အခန်း ၆၁၈
Vol. 34 Ch. 618
အပိုင်း (၆၁၈) သွယ်ဝိုက်သော အပြစ်တင်စကားများ။
ကျင်းဘုရင်မင်းမြတ်သည် လူတချို့နှင့်အတူ မြင်းစီးကာ ပြန်လာကြပြီး လမ်းတွင် စကားများ တော်တော်များများ ပြောဖြစ်ကြ၏။ ပင်ပန်းသွားပုံလည်း ရသကဲ့သို့ စောစောက အချက်အလက်များကို ချေဖျက်နေပုံလည်း ရသည်။
စခန်းချရာ နေရာသို့ ပြန်ရောက်သောအခါ ကျင်းဘုရင်မင်းမြတ်သည် အများကြီး မပြောတော့ဘဲ တဲထဲသို့ တန်းဝင်သွား၏။
ဖန်ကျန်းရီ မြင်းပေါ်မှ ဆင်းလိုက်သည်နှင့် အဘိုးကြီး တစ်အုပ်က ပြုံးရွှင်သော မျက်နှာများဖြင့် တစ်ယောက်ပြီး တစ်ယောက် ဆီးကြိုလာကြသည်။ ဤကဲ့သို့ ရုတ်တရက် အခြေအနေကြောင့် ဖန်ကျန်းရီသည် ကြိုတင် မပြင်ဆင်ထားနိုင်ဘဲ ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။
ကျိန့်ချောင်က ဦးဆောင်ပြီး ဖန်ကျန်းရီအား လက်သီးဆုပ်ကာ မြှောက်ပင့်လိုက်၏။ "အမတ်ဖန်ကို ကြည့်ရတာ တော်တော်လေး အောင်ပွဲခံလာပုံပဲ။ အရှင်မင်းကြီးနဲ့တောင် အတူတူ ပြန်လာတာဆိုတော့ လက်နက်သစ်က အစွမ်းပြလိုက်တာများလား။ သားကောင်တွေရော ဘယ်မှာလဲ။ ကျုပ်တို့ကိုလည်း ကျင်းယီဝေ တပ်မှူးချုပ်ရဲ့ စွမ်းရည်ကို ပြစမ်းပါအုံး။"
လီယွမ်ကျောက်သည် လူများတာကို မကြိုက်သဖြင့် မြင်းကို ဆွဲပြီး အရင် ထွက်ခွာသွား၏။
ဖန်ကျန်းရီသည် ခေါင်းထဲတွင် ရှုပ်ထွေးသွားပြီး ခေါင်းကုတ်ကာ မေးလိုက်သည်။ "ဟင်... ခင်ဗျားတို့... ခင်ဗျားတို့ ဘာလုပ်နေတာလဲ။ ပစ္စည်းတွေ ပြန်သယ်မလာသေးတာကို ဘာကြည့်စရာ ရှိလို့လဲ။"
ကျိန့်ချောင်က ပြုံး၍ ဖြေလိုက်၏။ "ကျုပ်တို့ စောစောက စကားပြောနေရင်း အမတ်ဖန် အကြောင်း ရောက်သွားတာပါ။ မင်းက အသက်ငယ်ငယ်လေးနဲ့ ဒီလောက် အောင်မြင်မှုတွေ ရနေတာကို တွေးမိပြီး အားလုံးက အရမ်း အားကျနေကြတာပါ။"
"ကျင်းယီဝေ ဖွဲ့တာ ဘယ်လောက်မှ မကြာသေးဘူး၊ အခုဆိုရင် ဟိုးဟိုးကျော်နေပြီ။ ဝင်ငွေရှာတဲ့ နေရာမှာ တကယ်ကို ကျွမ်းကျင်တာပဲ။ ဒါကြောင့် အားလုံးက အမတ်ဖန်ဆီကနေ ဒီအုပ်ချုပ်ရေး နည်းလမ်းတွေကို လာတောင်းခံချင်ကြတာပါ။"
တခြားသူများကလည်း ထောက်ခံလိုက်ကြသည်။ "ဟုတ်တယ်။ ဟုတ်တယ်။ အမတ်ဖန်က အားလုံးကို ပြောပြပါအုံး။"
ဒီနေရာမှာ ဘာတွေ သွယ်ဝိုက်ပြီး အပြစ်တင်စကား လာပြောနေတာလဲ။
ဖန်ကျန်းရီသည် လူအများကို သံသယဖြင့် အကဲခတ်ကြည့်လိုက်ပြီး ဘယ်နေရာက မှားနေမှန်းလည်း မပြောတတ်တာကြောင့် တဟားဟား ရယ်မောကာ ပြန်ဖြေလိုက်၏။ "ဒီလိုကိုး .. အားလုံးက လုပ်ဖော်ကိုင်ဖက်တွေချည်းပဲ၊ ဒီလောက် အားနာနေစရာ မလိုပါဘူး။ ကျုပ်က ရာထူး ကြီးပေမဲ့ ခင်ဗျားတို့က အသက်ကြီးတယ်လေ။ ကျုပ်က လူငယ်ဆိုတော့ သိပ်အားနာနေစရာ မလိုပါဘူး။ လာ လာ လာ... ကျုပ် ခင်ဗျားတို့ကို အုပ်ချုပ်ရေး နည်းလမ်းတွေ သင်ပေးမယ်။
ကျုပ် အမြင်တော့ ခင်ဗျားတို့ စိတ်ရှုပ်ထွေးနေတာက စာဖတ်လွန်းလို့ပဲ။ အတွေးများလွန်းတော့ အလုပ်လုပ်တဲ့အခါ အနှောင့်အယှက် ဖြစ်တာပေါ့။ ကျုပ် ခင်ဗျားတို့ကို ပြောမယ်... တခြား ဘာမှ မရှိဘူး။ ကျင်းယီဝေက စိတ်ကူးသစ်တွေကို ဦးစားပေးတယ်၊ စည်းကမ်းကို အလေးထားတယ်၊ လစာ အပြည့်အဝ ပေးတယ်၊ အထူးအခွင့်အရေး မယူဘူး။ နောက်ဆုံးတော့ ကျုပ်ကိုယ်တိုင် စံပြအနေနဲ့ နေပြလိုက်တာပဲ၊ ဒီလောက် ရိုးရှင်းတယ်။ ကိုယ့်ကိုယ်တိုင် သေချာ လုပ်ပြနိုင်ရင် အရည်အချင်းရှိတဲ့သူတွေက ကိုယ့်ဆီကို ပြေးလာကြမှာပဲ။"
ဤစကားလည်း ထွက်လာရော အမတ်များ အားလုံး မျက်နှာပျက်သွားကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တိုးတိုးလေး ပြောဆိုလာကြ၏။
"ချီးတဲ့မှ … သူ့ကို ချီးကျူးလိုက်တာကို သူက အတည်ပေါက်ကြီး ဝင်ပြီး ပနာယူနေတယ်။ ဒီစကားကို ဘယ်လို ဆက်ပြောရမလဲ။"
"မှားပြီ။ အမှားကြီး မှားပြီ။ ခင်ဗျားတို့ သူ့ရဲ့ အရင်တုန်းက အရှက်မရှိတဲ့ အကျင့်ကို မေ့နေတာလား။"
ဦးဆောင်နေသော အစိုးရအဖွဲ့ အမတ်ကြီး တချို့၏ မျက်နှာက ပိုပြီး ဆိုးရွားနေသည်။
ဒီကောင်လေးက တကယ်ကြီး လူတွေကို သင်ခန်းစာ လာပေးနေတာလား။ ငါတို့ အဘိုးကြီးတွေရဲ့ မျက်နှာက ဘယ်နား သွားထားရမလဲ။ မင်းကများ စံပြအနေနဲ့ နေပြတယ် ဟုတ်လား။ ငါ တံတွေးနဲ့ ထွေးလိုက်မယ်။
ဟန်မဆောင်တော့ဘူး။ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။
ကျိန့်ချောင်သည် အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "အမတ်ဖန်က စံပြအနေနဲ့ နေပြတယ်ဆိုတော့ ပုံမှန်ဆိုရင် တော်တော်လေး ပင်ပန်းမှာပဲနော်။"
ဖန်ကျန်းရီသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မျက်နှာကို ရှုံ့မဲ့ကာ ပြန်ဖြေလိုက်၏။ "ဟူး... တကယ်ကို နည်းနည်း ပင်ပန်းပါတယ်။ ညဘက်တွေဆို အိပ်လို့တောင် မရပါဘူး။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေနဲ့ အရှင်မင်းကြီးရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေကို တွေးမိရင် ဒီလောက် ပင်ပန်းမှုလေးက ဘာမှ မဟုတ်တော့ပါဘူး။"
တစ်ယောက်က မနေနိုင်တော့ဘဲ လှောင်ပြောင်လိုက်သည်။ "ဟုတ်တာပေါ့။ အမတ်ဖန်က ဒီလောက် ပင်ပန်းတာတောင် တက်ကြွနေသေးတယ်ဆိုတာ ကြည့်ရတာ ပြုစုစောင့်ရှောက်ခံဖို့အတွက် ငွေတွေ အများကြီး သုံးထားပုံရတယ်။"
ဖန်ကျန်းရီသည် စိတ်ထဲတွင် တိတ်တဆိတ် သတိထားလိုက်၏။
ဘာဖြစ်တာလဲ။ ဒါက ငါ့ငွေကို မျက်စိကျနေကြတာလား။ ဘယ်လိုလုပ်ပြီး အကြောင်းမဲ့သတ်သတ် ငွေအကြောင်း ရောက်လာတာလဲ။
ဖန်ကျန်းရီသည် ချက်ချင်း ငြင်းဆိုလိုက်သည်။ "ပြုစုစောင့်ရှောက်တယ် ဟုတ်လား။ ကျုပ်မှာ ဘယ်က ငွေရှိလို့ ပြုစု စောင့်ရှောက်ခံရမှာလဲ။ တစ်နှစ်ကို လစာ ငွေတုံး ဆယ်ဂဏန်းလောက်ပဲ ရတာကို အမတ်ကြီးတို့က ကျုပ်ကို လာမနောက်ကြပါနဲ့။ လာ လာ လာ... ကျုပ် အားလုံးကို ဒီအုပ်ချုပ်ရေး နည်းလမ်းအကြောင်း ဆက်ပြောပြမယ်။ အားလုံး လေ့လာကြတာပေါ့။"
ဤစကားလည်း ထွက်လာရော အမတ်များ အားလုံး မျက်နှာပျက်သွားကြပြန်၏။
ထပ်လာပြန်ပြီလား။ မင်းနဲ့ မကစားတော့ဘူး။ ကြည့်ရတာ အရှက်မရှိတာက တကယ်ကို ဓားမတိုး လှံမတိုး ဖြစ်နေတာပဲ။
လီယန်စုန့်သည် ဝတ်ရုံလက်ကို ခါလိုက်ပြီး စကားတစ်ခွန်း ချန်ထားရစ်ကာ ထွက်သွားသည်။ "အမတ်ဖန်... ကတ်တစ်ကတ်က အခု ဈေးကွက်မှာ ငွေတုံး ရာချီ ထောင်ချီ အထိ ဈေးတက်နေပြီ။ ကျုပ် အမြင်တော့ ခင်ဗျားရဲ့ ငွေရှာတဲ့ စွမ်းရည်က အုပ်ချုပ်ရေးထက် အများကြီး ပိုသာနေတယ်။"
ကျိန့်ချောင်က အနားသို့ ကပ်လာပြီး ပြောလိုက်၏။ "ကျုပ် အမြင်တော့ အဲဒီ ကျင်းယီဝေ ကတ်က ဘာမှ မဟုတ်သေးဘူး။ အိတ်ဆောင်နာရီနဲ့ စားပွဲတင်နာရီကမှ တကယ် အစွမ်းထက်တာ။ စဉ်းစားကြည့်လေ၊ လူတိုင်းမှာ အိတ်ဆောင်နာရီ ရှိနေပေမဲ့ ဈေးကွက်မှာ ဘာလို့ စားပွဲတင်နာရီပဲ ရောင်းတာလဲ။ တစ်လုံးကို ငွေတုံး တစ်သောင်းဆိုတော့ တောက်ယွမ်ခရိုင်က ဘယ်လိုပဲဖြစ်ဖြစ် ငွေတုံး ကိုးထောင်လောက်တော့ မြတ်မှာပဲနော်။"
ကျန်းတုန်ရှန်းကလည်း အနောက်မှ ကပ်ပါလာပြီး လက်မ ထောင်ကာ အပေါ်အောက် နှစ်ချက်လောက် လှုပ်ပြရင်း ပြောလိုက်သည်။ "ငွေတုံး တစ်သောင်း သုံးမှ ကတ်တစ်ကတ် လက်ဆောင်ပေးတာ။ အမတ်ဖန်... မင်းက တကယ်ကို ဉာဏ်များလွန်းတယ်။ မင်း အိပ်မပျော်တာက တကယ်ကို ထိုက်တန်ပါတယ်။"
အနောက်မှ လူတချို့ကလည်း သွယ်ဝိုက်သော အပြစ်တင်စကား နှစ်ခွန်း သုံးခွန်းခန့် ချန်ထားရစ်ကာ လူအုပ်ကြီးသည် တစ်ယောက်ပြီး တစ်ယောက် လူစုခွဲသွားကြ၏။
ဖန်ကျန်းရီသည် လူအုပ်ကြီး လူစုခွဲသွားသည်ကို ကြည့်ပြီး စိတ်ထဲတွင် သဘောပေါက်သွားကာ ခွီခနဲ ရယ်မောလိုက်သည်။
နှစ်နာရီကြာပြီးနောက် တောထဲတွင် အမဲလိုက်နေသော တခြားသူများ အားလုံး ပြန်ရောက်လာကြသည်။ တောထဲမှ သားကောင်များကို စာရင်းကောက်၍ သယ်လာသည့် နောက်လိုက်များလည်း တစ်ယောက်ပြီး တစ်ယောက် ပြန်ရောက်လာကြသည်။ သမင်၊ ဒရယ်၊ တောကြက်၊ ယုန် အစရှိသော တိရစ္ဆာန် အသေးလေးများကို ဆွဲလာကြပြီး အမျိုးအစားအလိုက် မြေပြင်ပေါ်တွင် သေသေချာချာ စီထားကြ၏။
လက်ရည်ကောင်းသော စစ်သူကြီး တော်တော်များများဆိုလျှင် အပြည့်အလျှံကို ရလာကြသည်။ ဝမ်းသာသော မျက်နှာများဖြင့် အချင်းချင်း ဆွေးနွေးနေကြပြီး ယနေ့ တောထဲတွင် သားကောင်များ ထူးထူးခြားခြား များနေတာက အများကြီး လွှတ်ထားတာ သေချာသည်ဟု ပြောနေကြ၏။
သို့သော်ငြား ဖန်ကျန်းရီ၏ အပုံကတော့... အရေအတွက်က တော်တော်လေးကို နည်းနေသည်။
မူလကတော့ အမဲလိုက်သည်ကို အခွင့်ကောင်းယူပြီး တစ်ချက်တည်းနှင့် အံ့အားသင့်အောင် လုပ်မည်ဟု စဉ်းစားထားသော်လည်း လမ်းတစ်ဝက်တွင် ကျင်းဘုရင်မင်းမြတ် ဆိုသော အနှောင့်အယှက်က ဝင်လာသဖြင့် ရလဒ်အနေဖြင့် တခြားသူများထက် ပိုမများခဲ့ချေ။ အလယ်အလတ် အဆင့်လောက်သာ သတ်မှတ်၍ ရ၏။
စစ်သူကြီးများကလည်း အကြည့်များကို လှမ်းပို့လာကြပြီး နှစ်ချက် သုံးချက်ခန့် ကြည့်ပြီးသည်နှင့် အနည်းငယ် စိတ်ပျက်သွားကြ၏။ အုပ်ချုပ်ရေး အမတ်များကတော့ မတူချေ။ အကုန်လုံး ဆူညံသွားကြပြီး ဖန်ကျန်းရီ အရှေ့သို့ အုံခဲလာကြသည်။
"အမတ်ဖန်... ကျုပ် ကြည့်ရတာ ဒီတိရစ္ဆာန်တွေပေါ်က ဒဏ်ရာက သာမန် မဟုတ်ဘူးပဲ။ ဘာလို့ မြား မစိုက်နေတာလဲ။ လက်နက်သစ်နဲ့ ပစ်ထားတဲ့ ဒဏ်ရာ ဖြစ်ရမယ်နော်။"
နောက်တစ်ယောက်က ထောက်ခံလိုက်၏။ "ဟုတ်တယ်။ ဟုတ်တယ်။ ခင်ဗျားတို့ ဒီဒဏ်ရာတွေကို ကြည့်စမ်း။ သေချာပေါက် သာမန် မဟုတ်ဘူး။ လက်နက်သစ်ရဲ့ စွမ်းအားကို မြင်နိုင်တယ်။ သားကောင်ကလည်း မနည်းဘူးပဲ။ သူများတွေရဲ့ တစ်ဝက်လောက်တောင် မှီနေပြီ။"
နောက်တစ်ယောက်က ဖြည့်စွက်ပြောလိုက်သည်။ "အို... အမတ်ဖန်က အုပ်ချုပ်ရေး အမတ်ပဲဟာ။ လေးမြားနဲ့ မြင်းစီးတာကို ဘယ်လိုလုပ် နားလည်မှာလဲ။ ဒီလောက် ရတာကိုက တော်တော်လေး စွမ်းနေပါပြီ။ ကျုပ်ဆိုရင် အသက် ဆယ်နှစ်လောက် ငယ်မှ အမတ်ဖန်ရဲ့ ဒီနေ့ ရလဒ်မျိုး ရနိုင်မှာ။"
ဖန်ကျန်းရီသည် ခေါင်းမော့ပြီး မျက်စိရှေ့မှ သွယ်ဝိုက်ပြီး အပြစ်တင်စကား ပြောနေသော လူတချို့ကို ကြည့်လိုက်၏။ အသက်အကြီးဆုံးက အဘိုးကြီးကပင် ခုနစ်ဆယ်လောက်တောင် ရှိနေပြီ။ သတ်သတ်ကြီးကို လာပြီး ရွံစရာကောင်းအောင် လုပ်နေခြင်းပင်။ သူက ဒေါသ မထွက်ဘဲ ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်၏။
ချီးတဲ့မှ … ခဏနေရင် အစွမ်းထက်ဆုံး လက်နက်ကြီးကို ထုတ်ပြပြီး ခင်ဗျားတို့ အဘိုးကြီး တစ်သိုက်ကို လန့်သေအောင် လုပ်ပစ်မယ်။ အဲဒီအခါကျရင် တန်ကြေးနဲ့ ညီမျှတယ်ဆိုတာ ဘာလဲသိသွားအောင် လုပ်ပေးမယ်။
ကျင်းဘုရင်မင်းမြတ်သည် သာမန် ဝတ်စုံကို ပြန်လဲလှယ်ပြီးနောက် ခြေလှမ်းကျဲကျဲဖြင့် ထွက်လာ၏။ မြေပြင်ပေါ်မှ သားကောင်များကို ကြည့်ပြီး စိတ်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
များသည်ဟု မဆိုနိုင်သော်လည်း အရေအတွက်အရ ကြည့်မည်ဆိုလျှင်လည်း သေချာပေါက် မနည်းချေ။
ပထမအချက်က သူတို့က သေနတ်ကို သုံးတာ မကျွမ်းကျင်တာ ဖြစ်နိုင်သည်၊ ဒုတိယအချက်က အမဲလိုက်သည်ကိုလည်း မကျွမ်းကျင်ပေ။ အရေးအကြီးဆုံးက လမ်းတစ်ဝက်တွင် အချိန်နှောင့်နှေးသွားသည်များ အများကြီး ရှိခဲ့ပြီး ပြန်လာသည်ကလည်း စောသေးသည်ဆိုတော့ ဤမျှ ရလဒ်မျိုး ရသည်ကိုက ထူးခြားနေ၏။
ကျင်းဘုရင်မင်းမြတ် ၏ စိတ်ထဲတွင် တဖြည်းဖြည်း ပူနွေးလာပြီး မစောင့်နိုင်တော့ဘဲ မိန့်လိုက်သည်။ "ထပ်ရေနေစရာ မလိုတော့ဘူး။ အမတ်ဖန်... မင်း ဒီနေ့ ပြင်ဆင်လာတဲ့ ပစ္စည်းတွေကို မြန်မြန် ယူလာပြီး ကိုယ်တော့်ကို ထုတ်ပြလိုက်စမ်း။"
ဖန်ကျန်းရီသည် အမိန့်ကို နာခံလိုက်ပြီးနောက် အနည်းငယ် ပြုံးကာ လူအများကို မျက်နှာမူပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အားလုံး စည်းကမ်းတကျ နေပေးကြပါ။ အေးအေးဆေးဆေး ထိုင်ကြပါ။ ဒီနေ့ အမှားအယွင်းလေး နည်းနည်း ရှိသွားလို့ ကျုပ်လည်း အားလုံးကို လျှို့ဝှက် မထားတော့ပါဘူး။ အခု ဆက်ပြီး တောက်ယွမ်ခရိုင်က နောက်ဆုံး တီထွင်ထားတဲ့ လက်နက်ကို ပြသပေးပါ့မယ်။
မျက်တောင်မခတ်ကြနဲ့နော်။ အားလုံး သေချာ ထိုင်ထားကြ။"