အခန်း (၆၇၇-၆၇၈)
Vol. 34 Ch. 677-678
အပိုင်း(၆၇၇) ရေခဲဘောလုံး ပိုးကောင်ဆန်းကြီး
ဤတွင်းနက်အရိပ်နဂါးကြီးက အရိပ်အသွင် ပြောင်းလဲနိုင်စွမ်း ရှိ၏။
၎င်းကို ထိခိုက်ဒဏ်ရာရစေရန် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများဖြင့် လုံးဝ မဖြစ်နိုင်ပေ။
သို့သော်လည်း ယခုအချိန်တွင်မူ လင်းယွမ်က ၎င်း၏ အသက်ရှူသံများ အားနည်းနေပြီး ခန္ဓာကိုယ်အတွင်း၌ အေးစက်လှသော သန္ဓေပြောင်းစွမ်းအင် လှိုင်းလုံးတစ်ခု လှည့်လည်နေသည်ကို အထင်အရှား ခံစားမိနေသည်။
အရိပ်အသွင်သို့ ပြောင်းလဲထားလျှင်တောင်မှ ထိုစွမ်းအင်ကို ဖယ်ရှားပစ်ရန် မဖြစ်နိုင်ပေ။
"ဝူး"
တွင်းနက်အရိပ်နဂါးကြီးက ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်ပြီး သူ၏ရှေ့တွင် ညည်းညူနေရှာသည်။
လင်းယွမ်က လက်လှမ်းကာ ၎င်း၏ ဧရာမ ခေါင်းကြီးကို ပွတ်သပ်ပေးလိုက်ပြီး "ဘာတွေဖြစ်ခဲ့တာလဲ... မင်းကို ဘယ်သူက ဒဏ်ရာရအောင် လုပ်လိုက်တာလဲ... ချန်ယွင်တောက်လား"
လင်းယွမ် စဉ်းစား၍မရဖြစ်သွားသည်။ ချန်ယွင်တောက်တွင်သာ ဤသို့သော အရည်အချင်းရှိနေပါက သူ၏ တိုက်ခိုက်မှုကြောင့် အဆင့်ဆင့် ဆုတ်ခွာရကာ မြူခိုးမြို့တော်ထဲအထိ ဘာကြောင့် ဝင်ပုန်းနေခဲ့မည်နည်း။
ချန်ယွင်တောက် မြူခိုးမြို့တော်အတွင်းသို့ ဝင်ပုန်းသွားပြီးနောက် ထိုရေခဲသလင်း နန်းတော်ကြီးမှ ထွက်ပေါ်လာခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များကို သူ ပြန်လည်သတိရသွား၏။
သူက စိတ်ထဲမှ ရှုပ်ထွေးနေသော အတွေးများကို ဖိနှိပ်လိုက်ပြီး တွင်းနက်အရိပ်နဂါးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ လက်ကို ဖိချလိုက်သည်။
အရိပ်အသွင် အခြေအနေတွင် သူက ရေခဲဓာတ် မျိုးရိုးဗီဇအချို့ကို ချက်ချင်း အသက်သွင်းလိုက်သည်။
ထို့နောက် တွင်းနက်အရိပ်နဂါးကြီး၏ ခန္ဓာကိုယ်တွင်းရှိ ရေခဲဓာတ် စွမ်းအင်များကို စုပ်ယူလိုက်၏။
ထိုစွမ်းအင်များကို စုပ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ဤစွမ်းအင်များ၏ ပုံမှန်မဟုတ်သော အခြေအနေကို လင်းယွမ် အာရုံခံမိသွားသည်။
"ဒီရေခဲဓာတ် စွမ်းအင်တွေရဲ့ သန့်စင်နှုန်းက သာမန် ရေခဲဓာတ် စွမ်းအင်တွေထက် အများကြီး သာလွန်နေတယ်... ပြီးတော့ ဒီစွမ်းအင်တွေထဲမှာ စိတ်စွမ်းအင်တွေ ပါဝင်နေတယ်"
လင်းယွမ် အနည်းငယ် အံ့သြသွားမိသည်။ သာမန်စွမ်းအင်ဆိုသည်မှာ တိုက်ခိုက်ထုတ်လွှတ်လိုက်သည်နှင့် ပျောက်ကွယ်သွားစမြဲ ဖြစ်၏။
သို့သော် ဤစွမ်းအင်များက တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရစ်နေရုံသာမက မူလပိုင်ရှင်၏ စိတ်စွမ်းအင်ကိုပါ ဆက်လက် ပိုင်ဆိုင်ထားဆဲပင်။
သူက ရန်မေကို အလိုလို သတိရသွားသည်။
ရန်မေ၏ အစွမ်းမှာ စိတ်စွမ်းအင်နှင့် ရေခဲဓာတ် စွမ်းအင်နှစ်ခု ပေါင်းစပ်ထားခြင်းမျိုး ဖြစ်သည်။
အရာဝတ္ထုများကို အေးခဲစေနိုင်ရုံသာမက စိတ်ဝိညာဉ်ကိုပါ ထိခိုက်စေနိုင်သည်။
လင်းယွမ်က သူ၏ စိတ်စွမ်းအင်ကို အသုံးပြုကာ ဤရေခဲဓာတ် စွမ်းအင်များထဲမှ စိတ်စွမ်းအင်များကို အတင်းအဓမ္မ ဖျက်ဆီးပစ်လိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးမှသာ ဤရေခဲဓာတ် စွမ်းအင်များကို စုပ်ယူလိုက်၏။
မည်းနက်နေသော တွင်းနက်အရိပ်နဂါးကြီးက ဝမ်းသာအားရဖြင့် ညည်းညူအော်ဟစ်လိုက်ပြီး လင်းယွမ်၏ဘေးတွင် အကြိမ်အနည်းငယ် လှည့်ပတ်ကာ ၎င်း၏ ပျော်ရွှင်မှုကို ဖော်ပြလေသည်။
လင်းယွမ်က ၎င်း၏ ခေါင်းကို ပုတ်ပေးလိုက်ပြီး "သွားနားလိုက်ဦး... ငါ သူတို့ကို သွားကြည့်လိုက်ဦးမယ်"
ထိုသို့ပြောရင်း လင်းယွမ်၏ အကြည့်များက မလှမ်းမကမ်းရှိ ဟန်ရှန်းမန်တို့ အဖွဲ့ဆီသို့ ရောက်သွားသည်။
လူအများအပြားထဲတွင် ဝူယင်က လင်းယွမ်ကို ပထမဆုံး သတိထားမိသွား၏။
သူက အမှောင်ဓာတ် အစွမ်းပိုင်ရှင်ဖြစ်သဖြင့် ဤနေရာတွင် ရေထဲရောက်သွားသော ငါးတစ်ကောင်ကဲ့သို့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ကာ ပတ်ဝန်းကျင် အခြေအနေကိုလည်း ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
လင်းယွမ်မှန်း သိလိုက်ရသောအခါ သူ အလွန်အမင်း အံ့ဩဝမ်းသာသွားသည်။
"ဆရာလင်း"
သူ၏ အော်ဟစ်သံကြောင့် အခြားလူများလည်း ချက်ချင်း ခေါင်းမော့ကြည့်လိုက်ကြ၏။
"ဝူယင်... မင်း ဘာပြောလိုက်တာလဲ"
"ဆရာလင်း ရောက်လာပြီလား"
"ကိုလင်းယွမ်လား... ဘယ်မှာလဲ"
ဟန်ရှန်းမန်၊ ကျန်းဖန်တို့အဖွဲ့လည်း ချက်ချင်း စိတ်လှုပ်ရှားသွားကြပြီး အလုအယက် မေးမြန်းလိုက်ကြသည်။
လင်းယွမ်က လျှောက်လာရင်း လေးနက်သောလေသံဖြင့် "အားလုံးပဲ... ခင်ဗျားတို့ကို အရင် ခေါ်ထုတ်သွားပေးမယ်"
ထိုသို့ပြောရင်း သူက လက်ကို ဝှေ့ယမ်းလိုက်ကာ လူအားလုံးကို အရိပ်ကမ္ဘာထဲမှ ချက်ချင်း ခေါ်ထုတ်လာခဲ့သည်။
လူအားလုံး အလင်းရောင်ကို ပြန်လည်မြင်တွေ့ရပြီး လင်းယွမ်ကို မြင်လိုက်ရချိန်တွင် တစ်ခဏမျှ အလွန်အမင်း စိတ်လှုပ်ရှားသွားကြ၏။
"ဆရာလင်း... ဆရာလင်း ကျွန်တော်တို့ကို လာကယ်မယ်ဆိုတာ သိသားပဲ"
"ဆရာလင်း... တောင်းပန်ပါတယ်... ကျွန်တော်တို့ ပေါင်ရှန်းတောင်ကို မကာကွယ်နိုင်ခဲ့ဘူး... ညီအစ်ကိုတွေတောင်..." ဝူယင်က မျက်ရည်ဝဲလျက် ပြောလာသည်။
ဟန်ရှန်းမန်ကလည်း အပြစ်မကင်းသည့်ဟန်ဖြင့် "ကိုလင်းယွမ်... တောင်းပန်ပါတယ်... အစ်ကို့ကို စိတ်ပျက်အောင်လုပ်မိပြီ"
ကျန်းဖန်က ပို၍ပင် နာကျင်ခါးသီးစွာဖြင့် "ဆရာလင်း... အဲ့ဒီမိန်းမက အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်... ကျွန်တော်တို့ တကယ်ကို တောင့်မခံနိုင်ခဲ့ဘူး"
လင်းယွမ်က အသံကိုနှိမ့်ကာ "မိန်းမ... ဘယ်ကမိန်းမလဲ... ချန်ယွင်တောက် မဟုတ်ဘူးလား"
ကျန်းဖန်က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး... ချန်ယွင်တောက် မဟုတ်ဘူး... အခု မြူခိုးမြို့တော်ကို ရေခဲနတ်ဘုရားမလို့ ကိုယ့်ကိုယ်ကိုယ် သမုတ်ထားတဲ့ မိန်းမတစ်ယောက်က ထိန်းချုပ်ထားပြီ"
"အဲ့ဒီမိန်းမက မြူခိုးမြို့တော်ကို ထိန်းချုပ်ထားရုံတင်မကဘူး... ပေချန်ကျွန်းနဲ့ ပေါင်ရှန်းတောင်ကိုပါ သူ့လက်ထဲ သိမ်းပိုက်သွားပြီ"
"အဲ့ဒီနောက် ကျွန်တော်တို့ တွင်းနက်အရိပ်အထိ တစ်လျှောက်လုံး ထွက်ပြေးလာခဲ့ပေမဲ့ သူက အလွတ်မပေးဘူး... တွင်းနက်အရိပ် အပြင်ဘက်မှာ အစီအရင်ကြီးတစ်ခု ချထားပြီး တွင်းနက်အရိပ် တစ်ခုလုံးကို အေးခဲပစ်ဖို့ ကြံစည်နေတာ"
"တွင်းနက်အရိပ်ထဲမှာ အမှောင်ဓာတ် စွမ်းအင်တွေ အပြည့်ရှိနေလို့သာပေါ့... မဟုတ်ရင် သူ ဝင်သတ်နေလောက်ပြီ"
လူအားလုံးက တစ်ယောက်တစ်ပေါက်ဖြင့် မကြာသေးမီရက်များအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို လင်းယွမ်အား လျင်မြန်စွာ ရှင်းပြလိုက်ကြသည်။
အဖြစ်အပျက် တစ်ခုလုံးက လင်းယွမ် ထင်မှတ်ထားသည်ထက် အနည်းငယ် လွဲချော်နေခဲ့၏။
ဤကိစ္စရပ်များကို ကျူးလွန်ခဲ့သူက ချန်ယွင်တောက် မဟုတ်ဘဲ မိန်းမတစ်ယောက် ဖြစ်နေခဲ့သည်တဲ့လား။
လင်းယွမ်၏ မျက်နှာက တည်တင်းသွားပြီး"ဘယ်ကရောက်လာတဲ့ မိန်းမလဲ"
"မသိဘူးဆရာလင်း... သူ ဘယ်ကနေ ရောက်လာလဲဆိုတာ ကျွန်တော်တို့လည်း သေချာမသိဘူး"
ဟန်ရှန်းမန်က ဝင်ပြောလိုက်သည်။ "ဖမ်းမိထားတဲ့ မြူခိုးမြို့တော်က လူတွေလည်း အဲ့ဒီမိန်းမကို မမြင်ဖူးကြဘူးတဲ့"
"ချန်ယွင်တောက်ရော" လင်းယွမ်က မေးလိုက်သည်။
"ဆရာလင်း ထွက်သွားပြီးကတည်းက ချန်ယွင်တောက်ကို ကျွန်တော်တို့ ထပ်မတွေ့ရတော့ဘူး"
"ဒီမိန်းမက ချန်ယွင်တောက်ရဲ့ စစ်ကူလား"
"မဟုတ်ဘူး... သူ့လေသံကို နားထောင်ကြည့်ရသလောက် ချန်ယွင်တောက်ကို အရေးလုပ်တဲ့ပုံ မပေါ်ဘူး"
"သူက မြူခိုးမြို့တော်ရဲ့ သခင်အသစ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားပြီး ရေခဲနတ်ဘုရားမဆိုပြီး အပြင်ကို ကြေညာထားတယ်... ဒီရေဘေးကပ်ဆိုးကြီးအောက်မှာ သူ့ရဲ့ ရေခဲနိုင်ငံတော်ကသာ ထာဝရ တည်တံ့နိုင်မယ်လို့လည်း ပြောတယ်"
ဤစကားများကို ကြားသောအခါ လင်းယွမ်၏ မျက်နှာအမူအရာက ပို၍ပင် ထူးဆန်းသွားတော့သည်။
ချန်ယွင်တောက်က မြူခိုးမြို့တော်ထဲမှာ ဒီလိုမိန်းမမျိုးကို မွေးထားတာလား။
နေဦး... ဒီမိန်းမက ဒီလောက် အစွမ်းထက်နေတာ ချန်ယွင်တောက်က မွေးထားတာမျိုး မဖြစ်နိုင်ဘူး။
ဒါပေမဲ့ မြူခိုးမြို့တော်ရဲ့ သခင်တစ်ယောက်အနေနဲ့ ဒီလိုမိန်းမတစ်ယောက် ရှိနေတာကို ချန်ယွင်တောက်က မသိဘဲ နေပါ့မလား။
လင်းယွမ်၏ စိတ်ထဲတွင် စပ်စုချင်စိတ်များ တစ်ခဏမျှ ပြည့်နှက်သွားသည်။ ဤမိန်းမက အတိအကျ ဘယ်ကနေ လာသနည်း၊ ချန်ယွင်တောက်နှင့် သူမတို့ကရော ဘယ်လို ပတ်သက်မှုမျိုး ရှိနေသနည်း။
ထို့ပြင် ဒီရေခဲနတ်ဘုရားမဆိုတာက ဘာလို့များ ရင်းနှီးနေသလို ခံစားရတာလဲ။
လင်းယွမ်၏ ခေါင်းထဲတွင် အတွေးတစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီး ယခင်က ရန်မေ အစွမ်းနိုးထလာချိန်ကို အလိုလို သတိရသွားသည်။ သူမ အိပ်မက်မက်တိုင်း လူတစ်စု ရေခဲပိတ်လှောင်ခံထားရသည်ကို အမြဲတမ်း အိပ်မက်မက်လေ့ရှိသည်။
ထို့ပြင် ထိုအချိန်က ရန်မေတွင် ဒုတိယကိုယ်ရည်ကိုယ်သွေးတစ်ခု ပေါ်လာသကဲ့သို့ သူမကိုယ်သူမ ရေခဲနတ်ဘုရားမဟုလည်း တစ်ခါ သမုတ်ခဲ့ဖူးသည် မဟုတ်ပါလား။
"ဒီနှစ်ခုကြားမှာ ဆက်စပ်မှုများ ရှိနေမလား"
လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသော်လည်း မဖြစ်နိုင်ဘူးဟု ပြန်တွေးမိလိုက်သည်။
ရန်မေက မြူခိုးမြို့တော်ကို လုံးဝ ရောက်ဖူးခဲ့သည် မဟုတ်ပေ။ ဒီရေခဲနတ်ဘုရားမ ဆိုတာကို သူ ဘယ်လိုလုပ် မြင်ဖူးနိုင်မှာလဲ။
လင်းယွမ်က လူအားလုံးကို ခေါ်ဆောင်ကာ ဖန်ဆန်းမြို့လေးသို့ ပြန်လာခဲ့သည်။
ဟန်ရှန်းမန်က အပြင်ဘက်ရှိ ထူထပ်လှသော ရေခဲအလွှာ အတားအဆီးကြီးကို ကြည့်ကာ သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး"အဲ့ဒီမိန်းမက တကယ်ပဲ တွင်းနက်အရိပ် တစ်ခုလုံးကို ရေခဲပိတ်လှောင်ထားတာလား"
ကျန်းဖန်ကလည်း မယုံကြည်နိုင်စွာဖြင့်"သူ ဘယ်လို လုပ်လိုက်တာလဲ... အစက ကျွန်တော်တို့ ဦးနှောက်ရေကန်ဘက်ကို ထွက်ပြေးလာတုန်းက ဒီနေရာက ဒီလိုမျိုး မဟုတ်သေးဘူး"
ဝူယင်က"ဆရာလင်း... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"
လင်းယွမ်က လက်ကာပြလိုက်ပြီး"မစိုးရိမ်ကြနဲ့... ဒါက အစီအရင်တစ်ခုပဲ... အပြင်ဘက်က အဲ့ဒီ သင်္ကေတ အစီအရင်တွေကို ဖျက်ဆီးပစ်လိုက်ရင် ပွင့်သွားလိမ့်မယ်"
"မင်းတို့ ခဏလေး စောင့်နေကြ"
လင်းယွမ်၏ ခန္ဓာကိုယ်က လေထဲသို့ ပျံတက်သွားသည်။ ဤတစ်ကြိမ်တွင် သူက ရေခဲမြေရိုင်းဝက်ဝံ မျိုးရိုးဗီဇအခြေအနေကို အသုံးမပြုတော့ဘဲ ဧရာမ မီးတောက်လင်းယုန်ကြီး တစ်ကောင်အဖြစ် ချက်ချင်း အသွင်ပြောင်းလိုက်၏။
ရဲရဲတောက် မီးလင်းယုန်။
သူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပြုလုပ်ကာ ရဲရဲတောက် မီးလင်းယုန် အသွင်ကို အသက်သွင်းလိုက်ပြီးနောက် ဟင်းလင်းပြင်ဆီသို့ မျက်နှာမူကာ တောင်ပံများကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။
အလျား ပေ (၁၃၀) ကျော် ရှည်လျားသော ဧရာမ တောင်ပံကြီးများက မီးတောက်များဖြင့် အလုံးစုံ စုစည်းဖန်တီးထားသည့်အလား ဖြစ်နေ၏။
တောင်ပံများ ရိုက်ခတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်လှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သည်။
ယင်း၏ အမြန်နှုန်းက လျှပ်စီးတစ်တန်းကဲ့သို့ အလွန် လျင်မြန်လှကာ အပြင်ဘက်ရှိ ထူထပ်လှသော ရေခဲအလွှာကြီးပေါ်သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ အပြင်းအထန် ဝင်တိုက်မိသွားတော့သည်။
"ဝုန်း"
မီးတောက်များ၏ ပေါက်ကွဲသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အမှုန်အမွှားများ ထိခိုက်မိမှုကြောင့် ပြင်းထန်သော စွမ်းအင်တန်ပြန်လှိုင်းများကို ပေါက်ကွဲထွက်ပေါ်လာစေသည်။
ပြင်းထန်လှသော အပူချိန်မြင့်မားမှုနှင့် လောင်ကျွမ်းမှုအောက်တွင် အပြင်ဘက်ရှိ ရေခဲအလွှာ အတားအဆီးကြီးမှာ ချက်ချင်းပင် တစ်စစီ ကြေမွသွားတော့၏။
များပြားလှသော မြူခိုးငွေ့များ အထက်သို့ လွင့်ပျံလာပြီး ဤရေခဲအလွှာများ လျင်မြန်စွာ အရည်ပျော်ကျသွားသည်။
အနီးနားရှိ ရေခဲပြာရောင် သင်္ကေတများက ပျက်စီးသွားသော ရေခဲအတားအဆီးကို အစားထိုး ပြုပြင်ရန် အသည်းအသန် လက်လာကြသည်။
သို့သော် နောက်တစ်ခဏတွင်တော့ မီးတောက်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ရေခဲပြာရောင် သင်္ကေတများ ချက်ချင်း ကြေမွပျက်စီးသွားလေသည်။
သင်္ကေတတစ်ခု ပျက်စီးသွားသည်နှင့်အမျှ နောက်တစ်ခဏတွင် တစ်ခုလုံးသော ရေခဲအတားအဆီးကြီးကပါ အက်ကွဲ ပြိုကျသွားတော့သည်။
တွင်းနက်အရိပ်ဝ ရေပေါ်ကျွန်းတစ်ခုလုံးကို ပိတ်လှောင်ထားခဲ့သော ဤရေခဲဓာတ် သင်္ကေတ အစီအရင်ကြီးသည် အပြီးတိုင် ပြိုကျပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
လင်းယွမ်က တောင်ပံနှစ်ဖက်ကို ခတ်လိုက်ပြီး လေထဲသို့ ပျံတက်သွားကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သို့သော် ရေခဲပြာရောင် သင်္ကေတတိုင်းက နောက်ဆုံးတွင် ထူးဆန်းလှသော ရေခဲပြာရောင် ပုလဲလုံးတစ်လုံးအဖြစ် စုစည်းသွားသည်ကို မြင်လိုက်ရ၏။
လင်းယွမ်၏ အကြည့်များက စူးရှသွားပြီး သူ၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် ဖြတ်ပြေးသွားကာ တောင်ပံများကို ခတ်လိုက်ပြီး ဤထူးဆန်းသော ပုလဲလုံးကို ဖမ်းယူရန် ချက်ချင်း အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
သို့သော် ထိုပုလဲလုံးက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား "ဝီ" ခနဲ အသံမြည်သွားပြီး လင်းယွမ်၏ ဖမ်းဆီးမှုမှ အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးသွားသည်။
၎င်းက အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် မြူခိုးမြို့တော်ဘက်ဆီသို့ ပျံသန်းသွားလေသည်။
လင်းယွမ် ကြောင်အသွားပြီး အနည်းငယ် အံ့အားသင့်သွားသည်။
"သက်မဲ့မဟုတ်ဘူး... သက်ရှိပဲ"
ယခုအချိန်မှသာ လင်းယွမ် သတိပြုမိသွားသည်။ ဤအရာက တကယ်ကို အသက်ရှိနေခြင်းပင်။
ထို့ပြင် ပတ်ဝန်းကျင် အခြေအနေကိုပါ အာရုံခံနိုင်ပုံရသည်။
သူက တစ်ခွန်းမှ ထပ်မပြောတော့ဘဲ တောင်ပံနှစ်ဖက်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်သည်။ ရဲရဲတောက် မီးလင်းယုန် အသွင်အောက်တွင် သူက မီးတောက်လျှပ်စီးတန်း တစ်ခုအလား လေခွင်းသံနှင့်အတူ ထွက်ခွာသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဤအပြာရောင် ပုလဲလုံးကို မှီသွားခဲ့ပြီ ဖြစ်သည်။
ဤအရာက ဦးတည်ရာ မပြောင်းနိုင်မီမှာပင် လင်းယွမ်က တောင်ပံနှစ်ဖက်ကို ရိုက်ခတ်လိုက်ရာ "ဝှစ်" ခနဲ အသံနှင့်အတူ ပတ်ဝန်းကျင်ရှိ မီးတောက်များက မီးနဂါးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး ၎င်းကို ချက်ချင်း ဝိုင်းရံထားလိုက်သည်။
ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်မြင့်မားမှုကြီးက လွှမ်းခြုံလာကာ ဤပုလဲလုံးကို နေရာအနှံ့ ဝင်တိုက်မိစေရန် ဖိအားပေးလိုက်သဖြင့် ၎င်းက အလျင်စလို ရှောင်တိမ်းနေရ၏။
၎င်း သတိမဝင်လာနိုင်သေးမီမှာပင် ရုတ်တရက် မီးတောက်များကြားထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
လင်းယွမ်က ဧရာမ မီးတောက်လူသားကြီးအဖြစ် ပြောင်းလဲသွားပြီး ဤပုလဲလုံးကို တစ်ချက်တည်း ဆုပ်ကိုင်ဖမ်းယူလိုက်တော့သည်။
ဤပုလဲလုံး၏ အရွယ်အစားမှာ မသေးငယ်လှပေ။ ယင်း၏ အချင်းက ပေ (၃၀) ကျော်ပင် ရှိနေ၏။
မီးတောက်လူသားကြီး အခြေအနေဖြင့် ရှိနေသော လင်းယွမ်၏ ဆုပ်ကိုင်ထားမှုအောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အပူချိန်မြင့်မားမှုနှင့်အတူ လောင်ကျွမ်းသွားသည်။
၎င်းထံမှ ထူးဆန်းလှသော ညည်းညူအော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။
"ကျီ... ကျီ"
ဆက်တိုက်ဆိုသလိုပင် ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရေခဲပြာရောင် သင်္ကေတများ လင်းလက်လာသည်ကို မြင်လိုက်ရပြီး လင်းယွမ်၏ အပူချိန်မြင့်မားသော မီးတောက်များ လောင်ကျွမ်းမှုကို တန်ပြန်ရန်အတွက် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်များကို လျင်မြန်စွာ ထုတ်လွှတ်လာလေသည်။
လင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်။ ဤအရာက သက်ရှိတစ်ကောင်ဖြစ်မှန်း သိလိုက်ရပြီးနောက် သူက ဘာစကားမှ အပိုမပြောတော့ဘဲ သူ၏ စိတ်စွမ်းအင်ကို ချက်ချင်း အသုံးပြုလိုက်သည်။
"ဝီ"
ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် ရိုက်ခတ်မှုကြီးတစ်ခုက တစ်ဖက်ရန်သူ၏ စိတ်ပင်လယ်ကို အပြင်းအထန် ဝင်တိုက်သွားတော့၏။
တစ်ခဏချင်းမှာပင် ဤပုလဲလုံးက သနားစဖွယ် အော်ဟစ်ညည်းညူသွားပြီး အကာအကွယ်အားလုံး ကြေမွပျက်စီးသွားကာ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များ ချက်ချင်း လောင်ကျွမ်းသွားသည်။
၎င်းက ပြင်းပြင်းထန်ထန် ရုန်းကန်လာသော်လည်း ၎င်း၏ ခန္ဓာကိုယ်ကြီးက သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်လောက်အောင် မီးလောင်ကျွမ်းခြင်းကို ခံလိုက်ရဆဲပင်။
တူးခြစ်နေသော အနံ့တစ်ခု ထွက်ပေါ်လာ၏။
မကြာမီမှာပင် ၎င်း၏ ခန္ဓာကိုယ်က အလုံးသဏ္ဌာန်ကို ဆက်လက် ထိန်းမထားနိုင်တော့ဘဲ တဖြည်းဖြည်း ဆန့်ထွက်လာရာ ၎င်းက ကွေးညွတ်နေခဲ့သော ရေခဲအကြေးခွံ ပိုးကောင်ကြီး တစ်ကောင် ဖြစ်နေခဲ့သည်။
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး စိတ်စွမ်းအင်များကို ချက်ချင်း အသက်သွင်းကာ ကြိုးမျှင်များအဖြစ် ပြောင်းလဲလိုက်ပြီး တစ်ဖက်ရန်သူ၏ အာရုံကြောကွန်ရက်ထဲသို့ အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
သို့သော် လင်းယွမ်၏ စိတ်စွမ်းအင်များက ဤပိုးကောင်ဆန်းကြီး၏ စိတ်ပင်လယ်အတွင်းပိုင်းသို့ ထိမိသွားသည်နှင့် တစ်ပြိုင်နက်။
ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် လှိုင်းလုံးတစ်ခုက လင်းယွမ်ဆီသို့ ရုတ်တရက် တန်ပြန် ရိုက်ခတ်လာခဲ့သည်။
ဤစိတ်စွမ်းအင် လှိုင်းလုံးက အလွန် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ကို သယ်ဆောင်လာပြီး ဝိညာဉ်ကိုပါ အေးခဲသွားစေနိုင်သည့်အလားပင်။
လင်းယွမ် လန့်သွားမိသည်။ ၎င်းထံတွင် ဤမျှ ထူးဆန်းလှသော တိုက်ခိုက်မှုနည်းလမ်း ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ကံကောင်းသည်မှာ လင်းယွမ်က လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ မျိုးရိုးဗီဇမျိုးစေ့ ပင်ကိုယ်အစွမ်းကိုပါ တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားခြင်းပင်။
နောက်တစ်ခဏတွင် လိပ်ဝိညာဉ် အခြေအနေဖြင့် စိတ်စွမ်းအင် လှောင်အိမ် အစွမ်းကို ချက်ချင်း ထုတ်လွှတ်လိုက်၏။
"ဝီ"
လိပ်ခွံ လှောင်အိမ်ကြီးတစ်ခုက ဤပိုးကောင်ဆန်းကြီး၏ စိတ်ပင်လယ်ထဲသို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ဖုံးအုပ်သွားတော့သည်။
"ဝုန်း... ဝုန်း... ဝုန်း"
တစ်ဖက်ရန်သူ၏ အားကောင်းလှသော စိတ်စွမ်းအင်များက စိတ်စွမ်းအင် လှောင်အိမ်ကြီးပေါ်သို့ ဝင်တိုက်မိသွားပြီး ပြင်းထန်သော ထိခိုက်သံများ ထွက်ပေါ်လာသည်။
လင်းယွမ် စမ်းသပ်ခံစားကြည့်လိုက်ရာ ဤအရာ၏ စိတ်စွမ်းအင် ပြင်းအားမှာ စိတ်စွမ်းအင် အစွမ်းပိုင်ရှင် တစ်ယောက်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၁၀%) ဝန်းကျင်အဆင့်လောက်နှင့် ညီမျှနေသည်။
ဒါက လင်းယွမ်ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့ပြီ ဖြစ်သည်။
ယခုအချိန်အထိ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ သန္ဓေပြောင်း သတ္တဝါဆို၍ စစ်တပ်၏ ကောင်းကင်ချောက်နက်မှ ဆင်းသက်လာသော ခြေသုံးချောင်း ရွှေကျီးကန်းကိုသာ သူ မြင်ဖူးသေးသည်။
ထို့ပြင် ယခင်က တွေ့ခဲ့ရဖူးသော ရေအောက် ရှေးဟောင်းသင်္ချိုင်းဂူထဲမှ အဘွားအို ရေသူမကြီး တစ်ကောင်သာ ရှိသည်။
ယခုအချိန်တွင် နောက်တစ်ကောင်ကို ထပ်တွေ့ရလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
အဓိကအချက်မှာ ဤတစ်ကောင်က သာမန် သန္ဓေပြောင်း သားရဲတစ်ကောင် မဟုတ်သည့်ပုံပင်။
၎င်းက တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး တွင်းနက်အရိပ်ဝကို နှိမ်နင်းရန် သီးသန့် အသုံးပြုထားသော သန္ဓေပြောင်း သားရဲ ဖြစ်နေခြင်းပင်။
ဤတွေ့ရှိချက်ကြောင့် လင်းယွမ်၏ မျက်နှာက ပိုမို လေးနက်သွားတော့သည်။
"ဟို ရေခဲနတ်ဘုရားမဆိုတဲ့ တစ်ယောက်က... ဒီလို ဘီလူးမိစ္ဆာမျိုးကိုတောင် ထိန်းချုပ်နိုင်တာလား"
"သူ့လက်ထဲမှာ ဒီလို ပိုးကောင်ဆန်းတွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ"
အကယ်၍ တစ်ဖက်လူ၏ လက်ထဲတွင် ဤကဲ့သို့သော ပိုးကောင်ဆန်းများ အမြောက်အမြား ရှိနေပါက သူ သွားရောက် ရင်ဆိုင်မည့်အချိန်တွင် အထူး ဂရုစိုက်ရတော့မည် ဖြစ်သည်။
ဆက်ရန်...
အပိုင်း(၆၇၈) ရေခဲမြေရိုင်း နဂါးပိုးဟပ်
"ရွှပ်"
လင်းယွမ်က ဤပိုးကောင်မိစ္ဆာ၏ စိတ်ပင်လယ်ကို အတင်းအဓမ္မ ရိုက်ခွဲဖျက်ဆီးလိုက်ပြီး ချက်ချင်းပင် သတ်ဖြတ်လိုက်သည်။
ပိုးကောင်မိစ္ဆာ၏ စိတ်ပင်လယ် ပေါက်ကွဲသွားသည်နှင့်အတူ ၎င်း၏ အသက်ဓာတ်လည်း ပျောက်ကွယ်သွားတော့သည်။
လင်းယွမ်က လေဟာနယ်မီးလျှံကို အသက်သွင်းကာ ပိုးကောင်မိစ္ဆာ၏ အလောင်းကို မီးရှို့လိုက်သည်။
ရေခဲဓာတ် သဘာဝကြောင့် ဖြစ်နိုင်သော်လည်း ပိုးကောင်မိစ္ဆာ၏ အလောင်းက မီးလောင်ခံနိုင်စွမ်း အလွန်မြင့်မားနေသည်။
ဆယ်မိနစ်ကျော်ကြာမှသာ လင်းယွမ်က ဤပိုးကောင်မိစ္ဆာကို အပြီးတိုင် မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။
"ဟင်... ဒါက ဘာလဲ"
မီးတောက်များ လောင်ကျွမ်းမှုအောက်တွင် ပိုးကောင်မိစ္ဆာသည် အရည်ပျော်နေသော ရေနွေးပူတစ်အိုင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုရေနွေးငွေ့များ အငွေ့ပျံသွားချိန်တွင် ရေခဲရောင်ပြာပြာ ဧရာမ အခွံမာတစ်ခုကမူ လုံးဝ မီးမလောင်ဘဲ ကျန်ရစ်နေခဲ့သည်။
လင်းယွမ်က လေဟာနယ်မီးလျှံကို ရုပ်သိမ်းလိုက်ပြီး လက်လှမ်းကာ ထိုဧရာမ ပိုးကောင်အခွံကို ယူဆောင်လိုက်သည်။
ပိုးကောင်အခွံပေါ်တွင် သိပ်သည်းကျပ်ညပ်နေသော သင်္ကေတများ အပြည့်အနှက် ရှိနေသည်ကို တွေ့လိုက်ရသည်။
သင်္ကေတတစ်ခုတည်း မဟုတ်ဘဲ အလွန်များပြားသော သင်္ကေတအစုအဝေးကြီးပင် ဖြစ်သည်။
ဤသင်္ကေတများအားလုံးက ရေခဲရောင်ပြာပြာဖြစ်ပြီး အလွန်ရှုပ်ထွေးလှသော သင်္ကေတပုံစံတစ်ခုအဖြစ် ဖွဲ့စည်းထားသည်။
"သင်္ကေတအရိုး"
လင်းယွမ် ချက်ချင်းပင် ဝမ်းသာသွားသည်။ ဤမိစ္ဆာကောင်ထံမှ သင်္ကေတအရိုး ကျလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထို့ပြင် ဤသင်္ကေတအရိုးက သူ ယခင်က ရရှိခဲ့သော သင်္ကေတအရိုးများနှင့် မတူညီပေ။
ဤသင်္ကေတအရိုးပေါ်တွင် သင်္ကေတတစ်ခုတည်း ရှိနေခြင်းမဟုတ်ဘဲ သင်္ကေတအစုအဝေး တစ်ခုလုံး ရှိနေခြင်းဖြစ်သည်။
လင်းယွမ်က သူ၏ သန္ဓေပြောင်းစွမ်းအင် စစ်ဆေးခြင်း အစွမ်းကို ချက်ချင်း အသက်သွင်းလိုက်သည်။
"ပစ္စည်းကို ခွဲခြမ်းစိတ်ဖြာနေသည်... ရေခဲမြေရိုင်း နဂါးပိုးဟပ် အခွံ... သင်္ကေတအရိုး"
"အဓိက အရည်အသွေး... ရေခဲဓာတ်... ဒုတိယ အရည်အသွေး... စိတ်စွမ်းအင်"
"သင်္ကေတအရိုး စစ်ဆေးမှု... အဆုံးမဲ့ည ချက်ချင်းအေးခဲခြင်း သင်္ကေတအစီအရင်"
သတင်းအချက်အလက် တစ်သီတစ်တန်းကြီးက လင်းယွမ်၏ ခေါင်းထဲသို့ စီးဝင်လာသည်။
လင်းယွမ်၏ မျက်နှာတွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။
"တကယ် သင်္ကေတအရိုးပဲ... ပြီးတော့ သင်္ကေတအစီအရင် ပါတဲ့ သင်္ကေတအရိုးဖြစ်နေတယ်"
"ဒီလို သင်္ကေတအရိုးမျိုးက အရည်အသွေး ခရမ်းရောင်အဆင့်ကို သေချာပေါက် ရောက်နေလောက်ပြီ"
လင်းယွမ် အလွန်တရာ ဝမ်းသာပီတိ ဖြစ်သွားသည်။ ဤအပေါ်ရှိ သင်္ကေတအစီအရင်ကို သင်ယူတတ်မြောက်သွားပါက သူကိုယ်တိုင် သင်္ကေတအစီအရင် အကြီးစားတစ်ခုကို ပိုင်နိုင်သွားသည်နှင့် အတူတူပင် မဟုတ်ပါလော။
အထူးသဖြင့် ဤသင်္ကေတအစီအရင်က ရေခဲဓာတ် ဖြစ်နေပြီး သူ၏ ရေခဲမြေရိုင်းဝက်ဝံ မျိုးရိုးဗီဇမြေပုံက ဤအစီအရင်ကို အသုံးပြုရန် လုံးဝ သင့်တော်နေပေသည်။
"ရေခဲမြေရိုင်း နဂါးပိုးဟပ်... ဒီအကောင်က ဘယ်ကရောက်လာတာလဲ... ရေဘေးကြီးက သူ့ကို ရေနစ်မသေစေခဲ့ဘူးပေါ့"
လင်းယွမ် စိတ်ထဲတွင် တိတ်တဆိတ် အံ့သြနေမိသည်။ ယခုအခါ ကုန်းမြေ အများစုမှာ ရေလွှမ်းမိုးခံထားရပြီး ရေပြင်ပေါ် ထိုးထွက်နေသည့် တောင်ထိပ်အချို့မှလွဲ၍ ရေခဲမြေရိုင်းဟူ၍ ဘယ်မှာ ရှိတော့မည်နည်း။
ဤအခွံမာကို သိမ်းဆည်းလိုက်ပြီး နောက်မှ သေချာ ပြန်လေ့လာရန် သူ ဆုံးဖြတ်လိုက်သည်။
ယခု လောလောဆယ် အရေးကြီးဆုံးမှာ မြူခိုးမြို့တော်ဘက်ရှိ အခြေအနေကို အရင်သွားကြည့်ရန် ဖြစ်ပြီး ထို နှင်းရေခဲ နတ်ဘုရားမ ဆိုသူက မည်သည့် နောက်ခံရှိသည်ကို သိရန်ဖြစ်သည်။
"ကိုလင်းယွမ်... ရှေ့ဆက် ဘာလုပ်ကြမလဲ" ဟန်ရှန်းမန်က လင်းယွမ်၏ ဘေးသို့ လျှောက်လာပြီး နောက်ထပ် အစီအစဉ်များကို မေးမြန်းလိုက်သည်။
လင်းယွမ်က "တွင်းနက်အရိပ်ရေပေါ်ကျွန်းက ပိတ်လှောင်မှုကနေ လွတ်မြောက်သွားပြီ... ဖန်ဆန်းမြို့လေးမှာလည်း အဆောက်အအုံ တော်တော်များများ ပျက်စီးသွားတယ်... အထူးသဖြင့် သန္ဓေပြောင်း နေကြာပန်းက သေလုမျောပါး ဖြစ်နေတယ်... ခင်ဗျားတို့ ဒီမှာပဲ နေခဲ့ပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းကို သေချာ ပြန်စီစဉ်ကြပါ" ဟု ပြောလိုက်သည်။
"ကျွန်တော် ပေါင်ရှန်းမြို့ဘက်ကို တစ်ခေါက်သွားပြီး ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်လိုက်ဦးမယ်"
ဟန်ရှန်းမန်က အတူတူ လိုက်သွားချင်စိတ် ရှိသော်လည်း သူမ၏ ကိုယ်ပိုင် အစွမ်းအစကို သူမ သိနေသဖြင့် လိုက်သွားလျှင်တောင် အကူအညီ ပေးနိုင်မည် မဟုတ်သဖြင့် ခေတ္တမျှ စိတ်ဓာတ်ကျသွားမိသည်။
လင်းယွမ်က သူမ၏ ခံစားချက်ကို ရိပ်မိပုံရကာ "ထိုက်ယန်တောင်ဘက်မှာ မျိုးရိုးဗီဇ စက်ကိရိယာအသစ်တစ်ခုကို တီထွင်ထားတယ်... အစွမ်းပိုင်ရှင်တွေကို မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကိုတက်နိုင်အောင် ကူညီပေးနိုင်တယ်" ဟု ပြောလိုက်သည်။
"ဒီကာလအတွင်း ခင်ဗျားတို့ အမြန်ဆုံး ကျင့်ကြံပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ကျော်လွန်ဖို့ ကြိုးစားကြည့်ပါ... အချိန်ကျလို့ ထိုက်ယန်တောင်ကို ပြန်ရောက်ရင် စက်ကိရိယာ အကူအညီနဲ့ တစ်ရှိန်ထိုး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို တန်းရောက်နိုင်လိမ့်မယ်"
ဟန်ရှန်းမန်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် အံ့သြဝမ်းသာစွာဖြင့် ခေါင်းမော့လာကာ "ဒီလို စက်ကိရိယာမျိုး ရှိတယ်လား" ဟု မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ရှိတာပေါ့... တင်းယန်နဲ့ ကျောက်ခိုင်တို့လည်း အဆင့်တက်သွားကြပြီ... အခုဆို သူတို့အားလုံး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းနိုင်နေပြီ... မျိုးရိုးဗီဇမြေပုံ သတ္တဝါတွေအဖြစ် အသွင်ပြောင်းနိုင်နေကြပြီ" ဟု ဖြေလိုက်သည်။
"သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေက သိသိသာသာကို တိုးတက်သွားပြီ"
"နောက်ပိုင်း ထိုက်ယန်တောင်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် အစွမ်းပိုင်ရှင်တွေ တဟုန်ထိုး တိုးလာလိမ့်မယ်... ခင်ဗျားနဲ့ ဝူယင်... ကျန်းဖန်တို့လည်း နောက်ကျမကျန်ရစ်စေနဲ့"
ဟန်ရှန်းမန် အလွန်တရာ စိတ်လှုပ်ရှားသွားပြီး "ဟုတ်ကဲ့... အခုပဲ ဒီသတင်းကောင်းကို သူတို့ကို သွားပြောလိုက်ပါ့မယ်" ဟု ချက်ချင်း ခေါင်းညိတ် ပြောလိုက်သည်။
ထို့နောက် လင်းယွမ်က တွင်းနက်အရိပ်ရေပေါ်ကျွန်းမှ ထွက်ခွာခဲ့ပြီး ပေါင်ရှန်းမြို့သို့ လျင်မြန်စွာ ထွက်ခွာသွားသည်။
ပေါင်ရှန်းမြို့သို့ ပြန်ရောက်သောအခါ လင်းယွမ်က ပေါင်ရှန်းတောင်သို့ အရင်ဆုံး သွားခဲ့သည်။
အဝေးမှ လှမ်းကြည့်လိုက်ရာ ပေါင်ရှန်းတောင်ပေါ်တွင် မီးခိုးငွေ့များ ထွက်ပေါ်နေဆဲဖြစ်ပြီး လူတစ်ချို့က မီးမွှေးကာ ထမင်းဟင်း ချက်ပြုတ်နေပုံရသည်။
လင်းယွမ်က ပေါင်ရှန်းတောင် အထက်ကောင်းကင်ယံသို့ ပျံသန်းသွားပြီး အောက်ဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်သည်။
တောင်ပေါ်ရှိ လူအများစုမှာ သာမန် အစွမ်းပိုင်ရှင်များသာ ဖြစ်ကြပြီး မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် တစ်ယောက်မှ မရှိသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က အောက်သို့ ဆင်းသက်လာပြီး အစွမ်းပိုင်ရှင် တစ်ယောက်ကို ရှာတွေ့ခဲ့သည်။
"ခင်ဗျား... ခင်ဗျားက ဆရာလင်းပဲ"
ထိုသူက လင်းယွမ်ကို သိနေသဖြင့် ချက်ချင်းပင် အံ့သြဝမ်းသာသော အသံဖြင့် ရေရွတ်လိုက်သည်။
လင်းယွမ်က "ပေါင်ရှန်းတောင်က လူတွေရော... ဆရာထန်ရော ဘယ်မှာလဲ" ဟု မေးလိုက်သည်။
ထိုအစွမ်းပိုင်ရှင်က ခါးသီးစွာ ပြုံးလျက် "ဆရာလင်း... ဆရာလင်းတို့ ထွက်သွားပြီးကတည်းက မြူခိုးမြို့တော်က လူတွေ ပြန်ရောက်လာပြီး တိုက်ခိုက်ကြတယ်... ခေါင်းဆောင်ထန်တို့က စောစောစီးစီး ဆုတ်ခွာသွားခဲ့တယ်" ဟု ပြန်ဖြေသည်။
"မြူခိုးမြို့တော်က လူတွေက နေရာအနှံ့ လူတွေ လိုက်ဖမ်းကြတယ်... မျိုးရိုးဗီဇမျိုးစေ့အဆင့်နဲ့အထက် အစွမ်းပိုင်ရှင်တွေ အကုန်လုံး သူတို့ ဖမ်းသွားကြတယ်"
"ဘယ်ကို ဖမ်းသွားကြတာလဲ"
"မြူခိုးမြို့တော်ကိုပါ"
လင်းယွမ် ခေါင်းညိတ်လိုက်ပြီး ပေချန်ကျွန်းနှင့် မြူခိုးမြို့တော်ဘက်ရှိ အခြေအနေများကို ထပ်မေးလိုက်သည်။
သို့သော် ဤအစွမ်းပိုင်ရှင်က သာမန် အစွမ်းပိုင်ရှင်တစ်ယောက်သာ ဖြစ်သဖြင့် အပြင်ဘက်ကိစ္စများကို သိရှိမှု အလွန်နည်းပါးနေသည်။
လင်းယွမ် ထပ်မမေးတော့ဘဲ ချက်ချင်း ကိုယ်ယောင်ဖျောက်ကာ မြူခိုးမြို့တော်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
မကြာမီမှာပင် ပေချန်ကျွန်းနှင့် မြူခိုးမြို့တော်ရှိရာသို့ ရောက်ရှိသွားသည်။
သို့သော် ယခုအချိန်တွင် ထိုမြူခိုးမြို့တော်ကို လှမ်းကြည့်လိုက်သောအခါ မူလက ရေပေါ်ကျွန်း တစ်ကျွန်းလုံးကို ဖုံးလွှမ်းထားသော မြူခိုးများမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း လင်းယွမ် တွေ့လိုက်ရသည်။
တစ်နှစ်ပတ်လုံး ဖောက်ထွင်းမမြင်နိုင်သော မြူခိုးမြို့တော်သည် ယခုအခါ ဧရာမ ကျွန်းကြီးတစ်ကျွန်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ပေချန်ကျွန်းနှင့် မြူခိုးမြို့တော်ကြားတွင် ဧရာမ ရေခဲတုံးကြီးများဖြင့် အတူတကွ ခဲသွားစေခဲ့ရာ မူလ မြူခိုးမြို့တော်၏ ဧရိယာကို အများကြီး ကျယ်ပြန့်သွားစေခဲ့သည်။
ယခုအချိန်၌ ထိုမြူခိုးမြို့တော် သစ်တော၏ အနောက်ဘက်ရှိ ဧရာမ ရေခဲပြင်ကြီးပေါ်တွင် ကြီးမားလှသော ရေခဲသလင်း နန်းတော်ကြီးတစ်ခုကို တစ်ဝက်ခန့် တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်။
အစွမ်းပိုင်ရှင် တစ်ယောက်ချင်းစီက ပုရွက်ဆိတ်များကဲ့သို့ ရေခဲပြင်ပေါ်တွင် ဧရာမ ရေခဲတုံးကြီးများကို သယ်ဆောင်နေကြပြီး ဤရေခဲပန်းပု နန်းတော်ကြီးကို တဖြည်းဖြည်း တည်ဆောက်နေကြသည်။
နန်းတော်သာမက အပြင်ဘက်တွင်လည်း အခြားသော အဆောက်အအုံ အမျိုးမျိုးကို တိုးချဲ့ တည်ဆောက်နေကြသည်။
ကြည့်ရသည်မှာ ဧရာမ ရေခဲသလင်း မြို့တော်ကြီးတစ်ခုကို ဖန်တီးရန် ရည်ရွယ်ထားပုံရသည်။
လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ ဖမ်းဆီးခံရသော မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်များကို အလုပ်ကြမ်းသမားများအဖြစ် သတ်မှတ်ကာ ဤနေရာတွင် နန်းတော် လာဆောက်ခိုင်းထားခြင်း ဖြစ်သည်။
ချန်ယွင်တောက် ရူးသွားပြီလား။
လင်းယွမ် အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။
သူက ကိုယ်ယောင်ဖျောက်လိုက်ပြီး အရိပ်ထဲတွင် ပုန်းအောင်းကာ ဤနေရာ၏ လျှို့ဝှက်ချက်များကို လျင်မြန်စွာ စုံစမ်းထောက်လှမ်းလိုက်သည်။
ဤသည်မှာ မြူခိုးမြို့တော်သို့ သူ၏ ပထမဆုံးအကြိမ် လာရောက်ခြင်း မဟုတ်သဖြင့် ဤနေရာရှိ အရာအားလုံးနှင့် ပတ်သက်၍ သူ အတော်လေး ရင်းနှီးကျွမ်းဝင်နေဆဲ ဖြစ်သည်။
လူအုပ်ကြားမှ လျင်မြန်စွာ ဖြတ်သန်းသွားပြီး နန်းတော်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်။
နန်းတော်မှာ တည်ဆောက်ဆဲကာလ ဖြစ်သဖြင့် အပြင်ဘက်တွင် မပြီးစီးသေးသော်လည်း အတွင်းပိုင်းမှာမူ ပြီးပြည့်စုံနေပြီ ဖြစ်သည်။
နန်းတော်အတွင်းပိုင်းရှိ ရေခဲရောင်ပြာပြာ မာကျောသော ရေခဲများက အေးစက်သော အပူချိန်ကို ထုတ်လွှတ်နေသည်။
ရေခဲဓာတ် အစွမ်းပိုင်ရှင် အမြောက်အမြားက အတွင်းတွင် ကင်းလှည့် စောင့်ကြပ်နေကြသည်။
ဤသို့သော ပတ်ဝန်းကျင်အောက်တွင် ရေခဲဓာတ် အစွမ်းပိုင်ရှင်များသာ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်မည် ဖြစ်သည်။
လင်းယွမ်က ကျိလျန်နှင့် ဟယ်ကျွင်း အစရှိသော ယခင် ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ဝင်များ အားလုံး ဤနေရာတွင် စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။
သူက အသံတိတ် ပုန်းကွယ်နေပြီး ကျိလျန်နောက်သို့ လိုက်ကာ နန်းတော် အတွင်းပိုင်း ဧရိယာဆီသို့ ဆက်တိုက် လျှောက်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် လူတော်တော်များများက ကျိလျန်အား ဒူးတစ်ဖက်ထောက်၍ အရိုအသေပေးနေကြသည်။
ဤအရိုအသေပေးသည့် ဟန်ပန်က လင်းယွမ် သိထားသော ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့နှင့် လုံးဝ ကွာခြားနေသည်။
ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့သည် မည်သို့ပင်ဆိုစေ ယခင်က ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို ဖြတ်သန်းခဲ့ဖူးသူများ ဖြစ်သဖြင့် သူတစ်ပါးကို ဒူးထောက် အရိုအသေပေးသည့် ထုံးစံမျိုး အလွန်နည်းပါးလှသည်။ ဤသည်မှာ အလွန် ခေတ်နောက်ကျလွန်းလှသည်။
လင်းယွမ် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာခဲ့စဉ်ကပင် မည်သူတစ်ဦးတစ်ယောက်မျှ ဒူးထောက် အရိုအသေပေးသည်ကို မတွေ့ခဲ့ရပေ။
"ဒီ ချန်ယွင်တောက်က တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ဧကရာဇ်လို့ သတ်မှတ်ထားတာလား"
လင်းယွမ် စိတ်ထဲတွင် တိတ်တဆိတ် လှောင်ပြုံးပြုံးလိုက်ပြီး တစ်ဖက်လူနောက်သို့ ဆက်လက် လိုက်ပါသွားသည်။
မကြာမီမှာပင် ကျိလျန်က ခန်းမကြီးတစ်ခုဆီသို့ ရောက်ရှိလာသည်။
သို့သော် ခန်းမကြီးထဲတွင် မည်သူမျှ မရှိဘဲ ရေခဲပလ္လင်တစ်ခုပေါ်တွင် လူရိပ်တစ်ခု ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူရိပ်ကို ဇာကန့်လန့်ကာဖြင့် ဖုံးကွယ်ထားသဖြင့် မျက်နှာကို ရှင်းလင်းစွာ မမြင်ရပေ။
သို့သော် သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်ဟန်ကို ဝိုးတဝါး မြင်နေရသဖြင့် မိန်းမတစ်ယောက်ဖြစ်ကြောင်း အတည်ပြုနိုင်ပေသည်။
လင်းယွမ် စိတ်ထဲ လှုပ်ရှားသွားပြီး ဤလူမှာ နှင်းရေခဲ နတ်ဘုရားမ ဆိုသူ ဖြစ်လောက်မည်ဟု ချက်ချင်း ခန့်မှန်းမိလိုက်သည်။
"အရှင်မ... ရေခဲနတ်ဘုရား နန်းတော် တည်ဆောက်မှုက တစ်ဝက်ကျော်သွားပါပြီ... အလွန်ဆုံး နောက်ထပ် ဆယ်ရက်ဆိုရင် အပြင်ဘက် တည်ဆောက်ရေး လုပ်ငန်းတွေ အလုံးစုံ ပြီးစီးပါတော့မယ်"
ကျိလျန်က ဒူးတစ်ဖက်ထောက် အရိုအသေပေးကာ ရိုသေလေးစားစွာ လျှောက်တင်လိုက်သည်။
ဇာကန့်လန့်ကာ နောက်ကွယ်မှ မိန်းမတစ်ဦး၏ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ "ဒီလောက်တောင် ကြာတာလား"
ကျိလျန်က အလျင်အမြန် ရှင်းပြလိုက်သည်။ "အရှင်မ... လူအင်အားက တကယ်ကို မလောက်ငှပါဘူး... ဒါတောင် သူတို့ကို နေ့မနားညမနား အလုပ်လုပ်ခိုင်းထားတာပါ"
"လူတော်တော်များများက တောင့်မခံနိုင်တော့ဘူး ဖြစ်နေကြတယ်"
"ဟက်... အသုံးမကျတဲ့ကောင်တွေ... အစွမ်းပိုင်ရှင်တွေရဲ့ ခန္ဓာကိုယ်နဲ့များ နေ့မနားညမနား အလုပ်လုပ်ရုံနဲ့ ဆယ်ရက်ခွဲလောက်နဲ့တော့ မသေနိုင်ပါဘူး... ဒါလေးတောင် တောင့်မခံနိုင်ဘူးလား"
"အခုခေတ် လူတွေက ဒီလောက်အထိ ပျော့ညံ့နေကြပြီလား"
ကျိလျန်က ခေါင်းငုံ့ထားပြီး ပြန်မပြောရဲပေ။
"သွား... အနီးအနား ကျွန်းတွေက သာမန်လူတွေကိုလည်း ဖမ်းခေါ်လာခဲ့ကြ"
"ပြီးတော့ အနီးအနားမှာ ဘယ်ခိုလှုံရေးစခန်းတွေ ရှိသေးလဲ ကြည့်ပြီး လူတွေအကုန်လုံးကို ဖမ်းလာခဲ့"
"ရေခဲနိုင်ငံတော်က မကြာခင် တည်ထောင်တော့မှာမို့ လူမရှိလို့ မဖြစ်ဘူး"
ကျိလျန် စိတ်ထဲ လှုပ်ရှားသွားပြီး ချက်ချင်း ပြောလိုက်သည်။ "အရှင်မ... ကျွန်တော် သိရသလောက်ဆိုရင် ဒီနေရာနဲ့ မိုင်ခြောက်ဆယ်လောက် အကွာမှာ ထိုက်ယန်တောင် ခိုလှုံရေးစခန်းလို့ ခေါ်တဲ့ အကြီးစား ခိုလှုံရေးစခန်း တစ်ခု ရှိပါတယ်"
"အဲ့ဒီဘက်က လူဦးရေက ခုနစ်ထောင်... ရှစ်ထောင်လောက်တောင် ကျော်နေလောက်ပါပြီ"
"ပြီးတော့ ဒီခိုလှုံရေးစခန်းက ရေပေါ်ကျွန်း သုံးကျွန်းကိုတောင် ပိုင်ဆိုင်ထားပါတယ်... အရင်က အရှင်မ ရေခဲနဲ့ ဖိနှိပ်ပိတ်လှောင်ထားခဲ့တဲ့ တွင်းနက်အရိပ်ရေပေါ်ကျွန်းကလည်း ဒီခိုလှုံရေးစခန်း ခေါင်းဆောင် ပိုင်တာပါ"
ပလ္လင်ပေါ်မှ အမျိုးသမီးထံမှ စိတ်ဝင်စားသွားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ "နင်ပြောတာက လင်းယွမ်ဆိုတဲ့ ကောင်လေးလား"
အရိပ်ထဲတွင် ပုန်းအောင်းနေသော လင်းယွမ်က 'ကောင်လေး' ဟူသော အခေါ်အဝေါ်ကို ကြားလိုက်ရသဖြင့် မျက်မှောင် အကြီးအကျယ် ကြုတ်သွားမိသည်။
ဒီမိန်းမက အရမ်းအသက်ကြီးနေတာလား။
မိမိကိုတောင် ကောင်လေးဟု ခေါ်နေသေးတယ်ပေါ့လေ။
ကျိလျန်က မကြားလိုက်သည့်အလား ဆက်ပြောသည်။ "ဟုတ်ပါတယ်... သူ့ရဲ့ အစွမ်းအစက မနိမ့်ပါဘူး... အရင်တုန်းကလည်း သူက ချန်ယွင်တောက်ကို လိုက်လံ သတ်ဖြတ်ခဲ့လို့ ချန်ယွင်တောက်က အရှင်မဆီကို ထွက်ပြေးလာခဲ့ရတာပါ"
"သူဖြစ်နေတာကိုး... ဒီကောင်လေးကတော့ ဉာဏ်ကောင်းသားပဲ... အဲ့ဒီတုန်းက ငါ ထွက်လာတဲ့အချိန်မှာ သူက ထွက်ပြေးသွားခဲ့ပြီလေ"
"အရှင်မ... ဒါဆိုရင်"
"မလောနဲ့... ထိုက်ယန်တောင်ကို အနှေးနဲ့အမြန် ငါ တစ်ခေါက် သွားရမှာပဲ... နင် သွားတော့... သူတို့ကို ဆက်ပြီး ကြီးကြပ်လိုက်ဦး"
"အမိန့်အတိုင်းပါ... အရှင်မ"
ကျိလျန် ရိုသေစွာ ထွက်ခွာသွားသည်။
ခဏအကြာတွင် ခန်းမကြီး တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ပလ္လင်ပေါ်မှ အမျိုးသမီးက ခေတ္တ စဉ်းစားခန်း ဝင်နေပြီးနောက် ရုတ်တရက် အသံထွက်လာသည်။ "ဒီထိုက်ယန်တောင် ခေါင်းဆောင်ရဲ့ အစွမ်းအစက ဘယ်လောက်လောက် ရှိမလဲ"
အရိပ်ထဲတွင် ပုန်းအောင်းနေသော လင်းယွမ်က ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။
သို့သော် ထိုအချိန်တွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ "မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်နှုန်းက ၁၀% ကျော်နေလောက်ပြီ... မဟုတ်ရင် ချန်ယွင်တောက်ကို သခင်မဆီ ထွက်ပြေးလာရတဲ့အထိ လိုက်သတ်နိုင်မှာ မဟုတ်ဘူး"
ပလ္လင်ပေါ်ရှိ အမျိုးသမီးက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၁၀% ဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး... ဒါပေမဲ့ အခု ငါက နိုးလာခါစပဲ ရှိသေးတယ်... နေရာအနှံ့မှာ အိပ်စက်နေတဲ့ ငါ့ရဲ့ မျိုးရိုးဗီဇစွမ်းအင်တွေကို ပြန်သိမ်းယူဖို့ အချိန်နည်းနည်း လိုသေးတယ်"
"လောလောဆယ် သင်္ကေတအစီအရင်ကလည်း တည်ဆောက်နေဆဲဆိုတော့ အချိန်နည်းနည်း လိုသေးတယ်... နည်းနည်း ထပ်စောင့်လိုက်ကြတာပေါ့"
"မှန်ပါ့ သခင်မ"
"ရေအောက်က အခြေအနေ ဘယ်လိုနေလဲ"
"ကျွန်တော် စုံစမ်းကြည့်သလောက်တော့ ငါးလူသား ဘုရင်မရဲ့ ခန္ဓာကိုယ်အတုကို တစ်ယောက်ယောက်က လုယူသွားတယ်တဲ့... အောက်က ငါးလူသားတွေအကုန်လုံး ရူးသွားသလိုပဲ နေရာအနှံ့ လိုက်ရှာနေကြတယ်"
"ဟက်... အဲ့မိန်းမက သူရဲ့ ခန္ဓာကိုယ်အတုကို ရေအောက် ရှေးဟောင်းသင်္ချိုင်းမှာ ဖွက်ထားပြီး စိတ်ဝိဉာဉ်ကို မျိုးရိုးဗီဇရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ဖွက်ထားတာပဲ... ဒီနည်းလမ်းက သေချာပေါက် စိတ်ချရတာ မဟုတ်ပါဘူး"
"နှစ်တစ်သောင်းဆိုတဲ့ အချိန်ကာလမှာ ခန္ဓာကိုယ်အတု မပျက်စီးနိုင်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ"
ထိုအသံက ရယ်မောကာ ပြောလိုက်သည်။ "လူတိုင်းက သခင်မလိုမျိုး မြင့်မားတဲ့ စွမ်းအင်တွေ ပိုင်ဆိုင်ထားပြီး... နှစ်တစ်သောင်းလောက် ရေခဲပိတ်လှောင်ထားတာတောင် မဆွေးမြေ့၊ မပျက်စီးနိုင်တာမျိုးမှ မဟုတ်တာ"
နှင်းရေခဲ နတ်ဘုရားမက ချက်ချင်း ဖွဖွရယ်မောလိုက်ပြီး "နင်ပြောတာလည်း ဟုတ်တာပါပဲ... ငါးလူသား မျိုးနွယ်စု အကျွမ်းကျင်ဆုံးက စိတ်စွမ်းအင်ပဲလေ... စိတ်ဝိညာဉ် မသေဆုံးဘဲ မျိုးရိုးဗီဇရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ကိန်းအောင်းနေပြီး နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းကြတယ်... သက်ရှိတစ်ကောင်က အဲ့မိန်းမရဲ့ မျိုးရိုးဗီဇကို နိုးထလာအောင် လုပ်နိုင်တာနဲ့ သူက အချိန်မရွေး ပြန်ရှင်သန်လာနိုင်တယ်" ဟု ပြောလိုက်သည်။
"စိုးရိမ်ရတာက တစ်ခုပဲရှိတယ်... ယုံကြည်စိတ်ချရတဲ့ ခန္ဓာကိုယ်တစ်ခုကို ရှာဖွေဖို့ပဲ"
အရိပ်ထဲတွင် ပုန်းကွယ်နေသော လင်းယွမ်မှာ ထိုသူနှစ်ဦး၏ စကားဝိုင်းကို နားထောင်ရင်း ရင်ထဲ၌ ထိတ်လန့်သွားမိတော့သည်။
ဆက်ရန်...