အခန်း (၆၉၇-၆၉၈)
Vol. 70 Ch. 697-698
အခန်း (၆၉၇) - ကျင့်စဉ်မြင့်မားသူအတွက် အရာရာမှာ ထမြောက်အောင်မြင်၏ ၊ သူတစ်ပါးအတွက် အပင်ပန်းခံပေးလိုက်ရခြင်း ၊ နတ်ဘုရား
လီယန်ချူး မှင်တက်သွားစဉ်မှာပင် ဆိုင်ရှင်မ၏ လက်ဖဝါးပေါ်၌ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပန်းခြင်းတောင်းကို အသာအယာ ပွတ်သပ်လိုက်သည်ကို တွေ့လိုက်ရသည်။
ထိုအခါ ပန်းခြင်းတောင်းအတွင်းမှ တောက်ပသော အလင်းတန်းနှစ်ခု ပျံထွက်လာတော့သည်။
တစ်ခုမှာ ကိုယ်ဝန်အရင့်အမာနှင့် မျက်လုံးများကို တင်းတင်းပိတ်ထားသော စွန်းကတော်ဖြစ်ပြီး၊ နောက်တစ်ခုမှာမူ အေးစက်စက် အငွေ့အသက်နှင့် မင်ဟော်ပင် ဖြစ်သည်။
စွန်းကတော်၏ အရှိန်အဝါမှာ တည်ငြိမ်နေပြီး အသက်ရှူသံမှာလည်း မှန်မှန်ရှိနေကာ အိပ်ပျော်နေရုံသာ ဖြစ်သည်။ သို့သော် လီယန်ချူးသည် မင်ဟော်ကို မြင်လိုက်ရချိန်တွင် မှင်တက်မသွားဘဲ မနေနိုင်တော့ပေ။
"ဝိညာဉ်လား" ဟု လီယန်ချူးက မေးလိုက်သည်။
"မှန်တယ်၊ ဒီမိန်းကလေးကို ရှင်သိလို့လား"
ဆိုင်ရှင်မက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက် တောင်ပင်လယ်လျှိုဝှက်နယ်မြေ ကို သွားတုန်းက ဆုံခဲ့တာပါ။ သူမက ကျုပ်ကို ယင်ယန်ပုလင်း လက်ဆောင်ပေးလို့၊ ကျုပ်ကလည်း ပထမဆုံးတွေ့တာဆိုတော့ အားနာတာနဲ့ ချင်းစောဓား ကို လက်ဆောင်ပြန်ပေးခဲ့တာ။ အခု လင်ရွှီးနတ်ဘုရားနယ်မြေထဲက မိစ္ဆာမရဲ့ လက်ထဲမှာ ကျိယင်ဓား ရော ချင်းစောဓားရော ပါနေတာကို တွေ့ခဲ့ရတယ်"
ဟု လီယန်ချူးက ရှင်းပြလိုက်သည်။
ဆိုင်ရှင်မသည် မင်ဟော်ကို အသေအချာ အကဲခတ်ကြည့်ပြီးနောက် ဖြည်းညှင်းစွာ ဆိုလိုက်သည်။
"ဒါဟာ သူမရဲ့ ဝိညာဉ် သုံးခုထဲက တစ်ခုပဲ ရှိသေးတာ၊ ကျန်တဲ့ ဝိညာဉ်နှစ်ခုနဲ့ လိပ်ပြာ ခုနစ်ခုကတော့ ဘယ်ရောက်နေမှန်း မသိဘူး"
လီယန်ချူး မျက်မှောင်ကြုတ်သွားသည်
"ဒါက ဘယ်လိုဖြစ်တာလဲ သူမကို နှိုးလို့ရမလား"
ဆိုင်ရှင်မက အသာအယာ ခေါင်းညိတ်သည်
"စမ်းကြည့်ပါ့မယ်"
သူမသည် လက်ချောင်းဖြင့် အသာအယာ တောက်လိုက်ရာ အလင်းတန်းအချို့သည် မင်ဟော်၏ ဝိညာဉ်အတွင်းသို့ စီးဝင်သွားတော့သည်။ ထို့နောက်တွင် မင်ဟော်သည် ဖြည်းညှင်းစွာ နိုးလာခဲ့သည်။
သို့သော် ယခင်က လီယန်ချူး တွေ့ခဲ့ရသော မင်ဟော်နှင့် မတူဘဲ၊ ယခုရှိနေသော မင်ဟော်၏ ဝိညာဉ်မှာ အကြည့်များမှာ ကြောင်အမ်းနေပြီး မျက်လုံးများမှာ အရောင်အဝါ ကင်းမဲ့နေကာ လူနုံတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
"ဒါ... တစ်ယောက်ယောက်ရဲ့ အောက်လမ်းနည်းနဲ့ ကျိန်စာတိုက်ခံထားရတာလား"
လီယန်ချူး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဟုတ်တယ်၊ သူမရဲ့ ဒီဝိညာဉ်က ရတနာတစ်ခုခုနဲ့ အတိုက်ခံရပြီး လွင့်ထွက်သွားတာပဲ။ ဒါပေမဲ့ ဒီပုံစံအရဆိုရင် ကျန်တဲ့ ဝိညာဉ်နှစ်ခုနဲ့ လိပ်ပြာခုနစ်ခုကတော့ ဘာမှမဖြစ်လောက်ဘူး"
ဟု ဆိုင်ရှင်မက ဖြည်းညှင်းစွာ ဆိုသည်။
ဆိုင်ရှင်မ၏ စကားများမှာ အမြဲတမ်း စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်သည်။ လီယန်ချူးသည် ယခုအခါ ယန်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ရံဖန်ရံခါတွင် "ငါ့မိန်းမက ဆရာကြီးပဲ" ဟူသော ခံစားချက်မျိုး ခံစားနေရဆဲပင်။
သူသည် ဆိုင်ရှင်မ၏ ဖြူဖွေးသွယ်လျသော ခြေတံရှည်များကို အမှတ်မထင် ကြည့်လိုက်မိပြီး
"ဒါကိုပဲ အားကိုးထိုက်တဲ့သူရှိလို့ စိတ်အေးရတယ်လို့ ခေါ်တာလား "
ဟု လီယန်ချူးက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ရှင် ဘာပြောလိုက်တာလဲ " ဆိုင်ရှင်မက သေချာမကြားလိုက်ပေ။
"ဘာမှမဟုတ်ပါဘူး၊ ဆက်လုပ်ပါဦး" လီယန်ချူးက အမြန်ပြောလိုက်သည်။
ဆိုင်ရှင်မက ခေါင်းညိတ်ကာ
"ဝိညာဉ်ကတော့ အပြည့်အစုံပဲ၊ ကြည့်ရတာ ဒီမိန်းကလေးကလည်း ကံတရား အလွန်ကြီးမားတဲ့သူပဲ။ ဝိညာဉ်ကို လွင့်စင်စေတဲ့ ရတနာနဲ့ ဆုံရချိန်မှာ သူမကိုယ်တိုင် ဝိညာဉ်တစ်ခုကို စွန့်လွှတ်လိုက်ပုံရတယ်။ ဒီ ဝိညာဉ်လွင့်ကျိန်စာ ရဲ့ အမှတ်အသားကို ကျွန်မ ဖြေရှင်းပေးနိုင်ပါတယ်။ နောင်တစ်ချိန်မှာ ဒီမိန်းကလေးက ပညာရှင်တစ်ယောက်ယောက်နဲ့ ဆုံလို့ ဝိညာဉ်ခေါ်ယူတဲ့အခါကျမှ ဒီဝိညာဉ်ကို ပြန်ပေးလိုက်လို့ ရတာပေါ့"
လီယန်ချူး အံ့သြသွားသည်
"ဒါကို ဖြေရှင်းလို့ ရတာလား"
ဆိုင်ရှင်မက ခေါင်းညိတ်သည်
"ရတာပေါ့၊ ဒီမိန်းကလေးက ဝိညာဉ်တစ်ခုကို သူမဘာသာ စွန့်လွှတ်လိုက်တာက ကျွန်မ ထင်တာထက်တောင် ပိုပြီး ဉာဏ်ကောင်းသေးတယ်။ အခု ဝိညာဉ်နှစ်ခုနဲ့ လိပ်ပြာခုနစ်ခုပဲ ကျန်တော့ပေမဲ့လည်း သူမရဲ့ နေထိုင်မှုနဲ့ ကျင့်ကြံမှုအပေါ် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး"
လီယန်ချူး ခေါင်းညိတ်လိုက်သည်
"ကောင်းပြီ၊ ဒါဆိုရင်တော့ ဒီအတိုင်းပဲ ထားလိုက်ရအောင်၊ သူမ ဝိညာဉ်ပြန်ခေါ်တဲ့အခါကျမှ ပြန်ပေးလိုက်တာပေါ့"
ဆိုင်ရှင်မမှာ မည်သည့်လက်ကွက်မျှ မလုပ်၊ မည်သည့်ဂါထာမျှ မရွတ်ဘဲ မင်ဟော်၏ ဝိညာဉ်ပေါ်သို့ လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်ရုံသာ ရှိသေးသည်။
ဂျောက် ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး မင်ဟော်၏ ဝိညာဉ်အတွင်းမှ တစ်ခုခု ကျိုးပျက်သွားသည့်အလား ခံစားရသည်။ ထို့နောက် အမည်းရောင် အငွေ့အသက်တစ်ခုမှာ သူမ၏ ဝိညာဉ်ပေါ်မှ လွင့်ထွက်သွားကာ ကွယ်ပျောက်သွားတော့သည်။
ဆိုင်ရှင်မက ခေတ္တစဉ်းစားပြီးနောက်
"ဝိညာဉ်က ကိုယ်ပြင်ပမှာ ရှိနေရင် ကျောက်စိမ်းနဲ့ ထိန်းသိမ်းထားဖို့ လိုတယ်။ ရှင် အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတစ်ခု ရွေးလိုက်ပါ၊ သူမရဲ့ ဝိညာဉ်ကို အထဲထည့်ထားလို့ ရအောင်"
လီယန်ချူး ခေါင်းညိတ်လိုက်သည်။ ထို့နောက် အစိုးရက လက်ဆောင်ပေးထားသော ကျင့်ကြံရေးပစ္စည်းများထဲတွင် ရှာဖွေကြည့်ရာ၊ မူလဝိညာဉ်ကို ထိန်းသိမ်းရန် အထူးပြုလုပ်ထားသော အလွန်ကြည်လင်သည့် ကျောက်စိမ်းပြားတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းတွင် နူးညံ့သော ဝိညာဉ်စွမ်းအားများ ကိန်းဝပ်နေသည်။
ဆိုင်ရှင်မက လက်ဖြင့် ဖမ်းဆွဲလိုက်ရာ မင်ဟော်၏ ဝိညာဉ်မှာ ကျောက်စိမ်းပြားအတွင်းသို့ စီးဝင်သွားတော့သည်။ ထို့နောက် သူမက ဆက်ပြောသည်။
"ဒီဝိညာဉ်ကို ကျွန်မဆီမှာပဲ အရင်ထားလိုက်မယ်။ တစ်ယောက်ယောက်က ဝိညာဉ်ခေါ်ယူခဲ့ရင် ကျွန်မသူမကို လွှတ်ပေးလိုက်ပြီး ဝိညာဉ်သုံးခု လိပ်ပြာခုနစ်ခု ပြန်ပြည့်အောင် လုပ်ပေးလိုက်မယ်"
လီယန်ချူးမှာ သူမ၏ အစွမ်းထက်လှသော နည်းလမ်းများကို မြင်တွေ့ရသဖြင့် အလွန်ပင် အံ့အားသင့်သွားကာ လက်မထောင်၍ ချီးကျူးလိုက်မိသည်။
"ကောင်းပြီ"
"ဒါနဲ့... ခုနက မင်းဆီမှာ ကျင့်စဉ်စွမ်းအားတွေ စီးဆင်းတာ ဒါမှမဟုတ် ဂါထာရွတ်တာမျိုး မတွေ့ရပါလား "
လီယန်ချူးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒါကို ကျင့်စဉ်မြင့်မားသူအတွက် အရာရာမှာ ထမြောက်အောင်မြင်၏ လို့ ခေါ်တာပေါ့"
ဟု ဆိုင်ရှင်မက အသာအယာ ပြုံး၍ ဆိုသည်။
လီယန်ချူး၏ အကြည့်များ ပြောင်းလဲသွားပြီး တစ်ခုခုကို စဉ်းစားနေမိသည်။ ဆိုင်ရှင်မ၏ အဆင့်အတန်းမှာ သူထင်ထားသည်ထက်ပင် ပို၍ မြင့်မားနေသည်။ ဤမျှအထိ အစွမ်းထက်နေသည်မှာ ယန်ဝိညာဉ်အဆင့်သို့ တကယ်ပဲ မရောက်သေးတာလား။
ထို့နောက် ဆိုင်ရှင်မသည် စွန်းကတော်၏ ကိုယ်ပေါ်မှ ပိတ်ဆို့မှုများကို ဖြေရှင်းပေးလိုက်ရာ စွန်းကတော်မှာ ဖြည်းညှင်းစွာ နိုးလာခဲ့သည်။ သူမသည် လီယန်ချူးနှင့် ဆိုင်ရှင်မကို မြင်လိုက်ရချိန်တွင် ပထမ၌ ထိတ်လန့်သွားသော်လည်း၊ သူတို့နှစ်ဦး၏ နှစ်သိမ့်ပေးမှုကြောင့် စိတ်တည်ငြိမ်သွားတော့သည်။
လီယန်ချူးသည် သူ၏ ကြီးမားလှသော သက်စောင့်စွမ်းအား များကို စွန်းကတော်၏ ကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။ စွန်းကတော်မှာ ယနေ့ညတွင် ပင်ပန်းနွမ်းနယ်မှုများစွာ ကြုံတွေ့ခဲ့ရသော်လည်း ဝမ်းဗိုက်အတွင်းမှ သန္ဓေသားမှာ မည်သည့် ပြဿနာမျှ မရှိပေ။
အမှန်စင်စစ် ဤသန္ဓေသားမှာ ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်ရပေမည်၊ မဟုတ်လျှင် ဤမျှများပြားသော လူများက လိုချင်တပ်မက်ကြမည် မဟုတ်ပေ။
မည်မျှပင် လှုပ်ခါနေပါစေ၊ ဤသန္ဓေသားမှာ ဘာမှဖြစ်လိမ့်မည် မဟုတ်သော်လည်း၊ စွန်းကတော်၏ အသက်မှာမူ ထိုမျှအထိ မခံနိုင်ပေ။ ကလေးမှာ ဘာမှမဖြစ်သော်လည်း မိခင်ဖြစ်သူမှာ နေရာတင် သေဆုံးသွားနိုင်သည့် အခြေအနေမျိုး ဖြစ်နိုင်သည်။
ယခုအခါ လီယန်ချူး၏ သက်စောင့်စွမ်းအားများ ရှိနေသဖြင့် စွန်းကတော်မှာ ဘေးကင်းသွားပြီ ဖြစ်သည်။ သို့သော် သူမကို ပြန်ပို့ရန် မပြင်ဆင်ရသေးမီမှာပင် စွန်းကတော်၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ကလေးမွေးဖွားတော့မည့် လက္ခဏာများ ပြလာတော့သည်။
လီယန်ချူး၏ အကြည့်များ ပြောင်းလဲသွားကာ
"ကျုပ် လက်သည် သွားရှာလိုက်ဦးမယ်"
ဆိုင်ရှင်မက ပြုံးလိုက်ပြီး
"ရှင် အပြင်ထွက်နေဖို့တော့ လိုတာ အမှန်ပဲ၊ ဒါပေမဲ့ လက်သည်တော့ မလိုပါဘူး။ ကျွန်မရဲ့ မှော်အတတ်နဲ့ သူမကို ဘေးကင်းကင်း မွေးဖွားနိုင်အောင် ကူညီပေးနိုင်ပါတယ်"
လီယန်ချူး: "…………"
စွန်းကတော်မှာ ကလေးမွေးဖွားခြင်းမှာ ဤမျှအထိ နာကျင်မှုမရှိသော ကိစ္စဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။ အသက်ကုန် အော်ဟစ်နေရန် မလိုဘဲ ထမင်းစား၊ ရေသောက်ရသကဲ့သို့ လွယ်ကူလှပေသည်။
လီယန်ချူးသည် အခန်းပြင်တွင် ရပ်နေရင်း တွေးနေမိသည်။
"ဒီလို မှော်အတတ်မျိုးက တကယ်ကောင်းတာပဲ၊ သားဖွားမီးယပ်ဆေးရုံသာ ဖွင့်လိုက်ရင်တော့ အကြီးအကျယ် ချမ်းသာမှာပဲ"
သူသည် ခေါင်းခါရင်း ရယ်မောလိုက်မိသည်။
မကြာမီမှာပင် စွန်းကတော်၏ ဝမ်းဗိုက်အတွင်းမှ သန္ဓေသားမှာ မွေးဖွားလာခဲ့သည်။ နီရဲသော အလင်းတန်းများမှာ အခန်းတစ်ခုလုံးကို ပြည့်နှက်သွားရာ လီယန်ချူး၏ အမူအရာ ပြောင်းလဲသွားသည်။
"ဘာဖြစ်တာလဲ " ဟု သူက အပြင်မှနေ၍ လေးနက်သော အသံဖြင့် မေးလိုက်သည်။
"ဘာမှမဖြစ်ဘူး၊ ရှင် ဝင်လာကြည့်လိုက်ရင် သိလိမ့်မယ်"
သူတစ်ပါး မိန်းမ ကလေးမွေးနေသည့်နေရာသို့ လီယန်ချူး ဝင်သွားခြင်းမှာ မသင့်တော်လှသော်လည်း၊ အခန်းတစ်ခုလုံး နီရဲနေခြင်းမှာမူ ပုံမှန်မဟုတ်သည်မှာ ထင်ရှားလှသည်။
လီယန်ချူး တံခါးဖွင့်၍ ဝင်သွားသောအခါ စွန်းကတော်မှာ ကုတင်ပေါ်တွင် စောင်ခြုံ၍ လဲလျောင်းနေပြီး
"ဘာလို့ ဒီလိုဖြစ်ရတာလဲ ဘာလို့ ဒီလိုဖြစ်ရတာလဲ "
ဟု တိုးတိုးလေး ရေရွတ်နေသည်။
သူမသည် အခန်းအတွင်းရှိ နေရာတစ်ခုကို အံ့သြတုန်လှုပ်စွာ ကြည့်နေသည်။ လီယန်ချူးသည် သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ
အခန်းအတွင်း၌ ကလေးငယ်တစ်ဦး မရှိဘဲ ပုတီးစေ့ တစ်စေ့သာ ပျံသန်းနေသည်ကို တွေ့လိုက်ရသည်။ ခုနက သူကြားလိုက်ရသော ကလေးငိုသံမှာ ဤပုတီးစေ့အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုပုတီးစေ့ပေါ်တွင် နီရဲသော အလင်းတန်းများ တောက်ပနေပြီး ရင်တုန်စရာကောင်းသော အရှိန်အဝါတစ်ခု ရှိနေသည်။ ထိုအရှိန်အဝါမှာ အန္တရာယ်ရှိသော အရာမျိုး မဟုတ်သော်လည်း၊ ကြီးမားလှသော တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။
ပုတီးစေ့မှာ အလင်းတန်းများဖြင့် ဖုံးလွှမ်းလျက် အခန်းအတွင်း၌ အနည်းငယ် လှည့်ပတ်ပြီးနောက် ပြတင်းပေါက်ကို ဖောက်ကာ ပျံထွက်သွားတော့သည်။ မြို့ပြင်သို့ ရောက်ရှိသည်နှင့် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသကဲ့သို့ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
"ဒါက ဘာဖြစ်တာလဲ" လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။
ဒါက... နတ်ဘုရား နီကျား ကို မွေးလိုက်တာလား
ဆိုင်ရှင်မက အေးစက်စွာ ရယ်မောလိုက်ပြီး
"တစ်ယောက်ယောက်က အကွက်ချထားတာပေါ့ သူတစ်ပါးဝမ်းကို ငှားပြီး ကိုယ့်ကလေးမွေးခိုင်းတာ "
လီယန်ချူး မျက်မှောင်ကြုတ်ကာ
"အဲဒါက ဘာကို ဆိုလိုတာလဲ"
ဆိုင်ရှင်မက ခေါင်းခါလိုက်ပြီး စွန်းကတော်ကို သနားစဖွယ် ကြည့်လိုက်သည်။ ဆယ်လမွေး၊ ကိုးလလွယ် ခဲ့ရသမျှမှာ သူတစ်ပါးအတွက် အပင်ပန်းခံပေးလိုက်ရခြင်း သာ ဖြစ်ခဲ့သည်။ သူမသည် သက်ပြင်းတစ်ချက်ချကာ လီယန်ချူး၏ မေးခွန်းကို မဖြေဘဲ စွန်းကတော်၏ အနားသို့ သွားကာ မှော်အတတ်တစ်ခုကို ထည့်သွင်းလိုက်သည်။
စွန်းကတော်မှာ ချက်ချင်းပင် သတိလစ်သွားတော့သည်။
"ဘာဖြစ်လို့လဲ" လီယန်ချူးက မေးသည်။
"ဒီဒဏ်ကို သူမ ခံနိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ စိုးရိမ်လို့၊ သူမရဲ့ ဒီမှတ်ဉာဏ်တွေကို ပိတ်ထားလိုက်ပြီ"
ဆိုင်ရှင်မက အသေးအဖွဲ ကိစ္စတစ်ခုကဲ့သို့ ပြောလိုက်သည်။
ဒီလိုတောင် လုပ်လို့ရသေးတာလား... လီယန်ချူး အံ့သြစွာဖြင့် အသက်ပြင်းပြင်း ရှူလိုက်မိသည်။
ဆိုင်ရှင်မက သူ့ကို စိုက်ကြည့်ကာ
"ရှင် ကျွန်မကို မေးတယ်မလား ဒါက ဘာကို ဆိုလိုတာလဲဆိုတာ "
"ဒါဟာ နတ်ဘုရား ပဲ"
ဆိုင်ရှင်မ၏ လေသံမှာ အေးစက်စက် ရှိလှသည်။
လီယန်ချူး၏ မျက်မှောင်မှာ တင်းကျပ်သွားပြီး သူ၏ မျက်လုံးများတွင် အံ့သြမှုများ ပြည့်နှက်သွားတော့သည်။
"နတ်ဘုရား"
အခန်း (၆၉၈) - ပိုင်ယွမ်ကျင့်ကြံသူ ၊ နယ်ပယ်ပြင်ပမှ မိစ္ဆာ၊ ဒါက မြည်းလား
ဆိုင်ရှင်မက ဖြည်းညှင်းစွာ ဆိုလိုက်သည်
"အဲဒီ ဝိညာဉ်ပုတီးစေ့ဟာ နတ်ဘုရားတစ်ပါးရဲ့ လူဝင်စားခန္ဓာပဲ။ ဒါပေမဲ့ သာမန်တန်ခိုးရှင်တွေ ကျင့်စဉ်ပြန်ကျင့်ဖို့ လူဝင်စားတာနဲ့တော့ နည်းနည်းကွဲပြားတယ်။ သူက ပိုမြန်တယ်၊ အဲဒါကြောင့်ပဲ ဘေးဒုက္ခတွေ ရှိနေတာပေါ့"
နတ်ဘုရားလူဝင်စား... လီယန်ချူး၏ မျက်နှာမှာ လေးနက်သွားပြီး ခပ်တိုးတိုးဆိုလိုက်သည်။
"ဆိုလိုတာက ကျုပ်တို့ကပဲ လမ်းပြစောင့်ရှောက်သူ အဖြစ် ပါဝင်ပတ်သက်မိသွားတာပေါ့ ဟုတ်လား "
တုံ့ပြန်မှု မြန်လှချည်လား... ဆိုင်ရှင်မက သူ့ကို တစ်ချက်ကြည့်ကာ အသာအယာ ခေါင်းညိတ်ပြသည်။
"ဒီလိုပဲ ပြောလို့ရတာပေါ့"
ဒါကတော့ သတင်းအချက်အလက်တွေ တော်တော်များနေပြီပဲ... လီယန်ချူးက စဉ်းစားဆင်ခြင်ရင်း ဆိုသည်။
"အဲဒီ ဝိညာဉ်ပုတီးစေ့က ဒီအတိုင်း ပျံထွက်သွားတာ... ဘာပြဿနာမှ မရှိနိုင်ဘူးလား "
"ဘာမှမဖြစ်ပါဘူး၊ ဒီကိစ္စကို ကျွန်မတို့ ထပ်ပြီး ဂရုစိုက်နေဖို့ မလိုတော့ဘူး။ ကံတရားအကျိုးဆက် က ကြီးလွန်းတယ်"
ဆိုင်ရှင်မက ခေါင်းခါရင်း ဆိုသည်။
လီယန်ချူးသည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။
ယခုခေတ်ကြီးမှာ တဖြည်းဖြည်းနှင့် ပို၍ ခန့်မှန်းရခက်လာချေပြီ။ နတ်ဘုရားလူဝင်စားများပင် ပေါ်ထွက်လာနေပြီ မဟုတ်ပါလား။
ထို့နောက် သူသည် ဆိုင်ရှင်မနှင့်အတူ စွန်းကတော်ကို စွန်းဆိုင်ရှင် ၏ အိမ်သို့ ပြန်လည်ပို့ဆောင်ပေးလိုက်သည်။ ထို့နောက်တွင် ဆိုင်ရှင်မက စွန်းဆိုင်ရှင်၏ မှတ်ဉာဏ်ကို ပြုပြင်ကာ ဤမှတ်ဉာဏ်များကို ပိတ်ဆို့လိုက်တော့သည်။
"ဒါက တကယ်ရော အဆင်ပြေပါ့မလား တခြားလူတွေက လာမေးရင် သူတို့ရဲ့ မှတ်ဉာဏ်တွေ ပြန်ပွင့်မလာနိုင်ဘူးလား "
လီယန်ချူးသည် ဤကဲ့သို့သော နည်းလမ်းများကို သိပ်ပြီး နားမလည်ပေ။
"ဘာမှမဖြစ်ပါဘူး၊ ကျွန်မချထားတဲ့ ပိတ်ဆို့မှုက တော်တော်လေး ထူးခြားတယ်။ သူတို့ပြောတဲ့ စကားတွေက ဘေးပတ်ဝန်းကျင်က လူတွေကိုပါ တဖြည်းဖြည်း သက်ရောက်မှုရှိသွားပြီး၊ သူတို့ဘာသာ ကျိုးကြောင်းဆီလျော်တယ်လို့ ထင်ရမယ့် ဇာတ်လမ်းတစ်ခုကို အလိုအလျောက် ပုံဖော်သွားလိမ့်မယ်"
ဆိုင်ရှင်မက ရှင်းပြသည်။
လီယန်ချူး၏ မျက်လုံးများ တောက်ပသွားသည်။
ဒါဟာ လူတွေပြောလေ့ရှိတဲ့ "ကိုယ့်ဘာသာ တွေးတောဖန်တီးယူခြင်း " ဆိုတာမျိုးလား
အရာအားလုံးကို စနစ်တကျ ကိုင်တွယ်ပြီးနောက် သူတို့နှစ်ဦးမှာ အခန်းထဲသို့ ပြန်ရောက်လာကြသည်။
ဆိုင်ရှင်မသည် အပေါ်ဝတ်ရုံကို ချွတ်လိုက်ရာ အဖုအထစ်အကောက်အကွေးနှင့် ပြည့်စုံလှပသော ကိုယ်လုံးကိုယ်ပေါက်မှာ ပေါ်လွင်လာပြီး လီယန်ချူး၏ ကိုယ်ပေါ်သို့ မှီတွယ်လိုက်သည်။
တောင်တန်းတစ်ခုကို အဝေးမှကြည့်လျှင် တစ်မျိုး၊ အနီးကပ်ကြည့်လျှင် တစ်ဖုံ ကွဲပြားသကဲ့သို့ပင် သူမ၏ အလှမှာလည်း ရှုထောင့်ပေါင်းစုံမှ ပြည့်စုံလှပေသည်။
နုနယ်လှပသော မျက်နှာလေးမှာ အထိအတွေ့ကို မခံနိုင်လောက်အောင် နူးညံ့နေပြီး၊ ရှည်လျားသော မျက်တောင်လေးများမှာလည်း ထူးခြားစွာ လှပနေကာ အသားအရေမှာလည်း အရောင်တောက်ပနေသည်။
လီယန်ချူးက အသာအယာ ပြုံးလိုက်မိသည်။ စာပေတတ်တစ်ဦး ပြောဖူးသည်မှာ "အမျိုးသမီးတစ်ဦး၏ အလှတရား အနှစ်သာရတွင် အသားဖြူခြင်းမှာ ရရှိရန် အခက်ခဲဆုံးဖြစ်သည်" ဟူ၏။ အမှန်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။
...
နောက်တစ်နေ့။
နေမင်းမှာ ခေါင်းပေါ်သို့ ရောက်နေပြီဖြစ်သော်လည်း သူတို့မှာ အိပ်မောကျနေဆဲပင်။
လီယန်ချူး နိုးလာချိန်တွင် စိတ်ကြည်လင်လန်းဆန်းနေတော့သည်။
အရေးကြီးကိစ္စများ ကြုံလာလျှင် အရင်ဆုံး အိပ်ရေးဝဝအိပ်လိုက်ခြင်းက အကောင်းဆုံးပင်။
သူသည် အဝတ်အစားများ ဝတ်ဆင်ကာ ရင်ပြင်သို့ ထွက်လာခဲ့သည်။
ဆိုင်ရှင်မမှာမူ အိပ်ပျော်နေဆဲပင်။ မနေ့ညက သူမ အတော်လေး ပင်ပန်းသွားပုံရသည်။ လီယန်ချူးသည် သူမကို မနှိုးတော့ဘဲ ရင်ပြင်ထဲတွင် ကိုယ်လက်လှုပ်ရှားကာ ကြွက်သားများ ဖြေလျှော့နေလိုက်သည်။
သူ၏ လက်ရှိ သိုင်းပညာအဆင့်မှာ အလွန်မြင့်မားနေပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာလည်း တတိယအဆင့် သို့ ရောက်ရှိနေပြီဖြစ်သည်။
အသွေးအသားနှင့် သွေးချီ ကို နောက်တစ်ဆင့် တက်လှမ်းချင်ပါက ရတနာပစ္စည်းအချို့ဖြင့် လေ့ကျင့်ရန် လိုအပ်ပေသည်။
သာမန် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးလုံး သို့မဟုတ် သွေးချီဆေးလုံး များမှာ သူ့အတွက် အသုံးမဝင်တော့ပေ။
လက်ရှိတွင် သွေးချီလေ့ကျင့်ရန်အတွက် လီယန်ချူးတွင် ရတနာနှစ်မျိုးရှိသည်။ တစ်မျိုးမှာ ထိုနေ့က ဝတ်ရုံဖြူလူငယ် သို့မဟုတ် ရှန့်ရှန်းနန်းတော် မှ လာသောသူထံမှ လုယူခဲ့သော နဂါးအစစ် သွေးအဆီအနှစ် ကိုးစက်ပင် ဖြစ်သည်။
ဤသွေးအဆီအနှစ် ကိုးစက်ကို သူသည် ကျောက်စိမ်းပုလင်းငယ်တစ်ခုထဲတွင် ထည့်ထားပြီး တစ်စက်ချင်းစီတိုင်းတွင် ကြီးမားသော စွမ်းအားများ ကိန်းဝပ်နေသည်။
နဂါးစစ်စစ်မှာ လောကတွင် ထိပ်တန်း တည်ရှိမှုတစ်ခုဖြစ်ပြီး ကြီးမားသော တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားသည်။ နဂါးမျိုးနွယ်၏ ခန္ဓာကိုယ်မှာ အလွန်ပင် ကြံ့ခိုင်လှပေသည်။
ထိုနဂါးအစစ် သွေးအဆီအနှစ်များကြောင့်ပင် နဂါးကိုးကောင် ဝိညာဉ်ပိတ်ဆို့ခြင်း အစီရင်ခံကို ထောက်ပံ့ပေးနိုင်ပြီး တတိယအဆင့်ရှိသော ယန်ဝိညာဉ် တစ်ပါးကိုပင် ဖိနှိပ်ထားနိုင်ခြင်း ဖြစ်သည်။
ထိုအချက်ကို ကြည့်ခြင်းဖြင့် ၎င်းတွင် ပါဝင်သော စွမ်းအားကြီးမားပုံနှင့် စင်ကြယ်ပုံကို သိနိုင်ပေသည်။
နောက်ထပ်တစ်ခုမှာမူ လီယန်ချူးက လင်ရွှီးနတ်ဘုရားနယ်မြေထဲတွင် လုယူခဲ့သော ဖီးနစ်အဆီအနှစ် ပင် ဖြစ်သည်။
လူသိများလှသော စင်ကြယ်သည့် ယန်ရတနာ ဆယ်မျိုးတွင် ဖီးနစ်အဆီအနှစ်မှာ နံပါတ် (၂) နေရာတွင် ရှိသည်။
၎င်းသည် ခန္ဓာကိုယ်ကို ထက်မြက်စေရုံသာမက ယန်ဝိညာဉ်ကိုလည်း ကြီးထွားစေနိုင်သည်။
ထို့အပြင် ဖီးနစ်ငှက်၏ သေခြင်းမှ ပြန်လည်ရှင်သန်ခြင်း ဆိုင်ရာ နတ်ဘုရားခန္ဓာကိုယ်ကို ရရှိရန်လည်း အခွင့်အရေးရှိသည်။
ထိုသို့သော နတ်ဘုရားခန္ဓာကိုယ်မှာ များစွာသော နတ်ခန္ဓာများထဲတွင် အလွန်ပင် အစွမ်းထက်သော အမျိုးအစားဖြစ်သည်။
ပြတ်တောက်သွားသော ကိုယ်လက်အင်္ဂါများကို ပြန်လည်ပေါက်ဖွားစေနိုင်ရုံသာမက မီးစွမ်းအားဆိုင်ရာ ပါရမီကိုလည်း အထွတ်အထိပ်သို့ မြှင့်တင်ပေးနိုင်သည်။
၎င်းအပြင် အခြားသော ဆန်းကြယ်လှသည့် အသုံးဝင်ပုံများမှာ ရှေးဟောင်းကျမ်းစာများထဲတွင်သာ ပါရှိပြီး မည်သူမျှ အသေအချာ အတည်မပြုနိုင်သေးပေ။
"ဒီလင်ရွှီးနတ်ဘုရားနယ်မြေက ထင်ထားတာထက် အများကြီး ပိုပြီး အစွမ်းထက်တာပဲ။ နတ်ဘုရားနယ်မြေတွေထဲမှာ အဆင့်သိပ်မမြင့်ပေမဲ့ မိစ္ဆာတွေရဲ့ ခြေရာလက်ရာ မရှိတာကြောင့် တန်ဖိုးရှိတဲ့ ရတနာတွေ အများကြီး ကျန်ရှိနေခဲ့တာပဲ"
လီယန်ချူးသည် လက်ဝှေ့တစ်ကွက် လေ့ကျင့်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
မူလက သူသည် လင်ရွှီးနတ်ဘုရားနယ်မြေသို့ လုံးဝမသွားရန် ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ ခြောက်ကပ်ပြီး ရတနာများလည်း မရှိနိုင်ဟု သူထင်မှတ်ထားခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူပြောနိုင်သည်မှာ... "အရမ်းကောင်းတာပဲ" ဟူ၍ ဖြစ်သည်။
ဖီးနစ်အဆီအနှစ်ကဲ့သို့သော ရတနာမျိုးကိုပင် သူရရှိခဲ့ရာ အထဲတွင် အခြားသော ကံထူးမှုများ မည်မျှရှိနေဦးမည်ကို မသိနိုင်ပေ။
ဆိုင်ရှင်မသည် မွန်းတည့်စာ စားချိန်နီးမှ ထွက်လာခဲ့သည်။
သူမသည် အလှပြင်ထားဆဲပင်ဖြစ်ပြီး မျက်နှာပေါက်မှာ ပြေပြစ်ကာ အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေပြီး ထူးခြားသော အရှိန်အဝါတစ်ခု ရှိနေသည်။
"ထမင်းစားပြီးရင် ကျုပ် လင်ရွှီးနတ်ဘုရားနယ်မြေကို တစ်ခေါက် ထပ်သွားဦးမယ်"
ဟု လီယန်ချူးက ဆိုသည်။
ဆိုင်ရှင်မမှာ ခေတ္တမျှ မှင်တက်သွားပြီး တိုးတက်သော လေသံဖြင့်
"သတိထားပါဦး"
သူမသည် လီယန်ချူးကို မော့ကြည့်ကာ ဖြည်းညှင်းစွာ ဆိုလိုက်သည်။
"လင်ရွှီးနတ်ဘုရားနယ်မြေဟာ နတ်ဘုရားနယ်မြေတွေထဲမှာ ကြီးမားတဲ့ နယ်မြေတစ်ခု မဟုတ်ပေမဲ့၊ ဒီနယ်မြေရဲ့ အရှင်သခင် ပိုင်ယွမ်ကျင့်ကြံသူ ဟာ ဆေးဖော်စပ်ခြင်း ပညာရှင်ကြီး တစ်ဦးပဲ။ အဲဒီထဲမှာ ပျောက်ကွယ်သွားတဲ့ ဆေးဖော်နည်းတွေ ရှိနေနိုင်တယ်"
"အိုး ဆေးဖော်နည်းတွေလား "
လီယန်ချူး၏ မျက်လုံးများ တောက်ပသွားသည်။
သူသည် ထောင်ယွမ်ရှန်း ဂူအတွင်းမှ ရှေးဟောင်းဆေးဖော်စပ်သည့် အိုး တစ်လုံးကို လုယူထားခဲ့သည်။
၎င်းသည် မည်သည့် အပိုပစ္စည်း သို့မဟုတ် လက်ကွက်မျှ မလိုဘဲ အားကောင်းသော မိစ္ဆာများကို ဆေးလုံးများအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။
သို့သော် ယခုအချိန်အထိ သူသည် ထိုဆေးအိုးကို မထိန်းချုပ်နိုင်သေးဘဲ ထွက်လာသော ဆေးလုံးများမှာလည်း ခန့်မှန်း၍ မရနိုင်ပေ။
အကယ်၍ ရှေးဟောင်းဆေးဖော်စပ်နည်း အချို့သာရှိလျှင် သူသည် မိမိဘာသာ ဆေးလုံးများ ဖော်စပ်ရန် ကြိုးစားကြည့်နိုင်ပေမည်။
အဘယ်ကြောင့်ဆိုသော် သူ၏လက်ထဲတွင် ကျင့်ကြံရေးဆိုင်ရာ ရတနာများစွာရှိနေပြီး နဂါးအစစ် သွေးအဆီအနှစ်နှင့် ဖီးနစ်အဆီအနှစ်ကဲ့သို့သော အရာများပင် ရှိနေသောကြောင့် ဖြစ်သည်။
"သတိထားရလိမ့်မယ်၊ လောကကြီးရဲ့ ဘေးဒုက္ခတွေကြားမှာ လင်ရွှီးနတ်ဘုရားနယ်မြေဟာ ဘယ်လိုမှ တည်ငြိမ်နေမှာ မဟုတ်ဘူး။ အခု အထဲမှာ မိစ္ဆာခြေရာတွေ မရှိနေတာက တစ်ခုခု ထူးခြားနေလို့လည်း ဖြစ်နိုင်တယ်"
ဟု ဆိုင်ရှင်မက သတိပေးလိုက်သည်။
လီယန်ချူးက ခေါင်းညိတ်လိုက်ပြီး
"ဉာဏ်ကောင်းလိုက်တာ"
ဆိုင်ရှင်မက မျက်လုံးလေးများ မှိတ်ပြကာ
"တော်တယ်မလား"
လီယန်ချူးက စိတ်ထဲမှ သိချင်စိတ်ဖြင့်
"နတ်ဘုရားနယ်မြေတွေထဲက မိစ္ဆာတွေဆိုတာ တကယ်တော့ ဘာတွေလဲ "
ဆိုင်ရှင်မက တိုးတိုးလေး ဆိုသည်
"နယ်ပယ်ပြင်ပမှ မိစ္ဆာ တွေပေါ့"
လီယန်ချူးမှာ စကားလုံးကို နားမလည်သော်လည်း အလွန်ပင် အစွမ်းထက်လိမ့်မည်ဟု ခံစားမိကာ ထပ်မေးလိုက်သည်။
"နယ်ပယ်ပြင်ပမှ မိစ္ဆာဆိုတာ ဘာလဲ"
ဆိုင်ရှင်မက ခေတ္တစဉ်းစားလိုက်ပြီး အလေးအနက် ဆိုလိုက်သည်။
"မှတ်မိသေးဘူး"
လီယန်ချူး: "..."
မွန်းတည့်စာ စားပြီးနောက် လီယန်ချူးသည် ချင်းယွန်းကျောင်း သို့ ပြန်လာပြီး မြည်းနက်ကြီး ကို ဆွဲကာ မြို့ပြင်သို့ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
မြို့ပြင်သို့ ရောက်သောအခါ သူသည် သူ၏ ပုံရိပ်ကို ပြောင်းလဲလိုက်သည်။ သူ၏ ကိုယ်ပေါ်ရှိ အလင်းတန်းများ လှည့်ပတ်သွားပြီးနောက် လူငယ်တာအိုဆရာ တစ်ဦးမှ အရပ်ရှည်ပြီး တည်ငြိမ်သော လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူ၏ မျက်ခုံးများမှာ ဓားကဲ့သို့ ထက်မြက်နေပြီး၊ မျက်လုံးများမှာလည်း အေးစက်လှပေသည်။
ယခုအခါတွင် သူသည် တိမ်စီး၍ဖြစ်စေ၊ ဓာတ်ငါးပါးကိုအသုံးပြု၍ဖြစ်စေ ပျံသန်းနိုင်သော်လည်း၊ မည်းကြီးမှာ တစ်နေ့လုံး ကျောင်းထဲတွင် မြက်များ အလကား စားနေရသဖြင့် အပြင်သို့ ခေါ်မထုတ်လာလျှင် အလဟဿ ဖြစ်ပေလိမ့်မည်။
အိမ်မှာ ကားတစ်စီးရှိပြီး အမြဲတမ်း မမောင်းလျှင် ဘက်ထရီအားကုန်မှာကို စိုးရိမ်ရသကဲ့သို့ပင်။
ထို့ကြောင့် မျက်နှာပေါ်တွင် မာန်ပါသော အပြုံးများ ရှိနေသည့် မည်းကြီးကို ဦးဆောင်ကာ တောင်ပေါ်ရှိ လင်ရွှီးနတ်ဘုရားနယ်မြေသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
"ဒီအရှိန်နဲ့တော့ မဖြစ်သေးဘူး"
လီယန်ချူးက မျက်မှောင်ကြုတ်ကာ တိုက်တွန်းလိုက်သည်။
မည်းကြီးက သဘောပေါက်သွားပြီး ချက်ချင်းပင် ခွာများကို ရုန်းကာ အရှိန်ပြင်းပြင်း ပြေးထွက်သွားတော့သည်။
ရှူး ဟူသော အသံနှင့်အတူ အခိုးအငွေ့တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လီယန်ချူးပင်လျှင် ခဏမျှ မှင်တက်သွားသည်။
အစောက သူက အမှတ်မထင် ပြောလိုက်ခြင်းဖြစ်ပြီး မည်းကြီးကို ကိုယ်လက်လှုပ်ရှားစေချင်ရုံသာ ဖြစ်သည်။ ဤကောင်က ဤမျှအထိ မြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
လင်ရွှီးနတ်ဘုရားနယ်မြေ၏ တံခါးဝသို့ လူတစ်ဦးမှာ လေပေါ်မှ ပျံသန်းလာပြီး အသံမထွက်ဘဲ မြေသို့ သက်ဆင်းလိုက်သည်။
ထိုသူ၏ အမည်မှာ ကျိုးရွှန့်ဖုန်း ဖြစ်ပြီး လေညင်းစီးခြင်း အတတ်ကို ကျွမ်းကျင်သော လေလွင့်ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ လောကတွင် သူ့ကို လေလိုက်လမင်း ဟု လူသိများသည်။
သူသည် အနောက်ဘက် ဒေသနှင့် နီးစပ်သော လျန်ကျိုး မှ လာခဲ့ခြင်းဖြစ်ပြီး၊ ဝေးကွာလှသော လင်ရွှီးနတ်ဘုရားနယ်မြေ၏ တံခါးဝကို မြင်လိုက်ရသဖြင့် အပြေးသွားရန် ပြင်လိုက်သည်။
သို့သော် သူ၏ ဘေးနားမှ အခိုးအငွေ့တစ်ခု ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသဖြင့် သူသည် လွန်စွာ ထိတ်လန့်သွားတော့သည်။
"လင်ရွှီးနတ်ဘုရားနယ်မြေဆိုတာ တကယ်ကို မခေဘူးပဲ၊ ဒီလောက်အထိ အရှိန်မြန်တဲ့ ကျင့်ကြံသူတွေကိုတောင် ဆွဲဆောင်နိုင်တာပဲ"
ထိုအခိုးအငွေ့ ရပ်တန့်သွားချိန်တွင် ကျိုးရွှန့်ဖုန်းမှာ မျက်လုံးများ ပြူးသွားတော့သည်။
"မြည်းလား"
ခုနက သူ့ကို ကျော်တက်သွားတာ... မြည်းတစ်ကောင်လား။