တော်ဝင်ကျင်းမင်းဆက်သို့ အချိန်ကာလ ကူးပြောင်းရောက်ရှိသွားခဲ့ပြီးနောက် အဆင့်နိမ့် မြို့ဝန်လေးတစ်ဦး ဖြစ်လာခဲ့သူ 'ဖန်ကျန်းရီ'... သူသည် ဤကမ္ဘာမြေပေါ်၌ ဧကရာဇ်တစ်ပါးသဖွယ် လွတ်လပ်ပေါ့ပါးစွာဖြင့် ဘဝကို ဇိမ်ကျကျ ဖြတ်သန်းသွားရန် ရည်ရွယ်ချက်ဖြင့် သူ၏ ကိုယ်ပိုင် နတ်ဘုံနတ်နန်း မြို့ငယ်လေးကို (၇) နှစ်တာ အချိန်ယူကာ ဖန်တီး တည်ဆောက်ခဲ့သည်။ ကျင်းဟယ် သက္ကရာဇ် ၁၃ နှစ်မြောက်တွင်တော့ ဧကရာဇ်ကျင်းသည် ရုပ်ဖျက်၍ တိုင်းခန်းလှည့်လည်ရာမှ တောက်ယွမ်ခရိုင်မြို့ငယ်လေးဆီသို့ အမှတ်မထင် ရောက်ရှိလာခဲ့၏။ ဘုတ် …။ ခရိုင်အတွင်းသို့ ခြေချလိုက်သည်နှင့် ဧကရာဇ်မင်းမြတ်မှာ လုံးဝကို အံ့သြမှင်သက်သွားခဲ့ရသည်။ အမြင်ဆန်းသစ်လှသော အရာဝတ္ထုများစွာက မျက်စိကျိန်းလောက်အောင်ပင်။ "ဟင်... ရေဆွဲအိမ်သာဆိုတာ ဘာကြီးလဲ။ ဒီလောက်တောင် အဆင်ပြေနေတာလား။ ဟင်... မင်းတို့က စက္ကူကိုတောင် သုံးကြတာလား...။ ဒီမှန်ကရော... နတ်ပြည်က ဆင်းသက်လာတဲ့ ပစ္စည်းလား။ ပြီးတော့ ဒါကဘာလဲ" ........ မကြာမီမှာပဲ ဧကရာဇ်ကြီးသည် အိမ်ရှေ့စံမင်းသားကိုပါ ခေါ်ဆောင်လျက် တောက်ယွမ်ခရိုင်သို့ နောက်တစ်ခေါက် ပြန်လည်ရောက်ရှိလာခဲ့သည်။ မြို့ဝန်လေး တစ်ယောက်အနေဖြင့် နန်းတွင်းရေးကို မိမိလက်ခုပ်ထဲမှ ရေလို မည်သို့မည်ပုံ ချယ်လှယ် ကစားသွားမည်နည်း။ မင်းသမီးလေးနှင့် လက်ဆက်ကာ အာဏာ၏ အထွတ်အထိပ်သို့ မည်သို့ တက်လှမ်းသွားမည်နည်း ဆိုသည်ကိုတော့... မတူညီသော မင်းဆက်အသီးသီး၏ နောက်ခံသမိုင်းကြောင်းများကို ပေါင်းစပ်ရေးဖွဲ့ထားသည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်၍ အားလုံးပဲ အကြိုက်တွေ့ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ ဆက်လက် ဖတ်ရှု ခံစားကြည့်ကြပါခင်ဗျာ။

