← Chapters

အခန်း ၃၃၀

Vol. 19 Ch. 330

အခန်း ၃၃၀

Vol. 19 Ch. 330

အပိုင်း (၃၃၀) သွေးဆာနေတဲ့ ကျန်းပြောင်၏ ဂန္ထဝင်ဘဝ။

ဝင်ပေါက်နေရာမှာ ကျဉ်းမြောင်းရှည်လျားကာ အလင်းရောင်မှာလည်း အလွန်အားနည်းလှသည်။ ကျန်းပြောင်၏ ကျောပြင်မှာ ယခုအခါ ဖန်ကျန်းရီ၏ အမြင်တွင် ဝေဝါးနေပြီဖြစ်ပြီး တစ်ခုတည်း ရှင်းလင်းစွာ မြင်နိုင်သည်မှာ အနီရောင် တောက်ပနေသော လေးလံလှသည့် ဓားကြီးပင် ဖြစ်၏။

အချိန်ကျရောက်လာပြီ ဖြစ်သည်ကို မြင်လိုက်ချိန်တွင် ဖန်ကျန်းရီက ပြတ်သားစွာ ပြောလိုက်သည်။ “မီးရှို့လိုက်တော့။”

ထို့နောက် သူ၏ နောက်ဘက်မှ မီးတုတ် ကိုင်ဆောင်ထားသော လူနှစ်ယောက် ရှေ့သို့ လျှောက်လာခဲ့၏။ သူတို့က မြေပြင်ပေါ်သို့ ညင်သာစွာ ထိုးစိုက်ချလိုက်သည်။ မီးတောက်နှစ်ခုမှာ အရှိန်အဟုန်ဖြင့် တောက်လောင်လာကာ လမ်းကြောင်းတစ်ခုလုံးကို လင်းထိန်သွားစေပြီး လမ်းကြောင်းတစ်လျှောက် အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် ဖြတ်သန်းသွား၏။

ထိုအချိန်တွင် ကွင်းပြင်ထဲ၌ ချီလျဲ့သည် လှံကိုကိုင်ဆောင်၍ ကျန်းပြောင် ထွက်ပေါ်လာမည့် နေရာကို စူးစိုက်ကြည့်နေသည်။ ပရိသတ်များမှာလည်း ကျန်းပြောင် ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေကြသဖြင့် တိတ်ဆိတ် ငြိမ်သက်နေသည်။

ရုတ်တရက် မီးနဂါးနှစ်ကောင်က ဝင်ပေါက်မှနေ၍ တိုက်ရိုက် ထွက်ပေါ်လာပြီး ပေတစ်ရာခန့် အထိ ရှည်လျားစွာ တောက်လောင်အောင်ဖန်တီးသွားသည်။ ပရိသတ်များမှာ ချက်ချင်းပင် ဆူညံသွားကြ၏။

တောက်ယွမ်ခရိုင်မှ အသံအကျယ်ဆုံး အမျိုးသမီး ငါးရာက စိတ်လှုပ်ရှားစွာဖြင့် ခါးမှ ဗုံများကို ထုတ်ယူလိုက်ကြပြီး စာတန်းများကို ဖြန့်ချလိုက်ကြ၏။ ပတ်ဝန်းကျင်ရှိ လူများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် မည်သူ့ကိုမှ ဂရုမစိုက်ဘဲ စတင်၍ တီးခတ်လာကြတော့သည်။

လော့နင်ရှင်းကလည်း လူအုပ်ကြီးကြားထဲတွင် ထိုင်နေသည် ဘေးတွင် အစ်မချွန်း ထိုင်နေသော်ငြား သူမ၏ တစ်ကိုယ်လုံးမှာ အတော်လေး ပိန်ကျသွားသည့်ပုံ ပေါ်နေ၏။

မီးတောက်များ တောက်လောင်လာချိန်တွင် အစ်မချွန်းက လော့နင်ရှင်း၏ လက်ကို စိတ်လှုပ်ရှားစွာ ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။ “မြန်မြန် ကြည့်။ အစ်ကိုပြောင် ထွက်လာတော့မယ်။”

လော့နင်ရှင်းမှာ ဆွဲကိုင်ခံရလွန်း၍ နာကျင်လာသဖြင့် အစ်မချွန်းကို စကားမပြောနိုင်တော့ဘဲ စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “အစ်မချွန်း … ကျန်းပြောင် ပြန်ရောက်လာတည်းက အစ်မကို လာမရှာဘဲနဲ့ အစ်မက ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။”

“နင် ငယ်ပါသေးတယ်။ နားမလည်ပါဘူး။ အစ်မချွန်းက ပြန်ပြောလိုက်၏။

လော့နင်ရှင်းမှာ ဆွံ့အသွားခဲ့သည်။

အစ်မချွန်းက သူမကို မျက်စောင်းထိုး ကြည့်လိုက်သည်။ “နင်ကများ ငါ့ကို ပြောနေသေးတယ်။ အမတ်ဖန်က နင့်ကို သိပ်ချစ်ပါတယ် ဘာညာဆိုပြီး နေ့တိုင်း စာတွေ ရေးနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး သူများအိမ်မှာ သွားပြီး အစေခံမလေး လုပ်နေရတာလဲ။”

“ကျွန်မက အစေခံ မဟုတ်ပါဘူး။” လော့နင်ရှင်း၏ မျက်နှာမှာ ပူထူသွားပြီး ရှက်သွေးဖြာစွာဖြင့် ပြောလိုက်၏။

အစ်မချွန်းက မထီမဲ့မြင်ပြုကာ အလောတကြီး ပြောလိုက်သည်။ “ကျွတ် … ဟုတ်ဟုတ် မဟုတ်ဟုတ် ဘယ်သူက ဂရုစိုက်နေမှာလဲ။ နင့်ရဲ့ ဒီရုပ်လေးနဲ့ ယောကျ်ားတစ်ယောက်ကို မသိမ်းသွင်းနိုင်ဘူးလား။ အမတ်ဖန် က နင့်ဆီကို စာတွေ အများကြီး ရေးတယ်ဆိုတာ နင့်အပေါ် စိတ်ဝင်စားနေလို့ပေါ့။”

စိတ်ဝင်စားတယ်လား။ သောက်ကျိုးနည်း စိတ်ဝင်စားနေတာ။ ဒီယောကျ်ားက လုံးဝကို လူလိမ်ကြီးပဲ။ လော့နင်ရှင်း၏ မျက်နှာမှာ ဝမ်းနည်းဒေါသထွက်မှုများဖြင့် ပြည့်နှက်သွား၏။

အစ်မချွန်းက တတွတ်တွတ် ဆက်ပြောနေသေးသည်။ “နင်က နင့်ကိုယ်နင် ဇန့်ရှန်းစံအိမ်မှာ ရှိနေတုန်းပဲလို့ ထင်နေတာလား။ ယောကျ်ားတွေက နင့်ကို တွေ့ရဖို့ လုယက်နေကြမယ် ထင်နေလား။ တစ်သက်လုံး အစေခံမလေး ဘဝနဲ့ မနေချင်ဘူးဆိုရင် ကိုယ်တိုင် အရင် စတင်လှုပ်ရှားလိုက်စမ်းပါ။”

“ဘယ်လို စတင်လှုပ်ရှားရမှာလဲ။”

လော့နင်ရှင်းမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သူမသည် အနုပညာလောကသို့ ဝင်ရောက်လာတည်းက အမြဲတမ်း အထက်စီးဆန်ဆန်နှင့် အေးတိအေးစက် နေခဲ့ပြီး အလွန်ဆုံးမှ လူများကို အဖော်ပြု၍ စောင်းတီးကာ အရက်သောက်ပေးခြင်းသာ ရှိခဲ့သည်။ သူမကို မြင်ဖူးသူတိုင်းက ရိုသေလေးစားမှု မရှိဘဲ နေမည်လား။ ကိလေသာ ရမ္မက်ကြီးမားသော သူများပင်လျှင် သူမ၏ အရှေ့တွင်တော့ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ရသည်။

ဖန်ကျန်းရီ ကတော့ ထူးခြားသည်။ သူမ ကိုယ်တိုင် အရင် စတင်လှုပ်ရှားခဲ့သော်ငြား ရလဒ်အနေဖြင့် ဘာမှမထူးခြားသောကြောင့် သူမအနေဖြင့် ဘယ်လိုလုပ်ပြီး ထပ်မံ လှုပ်ရှားရမည်နည်း။

“အေးလေ။ တခြားညီမလေးတွေလိုမျိုး နင်က အတင်း ဝင်လုံးလိုက်ပေါ့။ သူ့ကို ရသွားရင် ငါ့အတွက် အစ်ကိုပြောင်ကို မိတ်ဆက်ပေးနော်။”

လော့နင်ရှင်းမှာ ဘာပြောရမှန်းမသိ ဆွံ့အသွားခဲ့သည်။

ပရိသတ်များကြားတွင် ကျင်းဘုရင်က မီးတောက်နှစ်ခုကို မျက်လုံးအစုံဖြင့် စူးစိုက်ကြည့်နေပြီး မီးတောက်များ တောက်လောင်လာပြီးနောက်တွင် မည်းမှောင်သော မီးခိုးငွေ့များ စတင် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏။

နီရဲနေသော မီးတောက်များနှင့် အဆက်မပြတ် ပျံ့နှံ့နေသော မည်းမှောင်သည့် မီးခိုးငွေ့များ ပေါင်းစပ်သွားမှု … ထို့နောက် အနီရောင် ခပ်ဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်နေသော ဝင်ပေါက်ကို လှမ်းကြည့်လိုက်ချိန်တွင် အကြောင်းပြချက်မရှိဘဲ အစွမ်းထက်ကာ မိစ္ဆာဆန်သော ခံစားချက်ကို ပိုမို ရရှိလာစေသည်။

လူက မရောက်လာသေးသော်ငြား ပြင်းထန်လှသော ဖိအားများက မျက်နှာဆီသို့ ရိုက်ခတ်လာပြီ ဖြစ်၏။

မီးလောင်ဆီလား … ဒါပေမဲ့ ဒီမီးခိုးငွေ့တွေက ဘာလို့ ဒီလောက်တောင် များနေရတာလဲ။ ကျင်းဘုရင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ မတိုက်ခိုက်ရသေးသော်ငြား ကွင်းထဲဝင်လာသည့် ပုံစံကို ကြည့်ရုံဖြင့် မျက်နှာပန်း လှသွားပြီ ဖြစ်သည်။

နန်းတွင်းအမတ်များ၏ ရင်ထဲတွင်လည်း ဝမ်းသာသွားခဲ့ကြ၏။ ဖန်ကျန်းရီ ဆိုသည့် ကောင်လေးက အမြဲတမ်း အလုပ်ဖြစ်အောင် လုပ်တတ်သူပင်။ ဤတစ်ကြိမ်တွင်တော့ နေရာမှန်တွင် အသုံးချလိုက်ပြီဟု ဆိုနိုင်ချေ၏။

ယခုအချိန်တွင် ဖန်ကျန်းရီက သူ၏အနားရှိ လူအနည်းငယ်ကို ခေါ်ဆောင်ကာ ပရိသတ်များကြားသို့ ပြောင်းရွှေ့သွားပြီ ဖြစ်သော်ငြား ကျင်းဘုရင် အနားသို့ သွားရောက်ခြင်း မဟုတ်ဘဲ အသံလွှင့်ခန်းဆီသို့ သွားရောက်ခြင်းသာ ဖြစ်သည်။ ဤနေရာက အမြင်အာရုံ အကောင်းဆုံးဖြစ်ပြီး အောက်မှလူများကို အချက်ပြရန် အဆင်ပြေသလို ပုန်းကွယ်ရန်လည်း လွယ်ကူသည်။

ကွင်းထဲရှိ လူအများ၏ တုံ့ပြန်မှုကို ကြည့်ရင်း ဖန်ကျန်းရီက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်၏။ မီးလောင်ဆီများကို ဖျော်ဖြေရေးအဖွဲ့ ထွက်ခွာသွားချိန်တွင် ကွင်းထဲ၌ တိတ်တဆိတ် လောင်းချထားခဲ့ခြင်း ဖြစ်သည်။ သို့ပေမည့် ဤမျှလောက် ကြီးမားသော မီးခိုးငွေ့များ ထွက်ပေါ်လာရခြင်းမှာ အဓိကအားဖြင့် နှမ်းဆီ အမြောက်အမြားကို ရောနှောထားသောကြောင့်ပင်။ ယခုအရာများက … အမြည်းသဘောမျှသာ ရှိသေး၏။

“သေချာ ရှင်းပြ။ စာမူထဲကအတိုင်းပဲ ပြောနေဖို့ မလိုဘူး။ အရှိန်အဝါကို မြှင့်တင်ပေးလိုက်။ သေချာ လုပ်နိုင်ရင် ဆုကြေးငွေတွေ အများကြီး ရှိသေးတယ်။”

ဖန်ကျန်းရီက အင်္ကျီလက်စွပ်ထဲမှ ငွေတုံး ငါးဆယ်တန် ငွေစက္ကူ တစ်ရွက်ကို ထုတ်ယူကာ အစီအစဉ်မှူး၏ လက်ပေါ်သို့ ပုတ်ချလိုက်ပြီး မှန်ပြောင်း တစ်လက်ကိုပါ ကမ်းပေးလိုက်သည်။

အစီအစဉ်မှူးက ငွေစက္ကူကို မြင်လိုက်ချိန်တွင် ချက်ချင်းပင် ပါးစပ်ကြီးဖြဲကာ ရယ်လိုက်၏။ ထို့နောက် မှန်ပြောင်း ကို ယူ၍ ဟိုဒီ လှန်လှော ကြည့်ရှုလိုက်သည်။ ဘာပစ္စည်းမှန်း မသိသော်ငြား စောစောက ရှဲ့ရှန်း အသုံးပြုနေသည်ကို သူ မြင်ဖူးထားသည်။ ဤပစ္စည်း၏ အသုံးဝင်မှုမှာ သိသာစွာပင် အရာဝတ္ထုများကို ကြည့်ရှုရန်အတွက်သာ ဖြစ်ပေလိမ့်မည်။

မှန်ပြောင်းကို မျက်လုံးရှေ့သို့ တေ့ကြည့်လိုက်ချိန်တွင် အစီအစဉ်မှူးမှာ ချက်ချင်းပင် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ “သခင်လေး … သေးသွားပြီ။ သေးသွားပြီ။ လူက ဘယ်လိုလုပ်ပြီး ဒီလောက် သေးသွားရတာလဲ။”

“ပြောင်းပြန် ကိုင်ထားလို့လေ။”

ဖန်ကျန်းရီက လက်ဆန့်ထုတ်ကာ မှန်ပြောင်းကို ပြောင်းပြန် လှည့်ပေးလိုက်၏။

“အာ … ကြီးသွားပြီပဲ။”

အစီအစဉ်မှူးမှာ မနေနိုင်ဘဲ အံ့ဩတကြီး စုတ်သပ်လိုက်ပြီး အကြည့်များကို ကျန်းပြောင် ထွက်ပေါ်လာမည့် နေရာသို့ ရွှေ့လိုက်သည်။

ဝင်ပေါက်နေရာတွင်တော့ မီးတောက်များက တောက်လောင်နေပြီး မည်းမှောင်သော မီးခိုးငွေ့များက နေရာအနှံ့ ပျံ့လွင့်နေ၏။ ကျန်းပြောင်က အနီရဲရဲ သံဓားကို ဆွဲလာကာ တစ်ကိုယ်လုံး ဆီများဖြင့် ပြောင်လက်နေပြီး ဖြည်းညင်းစွာ ရှေ့သို့ လျှောက်လာနေစဉ် သံဓားမှ မီးပွားများက အဆက်မပြတ် ထွက်ပေါ်နေ၏။

သူ၏ အကြည့်များမှာ ခိုင်မာပြတ်သားနေပြီး ကျန်းပြောင်ကို သေချာ စူးစိုက်ကြည့်နေကာ သရဲမျက်နှာ မိတ်ကပ်နှင့် ပေါင်းစပ်လိုက်ချိန်တွင် ငရဲပြည်မှ တွားသွားထွက်လာသော လူသတ်နတ်ဆိုး တစ်ပါးနှင့်ပင် တူနေတော့၏။ ဤကြောက်မက်ဖွယ် မြင်ကွင်းကြောင့် အစီအစဉ်မှူးမှာ ချက်ချင်းပင် အသက်ရှူရပ်သွားသလို ခံစားလိုက်ရပြီး … ခဏတဖြုတ် စကားပင် မပြောနိုင်အောင် ဆွံ့အသွားခဲ့သည်။

“မြန်မြန်လုပ်။ စကား ပြောလေ။”

ကျန်းပြောင် ထွက်ပေါ်လာပြီ ဖြစ်သော်ငြား အစီအစဉ်မှူးက လှုပ်ရှားမှု မရှိသေးသည်ကို မြင်လိုက်ချိန်တွင် ဖန်ကျန်းရီက အလောတကြီး တိုက်တွန်းလိုက်၏။

“ပြော … ပြောပါ့မယ်။” အစီအစဉ်မှူးက အသက်ပြင်းပြင်း နှစ်ခါခန့် ရှူလိုက်မှသာ သတိပြန်ဝင်လာခဲ့သည်။

“သူက … အသက်ဆယ်နှစ် အရွယ်မှာ ထိပ်သီး သိုင်းပညာရှင်ဆယ်ဦးထဲက ဝူဝူတိဆီမှာ ပညာသင်ခဲ့ပါတယ်။ ဓား၊ လှံ၊ ဓားမော့၊ လှံရှည်၊ တုတ်တွေကအစ လက်သီး၊ လက်ဝါး၊ ခြေကန်၊ လက်ချောင်း၊ လက်သည်း ပညာရပ်တွေ အဆုံး မကျွမ်းကျင်တာ ဘာမှ မရှိပါဘူး။

အသက်နှစ်ဆယ် အရွယ်မှာ ဓားမိစ္ဆာ တုကူချိုးပိုင်ဆီမှာ ပညာသင်ခဲ့ပြီး ဓားပညာကို တစ်နှစ်တိတိ လေ့ကျင့်ခဲ့ပါတယ်။ သူရဲကောင်း အားလုံးကို အနိုင်ယူခဲ့ပြီး လောကမှာ ပြိုင်ဘက်ကင်း ဖြစ်ခဲ့ပါတယ်။ အသက်နှစ်ဆယ့်နှစ်နှစ် အရွယ်မှာ သူရဲကောင်းကျွန်းဆီကို တစ်ယောက်တည်း သွားရောက်ခဲ့ပြီး…”

အစီအစဉ်မှူး စကားပြောနေစဉ်မှာပင် တီးဝိုင်းအဖွဲ့က အသံကျယ်လောင်စွာဖြင့် စတင် တီးခတ်လာကြ၏။ အရှိန်အဝါ ပြင်းထန်ပြီး သူရဲကောင်း စိတ်ဓာတ်များ ပြည့်ဝနေသော သိုင်းလောကစိန်ခေါ်သံ ဇာတ်ဝင်တေး သီချင်းက ကွင်းထဲတွင် စတင် ပျံ့လွင့်လာ၏။

တစ်ချိန်တည်းမှာပဲ အမြင့်ဆုံး အတန်းရှိ ပရိသတ်များထဲမှ လူအချို့က လက်ဆန့်ထုတ်ကာ မှန်ငယ်လေးများကို ထုတ်ယူလိုက်ကြသည်။ အလင်းပြန်အား အလွန်ကောင်းမွန်သော ဖန်မှန်များက နေရောင်ခြည် အလင်းတန်းများ ကို စုစည်းပေးလိုက်၏။ နေရောင်ခြည်အားလုံးက ကျန်းပြောင်၏ အပေါ်သို့ အလင်းပြန် ကျရောက်သွားသည်။

တစ်ကိုယ်လုံး လိမ်းကျံထားသော ဝက်ဆီများနှင့် ပေါင်းစပ်လိုက်ချိန်တွင် … သူ၏ တစ်ကိုယ်လုံးမှာ တောက်ပနေသော ရွှေရောင် အလင်းတန်းများဖြင့် လင်းလက်သွား၏။ ဤအခိုက်အတန့်တွင် ကျန်းပြောင်မှာ နတ်ဆိုးမှနေ၍ နတ်ဘုရား တစ်ပါးအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲသွားခဲ့၏။

သူက ကွင်းလယ်သို့ ဖြည်းညင်းစွာ လျှောက်လာနေပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်မင်းတစ်ပါး နှင့်ပင် တူနေသည်။ ကွင်းထဲရှိ ပရိသတ်အားလုံး၏ စိတ်နှလုံးမှာ ဤမြင့်မြတ်ပြီး ထူးဆန်းလှသော မြင်ကွင်း ကြောင့် တင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်သည်။

ကျင်းဘုရင်ပင်လျှင် လုံးဝကို ဟန်မဆောင်နိုင်တော့ပေ။ ကျန်းပြောင်၏ သံဓားဆီမှ မြေပြင်ပေါ်တွင် မီးပွားများ အဆက်မပြတ် ထွက်ပေါ်နေသည်ကို ကြည့်ရင်း မနေနိုင်ဘဲ တံတွေးမြိုချလိုက်မိသည်။

အဲဒါက ဘာနတ်လက်နက်လဲ။ ဒီလို ပစ္စည်းမျိုးကို ကိုယ်တော် လုံးဝ မကြားဖူးပါလား။ ဒါမှမဟုတ် မင်္ဂလာရှိတဲ့ နိမိတ်လက္ခဏာ အသစ်တစ်ခုများလား။

သူ၏အနားရှိ လီယွမ်ကျောက်၏ မျက်နှာမှာလည်း နီမြန်းနေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။

ကောင်းလိုက်တာ။ အရမ်း ကောင်းတာပဲ။ ဖန်ကြီးပဲ လုပ်နိုင်တာ။ ဒါနဲ့ ယှဉ်လိုက်ရင် ငါကိုယ်တိုင် ဆော့ကစားနေတဲ့ ကျားနဲ့ ကျားသစ် ခြံဝန်းတို့လို ဟာတွေက အမှိုက်တွေနဲ့ ဘာမှမကွာတော့ဘူး။

အဲဒီဓားက ဘာလို့ အလင်းရောင် ထွက်နေရတာလဲ။ ပြီးတော့ မီးပွားတွေတောင် ထွက်နေသေးတယ်။ ကျန်းပြောင်ဆီမှာ ဒီလို ရတနာမျိုး ရှိတာကို ငါဘာလို့ မမြင်ဖူးရတာလဲ။

ဤအချိန်တွင် အတည်ငြိမ်ဆုံး ဖြစ်နေသည်မှာ နန်းတွင်းအမတ်များပင် ဖြစ်သည်။

ချီလျဲ့ကို မြင်ဖူးသူ အများစုမှာ ကျန်းပြောင် နိုင်မည်ဟု ရင်ထဲမှ လုံးဝ မယုံကြည်ထားကြသော်ငြား ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင်တော့ ရင်ထဲတွင် လုံးဝ စိတ်ချသွားကြပြီ ဖြစ်၏။

သိုင်းကျင့်တဲ့သူနဲ့ မသေမျိုးကျင့်ကြံသူ တိုက်ခိုက်တာ … မင်းက ဘာကို အားကိုးပြီး နိုင်မှာလဲ။ ဘာနဲ့ နိုင်မှာလဲ။

အစီအစဉ်မှူးကလည်း ကွင်းထဲရှိ လေထု၏ ကူးစက်မှုကို ခံလိုက်ရပြီး စိတ်ခံစားချက်မှာ တဖြည်းဖြည်း ပိုမို စိတ်လှုပ်ရှား လာခဲ့သည်။

“သူ့ရဲ့ အသက်အရွယ်က ပိုကြီးလာတာနဲ့အမျှ … အသက်နှစ်ဆယ့်ငါးနှစ် အရွယ်မှာတော့ လောကကြီးတစ်ခုလုံးမှာ သူ မနိုင်တဲ့ ပြိုင်ဘက်ဆိုတာ မရှိတော့ပါဘူး။ အဲတာကတော့ ကြောက်စရာကောင်းလွန်းတဲ့ ကျုပ်တို့ရဲ့ ကျန်းပြောင်ပါပဲ။”

All Chapters