← Chapters

အခန်း (၆၉၅-၆၉၆)

Vol. 70 Ch. 695-696

အခန်း (၆၉၅-၆၉၆)

Vol. 70 Ch. 695-696

အခန်း (၆၉၅) - ဒီလူက အမြဲတမ်း ဒီလောက် သတ္တိကောင်းနေတာလား ၊ တာအိုဆရာလေးရဲ့ ဝှက်ဖဲတွေ သုံးပြီးရင်တော့ အားအင်ကုန်ခမ်းသွားမှာပဲ

​လျန်ဟူသည် လက်ကွက် ကို ဖော်ထုတ်လိုက်ပြီး ထိုလူငယ်တာအိုဆရာနှင့်အတူ ပခုံးချင်းယှဉ် တိုက်ပွဲဝင်ရန် ပြင်လိုက်သည်။ မိမိ၏ အသက်ကိုပင် ဤသူက ကယ်တင်ခဲ့ခြင်းဖြစ်ရာ သူနှင့်အတူ သေရမည်ဆိုလျှင်ပင် မည်သို့မျှ နောင်တရမည်မဟုတ်ပေ။

​သို့သော် သူ၏ ရဲရင့်စွန့်စားလိုသော စိတ်ဓာတ်ကို အပြည့်အဝ မထုတ်ဖော်ရသေးမီမှာပင် လီယန်ချူးက လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်ကို တွေ့လိုက်ရသည်။

လက်သီးတစ်ချက်တည်းသာ

​ဝုန်း

​ကြီးမားလှသော သွေးချီ စွမ်းအားများမှာ အပြင်သို့ လှိုင်းလုံးကြီးများကဲ့သို့ တိုးထွက်သွားတော့သည်။ လီယန်ချူးကို ဗဟိုပြု၍ သူ၏ရှေ့တွင် ယပ်တောင်ပုံသဏ္ဍာန် စွမ်းအားလှိုင်းကြီး တစ်ခု ပေါ်ထွက်လာသည်။ ဤလက်သီးတစ်ချက်အောက်တွင် မိစ္ဆာစစ်သည် အနည်းဆုံး နှစ်ရာ၊ သုံးရာခန့်မှာ အမှုန့်ဖြစ်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

​ထိုလက်သီးချက်က မုရုံကျိန်းကိုပင် ထိတ်လန့်သွားစေသည်။ သူ၏ အကြည့်များမှာ အေးစက်သွားပြီး ကျောပေါ်မှ ကျန်ရှိနေသော လှံရှည်များကို ဆွဲထုတ်ကာ ခန္ဓာကိုယ်ကို ချက်ချင်းပင် တစ်လံကျော် ခန့်ရှိသော ကြောက်မက်ဖွယ် သားရဲကြီးအဖြစ် ပြောင်းလဲလိုက်တော့သည်။

​ရှူး ရှူး ရှူး

​လှံရှည်များမှာ လေထုကို ဖြတ်သန်းသွားပြီး သူကိုယ်တိုင်လည်း လီယန်ချူးထံသို့ ပြေးဝင်တိုက်ခိုက်တော့သည်။

​ဒီတာအိုဆရာလေးက ဘယ်လို ဝှက်ဖဲမျိုးကို သုံးလိုက်တာလဲ မသိဘူး။ ဒါပေမဲ့ ဒီလို အစွမ်းထက်တဲ့ နည်းလမ်းမျိုးကို ဒုတိယအကြိမ် ထပ်သုံးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

​မုရုံကျိန်းသည် တိုက်ပွဲအတွေ့အကြုံ အလွန်များသူဖြစ်သည်။ သူသည် တာအိုဆရာလေး၏ ဝှက်ဖဲသုံးပြီးစ အားနည်းနေမည့်အချိန်ကို အခွင့်ကောင်းယူကာ အနီးကပ် သတ်ဖြတ်ရန် ကြံစည်နေခြင်းပင်။

ဤကဲ့သို့သော တာအိုဆရာမျိုးကို သူများစွာ သတ်ခဲ့ဖူးသည်။ သူတို့သည် မှော်အတတ်တွင် ကျွမ်းကျင်သော်လည်း အနီးကပ်တိုက်ခိုက်မှု တွင်မူ အလွန်အားနည်းကြသူများ ဖြစ်သည်။

​ဒေါင် ဒေါင် ဒေါင်

​လှံရှည်များသည် လီယန်ချူး၏ ဆန်းကြယ်သော ကာကွယ်ရေး အကာအကွယ် ကြောင့် နောက်သို့ လွင့်စင်ကာ ကြေမွကုန်သည်။ ပေါက်ကွဲထွက်လာသော အရှိန်အဝါများလည်း နောက်သို့ ဆုတ်ခွာသွားရသည်။ သို့သော် မုရုံကျိန်းမှာ ဂရုမစိုက်ပေ။ ဤတာအိုဆရာလေး၏ ရှေ့သို့သာ သူရောက်သွားလျှင် ဧကန်မုချ သတ်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

​လီယန်ချူးသည် မုရုံကျိန်းကို အနည်းငယ် အံ့သြစွာ ကြည့်လိုက်မိသည်။ မိမိ၏ သာမန်လက်သီးတစ်ချက်ကပင် ဤမျှ ပြင်းထန်နေသည်ကို မြင်ပါလျက်နှင့် သူသည် အနီးကပ်အထိ ပြေးဝင်လာရဲသေးသည်။

​ဒီလူက အမြဲတမ်း ဒီလောက် သတ္တိကောင်းနေတာလား

​ထို့ကြောင့် လီယန်ချူးသည် အနည်းငယ် အာရုံစိုက်လိုက်ပြီး ခွန်အားကို တစ်ဆခန့် ပိုသုံးကာ နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်ပြန်သည်။

​ဝုန်း

​ကြီးမားလှသော သွေးချီများမှာ ဟိန်းထွက်ကာ ပေါက်ကွဲထွက်သွားတော့သည်။ တစ်လောကလုံး နီရဲသော အလင်းတန်းများအောက်တွင် နစ်မြုပ်သွား၏။

​ဝတ်ရုံနက်နှင့်လူမှာ လက်ကွက်ဖော်ထုတ်ကာ နတ်ဝိညာဉ်များကို ဆင့်ခေါ်နေသည်။ သူသည် မုရုံကျိန်းနှင့် ပူးပေါင်းကာ ဤတာအိုဆရာလေးကို မျက်စိတစ်မှိတ်အတွင်း သတ်ပစ်ရန် ကြံစည်နေခြင်းဖြစ်သည်။ သို့သော် သူ၏ တစ်သက်တာတွင် ဘယ်တော့မှ မေ့ပျောက်နိုင်တော့မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရတော့သည်။

​ကောင်းကင်တစ်ခုလုံး နီရဲသွားကာ သွေးချီများ တိုးဝှေ့နေပြီး ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ဆူပွက်နေသည့်အလား ခံစားရသည်။ ဤတာအိုဆရာလေး၏ သွေးချီမှာ တောက်ပလှသော နေမင်းကြီးကဲ့သို့ ပြင်းထန်လွန်းလှသဖြင့် မုရုံကျိန်း၏ ပုံရိပ်မှာ ခဏချင်းပင် ပျောက်ကွယ်သွားတော့သည်။

​မြေပြင်ပေါ်တွင် ကြီးမားလှသော ချိုင့်ခွက်ကြီး တစ်ခု ပေါ်လာပြီး မိုင်ပေါင်းများစွာအထိ ရှည်လျားသွားသည်။ လမ်းတစ်လျှောက်ရှိ မိစ္ဆာစစ်သည်များမှာလည်း တစ်ပါတည်း ပျောက်ကွယ်သွားကြသည်။ မုရုံကျိန်းသည် ခေါင်းဖြတ်ခံရလျှင်ပင် မသေနိုင်ဟု ဆိုသော်လည်း အမှုန့်ဖြစ်သွားသည်အထိ ပျက်စီးသွားလျှင်မူ ပြန်လည်ရှင်သန်နိုင်မည် မဟုတ်တော့ပေ။

​"အမလေး ဒါ ဘယ်လိုလူလဲဟ "

​ဝတ်ရုံနက်နှင့်လူမှာ ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်လိုက်သည်။ သို့သော် သူ၏ နောက်ကျောဘက်မှနေ၍ ပြင်းထန်လှသော ခွန်အားတစ်ခု တိုးဝင်လာသည်။

​ဂျောက်

​သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လွင့်စင်ကျသွားပြီး အရိုးပေါင်း မည်မျှ ကျိုးသွားသည်မသိတော့ပေ။

​၎င်းမှာ မြေခွဲပုတီး ပင် ဖြစ်သည်။ နဂါးများကိုပင် ဖိနှိပ်နိုင်သော ဤရတနာမှာ လီယန်ချူး၏ လက်ထဲတွင် အစွမ်းအားလုံး ထွက်ပေါ်လာခြင်းဖြစ်သည်။

​လီယန်ချူးသည် လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်နှင့်လူကို ကြည့်လိုက်ပြီး ဤသူ၌ တစ်ခုခု ထူးခြားနိုင်သည်ဟု ယူဆခဲ့သည်။ ထို့ကြောင့် မြေခွဲပုတီးကို အသုံးပြုကာ သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်ခြင်းဖြစ်သည်။ သို့သော် ထွက်ပေါ်လာသော အရိုးကျိုးသံမှာ သွားကျိန်းစရာ ကောင်းလှသဖြင့် လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။

​"သေတော့ မသေသွားဘူးမလား "

ဟု သူက သက်ပြင်းချကာ ညည်းတွားလိုက်သည်။

​သူ၏ အကြည့်များက ကျန်ရှိနေသော မိစ္ဆာစစ်သည်များထံသို့ အေးစက်စွာ ရောက်ရှိသွားသည်။ ဤလူတစ်ဝက်၊ သားရဲတစ်ဝက် မိစ္ဆာစစ်သည်များမှာ သူ၏ မျက်လုံးထဲတွင် အလွန်ရွံရှာဖွယ်ကောင်းသော သတ္တဝါများသာ ဖြစ်သည်။ သူ၏ လက်ထဲတွင် ရှေးဟောင်းတံဆိပ်တုံးကြီး တစ်ခု ပေါ်ထွက်လာသည်။

​၎င်းမှာ ဒဏ္ဍာရီလာ မီးလက်နက်ဖြစ်သော ကျောက်ထျန်းတံဆိပ် ပင် ဖြစ်သည်။

​၎င်းနှင့်အတူ နဂါးငါးပါးစက်ဝိုင်း နှင့် မီးကျီးကန်းတစ်သောင်းအိုး တို့ပါ ထွက်ပေါ်လာသည်။

​ရှပ်

​ခဏချင်းမှာပင် မီးလျှံများက ကမ္ဘာမြေကို လွှမ်းခြုံသွားပြီး အဆုံးမရှိသော မီးတောက်များမှာ ရေလွှမ်းမိုးသကဲ့သို့ အပြင်သို့ ပြန့်နှံ့သွားတော့သည်။ ဤမြင်ကွင်းမှာ လျန်ဟူကို အလွန်ပင် ထိတ်လန့်သွားစေပြီး ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည်ဟုပင် ထင်မှတ်သွားစေသည်။

​ကြောက်မက်ဖွယ်ကောင်းသော မီးနဂါး ငါးကောင်မှာ ဟိန်းဟောက်နေပြီး မရေမတွက်နိုင်သော မီးကျီးကန်းများမှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံကာ ပျံသန်းသွားကြသည်။ ဤထူးခြားသော ဖြစ်စဉ်များ ကွယ်ပျောက်သွားချိန်တွင် တိုက်ပွဲမြေပြင်တစ်ခုလုံးမှာ ပြောင်စင်သွားတော့သည်။

​ကြောက်မက်ဖွယ် မိစ္ဆာစစ်သည်များရော၊ ရွှေတဲနန်းတော်၏ ထိပ်တန်းပညာရှင်များရော အားလုံး ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဗလာကျင်းနေပြီး မည်သည့် အမှတ်အသားမျှ ကျန်ရစ်ခြင်း မရှိပေ။

​လူငယ်တာအိုဆရာမှာ ထိုအရာအားလုံးကို အသေးအဖွဲ ကိစ္စတစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ တည်ငြိမ်စွာဖြင့်ပင် ပြီးဆုံးအောင် လုပ်ဆောင်ခဲ့သည်။

​"ချူကျိုးမြို့က ဘယ်အရပ်မှာလဲ ငါ မင်းကို ပြန်ပို့ပေးမယ်"

ဟု လီယန်ချူးက အသာအယာ ပြောလိုက်သည်။

​သူသည် နားခိုရန် နေရာတစ်ခု ရှာဖွေပြီးမှ စွန်းကတော်ကို မည်သို့ကယ်ထုတ်ရမည်ကို ဆက်လက်လေ့လာရန် ကြံရွယ်ထားသည်။ လျန်ဟူမှာမူ ကြောင်အမ်းနေပြီး တစ်ကိုယ်လုံး ကျောက်ရုပ်ဖြစ်သွားသည့်အလား ရှိနေသည်။ လီယန်ချူးက သူ့ကို အကြိမ်ကြိမ် ခေါ်ပြီးမှ သတိပြန်ဝင်လာတော့သည်။

​"ဪ... ကျွန်တော် ခဏကြည့်လိုက်ပါဦးမယ်"

လျန်ဟူသည် မိမိ၏ ဦးနှောက်မှာ ကောင်းကောင်း အလုပ်မလုပ်တော့သကဲ့သို့ ခံစားနေရသည်။

​ဒါက ဘယ်လိုဖြစ်တာလဲ ဒီမိစ္ဆာစစ်သည် တစ်ယောက်ကို သတ်ဖို့တောင် ငါ့အသက်နဲ့လဲပြီး ကြိုးစားခဲ့ရတာ။ ဘာလို့ ဒီတာအိုဆရာလေးရဲ့ လက်ထဲမှာတော့ ဖွဲမီးလိုပဲ အလွယ်တကူ လောင်ကျွမ်းသွားရတာလဲ။

​လီယန်ချူးသည် ဝတ်ရုံနက်နှင့်လူနားသို့ သွားကာ စစ်ဆေးကြည့်လိုက်သည်။ နှာခေါင်းဝတွင် စမ်းသပ်ကြည့်ရာ အသက်ရှူနေသေးကြောင်း သိလိုက်ရသဖြင့် သူ စိတ်အေးသွားတော့သည်။

​"ကံကောင်းလို့ အသက်ရှင်နေသေးတယ်"

​ဤကိစ္စမှာ နယ်စပ်စစ်ရေးနှင့် သက်ဆိုင်နေသည်။ သူသည် အစိုးရကိစ္စများတွင် အလွန်အကျွံ မပါဝင်ချင်သော်လည်း ချန်နိုင်ငံသား တစ်ဦးအနေဖြင့် ဤမျှနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရာ ထိုကဲ့သို့သော အခြေအနေမျိုးတွင်မူ မှားယွင်းသော ဆုံးဖြတ်ချက်မျိုး ချလိမ့်မည်မဟုတ်ပေ။

အထူးသဖြင့် ဤမျှများပြားသော လူမဆန်သည့် မိစ္ဆာကောင်များကို မသတ်ဘဲထားလျှင် သူ ယနေ့ ဤနေရာသို့ ရောက်လာရခြင်းမှာ အလကား ဖြစ်သွားပေလိမ့်မည်။

​ယခုတစ်ကြိမ် တိုက်ပွဲတွင် သူသည် ကုသိုလ်အမှတ် နှစ်သောင်း ခုနစ်ထောင် တိုက်ရိုက် ရရှိခဲ့သည်။

လက်မောင်းလေးဖက်နှင့် လူသန်ကြီး (မုရုံကျိန်း) ထံမှပင် ရှစ်ထောင် ရရှိခဲ့ခြင်းဖြစ်သည်။ သူသည် ဒုတိယအဆင့် အတွင်းရှိ ထိပ်တန်းပညာရှင် တစ်ဦး ဖြစ်ပေသည်။

​မီးလျှံများက တစ်လောကလုံးကို တိုက်စားသွားသဖြင့် မည်သည့် အငြိုးအတေးဝိညာဉ်ငွေ့မျှ ကျန်ရစ်ခြင်းမရှိဘဲ ပြောင်စင်သွားသည်။ လီယန်ချူးသည် ကမ္ဘာမြေ သန့်စင်ခြင်း ဂါထာ ကိုပင် ရွတ်ရန် မလိုတော့ဘဲ လျန်ဟူကို ခေါ်ဆောင်ကာ ပျံသန်းရန် ပြင်လိုက်သည်။

​သို့သော် သူ ခဏစဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် လူငယ်စစ်သည်တစ်ဦးအဖြစ် ရုပ်ပြောင်းလိုက်ကာ ဓားသေတ္တာနှင့် ဓားများကို သိမ်းဆည်းလိုက်သည်။

ထို့နောက် သိုလှောင်အိတ်အတွင်းမှ လှံရှည်တစ်စင်းကို ထုတ်ယူလိုက်သည်။ ၎င်းမှာ တစ်ကိုယ်လုံး ရွှေရောင်တောက်နေပြီး အရှိန်အဝါ ပြင်းထန်လှသော ကျားခေါင်း ရွှေလှံ ပင် ဖြစ်သည်။

​"ငါက အစိုးရနဲ့ သိပ်ပြီး မပတ်သက်ချင်ဘူး၊ ညီကိုကလည်း ငါ့ရဲ့ လျှို့ဝှက်ချက်ကို မပေါက်ကြားစေနဲ့လို့ မျှော်လင့်ပါတယ်"

​သူသည် လောကတွင် နာမည်ထပ်မကြီးချင်တော့သဖြင့် ရုပ်ဖျက်လိုက်ခြင်း ဖြစ်သည်။ လီယန်ချူး၏ ခြေထောက်အောက်တွင် မင်္ဂလာတိမ်တိုက်များ ပေါ်ထွက်လာပြီး ကောင်းကင်သို့ ပျံတက်သွားချိန်တွင်မှ လျန်ဟူသည် မိမိ၏ စိတ်ထဲက သံသယကို အတည်ပြုနိုင်တော့သည်။

​"ယန်ဝိညာဉ် "

​သူ အလွန်အံ့သြသွားမိသည်။ ယနေ့ညတွင် မိမိသည် ယန်ဝိညာဉ် အဆင့်ရှိ ပညာရှင်ကြီးတစ်ဦးနှင့် ဆုံတွေ့ရလိမ့်မည်ဟု မည်သို့ထင်ထားပါမည်နည်း။

​ချူကျိုးမြို့ရိုးပေါ်တွင် စစ်ဗိုလ်ချုပ် ရွှီတန်နှင့် ပေါင်ချင်းဆရာတော်တို့မှာ တည်ကြည်လေးနက်သော အမူအရာဖြင့် ရှိနေကြသည်။ သူတို့သည် ခုနက ကောင်းကင်သို့ ထိုးတက်သွားသော မီးတောက်များနှင့် တစ်လောကလုံးကို လွှမ်းခြုံသွားသည့် နီရဲသော အလင်းတန်းကို မြင်တွေ့ခဲ့ရသည်။

​"တကယ့်ကို အစွမ်းထက်တဲ့ နတ်ဘုရားမီးပဲ "

​မိုင်ပေါင်းများစွာ အကွာအဝေးမှပင် ထိုတောက်လောင်နေသော မီးအလင်းကို မြင်တွေ့နိုင်ခဲ့သည်။ ရွှီတန်မှာ မချီးကျူးဘဲ မနေနိုင်တော့ပေ။

​"ဒါက တကယ်တော့ ဘာဖြစ်တာလဲ"

ပေါင်ချင်းဆရာတော်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများတွင်လည်း အံ့သြမှုများ ပြည့်နှက်နေသည်။

​ထို့နောက်တွင် တစ်စုံတစ်ဦးမှာ တိမ်စီး၍ အလွန်လျင်မြန်သော အရှိန်ဖြင့် လာနေသည်ကို မြင်လိုက်ရသည်။ မကြာမီမှာပင် ထိုသူမှာ သူတို့၏ မျက်စိရှေ့သို့ ရောက်ရှိလာပြီး မြို့ရိုးပေါ်သို့ ဆင်းသက်လိုက်တော့သည်။

​ပေါင်ချင်းဆရာတော်သည် ခန္ဓာကိုယ်ကို အသင့်ပြင်လိုက်ပြီး ဗုဒ္ဓအလင်းများ ထွက်ပေါ်လာကာ လက်ထဲမှ မိစ္ဆာနှိမ်နင်းရေး တောင်ဝှေးကိုလည်း တင်းတင်းဆုပ်ကိုင်လိုက်သည်။

ဤသူမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းလာနိုင်ပြီး ဤမျှမြန်ဆန်လှသော အရှိန်အဝါရှိသဖြင့် ယင်ဝိညာဉ် မဟုတ်လျှင် ယန်ဝိညာဉ် ပညာရှင်ကြီးသာ ဖြစ်ရပေမည်။

​"ကိုယ့်လူတွေပါ ကိုယ့်လူတွေပါ မြင်းဖြူတပ်စခန်းက လျန်ဟူ စစ်ဗိုလ်ချုပ်ကြီးကို ဂါရဝပြုပါတယ် "

ဟု လျန်ဟူက အမြန်အော်ပြောလိုက်သည်။

​ထိုအခါမှ လူတိုင်းသည် ရောက်လာသူမှာ ထွားကျိုင်းသော လူငယ်တစ်ဦး ဖြစ်သည်ကို မြင်လိုက်ရသည်။

သူ၏ လက်ထဲတွင် လှံရှည်တစ်စင်းကို ကိုင်ဆောင်ထားသည်။ ထိုလှံရှည်ကို ကြည့်လိုက်ရုံဖြင့် အလွန်ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများကို ခံစားရစေသည်။

ရွှေရောင်ကျားခေါင်းမှာ ရှေးဟောင်းအငွေ့အသက်များကို ထုတ်လွှတ်နေသော်လည်း အခြားလက်တစ်ဖက်တွင် ပန်းခြင်းတောင်းတစ်ခုကို ချိတ်ဆွဲထားခြင်းကမူ ပြောမပြတတ်အောင် ထူးဆန်းနေပေသည်။

သို့သော် အလုံးစုံကြည့်လျှင်မူ သူသည် အလွန်ပင် ရဲရင့်ထည်ဝါသော အသွင်ရှိပေသည်။

​သူ၏ နောက်ကွယ်တွင်မူ သာမန်မျှသာဖြစ်သော လူငယ်တစ်ဦး ရှိနေပြီး ဝတ်စုံမှာလည်း စုတ်ပြတ်နေကာ သူတောင်းစား ထက်ပင် ပို၍ ဆိုးရွားနေသည်။

ကြည့်ရသည်မှာ လူမဆန်သော နှိပ်စက်မှုများကို ခံထားရသည့်အလား ရှိသော်လည်း သူ၏ ကိုယ်ပေါ်တွင်မူ ဒဏ်ရာတစ်စက်မျှ မရှိပေ။ မျက်လုံးများမှာလည်း တောက်ပနေပြီး အားအင်အပြည့် ရှိနေသည်။

​"လျန်ဟူ ဘယ်လိုဖြစ်တာလဲ "

ကျူးမုန့်သည် ခါးမှ ဓားကို ဆွဲထုတ်ကာ စစ်ဗိုလ်ချုပ် ရွှီတန်၏ ရှေ့မှနေ၍ ကာကွယ်လိုက်သည်။

​"အစီရင်ခံပါတယ် အရှင်... ဒီပုဂ္ဂိုလ်ကတော့..."

​လျန်ဟူသည် ထိုစီနီယာ ပညာရှင်ကြီး၏ အမည်ကို မိမိ မသိသေးကြောင်း ရုတ်တရက် သတိရသွားသည်။

​"ချမ်ရှန်း က ကျင့်ကြံသူ၊ ကျောက်ကျိလုံ ပါ"

ဟု လီယန်ချူးက အေးဆေးစွာ ပြောလိုက်သည်။

​ထို့နောက် လျန်ဟူက ကျောက်ကျိလုံ (လီယန်ချူး) တစ်ဦးတည်းဖြင့် မိစ္ဆာစစ်သည်များအားလုံးကို တိုက်ခိုက်ပြီး မြောက်ပိုင်းနန်းတော်မှ ပညာရှင်အားလုံးကို သတ်ဖြတ်လိုက်သည့်အကြောင်းကို ပြောပြလိုက်သည်။

​လီယန်ချူးသည် ဝတ်ရုံနက်နှင့်လူကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

​"ဒီလူက လုပ်ရပ်တွေ သံသယဖြစ်စရာ ကောင်းလွန်းလို့ ကျုပ် သူ့ကို အသက်တစ်ရှူစာ ချန်ထားခဲ့ပါတယ်။ မေးစရာရှိတာ မေးလို့ရအောင်လို့ပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီလူဟာ ကျုပ်လက်ထဲမှာပဲ သေရပါလိမ့်မယ်"

ဟု လီယန်ချူးက တည်ငြိမ်စွာ ဆိုသည်။

​ထိုအခါမှ လူတိုင်းသည် ပြင်းထန်စွာ ရိုက်နှက်ခံထားရသော ထိုဝတ်ရုံနက်နှင့်လူကို မြင်လိုက်ရသည်။ ပေါင်ချင်းဆရာတော်က ထိုသူ၏ ခေါင်းစွပ်ကို ဖယ်ရှားလိုက်ရာ သူ၏ အသက်ရှူသံများ ချက်ချင်းပင် မြန်ဆန်သွားတော့သည်။

​"ဝမ်ယွမ်စူး"

အခန်း (၆၉၆) - ပညာရှင်ကြီးတို့၏ လုပ်ရပ်မှာ ခန့်မှန်းရခက်လှသည်

​ပေါင်ချင်းဆရာတော်၏ စကားအဆုံးတွင် မြို့ရိုးပေါ်ရှိ လေထုမှာ ရုတ်တရက် ထူးဆန်းစွာ တိတ်ဆိတ်သွားတော့သည်။ ရွှီစစ်ချင်း၏ မွေးစားသားဖြစ်သူ စစ်ဗိုလ်ချုပ် ရွှီတန်ပင်လျှင် သူ၏ အသက်ရှူသံများကို မထိန်းချုပ်နိုင်ဘဲ မြန်ဆန်လာရသည်။

​ဤ ဝမ်ယွမ်စူး ဆိုသည်မှာ ရွှေတဲနန်းတော်၏ မဟာမှော်ဆရာကြီး ဖြစ်သည်။ မူလက ထင်ရှားကျော်ကြားသော အထက်လမ်း တာအိုဂိုဏ်းဖြစ်သည့် ရှန်းချင်း ၏ တပည့်တစ်ဦး ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် လူသတ်ကာ မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံရင်း ဂိုဏ်းမှ ဖောက်ပြန်ပုန်ကန်ခဲ့သည်။

ထို့နောက် ရွှေတဲနန်းတော်သို့ ဝင်ရောက်ကာ မှော်ဆရာတစ်ဦး ဖြစ်လာပြီး စုန်းအတတ်များကို ပြောင်းလဲကျင့်ကြံခဲ့သူ ဖြစ်သည်။

​ဤနှစ်များအတွင်း သူသည် နယ်စပ်ဒေသကို ဒုက္ခများစွာ ပေးခဲ့ပြီး သူ၏ လုပ်ရပ်များမှာလည်း အလွန် လျှို့ဝှက်ဆန်းကြယ်လှသည်။ ဤသူ၏ အစွမ်းမှာ အတိုင်းအဆမရှိ နက်ရှိုင်းလှပြီး တာအိုပညာနှင့် စုန်းအတတ် နှစ်မျိုးလုံးကို ကျွမ်းကျင်သဖြင့် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

​ယနေ့ညတွင် ဝမ်ယွမ်စူးကိုယ်တိုင် လာရောက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။ ထို့ကြောင့် ဤ ကျောက်ကျိလုံ ၏ အထောက်အထားကိုလည်း သူတို့ လုံးဝ ယုံကြည်သွားကြတော့သည်။

​လျန်ဟူ၏ ပြောပြချက်အရဆိုလျှင် ဤသူသည် ယန်ဝိညာဉ် ပညာရှင်ကြီးတစ်ဦး ဖြစ်ရပေမည်။ လောကတွင် ယန်ဝိညာဉ်အဆင့်မှာ ဆံပင်တစ်ပင်ကို အမျှင်ပေါင်းများစွာ ခွဲသကဲ့သို့ အလွန်ပင် ရှားပါးလှရာ၊ ထိုကဲ့သို့သော ပညာရှင်ကြီးတစ်ဦးနှင့် ထိုမိစ္ဆာစစ်သည်များ အမှတ်မထင် ဆုံတွေ့သွားခြင်းမှာ ဝမ်ယွမ်စူးအတွက်တော့ ကံဆိုးမိုးမှောင်ကျခြင်းပင် ဖြစ်တော့သည်။

​"လူကြီးမင်းဟာ ကျွန်တော်တို့ ချူကျိုးမြို့ရဲ့ ကျေးဇူးရှင်ကြီးပါ၊ လူကြီးမင်းရဲ့ နာမည်ကျော်ကြားအောင် အစိုးရဆီကို အစီရင်ခံစာ တင်ပြခွင့်ပြုပါ"

ဟု ရွှီတန်က လေးနက်စွာ ဆိုလိုက်သည်။

​ယနေ့ညတွင် ကျောက်ကျိလုံသာ ရောက်မလာခဲ့ပါက ချူကျိုးမြို့မှာ ပြာပုံအတိ ဖြစ်သွားပေလိမ့်မည်။ ဝမ်ယွမ်စူးကဲ့သို့သော သူခိုးကောင်ကိုယ်တိုင် ရောက်လာလိမ့်မည်ဟုလည်း သူ မထင်ထားခဲ့ပေ။

​"ဂုဏ်ပြုချီးမြှောက်မယ့် ကိစ္စတွေကို ခဏထားလိုက်ပါဦး၊ ကျုပ်အတွက် တိတ်ဆိတ်တဲ့ နေရာတစ်ခုပဲ ရှာပေးပါ"

​"ပြီးတော့ ဒီလူကိုလည်း အမြန်ဆုံး စစ်မေးလိုက်ပါ၊ ကျုပ် ဒီက ထွက်သွားတဲ့အခါ သူ့ကို သတ်ပစ်ရလိမ့်မယ်"

ဟု လီယန်ချူးက အေးဆေးစွာ ပြောလိုက်သည်။

​ဤစကားကြောင့် လူတိုင်း ကြောင်အမ်းသွားကြသည်။ ရွှီတန်က အမြန်ပြန်ထူးလိုက်သည်။

"ဟုတ်ကဲ့ပါ၊ ကျွန်တော် အခုပဲ စီစဉ်ပေးပါ့မယ်"

​ကျောက်ကျိလုံ၏ လုပ်ရပ်များကို သူတို့ နားမလည်နိုင်သော်လည်း၊ တစ်ဦးတည်းနှင့် မိစ္ဆာစစ်သည်အားလုံးကို ချေမှုန်းကာ ရွှေတဲနန်းတော် ပညာရှင်များကို သတ်ဖြတ်ပြီး ဝမ်ယွမ်စူးကိုပါ ဖမ်းဆီးလာပေးသူဖြစ်ရာ သူ၏ တောင်းဆိုချက်မှာ သဘာဝကျလှပေသည်။

​သူတို့သည် လီယန်ချူး နားခိုရန် အမြန်စီစဉ်ပေးလိုက်ကြသည်။ ထို့နောက်တွင် ပေါင်ချင်းဆရာတော်သည် ဗုဒ္ဓဘာသာ တန်ခိုးတော်များနှင့် ရတနာပစ္စည်းများကို အသုံးပြုကာ ဝမ်ယွမ်စူးကို ထိန်းချုပ်ရန် ကြံစည်လိုက်တော့သည်။

​ဝမ်ယွမ်စူးမှာမူ မြေခွဲပုတီး ၏ ရိုက်ခတ်မှုကြောင့် အရိုးပေါင်းများစွာ ကျိုးကြေကာ ပြင်းထန်သော ဒဏ်ရာကို တစ်ခဏချင်း ခံစားလိုက်ရသဖြင့် သတိလစ်သလောက် ဖြစ်နေခဲ့သည်။

ယခုအခါ သတိအနည်းငယ် ပြန်ဝင်လာပြီး လူတိုင်း၏ စကားသံကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် မူလဝိညာဉ် ကို ကိုယ်ပြင်ပသို့ ထုတ်လွှတ်ကာ ဤနေရာမှ ထွက်ပြေးရန် ကြံစည်လိုက်သည်။

​ပေါင်ချင်းဆရာတော်မှာ မှင်တက်သွားတော့သည်။

အစောပိုင်းက ဝမ်ယွမ်စူး၏ ကိုယ်ပေါ်တွင် မည်သည့် စွမ်းအားပိတ်ဆို့မှု မျှ မရှိသည်ကို သူ ခံစားမိခဲ့သည်။ ကြည့်ရသည်မှာ ထိုပညာရှင်ကြီး ကျောက်ကျိလုံက ဤသူကို မျက်စိထဲပင် မထည့်ဘဲ အမှတ်မထင် ရိုက်ချိုးကာ ဖမ်းလာခြင်း ဖြစ်ရပေမည်။ ဤသူကို လူနုံတစ်ယောက်ဟုသာ ထင်မှတ်ခဲ့ပုံရသည်။

​ရှူး

​ဝမ်ယွမ်စူး၏ မူလဝိညာဉ် ထွက်ပြေးသည့် အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။ ပေါင်ချင်းဆရာတော်သည် အသက်ပြင်းပြင်းရှူကာ ဗုဒ္ဓဘာသာ တန်ခိုးတော်ကို အသုံးပြု၍ တစ်လံကျော်ခန့် မြင့်မားသော စိန်ကိုယ်ထည် နတ်မင်း ပုံရိပ်ကို လွှတ်ကာ နောက်မှ လိုက်လံ ဖမ်းဆီးစေသည်။

​သို့သော် သတိပြန်ဝင်လာသော ဝမ်ယွမ်စူး၏ လှုပ်ရှားမှုမှာ အလွန်လျင်မြန်လှသည်။

သူ၏ မူလဝိညာဉ်မှာ တာအိုဂိုဏ်း၏ နတ်စစ်သူကြီး ပုံသဏ္ဍာန် ဖြစ်သည်။ သို့သော် သူပြုခဲ့သော သတ်ဖြတ်မှု အကုသိုလ်များလွန်းသဖြင့် နတ်စစ်သူကြီး၏ အရှိန်အဝါမှာ အေးစက်စက်နှင့် အမင်္ဂလာ ဖြစ်နေသည်။

​သူသည် ဟင်းလင်းပြင်ကို ဖြတ်၍ အလွန်လျင်မြန်စွာ ပြေးထွက်သွားရာ ပေါင်ချင်းဆရာတော်မှာ အကွာအဝေးမှာ တဖြည်းဖြည်း ဝေးကွာသွားတော့သည်။

​ထိုစဉ်မှာပင် လှံရှည်တစ်စင်းမှာ နီရဲသော ကြယ်တံခွန်တစ်ခုကဲ့သို့ လေထုကို ဖြတ်သန်း ရောက်ရှိလာသည်။

​ဝုန်း

​ကောင်းကင်အစွန်းတွင် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ ဝမ်ယွမ်စူး၏ မူလဝိညာဉ်မှာ ချက်ချင်းပင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။ ထို့နောက်တွင် ထိုလှံရှည်မှာ အခန်းထဲသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။

​ပေါင်ချင်းဆရာတော်သည် ထိုလှံချက်ကို ကြည့်ရင်း ရင်တုန်ပန်းတုန် ဖြစ်နေမိသည်။

​တော်သေးတာပေါ့... အစောက ဒီစီနီယာက ငါ့ကို အမှတ်မထင် မထိခိုက်မိလို့

​ယခုတော့ အဆင်ပြေသွားပြီ ဖြစ်သည်။ ဝမ်ယွမ်စူးမှာ မူလကပင် တာအိုနှင့် စုန်းအတတ် နှစ်မျိုးလုံးကို ကျွမ်းကျင်ပြီး မူလဝိညာဉ်ကိုပါ ကျင့်ကြံထားနိုင်သူဖြစ်ရာ အလွန်ပင် ရင်ဆိုင်ရ ခက်ခဲသူဖြစ်သည်။

ဤသူသည် ချန်နိုင်ငံအပေါ် အလွန်ကြီးမားသော အာဃာတများ ရှိနေသဖြင့် ပေါင်ချင်းဆရာတော်အနေဖြင့် မည်သည့် သတင်းအချက်အလက်ကိုမျှ မေးမြန်းနိုင်လိမ့်မည်ဟု မယူဆခဲ့ပေ။ ယခု ဝမ်ယွမ်စူး သေဆုံးသွားခြင်းက ပေါင်ချင်းဆရာတော်ကို ပို၍ စိတ်သက်သာရာ ရစေခဲ့သည်။

​လီယန်ချူးသည် လှံရှည်ကို ပြန်သိမ်းလိုက်ပြီး ပြတင်းပေါက်ရှိ အပေါက်ကြီးကို ကြည့်ကာ အနည်းငယ် မှင်တက်သွားသည်။

​"ပေါ့ဆသွားတယ်... တရားသူကြီးကလောင် နဲ့ သူ့ရဲ့ ကျင့်စဉ်ကို အရင် ပိတ်ထားသင့်တာ"

ဟု လီယန်ချူးက မိမိကိုယ်ကိုယ် အပြစ်တင်သလို တွေးလိုက်မိသည်။

​အဓိကမှာ လှုပ်ရှားလိုက်ရသည်မှာ အလွန်လွယ်ကူလွန်းနေသောကြောင့် ဖြစ်သည်။ ယင်ဝိညာဉ် အထိပ်အဆင့်နှင့် သာမန်မိစ္ဆာစစ်သည်များမှာ သူ၏ရှေ့တွင် တစ်ချက်တည်းသာ ဖြစ်သဖြင့် ဤသူက အစွမ်းအနည်းငယ် ကျန်သေးသည်ကို သူ သတိမထားမိခဲ့ခြင်းပင်။

​လီယန်ချူးသည် ထိုကိစ္စကို ဆက်လက် တွေးမနေတော့ပေ။ တိုင်းပြည်၏ ကံကြမ္မာမှာ ကောင်းကင်နှင့် ဆက်စပ်နေသဖြင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် အလွန်အကျွံ ပါဝင်ပတ်သက်နေခြင်းမှာ မကောင်းပေ။

​သူသည် ပန်းခြင်းတောင်းကိုသာ အာရုံစိုက်ကာ လေ့လာနေမိသည်။ သူ အံ့သြသွားသည်မှာ ဤပန်းခြင်းတောင်းထဲတွင် နောက်ထပ် ပဲစေ့တစ်စေ့ ရှိနေသေးခြင်းပင်။ အေးစက်စက်နှင့် ဆွဲဆောင်မှုရှိသော အငွေ့အသက် ရှိကာ မျက်လုံးများကို တင်းတင်းပိတ်ထားသော ထိုပဲစေ့မှာ မင်ဟော် ပင် ဖြစ်သည်။

​သူ့ကို အပြစ်တင်၍တော့ မရပေ။

ဤပန်းခြင်းတောင်းမှာ မသေးလှဘဲ ပဲစေ့မှာ အဟန့်အတား ကြားထဲတွင် ကျရောက်နေသဖြင့် သူ မမြင်ခဲ့ခြင်း ဖြစ်သည်။

သူသည် မင်ဟော်နှင့် စွန်းကတော်တို့ကို နှိုးရန် ကြိုးစားသော်လည်း ဤပန်းခြင်းတောင်းထဲရှိ လူနှစ်ယောက်... မဟုတ်ဘူး ပဲစေ့နှစ်စေ့မှာ မည်သို့မျှ တုံ့ပြန်မှု မရှိကြပေ။

​လီယန်ချူးသည် ကျင့်စဉ်စွမ်းအားများကို ထည့်သွင်းကြည့်သော်လည်း မည်သည့် အကျိုးထူးမျှ မရှိပေ။ သူ အချိန်အတော်ကြာ လေ့လာခဲ့သော်လည်း ထူးခြားသော တိုးတက်မှု မရှိသည်ကို တွေ့လိုက်ရသည်။ နောက်ဆုံးတွင် လီယန်ချူးမှာ လက်လျှော့လိုက်တော့သည်။

​တိုက်ခိုက်ခြင်းမှာသာ သူ ကျွမ်းကျင်သောအရာ ဖြစ်သည်။ ဤကဲ့သို့သော ကိစ္စမျိုးကို ကျွမ်းကျင်သူများထံသာ လွှဲအပ်ရပေမည်။ သူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် တိုက်ရိုက်ပင် ထွက်ခွာသွားတော့သည်။ သူ၏ ခြေထောက်အောက်တွင် မင်္ဂလာတိမ်တိုက်များ ပေါ်ထွက်လာပြီး ကျားခေါင်း ရွှေလှံ ကို ကိုင်ဆောင်ကာ ဟင်းလင်းပြင်ကို ဖြတ်၍ ပျံသန်းသွားတော့သည်။

​စစ်ဗိုလ်ချုပ် ရွှီတန်နှင့် ပေါင်ချင်းဆရာတော်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်အမ်းကျန်ရစ်ခဲ့ကြသည်။

​"ဒီပညာရှင်ကြီးရဲ့ လုပ်ရပ်တွေက တကယ်ကို ခန့်မှန်းရခက်တာပဲ"

ဟု ရွှီတန်က လီယန်ချူး ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ဖြည်းညှင်းစွာ ဆိုလိုက်သည်။

​"ယန်ဝိညာဉ် ပညာရှင်ကြီးတွေဆိုတာ နဂါးတစ်ကောင်လိုပဲ... ခေါင်းမြင်ရရင် အမြီးမမြင်ရဘူး (နက်နဲတယ်)၊ လောကကြီးထဲမှာ ပျော်မွေ့နေကြတဲ့သူတွေဆိုတော့ ခန့်မှန်းလို့ မရတာ သဘာဝပါပဲ"

ပေါင်ချင်းဆရာတော်က လက်အုပ်ချီလိုက်သည်။

​ခုနက လှံချက်ကို ပြန်တွေးမိတိုင်း သူ ရင်တုန်နေဆဲပင်။ သူ တစ်ခုတော့ အသေအချာ သိလိုက်သည်မှာ ဤသူသည် ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်နေခြင်းပင်။ မဟုတ်လျှင် သူ တစ်ယောက်တည်းနှင့်ပင် ထိုချူကျိုးမြို့ကို ဖြိုဖျက်နိုင်ရာ မည်သည့် ပရိယာယ်မျှ သုံးနေရန် မလိုပေ။ အတိုင်းအဆမရှိသော ခွန်အားရှေ့တွင် မည်သည့် အကောက်ဉာဏ်မျှ အရာမထင်နိုင်ပေ။

​သူသည် လီယန်ချူး နေထိုင်ခဲ့သော အခန်းကို ကြည့်ကာ ရွှီတန်ကို လေးနက်စွာ ပြောလိုက်သည်။

"စစ်ဗိုလ်ချုပ်ကြီး... ကျုပ် က အဲဒီအခန်းထဲကို ပြောင်းနေချင်ပါတယ်၊ နောင်ကျရင် အဲဒီနေရာမှာ ယန်ဝိညာဉ် ပညာရှင်ကြီး ချန်ထားခဲ့တဲ့ အရှိန်အဝါတွေကို အာရုံပြုပြီး တရားကျင့်ချင်လို့ပါ"

​"..."

​ရွှီတန်၏ နှုတ်ခမ်းများ တွန့်သွားပြီးနောက် သက်ပြင်းချလိုက်သည်။

"ဆရာတော်... သဘောအတိုင်းပါပဲ"

​မူလက သူကိုယ်တိုင်ပင် ထိုနေရာ၌ သွားနေချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ပေါင်ချင်းဆရာတော်မှာ ချူကျိုးမြို့၏ နံပါတ်တစ် ပညာရှင်ဖြစ်ပြီး သူ၏ လက်အောက်တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သူ ဖြစ်ရာ ဤတောင်းဆိုချက်ကို သူ မငြင်းပယ်ရဲပေ။

​"ဒီနေ့ည ချူကျိုးမြို့ရဲ့ ဘေးအန္တရာယ် ကင်းစင်သွားပြီဆိုတော့ ကျုပ်လည်း ဆရာတော်နဲ့အတူ တစ်ညလုံး စကားစမြည် ပြောပါ့မယ်"

ဟု ရွှီတန်က အေးဆေးစွာ ဆိုသည်။

​ထို့နောက် သူသည် ပေါင်ချင်းဆရာတော်နှင့်အတူ လီယန်ချူး ထွက်ခွာသွားသော အခန်းထဲသို့ လိုက်ပါသွားပြီး ယန်ဝိညာဉ် အရှိန်အဝါများကို ခံစားရန် တိတ်တဆိတ် ပြင်ဆင်လိုက်ကြတော့သည်။

​လီယန်ချူး ဝေမြို့ သို့ ပြန်ရောက်သောအခါ ကောင်းကင်မှာ လင်းလုနီးပါး ဖြစ်နေပြီ။ အဓိကမှာ လင်ရွှီး နတ်ဘုရားနယ်မြေထဲတွင် အချိန်အနည်းငယ် ကုန်ဆုံးသွားခဲ့သောကြောင့် ဖြစ်သည်။

လမ်းခရီးအတွက်မူ အချိန်အများကြီး မကုန်ခဲ့ပေ။ အထူးသဖြင့် သူသည် တိမ်စီး၍ သွားရသည်ကို အားမရသဖြင့် မှော်လွန်းပျံ ကို ထုတ်ယူကာ အလင်းတန်းတစ်ခုအဖြစ် ဝေမြို့သို့ အပြေးပြန်လာခဲ့ခြင်း ဖြစ်သည်။

​ဤအချိန်တွင် ဆိုင်ရှင်မ မှာ အိပ်မပျော်သေးဘဲ အခန်းထဲတွင် တစ်ဦးတည်း ထိုင်ကာ သူ့ကို စောင့်နေသည်။ လီယန်ချူး ပြန်ရောက်လာသောအခါ သူမသည် ဝမ်းသာအားရဖြင့်

"ဘာမှမဖြစ်ဘူးမလား" ဟု မေးလိုက်သည်။

​လီယန်ချူး ပြုံးလိုက်ပြီး

"ဒီခြင်းတောင်းကို ပြန်ယူလာနိုင်ခဲ့ပြီ၊ အဲဒီလူက နတ်ဘုရားနယ်မြေထဲကို ထွက်ပြေးသွားလို့ ငါလည်း နောက်က လိုက်ဝင်သွားခဲ့တယ်။ ဒါပေမဲ့ ကျင့်စဉ်အဆင့်ကို နှိမ်ထားပြီး ရုပ်ဖျက်ပြီးမှ ဝင်လို့ရခဲ့တာ"

​သူသည် ယနေ့ည ဖြစ်ပျက်ခဲ့သမျှကို ဆိုင်ရှင်မအား ပြောပြလိုက်သည်။ ဆိုင်ရှင်မမှာ ပါးပြင်ကို လက်ဖြင့်ထောက်ကာ သူ ပြောသမျှကို ငြိမ်သက်စွာ နားထောင်နေသည်။

လီယန်ချူးသည် အခန်းထဲမဝင်မီ သူ၏ မူလရုပ်သွင်သို့ ပြန်ပြောင်းထားခဲ့ပြီး ဖြစ်သည်။ဆိုင်ရှင်မက နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

"တကယ့်ကို နတ်ဘုရားအတတ် ပဲ... နတ်ဘုရားနယ်မြေရဲ့ အာရုံခံမှုကိုတောင် လှည့်ဖြားနိုင်တယ်ဆိုတော့"

​"နတ်ဘုရားအတတ်" ဟု လီယန်ချူးက ပြန်မေးသည်။

​ဆိုင်ရှင်မက ပြုံးလိုက်ရင်း

"ဒီခြင်းတောင်းထဲက လူတွေကို ဘာလို့ အပြင်မထုတ်တာလဲ "

​လီယန်ချူးက သက်ပြင်းချလိုက်သည်

"ငါ နည်းလမ်းအမျိုးမျိုးနဲ့ စမ်းကြည့်ပြီးပြီ၊ ဘာမှမထူးဘူး။ အဲဒါကြောင့် မင်းဆီမှာ ဘာနည်းလမ်းရှိမလဲလို့ ပြန်လာမေးတာ"

​ဆိုင်ရှင်မက အသာအယာ ခေါင်းညိတ်လိုက်သည်

"ဒီမှော်အတတ်ကို ဖန်တီးတဲ့သူက ပဲစေ့မှ စစ်သည်ဖန်တီးခြင်း တာအိုအတတ်ကို အခြေခံပြီး ပြောင်းပြန်လှန်ထားတာပဲ။ ပြီးတော့ လက်အင်္ကျီအတွင်းမှကမ္ဘာ တာအိုအတတ်ကိုလည်း ပေါင်းစပ်ထားသေးတယ်။ ဒီလူကတော့ ဦးနှောက် တော်တော်ကောင်းသားပဲ"

​သူမ၏ စကားမှာ ကိစ္စရပ်၏ အချက်အခြာကို တည့်တည့်မတ်မတ် ထိမှန်သွားလေတော့သည်။

All Chapters