
ပြေးလွှားနေစဉ်အတွင်း သူမ၏ ပြည့်ဖြိုးလှပသော ကိုယ်လုံးလေးက လှုပ်ခါနေပြီး မြင်သူတကာ၏ မျက်လုံးများကို ဆွဲဆောင်ဖမ်းစားထားနိုင်ပေသည်။
လင်းယွမ်က အကြည့်လွှဲလိုက်ပြီး စားပွဲအပြည့် တည်ခင်းထားသော ဟင်းလျာများကို ကြည့်ကာ ထမင်းစားရန် ပြင်ဆင်လိုက်သည်။
မွန်းလွဲပိုင်းတွင် လင်းယာက ပန်းကန်ခွက်ယောက်များကို ကမန်းကတန်း သိမ်းဆည်းပြီးနောက် အပြင်ဘက်တွင် လင်းယွမ် နေ့လယ်စာစားပြီး အနားယူချိန် ပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ခဏအကြာတွင် လင်းယွမ် နိုးလာပြီး ရန်မေကို နူးနူးညံ့ညံ့ အနည်းငယ် ချော့မြှူလိုက်ပြီးမှ အခန်းထဲမှ ထွက်လာခဲ့သည်။
ဧည့်ခန်းထဲရှိ လင်းယာက ချက်ချင်း မတ်တတ်ထရပ်လိုက်သည်။ "ကိုလင်းယွမ်"
"အင်း... သွားရအောင်"
လင်းယာက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ ခြေလှမ်းများနောက်သို့ အလျင်အမြန် လိုက်သွားခဲ့သည်။
လင်းယွမ် အပြင်ထွက်လာသည်နှင့် လေပေါ်သို့ တိုက်ရိုက် ပျံတက်သွားပြီး ကောင်းကင်ယံ၌ ပျံသန်းသွားလေသည်။
သို့သော် အောက်ဘက်တွင် ကျန်ရစ်ခဲ့သော လင်းယာမှာ ချက်ချင်း ကြက်သေသေသွားတော့သည်။
သူမ၏ အစွမ်းမှာ မာကျောအစွမ်းသာဖြစ်ပြီး ပျံသန်းနိုင်သည့် နည်းလမ်း မရှိပေ။
တစ်ခဏမျှ ကြောင်အမ်းသွားပြီးနောက် သူမက နေရာမှနေ၍ အလျင်အမြန် အော်ပြောလိုက်သည်။ "ကိုလင်းယွမ်... ခဏလေး... ခဏလေးနေပါဦး... ကျွန်မ မပျံတတ်ဘူးလေ"
လင်းယွမ်က ချက်ချင်း ကြောင်သွားပြီးမှ အစွမ်းပိုင်ရှင်တိုင်း ပျံသန်းနိုင်မည်မဟုတ်ကြောင်း သတိရသွားသည်။
လင်းယာကဲ့သို့ အထောက်အကူပြု အမျိုးအစား အစွမ်းပိုင်ရှင်များတွင် ပျံသန်းနိုင်သည့် စွမ်းရည် မရှိပေ။
သူက အနည်းငယ် စဉ်းစားလိုက်ပြီး မြေပြင်ပေါ်သို့ ပြန်ဆင်းလာကာ ပြောလိုက်သည်။ "အဲ့ဒီလူတွေကို မိန်တောင်မှာ ဖမ်းချုပ်ထားတာ... လမ်းလျှောက်သွားရင် အချိန်သိပ်ကုန်လိမ့်မယ်... ကျွန်တော် ခင်ဗျားကို ခေါ်သွားပေးမယ်... အဆင်ပြေတယ်မလား"
"ရှင်... အဆင်... အဆင်ပြေပါတယ်... ကျေးဇူးတင်ပါတယ်ရှင်"
ဒါက ဘာများ ကိစ္စရှိနိုင်မှာလဲဆိုတာကို လင်းယာ နားမလည်ပေ... သူမအနေဖြင့် သူ့ကို ကျေးဇူးတောင် တင်ရဦးမည် မဟုတ်ပါလား။
သို့သော် နောက်တစ်ခဏတွင်တော့ သူမ နားလည်သွားခဲ့သည်။
လင်းယွမ်က သူမအနားသို့ လျှောက်လာပြီး လက်လှမ်းကာ သူမ၏ ခါးလေးကို တိုက်ရိုက် ဖက်လိုက်သည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ချက်ချင်းပင် လင်းယာ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ဖြူဖွေးနေသော မျက်နှာလေးမှာလည်း တစ်ခဏချင်းမှာပင် နီရဲသွားတော့သည်။
"အို... ရှင်"
လင်းယွမ်က ပြောလိုက်သည်။ "ကျွန်တော့်ကို သေချာ ဖက်ထား"
နောက်တစ်ခဏတွင် သူ၏ စိတ်စွမ်းအင်များက စိတ်အဝေးထိန်း စွမ်းအင်ဘောလုံးတစ်ခုအဖြစ် စုစည်းသွားကာ သူတို့နှစ်ယောက်ကို အတွင်း၌ ရစ်ပတ် လွှမ်းခြုံထားလိုက်သည်။
"ဝှစ်" ဟူသော အသံနှင့်အတူ ကောင်းကင်ယံသို့ ပြင်းထန်စွာ ပျံတက်သွားလေသည်။
"အ"
လင်းယာက ချက်ချင်း လန့်သွားပြီး မသိစိတ်အရ အော်ဟစ်လိုက်မိသည်။
သို့သော် ချက်ချင်းပင် သူမ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ပြီး သူမ၏ အပြုအမူက ရိုင်းစိုင်းသွားကြောင်း သတိထားမိလိုက်သည်။
ဤမြင်ကွင်းကို ကြည့်ရင်း လင်းယွမ်က အနည်းငယ် ဆန်းသစ်နေသည်ဟု ခံစားလိုက်ရသည်။
လူတိုင်းအပေါ် သူမပေးသော ခံစားချက်မှာ နူးညံ့သိမ်မွေ့သော ဉာဏ်ရည်မြင့် အစ်မကြီးတစ်ယောက် သို့မဟုတ် အထက်တန်းလွှာ ရုံးဝန်ထမ်း အလှပိုင်ရှင်တစ်ယောက် ဖြစ်သည်။
ယခုလို ချစ်စရာကောင်းပြီး ညို့ငင်နိုင်စွမ်းရှိသော အသွင်အပြင်မျိုးကို တွေ့ရခဲလှပေသည်။
"အရင်က မပျံဖူးဘူးလား" လင်းယွမ်၏ အသံက လင်းယာ၏ နားထဲသို့ ဝင်ရောက်လာသည်။
လင်းယာမှာ ယခုအချိန်တွင် ကြောက်လန့်တကြား မျက်စိမှိတ်ထားပြီး ဘေးပတ်ဝန်းကျင်ကို မကြည့်ရဲတော့ပေ။
သူမက တုန်ရီသော အသံဖြင့် ပြောလိုက်သည်။ "မ... မပျံဖူးပါဘူး"
လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "မျက်စိဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လို့ရတယ်... တစ်ချက်လောက် ခံစားကြည့်လိုက်ပါ"
လင်းယာက ထိုစကားကို ကြားသောအခါ မျက်လုံးဖွင့်ပြီး ဘေးပတ်ဝန်းကျင် ရှုခင်းများကို အကဲခတ် ကြည့်ရှုလိုက်သည်။
ပတ်ပတ်လည်တွင် နှင်းပွင့်များ ဖုံးလွှမ်းနေပြီး ကောင်းကင်နှင့် မြေကြီးကြား၌ တဖြည်းဖြည်း လွင့်မျော ကျဆင်းနေသည်။
ခြေဖဝါးအောက်တွင်တော့ ထိုက်ယန်တောင်နှင့် မိန်တောင်တို့က နှင်းဖြူများ ဖုံးလွှမ်းနေပြီး ငွေရောင်ဝတ်စုံကို ဆင်မြန်းထားသကဲ့သို့ ဖြစ်နေသည်။
မြေပြင်ပေါ်ရှိ အဆောက်အအုံများက အလွန်သေးငယ်သွားပြီး လမ်းလျှောက်နေသူများကလည်း လိပ်ကလေးများကဲ့သို့ ဖြစ်နေသည်။
သူမက အားလုံးကို အံ့သြတကြီး ကြည့်ရင်း ပြောလိုက်သည်။ "ဒါ... ဒါက ပျံသန်းရတဲ့ ခံစားချက်လား"
"အမှန်ပဲ... ဒါနဲ့ ရှန်ယွင်ရှီးကလည်း စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်ဆိုတော့ သူလည်း မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို ရောက်နေလောက်ပြီမလား... ဘယ်လိုလဲ သူ ခင်ဗျားကို ခေါ်ပြီး မပျံသန်းဖူးဘူးလား"
လင်းယာက ထိုစကားကို ကြားသောအခါ အနေရခက်စွာဖြင့် ပြောလိုက်သည်။ "သူက အမြင့်ကြောက်တတ်တယ်လေ... သူ မျိုးရိုးဗီဇမျိုးစေ့အဆင့် ရောက်နေပေမဲ့ ကောင်းကင်မှာ တစ်ခါမှ မပျံသန်းရဲဘူးလို့ သူပြောတာ ကြားဖူးတယ်"
"ပြီးတော့ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနဘက်မှာလည်း စည်းမျဉ်းတွေ ရှိတယ်လေ... သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနနဲ့ စီးပွားရေးဇုန် တစ်ဝိုက် ကောင်းကင်ယံမှာ ပျံသန်းခွင့် မပြုထားဘူး... မဟုတ်ရင် လေကြောင်းရန် ကာကွယ်ရေးစနစ်က သတိပေးချက် မြည်လာလိမ့်မယ်"
လင်းယွမ်က ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားမိသည်။ ရှန်ယွင်ရှီးက အမြင့်ကြောက်တတ်တယ်တဲ့လား။
လင်းယာက ယခုအချိန်တွင် ခြေဖျားလေးဖြင့် အောက်ဘက်ကို ညင်သာစွာ ထောက်ကြည့်လိုက်သည်။
ခြေဖဝါးအောက်တွင် မည်သည့်အရာမှ မရှိသည်မှာ သေချာနေသော်လည်း အစစ်အမှန် အရာဝတ္ထုတစ်ခုပေါ်တွင် နင်းထားရသကဲ့သို့ ခံစားနေရသည်။
သူမက အံ့သြတကြီးဖြင့် မေးလိုက်သည်။ "ဒါက စိတ်အဝေးထိန်းအစွမ်းလား"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "ဟုတ်တယ်... စိတ်စွမ်းအင်ကို အမြင့်ဆုံး အာရုံစိုက်လိုက်ရင်... လက်တွေ့လောကကို ဝင်ရောက်စွက်ဖက်နိုင်တဲ့ စိတ်အဝေးထိန်းအစွမ်း ဖြစ်ပေါ်လာတာပဲ"
"ကိုလင်းယွမ်တို့ကို တကယ် အားကျမိတယ်" လင်းယာက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်သည်။ "ခင်ဗျားရဲ့ အဓိက အရည်အသွေးက အမှတ် (၁၀၀) ကို ကျော်လွန်သွားရင်... ကိုယ်ကဘယ်လို အစွမ်းအမျိုးအစားပဲဖြစ်ဖြစ် ပျံသန်းနိုင်စွမ်း ရှိလာမှာပဲ"
"ဒါနဲ့ ကျွန်တော် ခင်ဗျားကို မမေးရသေးဘူး... ခင်ဗျားရဲ့ မျိုးရိုးဗီဇမြေပုံက ဘာလဲ"
လင်းယာက ပြောလိုက်သည်။ "ကျွန်မလည်း မသိဘူး... ကျွန်မ မျိုးရိုးဗီဇမျိုးစေ့အဆင့် မရောက်သေးဘူးလေ"
လင်းယွမ် ကြောင်သွားသည်။ "ဘယ်လိုဖြစ်လို့လဲ... ခင်ဗျားရဲ့ အဓိက အရည်အသွေးက ဘာလဲ"
"စိတ်စွမ်းအင် အမျိုးအစားပါ"
"စိတ်စွမ်းအင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့တွေက... ဈေးဝယ်စင်တာဘက်မှာ အများကြီး ရှိလောက်တယ်လေ... ဘာလို့ တစ်စေ့လောက် မဝယ်တာလဲ"
"ကျွန်မလည်း တိုက်ပွဲတွေမှာ မပါဝင်ရတော့ မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို အမြန်ကြီးတက်ဖို့ မစဉ်းစားထားပါဘူး... လိုအပ်တဲ့သူတွေအတွက် အရင် ချန်ထားပေးလိုက်တာပါ"
လင်းယာက ပြုံးလိုက်ပြီး လေတိုက်၍ ရှုပ်ပွသွားသော ဆံပင်များကို သပ်တင်လိုက်ရာ သူမ၏ လှပသော မျက်နှာဘေးတစ်စောင်းကို ပေါ်လွင်သွားစေသည်။
တကယ်တမ်းတွင်တော့ သူမ၏ အမှတ်များစွာကို စခန်းရှိ အခက်အခဲဖြစ်နေသူ အချို့ကို ပေးကမ်းခဲ့ခြင်း ဖြစ်သည်။
သူမကိုယ်တိုင်က လက်နက်စက်ရုံတွင် အလုပ်လုပ်နေသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲ မရှိသော်လည်း ခိုလှုံရေးစခန်းအတွင်း၌ ဝင်ငွေမရှိသော အောက်ခြေလူတန်းစားများစွာ ရှိနေသေးသည်။
အထူးသဖြင့် ဆောင်းရာသီတွင် အမဲလိုက်ရန် နေရာပင် မရှိတော့ပေ။
ငါးဖမ်းကွင်းဘက်တွင် ငါးဖမ်းမည်ဆိုလျှင်လည်း အမှတ်အချို့ ပေးသွင်းပြီးမှသာ ဝင်ရောက်ခွင့် ရှိသည်။
သူမနှင့် လန်ယွဲ့ဟွာတို့က တကယ်ကို စရိုက်တူသူများ မဟုတ်ပေ။
သူမသည် မွေးရာပါကိုက ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့သော လူစားမျိုး ဖြစ်သည်။
အားနည်းသူများကို သနားကြင်နာတတ်ပြီး တခြားသူများကို ကောင်းမွန်စွာ ဆက်ဆံတတ်ရာ သူမ၏ ခန္ဓာကိုယ်၌ လူသားဆန်မှု၏ တောက်ပသော အရိပ်အယောင်များစွာ ရှိနေပေသည်။
ဆက်ရန်...
အပိုင်း(၆၇၂) နူးညံ့သိမ်မွေ့သော လင်းယာ
ရေလို နူးညံ့သိမ်မွေ့လွန်းသည့် မိန်းမတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် မည်သည့်ယောက်ျားမဆို စိတ်မလှုပ်ရှားဘဲ နေနိုင်မည် မဟုတ်ပေ။
အထူးသဖြင့် ထိုအမျိုးသမီးက အတွင်းရောအပြင်ပါ တစ်ထပ်တည်းကျနေပြီး စိတ်ထားကြင်နာတတ်ရုံသာမက ရုပ်ရည်သွင်ပြင်ကလည်း ထူးချွန်ပြောင်မြောက်နေသောကြောင့် ဖြစ်သည်။
လင်းယွမ်ကိုယ်တိုင်ပင် ယခုအချိန်တွင် အနည်းငယ်မျှ စိတ်လှုပ်ရှားသွားမိသည်။
လင်းယာ နောက်ကွယ်တွင် ကောင်းမှုကုသိုလ်မည်မျှ လုပ်ခဲ့သည်ကို သူ မသိသော်လည်း အခြားသူများကို အရင် မျိုးရိုးဗီဇမျိုးစေ့ ဖွဲ့စည်းစေချင်သည့် သူမ၏ အတွေးကို ကြည့်ရုံဖြင့် သူမ၏ မွန်မြတ်သော စိတ်ထားကို မြင်နိုင်ပေသည်။
လင်းယွမ်က ရင်ထဲတွင် သက်ပြင်းချလိုက်မိပြီး "အဲ့ဒီ ခပ်ဝဝအမျိုးသမီးက ခင်ဗျားအပေါ် ဒီလောက်ကောင်းပြီး အသက်တောင်မငဲ့ဘဲ ခင်ဗျားအတွက် လက်စားချေပေးချင်နေတာ မဆန်းတော့ပါဘူးလေ" ဟု ပြောလိုက်သည်။
လင်းယာက ထိုစကားကို ကြားသောအခါ အဖြစ်အပျက်များကို အလျင်အမြန် မေးမြန်းလေသည်။
လင်းယွမ်ကလည်း ဖုံးကွယ်မထားတော့ဘဲ ထိုနေ့က မြေအောက်လှိုဏ်ဂူထဲတွင် ဖြစ်ပျက်ခဲ့သမျှကို တစ်ခါတည်း ပြောပြလိုက်သည်။
လင်းယာက မယုံနိုင်စွာဖြင့် "ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ... လန်ယွဲ့ဟွာ... သူ... သူ ဘယ်လိုလုပ် ဒီလိုမျိုး လုပ်ရက်ရတာလဲ" ဟု မေးလိုက်သည်။
သူမ၏ လေသံတွင် ဒေါသထွက်မှုများအပြင် မယုံနိုင်မှုများလည်း ရောယှက်နေသည်။
လင်းယွမ်က "ခင်ဗျားက တကယ်ရော လန်ယွဲ့ဟွာ အကြောင်းကို သိရဲ့လား" ဟု မေးလိုက်သည်။
လင်းယာက အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် "သူက မာနကြီးတဲ့ မိန်းမတစ်ယောက်ပါ... နည်းနည်းတော့ အစွန်းရောက်တယ်" ဟု ပြန်ဖြေသည်။
လင်းယွမ်က ခေါင်းခါလိုက်ပြီး "အဲ့ဒါက အရင်က... သူ့ရဲ့ ဘုရင်မသင်္ဘောကို ကျွန်တော် ဖျက်ဆီးလိုက်ပြီးတဲ့နောက် သူက လုံးဝ အရူးတစ်ယောက်လို ဖြစ်သွားပြီ"
"ကျွန်တော့်ကို လက်စားချေဖို့အတွက် သူက ချန်ယွင်တောက် ဆီမှာ အညံ့ခံဖို့တောင် ဝန်မလေးခဲ့ဘူး"
"ချန်ယွင်တောက်ရဲ့ လက်အောက်မှာ သူ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အသစ်နာမည် ဘာလဲဆိုတာ ခင်ဗျား သိလား"
"ဘာမို့လို့လဲ" လင်းယာက လင်းယွမ်ကို ကြည့်ကာ မေးလိုက်သည်။
"အလှမယ် တပ်ဖွဲ့"
လင်းယာ မှင်သက်သွားပြီး အနည်းငယ် အံ့သြသွားသည်။
သူမ၏ မှတ်ဉာဏ်ထဲတွင် လန်ယွဲ့ဟွာက သူမကိုယ်သူမ အလှမယ်ဆိုသည့် ခပ်နွဲ့နွဲ့ မိန်းမဆန်သော နေရာမျိုးတွင် ဘယ်သောအခါမှ ထားလေ့မရှိပေ။
သူမအနေဖြင့် ဘုရင်မတပ်ဖွဲ့ သို့မဟုတ် ဘုရင်မသင်္ဘောဟု နာမည်ပေးနိုင်သော်လည်း အလှမယ်ဆိုသည့် အခေါ်အဝေါ်မျိုးကိုတော့ သူမ လုံးဝ ရွေးချယ်မည်မဟုတ်ချေ။
လင်းယွမ်က အေးစက်စက် လေသံဖြင့် "သူက ချန်ယွင်တောက် သဘောကျအောင်လို့ သူ့အဖွဲ့ကို ဒီလိုနာမည်မျိုး ပြောင်းလိုက်တာ... အဲ့ဒီနာမည်က ဘာကို ကိုယ်စားပြုလဲဆိုတာ မင်း သဘောပေါက်တယ်မလား" ဟု ပြောလိုက်သည်။
ဤအလှမယ် တပ်ဖွဲ့က လန်ယွဲ့ဟွာ၏ အလှမယ် တပ်ဖွဲ့လား သို့မဟုတ် ချန်ယွင်တောက်၏ ကိုယ်လုပ်တော် တပ်ဖွဲ့လားဆိုသည်ကို မည်သူကမျှ အတိအကျ မပြောနိုင်ပေ။
လင်းယွမ်ကမူ ဒုတိယတစ်ခုကဖြစ်နိုင်ခြေ ပိုများသည်ဟု ခံစားမိသည်။
ထိုသို့မဟုတ်ပါက အကြောင်းပြချက် မရှိဘဲ ချန်ယွင်တောက်က လန်ယွဲ့ဟွာကို ဘာကြောင့် ကူညီရမည်နည်း။
ထို့အပြင် သူမ ဦးနှောက်ထဲရှိ ကပ်ပါးမျိုးစေ့ကို အေးခဲပေးရန်အတွက်ပင် အပင်ပန်းခံပြီး ကူညီပေးခဲ့သေးသည်။
ဤကပ်ပါးမျိုးစေ့ကို အေးခဲစေသည့် နည်းလမ်းမှာ ဖြစ်ကတတ်ဆန်း လုပ်နိုင်သည့်အရာ မဟုတ်ကြောင်း လင်းယွမ် သိမြင်နိုင်ပေသည်။
သူကိုယ်တိုင်ပင် ဤမျှ သိမ်မွေ့သော အေးခဲမှုမျိုးကို လုပ်ဆောင်ချင်ပါက စိတ်စွမ်းအင်များကို အလွန်အမင်း အကုန်အကျခံရမည် ဖြစ်သည်။
ထို့ကြောင့် လုံလောက်သော အကျိုးအမြတ်သာ မရှိလျှင် ချန်ယွင်တောက်က ဤကဲ့သို့ ရှုပ်ထွေးလှသော ကိစ္စမျိုးကို လုံးဝ လုပ်ဆောင်ပေးမည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် လန်ယွဲ့ဟွာက ချန်ယွင်တောက်အတွက် မည်သည့် အကျိုးအမြတ်များကို ယူဆောင်ပေးနိုင်မည်နည်း။
လင်းယွမ်က အေးစက်စက် ရယ်မောလိုက်ပြီး ဆက်လက် ဆွေးနွေးခြင်း မပြုတော့ပေ။
သူက လင်းယာကို ခေါ်ဆောင်ကာ ခပ်သုတ်သုတ် လျှောက်လာခဲ့ရာ မီသွေ့တောင်၏ မြေအောက်အကျဉ်းထောင်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ဤနေရာတွင် ဘာသာရေးဂိုဏ်းကြီး သုံးခု... မုန်ယာကုမ္ပဏီစသည့် အင်အားစုများမှ သုံ့ပန်းများကို ဖမ်းဆီးချုပ်နှောင်ထားသည်။
ဟေးလန်နှင့် အခြားသူများကိုလည်း ဤနေရာတွင် ချုပ်နှောင်ထားသည်မှာ သဘာဝပင် ဖြစ်သည်။
မြေအောက်အကျဉ်းထောင် တစ်ခုလုံးတွင် ချိတ်ပိတ် သင်္ကေတ အစီအရင်များကို မြှုပ်နှံထားပြီး ဤနေရာ၌ မည်သူကမျှ အစွမ်းများကို အသုံးမပြုနိုင်ပေ။
"ဆရာလင်း"
အကျဉ်းထောင် စောင့်ကြပ်သူက လင်းယွမ်ကို မြင်သည်နှင့် အလျင်အမြန် နှုတ်ဆက်လေသည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "လန်ယွဲ့ဟွာရဲ့ အပေါင်းအပါတွေဆီကို လိုက်ပို့ပေး" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာလင်း"
အစောင့်က အလျင်အမြန် ရှေ့မှ ဦးဆောင်သွားလေသည်။
သူတို့က ပိတ်လှောင်ထားသော ကျောက်တုံးအခန်းတစ်ခန်းဆီသို့ ရောက်ရှိလာခဲ့ပြီး ထိုနေရာတွင် အနံ့အသက်များ ဆိုးရွားစွာ နံစော်နေကာ အမျိုးသမီး အချို့မှာ အခန်းထဲတွင် စုတ်ပြတ်သတ်စွာ ထိုင်နေကြသည်။
အစောင့်က "အားလုံး ထကြစမ်း" ဟု အော်ဟစ်လိုက်သည်။
လင်းယွမ်က အတွင်းရှိ အခြေအနေကို တစ်ချက် ကြည့်လိုက်ရာ ကျဉ်းမြောင်းသော ကျောက်တုံးအခန်းထဲတွင် အမျိုးသမီး လေးငါးယောက်ခန့် ပြွတ်သိပ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
အသံကြားသည်နှင့် ထိုလူများအားလုံးက ဤဘက်သို့ ခေါင်းမော့ကြည့်လာကြသည်။
သူတို့ထဲမှ အချို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ အပြည့် ရှိနေသည်။
အချို့၏ မျက်နှာများမှာမူ ထုံထိုင်းနေကြလေပြီ။
လင်းယွမ် မျက်လုံးဝေ့ကြည့်လိုက်ရာ ထိုခပ်ဝဝအမျိုးသမီးကို မြင်လိုက်ရသည်။
သူမက အရပ်အလွန်ရှည်ပြီး ခန္ဓာကိုယ် တောင့်တင်းကာ နေရာအတော်များများကို ယူထားပြီး အမျိုးသမီး အချို့ကို သူမနောက်တွင် ကာကွယ်ထားသည်။
စွမ်းအင်ချိတ်ပိတ် သင်္ကေတ အစီအရင်များ ရှိနေသည့် မြေအောက်အကျဉ်းထောင် ဖြစ်သောကြောင့် ဤနေရာရှိ အစွမ်းပိုင်ရှင်များအားလုံး အစွမ်းများကို အသုံးမပြုနိုင်ကြပေ။
ခပ်ဝဝအမျိုးသမီး၏ ကြီးမားသော ခန္ဓာကိုယ်က ဤနေရာတွင် အခွင့်အရေး အပြည့်အဝ ရရှိနေပေသည်။
ယခု သူမ ဤနေရာသို့ ရောက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ဤအချုပ်ခန်းထဲတွင် ခေါင်းဆောင်တစ်ယောက်လိုပင် ဖြစ်နေလေပြီ။
မူလ အလှမယ် တပ်ဖွဲ့ဝင် အချို့ပင် သူမ၏ အကာအကွယ်ကို မှီခိုနေရသည်။
"ဟေးလန်"
လင်းယာက အကျဉ်းထောင်ထဲမှ ခပ်ဝဝအမျိုးသမီးကို မြင်လိုက်ရသည်နှင့် မျက်ရည်များ ဝဲလာပြီး တိုးညှင်းစွာ ခေါ်လိုက်သည်။
ခပ်ဝဝအမျိုးသမီးမှာ ရုတ်တရက် ခန္ဓာကိုယ် တုန်ယင်သွားပြီး ခေါင်းကို မော့ကာ ဤဘက်သို့ လှမ်းကြည့်လာသည်။
ထို့နောက် သူမ မျက်လုံးများ ပြူးကျယ်သွားကာ ချက်ချင်းပင် မတ်တတ်ရပ်လိုက်သည်။
"လင်းယာ"
ဟေးလန်က မထိန်းနိုင်ဘဲ အော်ဟစ်လိုက်ပြီး ချက်ချင်း ပြေးလာခဲ့သည်။
လင်းယာလည်း စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တိုးသွားကာ သူတို့နှစ်ဦးက ပြတင်းပေါက် သံတိုင်များ ကြားမှ တစ်ယောက်လက်ကို တစ်ယောက် စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားလိုက်ကြသည်။
ဟေးလန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ဝဲလာကာ "နင်... နင် ဘာမှမဖြစ်ဘူးလား... ယွဲ့ဟွာက နင့်ကို ဒီခွေးကောင် ဖမ်းထားတယ်လို့ ပြောတယ်... နင်က သူ့ရဲ့ အကျဉ်းသားလေး ဖြစ်နေပြီး သူက... သူက..." ဟု မေးလိုက်သည်။
လင်းယာက ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်ပြီး သူမ၏ မျက်လုံးများလည်း နီရဲလာကာ "မဟုတ်ဘူး... အဲ့ဒီလို မဟုတ်ရပါဘူး... သူ့စကားကို မယုံပါနဲ့... ကိုလင်းယွမ်က ငါ့အပေါ် အရမ်းကောင်းပါတယ်... ထိုက်ယန်တောင် တစ်ခုလုံးကလည်း ငါ့အပေါ် ကောင်းကြတယ်" ဟု ပြန်ပြောသည်။
"ဟေးလန်... ဒီမှာရှိတဲ့လူတွေက အရမ်းနေလို့ကောင်းကြတယ်... ဒီခိုလှုံရေးစခန်းက အပြင်က ခိုလှုံရေးစခန်းတွေနဲ့ မတူဘူး"
"နင်တို့အားလုံး လန်ယွဲ့ဟွာရဲ့ လှည့်စားတာကို ခံရတာပါ... သူ့ကို ဆက်မယုံပါနဲ့တော့"
ဟေးလန်က ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်လိုက်ပြီး လင်းယာကို ထပ်ကြည့်ကာ "ရှန်ယွင်ရှီးရော" ဟု မေးလိုက်သည်။
"သူက အခု သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနက ပါမောက္ခ ဖြစ်နေပြီ... သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတွေကို အဓိက ဦးဆောင်နေတာ"
"အခု ငါတို့အားလုံး တည်ငြိမ်တဲ့ ဘဝတစ်ခု ရနေပါပြီ... ရေပေါ်မှာ ဆက်ပြီး လေလွင့်နေစရာ မလိုတော့ဘူး"
"ဟေးလန်... ငါ ကိုလင်းယွမ်ကို တောင်းဆိုထားတယ်... သူက နင့်ကို လွှတ်ပေးမယ်လို့ ပြောတယ်... ငါ့ကို ကတိပေးပါ... နင့်ကို လွှတ်ပေးပြီးသွားရင် ထိုက်ယန်တောင်ကို ဒုက္ခလာမပေးပါနဲ့တော့... အဲ့ဒီလိုမှ မဟုတ်ရင် နောက်တစ်ခါကျရင် ငါလည်း နင့်ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး... သိလား"
လင်းယာထံမှ မျက်ရည်များ ကျဆင်းလာပြီး သူမ၏ မျက်ဝန်းများတွင် တောင်းပန်မှုများ အပြည့်ရှိနေသည်။
သူမက ဟေးလန်ကို စကားနားထောင်စေချင်ရုံသာ ဖြစ်ပြီး ထိုသို့ဆိုလျှင် အနည်းဆုံးတော့ သူမ အသက်ရှင်နိုင်ဦးမည် ဖြစ်သည်။
ဟေးလန် တိတ်ဆိတ်သွားသည်။
သူမက ခေါင်းလှည့်ကာ လင်းယွမ်ကို ကြည့်လိုက်ပြီး လင်းယာကို ပြန်ကြည့်လိုက်သော်လည်း လင်းယာက ခြိမ်းခြောက်ခံထားရခြင်း ရှိမရှိကို လုံးဝ မခွဲခြားနိုင်ပေ။
သူမ ခေါင်းငိုက်စိုက်ကျသွားပြီး ရုတ်တရက် ခွန်အားများအားလုံး ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
အချိန်အတော်ကြာ သူမက လန်ယွဲ့ဟွာအတွက် အသက်စွန့်ခဲ့သည်မှာ လင်းယာကို လာရောက် ကယ်တင်ရန်အတွက်သာ ဖြစ်သည်။
သို့သော်လည်း ယခုမှသာ လင်းယာက ဤနေရာတွင် သူမ၏ ကယ်တင်မှုကို လုံးဝ မလိုအပ်ကြောင်းကို သူမ သိလိုက်ရသည်။
လင်းယာက ဤနေရာတွင် အလွန်ကောင်းမွန်စွာ... အေးချမ်းစွာ... ပျော်ရွှင်စွာ နေထိုင်နေရသည်။
ဆန့်ကျင်ဘက်အနေဖြင့် သူမနှင့် လန်ယွဲ့ဟွာတို့ကသာ တစ်ဖက်လူ၏ ပျော်ရွှင်နေသော ဘဝကို လာရောက် ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။
ချက်ချင်းပင် သူမတွင် ခွန်အားများအားလုံး ဆုံးရှုံးသွားပြီး ရင်ထဲတွင် ဗလာကျင်းသွားသလိုသာ ခံစားလိုက်ရသည်။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း ယခုအချိန်တွင် ဤဟေးလန်၏ စိတ်ဓာတ်များ လုံးဝ ပျက်စီးသွားပြီဖြစ်ကြောင်း သိလိုက်သည်။
ဤကဲ့သို့သော လူက စိုးရိမ်စရာ မရှိတော့ပေ။
သူက ဘေးရှိ အစောင့်ကို လှည့်ကြည့်ကာ "သူ့ကို လွှတ်ပေးလိုက်" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာလင်း"
အစောင့်က ရှေ့တိုးကာ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် အတွင်းရှိ လူများအားလုံး ချက်ချင်း ထရပ်ကာ အပြင်သို့ အတင်းအကျပ် တိုးထွက်လာကြသည်။
အချို့က လင်းယွမ်ကို ဖမ်းဆွဲရန်ပင် လက်လှမ်းလိုက်ကြပြီး နာကြည်းစွာဖြင့် စူးရှစွာ ဆဲရေးတိုင်းထွာကြသည်။
လင်းယာက အလျင်အမြန် နောက်ဆုတ်လိုက်ရာ သူမ၏ မျက်နှာက ဖြူဖျော့သွားသည်။
ဟေးလန်က "ဖယ်စမ်း" ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူမက အားကုန်သုံးကာ တွန်းချလိုက်သည်နှင့် ထိုလူစုက မြက်ပင်လေးများကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။
စွမ်းအင်ချိတ်ပိတ် အစီအရင်အောက်တွင် သူမ၌ ပြီးပြည့်စုံသော ခွန်အား ရှိနေသည်။
"ဟေးလန်... နင် ဒီသစ္စာဖောက်မ... နင်က ခေါင်းဆောင်ကို သစ္စာဖောက်တော့မလို့လား"
"ဟေးလန်... ယောက်ျားတွေရဲ့ စကားကို ယုံလို့မရဘူး... လင်းယာက အရင်က လင်းယာ မဟုတ်တော့ဘူး... သူက အဲ့ဒီယောက်ျားရဲ့ လိင်ကျွန်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခံထားရပြီ... သူက လုံးဝကို ပြန်မခုခံတတ်တော့ဘူး"
ဟေးလန်က လက်သီးကို တင်းတင်းဆုပ်ကာ ဒေါသတကြီး အော်ဟစ်ရင်း ထိုလူအချို့၏ မျက်နှာကို ပါးချလိုက်သည်။
"တိတ်စမ်း... နင်တို့အားလုံး လျှောက်ပြောနေကြတာ... လင်းယာက ငါ့ရှေ့မှာတင် ရှိနေတာလေ... သူက ကောင်းကောင်းမွန်မွန် အသက်ရှင်နေတာ အသိသာကြီး"
ထိုအချိန်တွင် လူတစ်ယောက် ရုတ်တရက် ပြေးထွက်လာပြီး ဟေးလန်၏ ခြေထောက်ကို ဖက်ကာ ငိုယိုရင်း "အမဟေးလန်... တောင်းပန်ပါတယ်... အမလင်းယာကို နည်းနည်းလောက် ပြောပေးပါ... ကျွန်မ မှားသွားပါတယ်... ကျွန်မ မှားမှန်း သိပါပြီ... ကျွန်မ လန်ယွဲ့ဟွာ နောက်ကို မလိုက်ခဲ့သင့်ဘူး" ဟု တောင်းပန်လေသည်။
"သူ့ကို ကျွန်မအတွက် နည်းနည်းလောက် တောင်းဆိုပေးခိုင်းပါ... ကျွန်မကို အသက်ရှင်ခွင့်လေး တစ်ခုလောက် ပေးပါ... ကျွန်မ မသေချင်ဘူး... ကျွန်မ တကယ်ကို မသေချင်ပါဘူး"
တစ်ယောက်က တောင်းပန်လိုက်လျှင် နောက်တစ်ယောက်ကလည်း ထပ်မံ တောင်းပန်လာကြသည်။
"ဟေးလန်... လင်းယာ... ငါတို့လည်း မှားမှန်း သိပါပြီ... ငါတို့အားလုံး လန်ယွဲ့ဟွာရဲ့ လှည့်စားတာကို ခံခဲ့ရတာပါ... ထိုက်ယန်တောင်ကို လာတိုက်ခိုက်ဖို့ သူက ခိုင်းခဲ့တာပါ"
"ကိုလင်းယွမ်... ကျွန်မလည်း မိန်တုဥယျာဉ်က အိမ်ရာပိုင်ရှင် တစ်ယောက်ပါ... အရင်က အိမ်ရာထဲမှာ ကျွန်မတို့ တွေ့ဖူးကြပါတယ်... ရှင် ကျွန်မကို ပစ္စည်းပို့တာတောင် ကူညီပေးဖူးတယ်လေ... ရှင် ကျွန်မကို မှတ်မိလား... ကျွန်မက ရှီဖန်းဖန်းပါ"
"တောင်းပန်ပါတယ်... ကျွန်မ မှားမှန်း သိပါပြီ... ကျွန်မ တကယ်ကို မှားမှန်း သိပါပြီ... ကျေးဇူးပြုပြီး... ကျွန်မကို အသက်ရှင်ခွင့်လေး တစ်ခုလောက် ပေးပါ"
ထိုလူများထဲမှ အချို့က ခါးသီးစွာ တောင်းပန်နေကြပြီး အချို့ကမူ သံယောဇဉ်ကို အသုံးချကာ ဖြားယောင်းနေကြသည်။
လင်းယွမ်က မျက်နှာသေဖြင့်သာ နေလိုက်သည်... ဤလူများက အမှားကို သိသွားခြင်း မဟုတ်ဘဲ သေရမည်ကို ကြောက်နေကြခြင်းသာ ဖြစ်သည်။
သူတို့ လန်ယွဲ့ဟွာနောက်သို့ လိုက်ကာ ဘုရင်မသင်္ဘောထဲသို့ ဝင်ရောက်လာချိန်တွင် အပြစ်ကင်းသော အမျိုးသားများအပေါ် သူတို့ မည်သို့ ဒေါသဖြေခဲ့ကြသည်ကို လင်းယွမ် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည်။
သင်းကွပ်ခြင်း... သံပူကပ်ခြင်း... ရေနစ်သတ်ခြင်းစသည့် နည်းလမ်းမျိုးစုံကို သုံးခဲ့ကြသည်။
ဤလူများက ရက်စက်လာပြီဆိုလျှင် သင် တွေးမရသည့် အရာများသာ ရှိပြီး သူတို့ မလုပ်ရဲသည့် အရာဆိုတာ မရှိပေ။
ဤလူများ၏ စိတ်ကူးစိတ်သန်းများမှာ ဖောက်ပြန်နေကြပြီး ပုံမှန်စိတ်များ မဟုတ်ကြတော့ပေ။
သူတို့၏ ယုတ်မာမှုများက အရိုးထဲထိ စွဲဝင်နေပြီဖြစ်ရာ ကုစားရန် ဆေးမရှိတော့ပေ။
လင်းယွမ်က အစောင့်ကို တစ်ချက် ကြည့်လိုက်သည်။
တစ်ဖက်လူက သဘောပေါက်သွားကာ ခေါင်းညိတ်ပြလိုက်ပြီး ကြာပွတ်ကို ထုတ်ကာ ရှေ့တိုး၍ တိုက်ရိုက် မောင်းထုတ်လေသည်။
ကြာပွတ်ရိုက်ချက် အနည်းငယ် ကျဆင်းသွားပြီးနောက် ထိုလူများက ငိုကြွေးအော်ဟစ်ရင်း အချုပ်ခန်းထဲသို့ ပြန်လည် ဆုတ်ခွာသွားကြသည်။
ထို့နောက် အချို့က မကျေနပ်ကြဘဲ တောင်းပန်မှုများက နာကြည်းကျိန်ဆဲသံများအဖြစ် ပြောင်းလဲသွားသည်။
"လင်းယွမ်... နင် ကောင်းကောင်း သေရမှာ မဟုတ်ဘူး... လင်းယာ... နင်တို့ ခွေးကောင်နဲ့ ခွေးမ... နင်တို့ ကောင်းကောင်း သေရမှာ မဟုတ်ဘူး"
"လင်းယာ... နင်က ယောက်ျားတစ်ယောက်ကို မှီခိုနေလို့ နင့်ဘဝ ကောင်းသွားပြီလို့ ထင်နေတာလား... နင် နောက်ကျရင် အိုမင်းရင့်ရော်လာတဲ့အခါ သူ့ရဲ့ စွန့်ပစ်တာကို သေချာပေါက် ခံရလိမ့်မယ်... ဟားဟားဟား... အဲ့ဒီအချိန်ကျရင် နင် ခန္ဓာကိုယ်ရောင်းစားရင်တောင် ဘယ်သူမှ လိုချင်မှာ မဟုတ်တော့ဘူး"
"ဟားဟားဟား... အောက်တန်းစားမ... သူက နင့်အပေါ် အမြဲတမ်း ကောင်းနေမယ်လို့ တကယ်ပဲ ထင်နေတာလား... ယောက်ျားတွေဆိုတာ အသစ်မြင်ရင် အဟောင်းကို ပစ်တတ်တဲ့သူတွေချည်းပဲ"
သူတို့က မိန်းမအချင်းချင်း ဖြစ်သော်လည်း ဆဲရေးတိုင်းထွာသည့် စကားများမှာမူ ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်သွားလောက်အောင် ရက်စက်ကြမ်းကြုတ်လှသည်။
မိန်းမများသာလျှင် အခြားမိန်းမတစ်ယောက်ကို မည်သို့ နာကျင်အောင် လုပ်ရမည်ကို သိကြပေသည်။
သူတို့ကိုယ်တိုင်သာလျှင် မည်သည့်စကားလုံးမျိုးက လိင်တူအချင်းချင်းကို အကြီးမားဆုံးသော နာကျင်မှု ပေးစွမ်းနိုင်သည်ကို သိကြသည်။
လင်းယွမ်က ခေါင်းခါလိုက်ပြီး ဆက်မကြားချင်တော့ပေ။
ဤညစ်ညမ်းသော စကားများက သူ့နားကို ညစ်ညမ်းစေရုံသာ ရှိမည်။
"သွားရအောင်"
လင်းယွမ်က လင်းယာကို လှမ်းပြောလိုက်သည်။
လင်းယာက ချက်ချင်း ရှေ့တိုးကာ ဟေးလန်ကို ဆွဲယူပြီး အပြင်သို့ ခေါ်သွားလေသည်။
မြေအောက်အကျဉ်းထောင်ထဲမှ ထွက်လာပြီးနောက် လင်းယွမ်က လက်ပတ်နာရီကို ကြည့်ကာ "ခင်ဗျား ကျွန်တော်နဲ့အတူ ပြန်မလား... ဒါမှမဟုတ် ဒီတစ်ယောက်နဲ့ စကားပြောပြီးမှ ခင်ဗျားဘာသာ ပြန်မလား" ဟု မေးလိုက်သည်။
လင်းယာက အလျင်အမြန် "ကိုလင်းယွမ်... ကျွန်မကို နှစ်မိနစ်လောက် စောင့်ပေးလို့ ရမလား... ကျွန်မ သူနဲ့ စကားနည်းနည်းလောက် ပြောပြီးရင် ကိုလင်းယွမ်နဲ့ လိုက်ခဲ့ပါမယ်" ဟု ပြန်ဖြေသည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "သိပြီ... ကျွန်တော် ဟိုဘက်မှာ သွားစောင့်နေမယ်" ဟု ပြောလိုက်သည်။
လင်းယွမ်က သူတို့နှစ်ဦးအတွက် သီးသန့် အချိန်ပေးရန် ထွက်သွားလေသည်။
ဟေးလန်က လင်းယာကို အန္တရာယ်ပြုမည်လားဆိုသည်ကိုမူ လင်းယွမ်က ဝင်ရောက် စွက်ဖက်ချင်စိတ် မရှိပေ။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လင်းယာ၏ သဘောဆန္ဒသာဖြစ်ပြီး သူမက လူကို အယုံလွယ်ကာ တစ်ဖက်လူ၏ အန္တရာယ်ပြုခြင်းကို ခံရမည်ဆိုလျှင်လည်း ခံထိုက်၍သာ ဖြစ်ပေမည်။
လင်းယာက သူမရှေ့ရှိ ခပ်ဝဝအမျိုးသမီးကို ကြည့်ကာ ရှေ့တိုး၍ ခြေဖျားထောက်လိုက်ပြီး သူမ၏ ပခုံးပေါ်မှ ဖုန်များကို ခါပေးကာ အဝတ်အစားများကို ဂရုတစိုက် သပ်ရပ်အောင် လုပ်ပေးလိုက်သည်။
"ဟေးလန်... နင့်အရပ်က ထပ်ရှည်လာပြန်ပြီ... အင်္ကျီတောင် တိုနေပြီပဲ"
ဤရိုးရှင်းသော စကားတစ်ခွန်းက ဟေးလန်၏ မျက်ရည်များကို ချက်ချင်း မတားဆီးနိုင်လောက်အောင် ကျဆင်းလာစေသည်။
"အီးဟီး... အမယာ" ဟု သူမ အော်ငိုလိုက်သည်။
သူမက လင်းယာကို ဖက်လိုက်ရာ သူမ၏ တောင့်တင်းသော ခန္ဓာကိုယ်အောက်တွင် မူလက ခန္ဓာကိုယ် အရွယ်အစား မသေးငယ်လှသော လင်းယာမှာ ယခုအချိန်၌ အနည်းငယ် နုနယ်ပျော့ပျောင်းသွားသလို ထင်ရသည်။
လင်းယာက သူမအပေါ် မှီခိုအားထားမှုကို ခံစားမိသဖြင့် သူမ၏ ကျောပြင်ကို အဆက်မပြတ် ပုတ်ပေးကာ "မငိုပါနဲ့... မငိုပါနဲ့တော့... ကိုလင်းယွမ်က နင့်ကို လွှတ်ပေးမယ်လို့ ကတိပေးထားပြီးပြီဆိုတော့ နင့်ကို ထပ်ပြီး အခက်တွေ့အောင် လုပ်မှာ မဟုတ်တော့ပါဘူး" ဟု နှစ်သိမ့်ပေးလိုက်သည်။
"အခု အပြင်မှာ ဘာနေရာကောင်းမှ မရှိတော့ဘူး... လောလောဆယ် လင်ကျန်းမြို့ တစ်ခုလုံးမှာ ကိုလင်းယွမ်ရဲ့ နေရာက အကောင်းဆုံးလို့ သတ်မှတ်လို့ ရတယ်"
"ဟေးလန်... ဒီမှာပဲ နေခဲ့လိုက်ပါ... ဒီမှာ အလုပ်တစ်ခုရှာပြီး ဖြည်းဖြည်းချင်း အခြေကျအောင် လုပ်ပါ... နောက်ဆို ငါတို့ မကြာခဏ တွေ့လို့ရသေးတာပေါ့"
ဟေးလန်က အော်ဟစ်ငိုကြွေးနေလေသည်... ကြီးမားသော ခန္ဓာကိုယ်ကြီး၏ အောက်တွင် ထိခိုက်လွယ်သော ဝိညာဉ်တစ်ခုသာ ရှိနေပေသည်။
မွေးရာပါ မိခင်ဆန်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် လင်းယာ၏ ရှေ့တွင် သူမက မတရား အနိုင်ကျင့်ခံထားရသည့် ကလေးတစ်ယောက်နှင့်ပင် တူနေတော့သည်။
ဆက်ရန်...