အခန်း ၇၁၁
Vol. 38 Ch. 711
အပိုင်း (၇၁၁) အလှမယ်များကို ဖိတ်ခေါ်၍ တောက်ယွမ်ကို လေ့လာခြင်း။
ခြံဝင်းအကျယ်အဝန်းမှာ မကြီးမားလှသော်လည်း အပြင်အဆင်မှာ အတော်လေး ပြေပြစ်လှပပေသည်။ ဆောင်းဦးနှောင်းပိုင်းကာလသို့ ရောက်ရှိနေပြီဖြစ်သော်လည်း နွေရာသီကာလ၏ စိမ်းလန်းစိုပြည်မှုများကို အနည်းငယ် မြင်တွေ့နေရဆဲဖြစ်သည်။ ရေကန်အတွင်းတွင်လည်း ရွှေငါးအချို့ ကူးခတ်နေကြ၏။
နန်းဆောင်အတွင်းတွင် ချူချင်ဟန်သည် လှပသော မျက်ခုံးလေးများကို ကျုံ့ထားလျက် စားပွဲပေါ်တွင် ခေါင်းငုံ့ကာ တစ်စုံတစ်ရာကို ရေးသားနေသည်။
ချူယိုယီကမူ ဘေးဘက်တွင် မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် တစ်တွတ်တွတ် ပြောဆိုနေ၏။ အစေခံ မိန်းကလေး လာရောက်သတင်းပို့သည့်အချိန်ရောက်မှသာ ချူချင်ဟန် ခေါင်းမော့လာလေသည်။
ယခုအခါ ဖန်ကျန်းရီသည် ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီဖြစ်ရာ ချူချင်ဟန်၏ မျက်နှာပေါ်တွင် ပျာယာခတ်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး အလျင်အမြန် မတ်တပ်ရပ်ကာ ပြောလိုက်၏။ "သခင်လေးဖန်ကို ဂါရဝပြုပါတယ်။"
တီဖာ ... တကယ်ကို ကြည့်လေ တူလေပဲ။
ဖန်ကျန်းရီသည် တိတ်တဆိတ် တံတွေးမြိုချလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "အာ ... အားနာစရာ မလိုပါဘူး။ ကော်အာ ပြန်ရောက်နေတယ်။ ဒီနေ့ ခင်ဗျားတို့ကို လာရှာတာက တောက်ယွမ်ခရိုင်ကို သွားလည်ဖို့ ဖိတ်ခေါ်ချင်လို့ပါ။ ဒီကိုရောက်နေတာ အတော်ကြာပြီဆိုပေမဲ့ တစ်ခါမှ မသွားဖူးသေးဘူးဆိုတော့ ခင်ဗျားတို့ သွားချင်လားဆိုတာ သိချင်လို့ပါ။"
ချူချင်ဟန်သည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။ "ဒါဆို သခင်လေးဖန်ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ အတော်ပဲ။ အချိန်ရတယ်ဆိုတော့ အခုပဲ သွားကြမလား။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "ကောင်းတာပေါ့။ ဒါဆို ပစ္စည်းလေးဘာလေး သိမ်းပြီးရင် ထွက်ကြတာပေါ့။"
ချူယိုယီက ရုတ်တရက် အသံထွက်ကာ သူ့ကို လှမ်းခေါ်လိုက်၏။ "သခင်လေးဖန်။"
သူမသည် အင်္ကျီစွန်းကို ဆုပ်ကိုင်ထားလျက် နေရာတွင်ပင် နေမထိထိုင်မသာ ဖြစ်နေပြီး အနည်းငယ် စိုးရိမ်ထိတ်လန့်နေပုံပေါ်သည်။
ဖန်ကျန်းရီသည် ထိုအခြေအနေကို မြင်သောအခါ သံသယဖြစ်စွာဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"
ချူယိုယီက ဖြေလိုက်၏။ "ကျွန်မအစ်မက ..."
ချူချင်ဟန်၏ အေးစက်စက် အသံလေး ထွက်ပေါ်လာသည်။ "ယိုယီ ... ဒါက မိသားစုကိစ္စလေ။ သခင်လေးဖန်ကို ဘာသွားပြောနေတာလဲ။"
ထို့နောက် သူမသည် ညီမဖြစ်သူကို ဆွဲခေါ်သွားလေ၏။
ဖန်ကျန်းရီသည် ဘာမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေပသည်။
လိုင်ကော်အာက အနားသို့ တိုးကပ်လာပြီး ပြောလိုက်၏။ "အစ်ကိုကြီး ... မိသားစုကိစ္စတဲ့။ မိသားစုကိစ္စဆိုရင်တော့ ဝင်ပါမှ ရမယ်။"
ဖန်ကျန်းရီက ငေါက်လိုက်သည်။ "ပါးစပ်ပိတ်ထားစမ်း။"
အချိန်သိပ်မကြာမီမှာပင် ညီအစ်မနှစ်ဦးသည် အဝတ်အစားများ လဲလှယ်ပြီးသွားကြ၏။
ချူယိုယီသည် အစိမ်းနုရောင် အင်္ကျီတစ်စုံကို ဝတ်ဆင်ထားပြီး ဖြူစင်တက်ကြွသည့်ပုံပေါက်နေသော်လည်း မျက်နှာထားမှာ အနည်းငယ် လေးလံနေကာ စိတ်အခြေအနေ မကောင်းသည့်ပုံပေါ်သည်။
ချူချင်ဟန်မှာမူ အဝတ်အစားအသစ်တစ်စုံကို လဲလှယ်ထားပြီး ပန်းရောင်သန်းသော အဖြူရောင်စကတ်ရှည်၊ အောက်ဘက်တွင် အဖြူရောင် ပိုးသားပန်းထိုးဖိနပ်တစ်ရန်ကို စီးထားကာ ဆံပင်ကိုလည်း တိမ်လိပ်ပုံစံ ဆံထုံး ထုံးထားသည်။ မျက်နှာပေါ်တွင် မိတ်ကပ်ပါးပါးလေး လိမ်းထားရာ ထူးခြားစွာပင် လောကီအညစ်အကြေးများနှင့် ကင်းစင်နေသည့်ပုံပေါ်၏။
ဖန်ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားပြီး နောက်ထပ် နှစ်ချက်ခန့် ခိုးကြည့်လိုက်မိသည်။
ချူချင်ဟန်က မေးလိုက်၏။ "သခင်လေးဖန် ... ကျွန်မတို့ ပြင်ဆင်ပြီးပါပြီ။ အခု သွားကြမလား။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ သွားကြတာပေါ့။"
ဖန်ကျန်းရီ ရှာလာသော မြင်းလှည်းမှာ အလွန်ကြီးမားလှပြီး လူလေးယောက် ထိုင်နေသော်လည်း အနည်းငယ် ကျယ်ဝန်းနေဆဲဖြစ်သည်။ လူလေးယောက်သား လှည်းခန်းအတွင်း၌ တိတ်ဆိတ်စွာ နေနေကြပြီး ဖန်ကျန်းရီနှင့် ချူချင်ဟန်တို့မှာ ယှဉ်လျက် ထိုင်နေကြ၏။ နှာခေါင်းဝသို့ သင်းပျံ့သော ရနံ့များ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာ၏။
သို့ပေမည့် မျက်နှာချင်းဆိုင်ရှိ ချူယိုယီမှာမူ မေးလေးထောက်ကာ ပြတင်းပေါက်အပြင်ဘက်သို့သာ အမြဲတမ်း ငေးကြည့်နေပြီး စိတ်လေးနေသည့်ပုံပေါ်၏။ ဖန်ကျန်းရီသည် မနေနိုင်ဘဲ မေးလိုက်သည်။ "ယိုယီ ... ခုနက ကျုပ်ကို ဘာပြောမလို့လဲ။ တိုက်ရိုက်သာ ပြောလိုက်ပါ။ ကျုပ်က ခင်ဗျားတို့ကို ကူပြီး အကြံပေးလို့ ရပါတယ်။"
ချူယိုယီသည် ခေါင်းလှည့်လာပြီး ချူချင်ဟန်အား တစ်ချက်ကြည့်ကာ ခေါင်းခါပြလိုက်၏။
ဖန်ကျန်းရီက ချူချင်ဟန်အား သံသယဖြစ်ဖွယ် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ "ဘာကိစ္စရှိလို့ ဖုံးကွယ်ထားရတာလဲ။"
ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ။ ကျုပ်ကလည်း ချူမိသားစုရဲ့ အစုရှယ်ယာ တစ်ဝက်ကို ပိုင်ဆိုင်ထားသေးတယ်လေ။ ခင်ဗျားတို့ ဘာလုပ်ဖို့ ပြင်ဆင်နေကြတာလဲ။"
ချူချင်ဟန်က ခေါင်းခါပြလိုက်သည်။ "သခင်လေးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက စီးပွားရေး နည်းနည်းပါးပါး လုပ်ချင်လို့ပါ။ ယိုယီနဲ့ သဘောထားကွဲလွဲနေတာလေးပဲ ရှိတာပါ။"
ဖန်ကျန်းရီက မေးလိုက်၏။ "ဘာစီးပွားရေးလဲ။"
ချူချင်ဟန်သည် ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ "အင်း ... စီးပွားရေး အသေးစားလေးတွေပါ။ သေချာ မစဉ်းစားရသေးပါဘူး။"
စီးပွားရေး အသေးစား ဟုတ်လား။ စီးပွားရေး အသေးစားလေးနှင့်တော့ ပြဿနာဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ချူယိုယီက ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိသည့် ကောင်မလေးတစ်ယောက်ဖြစ်ရာ စီးပွားရေးကိစ္စများတွင် သူမနှင့် မည်ကဲ့သို့ အငြင်းပွားနိုင်မည်နည်း။ ဖန်ကျန်းရီသည် သူ၏ အကြည့်များကို ချူယိုယီထံသို့ ထပ်မံပို့လွှတ်လိုက်၏။
ချူယိုယီသည် ဖန်ကျန်းရီ၏ စိုက်ကြည့်ခြင်းကို ခံရသောအခါ အဆုံးတွင် မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။ "သူက မြောက်ပိုင်းရုံကို သွားချင်နေတာ။ ကျွန်မအစ်မက မြောက်ပိုင်းရုံဘက်က သားရေကုန်သွယ်ရေးကို သဘောကျနေပြီး ကိုယ်တိုင် သွားဖို့ ပြင်ဆင်နေတယ်။"
ချူချင်ဟန်က ဒေါသတကြီးဖြင့် ဟန့်တားလိုက်၏။ "ယိုယီ။"
ဖန်ကျန်းရီသည် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "နယ်စပ်မြို့လေးကို သွားပြီး ဘာလုပ်မလို့လဲ။ ခရီးကလည်း ဝေးသလို အန္တရာယ်လည်း များတယ်။ လုပ်စရာ စီးပွားရေးတွေ ဒီလောက်အများကြီး ရှိနေတာကို၊ ဘာလို့ သားရေတွေကိုပဲ ရောင်းချင်ရတာလဲ။"
ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "ချူမိသားစုက အရင်က သားရေကုန်သွယ်ရေး အတွေ့အကြုံ မရှိဘူး မဟုတ်လား။ အကူအညီ လိုအပ်တာရှိရင် အားမနာတမ်းသာ ပြောပါ။ ခင်ဗျားတို့ ငွေလိုနေလို့လား။"
ချူချင်ဟန်က ခေါင်းခါပြကာ ခါးသက်စွာ ပြုံးလိုက်သည်။ "သခင်လေး ... မြို့တော်မှာ စီးပွားရေးလုပ်ရတာ မလွယ်ပါဘူး။ လုပ်ငန်းတိုင်းက ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတယ်။"
ချူချင်ဟန်က ဆက်ပြောလိုက်၏။ "ကျွန်မတို့ရဲ့ ငွေကြေးက လုံလောက်သေးပေမဲ့ နောက်ပိုင်း မြို့တော်မှာ အခြေချဖို့ဆိုရင် အန္တရာယ်ကို မဖြစ်မနေ ရင်ဆိုင်ရမှာပဲ။ တခြားလူတွေ မလုပ်ချင်တဲ့ စီးပွားရေးကို လုပ်မှရမယ်လေ။
ကျွန်မ စျေးကွက်အခြေအနေကို စုံစမ်းပြီးပါပြီ။ နယ်စပ်မြို့လေးရဲ့ အရောင်းအဝယ်က အခု တော်တော်လေး ကောင်းနေတယ်။ နောက်ထပ် နှစ်အနည်းငယ် ကြာသွားရင် ကျွန်မတို့အတွက် နေရာရှိတော့မှာ မဟုတ်ဘူး။"
ဖန်ကျန်းရီက စကားတစ်ခွန်း၊ နှစ်ခွန်းခန့် ပြောမည်ပြုစဉ် ချူချင်ဟန်၏ လှပသော မျက်လုံးအစုံက သူ့ထံသို့ တိုက်ရိုက် စိုက်ကြည့်လာသည်။
သူမက ပြောလိုက်၏။ "သခင်လေးဖန် ... သခင်လေးရဲ့ စေတနာကို ကျွန်မတို့ သိပါတယ်။ ကျွန်မတို့ ညီအစ်မက မိန်းမသားတွေ ဖြစ်ပေမဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ မြို့တော်မှာ အခြေချနိုင်ဖို့ ကြိုးစားနိုင်ပါတယ်။"
ချူယိုယီကလည်း ချက်ချင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
ဖန်ကျန်းရီက မေးလိုက်၏။ "ဒါဆို ခင်ဗျားတို့ ယူတိန့်မြို့ကို ပြန်သွားလို့ ရတာပဲ။ ဘာလို့ မြို့တော်မှာ မဖြစ်မနေ အိမ်ရာဝယ်ယူချင်ရတာလဲ။"
ထိုစကား ထွက်ပေါ်လာသည်နှင့် မျက်လုံးသုံးစုံက သူ့ထံသို့ ပြိုင်တူ ကြည့်လာကြသည်။ ဖန်ကျန်းရီသည် ချက်ချင်းပင် နောင်တရသွားပြီး မိမိကိုယ်မိမိ ငတုံးဟု စိတ်ထဲမှ ဆဲဆိုလိုက်မိသည်။
ဒါက မပြောသင့်တာကို သွားပြောမိတာ မဟုတ်ဘူးလား။
လှည်းခန်းအတွင်း၌ ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။ ဖန်ကျန်းရီသည် အကြိမ်ကြိမ် စကားပြောရန် ပြင်လိုက်၊ ရပ်လိုက်ဖြစ်နေသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဖြစ်ခဲ့ချေ။
ချူချင်ဟန်၏ စိတ်နေသဘောထားမှာ ခိုင်မာပြတ်သားပြီး သူ့ကို အားကိုးလိုခြင်း မရှိပေ။ သို့သော်ငြား သူမလို မိန်းမတစ်ယောက်ကို နယ်စပ်မြို့လေးဆီသို့ သွားခိုင်း၍တော့ မဖြစ်ချေ။ လမ်းတစ်လျှောက်တွင်လည်း ဓားပြများ၊ လူဆိုးများ ရှိနေသည်။ သူကိုယ်တိုင်ပင် ယခင်က ထိုအလုပ်ကို အချိန်ပိုင်း လုပ်ခဲ့ဖူးသည် မဟုတ်ပါလား။ ဤညီအစ်မနှစ်ဦး၏ ရုပ်ရည်သွင်ပြင်မျိုးဖြင့် သွားမည်ဆိုပါက ကောင်းသောအခြေအနေ ရှိနိုင်မည် မဟုတ်ပေ။ လုံးဝ (လုံးဝ) ပေးသွား၍ မဖြစ်ပေ။
တောက်ယွမ်ခရိုင်အနီးသို့ ရောက်ရှိလာသောအခါ လမ်းဘေးတွင် ဧရာမ ကြော်ငြာဘုတ်ကြီးများ တစ်ချပ်ပြီး တစ်ချပ် စတင်ပေါ်ထွက်လာ၏။
ယခင်နှင့်မတူသည်မှာ ယခုတစ်ကြိမ် ကြော်ငြာဘုတ်များပေါ်တွင် ပန်းချီကားများ စတင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ အားလုံးမှာ လူကိုယ်တိုင် လက်ဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး ကုန်ကျစရိတ် မနည်းကြောင်း သိသာ ထင်ရှားနေသည်။
ထိုပန်းချီကားများမှာ အလွန်လှပပြီး အနာဂတ် တောက်ယွမ်၏ အပြင်ဘက်ပိုင်းရှိ လှပသော မြင်ကွင်းမျိုးစုံနှင့် ပတ်သက်သည့် စီမံကိန်းပုံစံများဖြစ်သည်။ အောက်ဘက်တွင် ကြော်ငြာစာသားများကိုလည်း ရေးသားထားသေး၏။
[ခမ်းနားထည်ဝါမှုက ဟန်ဆောင်မှုတွေကို ငြင်းပယ်တယ်။ လက်လှမ်းမီနိုင်တဲ့နေရာမှာရှိနေမှတော့ လူစည်ကားတဲ့ ဈေးထဲမှာ နေစရာ မလိုတော့ပါဘူး။]
[စိတ်ဝင်စားစရာကောင်းတဲ့ တောင်ကြားစောင်းက နေအိမ်၊ ဘဝရဲ့ ရှေ့တိုးနောက်ဆုတ် လမ်းကြောင်း။]
[အိမ်တစ်လုံးက ဂုဏ်သရေရှိ စံအိမ်တစ်ခု၊ ခြံတစ်ခြံက သူဌေးအိမ်တော်တစ်ခု။ ငါ့ရဲ့ အိမ်နီးချင်းတွေက ချမ်းသာတဲ့သူ မဟုတ်ရင် ဂုဏ်သရေရှိတဲ့ သူတွေချည်းပဲ။]
လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် လျိုကျုံးရွှင်က စိမ်းလန်းစိုပြည်သော သစ်ပင်များကို စိုက်ပျိုးထားသည်မှာ ကြာပြီဖြစ်သည်။ လမ်းအတိုင်း သစ်တောကို ဖြတ်သန်းသွားသောအခါ မြင်ကွင်းမှာ ရုတ်တရက် ရှင်းလင်း ကျယ်ပြန့်သွားလေသည်။
လမ်း၏ ဘယ်ဘက်ခြမ်းမှာ မြေရိုင်းများဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သော်လည်း ညာဘက်ခြမ်းတွင်မူ အသစ်ဆောက်လုပ်ထားသော သုံးထပ်တိုက်ငယ်လေးများ အစီအရီ ပေါ်ထွက်နေပြီဖြစ်သည်။ ခေါင်မိုးစွန်းများနှင့် ထောက်တိုင်များ အစုံအလင် ပါဝင်ပြီး အလွန်အမင်း လှပ၏။
တိုက်ငယ်လေးများ၏ အောက်ဘက်တွင် ပန်းခင်းများ၊ ကျောက်စားပွဲများနှင့် ကျောက်ထိုင်ခုံများ စသည့် အဆောက်အအုံများကိုလည်း ခပ်ရေးရေး မြင်တွေ့နေရ၏။ ယခုအချိန်တွင် လူအများအပြားသည် အနီးအနား၌ လက်နောက်ပစ်လျက် အေးဆေးစွာ လမ်းလျှောက်နေကြသည်။ အရာအားလုံးက စနစ်တကျရှိပြီး အလွန် လိုက်ဖက်ညီမှု ရှိနေသည်။
ချူယိုယီသည် ပြတင်းပေါက်ကို ကိုင်ထားလျက် အံ့ဩတကြီး ပြောလိုက်၏။ "အရမ်းလှတာပဲ။ ဒါပေမဲ့ ဘာလို့ အိမ်တွေကို မြို့ပြင်မှာ ဆောက်ထားတာလဲ။"
ဖန်ကျန်းရီက ပြုံးလျက် ပြန်ဖြေလိုက်၏။ "အဲဒါက အပြင်ဘက်က မြေရိုင်းတွေပါ။ အခုထိ တည်ဆောက်ရေး လုပ်နေတုန်းပဲ။ ဒါတွေအကုန်လုံးက ဆင်းရဲသား အရပ်သားတွေအတွက် ဆောက်ပေးထားတဲ့ အိမ်တွေပါ။"
သူ ပြန်မလာဖြစ်သည်မှာလည်း အတန်ကြာပြီဖြစ်ရာ ပထမအသုတ် အိမ်များကို ဆောက်လုပ် ပြီးစီးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ လူဦးရေကို ကြည့်ရခြင်းအားဖြင့် တစ်သုတ်တော့ ရောင်းထွက်သွားပြ ီဖြစ်ပုံရပြီး လျိုကျုံးရွှင် ငွေမည်မျှမြတ်နေမည်ကိုတော့ မသိရချေ။
သို့ပေမည့် ဤသုံးထပ်တိုက်ငယ်လေးများ၏ အပြင်ပန်းပုံစံမှာ ဖန်ကျန်းရီ၏ စိတ်နှင့် အတော်လေး ကိုက်ညီနေပြီး သေချာဂရုစိုက်ကာ လူရှာ၍ ဒီဇိုင်းဆွဲခိုင်းထားပုံရသည်။ သူသည် ရိုးရာအဆောက်အအုံများကို သဘောကျသည်။ သို့ပေမည့် ယခင်ဘဝက တရုတ်ရိုးရာ အဆောက်အအုံများမှာ အခြေခံအားဖြင့် ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ကြည့်ရသည်မှာ နောင်တစ်ချိန်တွင် ဗိသုကာအလှအပနှင့် ပတ်သက်၍ လမ်းညွှန်ပြသပေးရန် လိုအပ်နေပြီး တက္ကသိုလ်တွင် ဗိသုကာဒီဇိုင်းဌာနတစ်ခု ဖွင့်လှစ်သင့်၏။
ချူချင်ဟန်ကလည်း အပြင်ဘက်ကို အဆက်မပြတ် သေချာစွာ အကဲခတ်နေ၏။ ဤကွဲပြားခြားနားလှသော မြင်ကွင်းကို မျက်လုံးထဲတွင် မြင်တွေ့လိုက်ရသောအခါ သူမ၏ ရင်ထဲတွင်လည်း အတော်လေး တုန်လှုပ်သွားမိသည်။
ဤသည်မှာ အရပ်သားများပြောဆိုနေကြသည့် လောကတွင် ပထမအဆင့်ရှိသော ခရိုင်ပင်ဖြစ်သည်။ အပြင်ဘက်ပိုင်းလေးကပင် ဤမျှ လှပသေသပ်နေမည်ဆိုလျှင် မြို့တွင်း၌မူ မည်သို့သော ရှုခင်းမျိုး ဖြစ်နေမည်ကို မသိနိုင်တော့ချေ။ ယူတိန့်မြို့နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ... တကယ်ကို ကွာခြားလွန်းလှ၏။
တကယ့်ကို သူပါပေ။ ဆင်းရဲသား အရပ်သားများကို အိမ်ဆောက်ပေးရာတွင်ပင် ဤမျှ ဂရုတစိုက်ရှိလှသည်။ မြို့တော်မှ အရပ်သားများက သူ့ကို နိုင်ငံနှင့် လူမျိုးအတွက် ကောင်းမွန်သော အရာရှိတစ်ဦးဟု ကောလာဟလ ဖြန့်နေကြသည်မှာလည်း အံ့ဩစရာ မဟုတ်တော့ပေ။ ထို့အပြင် သူက ဖော်ရွေပြီး ဆက်ဆံရလွယ်ကူသေးသည်။
ချူချင်ဟန်သည် မနေနိုင်ဘဲ ဖန်ကျန်းရီအား ဘေးတိုက်လှမ်းကြည့်လိုက်မိပြီး သူမ၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများ ပိုမိုများပြားလာ၏။
ဖန်ကျန်းရီသည် တိုးတိုးလေး ညည်းတွားလိုက်ပြီး စိတ်ထဲမှ အဆက်မပြတ် အပြစ်တင်နေမိသည်။ "တိုက်နှစ်လုံးကြား အကွာအဝေးက ကြီးလွန်းတယ်။ အလဟဿပဲ။"
သုံးထပ်တိုက်ဆိုတာ မီတာအနည်းငယ်လောက်ခြားပြီး တစ်လုံးဆောက်ရင် တော်လောက်ပြီ။ အခု ကြည့်လိုက်တာနဲ့တင် မီတာနှစ်ဆယ်လောက် ရှိနေတယ်။ ပြီးတော့ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့၊ ပန်းခြံတွေ အဲဒီလောက်အများကြီး ဆောက်ပြီး ဘာလုပ်မှာလဲ။ အရပ်သားတွေဆိုတာ စုပြုံပြီး နေရမှ နွေးထွေးတာပေါ့။
ဒီလိုဆိုရင် အိမ်တွေ အများကြီး လျှော့ရောင်းရတော့မှာပေါ့။ သောက်ကျိုးနည်း ... ပိုက်ဆံဖြုန်းနေတာ မဟုတ်ဘူးလား။
ချူချင်ဟန်က မေးလိုက်၏။ "သခင်လေးဖန် ... ခုနက ဘာပြောလိုက်တာလဲ။"
ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "အာ ... အဟမ်း အဟမ်း ... ဘာမှမပြောပါဘူး။ မြို့ထဲရောက်ရင် အရင်ဆုံး ထမင်းစားကြတာပေါ့။"