← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အပိုင်း (၁) တောက်ယွမ်ခရိုင်

အစေခံမိန်းမလှလေးများ ဝန်းရံခံထားရသော ဖန်ကျန်းရီသည် မျက်လုံးတို့ကို မှေးစင်းထားကာ ငှက်ကလေးများပမာ ချိုသာလှသည့် အသံလေးများကို နားဆင်နေ၏။

"အရှင်ဖန်... သက်သောင့်သက်သာ ရှိရဲ့လား" အစေခံမလေးက ဖန်ကျန်းရီ၏ နားနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်ပြီး သူ၏ ပခုံးများကို အနောက်မှနေ၍ ပွတ်သပ်ပေးနေသည်။

ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားသည်။ ဤဘဝမျိုးက အမှန်တကယ်ပဲ အေးချမ်းလှ၏။

"အရမ်းကောင်းတယ်... ဆုချရမယ်"

"အရှင့်ကို ကျေးဇူးတင်ပါတယ်ရှင်"

နှိပ်နယ်ပေးနေသော အစေခံမိန်းမလှလေးမှာ ဆုချမည်ဆိုသောစကားကို ကြားသောအခါ ဝမ်းသာအားရဖြစ်သွားပြီး လက်၏အင်အားကို အနည်းငယ် ထပ်တိုးလိုက်သည်။

ဖန်ကျန်းရီက မျက်လုံးအပြူးသားဖြင့် မကျေမနပ်ဖြင့် ပြောလိုက်၏။ "ငါ့ကို ဘာလို့ အရှင်လို့ ခေါ်နေတာလဲ၊ သခင်လေးလို့ ခေါ်စမ်းပါ"

အစေခံမလေးက တခစ်ခစ်ရယ်မောလိုက်သည်။ "ဟုတ်ကဲ့ပါ သခင်လေး"

သူသည် အနည်းငယ် စိတ်လှုပ်ရှားသွားကာ မျက်လုံးများကို ပြန်မှိတ်ထားလိုက်၏။

သူ၏ မမောနိုင်မပန်းနိုင် ကြိုးစားအားထုတ်မှုများကြောင့် တောက်ယွမ်ခရိုင်တွင် ပထမဆုံး ပြည့်တန်ဆာအိမ်တစ်ခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

အခြားသောခန္ဓာကိုယ်တစ်ခုထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာစဉ်က မည်မျှ ထိတ်လန့်ခဲ့ရကြောင်းကို ပြန်လည် သတိရမိသွား၏။

တခြားသူများက မင်းသား သို့မဟုတ် သခင်လေးများအဖြစ် ဝင်စားကြသော်ငြား သူကမူ မည်သူမှ ဂရုမစိုက်သော သနားစရာ ခရိုင်ဝန်တစ်ဦး ဖြစ်လာခဲ့ရသည်။

ဤကမ္ဘာလောကအကြောင်းကို အကြမ်းဖျင်း နားလည်လာစေရန် လဝက်နီးပါး အချိန်ယူခဲ့ရ၏။

ဤမင်းဆက်သည် သူမှတ်မိနေသော တရုတ်မင်းဆက်များနှင့် ကွဲပြားနေခဲ့သော်ငြား ယဉ်ကျေးမှုများကမူ အလွန် ဆင်တူနေခဲ့သည်။

ချီယန်နှင့် ကျင်း တိုင်းပြည်တို့ စစ်ဖြစ်နေချိန်တွင် သူ၏ ဝိညာဉ်ကူးပြောင်းမှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။

တောက်ယွမ်ခရိုင်မှာ တောတောင်ထူထပ်ပြီး သွားလာရခက်ခဲသော ရေမြေအနေအထားကြောင့် စစ်ဘေးမှ ကင်းလွတ်နေခဲ့သည်။

သို့ဆိုစေကာမူ သူ တာဝန်စတင်ယူချိန်တွင် လက်အောက်ရှိ လူဦးရေ နှစ်ထောင်ခန့်မှာ ဆာလောင် မွတ်သိပ်ကာ အရိုးပေါ်အရေတင် ဖြစ်နေကြောင်း တွေ့လိုက်ရသဖြင့် အလွန် အံ့အားသင့်ခဲ့ရ၏။

အဆိုးရွားဆုံးမှာ ခရိုင်ထောက်နှင့် မှတ်တမ်းအရာရှိတို့ပင် အစာငတ်ပြတ်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ နည်းပြဖြစ်သူမှာလည်း ဆာလောင်နေသော ရွာသားများနှင့်အတူ ထွက်ပြေးသွားခဲ့သည်။

အရေးကြီးဆုံးမှာ မရှိမဖြစ်လိုအပ်သော စီးပွားရေးလုပ်ငန်းများ တစ်ခုမှ မကျန်ရှိတော့ဘဲ ဝင်ငွေရှာဖွေနိုင်စွမ်း လုံးဝ ဆုံးရှုံးနေခဲ့ခြင်း ဖြစ်၏။

အခြေအနေ၏ ဆိုးရွားမှုကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် မကျေနပ်မှုများနှင့် ရင်ဆိုင်လာရချိန်တွင် သူက အစွမ်းကုန် ကြိုးစား၍ ကောက်ပဲသီးနှံအချို့ကို စုဆောင်းကာ ပြင်းအားမြင့် အရက်ဖြူ ဆယ်အိုးခန့်ကို ချက်လုပ်ခဲ့၏။

ထို့နောက် အပြင်ဘက်မှ ကုန်သည်တစ်စုကို ဖမ်းဆီးလာရန် လူများကို အမိန့်ပေးလိုက်ပြီး အရက်ဖြူများ အဝတိုက်ကာ စီးပွားရေးစာချုပ်များ ချုပ်ဆိုခဲ့မှသာလျှင် အခြေအနေများ ပြန်လည် ကောင်းမွန်လာခဲ့သည်။

ငါးနှစ်ကြာပြီးနောက် ချီယန်တိုင်းပြည် ကျဆုံးသွားခဲ့ကာ ကျင်းအင်ပါယာက ပြတ်သားသော လုပ်ဆောင်ချက်များဖြင့် ကြီးမားသော အောင်ပွဲကို ရရှိခဲ့ပြီး ကမ္ဘာလောကကြီးလည်း တစ်ဖန် ပြန်လည် အေးချမ်းစေခဲ့၏။

ဖန်ကျန်းရီ၏ သာမန်ဘဝလေးသည်လည်း တိုးတက်လာခဲ့သည်။

ခရိုင်အတွင်းရှိ ကဏ္ဍအသီးသီးမှာ တဖြည်းဖြည်း ပြန်လည်လည်ပတ်လာခဲ့၏။

ခုနစ်နှစ်တာ ကာလအတွင်း ခရိုင်ဗဟိုဧရိယာအား ထပ်ခါတလဲလဲ ချဲ့ထွင်လာနိုင်ခဲ့သည်။

ရုံးတော်ကို ပြန်လည်တည်ဆောက်ခဲ့ပြီး လောင်းကစားရုံများ၊ ပြည့်တန်ဆာအိမ်များနှင့် စားသောက်ဆိုင်များ အမြောက်အမြား ဖွင့်လှစ်လာနိုင်ခဲ့၏။

ထို့အပြင် အပြင်ဘက်မှ ဒုက္ခသည်များကို စဉ်ဆက်မပြတ် လှည့်စားခြိမ်းခြောက် ခေါ်ယူခဲ့ခြင်းကြောင့် လူဦးရေမှာလည်း သောင်းဂဏန်းအထိ တိုးပွားလာခဲ့သည်။

ပစ်ပယ်ခံထားရသော ခရိုင်ငယ်လေးဖြစ်သည့် တောက်ယွမ်ခရိုင်မှာ ယခုအခါ အဆက်မပြတ် လုပ်ဆောင်နေသော တရားမဝင် လုပ်ငန်းများကြောင့် ကမ္ဘာမြေပေါ်ရှိ နိဗ္ဗာန်ဘုံတစ်ဝက်ခန့် ဖြစ်နေပြီဟုပင် ဆိုနိုင်၏။

သူ၏ဘဝမှာ မယုံနိုင်လောက်အောင်ပင် ပျော်စရာကောင်းနေခဲ့သည်။ ယခင်ကဲ့သို့ အထက်အရာရှိများက သူ့ကို ရှာဖွေတွေ့ရှိကာ ရာထူးတိုးပေးလိမ့်မည်ဟူသော မျှော်လင့်ချက်မျိုး မရှိတော့ပေ။

ယင်းအစား သူနှင့် ပူးပေါင်းဆောင်ရွက်သော ကုန်သည်များအား လျှို့ဝှက်ချက်ကို အကြွင်းမဲ့ ထိန်းသိမ်းထားရန်သာ တောင်းဆိုခဲ့၏။

လွန်ခဲ့သော တစ်နှစ်ခန့်တည်းက အရာရှိတစ်ဦးမှာ တောက်ယွမ်ခရိုင်သို့ ပုံမှန် လာရောက်လည်ပတ်နေဆဲ ဖြစ်သည်။

မက်မွန်ခြံသို့ ရောက်ရှိလာချိန်တွင် ထိုသူက အတိတ်နိမိတ်ကောင်းဖြစ်ကြောင်း ချက်ချင်းသတ်မှတ်ခဲ့ပြီး အထက်အရာရှိများထံ သူ၏ အောင်မြင်မှုများကို တင်ပြရန် စိတ်အားထက်သန်နေခဲ့၏။

ထိုသူ ကျေနပ်သွားစေရန် ဖန်ကျန်းရီမှာ နည်းလမ်းအချို့ကို အသုံးပြုခဲ့ရသည်။

ယခု သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ လက်ကျန်ဘဝတစ်လျှောက်လုံးကို ဤနေရာတွင်သာ ကုန်ဆုံးရန် ဖြစ်၏။ ဒေသခံ ဧကရာဇ်တစ်ပါးအဖြစ် နေထိုင်ရခြင်းက အလွန်ကောင်းမွန်သည် မဟုတ်ပါလား။

မည်သို့ပင်ဆိုစေကာမူ လက်ရှိဘဝက အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။ စားသောက်ရန် ပူပန်စရာ မလိုတော့သည့်အပြင် သူလိုချင်သော အိမ်နှင့် မိန်းမများကိုလည်း ရရှိနိုင်၏။

ကောင်းမွန်သော ဘဝကို တောင့်တနေစဉ်မှာပဲ လူတစ်ယောက်က စိုးရိမ်တကြီး မျက်နှာထားဖြင့် နှင်းလမင်းစံအိမ် ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ ထိုသူမှာ ရိုးရိုးရှင်းရှင်း ပုံစံရှိပြီး ရုံးဝတ်စုံကို ဝတ်ဆင်ကာ ခါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။

သူက ဖန်ကျန်းရီထံ အမြန်လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်၏။ "သခင်လေး... သာမန်ပြည်သူတွေ ပြောတာတော့ ဆယ်လီလောက်ဝေးတဲ့ နေရာမှာ ကုန်သည်တွေကို တွေ့ခဲ့တယ်တဲ့၊ သူတို့လှည်းတွေမှာ ကျုပ်တို့ရဲ့ အမှတ်အသားတွေ မပါဘူး၊ သူတို့ကို ထပ်တိုက်ခိုက်ရမလား"

ဖန်ကျန်းရီက အလွန် ဒေါသထွက်သွားသည်။ ခြေထောက်ကိုမြှောက်ကာ ထိုသူ့ကို ကန်ချလိုက်သည်။

"ကျန်းပြောင်... ခွေးကောင်၊ ငါတို့က အစိုးရအရာရှိတွေကွ၊ ဓားပြတွေ မဟုတ်ဘူး၊ တစ်နေ့ကုန် သာမန်လူတွေကို ဖမ်းဆီးနေရအောင် ဒါက ဘယ်လို စီးပွားရေးလုပ်ငန်းမျိုးလဲ။

အခု ငါတို့ တရားဝင်ဖြစ်အောင် လုပ်ရမယ်၊ တရားဝင်ဖြစ်အောင် လုပ်ရမယ်ဆိုတာကို နားလည်လား၊ သာမန်လူတွေကို လန့်ပြေးအောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ။"

ကျန်းပြောင်မှာ ဟန်ချက်ပျက်သွားကာ မြေပြင်ပေါ်သို့ ဘေးတိုက် လဲကျသွားသည်။ ပြီးနောက် ရေရွတ်လိုက်၏။ "ကျုပ်တို့ အမြဲတမ်း ဒီလိုပဲ လုပ်ခဲ့ကြတာ မဟုတ်ဘူးလား"

"ဟာ... မင်းက ပြန်ပြောရဲသေးတယ်ပေါ့၊ သေလမ်းရှာနေတာလား"

ဘေးနားရှိ အစေခံမိန်းမလှလေးများမှာ ရယ်မောလိုက်ကြသည်။

တောက်ယွမ်ခရိုင်မှာ ကျယ်ဝန်းသော်ငြား ခရိုင်တစ်ခုသာ ဖြစ်သည်။ နှစ်ပေါင်းများစွာ အတူ နေထိုင်လာခဲ့ကြပြီးနောက် ခရိုင်တွင်းရှိ လူများမှာ သူတို့၏ ခရိုင်ဝန်မင်းနှင့် ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်၏။

တောက်ယွမ်ခရိုင်ရှိ သာမန်ပြည်သူများအပေါ် သူထားရှိသော ကြီးမားလှသည့် ကြင်နာမှုများကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။

မြို့ဝန်မင်းက နှုတ်ကြမ်းသော်ငြား စိတ်သဘောထား ကောင်းမွန်သည်။ ကျန်းပြောင်ကို ယခုလို ဆက်ဆံခြင်းမှာ လူယုံတစ်ဦး ဖြစ်နေသောကြောင့်ပင်။ အခြားသူများဆိုလျှင် ထိုသို့ လုပ်ဆောင်ရန် စဉ်းစားမည် မဟုတ်ပေ။

ကျန်းပြောင်က မတ်တတ်ရပ်လိုက်ပြီး ဖန်ကျန်းရီ၏ ဘေးတွင် နာခံမှုရှိစွာ ရပ်ပြီး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေလိုက်၏။

ဖန်ကျန်းရီ၏ စိတ်အခြေအနေက ရုတ်တရက် ဆိုးရွားသွားသည်။ ထိုနေရာတွင် ဆက်မနေချင်တော့ပေ။

တောက်ယွမ်ခရိုင်တွင် အရေးကြီးဆုံးအရာမှာ အဘယ်နည်းဟု မေးလာလျှင် အဖြေမှာ ရင်းနှီးမြှုပ်နှံမှုများ ကို ဆွဲဆောင်ခြင်းသာ ဖြစ်ပေလိမ့်မည်။

လောလောဆယ်တွင် ခရိုင်၏ ဝင်ငွေပုံစံမှာ အရင်းအမြစ် တစ်ခုတည်းအပေါ်တွင်သာ မှီခိုနေရပြီး စီးပွားရေးလုပ်ငန်းသစ်များ ဖွင့်လှစ်ရန် အရေးတကြီး လိုအပ်နေသည်။ ဝင်ရောက်လာသော ကုန်သည်များကိုလည်း လျှော့တွက်ထား၍ မရပေ။

ဖန်ကျန်းရီက မတ်တတ်ရပ်လိုက်ပြီး အနီးအနားရှိ ဆိုင်ရှင်ထံသို့ လက်ကမ်းပေးလိုက်၏။

ဆိုင်ရှင်ကလည်း ချက်ချင်းပင် အရိုအသေပေးလိုက်သည်။

"သွားကြစို့... ဆိုင်ရှင်၊ ဒီနေ့ ခင်ဗျားရဲ့ နှင်းလမင်းစံအိမ် ဖွင့်ပွဲကို အားပေးဖို့ ကျုပ် ဒီကို ရောက်လာတာ"

"ခင်ဗျား အလုပ်ကို သေသေချာချာလုပ်၊ ချမ်းသာလာစေရမယ်လို့ ငါ အာမခံတယ်၊ ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားမယ်၊ တရားမဝင်တာတွေ လုပ်တာဖြစ်ဖြစ်၊ ဒေသခံ မိန်းကလေးတွေကို အနိုင်ကျင့်တာဖြစ်ဖြစ် လုပ်ခဲ့ရင် ရုံးတော်က ခင်ဗျားရဲ့ လမင်းစံအိမ်ကို ဖြိုချပစ်မယ်၊ နားလည်လား"

ဆိုင်ရှင်မှာ ချွေးများ ရွှဲနစ်နေသော်ငြား မျက်နှာပေါ်တွင် အောက်ကျို့သော အပြုံးတစ်ခုကို ချိတ်ဆွဲထား၏။

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ... အခုလို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့ဝန်မင်း"

"လာ ကျန်းပြောင်... သွားကြစို့၊ ရုံးတော်ကို ပြန်မယ်"

---

"အရှင်မင်းကြီး... နေ့ဝက်အတွင်း တောက်ယွမ်ခရိုင်ကို ရောက်ရှိပါတော့မယ်။"

ကော်ထျန်းယန်က မြေပုံတစ်ခုကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကိုင်ဆောင်ထား၏။ သူ၏ အရှေ့တွင် အသက် လေးဆယ်အရွယ် လူလတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေသည်။ ထိုအမျိုးသားမှာ အခြားသူ မဟုတ်ဘဲ ကျင်းအင်ပါယာ၏ ဧကရာဇ် လီချဲ့ပင် ဖြစ်သည်။

အသက်လေးဆယ်သာ ရှိသေးသော်ငြား သူ၏ မျက်နှာက ပင်ပန်းနွမ်းနယ်နေသည်။ မျက်နှာထားကတော့ ပြတ်သားလှ၏။ စိုးရိမ်ပူပန်မှု အရိပ်အယောင်များက မျက်လုံးထဲတွင် ရံဖန်ရံခါ လက်လာ တတ်၏။

လွန်ခဲ့သော နှစ်နှစ်အတွင်း တိုင်းပြည်မှာ စည်းလုံးညီညွတ်မှု ရှိနေခဲ့သော်ငြား ဒေသအသီးသီးတွင် သဘာဝ ဘေးအန္တရာယ်များနှင့် လူလုပ် ဘေးအန္တရာယ်များ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး ရေတွက်၍ မရနိုင်သော သဝဏ်လွှာများမှာ နှင်းပွင့်များပမာ သူ့ထံသို့ ကျဆင်းလာခဲ့သည်။

ကျင်းဧကရာဇ်မှာ ခဏတာမျှ ကြီးမားသော ဖိအားများကို ခံစားခဲ့ရပြီး လျှို့ဝှက်စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန် စိတ်ကူးပေါ်လာခဲ့သည်။ ထို့ကြောင့် စာတစ်စောင်ချန်ထားခဲ့ကာ နန်းတော်ထဲမှ လျှို့ဝှက်စွာ ထွက်လာခဲ့ခြင်း ဖြစ်၏။

ကော်ထျန်းယန် မြေပုံ ကမ်းပေးသည်ကို မြင်လိုက်ရသဖြင့် သူက ခေါင်းအသာညိတ်ပြလိုက်သည်။

"ကော်ပန်ပန်... တောက်ယွမ်ခရိုင်အကြောင်း မင်း ကြားဖူးလား" သူက သာမန်ကာလျှံကာ မေးလိုက်၏။

ကော်ထျန်းယန်က ခေါင်းညိတ်ပြလိုက်သည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါရစေ၊ ကျွန်တော်မျိုး အဲဒီအကြောင်းကို မသိပါဘူး၊ ဒီခရိုင်က တောင်တန်းဒေသမှာရှိပြီး ခရီးလမ်းက အရမ်းကြမ်းတမ်းသလို လမ်းတွေကလည်း နှစ်ပေါင်းများစွာ ပစ်ထားခံရတာပါ၊ အရမ်းသေးငယ်တဲ့ ခရိုင်လေး ဖြစ်ရပါမယ်"

ကျင်းဧကရာဇ်က ထပ်မံခေါင်းညိတ်လိုက်ပြီး အနားယူရန် မျက်လုံးများကို မှိတ်ထားလိုက်၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကော်ထျန်းယန်က မြေပုံကို ဘေးသို့ ဖယ်ထားလိုက်သည်။

ခဏတာမျှ ရထားလုံးထဲရှိ သူတို့နှစ်ဦးကြားတွင် စကားတစ်ခွန်းမှ မဆိုမိကြတော့ပေ။

ဘီးများ၏ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် တကျွီကျွီ အသံများသာ ပဲ့တင်ထပ်နေခဲ့၏။

နံ့သာတိုင်တစ်တိုင်စာ အချိန်ကုန်ဆုံးသွားပြီးနောက် ကျင်းဧကရာဇ်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"တောက်ယွမ်ခရိုင်မှာ တစ်ရက်လောက် နားကြတာပေါ့၊ ဒီလမ်းက တကယ့်ကို ဆိုးရွားလွန်းတယ်၊ မြင်းစီးရသလိုမျိုး လန်းဆန်းမှု မရှိဘူး"

ကော်ထျန်းယန်က ရယ်မောလိုက်၏။ "အရှင်မင်းကြီး... ဒီနေရာက အရမ်းခေါင်တဲ့နေရာဆိုတော့ လမ်းတွေဆိုးနေဖို့ဆိုတာက မျှော်လင့်ထားပြီးသားပါ၊ ဟန်ကျန်းပြည်နယ်ကို ရောက်ရင်တော့ ကောင်းသွားပါလိမ့်မယ်။

ဒါပေမဲ့... တောက်ယွမ်ခရိုင်က ဆင်းရဲပြီး ဝေးကွာတဲ့နေရာဖြစ်သလို အရှင်မင်းကြီးကလည်း သက်တော်စောင့် တစ်ယောက်မှ ခေါ်မလာခဲ့တဲ့အတွက် ဒီအစေခံအိုကြီး စိုးရိမ်နေမိပါတယ်"

ကျင်းဧကရာဇ်က အေးစက်စွာ ညည်းညူလိုက်သည်။ "ကော်ပန်ပန်... မင်းရဲ့သတ္တိတွေ လျော့နည်းလာပြီပဲ၊ မင်းက အစိုးရသံတမန်တွေနဲ့အတူ စစ်ရေးလှုပ်ရှားမှုတွေမှာ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့တယ်။ အခုတော့ လျှို့ဝှက်စစ်ဆေးရေး ခရီးစဉ်လေးကိုတောင် ဒီလောက် စိုးရိမ်နေရသလား။

မင်း အသက်ကြီးလာပြီလို့ ကိုယ်တော် ထင်တယ်"

ကော်ထျန်းယန်မှာ ထိတ်လန့်သွားပြီး အလျင်အမြန် ရှင်းပြလိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုး အစေခံအိုကြီးက..."

သူ စကားမဆုံးခင်မှာပင် ရထားလုံးက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။

ကော်ထျန်းယန်မှာ လေထဲသို့ မြောက်တက်သွားပြီး ခေါင်းနှင့် ရထားလုံးမျက်နှာကြက် ဆောင့်မိသွားသည်။

ကံကောင်းထောက်မစွာဖြင့် ကျင်းဧကရာဇ်မှာ လက်ရန်းများကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသောကြောင့် ဒဏ်ရာရရှိခြင်းမရှိဘဲ ကပ်ဘေးမှ လွတ်မြောက်သွားခဲ့၏။

"သွား... ဘာဖြစ်တာလဲ သွားကြည့်စမ်း"

ခေါင်းကို အုပ်ထားလျက် ကော်ထျန်းယန်မှာ ရထားလုံးထဲမှ တွားသွားထွက်လာခဲ့ပြီး မြင်းလှည်းဆရာကို ချက်ချင်း အော်ဟစ်လိုက်သည်။ "ခွေးကောင်... မင်း မြင်းလှည်းမောင်းရင်း လမ်းကို သတိထားရမယ်ဆိုတာ မသိဘူးလား၊ သခင်ကို လန့်အောင်လုပ်ရင် မင်းရဲ့ ခွေးခေါင်းကို ဖြတ်ပစ်မယ်ဆိုတာ သတိထား"

မြင်းလှည်းဆရာမှာ တုန်ယင်နေလျက် အရှေ့သို့ လက်ညှိုးထိုးပြလိုက်၏။ "ကြည့်ပါအုံး …. ရှေ့ကို ကြည့်ပါအုံး။"

အပိုင်း (၂) ဧကရာဇ်မင်း မြို့ထဲသို့ ဝင်ရောက်ခြင်း။

ကော်ထျန်းယန်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ အလွန်အမင်း အံ့ဩမှင်တက်နေသော မျက်နှာထားဖြင့် အရှေ့သို့ တည့်တည့် စိုက်ကြည့်နေမိ၏။

ထို့နောက် ခေါင်းကို အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

သူက ကိုယ်ကိုလှည့်ကာ မျက်လုံးများကို အားရပါးရ ပွတ်သပ်လိုက်၏။

သူတို့ ဖြတ်သန်းလာခဲ့သော အနောက်ဘက်ရှိ လမ်းမှာ ဖုန်မြေမှုန့်များနှင့် ကျောက်စရစ်ခဲများ ပြည့်နှက်နေပြီး ပျက်စီးနေသော်ငြား အရှေ့ဘက်ရှိ လမ်းကမူ ဖြောင့်တန်းနေခဲ့သည်။

ထိုလမ်းမှာ အလွန် ညီညာပြန့်ပြူးနေပြီး အနည်းငယ်မျှသော ချိုင့်ခွက်ဟူ၍ပင် မရှိချေ။

မီးခိုးရောင်ရင့်ရင့် လမ်းမျက်နှာပြင်မှာ နေရောင်အောက်တွင် ထူးဆန်းသော တောက်ပမှုတစ်ခုကဲ့သို့ ရောင်ပြန်ဟပ်နေပြီး လမ်းဘေး တစ်ဖက်တစ်ချက်စီတွင်လည်း ကျောက်တုံးတန်းများကို စီစဉ်တကျ ခင်းကျင်းထား၏။

လမ်းဟောင်းနှင့် လမ်းသစ် နယ်နိမိတ်ကို ဖြတ်ကျော်လိုက်ချိန်တွင် ရထားလုံးက ရုတ်တရက် ဆောင့်တက်သွားခဲ့ခြင်း ဖြစ်သည်။

ကော်ထျန်းယန်က အလွန်အံ့ဩသွားပြီး အော်ဟစ်လိုက်၏။ "ကောင်းကင်ဘုံ... ဒီလို လမ်းမျိုး ရှိနေသေးတာလား"

မြင်းလှည်းဆရာက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။ "ကျုပ်လည်း ဒီကိုရောက်တာ ပထမဆုံးအကြိမ်ပါပဲ"

ကော်ထျန်းယန်က ရထားလုံးထဲသို့ အလျင်အမြန် ပြန်ဝင်သွား၏။ "အရှင်မင်းကြီး... မြန်မြန်၊ အပြင်ထွက်ပြီး ကြည့်ရှုတော်မူပါအုံး။"

ကျင်းဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီး ရထားလုံးထဲမှ ခေါင်းပြူထွက်လာခဲ့သည်။

ထို့နောက် ကော်ထျန်းယန်ကဲ့သို့ပင် အံ့ဩမှင်တက်နေသော အမူအရာဖြင့် မျက်နှာတစ်ခုလုံး အေးခဲသွားခဲ့၏။

သူ၏အရှေ့တွင် ကျယ်ဝန်းပြီး ဖြောင့်တန်းနေသော လမ်းမကြီးတစ်ခု သွယ်တန်းတည်ရှိနေကာ လမ်းဘေး တစ်ဖက်တစ်ချက်စီတွင်လည်း စိမ်းလန်းစိုပြည်နေသော ကောက်ပဲသီးနှံခင်းများ ရှိနေသည်။

ဤကဲ့သို့ မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ချေ။

"ကော်ပန်ပန်... ဒီနေရာက တောက်ယွမ်ခရိုင် ဆိုတာ သေချာရဲ့လား"

ကော်ထျန်းယန်က မြေပုံကို အလျင်အမြန် ပြန်ထုတ်ကာ သေချာစွာ စစ်ဆေးလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

"မှန်ပါတယ်... ဒီနေရာပါပဲ"

ထိုအချိန်တွင် ရထားလုံးမှာ ရွေ့လျားနေဆဲ ဖြစ်သော်ငြား ထူးထူးခြားခြား ချောမွေ့စွာ ပြေးလွှားနေခဲ့သည်။

အေးမြသော လေပြေလေညင်းများ တိုက်ခတ်လာပြီး လန်းဆန်းဖွယ်ရာမြင်ကွင်းက သူ့ကို ကျေနပ်စေသောကြောင့် ကျင်းဧကရာဇ်၏ မျက်မှောင်ကြုတ်ထားမှုမှာ အလိုလို ပြေလျော့သွား၏။

"ဒီလောက် သေးငယ်တဲ့ ခရိုင်လေးက ဒီလို ထူးဆန်းတဲ့ လမ်းမျိုး ဖောက်လုပ်နိုင်လိမ့်မယ်လို့ ကိုယ်တော် မထင်ထားခဲ့မိဘူး၊ စိတ်ဝင်စားစရာပဲ... တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီတောက်ယွမ်ခရိုင်ကို မျက်မြင်ကိုယ်တွေ့ သွားရောက်လေ့လာရမယ်"

ကော်ထျန်းယန်ကလည်း သဘောတူကာ ထောက်ခံလိုက်သည်။ "လမ်းတွေကိုတောင် အရမ်း ထူးခြားတဲ့နည်းလမ်းနဲ့ ဖောက်လုပ်ထားတာဆိုတော့ ဒီက အရာရှိတွေက သေချာပေါက် ထူးချွန်တဲ့သူတွေ ဖြစ်ရပါမယ်"

နာရီဝက်ခန့် ကြာပြီးနောက် လမ်းမပေါ်တွင် လူများ သွားလာနေသည့် လက္ခဏာများကို တဖြည်းဖြည်း မြင်တွေ့လာရသည်။ သာမန်ပြည်သူများမှာ လမ်းလျှောက်၍သော်လည်းကောင်း မြည်းလှည်းများဖြင့်သော်လည်းကောင်း သက်သောင့်သက်သာ ခရီးသွားလာနေကြ၏။

လမ်းဘေး နှစ်ဖက်ရှိ လယ်ကွင်းများထဲတွင်လည်း လယ်သမား အမြောက်အမြားကို မြင်တွေ့နေရသည်။

ကျင်းဧကရာဇ်က ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။

ဤမျှ သေးငယ်သော ခရိုင်လေးကို ဤမျှ ထိရောက်စွာ စီမံအုပ်ချုပ်ထားနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးထင်ထားခဲ့ပေ။

ဒေသခံ အရာရှိများက အမှန်တကယ်ပင် အလွန် အရည်အချင်းပြည့်ဝပုံ ရသော်ငြား အဘယ်ကြောင့် ထိုသူတို့အမည်ကို လူသိမများရသနည်း။

တက်ကြွ လန်းဆန်းနေသော အစိမ်းရောင် ရှုခင်းများက မြင်ကွင်းထဲတွင် အဆက်မပြတ် ဖြတ်သန်း သွားနေပြီး အဝေးရှိ မြို့ရိုးကလည်း တဖြည်းဖြည်း ပေါ်လာခဲ့သည်။

…

ရထားလုံး ပို၍ နီးကပ်လာချိန်တွင်။

ကျင်းဧကရာဇ်၊ ကော်ထျန်းယန်နှင့် မြင်းလှည်းဆရာတို့ သုံးဦးစလုံးမှာ တစ်ပြိုင်နက်တည်း အသက်ရှူအောင့်ထားမိကြ၏။

သူတို့ အရှေ့ရှိ တောက်ယွမ်ခရိုင်မှာ အမှန်တကယ် ခံစစ်အလွန်ကောင်းမွန်သော ခံတပ်ကြီးတစ်ခု ဖြစ်နေခဲ့သည်။

မီးခိုးရောင်နှင့် အဖြူရောင် အုတ်ချပ်များ၊ မီတာဆယ်ဂဏန်းမျှ မြင့်မားသော မြို့ရိုးကြီးများ ရှိနေပြီး အလွန်တရာ ခိုင်မာတောင့်တင်းကြောင်း ဖော်ပြနေ၏။

မြို့တံခါးအထက်တွင် ရွှေရောင်လွှမ်းနေသော စာလုံးကြီးသုံးလုံးကို ချိတ်ဆွဲထားသည်။

တောက်ယွမ်ခရိုင်။

ကျင်းဧကရာဇ်သည် လက်ရှိအချိန်တွင် အလွန် အံ့အားသင့်သွားပြီး အခြား မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ချေ။ ဒေါသကို မြိုသိပ်ထားလျက် သူက ပြောလိုက်၏။ "ကော်ထျန်းယန်... ဒီကို လာခဲ့စမ်း"

ကော်ထျန်းယန်မှာ အလွန် ထိတ်လန့်သွားသော်ငြား မြင်းလှည်းဆရာကို အရင် ငွေရှင်းပေးလိုက်သည်။ ပြီးနောက် ကျင်းဧကရာဇ်ထံသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လျှောက်သွားလိုက်သည်။

"မင်းတို့လို အရာရှိတွေက ဘာလုပ်ဖို့လဲ၊ မြို့တော်နဲ့ လီတစ်ရာလောက်ပဲ ဝေးတဲ့ နေရာမှာ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ခံတပ်ကြီး ရှိနေတာကို ဘာလို့ ဘယ်သူကမှ ကိုယ်တော့်ကို မလျှောက်တင်ကြတာလဲ" ကျင်းဧကရာဇ်က ဒေါသကို မြိုသိပ်ကာ တိုးတိုးလေး ကြိမ်းမောင်းလိုက်၏။

ကျင်းဧကရာဇ်သည် နှစ်ပေါင်းများစွာ စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပြီး ရေတွက်၍မရနိုင်သော မြို့ရွာငယ်များကို မြင်တွေ့ခဲ့ဖူးသော်ငြား မည်သည့် မြို့ငယ်လေးတွင်မှ ဤမျှ အဆင့်အတန်း မြင့်မားသော မြို့ရိုးမျိုး မရှိခဲ့ဖူးချေ။

အများဆုံးအနေဖြင့် ယာယီဖြေရှင်းချက်အဖြစ် ရွှံ့အုတ်ရိုးများကိုသာ အသုံးပြုကြပြီး တောက်ယွမ်ခရိုင်မှာ ထိုအချိန်က လူမသိသူမသိ အရေးမပါသော ခရိုင်ငယ်လေးတစ်ခုသာ ဖြစ်သည်။

မင်းတရားကြီး၏ နှာခေါင်းအောက်တွင် ဤမျှ ကြီးမားသော အရာကြီး ပုန်းကွယ်နေသည်ကို မည်သူက ဒေါသမထွက်ဘဲ နေမည်နည်း။

ကော်ထျန်းယန်မှာ ထိုအချိန်တွင် အလွန်အမင်း ထိတ်လန့်သွားပြီး ချက်ချင်းပဲ ဒူးထောက်ကာ ခါးကို ကိုင်းညွတ်ချလိုက်၏။ သူ အမှန်တကယ်ပင် မသိခဲ့ပေ။ ကြားတောင် မကြားဖူးခဲ့ချေ။

အရာရှိများ မည်မျှ တာဝန်သိတတ်နေပါစေ ဤမျှ လူသူကင်းမဲ့သောနေရာသို့ လာရောက်မည် မဟုတ်ပေ။

ဤမျှ ဆင်းရဲမွဲတေလှသော တောင်ကြားထဲတွင် ဤသို့ ခမ်းနားထည်ဝါသော ခံတပ်ကြီး ရှိနေလိမ့်မည်ဟု မည်သူက တွေးတောမိမည်နည်း။ ယုံနိုင်စရာပင် မရှိချေ။

အနီးအနားရှိ သာမန်ပြည်သူများ၏ စပ်စုချင်သော အကြည့်များက သူတို့ထံ ကျရောက်လာခဲ့သည်။

ကျင်းဧကရာဇ်က သက်ပြင်းကိုသာ အားကိုးရာမဲ့စွာ ချလိုက်၏။ ကော်ပန်ပန်မှာ ငယ်စဉ်ကတည်းက သူ၏အဖော်အဖြစ် ရှိနေခဲ့သူဖြစ်ရာ အလွန်အမင်း ကြမ်းတမ်းစွာ မဆက်ဆံရက်သော်ငြား တကယ်ကိုပင် အသုံးမကျ ဖြစ်လာနေပြီ ဖြစ်၏။

"ထတော့... ပြန်ရောက်မှ ဒီကိစ္စကို ရှင်းကြတာပေါ့"

ကော်ထျန်းယန်မှာ ဘေးကင်းသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ရင်ထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။

ကော်ထျန်းယန်မှာ အသက်ဆယ်နှစ် မပြည့်ခင်တည်းက ကျင်းဧကရာဇ်၏ ဘေးတွင် ရှိနေခဲ့သူဖြစ်ရာ ဧကရာဇ်၏ စိတ်နေသဘောထားကို အလွန်ကောင်းစွာ သိရှိထားသည်။ ဤသည်မှာ သူ၏ အသက်အန္တရာယ်ကို ကြီးကြီးမားမား မခြိမ်းခြောက်နိုင်တော့ကြောင်း အဓိပ္ပာယ်သက်ရောက်၏။

သို့ဆိုစေကာမူ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီးနောက် မျက်ရည် နှပ်ချေးများ စီးကျလျက် ပြောလိုက်သည်။ "ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"

"သွားကြစို့... မြို့ထဲ ဝင်ကြမယ်"

ထိုအခါ သူတို့နှစ်ဦးစလုံး မြို့ထဲသို့ စတင် လျှောက်လှမ်းသွားကြ၏။

မြို့တံခါးဝသို့ ရောက်သောအခါ အရာရှိသုံးဦးက သူတို့ကို ရုတ်တရက် တားဆီးလိုက်သည်။ "လူကြီးမင်းတို့... ခရီးသွားခွင့် လက်မှတ်တွေကို ပြပါ"

ကော်ထျန်းယန်က ကြိုတင် ပြင်ဆင်ထားပြီးဖြစ်ရာ ချက်ချင်းပင် ထုတ်ပေးလိုက်၏။

အရာရှိက လက်မှတ်များကို တစ်ချက်ကြည့်ကာ ပြန်ပေးလိုက်ပြီးနောက် မေးလိုက်သည်။ "တောက်ယွမ်ခရိုင်ကို ဘာကိစ္စနဲ့ လာကြတာလဲ"

"သခင်ကြီးက ကြွေထည်လုပ်ငန်း လုပ်ကိုင်ပါတယ်။ ဒီကို လာလေ့လာတာပါ"

စီးပွားရေးလုပ်ငန်းဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် အရာရှိ၏ နှုတ်ခမ်းများပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့၏။ သူက လှည့်ကာ ဘေးရှိလူအား တိုးတိုးလေး တစ်စုံတစ်ရာ ပြောလိုက်ပြီးနောက် ထိုသူမှာ မြို့ထဲသို့ အလျင်အမြန် ပြေးဝင်သွား၏။

ကျင်းဧကရာဇ်မှာ အံ့ဩသွားသော်ငြား ထပ်မမေးတော့ချေ။ တစ်ဖက်လူက ဤကိစ္စကို အသိခံချင်ပုံ မရကြောင်း ထင်ရှားနေသည်။

ထို့နောက် သူက မေးလိုက်၏။ "တောက်ယွမ်ခရိုင်ရဲ့ မြို့ရိုးတွေက အရမ်း မြင့်မားပြီး ခိုင်ခံ့တာပဲ၊ ငွေတွေ အများကြီး ကုန်ကျမှာပဲနော်၊ အာဏာပိုင်တွေက အခွန်တွေ တိုးကောက်လိုက်တာလား"

အရှေ့ရှိ အရာရှိက မဖြေရသေးခင်မှာပင် အနောက်ဘက်ရှိ အခြား အရာရှိတစ်ဦးက တခစ်ခစ် ရယ်မောလိုက်သည်။

"သူ မေးပြီ... သူ မေးပြီ၊ ငါ ဘာပြောလဲ၊ အခု ပိုက်ဆံပေးတော့"

အစောပိုင်းက မေးခွန်းမေးခံရသော အရာရှိမှာ ကျင်းဧကရာဇ်အား အားကိုးရာမဲ့သော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် အင်္ကျီလက်ထဲမှ ကြေးပြားဆယ်ပြားကို ဆွဲထုတ်ပေးလိုက်၏။

ထို့နောက် သူက ရှင်းပြလိုက်သည်။ "ဒီမြို့ရိုးတွေက... တကယ်တော့ အမြင်ကောင်းအောင် လုပ်ထားတာပါ၊ ကျုပ်တို့ မြို့ဝန်မင်းက ရွှံ့နဲ့လုပ်ထားတဲ့ မြို့ရိုးတွေကို ရုပ်ဆိုးတယ်လို့ ထင်တဲ့အတွက် ဒီနည်းလမ်းကို စဉ်းစား မိသွားတာပါ၊ ကုန်ကျစရိတ်လည်း အရမ်း မများပါဘူး"

ကော်ထျန်းယန်မှာ ဆွံ့အသွား၏။

ကျင်းဧကရာဇ်က ချက်ချင်းပင် ရယ်မောလိုက်သည်။

ဪ ဒီလိုကိုး၊ ဤမြို့ဝန်က ဤမျှ လှည့်ပတ်တတ်သော သူတစ်ယောက် ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ လွန်လွန်ကျူးကျူး တွေးမိသွားခဲ့ပုံရ၏။

အရာရှိ ငွေရှုံးသွားသည်ကို မြင်လိုက်ရသောအခါ ကျင်းဧကရာဇ်မှာ အလွန် ဝမ်းသာသွားသည်။ ထို့ကြောင့် ကော်ထျန်းယန်ကို ထိုသူအား ငွေတစ်တေးလ် ပေးရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

ငွေကို မြင်ချိန်မှာတော့ အရာရှိ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကြမ်းတမ်းစွာ အော်ဟစ်လာ၏။ “ဘာလုပ်တာလဲ၊ ပြန်ယူ... ပြန်ယူ၊ တောက်ယွမ်ခရိုင်မှာ ဒီလိုမျိုးတွေ မလုပ်ရဘူး။”

ကော်ထျန်းယန်၏ လက်မှာ လေထဲတွင် တန့်သွားပြီး ငွေကို ပေးရမည်လား ပြန်ရုပ်သိမ်းရမည်လားပင် မသိတော့ချေ။

သူက ရယ်လည်း ရယ်ချင်သွားသလို အံ့လည်း အံ့အားသင့်သွားမိသည်။ ငွေကို လက်မခံသော နေရာမျိုး အမှန်တကယ် ရှိနေသည်လား။ တကယ်ကို ထူးဆန်းလွန်းလှသည်။

ကျင်းဧကရာဇ်ကလည်း စဉ်းစားဟန်ပေါက်နေသော အမူအရာကို ပြသလိုက်သည်။ သာမန် အရာရှိတစ်ဦးကပင် ဤမျှ အသိဉာဏ်ရှိနေခြင်းမှာ တောက်ယွမ်ခရိုင်အတွက် အမှန်တကယ် ချီးကျူးစရာပင်။

သိပ်ပြီး အများကြီး စဉ်းစားမနေတော့ဘဲ သူတို့နှစ်ဦးစလုံး ငွေကို ပြန်သိမ်းကာ မြို့ထဲသို့ တန်းတန်းမတ်မတ် လျှောက်ဝင်သွားလိုက်ကြ၏။

မြို့ထဲသို့ ဝင်ရောက်သွားသည်နှင့် တပြိုင်နက် သူတို့နှစ်ဦးစလုံး ထပ်မံ၍ အသံတိတ်သွားကြပြန်သည်။

သူတို့၏ အရှေ့တွင် ကျယ်ဝန်းပြီး တောက်ပသန့်ရှင်းနေသော ကျောက်ခင်းလမ်းကြီးများ သွယ်တန်းနေခဲ့၏။

လမ်း၏ တစ်ဖက်တစ်ချက်စီတွင် အဆောက်အအုံများကို အစီအရီ တည်ဆောက်ထားပြီး လမ်းသွားလမ်းလာများ လည်း အများအပြား ရှိနေသည်။

လမ်းဘေးတွင် ကုန်ပစ္စည်းများ ရောင်းချနေသော ဈေးဆိုင်ငယ်လေးများပင်လျှင် အတော်လေး များပြားလှ၏။

ထို့အပြင် နှစ်ဖက်စလုံးရှိ အိမ်များမှာ အလွန် တောက်ပပြီး သစ်လွင်နေကာ မကြာသေးမီကမှ တည်ဆောက် ထားကြောင်း သိသာထင်ရှားနေသည်။

ယေဘုယျအားဖြင့် ဤနေရာက မြို့တော်ထက်ပင် ပို၍ ခမ်းနားကြီးကျယ်နေသေး၏။

"အရှင်... သခင်ကြီး၊ သူတို့က ဒီမှာ လမ်းခင်းဖို့ ကျောက်ပြားတွေကို အသုံးပြုထားတာပဲ၊ ဒါက... တကယ်ကို ရှားပါးလှပါတယ်"

ကျင်းဧကရာဇ်က မျက်နှာထား တည်တည်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

မြို့တော်တွင်ပင် ကျောက်ခင်းလမ်းများက ဤမျှ သေသေသပ်သပ် မဖြစ်နိုင်သေးချေ။ မြို့တော်ဆင်ခြေဖုံးရှိ လမ်းအများစုမှာ မြေသားလမ်းများသာ ဖြစ်နေဆဲပင်။

မြို့တော်ရှိ မြေသားလမ်းများက မိုးရွာတိုင်း အလွန် ဗွက်ထတတ်သော်ငြား တောက်ယွမ်ခရိုင်၏ ကျောက်ခင်းလမ်းများမှာမူ အဆုံးမရှိ ရှည်လျားနေသကဲ့သို့ ထင်ရသည်။

အရေးကြီးဆုံးမှာ လမ်းမပေါ်ရှိ သာမန်ပြည်သူများ၏ စိတ်အခြေအနေနှင့် အသွင်အပြင်များက မြို့တော်ရှိ လူများနှင့် လုံးဝကို ကွာခြားနေခြင်း ဖြစ်၏။

လူတိုင်းက ပန်းသွေးရောင် သန်းနေသော အသားအရေကို ပိုင်ဆိုင်ထားကြပြီး အာဟာရချို့တဲ့နေသည့် လက္ခဏာများ လုံးဝမရှိဘဲ အတော်များများမှာ ဝဖြိုးနေကြသည်။

မြို့တော်နှင့် ယှဉ်လျှင်ပင် ထိုကွာခြားချက်က အတော်လေး သိသာထင်ရှားနေ၏။

ကျင်းဧကရာဇ်၏ သံသယများက ပို၍ပို၍ ကြီးမားလာခဲ့သည်။

…

All Chapters