← Chapters

အခန်း (၆၉၇-၆၉၈)

Vol. 70 Ch. 697-698

အခန်း (၆၉၇-၆၉၈)

Vol. 70 Ch. 697-698

အခန်း (၆၉၇) - ကျင့်စဉ်မြင့်မားသူအတွက် အရာရာမှာ ထမြောက်အောင်မြင်၏ ၊ သူတစ်ပါးအတွက် အပင်ပန်းခံပေးလိုက်ရခြင်း ၊ နတ်ဘုရား

​လီယန်ချူး မှင်တက်သွားစဉ်မှာပင် ဆိုင်ရှင်မ၏ လက်ဖဝါးပေါ်၌ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပန်းခြင်းတောင်းကို အသာအယာ ပွတ်သပ်လိုက်သည်ကို တွေ့လိုက်ရသည်။

​ထိုအခါ ပန်းခြင်းတောင်းအတွင်းမှ တောက်ပသော အလင်းတန်းနှစ်ခု ပျံထွက်လာတော့သည်။

​တစ်ခုမှာ ကိုယ်ဝန်အရင့်အမာနှင့် မျက်လုံးများကို တင်းတင်းပိတ်ထားသော စွန်းကတော်ဖြစ်ပြီး၊ နောက်တစ်ခုမှာမူ အေးစက်စက် အငွေ့အသက်နှင့် မင်ဟော်ပင် ဖြစ်သည်။

​စွန်းကတော်၏ အရှိန်အဝါမှာ တည်ငြိမ်နေပြီး အသက်ရှူသံမှာလည်း မှန်မှန်ရှိနေကာ အိပ်ပျော်နေရုံသာ ဖြစ်သည်။ သို့သော် လီယန်ချူးသည် မင်ဟော်ကို မြင်လိုက်ရချိန်တွင် မှင်တက်မသွားဘဲ မနေနိုင်တော့ပေ။

​"ဝိညာဉ်လား" ဟု လီယန်ချူးက မေးလိုက်သည်။

​"မှန်တယ်၊ ဒီမိန်းကလေးကို ရှင်သိလို့လား"

ဆိုင်ရှင်မက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

​"ပြီးခဲ့တဲ့တစ်ခေါက် တောင်ပင်လယ်လျှိုဝှက်နယ်မြေ ကို သွားတုန်းက ဆုံခဲ့တာပါ။ သူမက ကျုပ်ကို ယင်ယန်ပုလင်း လက်ဆောင်ပေးလို့၊ ကျုပ်ကလည်း ပထမဆုံးတွေ့တာဆိုတော့ အားနာတာနဲ့ ချင်းစောဓား ကို လက်ဆောင်ပြန်ပေးခဲ့တာ။ အခု လင်ရွှီးနတ်ဘုရားနယ်မြေထဲက မိစ္ဆာမရဲ့ လက်ထဲမှာ ကျိယင်ဓား ရော ချင်းစောဓားရော ပါနေတာကို တွေ့ခဲ့ရတယ်"

ဟု လီယန်ချူးက ရှင်းပြလိုက်သည်။

​ဆိုင်ရှင်မသည် မင်ဟော်ကို အသေအချာ အကဲခတ်ကြည့်ပြီးနောက် ဖြည်းညှင်းစွာ ဆိုလိုက်သည်။

"ဒါဟာ သူမရဲ့ ဝိညာဉ် သုံးခုထဲက တစ်ခုပဲ ရှိသေးတာ၊ ကျန်တဲ့ ဝိညာဉ်နှစ်ခုနဲ့ လိပ်ပြာ ခုနစ်ခုကတော့ ဘယ်ရောက်နေမှန်း မသိဘူး"

​လီယန်ချူး မျက်မှောင်ကြုတ်သွားသည်

"ဒါက ဘယ်လိုဖြစ်တာလဲ သူမကို နှိုးလို့ရမလား"

​ဆိုင်ရှင်မက အသာအယာ ခေါင်းညိတ်သည်

"စမ်းကြည့်ပါ့မယ်"

​သူမသည် လက်ချောင်းဖြင့် အသာအယာ တောက်လိုက်ရာ အလင်းတန်းအချို့သည် မင်ဟော်၏ ဝိညာဉ်အတွင်းသို့ စီးဝင်သွားတော့သည်။ ထို့နောက်တွင် မင်ဟော်သည် ဖြည်းညှင်းစွာ နိုးလာခဲ့သည်။

​သို့သော် ယခင်က လီယန်ချူး တွေ့ခဲ့ရသော မင်ဟော်နှင့် မတူဘဲ၊ ယခုရှိနေသော မင်ဟော်၏ ဝိညာဉ်မှာ အကြည့်များမှာ ကြောင်အမ်းနေပြီး မျက်လုံးများမှာ အရောင်အဝါ ကင်းမဲ့နေကာ လူနုံတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

​"ဒါ... တစ်ယောက်ယောက်ရဲ့ အောက်လမ်းနည်းနဲ့ ကျိန်စာတိုက်ခံထားရတာလား"

လီယန်ချူး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​"ဟုတ်တယ်၊ သူမရဲ့ ဒီဝိညာဉ်က ရတနာတစ်ခုခုနဲ့ အတိုက်ခံရပြီး လွင့်ထွက်သွားတာပဲ။ ဒါပေမဲ့ ဒီပုံစံအရဆိုရင် ကျန်တဲ့ ဝိညာဉ်နှစ်ခုနဲ့ လိပ်ပြာခုနစ်ခုကတော့ ဘာမှမဖြစ်လောက်ဘူး"

ဟု ဆိုင်ရှင်မက ဖြည်းညှင်းစွာ ဆိုသည်။

​ဆိုင်ရှင်မ၏ စကားများမှာ အမြဲတမ်း စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်သည်။ လီယန်ချူးသည် ယခုအခါ ယန်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ရံဖန်ရံခါတွင် "ငါ့မိန်းမက ဆရာကြီးပဲ" ဟူသော ခံစားချက်မျိုး ခံစားနေရဆဲပင်။

​သူသည် ဆိုင်ရှင်မ၏ ဖြူဖွေးသွယ်လျသော ခြေတံရှည်များကို အမှတ်မထင် ကြည့်လိုက်မိပြီး

​"ဒါကိုပဲ အားကိုးထိုက်တဲ့သူရှိလို့ စိတ်အေးရတယ်လို့ ခေါ်တာလား "

ဟု လီယန်ချူးက တိုးတိုးလေး ရေရွတ်လိုက်သည်။

​"ရှင် ဘာပြောလိုက်တာလဲ " ဆိုင်ရှင်မက သေချာမကြားလိုက်ပေ။

​"ဘာမှမဟုတ်ပါဘူး၊ ဆက်လုပ်ပါဦး" လီယန်ချူးက အမြန်ပြောလိုက်သည်။

​ဆိုင်ရှင်မက ခေါင်းညိတ်ကာ

"ဝိညာဉ်ကတော့ အပြည့်အစုံပဲ၊ ကြည့်ရတာ ဒီမိန်းကလေးကလည်း ကံတရား အလွန်ကြီးမားတဲ့သူပဲ။ ဝိညာဉ်ကို လွင့်စင်စေတဲ့ ရတနာနဲ့ ဆုံရချိန်မှာ သူမကိုယ်တိုင် ဝိညာဉ်တစ်ခုကို စွန့်လွှတ်လိုက်ပုံရတယ်။ ဒီ ဝိညာဉ်လွင့်ကျိန်စာ ရဲ့ အမှတ်အသားကို ကျွန်မ ဖြေရှင်းပေးနိုင်ပါတယ်။ နောင်တစ်ချိန်မှာ ဒီမိန်းကလေးက ပညာရှင်တစ်ယောက်ယောက်နဲ့ ဆုံလို့ ဝိညာဉ်ခေါ်ယူတဲ့အခါကျမှ ဒီဝိညာဉ်ကို ပြန်ပေးလိုက်လို့ ရတာပေါ့"

​လီယန်ချူး အံ့သြသွားသည်

"ဒါကို ဖြေရှင်းလို့ ရတာလား"

​ဆိုင်ရှင်မက ခေါင်းညိတ်သည်

"ရတာပေါ့၊ ဒီမိန်းကလေးက ဝိညာဉ်တစ်ခုကို သူမဘာသာ စွန့်လွှတ်လိုက်တာက ကျွန်မ ထင်တာထက်တောင် ပိုပြီး ဉာဏ်ကောင်းသေးတယ်။ အခု ဝိညာဉ်နှစ်ခုနဲ့ လိပ်ပြာခုနစ်ခုပဲ ကျန်တော့ပေမဲ့လည်း သူမရဲ့ နေထိုင်မှုနဲ့ ကျင့်ကြံမှုအပေါ် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး"

​လီယန်ချူး ခေါင်းညိတ်လိုက်သည်

"ကောင်းပြီ၊ ဒါဆိုရင်တော့ ဒီအတိုင်းပဲ ထားလိုက်ရအောင်၊ သူမ ဝိညာဉ်ပြန်ခေါ်တဲ့အခါကျမှ ပြန်ပေးလိုက်တာပေါ့"

​ဆိုင်ရှင်မမှာ မည်သည့်လက်ကွက်မျှ မလုပ်၊ မည်သည့်ဂါထာမျှ မရွတ်ဘဲ မင်ဟော်၏ ဝိညာဉ်ပေါ်သို့ လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်ရုံသာ ရှိသေးသည်။

​ဂျောက် ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး မင်ဟော်၏ ဝိညာဉ်အတွင်းမှ တစ်ခုခု ကျိုးပျက်သွားသည့်အလား ခံစားရသည်။ ထို့နောက် အမည်းရောင် အငွေ့အသက်တစ်ခုမှာ သူမ၏ ဝိညာဉ်ပေါ်မှ လွင့်ထွက်သွားကာ ကွယ်ပျောက်သွားတော့သည်။

​ဆိုင်ရှင်မက ခေတ္တစဉ်းစားပြီးနောက်

"ဝိညာဉ်က ကိုယ်ပြင်ပမှာ ရှိနေရင် ကျောက်စိမ်းနဲ့ ထိန်းသိမ်းထားဖို့ လိုတယ်။ ရှင် အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတစ်ခု ရွေးလိုက်ပါ၊ သူမရဲ့ ဝိညာဉ်ကို အထဲထည့်ထားလို့ ရအောင်"

​လီယန်ချူး ခေါင်းညိတ်လိုက်သည်။ ထို့နောက် အစိုးရက လက်ဆောင်ပေးထားသော ကျင့်ကြံရေးပစ္စည်းများထဲတွင် ရှာဖွေကြည့်ရာ၊ မူလဝိညာဉ်ကို ထိန်းသိမ်းရန် အထူးပြုလုပ်ထားသော အလွန်ကြည်လင်သည့် ကျောက်စိမ်းပြားတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းတွင် နူးညံ့သော ဝိညာဉ်စွမ်းအားများ ကိန်းဝပ်နေသည်။

​ဆိုင်ရှင်မက လက်ဖြင့် ဖမ်းဆွဲလိုက်ရာ မင်ဟော်၏ ဝိညာဉ်မှာ ကျောက်စိမ်းပြားအတွင်းသို့ စီးဝင်သွားတော့သည်။ ထို့နောက် သူမက ဆက်ပြောသည်။

​"ဒီဝိညာဉ်ကို ကျွန်မဆီမှာပဲ အရင်ထားလိုက်မယ်။ တစ်ယောက်ယောက်က ဝိညာဉ်ခေါ်ယူခဲ့ရင် ကျွန်မသူမကို လွှတ်ပေးလိုက်ပြီး ဝိညာဉ်သုံးခု လိပ်ပြာခုနစ်ခု ပြန်ပြည့်အောင် လုပ်ပေးလိုက်မယ်"

​လီယန်ချူးမှာ သူမ၏ အစွမ်းထက်လှသော နည်းလမ်းများကို မြင်တွေ့ရသဖြင့် အလွန်ပင် အံ့အားသင့်သွားကာ လက်မထောင်၍ ချီးကျူးလိုက်မိသည်။

​"ကောင်းပြီ"

​"ဒါနဲ့... ခုနက မင်းဆီမှာ ကျင့်စဉ်စွမ်းအားတွေ စီးဆင်းတာ ဒါမှမဟုတ် ဂါထာရွတ်တာမျိုး မတွေ့ရပါလား "

လီယန်ချူးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

​"ဒါကို ကျင့်စဉ်မြင့်မားသူအတွက် အရာရာမှာ ထမြောက်အောင်မြင်၏ လို့ ခေါ်တာပေါ့"

ဟု ဆိုင်ရှင်မက အသာအယာ ပြုံး၍ ဆိုသည်။

​လီယန်ချူး၏ အကြည့်များ ပြောင်းလဲသွားပြီး တစ်ခုခုကို စဉ်းစားနေမိသည်။ ဆိုင်ရှင်မ၏ အဆင့်အတန်းမှာ သူထင်ထားသည်ထက်ပင် ပို၍ မြင့်မားနေသည်။ ဤမျှအထိ အစွမ်းထက်နေသည်မှာ ယန်ဝိညာဉ်အဆင့်သို့ တကယ်ပဲ မရောက်သေးတာလား။

​ထို့နောက် ဆိုင်ရှင်မသည် စွန်းကတော်၏ ကိုယ်ပေါ်မှ ပိတ်ဆို့မှုများကို ဖြေရှင်းပေးလိုက်ရာ စွန်းကတော်မှာ ဖြည်းညှင်းစွာ နိုးလာခဲ့သည်။ သူမသည် လီယန်ချူးနှင့် ဆိုင်ရှင်မကို မြင်လိုက်ရချိန်တွင် ပထမ၌ ထိတ်လန့်သွားသော်လည်း၊ သူတို့နှစ်ဦး၏ နှစ်သိမ့်ပေးမှုကြောင့် စိတ်တည်ငြိမ်သွားတော့သည်။

​လီယန်ချူးသည် သူ၏ ကြီးမားလှသော သက်စောင့်စွမ်းအား များကို စွန်းကတော်၏ ကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။ စွန်းကတော်မှာ ယနေ့ညတွင် ပင်ပန်းနွမ်းနယ်မှုများစွာ ကြုံတွေ့ခဲ့ရသော်လည်း ဝမ်းဗိုက်အတွင်းမှ သန္ဓေသားမှာ မည်သည့် ပြဿနာမျှ မရှိပေ။

​အမှန်စင်စစ် ဤသန္ဓေသားမှာ ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်ရပေမည်၊ မဟုတ်လျှင် ဤမျှများပြားသော လူများက လိုချင်တပ်မက်ကြမည် မဟုတ်ပေ။

မည်မျှပင် လှုပ်ခါနေပါစေ၊ ဤသန္ဓေသားမှာ ဘာမှဖြစ်လိမ့်မည် မဟုတ်သော်လည်း၊ စွန်းကတော်၏ အသက်မှာမူ ထိုမျှအထိ မခံနိုင်ပေ။ ကလေးမှာ ဘာမှမဖြစ်သော်လည်း မိခင်ဖြစ်သူမှာ နေရာတင် သေဆုံးသွားနိုင်သည့် အခြေအနေမျိုး ဖြစ်နိုင်သည်။

​ယခုအခါ လီယန်ချူး၏ သက်စောင့်စွမ်းအားများ ရှိနေသဖြင့် စွန်းကတော်မှာ ဘေးကင်းသွားပြီ ဖြစ်သည်။ သို့သော် သူမကို ပြန်ပို့ရန် မပြင်ဆင်ရသေးမီမှာပင် စွန်းကတော်၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ကလေးမွေးဖွားတော့မည့် လက္ခဏာများ ပြလာတော့သည်။

​လီယန်ချူး၏ အကြည့်များ ပြောင်းလဲသွားကာ

"ကျုပ် လက်သည် သွားရှာလိုက်ဦးမယ်"

​ဆိုင်ရှင်မက ပြုံးလိုက်ပြီး

"ရှင် အပြင်ထွက်နေဖို့တော့ လိုတာ အမှန်ပဲ၊ ဒါပေမဲ့ လက်သည်တော့ မလိုပါဘူး။ ကျွန်မရဲ့ မှော်အတတ်နဲ့ သူမကို ဘေးကင်းကင်း မွေးဖွားနိုင်အောင် ကူညီပေးနိုင်ပါတယ်"

​လီယန်ချူး: "…………"

​စွန်းကတော်မှာ ကလေးမွေးဖွားခြင်းမှာ ဤမျှအထိ နာကျင်မှုမရှိသော ကိစ္စဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။ အသက်ကုန် အော်ဟစ်နေရန် မလိုဘဲ ထမင်းစား၊ ရေသောက်ရသကဲ့သို့ လွယ်ကူလှပေသည်။

​လီယန်ချူးသည် အခန်းပြင်တွင် ရပ်နေရင်း တွေးနေမိသည်။

​"ဒီလို မှော်အတတ်မျိုးက တကယ်ကောင်းတာပဲ၊ သားဖွားမီးယပ်ဆေးရုံသာ ဖွင့်လိုက်ရင်တော့ အကြီးအကျယ် ချမ်းသာမှာပဲ"

​သူသည် ခေါင်းခါရင်း ရယ်မောလိုက်မိသည်။

​မကြာမီမှာပင် စွန်းကတော်၏ ဝမ်းဗိုက်အတွင်းမှ သန္ဓေသားမှာ မွေးဖွားလာခဲ့သည်။ နီရဲသော အလင်းတန်းများမှာ အခန်းတစ်ခုလုံးကို ပြည့်နှက်သွားရာ လီယန်ချူး၏ အမူအရာ ပြောင်းလဲသွားသည်။

​"ဘာဖြစ်တာလဲ " ဟု သူက အပြင်မှနေ၍ လေးနက်သော အသံဖြင့် မေးလိုက်သည်။

​"ဘာမှမဖြစ်ဘူး၊ ရှင် ဝင်လာကြည့်လိုက်ရင် သိလိမ့်မယ်"

​သူတစ်ပါး မိန်းမ ကလေးမွေးနေသည့်နေရာသို့ လီယန်ချူး ဝင်သွားခြင်းမှာ မသင့်တော်လှသော်လည်း၊ အခန်းတစ်ခုလုံး နီရဲနေခြင်းမှာမူ ပုံမှန်မဟုတ်သည်မှာ ထင်ရှားလှသည်။

​လီယန်ချူး တံခါးဖွင့်၍ ဝင်သွားသောအခါ စွန်းကတော်မှာ ကုတင်ပေါ်တွင် စောင်ခြုံ၍ လဲလျောင်းနေပြီး

​"ဘာလို့ ဒီလိုဖြစ်ရတာလဲ ဘာလို့ ဒီလိုဖြစ်ရတာလဲ "

ဟု တိုးတိုးလေး ရေရွတ်နေသည်။

​သူမသည် အခန်းအတွင်းရှိ နေရာတစ်ခုကို အံ့သြတုန်လှုပ်စွာ ကြည့်နေသည်။ လီယန်ချူးသည် သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ

​အခန်းအတွင်း၌ ကလေးငယ်တစ်ဦး မရှိဘဲ ပုတီးစေ့ တစ်စေ့သာ ပျံသန်းနေသည်ကို တွေ့လိုက်ရသည်။ ခုနက သူကြားလိုက်ရသော ကလေးငိုသံမှာ ဤပုတီးစေ့အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

​ထိုပုတီးစေ့ပေါ်တွင် နီရဲသော အလင်းတန်းများ တောက်ပနေပြီး ရင်တုန်စရာကောင်းသော အရှိန်အဝါတစ်ခု ရှိနေသည်။ ထိုအရှိန်အဝါမှာ အန္တရာယ်ရှိသော အရာမျိုး မဟုတ်သော်လည်း၊ ကြီးမားလှသော တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။

​ပုတီးစေ့မှာ အလင်းတန်းများဖြင့် ဖုံးလွှမ်းလျက် အခန်းအတွင်း၌ အနည်းငယ် လှည့်ပတ်ပြီးနောက် ပြတင်းပေါက်ကို ဖောက်ကာ ပျံထွက်သွားတော့သည်။ မြို့ပြင်သို့ ရောက်ရှိသည်နှင့် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသကဲ့သို့ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

​"ဒါက ဘာဖြစ်တာလဲ" လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။

​ဒါက... နတ်ဘုရား နီကျား ကို မွေးလိုက်တာလား

​ဆိုင်ရှင်မက အေးစက်စွာ ရယ်မောလိုက်ပြီး

"တစ်ယောက်ယောက်က အကွက်ချထားတာပေါ့ သူတစ်ပါးဝမ်းကို ငှားပြီး ကိုယ့်ကလေးမွေးခိုင်းတာ "

​လီယန်ချူး မျက်မှောင်ကြုတ်ကာ

"အဲဒါက ဘာကို ဆိုလိုတာလဲ"

​ဆိုင်ရှင်မက ခေါင်းခါလိုက်ပြီး စွန်းကတော်ကို သနားစဖွယ် ကြည့်လိုက်သည်။ ဆယ်လမွေး၊ ကိုးလလွယ် ခဲ့ရသမျှမှာ သူတစ်ပါးအတွက် အပင်ပန်းခံပေးလိုက်ရခြင်း သာ ဖြစ်ခဲ့သည်။ သူမသည် သက်ပြင်းတစ်ချက်ချကာ လီယန်ချူး၏ မေးခွန်းကို မဖြေဘဲ စွန်းကတော်၏ အနားသို့ သွားကာ မှော်အတတ်တစ်ခုကို ထည့်သွင်းလိုက်သည်။

​စွန်းကတော်မှာ ချက်ချင်းပင် သတိလစ်သွားတော့သည်။

​"ဘာဖြစ်လို့လဲ" လီယန်ချူးက မေးသည်။

​"ဒီဒဏ်ကို သူမ ခံနိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ စိုးရိမ်လို့၊ သူမရဲ့ ဒီမှတ်ဉာဏ်တွေကို ပိတ်ထားလိုက်ပြီ"

ဆိုင်ရှင်မက အသေးအဖွဲ ကိစ္စတစ်ခုကဲ့သို့ ပြောလိုက်သည်။

​ဒီလိုတောင် လုပ်လို့ရသေးတာလား... လီယန်ချူး အံ့သြစွာဖြင့် အသက်ပြင်းပြင်း ရှူလိုက်မိသည်။

​ဆိုင်ရှင်မက သူ့ကို စိုက်ကြည့်ကာ

"ရှင် ကျွန်မကို မေးတယ်မလား ဒါက ဘာကို ဆိုလိုတာလဲဆိုတာ "

​"ဒါဟာ နတ်ဘုရား ပဲ"

​ဆိုင်ရှင်မ၏ လေသံမှာ အေးစက်စက် ရှိလှသည်။

​လီယန်ချူး၏ မျက်မှောင်မှာ တင်းကျပ်သွားပြီး သူ၏ မျက်လုံးများတွင် အံ့သြမှုများ ပြည့်နှက်သွားတော့သည်။

​"နတ်ဘုရား"

အခန်း (၆၉၈) - ပိုင်ယွမ်ကျင့်ကြံသူ ၊ နယ်ပယ်ပြင်ပမှ မိစ္ဆာ၊ ဒါက မြည်းလား

​ဆိုင်ရှင်မက ဖြည်းညှင်းစွာ ဆိုလိုက်သည်

"အဲဒီ ဝိညာဉ်ပုတီးစေ့ဟာ နတ်ဘုရားတစ်ပါးရဲ့ လူဝင်စားခန္ဓာပဲ။ ဒါပေမဲ့ သာမန်တန်ခိုးရှင်တွေ ကျင့်စဉ်ပြန်ကျင့်ဖို့ လူဝင်စားတာနဲ့တော့ နည်းနည်းကွဲပြားတယ်။ သူက ပိုမြန်တယ်၊ အဲဒါကြောင့်ပဲ ဘေးဒုက္ခတွေ ရှိနေတာပေါ့"

​နတ်ဘုရားလူဝင်စား... လီယန်ချူး၏ မျက်နှာမှာ လေးနက်သွားပြီး ခပ်တိုးတိုးဆိုလိုက်သည်။

"ဆိုလိုတာက ကျုပ်တို့ကပဲ လမ်းပြစောင့်ရှောက်သူ အဖြစ် ပါဝင်ပတ်သက်မိသွားတာပေါ့ ဟုတ်လား "

​တုံ့ပြန်မှု မြန်လှချည်လား... ဆိုင်ရှင်မက သူ့ကို တစ်ချက်ကြည့်ကာ အသာအယာ ခေါင်းညိတ်ပြသည်။

"ဒီလိုပဲ ပြောလို့ရတာပေါ့"

​ဒါကတော့ သတင်းအချက်အလက်တွေ တော်တော်များနေပြီပဲ... လီယန်ချူးက စဉ်းစားဆင်ခြင်ရင်း ဆိုသည်။

"အဲဒီ ဝိညာဉ်ပုတီးစေ့က ဒီအတိုင်း ပျံထွက်သွားတာ... ဘာပြဿနာမှ မရှိနိုင်ဘူးလား "

​"ဘာမှမဖြစ်ပါဘူး၊ ဒီကိစ္စကို ကျွန်မတို့ ထပ်ပြီး ဂရုစိုက်နေဖို့ မလိုတော့ဘူး။ ကံတရားအကျိုးဆက် က ကြီးလွန်းတယ်"

ဆိုင်ရှင်မက ခေါင်းခါရင်း ဆိုသည်။

​လီယန်ချူးသည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။

​ယခုခေတ်ကြီးမှာ တဖြည်းဖြည်းနှင့် ပို၍ ခန့်မှန်းရခက်လာချေပြီ။ နတ်ဘုရားလူဝင်စားများပင် ပေါ်ထွက်လာနေပြီ မဟုတ်ပါလား။

​ထို့နောက် သူသည် ဆိုင်ရှင်မနှင့်အတူ စွန်းကတော်ကို စွန်းဆိုင်ရှင် ၏ အိမ်သို့ ပြန်လည်ပို့ဆောင်ပေးလိုက်သည်။ ထို့နောက်တွင် ဆိုင်ရှင်မက စွန်းဆိုင်ရှင်၏ မှတ်ဉာဏ်ကို ပြုပြင်ကာ ဤမှတ်ဉာဏ်များကို ပိတ်ဆို့လိုက်တော့သည်။

​"ဒါက တကယ်ရော အဆင်ပြေပါ့မလား တခြားလူတွေက လာမေးရင် သူတို့ရဲ့ မှတ်ဉာဏ်တွေ ပြန်ပွင့်မလာနိုင်ဘူးလား "

လီယန်ချူးသည် ဤကဲ့သို့သော နည်းလမ်းများကို သိပ်ပြီး နားမလည်ပေ။

​"ဘာမှမဖြစ်ပါဘူး၊ ကျွန်မချထားတဲ့ ပိတ်ဆို့မှုက တော်တော်လေး ထူးခြားတယ်။ သူတို့ပြောတဲ့ စကားတွေက ဘေးပတ်ဝန်းကျင်က လူတွေကိုပါ တဖြည်းဖြည်း သက်ရောက်မှုရှိသွားပြီး၊ သူတို့ဘာသာ ကျိုးကြောင်းဆီလျော်တယ်လို့ ထင်ရမယ့် ဇာတ်လမ်းတစ်ခုကို အလိုအလျောက် ပုံဖော်သွားလိမ့်မယ်"

ဆိုင်ရှင်မက ရှင်းပြသည်။

​လီယန်ချူး၏ မျက်လုံးများ တောက်ပသွားသည်။

​ဒါဟာ လူတွေပြောလေ့ရှိတဲ့ "ကိုယ့်ဘာသာ တွေးတောဖန်တီးယူခြင်း " ဆိုတာမျိုးလား

​အရာအားလုံးကို စနစ်တကျ ကိုင်တွယ်ပြီးနောက် သူတို့နှစ်ဦးမှာ အခန်းထဲသို့ ပြန်ရောက်လာကြသည်။

​ဆိုင်ရှင်မသည် အပေါ်ဝတ်ရုံကို ချွတ်လိုက်ရာ အဖုအထစ်အကောက်အကွေးနှင့် ပြည့်စုံလှပသော ကိုယ်လုံးကိုယ်ပေါက်မှာ ပေါ်လွင်လာပြီး လီယန်ချူး၏ ကိုယ်ပေါ်သို့ မှီတွယ်လိုက်သည်။

​တောင်တန်းတစ်ခုကို အဝေးမှကြည့်လျှင် တစ်မျိုး၊ အနီးကပ်ကြည့်လျှင် တစ်ဖုံ ကွဲပြားသကဲ့သို့ပင် သူမ၏ အလှမှာလည်း ရှုထောင့်ပေါင်းစုံမှ ပြည့်စုံလှပေသည်။

​နုနယ်လှပသော မျက်နှာလေးမှာ အထိအတွေ့ကို မခံနိုင်လောက်အောင် နူးညံ့နေပြီး၊ ရှည်လျားသော မျက်တောင်လေးများမှာလည်း ထူးခြားစွာ လှပနေကာ အသားအရေမှာလည်း အရောင်တောက်ပနေသည်။

​လီယန်ချူးက အသာအယာ ပြုံးလိုက်မိသည်။ စာပေတတ်တစ်ဦး ပြောဖူးသည်မှာ "အမျိုးသမီးတစ်ဦး၏ အလှတရား အနှစ်သာရတွင် အသားဖြူခြင်းမှာ ရရှိရန် အခက်ခဲဆုံးဖြစ်သည်" ဟူ၏။ အမှန်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။

​...

​နောက်တစ်နေ့။

​နေမင်းမှာ ခေါင်းပေါ်သို့ ရောက်နေပြီဖြစ်သော်လည်း သူတို့မှာ အိပ်မောကျနေဆဲပင်။

​လီယန်ချူး နိုးလာချိန်တွင် စိတ်ကြည်လင်လန်းဆန်းနေတော့သည်။

​အရေးကြီးကိစ္စများ ကြုံလာလျှင် အရင်ဆုံး အိပ်ရေးဝဝအိပ်လိုက်ခြင်းက အကောင်းဆုံးပင်။

​သူသည် အဝတ်အစားများ ဝတ်ဆင်ကာ ရင်ပြင်သို့ ထွက်လာခဲ့သည်။

​ဆိုင်ရှင်မမှာမူ အိပ်ပျော်နေဆဲပင်။ မနေ့ညက သူမ အတော်လေး ပင်ပန်းသွားပုံရသည်။ လီယန်ချူးသည် သူမကို မနှိုးတော့ဘဲ ရင်ပြင်ထဲတွင် ကိုယ်လက်လှုပ်ရှားကာ ကြွက်သားများ ဖြေလျှော့နေလိုက်သည်။

​သူ၏ လက်ရှိ သိုင်းပညာအဆင့်မှာ အလွန်မြင့်မားနေပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာလည်း တတိယအဆင့် သို့ ရောက်ရှိနေပြီဖြစ်သည်။

​အသွေးအသားနှင့် သွေးချီ ကို နောက်တစ်ဆင့် တက်လှမ်းချင်ပါက ရတနာပစ္စည်းအချို့ဖြင့် လေ့ကျင့်ရန် လိုအပ်ပေသည်။

​သာမန် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးလုံး သို့မဟုတ် သွေးချီဆေးလုံး များမှာ သူ့အတွက် အသုံးမဝင်တော့ပေ။

​လက်ရှိတွင် သွေးချီလေ့ကျင့်ရန်အတွက် လီယန်ချူးတွင် ရတနာနှစ်မျိုးရှိသည်။ တစ်မျိုးမှာ ထိုနေ့က ဝတ်ရုံဖြူလူငယ် သို့မဟုတ် ရှန့်ရှန်းနန်းတော် မှ လာသောသူထံမှ လုယူခဲ့သော နဂါးအစစ် သွေးအဆီအနှစ် ကိုးစက်ပင် ဖြစ်သည်။

​ဤသွေးအဆီအနှစ် ကိုးစက်ကို သူသည် ကျောက်စိမ်းပုလင်းငယ်တစ်ခုထဲတွင် ထည့်ထားပြီး တစ်စက်ချင်းစီတိုင်းတွင် ကြီးမားသော စွမ်းအားများ ကိန်းဝပ်နေသည်။

​နဂါးစစ်စစ်မှာ လောကတွင် ထိပ်တန်း တည်ရှိမှုတစ်ခုဖြစ်ပြီး ကြီးမားသော တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားသည်။ နဂါးမျိုးနွယ်၏ ခန္ဓာကိုယ်မှာ အလွန်ပင် ကြံ့ခိုင်လှပေသည်။

​ထိုနဂါးအစစ် သွေးအဆီအနှစ်များကြောင့်ပင် နဂါးကိုးကောင် ဝိညာဉ်ပိတ်ဆို့ခြင်း အစီရင်ခံကို ထောက်ပံ့ပေးနိုင်ပြီး တတိယအဆင့်ရှိသော ယန်ဝိညာဉ် တစ်ပါးကိုပင် ဖိနှိပ်ထားနိုင်ခြင်း ဖြစ်သည်။

​ထိုအချက်ကို ကြည့်ခြင်းဖြင့် ၎င်းတွင် ပါဝင်သော စွမ်းအားကြီးမားပုံနှင့် စင်ကြယ်ပုံကို သိနိုင်ပေသည်။

​နောက်ထပ်တစ်ခုမှာမူ လီယန်ချူးက လင်ရွှီးနတ်ဘုရားနယ်မြေထဲတွင် လုယူခဲ့သော ဖီးနစ်အဆီအနှစ် ပင် ဖြစ်သည်။

​လူသိများလှသော စင်ကြယ်သည့် ယန်ရတနာ ဆယ်မျိုးတွင် ဖီးနစ်အဆီအနှစ်မှာ နံပါတ် (၂) နေရာတွင် ရှိသည်။

​၎င်းသည် ခန္ဓာကိုယ်ကို ထက်မြက်စေရုံသာမက ယန်ဝိညာဉ်ကိုလည်း ကြီးထွားစေနိုင်သည်။

​ထို့အပြင် ဖီးနစ်ငှက်၏ သေခြင်းမှ ပြန်လည်ရှင်သန်ခြင်း ဆိုင်ရာ နတ်ဘုရားခန္ဓာကိုယ်ကို ရရှိရန်လည်း အခွင့်အရေးရှိသည်။

​ထိုသို့သော နတ်ဘုရားခန္ဓာကိုယ်မှာ များစွာသော နတ်ခန္ဓာများထဲတွင် အလွန်ပင် အစွမ်းထက်သော အမျိုးအစားဖြစ်သည်။

​ပြတ်တောက်သွားသော ကိုယ်လက်အင်္ဂါများကို ပြန်လည်ပေါက်ဖွားစေနိုင်ရုံသာမက မီးစွမ်းအားဆိုင်ရာ ပါရမီကိုလည်း အထွတ်အထိပ်သို့ မြှင့်တင်ပေးနိုင်သည်။

​၎င်းအပြင် အခြားသော ဆန်းကြယ်လှသည့် အသုံးဝင်ပုံများမှာ ရှေးဟောင်းကျမ်းစာများထဲတွင်သာ ပါရှိပြီး မည်သူမျှ အသေအချာ အတည်မပြုနိုင်သေးပေ။

​"ဒီလင်ရွှီးနတ်ဘုရားနယ်မြေက ထင်ထားတာထက် အများကြီး ပိုပြီး အစွမ်းထက်တာပဲ။ နတ်ဘုရားနယ်မြေတွေထဲမှာ အဆင့်သိပ်မမြင့်ပေမဲ့ မိစ္ဆာတွေရဲ့ ခြေရာလက်ရာ မရှိတာကြောင့် တန်ဖိုးရှိတဲ့ ရတနာတွေ အများကြီး ကျန်ရှိနေခဲ့တာပဲ"

​လီယန်ချူးသည် လက်ဝှေ့တစ်ကွက် လေ့ကျင့်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

​မူလက သူသည် လင်ရွှီးနတ်ဘုရားနယ်မြေသို့ လုံးဝမသွားရန် ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။

​အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ ခြောက်ကပ်ပြီး ရတနာများလည်း မရှိနိုင်ဟု သူထင်မှတ်ထားခဲ့သောကြောင့် ဖြစ်သည်။

​သို့သော် ယခုအခါတွင်မူ သူပြောနိုင်သည်မှာ... "အရမ်းကောင်းတာပဲ" ဟူ၍ ဖြစ်သည်။

​ဖီးနစ်အဆီအနှစ်ကဲ့သို့သော ရတနာမျိုးကိုပင် သူရရှိခဲ့ရာ အထဲတွင် အခြားသော ကံထူးမှုများ မည်မျှရှိနေဦးမည်ကို မသိနိုင်ပေ။

​ဆိုင်ရှင်မသည် မွန်းတည့်စာ စားချိန်နီးမှ ထွက်လာခဲ့သည်။

​သူမသည် အလှပြင်ထားဆဲပင်ဖြစ်ပြီး မျက်နှာပေါက်မှာ ပြေပြစ်ကာ အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေပြီး ထူးခြားသော အရှိန်အဝါတစ်ခု ရှိနေသည်။

​"ထမင်းစားပြီးရင် ကျုပ် လင်ရွှီးနတ်ဘုရားနယ်မြေကို တစ်ခေါက် ထပ်သွားဦးမယ်"

ဟု လီယန်ချူးက ဆိုသည်။

​ဆိုင်ရှင်မမှာ ခေတ္တမျှ မှင်တက်သွားပြီး တိုးတက်သော လေသံဖြင့်

"သတိထားပါဦး"

​သူမသည် လီယန်ချူးကို မော့ကြည့်ကာ ဖြည်းညှင်းစွာ ဆိုလိုက်သည်။

"လင်ရွှီးနတ်ဘုရားနယ်မြေဟာ နတ်ဘုရားနယ်မြေတွေထဲမှာ ကြီးမားတဲ့ နယ်မြေတစ်ခု မဟုတ်ပေမဲ့၊ ဒီနယ်မြေရဲ့ အရှင်သခင် ပိုင်ယွမ်ကျင့်ကြံသူ ဟာ ဆေးဖော်စပ်ခြင်း ပညာရှင်ကြီး တစ်ဦးပဲ။ အဲဒီထဲမှာ ပျောက်ကွယ်သွားတဲ့ ဆေးဖော်နည်းတွေ ရှိနေနိုင်တယ်"

​"အိုး ဆေးဖော်နည်းတွေလား "

လီယန်ချူး၏ မျက်လုံးများ တောက်ပသွားသည်။

​သူသည် ထောင်ယွမ်ရှန်း ဂူအတွင်းမှ ရှေးဟောင်းဆေးဖော်စပ်သည့် အိုး တစ်လုံးကို လုယူထားခဲ့သည်။

​၎င်းသည် မည်သည့် အပိုပစ္စည်း သို့မဟုတ် လက်ကွက်မျှ မလိုဘဲ အားကောင်းသော မိစ္ဆာများကို ဆေးလုံးများအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။

​သို့သော် ယခုအချိန်အထိ သူသည် ထိုဆေးအိုးကို မထိန်းချုပ်နိုင်သေးဘဲ ထွက်လာသော ဆေးလုံးများမှာလည်း ခန့်မှန်း၍ မရနိုင်ပေ။

​အကယ်၍ ရှေးဟောင်းဆေးဖော်စပ်နည်း အချို့သာရှိလျှင် သူသည် မိမိဘာသာ ဆေးလုံးများ ဖော်စပ်ရန် ကြိုးစားကြည့်နိုင်ပေမည်။

​အဘယ်ကြောင့်ဆိုသော် သူ၏လက်ထဲတွင် ကျင့်ကြံရေးဆိုင်ရာ ရတနာများစွာရှိနေပြီး နဂါးအစစ် သွေးအဆီအနှစ်နှင့် ဖီးနစ်အဆီအနှစ်ကဲ့သို့သော အရာများပင် ရှိနေသောကြောင့် ဖြစ်သည်။

​"သတိထားရလိမ့်မယ်၊ လောကကြီးရဲ့ ဘေးဒုက္ခတွေကြားမှာ လင်ရွှီးနတ်ဘုရားနယ်မြေဟာ ဘယ်လိုမှ တည်ငြိမ်နေမှာ မဟုတ်ဘူး။ အခု အထဲမှာ မိစ္ဆာခြေရာတွေ မရှိနေတာက တစ်ခုခု ထူးခြားနေလို့လည်း ဖြစ်နိုင်တယ်"

ဟု ဆိုင်ရှင်မက သတိပေးလိုက်သည်။

​လီယန်ချူးက ခေါင်းညိတ်လိုက်ပြီး

"ဉာဏ်ကောင်းလိုက်တာ"

​ဆိုင်ရှင်မက မျက်လုံးလေးများ မှိတ်ပြကာ

"တော်တယ်မလား"

​လီယန်ချူးက စိတ်ထဲမှ သိချင်စိတ်ဖြင့်

"နတ်ဘုရားနယ်မြေတွေထဲက မိစ္ဆာတွေဆိုတာ တကယ်တော့ ဘာတွေလဲ "

​ဆိုင်ရှင်မက တိုးတိုးလေး ဆိုသည်

"နယ်ပယ်ပြင်ပမှ မိစ္ဆာ တွေပေါ့"

​လီယန်ချူးမှာ စကားလုံးကို နားမလည်သော်လည်း အလွန်ပင် အစွမ်းထက်လိမ့်မည်ဟု ခံစားမိကာ ထပ်မေးလိုက်သည်။

"နယ်ပယ်ပြင်ပမှ မိစ္ဆာဆိုတာ ဘာလဲ"

​ဆိုင်ရှင်မက ခေတ္တစဉ်းစားလိုက်ပြီး အလေးအနက် ဆိုလိုက်သည်။

"မှတ်မိသေးဘူး"

​လီယန်ချူး: "..."

​မွန်းတည့်စာ စားပြီးနောက် လီယန်ချူးသည် ချင်းယွန်းကျောင်း သို့ ပြန်လာပြီး မြည်းနက်ကြီး ကို ဆွဲကာ မြို့ပြင်သို့ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

​မြို့ပြင်သို့ ရောက်သောအခါ သူသည် သူ၏ ပုံရိပ်ကို ပြောင်းလဲလိုက်သည်။ သူ၏ ကိုယ်ပေါ်ရှိ အလင်းတန်းများ လှည့်ပတ်သွားပြီးနောက် လူငယ်တာအိုဆရာ တစ်ဦးမှ အရပ်ရှည်ပြီး တည်ငြိမ်သော လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

​သူ၏ မျက်ခုံးများမှာ ဓားကဲ့သို့ ထက်မြက်နေပြီး၊ မျက်လုံးများမှာလည်း အေးစက်လှပေသည်။

​ယခုအခါတွင် သူသည် တိမ်စီး၍ဖြစ်စေ၊ ဓာတ်ငါးပါးကိုအသုံးပြု၍ဖြစ်စေ ပျံသန်းနိုင်သော်လည်း၊ မည်းကြီးမှာ တစ်နေ့လုံး ကျောင်းထဲတွင် မြက်များ အလကား စားနေရသဖြင့် အပြင်သို့ ခေါ်မထုတ်လာလျှင် အလဟဿ ဖြစ်ပေလိမ့်မည်။

​အိမ်မှာ ကားတစ်စီးရှိပြီး အမြဲတမ်း မမောင်းလျှင် ဘက်ထရီအားကုန်မှာကို စိုးရိမ်ရသကဲ့သို့ပင်။

​ထို့ကြောင့် မျက်နှာပေါ်တွင် မာန်ပါသော အပြုံးများ ရှိနေသည့် မည်းကြီးကို ဦးဆောင်ကာ တောင်ပေါ်ရှိ လင်ရွှီးနတ်ဘုရားနယ်မြေသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

​"ဒီအရှိန်နဲ့တော့ မဖြစ်သေးဘူး"

လီယန်ချူးက မျက်မှောင်ကြုတ်ကာ တိုက်တွန်းလိုက်သည်။

မည်းကြီးက သဘောပေါက်သွားပြီး ချက်ချင်းပင် ခွာများကို ရုန်းကာ အရှိန်ပြင်းပြင်း ပြေးထွက်သွားတော့သည်။

​ရှူး ဟူသော အသံနှင့်အတူ အခိုးအငွေ့တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

​လီယန်ချူးပင်လျှင် ခဏမျှ မှင်တက်သွားသည်။

​အစောက သူက အမှတ်မထင် ပြောလိုက်ခြင်းဖြစ်ပြီး မည်းကြီးကို ကိုယ်လက်လှုပ်ရှားစေချင်ရုံသာ ဖြစ်သည်။ ဤကောင်က ဤမျှအထိ မြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

​လင်ရွှီးနတ်ဘုရားနယ်မြေ၏ တံခါးဝသို့ လူတစ်ဦးမှာ လေပေါ်မှ ပျံသန်းလာပြီး အသံမထွက်ဘဲ မြေသို့ သက်ဆင်းလိုက်သည်။

​ထိုသူ၏ အမည်မှာ ကျိုးရွှန့်ဖုန်း ဖြစ်ပြီး လေညင်းစီးခြင်း အတတ်ကို ကျွမ်းကျင်သော လေလွင့်ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ လောကတွင် သူ့ကို လေလိုက်လမင်း ဟု လူသိများသည်။

​သူသည် အနောက်ဘက် ဒေသနှင့် နီးစပ်သော လျန်ကျိုး မှ လာခဲ့ခြင်းဖြစ်ပြီး၊ ဝေးကွာလှသော လင်ရွှီးနတ်ဘုရားနယ်မြေ၏ တံခါးဝကို မြင်လိုက်ရသဖြင့် အပြေးသွားရန် ပြင်လိုက်သည်။

​သို့သော် သူ၏ ဘေးနားမှ အခိုးအငွေ့တစ်ခု ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသဖြင့် သူသည် လွန်စွာ ထိတ်လန့်သွားတော့သည်။

​"လင်ရွှီးနတ်ဘုရားနယ်မြေဆိုတာ တကယ်ကို မခေဘူးပဲ၊ ဒီလောက်အထိ အရှိန်မြန်တဲ့ ကျင့်ကြံသူတွေကိုတောင် ဆွဲဆောင်နိုင်တာပဲ"

​ထိုအခိုးအငွေ့ ရပ်တန့်သွားချိန်တွင် ကျိုးရွှန့်ဖုန်းမှာ မျက်လုံးများ ပြူးသွားတော့သည်။

​"မြည်းလား"

​ခုနက သူ့ကို ကျော်တက်သွားတာ... မြည်းတစ်ကောင်လား။

All Chapters