← Chapters

အခန်း ၇၉၉

Vol. 42 Ch. 799

အခန်း ၇၉၉

Vol. 42 Ch. 799

အပိုင်း (၇၉၉) ဓနလျှို့ဝှက်ကုဒ် စတင် အသက်ဝင်ခြင်း။

ဓနလျှို့ဝှက်ကုဒ် ဖြစ်၏။

လျှို့ဝှက်ကုဒ်တစ်ခု ဖြစ်သည့်အားလျော်စွာ အသုံးပြုနိုင်ရန်အတွက် နည်းလမ်းကောင်းများ ရှိနေမှသာ ရပေမည်။ ထိုနည်းလမ်းများ၏ အဓိက အနှစ်သာရမှာ ဖော်လံဖားခြင်းဟူသော စကားလုံး တစ်လုံးတည်းပင် ဖြစ်သည်။

သို့သော် ထိုသို့ ဖော်လံဖားခြင်းက အထက်သို့ ဖားရခြင်း မဟုတ်ဘဲ အောက်သို့ ဖားရခြင်း ဖြစ်၏။ လုံးဝကြီး မဟုတ်ဘူး ဆိုလျှင်တောင်မှ အထက်မှနေ၍ အောက်သို့ ဖားရခြင်းက ပုံမှန်အားဖြင့် ရလဒ်ပိုကောင်းလေ့ရှိပြီး ပစ်မှတ်ထားသော လူတန်းစား၏ ဟာလာဟင်းလင်း ဖြစ်နေသော ရင်ထဲရှိ လိုအင်ဆန္ဒများကို ပို၍ ဖြည့်ဆည်းပေးနိုင်၏။

ဓနလျှို့ဝှက်ကုဒ်ကို ဖွင့်လှစ်လိုပါက အင်အားကြီးမားသော နေရာတစ်ခုတွင် ရပ်တည်နေရန် လိုအပ်၏။ အနည်းဆုံးတော့ ပစ်မှတ်၏ စိတ်နှလုံးထဲတွင် အင်အားကြီးသူ သို့မဟုတ် အထက်တန်းစား တစ်ဦးဖြစ်နေရမည်။

ထို့နောက်မှသာ အမှန်တရားကို လျစ်လျူရှုကာ မည်သည့် စည်းမျဉ်းစည်းကမ်းမှ မထားရှိဘဲ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ပြုလုပ်ရမည်။ ရူးသွပ်မတတ် ချီးမွမ်းစကားများကို ပစ်လွှတ်ရပေမည်။ ထိုသို့ ပစ်လွှတ်ခံရမည့် အရာဝတ္ထုမှာ ယေဘုယျအားဖြင့် စိတ်ထဲတွင် သိမ်ငယ်စိတ်ရှိနေသော်လည်း ခံစားချက် ပြင်းထန်ကာ အထူးသဖြင့် မာနကြီးပြီး အမြင်ကျဉ်းမြောင်းသော လူတန်းစား တစ်ရပ် ဖြစ်နေရန် လိုအပ်ပေသည်။

ဥပမာအားဖြင့် သင်က သူတစ်ပါး၏ ပစ္စည်းများကို အရသာရှိသည်ဟု ပြောလိုက်လျှင် တစ်ဖက်လူက အရူးတစ်ယောက်ကဲ့သို့ ပျော်ရွှင်သွားကာ သင်၏ ပခုံးကို ဖက်ပြီး ရင်းနှီးစွာ ပြောလာလိမ့်မည်။ "မင်းက အဆင့်အတန်း ရှိတယ်။ မင်းကမှ တကယ့် သူငယ်ချင်းစစ်ပဲ။ ငါတို့နှစ်ယောက် ဒီနေ့ကစပြီး သေတူရှင်ဖက် ညီအစ်ကိုတွေ ဖြစ်သွားပြီ။"

တကယ်လို့များ သူတို့၏ အစားအသောက်များကို စားရန် မနှစ်သက်ဘဲ အမှန်အတိုင်းသာ ပြောလိုက်မိမည် ဆိုလျှင်တော့ တစ်ဖက်လူက ချက်ချင်းပင် ဒေါသတကြီး ခုန်ပေါက် အော်ဟစ်လာပေလိမ့်မည်။ "မင်းလို အရိုင်းအစိုင်းက ယီးကို နားလည်မှာလား၊ ငါ့ဘိုးဘေးတွေ အစားအသောက်ကောင်းတွေကို စားနေတဲ့ အချိန်မှာ မင်းတို့တွေက အသားစိမ်းစားပြီး သွေးစိမ်းသောက်နေရတုန်းပဲ ရှိသေးတယ်။"

ထိုသို့ အကြီးအကျယ် ဆဲဆိုလာပေလိမ့်မည်။

ဖန်ကျန်းရီသည် လက်ရှိအချိန်တွင် ရာထူးကြီးမားသူ တစ်ဦး ဖြစ်နေပြန်ရာ ဤကဲ့သို့သော ဖော်လံဖားခြင်းမျိုးက အကျိုးသက်ရောက်မှု အလွန် ပြင်းထန်လှသည်။

ဆယ်ရက်ကျော် ဆက်တိုက်ဆိုသလိုပင် သူသည် စာရင်းပါအတိုင်း တစ်ယောက်ချင်းစီထံ လိုက်လံ တွေ့ဆုံခဲ့ပြီး ရွှေတိုင်းပြည်အပေါ် ထားရှိသည့် မိမိ၏ တမ်းတမက်မောမှုများကို စိတ်ကြိုက် ဖွင့်ဟပြသခဲ့၏။

မြှောက်ပင့်ပြောဆိုခြင်းကို ခံရလျှင် မည်သူမဆို ခံနိုင်ရည် သိပ်မရှိကြပေ။

အထူးသဖြင့် ခေတ်သစ်ကမ္ဘာမှ လာသော ဓနလျှို့ဝှက်ကုဒ် ဖြစ်နေသည့်အတွက် အရှိန်က အလွန် ပြင်းထန်လှ၏။

တာ့ကျင်း နန်းတော်အတွင်းရှိ အမတ်ကြီးများသည် လုံးဝ ခံနိုင်ရည်မရှိကြတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ကျရှုံးသွားကြကာ ဖန်ကျန်းရီအပေါ် ထားရှိသည့် သဘောကျ နှစ်သက်မှုများမှာ ဒုံးပျံတစ်စင်းလို တဟုန်ထိုး မြင့်တက်သွားခဲ့တော့သည်။

အာလီပိုင်ဘက်တွင်လည်း ကျိုးထျဲ့ကို ခေါ်ကာ စစ်တပ်အတွင်း၌ နေ့စဉ်နှင့်အမျှ လေ့ကျင့်ပေးနေခဲ့ရာ ရလဒ်များစွာ ထွက်ပေါ်နေခဲ့ပြီ ဖြစ်၏။

မြို့စောင့်ရန် ကျန်ရစ်ခဲ့သော ဤစစ်သားများသည် မူလတည်းက အထက်တန်းစား စစ်သားများ မဟုတ်ကြသည့်အတွက် အကျိုးခံစားခွင့်များက သိပ်မကောင်းမွန်လှပေ။ အာလီပိုင်ထံ ခွဲဝေပေးလိုက်သော စစ်သားများမှာမူ ပို၍ပင် အဆင့်နိမ့်သွားသေး၏။

အကျိုးခံစားခွင့်များကို အနည်းငယ် မြှင့်တင်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လက်အောက်ရှိ လူနှစ်ထောင်လုံး သည် ကျေးဇူးတင် ချီးမွမ်းခြင်းများကို စတင် ပြုလုပ်လာကြတော့သည်။

အရာအားလုံး ချောမွေ့စွာ တိုးတက်နေခဲ့ပြီး တစ်ဦးတည်းသော မကျေမနပ် ဖြစ်နေသူမှာ အာလီပိုင်ပင် ဖြစ်လောက်၏။

ရက်အနည်းငယ် ကြာတိုင်း သူသည် ဖန်ကျန်းရီထံ ပြန်သွားကာ စကားပြောဆိုပြီး အခြေအနေများကို မေးမြန်းတတ်သည်။

ဖန်ကျန်းရီကမူ အကြိမ်တိုင်းတွင် ခေါင်းခါပြလေ့ရှိပြီး သူနှင့် ထိုအမတ်တစ်စုအကြားရှိ ဆက်ဆံရေးကို အခွင့်ကောင်းယူ၍ သွေးထိုးပေးတတ်ရာ များစွာ ပို၍ ဒေါသထွက်လာစေခဲ့၏။

ထိုနေ့တွင် ဖန်ကျန်းရီသည် စစ်သူကြီး အိမ်တော်မှ တည်းခိုခန်းသို့ ပြန်ရောက်လာခဲ့ရာ မျက်နှာတစ်ခုလုံး နီမြန်းနေ၏။ ယနေ့ စားခဲ့ရသော ဟော့ပေါ့ရှိ အသားများက တကယ်ကိုပဲ မဆိုးလှသလို အရက်ကိုလည်း နည်းနည်းနောနော သောက်ခဲ့ရသည် မဟုတ်ပေ။

နေထိုင်ရသော နေ့ရက်များမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ကောင်းမွန်လာချေပြီ။

ဤသည်မှာ စစ်သူကြီး အိမ်တော်တွင် သုံးကြိမ်မြောက် ထမင်းစားရခြင်း ဖြစ်ပြီး အီရှီပူ ဆိုသော အဘိုးကြီးကလည်း သူ၏အပေါ် များစွာ ပို၍ ရင်းနှီးဖော်ရွေလာခဲ့သည်။

ဤအတိုင်းသာ ဆက်သွားမည် ဆိုလျှင် နောက်ထပ် နှစ်ရက်ခန့် အကြာတွင် အဆင်ပြေလောက်ပြီ ဖြစ်၏။ ဤမျှလောက် အချိန်ကြာမြင့်စွာ စုံစမ်းလေ့လာပြီးနောက် နှစ်ရက်အကြာတွင် လူအများစုမှာ အားလပ်ချိန် ရှိနေကြမည်မှာ သေချာ၏။

ဖန်ကျန်းရီသည် ကုတင်ပေါ်တွင် ထိုင်ကာ မူးမူးရူးရူးဖြင့် စဉ်းစားနေမိ၏။ ရုတ်တရက် အခန်းတံခါး ခေါက်သံ ထွက်ပေါ်လာခဲ့သည်။ "ဆရာ ... ရှိနေပါသလား။"

ဖန်ကျန်းရီ၏ ခြေလှမ်းများမှာ အနည်းငယ် ယိုင်နဲ့နေပြီး ရှေ့သို့တက်ကာ တံခါးကို ဖွင့်လိုက်သည်။ အာလီပိုင်သည် တံခါးဝတွင် ရပ်နေကာ စိတ်ဓာတ်ကျနေသည့် ပုံပေါက်နေ၏။

သူက လိုရင်းကို တန်းမေးလိုက်သည်။ "ဆရာ ... ဒီနေ့ အခြေအနေ ဘယ်လိုရှိလဲ။"

"မရဘူး ... မရဘူးလေ။ အဲဒီ အီရှီပူက ဆီနဲ့ဆားတောင် ဝင်လို့မရတဲ့ ကောင်မျိုးပဲ။ ဘယ်လိုပဲ ပြောပြော လုံးဝ ပါးစပ်မဟဘူး။ ဟူး ... သူပြောတာက တကယ်လို့များ သားတော်ကြီးသာ ဒီမှာ ရှိနေမယ်ဆိုရင် သူ စဉ်းစားပေးလို့ ရတယ်တဲ့။" ဖန်ကျန်းရီက အဆက်မပြတ် သက်ပြင်းချရင်း ပြောလိုက်၏။

နောင်တော်ကြီး ဟုတ်လား။

အာလီပိုင်၏ နဖူးပေါ်တွင် သွေးကြောများ ထောင်တက်လာကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မေးလိုက်သည်။ "ဒါဆို တခြားသူတွေကရော။ အရင်က သဘောထားအတိုင်းပဲလား။"

"အတူတူလောက်ပါပဲ ... အကုန်လုံး အတူတူလောက်ပါပဲ။"

ဖန်ကျန်းရီ၏ သဘောထားမှာ အနည်းငယ် ပေါ့ပျက်ပျက် ဖြစ်နေသည်ကို မြင်ချိန်မှာတော့ အာလီပိုင်က ဒေါသကို မြိုသိပ်ကာ ပြောလိုက်၏။ "ဆရာ ... တကယ်တမ်းရော သွားပြောခဲ့ရဲ့လား။ ဘယ်လိုလုပ်ပြီး တစ်ယောက်ကမှ သဘောမတူဘဲ နေနိုင်မှာလဲ။ အရင်တုန်းက ဆရာ ပြောခဲ့တာက အမတ်ဟောင်း တစ်ချို့က သူတို့ရဲ့ တာဝန်တွေကို စွန့်လွှတ်ပြီး ကျုပ်ဆီ ပေးအပ်ချင်ကြတယ် ဆို။ နောက်ပြီးတော့ ..."

ချီးတဲ့မှ။ လူတစ်ယောက်က ဒီလောက်အထိတောင် အသုံးမကျဖြစ်စရာ အကြောင်းမရှိဘူး မဟုတ်လား။

ဤခွေးကောင်က ထမင်းခွံ့ကျွေးမည့် အချိန်ကိုသာ ထိုင်စောင့်နေတော့သည်။

သူ အဆက်မပြတ် ပွစိပွစိ လုပ်နေသည်ကို ကြားချိန်မှာတော့ ဖန်ကျန်းရီသည် အရက်ရှိန်ကို အခွင့်ကောင်းယူ၍ စားပွဲကို အားကုန် ရိုက်ချလိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဆရာ့ကို ဘယ်လို စကားပြောလိုက်တာလဲ။

မင်း ဘာတွေ ပြောနေသလဲ ဆိုတာကို ကိုယ်တိုင် ပြန်နားထောင်ကြည့်မလား။ ဟမ်။ ဆရာက မင်းအတွက် လုပ်ပေးခဲ့တဲ့ အရာတွေက မလုံလောက်သေးဘူးလား။ ဒီရက်တွေထဲမှာ မင်းရဲ့ ကိစ္စတွေအတွက်နဲ့တင် ငါ့ခြေထောက်တွေ ကျိုးမတတ် လျှောက်သွားနေခဲ့ရတာ။ အိပ်ရေးလည်း မဝဘူး ... အရက်သောက်ရလွန်းလို့ ဆယ်ခါမက အန်ခဲ့ရပြီးပြီ။ ငါက ဘယ်သူ့အတွက်များ ဒီလောက်အထိ လုပ်ပေးနေရတာလဲ။ ကျစ် ... မင်းကို ငါပြောမယ် ..."

ဖန်ကျန်းရီ ဒေါသထွက်သွားသည်ကို မြင်ချိန်မှာတော့ အာလီပိုင်သည် လန့်သွားကာ သူ့ကို စားပွဲဘေးသို့ ကမန်းကတန်း ခေါ်သွားပြီး လက်ဖက်ရည် နှစ်ခွက် ငဲ့ပေးလိုက်၏။ "ဆရာ ... ဒေါသကို လျှော့ပါ။ အရက်တွေ များသွားလို့ မဟုတ်ဘူးလား ... လက်ဖက်ရည်လေး အရင် သောက်လိုက်ပါ။"

"ကျုပ်အတွက် အခွင့်အရေး ရှိနေသေးတယ်လို့ ဆရာ ထင်သေးရဲ့လား။"

အာလီပိုင်၏ မျက်နှာငယ်လေးကို မြင်ချိန်မှာတော့ ဖန်ကျန်းရီ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားကာ လျှာဖျားကို အားကုန် ကိုက်လိုက်မိသည်။

ထို့နောက် သူက လက်ဖက်ရည်အိုးကို မကာ တကျိုက်တည်း မော့သောက်လိုက်ပြီး စိတ်အတော်လေး ကြည်လင်သွားမှသာ ပြောလိုက်၏။ "တပည့်လေး ... ဆရာ တကယ်ပဲ အရက်များသွားတယ်။ စောစောက ပုံစံပျက်သွားတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ဆရာကလည်း မင်းအတွက် စိတ်ပူလွန်းလို့သာ ..."

ဖန်ကျန်းရီ၏ ရင်ထဲတွင် နောက်ကျမှ ကြောက်စိတ်များ ဝင်လာခဲ့၏။ အရက်သောက်ခြင်းက အလုပ်ကို ပျက်စီးစေသည်။ အရက်သောက်ခြင်းက တကယ်ကိုပဲ အလုပ်ကို ပျက်စီးစေ၏။

ဤကဲ့သို့သော အချိန်မျိုးတွင် ပြဿနာ တက်ခံ၍ မဖြစ်ပေ။ မည်သူ့ကို သွားရောက် စော်ကားမိသည် ဖြစ်စေ သူ့ကိုတော့ သွားစော်ကား၍ မရချေ။ ရုပ်သေးရုပ်က သခင်ကို ပြန်လည် ကိုက်ခဲမည့် အကျိုးဆက်က အသက်ကိုပင် သေစေနိုင်လောက်သည်။

"တပည့်လေး ... ဆရာက မင်းကို အပြစ်တင်ပြောဆိုနေတာ မဟုတ်ဘူး။ မင်းရဲ့ လက်ရှိ ပုံစံကို တစ်ချက်လောက် ပြန်ကြည့်လိုက်စမ်းပါအုံး ... အဲဒါက လုံးဝ မမှန်ဘူးလေ။ လူတစ်ယောက်က အခက်အခဲတွေနဲ့ ကြုံတွေ့နေရချိန်မှာတောင်မှ မျက်နှာပေါ်က အပြုံးကို ဆက်လက် ထိန်းသိမ်းထားနိုင်ရမယ်။

မင်းကိုယ်မင်း စိတ်လှုပ်ရှား တက်ကြွလာအောင် လုပ်ရလိမ့်မယ်။ ငါတို့တွေ အတူတူ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ နေကြမလား။ မင်းက လောကကြီးကို ပြုံးပြလိုက်ရင် လောကကြီးကလည်း မင်းကို ပြန်လည် ပြုံးပြလာလိမ့်မယ်။ မင်း သေချာ စဉ်းစားကြည့် ... နေ့တိုင်း မျက်နှာကြီး ရှုံ့မဲ့နေမယ် ဆိုရင် ဘယ်သူကများ ဒီလို လူမျိုးနဲ့ အတူရှိနေချိန်မှာ စိတ်ကြည်လင်နိုင်မှာလဲ။"

အာလီပိုင်သည် ကြည့်ရဆိုးသော အပြုံးတစ်ခုကို အားတင်း ပြုံးပြလိုက်၏။ "ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ နေတယ် ဆိုတာက ဘာအဓိပ္ပာယ်လဲ ဆရာ။"

"ပျော်ပျော်ရွှင်ရွှင် နေတယ် ဆိုတာက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတာကို ပြောတာလေ။ စိတ်လှုပ်ရှားလာစမ်းပါ။"

အာလီပိုင်က ခေါင်းကိုငုံ့ကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ "ကျုပ် နားလည်ပါပြီ ဆရာ။ ဒါပေမဲ့ ကျုပ်တို့တွေ ဘာဆက်လုပ်ရမလဲ ဆိုတာကိုပဲ ဆွေးနွေးကြတာပေါ့။ နန်းတွင်းက အမတ်တွေက ကျုပ်ကို ဒီလောက်အထိ မနှစ်မြို့ကြလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။ ကျုပ်အပေါ် အခြေခံအကျဆုံး ယုံကြည်မှုလေး နည်းနည်းလေးတောင် မရှိကြဘူးလား။"

မရတော့ပေ။ ဤအခြေအနေကို ကြည့်ရသည်မှာ အရှိန်ကုန်သွားခြင်းပင် ဖြစ်လောက်၏။

ဖန်ကျန်းရီသည် ကမန်းကတန်းပင် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "တပည့်လေး ... လူတစ်ယောက်ရဲ့ ဘဝမှာ အတောက်ပဆုံးသော နေ့ရက်ဆိုတာက အောင်မြင်ကျော်ကြားသွားတဲ့ နေ့မျိုးကို ပြောတာမဟုတ်ဘူး။ ဝမ်းနည်းပူဆွေးမှုတွေနဲ့ စိတ်ပျက်အားငယ်မှုတွေ ကြားကနေပြီး ဘဝကို စိန်ခေါ်လိုစိတ်တွေ မွေးဖွားလာတာ၊ ရဲရင့်ခြင်းတွေနဲ့ ဆန္ဒတွေဆီသို့ လှမ်းလျှောက်သွားနိုင်တဲ့နေ့မျိုးကိုသာ ခေါ်ဆိုတာ။

လူ့ဘဝမှာ အောင်မြင်မှု ဆိုတာက ခတ္တခဏလေးသာ ဖြစ်ပြီး ကျရှုံးမှု ဆိုတာကမှ အဓိက သံစဉ်တစ်ခုပဲ။ ဒါပေမဲ့ ကျရှုံးမှုတွေကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတဲ့ အချက်ကပဲ လူတွေကို ပုံစံအမျိုးမျိုး ကွဲပြားသွားစေတာ။ တချို့လူတွေ က ကျရှုံးမှုတွေရဲ့ ရိုက်ချိုးခြင်းကို ခံလိုက်ရပြီး တချို့လူတွေကတော့ အဆက်မပြတ် ပြန်လည် ထမြောက်ကြတယ်။ ရှေ့သို့ ဆက်လက် လှမ်းလျှောက်သွားနိုင်ကြတယ်။

ဆရာ ငယ်ငယ်တုန်းက သဘောတရား တစ်ခုကို နားလည်ခဲ့ဖူးသေးတယ် ... ဒီလောကကြီးမှာ စစ်မှန်တဲ့ သူရဲကောင်းဝါဒ ဆိုတာက တစ်ခုတည်းပဲ ရှိတယ်။ အဲဒါကတော့ ဘဝရဲ့ အမှန်တရားကို ရှင်းရှင်းလင်းလင်း သိမြင်ပြီးတဲ့ နောက်မှာတောင်မှ သူ့ကို ဆက်လက် ချစ်မြတ်နိုးနေနိုင်ခြင်းပဲ။ ဆရာ ဒီလောက်အထိ အများကြီး ပြောပြပြီးပြီ ဆိုတော့ မင်း နည်းနည်း သက်သာသွားပြီလား။ မင်း စိတ်ဓာတ် ခိုင်မာလာမှ ဖြစ်မယ်လေ။"

စိတ်ဓာတ်ခွန်အားပေး စကားသုံးခွန်း ဆက်တိုက် ပြောပြီးသွားချိန်မှာတော့ အာလီပိုင်သည် ခေါင်းမော့လာခဲ့ပြီး မျက်လုံးများထဲတွင် ကြည်နူး ဝမ်းမြောက်နေသော အရိပ်အယောင်များ ပြည့်နှက်နေ၏။ "ကျေးဇူးတင်ပါတယ် ဆရာ ... ကျုပ် အများကြီး သက်သာသွားပါပြီ။"

All Chapters