အခန်း (၈၇-၈၈)
Vol. 6 Ch. 87-88
အပိုင်း (၈၇) မိစ္ဆာလက် လူသတ်သမား။
ထိုစကားကို ကြားချိန်မှာတော့ ကျင်းဘုရင်က စားပွဲကို ရိုက်ကာ မတ်တတ်ရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “ကောင်းတယ်။ ပြောတာ အရမ်းကောင်းတယ်။ ဖန်အမတ်က တကယ်ကို ကိုယ်တော့်ရဲ့ ညာလက်ရုံးပဲ။”
“မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဒါက ကျွန်တော်မျိုးရဲ့ ရင်ထဲက စကားတချို့ပါ။”
ဖန်ကျန်းရီက ပြောပြီးသည်နှင့် ပြုံးလိုက်သည်။
ဤစကားလေးခွန်းကို ဖွင့်ဟပြောဆိုရန်အတွက် အခွင့်အရေး ရှာဖွေနေခဲ့သည်မှာ အတော်ပင် ကြာမြင့်ခဲ့ချေသည်။ ဤမျှ ခန့်ညားဟန်ကျလှသော စကားမျိုးကို သူ ဖန်ကျန်းရီမှတစ်ပါး အခြား မည်သူကများ ပြောဆိုဝံ့မည်နည်း။
အမတ်များ အားလုံး အံ့ဩသွားကြပြီး ဖန်ကျန်းရီကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
ဤစကားရပ်မှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။ တရားမျှတမှု အပြည့်အဝဖြင့် ပညာရှိသုခမိန်တို့၏ ရင်တွင်းမှ စံပြသဘောတရားကို စကားတစ်ခွန်းတည်းဖြင့် ပီပြင်စွာ ဖော်ကျူးပြလိုက်ခြင်းပင်။
သို့သော်ငြား ဤစကားကို မည်သူကဆိုစေကိစ္စမရှိပေ။ ဖန်ကျန်းရီ၏ နှုတ်မှ ထွက်ဆိုရန် အကြောင်းမှာတော့ လုံးဝ မရှိပေ။ ဖန်ကျန်းရီ မည်ကဲ့သို့သော လူစားမျိုးဖြစ်ကြောင်း မည်သူမသိဘဲ နေမည်နည်း။ အရှင်မင်းကြီးအား အစဉ်အမြဲ ဖားယားမြှောက်ပင့်နေခဲ့သူ မဟုတ်ပါလား။
ခွေးသူငယ်လေး အမြီးနှံ့သည်ကပင် ဖန်ကျန်းရီလောက် လျင်မြန်နိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်များ လူကောင်းသူကောင်း တစ်ယောက်ကဲ့သို့ ဟန်ဆောင်ပြနေရသနည်း။
ကျင်းဘုရင်က လူတိုင်း၏ မျက်နှာထားကို အကဲခတ်ပြီးနောက် အနည်းငယ် ရှက်သွား၏။ စောစောက သူ အနည်းငယ် လွန်သလို ဖြစ်သွားသည်။
ဖန်ကျန်းရီက ရုံးတော်မှာ လူတိုင်း၏ အမုန်းကို ခံနေရသူဖြစ်ကြောင်း မေ့သွားတယ်။ ထို့အပြင် သူက တောက်ယွမ်ခရိုင်မှာပဲ အမြဲတမ်း ပုန်းနေချင်သူဖြစ်၏။
ထိုအကြောင်းကို တွေးမိချိန်မှာတော့ ကျင်းဘုရင်က ပုံမှန်အတိုင်း ပြန်နေလိုက်ပြီး ချီးကျူးစကား တစ်ခွန်း ထပ်ပြောလိုက်သည်။ “ဖန်အမတ် ပြောတာ အရမ်းကောင်းတယ်။ အမတ်တို့ အားလုံး စံနမူနာ ယူကြ။”
ပြောပြီးသည်နှင့် ချက်ချင်း ထိုင်ချလိုက်၏။
လီယွမ်ကျောက်က ခါးထောက်ကာ မနေနိုင်ဘဲ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။ ဖန်ကြီးက ဒီလိုလူမျိုးဆိုတော့ ငါလည်း ဒီလိုလူမျိုးပဲလေ။ ငါတို့နှစ်ယောက်က အတူတူပဲ။
ကော်ထျန်းယန်က ထိုစကားများကို ကြားပြီးနောက် မျက်လုံးများ မှေးကျသွားပြီး လက်ကို အင်္ကျီလက်ထဲ ဖွက်၍ အဆက်မပြတ် မှတ်စုအဖြစ် ရေးသားနေသည်။ ပါးစပ်မှလည်း အားလုံး အတူတကွ ချမ်းသာကြွယ်ဝရေး၊ ပြည်သူတွေအတွက် အသက်မွေးဝမ်းကျောင်း ရှာပေးမယ် စသော စကားလုံးတွေကို တတွတ်တွတ် ရေရွတ်နေ၏။
စိတ်ထဲတွင်လည်း တွေးနေမိသည်။ ဒီဖန်ကျန်းရီရဲ့ အရည်အချင်းက ထပ်ပြီး တိုးတက်လာပြန်ပြီ... ငါ လည်း နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး...
အမတ်များ အားလုံး တိတ်ဆိတ်နေကြပြီး ယင်ကောင် စားလိုက်ရသလို ခံစားနေရ၏။
စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ဒီစကားကို ဘာလို့ ငါ မပြောခဲ့ရတာလဲ။
ထန်ရှိုက မြေကြီးပေါ်တွင်ထိုင်လျက် နှလုံးသားက ရေခဲတုံးလို အေးစက်သွားပြီး အကူအညီမဲ့စွာ ဟိုဒီ ကြည့်နေမိသည်။ သူ၏ မတရားခံရမှုကို မည်သည့်နေရာ ထပ်သွားတိုင်ရမည်နည်း။
ညီလာခံက ဤမျှဆိုးရွားသည်လား။
နောက်ဆုံးတွင် အကူအညီ တောင်းခံသည့် အကြည့်ဖြင့် ကျန်းရှီကို ကြည့်လိုက်ပြီး မျက်လုံးဖြင့် အဆက်မပြတ် အချက်ပြနေ၏။ ဖန်ကျန်းရီ အခွန်ရှောင်တဲ့ ကိစ္စကိုရော မပြောတော့ဘူးလား။
ကျန်းရှီ၏ မျက်နှာက ရေလို အေးစက်နေပြီး ထန်ရှိုကို ဂရုမစိုက်ဘဲ ရှေ့သို့ တစ်လှမ်းတိုးကာ လေးနက်စွာ ပြောလိုက်သည်။ “အရှင်မင်းကြီး …. ဒီလူက စကားပြော အရမ်းကောင်းတယ်။ ပါးစပ်ကနေ တိုင်းပြည်နဲ့ ပြည်သူတွေအတွက်လို့ အမြဲ ပြောနေပေမဲ့ အခွန်ရှောင်တဲ့ ကိစ္စကိုကျတော့ ဘယ်လို ရှင်းပြမလဲ။
ဒီကိစ္စကို ထန်ရှိုလည်း နည်းနည်း သိပါတယ်။ အရှင်မင်းကြီးကို ရှင်းပြခိုင်းလိုက်ပါ။”
ထန်ရှိုက ချက်ချင်း ထရပ်ကာ ပြောလိုက်၏။ “အရှင်မင်းကြီး။ တောက်ယွမ်ခရိုင် အခွန်ရှောင်တာ တကယ်ပါ။
လွန်ခဲ့တဲ့ ငါးနှစ်က လူဦးရေ အရမ်းနည်းပြီး နေရာကလည်း ဆင်းရဲလို့ အစိုးရက တောက်ယွမ်ခရိုင်နဲ့ ကျီဟွာခရိုင် ကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီအမိန့်က အကန့်အသတ် ရှိပါတယ်။
တောက်ယွမ်ခရိုင်က အရင်ကလို ဆင်းရဲတာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ တောက်ယွမ်ခရိုင်က အမြဲတမ်း အခြေအနေမှန်ကို ဖုံးကွယ်ထားခဲ့ပါတယ်။
ကျွန်တော်မျိုး ဟန်ကျန်းပြည်နယ်ကို ရောက်တုန်းက ခရိုင်အသီးသီးရဲ့ အခွန်ကောက်ခံမှု အခြေအနေကို စစ်ဆေးတဲ့ အရာရှိတွေကို မေးကြည့်တော့ အဲဒီ အရာရှိတွေက တောက်ယွမ်ခရိုင်က လူတွေကို တစ်ခါမှ မတွေ့ဖူးဘူးတဲ့။ တောက်ယွမ်ခရိုင်ဆိုတဲ့ နေရာ ရှိမှန်းတောင် မသိကြဘူး။
ဒါကြောင့် တောက်ယွမ်ခရိုင် အခွန်မဆောင်ဘူးဆိုတာ ကျွန်တော်မျိုး ရဲရဲကြီး အာမခံရဲပါတယ်။”
ကျင်းဘုရင်က ဖန်ကျန်းရီဘက်သို့ လှည့်ကြည့်လိုက်သည်။
ဖန်ကျန်းရီက လက်သီးဆုပ်ကာ ပြောလိုက်၏။ “အရှင်မင်းကြီး …. တောက်ယွမ်ခရိုင်က ဖွံ့ဖြိုးတိုးတက်မှု ကောင်းပေမဲ့ ခရိုင်ရုံးတော်မှာ တကယ်တမ်း ပိုက်ဆံမရှိပါဘူး။
ဒီနှစ်တွေထဲမှာရတဲ့ ငွေတော်တော်များများက ပြည်သူတွေရဲ့ ဘဝကို တိုးတက်အောင် လုပ်တဲ့ နေရာမှာ အကုန် သုံးလိုက်ပါတယ်။ အထူးသဖြင့် ပညာရေးမှာ အများကြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
ပြည်သူတွေ အကြောင်းအကျိုး နားလည်ပြီး ဘုရင်မင်းမြတ်ရဲ့ ကျေးဇူးကို သိအောင် ကျွန်တော်မျိုးက အချိန်နဲ့ ငွေကြေးတွေ အများကြီး အကုန်ခံပြီး တစ်ခရိုင်လုံးက ပြည်သူတွေကို စာတတ်အောင်၊ စာဖတ်နိုင်အောင် လုပ်ပေးခဲ့ပါတယ်။
နောက်တစ်ချက်က တောက်ယွမ်ခရိုင်ရဲ့ အုပ်ချုပ်ရေး စနစ်က ချမ်းသာကြွယ်ဝမှုကို ပြည်သူတွေဆီမှာ ထားဖို့ပါ။ ပိုက်ဆံရှိရင် အခြေခံ အဆောက်အအုံတွေမှာ သုံးရမယ်။ ဒါကြောင့် ပိုက်ဆံမရှိတာကလည်း သဘာဝကျပါတယ်။ အမတ်တို့မယုံရင် အချိန်မရွေး လူလွှတ်ပြီး စာရင်းစစ်လို့ ရပါတယ်။ ကျွန်တော်မျိုး ဖန်ကျန်းရီက ဖြောင့်မတ် မှန်ကန်ပါတယ်။”
ရယ်စရာပဲ။ တောက်ယွမ်ခရိုင်ရဲ့ စာရင်းအတုတွေကို ခင်ဗျားတို့ အဘိုးကြီးတွေက ကြည့်တတ်မှာလား။
ကျင်းဘုရင်က ခေါင်းအနည်းငယ် ညိတ်လိုက်၏။
ဖန်ကျန်းရီက ထိုအခြေအနေကို မြင်ချိန်မှာတော့ ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ပေးဖို့ ကျန်နေတဲ့ အခွန်ငွေတွေလည်း ရှိနိုင်ပါတယ်။ ဒါက ကျွန်တော်မျိုးရဲ့ တာဝန်ပေါ့လျော့မှုပါ။ အခု ခရိုင်မှာ ပိုက်ဆံ မရှိသေးဘူး။ တောက်ယွမ်ခရိုင်ကို သေချာ ပြန်စစ်ဆေးပြီးရင် ပေးပါ့မယ်။
ဒါက ကျွန်တော်မျိုးရဲ့ တာဝန်ပေါ့လျော့မှုပါ။ အရှင်မင်းကြီး အပြစ်ပေးပါ။”
ငွေကြေး အနည်းငယ် ပိုမို ကုန်ကျသွားနိုင်သော်ငြားလည်း၊ ထိုအရာများက အလျဉ်း အရေးမကြီးလှပေ။ ကုန်ကျလိုကလည်း ကုန်ကျပါစေတော့။ ဤသည်မှာ ကြုံတွေ့လာမည့် ဘေးအန္တရာယ်ကို ငွေကြေးဖြင့် ဖြေရှင်းဖယ်ရှားလိုက်ခြင်းပင် မဟုတ်ပါလား။
ကျင်းဘုရင်၏ စိတ်ထဲတွင်လည်း ဝန်ကျသွားသလို ခံစားလိုက်ရသည်။ ဒီကိစ္စ ဒီလောက်နဲ့ပဲ ပြီးသွားရင် ကောင်းမယ်။ ဖန်ကျန်းရီ ဆိုတဲ့ ကောင်လေးက တကယ် စိတ်မချရဘူး။
“ကောင်းပြီ။ ဖန်ကျန်းရီက တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာ စွမ်းဆောင်ရည် ကောင်းမွန်တာကို ထောက်ထားပြီး အခွန်ငွေပေးဖို့ ကျန်ခဲ့တဲ့ ကိစ္စကို သတိပေးတဲ့ အနေနဲ့ လစာ တစ်နှစ်စာ ဖြတ်လိုက်မယ်။ အမတ်တို့ ဘယ်လိုထင်လဲ။”
ဘယ်သူမှ စကားမပြောကြပေ။ ကန့်ကွက်သူလည်း မရှိချေ။
အခြေအနေများက ဤမျှအထိပင် ဖြစ်ပျက်နေချေသည်။ အဖြစ်အပျက်ကို အသေအချာ မသိရှိသူများဆိုလျှင် ဖန်ကျန်းရီအား အရှင်မင်းကြီး၏ သားအရင်းအချာဟုပင် ထင်မှတ်မှားသွားနိုင်လောက်သည်။ ထိုကြောင့် မည်သူကများ ထပ်ကာ စကားဆိုရဲတော့မည်နည်း။
အကယ်၍ အခြားသူသာဆိုလျှင် အပြင်သို့ ဆွဲထုတ်ကာ ရိုက်နှက်အပြစ်ပေးခံရသည်မှာ ကြာလောက်ပေပြီ။ ယခုမူ ဤသူငယ်သည် ခန်းမဆောင်အတွင်း၌ပင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မာန်ဝင့်လျက် ရှိနေလေသည်။
“ကောင်းပြီ။ ဒါဆိုရင် ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်မယ်။”
ကျန်းရှီက ဘာမှ ထူးခြားသော တုံ့ပြန်မှု မရှိဘဲ တိတ်ဆိတ်စွာ နောက်ဆုတ်သွား၏။
ထန်ရှိုက မတ်တတ်ရပ်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ ဖန်ကျန်းရီရဲ့ နောက်ခံက ဒီလောက်တောင် အားကောင်းလိမ့်မယ်လို့ မထင်ထားဘူး။ ကလဲ့စားချေဖို့... မျှော်လင့်ချက် မရှိတော့ဘူး...
“ကျွန်တော်မျိုး တိုင်ကြားစရာ ရှိပါတယ်။ ဖန်ကျန်းရီက အကျဉ်းသားတွေကို အဆိပ်ခတ်ပြီး လူငါးဆယ့်လေးယောက် ကို သတ်ခဲ့ပါတယ်။ အရှင်မင်းကြီး ပြင်းပြင်းထန်ထန် အပြစ်ပေးပါ။” ယန်ကော်အန်းက ရှေ့ထွက်ကာ ပြောလိုက်၏။
ဖန်ကျန်းရီက သူ့ကို တစ်ချက်ကြည့်ပြီး ကျန်းရှီကိုပါ ထပ်ကြည့်လိုက်ရာ ကျန်းရှီ၏ မျက်နှာထားက အံ့ဩသွားပုံ မရကြောင်း တွေ့လိုက်ရသည်။ ဤကိစ္စကို သူ သိပြီးသား ဖြစ်ကြောင်း သေချာလှသည်။
ကြည့်ရတာ နှစ်ယောက်သား ပူးပေါင်းသွားပြီပဲ။
ထိုစကားကို ကြားချိန်မှာတော့ အမတ်များ၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ဖန်ကျန်းရီကို ထိတ်လန့်တကြား ကြည့်လိုက်ကြ၏။
သူ့အနားတွင် ရှိသူများက အလျင်အမြန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။
ဤသူငယ်၏ နှုတ်မှုစွမ်းဆောင်ရည် ထက်မြက်ပုံကို အားလုံးက သည်းခံခွင့်လွှတ်ပေးနိုင်ကြသော်လည်း၊ ဤမျှ သိမ်မွေ့နူးညံ့သောအသွင်ဖြင့် လူသတ်သမားတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။ ဖန်မျိုးနွယ် လူသတ်သမား...
ကျင်းဘုရင် မျက်မှောင်ကြုတ်သွားပြီး ဖန်ကျန်းရီကို စိုက်ကြည့်ကာ မေးလိုက်သည်။ “တကယ်လား။”
ယခုအခါ သူသည် မည်သို့သော အခြေအနေနှင့် ရင်ဆိုင်နေရသည်ကို အသေအချာ မသိရသေးပေ။ သို့ရာတွင် လူသတ်မှုဟူသည်မှာ အလွန်ပင် ကြီးလေးသော ပြစ်မှုတစ်ရပ် ဖြစ်သည်။ သာမန်မဟုတ်ဘဲ လူပေါင်းငါးဆယ့်လေးဦးကို တစ်ပြိုင်နက်တည်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်ရာ... စစ်မြေပြင်မှအပ ဤမျှ ဆိုးရွားရက်စက်သော ကိစ္စရပ်မျိုးကို ကျင်းဘုရင် မကြားသိရသည်မှာလည်း နှစ်ပေါင်းများစွာပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဖန်ကျန်းရီက လုံးဝ မလန့်ဘဲ ရိုးရိုးသားသား ပြန်ဖြေလိုက်၏။ “အရှင်မင်းကြီး …. တကယ်ပါ။ ဒါပေမဲ့ ဒီကိစ္စက အကြောင်းပြချက် ရှိပါတယ်။..”
“အရှင်မင်းကြီး။ ဒီကိစ္စကို ကျွန်တော်မျိုးကပဲ ပြောပြပါ့မယ်။ ဖန်ကျန်းရီက စကားလှည့်ပြောတာ တော်တော့ အမှန်တရားကို လှည့်စားသွားမှာ စိုးရိမ်လို့ပါ။” ယန်ကော်အန်းက မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။
“ကောင်းပြီ။ ဒါဆို မင်းပဲ ပြော။”
ယန်ကော်အန်းက မျက်လုံးမှိတ်ကာ မှတ်ဉာဏ်ထဲရှိ အသေးစိတ် အချက်အလက်များကို သေချာ ပြန်စဉ်းစား လိုက်သည်။ ဤတစ်ကြိမ်တွင် ဖန်ကျန်းရီကို အပြီးတိုင် ဖယ်ရှားပစ်ရမယ်။ ဤအကောင် ညီလာခံထဲ ထပ်ရှိလျှင် အန္တရာယ်များလွန်းလှ၏။
အမတ်ကြီးကျန်းလို သက်တော်ရှည် အမတ်ကြီးကိုတောင် စကားမပြောနိုင်အောင် လုပ်နိုင်ခဲ့သည်။ သူ ကြိုးစားရမည်။ ဤတစ်ကြိမ်တော့ ထပ်ရှုံး၍မဖြစ်ပေ။
“အရှင်မင်းကြီး မှတ်မိပါသေးလား။ လွန်ခဲ့တဲ့ အချိန်တုန်းက အိမ်ရှေ့စံမင်းသား မကြာခဏ ကျောင်းပြေးခဲ့တာကို။ အဲဒီအချိန်ကစပြီး ကျွန်တော်မျိုးက အိမ်ရှေ့စံမင်းသားရဲ့ လှုပ်ရှားမှုတွေကို သတိထား စောင့်ကြည့်ခဲ့ပါတယ်။
အိမ်ရှေ့စံမင်းသား ကျောင်းပြေးတာက တကယ်တော့ ဖန်ကျန်းရီရဲ့ ရွှေပြားနဲ့ ရုပ်ဖျက်ပြီး နန်းတော်အပြင် ထွက်တာပါ။ ဒါကို ကျွန်တော်မျိုး တွေ့ခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော်မျိုးလည်း ဖန်ကျန်းရီရဲ့ လှုပ်ရှားမှုတွေကို လူလွှတ်ပြီး စုံစမ်းခိုင်းခဲ့ပါတယ်။ ဖန်ကျန်းရီနဲ့ အိမ်ရှေ့စံမင်းသားက လျှို့ဝှက်လှုပ်ရှားမှုတချို့ကို အမြဲတမ်း လုပ်နေကြတာ တွေ့ခဲ့ရပါတယ်။
နောက်ပိုင်း မကြာခင်မှာပဲ အိမ်ရှေ့စံမင်းသားက နန်းတော်အပြင်ကို ကိုယ်တိုင် မထွက်တော့ဘူး။ ကျွန်တော်မျိုး စုံစမ်းကြည့်တော့ ဖန်ကျန်းရီနဲ့ အိမ်ရှေ့စံမင်းသားက မြို့တော်က မြေအောက်အကျဉ်းထောင် တစ်ခုမှာ အကျဉ်းသားတွေကို ကိုယ့်သဘောနဲ့ကိုယ် သတ်ဖြတ်နေကြတာ တွေ့လိုက်ရတယ်။
အဲဒီအကျဉ်းသားတွေ သေသွားတဲ့ ပုံစံက အရမ်း ရက်စက်ပါတယ်။ အမတ်တို့ သိလား။ အခု မြို့တော်ထဲမှာ လူတွေကို ထိတ်လန့်နေစေတဲ့ လျှို့ဝှက်ဆန်းကြယ် မိစ္ဆာလက် လူသတ်သမားဆိုတာ ဖန်ကျန်းရီပဲ။”
အပိုင်း (၈၈) အပြစ်ရှာမရသော ဖြေရှင်းချက်
ဖန်ကျန်းရီ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွား၏။
တခြားဟာကို စိတ်ပူ၍ မဟုတ်ပေ။ ပင်နီဆီလင် နာမည်ပျက်သွားပြီး သူ သမိုင်းတရားခံ ဖြစ်သွားမှာကို စိုးရိမ်သောကြောင့်ပင်။
ယန်ကော်အန်းက ခံစားချက်အပြည့်ဖြင့် ဆက်ပြောနေဆဲ ဖြစ်သည်။ “အဲဒီလူ ငါးဆယ်ကျော်က သေတဲ့ပုံစံ မတူကြပေမဲ့ တူညီတဲ့ အချက်တစ်ခုကတော့ ရင်ဘတ်မှာ ဖိချခံထားရတဲ့ အချိုင့်ကြီး ရှိနေတာပဲ။
ပိုပြီး ကြောက်စရာကောင်းတာက အဲဒီအကျဉ်းသားတွေရဲ့ ရင်ဘတ်က အချိုင့်ကြီးတွေက သေပြီးမှ ဖိချခံ ထားရတာ။ မှုခင်းဆေးပညာရှင်ရဲ့ အစီရင်ခံစာအရ လူတော်တော်များများရဲ့ ရင်အုပ်ရိုးနဲ့ နံရိုးတွေ ကျိုးနေတယ်တဲ့။
သေသူကို လေးစားရမယ်။ ဒါပေမဲ့ ဖန်ကျန်းရီ ဆိုတဲ့ သွေးအေးတဲ့ မိစ္ဆာက သေသွားတဲ့သူတွေကိုတောင် ဒီလို နတ်လူမနှစ်သက်တဲ့ အလုပ်မျိုး လုပ်ရဲတယ်။
ကျွန်တော်မျိုး ဒီကိစ္စကို ကိုယ်တိုင် မြင်ခဲ့ရတဲ့ အစောင့်ကို ရှာတွေ့ခဲ့တယ်။ သူက အခုထိ ထိတ်လန့်နေတုန်းပဲ။ ပြီးတော့ အဲဒီတုန်းက ပါခဲ့တဲ့ အစောင့်တွေထဲက သုံးယောက်က စိတ်မူမမှန် ဖြစ်သွားတယ်လို့တောင် ကျွန်တော်မျိုး ကြားခဲ့ရသေးတယ်။
ဒီကိစ္စက မြို့တော်ထဲမှာ အတော်လေး ပျံ့နှံ့နေပြီ။ အခု ပြည်သူ တော်တော်များများက ညဘက် အပြင် မထွက်ရဲကြတော့ဘူး။ ဒဏ္ဍာရီထဲက မိစ္ဆာက သူတို့ကို ဖမ်းသွားပြီး အဆိပ်ခတ်သတ်မှာ၊ အလောင်းကို နှိပ်စက်မှာ ကြောက်နေကြတယ်။”
ယန်ကော်အန်းက အလွန် ဝမ်းနည်းနေပြီး ရင်ဘတ်ကို အဆက်မပြတ် ထုကာ ငိုယိုလျက် ပြောလိုက်၏။ “ဒါတွေကို ကျွန်တော်မျိုး သည်းခံခဲ့ပါတယ်။ ဒါပေမဲ့ ဖန်ကျန်းရီက ဘာလို့ အိမ်ရှေ့စံမင်းသားကိုပါ ခေါ်သွားရတာလဲ။ တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားက ဒီလိုလူမျိုးနဲ့ ဘယ်လိုလုပ် အတူတူ ပေါင်းသင်းလို့ ရမှာလဲ။
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတောင် အိမ်ရှေ့စံမင်းသားနဲ့ ဖန်ကျန်းရီက သမားတော်ဟူကို လူပုံအလယ်မှာ ရိုက်နှက်ခဲ့တယ်လို့ ကျွန်တော်မျိုး ကြားခဲ့ရသေးတယ်။
အိမ်ရှေ့စံမင်းသားရဲ့ စရိုက်က နည်းနည်း ဆိုးသွမ်းပေမဲ့ စာတော့ နည်းနည်း ဖတ်ဝင်ပါသေးတယ်။ ဒါပေမဲ့ အခုလို တစ်နေ့လုံး ပျော်ပါးတာ၊ လူသတ်တာတွေ လုပ်လာလိမ့်မယ်လို့တော့ လုံးဝ မထင်ထားဘူး။ ဒါတွေ အကုန်လုံး ဖန်ကျန်းရီကြောင့်ပါ။ အရှင်မင်းကြီး အဆုံးအဖြတ် ပေးတော်မူပါ။”
ဖန်ကျန်းရီက ယန်ကော်အန်းကို မျက်လုံးမှေးကာ ကြည့်လိုက်သည်။
ရင်ဘတ်ထုပြီး ငိုယိုနေသော ပုံစံကို ကြည့်ကာ စိတ်ထဲတွင် အနည်းငယ် အံ့ဩသွားမိသည်။ ညီလာခံအတွင်းရှိ ထိုခွေးသူငယ်တစ်သိုက်၏ သင်ယူနိုင်စွမ်းမှာ အမှန်တကယ် အံ့မခန်းပင်။ သူတို့၏ ဟန်ဆောင် သရုပ်ဆောင်နိုင်စွမ်းမှာ ဤမျှလောက်အထိ လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
လီယွမ်ကျောက်က ယန်ကော်အန်း၏ စကားများကို ကြားပြီးနောက် ဒေါသထွက်သွားသည်။ လက်သီးကို တင်းကျပ်စွာ ဆုပ်ကာ ပြေးသွား၍ လက်သီးဖြင့် နှစ်ချက်လောက် ထိုးချင်စိတ် ပေါက်သွား၏။
ငါ့ရှေ့မှာတောင် လျှောက်ပြောရဲသေးတယ်။ သေချင်နေတာလား။
အရင်က ဆရာယန်လို့ ခေါ်ပြီး နည်းနည်းတော့ လေးစားခဲ့ပါသေးတယ်။ အခု မျက်နှာသာပေးတာကို မလိုချင်ဘူး ဆိုတော့ ငါ မညှာတာတော့ဘူး...
သို့ပေမည့် နောက်သို့လှည့်ကြည့်လိုက်ရာ ဖန်ကျန်းရီ လက်ဟန်ပြနေသည်ကို မြင်လိုက်ရသဖြင့် လီယွမ်ကျောက်က စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားကာ နေရာတွင် ပြန်ထိုင်လိုက်သည်။
လူသတ်တာ... အလောင်းကို ထပ်ပြီးနှိပ်စက်တာ... သမားတော်ကို ရိုက်တာ... အိမ်ရှေ့စံမင်းသား ပါဝင်တာ... ဤစကားလုံးများက ကျင်းဘုရင်၏ နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေ၏။
ကျင်းဘုရင်သည် စိတ်ထဲတွင် တဖြည်းဖြည်း ဒေါသထွက်လာသော်လည်း အသိတရားက သူ့ကို သတိပေးနေသည်။ ဤအထဲတွင် ပြဿနာတွေ အများကြီး ရှိနိုင်သည်။ ထို့ကြောင့် ဖန်ကျန်းရီကို ကြည့်ကာဖြင့် လေးနက်စွာ မေးလိုက်၏။ “ဖန်အမတ် ဘယ်လို ရှင်းပြမလဲ။”
ဖန်ကျန်းရီက အင်္ကျီလက်ကို သပ်ရပ်အောင် လုပ်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ “ကျွန်တော်မျိုး လူငါးဆယ်ကျော်ကို အဆိပ်ခတ် သတ်ခဲ့တာ တကယ်ပါ။
ဒါပေမဲ့ အကြောင်းရင်းက ကျွန်တော်မျိုး လူသတ်ရတာ ကြိုက်လို့ မဟုတ်ပါဘူး။ မင်းသမီးရဲ့ ရောဂါဟောင်းကို ကုသဖို့ ဆေးအသစ် ဖော်စပ်ဖို့ပါ။
အစကတော့ ကျွန်တော်မျိုး သမားတော်ဟူရဲ့ စကားကို နားထောင်ပြီး မင်းသမီးက အဆုတ်ရောဂါ ဖြစ်နေတယ်လို့ ထင်ခဲ့တာပါ။ ပြီးတော့ အဆုတ်ရောဂါ ကုတဲ့ ဆေးနည်းဟောင်း တစ်ခုလည်း ရှိနေတော့ လုံခြုံမှု ရှိအောင် သေဒဏ်ကျ အကျဉ်းသားတွေကို ဆေးစမ်းဖို့ အထူး ရွေးချယ်ခဲ့တာပါ။
အိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးရဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်ကို ကျွန်တော်မျိုး တကယ်ကို လေးစားပါတယ်။ ကျွန်တော်မျိုးက ငယ်ငယ်ကတည်းက ညီအစ်ကို မောင်နှမ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားရဲ့ စိုးရိမ်ပူပန်နေတဲ့ပုံစံကို မြင်တော့ ကျွန်တော်မျိုးလည်း ကိုယ်ချင်းစာမိသွားတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုး ဖြစ်လာတာပါ။
ဒီဆေးက မအောင်မြင်ခဲ့ပေမဲ့ ကံကောင်းတာက မင်းသမီးရဲ့ ရောဂါကို ကုသနိုင်ခဲ့ပါတယ်...”
ယန်ကော်အန်းက ဖန်ကျန်းရီကို အေးစက်စက် ပြုံးလျက် ကြည့်ကာ ပြောလိုက်၏။ “ဖန်ကျန်းရီ မင်း ရူးနေတာလား။ ဆေးက မအောင်မြင်ဘူးဆိုရင် မင်းသမီးက ဘယ်လိုလုပ်...”
“အမတ်ကြီးယန် မင်းသမီးရဲ့ ရောဂါကို ဖန်ကျန်းရီ တကယ် ကုသပေးခဲ့တာ။” ကျင်းဘုရင်၏ အသံက ရုတ်တရက် ထွက်လာသောကြောင့် ယန်ကော်အန်း၏ မျက်နှာထားက ချက်ချင်း တောင့်တင်းသွားသည်။
မင်းသမီး ကျန်းမာရေး ချို့တဲ့နေသည်ကို လူအပေါင်းက သိရှိကြသော်လည်း၊ ရောဂါဝေဒနာ ပျောက်ကင်းသွားခဲ့သည့် သတင်းကိုမူ ကျင်းဘုရင်သည် ပြင်ပလူများအား တစ်ကြိမ်တစ်ခါမှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
မိသားစုအတွင်းရေး ကိစ္စရပ်မျှသာ ဖြစ်သဖြင့် မိမိဘာသာ ဝမ်းမြောက်နေလျှင် လုံလောက်ပြီဟု မှတ်ယူထားပုံရသည်။ ယန်ကော်အန်းအနေဖြင့် ယခုတစ်ကြိမ် ပြောဆိုလိုက်သည့် စကားမှာ သေနတ်ပြောင်းဝတည့်တည့်သို့ မိမိဘာသာ တိုးဝင်သွားသကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့မိပေ။
ယန်ကော်အန်းက အရှုံးမပေးဘဲ အံကြိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ။ မင်းသမီးရဲ့ ရောဂါကို ကုသနိုင်တာက ကြီးမားတဲ့ အောင်မြင်မှုပဲ။ ဒါပေမဲ့ အလောင်းတွေကို နှိပ်စက်တာ ဘယ်လို ရှင်းပြမလဲ။ မင်းက သေတဲ့လူကို အသက်ပြန်ရှင်အောင် လုပ်နိုင်တဲ့ နည်းလမ်း တတ်လို့လား။”
ဖန်ကျန်းရီ အနည်းငယ် အခက်တွေ့သွားသည်။ ဒါက တကယ်ကို ပြောရခက်တယ်။ ရှေးခေတ်လူတွေကို ရင်အုပ်ဖိအားပေး အသက်ကယ်နည်း အကြောင်း သွားပြောရင် ဘယ်သူက ယုံမှာလဲ။
သို့ပေမည့် မတတ်သာသောကြောင့် ပြောလိုက်ရသည်။ “အဲဒါ အလောင်းကို နှိပ်စက်တာ မဟုတ်ဘူး။ ရင်အုပ်ကို ဖိအားပေးတာလို့ ခေါ်ပါတယ်။ ရုတ်တရက် ဖျားနာတဲ့သူတွေကို ဒီနည်းလမ်း သုံးရင် အသက်ပြန်ရှင်လာနိုင်မယ့် မျှော်လင့်ချက် ရှိတယ်။
အရှင်မင်းကြီး။ ဒီနည်းလမ်းကို တစ်နိုင်ငံလုံးမှာ အသုံးပြုဖို့ ကျွန်တော်မျိုး အကြံပြုပါတယ်။ စစ်တပ်မှာလည်း အများကြီး အသုံးဝင်ပါတယ်။ လူတွေ အများကြီးကို ကယ်တင်နိုင်ပါတယ်။”
“အဓိပ္ပာယ်မရှိတာ။ နံရိုးတွေ ရင်အုပ်ရိုးတွေ ကျိုးတဲ့အထိ ဖိတာကို လူကယ်တာလို့ ခေါ်သလား။” ယန်ကော်အန်း က ခက်ထန်စွာ ပြောလိုက်၏။
ဖန်ကျန်းရီက မျက်လုံးစွေကြည့်လိုက်သည်။ “ခင်ဗျားက နားလည်တာလား၊ ကျုပ်က နားလည်တာလား။ ခင်ဗျားက မင်းသမီးကို ကုပေးခဲ့တာလား၊ ကျုပ်က ကုပေးခဲ့တာလား။ … အရှင်မင်းကြီး။ ဒီလူ ငါးဆယ့်လေးယောက်က ကျွန်တော်မျိုး သေချာ ရွေးချယ်ထားတာပါ။ အရှင်မင်းကြီးကို တစ်ယောက်ချင်းစီ ပြောပြပါ့မယ်။”
ပထမတစ်ယောက်က ဖုန်းဆန်းတွန်းပါ။ မြို့တော်က လူပါ။ အသက်က နှစ်ဆယ့်ခုနစ်နှစ်ပါ။ မြို့ရဲ့ အရှေ့တောင်ဘက် က မိသားစုတစ်စုရဲ့ အိမ်မှာ ချန်မိသားစုဝင် ငါးယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ သုံးနှစ်အရွယ် သမီးငယ်လေးကိုလည်း အဓမ္မပြုကျင့်ခဲ့တယ်။”
“........”
“နောက်ဆုံး သုံးယောက်ကတော့ အုပ်စုဖွဲ့ပြီး ပြစ်မှုကျူးလွန်တာပါ။ အကုန်လုံးက နယ်လှည့် ပြစ်မှု ကျူးလွန်သူတွေပါ။ ဒီသုံးယောက်က ကလေးငယ်တွေကိုပဲ သတ်စားကြတာပါ။ ကလေးငယ်တွေကို စားရင် မသေနိုင်ဘူးလို့ ယုံကြည်ထားကြတယ်။ ရူဖူရွာမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး နှစ်ယောက်ကို သတ်ပြီး ဗိုက်ကို ခွဲတယ်။ အထဲက ကလေးကို ပြုတ်စားခဲ့ကြတယ်။”
အားလုံး ပြောပြပြီးနောက် ဖန်ကျန်းရီ၏ စိတ်ထဲမှ ဒေါသများလည်း ပေါက်ကွဲထွက်လာပြီး အားလုံးကို အေးစက်စွာ ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။
“ဒီလူ ငါးဆယ့်လေးယောက်က အပြစ်ကြီးလွန်းတယ်။ ကျွန်တော်မျိုးက သူတို့ကို ဆေးစမ်းဖို့ သုံးခဲ့တာ။ တကယ်လို့ ဆေးစမ်းဖို့ မဟုတ်ရင် သူတို့ကို တွေ့တာနဲ့ သူတို့ရဲ့ ခွေးခေါင်းတွေကို တစ်ယောက်ချင်းစီ ဖြတ်ပစ် လိုက်တာကြာပြီ။
ဆောင်းဦးပေါက်တဲ့အထိ အသက်ရှင်နိုင်တာက သူတို့ကို ခွင့်လွှတ်ထားလို့ပဲ... ဒါပါပဲ။ ကျွန်တော်မျိုး ပြောစရာ မရှိတော့ပါဘူး။ ဘယ်လိုပဲ အပြစ်ပေးပေး ကျွန်တော်မျိုး ခံယူပါ့မယ်။”
အမတ်များ အားလုံး တိတ်ဆိတ်သွားကြပြီး ကျင်းဘုရင်၏ မျက်မှောင်လည်း ဖြည်းညင်းစွာ ပြေလျော့သွားသည်။
လူပေါင်းငါးဆယ့်လေးဦး၏ ယုတ်မာကောက်ကျစ်သော ပြစ်မှုများကို ဖန်ကျန်းရီက တည်ငြိမ်အေးဆေးသော လေသံဖြင့် တစ်ခုချင်း ဖွင့်ဟပြောဆိုလိုက်ရာ၊ ကြားသိရသူ အပေါင်းမှာလည်း နားထဲ၌ပင် ချမ်းစိမ့်တုန်လှုပ်သွားကြရ၏။
ဤကဲ့သို့သော လူစားများကိုသာ သတ်ဖြတ်ခြင်းမပြုပါက ပြည်သူတို့၏ ဒေါသတရားကို ငြိမ်းသတ်နိုင်မည် မဟုတ်ချေ။ အမှန်စင်စစ်တွင် အဆိပ်ခတ်၍ သတ်ဖြတ်လိုက်ခြင်းမှာပင် သူတို့အပေါ် များစွာ သက်ညှာပေးလိုက်သကဲ့သို့ ဖြစ်နေသည်။
သို့ဖြစ်ရာ ဖန်ကျန်းရီ၏ လုပ်ရပ်မှာ တရားမျှတမှုကို အမှန်တကယ် ဖော်ဆောင်လိုက်ခြင်းဟု ဆိုရပေမည်။
လီယန်စုန်က လူအုပ်ထဲမှ ဖန်ကျန်းရီကို စိတ်ဝင်တစား အကဲခတ်နေ၏။ ဒီလူက စကားပြော အရမ်းကောင်းပေမဲ့ ဒီလို စိတ်ဓာတ်နဲ့ ဒီလို ရဲရင့်မှု ရှိလိမ့်မယ်လို့ မထင်ထားဘူး။ တကယ်ကို ထင်မှတ်မထားတာပဲ။
ကျင်းဘုရင်က ယန်ကော်အန်း ဘာမှ ဆက်မပြောသည်ကို မြင်သောအခါ ပြောလိုက်သည်။ “ဒီလူတွေကို သတ်သင့်တာ မှန်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်မှာ တရားဥပဒေ ဆိုတာ ရှိတယ်။ မင်းက ကိုယ့်သဘောနဲ့ကိုယ် အပြစ်ပေးလို့ မရဘူး။ ဒါပေမဲ့ မင်းသမီးကို ကယ်တင်ခဲ့တဲ့ ကြီးမားတဲ့ အောင်မြင်မှုကို ထောက်ထားပြီး ဒီနှစ်ခုကို ချေဖျက်ပေးလိုက်မယ်။”
ယန်ကော်အန်းက ထိုစကားကို ကြားပြီးနောက် အလွန်အမင်း တုန်လှုပ်သွား၏။ မထင်ထားဘူး... မထင်ထားဘူး... ဒီဖန်ကျန်းရီက လွတ်သွားပြန်ပြီ။ သောက်ကျိုးနည်း။
ကျင်းဘုရင်က သူ၏ သဘောထားကို ပြသလိုက်ပြီ ဖြစ်သည်။
ယန်ကော်အန်းက အလောတကြီး ပြောလိုက်၏။ “သမားတော်ဟူ အရိုက်ခံရတဲ့ ကိစ္စကရော...”
“တော်လောက်ပြီ။ အသုံးမကျတဲ့ သမားတော်က လူတွေကို ဒုက္ခပေးတာ။ ဖန်အမတ် မပြောနဲ့ ကိုယ်တော် ကိုယ်တိုင်တောင် သူ့ကို သတ်ပစ်ချင်တယ်။” ကျင်းဘုရင် ဒေါသထွက်သွား၏။ ထိုအသုံးမကျသော သမားတော် အကြောင်း တွေးမိသည်နှင့် ဒေါသထွက်လာသည်။
“သမားတော်ဟူက ဆေးပညာ မကျွမ်းကျင်ပေမဲ့ ဖန်ကျန်းရီက လက်အောက်ငယ်သားကို ရိုက်နှက်လို့ မရဘူးလေ။ ဒါဆိုရင် နန်းတွင်း စည်းကမ်းက ဘယ်ရောက်သွားမလဲ။” ယန်ကော်အန်းက မစဉ်းစားဘဲ ချက်ချင်း ပြန်ပြောလိုက်၏။
ဘေးရှိလူများ အားလုံးက ခေါင်းခါလိုက်ကြသည်။ ဒီလူက ရူးသွားပြီပဲ။ အခြေအနေ ဘယ်လိုရှိလဲ၊ ဘုရင်မင်းမြတ်ရဲ့ သဘောထားက ဘယ်လိုလဲဆိုတာတောင် မကြည့်တော့ဘူး။
“ဆရာယန်။ ဆရာယန်မှာ မေးစရာ စကားတွေ ရှိသေးလား။ တခြားလူတွေကို မေးမနေနဲ့တော့။ ကျုပ် အကုန် ပြောပြမယ်။”
အိမ်ရှေ့စံ လီယွမ်ကျောက် လျှောက်ဆင်းလာလေသည်။