← Chapters

အခန်း (၅၄၇-၅၄၈)

Vol. 30 Ch. 547-548

အခန်း (၅၄၇-၅၄၈)

Vol. 30 Ch. 547-548

အခန်း (၅၄၇) - ချစ်ခင်တွယ်တာမှုများက ရှေးယခင်ကတည်းက ခွဲခွာခြင်းကို နာကျင်စေသည်။

ထပ်မံခေါင်းမော့လိုက်သောအခါ ချူမိသားစု ညီအစ်မနှစ်ယောက်၏ လှပသော မျက်ဝန်းနှစ်စုံက မိမိအား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ဖန်ကျန်းရီလည်း သူတို့ထံသို့ လျှောက်သွားလိုက်သည်။

သူ လာနေသည်ကို မြင်သောအခါ ချူယိုယီက အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ "အစ်မ... သူ လာနေပြီ။ ခဏနေရင် ကျွန်မ သူ့ကို ပြောချင်တဲ့ စကားလေး ရှိလို့... အစ်မ ခဏလောက် ရှောင်ပေးလို့ ရမလား။"

ချူချင်ဟန်က သူမကို မျက်စောင်းထိုးကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ဖန်ကျန်းရီ အနီးသို့ ရောက်လာသောအခါ ချူယိုယီက သူ၏ အင်္ကျီလက်စကို ဆွဲကာ မလှမ်းမကမ်းသို့ လျှောက်သွားလိုက်၏။

ဖန်ကျန်းရီမှာ အလွန်အံ့ဩသွားကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"

ချူယိုယီက ခေါင်းငုံ့ကာ တီးတိုးပြောလိုက်၏။ "ဘာမှမဖြစ်ပါဘူး။ ကျွန်မထင်တာ ရှင် သွားတော့မယ် ဆိုတော့လေ … ဒီအတောအတွင်း ရှင်က ကျွန်မကို အမြဲ ဂရုစိုက်ပေးခဲ့တာဆိုတော့ ကျွန်မက ရှင့်ကို လက်ဆောင်လေး ပေးချင်လို့..."

ထိုသို့ပြောရင်း ရင်ခွင်ထဲမှ အဝတ်ထုပ်ငယ်လေးကို ထုတ်ယူကာ ဖွင့်ပြလိုက်ရာ သေသပ်လှပသော ဆံထိုးတစ်ခု ဖြစ်နေ၏။ သူမသည် ရှက်ရွံ့စွာဖြင့် ဖန်ကျန်းရီ၏ ရှေ့သို့ လက်ကမ်းပေးလိုက်သည်။

ဒါက ဘာသဘောလဲ။ ဒီကောင်မလေး ငါ့အပေါ် စိတ်ဝင်စားနေတာလား။

ရဲတင်းလှပေသည်။ ဖန်ကျန်းရီက တံတွေးကို မြိုချကာ စိုးရိမ်စိတ်ဖြင့် ဘယ်ညာကြည့်လိုက်ပြီး ဆံထိုးနှင့် အဝတ်ကိုပါ အလျင်အမြန် သိမ်းဆည်းလိုက်၏။

ထို့နောက် သူက ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ ဒီလို တန်ဖိုးကြီးတဲ့ လက်ဆောင်ကို ကျုပ် သေချာပေါက် သိမ်းဆည်းထားပါ့မယ်။"

ချူယိုယီက ဆက်လက်၍ တီးတိုးပြောလိုက်သည်။ "တကယ်တော့... ကျွန်မလည်း မြို့တော်ကို သွားကြည့်ချင်တယ်။ ဒါပေမဲ့ သိပ်ဝေးလွန်းလို့။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "အင်း … ခင်ဗျား စာသင်ကျောင်းမှာ စာသင်ပြီးသွားရင် မြို့တော်ကို အချိန်မရွေး လာခဲ့ပါ။ ကျုပ် အမြဲ ကြိုဆိုနေပါ့မယ်။"

သူ့အတွက် အမြဲ စဉ်းစားပေးပြီး သူ၏ လှည့်စားမှုကိုလည်း အကြွင်းမဲ့ ယုံကြည်နေသော ဤကောင်မလေးကို ကြည့်ကာ ဖန်ကျန်းရီ၏ စိတ်ထဲတွင် အလွန်သနားမိသွား၏။

ချူယိုယီက ခေါင်းကို အားပါးတရ ညိတ်ပြလိုက်ကာ မျက်နှာငယ်လေးပေါ်တွင် အလေးအနက်ထားမှုများ ပြည့်နှက်နေသည်။ "အင်း … ကျွန်မ နောက်ပိုင်း သေချာပေါက် သွားမယ်။ ဒါဆို ကျွန်မတို့ ပြန်ရအောင်။"

ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက် မူလနေရာသို့ ပြန်လျှောက်သွားကြသော်လည်း ခြေလှမ်းမရပ်ရသေးမီ ချူချင်ဟန်က ဖန်ကျန်းရီ၏ အင်္ကျီလက်ကို ဆွဲကာ တီးတိုးပြောလိုက်၏။ "ဖန် လူကြီးမင်း... ကျွန်မ ရှင့်နဲ့ သီးသန့် ပြောစရာလေး ရှိလို့ပါ။"

ချူယိုယီမှာ ချူချင်ဟန်က ဖန်ကျန်းရီကို ဆွဲခေါ်သွားသည်ကို ကြည့်ကာ ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွားလျက် တီးတိုး ရေရွတ်လိုက်သည်။ "အာ... အစ်မ။"

မူလနေရာသို့ ပြန်ရောက်သောအခါ ချူချင်ဟန်ကလည်း ရင်ခွင်ထဲမှ အဝတ်ထုပ်တစ်ခုကို ထုတ်ယူလိုက်သော်လည်း ကြည့်ရသည်မှာ ပို၍ ကြီးမားနေ၏။ ဖြန့်ကြည့်လိုက်ရာ စာအုပ်တစ်အုပ် ဖြစ်နေသည်။

ဖန်ကျန်းရီက စာအုပ်ကို လှမ်းယူလိုက်ရာ အပေါ်တွင် ချူချင်ဟန်၏ ကိုယ်ငွေ့များ ကျန်ရှိနေဆဲဖြစ်ပြီး ဖွင့်ကြည့်လိုက်ရာ ကဗျာစာအုပ်တစ်အုပ် ဖြစ်နေ၏။

အထဲရှိ အစပိုင်းတွင် သူရေးထားသော 'ယွီလင်လင်' ကဗျာဖြစ်ပြီး နောက်တွင် သပ်ရပ်လှပသော စာလုံး သေးသေးလေးများဖြင့် မှတ်စုများစွာ ရေးသားထားသည်။ ကဗျာ၏ နောက်ဆုံး စာကြောင်းနှစ်ကြောင်းမှာ ယခုလေးတင် ဖြည့်စွက်ထားကြောင်း သိသာလှပြီး မှတ်စုရေးရန်ပင် အချိန်မရလိုက်ချေ။

ချူချင်ဟန်က ပြောလိုက်သည်။ "ဖန် လူကြီးမင်း ..ချူမိသားစုအပေါ် ထားရှိတဲ့ ကျေးဇူးကြီးမားမှုကို ကျွန်မ ဘယ်လို ကျေးဇူးဆပ်ရမှန်း မသိပါဘူး။ ဒီကဗျာစာအုပ်က ကျွန်မ အကြိုက်ဆုံးပါပဲ။ ဖန် လူကြီးမင်း မငြင်းပယ်ပါနဲ့။"

နီရဲနေသော မျက်နှာလေးနှင့် အနည်းငယ် ရှက်ရွံ့နေသော ချူချင်ဟန်ကို ကြည့်ကာ ဖန်ကျန်းရီလည်း မနေနိုင်ဘဲ စိတ်လှုပ်ရှားသွားမိ၏။

ထိုညက မှတ်ဉာဏ်များက တကယ်ပင် နက်ရှိုင်းလွန်းလှပြီး ချူချင်ဟန်က ပန်းချီကားထဲမှ ထွက်လာသူတစ်ဦးကဲ့သို့ လှပလွန်းလှကာ နတ်ဆိုးမတစ်ပါးလို ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် မှုန်ဝါးဝါး ပိုးသားဝတ်စုံကို ဝတ်ဆင်ထားခဲ့သေးသည်။ သူမကို တွေ့တိုင်း ဤကိစ္စကို အလွယ်တကူ သတိရသွားတတ်သည်။

ဖန်ကျန်းရီက စိတ်ကို စုစည်းကာ ကဗျာစာအုပ်ကို ပြန်လည်ထုပ်ပိုးလိုက်ပြီး ပြောလိုက်၏။ "ဘယ်လိုလုပ် ရွံရှာရမှာလဲ။ ဒီစေတနာကို ကျုပ် သေချာ သိမ်းဆည်းထားပါ့မယ်။ ချူမိသားစုကို ခင်ဗျားလို မိန်းမသား တစ်ယောက်က ဦးစီးနေရတာ တကယ် ပင်ပန်းမှာပဲ။ အခုလည်း သင်္ဘောတည်ဆောက်ရအုံးမှာဆိုတော့ ခင်ဗျားကို ပိုပြီး ဒုက္ခပေးရအုံးမယ်။ သင်္ဘောတည်ဆောက်ပြီးရင် ကျန်းလင်ဆိပ်ကမ်းကို ပို့ပေးလိုက်ပါ။ ခင်ဗျား မြို့တော်ကို လာချင်တယ်ဆိုရင်တော့ ကျုပ် သေချာပေါက် ကြိုဆိုနေမှာပါ။ ယနေ့ ဒီလောက်ပါပဲ။ အချိန်လည်း မစောတော့ဘူးဆိုတော့ ကျုပ်လည်း ခရီးဆက်ရတော့မယ်။"

ချူချင်ဟန်၏ စိတ်ထဲတွင်လည်း ပြောပြမတတ်သော ခံစားချက်များ ပြည့်နှက်နေပြီး မူလကပင် ဖန်ကျန်းရီကို အနည်းငယ် ကြည်ညိုနေခဲ့ရာ မိမိ၏ စံပြပုဂ္ဂိုလ်က ဘေးတွင် ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ဆေးခတ်ခံရလျှင်ပင် အသိစိတ်ရှိနေကာ မိမိကို အရင်ထွက်သွားစေခဲ့သည်။ လူကောင်းသူကောင်း၊ သဘောထားကြီးသူ၊ သွေးအေးတည်ငြိမ်သူ၊ ရာထူးကြီးမားသော်လည်း ဖော်ရွေသူ စသည့် အပြုသဘောဆောင်သော အမှတ်အသားများကို တစ်ခုပြီးတစ်ခု တပ်ပေးလိုက်သည်။ သူမ၏ ခန္ဓာကိုယ်ကို အကုန်မြင်ဖူးသွားသည့်အပြင် သူမအတွက် အထူးရည်ရွယ်ကာ ကဗျာတစ်ပုဒ် ရေးပေးခဲ့သေး၏။

ထွက်ခွာတော့မည်ကို ကြားသောအခါ ချူချင်ဟန်က အားတင်းပြုံးပြလျက် ပြောလိုက်သည်။ "ဖန် လူကြီးမင်း... လမ်းမှာ ဂရုစိုက်ပါ။"

ဖန်ကျန်းရီက ခေါင်းညိတ်ပြကာ လှည်းတန်းဆီသို့ လှည့်ပြန်သွားပြီး ဘေးတွင် အစောင့်တပ်နှင့် သူတောင်းစားအဖွဲ့မှ လူအများအပြား ရှိနေသေးသည်ကို မြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ညီအစ်ကိုတို့ ဒီခရီးမှာ ပင်ပန်းသွားပါပြီ။ ကျုပ် ရှက်မိပါတယ်။ ပြန်ရောက်ရင် လူတိုင်းအတွက် ဆုချီးမြှင့်ဖို့ အစီရင်ခံပေးပါ့မယ်။ အားလုံး ကိစ္စရှိသေးရင် ပြန်ကြပါတော့။ ထပ်ပြီး လိုက်ပို့စရာ မလိုတော့ပါဘူး။"

လူအုပ်ကြီးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ "ဖန် လူကြီးမင်း... ကျုပ်တို့ မပင်ပန်းပါဘူး။"

ဝေ့ကုန်းကုန်းက ဖန်ကျန်းရီ အနီးသို့ ကပ်လာကာ ပြောလိုက်သည်။ "ဦးလေးဖန်... သူတို့က ခင်ဗျားကို တစ်ခေါက်မြင်ရတာနဲ့တင် အရမ်းဝမ်းသာနေကြတာ။ ဘယ်လိုလုပ် ပင်ပန်းမှာလဲ။ ဦးလေးဖန် ပြန်ရောက်သွားရင် ကျုပ် ခင်ဗျားကို အကူအညီတောင်းချင်လို့..."

ဖန်ကျန်းရီက ပြောလိုက်သည်။ "ရှောင်ဝေ့... ခင်ဗျား လူကောင်းပဲ။ ကျုပ် ပြန်ရောက်သွားရင် ခင်ဗျားကို ခင်ဗျားရဲ့ မွေးစားဖခင်နဲ့ အချိန်ပိုပေးနိုင်အောင် နည်းလမ်းရှာပေးပါ့မယ်။ သူလည်း အသက်ကြီးပြီဆိုတော့ ပြုစုပေးမယ့်သူ တစ်ယောက်လောက်တော့ လိုအပ်တာပေါ့။"

ဝေ့ကုန်းကုန်းက ပြုံးကာ နောက်ဆုတ်သွားရင်း ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် ဦးလေး ဖန်..."

ဖန်ကျန်းရီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ခရီးဆက်မယ်။"

ထို့နောက် လှည့်ကာ မြင်းလှည်းထဲသို့ ဝင်သွားသည်။ မြင်းလှည်းဘီးများ ဖြည်းညှင်းစွာ လည်ပတ်သွားပြီး မြို့တံခါးဝရှိ လူအုပ်ကြီးက ဖုန်းဟန်၏ ဦးဆောင်မှုအောက်တွင် စတင်အော်ဟစ်လာကြ၏။

"ဖန် လူကြီးမင်းကို ဂါရဝပြု နှုတ်ဆက်ပါတယ်။ ဖန် လူကြီးမင်းကို ဂါရဝပြု နှုတ်ဆက်ပါတယ်။"

ချူယိုယီနှင့် ချူချင်ဟန် အစရှိသူများက အဆက်မပြတ် လက်ဝှေ့ယမ်းနေကြဆဲဖြစ်ပြီး ဝေးကွာသွားသော မြင်းလှည်းကို အိပ်မက်တစ်ခုလို ငေးကြည့်နေကာ မျက်ဝန်းများထဲတွင် သက်ပြင်းချမှုများ၊ သံသယများနှင့် မခွဲခွာချင်မှုများ ပြည့်နှက်နေကြ၏။

မြင်းလှည်းပေါ်တွင်မူ ဖန်ကျန်းရီလည်း ထိုအခါမှသာ သက်ပြင်းချနိုင်ပြီး လှည်းခန်းကို မှီကာ မျက်စိမှိတ်၍ အနားယူလိုက်သည်။

ဘေးတွင် အဖော်ပြုပေးနေသူမှာ သဘာဝကျစွာပင် ရွှေယီပိုင် ဖြစ်နေလေ၏။

သူ ပင်ပန်းနေသည်ကို မြင်သောအခါ ရွှေယီပိုင်က သူ၏ လက်မောင်းကို ညင်သာစွာ ဆွဲကိုင်ကာ ပခုံးပေါ်သို့ မှီချလိုက်သည်။

ဖန်ကျန်းရီက မျက်လုံးဖွင့်ကာ သူမကို ကြည့်၍ ပြုံးလျက် မေးလိုက်၏။ "ဘာလို့ ဒီလောက် ညှင်သာနေရတာလဲ။"

ရွှေယီပိုင်က ညင်သာစွာ ပြုံးလိုက်ပြီး တီးတိုးပြောလိုက်သည်။ "ရှင့် ဘေးမှာ မိန်းမ ဘယ်နှစ်ယောက်တောင် ရှိနေတာလဲ။ ကျွန်မ နည်းနည်းလေးမှ ဦးမဆောင်ရင် ရှင် ကျွန်မကို ခေါင်းထဲကနေ မေ့သွားတော့မှာပဲ။ ဒီရက်ပိုင်း ရှင် ကျွန်မကို စကားတစ်ခွန်းမှ မပြောဘူးလေ။"

ဖန်ကျန်းရီက လက်ဆန့်ကာ သူမကို ဖက်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်၏။ "အလုပ်များနေလို့ပါ... ဒါက ငါ မင်းကို ဂရုမစိုက်ချင်လို့ မဟုတ်ပါဘူး။ ငါက ပုံမှန်ဆိုရင် မင်းအပေါ် မကောင်းလို့လား..."

ရွှေယီပိုင်က တစ်စုံတစ်ခုနှင့် အစူးခံလိုက်ရသကဲ့သို့ အလျင်အမြန် ခွာလိုက်ရင်း မေးလိုက်သည်။ "အာ .. ဘာအရာက ကျွန်မကို စူးလိုက်တာလဲ။"

ဖန်ကျန်းရီလည်း ကိုယ်ပေါ်တွင် အမြန်ရှာဖွေလိုက်သည်။ ပစ္စည်းကို ရှာတွေ့သောအခါမှ ချူယိုယီ ပေးလိုက်သော ဆံထိုးဖြစ်ကြောင်း သတိပြုမိသွား၏။

ထုပ်ပိုးထားသော အဝတ်မှာ ပွင့်ဟနေပြီး ရွှေရောင်ဆံထိုးတစ်ဝက်ခန့် ပေါ်လွင်နေကာ အပေါ်တွင် သေးငယ်လှပသော ပန်းပွင့်လေးများ ထွင်းထုထားသည်။ ရွှေယီပိုင်၏ မျက်လုံးများတွင် အံ့ဩဝမ်းသာမှုများ ပေါ်လွင်လာကာ မေးလိုက်သည်။ "ဒါက ကျွန်မအတွက် ပြင်ဆင်ထားတာလား။"

ဖန်ကျန်းရီက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်၏။

ရွှေယီပိုင်မှာ ချက်ချင်းပင် ပျော်ရွှင်သွားကာ ကျောပေးထိုင်လိုက်ရင်း ပြောလိုက်သည်။ "ကျွန်မကို ပန်ပေး။"

ဖန်ကျန်းရီက တံတွေးကို မြိုချကာ ဆံထိုးကို ရွှေယီပိုင်၏ ဆံကေသာထက်တွင် ပန်ပေးလိုက်သည်။ ထို့နောက် စိတ်ကို ဒုံးဒုံးချကာ မျက်နှာပြောင်တိုက်၍ မေးလိုက်၏။ "ငါ မင်းအပေါ် ကောင်းတယ် မဟုတ်လား..."

ရွှေယီပိုင်၏ မျက်နှာလေး နီမြန်းသွားကာ ကြယ်လေးများကဲ့သို့ မျက်ဝန်းများတွင် အလင်းတန်းလေးနှင့် တုန်ခါနေပြီး ဖန်ကျန်းရီ၏ မျက်နှာကို ရုတ်တရက် နမ်းလိုက်၏။ ထို့နောက် ချိုသာစွာ ပြုံးလျက် ပြောလိုက်သည်။ "ရှင် ကျွန်မအပေါ် တကယ် ကောင်းတာပဲ။"

ရေကဲ့သို့ နူးညံ့သော သူမ၏ ပုံစံကို ကြည့်ပြီး ဖန်ကျန်းရီမှာ လည်ချောင်းများ တင်းကျပ်လာသည်ဟု ခံစားရကာ ရှေ့တိုး၍ သူမကို အတင်းဖက်လိုက်သည်။ ထို့နောက် ပြောလိုက်သည်။ "ကောင်းတယ် ဟုတ်လား။ အဆုံးထိ မကောင်းသေးဘူးလေ။"

ရွှေယီပိုင်က ရေရွတ်လိုက်၏။ "ရှင် ဘာလုပ်တာလဲ... အား... ယားတယ်..."

အပိုင်း (၅၄၈) မြို့တော်သို့ ပြန်လည်ရောက်ရှိခြင်း။

ဧကရာဇ်ဥယျာဉ်တော်အတွင်း ကျင်းဘုရင်မင်းမြတ်သည် လျှို့ဝှက်သတင်းလွှာကို ကိုင်ဆောင်လျက် အဆက်မပြတ် လမ်းလျှောက်နေ၏။

မျက်မှောင်များက တစ်ခါတစ်ရံ ကြုတ်သွားပြီး တစ်ခါတစ်ရံ ပြေလျော့သွားပေသည်။

ကော်ထျန်းယန်သည် ကျင်းဘုရင်မင်းမြတ်၏ မျက်နှာအမူအရာကို သတိကြီးစွာဖြင့် အကဲခတ်နေပြီး အချက်အလက်တစ်စုံတစ်ရာ လွတ်သွားမည်ကို အလွန်စိုးရိမ်နေ၏။

အချိန်အတန်ကြာပြီးနောက် ကျင်းဘုရင်မင်းမြတ်သည် လျှို့ဝှက်သတင်းလွှာကို သိမ်းဆည်းလိုက်ပြီး သက်ပြင်းရှည်ကြီ းတစ်ခုကို ချကာ ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်သည်။ "မထင်မှတ်ထားဘူး။ အမတ်ဖန်က သာမန်အရပ်သားတွေကြားထဲ ရောက်သွားပြီး ကုန်သည်တစ်ယောက်ရဲ့ အစေခံ သွားဖြစ်နေလိမ့်မယ်လို့။"

ကော်ထျန်းယန်၏ မျက်လုံးများတွင်လည်း ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

ဤလျှို့ဝှက်သတင်းလွှာကို တုန်းချန်အဖွဲ့မှ တပ်သားများက အရေးပေါ် ပေးပို့လာခြင်းဖြစ်သော်လည်း ကျင်းဘုရင်မင်းမြတ် က အထူးဂရုစိုက်နေသောကြောင့် သူကိုယ်တိုင်ပင် ဖတ်ရှုပေးရခြင်း မရှိသေးချေ။

ဖန်ကျန်းရီ တစ်ယောက် အစေခံဖြစ်သွားသည်ဆိုခြင်းက တကယ်ကို စိတ်ဝင်စားစရာကောင်းလှသည်။

ကျင်းဘုရင်မင်းမြတ် က ဆက်လက်၍ ချီးမွမ်းပြောဆိုလိုက်၏။ "တကယ့်ကို လူကြီးလူကောင်း ပီသတာပဲ။ နန်းတော်ထဲက အမတ်တွေအားလုံးက သူတို့ကိုယ်သူတို့ လူကြီးလူကောင်းတွေလို့ တင်စားတတ်ကြပေမဲ့ ကိုယ်တော် ကြည့်ရသလောက် အခု အမတ်ဖန် ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ပြတာကမှ လူကြီးလူကောင်း ဆိုတဲ့ စကားလုံးနဲ့ အစစ်အမှန် ထိုက်တန်တာ။ ကိုယ်တော် အိမ်ရှေ့စံမင်းသားကို သူ့ဆီ အပ်နှံခဲ့တာ အမှန်ကန်ဆုံးပဲ။"

ကျင်းဘုရင်မင်းမြတ်၏ ကြီးကျယ်ခန်းနားသော ချီးမွမ်းစကားများကို ကြားသောအခါ ကော်ထျန်းယန်က သံသယဖြင့် သတိထားကာ မေးလိုက်သည်။ "အရှင်မင်းကြီး... ဘာကိစ္စများ ဖြစ်ပျက်ခဲ့လို့လဲ။"

ကျင်းဘုရင်မင်းမြတ် က ပြုံးလျက် လျှို့ဝှက်သတင်းလွှာကို သူ့ထံ ပစ်ပေးပြီး ပြောလိုက်၏။ "မင်းဘာသာ ဖတ်ကြည့်လိုက်။ အမတ်ဖန်က သာမန်အရပ်သားတွေကြားထဲ ရောက်သွားပြီး ကုန်သည်မိသားစုတစ်ခုမှာ အစေခံ သွားလုပ်နေရတယ်။ သာမန်လူတစ်ယောက်ဆိုရင် စိတ်ထဲမှာ မကျေမနပ်ဖြစ်ပြီး အငြိုးထားနေလောက်ပြီ။

ဒါပေမဲ့ အမတ်ဖန်ကတော့ စိတ်ထဲမှာ အငြိုးမထားတဲ့အပြင် ထွက်သွားခါနီးမှာတောင် ချူမိသားစု အပေါ်အောက် အားလုံးကို စောင့်ရှောက်ပေးဖို့ လူတွေကို မှာကြားသွားသေးတယ်။ အမုန်းကို မေတ္တာနဲ့ တုံ့ပြန်တာက လူကြီးလူကောင်းတွေရဲ့ အပြုအမူ မဟုတ်လား။"

ကော်ထျန်းယန်သည် လျှို့ဝှက်သတင်းလွှာကို အကြိမ်ကြိမ် အခါခါ ဖတ်ရှုပြီးနောက် မျက်နှာအမူအရာက အလိုအလျောက် လေးနက်သွားသည်။

အပေါ်တွင် ရေးသားထားသော စကားလုံးအသုံးအနှုန်းများက ပုံမှန် အောက်ခြေမှ တင်ပြလာသော အရာများနှင့် မတူညီသကဲ့သို့ ခံစားနေရသော်လည်း မည်သည့်နေရာတွင် မတူညီသည်ကိုတော့ တိတိကျကျ မပြောတတ်ချေ။

ပါဝင်သောအကြောင်းအရာများကတော့ အကြောင်းပြချက် ခိုင်လုံသည်ဟု ဆိုနိုင်သော်လည်း အဘယ်ကြောင့် အစအဆုံး မသေချာ မရေရာ ဖြစ်နေရသနည်း။

ကော်ထျန်းယန်က ပြောလိုက်သည်။ "ဟူး... အရှင်မင်းကြီး။ ကျွန်တော်မျိုး သိပ်နားမလည်ဘူး။ အမတ်ဖန်က ယူတိန့်မြို့ကို ရောက်နေမှတော့ ဘာလို့ အစိုးရရုံးကို မသွားဘဲ သူများအိမ်မှာ အစေခံ သွားလုပ်နေရတာလဲ။"

ဤကောင်လေးက အခွင့်ကောင်းယူပြီး မပြန်ချင်လို့ သူ့ကိုယ်သူ အားလပ်ရက် ပေးထားတာများလား။

ကျင်းဘုရင်မင်းမြတ်သည် သူ၏ အမူအရာကို ကြည့်ကာ အနည်းငယ် မကျေနပ်သကဲ့သို့ ပြောလိုက်၏။ "မင်းက ဘာလို့ ထင်ယောင်ထင်မှား ဖြစ်နေရတာလဲ။ မင်းတို့ တုန်းချန်အဖွဲ့ရဲ့ သတင်းက အတုဖြစ်နေလို့လား။ ဒီသတင်းက အရေးပေါ်ပို့လိုက်တာဆိုတော့ သဘာဝကျကျ အသေးစိတ်ကျမှာ မဟုတ်ဘူး။ အမတ်ဖန် ပြန်ရောက်လာတဲ့အချိန်ကျရင် ကိုယ်တော် ကိုယ်တိုင် သူ့ကို မေးလိုက်မယ်။ သူက အရူးမှ မဟုတ်တာ။ သာမန်အရပ်သားတွေကြားထဲ ပုန်းနေတယ်ဆိုတာ သူ့မှာ အကြောင်းပြချက် ရှိလို့ပေါ့။"

ကော်ထျန်းယန်က တိတ်တဆိတ် နှုတ်ခမ်းကို မဲ့လိုက်ပြီး ပြောသည်။ "မှန်လှပါ။ အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားလှပါတယ်။"

ကျင်းဘုရင်မင်းမြတ် က မေးလိုက်သည်။ "ရက်ကို တွက်ကြည့်ရရင် သူလည်း မကြာခင် ပြန်ရောက်တော့မယ်။ အိမ်ရှေ့စံမင်းသားဘက်မှာကော ဘာလှုပ်ရှားမှုတွေ ရှိလဲ။"

ကော်ထျန်းယန်က ပြန်ဖြေလိုက်သည်။ "အိမ်ရှေ့စံမင်းသားက ဒီရက်ပိုင်း အရမ်းကို ဝမ်းသာနေပါတယ်။ သူကိုယ်တိုင် မြို့ပြင်ထွက်ပြီး သွားကြိုမယ်လို့ ပြောနေတယ်။ အရှင်မင်းကြီး ကျွန်တော်မျိုးကို တားခိုင်းမလား။"

ကျင်းဘုရင်မင်းမြတ် က ပြောလိုက်သည်။ "မလိုတော့ပါဘူး။ မကြာသေးခင်က အိမ်ရှေ့စံမင်းသား အလုပ်လုပ်တာ တော်တော်လေး ကျွမ်းကျင်လာတယ်။ သူ သွားချင်တယ်ဆိုရင်လည်း သွားခိုင်းလိုက်ပါ။ သူ ပြန်ရောက်လာတဲ့အခါ မင်းက ကိုယ်တော့်ကိုယ်စား မြို့ပြင်ထွက်ပြီး သွားကြိုပေးလိုက်ပါ။"

...

အစိုးရလမ်းမကြီးပေါ်တွင် ဖန်ကျန်းရီသည် မြင်းကိုစီးကာ အလျင်စလိုမရှိဘဲ ခရီးဆက်နေပြီး ရှုခင်းများကို လှည့်ပတ်ကြည့်ရှုနေ၏။

မြင်းလှည်းထဲတွင် ထိုင်ရသည်က အလွန်လှုပ်ခါပြီး မြင်းစီးရသလောက် သက်တောင့်သက်သာ မရှိပေ။ ဤသည်က ခန္ဓာကိုယ်၏ အချို့သော ကြွက်သားများကိုလည်း လေ့ကျင့်ပေးရာ ရောက်၏။

ရှဲ့ရှန်းက ဘေးတွင် လျှောက်လာပြီး အနောက်ဘက်ရှိ ဟိုင်ယွမ်မြို့တွင် အမြဲရှိနေခဲ့သော ဒူလင်ဖုန်း ကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့သည်။

သူက အနောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီး အကွာအဝေး အနည်းငယ် ရှိနေသေးသည်ကို မြင်သောအခါ မြင်းကိုနှင်၍ ဖန်ကျန်းရီ အနီးသို့ ကပ်သွားကာ တီးတိုးမေးလိုက်၏။ "သခင်လေး... ကျုပ်တို့ နောက်ရက်အနည်းငယ်ဆိုရင် မြို့တော်ထဲ ဝင်တော့မယ်။ တုန်းချန် (အရှေ့နန်းဆောင်)အဖွဲ့ရဲ့ လျှို့ဝှက်သတင်းလွှာက တကယ်ပဲ ပြဿနာ မရှိဘူး မဟုတ်လား။"

ဖန်ကျန်းရီက ဂရုမစိုက်ဟန်ဖြင့် ပြုံးလျက် ပြန်ဖြေလိုက်သည်။ "ဘာပြဿနာ ရှိနိုင်အုံးမှာလဲ။ အဲဒီအထဲမှာ အတု တစ်ကြောင်း ပါနေလို့လား။ ကျုပ်က ချူမိသားစုမှာ အစေခံ မလုပ်ခဲ့ရဘူးလား။ စာဖတ်ဖော်အဖြစ် ဝင်လုပ်ပြီး နေ့တိုင်း ကောင်မလေးကို ကျောင်းပို့ပေးခဲ့ရတာ မဟုတ်လား။"

ရှဲ့ရှန်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ သခင်လေး... ကျုပ် ဖန်တီးထားတာ အရမ်း သိသာလွန်းနေမှာကို စိုးရိမ်မိတယ်။ အဲဒီအထဲက အကြောင်းအရာတွေက သေချာစဉ်းစားကြည့်ရင် ယုတ္တိမတန်ဘူးလေ။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "ဟမ့်... တချို့ကိစ္စတွေက စာထဲမှာ ရေးပြလို့ အဆင်မပြေသလို ရှင်းပြလို့လည်း မရဘူး။ ကျုပ် ပြန်ရောက်ရင် အရှင်မင်းကြီးကို အသေးစိတ် သေချာရှင်းပြပါ့မယ်။ စိတ်ချပါ။ ခင်ဗျား ဒီလောက် သတ္တိကြောင်နေရင် နောင်ကျ ဘယ်လိုလုပ် အလုပ်ကြီးတွေ လုပ်နိုင်မှာလဲ။ အပြင်တစ်ခေါက် ထွက်လာတာ အသက်တွေ ကြီးလာတာနဲ့အမျှ သတ္တိတွေ ပိုနည်းလာပါလား။"

ရှဲ့ရှန်းက သက်ပြင်းရှည်ကြီးချကာ ပြောလိုက်၏။ "သခင်လေး... ကျုပ် သတ္တိနည်းတာ မဟုတ်ဘူး။ ကျုပ် သေချာ ပြန်စဉ်းစားကြည့်တော့ ယုံကြည်ဖို့တောင် ခက်ခဲနေသလို ခံစားရလို့ပါ။ မင်းသားတစ်ပါး ပုန်ကန်တယ်ဆိုတာ စာအုပ်ထဲမှာပဲ မြင်ဖူးတာလေ။ အခု ကျုပ်ဘေးနားမှာ တကယ်ကြီး ဖြစ်ပျက်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ သခင်လေးပဲ စဉ်းစားကြည့်... ဒီလောက် ကြီးမားတဲ့ ကိစ္စကြီးကို နန်းတော်အပေါ်အောက်က ဘာမှမသိလိုက်ဘူး။ ဘယ်လိုလုပ် ဒီလောက် ကြီးမားတဲ့ အမှားကြီးကို ကျူးလွန်နိုင်ရတာလဲ။"

ဖန်ကျန်းရီက ပခုံးတွန့်လိုက်ပြီး လေးနက်သော အသံဖြင့် ဆက်ပြောလိုက်သည်။ "ရှေးယခင်ကနေ ယနေ့ခေတ်အထိ ဘယ်ခေတ်ကများ အမှားမလုပ်ဖူးလို့လဲ။ လောကကြီးက ဒီလောက် ကျယ်ပြောပြီး သတင်းပြန့်နှံ့တာကလည်း မမြန်ဘူးလေ။ နောက်ပြီး ဝူမင်းသား လှုပ်ရှားတာကလည်း အရမ်း လျှို့ဝှက် လွန်းတယ်။

ဒီလို ကိစ္စမျိုး ဖြစ်လာတာက သိပ်တော့ မထူးဆန်းပါဘူး။ ကျင်းယီဝေ ကိုလည်း တည်ထောင်ပြီးပြီဆိုတော့ နောက်ပိုင်း သတင်းစာတိုက်က သတင်းထောက်တွေက ကျင်းယီဝေ ရဲ့ တရားဝင် သတင်းပေးတွေ ဖြစ်လာမှာပဲ။ ခင်ဗျားလည်း နောက်ပိုင်း နန်းတော်ကိစ္စတွေနဲ့ ထိတွေ့ရမဲ့ အခွင့်အရေးတွေ ပိုများလာမှာမို့ သာမန် အရပ်သားတွေလို ပြဿနာတွေကို တွေးတောနေလို့ မရတော့ဘူး။"

ရှဲ့ရှန်း၏ မျက်လုံးများတွင် နားမလည်မှုများ ပြည့်နှက်နေကာ မေးလိုက်၏။ "သာမန်အရပ်သားတွေလို တွေးတောတယ် ဟုတ်လား။"

ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ "နန်းတော်ဆိုတာက ရှေးယခင်ကတည်းက နန်းဆောင်တွင်းမှာပဲ တိုင်ပင် ဆွေးနွေးကြပြီး အရပ်သားတွေနဲ့ ကင်းကွာနေတာ။

အဆင့်မြင့် အရာရှိကြီးတွေက အမြင့်မှာ နေပြီး ကန့်လန့်ကာနောက်မှာ ပုန်းကွယ်နေကြတယ်။ အာဏာနဲ့ လောဘတွေ စုဝေးပြီး မသန့်ရှင်းတဲ့ အရာတွေ ပြည့်နှက်နေတဲ့ နေရာမှာ သူတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ အောင်မြင်မှုတွေကို အောက်ခြေကလူတွေကို အဆက်မပြတ် ဟောပြောပြီး ကြီးမြတ်ယောင် ဆောင်နေကြတာ။

အရပ်သားတွေက သတင်းအချက်အလက် နည်းပါးပြီး လေ့ကျင့်သင်ကြားမှုလည်း မရှိသလို စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း မရှိတော့ သူတစ်ပါး ဘာပြောပြော ယုံကြတာပဲ။

သူတို့က ကန့်လန့်ကာရဲ့ အပြင်ဘက်မှာ ရှိနေတော့ ကန့်လန့်ကာအတွင်းက လှုပ်ရှားမှုတိုင်းက သူတို့အတွက် အရမ်း နက်နဲဆန်းကြယ်နေသလို ခံစားရစေတယ်။ အရပ်သားတွေက သူတို့ရဲ့ နည်းပါးလှတဲ့ အသိပညာနဲ့ စိတ်ကူးယဉ်နိုင်စွမ်းကိုပဲ အသုံးချပြီး အထဲမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို စိတ်ကူးယဉ်ကြတာပဲ။

ကြာလာတော့ အကွာအဝေးက ပိုကြီးမားလာပြီး နန်းတွင်းလူတွေက အမြင်မှာ အရာရာကို စွမ်းဆောင်နိုင်တယ်။ အရမ်း ကြီးမြတ်ခန်းနားတယ်ဆိုတဲ့ ပုံရိပ်ကို ဖြစ်ပေါ်စေတာပဲ။ တကယ်လို့ အမှားတစ်ခုခု လုပ်မိရင်တောင်မှ အရပ်သားတွေက ဒါကို စစ်တုရင်ပွဲထဲက လိမ္မာပါးနပ်တဲ့ ခြေလှမ်းတစ်ခုလို့ပဲ ထင်ကြပြီး နောက်ကွယ်မှာ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်တဲ့ ထူးဆန်းတဲ့ ဝှက်ဖဲတစ်ကွက်တစ်ခု ရှိနေသေးတယ်လို့ ထင်တတ်ကြတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့မှာကျတော့ ဘယ်လိုလဲ။ နန်းတော်က အရာရာကို ဉာဏ်ပညာရှိရှိ စီမံနိုင်တာ မဟုတ်ဘဲ အမြဲတမ်း အမှားတွေ လုပ်နေတတ်တာပဲ။ နေ့တိုင်း နေ့တိုင်း အမှားလုပ်နေတယ် လို့ ပြောရင်တောင် မလွန်ဘူး။ အမှားလုပ်တိုင်း ပြည်သူတွေရဲ့ ခွန်အားကို စုပ်ယူနေတာပဲ။ ပြည်သူတွေရဲ့ ခွန်အားတွေ ကုန်ခမ်းသွားပြီး သူတို့ သတိထားမိလာတဲ့ အချိန်ကျရင်တော့ လောကကြီးက အသွင်ပြောင်းသွားပြီး စစ်တုရင် ပွဲသစ် တစ်ပွဲ စတင်နေပြီ။

ကျုပ်အမြင်အရတော့ တိုင်းပြည်ကို ရေရှည် အေးချမ်းသာယာစေချင်ရင် နန်းတော်က ဝင်မစွက်ဖက်ဘဲ အလိုအလျောက် တိုးတက်စေတာ အကောင်းဆုံးပဲ။ ကိုယ့်လက်ကို နည်းနည်း တိုတိုထားသင့်တယ်။

ဘာကိုပဲ အုပ်ချုပ်၊ အုပ်ချုပ် အားလုံး ပျက်စီးသွားတာချည်းပဲ။ ပြည်သူတွေကို အသက်ရှူပေါက်လေး နည်းနည်း ပေးထားလိုက်တာက ပိုကောင်းတယ်။

ပြောရရင်တော့ နန်းတော်ဆိုတာ လူတစ်စု စုဝေးပြီး ပြဿနာကို ရှာဖွေ၊ ပြဿနာကို ဖြေရှင်း၊ အကျိုးအမြတ် ခွဲဝေကြတဲ့ နေရာတစ်ခုပဲလေ။ ရွာထိပ်မှာ အစည်းအဝေး လုပ်တာနဲ့ အနှစ်သာရအားဖြင့် ဘာမှ ကွာခြားမှု မရှိဘူး။ အမှားမလုပ်ဘဲ နေပါ့မလား။"

ရှဲ့ရှန်းက စဉ်းစားရင်း ပြန်ပြောလိုက်သည်။ "သခင်လေး ပြောတာ မှန်ပါတယ်။ ကျုပ် အပြင်မှာ ကုန်သွယ်ရေး ထွက်တုန်းက လူတစ်ရာလောက်ကို ကိုယ်တိုင် အုပ်ချုပ်ရတာတောင် တော်တော်လေး ပင်ပန်းနေပြီ။ တကယ်လို့ လူထောင်သောင်းချီ ဒါမှမဟုတ် တစ်နိုင်ငံလုံးက လူတွေကို အုပ်ချုပ်ရမယ်ဆိုရင် နန်းတော်ကလည်း နိုင်မှာ မဟုတ်ဘူး။

အုပ်ချုပ်ရခက်ခဲမှုက နန်းတော်မှ မဟုတ်ပါဘူး။ တောက်ယွမ်ခရိုင်မှာ ကျုပ်ကို လူသောင်းချီ အုပ်ချုပ်ခိုင်းရင် ကျုပ် မတတ်နိုင်ဘူး။ ရှာဖွေဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာတွေ အများကြီးပဲလေ။ ကျုပ်တို့ လုပ်နိုင်တာက သဘာဝတရားရဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ပဲ။

ကျန်တာကတော့ ရန်သူလာရင် စစ်တပ်နဲ့ တားမယ်၊ ရေလာရင် မြေစာရိုးနဲ့ တားမယ် ဆိုတဲ့အတိုင်းပဲပေါ့။ အနှစ်သာရကတော့ အရပ်ဘက်က အလိုအလျောက် ဖြစ်ပေါ်လာတဲ့ စည်းမျဉ်းတွေပဲ။ အစိုးရရုံးက အခြေအနေအရ လမ်းညွှန်ပေးရုံ သတ်သတ်ပါပဲ။ ကံကြမ္မာကို ဆန့်ကျင်ပြီး လူ့သဘာဝကို အံတုဖို့ ကြိုးစားရင် နောက်ဆုံး ဒုက္ခရောက်မှာက ပြည်သူတွေပါပဲ။

နန်းတော်ထဲက လူတော်တော်များများက ဒီအသိစိတ် မရှိကြဘူး။ လက်ထဲမှာ တူတစ်ချောင်း ကိုင်ထားရင် မြင်သမျှ အရာတိုင်းကို သံမှိုလို့ ထင်နေကြတာ။ လက်ထဲမှာ အာဏာရှိပြီး ဘေးက မြှောက်ပင့်ပေးမယ့်သူတွေ အများကြီး ရှိနေတော့ ကိုယ့်ကိုယ်ကိုယ် လေကိုခေါ် မိုးကိုဆင့် တိုင်တယ်လို့ ထင်နေကြတယ်။ တကယ်တော့ အရမ်း မိုက်မဲလွန်းတယ်။"

ဖန်ကျန်းရီသည် ဤနေရာသို့ ရောက်သောအခါ မကောင်းသော မှတ်ဉာဏ်အချို့ကို သတိရသွားပြီး ခေါင်းခါ၍ ခါးသက်စွာ ပြုံးလိုက်မိ၏။

ယခင်က သူလည်း အာဏာလောဘကြောင့် မျက်စိကန်းခဲ့ဖူးပြီး အရာရာကို လုပ်နိုင်စွမ်းရှိသည်ဟု ထင်မှတ်ကာ ခရိုင်အတွင်း၌ ခေတ်မီ တိုးတက်ရေး ပြုပြင်ပြောင်းလဲမှုများကို အရူးအမူး စတင်လုပ်ဆောင်ခဲ့ဖူးသည်။

ရလဒ်ကတော့ သဘာဝကျကျပင် အလွန် ဆိုးရွားခဲ့ပြီး ပြည်သူများကလည်း မကျေမနပ် ဖြစ်ခဲ့ကြ၏။ ကံကောင်း ထောက်မစွာဖြင့် အချိန်မီ သတိဝင်လာပြီး ပြင်ဆင်နိုင်ခဲ့၏။

နှစ်ပေါင်းများစွာ ကြာလာသောအခါ အတွေ့အကြုံများလည်း ကြွယ်ဝလာခဲ့ပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးများကို အကြီးအကျယ် မလုပ်တော့ဘဲ တစ်ခါတစ်ရံ အောက်ခြေသို့ အကြံဉာဏ်များ ပေးကာ ယခင်ဘဝမှ အဖိုးတန် အတွေ့အကြုံနှင့် အတွေးအခေါ်များကို သာမန်အရပ်သားများကြားတွင် ချန်ရစ်ခဲ့သည်။

သို့မဟုတ် အချို့နေရာများတွင် တီထွင်မှုလေးများ ပြုလုပ်ပေးပြီး ကျန်သည်များကို ပြည်သူများ သဘောကျသလို လုပ်ခွင့်ပြုထားလိုက်သည်။ ဥပဒေက မတားမြစ်ထားသည့် အရာရာကို လုပ်ခွင့်ရှိသည်ဆိုသော မူဝါဒကြောင့် ရလဒ်များက တော်တော်လေး ကောင်းမွန်ခဲ့၏။

ရှေ့တွင် ကုန်သည်တစ်စု ပေါ်လာသည်ကို မြင်သောအခါ ဖန်ကျန်းရီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "အစ်ကိုတို့... မြို့တော်ကို ရောက်ဖို့ ဘယ်လောက် လိုသေးလဲ။"

တစ်ဖက်မှ အော်ဟစ်ဖြေကြားလာသည်။ "နှစ်ရက်လောက်ပါပဲ။"

နှစ်ရက် ဟုတ်လား။

ဖန်ကျန်းရီက ရှဲ့ရှန်းဘက်လှည့်ကာ ချက်ချင်း ပြောလိုက်၏ "ဒီနှစ်ရက်လုံးလုံး ကျုပ် မအိပ်တော့ဘူး။ ထမင်းစားဖို့လည်း ကျုပ်ကို လာမခေါ်နဲ့တော့။"

ရှဲ့ရှန်းက နှုတ်ဆိတ်သွား၏။ "..."

All Chapters