အခန်း ၃၆၁
Vol. 20 Ch. 361
အပိုင်း (၃၆၁) သတင်းတွေ ပျံ့ကုန်ပြီ။
အချိန်မှာ မွန်းတည့်ချိန်သို့ ရောက်လာခဲ့သည်။
ကျန်းတုန်ရှန်းသည် စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် အလျင်အမြန် ပြန်ရောက်လာခဲ့၏။ စာမေးပွဲရုံရှိ ထိုင်ခုံနေရာများနှင့် ပတ်သက်၍ လျှို့ဝှက်ချက်များကို သူ ရိပ်မိသွားပြီး စိတ်ထဲတွင် အနည်းငယ် မွန်းကျပ်နေပုံ ရ၏။
ဖန်ကျန်းရီ နဂိုနေရာတွင် တစ်ချက်လေးမျှ မလှုပ်ဘဲ မှောက်အိပ်နေသည်ကို မြင်သောအခါ ချက်ချင်း ဒေါသထွက်သွားခဲ့သည်။ "မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ စာမေးပွဲ သွားမစစ်ဘူးလား။"
စာမေးပွဲရုံမှာ တကယ်ကို ပျင်းစရာကောင်းလှသည်။ ဌာနခြောက်ခုအတွက် သတင်းထောက်များ ရှာပေးရန်မှာ အချိန်တစ်ဝက်ပင် မလိုချေ။ ကျန်အချိန်များ၌ ဘာမှ လုပ်စရာ မရှိတော့ပေ။
ယခုလည်း ရာသီဥတုက ပူအိုက်နေသဖြင့် ဖန်ကျန်းရီသည် အိပ်ချင်မူးတူး ဖြစ်လာကာ စားပွဲပေါ်တွင် မှောက်၍ အိပ်စက်နေခြင်း ဖြစ်၏။
ဖန်ကျန်းရီက ခေါင်းမော့လာပြီး မျက်ခွံများကို ပင့်ကာ ကျန်းတုန်ရှန်းကို ကြည့်လိုက်ပြီး ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။ "ခင်ဗျားပဲ ကျုပ်ကို စာမေးပွဲ ပြီးတဲ့အထိ ဒီမှာပဲ နေနေဆို။ ကျုပ်က စာမေးပွဲ ပြီးမယ့်အချိန်ကို စောင့်နေတာလေ..."
"တံဆိပ်တုံးတွေကော" ကျန်းတုန်ရှန်းမှာ အသက်ရှူပင် ကျပ်သွားခဲ့သည်။
မင်းကို နေခိုင်းတိုင်း တကယ် နေနေတာလား။ ကိုယ့်ရာထူးကို နည်းနည်းလေးတောင် အလေးမထားဘူး။
ဖန်ကျန်းရီက လက်နှစ်ဖက်ကို ထောက်လိုက်ရာ စားပွဲပေါ်တွင် သေတ္တာငယ်လေး တစ်လုံး ပေါ်လာခဲ့သည်။
သေတ္တာကို ဖွင့်လိုက်သောအခါ အထဲတွင် တံဆိပ်တုံးလေးများ သပ်သပ်ရပ်ရပ် စီရီထားသည်ကို တွေ့လိုက်ရ၏။
ကျန်းတုန်ရှန်းက ထိုမြင်ကွင်းကို မြင်သောအခါ စိတ်အေးသွားပြီး ယူရန် ရှေ့သို့ တိုးသွားလိုက်သည်။ လက်လှမ်းလိုက်ရုံ ရှိသေး၊ ဖန်ကျန်းရီက သေတ္တာကို ကိုင်ကာ သူ့ထံသို့ ကမ်းပေးလိုက်သည်ကို တွေ့လိုက်ရသည်။
ကျန်းတုန်ရှန်းသည် သေတ္တာကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် စမ်းသပ်ကြည့်ရာ မူမမှန်ကြောင်း သိလိုက်ရပြီး သေတ္တာအောက်မှ စက္ကူတစ်ရွက်ကို ဆွဲထုတ်ကာ သံသယဖြင့် မေးလိုက်၏။ "ဒါက ဘာလဲ။"
"ဒါက ဒီနေ့ သတင်းစာပါ။ ကျုပ် လူကြုံနဲ့ ဝယ်ခိုင်းထားတာ။ အားနေတာဆိုတော့ ပျင်းစရာကောင်းလို့ ခင်ဗျား ထိုင်ပြီး ဖြည်းဖြည်းချင်း ဖတ်ကြည့်လိုက်ပါ။" ဖန်ကျန်းရီက အကြောဆန့်လိုက်ပြီး သူ့အတွက် လက်ဖက်ရည်အေး တစ်ခွက် ငဲ့ပေးလိုက်သည်။
ကျန်းတုန်ရှန်းသည်လည်း သိပ်မတွေးတော့ဘဲ သတင်းစာကို ဖြန့်ကာ အသေအချာ ဖတ်ရှုလိုက်၏။
မဖတ်လျှင် ကိစ္စမရှိသော်လည်း ဖတ်လိုက်သည်နှင့် သွေးပေါင်ချိန်များ ချက်ချင်း တက်သွားတော့သည်။
သတင်းစာ၏ မျက်နှာဖုံးတစ်ခုလုံးတွင် စာမေးပွဲနှင့် သက်ဆိုင်သည့် သတင်းများ၊ ဤစာမေးပွဲအကြောင်း မိတ်ဆက်များနှင့် ယခင်နှစ်များက စာမေးပွဲဖြေဆိုသူများ၏ အင်တာဗျူးများ ပါဝင်နေ၏။
အထူးသဖြင့် ထင်ရှားပေါ်လွင်နေသည်မှာ စာမေးပွဲဖြေဆိုသူများသည် ကိုးရက်တိုင်တိုင် လွတ်လပ်စွာ မစင်စွန့်ခွင့် မရှိဘဲ ထောင်ကျနေသည်ကမှ ဤနေရာထက် ပိုသက်သာသေးသည် ဆိုသည့်အချက် ဖြစ်သည်။
အထဲတွင် မျက်စိစူးစရာ မှတ်ချက်များပင် ပါဝင်နေသေးပြီး ဤစာမေးပွဲဖြေဆိုသူများသည် ချီးတွင်းထဲတွင် စာစီစာကုံး ရေးခဲ့ရသည်ဟုပင် ရေးသားထား၏။
ကျရှုံးသွားသော စာမေးပွဲဖြေဆိုသူ အများအပြားက စာမေးပွဲရုံရှိ လူမဆန်သော ဆက်ဆံမှုများအပေါ် ညည်းတွား ထားကြပြီး ခန္ဓာကိုယ် ကျန်းမာရေးကြောင့်သာ မိမိတို့၏ အရည်အချင်းများကို မပြသနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အောင်စာရင်းတွင် မိမိတို့၏ နာမည် သေချာပေါက် ပါဝင်မည်ဖြစ်ကြောင်း ရေးသားထားသည်။
ဤလုပ်ရပ်သည် စာမေးပွဲစနစ်ကို စော်ကားခြင်း၊ သူတော်စင်များကို စော်ကားခြင်းနှင့် ကျမ်းစာများကို စော်ကားခြင်းပင် ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ကျန်းတုန်ရှန်းမှာ တုန်တုန်ယင်ယင်ဖြင့် သတင်းစာကို ချထားလိုက်၏။
ပြဿနာတော့ တက်ပြီ။ သာမန် စာမေးပွဲတစ်ခုကနေ ဘယ်လိုလုပ် ဒီအခြေအနေအထိ ရောက်သွားရတာလဲ။
ငါ့အသက်အရွယ်နဲ့ဆို ဒါက နောက်ဆုံးအကြိမ် စာမေးပွဲ ကြီးကြပ်ခြင်း ဖြစ်သင့်တာ။ ဒီနေရာမှာ ဘယ်လိုလုပ် ပြဿနာ တက်ရတာလဲ...။
ဖန်ကျန်းရီ... ဒါ သေချာပေါက် ဖန်ကျန်းရီ ဆိုတဲ့ ခွေးကောင်လေးရဲ့ လက်ချက်ပဲ။ ဒီကောင်ရောက်တဲ့ နေရာတိုင်းမှာ ပြဿနာတွေ ဖြစ်တာချည်းပဲ။
ဒီအကောင် နန်းတော်ထဲ စရောက်တည်းက တစ်ခါမှ မအေးချမ်းခဲ့ဖူးဘူး။ အခုတော့ ငါ့ခေါင်းပေါ်တောင် ပြဿနာကြီး လာပို့ပြီ။
နောက်ကွယ်က ကြိုးကိုင်သူကို သေချာသိသွားသောကြောင့် ကျန်းတုန်ရှန်းသည် ဖန်ကျန်းရီကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် သွေးကြောများ နီရဲနေပြီ ဖြစ်၏။ သူက အသံသြသြဖြင့် မေးလိုက်သည်။ "ပန်းရှန်းသတင်းစာ။ ဒါက မင်း သတင်းထောက်တွေကို ရေးခိုင်းထားတာလား။"
ဖန်ကျန်းရီက ကမန်းကတန်း လက်ခါပြလိုက်သည်။ "မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဒါက... စာမေးပွဲရုံထဲ မဝင်ခင်လေးမှာ အိမ်ရှေ့စံနဲ့ တိုင်ပင်ပြီး စာမေးပွဲနဲ့ ပတ်သက်တဲ့ သတင်းတစ်ပုဒ် ပန်းရှန်းသတင်းစာတိုက်ကို လုပ်ခိုင်းလိုက်တာ..."
"အိမ်ရှေ့စံ... အိမ်ရှေ့စံ..."
ကျန်းတုန်ရှန်းက ရေရွတ်လိုက်၏။ "ဒီသတင်းစာကို ပြည်သူတွေဆီ ဖြန့်ဝေပြီးသွားပြီလား။"
"အင်း .. ဒီနေ့ သတင်းစာတွေက မနေ့ကတည်းက ရေးပြီးသား စာမူတွေပါ။ မြို့တော်ရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် နေရာတိုင်းမှာ ပုံနှိပ်စက်ရုံ အသစ်တွေ ဆောက်ထားတယ်။ စာမူရောက်တာနဲ့ ချက်ချင်း စာစီပြီး အမြောက်အမြား စတင် ပုံနှိပ်တာပဲ။ အခုလောက်ဆိုရင် အကုန် ရောင်းကုန်လောက်ပြီ။"
ထိုစကားကို ကြားသောအခါ ကျန်းတုန်ရှန်းမှာ စိတ်ဓာတ်ကျကာ ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်ပြီး ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။
ဖန်ကျန်းရီသည်လည်း တိတ်ဆိတ်စွာ နေလိုက်၏။
အစကတော့ ဤအရာကို သူ့အား မပြချင်ခဲ့ပေ။ အဘိုးအိုအား အလွန်အမင်း ထိတ်လန့်သွားစေမည်ကို စိုးရိမ်၍ ဖြစ်သည်။
ယုတ္တိဗေဒဖြင့် ရှင်းပြ၍ ရလျှင် ပြဿနာအားလုံး ကင်းရှင်းသွားမည်။
သို့ပေမည့် အကြောင်းပြချက်များဖြင့် သေချာပေါက် မရနိုင်သောကြောင့် ပြည်သူလူထု၏ ထင်မြင်ယူဆချက် ဖိအားကို အသုံးပြု၍ ဖိအားပေးရတော့မည်
ကိစ္စက ကြီးသည်ဟု ဆို၍ မရသလို သေးငယ်သည်ဟုလည်း ဆို၍ မရပေ။
ဤကဲ့သို့သော လျှို့ဝှက်စည်းကမ်းများကို လူတိုင်းက လိုက်နာကြပြီး မည်သူကမှ ကြီးမားသော ပြဿနာဟု မထင်ကြပေ။ သို့ပေမည့် ထိုအရာက လူ့ခန္ဓာကိုယ်ပေါ်တွင် ပေါက်နေသော အကျိတ်ငယ်လေး တစ်ခုနှင့် တူပေသည်။
သာမန်အချိန်များတွင် အရေးမစိုက်ခံရသော်လည်း သွားထိလိုက်မိပါက နာကျင်သည်။
ယခု စာမေးပွဲရုံတွင်လည်း အော်ဟစ်မည့်သူများ ရှိလာပေမည်။ မည်သို့ပင် ဆိုစေကာမူ အကျိုးသက်ရောက်မှု က တော့ ရှိပေလိမ့်မည်။
ကျန်းတုန်ရှန်း အချိန်အတော်ကြာ စကားမပြောသည်ကို မြင်သောအခါ ဖန်ကျန်းရီက အရင်စ၍ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ ဦးလေးသုံး …. တံဆိပ်တုံးတွေကို အခုပဲ စာမေးပွဲစစ်ဆေးသူတွေဆီ ပေးလိုက်ရမလား။"
"ပေး... မပေးနဲ့။ မပေးရဘူး။" ကျန်းတုန်ရှန်းမှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး သတိပြန်ဝင်လာခဲ့၏။
ယခု အပြင်ဘက်တွင် လူတိုင်းက ဆွေးနွေးပြောဆိုနေကြပြီး ပညာတတ် အများအပြားကလည်း မကျေမနပ် ဖြစ်နေကြမည်မှာ သေချာသည်။
သို့ပေမည့် ၎င်းတို့အားလုံးမှာ ဖြေရှင်းရ လွယ်ကူသေးသည်။ အကြောင်းမှာ ထိုသူများသည် စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိသောကြောင့် စိတ်ခံစားချက်များမှာ ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ တစ်ခဏတာ စိတ်လှုပ်ရှားမှု ဖြစ်သွားလျှင်တောင်မှ ဘာမှ မဖြစ်နိုင်ချေ။
သို့သော်ငြား ယခုနှစ် ဖြေဆိုသူများကတော့ မတူပေ။
ယခုလေးတင် ကျရှုံးသွားသော စာမေးပွဲဖြေဆိုသူများသည် လုံးဝ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ မြို့တော်မှ ထွက်ပေါ်လာသော သတင်းစာများ နိုင်ငံတစ်ဝန်းသို့ ပျံ့နှံ့သွားပါက မရေမတွက်နိုင်သော ကျရှုံးသူများက ဤကိစ္စကြောင့် မကျေမနပ်ဖြစ်ပေမည်။ ပြဿနာတက်လာပါက အလွန် ရှုပ်ထွေးသွားလိမ့်မည်။ ပြည်သူလူထု အုံကြွမှုများပင် ဖြစ်ပေါ်လာနိုင်သည်။
အစကတော့ ဤအသက်အရွယ်ဖြင့် နောက်ဆုံးအကြိမ် ကြီးကြပ်ခွင့် ရသောကြောင့် သူ ဝမ်းသာနေခဲ့သည်။
ဤသို့ ကြီးမားသော ပြဿနာကြီး တက်လာလိမ့်မည်ဟု သူ လုံးဝ မထင်ခဲ့ပေ။
သမိုင်းမှတ်တမ်း ဆိုသည်မှာ သံမဏိပမာ ခိုင်မာလှည်။ အကယ်၍ မျှော်လင့်မထားသော အဖြစ်အပျက်များ ပေါ်ပေါက်လာခဲ့လျှင် နန်းတော်အတွက် အကျိုးယုတ်စေမည့် ကိစ္စရပ်ကို ခေတ္တထားဦး ... သူကိုယ်တိုင်ပင်လျှင် နောင်လာနောက်သားတို့၏ ကဲ့ရဲ့ကျိန်ဆဲခြင်းများကို ခံရပေလိမ့်မည်။
"ဖန်ကျန်းရီ။ မင်း ငါ့ကို တော်တော် ဒုက္ခပေးတာပဲ။ ပန်းရှန်းသတင်းစာတိုက်က ဘာလို့ အကုန်လုံးကို ရေးရဲတာလဲ။ ဒါက ပြောပြလို့ ရတဲ့ကိစ္စလား။ မင်းက အများပိုင်ပစ္စည်းကို ကိုယ်ကျိုးအတွက် အသုံးချတာပဲ။" ကျန်းတုန်ရှန်းက ဒေါသတကြီးဖြင့် ပြောလိုက်၏။
ဖန်ကျန်းရီသည် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။ "ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ကျုပ်တို့ သတင်းစာတိုက်က ပြည်သူတွေရဲ့ အကြီးအသေး ကိစ္စမှန်သမျှကို ရေးရမှာပဲ။ စာမေးပွဲက တိုင်းသူပြည်သားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စလေ။ ဘာလို့ ရေးလို့ မရရမှာလဲ။"
ကျန်းတုန်ရှန်း၏ နဖူးမှ သွေးကြောများ ထောင်ထလာခဲ့၏။ "မင်းမှာ ဦးနှောက် မပါဘူးလား။ အပေါ်မှာ ဘာတွေ ရေးထားလဲဆိုတာ ကြည့်လိုက်အုံး။
မရေမတွက်နိုင်တဲ့ ကျရှုံးသွားတဲ့ စာမေးပွဲဖြေဆိုသူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြတယ်။ ဒီတစ်ကြိမ် စာမေးပွဲဖြေဆိုသူတွေ ပါလာပြီး ဆူပူအုံကြွမှုတွေ ဖြစ်လာရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ငါတို့နှစ်ယောက်စလုံး ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ အဲဒီအခါကျရင် ဘယ်လို ဖြေရှင်းမလဲ။ မင်း ငါ့ကို ပြောစမ်း။"
ဖန်ကျန်းရီက ရုတ်တရက် နားလည်သွားသကဲ့သို့ မျက်လုံးနှစ်လုံး ပြူးကာ ပြောလိုက်၏။ "အာ... မထင်ထားဘူး... ဒီအထဲမှာ ဒီလောက် နက်နဲနေလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး။ ဆိုးသွမ်းတဲ့ လူတစ်စု... ဒီကိစ္စကို အခွင့်ကောင်းယူပြီး နန်းတော်ကို အသရေဖျက်ချင်တဲ့ လူတစ်ချို့ ရှိနေတာပဲ။ ဦးလေးသုံး၊ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ။"
ကျန်းတုန်ရှန်းမှာ စိတ်ထဲတွင် အလွန်တရာ နောင်တရနေသော်လည်း သူ၏ ပုံစံကို မြင်သောအခါ ဘာမှ ထပ်မပြောနိုင်တော့ချေ။
ဖန်ကျန်းရီ …. ဤကောင်သည် ညီလာခံတွင် အမြဲတမ်း သတင်းကောင်းကိုသာ တင်ပြလေ့ရှိပြီး သတင်းဆိုးများကို ဘယ်သောအခါမှ မတင်ပြတတ်ချေ။ သတင်းစာတိုက်ကို အသုံးချ၍ ပြဿနာရှာရန် အကြောင်းပြချက် မရှိပေ။
ဤအခြေအနေက မတော်တဆ ဖြစ်ခြင်းသာ ဖြစ်ပေမည်။
"ဘယ်လိုလုပ်ရမလဲ ဟုတ်လား။ ငါ ဘယ်လိုလုပ်နိုင်မှာလဲ။ အခု သတင်းစာတွေ ဖြန့်ပြီးသွားပြီ။ ပြည်သူတွေရဲ့ လက်ထဲကနေ တစ်စောင်ချင်းစီ ပြန်သိမ်းလို့ ရမလား။
မြို့တော်က စာမေးပွဲရုံကတော့ ဖြေရှင်းဖို့ လွယ်ပါတယ်။ တံဆိပ်တုံးကို အသုံးမပြုဘဲ စာမေးပွဲဖြေဆိုသူတွေကို နှစ်သိမ့်ပေးလိုက်ရင် ရတယ်။ ဒါပေမဲ့ တခြား စာမေးပွဲရုံတွေကျတော့ကော။ မြို့တော်က သတင်းတွေ နယ်ဘက်ကို ရောက်ဖို့ အချိန်လိုသေးတယ်။"
ဖန်ကျန်းရီက ခဏတာ စဉ်းစားလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "မကြောက်နဲ့။ ဒီကိစ္စက ခင်ဗျား ထင်ထားသလောက် မခက်ခဲနိုင်ပါဘူး။
စက္ကူဈေးနှုန်းနဲ့ ကန်စွန်းဥ စိုက်ပျိုးမှု ကျယ်ပြန့်လာတာနဲ့အမျှ ပညာတတ်တွေက ပိုပိုများလာမှာပဲ။ ဒီလို ဆွေးနွေးပြောဆိုမှုမျိုးကလည်း အနှေးနဲ့အမြန် ရှိလာမှာပဲ။ စောစောသိရတော့ ပြဿနာကို အမြစ်ကနေ ဖြေရှင်းနိုင်တာပေါ့။ ဒါက ကောင်းတဲ့ကိစ္စ တစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။
ဦးလေးသုံး၊ ခင်ဗျားက အဓိက စာမေးပွဲစစ်ဆေးသူလေ။ စာမေးပွဲရုံမှာ အရှင်မင်းကြီးဆီကို တိုက်ရိုက် တင်ပြခွင့် ရှိတယ် မဟုတ်လား။ ကျုပ် ထင်တာတော့ ခင်ဗျား အခု ချက်ချင်း အရှင်မင်းကြီးဆီ တင်ပြမယ့် အစီရင်ခံစာ တစ်စောင် ရေးသင့်တယ်။
တံဆိပ်တုံးကို ချက်ချင်း ရပ်ဆိုင်းလိုက်ပါ။ စာမေးပွဲရုံမှာ မတရားတဲ့ ဆက်ဆံမှု ခံရတဲ့ စာမေးပွဲဖြေဆိုသူတွေကို အချိန်မီ နေရာ ပြောင်းပေးပါ။
ပြီးတော့ ဒီစာမေးပွဲရုံထဲက အိမ်သာတွေကို စာမေးပွဲပြီးတာနဲ့ အမြန် ပြန်ပြုပြင်ပါ။ စာမေးပွဲဖြေဆိုသူတွေနဲ့ ဝေးဝေးမှာ ထားပါ။ ဘာမှ မဖြစ်ခဲ့သလိုမျိုး ဆက်ပြီး သည်းခံနေလို့ မရဘူးလေ။
ဒီလိုဆိုရင် စာမေးပွဲ မပြီးခင်၊ လူထုအမြင်တွေ မပြန့်ခင် အမိန့်တော်က ပြည်သူတွေဆီ အရင် ရောက်သွားမယ်။ အဲဒီအချိန်ကျရင် တိုင်းပြည်က ပညာတတ်တွေ အားလုံးက ကျေးဇူးတင်ကြမှာ မဟုတ်ဘူးလား။ ခင်ဗျားက နိုင်ငံတစ်ဝန်းက ပညာတတ်တွေရဲ့ ကျေးဇူးရှင်ကြီး ဖြစ်မလာနိုင်ဘူးလား။"