← Chapters

စည်းလုံးခြင်းသည်အင်အား

Vol. 39 Ch. 388

စည်းလုံးခြင်းသည်အင်အား

Vol. 39 Ch. 388

နားလည်မှု လွဲချော်နေခြင်းကို အသုံးချကာ ချန်ဟွိုက်အန်က ကြီးမားသော ခြေလှမ်း တစ်လှမ်းကို အစွမ်းကုန် လှမ်းလိုက်သည်။

သူက အငြင်းခံရမည်ကို အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်သည်။

လီချင်းရန်က သူ့ကို သနားစရာကောင်းသော ဇာတ်ပို့ တစ်ယောက်လို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်မည်ဟုပင် သူ စိတ်ကူးထားခဲ့သည်။

ဆရာက တပည့်ကို ပြန်ပိုးပန်းနေတာလား။

အရမ်းကို သောက်တလွဲနိုင်တာပဲ။

သို့သော်…

လီချင်းရန်က ဘာမှ ပြန်မပြောခဲ့ပေ။

သူက မျက်လုံးဝိုင်းကြီးများကို မှိတ်တုတ်မှိတ်တုတ်လုပ်ကာ အကြာကြီး တိတ်ဆိတ် သွားခဲ့သည်။

ချန်ဟွိုက်အန်က စိုးရိမ်တကြီးဖြင့် ထိုနေရာတွင် ရပ်နေခဲ့ပြီး လက်ကလည်း လီချင်းရန်၏ တင်းကျပ်စွာ ဆုပ်ကိုင်ထားမှုကို ခံနေရဆဲဖြစ်ကာ လှုပ်၍မရဘဲ တစ်ကိုယ်လုံး ပုရွက်ဆိတ်တွေ တွားသွားနေသလို ခံစားနေရသည်။ သူ၏ သည်းခံနိုင်စွမ်း အကန့်အသတ်ကို ရောက်လုနီးပါး အချိန်မှာပင်…

လီချင်းရန် စကားစပြောလာခဲ့သည်။ "ဆရာ၊ ရည်းစားဆိုတာ ဘာလဲ။"

ချန်ဟွိုက်အန် သက်ပြင်းတစ်ချက် ချလိုက်သည်။

ငါ့ရဲ့ တပည့်အရူးမလေးက ရည်းစားဆိုတာ ဘာမှန်းတောင် မသိဘူးပဲ။

ဟီးဟီး..

ဒါက ငါသဘောကျ လှေကိုလှော်ခွင့်ရမယ့် အကောင်းဆုံး အခွင့်အရေး မဟုတ်ဘူးလား။

"အဟမ်း၊ ရည်းစားဆိုတာ... အမျိုးသမီး သူငယ်ချင်းပေါ့။ ဒါပေမဲ့လည်း သာမန် သူငယ်ချင်းတင် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတင် မဟုတ်ဘူး။ အဲဒီထက် ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးကို ခေါ်တာ…"

စကားပြောနေစဉ်တွင် ချန်ဟွိုက်အန်က လီချင်းရန်၏ အမူအရာကို မျက်လုံးထောင့်မှ သတိထား၍ ကြည့်နေခဲ့သည်။

ထင်ထားသည့်အတိုင်းပင် သူ၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ပြည့်နှက်နေ၏။

လီချင်းရန်က သူ၏ ရှင်းပြချက်ကို စဉ်းစားလိုက်ပြီးနောက် ဇဝေဇဝါဖြင့် မေးလိုက်သည်၊

"ဒါဆို ဆရာနဲ့တပည့် ဆက်ဆံရေးကို ထည့်မတွက်ဘူးဆိုရင် ကျွန်မက ဆရာ့ရဲ့ ရည်းစား ဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား။"

"အင်း၊ မင်းပြောတာ မမှားဘူး။ ဒါပေမဲ့ လုံးဝ မှန်နေတာတော့ မဟုတ်ဘူး။"

ချန်ဟွိုက်အန်က လက်ညှိုးကို ခါယမ်းကာ အလေးအနက် ပြောလိုက်သည်။ "ဒီဆက်ဆံရေးက မင်းထင်ထားတာထက် ပိုရှုပ်ထွေးတယ်။ တစ်ခါ စပြီးတော့ တည်ဆောက်ပြီးသွားရင် နောက်ထပ် တာအိုအဖော် သွားရှာလို့ မရတော့ဘူး။ အချင်းချင်းအတွက် အကောင်းဆုံး လက်တွဲဖော် ဖြစ်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ…"

"ဪ။ နားလည်ပြီ။" လီချင်းရန်က ခေါင်းကို အားပါးတရ ညိတ်လိုက်ပြီး ဆက်စပ် တွေးတောလိုက်သည်။ "စီနီယာအစ်မယွဲ့ကလည်း သမီးရဲ့ တစ်သက်စာ အချစ်ဆုံး သူငယ်ချင်း လုပ်ချင်တယ်။ ကျွန်မတို့နှစ်ယောက်လုံး ဘယ်တော့မှ တာအိုအဖော် မရှာသင့်ဘူးလို့ ပြောခဲ့ဖူးတယ်။ သူလည်း ကျွန်မရဲ့ ရည်းစား လုပ်ချင်နေတာ ဖြစ်ရမယ်။"

ချန်ဟွိုက်အန်၏ နှုတ်ခမ်းများ တွန့်သွားသည်။

သောက်ကျိုးနည်း။ သူခိုးက အိမ်တွင်းမှာ ရှိနေတာပဲ။ ယွဲ့ချန်ချီက ငါ့ကောင်မလေးကို ခိုးဖို့ ကြိုးစားနေတာလား။

စုချီနျန်ဆီကို အချိန်ရရင် သွားပြီး သူ့ကို သေချာ သတိပေးဖို့ ပြောရဦးမယ်။

"ဒါဆို မင်း သူ့ကို သဘောတူလိုက်တာလား။" သူက စူးစမ်းကြည့်လိုက်သည်။

"သေချာပေါက် မတူဘူးပေါ့။" လီချင်းရန်၏ မျက်လုံးများက သူ၏ မျက်နှာပေါ်ကို ဖြတ်ပြေးသွားပြီး ပါးပြင်များ အနည်းငယ် နီမြန်းလာကာ နှုတ်ခမ်းစူလျက် ပြောသည်။ "အဲဒီလို တောင်းဆိုချက်မျိုးကို ကျွန်မ ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။ တစ်သက်လုံး တာအိုအဖော် မရှာဘူးဆိုတာ... အရမ်းကို လွန်လွန်းတယ်။"

"အတိအကျပဲ…" ချန်ဟွိုက်အန်က ခေါင်းညိတ်လိုက်သည်။ "အဲဒီလို တစ်သက်စာ ကိစ္စမျိုးကို နောက်ပြောင်လို့ မရဘူးလေ။ မင်း သဘောမတူသရွေ့တော့…"

"ကျွန်မက ဆရာ့ရဲ့ ရည်းစား ဖြစ်သွားရင် ဆရာက ကျွန်မရဲ့ရည်းစား ဖြစ်သွားတာပေါ့၊ ဟုတ်လား။"

ချန်ဟွိုက်အန် စကားမဆုံးမီမှာပင် လီချင်းရန်က အကြောင်းအရာကို ပြန်လည် ဆွဲခေါ်သွားခဲ့သည်။

"အင်း၊ ဟုတ်တယ်။" ချန်ဟွိုက်အန်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ခေတ္တရပ်ပြီး ပြောလိုက်သည်။ "မင်းက ငါ့ရည်းစား ဖြစ်သွားရင် ငါက မင်းရဲ့ ရည်စား ဖြစ်သွားမယ်။”

"ဒါဆို ဆရာကလည်း တာအိုအဖော် မရှာရဘူးဆိုတဲ့ စည်းမျဉ်းကို လိုက်နာရမှာလား။"

"သေချာတာပေါ့။"

"ကောင်းပါပြီ။" လီချင်းရန်က လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။ "အဲဒီလိုဆိုရင် အခုကစပြီး ကျွန်မက ဆရာ့ရဲ့ ရည်းစား။ ဆရာက ကျွန်မရဲ့ ရည်းစားပဲ။ ဆရာ-ရည်းစား။ ကျေးဇူးပြုပြီး ကျွန်မကို သေချာ ဂရုစိုက်ပေးပါ။"

ထိုသို့ပြောပြီးနောက် လီချင်းရန်က မင်္ဂလာပွဲ ဝင်ရောက်တော့မည့် အတိုင်း သူ့ကို လေးနက်စွာဖြင့် နက်နက်ရှိုင်းရှိုင်း ဦးညွတ်လိုက်သည်။

"ဟားဟားဟား၊ ကောင်းပြီလေ။" ချန်ဟွိုက်အန်က သူ့ကို လိုက်တုကာ အနေခက်စွာ ပြန်လည် ဦးညွတ်လိုက်ပြီး အနည်းငယ် ထစ်အလျက် ပြောလိုက်သည်။ "အင်း... တပည့်-ရည်းစား။၊ ကျေးဇူးပြုပြီး ငါ့ကိုလည်း သေချာ ဂရုစိုက်ပေးပါဦး။"

သူတို့နှစ်ဦး အပြန်အလှန် ဦးညွတ်နေခြင်းက ပတ်ဝန်းကျင်ရှိ တက်လှမ်းသူ အားလုံးအတွက် ကြည့်စရာ မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့သည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဇဝေဇဝါ ဖြစ်နေကြသည်။

ဒီနှစ်ယောက်က ခရီးစဉ်တစ်လျှောက်လုံး တွယ်ကပ်နေခဲ့တယ်။

သူတို့ တစ်ယောက်လက်ကို တစ်ယောက် တစ်ခါမှ မလွှတ်ခဲ့ဘူး။

မိစ္ဆာတွေနဲ့ တိုက်ပွဲဖြစ်နေချိန်မှာတောင် လက်ကိုင်ထားကြတုန်းပဲ။

တက်လှမ်းသူတွေ သန့်စင်ခန်း သွားဖို့ လိုသေးတယ်ဆိုရင် သူတို့ အတူတူတောင် သွားကြဦးမယ့်ပုံပဲ။

အခုကျမှ... သူတို့ရဲ့ ဆက်ဆံရေးကို တရားဝင် ကြေညာနေကြတာလား။

အဟက်။ မြို့ခံတွေကတော့ ကစားတတ်လွန်းတယ်။

"ဒါက စီနီယာနဲ့ မရီးတို့ကြားက စင်ကြယ်တဲ့ အချစ်ပေါ့လေ..."

မိစ္ဆာချိပ်ပိတ်မျှော်စင် ဝင်ပေါက်တွင် အချိန်အတော်ကြာ မှင်သက်နေခဲ့သော ဝမ်ရှိုယီက မျက်နှာကို အုပ်ကာ စိတ်ကူးယဉ်ဆန်သော အမူအရာဖြင့် ကိုယ်ကို လှုပ်ယမ်းလိုက်သည်။ "ဝေါင်း။ ငါလည်း တာအိုအဖော် ရှာဖို့ အချိန်ရောက်ပြီနဲ့ တူတယ်။ ဒီထက်ပို စောင့်နေရင် ငါလည်း အသက်က မငယ်တော့ဘူး။"

ထိုအချိန်မှာပင်…

သူ၏ခါးတွင် ချည်နှောင်ထားသော မိစ္ဆာချည်နှောင်ကြိုး ရုတ်တရက် လှုပ်ရှားသွား၏။

ဝမ်ရှိုယီ၏ တွေဝေမှုများ ချက်ချင်း လွင့်စင်သွားသည်။

သူက လေးနက်သော အမူအရာဖြင့် ကြိုးကို ငုံ့ကြည့်လိုက်၏။

အစပိုင်းတွင် စိတ်ထင်များလားဟု ထင်ခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် ကြိုးက ထပ်မံ လှုပ်ရှားသွားပြန်သည်။ ယခုတစ်ကြိမ် ပို၍ ပြင်းထန်၏။ အခြားတစ်ဖက်ရှိ မည်သူမဆို သိသိသာသာ အထိတ်တလန့် ဖြစ်နေပုံရသည်။

မိစ္ဆာချိပ်ပိတ်မျှော်စင်ထဲသို့ ဝင်ရောက်သွားသော အဖွဲ့တွင် တစ်ခုခု မှားယွင်းသွားပြီ ဖြစ်သည်။

ဝမ်ရှိုယီက တုံ့ဆိုင်းမနေဘဲ ကြိုးကို ဆုပ်ကိုင်ကာ ဓားဖြင့် လေထဲသို့ ပျံတက်သွားပြီး တက်လှမ်းသူများကို ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် ထူးဆန်းသည်မှာ လုပ်ငန်းစဉ် တစ်ခုလုံးတွင် မည်သည့် ခုခံမှုမျှ မရှိခဲ့ပေ။ ကြိုးက အစမှအဆုံး အလေးချိန် မရှိသကဲ့သို့ ခံစားရ၏။

ကြိုးကို အပြည့်အဝ ဆွဲထုတ်လိုက်သောအခါ မျှော်စင်အနီးတွင် စုရုံးနေသူ အားလုံး တိတ်ဆိတ်သွားကြသည်။

"တစ်ဖက်မှာ ဘယ်သူမှ မပါလာတာ ဘယ်လိုဖြစ်ရတာလဲ။"

"တစ်ယောက်လောက်ပဲ ဖမ်းကိုင်ထားရင်တောင် ဆွဲထုတ်ခံရနိုင်တာပဲလေ..."

"ပြီးတော့ ကြိုးပေါ်မှာ သွေးတစ်စက်တောင် မရှိဘူး။ သူတို့က မိစ္ဆာတွေနဲ့ လုံးဝ တိုက်ခိုက်ခဲ့ပုံမရဘူး။"

"ဒါတော့ လွန်သွားပြီ။"

ဝမ်ရှိုယီက မျှော်စင်ဝင်ပေါက်တွင် ဆင်းသက်လိုက်ပြီး မြေပြင်ပေါ်ရှိ ဗလာဖြစ်နေသော ကြိုးကို တင်းမာသော မျက်နှာထားဖြင့် စိုက်ကြည့်နေခဲ့သည်။

ဂွက်…

စူးရှသော အသံတစ်ခုက လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။

မျှော်စင်ဝင်ပေါက်တွင် ထားရှိသော ဝိညာဉ်မီးအိမ် နှစ်ဆယ်ထဲမှ တစ်ခု ကွဲအက်သွားခြင်း ဖြစ်သည်။

ထိုမီးအိမ်မှာ ဒုတိယမြောက် ဝင်ရောက်သွားသော တက်လှမ်းသူ အယောက်နှစ်ဆယ်ထဲမှ တစ်ယောက်၏မီးအိမ် ဖြစ်သည်။

ပထမ အယောက်နှစ်ဆယ်မှာ အသံတိတ်သွားခဲ့သော်လည်း သူတို့၏ ဝိညာဉ်မီးအိမ်မှာ ပကတိအတိုင်း ရှိနေသေးသည်။

ပထမဆုံး မီးအိမ် ကွဲအက်သွားသည်နှင့်အမျှ ဒိုးဆက်လေးများကို တိုက်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။

ခွပ် ခွပ်…

ကြက်သီးထဖွယ် အသံတွဲများ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။

ကျန်ရှိနေသော ဝိညာဉ်မီးအိမ် ဆယ့်ကိုးခုမှာ တစ်ခုပြီးတစ်ခု ကွဲအက်သွားခဲ့သည်။

နောက်ဆုံးတစ်ခု ကွဲအက်သွားသောအခါ အဖွဲ့တစ်ဖွဲ့လုံး တိတ်ဆိတ်ငြိမ်သက် သွားခဲ့သည်။

ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လက်ကိုင်ထားဆဲဖြစ်ကာ မြေကြီးကို ကြည့်နေဟန်ဆောင်ပြီး စကားတစ်ခွန်းမှ မဟရဲကြပေ။

"မင်းတို့အားလုံး..." ဝမ်ရှိုယီက အနီးအနားရှိ တက်လှမ်းသူ အချို့ကို မော့ကြည့်လိုက်သည်။

သူတို့က ချက်ချင်းပင် လက်ကို ယမ်းကာ ကြောက်ရွံ့စွာဖြင့် နောက်ဆုတ်သွားကြသည်။

"မလုပ်ပါနဲ့ အင်မော််တယ်ဝမ်။ မလုပ်ပါနဲ့၊ ကျွန်တော်တို့ တကယ်ဝင်လို့ မရပါဘူး။"

"ဟုတ်တယ် စီနီယာ။ တက်လှမ်းခြင်းတိုင်ကို အသုံးပြုဖို့ နောက်ထပ် အခွင့်အရေး ပေးမယ်ဆိုရင်တောင် ကျွန်တော်တို့ မဝင်ရဲပါဘူး။"

"ဟွန့်။ သူရဲဘောကြောင်တဲ့ ကြွက်တွေ။” ဝမ်ရှိုယီက တံတွေးထွေးလိုက်သည်။

ဒီအမြောက်စာတွေက ဝင်မသွားဘူးဆိုရင် ငါကိုယ်တိုင် ဝင်သွားရမှာလား။ ဒါမှမဟုတ် စီနီယာနဲ့ မရီးကို အန္တရာယ်ခံခိုင်းရမှာလား။

သူ၏ ပြင်းထန်သော အကြည့်များက တက်လှမ်းသူများကို ဖြတ်ပြေးသွားပြီး သူ ကြည့်လိုက်သည့် နေရာတိုင်းတွင် နောက်ထပ် ပစ်မှတ် မဖြစ်စေရန် အလျင်အမြန် ခေါင်းငုံ့သွားကြသည်။

"စီနီယာဝမ်၊ တခြား ရွေးချယ်စရာ မရှိတော့ရင် ကျွန်တော်တို့ အားလုံး အတူတူ ဝင်သွားရင်ကော..."

တက်လှမ်းသူ တစ်ဦးက သတ္တိမွေးကာ ပြောလိုက်သည်၊ "အယောက်နှစ်ဆယ်စီ အုပ်စုခွဲပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဝင်သွားတာပေါ့။ အင်အားကြီးတဲ့ မိစ္ဆာတွေ ဒါမှမဟုတ် တခြား အန္တရာယ်တွေနဲ့ ရင်ဆိုင်ရရင် သူတို့ အသက်ရှင်ဖို့ မလွယ်တာ အံ့ဩစရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံး အဖွဲ့လိုက် ဝင်သွားရင်တော့ အန္တရာယ် တစ်ခုခုနဲ့ ကြုံရရင်တောင် အားလုံး အတူတူ ပြန်ဆုတ်နိုင်မှာပဲလေ။ စီနီယာဝမ် ဘယ်လိုထင်လဲ…"

"ငါ ဘယ်လိုထင်လဲ ဟုတ်လား။ အဲဒါ သောက်ရူးတွေရဲ့ စကားလို့ ငါထင်တယ်…" ဝမ်ရှိုယီ၏ မျက်လုံးများက အေးစက်နေသည်။ "သူရဲဘောကြောင်တဲ့လူက သူရဲဘောကြောင်တာပဲ။ အမြဲတမ်း ဆင်ခြေတွေ ရှာနေတာ။ မင်းတို့ဂိုဏ်းတွေက ပေးထားတဲ့ အရင်းအမြစ်တွေက မင်းတို့ကို အနောက်မှာ ပုန်းနေဖို့ အတွက်လား။ အခုချက်ချင်း အထဲကို ဝင်သွား၊ မဟုတ်ရင်တော့…"

"အဟမ်း…" ချန်ဟွိုက်အန်က ချောင်းတစ်ချက်ဟန့်ကာ သူ့စကားကို ဖြတ်လိုက်သည်။

"ညီလေးဝမ်။ ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ ငါတို့အားလုံး အတူတူ ဝင်သွားကြတာပေါ့။ စည်းလုံးခြင်းက အင်အားပဲ မဟုတ်လား…"

စောင့်ရတာ ပျင်းလာပြီ။

ကျားဘုရင်က မဟာမိတ်တစ်ပိုင်း ဆိုတော့ မိစ္ဆာချိပ်ပိတ်မျှော်စင်ကလည်း မဟာမိတ် တစ်ပိုင်းလို့ သတ်မှတ်လို့ရတာပဲလေ။

မဟာမိတ်ဆိုရင် ဘာကြောက်စရာ ရှိလို့လဲ။

အတင်းသာ ဝင်သွားလိုက်။

ဝမ်ရှိုယီ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"စီနီယာချန် ပြောတာ လုံးဝမှန်တယ်။ စည်းလုံးခြင်းက အင်အားပဲ။ ကျွန်တော်တို့အားလုံး အတူတူဆိုရင် အန္တရာယ်နဲ့ ကြုံရင်တောင် တစ်ပြိုင်တည်း ပြန်ဆုတ်လို့ ရတာပေါ့။"

တက်လှမ်းသူများ - "...”

…

All Chapters