← Chapters

အခန်း (၆၇၉-၆၈၀)

Vol. 34 Ch. 679-680

အခန်း (၆၇၉-၆၈၀)

Vol. 34 Ch. 679-680

အပိုင်း(၆၇၉) မြူခိုးမြို့တော်သို့ ထပ်မံသွားရောက်ခြင်း

နှစ်သောင်းချီကြာအောင် မဆွေးမြေ့နိုင်ဘူးတဲ့လား

ဒီအမျိုးသမီးက နှစ်ပေါင်းသောင်းချီကတည်းက ရှိနေခဲ့တဲ့ သက်ရှိများလား

လင်းယွမ်က စစ်တပ်မှ ကျန်းယွီကျန်း ပေးပို့လာသော ရှေးဟောင်းလူသား မံမီများအကြောင်း ရေးသားထားသည့် စာကို ရုတ်တရက် သတိရသွားသည်။

မဆွေးမမြေ့ မပျက်မစီးနိုင်ဘူးဆိုတာ...

ပြီးတော့ ခုနက ဒီရေခဲနတ်ဘုရားမ ပြောသွားတဲ့ ရေအောက်က ငါးလူသားဆိုတာ သူ ရရှိထားတဲ့ အရိုးစုကို ပြောနေတာများလား။

သူပြောတဲ့ စိတ်ဝိညာဉ် မပျက်စီးနိုင်ဘူးဆိုတာနဲ့ မျိုးရိုးဗီဇရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ပုန်းကွယ်နေတယ်ဆိုတာကရော ဘာအဓိပ္ပာယ်လဲ။

တစ်ယောက်ယောက်က သူ့ရဲ့ မျိုးရိုးဗီဇကို နိုးထလာအောင် လုပ်နိုင်တာနဲ့ သူ ပြန်လာဖို့ နည်းလမ်းရှာနိုင်မယ် ဆိုတာကကော ဘာကို ဆိုလိုတာလဲ။

တစ်ခဏချင်းမှာပင် လင်းယွမ်၏ စိတ်အစဉ်၌ မုန်တိုင်းထန်နေသော ပင်လယ်ပြင်ကဲ့သို့ ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားတော့သည်။

သူက မည်သူမျှ မသိရှိနိုင်သော လျှို့ဝှက်ချက်တစ်ခုကို ထိတွေ့မိသွားသလို ခံစားလိုက်ရ၏။

ဒီကမ္ဘာကြီးမှာ တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ။

ဒီလူတွေရဲ့ နောက်ခံက အလွန် လျှို့ဝှက်ဆန်းကြယ်လှပြီး ယခု လက်ရှိ ကပ်ဘေးဆိုးကြီးကို အစောကတည်းက ကြိုတင် ခန့်မှန်းမိခဲ့သည့်ပုံပင်။

"ချန်ယွင်တောက်ကရော"

ရုတ်တရက်ဆိုသလို လင်းယွမ်က ဤအရေးကြီးသော မေးခွန်းကို တွေးမိသွားသည်။

သူ ဒီမှာ ခိုးဝင်ပုန်းအောင်းနေတာ ဒီလောက်ကြာနေတာတောင် ချန်ယွင်တောက်ကို မတွေ့ရသေးပါလား

ချန်ယွင်တောက်က ဒီကျွန်းရဲ့ ကျွန်းသခင် ဖြစ်နေလျက်နဲ့ ကျိလျန်တို့တစ်တွေက ကိစ္စရှိလာရင် သူ့ဆီကို သတင်းမပို့ဘဲ ဒီအမျိုးသမီးဆီကို လာပြီး သတင်းပို့နေကြတယ်။

"ချန်ယွင်တောက်များ တစ်ခုခု ဖြစ်သွားတာလား"

လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး သူ၏ ခန္ဓာကိုယ်က နန်းတော်ထဲမှ အသံတိတ် ဆုတ်ခွာသွားတော့သည်။

သို့သော် လင်းယွမ် ထွက်ခွာသွားချိန်တွင် ရေခဲပလ္လင်ပေါ်ရှိ အမျိုးသမီးက ရုတ်တရက် ခေါင်းမော့လာပြီး လင်းယွမ် ထွက်သွားသည့် အရိပ်ဘက်သို့ ကြည့်လိုက်သည်။

သူမ၏ ရေခဲရောင် အပြာရောင် မျက်ဝန်းများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

"အမှောင်ဓာတ်... တွင်းနက်အရိပ်ရဲ့ သခင်များလား"

ဤအချိန်တွင် သူမအနီး၌ ရေခဲများ စုဝေးလာပြီး မကြာမီ လူပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။

"သူ့ကို ဖမ်းထားလိုက်ရမလား" ဟု ပုံရိပ်ယောင်က မေးလိုက်သည်။

ရေခဲနတ်ဘုရားမက ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး "ဖမ်းလို့ မရလောက်ဘူး... အမှောင်ဓာတ် အစွမ်းပိုင်ရှင်ဖြစ်တဲ့အပြင် အရိပ်ကိုယ်ပျောက်အစွမ်းကိုပါ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတော့ သူ့ကို ဖမ်းထားဖို့က အခြေခံအားဖြင့် မဖြစ်နိုင်ဘူး"

"ပြီးတော့ ဒီလူရဲ့ စိတ်စွမ်းအင် လှိုင်းတွေက အတော်လေး အားကောင်းတယ်... ချန်ယွင်တောက်လို အသုံးမကျတဲ့ကောင်ထက် အများကြီး ပိုအားကောင်းနေတယ်... အတင်းအဓမ္မ ဖမ်းထားမယ်ဆိုရင် ငါလည်း အထိအခိုက် နည်းမှာ မဟုတ်ဘူး"

"အခုလောလောဆယ် အရေးကြီးဆုံးက... အပြင်ဘက်မှာ ပျံ့နှံ့နေတဲ့ မျိုးရိုးဗီဇ စွမ်းအင်တွေကို အမြန်ဆုံး စုပ်ယူပြီး မျိုးရိုးဗီဇ နတ်ဘုရားအစွမ်းကို စောစောစီးစီး ပြန်ယူဖို့ပဲ"

ထိုစကားကို ကြားသောအခါ ပုံရိပ်ယောင်က အနည်းငယ် တုန်ခါသွားပြီး အံ့ဩတကြီးဖြင့် "အရှင်မတောင် သူ့ကို ဖမ်းမထားနိုင်ဘူးလား... ဒီလူက အဲ့ဒီလောက်တောင် စွမ်းနေတာလား" ဟု မေးလိုက်သည်။

"ဒီလူတွေကို အထင်မသေးနဲ့... ရေကြီးလို့ ကမ္ဘာကြီး ပျက်စီးရတဲ့ အကြိမ်တိုင်းမှာ ကောင်းကင်ဘုံကိုတောင် အာခံနိုင်တဲ့ ထူးချွန်ထက်မြက်သူ နည်းနည်းပါးပါးတော့ ထွက်ပေါ်လာစမြဲပဲလေ"

"အရင်တုန်းက နွီဝါး... အဲ့ဒီနောက်တော့ တာ့ယွီ... ဘယ်သူကများ ထူးချွန်ပြောင်မြောက်မှု မရှိခဲ့လို့လဲ... ဘယ်သူကများ အဲ့ဒီခေတ်အခါက နာမည်မကြီးခဲ့လို့လဲ"

"နှမြောစရာကောင်းတာက ဘယ်သူမှ ဒီလှောင်ချိုင့်ကြီးထဲကနေ ခုန်ထွက်ပြီး ဒီကမ္ဘာမြေကြီးအပြင်ဘက်ကို မရောက်နိုင်ခဲ့ကြဘူး"

"တစ်ချိန်က ထိပ်တန်း အစွမ်းပိုင်ရှင်တွေက... နောက်ဆုံးမှာ ဒီစကြဝဠာကနေ ထွက်ခွာသွားပြီးတဲ့နောက် တစ်ခေါက်မှ ပြန်မလာကြတော့ဘူး"

"ဒဏ္ဍာရီ ပုံပြင်တချို့ကိုသာ ချန်ထားခဲ့ပြီး ဗဟုသုတမရှိတဲ့ သာမန်လူတွေက နတ်ဘုရားတွေ... တစ္ဆေတရဲတွေ ပါတဲ့ ဒဏ္ဍာရီပုံပြင်တွေအဖြစ် ဖန်တီးခဲ့ကြတာပဲ"

"သူတို့ကို စောင့်ကြိုနေတာက နောက်ထပ် သံသရာလည်ခြင်း တစ်ခုပါပဲ"

ပုံရိပ်ယောင်က ရေခဲနတ်ဘုရားမ၏ ညည်းတွားသံကို ကြားသောအခါ သက်ပြင်းမချဘဲ မနေနိုင်တော့ဘဲ "သံသရာထဲကနေ ပြန်လာနိုင်တာကလည်း အတော်လေး ကံကောင်းတာပါ" ဟု ပြောလိုက်သည်။

"ဒီတစ်ကြိမ် သံသရာမှာ အရှင်မက တခြားသူတွေထက် ပိုစောပြီး နိုးထလာခဲ့တယ်... စောစောစီးစီး အစီအစဉ်ချနိုင်မယ်ဆိုရင် လှောင်ချိုင့်ကို ဖောက်ထွက်ပြီး ကမ္ဘာအပြင်ဘက်ကို သွားနိုင်မယ့် မျှော်လင့်ချက် ရှိနိုင်ကောင်းပါရဲ့"

ရေခဲနတ်ဘုရားမ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာပြီး "ငါ အိပ်မက်မက်နေတုန်းက အလွန် ထူးချွန်တဲ့ မျိုးရိုးဗီဇ အမွေဆက်ခံသူ တစ်ယောက်ကို အာရုံခံမိခဲ့တယ်... သူ့ရဲ့ ခန္ဓာကိုယ်က ငါ့ရဲ့ ဝိညာဉ်ကို ပြန်လည် ထည့်သွင်းဖို့ အရမ်း သင့်တော်တယ်" ဟု ပြောလိုက်သည်။

"အခု ဒီခန္ဓာကိုယ်က နှစ်သောင်းချီ ကြာမြင့်နေပြီ... အေးခဲနေလို့ မဆွေးမြေ့ဘူးဆိုပေမယ့် နောက်ဆုံးတော့ ဒီခေတ်နဲ့ မကိုက်ညီတော့ဘူး"

"အဲ့ဒီ မျိုးရိုးဗီဇ အမွေဆက်ခံသူကို ငါ အမြန်ဆုံး ရှာတွေ့မှ ရမယ်"

"သူ ဘယ်မှာရှိနေလဲဆိုတာကို အရှင်မ အာရုံခံလို့ရလား"

"သိပ်မဝေးဘူး... သူ့ရဲ့ တည်ရှိမှုကို ငါ အာရုံခံလို့ရတယ်... အရင်တုန်းကလည်း အဲ့ဒီ မျိုးရိုးဗီဇ အသိစိတ် အစိတ်အပိုင်းကို ငါကိုယ်တိုင် အသက်သွင်းဖို့ ကြိုးစားခဲ့ဖူးတယ်... နှမြောစရာကောင်းတာက အပြင်ဘက်က စွမ်းအင်တစ်ခုရဲ့ အနှောင့်အယှက်ကို ခံလိုက်ရတယ်"

ရေခဲနတ်ဘုရားမက တစ်ခုခုကို တွေးမိသွားပုံရကာ သူမ၏ မျက်နှာက တဖြည်းဖြည်း နီရဲလာပြီး မျက်လုံးထဲတွင် ရှက်ရွံ့ဒေါသထွက်မှုများ ဖြတ်ပြေးသွားသည်။

သူမကို ဖွင့်ပြောရန် ခက်ခဲစေသော ကိစ္စတစ်ခုခုကို ကြုံတွေ့ခဲ့ရပုံပေါ်သည်။

အဆိုပါ အလင်းပုံရိပ်ယောင်က ထိုအကြောင်းရင်းကို သဘာဝကျကျ မသိရှိဘဲ "ဒါဆို ကျွန်ုပ်တို့ အခုပဲ နည်းလမ်းရှာပြီး အဲ့ဒီ ခန္ဓာကိုယ်ကို ပြန်ခေါ်လာကြမလား" ဟုသာ မေးလိုက်သည်။

ရေခဲနတ်ဘုရားမက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "ဒါပေါ့... သူ့ခန္ဓာကိုယ်ထဲမှာ ငါ့ရဲ့ မျိုးရိုးဗီဇ အမွေအနှစ်တွေ အများကြီး ပါဝင်နေသလို... ငါ့ရဲ့ မျိုးရိုးဗီဇ အသိစိတ် အကြွင်းအကျန်တွေလည်း ပါဝင်နေတယ်"

"တကယ်လို့များ ဖမ်းခေါ်လာနိုင်ပြီး ငါ့ဝိညာဉ်နဲ့ ပြန်ပေါင်းစပ်နိုင်မယ်ဆိုရင်... ငါ့ရဲ့ အစွမ်းတွေက ချက်ချင်းဆိုသလို အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းလောက်အထိ သေချာပေါက် ပြန်လည် ပြည့်ဝလာလိမ့်မယ်"

......

ယခုအချိန်တွင် သူ၏ သွားလာလှုပ်ရှားမှုများကို အခြားသူများ သိရှိသွားပြီဖြစ်ကြောင်း လင်းယွမ် လုံးဝ မသိရှိခဲ့ပေ။

သူက အရိပ်ထဲတွင် ရှိနေသောကြောင့် တစ်ဖက်လူက သူ့ကို ဖမ်းမိရန် သေချာမှု မရှိသဖြင့် သူ့ကို ပုန်းလျှိုးကွယ်လျှိုး ထွက်ခွာခွင့် ပြုလိုက်ခြင်းသာ ဖြစ်သည်။

လင်းယွမ်က ကျိလျန်၏ နောက်သို့ လျင်မြန်စွာ လိုက်သွားပြီး နန်းတော်ထဲမှ ထွက်လာခဲ့သည်။

မကြာမီမှာပင် ချိုးကွေ့တစ်ခုရှိ အရိပ်တစ်ခုထဲသို့ ဝင်ရောက်သွားချိန်တွင် ဖြစ်သည်။

ကျိလျန် လမ်းလျှောက်နေရင်း ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် အမှောင်ထုထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရသည်။

သူကိုယ်တိုင်လည်း အရပ်ပုသွားသလို ရုတ်တရက် ခံစားလိုက်ရပြီး တစ်ကိုယ်လုံးက ဟင်းလင်းပြင်အပေါ် အာရုံခံနိုင်စွမ်းကို ရုတ်ချည်း ဆုံးရှုံးသွားသည်။

ကမ္ဘာကြီး တစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ပင်။

"ဘာဖြစ်တာလဲ"

ကျိလျန် ကြောက်လန့်တကြား အံ့ဩသွားပြီး သူ၏ ခန္ဓာကိုယ်တွင်းရှိ ရေခဲဓာတ် အစွမ်းကို အလျင်စလို ထုတ်ယူရန် ပြင်လိုက်သည်။

သို့သော် ထိုသို့ ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားတော့သည်။

သူက အစွမ်းကို အနည်းငယ်မျှပင် ထုတ်ယူ၍ မရနိုင်တော့ဘဲ သူ့ခန္ဓာကိုယ်ကိုပင် အာရုံမခံနိုင်တော့ပေ။

"တပ်ရင်းမှူးကျိ... မတွေ့ရတာ ကြာပြီနော်"

ရင်းနှီးနေသော အသံတစ်သံက သူ၏ အနောက်ဘက်မှ ထွက်ပေါ်လာသည်။

ကျိလျန် ရုတ်တရက် လှည့်ကြည့်လိုက်ရာ အမှောင်ထုထဲတွင် ဧရာမ သတ္တဝါကြီး တစ်ကောင်က သူ့အား ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ပေးနေသည်ကိုသာ ခံစားလိုက်ရသည်။

ဤအရိပ်ကမ္ဘာထဲတွင် လင်းယွမ်က အစစ်အမှန် ဘုရင်တစ်ပါးပင် ဖြစ်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ဖောက်ထွက်နိုင်ခြင်း မရှိသေးသည့် ကျိလျန်လို လူမျိုးက လုံးဝ ပြန်လည် ခုခံနိုင်စွမ်း မရှိချေ။

"မင်း... မင်းက ဘယ်သူလဲ... မြူခိုးမြို့တော်ကို အတင်း ဝင်လာရဲတယ်ပေါ့"

ကျိလျန် ကြောက်လန့် အံ့ဩသွားပြီး ချက်ချင်းပင် ဒေါသတကြီး အော်ဟစ် မေးခွန်းထုတ်လိုက်သည်။

လင်းယွမ်၏ ရယ်မောသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာပြီး "တပ်ရင်းမှူးကျိက အရေးကြီးတဲ့သူဆိုတော့ မေ့လွယ်တာနေမယ်... သတိလေး နည်းနည်း ပေးရရင်... သွေးသလင်းကျောက်လေ"

"မင်းပဲ"

သွေးသလင်းကျောက်အကြောင်း ပြောလိုက်သည်နှင့် ကျိလျန် ရုတ်တရက် သဘောပေါက်သွားတော့သည်။

သွေးသလင်းကျောက် ပျောက်ဆုံးသွားသည့် ကိစ္စကို စုံစမ်းစစ်ဆေးစဉ်က ချန်ယွင်တောက် အလွန် ဒေါသထွက်ခဲ့ဖူးသည်။

နောက်ဆုံးတွင် သွေးသလင်းကျောက်ကို လင်းယွမ် ခိုးယူသွားကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် လင်းယွမ်ကို လက်စားချေရန် တစ်ထစ်ချ ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့်သာ ပေါင်ရှန်းမြို့ကို တပေါင်းတစည်းတည်း ဖြစ်စေရန်နှင့် အင်အားချဲ့ထွင်ရန် အစီအစဉ်များ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တိုက်ပွဲတွင် ချန်ယွင်တောက်နှင့် လင်းယွမ်တို့ တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတွင် မြူခိုးမြို့တော်သို့ ပြန်လည် ထွက်ပြေးလာခဲ့သည်ကို ကျိလျန် အကုန်လုံး မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် သူက လင်းယွမ်၏ အသံကို ချက်ချင်း မှတ်မိသွားခြင်း ဖြစ်သည်။

တစ်ခဏချင်းမှာပင် သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"လင်းယွမ်... မင်းက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"

"ဟက်ဟက်... ငါမေးတာကို မင်းဖြေ... ငါ့ရဲ့ လုပ်ရပ်တွေကို မင်း သိလောက်မှာပါ... ငါ့ကို ဒေါသထွက်အောင်မလုပ်နဲ့"

ကျိလျန် တိတ်ဆိတ်သွားပြီး ယခုအခါ မြူခိုးမြို့တော်၏ နတ်ဘုရားမဖြစ်သူက ရန်သူကို အမြန်ဆုံး ရှာဖွေတွေ့ရှိပါစေဟု စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိသည်။

"မင်း ဘာသိချင်တာလဲ"

"ချန်ယွင်တောက် ဘယ်မှာလဲ"

ကျိလျန် ကြောင်သွားပြီး လင်းယွမ်က မြူခိုးမြို့တော်၏ အခြေအနေကို မသိသေးကြောင်း ချက်ချင်း သဘောပေါက်သွားသည်။

သူက အလျင်စလိုပင် "ချန်ယွင်တောက် သေသွားပြီ... အခု မြူခိုးမြို့တော် တစ်ခုလုံးကို ရေခဲနတ်ဘုရားမက လွှဲပြောင်းရယူထားတာ" ဟု ပြောလိုက်သည်။

"ဘာပြောတယ်"

လင်းယွမ် အလွန် အံ့ဩသွားပြီး "ချန်ယွင်တောက် သေသွားပြီဟုတ်လား... ဘယ်လိုဖြစ်ရတာလဲ" ဟု မေးလိုက်သည်။

"ပြောပြရင် ငါ့ကို လွှတ်ပေးမှာလား" ဟု ကျိလျန်က အခွင့်ကောင်းယူ၍ မေးလိုက်သည်။

လင်းယွမ်၏ လက်ထဲသို့ ကျရောက်သွားပါက တစ်ဖက်လူက သူ့ကို လွှတ်ပေးရန် သဘောမတူသရွေ့ သူ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ကြောင်းကို သူ ကောင်းကောင်း သိထားသည်။

လင်းယွမ်နှင့် ချန်ယွင်တောက်တို့၏ ပြင်းထန်သော တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် သူနှင့် လင်းယွမ်ကြားတွင် မည်မျှကြီးမားသော ကွာဟချက် ရှိနေသည်ကို သူ ရှင်းရှင်းလင်းလင်း သိထားပေသည်။

လင်းယွမ်က ချက်ချင်းပင် "မင်းသိထားတာတွေ အကုန်လုံး ပြောပြ... ငါ မင်းကို လွှတ်ပေးနိုင်တယ်" ဟု ပြောလိုက်သည်။

"တကယ်လား" ဟု ကျိလျန်က ဝမ်းသာအားရ မေးလိုက်သည်။

"ငါနဲ့မင်းကြားမှာ နက်ရှိုင်းတဲ့ ရန်ငြိုးရန်စမှ မရှိတာ... မင်းကို သတ်တာ မသတ်တာကလည်း အခြေအနေကြီး တစ်ခုလုံးအပေါ် ဘာမှမသက်ရောက်ဘူး... အဓိက အရည်အသွေး အမှတ် ၁၀၀လောက်ပဲရှိတဲ့ မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်တစ်ယောက်က ငါ့အတွက်တော့ သိပ်အရေးမပါဘူး"

ကျိလျန် ချက်ချင်းပင် ခါးသီးစွာ ပြုံးလိုက်မိသည်... လင်းယွမ် ပြောသည့်စကားမှာ အမှန်ဖြစ်သော်လည်း လူကို စော်ကားသလို ခံစားနေရဆဲပင်။

သို့သော် လင်းယွမ်ထံမှ ကတိရထားပြီဖြစ်၍ သူသိထားသမျှ ကိစ္စအားလုံးကို လင်းယွမ်အား အကုန်အစင် ပြောပြလိုက်တော့သည်။

"လွန်ခဲ့တဲ့ သုံးရက်လောက်က ဒီအမျိုးသမီး ရုတ်တရက် ပေါ်လာပြီး သူ့ကိုယ်သူ ရေခဲနတ်ဘုရားမလို့ ကြေညာခဲ့တယ်"

"အဲ့ဒီတုန်းက ငါတို့က သဘောမတူခဲ့ကြဘူး... ဒါပေမဲ့ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ငါတို့အားလုံးကို နှိမ်နင်းနိုင်ခဲ့တယ်"

"အဲ့ဒီနောက် သူက ချန်ယွင်တောက်ရဲ့ အလောင်းကို ထုတ်ပြလာတယ်... အဲ့ဒီတော့မှ ချန်ယွင်တောက် သေသွားပြီဆိုတာကို ငါတို့ သိခဲ့ရတာ"

"အဲ့ဒီအချိန်ကစပြီး အားလုံးက သူ့ကိုပဲ သခင်အဖြစ် သတ်မှတ်လိုက်ရတော့တာပဲ"

"သူကိုယ်တိုင် ဝင်ပါပြီး ပေါင်ရှန်းတောင်ပေါ်က မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်တွေကို အရင် ဖမ်းခေါ်သွားတယ်... အဲ့ဒီနောက် ပေချန်ကျွန်းနဲ့ မြူခိုးမြို့တော်ကို အတူတကွ အေးခဲစေပြီး မြူခိုးမြို့တော်ရဲ့ ဧရိယာကို ချဲ့ထွင်ခဲ့တယ်"

"သူက ငါတို့ကို ရေခဲနတ်ဘုရား နန်းတော် တည်ဆောက်ဖို့ အမိန့်ပေးခဲ့တယ်... အဲ့ဒီလူတွေကို မနားတမ်း နေ့ရောညပါ ဒီနတ်ဘုရားနန်းတော်ကြီးကို ဆောက်ခိုင်းတဲ့အထိတောင် တင်းကြပ်လွန်းတယ်"

လင်းယွမ်က ချက်ချင်းပင် "ချန်ယွင်တောက်က ဘယ်လို သေသွားတာလဲ" ဟု မေးလိုက်သည်။

"မသိဘူး... သူက ချန်ယွင်တောက်ကို ထုတ်ပြတဲ့အချိန်မှာ ချန်ယွင်တောက်က အလောင်းတစ်လောင်း ဖြစ်နေပြီ... ဒါပေမဲ့ သူရဲ့ တစ်ကိုယ်လုံးက ပိန်ခြောက်နေပြီး သွေးသားတွေ အစုပ်ခံထားရသလိုပဲဆိုတာကိုတော့ ငါ မြင်ခဲ့တယ်"

လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး "ဒီအမျိုးသမီးက ရုတ်တရက် ထွက်လာတာလား... သူ့ရဲ့ နောက်ခံက ဘာလဲ" ဟု ချက်ချင်း ထပ်မေးလိုက်သည်။

"အဲ့ဒါကိုတော့ ငါ တကယ် မသိဘူး... သူက ရုတ်တရက် ပေါ်လာသလိုပဲ... ပြီးတော့ သူက မြူခိုးမြို့တော်ရဲ့ နှလုံးအမြူတေကို ထိန်းချုပ်ထားနိုင်ပြီး တောင်တန်းတွေနဲ့ မြေမျက်နှာသွင်ပြင်တွေကိုပါ နေရာရွှေ့ပြောင်းနိုင်တယ်ဆိုတာကို ငါ တွေ့ရှိခဲ့တယ်"

လင်းယွမ် ထပ်မံ အံ့ဩသွားပြီး "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေ နှစ်ခုလုံးကို ချန်ယွင်တောက်က သန့်စင်ပြီးပြီ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။

"ငါလည်း နားမလည်ဘူး" ဟု ကျိလျန်က ခေါင်းခါလိုက်သည်... သူလည်း ထိုအရာ၏ လျှို့ဝှက်ချက်ကို မသိရှိကြောင်း သိသာထင်ရှားလှသည်။

လင်းယွမ်က အနည်းငယ် မယုံနိုင်စရာကောင်းသည်ဟု ခံစားလိုက်ရသည်... နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို တစ်ကြိမ် သန့်စင်ပြီးပါက သဘောဆန္ဒအလျောက် ထုတ်ယူခြင်းမှလွဲ၍ အခြားသူများက နှလုံးအမြူတေပိုင်ရှင်ကို အတင်းအဓမ္မ သတ်ဖြတ်လိုက်လျှင်ပင် နှလုံးအမြူတေမှာ လွင့်စင်ပျောက်ကွယ်သွားမည်သာဖြစ်ပြီး အခြားသူများက အတင်းအဓမ္မ လုယူနိုင်မည် မဟုတ်ကြောင်းကို သိထားရမည် ဖြစ်သည်။

ချန်ယွင်တောက်က မြူခိုးမြို့တော် ရေပေါ်ကျွန်းကို သူ့သဘောနဲ့သူ လိုလိုလားလား ပေးအပ်လိုက်တာများလား။

ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

အကယ်၍ ချန်ယွင်တောက်က လိုလိုလားလား ပေးအပ်ခဲ့တာဆိုရင် သူက ဘာလို့ တစ်ဖက်လူရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာလဲ။

အတင်းအကျပ် ဖိအားပေးခံရတာများလား။

လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားသော်လည်း ချက်ချင်းပင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

ချန်ယွင်တောက် မည်မျှပင် မိုက်မဲနေပါစေ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို မပေးအပ်သရွေ့ သူ အသက်ရှင်ရန် လမ်းစရှိသေးကြောင်းကို သိထားသင့်ပေသည်။

တစ်ခါ ပေးအပ်လိုက်သည်နှင့် သေချာပေါက် သေရတော့မည် ဖြစ်သည်။

တစ်ခဏချင်းမှာပင် ချန်ယွင်တောက်နှင့် ထိုအမျိုးသမီးကြားတွင် အတိအကျ ဘာတွေဖြစ်ခဲ့သည်ကို လင်းယွမ် အနည်းငယ် သံသယ ဝင်လာတော့သည်။

"ဒီအမျိုးသမီးရဲ့ အစွမ်းအစက ဘယ်လိုနေလဲ" ဟု သူက အရေးကြီးသော မေးခွန်းတစ်ခုကို ထပ်မေးလိုက်သည်။

"ငါ မသိဘူး... ဒါကိုတော့ ငါ တကယ် မသိတာပါ... ငါ သူ့ကို လုံးဝ အကဲခတ်လို့ မရဘူး"

ကျိလျန်၏ စကားကြောင့် လင်းယွမ် ဘာမှမတတ်နိုင် ဖြစ်သွားရသည်။

ကျိလျန် လိမ်မပြောကြောင်း သူ သိသည်... ချန်ယွင်တောက်ကို သတ်နိုင်သည့် အမျိုးသမီးတစ်ဦး၏ အစွမ်းအစမှာ သဘာဝကျကျပင် ကျိလျန် ခန့်မှန်းနိုင်သည့် အရာမျိုး မဟုတ်ပေ။

"သူက သူ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့ ပုံစံကို ပြသဖူးလား"

"ဟင့်အင်း... သူ အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ပေမယ့် အသွင်ပြောင်းတာမျိုး မလုပ်ခဲ့ဘူး"

"ပေချန်ကျွန်းနဲ့ မြူခိုးမြို့တော်ကို အေးခဲလိုက်တာတောင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့ ပုံစံကို မသုံးခဲ့ဘူးလား"

"မသုံးခဲ့ဘူး"

လင်းယွမ် တိတ်ဆိတ်သွားသော်လည်း သူ၏ စိတ်ထဲတွင်မူ မုန်တိုင်းထန်နေသော ပင်လယ်ပြင်ကဲ့သို့ လှိုင်းလုံးကြီးများ ရိုက်ခတ်သွားတော့သည်။

အဘယ်ကြောင့်ဆိုသော် လူသားခန္ဓာကိုယ် အခြေအနေအောက်တွင် အမှန်တကယ် အရည်အသွေး အမှတ် ၁၀၀အထိ ရောက်ရှိနိုင်ခြင်းက ကန့်သတ်ချက် အခြေအနေသို့ နီးကပ်နေပြီဟု သတ်မှတ်နိုင်ကြောင်းကို သူ အလွန် ရှင်းလင်းစွာ သိထားသောကြောင့်ပင်။

ဆက်လက် ဖောက်ထွက်ရန်ဆိုလျှင် လူသားပုံစံရှိသော ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

မိမိကိုယ်ကို ပိုမို အားကောင်းသော စွမ်းအားများ ထုတ်လွှတ်နိုင်စေရန်အတွက် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို မဖြစ်မနေ ပြုလုပ်ရမည် ဖြစ်သည်။

၎င်းကသာလျှင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။

သို့သော် ထိုအမျိုးသမီးက သူမ၏ လူသားပုံစံကိုသာ အားကိုး၍ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို ထုတ်ဖော်ကာ ကျွန်းတစ်ကျွန်းလုံးကို အေးခဲသွားစေနိုင်ခဲ့သည်။

၎င်းက လုံးဝကို ပုံမှန် မဟုတ်ပေ။

"သူ့ရဲ့ အခုပုံစံက လူသား မဟုတ်လို့များလား"

လင်းယွမ်၏ စိတ်ထဲတွင် ဤသို့သော အတွေးမျိုး ရုတ်တရက် ပေါ်ထွက်လာတော့သည်။

သူ၏ အကြည့်များက တည်ငြိမ်မှုမရှိဘဲ တောက်ပနေကာ ပတ်ဝန်းကျင်ရှိ အအေးဒဏ်များ တဖြည်းဖြည်း ပိုမို ပြင်းထန်လာသည်ကို လုံးဝ သတိမထားမိခဲ့ပေ။

ကြမ်းပြင် အုတ်ချပ်များနှင့် နံရံများအနီးရှိ ထိုရေခဲတုံးများထဲတွင် ထူးဆန်းသော အပြာရောင် သင်္ကေတအချို့ကလည်း တဖြည်းဖြည်း စုစည်းလာနေသည်။

တစ်ချိန်တည်းမှာပင် နန်းတော် တစ်ခုလုံးသည်လည်း အသံတိတ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။

အစီအရင်ကြီး တစ်ခုက ပညာသားပါပါဖြင့် လည်ပတ် ဖြစ်ပေါ်လာနေသည့်အလားပင်။

ရေခဲရောင် အပြာရောင် စွမ်းအင်များက နန်းတော် အပြင်ဘက်တွင် တဖြည်းဖြည်း စုစည်း ပုံဖော်လာပြီး အကျဉ်းထောင်ကဲ့သို့ အကာအရံတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။

"အေးလိုက်တာ"

ကျိလျန်က မသိစိတ်အရ နှာချေလိုက်ပြီး တီးတိုး ပြောလိုက်သည်။

လင်းယွမ် သတိပြန်ဝင်လာပြီး "မင်းက အခု အရိပ်ဖြစ်နေတာလေ... ဘာကို အေးနေတာလဲ" ဟု ပြောလိုက်သည်။

စကားသံ အဆုံးတွင် သူ ရုတ်တရက် ကြောင်အသွားတော့သည်။

"တစ်ခုခု မှားနေပြီ"

ဆက်ရန်...

အပိုင်း(၆၈၀) လင်ယွီရုံ

"ဒါပုံမှန်မဟုတ်ဘူး... အပူချိန်တွေ ကျဆင်းနေတယ်"

လင်းယွမ်က ပတ်ဝန်းကျင်မှ အအေးဓာတ်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ဤအအေးဓာတ်က ပြင်ပအပူချိန် အပြောင်းအလဲသာမကဘဲ ဝိညာဉ်အထိ စိမ့်ဝင်လာသော အေးခဲမှုစွမ်းအားတစ်ရပ် ဖြစ်ပေသည်။

သူက အရိပ်ကမ္ဘာ၏ ပြင်ပသို့ သူ၏ စိတ်စွမ်းအင်ကို အလျင်အမြန် စေလွှတ်၍ စူးစမ်းလိုက်သည်။

ချက်ချင်းပင် သူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားလေသည်။

"ငါ့ကို တွေ့သွားတာများလား"

သူက ဘာမှထပ်မတွေးနေတော့ဘဲ ကိုယ်ကို တစ်ချက်ဝှေ့ယမ်းကာ အနီးနားရှိ အရိပ်များကြားသို့ အလွန် လျင်မြန်သော အလျင်ဖြင့် ထွက်ပြေးပုန်းအောင်းလိုက်သည်။

သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ အအေးဓာတ်က ချက်ချင်းပင် အရှိန်အဟုန်ဖြင့် အေးခဲသွားတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အနီးနား၌ မီးရောင်များ လင်းလက်လာပြီး မီးတောက်များက ရေခဲသလင်း နန်းတော်ကြီးကို လင်းထိန်သွားစေသည်။

ရေခဲသလင်း နန်းတော်ကြီးထဲတွင် အလင်းနှင့် အရိပ်တို့ ရောယှက်နေပြီး နေရာအနှံ့ အလင်းရောင်များ ထိုးဖောက်ဝင်ရောက်လာသဖြင့် အရိပ်များ မှေးမှိန်သွားသည်။

လင်းယွမ်က အရိပ်များ ပိတ်ဆို့ခံလိုက်ရပြီး ဆက်လက် ပုန်းကွယ်သွားလာရန် မဖြစ်နိုင်တော့ကြောင်း ချက်ချင်း သိလိုက်သည်။

ထိုစဉ် ခပ်ဖွဖွ ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။

"နင့်ကို မိပြီလေ"

အမျိုးသမီးတစ်ဦးက နန်းတော်ထဲတွင် ရုတ်တရက် ကိုယ်ထင်ပြလာသည်။

လင်းယွမ် လှမ်းကြည့်လိုက်သောအခါ ထိုအမျိုးသမီး၏ အသားအရေက နှင်းပွင့်များလို ဖြူဖွေးနေပြီး ခေါင်းပေါ်တွင် ရေခဲနှင့် နှင်းများဖြင့် ပုံဖော်ထားသော သရဖူတစ်ခုကို ဆောင်းထားကြောင်း တွေ့လိုက်ရသည်။

သူမ၏ မျက်လုံးအစုံတွင် အပြာရောင်အလင်းတန်းများ တဖျပ်ဖျပ် တောက်ပနေသည်။

နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော ဂါဝန်ရှည်ကြီးကို ဆင်မြန်းထားပြီး သူမ၏ တစ်ကိုယ်လုံးမှ အလွန်တရာ အားကောင်းလှသော စိတ်စွမ်းအင် ဖိအားများ ထွက်ပေါ်နေသည်။

သူမက အရိပ်ထဲတွင် ပုန်းကွယ်နေဆဲဖြစ်သော လင်းယွမ်ကို စိုက်ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် သူမ၏ လက်နှစ်ဖက်ဖြင့် ထိုအရိပ်နေရာကို ခပ်ဖွဖွလေး လက်ညှိုးထိုးလိုက်သည်။

တစ်ခဏချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ကြီးတစ်ခု လွှမ်းခြုံလာတော့သည်။

ဤအအေးဓာတ်က ရုပ်ပိုင်းဆိုင်ရာ အပူချိန် ကျဆင်းမှုသာမက စိတ်ဝိညာဉ်ကိုပါ အေးခဲသွားစေနိုင်သည့် အေးစက်မှုမျိုး ဖြစ်ပေသည်။

"ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နှစ်ဖက်ညှပ် တိုက်ခိုက်တာလား"

ဤအမျိုးသမီး၏ အစွမ်းသည် အမမေ၏ အစွမ်းနှင့် ခပ်ဆင်ဆင် တူညီနေကြောင်း လင်းယွမ် အသေအချာနီးပါး ကောက်ချက်ချလိုက်မိသည်။

သူက တစ်ဖက်လူ၏ တိုက်ခိုက်မှု စွမ်းအားကို စမ်းသပ်ကြည့်ရန် ရည်ရွယ်လိုက်သည်။

ချက်ချင်းပင် သူက လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ ၏ ပုံရိပ်ယောင်မြွေ အစွမ်းဖြစ်သော စိတ်စွမ်းအင် ရိုက်ခတ်မှုကို ထုတ်သုံးလိုက်သည်။

"ဘုန်း"

အားကောင်းလှသော စိတ်စွမ်းအင်များက မျက်စိဖြင့် မမြင်နိုင်သော ရိုက်ခတ်မှုလှိုင်းများအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။

"ဝုန်း"

ရှေ့မှ အေးစက်လှသော အအေးဓာတ်များက စိတ်စွမ်းအင် ရိုက်ခတ်မှု၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသောအခါ။

ထိုကြောက်မက်ဖွယ် အအေးဓာတ်ကြီးက အရှိန်အဟုန်ဖြင့် ပြိုကွဲသွားပြီး အအေးဓာတ်အတွင်းရှိ စိတ်စွမ်းအင်များပါ ချက်ချင်း ချေမှုန်းခံလိုက်ရသည်။

"ဟင်... နင်က အမှောင်ဓာတ် အစွမ်းပိုင်ရှင် မဟုတ်ဘူးလား"

ရေခဲနတ်ဘုရားမ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး အံ့သြသွားဟန် ပေါ်လာသည်။

သူမက အလျင်အမြန် နောက်ဆုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ညာလက်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။

တစ်ခဏချင်းမှာပင် လေထဲရှိ အအေးဓာတ်များက သင်္ကေတများအဖြစ် အရှိန်အဟုန်ဖြင့် စုစည်းသွားသည်။

မျက်တောင်တစ်ခတ်အတွင်း ထိုသင်္ကေတများက ဧရာမ ရေခဲဒိုင်းကာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ရှေ့တွင် ကာကွယ်ပေးလိုက်သည်။

"ဒိုင်း... ဒိုင်း... ဒိုင်း"

စိတ်စွမ်းအင် ရိုက်ခတ်မှုက ဒိုင်းကာကို ပြင်းထန်စွာ ဝင်တိုက်မိပြီး ဝိညာဉ်နက်ရှိုင်းရာဆီမှ ထွက်ပေါ်လာသည့်အလား ဟိန်းထွက် တုန်ခါသွားသော အသံကြီး ထွက်ပေါ်လာသည်။

၎င်းသည် စိတ်စွမ်းအင် ရိုက်ခတ်မှုက အဆက်မပြတ် ဝင်တိုက်နေသော အသံပင် ဖြစ်သည်။

ထိုရေခဲရောင် အပြာရောင် သင်္ကေတဒိုင်းကာပေါ်တွင် ရေခဲပွင့်များစွာ ပေါက်ကွဲထွက်သွားပြီး ၎င်းအတွင်းရှိ စိတ်စွမ်းအင်များက အဆက်မပြတ် လည်ပတ်နေသော ရေစီးကြောင်းများကဲ့သို့ပင် ဖြစ်ကာ အဆက်မပြတ် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အရှိန်အဟုန်ဖြင့် ပြန်လည် ဖြည့်တင်းလာသည်။

"သင်္ကေတ အစွမ်းပဲ"

လင်းယွမ် ရင်ထဲတွင် အံ့အားသင့်သွားသည်။

ဤအမျိုးသမီး တတ်ကျွမ်းသော အစွမ်းများက မနည်းလှပုံပေါ်ပြီး စိတ်စွမ်းအင် အမျိုးအစား ကာကွယ်ရေး အစွမ်းကိုပင် တတ်ကျွမ်းနေသေးသည်။

သူက ဤအခွင့်အရေးကို အသုံးချကာ ကိုယ်ကို တစ်ချက်ဝှေ့ယမ်းပြီး အရိပ်ထဲမှ တိုက်ရိုက် ထွက်လာခဲ့သည်။

ထို့နောက် လေထဲသို့ အလျင်အမြန် ခုန်တက်သွားလေသည်။

"ထွက်ပြေးချင်တာလား"

ရေခဲနတ်ဘုရားမ၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ မျက်လုံးများ လင်းလက်သွားကာ လေထဲတွင် မူလက စုစည်းထားသော ဧရာမ ရေခဲအမိုးအကာကြီးသည် အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် ကျုံ့ဝင်လာပြီး ဟင်းလင်းပြင်ကို ဖိညှစ်လာသည်။

လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး ချက်ချင်းပင် လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။

"ရွှမ်း"

လေထဲတွင် ရှည်လျားသေးသွယ်သော အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုအက်ကွဲကြောင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုရေခဲအမိုးအကာသည် အသံကျယ်ကြီးမြည်ကာ အက်ကွဲကြောင်း၏ ဆွဲဖြဲခြင်းကို တိုက်ရိုက် ခံလိုက်ရသည်။

ရေခဲတုံး အမြောက်အမြားသည်လည်း အက်ကွဲကြောင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

ရေခဲနတ်ဘုရားမ၏ မျက်နှာက ချက်ချင်း ထပ်မံ ပြောင်းလဲသွားပြန်သည်။

"ဟင်းလင်းပြင် အက်ကွဲကြောင်းပဲ"

သူမ၏ မျက်နှာပေါ်တွင် မယုံနိုင်လောက်အောင် ဖြစ်နေသော အမူအရာများ ပြည့်နှက်နေသည်။

မျက်စိရှေ့ရှိ လူက တတိယမြောက် အစွမ်းကိုပင် ထုတ်သုံးနိုင်သေးသည်။

ဒါက သူမ တွေးထင်ထားသည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

ရေတွက်၍မရနိုင်သော နှစ်ကာလများစွာအတွင်း သူမသည်လည်း အစွမ်းမျိုးစုံကို ကျွမ်းကျင်သော အဆင့်မြင့် အစွမ်းပိုင်ရှင်များကို မြင်ဖူးခဲ့သည်။

သို့သော် ထိုအဆင့်မြင့် အစွမ်းပိုင်ရှင်များထဲတွင် အများစုမှာ အစောပိုင်းကာလ၌ အလွန် အားနည်းကြသည်။

ယခု ကပ်ဘေးဆိုးကြီး ကျရောက်သည်မှာ တစ်နှစ်ကျော်မျှသာ ရှိသေးသော်လည်း ဤအစွမ်းမျိုးစုံ ကျွမ်းကျင်သည့် ခေတ်သစ် အစွမ်းပိုင်ရှင်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်အထိပင် ကြီးထွားလာခဲ့ပြီလား။

ထို့အပြင် မျက်စိရှေ့ရှိ လူသည် မည်သည့် လက်နက်ကိုမျှ အသုံးမပြုထားကြောင်း သူမ အသေအချာနီးပါး အတည်ပြုနိုင်လေသည်။

ဤအစွမ်းများ အားလုံးက သူ၏ ကိုယ်ပိုင်အစွမ်းများသာ ဖြစ်ပေသည်။

သူမ၏ မျက်နှာအမူအရာက ချက်ချင်း တည်တင်းသွားသည်။

လင်းယွမ်က ထိုရေခဲဘောလုံး၏ ရစ်ပတ်မှုထဲမှ တိုက်ရိုက် ရုန်းထွက်လာပြီး ရေခဲသလင်း နန်းတော်ကြီး အပြင်ဘက်သို့ ထွက်လာခဲ့သည်။

လုံခြုံသော နေရာသို့ ရောက်ရှိသွားမှသာ သူက သက်ပြင်းချနိုင်သွားပြီး ဧရာမ ရေခဲသလင်း နန်းတော်ကြီးနှင့် သူ ဖျက်ဆီးခဲ့သော ရေခဲအမိုးအကာဆီသို့ လှည့်ကြည့်လိုက်သည်။

ရေခဲအမိုးအကာ၏ ကြီးမားလှသော ဟာကွက်နေရာတွင် ယခုအခါ ရေခဲပွင့်များ ပျံ့နှံ့နေပြီး အပြာရောင် သင်္ကေတများ လင်းလက်နေကာ ၎င်းသည် အရှိန်အဟုန်ဖြင့် ပြန်လည် အကောင်းပကတိ ဖြစ်လာနေသည်။

လင်းယွမ်နှင့် အတွင်းရှိ ရေခဲနတ်ဘုရားမတို့ အကြည့်ချင်း ဆုံသွားကြသည်။

ရေခဲနတ်ဘုရားမက သူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်နှာက ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။

"နင်ပဲ"

လင်းယွမ် ကြောင်သွားသည်။ တစ်ဖက်လူက သူ့ကို သိနေတာလား။

ချက်ချင်းပင် ရေခဲနတ်ဘုရားမ၏ မျက်နှာက နီရဲလာပြီး မျက်လုံးများထဲတွင် ဒေါသမီးများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။

"အရှက်မရှိတဲ့လူ... ငါက နင့်ကို လိုက်ရှာနေတာ... နင်က ကိုယ့်ဘာသာ အသေလာခံမယ်လို့ မထင်ထားဘူး"

စကားဆုံးသည်နှင့် ရေခဲနတ်ဘုရားမက လေဟာပြင်ဆီသို့ မျက်နှာမူကာ လက်နှစ်ဖက်ဖြင့် အရှိန်အဟုန်ဖြင့် လက်သင်္ကေတများကို ပြုလုပ်လိုက်သည်။

လေထဲတွင် ရေခဲအအေးဓာတ်များက အရှိန်အဟုန်ဖြင့် စုစည်းပုံဖော်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဧရာမ အပြာရောင် ရေခဲသင်္ကေတကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သင်္ကေတ ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်၏ အပူချိန်က ချက်ချင်း ကျဆင်းသွားသည်။

ထိုစဉ် ရေခဲနတ်ဘုရားမ၏ ပြင်းထန်သော အော်ဟစ်သံကို ကြားလိုက်ရသည်။ "ကောင်းကင်ရေခဲပွင့် လွှမ်းခြုံခြင်း"

တစ်ခဏချင်းမှာပင် ကောင်းကင်ရှိ သင်္ကေတက ဧရာမ ရေခဲဓားသွားကြီးအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်ထံသို့ ပြင်းထန်စွာ ပစ်ခတ်ဝင်ရောက်လာတော့သည်။

ဤရေခဲဓားသွားကြီးသည် ထက်မြက်လှသော ရေခဲသလင်း ဓားသွားကဲ့သို့ပင် လေဟာပြင်ကို အေးခဲသွားစေသည့်အလား ပြင်းထန်စွာ ခုတ်ပိုင်းဝင်ရောက်လာသည်။

လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်က "ဘုန်း" ခနဲ အသံနှင့်အတူ တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။

ထို့နောက် ရေခဲမြေရိုင်းဝက်ဝံအဖြစ် ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးတွင် ကြယ်ရေခဲဘောလုံး ပုံစံဖြင့် စုစည်းကာ များပြားလှသော ရေခဲလွှာများကို ပြင်းပြင်းထန်ထန် စုစည်း၍ ရှေ့မှ ကာကွယ်လိုက်သည်။

"ဝုန်း"

ထိုရေခဲဓားသွားကြီး ကျဆင်းလာသောအခါ ခုတ်ပိုင်းသွားခြင်းမျိုး မဟုတ်ဘဲ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။

တစ်ခဏချင်းမှာပင် လင်းယွမ်၏ ပတ်လည်ရှိ ရေခဲဘောလုံးပေါ်တွင် ပြင်းထန်သော ရေခဲပွင့်များ ဖုံးလွှမ်းသွားပြီး ချက်ချင်းပင် အေးခဲသွားတော့သည်။

ရေခဲနတ်ဘုရားမ၏ ကိုယ်က တစ်ချက် ယိမ်းနွဲ့သွားပြီး ရေခဲသလင်း နန်းတော်ထဲမှ တိုက်ရိုက် ပျံသန်းထွက်လာကာ အေးစက်စက် ရယ်မောလိုက်သည်။ "ရှင်က ရေခဲဓာတ် အစွမ်းပိုင်ရှင်လည်း ဖြစ်နေသေးတာလား"

"နှမြောစရာပဲ... ငါ့ရှေ့မှာ ရေခဲနဲ့ လာကစားဖို့ နင် အရမ်း နုသေးတယ်"

သူမက လင်းယွမ်ရှိရာဆီသို့ လက်ဝါးဖြန့်ကာ လေဟာပြင်ကို ဆုပ်ကိုင်လိုက်သည်။

"ဂျွတ်... ဂျွတ်... ဂျွတ်"

ပတ်ဝန်းကျင်ရှိ ရေခဲလွှာများ အဆက်မပြတ် ကွဲကြေသွားပြီး အခြေခံအကျဆုံး ရေခဲပွင့် ပုံစံအဖြစ် ပြောင်းလဲကာ အဆက်မပြတ် ပြိုကွဲသွားသည်ကို ကြားလိုက်ရသည်။

လင်းယွမ် မျက်လုံးပြူးသွားပြီး အနည်းငယ် အံ့အားသင့်သွားသည်။

တစ်ဖက်လူက ရေခဲဒြပ်စင်ကို ထိန်းချုပ်နိုင်စွမ်းတွင် သူ့ထက် အများကြီး သာလွန်နေသည်။

သူကိုယ်တိုင် စုစည်းထားသော ရေခဲတုံးကြီးက သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ တစ်ဖက်လူ၏ လွယ်ကူစွာ ဖြိုခွဲဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

မျက်တောင်တစ်ခတ်အတွင်း ထိုကွဲကြေသွားသော ရေခဲတုံးများက ရေခဲဆူးချွန်များအဖြစ် ပြောင်းလဲသွားပြီး ရေခဲဘောလုံး အတွင်းရှိ လင်းယွမ်ထံသို့ ပြောင်းပြန် ပြန်လည် ဖိညှစ်လာတော့သည်။

ယခု ကြယ်ရေခဲဘောလုံး ဝင်တိုက်ခြင်း အစွမ်းသည် ရေခဲဘောလုံး လှောင်အိမ်တစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလား အတွင်းဘက်မှ ရေတွက်၍မရနိုင်သော ရေခဲဆူးချွန်များနှင့် ရေခဲလှံများ ပွင့်ထွက်လာကာ လင်းယွမ်ထံသို့ ပြင်းပြင်းထန်ထန် ထိုးစိုက်လာသည်။

လင်းယွမ်က အစွမ်းကို မည်မျှပင် အသုံးချကာ ဤရေခဲတုံးများကို ထိန်းချုပ်ရန် ကြိုးစားစေကာမူ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

"သူ ဘယ်လိုလုပ်လိုက်တာလဲ... တူညီတဲ့ ရေခဲဓာတ် အစွမ်းပိုင်ရှင်ဖြစ်တာတောင် ဘာလို့ ဒီရေခဲတုံးတွေက ငါ့ထိန်းချုပ်မှုအောက်မှာ မရှိရတာလဲ"

လင်းယွမ် အံ့သြသံသယဖြစ်သွားပြီး အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

တစ်ဖက်လူက ရေခဲနတ်ဘုရားမဟု နာမည်ခံထားသည်နှင့်အညီ တကယ်ကို ရိုးရှင်းမနေပေ။

အနည်းဆုံးတော့ ဤရေခဲဓာတ်ကို ထိန်းချုပ်နိုင်စွမ်းနှင့် နားလည်နိုင်စွမ်းတွင် သူ့ထက် အများကြီး သာလွန်နေသည်။

"သေလိုက်စမ်း"

ရေခဲနတ်ဘုရားမက ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး လက်ငါးချောင်းကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်သည်။

တစ်ခဏချင်းမှာပင် ရေခဲဆူးချွန်များနှင့် ရေခဲလှံများ အားလုံးက ရူးသွပ်စွာ ကြီးထွားလာပြီး လင်းယွမ်ကို အရှိန်အဟုန်ဖြင့် လွှမ်းမိုးသွားတော့သည်။

သို့သော် လင်းယွမ်၏ မျက်နှာအမူအရာက ပြောင်းလဲမသွားဘဲ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တွန့်လိမ်သွားသည်။

ဤရေခဲဆူးချွန်များ သူ့ကို မလွှမ်းမိုးမီ သူ၏ ခန္ဓာကိုယ်က မှေးမှိန်သော ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရေခဲဘောလုံး အပြင်ဘက်သို့ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

ရေခဲနတ်ဘုရားမက ဤအချက်ကို လျင်မြန်စွာ သတိပြုမိသွားပြီး မျက်မှောင်ကြုတ်သွားသည်။

"အစွမ်းမျိုးစုံပိုင်ရှင်... ပြဿနာပဲ"

လင်းယွမ်က တွင်းနက်အရိပ်နဂါး ပုံစံအဖြစ် ပြောင်းလဲသွားပြီး ရေခဲဘောလုံးထဲမှ တိုက်ရိုက် ထွက်ပြေးကာ တစ်ဖက်လူ၏ တိုက်ခိုက်မှု အားလုံးကို ရှောင်တိမ်းလိုက်သည်။

သူက ကိုယ်ကို လှည့်ပတ်လိုက်ပြီး တွင်းနက်အရိပ်ဝ၏ အစွမ်းကို တိုက်ရိုက် ထုတ်သုံးလိုက်သည်။

တစ်ခဏချင်းမှာပင် ကောင်းကင်ကြီးက မှောင်မိုက်သွားပြီး အလွန် မည်းမှောင်နေသော အပေါက်ကြီးတစ်ခုက အရပ်လေးမျက်နှာကို အရှိန်အဟုန်ဖြင့် ဝါးမျိုသွားသည်။

အောက်ဘက်တွင် ရေခဲတုံးများကို သယ်ဆောင်နေသော အစွမ်းပိုင်ရှင်များက ချက်ချင်းပင် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြီး ရေခဲချပ်ဝတ်စစ်သည်များကလည်း ကြီးကြပ်ရေး လုပ်ငန်းကို ဂရုမစိုက်နိုင်တော့ဘဲ ခေါင်းလှည့်ကာ ပြေးကြတော့သည်။

သို့သော် သူတို့ မည်မျှပင် မြန်မြန်ပြေးစေကာမူ အမှောင်ထု လွှမ်းမိုးလာသည့် အမြန်နှုန်းကို မမီကြပေ။

ခဏအကြာတွင် ရေခဲသလင်း နန်းတော်တစ်ခုလုံးသည် မည်းမှောင်နေသော ကောင်းကင်အမိုးအကာ၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။

သက်ရှိအားလုံးသည် အရိပ်ထဲသို့ တိုက်ရိုက် ဆွဲသွင်းခံလိုက်ရပြီး လင်းယွမ်၏ တွင်းနက်အရိပ်ဝမှ ဖန်တီးထားသော အရိပ်ကမ္ဘာထဲတွင် ပိတ်မိသွားကြသည်။

ရေခဲနတ်ဘုရားမ၏ အနီးတစ်ဝိုက်တွင်သာ အေးစက်သော အလင်းရောင်များ လင်းလက်နေပြီး အပြာရောင် ရေခဲသင်္ကေတများ တောက်ပနေကာ သူမ၏ ပတ်လည်တွင် အဆုံးအစမဲ့ ရေခဲဓာတ် စွမ်းအင်များက ဒီရေကဲ့သို့ တဟုန်ထိုး စီးဆင်းနေသည်။

အမှောင်ဓာတ် စွမ်းအင်များကို ဝင်ရောက်ခွင့်မပြုဘဲ အမှောင်ထုကလည်း သဘာဝကျကျပင် ပျံ့နှံ့နိုင်ခြင်း မရှိပေ။

ရေခဲနတ်ဘုရားမက လက်နှစ်ဖက်ဖြင့် သင်္ကေတများကို ထပ်မံ စုစည်းလိုက်သည်ကို တွေ့လိုက်ရသည်။

အအေးဓာတ် ဒီရေလှိုင်းများကြားတွင် အပြာရောင် ရေခဲသင်္ကေတတစ်ခု ထွက်ပေါ်လာသည်။

"ကမ်ဘရီယန်ခေတ်... ဝိညာဉ်အေးခဲခြင်း"

သူမ၏ တိုးညှင်းသော ရွတ်ဆိုသံကြားတွင် ပတ်ဝန်းကျင်ရှိ အပြာရောင် သင်္ကေတများက အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး အအေးဓာတ် ဒီရေလှိုင်းများကြားတွင် အပြာရောင် ရေခဲသင်္ကေတ အမြောက်အမြား ထွက်ပေါ်လာသည်။

ဤသင်္ကေတများက အလျင်အမြန် ချိတ်ဆက်ပေါင်းစပ်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဧရာမ သင်္ကေတ ဒီရေလှိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော အအေးဓာတ် စွမ်းအားကြီးတစ်ခုက တွင်းနက်အရိပ်ဝထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

ဤစွမ်းအားတွင် စိတ်ဝိညာဉ်ကို အေးခဲသွားစေနိုင်သည့် ကြောက်မက်ဖွယ် အပူချိန် အနုတ်လက္ခဏာများ ပါဝင်နေသည်။

"စိတ်စွမ်းအင် တိုက်ခိုက်မှုပဲ"

လင်းယွမ်က ဤအချက်ကို ချက်ချင်းပင် သတိပြုမိလိုက်သည်။

တွင်းနက်အရိပ်သည် အမည်ခံအားဖြင့် အမှောင်ဓာတ် စွမ်းအားများ ဝင်ရောက်လာပြီး အရိပ်ကမ္ဘာကို ဖန်တီးခြင်း ဖြစ်သည်။

သို့သော် အမှန်တကယ်တွင်မူ အမှောင်ဓာတ် စွမ်းအင်များကို မောင်းနှင်ရန် ကိုယ်ပိုင် စိတ်စွမ်းအင်ကို အားကိုးရခြင်း ဖြစ်သည်။

တစ်ဖက်လူက စိတ်စွမ်းအင်ကို တိုက်ရိုက် ပစ်မှတ်ထားကာ တိုက်ခိုက်နေခြင်းဖြစ်ရာ အမှောင်ဓာတ် စွမ်းအားများ၏ တိုက်ခိုက်မှု နည်းလမ်းကို အလွန် နားလည်ကြောင်း ထင်ရှားလှသည်။

"ဒီအမျိုးသမီးက တကယ်ကို ဘယ်ကလာတဲ့ သူလဲ... အမှောင်ဓာတ် အစွမ်းတွေကို ဖြိုခွဲမယ့် နည်းလမ်းကို ဒီလောက်တောင် နားလည်နေတယ်"

လင်းယွမ်က တွင်းနက်အရိပ်ကို အလျင်အမြန် ရုပ်သိမ်းလိုက်ပြီးနောက် ထပ်မံ၍ အသွင်ပြောင်းလိုက်ပြန်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အောက်တွင် လွန်စွာ လျင်မြန်သော အမြန်နှုန်းဖြင့် လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ မျိုးရိုးဗီဇအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ပုံရိပ်ယောင်မြွေ ပုံစံ ပေါက်ကွဲထွက်လာပြီး စိတ်စွမ်းအင် ရိုက်ခတ်မှုက ပင်လယ်ဒီရေလှိုင်းလုံးကြီးများကဲ့သို့ ဟိန်းထွက် လှုပ်ခတ်သွားတော့သည်။

"ဘုန်း... ဘုန်း... ဘုန်း"

ပြင်းထန်လှသော စိတ်စွမ်းအင် ရိုက်ခတ်မှုက တစ်ဖက်ရှိ ကြောက်မက်ဖွယ် အအေးဓာတ် ဒီရေလှိုင်းများကို ရူးသွပ်စွာ ဝင်တိုက်လိုက်သည်။

၎င်းတို့နှစ်ခု ထိတွေ့သွားသောအခါ တစ်ခဏချင်းမှာပင် အအေးဓာတ် ဒီရေလှိုင်းများအတွင်းရှိ သင်္ကေတ အမြောက်အမြား ပြိုကွဲပေါက်ကွဲထွက်သွားသည်။

စိတ်စွမ်းအင် ရိုက်ခတ်မှုကလည်း ချက်ချင်းပင် ချေဖျက်ခံလိုက်ရပြီး ပြတ်တောက်သွားတော့သည်။

အသက်ရှူကြိမ် အနည်းငယ်အကြာတွင် အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားပြီး ထိုအအေးဓာတ် ဒီရေလှိုင်းများအတွင်းရှိ သင်္ကေတများ ပျောက်ကွယ်သွားကာ လင်းယွမ်၏ စိတ်စွမ်းအင် ရိုက်ခတ်မှုများလည်း ကုန်ဆုံးသွားခဲ့သည်။

လင်းယွမ်က ကိုယ်ကို လှည့်ပတ်လိုက်ပြီး လူသားပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်။

သူက တစ်ဖက်ရှိ ရေခဲနတ်ဘုရားမကို စိုက်ကြည့်နေမိသည်။ ဤအမျိုးသမီး၏ အားကောင်းမှု အတိုင်းအတာက သူ တွေးထင်ထားသည်ထက် တကယ်ကို ကျော်လွန်နေသည်။

သူသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၂၀% အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း စိတ်စွမ်းအင်ပိုင်းတွင် ပြိုင်ဘက်ကို မဖိနှိပ်နိုင်သေးပေ။

တစ်ဖက်တွင်လည်း ရေခဲနတ်ဘုရားမက ထိုနည်းတူစွာ မျက်မှောင်ကြုတ်ထားသည်။

"မျိုးရိုးဗီဇ အစွမ်းလေးမျိုးတောင် ရှိနေပြီ... ဒီလူရဲ့ တကယ့် မျိုးရိုးဗီဇမြေပုံက ဘာလဲ"

"အမှောင်ဓာတ်... ရေခဲဓာတ်... ဟင်းလင်းပြင်ဓာတ်... စိတ်စွမ်းအင်ဓာတ်... သူ့ကို ဆက်ပြီး ကြီးထွားလာခွင့် ပေးလိုက်မယ်ဆိုရင် ငါ့ရဲ့ အစွမ်းတွေ အားလုံး ပြန်ကောင်းလာရင်တောင် သူ့ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား"

"မဖြစ်ဘူး... ဒီလူကို မရှင်းနိုင်ရင် နောက်ဆက်တွဲ ပြဿနာတွေ အဆုံးမရှိ ဖြစ်လာလိမ့်မယ်"

ထိုသို့တွေးမိပြီးနောက် ရေခဲနတ်ဘုရားမ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

သူမက ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ "နင့်ရဲ့ အစွမ်းက ငါ ထင်ထားတာထက် ကျော်လွန်နေတာပဲ"

"အရင်တစ်ခေါက်က နင် ဒီလောက် မတော်သေးဘူး... သုံးရက်တည်းဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ဒီအဆင့်အထိ ရောက်နိုင်လိမ့်မယ်လို့ မထင်ထားဘူး... ကြည့်ရတာ နင့်ကို အရှင်ထားလို့ မဖြစ်တော့ဘူးထင်တယ်"

လင်းယွမ် မျက်မှောင်တစ်ချက် ပင့်လိုက်သည်။ "အရင်တစ်ခေါက်"

သူ၏ မျက်လုံးများ လင်းလက်သွားပြီး တစ်စုံတစ်ရာကို ချက်ချင်း သတိပြုမိသွားသည်။

"ချန်ယွင်တောက် ပုန်းအောင်းသွားတဲ့ ရေခဲသလင်း နန်းတော်ကြီးထဲက နိုးထလာတဲ့ စိတ်စွမ်းအင်က ခင်ဗျားလား"

"ခင်ဗျားက တကယ်တော့ ဘယ်သူလဲ"

"ဟားဟားဟား... နင်က ငါ့နာမည်ကို သိဖို့ အရည်အချင်းရှိပါတယ်"

"ငါ့နာမည်က လင်ယွီရုံ... ရေခဲပင်လယ်ရဲ့ အရှင်သခင်မဖြစ်ပြီး မြောက်ပိုင်းပင်လယ်ရဲ့ ရေခဲနန်းတော်မှာ နေထိုင်တယ်... လောကလူသားတွေကတော့ ငါ့ကို ရေခဲနတ်ဘုရားမလို့ ခေါ်ကြတယ်"

လင်းယွမ်က ဤနာမည်ကို တစ်ခါမှ မကြားဖူးသဖြင့် နားမလည်နိုင်သော အမူအရာကို ပြသလိုက်သည်။

လင်ယွီရုံ၏ မျက်နှာပေါ်ရှိ မာနထောင်လွှားနေသော အမူအရာက ချက်ချင်း တုံ့ဆိုင်းသွားသည်။

ချက်ချင်းပင် သူမ သဘောပေါက်သွားသည်။ သူမ နိုးထလာသော ဤခေတ်ကာလသည် သူမ တန်ခိုးထွားခဲ့သော ခေတ်ကာလနှင့် အလွန် ကွာကမ်းလွန်းနေပေပြီ။

တစ်ဖက်လူက သူမ၏ ယခင်က ကြီးကျယ်ခမ်းနားခဲ့သော နတ်ဘုရားဘွဲ့ကို လုံးဝ မသိပေ။

တစ်ခဏမျှ သူမ အနည်းငယ် ဒေါသထွက်သွားသော်လည်း ချက်ချင်းပင် စိတ်ပြေသွားပြန်သည်။

"ရေတွက်လို့မရနိုင်တဲ့ ရေလွှမ်းမိုးမှုတွေနဲ့ ကမ္ဘာပျက်ကပ်တွေကြားမှာ သာမန်လူသားတွေက ငါတို့ ရှိနေတာကို မေ့သွားတာ ကြာလှပြီပဲ"

"ကိစ္စမရှိပါဘူး... ဒီတစ်ခေါက်တော့ နင်တို့အားလုံး ငါ့နာမည်ကို ပြန်ပြီး မှတ်မိစေရမယ်"

"ငါက ရှေးဟောင်းခေတ်ကနေ နိုးထလာခဲ့တာ... ဒီဘဝမှာ ရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးထဲကနေ ထွက်ခွာပြီး ကြယ်တာရာတွေဆီကို ခြေချရမယ်"

ဆက်ရန်...

(ဒီရှေးခေတ်လူသားမ ပြောပုံအရဆို သူတို့ခေတ်က အစွမ်းထက်ဆုံး အစွမ်းပိုင်ရှင်တွေက ကမ္ဘာမြေကနေထွက်ပြီး စကြဝဠာထဲကို ထွက်သွားကြပြီတဲ့။ ဒီမိန်းမအပါအဝင် ကျန်တဲ့အစွမ်းပိုင်ရှင်တွေကတော့ အရည်အချင်းနိမ့်လို့ စကြဝဠာထဲ မထွက်သွားနိုင်ပဲ ဒီကမ္ဘာဂြိုလ်မှာပဲ ဆက်နေပြီး နောက်ထပ်ကပ်ဘေးကြီး သံသရာလည်မယ့်အချိန်ကို စောင့်နေကြတာ)

နောက်တစ်အုပ်မှာတော့... လင်းယွမ်နဲ့လင်ယွီရုံတို့ရဲ့တိုက်ပွဲက ဘယ်လိုဆက်ဖြစ်မလဲ၊ လင်းယွမ် နောက်ထပ်အစွမ်းထပ်ရဦးမလား၊ လိပ်ကြီးစီးပြီး ရေအောက် ချောက်နက်မှာ ပိတ်မိနေတဲ့ ညီအမကိုရော သူသွားကယ်မှာလား၊ စစ်တပ်က ရှာတွေ့ထားတဲ့ရှေးခေတ်သက်ရှိအလောင်းကရော၊ လင်းယွမ် တိမ်တွေအထက်က ကမ္ဘာကိုရော သွားနိုင်မှာလား... စတာတွေကို နောက်တစ်အုပ်မှာဆက်ပြီး စောင့်မျှော်ဖတ်ရှုအားပေးကြပါဦးနော်။

All Chapters