အထူးရွှေရောင်အမြုတေ
Vol. 39 Ch. 386
ကျားဘုရင် သေဆုံးသွားခဲ့လေပြီ။
ကျားပေါက်လေး နှစ်ကောင်ကို သတိလစ်စေပြီး ခွန်းလွန် အင်မော်တယ်နန်းတော်၏ မိစ္ဆာချည်နှောင်ကြိုးဖြင့် တုပ်နှောင်ကာ တက်လှမ်းသူ နှစ်ဦးက အဖွဲ့၏အနောက်ဆုံးမှ ဆွဲခေါ်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် ကျားမိစ္ဆာများနှင့် ကြုံတွေ့ရမှု ပိုနည်းလာသည်။
မိစ္ဆာချိပ်ပိတ်မျှော်စင်နှင့် နီးကပ်လာလေလေ၊ လမ်းခရီးက ပိုမိုချောမွေ့လာလေလေ ဖြစ်သည်။
ချန်ဟွိုက်အန်က လီချင်းရန်၏ လက်ငယ်လေးကို ကိုင်ထားရင်း ကျားဘုရင်ပေးခဲ့သော သတင်းအချက်အလက်များကို စိတ်ထဲတွင် စဉ်းစားနေခဲ့သည်။
သံသယဖြစ်စရာမလိုပေ။ ထိုသူများက အနာဂတ်တွင် သူ့ရန်သူများ ဖြစ်လာလိမ့်မည်။ ထို့အပြင် ၎င်းတို့က တက်လှမ်းသူများ၏ နောက်ကွယ်မှ ဖုံးကွယ်နေသော အင်အားစုများလည်း ဖြစ်သည်။ ဝမ်ရှိုယီတို့လို လူများ၏ ခေါင်းပေါ်ရှိ မီးခိုးရောင် မြူခိုးများသည်လည်း ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်နေလောက်သည်။ ဤမီးခိုးရောင် မြူခိုးများသည် ကောင်းသောအရာ မဟုတ်ကြောင်း ယခုအခါ ရှင်းလင်းသွားပြီ ဖြစ်သည်။ တစ်နေ့တွင် ဤတက်လှမ်းသူများက သေချာပေါက် ဆိုးရွားသော တန်ပြ န်က်ရောက်မှုများနှင့် ရင်ဆိုင်ရပေမည်။
ယခု ပြဿနာမှာ နဂါးဝိညာဉ် အမွေဆက်ခံသူတစ်ဦးအနေဖြင့် သူ ဘာလုပ်သင့်သလဲ ဆိုသည်ပင်။
သူ့တွင် အကြံအစည် လုံးဝ မရှိသေးပေ။
ကျားဘုရင်က သူ ဘာလုပ်သင့်သည်ကို ပြောပြချင်နေပုံရသော်လည်း နောက်ကွယ်က ထိုအရာများအကြောင်း ရောက်သွားတိုင်း စကားလမ်းကြောင်း လွှဲသွားခဲ့သည်။ ၎င်းတို့အကြောင်း ပြောရုံမျှဖြင့် ထိုသူများက သတိထားမိနိုင်ရာ ကျားဘုရင်က ထိုမျှလောက် သတိထားခဲ့ရခြင်း ဖြစ်နိုင်သည်။
"ငါတို့ မိစ္ဆာချိပ်ပိတ်မျှော်စင်ကို ရောက်တော့မယ်။ အားလုံး သတိထားကြ။"
ဝမ်ရှိုယီ၏ အသံက အရှေ့ဘက်မှ ထွက်ပေါ်လာ၏။
ချန်ဟွိုက်အန်က တောင်ထွတ်ပေါ်ရှိ မိစ္ဆာချိပ်ပိတ်မျှော်စင်ဆီသို့ မော့ကြည့်လိုက်သည်။
မိစ္ဆာမျိုးနွယ်စု တစ်ခုလုံးက တက်လှမ်းသူများနှင့် ၎င်းတို့နောက်ကွယ်ရှိ အင်အားစုများ၏ သေမင်းတမန် ရန်သူများ ဖြစ်ကြသည်။
သို့သော် သူတို့ အားနည်းသောကြောင့် မိစ္ဆာချိပ်ပိတ်မျှော်စင်ထဲတွင် ပိတ်လှောင်ခံထားရပြီး တက်လှမ်းသူများအတွက် ဓားသွေးကျောက်များအဖြစ် သတ်မှတ်ချိန်များတွင် လွှတ်ပေးခံရခြင်း ဖြစ်သည်။
သူတို့က တက်လှမ်းသူများအတွက် အမျိုးမျိုးသော ပစ္စည်းများကိုလည်း ထောက်ပံ့ပေး ကြရသည်။
ရိုးရိုးလေးပြောရလျှင် ဂိမ်းတစ်ခုထဲမှ အတွေ့အကြုံရှာသည့် နေရာတစ်ခုလိုပင်။
"ဒီမိစ္ဆာချိပ်ပိတ်မျှော်စင်ထဲမှာ သဲလွန်စတချို့များ တွေ့ရမလားပဲ..." ချန်ဟွိုက်အန်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဆရာ။ ဘာတွေ တိုးတိုးလေး ပြောနေတာလဲ။" လီချင်းရန်က ခေါင်းလှည့်ကာ ချန်ဟွိုက်အန်ကို စူးစမ်းစွာ ကြည့်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ ဒီမိစ္ဆာချိပ်ပိတ်မျှော်စင်က တကယ်ပဲ မျှော်စင်တစ်ခုနဲ့ တူတယ်လို့ တွေးနေတာပါ။" ချန်ဟွိုက်အန်က အလေးအနက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "မျှော်စင်နဲ့တူတဲ့ မျှော်စင်ဆိုတာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အရာပဲ။ အဲဒီထဲမှာ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝနိယာမ တစ်ခုခု ပါဝင်နေရမယ်လို့ စဉ်းစားနေတာပါ။"
လီချင်းရန် - "..."
ဆရာပြောတဲ့ နိယာမဆိုတာက... အဓိပ္ပာယ်မရှိခြင်း တာအိုများလား။
စဉ်းစားကြည့်ရင် ဒီတာအိုကို ကျင့်ကြံတဲ့လူဆိုတာ တစ်ခါမှ မကြားဖူးဘူး။
တကယ်လို့ သူက အဲဒါကို အဓိပ္ပာယ်ရှိအောင် လုပ်နိုင်ခဲ့ရင် အဲဒါက တကယ်ကို တောက်ပပြီး မျှော်လင့်ချက်ရှိတဲ့ လမ်းစဉ်တစ်ခု ဖြစ်လာနိုင်တယ်။
အသေးစိတ် အချက်အလက်လေးတွေကတစ်ဆင့် အနှစ်သာရကို အမြဲ ဆုပ်ကိုင်နိုင်တဲ့ ဆရာပီသပါပေတယ်။
"ဆရာ။ ကျွန်မ သိချင်လို့ပါ။ ဆရာက ကျင့်စဉ် ဖိနှိပ်ခံထားရတဲ့ ဒီကမ္ဘာမှာ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့်အထိ ကျင့်ကြံခဲ့တာဆိုရင် အဲဒီဖိနှိပ်ထားမှုကြီး ပျောက်သွားရင် ဘာဖြစ်သွားမလဲ။ ကျင့်စဉ်အဆင့်တွေက ထပ်ပေါင်းသွားမှာလား။"
"ဘာလို့ ရုတ်တရက်ကြီး ဒါကို မေးရတာလဲ။" ချန်ဟွိုက်အန်၏ နှလုံးသားက အကြောင်းပြချက်မရှိဘဲ ခုန်ပေါက်သွားခဲ့သည်။
လီချင်းရန်က ခေါင်းလေးစောင်းကာ မျက်လုံးဝိုင်းကြီးများကို မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်သည်။ "ဘာလို့လဲဆိုတော့ ဆရာ့ရဲ့ ကျင့်စဉ်ဖိနှိပ်ထားမှုက ဖယ်ရှားခံလိုက်ရတာနဲ့ မတူဘဲ အခြေခံအုတ်မြစ် ပြီးပြည့်စုံမှုအဆင့်ကနေ ရွှေရောင်အနှစ်သာရ အဆင့်ကို ဖောက်ထွက်သွားသလို ဖြစ်နေတာကို သတိထားမိလို့ပါ။"
"အာ။ အဲဒါက..."
ချန်ဟွိုက်အန်၏ နဖူးမှ ချွေးတစ်စက် ကျဆင်းလာပြီး အတင်းအကျပ် ပြုံးလိုက်သည်။ "အဲ.. အဲဒါက ဆရာ ဖန်တီးထားတဲ့ ဖောက်ထွက်မှု နည်းလမ်းတစ်ခုလေ။ အခြေခံအုတ်မြစ် အဆင့်မှာပဲ တစ်သက်လုံး ပိတ်မိနေလို့ မရဘူးလေ။ မဟုတ်ဘူးလား။ ဒါကြောင့်မို့လို့ ငါ့ရဲ့ ကျင့်စဉ်တစ်ခုလုံးကို ပိတ်လှောင်လိုက်ပြီး ဒီကမ္ဘာကြီးရဲ့ ငြင်းပယ်မှု စွမ်းအားကို အနိမ့်ဆုံးအထိ လျှော့ချလိုက်တယ်။ အဲဒီနည်းနဲ့ ဖောက်ထွက်လို့ ရသွားတာပေါ့။ ဒါပေမဲ့ ဒီနည်းလမ်းက အန္တရာယ်များတယ်။ ငါ ပိတ်လှောင်ထားတဲ့ ကျင့်စဉ်ကို ပြန်လည် အသုံးပြုချင်ရင် သိပ်လွယ်မှာ မဟုတ်ဘူး။"
"ဪ… အဲဒီလိုလား။" လီချင်းရန်က မေးစေ့ကို ပွတ်သပ်ကာ ခဏစဉ်းစားပြီးနောက် မျက်လုံးများ တောက်ပလာကာ သူ့ကို လေးစားစွာ ကြည့်လိုက်သည်။ "ဆရာက အရမ်းတော်တာပဲ။ ဒီလို ထက်မြက်တဲ့ ဖြေရှင်းနည်းမျိုးကို စဉ်းစားနိုင်တယ်။"
"ဒါဆို ဆရာက အခု ဒီကမ္ဘာမှာဆိုရင် ရွှေရောင်အနှစ်သာရ ကျင့်ကြံသူတစ်ယောက်ပေါ့။ တခြား ရွေးချယ်စရာ မရှိရုံကလွဲလို့…"
"အဲဒီအတိုင်းပဲ။"
"ဟီးဟီး…"
လီချင်းရန်က ပြန်လှည့်ပြီး ဆက်လျှောက်သွားခဲ့သည်။
သူ၏ ခြေလှမ်းများက ပေါ့ပါးသွက်လက်နေပြီး ခုန်ဆွခုန်ဆွပင် ဖြစ်နေသည်။ မည်သည့် အရာကများ သူ့ကို ဤမျှလောက် စိတ်ရွှင်လန်းနေစေသလဲ မသိနိုင်ပေ။
ချန်ဟွိုက်အန်က လီချင်းရန်၏ စိတ်ခံစားချက် ပြောင်းလဲသွားသည်ကို သတိမထားမိခဲ့။
ဟူး။ အလိမ်အညာနဲ့ လွတ်မြောက်သွားခဲ့ပြီ။
သူက သက်ပြင်းတိုးတိုးလေး ချလိုက်သည်။
အခု ရွှေရောင်အနှစ်သာရ အစောပိုင်းအဆင့်ကို ရောက်ပြီဆိုတော့ ချင်းယွန်ဘုံက သူ့ရဲ့ မဟာတက်လှမ်းခြင်း ကျင့်စဉ်ကို သုံးလို့ ရပြီပေါ့။ ဒီ မိစ္ဆာချိပ်ပိတ်မျှော်စင် ကိစ္စပြီးတာနဲ့ လီချင်းရန်နဲ့အတူ ချက်ချင်း ပြန်သွားမယ်။
သူတော်စင် ယွိယောင်နဲ့ အဲဒီ ဘုန်းကြီး ဖန်ယဲ့တို့နဲ့ စာရင်းရှင်းရမယ့် အချိန်ရောက်ပြီ။
"ကျွတ်။ ငါ့ရဲ့ ဒီရွှေရောင်အမြုတေက..."
ချန်ဟွိုက်အန်က သူ၏ အတွင်းထဲမှ ရွှေရောင်အမြုတေကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
ယခင်က သေချာစစ်ဆေးရန် သူ အချိန်မရခဲ့ပေ။
ယခု သေချာကြည့်လိုက်ရာ တစ်ခုခု လွဲနေသလို ခံစားရ၏။
ဓားကျောင်းတော်က တပည့်အများအပြာား၏ ရွှေရောင်အမြုတေများကို သူ မြင်ဖူးသည်။ ထူးခြားသောအရာ ဘာမှမရှိပေ။ လီချင်းရန်၏ အမြုတေက ကြာပန်းလို ပုံစံလေးများနှင့် နူးညံ့သော အပြာရောင် အလင်းတန်းလေး ထွက်နေ၍ အနည်းငယ် ကွဲပြားရုံသာ ရှိသည်။
သို့သော် သူ့ဟာက ပိုပြီး ထူးဆန်းနေ၏။
ရွှေရောင်အမြုတေ မျက်နှာပြင်ပေါ် ရှုပ်ထွေးသော ထွင်းစာများ ရှိနေသည်။
သေချာကြည့်လိုက်ရာ ၎င်းမှာ ရစ်ခွေနေသော ရွှေရောင်နဂါးတစ်ကောင် ဖြစ်နေသည်။ ထို့ပြင် နဂါး၏ အရှေ့တွင် ဒူးထောက် ခစားနေသော ကျားခေါင်းနှင့် လူသားပုံရိပ်တစ်ခု ရှိနေ၏။
အဲဒါ သွေးပယင်းတောင်သခင် မဟုတ်ဘူးလား။
သူက ငါ့ရဲ့ ရွှေရောင်အမြုတေပေါ်မှာ သွားကပ်နေတာလား။
ချန်ဟွိုက်အန် တစ်ခဏတာ တိတ်ဆိတ်သွား၏။
သူက ဂိမ်းကို ဖွင့်ပြီး အသေးစိတ် ကစားသူ အချက်အလက်များကို စစ်ဆေး ကြည့်လိုက်သည်။
ကျင့်ကြံခြင်း အပိုင်းတွင် အစောပိုင်း ရွှေရောအနှစ်သာရအဆင့်ဟု ဖော်ပြထားသည်။
ထို့အပြင် ၎င်း၏ဘေးတွင် အသေးစိတ် ရှင်းလင်းချက်တစ်ခု ပေါ်လာသည်။
ကိုးဆင့် နဂါးပုလဲ ရွှေရောင်အမြုတေ - အစစ်အမှန် နဂါးများသည် မိစ္ဆာအားလုံး၏ သခင်များ ဖြစ်ကြသည်။ ဤရွှေရောင်အမြုတေကို ပိုင်ဆိုင်သူများသည် ၎င်းတို့၏ စွမ်းအားကို ရယူရန် မိစ္ဆာ တစ်သောင်းထံမှ ပူဇော်သက္ကာရများကို လက်ခံရရှိနိုင်သည်။
လက်ရှိ ပူဇော်သက္ကာရ - သွေးပယင်းတောင်သခင် (မိစ္ဆာဘုရင်)
ရရှိသော ပါရမီ - သွေးပယင်း သေမင်းနယ်မြေ
[ သွေးပယင်း သေမင်းနယ်မြေ ] - ပြိုင်ဘက်ကို သွေးပယင်း နေရာလွတ်အတွင်း တစ်ယောက်ချင်း သေရေးရှင်ရေး တိုက်ပွဲသို့ ဆွဲသွင်းနိုင်သည်။
( အမိန့်ပေးစကား - ဓားကို ဆွဲထုတ်လိုက်။ မင်းနဲ့ငါပဲ။)
...
ချန်ဟွိုက်အန်က စိတ်ထဲမှနေ၍ ကျားဘုရင်ကို နောက်ထပ် တစ်ကြိမ် ကျေးဇူးတင်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ကျားဘုရင်က တကယ်ကို ဖြောင့်မတ်တယ်။ သူက ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ စတေးခဲ့တာ။
ဒီစွမ်းရည်က ရန်သူတွေကို တစ်ယောက်ချင်း တိုက်ခိုက်ဖို့အတွက် သီးခြား နေရာလွတ် တစ်ခုထဲကို ဆွဲသွင်းသလိုမျိုး ဖြစ်နေလို့ တစ်ယောက်နဲ့အများ တိုက်ခိုက်ရတဲ့ အခြေအနေတွေမှာ အထူး အသုံးဝင်မှာ။
သို့သော် ၎င်းသည် ချင်းယွန်ဘုံမှ သူ၏ ဟင်းလင်းပြင်ပေါင်းစည်းခြင်း ကိုယ်ပွား အသုံးပြုနိုင်သော စွမ်းရည်တစ်ခုပင်။
လက်တွေ့တွင်တော့ သူက ရွှေရောင်ဝိညာဉ်အမြုတေ ကျင့်ကြံသူ တစ်ယောက် သက်သက်သာ ဖြစ်သည်။ သူ့အတွက် ရွေးချယ်စရာ နည်းပါးလှသည်။
မိစ္ဆာဘုရင်။ မင်း ငါ့ကို တကယ် ကျေးဇူးပြုခဲ့တာပဲ။
သူက အဖွဲ့၏ အနောက်ဆုံးမှ သတိလစ်နေသော ကျားမိစ္ဆာလေး နှစ်ကောင်ကို လှမ်းကြည့်လိုက်ပြီး တိတ်တဆိတ် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
"မင်းတို့ အဖေက ဒီလောက် ဖြောင့်မတ်မှတော့ ငါကလည်း မင်းတို့ နှစ်ကောင်ကို ဘာပဲဖြစ်ဖြစ် ကာကွယ်ပေးရတာပေါ။"
ချန်ဟွိုက်အန်က ကံကြမ္မာကို မယုံကြည်ပေ။
ကျားဘုရင်၏ အပိုင်းပိုင်းပြတ်နေပြီး အဆိုးမြင်နေသော မှတ်ဉာဏ်များထဲတွင် ဝင်စားခြင်းတိုင်း သူ၏တစ်မိသားစုလုံး တက်လှမ်းသူများအတွက် ပစ္စည်းများ ဖြစ်သွားခြင်းဖြင့် အဆုံးသတ်ခဲ့သော်လည်း…
ယခုတစ်ခါတော့ မတူတော့ပေ။
ငါ ချန်ဟွိုက်အန်က ပုံရိပ်ယောင်ကောင်မလေးဂိမ်းနဲ့အတူ ကံကြမ္မာကို ခြေဖဝါးအောက် ကြိတ်ချေပစ်မယ်။
သို့သော် ချန်ဟွိုက်အန် မသိခဲ့သည်မှာ…
ကျားဘုရင်၏ အငွေ့အသက် လုံးဝ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်...
ချင်လင်းတောင်တန်းနှင့် မိုင်ထောင်ချီ ကွာဝေးသော တိရစ္ဆာန်ရုံ တစ်ရုံတွင်...
ပုံမှန်အားဖြင့် ယဉ်ကျေးသိမ်မွေ့သော ကျားမတစ်ကောင်က ရုတ်တရက် ရူးသွပ်သွားပြီး ၎င်းပတ်လည်ရှိ ခိုင်ခံ့သော မှန်များကို အတင်း ဝင်တိုက်နေခဲ့သည်။ တိရစ္ဆာန်ရုံ ဝန်ထမ်းအချို့က အော်ဟစ်တားဆီးသော်လည်း အချည်းနှီးသာ ဖြစ်သည်။ စားစရာဖြင့် ဖြားယောင်းခြင်း၊ မေ့ဆေးများ အသုံးပြုခြင်းတို့ကလည်း လုံးဝ အလုပ်မဖြစ်ခဲ့။
ကျားက လှောင်အိမ်ထဲမှ ထွက်ပြေးလွတ်မြောက်တော့မည့်ပုံ ပေါ်နေသည်။
တိရစ္ဆာန်ရုံပိုင်ရှင်က လုံးဝ မကြံတတ်တော့ဘဲ ဝန်ထမ်းများကို အော်ဟစ်လိုက်သည်။
"မင်းတို့ ဘာရပ်ကြည့်နေတာလဲ။ မေ့ဆေးသေနတ်ကို ထပ်သုံး။ ဆေးပိုသုံး။"
"သူဌေး၊ ဒါပေမဲ့ ဒီထက်ပိုသွားရင် သေစေနိုင်တဲ့ ပမာဏ ဖြစ်သွားတော့မယ်..." တိရစ္ဆာန်ရုံဝန်ထမ်းက ရူးသွပ်နေသော ကျားမကို တွန့်ဆုတ်စွာ ကြည့်လိုက်သည်။
ဤကျားမလေးက တိရစ္ဆာန်ရုံသို့ ရောက်ရှိသည်မှာ နှစ်လသာ ရှိသေးသော်လည်း အမြဲတမ်း အလွန်ယဉ်ကျေးပြီး လိမ္မာခဲ့သည်။
သူ၏ မျက်လုံးများက အခြားကျားများနှင့် မတူသော ဝိညာဉ် အငွေ့အသက်လေးတစ်ခု ပါဝင်နေသည်။
တစ်ခါတစ်ရံတွင် ထိုကျားက လူစကားကို နားလည်နိုင်သည်ဟုပင် သူ ခံစားရသည်။
အကြောင်းမှာ ဝိညာဉ်ဖြစ်တည်ခြင်း တားမြစ်ချက်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။
ယခုအခါ မိစ္ဆာများ လူသိရှင်ကြား နေထိုင်လာကြလေပြီ။
ဒီကျားကလည်း မိစ္ဆာတစ်ကောင် ဖြစ်နေပြီလား။
"သေစေနိုင်တဲ့ ပမာဏဆိုရင်လည်း ဖြစ်ပါစေ။"
တိရစ္ဆာန်ရုံပိုင်ရှင်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်ပြီး အသံက အေးစက်ခိုင်မာနေ၏။
"တိရစ္ဆာန်ရုံထဲမှာ ဧည့်သည်တွေ အများကြီး ရှိနေသေးတယ်။ မင်း သူတို့ကို ဒီကျား စားတာ ခံစေချင်လို့လား။"
တိရစ္ဆာန်ရုံဝန်ထမ်းက နှုတ်ခမ်းကို ကိုက်လိုက်ပြီး မေ့ဆေးသေနတ်ကို နောက်တစ်ကြိမ် ပြန်ကောက်ကိုင်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
...