အခန်း (၁၇၀၅-၁၇၀၆)
Vol. 171 Ch. 1705-1706
အခန်း (၁၇၀၅) - ငရဲမင်းရဲ့ တပည့်ကျော်အဖြစ် အမှုထမ်းပါရစေ
မသေမျိုးလမ်းစဉ် မဟုတ်သူ အားလုံးဟာ နတ်ဘုရားလမ်းစဉ် လိုက်သူတွေပါပဲ ဟုတ်လား။
နတ်ဘုရားလမ်းစဉ်နဲ့ မသေမျိုးလမ်းစဉ်ရဲ့ ခြားနားချက်က မသေမျိုးလမ်းစဉ် ရှိမရှိ ဆိုတဲ့အပေါ်မှာပဲ မူတည်နေတာလား။
ဒါဆိုရင် ယန်နတ်ဘုရား လမ်းစဉ်ဆိုတာကလည်း နတ်ဘုရားလမ်းစဉ် အမျိုးအစားထဲက တစ်ခုလို့ ပြောလို့ရမလား။
"မိတ်ဆွေ ခုံလင်... ခင်ဗျား အခုထိ အမှန်အတိုင်း မပြောသေးဘူးပဲ"
ဖန့်ချန်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
ခုံလင်၏ အမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီး မျက်နှာတွင် အတင်းအကျပ် ပြုံးဟန်လုပ်ကာ
"မိတ်ဆွေ... ဘာကို ဆိုလိုတာပါလဲ ကျွန်တော်မျိုးရဲ့ ကြံစည်မှုအားလုံးကို ဖော်ပြပြီးပါပြီ၊ ဘာမှ ဖုံးကွယ်ထားတာ မရှိပါဘူး"
"ကျွန်တော် မေးပါရစေ၊ ဒီလောကမှာ အဆင့် ၈ ရှေးဟောင်းမသေမျိုးတွေ အများကြီး ရှိပါလျက်နဲ့ ဘာလို့ ကျင်းလန် ဂုဏ်သရေရှိ ပုဂ္ဂိုလ်နဲ့မှ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တာလဲ "
ဖန့်ချန်က ဆက်၍
"ခင်ဗျားတို့ရဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းထဲမှာလည်း အဆင့် ၈ ရှေးဟောင်းမသေမျိုးတွေ ရှာလို့ရတာပဲ။ ခင်ဗျားတို့ ဂိုဏ်းချုပ်ကြီး တကယ်ပဲ နှစ်ပေါင်း လေးထောင်ကျော် အိပ်ပျော်နေတာဆိုရင် ခင်ဗျားလိုပဲ သစ္စာရှိ လွန်းတဲ့သူတွေ ဂိုဏ်းထဲမှာ အများကြီး ရှိနေမှာပဲလေ"
"မသေမျိုးမှတ်တမ်းကို ဝါးမြိုရုံ၊ သန့်စင်ရုံနဲ့ အဆင့် ၉ တစ်ဝက် ဖြစ်လာမယ်ဆိုတာကတော့ ကလေးကစားစရာ ဆန်လွန်းတယ်။
ဒါ့အပြင် ခင်ဗျားတို့က အဆင့် ၈ ရှေးဟောင်းမသေမျိုးတွေပဲ ရှိသေးတာ၊ အဆင့် ၉ ရဲ့ မသေမျိုးမှတ်တမ်းကို အတင်းအကျပ် သန့်စင်နိုင်စွမ်း ရှိပါ့မလား ကျွန်တော် မယုံဘူး"
ဖန့်ချန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး
"အရေးမပါတဲ့ အချက်တွေကိုပဲ လျှောက်ပြောမနေပါနဲ့တော့။ ပြောစမ်းပါဦး... ကျင်းလန် ဂုဏ်သရေရှိ ပုဂ္ဂိုလ်က လူသားလောက နယ်မြေကိုးခုမှာ ဘယ်ဂိုဏ်းက ကျင့်ကြံသူလဲ၊ ပြီးတော့ သူမနဲ့မှ ပူးပေါင်းရတဲ့ တကယ့် အကြောင်းရင်းက ဘာလဲဆိုတာ"
"ရှင်က သံသယ သိပ်များတာပဲ၊ လက်ရှိ ငရဲမင်း ဆက်ခံသူတစ်ယောက် အနေနဲ့ ဒီလို မဖြစ်သင့်ဘူး"
ကျင်းလန် ဂုဏ်သရေရှိ ပုဂ္ဂိုလ်က ရုတ်တရက် လှောင်ပြုံး ပြုံးလိုက်သည်။
"ကျွန်မက လူသားလောကမှာ ဘယ်က ကျင့်ကြံသူဖြစ်ဖြစ် ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ မိတ်ဆွေ ခုံက ကျွန်မဆီ လာရှာတယ်ဆိုတာကလည်း ကျွန်မနဲ့ သူနဲ့က ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်နေလို့၊ သူက ကျွန်မတစ်ယောက်တည်းကိုပဲ ယုံကြည်လို့ပါပဲ"
"ဟုတ်ပါတယ်၊ အဲဒီအတိုင်းပါပဲ"
ခုံလင်ကလည်း အလျင်အမြန် ခေါင်းညိတ် ထောက်ခံသည်။
"ဒါပေမဲ့ မင်းကိုယ်ပေါ်က နတ်ဆိုးအငွေ့အသက် ကို မြို့ထဲ စဝင်ကတည်းက ငါ ရနေပြီ"
ဖန့်ချန်က ကျင်းလန်ကို စိုက်ကြည့်လိုက်ကာ
"မင်းက နတ်လမ်းစဉ်ဂိုဏ်း က ကျင့်ကြံသူပဲ၊ မင်းက နတ်ဆိုးမျိုးနွယ် တစ်ယောက်ပဲ"
ကျင်းလန်၏ အမူအရာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ခုံလင်သည်လည်း အလွန်အမင်း တုန်လှုပ်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ဤကျင်းလန် ဂုဏ်သရေရှိ ပုဂ္ဂိုလ်သည် လူသားအသွင် ပြောင်းလဲထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး သူမ၏ ဝိညာဉ်တွင်ပင် နတ်ဆိုးမျိုးနွယ်၏ လက္ခဏာ တစ်စုံတစ်ရာ မကျန်တော့သည်ကို တစ်ဖက်လူက မည်သို့ မြင်နိုင်သနည်း။
"သီလရှင်လေး... မင်း ခုနက ခံစားမိတာ မှန်တယ်၊ သူမက နတ်ဆိုးမျိုးနွယ်ပဲ"
ဖန့်ချန်က ကျင်းလန်၏ အမူအရာ ပျက်ယွင်းသွားသည်ကို မြင်သောအခါ ချင်းဟယ်သီလရှင်ကို ကြည့်၍ ပြုံးလိုက်သည်။
"ရှင်... ခုနက ကျွန်မကို လှည့်စားပြီး စမ်းသပ်လိုက်တာလား "
ကျင်းလန်က ဆွံ့အစွာ မေးလိုက်သည်။
ဖန့်ချန်က သူမကို ပြန်မဖြေတော့ဘဲ ခုံလင်ကို အေးစက်စွာ ကြည့်လိုက်သည်။
"အဘိုးကြီး... ခင်ဗျားမှာ အမှန်အတိုင်း ပြောဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ကျန်တော့တယ်"
ခုနက မိတ်ဆွေ ၊ အခုတော့ အဘိုးကြီး ဖြစ်သွားပြီလား။
ဖန့်ချန်၏ သဘောထား ပြောင်းလဲသွားသည်ကို ခုံလင် သတိပြုမိလိုက်သဖြင့် ရင်ထဲတွင် လေးလံသွားရသည်။
သူသည် ကျင်းလန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သွားကို တင်းတင်းကြိတ်ကာ တိုးညင်းစွာ ဝန်ခံလိုက်တော့သည်။
"မိတ်ဆွေ ကျင်းလန်က နတ်လမ်းစဉ်ဂိုဏ်းက ကျင့်ကြံသူဆိုတာ မှန်ပါတယ်။ ကျွန်တော်မျိုး သူမနဲ့ ပူးပေါင်းရတာက နတ်လမ်းစဉ်ဂိုဏ်းက ဝိညာဉ်ရတနာ ဖြစ်တဲ့ နတ်ဘုရားစာရင်း ကြောင့်ပါ"
"ဆက်ပြောဦး"
ဖန့်ချန်က တည်ငြိမ်စွာ ဆိုသည်။
ယခုအခါ ခုံလင်၏ ရည်ရွယ်ချက်ကို သူ အကြမ်းဖျင်း သဘောပေါက်သွားပြီ ဖြစ်သည်။ အသေးစိတ် အချက်အချို့သာ ကျန်တော့၏။
ထို ဝိညာဉ်ရတနာ နတ်ဘုရားစာရင်း သည် ခုံလင် အဆင့် ၉ တစ်ဝက် တက်လှမ်းမည့် ကိစ္စနှင့် အလွန်တရာ ပတ်သက်နေကြောင်း အသေအချာ ကောက်ချက်ချနိုင်သည်။
မော်ထျန်းဌာနနှင့် နတ်လမ်းစဉ်ဂိုဏ်းတို့၏ ဆက်ဆံရေးမှာမူ လောလောဆယ်တွင် ပူးပေါင်းဆောင်ရွက်နေခြင်းလား သို့မဟုတ် မော်ထျန်းဌာနက နတ်လမ်းစဉ်ဂိုဏ်းထဲတွင် သူလျှိုတစ်ယောက် ထည့်သွင်းထားခြင်းလား ဆိုသည်ကို မဆုံးဖြတ်နိုင်သေးပေ။
အရင်က ကျွယ်မင်နတ်ဘုရားနန်းတော်က တိကျန်း ဂုဏ်သရေရှိ ပုဂ္ဂိုလ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အဆင့် ၉ ဝါရင့်ကြီးဟာလည်း မော်ထျန်းဌာနရဲ့ သိမ်းသွင်းမှုကို ငြင်းဆန်ခဲ့လို့ အသတ်ခံရတာ ဖြစ်နိုင်ခြေ အလွန်များသည်။
"အဲဒီ ဝိညာဉ်ရတနာမှာ မသေမျိုးမှတ်တမ်းတွေကို ဝါးမြိုနိုင်စွမ်း ရှိပါတယ်။ သူက မသေမျိုးမှတ်တမ်းကို ဝါးမြိုလိုက်တဲ့အခါ နတ်ဘုရားလမ်းစဉ်ရဲ့ ရာထူးတွေကို ခန့်အပ် ပေးနိုင်တယ်"
ခုံလင်က သက်ပြင်းချကာ
"ကျွန်တော်မျိုးမှာ အဆင့် ၉ မသေမျိုးမှတ်တမ်းကို သန့်စင်နိုင်စွမ်း မရှိတာ အမှန်ပါပဲ။ ဒါကြောင့် နတ်ဘုရားစာရင်းရဲ့ အစွမ်းကို သုံးပြီး မသေမျိုးလမ်းစဉ်ကနေ ရုန်းထွက်ကာ နတ်ဘုရားလမ်းစဉ် အဆင့်အတန်းကို ကူးပြောင်းဖို့ ကြိုးစားတာပါ"
"မိတ်ဆွေ ခုံ... ရှင် ဘယ်လောက်ပဲ ပြောပြော သူ ရှင့်အသက်ကို ချန်ထားမှာ မဟုတ်ဘူး"
ကျင်းလန်က အေးစက်စွာ ဝင်ပြောလိုက်သည်။
"မိတ်ဆွေ ကျင်းလန်... ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။ ကျွန်တော်လည်း အသက်ရှင်ချင်လို့ပါ။ ဒီလောက်ဝေးတဲ့ ခရီးကို လျှောက်လှမ်းလာခဲ့ပြီးမှ ပန်းတိုင်ရောက်ခါနီးမှ ရပ်တန့်မသွားချင်လို့ပါ"
ခုံလင်က အားနာဟန်ဖြင့် ဆိုလိုက်သည်။
ကျင်းလန်ကမူ ခပ်တိုးတိုးသာ ပြန်ပြောသည်
"ဒီနေ့ ရှင် သူ့အတွက် အလုပ်လုပ်ပေးရင်လည်း နောင်တစ်ချိန်မှာ သခင်ကြီး ရောက်လာတဲ့အခါ ရှင် အဆင့် ၉ တက်နိုင်ခဲ့ရင်တောင် ရှင့်အတွက် သေလမ်းပဲ ရှိလိမ့်မယ်"
ခုံလင်မှာ အလန့်တကြား ဖြစ်သွားပြီး မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားတော့သည်။
ရှေ့တွင်လည်း ဝံပုလွေ၊ နောက်တွင်လည်း ကျား ဆိုသကဲ့သို့ ဘယ်ဘက်မှ ပြေးပေါက်မရှိတော့ပေ။
ထိုသို့ တွေးမိသည်နှင့် သူသည် သွားကို တင်းတင်းကြိတ်ကာ ထပ်မံ ပြောကြားလိုက်ပြန်သည်။
"မိတ်ဆွေ... နောက်ထပ် ကိစ္စတစ်ခု ခင်ဗျား မသိသေးတာ ရှိသေးတယ်"
"ဘာကိစ္စလဲ"
ဖန့်ချန်က မေးသည်။
"နတ်လမ်းစဉ်ဂိုဏ်းဟာ နှစ်ပေါင်းများစွာကတည်းက နေရာအနှံ့မှာ ရှေးဟောင်းမသေမျိုးတွေကို လိုက်လံ အမဲလိုက်နေတာ။
အရင်ဆုံး နတ်ဘုရားဘုရင်နယ်မြေ ၊ ပြီးတော့ စိတ်ဝိညာဥ် နယ်မြေ ၊ နောက်ဆုံးမှာတော့ ထိုက်ချန်းနယ်မြေဘက်မှာပါ လိုက်ဖမ်းနေကြတာ။
အောက်ပိုင်း နယ်မြေ ခြောက်ခုမှာတောင် နတ်လမ်းစဉ်ဂိုဏ်းက ကျင့်ကြံသူတွေရဲ့ ခြေရာလက်ရာတွေ ရှိနေတယ်။ သူတို့က သဲလွန်စမကျန်အောင် အလွန် သတိထားပြီး လုပ်ဆောင်ကြတာ။
ဒါတွေအားလုံးက သူတို့ဆီက မသေမျိုးမှတ်တမ်းတွေကို ယူပြီး နတ်ဘုရားစာရင်းကို ကျွေးဖို့၊ အဲဒီကနေတစ်ဆင့် နတ်ဘုရားလမ်းစဉ် ရာထူးတွေ ခန့်အပ်နိုင်ဖို့အတွက်ပါပဲ"
(မသေမျိုးစားရင်းဝင်ခွင့်ကို မသေမျိုးမှတ်တမ်းလို့သုံးမယ်နော် )
ခုံလင်က ဖွင့်ဟလိုက်သည်။
ကျင်းလန်မှာ ထိတ်လန့်သွားပြီး အော်ဟစ်လိုက်တော့သည်။
"ခုံလင် ရှင် ဘာတွေ လျှောက်ပြောနေတာလဲ"
"ကျင်းလန် ဂုဏ်သရေရှိ ပုဂ္ဂိုလ်... ဒီကိစ္စတွေက လျှို့ဝှက်ချက်ဖြစ်ပေမဲ့ ကျွန်တော်တို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကလည်း တစ်လောကလုံးမှာ တပည့်တွေ ရှိနေတာပဲလေ။ ဒါတွေကို ငါတို့ ဖုံးကွယ်ထားလို့ မရဘူး"
ခုံလင်က သက်ပြင်းချလျက် ဆိုလိုက်သည်။
ရှေးဟောင်းမသေမျိုးတွေကို အမဲလိုက်နေတာ ဟုတ်လား
ဖန့်ချန်သည် ခေတ္တမျှ မှင်တက်သွားပြီး အကြောင်းအရာတစ်ခုကို ချက်ချင်း တွေးမိသွားသည်။
ဟွမ်ချင်းကျွဲ သည် ရှေးဟောင်းနယ်မြေရှိ ဝိညာဥ်သုတ်သင်ခြင်းဌာနမှ ရှေးဟောင်းမသေမျိုးများ ပျောက်ကွယ်နေသည့် ကိစ္စကို စုံစမ်းနေခဲ့ခြင်း ဖြစ်သည်။
ဤကိစ္စသည် ဝိညာဥ်သုတ်သင်ခြင်းဌာနအတွင်းတွင်လည်း လူအများ၏ သတိပြုမိခြင်းကို ခံနေရသည်။
ဒါဆိုရင်...ဝိညာဥ်သုတ်သင်ခြင်းဌာနက ပျောက်ဆုံးသွားတဲ့သူဟာ အဆင့် ၇ ရှေးဟောင်းမသေမျိုး တစ်ယောက်တည်းတင် မဟုတ်ဘဲ အများကြီး ဖြစ်နေနိုင်သလား။
ပျောက်ဆုံးသွားတဲ့ ရှေးဟောင်းမသေမျိုးတွေဟာ နတ်လမ်းစဉ်ဂိုဏ်းရဲ့ အမဲလိုက်ခြင်းကို ခံလိုက်ရပြီး သူတို့ရဲ့ မသေမျိုးမှတ်တမ်းတွေ အလုခံလိုက်ရတာလား။
"လက်ရှိ ငရဲမင်း ဆက်ခံသူ... ရှင့်အနေနဲ့ သူ့စကားကို အလွယ်တကူ ယုံကြည်တယ်ဆိုရင် ရှင့်ရဲ့ ဦးနှောက်ကလည်း သိပ်အလုပ်မလုပ်ဘူးလို့ ပြောရမှာပဲ"
ကျင်းလန် ဂုဏ်သရေရှိ ပုဂ္ဂိုလ်က ရုတ်တရက် လှောင်ရယ်လိုက်သည်။
"နတ်လမ်းစဉ်ဂိုဏ်းမှာ ဘယ်လိုလုပ်ပြီး လူမသိအောင် ရှေးဟောင်းမသေမျိုးတွေကို နေရာအနှံ့ အမဲလိုက်နိုင်တဲ့ အစွမ်းရှိမှာလဲ အကယ်၍ ရှိခဲ့ရင် ကျွန်မတို့ နယ်မြေကိုးခုစလုံးကို သိမ်းပိုက်ပြီးနေပြီပေါ့"
"ကျင်းလန် ဂုဏ်သရေရှိ ပုဂ္ဂိုလ်... ဒီကိစ္စကြောင့် လူတော်တော်များများက ကျွန်တော်တို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက လုပ်တာလို့ ထင်နေကြတာ။ ဒါကြောင့် ကျွန်တော်တို့ ဂိုဏ်းထဲမှာ အသေအချာ စုံစမ်းခဲ့ကြပြီးပြီ၊ သဲလွန်စအချို့လည်း ရထားပြီးသား။"
ခုံလင်က ခပ်ရွဲ့ရွဲ့ ပြုံးလိုက်ပြီး
"ဒါဟာ ခင်ဗျားတို့ နတ်လမ်းစဉ်ဂိုဏ်းက လုပ်တာ အမှန်ပဲ။ ဘာလို့ ဒီလို စွမ်းအားမျိုး ရှိနေရတာလဲဆိုတာကိုတော့ ခင်ဗျားတို့ရဲ့ နတ်ဘုရားစာရင်းကိုပဲ မေးကြည့်လိုက်တော့။ ပြီးခဲ့တဲ့ အချိန်တုန်းကတင် ကျွယ်မင်နန်းတော်က ဝါရင့်အကြီးကဲတစ်ယောက်ကို အဲဒီစာရင်းက ဝါးမြိုလိုက်သေးတာ မဟုတ်လား"
ကျင်းလန်သည် ဘာမှ ဆက်မပြောတော့ပေ။ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဤကိစ္စကို ဤမျှအထိ အသေးစိတ် သိထားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"ပြီးခဲ့တဲ့ အချိန်တုန်းက ကျွယ်မင်နန်းတော်က ဝါရင့်အကြီးကဲ တစ်ယောက်ကို ဝါးမြိုလိုက်တယ် ဟုတ်လား "
ဖန့်ချန်က ကျင်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။
"အဲဒီလူက ဝါရင့်အကြီးကဲတုန်းဟွာ လား"
ကျင်းလန်သည် တစ်ဖက်လူက ဤကိစ္စကို သိနေသဖြင့် မျက်မှောင်ကြုတ်သွားကာ
"ရှင်က ကျွယ်မင်နန်းတော်ကလား"
ဖန့်ချန်က ပြန်မဖြေခဲ့ပေ။ သို့သော် ဝါရင့်အကြီးကဲ တုန်းဟွာနှင့် ပထမဆုံး တွေ့ဆုံစဉ်က သူ့ကို အရက်ခွက် တစ်လုံး လက်ဆောင်ပေးခဲ့သည်ကို ပြန်လည် တွေးတောမိသွားသည်။
ထိုအရာမှာ အဖိုးတန် ပစ္စည်းတစ်ခု မဟုတ်သော်လည်း... စေတနာ တစ်ခုပင် ဖြစ်သည်။
"ခုံလင်... ယင်လောကရဲ့ စစ်မှန်တဲ့ နတ်ဘုရား ခန့်အပ်တာကို ခံယူမလား"
ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်သည်။
"ငရဲမင်းရဲ့ တပည့်ကျော် အဖြစ် အမှုထမ်းပါရစေ "
ခုံလင်က ချက်ချင်းပင် လက်အုပ်ချီကာ အလွန်အမင်း ရိုသေကိုင်းညွတ်သော အမူအရာဖြင့် ပြန်လည် ဖြေကြားလိုက်တော့သည်။
ကျင်းလန်သည် ဤမြင်ကွင်းကို မြင်သောအခါ သူမ၏ မျက်ဝန်းများမှာ အလွန်အမင်း အထင်အမြင်သေးသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
"ဒီလို လေပြည့်ရာဘက် လိုက်တတ်တဲ့လူမျိုးကို သိမ်းသွင်းထားလည်း ရှင့်အတွက် ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး"
"အနည်းဆုံးတော့ သူက အသက်ရှင်နိုင်မယ်၊ မင်းကတော့ မရှင်နိုင်ဘူး"
ဖန့်ချန်က တည်ငြိမ်စွာ ဆိုလိုက်ပြီးနောက် ဘွဲ့နှင်းအပ်ခြင်းကို စတင် ရေးသားလိုက်တော့သည်။
ကျင်းလန်သည် ခေတ္တမျှ မှင်တက်သွားပြီး တိတ်ဆိတ်သွားတော့သည်။
ယခင်က ဖန့်ချန်သည် ဝိညာဉ်ကလေး ကို ဘွဲ့နှင်းအပ် ပေးအပ်စဉ်က ယင်သက်တမ်း နှစ်သန်းကျော် ကုန်ဆုံးခဲ့ရသည်။
သို့သော် ထိုအရာမှာ ဝိညာဉ်နတ်ဘုရား သံတမန်ဘွဲ့နှင်းအပ်ခြင်း ဖြစ်သည်။
အခု ယင်စစ်သည် ဘွဲ့နှင်းပေးအပ်ခြင်းနှင့် မတူပေ။
ယင်သက်တမ်း ခြောက်သိန်းကျော်ခန့် ကုန်ဆုံးသွားပြီးနောက် ဖန့်ချန်သည် ယင်စစ်သည် ဘွဲ့နှင်းအပ်ခြင်း တစ်ခုကို ရေးသားကာ ခုံလင်၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ရိုက်သွင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ရှေးဟောင်းဆန်သော အမှတ်အသားများမှာ တောက်ပသော ရွှေရောင် အလင်းတန်းများ ဖြာထွက်လာပြီး ခုံလင်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် လှည့်ပတ် လှုပ်ရှားနေတော့သည်။
အခန်း (၁၇၀၆) - အင်အားစုများ စုစည်းခြင်း
ခုံလင်သည် ငရဲမင်း၏ ဘွဲ့နှင်းအပ်ခြင်းကို အပြည့်အဝ လက်ခံရရှိပြီး ယင်လောက၏ စစ်မှန်သော နတ်ဘုရားတစ်ပါးအဖြစ် အသွင်ပြောင်းလဲသွားပြီးနောက်တွင် ချင်းဟယ်သီလရှင်သည် သူ၏အပေါ်တွင် တင်ထားသော ချုပ်နှောင်မှုများကို ဖယ်ရှားပေးလိုက်သည်။
သူသည် ကျင့်ကြံဆင့်များ ပြန်လည်ရရှိလာကာ နောက်တစ်ကြိမ် မတ်တပ်ရပ်၍ လက်အုပ်ချီ အရိုအသေပြုလိုက်သည်။
"ကျွန်တော်မျိုး ခုံလင်... ငရဲမင်းသခင်ကြီးကို ဂါရဝပြုပါတယ်။ ငရဲမင်းသခင်ကြီး သက်တော်ရာကျော် ရှည်ပါစေ၊ ယင်လောကတစ်ခုလုံးကို တစ်စည်းတစ်လုံးတည်း အုပ်ချုပ်နိုင်ပါစေသတည်း"
"ရယ်စရာပဲ"
ကျင်းလန် ဂုဏ်သရေရှိ ပုဂ္ဂိုလ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ
"ယင်လောကမှာ ငါတို့သခင်ကြီး ရှိနေသရွေ့ ငရဲမင်းဆိုတာတောင် ဘေးဖယ်ပေးရမှာ။ ယင်လောကကို အုပ်ချုပ်မယ် ဟုတ်လား အိမ်မက်ထဲမှာပဲ ဖြစ်နိုင်မှာပါ"
"ကျင်းလန်... ခေတ်အခြေအနေကို သိတဲ့သူမှ ပညာရှိလို့ ခေါ်တာပါ။ ငါနဲ့ မင်း သိလာတာ နှစ်ပေါင်းများစွာ ကြာပြီ၊ မင်း ဒီနေရာမှာ သေသွားမှာကို ငါတကယ် မလိုလားဘူး။
ငါနဲ့အတူတူ ငရဲမင်းသခင်ကြီးဆီမှာ ခိုလှုံပြီး အမှုထမ်းတာ ပိုမကောင်းဘူးလား ငါတို့နှစ်ယောက် လက်တွဲပြီး ရှေ့ဆက်နိုင်တာပေါ့"
ခုံလင်က ဖျောင်းဖျလိုက်သည်။
"ဘယ်သူက ငရဲမင်းရဲ့ ခွေးအဖြစ် နေချင်မှာလဲသခင်ကြီးကမှ ယင်လောကရဲ့ စစ်မှန်တဲ့ အရှင်သခင်ပဲ၊ ငရဲမင်းဆိုတာ ခေတ်ကုန်သွားတဲ့သူပဲ"
ကျင်းလန်က ဆက်တိုက် လှောင်ပြုံး ပြုံးနေရင်း
"သခင်ကြီးသာ လူကိုယ်တိုင် ပေါ်လာရင်... နင်တို့အားလုံး ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်ဖို့တောင် အခွင့်အရေး ရမှာမဟုတ်ဘူး"
ပြောပြီးနောက် သူမက ချင်းဟယ်သီလရှင်ကို တစ်ချက်ကြည့်လိုက်သည်။
"အဆင့် ၉ ယင်မသေမျိုး ဆိုရုံလေးနဲ့ တစ်လောကလုံးမှာ အနှိုင်းမဲ့ပြီ ထင်နေတာလား သခင်ကြီးရဲ့ မျက်လုံးထဲမှာ အဆင့် ၉ ဆိုတာ ပုရွက်ဆိတ်နဲ့ ဘာမှမခြားဘူး "
ခုံလင်က သက်ပြင်းတစ်ချက် အသာအယာ ချလိုက်သည်။
"နောင်တမရနိုင်တဲ့သူပဲ"
ယခု အခြေအနေမှာ အလွန်ပင် ရှင်းလင်းနေပြီဖြစ်သည်။
ထို မော်ထျန်းတိကျန်း ဆိုသူမှာ အလွန်အစွမ်းထက်ပြီး ကောင်းကင်တာအို တစ်ဝက်အဆင့် ရှိနေသည်ဆိုဦးတော့၊ ဘာဖြစ်သနည်း။
ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ထိုပုဂ္ဂိုလ် သိနိုင်စွမ်းရှိမည် မဟုတ်ပေ။
ထို 'တစ်ဝက်' ဆိုသည့် ကွာခြားချက်မှာပင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
ကောင်းကင်တာအို တစ်ဝက်သည် မည်သို့ပင်ဖြစ်စေ စစ်မှန်သော ကောင်းကင်တာအို မဟုတ်ပေ။
"သီလရှင်လေး... သူမကို သေလမ်း ပို့ပေးလိုက်ပါတော့"
ဖန့်ချန်က ဆိုလိုက်သည်။
"...ဖန့်သခင်လေး၊ ကျွန်မ လက်မရဲဘူး ထင်တယ်"
ချင်းဟယ်သီလရှင်က အားနာဟန်ဖြင့် ပြုံးလိုက်ရင်း ဆိုသည်။
ဖန့်ချန် ခေတ္တမျှ မှင်တက်သွားပြီးနောက် ပြုံးလျက် ခေါင်းခါလိုက်သည်။
"ရပါတယ်၊ မင်း ဒီတစ်ခေါက် လုပ်ပေးခဲ့တာတွေက လုံလောက်နေပါပြီ"
"ဪ ဒီအဆင့် ၉ ယင်မသေမျိုးက လက်မရဲဘူးဆိုရင်... မေးပါရစေ သခင်လေး၊ ရှင်က ကျွန်မကို ဘယ်လိုနည်းနဲ့ သတ်မှာလဲ "
ကျင်းလန်သည် မိမိကိုယ်ကိုယ် သေရတော့မည်ဟု ထင်ထားသော်လည်း ယခုကဲ့သို့ အခြေအနေ ဖြစ်လာသဖြင့် အံ့သြသွားသည်။
ဤအဆင့် ၉ မသေမျိုးမလေးက မသတ်တတ်ဘူးလား။
သူမ၏ မျက်နှာတွင် လှောင်ပြောင်လိုသည့် အမူအရာများ တဖြည်းဖြည်း ပေါ်လာကာ ဝိညာဉ်ကလေးနှင့် ခုံလင်ကို တစ်ချက် ကြည့်လိုက်သည်။
"အဆင့် ၈ ရှေးဟောင်းမသေမျိုးချင်း အတူတူ၊ ဒီနှစ်ယောက် ပူးပေါင်းပြီး တိုက်ရင်တောင် ကျွန်မကိုယ်ပေါ်က ယင်သက်တမ်းတွေကို ကုန်ဆုံးအောင် လုပ်နိုင်ဖို့ ခဲယဉ်းလိမ့်မယ်။
ပြီးတော့ ဒီနေရာက လှုပ်ရှားမှုတွေကို သခင်ကြီး သတိထားမိလာမှာ အနှေးနဲ့အမြန်ပဲ။ အဲဒီအချိန်ကျရင်တော့..."
သူမ ဆက်မပြောတော့ဘဲ ဆက်တိုက် လှောင်ရယ်နေတော့သည်။
ဖန့်ချန်သည် စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။ ပြစ်ဒဏ်သင့်တုတ် ကို အသုံးပြု၍ ကျင်းလန်ကို သတ်ဖြတ်ရန် ကုန်ကျမည့် အင်အားကို ချိန်ဆကြည့်ပြီးနောက် နောက်ဆုံးတွင် သေဒဏ်ပေးရန် ဆုံးဖြတ်လိုက်သည်။
"သီလရှင်လေး... ငါ သူမကို ဘွဲ့နှင်းအပ်ပြီး အပြစ်ပေးတော့မယ်၊ မင်း ခဏလောက် ဖိနှိပ်ထားပေးပါဦး"
ဖန့်ချန်က ဆိုသည်။
ထိုအချက်ကိုတော့ ချင်းဟယ်သီလရှင် မငြင်းဆန်ခဲ့ပေ။
ဘွဲ့နှင်းအပ်ပြီးနောက် ကျင်းလန် မည်ကဲ့သို့သော အဆုံးသတ်မျိုး ကြုံရမည်ကို သူမ ခန့်မှန်းနိုင်သော်လည်းပေါ့။
နောက်ဆုံး ရှေးဟောင်းစာလုံးမှာ ကျင်းလန်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်နှင့်အမျှ သူမ၏ မျက်နှာမှာ နာကျင်မှုကြောင့် အစပိုင်းတွင် ပျက်ယွင်းသွားရာမှ တဖြည်းဖြည်း လူသေကဲ့သို့ ဖြူလျော်သွားတော့သည်။
"မင်းပြောတဲ့ အဲဒီသခင်ကြီးအကြောင်း အသေးစိတ် အချက်အလက်တွေ အကုန်သိချင်တယ်။
ပြီးတော့ နတ်လမ်းစဉ်ဂိုဏ်းရဲ့ လက်ရှိ အခြေအနေတွေကိုလည်း သိချင်တယ်"
"အိမ်မက်မက်နေလိုက်"
ကျင်းလန်က သွားကို တင်းတင်းကြိတ်၍ ဆိုသည်။
ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်သည်။
နောက်တစ်ခဏတွင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်မီးလျှံ များသည် ကျင်းလန်၏ ခန္ဓာကိုယ်ပေါ်တွင် တောက်လောင်လာတော့သည်။
သူမ၏ နာကျင်စွာ အော်ဟစ်သံများကိုလည်း ချင်းဟယ်သီလရှင်က ခြံဝင်းအတွင်း၌သာ ပိတ်လှောင်ထားသဖြင့် အပြင်သို့ ပျံ့နှံ့မသွားခဲ့ပေ။
ဖုန်ရှင်းဝူနှင့် ခုံလင်တို့မှာ ထိုအဆင့် ၈ မသေမျိုးကြီးသည် နောက်ဆုံးတွင် ပြာအဖြစ်သို့ ပြောင်းလဲကာ လောကမှ ထာဝရ ပျောက်ကွယ်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်နေရင်း မျက်နှာများ ဖြူလျော်လာကြသည်။
"အဘိုးကြီးခုံ... ထိုက်ချန်းနယ်မြေမှာ ခင်ဗျားတို့ လဝိညာဉ်နတ်ဘုရားဂိုဏ်း ရဲ့ အင်အားက ဘယ်လိုရှိလဲ"
ဖန့်ချန်က ပြာပုံများဆီမှ အကြည့်ကို လွှဲလိုက်ကာ ခုံလင်ကို ကြည့်၍ မေးလိုက်သည်။
ခုံလင်သည် စိတ်ထဲမှ ဝမ်းနည်းကြေကွဲမှုကို ဖိနှိပ်ကာ ရိုသေစွာ လျှောက်တင်လိုက်သည်။
"ငရဲမင်း..."
"နောင်မှာ ငါ့ကို သခင်လေး လို့ပဲ ခေါ်ပါ"
"ဟုတ်ကဲ့ပါ သခင်လေး"
ခုံလင်က ခေါင်းညိတ်လိုက်သည်
"ဝိညာဥ်နတ်ဘုရားဂိုဏ်းဟာ ဂိုဏ်းချုပ်ကြီး အိပ်ပျော်နေတာ ကြာပြီဖြစ်တဲ့အတွက် အထက်ပိုင်း နယ်မြေသုံးခုမှာ အင်အားသိပ်မကြီးပါဘူး။
ထိုက်ချန်းနယ်မြေမှာတော့ အမာခံတပည့် ၄၀ ဦးရှိပြီး သူတို့တွေဟာ ထိုက်ချန်းနယ်မြေရဲ့ တိုက်ပွဲတွေမှာ ပါဝင်ခြင်း မရှိပါဘူး။
နှစ်ဖက်စလုံးရဲ့ နောက်ကွယ်မှာ လိုက်နေပြီး သွေးဝိညာဉ်နတ်ဘုရားဆေးလုံး တွေကို စုဆောင်းနေကြတာပါ"
"ထိုက်ချန်းနယ်မြေကို ဘယ်သူ တာဝန်ယူ စောင့်ကြပ်နေတာလဲ ခင်ဗျားလား၊ ဒါမှမဟုတ် တခြား ဝါရင့်ပုဂ္ဂိုလ်တွေလား "
"ထိုက်ချန်းနယ်မြေမှာ တာဝန်ခံ နှစ်ယောက် ရှိပါတယ်။ ကျွန်တော်မျိုးက အဲဒီထဲက တစ်ယောက်ပါ"
ခုံလင်က ဆိုသည်။
"ဒါဆိုရင် ခင်ဗျား အခု လူသားလောကကို ပြန်ပြီး ခင်ဗျား စေခိုင်းလို့ရသမျှ အမာခံတပည့် အားလုံးကို ကုတိန်ကြယ် ကို ခေါ်ခဲ့ပါ"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်
"ကုတိန်ကြယ်က ဘယ်မှာလဲဆိုတာ ခင်ဗျား သိမှာပါနော်"
မိစ္ဆာမျိုးနွယ်များက ကုတိန်ကြယ်ကို အရေးကြီးသော ထောက်ပို့အခြေစိုက်စခန်းအဖြစ် အသုံးပြုနေသည်ဖြစ်ရာ ဝိညာဥ်နတ်ဘုရားဂိုဏ်းကဲ့သို့ သတင်းအချက်အလက် ကျယ်ပြန့်သော ဂိုဏ်းအနေဖြင့် ကုတိန်ကြယ်၏ တည်နေရာကို သိထားသင့်ပေသည်။
"သခင်လေး... ကျွန်တော်မျိုး သိပါတယ်။ ဒါဆိုရင် ကျွန်တော်မျိုး အခုပဲ အရင်ပြန်လိုက်ပါဦးမယ်"
ခုံလင်က ရိုသေစွာ ဆိုသည်။
"သွားတော့"
ဖန့်ချန်က လက်ဝှေ့ယမ်းပြလိုက်သည်။
ခုံလင်သည် ကျင်းလန်မြို့မှ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။
ခြံဝင်းအတွင်း၌ ဖန့်ချန်၊ ချင်းဟယ်သီလရှင်၊ ဝိညာဉ်ကလေး နှင့် ဖုန်ရှင်းဝူတို့သာ ကျန်ရှိကာ အလွန်ပင် တိတ်ဆိတ်သွား၏။
"မော်ထျန်းတိကျန်းဟာ ဒီဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေကို နှစ်ပေါင်းများစွာကတည်းက ဦးနှောက်ဆေးထားတာဆိုတော့ သူတို့ဆီကနေ သဲလွန်စရှာဖို့က မဖြစ်နိုင်တော့ဘူး။
ဖုန်ရှင်းဝူတို့လို လူတွေကလည်း မော်ထျန်းဌာနရဲ့ အဓိက လျှို့ဝှက်ချက်တွေကို မသိနိုင်ကြဘူး။ အဲဒီနတ်ဆိုးကြီး က မော်ထျန်းဌာနကို သံမဏိစည်ပိုင်းလို လုံခြုံအောင် တည်ဆောက်ထားတာပဲ"
"ကံကောင်းတာက သူတို့တွေက လူသားလောကရဲ့ ကိစ္စတွေမှာ တကယ်တမ်း ဝင်မပါသေးဘဲ ဖူထူလောကကိုပဲ အဓိကထားနေတာဆိုတော့ ခေတ္တခဏတော့ စိုးရိမ်စရာ မရှိသေးဘူး"
"သုံးလောကတောင် ဘက်ကတော့... ထိုက်ချန်းနယ်မြေ ကိစ္စပြီးရင် ပြန်သွားကြည့်ရမယ်။ အဲဒီ ဝိညာဥ်နတ်ဘုရားဂိုဏ်းချုပ်ကြီးက အဲဒီမှာ တကယ် အိပ်နေတာဆိုရင်တော့ ဒါဟာ အချိန်ကိုက်ဗုံးတစ်လုံးပဲ"
ခေတ္တမျှ စဉ်းစားပြီးနောက် ဖန့်ချန်က ဖုန်ရှင်းဝူကို ကြည့်လိုက်သည်။
"မင်း အရင် ပြန်လိုက်တော့။ ဝမ်တောက်မသေမျိုးဂိုဏ်း ကို ရောက်ရင် တခြား မော်ထျန်းဌာနက ကျင့်ကြံသူတွေ ရှိမရှိ ရှာကြည့်ဦး"
"ဟုတ်ကဲ့ပါ"
ဖုန်ရှင်းဝူသည် အမိန့်ကို နာခံကာ ထွက်ခွာသွားသည်။
"နောက်မှ မင်းကို ပြန်ခေါ်ပြီး ကစားခိုင်းမယ်၊ အခုတော့ ပြန်တော့"
ဖန့်ချန်က ဝိညာဉ်ကလေး၏ တင်ပါးကို ပုတ်လိုက်ပြီးနောက် သူ့ကို မူလနေရာသို့ ပြန်ပို့ပေးလိုက်သည်။
"သီလရှင်လေး... ကျွန်တော့်ကို ခုနက နေရာကို ပြန်ပို့ပေးဖို့ အကူအညီ တောင်းပါရစေဦး"
ဖန့်ချန်က ချင်းဟယ်သီလရှင်ကို ပြုံး၍ ဆိုလိုက်သည်။
ချင်းဟယ်သီလရှင်က ခေါင်းညိတ်ပြကာ ဖန့်ချန်၏ ပုခုံးကို ကိုင်လိုက်သည်နှင့် နှစ်ဦးသား နေရာမှာတင် ပျောက်ကွယ်သွားကြတော့သည်။
"ဒီမြို့က စွန့်ပစ်ခံထားရတာ နှစ်ပေါင်းများစွာ ရှိနေပြီပဲ"
ချင်းဟယ်သီလရှင်သည် ဖန့်ချန်နှင့်အတူ ယင်မြို့တော်အတွင်း လမ်းလျှောက်နေသည်။
ဤယင်မြို့သည် ကုတိန်ကြယ်နှင့် ဆက်စပ်နေသော နေရာဖြစ်သည်။
"လောကသုံးပါး ပရမ်းပတာ ဖြစ်ပြီးကတည်းက စွန့်ပစ်ခံလိုက်ရတာ။ ဝမ်ချွမ်းမြစ်လမ်းကြောင်းပိတ်ဆို့ခံလိုက်ရတော့ လူတွေ သေရင်တောင် ဝိညာဉ်တွေက ယင်လောကကို မဝင်နိုင်ကြတော့ဘူး။ ကြာလာတော့ ဒီလိုပုံစံမျိုး ဖြစ်ကုန်တာပေါ့"
ဖန့်ချန်က ပတ်ဝန်းကျင်မြင်ကွင်းကို ကြည့်ရင်း အမှတ်မထင် ပြောလိုက်သည်။
"လူတွေက ယင်လောကကို မဝင်နိုင်ရင် လူပြန်ဝင်စားဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ ဒါဆိုရင် အခု အထက်လောကက လူတွေက ဘယ်ကနေ ရောက်လာကြတာလဲ "
ချင်းဟယ်သီလရှင်က တိုးညင်းစွာ ရေရွတ်လိုက်သည်။
ဖန့်ချန် ခေတ္တမျှ မှင်တက်သွားပြီး ချင်းဟယ်သီလရှင်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"သီလရှင်လေး... နောင်မှာ ဒီလိုမျိုးကိစ္စတွေကို ပြင်ပလူတွေရှေ့မှာ လျှောက်မပြောမိစေနဲ့။ အခုခေတ် လူတွေက ဘယ်ကလာသလဲဆိုတာကတော့... အရင်တုန်းက မိစ္ဆာမျိုးနွယ်တွေ ဘာလို့ လောကသုံးပါးကို ဆူပူအောင် လုပ်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကို မင်းသိရင် အလိုလို နားလည်သွားလိမ့်မယ်"
ထို့နောက် ဖန့်ချန်သည် လှေကားထစ်တစ်ခုတွင် ထိုင်ကာ ချင်းဟယ်သီလရှင်ကိုပါ ထိုင်ခိုင်းပြီး မိစ္ဆာမျိုးနွယ်နှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကို ပြောပြပေးလိုက်သည်။
နားထောင်ရင်းဖြင့် ချင်းဟယ်သီလရှင်မှာ တဖြည်းဖြည်း နားလည်လာဟန်ရှိကာ သူမ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာ၏။
"တော်လောက်ပြီ"
ဖန့်ချန်က ယင်ဘူး ကို ထုတ်ယူလိုက်ကာ ချင်းဟယ်သီလရှင်ကို ပြုံး၍ ဆိုလိုက်သည်။
"မင်းကို ခဏလောက် ထပ်ပြီး သည်းခံခိုင်းရဦးမယ်"
ချင်းဟယ်သီလရှင်က ဘာမှမဖြစ်သလို ပြုံး၍ ခေါင်းညိတ်ပြကာ ယင်ဘူး အတွင်းသို့ ကိုယ်တိုင် ဝင်သွားတော့သည်။
ဖန့်ချန် လူ့လောကပြန်ရောက်ပြီးနောက်တွင် ကုတိန်ကြယ်၏ သန့်စင်ရေးလုပ်ငန်းစဉ်များကို စတင် ကိုင်တွယ်တော့သည်။
နယ်မြေချဲ့ထွင်ရေးအဖွဲ့ ထောင်ပေါင်းများစွာသည် သူနှင့်အတူ တိုက်ပွဲဝင်ကြပြီး၊ ရွှမ်အမာခံ နှင့် ဒေသခံ ကျင့်ကြံသူ အကြီးအကဲများ၏ ပူးပေါင်းမှုဖြင့် နှစ်ပေါင်း ၃၀ အတွင်းမှာတင် ဂူတန်ကြယ်၏ ထိန်းချုပ်ခွင့်ကို အပြည့်အဝ ပြန်လည်ရရှိခဲ့သည်။
အချို့သော လွတ်မြောက်သွားသည့် ရန်သူများ ကျန်ရှိနေသေးသော်လည်း ကြောင်ကလေး နှစ်ကောင် သုံးကောင်ကဲ့သို့ အင်အားနည်းသဖြင့် စိုးရိမ်စရာ မရှိတော့ပေ။
တစ်နေ့တွင် ဖန့်ချန်သည် ကုတိန်ကြယ်ထံမှ ထောက်ပို့ပစ္စည်းအဖြစ် မသေမျိုးကျောက်တုံး ၈,၀၀၀ ကို ရရှိခဲ့သည်။
သူသည် ထိုကျောက်တုံး အားလုံးကို ခွဲဝေပေးလိုက်သည်။ မသေမျိုးလှေ အုပ်စုကြီးတစ်ခုလုံး၏ သုံးစွဲမှုနှင့် နှိုင်းယှဉ်လျှင် ၈,၀၀၀ ဆိုသည်မှာ ပြောပလောက်အောင် မရှိသော်လည်း ဘာမှမရှိတာထက်တော့ သာပေသည်။
ကျောက်တုံး များ ခွဲဝေပေးပြီး မကြာမီမှာပင် အပြာရောင် ကောင်းကင်ယံထံမှ အခြား ကြာပန်းပုံစံ မသေမျိုးလှေ အုပ်စုတစ်ခုမှာ အလွန်လျင်မြန်စွာ ရောက်ရှိလာသည်။ အလွန်ပင် အရေးကြီးနေသည့် ဟန်ရှိ၏။
ဖန့်ချန်နှင့် ရွှမ်အမာခံ တို့သည်လည်း မိမိတို့၏ လှေအုပ်စုများကို ပြင်ဆင်ကာ ထိုအုပ်စုထံသို့ ကြိုဆိုရန် ပျံသန်းသွားကြတော့သည်။