နည်းနည်းလောက် ထပ်တိုးလာခဲ့
Vol. 39 Ch. 384
ဂိမ်းဇာတ်ကောင်များကို ဗားရှင်းအသစ်များဖြင့် ဖျက်ပစ်နိုင်သည် သို့မဟုတ် ပြန်လည် မွမ်းမံနိုင်သည်။ ဝတ္ထုဇာတ်ကောင်များ၏ ကံကြမ္မာကိုလည်း စာရေးဆရာ၏ စိတ်ကူး အပေါ်တွင် မူတည်၍ အလွယ်တကူ ပြောင်းလဲပစ်နိုင်သည်။
သူ သိထားသမျှကို သွေးပယင်းတောင်သခင် ထုတ်ဖော်ပြောပြခဲ့သော သတင်း အချက်အလက်များနှင့် ပေါင်းစပ်လိုက်သောအခါ…
ချန်ဟွိုက်အန်က... သူကိုယ်တိုင် ဂိမ်းဇာတ်ကောင်တစ်ကောင် ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
ဇာတ်လမ်းတစ်ပုဒ်ထဲမှ စိတ်ကူးယဉ် ဖန်တီးထားသော လူတစ်ယောက်လိုမျိုးပင်။
တစ်ခုတော့ ရှိသည်။ သူက ထိန်းချုပ်မှုမှ လွတ်ကင်းသွားသော ဇာတ်ကောင်တစ်ကောင် ဖြစ်နေခြင်းပင်။
သွေးပယင်းတောင်သခင်နှင့် တခြား မိစ္ဆာများလိုပင်။
သူတို့အားလုံးက ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားကြလေပြီ။
အဲဒါကြောင့်မို့လို့... သူတို့ကို ဖယ်ရှားပစ်ဖို့ လိုနေတာလား။
တစ်ဖက်မှာတော့ တက်လှမ်းသူတွေက ဂိမ်းအက်ဒမင်တွေ တရားဝင် အသိအမှတ်ပြု ထားတဲ့ အကောင့်တွေ ဖြစ်နေတယ်။ သူတို့က စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတဲ့ အတွက် အခွင့်ထူးတွေ ပေးအပ်ခံရတယ်။
ဒါပေမဲ့ အခွင့်ထူးတွေနဲ့အတူ သံကြိုးတွေလည်း ပါလာတယ်။ သူတို့တွေ ရရှိထားသမျှ အရာအားလုံးကို မျက်စိတစ်မှိတ်အတွင်းမှာ ပြန်လည် ရုပ်သိမ်းသွားနိုင်တယ်။
"ဒီအကြောင်းအရာတွေကို... ဘိုးဘေးနဂါးကြီးက မင်းကို မပြောပြဘူးလား။"
"မပြောဘူး။" ချန်ဟွိုက်အန်က ခေါင်းခါလိုက်သည်။ "သူက ငါ့ကို တက်လှမ်းသူ မဖြစ်ဖို့လောက်ပဲ သတိပေးခဲ့တာ။ တက်လှမ်းခြင်းဆိုတာ လိမ်လည်မှု တစ်ခုလို့ ပြောခဲ့တယ်။"
ကျားဘုရင်က ချန်ဟွိုက်အန်ကို နားလည်ရခက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ဘိုးဘေးနဂါးကြီးက မင်းကို တကယ် မျက်နှာသာပေးတာပဲ။ အမှန်အတိုင်းပြောရရင် မင်းဆီမှာ ဘာထူးခြားချက်မှ ငါ မတွေ့မိဘူး။ အရင်က အမွေဆက်ခံသူတွေနဲ့ ယှဉ်ရင် မင်းက အရမ်းကို သာမန်ပဲ။"
ချန်ဟွိုက်အန် - "...."
ဘာတွေလဲ။
ဟိုအရူးရေနဂါးက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ့ကို အထင်သေးခဲ့တယ်။
အခု ဒီသောက်ကျားကလည်း အဲဒီလိုပဲလား။
ဘာလဲ။ သူတို့အားလုံးက သူတို့ကိုယ်သူတို့ အရမ်းမိုက်တယ်လို့ ထင်နေကြတာလား။
ချန်ဟွိုက်အန်က ကျားဘုရင်ကို ပေးမည့် အနာကျက်ဆေးလုံးကို တိတ်တဆိတ် ပြန်၍ သိမ်းလိုက်သည်။
ထားလိုက်တော့။ ဒီလို မောက်မာတဲ့ကျားက သေသွားတာပဲ ကောင်းပါတယ်။
သို့သော် သွေးပယင်းတောင်သခင်က ထိုလှုပ်ရှားမှုလေးကို သတိထားမိသွားသည်။ ၎င်းက ပြုံးလိုက်သည်။ ထို့နောက်တွင် သွေးသံရဲရဲ မျက်နှာပေါ်တွင် ကျေနပ်မှု အရိပ်အယောင်လေး ပေါ်လာခဲ့၏။
"ငါ့ရဲ့ အပိုင်းပိုင်းပြတ်နေတဲ့ မှတ်ဉာဏ်တွေထဲမှာ အရင်က အမွေဆက်ခံသူတိုင်းက နတ်ဘုရားတွေ၊ ဗုဒ္ဓတွေနဲ့ ယှဉ်နိုင်တယ်။
မင်းကတော့ အခြေခံအုတ်မြစ်တ အထွတ်အထိပ်အဆင့်ပဲ ရှိသေးတယ်။ အင်း၊ ရွှေရောင်အနှစ်သာရအဆင့် ရောက်တော့မယ့်ပုံပဲ။ ဒါပေမဲ့ အားနည်းလွန်းသေးတယ်။"
"ငါ့ကို ဆေးတွေ ပေးစရာ မလိုပါဘူး။ ငါ့ကံကြမ္မာက ဒီမှာ သေရမှာပဲ။ အရင် သံသရာတွေတုန်းက ငါ့ရဲ့ ဇနီးနဲ့ ကလေးတွေက တက်လှမ်းသူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ ငါ့ရဲ့ ကျားရေက သူတို့ရဲ့ လက်နက်တွေအတွက် ပစ္စည်းဖြစ်သွားခဲ့တယ်။ နဂါးဝိညာဉ် အမွေဆက်ခံသူတစ်ယောက်ရဲ့ လက်ချက်နဲ့ သေရတာက ငါ့အတွက် ဂုဏ်ယူစရာပါပဲ…"
"ဟေ့ ဟေ့…" ချန်ဟွိုက်အန်က ဆေးလုံးကို ပြန်ထုတ်လာသည်။ "အဲဒီလို မပြောနဲ့။ ငါနဲ့ တွေ့တာက မင်းရဲ့ ကံကြမ္မာ ပြောင်းလဲနေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဂုဏ်သိက္ခာရှိရှိ သေရတာထက် ခက်ခက်ခဲခဲ အသက်ရှင်ရတာက ပိုကောင်းပါတယ်။ မင်း ဒီလောက် ကျင့်စဉ်အဆင့် ရောက်ဖို့ အများကြီး ကြိုးစားခဲ့ရတာပဲ။ ဘာလို့ သေဖို့ ဒီလောက် လောနေရတာလဲ။"
"ဒါဆို မင်း ငါ့ရင်ဘတ်ကို ဓားနဲ့ မဖောက်ခဲ့သင့်ဘူးလေ။"
ကျားဘုရင်က ဟိန်းဟောက်လိုက်ပြီး ဟနေသော ဒဏ်ရာကြီးကို လက်ညှိုး ထိုးပြလိုက်သည်။
"ငါ့နှလုံး ပေါက်ကွဲသွားပြီ။ ငါ့ရဲ့ အသက်စွမ်းအင်တွေ ကုန်ဆုံးသွားပြီ။ အခု ငါ မင်းနဲ့ စကားပြောနေတာက စိတ်ဆန္ဒ သက်သက်နဲ့ပဲ။ ရွှေကိုယ်ထည် အင်မော်တယ်တောင် ငါ့ကို ကယ်နိုင်မှာ မဟုတ်ဘူး။ သိပြီလား…"
ချန်ဟွိုက်အန် - "...."
သူ စိတ်ထဲမှ တိတ်တဆိတ် တောင်းပန်လိုက်၏။
ပြောရလျှင် ဤကျားက မဟာမိတ်တစ်ပိုင်း ဖြစ်နေသည်ကို သူ မသိခဲ့ပေ။
ထို့အပြင် ယခုအချိန်အထိလည်း သူ သိပ်ပြီး အပြစ်ရှိသလို မခံစားရပေ။
မည်သို့ပင်ဆိုစေ ကျားဘုရင်က မိစ္ဆာနှိမ်နင်းသူဗျူရိုမှ ဝန်ထမ်း အမြောက်အများကို သတ်ဖြတ်ခဲ့သည်။ အပြစ်မဲ့ ပြည်သူများကိုပင်။
သူနဲ့ ကျားဘုရင်က ယခု စကားစမြည် ပြောနေကြပေမဲ့ အဲဒီလူတွေ အတွက်ကရော။ သူတို့ သေဆုံးခဲ့ရတာကို ဒီအတိုင်း ဖုံးဖိထားလိုက်ရမှာလား။
ယခု ကျားဘုရင်က သေမင်းကို လက်ခံနေပြီဖြစ်ရာ သူ၏ စိတ်ရှုပ်ထွေးမှုများ အနည်းငယ် လျော့ကျသွားခဲ့သည်။
"ဒါဆို မင်းမှာ နောက်ဆုံး ဆန္ဒတစ်ခုခု ရှိလား" ချန်ဟွိုက်အန်က ဆေးလုံးကို ပြန်သိမ်းလိုက်ပြီး မေးလိုက်သည်။ "မင်းတို့ အမျိုးအနွယ်တွေက ဓားသွေးကျောက်တွေ သက်သက်ပဲလို့ မင်း ပြောခဲ့တယ်။ ဓားသွေးကျောက်တွေမှာလည်း ပြန်ပြီးတော့ တိုက်ခိုက်မယ့် နည်းလမ်းတစ်ခုခုတော့ ရှိမှာပေါ့။"
"ငါ့ရဲ့ ဆန္ဒက... ငါ့ဇနီးနဲ့ ကလေးတွေ အသတ်ခံရမယ့် ကံကြမ္မာကနေ လွတ်မြောက်ဖို့ပဲ။ ပြီးတော့ တခြား မိစ္ဆာဘုရင်တွေရဲ့ အစီအစဉ်တွေ အဆင်ပြေချောမွေ့ဖို့။"
သွေးပယင်းတောင်သခင်၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားသည်။
သို့သော် ၎င်းက တစ်မျိုးတစ်ဘာသာ ကျေနပ်နေပုံရသည်။ အထူးသဖြင့် ချန်ဟွိုက်အန်ကို ကြည့်လိုက်သည့်အခါ ၎င်း၏ မျက်နှာပေါ်ရှိ နာကျင်မှု အရိပ်အယောင်များပင် အနည်းငယ် လျော့ပါးသွားသကဲ့သို့ ဖြစ်သည်။
သေခါနီးအချိန်တွင် ၎င်းက နောက်ဆုံး လက်ကျန်ခွန်အားကို အသုံးပြု၍ လက်ယပ် ခေါ်လိုက်သည်။
"နဂါးဝိညာဉ် အမွေဆက်ခံသူ။ အနားကို တိုးလာခဲ့။ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။"
ချန်ဟွိုက်အန်က မအပေ။ ကျား၏ အနီးတွင် သတိဝီရိယ ရှိနေခဲ့သည်။
သူက အချိန်အတန်ကြာ တုံ့ဆိုင်းနေပြီးမှ သတိကြီးစွာဖြင့် ရှေ့သို့ တစ်လှမ်း တိုးသွားခဲ့သည်။
သို့သော် သူတို့ကြားတွင် တစ်မီတာ အကွာအဝေးကို ထားရှိထားဆဲပင်။
"ပြောပါ။ ဒီအကွာအဝေးက လုံလောက်ပါတယ်။"
"ထပ်တိုးလာခဲ့။ ငါ မင်းကို မစားပါဘူး။"
ချန်ဟွိုက်အန်က တွန့်ဆုတ်စွာဖြင့် အနည်းငယ် ရှေ့တိုးသွားခဲ့သည်။
ကျားဘုရင်က ကမ္ဘာကြီးကို တုန်လှုပ်စေမည့် လျှို့ဝှက်ချက်တစ်ခုခု ပြောပြမည်ဟု သူ ထင်ခဲ့သည်။
သို့သော် နောက်တစ်စက္ကန့်တွင်…
ကျားက ရူးသွပ်စွာ ရယ်မောလိုက်သည်။
သွေးပယင်း ကမ္ဘာတစ်ခုလုံးက နားကွဲမတတ် ဟိန်းဟောက်သံနှင့်အတူ အက်ကွဲ သွားခဲ့သည်။
ကျားဘုရင်၏ ဧရာမ ခန္ဓာကိုယ်ကြီးက မီးတိုင်တစ်ခုလို လောင်ကျွမ်းသွားပြီး ကောင်းကင်သို့ ထိုးတက်သွားသော နီရဲသည့် မီးတောက်များ တောက်လောင်လာခဲ့သည်။
ထိုအနီရောင် အလင်းတန်းထဲတွင် တစ္ဆေကျားတစ်ကောင် ပေါ်လာပြီး ကောင်းကင်ယံသို့ အော်ဟစ်လိုက်ကာ အထက်မှ ရိုက်ချလာသော ကြီးမားသည့် ရေလျှံမှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချန်ဟွိုက်အန်၏ ဦးရေပြား ကျိန်းစက်သွား၏။ သူ ထွက်ပြေးရန် ကြိုးစားလိုက်သည်…
လှုပ်၍ မရပေ။
ထိုရေလျှံမှုကြီး ကျဆင်းလာပြီး သူ၏ ခေါင်းပေါ်သို့ တည့်တည့် ဝင်ရောက်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ထိုရေစီးကြောင်းကြီး နှစ်ပိုင်းကွဲသွားသည်ကို သူ သတိမထားမိခဲ့ပေ။ တစ်ဝက်က ပါ့ကျီဆီသို့ ပြေးဝင်သွားခဲ့၏။
သူ၏ စိတ်ထဲတွင် နားကွဲမတတ် ဆူညံသံများနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။
မရေမတွက်နိုင်သော တစ္ဆေများ၏ အော်ဟစ်သံများက မိုးကြိုးသံများလို သူ၏ နားထဲတွင် ရိုက်ခတ်နေပြီး ဦးခေါင်းခွံကို ကိုက်ခဲလာစေသည်။
ထိုဆူညံသံများကြောင့် သူ ရူးသွပ်သွားတော့မည့် အချိန်မှာပင်…
ဝေါင်း…
မိုးကြိုးသံလို ကျားဟိန်းသံကြီးတစ်ခုနှင့်အတူ အရာအားလုံး တိတ်ဆိတ်သွားခဲ့သည်။
သူ ဒဏ်ရာမရခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ပိုမို ပေါ့ပါးကြည်လင်သွားသလို ခံစားလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ၏ ဒန်တျန်မှ ထွက်ပေါ်လာပြီး ခြေလက်များဆီသို့ စီးဆင်းသွားခဲ့သည်။
စိတ်ဝိညာဉ်ချီစွမ်းအင်များက ဒီရေလှိုင်းများလို သွေးကြောများထဲတွင် ဟိန်းဟောက် စီးဆင်းနေသည်။ ယခင်ကထက် အဆရာပေါင်းများစွာ ပိုမို အားကောင်းနေ၏။
ရွှေရောင်အနှစ်သာရကို ဝမ်းဗိုက်ထဲသို့ မျိုချလိုက်ပြီ။ ငါ့ကံကြမ္မာက ကောင်းကင်ဘုံက ဆုံးဖြတ်ရမယ့်အရာ မဟုတ်တော့ဘူး။
ချန်ဟွိုက်အန်က အာရုံများကို အတွင်းသို့ လှည့်ကြည့်လိုက်ရာ အံ့ဩသွားခဲ့သည်။ သူ ရွှေရောင်အနှစ်သာရတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။
သူက ယခုအခါ ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သွားလေပြီ။
ထို့အပြင် သူ၏ အခြေခံက လုံးဝကို မယိမ်းယိုင်ပေ။
ထိုအဆင့်ကို အခုမှ ရောက်လာသော်လည်း ကျောက်တုံးတစ်တုံးလို ခိုင်မာနေ၏။
"ဒီကျားစုတ်တော့။ မင်းက ငါ့ကို အန္တရာယ်ပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ငါ အဆင့်တက်နိုင်အောင် ကူညီပေးဖို့ ကြိုးစားနေခဲ့တာပဲ။ ဘာလို့ စောစောကတည်းက မပြောတာလဲ.."
ချန်ဟွိုက်အန်၏ စိတ်ထဲတွင် လှိုင်းထန်သွားခဲ့သည်။
သို့သော် သွေးပယင်းကျားဘုရင်က လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ခန္ဓာကိုယ်သာမက ဝိညာဉ်ပါ ပျောက်ကွယ်သွားခဲ့လေပြီ။
၎င်းက ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံသွားခဲ့သည်မှာ ရှင်းနေ၏။
"လူပဲဖြစ်ဖြစ် မိစ္ဆာပဲဖြစ်ဖြစ်၊ ခွင့်ပြုချက်မတောင်းဘဲ အနစ်နာခံတတ်တဲ့ မင်းတို့လို လူစားမျိုးတွေကို ငါ သောက်ရမ်း မုန်းတယ်။"
ချန်ဟွိုက်အန်က အံကြိတ်လိုက်သည်။ သို့သော် ညည်းညူနေသည့်ကြားမှပင် သူက ကျားဘုရင် ကျန်ရစ်ခဲ့သော ဓားမကြီးကို ဦးညွတ် ဂါရဝပြုလိုက်သည်။
သွေးရောင်ကောင်းကင်ကြီး ပျောက်ကွယ်သွားခဲ့သည်။ သံချေးနံ့များက ဓားထဲသို့ ဝင်ရောက်သွားခဲ့၏။
အရာအားလုံး တည်ငြိမ်သွားသောအခါ ချန်ဟွိုက်အန် သဘောပေါက်လိုက်သည်။ သူက သစ်ပင်အောက်တွင် ရှိနေဆဲ ဖြစ်သည်။
သို့သော် လီချင်းရန် ရေးဆွဲခဲ့သော စက်ဝိုင်းကတော့ ပျောက်ကွယ်သွားခဲ့လေပြီ။
ထိုနေရာတွင် သွေးများရွှဲနေသော ကျားမိစ္ဆာ နှစ်ကောင်၊ အကြီးတစ်ကောင်၊ အငယ်တစ်ကောင်က သူ၏ အရှေ့တွင် ဒူးထောက်လျက် လဲကျနေပြီး ခြေလက်များ ပြတ်တောက်နေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် သွေးမြူခိုးများနှင့် ကျားမိစ္ဆာများ၏ အလောင်းများ ပြည့်နှက်နေသည်။
သွေးချောင်းစီးနေသော တိုက်ပွဲမြေပြင်အလယ်တွင် အဖြူရောင် အလင်းတန်းတစ်ခုက လျှပ်စီးလို ရွေ့လျားနေသည်။
ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်။ အလင်းရောင် ပေါက်ကွဲထွက်သွား၏။ နောက်ထပ် ကျားမိစ္ဆာတစ်ကောင်က အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ လဲကျသွားပြန်သည်။
တက်လှမ်းသူ အများအပြားက ဝင်မပါရဲဘဲ ဘေးမှ ရပ်ကြည့်နေကြသည်။
အဖြူရောင် ဝတ်စုံရှင်၏ ကျောပြင်ကိုသာ မြင်နေရသော်လည် ချန်ဟွိုက်အန်က ခုတ်ချက်တိုင်းတွင် ပါဝင်နေသော ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို ခံစားသိရှိနိုင်သည်။
သူ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ ဒုက္ခပဲ...
လီချင်းရန်က ပုံမှန်အားဖြင့် နူးညံ့ပြီး ချိုသာတတ်သော်လည်း ဒေါသထွက်လာလျှင်မူ တကယ့်ကို ပြင်းထန်သည်။
"စီနီယာ။ စီနီယာ၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့။"
ဒူးထောက်နေသော ကျားမိစ္ဆာ နှစ်ကောင်၏ အရှေ့တွင် ရပ်နေသော ဝမ်ရှိုယီက သူ့ကို ပထမဆုံး မြင်တွေ့သွားသူ ဖြစ်သည်။
သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ လင်းလက်သွားပြီး အဖြူရောင်ဝတ်စုံနှင့် တစ်ကိုယ်တည်း ရှိနေသော ပုံရိပ်ထံသို့ ချက်ချင်း အော်ဟစ်လိုက်သည်။
"မရီး။ စီနီယာ ပြန်ရောက်လာပြီ။"
သွေးစွန်းနေသော တိုက်ပွဲမြေပြင်အလယ်တွင် ထိုပုံရိပ်လေး တွန့်ဆုတ်သွားသည်။
ထို့နောက် ရုတ်တရက် လှည့်ကြည့်လိုက်၏။
သူ၏ လှပသော မျက်လုံးများက ချန်ဟွိုက်အန်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် မျက်ရည်များ ချက်ချင်း ပြည့်လျှံလာခဲ့သည်။
"ဆရာ။"
...