အခန်း (၆၇၅-၆၇၆)
Vol. 34 Ch. 675-676
အပိုင်း(၆၇၅) ကျောက်ခိုင် အဆင့်တက်ခြင်းနှင့် အသူရာရေခဲလိပ်
လင်းယွမ်က သူမ၏ သဏ္ဌာန်ကိုမြင်သောအခါ ချီးကျူးကာ ရယ်မောလိုက်ပြီး "ဒီ လီနီယာ စွမ်းအင်သားရဲက လူသားပုံစံ ဖြစ်နေတာလား... လူသားမျိုးနွယ်တွေများ ဖြစ်နေမလား"
လီနီယာ စွမ်းအင်သားရဲက စကားပြောလိုက်ရာ တင်းယန်၏ အသံ ထွက်ပေါ်လာသည် "ကျွန်မရရှိထားတဲ့ မျိုးရိုးဗီဇ လက်ဆင့်ကမ်း အချက်အလက်တွေအရဆိုရင်... လီနီယာ စွမ်းအင်သားရဲက တိုက်တန်မျိုးနွယ်စုထဲက ဘီလူးမျိုးနွယ် အသွေးအသားတချို့ကို ပိုင်ဆိုင်ထားတယ်"
"တိုက်တန်မျိုးနွယ်လား"
(Attack on Titan anime ကြည့်ဖူးကြမယ်ထင်တယ်။ အခုတင်းယန်အသွင်ပြောင်းသွားတဲ့ပုံစံက အဲ့ Anime ထဲက တိုက်တန်မ ပုံစံမျိုးပဲ)
လင်းယွမ်က ကြောင်သွားသည်။ သူကတော့ ဤအကြောင်းအရာနှင့် ပတ်သက်သည့် မျိုးရိုးဗီဇ လက်ဆင့်ကမ်း အချက်အလက်များ မရရှိထားပေ။
"ဟုတ်တယ်... အခြေခံအားဖြင့် သန္ဓေပြောင်း သတ္တဝါတွေ အားလုံး ဧရာမအရွယ်အစားအဖြစ် ပြောင်းလဲသွားတဲ့အခါ တိုက်တန်သွေးသား တချို့တော့ ပါလာတတ်တယ်... ဒါကြောင့်လည်း တိုက်တန်တွေရဲ့ ဧရာမအရွယ်အစား ပုံစံမျိုး ပေါ်လာရတာပေါ့"
လင်းယွမ်က စိတ်ထဲတွင် လှုပ်ရှားသွားပြီး သူ၏ လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ နှင့် သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ် တို့တွင် ဧရာမ ခန္ဓာကိုယ်ကြီးများ မရှိသည်ကို ရုတ်တရက် သတိရသွားသည်။
ကြည့်ရသည်မှာ ဤမျိုးရိုးဗီဇ မျိုးစေ့မြေပုံ နှစ်ခုအတွင်း၌ တိုက်တန်မျိုးနွယ်၏ မျိုးရိုးဗီဇ သွေးသားများ မပါဝင်လောက်ပေ။
သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင် ဤသားရဲ မျိုးရိုးဗီဇမြေပုံများက တိုက်တန်ကဲ့သို့သော ဒဏ္ဍာရီလာ သတ္တဝါများနှင့် ဆက်စပ်နေပေသည်။
ရှေးဟောင်း ဒဏ္ဍာရီလာ ဧရာမသားရဲကြီးများသည် သာမန် ဒဏ္ဍာရီသက်သက် မဟုတ်ဘူးများလား။
သမိုင်းကြောင်း တစ်လျှောက်တွင် ဤဧရာမ သားရဲကြီးများ တကယ်ပဲ ရှိခဲ့တာလား။
လင်းယွမ်က ရေသူမ၊ ငါးလူသား ကဲ့သို့သော အစွမ်းပိုင်ရှင်များနှင့် သန္ဓေပြောင်း သတ္တဝါများကို တွေးမိကာ ဒဏ္ဍာရီများမှာ အမှန်တကယ် ဖြစ်နိုင်သည်ဟု ပို၍ ခံစားလာရသည်။
"လီနီယာ စွမ်းအင်သားရဲမှာ ဘယ်လို ပင်ကိုယ်အစွမ်းတွေ ရှိလဲ" လင်းယွမ်က သတိပြန်ဝင်လာပြီး တင်းယန်ကို မေးလိုက်သည်။
တင်းယန်က တောင်ပံနှစ်ဖက်ကို ဖြန့်ချလိုက်ပြီး လေထဲတွင် ဝဲပျံနေကာ ပြင်းထန်သော လေပြင်းများကို ဖြစ်ပေါ်စေသည်။
သူမက စကားစလိုက်သည် "ပင်ကိုယ်အစွမ်းကတော့ မျိုးရိုးဗီဇမျိုးစေ့တုန်းကလိုပဲ... စွမ်းအင် ပေါက်ကွဲတာပဲ"
"မျိုးရိုးဗီဇ သယ်ဆောင်လာတဲ့ အစွမ်းတွေကတော့ နှစ်မျိုးရှိတယ်... အဲ့ဒါတွေက စွမ်းအင်ပေါက်ကွဲလှိုင်း နဲ့ စိတ်စွမ်းအင် ခုတ်ပိုင်းလှိုင်း တို့ပဲ"
လင်းယွမ်က စိတ်ဝင်စားသွားသည်။ "လာ... နင့်ဒီအစွမ်းနှစ်မျိုးရဲ့ အစွမ်းကို စမ်းကြည့်ရအောင်"
ထိုသို့ပြောပြီးနောက် လင်းယွမ်က ခြေတစ်လှမ်း လှမ်းလိုက်ကာ ခန္ဓာကိုယ်က လေထဲသို့ ပျံတက်သွားသည်။
ခန္ဓာကိုယ်က သွေးမြူများအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ခဏအကြာတွင် ရေခဲမြေရိုင်းဝက်ဝံ သဏ္ဌာန်သို့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပြုလုပ်လိုက်သည်။
"ဒါဆိုလည်း ရှင် သတိထားနော်"
တင်းယန်၏အသံ ထွက်ပေါ်လာပြီးနောက် လီနီယာ စွမ်းအင်သားရဲက ညာဘက်လက်ကို မြှောက်ကာ လေထဲတွင် အားယူစုစည်းလိုက်သည်ကို တွေ့လိုက်ရသည်။
ချက်ချင်းပင် ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်များ ကြီးမားစွာ တက်လာပြီး အလင်းတန်းများက သူမ၏ လက်သီးဆီသို့ စီးဝင်သွားသည်။
သူမ၏ ကျောဘက် ကျောရိုးတလျှောက်တွင် အလင်းရောင်များ တစ်ဆင့်ပြီးတစ်ဆင့် ပေါ်ထွက်လာပြီး နောက်ဆုံးတွင် ဆုပ်ကိုင်ထားသော လက်သီးဆီသို့ အားလုံး စီးဝင်သွားသည်ကို လင်းယွမ်က မြင်တွေ့နိုင်သည်။
သူမက အော်ဟစ်လိုက်သည်ကို တွေ့လိုက်ရသည် "စွမ်းအင်ပေါက်ကွဲလှိုင်း"
"ဝုန်းးးးးးးးးးးးးးး"
လက်သီးတစ်ချက် ထိုးချလိုက်ရာ ဟင်းလင်းပြင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်လှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
စွမ်းအင် ရိုက်ခတ်လှိုင်းက သူမ၏ လက်သီးထက်မှနေ၍ ရူးသွပ်စွာ ပစ်လွှတ်လာသည်။
လင်းယွမ်က ရှောင်တိမ်းခြင်းမရှိဘဲ မူလနေရာတွင်သာ ရပ်နေလိုက်ကာ တစ်ကိုယ်လုံး ရေခဲမြူများ စုစည်းသွားပြီး သူ့ကိုယ်သူ ဖုံးလွှမ်းရန် ရေခဲဘောလုံးအဖြစ် ချက်ချင်း ပြောင်းလဲလိုက်ရာ ဧရာမ ရေခဲဘောလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
"အုန်းးးးးးးးးးးးးးးးး"
စွမ်းအင်လှိုင်းနှင့် ရေခဲဘောလုံးတို့ ပြင်းထန်စွာ ဝင်တိုက်မိသွားပြီး ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
လင်းယွမ်က ဤစွမ်းအင် ပေါက်ကွဲမှုမှ ဖြတ်သန်းလာသော ရိုက်ခတ်လှိုင်းကို ခံစားနေရသော်လည်း သူ၏ ခန္ဓာကိုယ်က အနည်းငယ်မျှပင် တုန်ခါမသွားပေ။
သို့သော် ရေခဲဘောလုံးကတော့ ပေါက်ကွဲမှု၏ အပူချိန်မြင့်မားမှုအောက်တွင် ဆက်တိုက် အရည်ပျော်နေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ပေါက်ကွဲမှု၏ ဂယက်ရိုက်ခတ်မှုများ အားလုံး ပျောက်ကွယ်သွားသည်။
ရေခဲဘောလုံးပေါ်တွင် ဧရာမ ချိုင့်ခွက်ကြီးတစ်ခု ပေါ်လာသည်။
၎င်းမှာ စွမ်းအင်လှိုင်း၏ ဗုံးကြဲမှုကြောင့် မြင့်မားသော အပူချိန်ဖြင့် အရည်ပျော်သွားသော အပေါက်ပင် ဖြစ်သည်။
လင်းယွမ်၏ ခန္ဓာကိုယ်က အနည်းငယ်မျှပင် ရွေ့လျားမသွားဘဲ ဤတိုက်ခိုက်ရေးကို အပြည့်အဝ ခံနိုင်ရည်ရှိခဲ့သည်။
သူက ခေါင်းအနည်းငယ် ငြိမ့်လိုက်ပြီး မှတ်ချက်ပြုလိုက်သည် "အစွမ်းက မဆိုးဘူး... ဖုန်းကျန့်ကုန်းရဲ့ အဏုမြူဒိုင်နိုဆော သုံးတဲ့ အဏုမြူလေမှုတ် အစွမ်းနဲ့ ဆင်တူတဲ့ ပြင်းထန်တဲ့ တိုက်ခိုက်ရေးအမျိုးအစား စွမ်းအားတစ်ခုပဲ"
"ဒါပေမဲ့ စွမ်းအားပိုင်းမှာတော့ နည်းနည်း လိုနေသေးတယ်... နင် အခုမှ အဆင့်တက်ထားတာနဲ့ သက်ဆိုင်မယ် ထင်တယ်"
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့နှုန်းကို အမြန်ဆုံး မြှင့်တင်လိုက်... စွမ်းအင်တွေ တိုးလာတာနဲ့အမျှ နင့်ရဲ့ ဒီအစွမ်းက ပိုပြီး အားကောင်းလာလိမ့်မယ်"
လီနီယာ စွမ်းအင်သားရဲဖြစ်သော တင်းယန်၏ အသံ ထွက်ပေါ်လာသည် "ဟုတ်တယ်... အခုတော့ ပထမဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီဆိုတော့ နောက်ပိုင်း လေ့ကျင့်ရတာ အများကြီး ပိုအဆင်ပြေသွားမှာပါ"
"ဒီ စိတ်စွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ ရှိနေတော့ ကျွန်မတို့ရဲ့ လေ့ကျင့်ရေး တိုးတက်နှုန်းက စစ်တပ်က လူတွေထက် အများကြီး ပိုမြန်နေမှာ"
"မင်းရဲ့ စိတ်စွမ်းအင် ခုတ်ပိုင်းလှိုင်း ကိုလည်း ထပ်စမ်းကြည့်ရအောင်" လင်းယွမ်က ရယ်မောကာ ပြောလိုက်သည်။
"သိပြီ... ရှင် သတိထားနော်... စိတ်စွမ်းအင် ခုတ်ပိုင်းလှိုင်းရဲ့ တိုက်ခိုက် စွမ်းအားက စွမ်းအင်ပေါက်ကွဲလှိုင်း ထက် ပိုများတယ်"
လင်းယွမ်က ရယ်မောလိုက်သည် "လွတ်လွတ်လပ်လပ်သာ တိုက်ခိုက်လိုက်ပါ"
တင်းယန်လည်း ပြုံးလိုက်သည်။ လင်းယွမ် အလွန် အစွမ်းထက်မှန်း သူမ သိသော်လည်း ဤမျှလောက် အတိုင်းအတာအထိ ရှိနေမည်ဟု မထင်ထားခဲ့ပေ။
သူမကိုယ်တိုင် လီနီယာ စွမ်းအင်သားရဲ အခြေအနေဖြင့်တောင်မှ သူ့အကာအကွယ်ကို မချိုးဖျက်နိုင်ခဲ့ပေ။
ထို့ကြောင့် သူမ အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး နောက်ဆက်တွဲ စိတ်စွမ်းအင် ခုတ်ပိုင်းလှိုင်း အတွက် အစွမ်းကုန် အသုံးပြုကာ သူမ၏ အကန့်အသတ်ကို စမ်းသပ်ကြည့်မည် ဖြစ်သည်။
"ရှူး"
သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ တစ်ကိုယ်လုံးရှိ စွမ်းအင်များ အလွန်လျင်မြန်စွာ စုစည်းလာပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်ကို တွေ့လိုက်ရသည်။
ရင်ဘတ်က မြင့်တက်လာပြီး စွမ်းအင်များက ရင်ဘတ်မှစတင်ကာ ဘေးနှစ်ဖက်သို့ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားပြီး တစ်ဆင့်ပြီးတစ်ဆင့် အားကောင်းလာသည်။
သူမ၏ တောင်ပံနှစ်ဖက် အစွန်းများမှာ မငြိမ်မသက်ဖြစ်နေပြီး မျက်စိကျိန်းစရာ စွမ်းအင် အလင်းရောင်များ တဖြည်းဖြည်း ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရသည်။
နောက်တစ်စက္ကန့်တွင် သူမ၏ တောင်ပံနှစ်ဖက်က ပြင်းထန်စွာ တုန်ခါသွားပြီးနောက် တောင်ပံများကို အောက်ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် လွှဲချလိုက်သည်ကို တွေ့လိုက်ရသည်။
"ဝှီး"
တောင်ပံအစွန်းများမှ အားကောင်းသော စွမ်းအင် တောင်ပံဓားသွားနှစ်ခု စုစည်းပေါ်ထွက်လာပြီး လေထုကို ခွဲထုတ်လျက် ကြောက်မက်ဖွယ်ကောင်းသော အသံများ ထွက်ပေါ်ကာ ရေခဲဘောလုံးဆီသို့ အရှိန်ပြင်းပြင်းဖြင့် ခုတ်ပိုင်းသွားသည်။
လင်းယွမ်က ယခုတိုင် ရှောင်တိမ်းခြင်းမရှိဘဲ ကြယ်ရေခဲဘောလုံးဖြင့်သာ ဆက်လက် ကာကွယ်နေသည်။
"ဒုံး"
"ဒုံး"
ပြင်းထန်သော မြည်သံတုံးတုံး နှစ်ချက် ထွက်ပေါ်လာသည်။
ရေခဲဘောလုံး၏ မျက်နှာပြင်ပေါ်တွင် အနက် (၂၃) ပေခန့်ရှိသော ဧရာမ ဓားရာအနက်ကြီး နှစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုသို့သော ဖျက်ဆီးနိုင်စွမ်းက ခုနက စွမ်းအင်ပေါက်ကွဲလှိုင်း၏ အစွမ်းထက်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ စွမ်းအင်ပေါက်ကွဲလှိုင်းက ဧရိယာအလိုက် ပေါက်ကွဲသည့် တိုက်ခိုက်ရေးအစွမ်းဟု ဆိုလျှင် စိတ်စွမ်းအင် ခုတ်ပိုင်းလှိုင်းကတော့ ဖြတ်တောက်ခြင်းအမျိုးအစား အစွမ်းပင် ဖြစ်သည်။
၎င်းတို့နှစ်ခုတွင် တစ်ခုက ဧရိယာအလိုက် ပေါက်ကွဲမှုဘက်သို့ ပိုမို တိမ်းညွတ်ပြီး နောက်တစ်ခုက တိကျသော သတ်ဖြတ်မှုဘက်သို့ ပိုမို တိမ်းညွတ်သည်။
သို့သော်လည်း ဤအစွမ်းနှစ်မျိုးလုံးမှာ လင်းယွမ်နှင့် ရင်ဆိုင်ရသည့်အခါ တိုက်ခိုက်ရေး စွမ်းအား အနည်းငယ် လိုအပ်နေပုံရသည်။
ဤသည်မှာ အစွမ်းနှစ်မျိုးက မကောင်း၍ မဟုတ်ဘဲ လင်းယွမ်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အတိုင်းအတာက (၂၀) ရာခိုင်နှုန်းကို ကျော်လွန်သွားပြီးနောက် သူ၏ အရည်အချင်း အသီးသီးက ကြီးမားစွာ တိုးတက်လာသောကြောင့် ဖြစ်သည်။
ယခုလက်ရှိ လင်းယွမ်သည် မတ်တတ်ရပ်ကာ မလှုပ်မယှက် နေမည်ဆိုလျှင်တောင်မှ ရေခဲဘောလုံး ဖုံးလွှမ်းထားမှုအောက်တွင် တင်းယန်က လင်းယွမ်၏ အကာအကွယ်ကို ချိုးဖျက်ရန် လုံးဝ မဖြစ်နိုင်ပေ။
သူတို့နှစ်ဦးကြားရှိ ကွာဟချက်က ကြီးမားလွန်းလှသည်။
သို့သော်လည်း တင်းယန် ပြသခဲ့သော တိုက်ခိုက်ရေးစွမ်းအားအပေါ် လင်းယွမ်က အလွန်ပင် ကျေနပ်နေဆဲဖြစ်သည်။
"အရမ်းကောင်းတယ်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကို အခုမှ တက်ထားတာတောင် ဒီလို တိုက်ခိုက်ရေး စွမ်းအားမျိုး ရှိနေတာက ငါ့ရဲ့ အရင်က အခြေအနေထက်တောင် ကျော်လွန်နေပြီ"
လင်းယွမ်က ရယ်မောလိုက်သည်။
"တကယ်လား"
တင်းယန်က အနည်းငယ် မကျေနပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ လင်းယွမ်ကို အနည်းငယ်မျှပင် တုန်လှုပ်အောင် မလုပ်နိုင်ခဲ့သောကြောင့် သူမ အနည်းငယ် စိတ်ပျက်နေမိသည်။
လင်းယွမ်က ရယ်မောလိုက်သည်။ "မယုံမရှိနဲ့... ငါက အလွယ်တကူ ကာကွယ်လိုက်နိုင်တာကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်မသေးနဲ့"
"အခု ငါ့ရဲ့ ပြန်လည်ဖွဲ့စည်းခြင်း အတိုင်းအတာက (၂၀) ရာခိုင်နှုန်းအထိ ရောက်နေပြီလေ... နင်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အခုမှ အဆင့်တက်တာလေးနဲ့ ငါ့အကာအကွယ်ကို ချိုးဖျက်နိုင်ရင် အဲ့ဒါမှ တကယ် တစ္ဆေခြောက်တာပဲ"
လင်းယွမ်က ထိုသို့ပြောလိုက်သောအခါ တင်းယန်လည်း မနေနိုင်ဘဲ ရယ်မောသွားတော့သည်။
သူမက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်ကို ရုတ်သိမ်းလိုက်ကာ လူသားအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်ပြီး မျက်နှာတွင် ခံစားချက်တချို့ဖြင့် ပြောလိုက်သည် "ဒီအဆင့်ကို တကယ် မရောက်သေးသရွေ့ ဒီအဆင့်က ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ သိမှာ မဟုတ်ဘူး"
"ကျွန်မတို့တွေ ထိုက်ယန်တောင်ကို မကာကွယ်နိုင်ဘူးလို့ ရှင် အမြဲပြောနေတာ အံ့ဩစရာတော့ မဟုတ်ဘူး... တကယ်လို့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အစွမ်းပိုင်ရှင် တစ်ယောက်ယောက်သာ ရောက်လာခဲ့ရင် ကျွန်မတို့ရဲ့ အရင်က စွမ်းရည်နဲ့ဆို တကယ်ကို ကာကွယ်ဖို့ ခက်ခဲမှာပဲ"
လင်းယွမ်က ပြုံးလိုက်ပြီး ပြောသည် "အခု နင်လည်း အဆင့်တက်သွားပြီဆိုတော့ ကျောက်ခိုင်နဲ့ လီချင်းဟွာတို့လည်း မကြာခင် အဆင့်တက်လောက်ပြီ"
"နောက်ပိုင်း ထူလုံတို့လည်း ရှိသေးတယ်... သူတို့လည်း တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်လာကြမှာပါ"
"ထိုက်ယန်တောင်က တဖြည်းဖြည်းနဲ့ ပိုပိုပြီး အင်အားကြီးလာလိမ့်မယ်... ငါတို့ရဲ့ အိမ်ကို ကောင်းကောင်း ကာကွယ်နိုင်ဖို့ အတူတူ ကြိုးစားကြတာပေါ့"
တင်းယန်က ခေါင်းကို လေးလေးနက်နက် ငြိမ့်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင်လည်း ကြာရှည်စွာ ပျောက်ကွယ်နေခဲ့သော အပြုံးတစ်ခု ပေါ်လာသည်။
ချည်နှောင်မှုများကို ဖြုတ်ချလိုက်ရကာ လုံးဝ လွတ်လပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
လွန်ခဲ့သော အချိန်များက သူမကိုယ်သူမ ဖိအားပေးမှုများလွန်းခဲ့သည်။
လင်းယွမ် ရင်ဆိုင်ခဲ့ရသော ထိုမျှများပြားသည့် ရန်သူများအတွက် သူမ ဘာမှ ကူညီမပေးနိုင်ခဲ့ခြင်းက သူမ၏ စိတ်ထဲတွင် အလွန် စိုးရိမ်ပူပန်စေခဲ့သည်။
ယခုတော့ နောက်ဆုံးတွင် အဆင့်တက်သွားပြီ ဖြစ်သဖြင့် နောင်တွင် သူမက လင်းယွမ်နှင့်အတူ ယှဉ်တွဲ တိုက်ပွဲဝင်နိုင်တော့မည် ဖြစ်သည်။
အစောပိုင်းက အဖွဲ့ငယ်လေးထဲတွင် ချိုင်ကြည်တို့ မိသားစုက လုံးဝ နောက်ကျကျန်နေခဲ့ပြီ ဖြစ်ပြီး ဦးလေးမာနှင့် အဒေါ်ကြီးလီတို့ကလည်း ထောက်ပံ့ရေးဌာနသို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သော်လည်း အဖွဲ့မှ ထွက်ခွာသွားခြင်းတော့ မဟုတ်ပေ။
သို့သော် သူမကတော့ လင်းယွမ်၏ ဘေးတွင် အမြဲရှိနေခဲ့ပြီး နောင်တွင်လည်း ဤကဲ့သို့ အမြဲတမ်း ဆက်လက် ရှိနေပေးမည် ဖြစ်သည်။
"ရှင့်မှာ နောက်ထပ် ဘာအစီအစဉ်တွေ ရှိသေးလဲ"
တင်းယန်က မေးလိုက်သည်။
"ငါ တွင်းနက်အရိပ်ရေပေါ်ကျွန်းဆီ တစ်ခေါက် သွားရမယ်... အဲ့ဒီဘက်မှာ ပြဿနာ တစ်ခုခု ဖြစ်နေလောက်တယ်"
တင်းယန်က အလွန်အံ့ဩသွားသည် "တွင်းနက်အရိပ်ရေပေါ်ကျွန်းမှာ အမှောင်ဓာတ် စွမ်းအင်တွေ ပြည့်နှက်နေတာလေ... တခြား အစွမ်းပိုင်ရှင်တွေ ဝင်သွားရင် ရှင်သန်နိုင်စွမ်း လုံးဝ မရှိသလောက်ပဲကို ဘယ်လိုလုပ် ပြဿနာ ဖြစ်နိုင်မှာလဲ"
လင်းယွမ်က ယခင် မြူခိုးမြို့တော်တွင် ကြုံတွေ့ခဲ့ရသော ထူးခြားမှုများကို တစ်ခေါက် ပြောပြလိုက်သည်။
"ချန်ယွင်တောက်က မြူခိုးမြို့တော်မှာ ဘာတွေ လုပ်ခဲ့လဲဆိုတာ မသိရပေမဲ့... သေချာတာတစ်ခုကတော့ ငါမသိတဲ့ ပြောင်းလဲမှု တစ်ခုခု သေချာပေါက် ပေါ်လာပြီဆိုတာပဲ"
"အဲ့ဒီတုန်းက ငါ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အတိုင်းအတာက (၂၀) ရာခိုင်နှုန်းပဲ ရှိသေးတော့... ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက မြူခိုးမြို့တော်ထဲ ဝင်ပြီး အခြေအနေကို စုံစမ်းဖို့ မလုံလောက်သေးဘူးလေ"
"ဒါပေမဲ့ အခုတော့ ငါ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အတိုင်းအတာက အများကြီး တိုးတက်လာပြီဆိုတော့ သွားကြည့်ဖို့ အချိန်ရောက်ပြီ"
"ကျွန်မ လုပ်ပေးစရာများ လိုသေးလား" တင်းယန်က မနေနိုင်ဘဲ မေးလိုက်သည်။
"ဘာမှ လုပ်ပေးစရာ မလိုပါဘူး... နင်တို့ အိမ်ကိုပဲ သေချာ စောင့်ရှောက်ပေးထားရင် ရပါပြီ"
"ဒီနေရာက ငါတို့ရဲ့ ဌာနချုပ်ပဲ... လုံးဝ အထိခိုက်ခံလို့ မဖြစ်ဘူး... နားလည်လား"
"ကျွန်မ နားလည်ပါတယ်"
သူတို့နှစ်ဦး ခဏတာ စကားပြောပြီးနောက် လင်းယွမ်က သူမနှင့်အတူ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း သဏ္ဌာန်သို့ ပြောင်းလဲကာ အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ပြီး သူမကို မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း သဏ္ဌာန်ဖြင့် တိုက်ခိုက်ရေးပုံစံများနှင့် ဤစွမ်းအားကို အမြန်ဆုံး ကျွမ်းကျင်လာစေရန် ကူညီပေးခဲ့သည်။
လင်းယွမ်သည်လည်း ရုတ်တရက် တိုးတက်လာသော စွမ်းအားများနှင့် တဖြည်းဖြည်း အသားကျလာနေပြီး မိုးလင်းချိန်အထိ ရောက်သောအခါ လျှို့ဝှက်ခန်းအတွင်းမှ လှုပ်ရှားမှုများ ထပ်မံ ထွက်ပေါ်လာသည်။
"ဂျောက်"
"ဂျောက်"
လျှို့ဝှက်ခန်း ပွင့်သွားပြီး အအေးဓာတ်တစ်ခုက အရှိန်အဟုန်ဖြင့် လွင့်စင်ထွက်လာသည်။
လင်းယွမ်နှင့် တင်းယန်တို့ နှစ်ဦးလုံး လှည့်ကြည့်လိုက်ကြသည်။
ကျောက်ခိုင်၏ မျက်နှာက ရေခဲပြင်ကဲ့သို့ အေးစက်နေပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
သူ၏ ရေခဲပြာရောင် ဆံပင်ရှည်များက ကျောဘက်တွင် လွင့်ပျံနေသည်။
အရေပြားက နှင်းကဲ့သို့ ဖြူဖွေးနေပြီး ကြွက်သား အချိုးအစားများက ပြေပြစ်နေကာ တစ်ကိုယ်လုံးရှိ အငွေ့အသက်များက အားကောင်းနေပြီး နှစ်ထောင်ချီ အရည်မပျော်သော ရေခဲရုပ်တုတစ်ခုနှင့် တူနေသည်။
"အစ်ကိုလင်း... အစ်မတင်း"
လင်းယွမ်နှင့် တင်းယန်တို့ကို မြင်သောအခါ နှစ်သောင်းချီ အရည်မပျော်သော သူ၏ မျက်နှာပေါ်တွင် နောက်ဆုံးတော့ အပြုံးတစ်ခု ပေါ်လာသည်။
လင်းယွမ်နှင့် တင်းယန်တို့လည်း ပြုံးလိုက်ကြသည်။
"ဘယ်လိုလဲ... အောင်မြင်သွားပြီလား" လင်းယွမ်က ပြုံးကာ မေးလိုက်သည်။
ကျောက်ခိုင်က ခေါင်းငြိမ့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည် "အောင်မြင်သွားပြီ"
တင်းယန်၏ မျက်လုံးများက အရောင်လက်သွားပြီး ပြောလိုက်သည် "လာ... စမ်းကြည့်ရအောင်"
ကျောက်ခိုင်က ချက်ချင်းပင် ကိုယ်ကို တစ်ချက် လှုပ်လိုက်ကာ လေထဲသို့ ပျံတက်သွားသည်။
သူ ပျံတက်သွားသည်နှင့်အမျှ တစ်ကိုယ်လုံးမှ အအေးဓာတ်များ ထွက်ပေါ်လာပြီး ရေခဲမြူများက ရေခဲချွန်များအဖြစ် စုစည်းသွားကာ သူ၏ ပတ်လည်တွင် လှည့်ပတ်ဝဲပျံနေသည်။
ကျောက်ခိုင်က ပြောသည် "ကျွန်တော့်ရဲ့ မျိုးရိုးဗီဇမြေပုံ နာမည်က အာ့ခ်စ် အသူရာရေခဲလိပ် တဲ့... ရေခဲဓာတ် အစွမ်းပဲ"
"ပင်ကိုယ်အစွမ်းက သုညဒီဂရီ ဝတ်စုံ"
"ဝုန်း"
သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးမြူများ ပေါက်ကွဲထွက်လာပြီး မြူခိုးများ လည်ပတ်နေစဉ်အတွင်း လေထဲတွင် အရှည် (၃၃) ပေခန့်ရှိသော ဧရာမ မိကျောင်းလိပ်နှင့်တူသော သတ္တဝါကြီးတစ်ကောင် လေထဲတွင် ပေါ်လာသည်။
ထိုသတ္တဝါကြီး၏ တစ်ကိုယ်လုံးကို ရေခဲမြူများ ဖုံးလွှမ်းထားပြီး ထူထဲသော သံချပ်ကာကဲ့သို့ ရေခဲအကာအကွယ် လိပ်ခွံကြီးက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
သွားများက ထက်မြက်နေပြီး ဧရာမ လိပ်ကြီး၏ ခေါင်းပေါ်တွင်လည်း ထူထဲသော ရေခဲသံချပ်ကာများ ဖုံးလွှမ်းထားသည်။
ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင် အပူချိန်က ရုတ်တရက် ဒီဂရီဆယ်ဂဏန်းမက ကျဆင်းသွားသည်။
"နင့်ရဲ့ ခံစစ်ကို ငါ စမ်းကြည့်မယ်"
တင်းယန်က ဘာမှထပ်မပြောတော့ဘဲ လီနီယာ စွမ်းအင်သားရဲ သဏ္ဌာန်သို့ ချက်ချင်း ပြောင်းလဲလိုက်သည်။
ကျောက်ခိုင်က ထိုမြင်ကွင်းကို မြင်သောအခါ ပေါ့ဆရဲခြင်း မရှိဘဲ ပြောလိုက်သည် "လာခဲ့လေ"
တင်းယန်က ညာဘက်လက်ကို ဆုပ်ကိုင်လိုက်ရာ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီးနောက် ကြမ်းတမ်းစွာဖြင့် လက်သီးထိုးချလိုက်သည်။
"စွမ်းအင်ပေါက်ကွဲလှိုင်း"
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုလှိုင်းက ချက်ချင်း ပေါက်ကွဲထွက်လာပြီး ကျောက်ခိုင်၏ အသူရာရေခဲလိပ်ဆီသို့ အလွန်လျင်မြန်စွာ ဝင်ရောက်သွားသည်။
ကျောက်ခိုင်က ခေါင်းမော့လိုက်ပြီး ရှောင်တိမ်းခြင်းမရှိဘဲ လှည့်ကာ သူ၏ ကျောဘက်ရှိ ရေခဲလိပ်ခွံဖြင့် အတင်း ဝင်တိုက်ခံလိုက်သည်။
"ဘုန်း"
ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးက ချက်ချင်း ပေါက်ကွဲထွက်လာသည်။
ရေခဲစများ ပေါက်ကွဲထွက်သွားပြီး ရေခဲမြူများ အရည်ပျော်ကျသွားသည်ကို တွေ့လိုက်ရသည်။
ကျောက်ခိုင်၏ အပြင်ဘက်အလွှာရှိ ရေခဲအကာအကွယ်များ ကွဲကြေသွားသော်လည်း အတွင်းဘက်အလွှာရှိ လိပ်ခွံကတော့ မူလအတိုင်း အကောင်းပကတိ ရှိနေဆဲဖြစ်သည်။
ထို့အပြင် ကျောက်ခိုင်က ခန္ဓာကိုယ်ကို တစ်ချက် တုန်ခါလိုက်ရာ သူ၏ ကိုယ်ပေါ်ရှိ လိပ်ခွံမှ နက်နဲသော အလင်းရောင်များ တောက်ပလာပြီး ပျက်စီးသွားသော ရေခဲအကာအကွယ်က အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။
ဤမြင်ကွင်းကြောင့် တင်းယန်က မျက်ခုံးပင့်လိုက်မိသည် "တကယ်ကို ထူထဲတဲ့ လိပ်ခွံကြီးပါလား... ကျောက်ခိုင်... ငါ့ရဲ့ စိတ်စွမ်းအင် ခုတ်ပိုင်းလှိုင်းကို ထပ်စမ်းကြည့်ဦး"
သူမက အော်ဟစ်လိုက်ရာ တစ်ကိုယ်လုံးရှိ အလင်းရောင်များ ဆက်တိုက် တောက်ပလာပြီး တောင်ပံနှစ်ဖက်၏ အစွန်းပိုင်းများဆီသို့ စုစည်းသွားသည်။
"ဝုန်း"
တောင်ပံနှစ်ဖက် ပြင်းထန်စွာ တုန်ခါသွားသည်နှင့်အတူ
"ဝှီး"
"ဝှီး"
လေထုကို ခွဲထုတ်သည့် ကြောက်မက်ဖွယ် အသံနှစ်ခုက အလွန်လျင်မြန်စွာ ပေါက်ကွဲထွက်သွားသည်။
နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ် ခုတ်ပိုင်းလှိုင်းက လိပ်ခွံပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
"ချွမ်း"
"ချွမ်း"
ပြင်းထန်သော ထိုးဖောက်ခုတ်ပိုင်းနိုင်စွမ်းက ရောက်ရှိလာသည်။
ဤတစ်ကြိမ်တွင် ရေခဲအကာအကွယ်က ပေါက်ကွဲမထွက်သွားသော်လည်း ခုတ်ပိုင်းလှိုင်း၏ ဖြတ်တောက်မှုကို တိုက်ရိုက် ခံလိုက်ရကာ လိပ်ခွံအထိတိုင် ထိုးဖောက်ဝင်ရောက်သွားသည်။
လိပ်ခွံက ပြင်းထန်စွာ တုန်ခါသွားပြီး ၎င်းအပေါ်ရှိ လိပ်ခွံ တုန်ခါမှုကြောင့် အက်ကွဲကြောင်းများ ပေါ်လာသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် လိပ်ခွံပေါ်ရှိ နက်နဲသော အလင်းရောင်များ၏ ချေဖျက်မှုကြောင့် ထိုအက်ကွဲကြောင်းများက တစ်ဖန် ပြန်လည် ကောင်းမွန်သွားပြန်သည်။
ဤမြင်ကွင်းက တင်းယန်၏ မျက်လုံးများကို အမှန်တကယ် ပြူးကျယ်သွားစေသည်။
"ကျောက်ခိုင်... နင့်ရဲ့ ဒီလိပ်ခွံကြီးက တကယ်ကို... မာကျောလွန်းတာပဲ"
ကျောက်ခိုင်လည်း တဟားဟား ရယ်မောလိုက်သည်။ "အသူရာရေခဲလိပ်ရဲ့ အသန်မာဆုံး အပိုင်းက ခံစစ်ပဲလေ"
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးပြီး မေးလိုက်သည် "ခံစစ်အပြင် တခြား အစွမ်းတွေရော ရှိသေးလား"
"ရှိတယ်"
ဆက်ရန်...
အပိုင်း(၆၇၆) အရိပ်နဂါး ဒဏ်ရာရသွားခြင်း
"နောက်ထပ် ဘာအစွမ်းတွေ ရှိသေးလဲ"
လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။
"သုညဒီဂရီ ရောင်ခြည် လို့ခေါ်တဲ့ တိုက်ခိုက်ရေးအစွမ်းတစ်ခု ကျန်သေးတယ်"
"သုညဒီဂရီ ရောင်ခြည် ဟုတ်လား"
လင်းယွမ်က အံ့သြသွားပြီး "ရေခဲဓာတ် တိုက်ခိုက်ရေးအစွမ်းလား" ဟု မေးလိုက်သည်။
သူက ခဏစဉ်းစားလိုက်ပြီး "လာ... စမ်းကြည့်ရအောင်" ဟု ပြောလိုက်သည်။
တင်းယန်က "ကျွန်မ စမ်းကြည့်မယ်" ဟု ဝင်ပြောလိုက်သည်။
သူမက အနိုင်မခံအရှုံးမပေးတတ်သူပီပီ ကျောက်ခိုင်၏ အကာအကွယ်စွမ်းရည်က ဤမျှ ထက်မြက်နေချိန်တွင် တိုက်ခိုက်ရေးအစွမ်းကရော မည်မျှထူးခြားသလဲဆိုသည်ကို သိချင်နေသည်။
လင်းယွမ်သည်လည်း အဆင့်တူများအကြားတွင် ကျောက်ခိုင်၏ ဤသုညဒီဂရီ ရောင်ခြည်က မည်သို့သော စွမ်းပကားမျိုး ပြသနိုင်မည်ကို မြင်တွေ့ချင်နေမိသည်။
ကျောက်ခိုင်က ခေါင်းညိတ်ပြလိုက်ရာ အသူရာရေခဲလိပ်ကြီးက လည်ပင်းကို လှည့်ရင်း "သတိထားပါ... အမတင်း" ဟု အသံထွက်လာသည်။
တင်းယန်က အတောင်ပံများကို ခတ်လိုက်ပြီး "လာခဲ့" ဟု ပြောလိုက်သည်။
အသူရာရေခဲလိပ်ကြီး၏ တစ်ကိုယ်လုံးတွင် အအေးဓာတ်များ လွှမ်းခြုံသွားပြီး လိပ်ခွံပေါ်၌ နှင်းခဲစွမ်းအင် အမြောက်အမြား ထွက်ပေါ်လာကာ ထူးဆန်းသော သင်္ကေတများ လင်းလက်လာပြီးနောက် ရေခဲပြာရောင် အလင်းတန်းများက လိပ်ကြီး၏ ပါးစပ်ထဲသို့ အလွန် လျင်မြန်သော အလျင်ဖြင့် စုဝေးသွားသည်ကို မြင်လိုက်ရသည်။
"ဝုန်း"
အသူရာရေခဲလိပ်ကြီးက ပါးစပ်ကို ရုတ်တရက် ဟလိုက်သည်နှင့် ဧရာမ ရိုက်ခတ်လှိုင်းကြီးတစ်ခုက လေထုကို ချက်ချင်း ဆွဲဖြဲကာ တင်းယန်၏ လီနီယာ စွမ်းအင်သားရဲဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပစ်လွှတ်လိုက်သည်။
တင်းယန်က စွမ်းအင်ပေါက်ကွဲလှိုင်းဖြင့် ချက်ချင်း တုံ့ပြန်လိုက်ပြီး ထိုရေခဲပြာရောင် ရိုက်ခတ်လှိုင်းကြီးကို ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်သည်။
"ဒိုင်း"
ရိုက်ခတ်လှိုင်း နှစ်ခု အချင်းချင်း ဝင်တိုက်မိသွားရာ လေထဲတွင် ဧရာမ ပေါက်ကွဲသံကြီး ချက်ချင်း ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် အသူရာရေခဲလိပ်ကြီး၏ ရေခဲပြာရောင် စွမ်းအင်လှိုင်းက ဖိနှိပ်ခံလိုက်ရပြီးနောက် မတားဆီးနိုင်လောက်အောင် နောက်သို့ ဆုတ်ခွာသွားရသည်။
အသူရာရေခဲလိပ်ကြီးက သုညဒီဂရီ ဝတ်စုံကို ချက်ချင်း အသက်သွင်းလိုက်သည်။
"ဒုန်း"
စွမ်းအင် ရိုက်ခတ်လှိုင်းက လိပ်ကြီး၏ လိပ်ခွံပေါ်သို့ ကျရောက်သွားသော်လည်း ချက်ချင်းပင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
ကျောက်ခိုင်က ခါးသီးစွာ ပြုံးလိုက်ရင်း "ကျွန်တော့်ရဲ့ သုညဒီဂရီ ရောင်ခြည် တိုက်ခိုက်တဲ့ အစွမ်းက အမတင်းကို ဘယ်လိုမှ မမီဘူးပဲ" ဟု ပြောလိုက်သည်။
တင်းယန်ကလည်း အနည်းငယ် မောဟိုက်နေလျက် "နင့်ဟာက အစကတည်းက အကာအကွယ် အမျိုးအစား သန္ဓေပြောင်း သားရဲလေ... တိုက်ခိုက်ရေးအစွမ်းကပါ ဒီလောက် ထက်မြက်နေရင် တခြားလူတွေ ဘယ်လိုလုပ် ရှင်သန်နိုင်တော့မှာလဲ" ဟု ရယ်မောကာ ပြောလိုက်သည်။
လင်းယွမ်ကလည်း ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး "ငါ မြင်သလောက်တော့ ကျောက်ခိုင်ရဲ့ ဒီအစွမ်းက သီးသန့် တိုက်ခိုက်ရေးအစွမ်း မဟုတ်လောက်ဘူး... ဒီလိုလုပ်... မင်း ငါ့ကို တိုက်ခိုက်ကြည့်စမ်း... ငါ ဘာမှမခုခံဘဲ နေကြည့်မယ်" ဟု ပြောလိုက်သည်။
"ကောင်းပါပြီဗျ"
လင်းယွမ်၏ စွမ်းဆောင်ရည်ကို သိထားသဖြင့် ကျောက်ခိုင်ကလည်း ဘာမှ တွန့်ဆုတ်မနေတော့ပေ။
မတ်တပ်ရပ်ပြီး ငြိမ်နေလျှင်တောင်မှ သူက လင်းယွမ်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ပေ။
"ဝုန်း"
သုညဒီဂရီ ရောင်ခြည် တစ်ချက် ပေါက်ကွဲထွက်လာပြီး လင်းယွမ်ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
လင်းယွမ်က ရှောင်တိမ်းခြင်း မပြုဘဲ ရောင်ခြည်ကို သူ့ကိုယ်ပေါ်သို့ အထိခံလိုက်သည်။
နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အပူချိန်အနှုတ်လက္ခဏာက သူ၏ တစ်ကိုယ်လုံးကို ရိုက်ခတ်လာပြီး လင်းယွမ်မှာ ရေခဲပန်းပုရုပ်တစ်ခုအလား ချက်ချင်း အေးခဲသွားတော့သည်။
ကံကောင်းသည်မှာ လင်းယွမ်က သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အကာအကွယ်ဒိုင်းကို စောစီးစွာ ဖွဲ့စည်းထားပြီး ဖြစ်သည်။ သုညဒီဂရီ ရောင်ခြည်က အကာအကွယ်ဒိုင်း၏ အပြင်ဘက်ကိုသာ အေးခဲသွားစေသော်လည်း အအေးဓာတ်များက အကာအကွယ်ဒိုင်းကို ထိုးဖောက်ကာ လင်းယွမ်၏ ခန္ဓာကိုယ်ဆီသို့ တဖြည်းဖြည်း ပျံ့နှံ့လာနေဆဲ ဖြစ်သည်။
လင်းယွမ်က ရေခဲမြေရိုင်းဝက်ဝံ မျိုးရိုးဗီဇကို ချက်ချင်း အသက်သွင်းလိုက်ရာ အအေးဒဏ် ခံနိုင်ရည်က အဆမတန် တိုးလာသည်။
ထိုအခါမှသာ ဤအေးခဲစေသော စွမ်းအင်ကို သူ ခုခံနိုင်သွားတော့သည်။
"ဒီ သုညဒီဂရီ ရောင်ခြည်က အလွန်နိမ့်ကျတဲ့ အပူချိန်နဲ့ တိုက်ခိုက်နိုင်ပြီး ပြိုင်ဘက်ကို ချက်ချင်း အေးခဲသွားစေရုံတင်မကဘူး... ပြိုင်ဘက်ကို ထုံကျင်သွားစေတာတို့... လှုပ်ရှားမှု နှေးကွေးသွားစေတာတို့လို ထူးခြားတဲ့ ဆိုးကျိုးတွေကိုပါ ခံစားရစေတယ်"
"ပြိုင်ဘက်ကို တိုက်ရိုက် အေးခဲပစ်နိုင်တဲ့အထိတောင် စွမ်းတယ်"
"ဒါပေမဲ့ ပြိုင်ဘက်ကိုတော့ ထိဖို့လိုတာပေါ့"
လင်းယွမ်က အသူရာရေခဲလိပ်ကြီး၏ ဤအစွမ်းကို သုံးသပ်နေသည်။
"ဒီအစွမ်းက တိုက်ခိုက်ရေး အာနိသင် သိပ်မပြင်းထန်ပေမဲ့ ထိန်းချုပ်ရေးအစွမ်းဘက်ကို ပိုပြီး အသားပေးထားတယ်"
"တိုက်ပွဲဝင်တဲ့အခါ အထောက်အကူပြုအစွမ်းအနေနဲ့ သုံးရင် အရမ်းကောင်းမှာပဲ"
လင်းယွမ်က သူ၏ ကိုယ်ပိုင်အမြင်ကို ပြောပြလိုက်သည်။
ထို့နောက် သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် အစွမ်းများကို အကြိမ်ကြိမ် စမ်းသပ်ခဲ့ကြသည်။ လင်းယွမ်ကဲ့သို့ အစွမ်းထက်သူတစ်ဦးက ပစ်မှတ်အဖြစ် ရှိနေသဖြင့် ကျောက်ခိုင်နှင့် တင်းယန်တို့က ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းများကို စစ်ဆေးရန်အတွက် အစွမ်းများကို စိတ်ကြိုက် ထုတ်သုံးနိုင်ခဲ့ကြသည်။
နှစ်ရက်ကြာသည်အထိ လီချင်းဟွာက အခန်းထဲမှ ထွက်မလာသေးသဖြင့် ကျောက်ခိုင်နှင့် တင်းယန်တို့ နှစ်ယောက်စလုံးက တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလာရသည်။
"အစ်ကိုလင်း... ချင်းဟွာ တစ်ခုခုများ ဖြစ်နေပြီလား" ကျောက်ခိုင်က မေးလိုက်သည်။
လင်းယွမ်က အနည်းငယ် အာရုံခံကြည့်လိုက်ပြီး လီချင်းဟွာ၏ သက်စောင့်ငွေ့ ရှိနေဆဲဖြစ်ကြောင်း အတည်ပြုလိုက်ကာ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "ဘာမှမဖြစ်ပါဘူး... သူ အဆင့်တက်နေတုန်းပဲ" ဟု ပြောလိုက်သည်။
တင်းယန်က သံသယဖြင့် "သူ အဆင့်တက်ဖို့ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ" ဟု မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "သူက မင်းတို့နဲ့ မတူဘူးလေ... မင်းတို့က အစကတည်းက ငါ့နောက်ကို လိုက်လာတာဆိုတော့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ သွေးသားကို စားတာ နည်းတယ်... ခန္ဓာကိုယ်ထဲမှာ ရောနှောနေတဲ့ မျိုးရိုးဗီဇတွေ သိပ်မရှိတော့ အဆင့်တက်ရတာ အတော်လေး ချောမွေ့တာပေါ့"
"ဒါပေမဲ့ သူက ငါတို့အဖွဲ့ထဲကို နောက်မှ ဝင်လာတာလေ... ဒီကြားထဲမှာ သန္ဓေပြောင်း သတ္တဝါတွေရဲ့ သွေးသားကို အများကြီး စားခဲ့ရမှာပဲ... အဲ့ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ရောနှောနေတဲ့ မျိုးရိုးဗီဇတွေ အတော်လေး များနေလိမ့်မယ်"
"ဒီတစ်ကြိမ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့အခါ သူ ရင်ဆိုင်ကျော်လွှားရမယ့် အခက်အခဲက မင်းတို့ထက် အများကြီး ပိုကြီးမားနေမှာပေါ့"
"ဒါ့အပြင် ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇက... အစကတည်းက ရှားပါးတဲ့ အစွမ်းထဲမှာ ပါတယ်လေ... ခန္ဓာကိုယ်ထဲမှာ ဒီလို အမျိုးအစား မျိုးရိုးဗီဇ အရေအတွက်က နည်းနေတော့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းရတာ ပိုပြီး ခက်ခဲသွားတာပဲ"
"စိတ်မပူပါနဲ့... သူ့ကို အချိန်နည်းနည်းလောက် ပေးလိုက်ပါဦး"
တကယ်တမ်းတွင်မူ လင်းယွမ်ကသာ သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာကို လဲလှယ်မယူထားခဲ့ပါက လီချင်းဟွာ၏ အခြေအနေအရ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးမှာ တကယ်ကို မှေးမှိန်လွန်းနေမည် ဖြစ်သည်။
ယခုအချိန်အထိ မိန်တောင် မြေအောက်ထောင်ထဲတွင် အကျဉ်းချခံနေရဆဲဖြစ်သော ကုကျန့်ယဲ့ကဲ့သို့ပင် ဖြစ်သည်။
ထိုလူ၏ အစွမ်းမှာ စေတလုံးအစွမ်း ဖြစ်ပြီး အကြောင်းအကျိုး မျိုးရိုးဗီဇမျိုးစေ့ အမျိုးအစား ဖြစ်သည်။
ထိုလူ၏ အဓိက အရည်အသွေးက အမှတ် (၁၀၀) သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း အချိန်အတော်ကြာသည့်တိုင်အောင် အမှတ် (၁၀၀) တွင်သာ ပိတ်မိနေပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ မည်သို့မှ တက်လှမ်း၍ မရနိုင်ဘဲ ဖြစ်နေခဲ့သည်။
အဓိကအကြောင်းရင်းမှာ အကြောင်းအကျိုး အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့က မူလကတည်းက ရှားပါးမျိုးရိုးဗီဇ အမျိုးအစားဖြစ်နေပြီး ခန္ဓာကိုယ်တွင်းရှိ ရေတွက်မရနိုင်သော မျိုးရိုးဗီဇများအကြားတွင် ပါဝင်သည့် အချိုးအစားက အလွန်ကို နည်းပါးလွန်းနေသောကြောင့် ဖြစ်သည်။
၎င်းအပြင် သူက သန္ဓေပြောင်း သားရဲများ၏ သွေးသား အမြောက်အမြားကို စားသုံးခဲ့ဖူးသဖြင့် ခန္ဓာကိုယ်တွင်း၌ ရောနှောနေသော မျိုးရိုးဗီဇများ အလွန်များပြားနေသောကြောင့် အဆင့်တက်နိုင်ရန် အခွင့်အရေး မှေးမှိန်နေရခြင်း ဖြစ်သည်။
သေချာသည်မှာ ဤသည်က ပုံမှန်နည်းလမ်းဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ တက်လှမ်းခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
အကယ်၍ အထောက်အကူပြု ကိရိယာများ၏ အကူအညီသာ ပါမည်ဆိုလျှင် မျှော်လင့်ချက် ရှိနိုင်သေးသည်။
ဥပမာအားဖြင့် ယခုလက်ရှိ လီချင်းဟွာက သူကိုယ်တိုင် အဆင့်တက်ရန် အားကိုးနေရသဖြင့် အခက်အခဲများစွာ ရှိနေသည်မှာ သဘာဝပင် ဖြစ်သည်။
သို့သော် အကယ်၍ သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ၏ အကူအညီသာ ပါမည်ဆိုပါက သူ၏ အဆင့်တက်လှမ်းရန် အခက်အခဲကို လျှော့ချပေးနိုင်မည်မှာ သေချာလှသည်။
တိတိကျကျ အချိန်မည်မျှကြာဦးမည်ဆိုသည်ကတော့ သူ၏ ကိုယ်ပိုင်ကံကြမ္မာအပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။
"နောက်တစ်ဆင့်အနေနဲ့ အမှတ် (၁၀၀) ရောက်သွားတဲ့သူတွေ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်တက်ဖို့ လိုအပ်နေတဲ့သူတွေ ဘယ်နှယောက် ရှိသေးလဲဆိုတာ မင်းတို့ စာရင်းကောက်လိုက်ပါ... သူတို့ကို မြန်မြန် အမှတ်ပေးသွင်းခိုင်းလိုက်ရင် သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာကို သုံးပြီး ကူညီပေးလို့ရပြီ"
"ငါတို့ ထိုက်ယန်တောင်မှာ မကြာခင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်တက်သွားတဲ့ အစွမ်းထက်သူတွေ အများကြီး ထွက်ပေါ်လာတော့မယ်... အဲ့ဒီအချိန်ကျရင် ငါတို့က လင်ကျန်းမြို့တစ်မြို့လုံးမှာ အကြီးဆုံး ခိုလှုံရေးစခန်း ဖြစ်လာတော့မှာပဲ"
"စစ်တပ်တောင် ငါတို့ကို လိုက်မီနိုင်တော့မှာ မဟုတ်ဘူး"
ထိုအချိန်သို့ရောက်လျှင် နှစ်ဖက်မဟာမိတ်ဖွဲ့ထားသည့် အခြေအနေက အပြောင်းအလဲများ ဖြစ်လာနိုင်ပေသည်။
ထိုက်ယန်တောင်က မဟာမိတ်အဖွဲ့တွင် လုံးဝ ဦးဆောင်နိုင်စွမ်း ရှိလာတော့မည် ဖြစ်သည်။
စစ်တပ်အနေဖြင့် မည်သို့သော အကြောင်းပြချက်ကိုပင် သုံးစေကာမူ ထိုက်ယန်တောင်က လင်ကျန်းမြို့ တစ်ခုလုံးကို သိမ်းပိုက်ပေါင်းစည်းမည့်အရေးကို တားဆီးနိုင်တော့မည် မဟုတ်ပေ။
ကောင်းကင်ချောက်နက်နှင့် ထာဝရချောက်နက်တို့နှင့် ပတ်သက်၍မူ လင်းယွမ်က ဤနေရာနှစ်ခုကို အနှေးနှင့်အမြန် သိမ်းပိုက်နိုင်မည်မှာ သေချာလှသည်။
"အစ်ကိုလင်း... အစ်ကို သွားစရာရှိလို့လား" လင်းယွမ်၏ စကားများထဲမှ ထွက်ခွာတော့မည့် အရိပ်အယောင်ကို ကျောက်ခိုင်က လျင်မြန်စွာ ရိပ်မိသွားသည်။
လင်းယွမ်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး တည်တင်းသော မျက်နှာထားဖြင့် "တွင်းနက်အရိပ်ရေပေါ်ကျွန်းဘက်မှာ သေချာပေါက် တစ်ခုခု ဖြစ်နေပြီ... သုံးရက် ကြာသွားတာတောင် သတင်းအစအနလေး တစ်ခုမှ ရောက်မလာဘူး... ငါ သွားကြည့်မှ ဖြစ်တော့မယ်" ဟု ပြောလိုက်သည်။
"အစ်ကိုလင်း... ဒါဆို ကျွန်တော် သွားလိုက်မယ်လေ" ကျောက်ခိုင်က မနေနိုင်ဘဲ ပြောလိုက်သည်။
လင်းယွမ်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "ချန်ယွင်တောက်က ကိုင်တွယ်ရလွယ်တဲ့သူ မဟုတ်ဘူး... သူ ဘာတွေ ကြံစီထားလဲဆိုတာ မသိရဘူး... ပြီးခဲ့တဲ့အကြိမ်တုန်းက ငါ သိပ်မသေချာလို့ ကျွန်းပေါ်ကို ဝင်မကြည့်ခဲ့ရဘူး"
"ဒီတစ်ကြိမ်တော့ ငါ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းက ၂၀% အထိ ရောက်နေပြီဆိုတော့ သူ့ကို လုံးဝ အနိုင်ယူနိုင်မှာပါ"
"စိတ်ချပါ... ငါ အမြန်သွားပြီး အမြန်ပြန်လာခဲ့မယ်"
ထိုနေ့ မွန်းလွဲပိုင်းတွင် လင်းယွမ်က တစ်ယောက်တည်း တွင်းနက်အရိပ်ရေပေါ်ကျွန်းဆီသို့ တစ်ဖန် ပျံသန်းသွားခဲ့သည်။
ဆယ်မိနစ်ကျော် ကြာပြီးနောက် သူက တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ အထက်ကောင်းကင်ယံသို့ ရောက်ရှိသွားခဲ့သည်။
သို့သော် ရောက်ရှိသွားသည်နှင့် သူ၏ မျက်နှာပေါ်တွင် အလွန်တရာ အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
"ဒါက"
ဧရာမ တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ ပတ်ပတ်လည်တွင် ကြီးမားလှသော ဖန်သားပြင်ကဲ့သို့ ရေခဲဓာတ် အကာအရံကြီးတစ်ခုက ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။
ဤအကာအရံအလွှာက တစ်ခုလုံးသော တွင်းနက်အရိပ်ရေပေါ်ကျွန်းကို တိုက်ရိုက် အေးခဲထားသကဲ့သို့ ဖြစ်နေသည်။
အတွင်းပိုင်းရှိ အမှောင်ဓာတ် စွမ်းအင်များက အဆက်မပြတ် လည်ပတ်နေသော်လည်း အပြင်သို့ ပျံ့နှံ့ထွက်ပေါ်လာနိုင်ခြင်း မရှိပေ။
တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ အစွန်အဖျား ဒေသများတွင် ရေခဲပိတ်လှောင်ခံထားရသူ အများအပြား ရှိနေသည်ကို လင်းယွမ် သတိပြုမိလိုက်သည်။
၎င်းတို့မှာ သေခါနီးအချိန်က ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာအမူအရာများကို ထိန်းသိမ်းထားဆဲဖြစ်ပြီး မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေသည်။
လင်းယွမ်က လေကို ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ရာ သူ၏ မျက်နှာထားက ကြည့်ရဆိုးသွားသည်။
"ချန်ယွင်တောက်မှာ ဒီလိုအစွမ်းမျိုး ရှိနေတာလား... တွင်းနက်အရိပ်ရေပေါ်ကျွန်း တစ်ကျွန်းလုံးကိုတောင် အေးခဲပစ်နိုင်တယ်ပေါ့"
တစ်ခုခု မှားယွင်းနေပြီဟု သူ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က ဤရေခဲအကာအရံဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။
အကာအရံအနီးတွင် တစ်ပတ်ခန့် လှည့်ပတ်ကြည့်ရှုပြီးနောက် လင်းယွမ်က သဲလွန်စကို ချက်ချင်း မြင်တွေ့သွားခဲ့သည်။
"မဟုတ်သေးဘူး... ဒါက သင်္ကေတ အစီအရင်ပဲ"
ရေခဲအကာအရံ၏ အပြင်ဘက်တွင် သုံးမိုင်ခန့် ကွာဝေးတိုင်း ရေခဲပြာရောင် သင်္ကေတတစ်ခုစီ လင်းလက်နေသည်ကို လင်းယွမ် တွေ့လိုက်ရသည်။
ဤသင်္ကေတများက ရေခဲပိတ်လှောင်ထားသည့် စွမ်းအင်ကို ထိန်းသိမ်းပေးထားသော အရင်းအမြစ်များပင် ဖြစ်သည်။
တစ်စုံတစ်ယောက်က ဤအလွန်တရာ ကြီးမားလှသော ရေခဲသင်္ကေတ အစီအရင်ကို တည်ဆောက်ကာ တွင်းနက်အရိပ်ရေပေါ်ကျွန်းကို အေးခဲပစ်လိုက်ခြင်း ဖြစ်သည်။
ထို့ထက်ပို၍ ဤအစီအရင်က သူနှင့် အရိပ်နဂါးကြားရှိ အာရုံခံနိုင်စွမ်းကိုပါ ဖြတ်တောက်ထားလေသည်။
"ဝုန်း"
လင်းယွမ်က ရေခဲပိတ်လှောင်ထားသော ဧရာမ အစီအရင်ကြီးဆီသို့ လက်သီးတစ်ချက်ဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဧရာမ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ဝက်ဝံလက်ဝါးကြီးက အပြင်ဘက်ရှိ ရေခဲလွှာများကို ရိုက်ခွဲပစ်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ရေခဲပြာရောင် သင်္ကေတများ လင်းလက်လာပြီး ပေါက်ကွဲထွက်သွားသော ဤရေခဲလွှာများက မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် တစ်ဖန် ပြန်လည်ကောင်းမွန်လာသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်၏ မျက်လုံးများက ချက်ချင်း ကျဉ်းမြောင်းသွားသည်။
သူက ဘာစကားမှမဆိုတော့ဘဲ ကြယ်ရေခဲဘောလုံး အသွင်ကို တိုက်ရိုက် ဖွဲ့စည်းလိုက်သည်။
နောက်တစ်စက္ကန့်တွင် ကြယ်ရေခဲဘောလုံးက ပြင်းထန်စွာ ဝင်တိုက်ချလိုက်သည်။
"ဒိုင်း"
အချင်း မိုင်ဝက်ကျော်ခန့်ရှိသော ရူးသွပ်ဖွယ်ရာ ရေခဲဘောလုံးကြီးက ဤရေခဲပိတ်လှောင်ထားသော ဧရာမ အစီအရင်ကြီးပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်သွားသည်။
ဧရာမ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ရေခဲအကာအရံကြီးက မြည်ဟည်းသံများနှင့်အတူ အပိုင်းပိုင်းအစစ ကွဲအက်သွားသည်။
အဝေးမှ ကြည့်လိုက်လျှင် ဥက္ကာခဲတစ်လုံးက ရေခဲဘောလုံးပေါ်သို့ ဝင်တိုက်မိသွားသကဲ့သို့ ထင်ရသည်။
ရေခဲဘောလုံးတွင် အက်ကွဲကြောင်းများ အနှံ့အပြား ပေါ်ထွက်လာပြီး အလယ်ဗဟိုတွင် ပြင်းထန်စွာ ကွဲအက်ပေါက်ကွဲသွားကာ ဧရာမ အပေါက်ကြီးတစ်ခု ပေါ်လာသည်။
လင်းယွမ်၏ ခန္ဓာကိုယ်က ထူထဲသော ရေခဲလွှာများကို ဖောက်ထွင်းကာ တွင်းနက်အရိပ်ရေပေါ်ကျွန်းထဲသို့ ကျဆင်းသွားသည်။
သူက လူသားအသွင်သို့ ပြန်လည်ပြောင်းလဲသွားပြီး ကောင်းကင်ယံရှိ သူကိုယ်တိုင် ဝင်တိုက်ဖောက်ခွဲထားသော ဧရာမ ရေခဲအပေါက်ကြီးဆီသို့ မော့ကြည့်လိုက်သည်။
ထိုအပေါက်ထဲမှ အအေးဓာတ် အမြောက်အမြား ဝင်ရောက်လာပြီး ငန်းမွေးကဲ့သို့ ကြီးမားသော နှင်းပွင့်ကြီးများ ကျဆင်းလာသည်။
လင်းယွမ်က ဤနေရာရှိ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်အနှုတ်လက္ခဏာ ပတ်ဝန်းကျင်ကို ခံစားလိုက်ရသည်။
သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး "ဒီ ရေခဲအကာအရံက တွင်းနက်အရိပ်ရေပေါ်ကျွန်းရဲ့ အပြင်ဘက်ကို အေးခဲထားရုံတင်မကဘူး... အအေးဓာတ်တွေကိုပါ အဆက်မပြတ် ထုတ်လွှတ်ပေးပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းရဲ့ အရည်အသွေးကို ပြောင်းလဲစေပြီး အမှောင်ဓာတ် စွမ်းအင်တွေကိုပါ ဖယ်ရှားပစ်နေတာပဲ"
"မဟုတ်သေးဘူး... ချန်ယွင်တောက်ဆီမှာ ဒီလိုအစွမ်းမျိုး လုံးဝ မရှိနိုင်ဘူး"
လင်းယွမ်၏ ရင်ထဲတွင် အလွန်တရာ ထိတ်လန့်သွားသည်။
သူ၏ ခန္ဓာကိုယ်က တစ်ချက် လှုပ်ရှားသွားပြီး ဖန်ဆန်းမြို့လေးဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။
"ဝူယင်တို့ ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်"
လင်းယွမ်က အလွန်လျင်မြန်စွာ သွားလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့လေးဆီသို့ ရောက်ရှိသွားသည်။
သို့သော် မူလ အကာအရံက ရှိနေဆဲဖြစ်သော်လည်း အကာအရံ အတွင်းပိုင်းရှိ သန္ဓေပြောင်း နေကြာပန်းများမှာ သေလုမြောပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
မူလက ဖန်ဆန်းမြို့လေးသည် သန္ဓေပြောင်း နေကြာပန်းများကို အားကိုး၍ တွင်းနက်အရိပ်ရေပေါ်ကျွန်းအတွင်း၌ လူသားများ ဖန်တီးထားသော တောက်ပလင်းလက်သည့် မြို့လေးတစ်မြို့ကို တည်ဆောက်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ တွင်းနက်အရိပ်ရေပေါ်ကျွန်းကို အအေးဓာတ်များက အေးခဲပစ်လိုက်သည်နှင့်အမျှ သန္ဓေပြောင်း နေကြာပန်းများမှာလည်း အပူချိန်အနှုတ်လက္ခဏာကို မခံနိုင်တော့ဘဲ ညှိုးနွမ်းလုနီးပါး ဖြစ်နေချေပြီ။
မြို့လေး တစ်မြို့လုံးတွင် မှိုင်းညို့နေသော နေဝင်ချိန် မြင်ကွင်းမျိုး ပေါ်လွင်နေသည်။
လင်းယွမ်က မြို့လေးထဲသို့ အလျင်အမြန် ဝင်ရောက်သွားပြီး တစ်ချက် အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်နှာထားက ပို၍ မှောင်မိုက်သွားတော့သည်။
တစ်ခုလုံးသော ဖန်ဆန်းမြို့လေးမှာ အပြင်းအထန် ပျက်စီးနေပြီး စစ်ပွဲတစ်ပွဲကို ဖြတ်သန်းခဲ့ရသကဲ့သို့ ဖြစ်နေသည်။
အိမ်များ ပြိုကျနေပြီး မြေပြင်များ ကွဲအက်ကာ ချောက်ကမ်းပါးများ အသွယ်သွယ် ဖြစ်ပေါ်နေသည်။
ထို့အပြင် အလောင်းများနှင့် သွေးကွက် အများအပြားလည်း ရှိနေသည်။
လင်းယွမ်က မျက်လုံးမှိတ်ကာ အနည်းငယ် အာရုံခံကြည့်လိုက်ရာ နှလုံးအမြူတေ၏ သက်စောင့်ငွေ့ကို ချက်ချင်း အာရုံခံမိသွားသည်။
"အရိပ်နဂါး ရှိနေသေးတယ်"
သူ မျက်လုံးပြန်ဖွင့်လိုက်ရာ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ချက် လင်းလက်သွားပြီး သူ၏ ခန္ဓာကိုယ်က မြေအောက်သို့ လျင်မြန်စွာ လျှိုးဝင်သွားတော့သည်။
ခဏအကြာတွင် သူသည် မြေအောက် အလွန်နက်ရှိုင်းသော နေရာရှိ ထိုဦးနှောက်ရေကန်ကြီးထဲသို့ ရောက်ရှိသွားသည်။
ဦးနှောက်ရေကန်ထဲတွင် အမှောင်ထုက ကြီးစိုးနေပြီး တစ်ချိန်က သွက်လက်စွာ လှုပ်ရှားနေခဲ့သော အရိပ်မိစ္ဆာ အများအပြားမှာလည်း ယခုအခါတွင် ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
လင်းယွမ်က အာရုံခံရရှိသည့် ဦးတည်ရာအတိုင်း တစ်လျှောက်လုံး ရှေ့ဆက်သွားခဲ့သည်။
မကြာမီမှာပင် အရိပ်နဂါးကို စတင်တွေ့ရှိခဲ့ဖူးသည့် ထိုဟင်းလင်းပြင်နေရာသို့ ရောက်ရှိသွားသည်။
သူ အနည်းငယ် အာရုံခံကြည့်လိုက်ရာ အရိပ်နဂါးက ဤဟင်းလင်းပြင်နေရာကို အရိပ်ကမ္ဘာအဖြစ် ပြောင်းလဲထားကြောင်း ချက်ချင်း တွေ့လိုက်ရသည်။
ဟန်ရှန်းမန်၊ ဝူယင်၊ ကျန်းဖန်တို့၏ သက်စောင့်ငွေ့များကလည်း ထိုအထဲတွင် ထင်ရှားစွာ ရှိနေသည်။
"ဝေါင်း"
အရိပ်နဂါးက လင်းယွမ်၏ သက်စောင့်ငွေ့ကို အာရုံခံမိသွားပုံရပြီး ချက်ချင်းပင် ဟိန်းဟောက်သံ တစ်ချက် ထွက်ပေါ်လာသည်။
ထိုနောက် ၎င်းက ဟင်းလင်းပြင်ထဲမှနေ၍ ကိုယ်တိုင် ထွက်ပေါ်လာသည်။
လင်းယွမ်က ဘာစကားမှမဆိုဘဲ အရိပ်အသွင်သို့ တိုက်ရိုက် ပြောင်းလဲလိုက်ကာ ထိုအထဲသို့ ဝင်ရောက်သွားခဲ့သည်။
လူတစ်ယောက်နှင့် နဂါးတစ်ကောင်တို့က အရိပ်ကမ္ဘာ ဟင်းလင်းပြင်ထဲတွင် ဆုံတွေ့သွားကြသည်။
လင်းယွမ်က အရိပ်နဂါးကို ကြည့်လိုက်ရာ သူ၏ မျက်နှာထားက မနေနိုင်ဘဲ ပြောင်းလဲသွားပြီး "မင်း ဒဏ်ရာရထားတာလား" ဟု ရေရွတ်လိုက်မိသည်။
ဆက်ရန်...