အခန်း (၆၉၉-၇၀၀)
Vol. 70 Ch. 699-700
အခန်း (၆၉၉) - ရတနာရှာဖွေခြင်း ၊ နှစ်တစ်ထောင် ဟော်သော်ဝူး ၊ ငါးရောင်ခြယ် နတ်မြေ
“……”
ကျိုးရွှန့်ဖုန်း၏ နှုတ်ခမ်းအစုံမှာ တစ်ချက် တုန်ယင်သွားသည်။
ထိုအခြင်းအရာက သူ့ကို လုံးဝ ထင်မှတ်မထားစေဘဲ ရင်ထဲ၌ အနည်းငယ် အောင့်သက်သက် ဖြစ်သွားစေသည်။
သူသည် အာရုံစိုက်၍ ကြည့်လိုက်ရာ ထိုမြည်းမှာ ခေါင်းလှည့်၍ သူ့ကို တစ်ချက် စောင်းကြည့်နေသည်ကို တွေ့လိုက်ရ၏။ ၎င်း၏မျက်နှာထက်၌ လူသားတစ်ယောက်ကဲ့သို့ အလွန်ပင် ပေါ်လွင်ထင်ရှားသော အပြုံးတစ်ခု ရှိနေသည်။
“ဒီမြည်းက ငါ့ကို လှောင်ပြုံး ပြုံးနေသလိုပဲ...”
ကျိုးရွှန့်ဖုန်း၏ မျက်နှာထက်၌ သံသယရိပ်များ ယှက်သန်းလာသည်။
သူသည် ထပ်မံ အာရုံစိုက်ကြည့်လိုက်ရာ မြည်းပေါ်တွင် ပုခုံးကျယ်၍ ခါးသေးကာ ထက်မြက်သော အရှိန်အဝါရှိသည့် လူငယ်တစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူက သူ့ကို အေးစက်စက် တစ်ချက် လှမ်းကြည့်လိုက်ရုံနှင့်ပင် ကျိုးရွှန့်ဖုန်းသည် မျက်လုံးများ စူးခနဲ နာကျင်သွားသလို ခံစားလိုက်ရ၏။
ထူးဆန်းသည်မှာ ထိုလူငယ်သည် မြည်းတစ်ကောင်ကို စီးနင်းထားသော်လည်း လူတစ်ဦးလုံး၏ အငွေ့အသက်မှာ အလွန်ပင် ကြည့်ကောင်းနေပြီး ထူးခြားသော ဂုဏ်သရေရှိပုံ ပေါက်နေခြင်းပင်။
ကျိုးရွှန့်ဖုန်းသည် ထိုလူငယ်ကို ပြုံးပြလိုက်ပြီးနောက် ကိုယ်ကို တစ်ချက် လှုပ်ရှားကာ လင်ရွှီးနတ်ဘုရားနယ်မြေ အတွင်းသို့ ဝင်ရောက်သွားတော့သည်။
လောကအလယ် သွားလာရာတွင် တစ်ခါတစ်ရံ၌ အကြည့်တစ်ချက်ကပင် သွေးချောင်းစီးသော တိုက်ပွဲတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။ ကျိုးရွှန့်ဖုန်းသည် လောကအနှံ့ ကျင်လည်ခဲ့သည်မှာ ကြာပြီဖြစ်ရာ သူ အဓိက လက်ကိုင်ထားသည့် မူဝါဒမှာ စကားလုံးလေးလုံးတည်းသာ ရှိသည်။
“သူတစ်ပါးအပေါ် ကြင်နာပါ ”
ထိုသူ ထွက်ခွာသွားတော့မှ လီယန်ချူးသည် မည်းကြီး၏ ခေါင်းကို ပုတ်လိုက်သည်။
“ပြန်တော့၊ လမ်းမှာ သတိထားဦး၊ တစ်ယောက်ယောက်ရဲ့ အလုအယက် ခံမနေနဲ့ဦးမယ်”
သူက မည်းကြီးကို အနည်းငယ် မှာကြားလိုက်ရာ မည်းကြီး၏ မျက်နှာထက်တွင် မာန်ပါသော အပြုံးတစ်ခု ပေါ်လာပြီး အချိန်ဆွဲမနေဘဲ အခိုးအငွေ့တစ်ခုအဖြစ် ပြောင်းလဲကာ ထိုနေရာမှ ထွက်ခွာသွားတော့သည်။
“မိစ္ဆာတွေဆိုတာ ကျင့်ကြံဖို့အတွက် လောကရဲ့ ဝိညာဉ်စွမ်းအားတွေကို ဝါးမြိုရတာပဲ၊ မည်းကြီး ဒီကောင်က ဘယ်လိုဖြစ်တာလဲ”
လီယန်ချူးသည် မည်းကြီး၏ နောက်ကျောကို ကြည့်နေမိသည်။ ဤကောင်မှာ အပြင်ပန်းအားဖြင့် ဘာမှမပြောင်းလဲသော်လည်း ပြေးသည့်အခါတွင်မူ တဖြည်းဖြည်း ပို၍ မြန်လာသည်ကို သတိပြုမိသည်။ ထို့ပြင် အလွန်ပင် ငြိမ်သက်လှသဖြင့် စီးနင်းရသည်မှာ အဆင့်အတန်းမြင့်လှပေသည်။
သူ အများကြီး ထပ်မတွေးတော့ဘဲ သိုလှာင်အိတ် ထဲမှ လှံရှည်တစ်စင်းကို ထုတ်ယူလိုက်သည်။ လှံရိုးပေါ်တွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ စီးဆင်းနေပြီး ရွှေရောင် ကျားခေါင်းပုံစံမှာ ရှေးဟောင်းဆန်ကာ ခန့်ညားထည်ဝါလှသည်။
၎င်းမှာ ကျားခေါင်းရွှေလှံ ပင် ဖြစ်သည်။
သူသည် ချန်ရှန်းမှ ကျင့်ကြံသူ ကျောက်ကျိလုံ အသွင်သို့ ပြောင်းလဲကာ လင်ရွှီးနတ်ဘုရားနယ်မြေအတွင်းသို့ လှမ်းဝင်လိုက်သည်။ ကျင့်စဉ်အဆင့်ကိုမူ ဒုတိယအဆင့် ၌သာ ပြန်လည် ဖိနှိပ်ထားလိုက်၏။
သူ ဆိုင်ရှင်မကို မေးမြန်းကြည့်ဖူးရာ ဤလင်ရွှီးနတ်ဘုရားနယ်မြေသည် ပိတ်သိမ်းချိန်ရောက်မှသာ အပြင်သို့ ပြန်ထွက်နိုင်သည်ဟု ဆိုသည်။ ဆိုလိုသည်မှာ လူက စိတ်ကြိုက် ထိန်းချုပ်၍ မရနိုင်ပေ။
သို့သော် လီယန်ချူးအတွက်မူ ထွက်ခွာရန်မှာ အလွန်လွယ်ကူသည်။ တတိယအဆင့် စွမ်းအားကို ထုတ်ဖော်လိုက်ရုံနှင့်ပင် ရှူး ဟူသော အသံနှင့်အတူ ဤနတ်ဘုရားနယ်မြေက သူ့ကို အပြင်သို့ ကန်ထုတ်လိုက်မည် ဖြစ်သည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် လီယန်ချူး၏ စိတ်နေစိတ်ထားမှာ အလွန်ပင် တည်ငြိမ်နေပြီး ရတနာရှာဖွေရန် သက်သက်သာ ရည်ရွယ်၍ လာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်တစ်ခေါက်က ခဏလေး လာခဲ့ရုံနှင့်ပင် ရှားပါးလှသော ဆေးဘက်ဝင် အပင်အချို့ကို သိမ်းကျုံးယူနိုင်ခဲ့ကာ စွမ်းအားကြီးမားသော ဓားသေတ္တာတစ်လုံးကိုလည်း ရရှိခဲ့သည်။
ထို့ပြင် ယန်ရတနာများထဲတွင် အဆင့် (၂) ရှိသော ဖီးနစ်အဆီအနှစ် ကိုပါ လုယူနိုင်ခဲ့သဖြင့် သူ အလွန်ပင် ကျေနပ်နေမိသည်။
...
အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက်
ယခုတစ်ကြိမ်တွင် သူသည် လွင်ပြင်ကျယ်ကြီးတစ်ခုပေါ်၌ ပေါ်လာခဲ့သည်။ မြေပြင်မှာ နိမ့်တုံမြင့်တုံဖြင့် ရှည်လျားစွာ သွယ်တန်းနေပြီး ရှေ့ဘက် မိုင်အနည်းငယ်ခန့်တွင်မူ မြင့်မားသော တောင်တန်းကြီးများကို မြင်တွေ့နေရသည်။
ယခု ပေါ်လာသည့်နေရာမှာ ယခင်တစ်ခေါက်ကထက် ပို၍ နီးကပ်နေသည်မှာ ထင်ရှားလှသည်။
လင်ရွှီးနတ်ဘုရားနယ်မြေသည် တတိယအဆင့် ကျင့်ကြံသူများ ဝင်ရောက်လာခြင်းကို ငြင်းပယ်လေ့ရှိသည်။ သို့သော် လီယန်ချူးမှာမူ သန္ဓေပြောင်းလဲခြင်း ဟူသော နတ်ဘုရားအတတ်ဖြင့် လင်ရွှီးနတ်ဘုရားနယ်မြေ၏ အာရုံခံမှုကို ရှောင်လွှဲခဲ့သည်။
လင်ရွှီးနတ်ဘုရားနယ်မြေအနေဖြင့်လည်း ပြီးခဲ့သည့်တစ်ခေါက်က ဓားသေတ္တာကို လွယ်၊ ခါးတွင် ရှေးဟောင်းဓားကို ချိတ်ထားသော လူငယ်မှာ ယခုတစ်ကြိမ်တွင် အဝတ်အစားများလဲကာ ရှည်လျားထွားကျိုင်းသော လှံကြီးတစ်စင်းကို ကိုင်၍ ထပ်မံရောက်ရှိလာလိမ့်မည်ဟု ထင်မှတ်ထားမိမည် မဟုတ်ပေ။
လီယန်ချူးသည် ယခုတစ်ကြိမ်တွင် အလျင်စလို ခရီးမဆက်သေးပေ။
မူလက သူသည် ဤကဲ့သို့သော နတ်ဘုရားနယ်မြေ၏ အပြင်ဘက်ပိုင်းတွင် ကောင်းမွန်သောအရာများ ရှိလိမ့်မည်မဟုတ်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ဖီးနစ်အဆီအနှစ်ကို ရရှိပြီးနောက်တွင်မူ ထိုအယူအဆကို စွန့်ပယ်လိုက်ပြီ ဖြစ်သည်။
နတ်ဘုရားတို့၏ နန်းတော်ဂူဗိမာန်များကို ကြည့်ရသည်မှာ အပြင်ဘက်တွင်ပင် ရှားပါးဆေးပင်များစွာ ရှိနေချေပြီ၊ အတွင်းပိုင်းတွင်မူ တစ်ခုခု ပြဿနာရှိနေနိုင်ပေသည်။
“ရတနာ ရှိရှိ၊ မရှိရှိ အရေးမကြီးပါဘူး၊ အဓိကက ဒီနတ်ဘုရားကျောင်းတော်ရဲ့ ဒေသန္တရ ဓလေ့ထုံးစံတွေကို ခံစားကြည့်ဖို့ပါပဲ”
လီယန်ချူး၏ စိတ်အာရုံ မှာ အားကောင်းလှသည့်အပြင် ရတနာအာရုံခံနိုင်စွမ်း လည်း ရှိနေသည်။
ဤလင်ရွှီးနတ်ဘုရားနယ်မြေအတွင်း၌ အလွန်အမင်း ဖိနှိပ်ခံထားရသော်လည်း သာမန်ကျင့်ကြံသူများထက်မူ သာလွန်နေဆဲဖြစ်ကာ ထူးခြားသော အငွေ့အသက်များအပေါ် အလွန်ပင် ထိခိုက်လွယ်လှသည်။
အထူးသဖြင့် သူ၏ကိုယ်ပေါ်တွင် ကုသိုလ်အမှတ် သုံးသိန်းတန် ဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည့် ဒိုချန်ပုတီးစေ့ ရှိနေသည်။ ၎င်းသည် သူ၏ ကံကောင်းခြင်း ကို တိုးမြင့်ပေးနိုင်သည်။ သူကိုယ်တိုင် အားထုတ်၍ မလှုံ့ဆော်လျှင်ပင် ၎င်းသည် အချိန်တိုင်း သူ့အတွက် ဆုတောင်းမေတ္တာ ပို့သပေးနေသကဲ့သို့ ရှိနေသည်။
“ငါ့မှာ မွေးရာပါ ကံတရားကြီးမားမှု မရှိတော့လည်း ဒီပုတီးစေ့ကိုပဲ အားကိုးရတော့မှာပေါ့”
ဟု လီယန်ချူး စိတ်ထဲမှ ရှင်းလင်းစွာ တွေးလိုက်သည်။
ထို့နောက် သူသည် ကိုယ်ယောင်ဖျောက်အတတ်ကို အသုံးပြု၍ နတ်ဘုရားနယ်မြေအတွင်း ပျံသန်းပြေးလွှားတော့သည်။ သိုင်းပညာကို သူ၏အဆင့်အတန်းအထိ လေ့ကျင့်ထားပါက လေညင်းစီးခြင်း အတတ်ထက် မနိမ့်ကျပေ။
ထျန်းကန်းလက်ဝါး ထဲတွင် သိုင်းပညာများစွာ ပါဝင်ပြီး ၎င်းတို့ထဲ၌ ကိုယ်ဖော့အတတ်နှင့် ပေါ့ပါးအတတ်များလည်း ပါရှိသည်။ ယခုအဆင့်အထိ အဆင့်မြှင့်တင် ထားပြီးနောက်တွင် ၎င်းကို သာမန်သိုင်းကျမ်းဟု မခေါ်ဆိုနိုင်တော့ဘဲ အထူးလျှို့ဝှက်ပညာ သို့မဟုတ် နတ်ဘုရားသိုင်း ဟုသာ ခေါ်ဆိုသင့်တော့သည်။ ၎င်းသည် သိုင်းလောက၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လီယန်ချူး၏ ကိုယ်ဟန်မှာ အလွန်ပင် လျင်မြန်ဖျတ်လတ်လှပြီး ဤနတ်ဘုရားနယ်မြေအတွင်း ခုန်ပျံသွားလာနေသည်။ တစ်ချိန်တည်းမှာပင် ထူးခြားသော အငွေ့အသက်များ ရှိ၊ မရှိကိုလည်း အသေအချာ အာရုံခံနေ၏။
ရုတ်တရက် သူ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အရှေ့တောင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မျက်လုံးများအတွင်း ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။
“လင်ရွှီးနတ်ဘုရားနယ်မြေထဲမှာ တကယ်ပဲ နေရာတိုင်း ရတနာတွေ ရှိနေတာလား”
လီယန်ချူး ပျော်သွားသော်လည်း ရုတ်တရက် ရင်ထဲ၌ နှမြောတသ ဖြစ်သွားမိသည်။ ငါ ဝင်လာတာ နည်းနည်း နောက်ကျသွားသလား။
သို့သော် သူ ပြန်လည် စဉ်းစားလိုက်သည်။ လင်ရွှီးနတ်ဘုရားနယ်မြေအတွင်း၌ ရတနာများစွာ ရှိသော်လည်း ၎င်းတို့ကို မည်သူမဆို အလွယ်တကူ ရရှိနိုင်သည်တော့ မဟုတ်ပေ။
မိမိ၌ ရတနာအာရုံခံနိုင်စွမ်း ရှိပြီး ဒိုချန်ပုတီးစေ့ ပါရှိသောကြောင့်သာ ဤကဲ့သို့ ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။ ဤသို့ တွေးလိုက်မိတော့မှ စိတ်မှာ အနည်းငယ် သက်သာရာ ရသွားတော့သည်။
သူသည် ထိုအငွေ့အသက်ရှိရာသို့ အမြန်သွားလိုက်ရာ ကျောက်တုံးများအောက်တွင် ပေါက်ရောက်နေသော ဟော်သော်ဝူး (နွယ်မြတ်အပင်တစ်မျိုး) အပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ဤဟော်သော်ဝူးမှာ ကလေးငယ်တစ်ဦး အရွယ်အစားခန့် ရှိပြီး မှိန်ပျပျ အလင်းတန်းများ တောက်ပနေ၏။ အနားသို့ ချဉ်းကပ်လိုက်သည်နှင့် ပြင်းရှလှသော ဆေးရနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာသည်။
“ဒီအရွယ်အစားနဲ့ အရောင်အသွေးကို ကြည့်ရတာ အနည်းဆုံးတော့ နှစ်တစ်ထောင် သက်တမ်း ရှိရမယ်”
လီယန်ချူး၏ မျက်လုံးများ တောက်ပသွားသည်။
ဟော်သော်ဝူးသည် သွေးချီကို အားဖြည့်ပေးသော ဆေးဘက်ဝင်အပင်ဖြစ်သည်။ ဤဟော်သော်ဝူး၏ ဆေးရနံ့မှာ ဤမျှအထိ ပြင်းထန်နေခြင်းမှာ ၎င်း၏ အရည်အသွေးမှာ အလွန်မြင့်မားကြောင်း ပြသနေသည်။ သူသည် လှံကြီးကို ကိုင်ဆောင်ကာ လျှောက်သွားပြီး လက်ကို ဆန့်၍ ဖမ်းဆွဲလိုက်သည်။
ထိုစဉ်
ထိုဟော်သော်ဝူးမှာ ရုတ်တရက် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
လူသိများသည့်အတိုင်း လူသားနှင့်တူသော ဂျင်းဆင်းပင်များမှာ ထွက်ပြေးတတ်သည်ဟု ဆိုစမှတ် ရှိကြသည်။ ထိုဟော်သော်ဝူးသည်လည်း လောက၏ ဝိညာဉ်စွမ်းအားများကို စုပ်ယူထားပုံရရာ သာမန်အပင် မဟုတ်တော့ပေ။ ၎င်းသည် မြေလျှိုး၍ တိုက်ရိုက် ထွက်ပြေးသွားတော့သည်။ ၎င်း၏ အငွေ့အသက်မှာ တစ်ခဏအတွင်း အစအနမကျန် ပျောက်ကွယ်သွား၏။
“ဒါကြောင့်လည်း ဒီအကောင်က ဒီမှာ အကြာကြီး ပေါက်နေနိုင်တာကိုး၊ တုံ့ပြန်မှုက တော်တော် မြန်တာပဲ”
လီယန်ချူး၏ မျက်လုံးများထဲ၌ ထူးခြားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
ဤကဲ့သို့ ဖြစ်လေလေ၊ ဤဆေးပင်မှာ ပို၍ တန်ဖိုးရှိလေလေပင်။ ၎င်း၏ သက်တမ်းမှာ သူထင်ထားသည်ထက်ပင် ပို၍ ကြာမြင့်နိုင်ပေသည်။
သူသည် ကျားခေါင်းရွှေလှံ ကို မြေကြီးပေါ်သို့ ထိုးစိုက်လိုက်ရာ မြေထဲသို့ နက်ရှိုင်းစွာ ဝင်သွားတော့သည်။ ထို့နောက် သူသည် မြေလျှိုးအတတ်ကို အသုံးပြု၍ အောက်သို့ ငုပ်လျှိုးဝင်ရောက်သွား၏။ ဘေးပတ်ဝန်းကျင်ရှိ မြေထုမှာ ရေစီးကြောင်းကဲ့သို့ သူ၏ဘေးမှ ဖြတ်သန်းသွားသည်။ ထိုခံစားချက်မှာ အလွန်ပင် ဆန်းကြယ်လှပြီး ရေကူးနေရသကဲ့သို့ ရှိသော်လည်း မည်သည့် ခုခံမှုမျှ မရှိပေ။
မြေအောက်သို့ ရောက်ရှိသွားသောအခါ လီယန်ချူးသည် မှိန်ပျပျ အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ ထိုဟော်သော်ဝူးပင် ဖြစ်သည်။
“မိပြီပေါ့” လီယန်ချူး၏ မျက်လုံးများ တောက်ပသွားကာ လက်ကိုဆန့်၍ ဖမ်းလိုက်သည်။
လင်ရွှီးနတ်ဘုရားနယ်မြေသည် လက်ရှိအချိန်အထိ သူ့အတွက် အတွေ့အကြုံ ကောင်းမွန်လှသည်။
"ရွှေတူးသမား" ဂိမ်းဆော့နေရသကဲ့သို့ပင်။ ဝင်လာသည်နှင့် ရတနာကို ရှာတွေ့ပြီး ၎င်းမှာလည်း နှစ်တစ်ထောင် သက်တမ်းရှိ ဆေးပင်မှ စတင်နေသည်။
သူက ဟော်သော်ဝူးကို ဖမ်းဆွဲလိုက်သော်လည်း ၎င်းမှာ ချက်ချင်းပင် ထပ်မံ ပျောက်ကွယ်သွားပြန်သည်။ သူ အသေအချာ ကြည့်လိုက်သောအခါ ၎င်းသည် ပေတစ်ရာခန့် အကွာအဝေးတွင် ပေါ်လာပြန်၏။
ဤမြေလျှိုးအတတ်၏ အရှိန်မှာ မနှေးလှပေ။ သို့သော် ကံမကောင်းစွာဖြင့် လီယန်ချူးမှာ ဓာတ်ငါးပါး မြေလျှိုးအတတ် ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူသည် စိတ်အာရုံကို တစ်ချက် လှုပ်ရှားလိုက်ရုံနှင့်ပင် နောက်သို့ လိုက်မီသွားတော့သည်။
အသက်ရှူသံ သုံးကြိမ်အတွင်းမှာပင် သူသည် ထိုဟော်သော်ဝူးကို ဖမ်းမိသွား၏။ ဟော်သော်ဝူး၏ ကိုယ်ပေါ်မှ အလင်းတန်းများ ပေါက်ကွဲထွက်လာသော်လည်း လီယန်ချူး၏ လက်ဖဝါးအတွင်းရှိ ကျင့်စဉ်စွမ်းအားများဖြင့် ပိတ်ဆို့ခြင်း ခံလိုက်ရသည်။
သူ၏ စွမ်းအားမှာ အလွန်စင်ကြယ်ပြီး ယန်စွမ်းအား ပြည့်ဝလှသဖြင့် ဤဟော်သော်ဝူးမှာ မည်သည့်နေရာသို့မျှ ထွက်ပြေး၍ မရတော့ပေ။
ထိုအရာမှာ ထိပ်တန်း ဆေးပင်ကြီးတစ်ပင် ဖြစ်သည်။ ဖမ်းမိပြီးနောက်မှပင် လီယန်ချူးသည် ၎င်းအတွင်းရှိ ဝိညာဉ်စွမ်းအားများ ပြည့်လျှံနေပုံကို ခံစားမိတော့သည်။ ၎င်းသည် မုတ်ဆိတ်ဖြူအဖိုးအို ပေးခဲ့သော နှစ်တစ်ထောင် အသီး ထက်ပင် ဝိညာဉ်စွမ်းအား ပိုမို အားကောင်းနေသေးသည်။
လီယန်ချူးသည် တရားသူကြီးကလောင် ကို ထုတ်ယူကာ ဟော်သော်ဝူးကို ချိပ်ပိတ်လိုက်ပြီးနောက် သိုလှောင်အိတ် အတွင်းသို့ ထည့်လိုက်သည်။ ဤကဲ့သို့သော သိုလှောင်ရတနာ ရှိနေခြင်းကြောင့် သူသည် ရတနာများကို အကန့်အသတ်မရှိ သိမ်းဆည်းနိုင်ပြီဖြစ်သည်။
သို့သော် လီယန်ချူးမှာ ရုတ်တရက် မှင်တက်သွားပြီး မြေအောက်သို့ ငုံ့ကြည့်လိုက်မိသည်။ မြေအောက်ထဲတွင် မှိန်ပျပျ ငါးရောင်ခြယ် အလင်းတန်းများ တောက်ပနေ၏။ တစ်ခါတစ်ရံ ခရမ်းရောင်၊ တစ်ခါတစ်ရံ အစိမ်းရောင်နှင့် တစ်ခါတစ်ရံ ဖြူဖွေးသော အလင်းတန်းများပင် ဖြစ်သည်။
“ဒါက... ငါးရောင်ခြယ် နတ်မြေ လား”
လီယန်ချူး မှင်တက်သွားပြီးနောက် သူ၏ မျက်လုံးများအတွင်း၌ အတိုင်းအထက်အလွန် ဝမ်းမြောက်ခြင်းများ ပြည့်လျှံလာတော့သည်။
အခန်း (၇၀၀) - ကြေးညိုဖလားကြီး ၊ အဖိုးတန်ရတနာ ၊ ဒီရတနာက မဆိုးဘူး၊ ငါကိုယ်တော် အပိုင်ယူမယ် ၊ သိပ်ကောင်းတာပဲ၊ ဒါက လူယုတ်မာပဲ
ငါးရောင်ခြယ် နတ်မြေ ဆိုသည်မှာ တာအိုကျမ်းစာများတွင် မှတ်တမ်းတင်ထားသော နတ်ဘုရားပစ္စည်းတစ်မျိုး ဖြစ်သည်။
ဒဏ္ဍာရီများအရ ၎င်းသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်မြေဟု ဆိုကြ၏။
ငါးရောင်ခြယ် နတ်မြေအတွင်း၌ ကြီးမားလှသော ဝိညာဉ်စွမ်းအားများ ကိန်းဝပ်နေသည်။
လက်ဖဝါးတစ်ပြင်စာခန့်ရှိသော ငါးရောင်ခြယ် နတ်မြေတစ်ဆုပ်၏ တန်ဖိုးသည်ပင်လျှင် ဤနှစ်တစ်ထောင် ဝိညာဉ်ဆေးပင်ထက် သာလွန်ပေသည်။
ထိုနတ်မြေကို သာမန်မြေကြီးထဲသို့ ရောနှော၍ ဝိညာဉ်ဆေးပင်များ စိုက်ပျိုးမည်ဆိုပါက ကြီးထွားနှုန်းမှာ သာမန်မြေကြီးထက် ဆယ်ဆမက ပိုမိုမြန်ဆန်လိမ့်မည် ဖြစ်သည်။
ဆိုလိုသည်မှာ လက်ဖဝါးခန့်သာရှိသော ငါးရောင်ခြယ် နတ်မြေတစ်တုံးရှိရုံဖြင့် ဆယ်နှစ်အတွင်း နှစ်တစ်ရာသက်တမ်းရှိ ဆေးပင်ကို ရရှိနိုင်ပြီး၊ နှစ်တစ်ရာအတွင်း နှစ်တစ်ထောင်သက်တမ်းရှိ ဆေးပင်ကို ရရှိနိုင်မည် ဖြစ်ကာ အဆက်မပြတ်လည်း ထွက်ရှိနေမည် ဖြစ်သည်။
ဤမြေကြီးထဲမှ စွမ်းအင်များသည်လည်း ကုန်ဆုံးသွားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဒဏ္ဍာရီလာ နတ်ဘုရားနယ်မြေမှ မြေဆီလွှာ ဖြစ်သောကြောင့်တည်း။
၎င်း၏ အခန်းကဏ္ဍမှာ ဝိညာဉ်စွမ်းအားများကို အသွင်ပြောင်းပေးကာ ကြီးထွားနှုန်းကို မြန်ဆန်စေခြင်းပင် ဖြစ်သည်။
အကယ်၍ ထိုအရာကို ဂိုဏ်းတစ်ခုခုအတွင်း၌ ထားရှိမည်ဆိုပါက အဖိုးမဖြတ်နိုင်သော ရတနာဖြစ်ပေလိမ့်မည်။ ဂိုဏ်းတစ်ခုလုံးကို စည်ပင်ထွန်းကားလာအောင် လုံးဝ လုပ်ဆောင်ပေးနိုင်စွမ်း ရှိသည်။
လက်ရှိတွင်မူ လုံဟူရှန်း ၌သာ ငါးရောင်ခြယ် နတ်မြေတစ်ဆုပ် ရှိလေသည်။
၎င်းကို တောင်နောက်ဘက်တွင် အပြင်လောကသို့ ထွက်လေ့မရှိသော ကျင့်ကြံသူ မဟာပညာရှင်ကြီး တစ်ဦးက စောင့်ကြပ်နေပြီး၊ အားကောင်းသော အစီရင်များကိုလည်း ရေးထိုးထားရာ ယန်ဝိညာဉ်ရှင်များပင် အနားသို့ မကပ်နိုင်ကြပေ။
ဤအချက်ကို ကြည့်ခြင်းဖြင့် ငါးရောင်ခြယ် နတ်မြေ၏ အဖိုးတန်ပုံကို သိနိုင်ပေသည်။
သို့သော် ဤနေရာရှိ ငါးရောင်ခြယ် နတ်မြေမှာမူ အချင်း တစ်လံခန့်ပင် ရှိနေပြီး မှိန်ပျပျ ငါးရောင်ခြယ် အလင်းတန်းများ တောက်ပနေ၏။
"ဒီလောက်များတဲ့ ငါးရောင်ခြယ် နတ်မြေတွေ... ဒီတစ်ခါတော့ တကယ့်ကို ထီပေါက်တာပဲ "
လီယန်ချူးမှာ အလွန်အမင်း ဝမ်းသာသွားသဖြင့် ပါးစပ်ပင် မစေ့နိုင်အောင် ပြုံးနေမိသည်။
သို့သော် ရုတ်တရက် သူ မျက်မှောင်ကြုတ်လိုက်မိ၏။
ကျိုးကြောင်းဆင်ခြင်ရလျှင် ဤမျှများပြားသော ငါးရောင်ခြယ် နတ်မြေရှိသည့် နေရာတွင် တန်ဖိုးရှိသော ဝိညာဉ်ဆေးပင်များစွာ ရှိနေသင့်သည်။
အဘယ်ကြောင့် နှစ်တစ်ထောင် ဟော်သော်ဝူး တစ်ပင်တည်းသာ ရှိနေရသနည်း။
အထူးသဖြင့် ထူးဆန်းသည်မှာ ဤငါးရောင်ခြယ် နတ်မြေသည် အဘယ်ကြောင့် မြေအောက်အနက်ပိုင်းတွင် ရှိနေရသနည်း။
လီယန်ချူး မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်နေမိသည်။
သို့သော် သူ၏ လက်လှုပ်ရှားမှုမှာမူ အလွန်ပင် သွက်လက်လှ၏။ သူ၏ လက်ဖဝါးအတွင်းမှ ထက်ရှသော စွမ်းအားများ ထွက်ပေါ်လာပြီး ဤငါးရောင်ခြယ် နတ်မြေကို တူးထုတ်ကာ သိုလှောင်အိတ် အတွင်းသို့ ထည့်ရန် ပြင်လိုက်သည်။
ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း သူထင်ထားသကဲ့သို့ မည်သည့် ထောင်ချောက်မျှ ရှိမနေပေ။
သူ အံ့သြသွားရလောက်အောင်ပင် အဆင်ပြေချောမွေ့နေခဲ့သည်။
သို့သော် တစ်နေရာကို ဖြတ်တောက်လိုက်သည့် အခါတွင်မူ ရုတ်တရက် လက်တုန်သွားရ၏။ ဖြတ်၍ မရနိုင်တော့ပေ။
"ဟင်"
လီယန်ချူး မှင်တက်သွားသည်။ သူ၏ လက်အစွန်းမှ ထွက်ပေါ်နေသော စွမ်းအားမှာ သံမဏိကိုပင် ရွှံ့လို ဖြတ်နိုင်စွမ်း ရှိသည်။
ထိုငါးရောင်ခြယ် နတ်မြေသည် ဝိညာဉ်ဆေးပင်များကို ပျိုးထောင်သည့် ရတနာဖြစ်သော်လည်း မာကျောမှုဖြင့် နာမည်ကြီးသည့် အရာမဟုတ်ပေ။ အဘယ်ကြောင့် ဖြတ်၍ မရတာနည်း။
လီယန်ချူး အာရုံစိုက်ကြည့်လိုက်ရာ သတ္တုတစ်တုံးကို တွေ့လိုက်ရသည်။
"ဒါက ဘာကြီးလဲ"
လီယန်ချူး လက်ဖြင့် ယက်ထုတ်ကြည့်လိုက်ရာ ထူထဲလေးလံသော သတ္တုတစ်တုံး ဖြစ်နေသည်ကို တွေ့ရသည်။
၎င်းသည် ငါးရောင်ခြယ် နတ်မြေ၏ အတိုင်းအတာနှင့် အတိအကျတူညီကာ ပတ်ပတ်လည် ဝန်းရံထားခြင်း ဖြစ်သည်။
မြေအောက်ထဲတွင် ဤငါးရောင်ခြယ် နတ်မြေကို တွေ့ရှိပြီးနောက် ဤထူးဆန်းသော သတ္တုကို ထပ်တွေ့ရသဖြင့် သူ၏ သိချင်စိတ်မှာ ပိုမိုပြင်းပြလာသည်။
"ဒီပုံစံအတိုင်းဆိုရင် ဖလားကြီး တစ်လုံးများလား "
လီယန်ချူး အနည်းငယ် ထပ်တူးကြည့်လိုက်ရာ ဤသတ္တု၏ ပုံစံမှာ ပို၍ သိသာလာသည်။
သူသည် ငါးရောင်ခြယ် နတ်မြေ၏ အနားသတ်များအတိုင်း လိုက်တူးကြည့်ရာ ဘေးပတ်ပတ်လည်၌ သတ္တုဝိုင်းကြီး တစ်ခုရှိနေသည်ကို အမှန်တကယ် တွေ့ရှိလိုက်ရသည်။
"ငါးရောင်ခြယ် နတ်မြေကို ထည့်ထားတဲ့ ဖလားကြီးလား "
လီယန်ချူး ဤဖလားကြီးကို မည်သို့ခေါ်ရမှန်း မသိပေ။
သူသည် ထိုသတ္တုပစ္စည်းကို ကိုင်ဆွဲကာ လက်မောင်းအားဖြင့် အနည်းငယ် မကြည့်လိုက်ရာ ဤအရာမှာ မယုံနိုင်လောက်အောင် လေးလံနေသည်ကို အံ့သြဖွယ် တွေ့ရှိလိုက်ရသည်။
"ဟူး... ဒီဖလားကြီးက တော်တော်လေး လေးတာပဲ "
လီယန်ချူး အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်ရာ ဒုတိယအဆင့် ကျင့်စဉ်အစွမ်းဖြင့်ဆိုလျှင် ၎င်းကို မရန် ခက်ခဲပေလိမ့်မည်။
ခန္ဓာကိုယ် ကြံ့ခိုင်မှုစွမ်းအားက တတိယအဆင့်သို့ ရောက်ရှိမှသာ ဤဖလားကြီးကို အလွယ်တကူ မနိုင်ပေမည်။
သူသည် ဖလားကြီးကို လက်နှစ်ဖက်ဖြင့် မြဲမြဲကိုင်ကာ လက်မောင်းကြွက်သားများ တင်းမာလာသည်အထိ အားစိုက်လိုက်သည်။
မြေလျှိုးအတတ်ကို ခက်ခဲစွာ အသုံးပြုပြီး ဤဖလားကြီးကို အပေါ်သို့ သယ်ဆောင်လာခဲ့၏။
ယန်ဝိညာဉ် ကျင့်စဉ် အဆင့်ဖြင့် ဤမျှလေးလံသော ဖလားကြီးကို သယ်ယူရန်မှာ အမှန်ပင် ခက်ခဲလှပေသည်။
ဝုန်း
မြေပြင်မှာ အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားပြီး ဤဖလားကြီးကို သူ တိုက်ရိုက် ဆွဲထုတ်လာခဲ့သည်။
ထိုအခါမှ လီယန်ချူး သတိထားမိတော့သည်။
ဤဖလားကြီးမှာ လူတစ်ရပ်စာခန့် မြင့်မားလှ၏။
အပေါ်ယံတွင် ရှုပ်ထွေးလှသော ပန်းနွယ်ဒီဇိုင်းများ၊ တောတောင်ရေမြေများ၊ ပန်းမာန်များနှင့် ငှက်၊ ငါး၊ ပိုးမွှားပုံစံများဖြင့် ပြည့်နှက်နေကာ ပုံစံမှာ အလွန်ပင် ရှေးဟောင်းဆန်လှသည်။
လီယန်ချူး အသေအချာ ကြည့်ရှုစစ်ဆေးကြည့်ရာ ဤဖလားကြီးကို ကြေးညို ဖြင့် သွန်းလုပ်ထားခြင်း ဖြစ်ကြောင်း တွေ့ရ၏။
ဖလားကိုယ်ထည်ပေါ်ရှိ ပုံစံများကြားတွင် ထူးခြားသော ကျင့်စဉ်သင်္ကေတ ဆယ်ခုကျော်လည်း ရှိနေသည်။ ထိုသင်္ကေတများမှာ အလွန်ပင် ဆန်းကြယ်လှပြီး လီယန်ချူးလည်း နားမလည်ပေ။ သို့သော် ထိုသင်္ကေတများမှ မြင့်မြတ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။
လီယန်ချူး ကြည့်ပြီးနောက် ခေတ္တမျှ စိတ်လွင့်သွားရသည်။
သူ၏ လက်ရှိ စိတ်အခြေအနေမှာ အလွန်ပင် ခိုင်မာတောင့်တင်းလှသော်လည်း၊ မည်သည့် စွမ်းအားစီးဆင်းမှုမျှ မရှိသော သင်္ကေတအစုအဝေးကို ကြည့်ရုံမျှဖြင့် စိတ်လွင့်သွားရခြင်းမှာ ထိုသင်္ကေတများ၏ နောက်ခံသမိုင်းကြောင်းမှာ စဉ်းစားစရာပင်။
သူသည် ဤ ကြေးညိုဖလားကြီး ကို ထပ်မံကြည့်လိုက်ရာ မျက်လုံးများမှာ လေးနက်လာတော့သည်။
သူ၏ စိတ်အာရုံကို ၎င်းအတွင်းသို့ ထည့်သွင်းကြည့်ရာ ကြေးညိုဖလားကြီးအတွင်းရှိ တာအိုနိယာမ များမှာ အကြီးအကျယ် ပျက်စီးနေသည်ကို တွေ့ရသည်။ ပြင်းထန်လှသော တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ရသကဲ့သို့ပင်။
အသေအချာ ကြည့်လိုက်သည့်အခါ အပေါ်ယံတွင် ဓားခုတ်ရာ၊ ပုဆိန်ထိုးရာ အမာရွတ်များကိုလည်း တွေ့ရသည်။
"ဒါက တကယ်တော့ ဘာကြီးလဲ"
လီယန်ချူး သေချာလေ့လာကြည့်ရာ အတွင်း၌ ငါးရောင်ခြယ် နတ်မြေများ တစ်တုံးလုံး ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
"ဒီအလင်းတန်းက... ငါးရောင်ခြယ် နတ်မြေလား"
ဝမ်းသာအားရ အာမေဍိတ်သံတစ်ခု သူ၏နားအနားတွင် ထွက်ပေါ်လာသည်။ လီယန်ချူး လှည့်ကြည့်လိုက်ရာ ဝတ်ရုံနက်ဝတ် အဘိုးအိုတစ်ဦး ဖြစ်နေ၏။
ဝတ်ရုံနက်အဘိုးအိုမှာ အရပ်ရှည်ပြီး ထွားကျိုင်းလှကာ လူကို ကြီးမားသော ဖိအားတစ်ခု ပေးစွမ်းနေသည်။
သူ၏ မျက်လုံးများမှာ ကျဉ်းမြောင်းလှပြီး၊ ယခုအချိန်တွင် မျက်နှာထက်၌ ဝမ်းသာရိပ်များ ရှိနေသော်လည်း ကြည့်ရသည်မှာ မှောင်မည်းအုံ့မှိုင်းနေဆဲပင်။
မျက်နှာကိုကြည့်၍ စိတ်နေစိတ်ထားကို သိနိုင်သည်ဖြစ်ရာ ဤသူ၏ စရိုက်မှာ အလွန်ပင် ဆိုးဝါးပေလိမ့်မည်။
ဝတ်ရုံနက်အဘိုးအိုသည် ရတနာကြီးကို ရရှိလိုက်သကဲ့သို့ လီယန်ချူး၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်လာသည်။ သို့သော် သူ၏အကြည့်မှာ ဤကြေးညိုဖလားကြီးပေါ်တွင်သာ ကျရောက်နေသည်။
"မဟုတ်သေးဘူး၊ ဒီကြေးညိုဖလားကြီးက... မဟာရှအင်ပါယာ ရဲ့ တာအိုရတနာ ပဲ "
"ဟားဟားဟားဟားဟား"
"ငါကိုယ်တော်ရဲ့ ကံတရားက ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ မထင်ထားဘူး။ ဒီလင်ရွှီးနတ်ဘုရားနယ်မြေထဲမှာ ဒီမျှအထိ အဖိုးတန်တဲ့ ရတနာကို ရှာတွေ့လိမ့်မယ်လို့ "
ဝတ်ရုံနက်အဘိုးအိုမှာ ကောင်းကင်ကို မော့ကြည့်ကာ ကျေနပ်အားရစွာ ရယ်မောနေတော့သည်။
ဒီအဘိုးကြီး မျက်စိများ တစ်ခုခုဖြစ်နေလား... ငါ့ကို တိုက်ရိုက် လျစ်လျူရှုထားတာပဲ... လီယန်ချူးက အလေးအနက် ဆိုလိုက်သည်။
"ခင်ဗျား ဘာတွေရယ်နေတာလဲ အရက်အတုတွေ သောက်လာတာလား"
"..."
ဝတ်ရုံနက်အဘိုးအို၏ ရယ်သံမှာ ရုတ်ချည်း ရပ်တန့်သွားသည်။
ကျဉ်းမြောင်းသော မျက်လုံးတစ်စုံက ရှေ့ရှိ လူငယ်ကို စိုက်ကြည့်လိုက်သည်။
အားကောင်းသော အရှိန်အဝါတစ်ခု သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။
"မင်း ရှာတွေ့တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ အခု ငါကိုယ်တော်က သဘောကျသွားပြီဆိုတော့၊ ဒီပစ္စည်းက ငါကိုယ်တော် အပိုင်ပဲ "
"မင်းမှာ ကန့်ကွက်စရာ ရှိလား"
ဝတ်ရုံနက်အဘိုးအိုက အသံဩဩဖြင့် မေးလိုက်သည်။
"ဘာလို့လဲ"
လီယန်ချူးက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဘာလို့လဲ ဟုတ်လား"
ဝတ်ရုံနက်အဘိုးအိုမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ပင်။
သူက လက်ချောင်းတစ်ချောင်းကို မြှောက်၍ လှစ်ခနဲ တောက်လိုက်၏။
ရှူး
နက်မှောင်သော မီးလျှံတစ်ခု လီယန်ချူးထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
ဤမီးကို ယင်မီး ဟု ခေါ်သည်။ ၎င်းသည် လူ၏ ခြေဖဝါးအလယ်မှ စတင်လောင်ကျွမ်းပြီး ဦးခေါင်းထိပ်အထိ လောင်ကျွမ်းကာ လူ၏ သွေးကြော အကြောအခြင်အားလုံးကို ဖျက်ဆီးပစ်နိုင်သော အလွန်ပင် ယုတ်မာကောက်ကျစ်သည့် မီးဖြစ်သည်။
အဘိုးအိုသည် လီယန်ချူးကို အေးစက်စက် ကြည့်နေသည်။
သေပြီးသားလူတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။
"ငါက ငရဲတောင် ရဲ့ အကြီးအကဲ၊ တတိယအဆင့် ကျွမ်းကျင်သူပဲ။ မျိုးဆက်သစ် လူငယ်လေးတစ်ယောက်ရဲ့ ပစ္စည်းကို သဘောကျလို့ ယူတာကို သူက ငါ့ကို ဘာလို့လဲလို့ မေးနေတယ် ဟုတ်လား "
သူသည် စိတ်ထဲမှ ရေရွတ်ရင်း အနည်းငယ် ရယ်ချင်သွားမိသည်။
ပညာရှင်တွေဆိုတာ အထီးကျန်တာပဲလေ။
တောင်ပေါ်မှာ နေခဲ့တာ နှစ်ပေါင်းများစွာ ကြာသွားလို့လား မသိဘူး၊ တောင်အောက်က မျိုးဆက်သစ်တွေက ကောင်းကင်က ဘယ်လောက်မြင့်မှန်း မသိလောက်အောင် ဖြစ်နေကြပြီပဲ။
လီယန်ချူး မျက်ခုံးပင့်လိုက်မိသည်။ ဒီအဘိုးကြီးက စကားတစ်ခွန်းမှ မပြောဘဲ တိုက်ရိုက် သတ်ဖို့ ကြိုးစားနေတာပဲ။
ဒါက... ဒါက... တကယ်ကို သိပ်ကောင်းတာပဲ။
ဒီလိုနေရာမျိုးမှာ လူကောင်းနဲ့ တွေ့မှာကို အကြောက်ဆုံးပဲ။
သူသည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ဆန်းပြားသော လှုပ်ရှားမှုများ မပါဝင်ပေ။
ထျန်းကန်းလက်ဝါး
လေခွဲလက်ဝါး
ဝူး
အားကောင်းလှသော လက်ဝါးလေအဟုန်မှာ ဝတ်ရုံနက်အဘိုးအိုထံသို့ မျက်နှာချင်းဆိုင် တိုးဝင်သွားတော့သည်။
ဝူး
ခဏချင်းအတွင်းမှာပင် သဲတဖြူးဖြူး လွင့်ပျံကာ ကျောက်တုံးငယ်များ လွင့်ထွက်ကုန်သည်။
လက်ဝါးတစ်ချက်တည်းဖြင့် အဘိုးအို ဂုဏ်ယူနေသော ယင်မီးကို ငြိမ်းသတ်ပစ်လိုက်သည်။
၎င်းတင်မကသေးဘဲ ထိုဝတ်ရုံနက်အဘိုးအိုမှာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် သူ၏ ဖြူဖွေးသော ဆံပင်များမှာ နောက်သို့ လွင့်ထွက်သွားပြီး လက်ဝါးလေအဟုန် ပျောက်ကွယ်သွားသည့်တိုင် ဆံပင်များမှာ ပြန်မကျလာဘဲ တန်းတန်းကြီး ထောင်နေတော့သည်။ ကြည့်ရသည်မှာ အလွန်ပင် ရယ်စရာကောင်းလှသည်။
"..." ဝတ်ရုံနက်အဘိုးအို။
နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်ခန့် တောင်ပေါ်က မဆင်းခဲ့တာ၊ အခုခေတ် လူငယ်တွေက ရန်ဖြစ်ရင် ဒီလောက်အထိ ကြမ်းကြတာလား။